• July 6, 2025
  • admin
  • 0

မြေလတ်မင်းလွင်
ကတ်သမျှင်ပွဲတော်

သင်္ဃန်းကြီးရွာသည် ရွေးမြစ်၏အနောက်ဘက် ပခုံးပေါ်တွင် ပြုံးရွှင်ထည်ဝါစွာ တည်ရှိနေပါ၏။ လပွတ္တာမြို့နယ်တွင် ထင်ရှားသော ရွာကြီးတစ်ရွာလည်း ဖြစ်သည်။ တန်ဆောင်မုန်းလပေမို့ ရာသီဥတုသည် အထိုက်အလျောက် သာယာနေ၏။

လပြည့်ကျော်ငါးရက်၏ ရေဆုတ်ရေကျတွင် ပိုက်များ ကားနိုင် (ထောင်နိုင်) ရန်အတွက် ရေလုပ်သားများရော အိမ်သူများပါ အလုပ်များနေကြသည်။ ပိုက်များနှင့်အတူ ငါးဖမ်းကိရိယာများကို ထမ်းသူထမ်း တင်သူတင်ဖြင့် အလွန်ပင်တက်ကြွနေ ကြတော့သည်။

ထိုအထဲတွင် မောင်ညိုဝင်း မကေသီခိုင်တို့ ဇနီးမောင်နှံမှာ သုံးဆယ်ကျော်အရွယ် လူငယ်လေးများဖြစ်ကြသော်လည်း အရွယ်နှင့်မမျှအောင် သဘောထားပြည့်ဝ၏။ လုပ်ငန်းကျွမ်းကျင်၏။ သွက်လက်၏။ ဖျတ်လတ်၏။ အားလုံးအပေါ် ကူညီတတ်၊ ရိုင်းပင်းတတ်သည်မှာ မောင်ညိုဝင်းနှင့် မကေသီခိုင်တို့ အကျင့်ပင် ဖြစ်သည်။

ထို့ကြောင့်လည်း သင်္ဃန်းကြီးတစ်ရွာလုံးရှိ လူကြီးလူငယ်များက သူတို့ဇနီးမောင်နှံအား ချစ်ခင်လေးစားနေကြခြင်းပင် ဖြစ်သည်။

နေသည် အနောက်ဘက်သို့ တိမ်းစောင်း၍ မွန်းလွဲချိန်သို့ပင် ရောက်နေပေပြီ။ ရေကလည်း ရေဝက်ကျနီးနီး သုံးပုံ တစ်ပုံခန့် ကျနေ၏။

သင်္ဃန်းကြီးရွာနှင့် (ငါးထောင်ရာ) ပိုက်တန်းသည် စက်လှေဖြင့် တစ်နာရီကျော်ခန့် မောင်းနှင်ရသည်။ ရေတက်ရေကျသည် ခြောက်နာရီခန့် ကြာ၏။ သုံးပုံ တစ်ပုံရေကျမှစ၍ တွက်လျှင် ရေစစ်ရန်မှာ (၄) နာရီခန့်သာ လိုတော့၏။

ပိုက်တန်းသို့ မောင်းရမည့်အချိန်၊ ပိုက်တန်း ရောက်လျှင် ရေစစ်နှင့် ပိုက်ကားရမည့်အချိန်တို့ကို တွက်ချက်ကာ အချိန်မီ ပိုက်တန်းရောက်ရှိရန်အတွက် ရေလုပ်သားများ ကြိုးစားလုပ်ကိုင်နေကြခြင်း ဖြစ်၏။

“ကိုညိုဝင်းရေ”

“ဘာလဲဟေ့ ကေသီ”

“တော်တို့ ပိုက်တွေ၊ ထိုးဝါးတွေ၊ ကွင်းတွေ အကုန်ချပြီးပြီလား”

“နည်းနည်းကျန်သေးတယ်ဟ၊ ဒီတစ်ခေါက် သန်းစိုးတို့ လာပြီး ထမ်းချလိုက်ရင် ပြီးသွားမှာပါ”

“အေးပါတော် . . . ဖြည်းဖြည်းလုပ်ပါ။ ရေက ခုမှ ရေဝက်ကျတောင် မရှိသေးပါဘူး။ တော်တို့က ရေစစ်ကို ပိုက်ကားကြမှာဆိုတော့ အချိန်မီပါတယ်တော်”

“အေးဟ . . . မီတာတော့ မီတာပေါ့ ကေသီရာ။ လှေနဲ့ တက်နဲ့ လုပ်စားရတယ်ဆိုတာ ဝီရိယထားနိုင်မှ တန်ကာ ကျတာဟ။ ဒါကြောင့် ခပ်သုတ်သုတ်လုပ်နေရတာ”

“တော်ပြောတာလဲ ဟုတ်ပါတယ်တော်။ ဒါပေမယ့် အရေးတကြီးလုပ်ရင် ထိခိုက်ဒဏ်ရာ အနာတရတွေ ဖြစ်မှာစိုးလို့ ပြောရတာ ကိုညိုဝင်းရေ့”

“အေးပါဟာ ၊ နင်စိုးရိမ်တတ်မှန်း ငါသိပါတယ်။ ဒါပေမယ့် တို့အလုပ်သမားတွေက အတွေ့အကြုံရှိပြီးသားတွေချည့်ပါပဲဟာ။ သိပ်လည်း စိုးရိမ်မနေပါနဲ့”

“အေးပါတော် … ဒါဆိုရင်လည်း ပြီးတာပါပဲ။ အားလုံးပြီးရင် သောက်ရေပုံးနဲ့ ထမင်းအိုး၊ ဟင်းအိုးတောင်း ထမ်းဖို့ နှစ်ယောက်လောက်လည်း လွှတ်လိုက်ဦးနော်”

“တို့တွေ အိမ်ကနေပဲ စားသွားမယ်လေ ကေသီရ”

“ဒါဆိုလည်း ပြီးရော။ ကျုပ် ထမင်းဝိုင်း ပြင်ထား လိုက်မယ်”

“အေး … အေး … တို့ ပြီးတာနဲ့ လာခဲ့မယ်။ ထမင်း
ဝိုင်းသာ အဆင်သင့်ပြင်ထား”

ညိုဝင်း ပြောလိုက်သည်နှင့် ကေသီခိုင်သည် သူ့အိမ်ဆီသို့ ခပ်သုတ်သုတ် ပြန်သွား၏။ ညိုဝင်းတို့အဖွဲ့မှာမူ ပိုက်များ၊ ထိုးတံဝါးများ၊ ကွင်းများကို တစ်ခေါက်ပြီးတစ်ခေါက် စက်လှေပေါ်သို့ ထမ်းချရာ အားလုံးပင် ပြီးဆုံးသွား၏။ ပြီးသည်နှင့် ညိုဝင်းက –

“ဟေ့ . . . သန်းစိုးတို့၊ တင်ဝင်းတို့ ကျန်တဲ့ကောင်တွေခေါ်ပြီး လာခဲ့ကြဟေ့။ အိမ်ပေါ်တက်ပြီး ထမင်းစားကြရအောင်ကွာ”

“ဟာ . . . ကိုညိုဝင်း လမ်းကျမှ စားမှာ မဟုတ်လား။ ထမင်းအိုး၊ ဟင်းအိုးတောင်း ထည့်ခဲ့ရအောင်လေဗျာ”

“လာပါကွာ။ မင်းတို့လည်း ထမ်းရ ပိုးရတာနဲ့ မောပြီး ထမင်းဆာရောပေါ့။ ငါ ထမင်းပွဲပြင်ခိုင်းထားတယ်ကွ။ အိမ်ပေါ်တက်ပြီး စားလိုက်ကြရအောင်ကွာ။ စားပြီးမှပဲ သွားကြတာပေါ့”

ပြောပြောဆိုဆိုနှင့် ညိုဝင်းနှင့် အပေါင်းပါ ရေလုပ်သားတို့သည် ကိုညိုဝင်း၊ မကေသီခိုင်တို့ အိမ်ဆီသို့ ဦးတည်လျှောက်လာကြ၏။ ရောက်သည်နှင့် မကေသီခိုင်သည် ပြုံးရွှင်ဖော်ရွေစွာဖြင့် ဆီးကြိုခေါ်ငင်၏။

“လာ . . . ကိုညိုဝင်းရေ့။ တော့လူတွေခေါ်ပြီး ဝိုင်းစားလိုက်ကြတော့။ ထမင်းပွဲ အဆင်သင့်ပဲ”

“ဘာဟင်းတွေလဲဟ ကေသီရ”

“မနက်က ဦးမြင့်အောင်တို့ ငါးတန်ရတယ်ကြားလို့ သွားတောင်းလာတာ ကိုညိုဝင်းရေ့။ ငါးတန်ခေါင်း၊ ငါးတန်သားပေါ့တော်။ အညှီနံ့ပျောက်အောင် မဆလာလေးအုပ်ပြီး ချက်ထားတာလေ။ တော်တို့ မြိန်မှာပါတော်။ စားကြည့်ကြစမ်းပါ”

“အေးပါဟာ … တို့ ဆာနေတာနဲ့တော့ အတော်ပါပဲဟ။ ကဲ လာဟေ့ ညိုကြီးတို့၊ ကျော်လှိုင်တို့ … လာလေကွာ။ ဟိုနှစ်ယောက်ရော … သန်းစိုးနဲ့ တင်ဝင်းလေ”

“ဒီကောင်တွေ ရေစင်မှာ ခြေထောက်လက်ထောက် ဆေးနေတယ် ကိုညိုဝင်းရ။ လာပါလိမ့်မယ်”

ကိုညိုဝင်းတို့အဖွဲ့သည် လူစုံသည်နှင့် ထမင်းဝိုင်းတွင် ထိုင်ကြကာ အားပါးတရ စားသောက်နေကြသည်မှာ ခေါင်းပင် မဖော်နိုင်ကြ။ ကေသီခိုင်တစ်ယောက် ထမင်းလိုက်ပွဲဇလုံဖြင့် ခဏခဏခူး၍ လိုက်ပေးနေရ၏။

အားလုံး စားသောက်၍ ပြီးသွားသည့်အခါ ကိုညိုဝင်းကပင် စ၍ ဆော်ဩလိုက်၏။

“ကဲ . . . တို့အဖွဲ့တွေ စားပြီး လှေကားကြည့် ဆိုတာလိုပေါ့ကွာ။ စားသောက်ပြီးပြီဆိုတော့ ပင်လယ်ထဲ သွားကြရအောင်ဟေ

“ဟုတ်ကဲ့ . . . ကိုညိုဝင်းရေ။ သွားကြတာပေါ့ဗျာ”

ညိုဝင်းတို့အဖွဲ့သည် တက်ညီလက်ညီဖြင့် လန်းဆန်း တက်ကြွ ဖျတ်လတ်နေကြပါ၏။

ထိုစဉ် ထမင်းအိုး၊ ဟင်းအိုးတောင်း ထမ်းသည့် သန်းစိုးအား ကေသီခိုင်က –

“ဟဲ့ . . . သန်းစိုး အထဲကဟင်းတွေလည်း မှောက်ကျ ကုန်ပါဦးမယ်ဟဲ့။ ဖြည်းဖြည်းသက်သာလုပ်ပါ”

“ဟာ . . . မကေသီခိုင်ကလည်း၊ ကျွန်တော်တို့ အခု ထမင်းစားပြီးပြီလေ။ တောင်းထဲမှာ ထမင်းဟင်းတွေ ပါသေးလို့လား”

“ပါတယ်ဟဲ့။ နင်တို့ ပိုက်တန်းရောက်ရင် ညစာမချက်ရအောင်လို့ ဟင်းရော ထမင်းရော ငါထည့်ပေးလိုက်တယ်”

“ဟာ … ကောင်းတာပေါ့ အစ်မကြီး ကေသီခိုင်ရာ။ ပိုက်တန်းရောက်ရင် ထမင်းချက် ဟင်းချက် အလုပ်မရှုပ်တော့ဘူးပေါ့”

မိုးမကင်းလေမကင်းသည့် ဝါခေါင်၊ တော်သလင်းလများ ပိုက်ထောင်ရာ၌ ပိုက်တန်းတွင် ထမင်းချက်ရသည်မှာ မလွယ်ကူလှ။ ထို့ကြောင့် ကုန်းလူများဖြစ်သည့် အိမ်ရှင်မများ၊ ထမင်းချက်များက ပိုက်တန်းတွင် အဆင်သင့်စားသုံးနိုင်ရန် ထမင်းရော ဟင်းပါ ချက်ပြုတ်ပေးကြရ၏။

(ပင်လယ်ထဲတွင် ပိုက်ထောင် ငါးဖမ်း လုပ်ရသူများကို ရေလူ၊ ကုန်းပေါ်၌ ငါးခွဲ၊ ငါးရွေး၊ ငါးလှမ်း၊ ထမင်းဟင်းချက် စသည့်လုပ်ရသူကို ကုန်းလူ ဟုခေါ်၏။)

ယခုလို တန်ဆောင်မုန်းလ ရာသီဥတုသာယာချိန် တွင်ကား ရေလုပ်သားများက ဆန်ဆီ ဟင်းလျာများကိုယူကာ ပိုက်တန်းတွင်သာ ချက်စားကြသော အလေ့အထရှိ၏။ ထို့ကြောင့် သန်းစိုးက ယခုလို တန်ဆောင်မုန်းလ ရာသီဥတုသာယာချိန်တွင် ထမင်းဟင်း ချက်ပေးစရာမလိုသော ရေလုပ်သားများအတွက် ချက်ပြုတ်ပေးသည့် ကေသီခိုင်အား ကျေးဇူး တင်စွာ ပြန်လည်ပြောကြားနေခြင်း ဖြစ်ပါ၏။

ကေသီခိုင်သည် ညိုဝင်းတို့အဖွဲ့ စက်လှေဆီသို့ သွားနေကြသည်ကို လျစ်လျူရှုမထား။ မိမိပါ ကမ်းစပ်သို့ဝလိုက်၍ ပို့ဆောင်ပေးနေ၏။ ညိုဝင်းတို့အဖွဲ့သားအားလုံး စက်လှေပေါ်သို့ ရောက်သွားကြသောအခါ ကေသီခိုင်က –

“ကိုညိုဝင်းရေ . . . ဂရုစိုက်မောင်းသွားကြနော်၊ ညရောက်ရင်လည်း ညလင်းမီး ထွန်းထားဖို့ မမေ့ကြနဲ့ဦး … သိလား”

“အေးပါ ကေသီခိုင်ရာ။ စိတ်ချလက်ချ နေစမ်းပါ။ အားလုံးအဆင်ပြေအောင် ငါလုပ်ပါ့မယ်။ ကဲ … သွား သွား … အိမ်ပြန်တော့။ ကမ်းစပ်ကြီးမှာ လေကတိုက်နဲ့”

“ရပါတယ် ကိုညိုဝင်းရယ်။ ပင်လယ်သူပဲ၊ သည်ရေ သည်လေနဲ့ ကြီးပြင်းလာတာပါ။ ဘာမှ မပူနဲ့။ တော်တို့သာ ဂရုတစိုက်မောင်းပြီး သတိဝီရိယထားပြီး အလုပ်လုပ်ကြ”

“အေးပါဟာ။ ငါတို့အတွက် မစိုးရိမ်ပါနဲ့။ လေထဲ မိုးထဲ မဟုတ်တော့ သိပ်လည်း ကြောက်စရာမလိုပါဘူး။ ကဲ . . . ငါတို့သွားပြီ ကေသီခိုင်ရေ့”

ညိုဝင်းသည် ကေသီခိုင်ကို နှုတ်ဆက်ရင်းနှင့် စက်ကိုနှိုးကာ ရွေးမြစ်၏ အောက်ဘက်အတိုင်း စုန်၍ စက်လှေကို ခုတ်မောင်းသွားတော့၏။ အခြားစက်လှေရှိ စက်များသည် တရုတ်နီ ၁၆ ကောင်အားများသာ ဖြစ်ကြသော်လည်း ညိုဝင်း၏ စက်လှေမှ အင်ဂျင်သည် ၂၅ ကောင်အားဖြင့် ဆင်ထားခြင်း ဖြစ်၏။

ရွာထဲတွင် စီးပွားရေးပြေလည်သူစာရင်းတွင် ကိုညိုဝင်း + မကေသီခိုင်တို့လည်း ပါ၏။ ထို့ကြောင့် ညိုဝင်းက သူ့စက်လှေကို အကောင်းဆုံး အတောင့်ဆုံးဖြစ်အောင် ပြင်ဆင်ထားခြင်း ဖြစ်၏။

ရေအစုန်တွင် စက်ကို အကုန်တင်မောင်းထားခြင်းကြောင့် ညိုဝင်း၏ စက်လှေသည် လေပေါ်တွင် ပျံဝဲ၍ လှစ်ခနဲ လှစ်ခနဲနေအောင် လျင်မြန်နေတော့၏။ စက်လှေ၏ တိုးအား တိုက်အား တွန်းအားတို့ကြောင့် ယက်ပန်းတို့သည် ဖွားခနဲ ဖွားခနဲဖြစ်၍ ယက်ပန်းချင်းဆက်ကာ အဖြူရောင်ကန့်လန့်ကာဖြင့် စက်လှေနောက်သို့ ကာထားသည်နှင့်ပင် တူလှ၏။

ကေသီခိုင်သည် မိမိလင်တော်မောင်၏ စက်လှေ မောင်းနေသည်ကို မျက်စိတစ်ဆုံးတိုင်အောင်ပင် ကမ်းစပ်မှရပ်၍ ကြည့်နေ၏။ စက်လှေ မမြင်ရတော့သည့်အခါမှပင် အိမ်ဆီသို့ တပ်ခေါက်ကာ ပြန်ခဲ့တော့သည်။

“ဟော … အစ်မ မကေသီခိုင်တစ်ယောက် ဘယ်ကပြန်လာလဲ”

“ကမ်းနားကပါ အေးသွယ်ရယ်”

“ဘာသွားလုပ်တာလဲ အစ်မ”

“ကိုညိုဝင်းတို့စက်လှေ ပင်လယ်ထွက်တာ လိုက်ပို့တာပါအေ့”

“ဟောတော့ ကိုညိုဝင်းတို့စက်လှေ ထွက်သွားတာဖြင့် ကြာပါပြီတော်။ အစ်မက အခုမှ ပြန်လာတယ်ဆိုတော့ ဘာလုပ်နေတာလဲ”

“ဪ . . . အေးသွယ်ရယ်၊ စစ်လိုက် ဆေးလိုက်တာ ကလည်း လွန်ပါရောအေ။ ကဲ . . . ကဲ . . . စက်လှေကို မျက်စိတစ်ဆုံးကြည့်နေလို့ ကြာသွားတာဟေ့”

‘ဟင်း … အစ်မ မကေသီခိုင်ကြီးက သိပ်ပိုတာပဲ။ စက်လှေသမားတွေ သူ့ဟာသူ သွားတာပဲ။ သည်အချိန်ထိအောင် ကြည့်နေရသေးတယ်။ ပိုကို ပိုပါတယ်တော်”

“အေးပေါ့အေ။ ညည်းက အပျိုကြီးဆိုတော့ ဘယ် ကိုယ်ချင်းစာတတ်ပါ့မလဲ။ အပျိုဘဝ ခဝါကျသွားရင်တော့ ညည်းလည်း နားလည်စာနာတတ်လာမှာပါအေ”

“အေးပါ … ကြည့်သေးတာပေါ့ အစ်မရယ်။ အစ်မ လောက်တော့ အဖြစ်သည်းမယ် မထင်ပါဘူးနော်”

အေးသွယ်သည် မျက်စောင်းလေးကို ချိတ်၍ မခို့တရို့ ပြုံးကာ ထွက်ခွာသွား၏။

ရေကန်အနီးရှိ ကုက္ကိုပင်ထက်ဆီမှ ချိုးငှက်မောင်နှံသည် အပြန်အလှန်တွန်ကျူး၍ ကြည်နူးနေကြ၏။

ကေသီခိုင်သည်လည်း ပင်လယ်ပိုက်တန်းကို သွားသည့် မောင်တော်အား မျှော်တော်ငေး၍ အဆွေးကြီး ဆွေးနေမိတော့သည်။

ဩော် . . . ချစ်စ ခင်စ ကြင်နာစပေမို့ ကြားက လေပြည်လေးသွေးရင်တောင် အဝေးကြီးဝေးသည် ထင်၍ အဆွေးကြီး ဆွေးကြရသည် မဟုတ်ပါလားလေ။

ကေသီခိုင်သည် အိမ်ပြန်ရောက်သည်နှင့် ကုန်းလူများကို ခေါ်ကာ လုပ်ငန်းဆောင်တာများကို လိုက်လံလုပ်ကိုင်နေ၏။

ကုန်းလူများသည် ကုန်းပေါ်တွင်သာနေ၍ အလုပ်လုပ်ကြရသော်လည်း အလုပ်အကိုင်တို့က များပြားလှပါ၏။ ရေလုပ်ငန်း နှင့်ပတ်သက်၍ ကုန်းပေါ်တွင် (၁) ရေစင်၊ (၂) လှမ်းစင်၊ (၃) မျှင်စိ၊ (၄) ငါးစိဟု အကြမ်းဖျင်းအားဖြင့် လေးမျိုးရှိ၏။

ကုန်းလူများသည် ရေစင်တွင် အပေါက်အပြဲ အကွဲအနာများရှိလျှင် ဖာတန်ဖာ၊ ထေးတန်ထေး၊ ချည်တန်ချည်၊ တုပ်တန် လျှင်တုပ် စသည်များကို ပြုလုပ်ရ၏။ လှမ်းစင်၊ မျှင်စိ၊ ငါးစိများကိုလည်း ထိုနည်းတူပင် ဖာထေးချီတုပ် အလုပ်တို့ကို ကောင်းမွန်အောင်လုပ်ထားရ၏။

သို့မှသာ ပင်လယ်သို့သွားသည့် ပိုက်ထောင်သမားများ ပြန်လာပါက ရေစင်ပေါ်တွင် သားငါးများပုံ၍ ငါးကောက်ခြင်း၊ ငါးရွေးခြင်းစသည်များကို ပြုလုပ်ကာ မျှင်များကို မျှင်စိထဲတွင် ထည့်ထားရ၏။

ငါး (ငါးပြား၊ ငါးပူတင်း စသည့်ငါးများကို အရေကျိုငပိလုပ်ရန် ဆားအနည်းငယ်ပေါက်၍ စိထဲထည့်ခြင်း) များကို ငါးစိထဲတွင် ထည့်ရ၏။

ယင်းသို့ အဆင်သင့်ဖြစ်စေရန်အတွက် ကေသီခိုင်က ကုန်းလူများကို ဦးဆောင်ကာ ကုန်းပေါ်လုပ်ငန်းများကို ထောင့်စေ့အောင် လုပ်ကိုင်နေခြင်းဖြစ်၏။

“မကေသီခိုင်ရေ . . . လှမ်းစင်မှာ ကွာနေ၊ ပေါက်နေတဲ့ ဝါးတွေ အစားထိုးရိုက်ရအောင် ဝါးရှိသေးလားအစ်မ”

“ရှိတယ် မောင်လွင်ရေ . . . ရေစင်အပေါ်ထပ်မှာ တင် ထားတယ်။ အကြီးတွေ မယူနဲ့နော်။ အသေးတွေနဲ့ရိုက် သိလား”

“ဟုတ်ကဲ့ အစ်မ။ ဟုတ်ကဲ့ …”

ညိုဝင်းတို့အဖွဲ့ ပင်လယ်ထဲ ငါးထောင်ငါးဖမ်းထွက်ချိန်တွင် ကေသီခိုင်သည် အိမ်တွင်ရှိသည့် ကုန်းလူများနှင့် ကုန်းအလုပ်များကို ပြီးစီးအောင် လုပ်ကိုင်နေ၏။

ယင်းသို့လုပ်ရင်းဖြင့် နေရောင်ပျောက်သွားသည့်အခါ ကုန်းလူများအား ထမင်း ဟင်းများ ပြင်ဆင်ကျွေးမွေးနေ၏။ ထမင်းစား၍ ပြီးစီးသွားသောအခါ ကုန်းလူများသည် ပျောက်ခြင်းမလှ ပျောက်သွ ကြ၏။

ကေသီခိုင်ကမူ မျှင်ကောင်ထည့်သည့်အိတ်နှင့် ပုစွန် ခြောက်ထည့်သည့်အိတ်များကို ခွဲခြားကာ သူ့အုပ်စုနှင့်သူ ကွဲကွဲပြားပြား ဖြစ်စေရန် ခေါက်၍ သိမ်းနေ၏။ ကေသီခိုင်တို့အိမ်တွင် ထမင်းချက် ငှားထားသည့် လွင်လွင်ဌေးကမူ ကေသီခိုင်ကို ကူ၍ အလုပ်လုပ်နေ၏။

“လွင်လွင်ဌေးရေ . . . ဒီ ခေါက်ပြီးသားအိတ်တွေကို
အိတ်တစ်လုံးစီထဲ ထည့်စမ်းအေ”

“မျှင်အိတ်တွေက တစ်လုံးနဲ့ ဆံ့မှာမဟုတ်ဘူးအစ်မ”

“ဘယ်ဆံ့မှာလည်းအေ။ အနည်းဆုံး သုံးလုံးလောက်
ထည့်ရမှာဟေ့။ ထည့်ထည့် … မြန်မြန်လေးထည့်။ ပြီးရင် မျှင်အိတ်နဲ့ ပုစွန်ခြောက်အိတ်ကို ခွဲပြီး ဆော့ပင်နဲ့ ရေးမှတ်လိုက်ဦးနော်”

“ဟုတ်ကဲ့အစ်မ”

“ပြီးရင် ဘယ်မှ မသွားနဲ့ဦးနော်။ အစ်မ ဟိုနားခဏ သွားလိုက်ဦးမယ်။ အိမ်စောင့်နေ … ကြားလား”

“ကေသီခိုင်ရေ … ကေသီခိုင်”

အိမ်အပြင်မှ ခေါ်သံကြောင့် ကေသီခိုင်တစ်ယောက် နားစွင့်၍ နေမိ၏။ ထိုစဉ် ခေါ်သံမှာ ထပ်၍ ပေါ်လာပြန်သလို အိမ်နှင့်လည်း ပို၍ နီးလာ၏။

“ကေသီခိုင်ရေ … ကေသီခိုင်”

“ဟယ် . . . ကိုညိုဝင်းအသံနဲ့ တူတယ်ဟဲ့ လွင်လွင်ဌေးရဲ့”

“ရှင် . . . ကိုညိုဝင်းလား”

“ဟုတ်တယ် ကေသီခိုင်ရေ။ ငါတစ်ယောက်တည်း
မဟုတ်ဘူး။ တို့တစ်တွေအကုန်လုံးပြန်လာကြတာဟ”

“ဟင် . . . ဘယ်လိုဖြစ်ရတာလဲ ကိုညိုဝင်း။ မိုးမရွာ လေမကျနဲ့ လူကုန်ပြန်လာကြတယ်ဆိုတော့ တစ်ခုခုတော့ ဖြစ်ပြီထင်တယ်”

“မဖြစ်ပါဘူးဟာ … ဘာမှ မဖြစ်ကြပါဘူး”

“ဒါဆိုရင်လည်း ပိုက်ဖော်ရမှာက ညရေပြည့် ၁၁ နာရီလောက်မှ ဖော်ရမှာ။ အခုဟာက ည ၉ နာရီလောက်ပဲ ရှိသေးတယ်။ ဘာဖြစ်လို့ ပြန်လာရတာလဲတော်။ စိတ်ပူလွန်းလို့ မြန်မြန်ပြောစမ်းပါ”

“စိတ်ပူစရာမရှိပါဘူး ကေသီရာ။ ဘာကြောင့် ပြန်လာတယ်ဆိုတာ ငါပြောပြပါ့မယ်။ ဒီလိုဟ ကေသီရ”

ညိုဝင်းတို့အဖွဲ့သည် သင်္ဃန်းကြီးရွာကမ်းမှ စက်လှေ ထွက်ခွာလာကာ ရွေးမြစ်၏အောက်အတိုင်း စုန်၍ စက်ကုန်တင်ကာ မောင်းနှင်လာခဲ့၏။

ရွေးမြစ်နှင့် ပင်လယ်ပြင်တို့ ဆုံသည့် ရွေးရွာမှ တစ်မိုင်ခန့်အလွန်တွင် အောင်ကြည်တို့ ငါးကွင်းရှပ်စက်လှေကို တွေ့ ရ၏။

အောင်ကြည်တို့ စက်လှေ ထွက်သွားသည်မှာ နှစ်ရက်ခန့်သာ ကြာသေး၏။ သို့သော် ယခု ဝင်လာပုံမှာ အန္တရာယ်တစ်ခုခု ကြုံ၍ ပြန်လာရခြင်းမျိုး မဟုတ်။ သားငါးများလေး၍ ပြန်လာခြင်းမျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် စက်လှေမှာ ပြားဝပ်နေအောင် လေးနေသကဲ့သို့ အလံထူ၍လည်း ထားသေး၏။

ပင်လယ်သားတို့သည် အလံထူထား၍ ရပ်နေပါက အင်ဂျင်မောင်းဆီကုန်၍ ဖြစ်စေ၊ စက်ချို့ယွင်း၍ ဖြစ်စေ၊ အကူအညီလိုကြောင်း သိသာပါ၏။

ထိုအခါမျိုးတွင် ပါလာသည့် ဒီဇယ် အင်ဂျင်ဝိုင် စသည်ကို မျှ၍ အကူညီပေးရ၏။ စက်ပျက်လျှင်လည်း စွမ်းနိုင်သမျှ ကူညီရ၏။

စက်လှေ ဝန်ပေါ့နှင့် အလံထူကာ မောင်းနှင်လာပါက စက်လှေပေါ်တွင် မကျန်းမမာသည့် လူနာပါလာသည်ဟု သိကြ၏။ ထိုစက်လှေမျိုးက အလံရိုက်၍ လှမ်းခေါ်ပါက သွားရောက်အကူအညီပေးကြရ၏။

ယင်းသို့ မဟုတ်ဘဲနှင့် ဝန်လေးတွင် အလံထူမောင်းနှင်လာပါက ၎င်းတို့ သားငါးရကြောင်း ကြွားဝါမာန်ထုတ်ခြင်းသာ ဖြစ်၏။ ဝန်လေးကို အလံထူရသည်မှာ ပင်လယ်သားတို့အတွက် တကယ့်ကို အားမာန်တစ်ခုပင် ဖြစ်ပါ၏။

ငါးကွင်းရှပ်စက်လှေတစ်စီး လေးရန်အတွက် အနည်းဆုံး ခုနစ်ရက် ဆယ်ရက်မှ နှစ်ပတ် သုံးပတ်ခန့်အထိ ကြာလေ့ကြာထ ရှိ၏။ ယင်းသို့ သူ့ ရက်ပတ် သူစေ့မှ စက်လှေလေး၍ ပြန်လာရလျှင် ပုံမှန်အတိုင်းဖြစ်၍ ထူးထူးကဲကဲဖြင့် အလံမထူကြ။ သာမန် ရရိုးရစဉ်သာ ဖြစ်၏။ ယခု တွေ့ ရသည့် အောင်ကြည်တို့မှာမူ နှစ်ရက်ခန့်နှင့် စက်လှေလေးလာကြခြင်းဖြစ်၍ အလံထူအောင်ပွဲခံကာ ပြန်လာကြခြင်း ဖြစ်၏။

ညိုဝင်းသည် အောင်ကြည်တို့ ငါးကွင်းရှပ်စက်လှေနားရောက်သည်နှင့် တက်မကိုင်နေသည့် ကျော်လှိုင်အား စက်ရပ်ထားရန် လက်ဟန်ပြ၍ အသိပေး၏။

အောင်ကြည်တို့ စက်လှေအားလည်း ဖြည်းဖြည်းမောင်းရန် ညိုဝင်းကပင် လှမ်း၍ အချက်ပြလိုက်၏။ ညိုဝင်း အချက်ပြသည်နှင့် အောင်ကြည်တို့စက်လှေလည်း ဖြည်းညင်းစွာ ခုတ်မောင်းလာ၏။

တက်မကိုင် ကျော်လှိုင် အားလည်း အောင်ကြည်တို့စက်လှေနားမှကပ်၍ မျှောရန် အချက်ပြလိုက်၏။

အောင်ကြည်တို့ စက်လှေနှင့် မိမိတို့စက်လှေ နီးကပ်လာချိန်တွင် ညိုဝင်းကပင် စ၍ အော်ဟစ်မေးလိုက်သည်။

“အောင်ကြည်ရေ။ မင်းတို့ ဘာတွေရလာသလဲဟေ့”

“ကတ်သမျှင်တွေချည့်ပဲကွ ညိုဝင်းရ”

“ကတ်သမျှင်အုပ်နဲ့ တွေ့လာပြီလားကွ”

“ဟုတ်တယ် ညိုဝင်းရေ့။ ကတ်သမျှင်တွေ အုပ်လိုက်မြူးနေကြတာကွ။ အဲဒီ ကတ်သမျှင်အုပ်နဲ့ တွေ့ပြီးလို့ တို့သင်္ဘော ချက်ချင်းလေးပြီး ပြန်လာခဲ့တာကွ”

“အေး . . . မင်းတို့ကတော့ ထောပြီဟေ့။ ဘယ်နားမှာ တွေ့ခဲ့တာလဲကွ အောင်ကြည်ရ”

“မင်း ပိုက်တန်းအောက် လက်လံလေးရာလောက်ပဲကွာမယ်ကွ။ အဲဒီနေရာမှာ ကတ်သမျှင်ကတော့ အုပ်လိုက်မြူးနေတာဟေ့။ မင်းတို့သွားမလို့လား”

“အေး . . . အခြေအနေအရပေါ့ကွာ။ တားပိုက်က ပါမလာခဲ့ဘူးကွ။ ထောင်ပိုက်ပဲ ပါလာတာ။ ဒါကြောင့် စဉ်းစားလိုက်ဦးမယ်ဟေ့”

“အေး အေး … ငါတို့ ပြန်ပြီဟေ့။ မင်းတို့ ဒီအချိန်သွားရင်တော့ မီသေးတယ်ကွ။ ရေကျ ရေစုန်နဲ့ ငါးတွေက မြူးနေတုန်းပဲ။ တို့တော့ သွားပြီဟေ့”

“အေးကွာ … မင်းတို့ကတော့ အိမ်အပြန် ငါးတန်ထမ်းလာ ဆိုသလို ကတ်သမျှင်တွေလေးပြန်လာတော့ ပျော်စရာကြီးပေါ့ကွာ။ ငါတို့လည်း သွားပြီဟေ့”

ညိုဝင်းတို့သည် ကျော်လှိုင်အား စက်ကုန်တင်မောင်းရန် အချက်ပြလိုက်၏။ ကျော်လှိုင်ကလည်း ညိုဝင်းခိုင်းသည့်အတိုင်း စက်ကုန်တင်ကာ မောင်းနှင်နေ၏။ ညိုဝင်းကမူ ကျန်သည့် ရေလုပ်သားများနှင့် အလုပ်လုပ်ရန် စတင်ပြင်ဆင်တော့၏။

“ဟေ့ကောင်တွေ တင်ဝင်း၊ ညိုဝင်း၊ ကျော်လှိုင် ပိုက်နှစ်ဖုံလောက် ချကွာ။ ကျော်လှိုင်က ပိုက်ကို ဘေးနားကနေ အထက် အောက် ဆုံးအောင် ဓားနဲ့ဖြတ်လိုက်ကွာ။ ငါ့လည်း တစ်လုံးပေး။ ငါလည်း ခြမ်းလိုက်ဦးမယ်”

ပြောပြောဆိုဆိုနှင့် ညိုဝင်းသည် သွက်လက်ဖျတ်လတ်စွာ ပိုက်တစ်လုံးကို ဖြန့်၍ ပိုက်ဝမှ ပိုက်အိတ်ဆုံးအောင် ဓားဖြင့် ဖြတ်နေ၏။

“ဟာ . . . အစ်ကိုညိုဝင်းကလည်း ပိုက်ကြီးခြမ်းပစ်တာ နှမြောစရာကြီးဗျာ”

“ဟုတ်ပါတယ် အစ်ကိုရာ။ ဘာဖြစ်လို့ ခြမ်းပစ်ရတာလဲ”

ညိုကြီးက ဝင်၍ ပြောလိုက်ခြင်းဖြစ်၏။

“ကတ်သမျှင် သွားဖမ်းမလို့ကွ ညိုကြီးရ”

“ဟင်. . . ကတ်သမျှင်ဖမ်းတဲ့ပိုက်က စိန်ပိုက်တို့၊ အနုမြူပိုက်တို့ မဟုတ်လား အစ်ကို ညိုဝင်းရ။ ခု ကျွန်တော်တို့ပိုက်က ၁၂ ပင်ချည်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပိုက်သားထူကြီးဆိုတော့ ဖြစ်ပါ့မလားဗျာ”

“ညိုကြီးရာ ဒါတွေတွေးပူနေလို့တော့ ဘယ်တော့မှ အလုပ်ဖြစ်မှာမဟုတ်ဘူး။ သည်ကမ်း သည်တက်နဲ့လှော်၊ ဟိုကမ်း ဟိုတက်နဲ့လှော် ဆိုတာလိုပေါ့ကွာ။

ဖြစ်သလို လုပ်ရတော့မှာပေါ့။ သစ်မရှိခင် ဝါးကိုပေါင်းကွပ်ရတယ်ဆိုတာလည်း ရှိသေးတယ် မဟုတ်လား။

ဒီတော့ မင်းပြောတဲ့ စိန်ပိုက်၊ အနုမြူပိုက်တွေက တို့မှာမှ မပါလာခဲ့တာ။ စိန်ပိုက် အနုမြူပိုက်ရှိမှ ဖမ်းမယ်၊ မရှိရင် မဖမ်းဘူးဆိုရင်တော့ ရလာမယ့် အခွင့်အရေးကို လက်လွှတ်ရုံပဲ ရှိတာပေါ့။ စိန်ပိုက်နဲ့ထောင်လို့ ဆယ်ကောင်မိရင် တို့ပိုက်နဲ့ထောင်တော့ ခြောက်ကောင်၊ ခုနစ်ကောင်တော့ မိမှာပေါ့။ ဒါဆိုလည်း နည်းသေးလားကွ”

“အင်း. . . ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီ ပိုက်ခြမ်းကြီးတွေနဲ့ ဘယ်လိုလုပ်ပြီး ကတ်သမျှင်ထောင်မှာလည်း ကိုညိုဝင်းရ”

“မင်းကလည်း ပင်လယ်သားလုပ်နေပြီးတော့ ရေလုပ်ငန်းအပေါ် ဒါလောက်တောင် ထူရ ပိန်းရသလားကွာ။ ကဲ … ငါ မင်းကို မေးပါဦးမယ်။ ငါတို့ အခုထောင်တဲ့ပိုက်ဝက ဘယ်နှစ်တောင်ရှိသလဲ”

“ဆယ့်နှစ်တောင်ရှိတာပေါ့ ကိုညိုဝင်းရာ။ ဒါလောက်တော့ သိပါတယ်”

“အေးပါ … ဟုတ်ပါပြီ။ အဲဒီဆယ့်နှစ်တောင်ကို ဓားနဲ့ဖြတ်ပြီး ဖြန့်လိုက်ရင် ဘယ်နှစ်တောင်ရှိမလဲကွာ”

“၂၄ တောင်ပေါ့ ကိုညိုဝင်းရ”

“ကဲ . . . . ပိုက်အရှည်ကရောကွာ”

“ပိုက်အရှည်က ၁၅ တောင်ရှိတယ်ဗျာ။ ဆက်ထားတဲ့ အိတ်နဲ့ ပေါင်းပြီးတွက်ရင်တော့ အတောင်နှစ်ဆယ်ကျော်မှာပေါ့”

ညိုဝင်းသည် ပိုက်ကိုဖြတ်ရင်း ခြမ်းရင်းနှင့် ညိုကြီးအား ပြောလာရာ ပိုက်တစ်လုံးပင် ဖြတ်ပြီး ခြမ်းပြီး ဖြစ်သွား၏။ ပြီးသည်နှင့် နောက်တစ်လုံးကိုယူ၍ ဖြတ်ရင်း စကားကို ဆက်ပြန်၏။

“အခု ငါခြမ်းလိုက်တဲ့ပိုက်ဟာ အစက ရေစစ်လိုနေတာလေကွာ။ ခြမ်းလည်းပြီးရော ပိုက်ရင်းပိုက်ဝ ၂၄ တောင်၊ ပိုက်ဖျား ၂ တောင်ခန့် ဖြစ်မသွားဘူးလား”

“ဖြစ်တာပေါ့ ကိုညိုဝင်းရာ။ ပိုက်က ခြမ်းပြီးသားဆိုတော့ ဖြန့်လိုက်ရင် တြိဂံပုံကြီးဖြစ်သွားတာပေါ့”

ထိုစဉ် ကျော်လှိုင်သည် မိမိဖြတ်တောက်နေသည့် ပိုက် ပိုက်ဝမှ ပိုက်ဖျားတိုင် ဖြတ်၍ပြီးသွားသည်။ ပိုက်အိတ်ကိုမူ ညိုဝင်းလုပ်သည့်အတိုင်း မခြမ်းဘဲ သီးခြားဖြတ်၍ ဖယ်ထားလိုက်၏။

“ကိုညိုဝင်း ကျွန်တော့်ပိုက်ခြမ်းလို့ပြီးသွားပြီ။ ဘာဆက်လုပ်ရမလဲ”

“အေး … အေး … ပြီးရင် ပိုက်ဝ (ပိုက်ရင်း) နဲ့ ပိုက်ဖျား ပြောင်းပြန်ထားပြီး ဖင်ပြန် ခေါင်းပြန် ဆက်ကွာ။ တို့ ချည်ခေါင်းတွေ ပါတယ်မဟုတ်လား”

“ဟုတ်ကဲ့ ပါတယ် ကိုညိုဝင်း။ ဟေ့ ညိုကြီး စက်လှေဦးချောင်ထဲက ချည်ခေါင်းတစ်ခေါင်း ငါ့ပေးကွာ”

ညိုကြီးသည် ကျော်လှိုင်တောင်းသည့် ချည်ခေါင်းကို သွက်လက်စွာ ယူပေး၏။ ကျော်လှိုင်ကမူ ညိုဝင်းခိုင်းသည့်အတိုင်း စနစ်တကျ ပိုက်များကို ဆက်နေ၏။

ညိုဝင်းတို့ ကျော်လှိုင်တို့ လုပ်နေသည်ကိုကြည့်နေသည့် ညိုကြီးက မိမိထင်မြင်ချက်ကို ညိုဝင်းအား ပြောပြလိုက်၏။

“ကိုညိုဝင်းရေ ခင်ဗျားတို့လုပ်နေတာတွေကို ကျွန်တော် သဘောပေါက်လာပြီဗျ။ ပိုက်ကိုခြမ်းပြီး ဖင်ပြန်ခေါင်းပြန် ဆက်လိုက်တော့ ပိုက်နှစ်လုံးစပ်ရင် ၂၆ တောင်၊ ပိုက်သုံးလုံးစပ်ရင် ၄၂ တောင်ဖြစ်သွားမှာပေါ့နော် ကိုညိုဝင်း”

“ဒါပေါ့ ညိုကြီးရာ။ ပိုက်သုံးလုံးကို ခြမ်းပြီး ဆက်လိုက်လို့ ၄၂ တောင်ဖြစ်သွားရင် ကတ်သမျှင်ထောင်ဖို့ ဖမ်းဖို့ အနေတော်တဲ့ ပိုက်တန်းတစ်တန်းတော့ ဖြစ်သွားတာပေါ့ကွာ။

ကဲ ငါ့ ပိုက်လည်း ပြီးသွားပြီ။ မင်းဘက်အခြမ်းက ပိုက်တွေကို ကူပြီး ဆက်ကြကွာ။ တို့ ပိုက်တန်းနားတောင် နီးနေပြီ။ ပိုက်တန်းကနေ လက်လံ ၄ဝဝ လောက်လွန်မောင်းရမှာဆိုတော့ မြန်မြန်လုပ်ကြကွာ။ ရေကျနဲ့မီအောင် ပိုက်မျောနိုင်မှ ကတ်သမျှင်အုပ် မြူးနေတာကို မီမှာကွ”

ညိုဝင်းတို့အဖွဲ့သားအားလုံးသည် ဘယ်စီစီညာစီစီနှင့် ပိုက်များကို ဆက်နေကြ၏။ ခြမ်းပြီး (ခွဲပြီးသား) ပိုက်သုံးလုံးသည် မကြာမီမှာပင် ညိုဝင်းတို့လုပ်အားဖြင့် ပေါင်းစည်းဆက်နွှယ်ပြီး တားပိုက်တစ်ဖုံဖြစ်လာတော့သည်။

ပိုက်သည် ချည်လုံးကြီးသော ကျားပိုက်များကိုခြမ်း၍ ဆက်ထားသော်လည်း အတောင်လေးဆယ်ကျော်သာရှိ၍ ညိုဝင်းတို့အဖွဲ့အတွက် ခြေနိုင် လက်နိုင် ရှိနေပါ၏။

“သန်းစိုးရေ . . . “

“ဗျာ . . . . အစ်ကိုညိုဝင်း”

“လက်ကြိုးခေါင်းကြိုးတွေ တပ်ဖို့ပြင်ဦးဟေ့”

“လက်ကြိုးခေါင်းကြိုးက တပ်ရဦးမှာလား အစ်ကိုညိုဝင်းရ”

“လက်ကြိုးခေါင်းကြိုးမပါဘဲနဲ့ ပိုက်ဘောကို ဘယ်လိုတင်ပြီး ပိုက်ဘယ်လိုကားမှာလဲ သန်းစိုးရာ”

“သိဘူးလေဗျာ။ ဒီပိုက်သုံးခြမ်းဆက်ကိုပဲ ရေထဲ ဒီအတိုင်း ချထားမှာလားလို့”

“ဟင်း . . . မင်းဟာကလည်းကွာ။ ဟိုစကားပုံလို ဖြစ်နေပါပြီ”

“ဘယ်စကားပုံလည်း အစ်ကိုရ … ပြောပြစမ်းပါဦး”

“ခွေးကျိုးနဲ့ ယုန်လိုက်၊ အညှီကြိုက်မှန်း လူသိရုံပဲဆိုတဲ့ စကားပုံလေကွာ”

“အင်း ကြားတော့ကြားဖူးတယ် အစ်ကိုရ။ ဒါပေမဲ့ … ဘာပြောနေတာမှန်းတော့ မသိဘူးလေ”

“ဒီစကားပုံက ရှင်းနေတာပါပဲကွာ။ ဒါပေမဲ့ ဒီစကားပုံက တံငါတွေအတွက်တော့ မဟုတ်ဘူး။ မုဆိုးတွေအတွက်ကွ “

“အင်း ဆက်စမ်းပါဦး အစ်ကို”

“ဒီလိုကွာ။ မုဆိုးတွေဟာ တောအမဲရချင်တော့ တောလိုက်သွားကြတာပေါ့ကွာ။ ဒါပေမဲ့ တောက်လိုက်ဖို့ အိမ်ကနေ ခေါ် သွားတဲ့ခွေးက ခွေးကျိုးဖြစ်နေတယ်။ တောထဲရောက်လို့ ယုန်လည်းတွေ့ရော မုဆိုးက ခွေးကျိုးနဲ့ လိုက်တော့တာပဲ။ ယုန်က ရှေ့ကပြေး ခွေးကျိုးက နောက်ကလိုက်။ မုဆိုးကလည်း သူ့ခွေး ကျိုးကို ညာသံပေးပြီး အလိုက်ခိုင်းတာ။ အားပေးတာပေါ့ကွာ”

“အဲဒီတော့ ရရဲ့လားအစ်ကို”

“မရရုံတင် မကဘူးဟေ့။ ဟိုနေရာ မိနိုးနိုး၊ ဟိုတော ရောက်ရင် ရနိုးနိုးနဲ့ လိုက်လိုက်တာ။ တစ်နေကုန်လို့ လူရော ခွေးပါ မောဟိုက်သာသွားတယ်။ ယုန်ကိုတော့ မရခဲ့ဘူးလေ”

“ဟုတ်တာပေါ့အစ်ကိုရ။ ဘယ်ရလိမ့်မလဲ။ ကျိုးနေတဲ့ ခွေးက အကောင်းပကတိယုန်ကို ဘယ်မီနိုင်ပါ့မလဲနော်။ ဪ. . . ဒါကြောင့် ခွေးကျိုးနဲ့ ယုန်လိုက်၊ အညှီကြိုက်မှန်း လူသိရုံပဲလို့ ဆိုတဲ့ စကားပုံကို ရှေးလူကြီးတွေ ဆိုခဲ့တာကိုး။ အခုမှ သဘောပေါက်တော့တယ် အစ်ကိုရာ”

ညိုဝင်းတို့အဖွဲ့သည် စကားတပြောပြောနှင့် ပိုက်ခေါင်းကြိုး ချည်သူချည်၊ လက်ကြိုး တပ်သူတပ် လုပ်ကိုင်လာကြရာ အားလုံးပင် ပြီးစီးသွားတော့၏။

ခေါင်းကြိုးလက်ကြိုးများ တပ်ပြီးချိန်တွင် မိမိတို့ပိုက်တန်းနားသို့ပင် ရောက်လာခဲ့ကြ၏။

ထိုစဉ် ညိုဝင်းက တက်မကိုင်နေသော ကျော်လှိုင်ကို လှမ်းပြောလိုက်၏။

“ကျော်လှိုင်ရေ . . . ပိုက်တန်းကို ခဏကပ်ဦးဟေ့“

“ဘာလုပ်မလို့လဲ အစ်ကို။ ခုနကပြောတော့ ကျွန်တော်တို့ ပိုက်တန်းအောက်ကိုသွားပြီး ကတ်သမျှင်ဖမ်းမလို့ဆို”

“ဟုတ်ပါတယ် ကျော်လှိုင်ရာ။ ငါပြောတဲ့နေရာသာ
မောင်းစမ်းပါ။ အချိန်က သိပ်ရှိတော့တာ မဟုတ်ဘူးကွ”

ကျော်လှိုင်သည် မည်သို့မျှ ခွန်းတုံ့မပြန်တော့ဘဲ စက်လှေကို ပိုက်တန်းဆီသို့ မောင်းနှင်နေ၏။ ပိုက်တန်းနား ရောက်သည်နှင့် စက်ကိုလျှော့ကာ ပိုက်တန်းရှိ အထောင်တိုင်ကို မှေး၍ ကပ်လိုက်၏။

“တင်ဝင်းရေ . . . မင်းက စက်လှေဦးကြိုးနဲ့ အထောင်တိုင်ကို ပတ်ပြီးသတ်ထားကွာ။ ကျန်တဲ့ကောင်တွေက ထိုးတံဝါးတွေကို ဆယ်လုံးလောက်ရအောင် နုတ်ကြဟေ့။ ထိုးတံဝါးတွေနဲ့ တွဲထားတဲ့ကွင်းတွေကိုတော့ ဖြုတ်ပြီး အထောင်တိုင်မှာ ချည်ခဲ့ကြနော်”

ညိုဝင်းပြော၍ ပါးစပ်မှ စကားအဆုံးတွင် ညိုကြီးတို့အဖွဲ့ သားအားလုံးသည် ထိုးတံဝါးဆယ်လုံးခန့်ကို နုတ်ပြီး ထိုးဝါးကွင်းများဖြည်ကာ ယင်းထိုးဝါးကွင်းများကို အထောင်တိုင်တွင် ချည်ပြီးဖြစ်နေကြတော့သည်။ လူငယ်လေးများပီပီ သွက်လက် ဖျတ်လတ်ကြသလို ရေလုပ်သားများပီပီ ကျွမ်းကျင်မှုလည်း ရှိကြပါ၏။

“တင်ဝင်းရေ . . . စက်လှေဦးကြိုး ဖြုတ်ကွာ။ ကျော်လှိုင်က ဒီကနေ အောက်ဘက်ကို စက်ကုန်တင်မောင်းဟေ့”

ညိုဝင်းစကားအဆုံးတွင် စက်လှေသည် တဝုန်းဝုန်း တဝေါဝေါဖြင့် ဒေါသကြီးနေသည့် ကျားရိုင်းကြီးပမာ လျင်မြန်စွာ ပြေးလွှားနေတော့သည်။

မကြာမီပင် ညိုဝင်းလိုချင်သည့် ၎င်းတို့ ပိုက်တန်းအောက် လက်လံလေးရာခန့်သို့ ရောက်လာခဲ့ကြသည်။

ညိုဝင်းသည် တက်မကိုင်နေသည့် ကျော်လှိုင်အား စက်လှေကို အရှိန်လျှော့၍ရပ်ရန် လက်ကိုကာ၍ အချက်ပြလိုက်သည်။

ကျော်လှိုင်ကလည်း ညိုဝင်းတို့နှင့် တွဲလုပ်လာသည်မှာ အတော်ကြာနေပြီဖြစ်၍ ညိုဝင်း၏ အရိပ်အခြည်ကိုကြည့်ကာ ညိုဝင်းအလိုကျ ဆောင်ရွက်ပေးနေသည်။

ကတ်သမျှင်တို့သည် ယင်းတို့မြူးသည့်အခါ ရေပေါ်သို့ ထောင်တက်လာလိုက်၊ ရေအောက် ငါးတောင်ခန့်တွင် ရှပ်ပြေးပြေးလိုက်နှင့် ဆော့ကစား တတ်ကြသည်။

ကတ်သမျှင်တို့၏ ဓလေ့စရိုက် အထာအညှာကိုသိထားသော ညိုဝင်းသည် ပိုက်ခေါင်းကြိုးနှင့် ထိုးတံဝါးအကြား သုံးတောင်ခန့်ခွာကာ ဗော့ကြိုးများကို မိမိလည်းချည်၍ အဖွဲ့သားများကိုလည်း ချည်စေသည်။

ထိုအချိန်တွင် တက်မကိုင် ကျော်လှိုင်ထံမှ အလန့်တကြား အသံတစ်သံ ထွက်ပေါ်လာသည်။

“အစ်ကို ညိုဝင်းရေ။ ဟိုး. . . တောင်စူးစူးမှာ ကြည့်လိုက်စမ်းဗျာ။ ဖွေးခနဲ ဖွေးခနဲ မြင်နေရတာ။ လှိုင်းလုံးကြီးတွေ မဟုတ်လား”

“ဟာ ကျော်လှိုင်ရာ … ဒီလောက် လေငြိမ် ရေငြိမ်
ရှိနေတာကို လှိုင်းထနေတယ်ဆိုတော့ လူများကြားရင် မင်းကို အရူးထင်နေပါ့မယ်ကွာ။ ငြိမ်ငြိမ်နေစမ်းပါ”

“ဟာ. . . ကြည့်ဦး အစ်ကိုညိုဝင်းရ။ တကယ်ပြော နေတာ။ ဟိုးမှာကြည့်လိုက် … ကြည့်လိုက်”

“အလုပ်အရေးကြီးရတဲ့အထဲ ကျော်လှိုင်ရာ … မင်းကလဲ တစ်မှောင့်။ ကဲ. . . ဘယ်မှာလဲ ပြစမ်း ငါ့ကို”

“ဟိုမှာလေ အစ်ကိုရ။ ဟိုးမှာ … ဟိုးမှာ”

“အေး ဟုတ်ပြီ … ဟုတ်ပြီ။ အဲဒါ လှိုင်းမဟုတ်ဘူးကွ။ ငါးတွေ မြူးနေတာ။ အောင်ကြည်တို့အဖွဲ့ ဒီငါးအုပ်မျိုးနဲ့တွေ့လို့ သင်္ဘောတလေးရပြီး ပြန်သွားတာနေမှာ။ အဲဒီငါးတွေက ရေကို ဆန်ပြီးမြူးနေကြတာကွ။ ကဲ . . . တို့အဖွဲ့ ပိုက်ခေါင်းကြိုးနဲ့ ဗော့ကြိုးတွဲပြီးရင် ဒီငါးအုပ်လာတာကို မီအောင်လို့ ပိုက်ချရမယ်ဟေ့”

“ပိုက်ချတာတော့ ဟုတ်ပါပြီ။ ဗော့သီးက ဘယ်မှာလဲ အစ်ကိုရ”

တင်ဝင်းက ပြောလိုက်ခြင်းဖြစ်၏။

“မင်းကလည်း အ,စရာမရှိ ကြံဖန်အ,နေပြန်ပြီ။ တို့လာတာက ကတ်သမျှင်ဖမ်းဖို့လာတာမှ မဟုတ်ဘဲ။ ဘယ်က ဗော့သီးပါရမှာလဲကွာ”

“ဒါဆိုရင် ဗော့သီးမပါဘဲ ဖမ်းမှာပေါ့”

“ဘယ်ဟုတ်ပါ့မလဲကွာ။ ဗော့သီးမပါဘဲ ပိုက်ချလို့တော့ ခုနပြောတဲ့ ခွေးကျိုးနဲ့လိုက်တဲ့ ယုန်ထက်ဆိုးသွားမှာပေါ့”

“ဒါဆိုရင် ဘယ်လိုလုပ်မလဲ”

“အခု တို့တွဲထားတဲ့ ထိုးတံဝါးတွေက ဗော့သီးအစား သုံးထားတာတွေပေါ့ တင်ဝင်းရာ”

တင်ဝင်းသည် ထိုးတံဝါးနှင့် ပိုက်ကိုတွဲချည်နေကြသည့် အဖြစ်ကို အခုမှပင် သဘောပေါက်သွားတော့သည်။ ညိုဝင်း ကိုလည်း အရင်ကထက် ပို၍ လေးစားသွားသလို ကြုံသလို လုပ်တတ်ခြင်းကြောင့်လည်း အံ့ဩရပြန်သည်”

“ကိုညိုဝင်းကတော့ စံပါပဲဗျာ။ တံငါလည်းပီသပါပေရဲ့။ ရှိတဲ့ပစ္စည်းနဲ့ဖြစ်အောင် သုံးသွားတာကတော့ ရှာမှရှားပါပဲဗျာ”

“ဒီလိုပေါ့ကွာ။ လုပ်ငန်းဆိုတာ ကြုံသလို အဆင်ပြေအောင် လုပ်တတ်ရတယ်ကွ။ ဒါကြောင့် တို့ ပင်လယ်သားတွေအတွက် ဟိုကမ်းရောက်တော့ ဟိုတက်နဲ့လှော်၊ ဒီကမ်းရောက်တော့ ဒီတက်နဲ့လှော် ဆိုတဲ့စကား ဆိုရိုးရှိခဲ့တာပေါ့ကွ”

ညိုဝင်းသည် သူ၏နောက်လိုက်များအား နှုတ်မှပြောနေသလို လက်မှလည်း ပိုက်များကို ရေထဲသို့ ပစ်ချနေ၏။ အခြားသော ညိုကြီး၊ တင်ဝင်း၊ သန်းစိုးတို့ကလည်း ခိုင်းနေရန်ပင်မလိုကြ။ ညိုဝင်းချသလို ပိုက်ရော၊ ပိုက်နှင့်တွဲလျက်ရှိသည့် ဗော့သီးအစား ထိုးတံဝါးများကိုပါ ရေထဲသို့ အလိုက်သင့်ချနေ ကြ၏။

ခဏအကြာတွင်ကား ပိုက်များရော ထိုးဝါးများပါ ရေထဲသို့ ရောက်ကာ ငါးဖမ်းရန်အတွက် အသင့်နေရာယူပြီး ဖြစ်သွားကြတော့သည်။

ညိုဝင်းတို့ ချထားသည့် ပိုက်တန်းသည် ရေစီးကို ကန့်လန့်ဖြတ်၍ ချထားခြင်းကြောင့် ဗော့သီးအဖြစ် သုံးထားသည့် ထိုးတံဝါးတို့သည်လည်း ရေစီးအပေါ် ကန့်လန့်ဖြတ်၍ မျောပါနေကြပါ၏။

ညိုဝင်းတို့အဖွဲ့ကား ပိုက်ချပြီးပြီဖြစ်၍ ဆေးဖွာသူဖွာ၊ စကားပြောသူပြောနှင့် ပိုက်မျှောနေကြသည်။ ထိုစဉ် တင်ဝင်းက

“အစ်ကိုညိုဝင်း”

“ဘာလဲကွ တင်ဝင်းရ”

“ကျွန်တော်က ငါးထောင်ဖို့ ပိုက်တားတယ်ဆိုတာ ဗော့သီးနဲ့မှ ဖြစ်တယ်လို့ ထင်နေတာ။ အခုလို ဝါးလုံးနဲ့ချည်ပြီးတားရင်လဲ ရတာပဲနော်”

“ရတာပေါ့တင်ဝင်းရာ။ ဗော့သီးနဲ့ ပိုက်နဲ့ တွဲပြီး ပိုက်မျှောတယ်ဆိုတာက ရေထဲမှာ ချည်ထားတဲ့ပိုက်ကို ကိုယ်လိုချင်တဲ့ အနေအထားမှာနေအောင် ဆွဲပြီးတင်ထားတဲ့ သဘောပဲကွ”

“ဗော့သီးမပါဘဲချရင်ရော. . . ဘယ်လိုဖြစ်နိုင်သလဲ ကိုညိုဝင်း”

“ဗော့သီးမပါဘဲချရင်တော့ ကိုယ်ချတဲ့ပိုက်က ရေအောက်ကြမ်းပြင်ရောက်သွားမှာပေါ့ကွ။ ခုနက ပိုက်ရဲ့အောက်အနားတွေမှာ မီးဖိုတဲ့ အုတ်ခဲတို့၊ တို့စက်လှေမှာ အမြဲသုံးနေတဲ့ ကျောက်တို့ ချည်ပေးလိုက်တာ မတွေ့ဘူးလား”

“တွေ့တယ် ကိုညိုဝင်း။ အဲဒါကိုလည်း ကျွန်တော်က မေးချင်နေတာ။ ဘာလို့ ချည်လွှတ်လိုက်တာလဲဟင် . . .”

“ပိုက်အောက်မှာ အမှန်ကတော့ ခဲသီးတွေဆွဲထားရမှာကွ။ အခုဟာက တို့မှာ ခဲသီးအဆင်သင့်မပါလို့ အုတ်ခဲတို့ စက်လှေကျောက်တို့ ချည်ပေးထားတာ။ အဲဒီပိုက်အောက် လေးတဲ့အရာ ချည်ပေးထားခြင်းကြောင့် ပိုက်ဟာ ရေထဲမှာ အောက်ကို စန့်စန့် ပြန့်ပြန့်တင်းပြီး တောင့်ခံထားနိုင်တယ်။ အပေါ်က ဗော့သီး ဆွဲထားခြင်းကြောင့် တို့ထောင်တဲ့ပိုက်ဟာ ရေအောက်ကြမ်းပြင်အထိ ရောက်စရာမလိုတော့ဘူး။ ချလိုက်တဲ့ပိုက်ကိုရော ပိုက်ရဲ့အောက်စပ်မှာ ချည်ထားတဲ့ ခဲသီး (သို့မဟုတ် လေးသောအရာ) ကိုပါ ဆွဲထိန်းထားတော့ ပိုက်က ရေထဲမှာ စန့်စန့် ပြန့်ပြန့်နဲ့ ငါးလာရင် အဆင်သင့်တားပြီးသား ဖြစ်သွားတာပေါ့ကွာ”

“ဪ. . . ကျွန်တော် သဘောပေါက်ပြီ ကိုညိုဝင်း။ ပိုက်အောက်က ခဲတို့ လေးတဲ့အရာတို့ ဆွဲတာက ပိုက်ကြီးရှုံ့တွမသွားဘဲ စန့်နေအောင်လို့။ အပေါ်ကဗော့သီး (သို့မဟုတ် ဝါးစသည်) နဲ့ တွဲပြီး ပိုက်ကိုချည်ထားတာက ရေအောက်ကြမ်းပြင်ဆီ ပိုက်ရောက်မသွားအောင်လို့။ ဒါမှ ရေထဲမှာ ပိုက်က အဆင်သင့်. . .”

ထိုစဉ် ဗော့သီးအဖြစ် အသုံးပြုထားသည့် ဝါးလုံးတို့သည် အချင်းချင်းထိခတ်၍ ဂုံးဂုံးဂွမ်းဂွမ်း မြည်နေကြ၏။ တစ်ဆက်တည်းမှာပင် ညိုဝင်းတို့စက်လှေသည်လည်း ငြိမ့်ခနဲ လှုပ်ခါသွား၏။ မိမိတို့ထောင်ထားသည့်ပိုက်ကို ငါးအုပ်တိုးလိုက်ပြီဟု ညိုဝင်းအတတ်သိလိုက်၏။ သို့နှင့် ညိုဝင်းက အော်ပြောလိုက်၏။

“ညိုကြီးရေ … စက်နှိုးလိုက်တော့ဟေ့။ ကျော်လှိုင်က စက်ကိုထိန်းပြီး အလိုက်သင့်မောင်းပေးနေကွာ။ ကျန်တဲ့သူတွေက ပိုက်ဖော်ကြရအောင်ဟေ့”

ညိုဝင်းပါးစပ်ကပင် မဆုံးသေး။ အဖွဲ့သားအားလုံးသည် ပိုက်များကိုဆွဲတင်၍ ပါလာသည့် ငါးများကို ဖြုတ်ယူကာ စက်လှေဝမ်းထဲသို့ ပစ်ချနေကြ၏။ ထိုစဉ် ငါးတစ်ကောင်က ခုန်၍ ရေထဲသို့ ထိုးဆင်းသွား၏။ ထိုအခါ တင်ဝင်းက –

“အစ်ကိုညိုဝင်းရေ . . . ငါးကြီးခုန်ပြီး ရေထဲဆင်း သွားပြီဗျ။ ဒီလိုသာ နောက်ထပ်ဆင်းနေရင် ငါးတွေ ကုန်တော့မှာပဲ။ ကျွန်တော် ငါးခေါင်းတွေကို လိုက်ရိုက်ထားလိုက်မယ်နော် ကိုညိုဝင်း”

“မလိုပါဘူး တင်ဝင်းရာ။ မင်း ဒီငါးတွေသာ အကုန်လိုက်ရိုက်နေရင် ပြီးမှာမဟုတ်တော့ဘူးကွ။ ခုန်နိုင်တဲ့ငါးက နည်းပါတယ်ကွာ။ ပိုက်ကိုတိုးရလို့ မောနေကြပါပြီ။ မင်းစိတ်မချရင် စက်လှေခင်းတဲ့ ကပ်တွေကို ဘေးကထောင်ထားလိုက်။ ဒါဆို ခုန်ထွက်လို့မရတော့ဘူး”

တင်ဝင်းသည် ညိုဝင်းပြောသည့်အတိုင်း စက်လှေကပ်များကို ငါးများပုံထားသည့်ဘေးမှ ကပ်၍ ထောင်ထားလိုက်၏။ ပြီးလျှင် ပိုက်မှ ငါးများကို ပြန်ဖြုတ်ကြပြန်၏။

ပိုက်တွင်ငြိ၍ မိ၍နေသည့် ငါးများမှာ မြင်၍ပင်မကောင်းတော့။ ပိုက်ကိုဆွဲတင်သူ တင်၊ ငါးများကိုဖြုတ်သူ ဖြုတ်နှင့် ညိုဝင်းတို့အဖွဲ့ အတော်ပင် အလုပ်ရှုပ်သွားကြ၏။

ပထမပိုင်း ဖြုတ်ရသည့်ငါးများသာ ရုန်းကြကန်ကြသော်လည်း နောက်ပိုင်း ဖြုတ်ရသည့်ငါးများမှာ ပိုက်တွင်မိ၍ တိုးရ၊ တိုက်ရ၊ ရုန်းရကန်ရလွန်းသောကြောင့် ပိုက်ကိုမ,တင်လိုက်သည်နှင့် မရုန်းနိုင်ကြတော့။

ညိုဝင်းတို့အဖွဲ့သည် တစ်ယောက်တစ်လက် တံငါလက်,ဟု ဆိုရလောက်အောင်ပင် သွက်လက်ဖျတ်လတ်စွာ ငါးများကို ဖြုတ်နေကြ၏။ ပိုက်များကိုဖော်၍ ငါးများကိုဖြုတ်သည့်အလုပ်မှာ ပြီးစီးသွား၏။ အားလုံးပြီးစီးသွားသောအခါ ညိုဝင်းတို့စက်လှေမှာ ငါးများနှင့် ပြည့်နှက်၍ နေသလို စက်လှေလည်း လေးနေတော့၏။ သို့နှင့် စက်လှေကိုအလံထူကာ အိမ်သို့ပြန်မောင်းလာခဲ့ကြတော့သည်။

ညိုဝင်းသည် ကေသီခိုင်အား စိတ်ရှည်လက်ရှည် ပြောပြနေ၏။ ကေသီခိုင်ကလည်း ဝမ်းသာအားရဖြင့် –

“ဒါဆို ကျုပ်တို့တော့ ပွတာပဲ ကိုညိုဝင်းရေ့”

“အေး . . . ပွတာက နောက်ထား။ ငါးတွေကို အချိန်မီ ရေခဲဒိုင် (ငါးရွဲ) ပို့ဖို့ လုပ်ဦးဟေ့”

“ဟုတ်ကဲ့ ကိုညိုဝင်းရေ့။ အခုပဲ ကုန်းလူတွေကို ခေါ်ပြီး ရေခဲဒိုင်ပို့ဖို့ စီစဉ်လိုက်မယ်”

ညိုဝင်းနှင့် ကေသီခိုင်တို့သည် သဘောဖြူအူစင်း သလောက် အကျိုးပေးလည်း သန်လှပါ၏။ ယခုလည်း ညိုဝင်းတို့ ငါးတွေရလာသည်ကို တစ်ရွာလုံးက လာကြည့်ရင်းဖြင့် ဝမ်းမြောက်ဝမ်းသာ ကူညီလုပ်ကိုင်ပေးနေကြသည်မှာ တက်ညီ လက်ညီရှိလှပါ၏။

ဩော် . . . ဝမ်းသာစရာရှိလည်း အတူတူ၊ ဝမ်းနည်းရမူလည်း အညီအမျှ မျှဝေခံစားတတ်ကြသည့် ရေလုပ်သားတို့၏ဘဝကား ချစ်စရာ၊ ခင်စရာ၊ မြတ်နိုးစရာ ကောင်းလှပါဘိ။

လပြည့်ကျော်ငါးရက်၏ လမင်းကြီးသည်ပင် ညိုဝင်းတို့အဖွဲ့သားများ၏ လုပ်အားကို ကူညီရန်အတွက် ထွက်လာခဲ့ရပြီကောလေ။ ။

(မြေလတ်မင်းလွင်​၏ ၂၀၀၈ ခုနှစ်တွင် စာပေဗိမာန်ဆုရခဲ့သော ရေနဲ့မျှားတဲ့ငါးပလူ စာအုပ်ထဲမှ ကူးယူဖော်ပြပါသည်။)

– ပြီး –

စာရေးသူ – မြေလတ်မင်းလွင်

Leave a Reply

Your email address will not be published. Required fields are marked *