မကြာဖြူ (မော်ကျွန်း)
ကနက်
ရာဇူတိုင်မြစ်ရေသည် ရေတက်ချိန်တွင် တောင် မှ မြောက်သို့ စီးဆင်းနေရာမှ ရေပြည့်ချိန် နီးလာသဖြင့် ရေငြိမ်စ ပြုလာပြီ။ မကြာမီ ရေငြိမ်ပေတော့မည်။
နေလင်းနှင့် သူ့အဖေတို့ ပိုက်လှေမှာ ဘုရားကြီးကုန်းရွာဘက်သို့ လှေဦးတည်၍ သွားနေသည်။ ကညင်ချောင်းနှင့် ဘုရားကြီးကုန်အကြားတွင် “ကနက်” ရှိနေသည်။
မိုးသားကင်းစင်ပြီး လေငြိမ်နေသော မြစ်သင်ဖြူးကို ကြည့်ရသည့်အတွက် နေလင်းအဖို့ တက်ကြွရွှင်လန်းစိတ် ပိုမိုမြင့်မားလာရသည်။ နေလင်းတစ်ယောက် အဖေနှင့် ဤသို့ ပိုက်ချရာလိုက်ရခြင်းကို ကျေနပ်ပျော်ရွှင်ခဲ့သည်ချည်း။
နေလင်းက ဦးမှနေ၍ တအား ကျုံးလှော်လိုက်သည်။
“ဖြည်းဖြည်းလှော်ပါ သားရ၊ ရောက်တော့မှာပါ”
ဟု အဖေက လှေပဲ့မှနေ၍ လှမ်းပြောသည်။
“အဖေရေ၊ ဟိုမှာ ပိုက်လှေတွေ အတော်များနေပြီ”
“အေးကွ၊ အစင်းနှစ်ဆယ်တော့ ကျော်နေပြီ။ ကိစ္စမရှိပါဘူးကွာ၊ အဆင်ပြေမှာပါ”
အဖေက အဆပြေမှာပါဟု ဆိုကာမှ နေလင်းမှာ စိုးရိမ်စိတ်ပိုလာသဖြင့် လှေဦးကို ရေဖြင့် ကုန်း၍ပက်လိုက်သည်။ လှေဦး ရေစိုပြီ။ ဒီနေ့ ငါးရဖို့ လက်မလွဲတော့ပေ။
“ငါးရဖို့ထက် ပိုက်မပြဲဖို့က ပိုအရေးကြီးတယ် အဖေရ- နော်”
“ကံတရားပေါ့ကွာ။ ဘယ်ပြောနိူင်ပါ့မလဲ”
ဟုတ်သည်။ အဖေ ဘယ်ပြောတတ်ပါ့မလဲ။ အဖေသာမဟုတ်။ ကနက်ဝိုင်းမည့် သူတို့လို ပိုက်သမားအားလုံး ဘယ်သူမျှ ပိုက်မပြဲဘဲ ငါးရမည်။ ငါးမရဘဲ ပိုက်ပြဲမည်။ သို့မဟုတ် ငါးလည်းရမည်။ ပိုက်လည်းပြဲမည်ဟု မပြောနိုင်ကြ။
ဒါကြောင့်လည်း အမေက ကနက်ဝိုင်းသွားမှာကို အလွန်စိုးရိမ်သည်။ သူတို့ မနက်စောစော မြစ်ထဲမထွက်ခင် အမေက အဖေ့ကို ပြောခဲ့သေးသည်။
“ကနက်ဝိုင်း သွားတာက ဟုတ်ပါပြီ။ ပိုက်ပြဲမှာနဲ့ ငါးမိတာနဲ့က ကာမိပါ့မလားတော်။ ငါးမရဘဲ ပိုက်ပြဲနေမှ စားစရာမရှိ ဖြစ်နေပါအုံးမယ်”
“ဒါပေမယ့် သွားဝိုင်းရမှာပဲကွ။ ငါးက ဒီအတိုင်း ပိုက်ချနေလို့ ရမယ် မရမယ်က ကံသေကံမ တွက်လို့ရ တာ မဟုတ်ဘူး။ ဒီအချိန် ငါးအတိုးမရှိသလောက် ဘဲ။ တစ်နေ့လုံး တစ်ညလုံး ချတာတောင် ရတာမှ မဟုတ်တာ”
“အင်း- ဟုတ်တော့ ဟုတ်တယ်။ မနေ့က မြင့်ဦးတို့ တစ်ညလုံးသာ ကုန်သွားရော၊ အိပ်ရေးပျက်တာပဲ အဖတ်တင်တယ်။ ဒါပေမယ့် ရှင့်ကနက်ကရော ရမယ်လို့ ကံသေကံမ ပြောလို့ရသလား”
“အေးလေ- နက်ဖြန် ကလေးတွေကျောင်းအပ်ဖို့ ပိုက်ဆံရှာအုံးမှကွ။ ဘယ်မှာမှ ရှာလို့မရမယ့် အတူတူ ကနက်ကိုပဲ သွားဝိုင်းရမှာဘဲ။ ကံကောင်းလို ငါးတန် တစ်ကောင်လောက် ရရင်လဲ မဆိုးဘူးပေါ့ကွာ”
အမေ ဘာမျှ မပြော။ ရေနွေးအိုးထပ်ဖြည့်ရန် မီးဖိုထဲ ဝင်သွားတော့သည်။ မနှစ်က ပြဲသွားသော ပိုက်ကို အမေ မြင်ယောင်နေမှာ သေချာသော်လည်း သူတို့မောင်နှမ ကျောင်းအပ်ရန်ဟု တွေးမိ၍သာ အဖေနှင့် အငြင်းမပွားတော့ဘဲ ဆိတ်ဆိတ်နေလိုက်ခြင်း ဖြစ်မည်။
မနှစ်က ပိုက်ပြဲကို ဖာခဲ့ရသောကြောင့် ပိုက်ဖာရသဖြင့် လယ်ထဲ မဆင်းနိုင်၍ ကောက်စိုက် ပျက်ခဲ့ရခြင်း၊ ပိုက်မချရခြင်းတို့ကြောင့် ဝင်ငွေမဲ့ခဲ့ရပြီး ဈေးကြွေး တင်ခဲ့ရသည်ကို အဖေကလည်း မှတ်မိပေမည်။
သို့သော် ကျောင်းက မနက်ဖြန်ခါ နောက်ဆုံး လက်ခံမှာဟု ကြားရသောအခါ မနှစ်ကကိစ္စကို အဖေ မေ့ထားခဲ့ဟန် တူသည်။
နေလင်းတို့လို လယ် ပိုင်၊ ဥယျာဉ်ခြံပိုင် မရှိသော လယ်လုပ်သားများအတွက် စပါးရိတ်၊ ကောက်စိုက် အခစားဝင်ငွေအပြင် သီးခြားဝင်ငွေ ဆိုသည်မှာ ရှား ပါးလှသည်။ အမေက စည်းကမ်းကောင်းပြီး စုဆောင်းတတ်ခြင်းကြောင့်သာ တစ်ထောင့်သုံးရာတန် ကိုရီးယားပိုက် တစ်ဖောင်ကို နေလင်းတို့ ဝယ်နိုင်ခဲ့ခြင်း ပင်။
သည်ပိုက်ရှိသဖြင့် မီးဖိုချောင်စရိတ်သာမက အခြား ကိစ္စများတွင်ပါ ပြေလည်သင့်သလောက် ပြေလည်စွာ နေထိုင်ခဲ့ရသည်မှာ နှစ်ခါလည်ပြည့်ခဲ့ပြီး သုံးခါလည်ရန် သုံးလေးလသာ လိုတော့သည်။
သို့ဖြစ်၍ ပိုက်ကို သူ နှမြောကြသည်ထက် တန်ဖိုးထား ဂရုစိုက်သည်ဆိုက မမှား။
ကနက်ဆိုသည်မှာ ငါးများကို မြစ်လယ်ကောင်တွင် အစာကျွေးမွေးမြူထားရာ နေရာဒေသတစ်ခုပင် ဖြစ်သည်။ မြစ်လယ်တွင် ကနက်ကို ကနက်ပိုင် ချင်သူက စီစဉ် ထားရှိရသည်။
ကနက်ပိုင်ရှင်က ငါးဆယ်ဝင်ပုတ်၊ တစ်ရာဝင်ပုတ် တစ်လုံးလုံးကို ဝယ်ရသည်။ ပြီး ပုတ်ထဲသို့ မြေကြီးခဲများ၊ အုတ်ခဲ သဲတို့ကို ပုတ်ထဲသို့ အပြည့်နီးပါး ထည့်ရသည်။
ထို့နောက် မြစ်လယ်တစ်နေရာတွင် ပုတ်ကို ရေထဲသို့ ချရသည်။ ရေစစ်ချိန်တွင် ချရခြင်းဖြစ်သည်။ ရေ အောက်ကြမ်းပြင်တွင် ပုတ်တည်မိသောအခါ အရင်းမှခုတ်ထားသော ဝါးပင်များကို (အရွက် အလက် ကိုင်း မသင်ဘဲ) ပုတ်ထဲရှိ မြေကြီးတွင် စိုက်သည်။
ဆယ်ပင် ဆယ့်ငါးပင် အပင်နှစ်ဆယ် စသည်ဖြင့် အရေအတွက်ကို မိမိဘာသာ မှတ်သားထားပြီး ရေ တက်ဦး ငါးမြူးချိန်ကျသောအခါ ကနက်ဘေးနှင့် ကနက်ပေါ်တွင် ငါးစာများ ကျွေးရသည်မှာ လေးငါးခြောက်လ ရှိသည်အထိပင်။
ငါးများက အစာရှိသော ကနက်နားသို့ လာရောက်ကျက်စားကြသည်။ ကနက်တွင် ခိုနားလာကြသည်။ကြာလေ ကနက်တွင် ကျက်စားခိုနားကြသော ငါးကောင်ရေတိုးလေ ဖြစ်၍ ကနက်တွင် စုပြုံလာသောအခါ ကနက်ပိုင်ရှင်သည် နီးစပ်ရာပိုက်သမားများကိုဖိတ်ခေါ်၍ ကနက်ဝိုင်းခြင်းကို ပြုလုပ်သည်။
ဝိုင်းဖမ်း၍ရသော ငါးကို ကနက်ပိုင်နှင့် ပိုက်သမား တို့ တစ်ယောက်တစ်ဝက် ရသည်။ ကနက်ပိုင်မှာ သည်နေရာတွင် ဆုံးရှူံးမှု နည်းသော်လည်း ပိုက်သမားမှာ အခန့်မသင့်လျှင် ပိုက်တစ်ခုလုံး ဆုံးရှူံးရသည်။
ကနက်ဖမ်းသောအခါ ပထမဦးစွာ ကနက်တွင်ရှိ သော ဝါးပင်များကို မှတ်သားထားသော အရေအတွက်အတိုင်း ပြန်လည်နှုတ်ပစ်ရသည်။ သို့သော် ရေတိုက်စား၍ဖြစ်စေ၊ ရှာမရ နှုတ်မရ၍ ဖြစ်စေ၊ ဝါးပင်ဝါးကိုင်းများ အကုန်အစင်ပါသည်ဟု မရှိ။ ရေအောက်တွင် အနည်းနှင့်အများ ကျန်ရစ်တတ်ပြီး ကနက်ဝိုင်းသော ပိုက်နှင့် ဝါးကိုင်း ငြိ၍ ပိုက်ဖော်ချိန်တွင် ပိုက်ပြဲခြင်းသို့ ရောက်ရသည်။
တစ်ခါ ကနက်ဝိုင်းရာတွင် ပိုက်တစ်ဖောင်နှင့် တစ် ဖောင် ကပ်၍ ချရခြင်းဖြစ်ရာ ပိုက်ဖော်သောအခါ ပိုက်တစ်ဖောင်နှင့် တစ်ဖောင် ငြိ၍ ပိုက်ပြဲတတ်ပြန်သည်။
သို့သော် ကနက်ဝိုင်းရလျင် ငါးများများမိဖို့ရာ တွက်နိုင်သည်။ ငါးကြီးငါးကောင်းများ ရနိုင်သည်။ သို့အတွက် ကနက်ဝိုင်းရမှာကို ပိုက်သမားများ ဝါသနာပါခြင်းပင်။
နေလင်းတို့ သားအဖ ကနက်နား ရောက်သောအခါ ရေက စီးသည်ဆိုရုံလေး စီးနေသည်။ ဝါးကိုင်းများကို နှုတ်နေကြသည်မှာလည်း ကုန်သလောက်နီးပါး ရှိနေပြီ။ လှေကြီးပေါ်မှ ကနက်ပိုင်ရှင် ဦးကျော်က “မိုက်” (အသံချဲ့စက်) နှင့် အော်နေသည်။
“ပိုက်သမားများခင်ဗျား၊ ဝါးကိုင်းများ နှုတ်လို့ပြီးပါတော့မယ်။ အသင့်အနေအထားကို နေရာယူရအောင် ပြင်ထားကြပါ”
နေလင်းက ပိုက်လှေများကို လိုက်၍ ရေတွက်နေသည်။ ကိုတင်မြင့်တို့ ညီအစ်ကိုနှင့် မောင်ရှု့တို့ သားအဖကိုပါ သူ တွေ့ရသည်။ ကျန်တာက ကည ချောင်းလေး၊ ရာဇူတိုင်၊ ဘုရားကြီးကုန်းနှင့် ကျွန်း ခယ်မရွာများက ပိုက်သမားများ ဖြစ်သည်။
“အဖေ သားတို့ သရက်ချောင်းက သားတို့နဲ့ပါမှ သုံးဦးတည်းရယ်။ အားလုံး အစင်း ၃၀- ကျော်တယ်အဖေ”
အဖေက နေလင်း အပြောကို
“အေး ဟုတ်တယ်”
ဟု ဆိုကာ လှေကို ရေစီးအောက်မှချရန် အသင့် နေ ရာလမ်းကြောင်း ယူထားသည်။ ကမ်းစပ်မှ ပိုက်လှေ များလည်း ရေလယ်သို့ လှော်ထွက်လာကြပြီ။
“ဝါးကိုင်းတွေ နှုတ်ပြီးလို အစာကျွေးနေပါပြီ။ အသင့် နေရာယူထားကြပါ”
ဦးကျော်၏ သတိပေးစကား ဆုံးသောအခါ ပိုက်လှေများ အသီးသီး ကနက်ပတ်လည်တွင် နေရာယူကြသည်။
နေလင်းတို့က ရေစီးအောက်ဘက်မှနေ၍ ကနက်နှင့် အလယ်မကျတကျတွင် နေရာယူသည်။ သို့မှသာ ကနက်ဘက်သို့ ပိုက် မမျောနိုင်ပေ။
“သား ဒီကိုလာ”
အဖေက ဓားရှည်ကို လှေကပ်အောက်မှ ဆွဲထုတ်လိုက်ပြီး နေလင်းကို လှမ်းပေးရင်းက ပြောသည်။
“ဓားကို အဖေ တောင်းရင် ပေးရအောင် သားယူထား။ နောက်ပြီး အဲဒီဦးကနေ လှော်တက်နဲ့ လှေကို ထိန်းထား … သိလား”
“အင်း…”
နေလင်းက ဦးမှထိုင်ကာ တက်ကို ရေတွင်နှစ်၍ အသင့်စောင့်နေသည်။
အဖေက လှေအလယ် ပိုက်ဖုံနားတွင် လက်ရင်း ဘော့သီးကို ကိုင်၍ စောင့်နေသည်။
“အားလုံး အသင့်ဖြစ်ရင် ပိုက်ချနိုင်င်ပါပြီ။ ကျွန်တော် အချက်ပေးပါ့မယ်။ ကဲ … တစ် နှစ် သုံး”
ဦးကျော်၏ အချက်ပေးသံအပြီးတွင် သူတို့အား လုံး ကျောက်ဆူးများကို ရေထဲသို့ ချလိုက်ကြသည်။ နောက် ဘော့သီးများနှင့် ပိုက်ကို ဆက်ချကြသည်။ ရေ ပြင်ပေါ် တွင် ပေါ်နေသော ဘော့သီးများမှ ပိုက်များ ၏ တည်နေရာကို ညွှန်ပြနေသည်။
နေလင်းတို့လှေ၏ ဦးဘက်နှင့် ပဲ့ဘက်တွင် ရာဇူတိုင်ရွာသား ပိုက်လှေနှစ်စင်းက အသီးသီး နေရာ ယူထားသည်။
ကိုတင်မြင့်တို့ ညီအစ်ကိုကို ကမ်းဘက် ပိုက်လှေများ အဆုံးတွင် တွေ့ရပြီး မောင်ရှု့တို့ သားအဖကို ရေစီးအထက် ကနက် မြောက်ဘက်တွင် ခပ်ရေးရေး တွေ့ရသည်။
ဦးကျော်တို့ လှေကြီးပေါ်ရှိ “မိုက်” မှ သီချင်းသံများကို နေလင်း ကြားနေရသည်။ နေလင်း နှစ်ခြိုက်သော တေးသီချင်းများပင်။
နေလင်းတို့ အိမ်ခြေရင်းမှ ကိုမြင့်ချိုတို့အိမ်က ကက်ဆက်မှ မကြာခဏ ကြားရသော တေးသီချင်း များဖြစ်၍ နေလင်း ရလည်းရသည်။ ဇာတ်မင်းသားလေး သိန်းဇော်၏ နှစ်ပါးတေးများဟု ကိုချိုက ပြောပြဖူးသည်။
“ဝမ်း၊ တူး၊ သရီး၊ ဖိုး၊ ဖိုက်၊ ဆစ်၊ ဆဲဗင်း၊ အိပ်၊ နှိုင်း၊ တဲန်း… ဝမ်း သိန်းဇော် … တစ် သိန်းဇော်၊ အားလုံးလည်းပျော်၊ သိန်းဇော်လည်းပျော်”
တေးသီချင်းသံက ပျံ့လွင့်လာသည်။ နေလင်း ပိုက်လှေများကို လိုက်ကြည့်နေရင်း တွေးနေမိသည်။
“အင်း ငါလဲ ဝမ်း နေလင်း၊ တစ် နေလင်း ဖြစ်ရင် သိပ်ကောင်းမှာပဲ။ ဒီ ကနက်ဝိုင်းပွဲမှာ ငါးအများဆုံးရရင်ပေါ့။ ငါတို့လှေ ငါးအများဆုံးရရင် အမေတော့ သိပ်ဝမ်းသာမှာပဲ။ ညီမလေး ကြွက်ရီလဲ ဝမ်းသာ မှာပဲ။ သူက ဒီနှစ် ကျောင်းစတက်ရမှာဆိုတော့ ကျောင်းတက်ချင်လှရှာပြီဟာ။
ဘုရားသိကြား မ,ပါစေ။ ဘုရားသိကြားက ငရဲကြီးဟာကို မ,မယ်တဲ့လား။ မ,မတဲ့အပြင် သူများအ သက်သတ်လို့ ပိုတောင် ပြစ်ပေးအုံးမယ်”
နေလင်းတစ်ယောက် ရင်တထိတ်ထိတ်ခုန်ရင်း အတွေးများနေရာမှ အဖေ့ကို ကြည့်လိုက်သောအခါ ပိုက်ဘော့သီးများသာ ဂရုတစိုက်ကြည့်နေတာ တွေ့ရသည်။
“ဟာ မောင်ရှု့တို့ ပိုက် ငါးတိုးနေပြီဟေ့”
နေလင်း မျှော်ကြည့်သည်။
သူတို့တည့်တည့်မှ ပိုက်ချလာနေသော မောင်ရှု့တို့ပိုက်များမှာ ရေထဲသို့ မြုပ်လိုက်ပေါ်လိုက်ဖြင့် လှုပ်ခါနေသည်။ မောင်ရှု့အဖေ ကိုကြီးအုန်းက ပိုက်ကို လျင်မြန်စွာ ဆွဲဖော်နေသည်။ နေလင်း ကြည့်နေရင်းက ပိုက်ဖော်၍ ပြီးသွားသည်။
“ပိုက်တစ်ဖောင်က ဖော်တာ မြန်လှချည့်လား။ အင်း ကနက်က ဝါးနဲ့ငြိနေတာကို တအားဆွဲလို့ ပြတ်သွား တာ”
ဟု နေလင်း သိလိုက်ရသဖြင့် အဖေ့ကို အလန့် တကြား ပြောလိုက်မိသည်။
“အဖေ – မောင်ရှု့တို့ ပိုက်တော့ ပြတ်သွားပြီထင်တယ်”
အဖေ စကားပြန်မရ၍ အဖေ့ကို ကြည့်သောအခါ ပိုက်ကို ဆွဲတင်နေတာ တွေ့ရသည်။ ပိုက်ဘော့သီးများ ဆွဲပြေးရာသို့ လှေကို ဦးတည် ပဲ့ကိုင်ခြင်းဖြင့် နေလင်းပါ ဂရုတစိုက် လုပ်လိုက်ရသည်။
သူတို့ပိုက် ငါးတိုးပြီကိုး။ ဘော့သီးများ လှုပ်ရှားပုံကိုကြည့်၍ ငါး အတော်ကြီးပုံရသည်ဟု နေလင်း သိရလျှင် ရင်ခုန်မြန်လာသည်။ အဖေ့ပိုက်တွင် အခြားလှေမှ ပိုက်တစ်ခု ငြိလာသည်။ လှေဦးဘက်မှ ပိုက်နှင့် ငြိခြင်းပင်။
“သား- ဓားပေးစမ်း … မြန်မြန်”
အဖက ဓားကို တောင်းပြီး ငြိနေသည့် မိမိတို့ပိုက်ကို ဓားဖြင့် ခပ်သွက်သွက် ဖြတ်လိုက်သည်။ ဘော့ကြိုးကိုတော့ အလွတ်မပေး။
ငြိနေသော ပိုက်စများ ပြေသွားသည်။ လှေပေါ် တွင် တော့ ပိုက်စုတ်တွေ တွေ့နေရသည်။ ကိစ္စမရှိ။ အ ခြား ကျန်တစ်စကို မိထားသည်။ အဖေ ပိုက်ကို ဆက်၍ ဆွဲသည်။
လှေနံတစ်ဘက်စောင်း၍ ရေအနည်းငယ် ဝင်လာသည်။ နေလင်းက တက်ကို ပစ်ချကာ အဖေ့နား ပြေး သွားသည်။ လှေက လူးနေ၏။ အခြားတစ်ဘက် လှေနံပေါ်သို့ ခြေထောက်နင်းကြည့်သည်။ သိပ်မထူးခြား။ ရေထဲခုန်ချ၍လှေနံကို ခိုစီးလိုက်မှ လှေက ပြန် တည့်လာသည်။
အဖေက အားစိုက်၍ ပိုက်ကို ဆွဲတင်လိုက်သော အခါ ငါးတန်ကြီးက အမြီးတဖြန်းဖြန်းရိုက်လျက် လှေဝမ်းထဲသို့ ကျလာတော့သည်။
နေလင်း လှေပေါ်သို့ ပြန်တက်ပြီး ကပ်ကို ဆွဲဖွင့်သည်။ ကပ်အောက်တွင် လှေဝမ်းထဲသို့ ငါးတန်ကြီး တွန်းချလိုက်ပြီး ကပ်နှင့် အပေါ်က ထပ်မိ ထားသည်။
ငါးတန်ကြီး လူးလှိမ့်နေသော်လည်း ခုန်မထွက်နိုင်တော့။ အဖေက ပိုက်ကို အပြီးရုပ်နေသည်။
“အနည်းဆုံးအချိန် ၂၀-ပဲကွ”
ဟု ပြုံးပြုံးကြီး ပြောသည်။ ကနက်ပိုင်ရှင်ကိုတော့ တစ်ဝက်ပေးရပေလိမ့်မည်။
ညနေ ရေကျဦးတွင် မိုးရိပ်ဆင်လာပြီး အနောက် တောင် ဆီမှ လေပါ တိုက်လာသဖြင့် ရာဇူတိုင် မြစ်တကြောနှင့် မနှင်းဆီတူးမြောင်းတို့တွင် လှိုင်း ခေါင်းဖြူတို့ ခပ်သော့သော့ ပြေးနေသည်။
ရေကျချိန်ဖြစ်၍ သရက်ချောင်းသွားရာ ရေကြော မှာ ရေဆန်သည်။
နေလင်းတို့ အပြန်လမ်းတွင် ရေဆန်သော်လည်း လှော်ယက်ရသည်ကို မောသည်ဟု မထင်မိကြ။
“အဖေ သား ပိုက်ကူဖာမယ်။ ကျောင်းဆင်းရင် အားချိန်ရတာပဲဟာ။ အဖေတို့ ကောက်စိုက်ကြပေါ့”
“အေးပါကွာ၊ မင်းအမေကလဲ ပိုက်ဖာရလို ညည်းမယ် မထင်ပါဘူး။ နည်းနည်းလေးပဲကွာ။ ကိစ္စမရှိပါဘူး။ ဒဏ်ရာများတဲ့ ပိုက်ဆိုတော့ အဖိုး ပိုတန်တာပေါ့။ ပူမနေပါနဲ့”
“ဟင် အဖေကလဲ၊ ပိုက်စုတ်က ပိုက်ကောင်းထက် အဖိုးတန်ပါအုံးမလား”
သူ အဖေ့ကို လှိုင်းသံကြားမှ အော်ပြောလိုက်သည်။ အဖေက ဘာကို ပြောနေသည်ဟု သူနားမလည်။ သို့သော် အဖေ ပြုးပြူးကြီး ဖြစ်နေသဖြင့် နေလင်း၏ ပျော်ရွှင်နေခြင်းကို ပို၍ ဖိတ်လျှံစေသည်။
ဦးဘက်ပြန်လှည့်ကာ လှော်တက်ကို ခပ်သွက်သွက် ယက်လိုက်သောအခါ လှိုင်းကြောင့် လှေသည် မြောက် တစ်လှည့်၊ ကျတစ်လှည့်။
တက်ကလည်း ရေနှင့် ထိတစ်ချက်၊ မထိတစ်ချက်။
ဒီလို လှိုင်းနှင့် လှေတို့ကို စီးရသည်က ပိုပျော်စရာကောင်းသည်ဟု နေလင်း ထင်သည်။
ရေသင်ဖြူးထက် လှိုင်းက ပိုလှသည်ပဲဟု ခံစားမိပြန်သည်။
“ဟုတ်တာပေါ့။ လှိုင်းဆိုတာ ချောင်းထဲမှာ ကြီးလို့မရဘူး၊ မြစ်ထဲမှာမှ ကြီးလို့ရတာ။ ဒါကြောင့် မြစ်ဆိုရင် လှိုင်းရှိမှ မြစ်ခေါ်နိူင်မယ်။
ပိုက်ဆိုတာလဲ များများ ငါးဖမ်းမှ သူ့တန်ဖိုးကျေမှာ။ ငါးများများရလေ တန်ဖိုးရှိလေပဲ။ ငါးများများရ အောင် ပိုက်ချတာ အ ကြိမ်များရမယ်။
ပိုက်ချများတဲ့ ပိုက်ဟာ မြန်မြန်စုတ်မှာပဲ။ ဖာရမှာပဲ၊ အခုလို ကနက်ဝိုင်းတာမျိုး စွန့်စားရတာဆိုတော့…”
နေ လင်း သဘောပေါက်လာသည်။
ထို့ကြောင့် လှေပဲ့ဘက်သို့ ချာခနဲလှည့်ပြီး အ ဖေ့ကို အော်ပြောလိုက်သည်။
“ဟုတ်တယ် အဖေ။ ဒဏ်ရာများတဲ့ သားတို့ပိုက်အဖိုးပိုတန်တယ်နော်။ ။
(ငွေတာရီမဂ္ဂဇင်း ၊ မတ်လ ၊ ၁၉၈၉)
– ပြီး –
စာရေးသူ – မကြာဖြူ(မော်ကျွန်း)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized