ရဲရင့်ကျော်
ကန္တာရနှင်းဆီ
ခပ်လှမ်းလှမ်းရှိ ဓနိပင်တန်းလေးဆီကနေ ဘုတ်ငှက်မြည်သံ လေးတွဲ့တွဲ့က ပျင်းရိစရာကောင်းအောင် ပေါ်ထွက်လာနေသည်။
မိုးနံ့သင်းသော အနောက်တောင်လေညင်းလေးက ဝေ့ကာဝိုက်ကာ ဆော်သွေးနေသဖြင့် ချောင်းရိုးကလေး၏ ကမ်းနှစ်ဖက်ရှိ လမုပင်အပျိုဖျန်းတွေက လှုပ်ကာယမ်းကာ၊ နွဲ့ကာယိမ်းကာ ကကြိုးဆင်နေ ကြသည်။
ဘုတ်ဆိုတာ အလကားမြည်သည်မဟုတ်။ ဒီရေတက်ချိန်မှာ တစ်ခါ၊ ဒီရေကျချိန်မှာ တစ်ခါ မှန်မှန်ကြီးမြည်ကြွေးလေ့ရှိသော ငှက်တစ်မျိုးပါ။ သူတို့မြစ်ဝကျွန်းပေါ်ဒေသကြီး၏ တောင်ဘက်ကျကျ ဒေသများတွင် ဒီရေအတက်အကျက တစ်နေ့လျှင် လေးကြိမ်တက်လေ့ ကျလေ့ ရှိသည်။ ဒီရေတက်ချိန် ကျချိန်သည် တစ်ကြိမ်နှင့် တစ်ကြိမ် ခြောက်နာရီခြားလေ့ရှိစမြဲ။
ဒီတစ်ခါ ဘုတ်မြည်သံက ရေကျချိန်မဟုတ်၊ ရေတက်ချိန်ရောက်ပြီဆိုတာ မဲအောင်တစ်ယောက် အိမ်ရှေ့ချောင်းစပ်ဆီ ပြေး၍ မကြည့်ဘဲနှင့် အတတ်သိပါ၏။
မသိဘဲ နေရိုးလား။ မနက်စာ မစားမီ ဆွမ်းခံဝင်ချိန်တုန်းကမှ ကျရေနှင့်အတူ ပေါ်လာသော ချောင်းစပ်သောင်ပြင်ဘေးမှာ ငါးမြွေထိုးချိတ်နေခဲ့သည် မဟုတ်လား။ ရလာသော ငါးမြွေထိုးတွေကို ဝါးတံညှပ်နှင့် ညှပ်ပြီး မီးဖိုမှာ ကင်နေခဲ့တာ ယခုဆိုလျှင် တစ်တောင်ကျော်ကျော် ဝါးတံညှပ်သုံးခုမှာရှိသော ငါးမြွေထိုးတွေ နီရဲလာပြီး အဆီတဝင်းဝင်းနှင့် မွှေးနံ့ပင် ကြိုင်နေပါပြီ။
ထိုသို့ ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ကင်ထားသော ငါးမြွေထိုးကင်ကို ဖဲ့၍ဖဲ့၍ ဆားလေးနှင့်တို့ကာ အဆီစပ်ပြင်းပြင်းကလေးနှင့် မြည်းလိုက်ရလျှင်ဖြင့် လောကကြီးကို မေ့လောက်အောင် ဇိမ်ယစ်သွားမှာက ဧကန်။
သို့သော် မဲအောင်တစ်ယောက် ငါးမြွေထိုးကင်သုံးခုထဲက လက်ညှိုးခန့်တစ်ကောင်လောက်ကိုပင် ဖဲ့၍ မစားရက်ပါ။ ဒါတွေက သမီးကလေးအတွက် ရည်ရွယ်ထားတာ ဖြစ်သည်။ ပြီးတော့ အိမ်ရှေ့ တံစက်မြိတ်မှာ လယ်ကြွက်ကြီးနှစ်ကောင် ကင်ထားတာ ကလည်း ထိုးထားတာရှိသေးသည်။
အိမ်ရှေ့ကမ်းစပ်မှာ စိုက်ထားသော သံပရာပင်ကလေးဆီ သွား၍ မနုမရင့် သံပရာသီးကလေးတစ်လုံးကို သွားခူးလာကာ မီးဖိုဘေးမှာပင် ထိုင်ချလိုက်သည်။ ငါးပိအိုး၊ ဆားအိုးနှင့် ဆီပုလင်း၊ ငံပြာရည်ပုလင်းတွေကြားက အဆီစပ်အရက်ပုလင်းကို လှမ်းဆွဲကာ ဖော့ဆို့ကို သွားဖြင့်ကိုက်၍ ဖွင့်လိုက်သည်။ ပါးစပ်ထဲက ဖော့ဆို့ကို မီးဖိုဘေးသို့ပင် ထွေးထုတ်လိုက်ပြီး တစ်ကျိုက်မော့ချလိုက်သည်။ အရက်ကပြင်းလှသဖြင့် ခေါင်းကိုခါပစ်လိုက်ပြီး ခါးပုံစထဲက သံပရာသီးကို ထုတ်သည်။
ပြီးတော့ ပါးစပ်ဖြင့်ပင် ကိုက်၍ ခွဲလိုက်သည်။ တခြမ်းကို ဖိုခုံလောက်လုပ်ထားသည့် အုတ်ခဲပေါ် တင်သည်။ တခြမ်းကိုတော့ ရွှီးခနဲမြည်အောင် စုပ်လိုက်သည်။ ပြီးမှ ဆားအိုးထဲက ဆားတစ်တို့ယူကာ လျှာပေါ်မှာတင်လိုက်သည်။ ပြီးတော့ နောက်ထပ်တစ်ခါ မော့လိုက်ပြန်သည်။
ရေမလို၊ အမြည်း မလို။ ဒါက မဲအောင်၏ အကျင့်။ ရီဝေဝေဖြစ်လာချိန်မှာတော့ ဖင်ရွှေ့ဖင်ရွှေ့နှင့် နောက်ပြန်ဆုတ်လာပြီး အိမ်လေး၏ ခါးပန်းပေါ် ခေါင်းတင်လိုက်ရုံနှင့် တခေါခေါ အိပ်ပျော်သွားပြီ။
xxx xxx xxx xxx
တကယ်တမ်းပြောရလျှင် မဲအောင်တစ်ယောက် အတိတ်ကို ပြန်မတွေးချင်။ သူ့အတိတ်ကလည်း တွေးချင်စရာ မကောင်း။ ဒေါသထွက်စရာတွေ၊ စိတ်ပျက်စရာတွေကများပြီး ပျော်စရာဆိုတာက ရွေးစေ့တခြမ်းလောက်ပဲ ရှိခဲ့တာဖြစ်သည်။
မြစ်ဝကျွန်းပေါ်ဒေသကြီးသည် ပြည့်စပါးကျီဟု တင်စား ခေါ်ရလောက်အောင် ဆန်စပါးထွက်သော ဒေသကြီးပါ။ ထို့အတူ ပြည့်ငါးပိအိုးကြီးဟု တင်စားရလောက်အောင်လည်း ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ငါးပိကောင်၊ ငါးငံပြာရည်၊ မျှင်ငံပြာရည်တို့ ပေါများလှပါ၏။
ပြီးတော့ လက်ညှိုးထိုးမလွဲ ပေါများလှသည့် မြစ်ချောင်းတွေကလည်း မြစ်ဝကျွန်းပေါ်သားတွေကို သဘာဝရေချိုရင်းမြစ်တွေ ဝေဝေဆာဆာ ပေါလျှံစွာ ပေးရုံမက လှေ၊ သမ္ဗန်၊ မော်တော်၊ သင်္ဘောများအတွက်လည်း အသက်သွေးကြောလမ်းမ လမ်းသွယ်တွေအဖြစ် အသုံးဝင်လှပါ၏။
ထို့ကြောင့်ပင် ဆန်စပါးထုတ်လုပ်သူ လယ်ယာကိုင်းကျွန်းသမားများ ရှိကြသလို မြစ်ချောင်းအင်းအိုင်တို့၌ ငါးပုစွန်တို့ကို ဖမ်းဆီး၍ အသက်မွေးသူတို့လည်း ရှိကြပါ၏။
မဲအောင်တို့ရွာလေးသည် အိမ်ခြေငါးဆယ်ကျော်မျှသာရှိသော ရေလုပ်သားရွာကလေးဖြစ်သည်။ ဗဝန်းပိတ်၊ ငါးမျှား၊ ကွန်ပစ်၊ မြှုံးထောင်၊ ပိုက်မျှော စသည့်အလုပ်တွေအပြင် ငါးပိသိပ်ခြင်း၊ ငါးရံ့ခြောက်ခွဲခြင်း၊ ပုစွန်ခြောက်လှမ်းခြင်းနှင့် ငါးကျည်းခြောက်ကျပ်တင်ခြင်းလုပ်ငန်းများဖြင့် အသက်မွေးကြသူက များသည်။
မဲအောင် ငယ်ငယ်ကတည်းက မိဘများ ဆုံးပါးသွားခဲ့သဖြင့် ဦးလေးဝမ်းကွဲတစ်ယောက်၏အိမ်တွင် ခိုကပ်၍နေရင်း ကြီးပြင်းခဲ့ရသည်။ ရှစ်တန်းရောက်ချိန်မှာတော့ ကျောင်းထွက်ပြီး ဦးလေးဖြစ်သူ၏ ကွန်လှေမှာ ပဲ့ကိုင်ဖြစ်ခဲ့ရသည်။
လူကလည်း ဆယ့်ခြောက်နှစ်ကျော်လို့ ဆယ့်ခုနစ်နှစ်ထဲ ရောက်လာပြီ။ ဘဝကြမ်းကြမ်းမှာ မနားတမ်းလျှောက်လှမ်းခဲ့ရသူ ဖြစ်၍ ကိုယ်ကာယလည်း ကြံ့ခိုင်ထွားကျိုင်းလှသည်။
မဲအောင်၏ ဘဝကို ပြောင်းလဲစေခဲ့သော နေ့တစ်နေ့ကိုတော့ဖြင့် မဲအောင် မမေ့နိုင်ပါ။
ထိုနေ့က သူတို့ရွာသို့ တွံတေးဘက်ကလာသည့် သိုင်းပြောင်းပြန်ဆရာကြီး ရောက်လာခဲ့သည်။ ဆရာကြီးက နယ်လှည့်၍ သိုင်းသင်ပေးနေသော ဆရာကြီးပါ။ သိုင်းသင်ရသည့် ကာလကလည်း ခုနစ်ရက်တည်း။ ဒါကို တစ်ဝိုင်းဟုခေါ်ပါသည်။ သင်တန်းကြေးကလည်း စေတနာအလျောက် ပေးနိုင်သည်ဆိုတော့ မဲအောင်က သူ့ဦးလေးကို ခွင့်ပန်ပြီး သင်တန်းတက်ဖြစ်ခဲ့သည်။
ဒါကို မကျေနပ်သူကတော့ ဒေါ်လေး။ ဦးလေးဘက်ကတူဆိုတော့ သူနှင့်ကတော့ သူစိမ်းပါပဲ။ အိမ်က အလုပ်တွေ မလုပ်လျှင် ထမင်းမကျွေးနိုင်ဟု ဆိုလာခဲ့ပြီ။ ဦးလေးဖြစ်သူက လူအေးကြီးဆိုတော့ မယားအလိုကျ ခေါင်းညိတ်စမြဲ။
ဒါကပင် မဲအောင်တစ်ယောက် ရွာကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ရသည်။
ခိုကိုးရာမဲ့၊ မှီခိုရာမဲ့ ရေထဲမှာ မျောပါနေသည့် ဓနိလက်ကလေးလို ဖြစ်နေသော မဲအောင်ကို သိုင်းဆရာကြီးက သားတပည့်အဖြစ် မွေးစားကာ ခေါ်ဆောင်သွားခဲ့တော့သည်။
xxx xxx xxx xxx
မဲအောင် အသက်သုံးဆယ်လောက်အထိ ဆရာကြီး၏ လက်ထောက်တပည့်အဖြစ်နှင့် နယ်တကာလှည့်၍ သိုင်းသင်ပေးခဲ့သည်။ မိဘသဖွယ် အားကိုးထိုက်သော ဆရာကြီးကို သူတတ်နိုင်သမျှ ကျေးဇူးဆပ်ခြင်းဖြစ်သည်။
လူကြီးရောဂါဖြင့် ဆရာကြီး ဆုံးပါးသွားတော့ မဲအောင် တစ်ယောက် ခိုတွယ်ရာမရှိတော့ပြီ။
သိုင်းဆရာတစ်ယောက်၏ဘဝသည် ဆင်းရဲချို့တဲ့လှပါ၏။ သို့သော် လူဆိုသည်မှာ ဝါသနာပါသည့် အလုပ်ကို လုပ်ရလျှင် ဘဝကို ကျေနပ်နေစမြဲပါ။ သူကဲ့သို့ ကူကယ်ရာမဲ့သူ တစ်ယောက်ကိုလည်း သူ မြင်တွေ့ခဲ့ရပါပြီ။
ဒါကတော့ ဆရာကြီး၏ တစ်ဦးတည်းသော သမီးကလေးပဲ ဖြစ်သည်။ ဖခင်ဆုံးပါးသွားတော့ မဲအောင်၏ လက်မောင်းကို အားကိုးတကြီး ခိုတွဲရင်း ကြေကွဲဆို့နင့်စွာ ငိုကြွေးနေရှာသည်။
ယောကျ်ားကောင်းတစ်ယောက် ပီသစွာ နှမလေး တစ်ယောက်လို စောင့်ရှောက်လာခဲ့သော ပန်းကလေးပါ။ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာဆိုလျှင်တော့ ဆရာကြီးက မသေခင်. . .
“ငါ့သမီးလေးကို စောင့်ရှောက်လိုက်ပါကွာ”
ဟု မှာကြားသွားခဲ့ပေလိမ့်မည်။ ဒါမှမဟုတ် သမီးလေး၏ လက်တစ်ဖက်နှင့် မဲအောင်၏ လက်တစ်ဖက်ကို ဆွဲယူကာ လက်ထပ်ပေးပြီးမှ အသက်ထွက်သွားခဲ့ပေလိမ့်မည်။
ဒါပေမဲ့ တကယ့်ဘဝဆိုတာ ဝတ္ထုမဟုတ်၊ ရုပ်ရှင်ဇာတ်လမ်းလည်း မဟုတ်ချေတကား။
ဆရာကြီးသေဆုံးပြီး ရက်လည်သည့်နေ့တွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အနေအထိုင် ခက်နေကြရသည်။ ဆရာကြီးနှင့်ပေါင်းမှ သုံးယောက်တည်းသာရှိသော သည်အိမ်လေးတွင် သွေးသားမတော်စပ်ကြသော သူတို့နှစ်ယောက် ဘယ်လိုနေထိုင်သွားကြရပါမည်နည်း။
မဲအောင်မှာက သွားစရာမြေ မရှိ။ တွယ်တာစရာ မရှိ။ ဆရာကြီး၏ သမီးလေး တင်တင်မေ ခမျာလည်း ဆွေမျိုးနီးစပ်ပင် မရှိ။ အားကိုးစရာ မရှိ။
သို့နှင့်ပင် ရပ်ရွာလူကြီးများ၏ ဝိုင်းဝန်းစီမံချက်ဖြင့် မဲအောင်နှင့် တင်တင်မေတို့ ဘဝတစ်ခု ထူထောင် ဖြစ်ခဲ့ကြတော့သည်။
တွယ်တာစရာမရှိသူတို့ ထုံးစံအတိုင်း မဲအောင်နှင့် တင်တင်မေတို့နှစ်ယောက်သည် တစ်ဦးအပေါ်တစ်ဦး ပို၍ သံယောဇဉ်ရှိကြ၏။ ကြင်နာကြ၏။ ချစ်ကြ၏။ နှစ်ယောက်ပေါင်းမှ တစ်ဘဝဆိုသည့်စကားသည် သူတို့နှစ်ယောက်အတွက် ရည်ရွယ်ပြီး ထားခဲ့လေသလား မသိ။
ဘဝဆိုသည် ခန့်မှန်းရခက်သော ကံဇာတ်ဆရာကြီး၏ လှည့်ကွက်များဖြင့်သာ ဖန်တီးတည်ဆောက်ထားတာဖြစ်ကြောင်း မကြာခင်မှာပင် သူတို့ သိလာကြရတော့သည်။
ဆရာကြီး၏ ခြောက်လပြည့်ဆွမ်းသွတ်ပွဲည။ မဲအောင်နှင့် တင်တင်မေတို့နှစ်ယောက် ရပ်မိရပ်ဖများ၊ မိတ်ဆွေများကို ဧည့်ခံနေစဉ်အတွင်း ရွာထဲက ကာလသားတစ်သိုက်က ပြဿနာစတင်လာခဲ့လေသည်။
“အလကားကောင်ပါကွာ၊ ဆရာကြီး မသေခင်ကတည်းက တင်တင်မေကို ကျိတ်ကြံနေတာကွ။ ဆရာကြီးဆီက ပညာလိုချင်သယောင်ယောင်နဲ့ သမီးကိုပိုးနေတဲ့ကောင်။ လက်ထောက်ဆရာတဲ့၊ ဘာလက်ထောက်လည်းကွ။ ဒီကောင်တတ်သလောက်တော့ လူတိုင်းတတ်တာပဲ။ ထွီး. . . အရိပ်ခိုပြီး အခက်ချိုးတဲ့ကောင်”
“ဟေ့ … ဟေ့ … အရိပ်ခိုပြီး အခက်ချိုးတယ်လို့ မပြောပါနဲ့ကွာ၊ သူ့ခမျာ သနားစရာပါ။ ဒီကောင့်အတွက် အကောင်းဆုံးစကားပုံက သားရေပေါ်အိပ် သားရေနားစားဆိုရင် မကောင်းဘူးလား။ သားရေနားစားတာက ဘာကောင်လဲဆိုတာ မင်းတို့သိတယ် နော်။ ဟား ဟား ဟား”
အရက်မူးမူးနှင့် တင်တင်မေကို တစ်ဖက်သတ်ကြိုက်နေသော ကာလသားတစ်ယောက်က စလိုက်သည်နှင့် ရပ်မိရပ်ဖများလည်း ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီ။ မဲအောင်က အတန်တန် တောင်းပန်သော်လည်းမရ။ သည်တော့ ပြဿနာက ကြီးသည်ထက် ကြီးလာခဲ့ရပြီ။
ထိုညက ပွဲသိမ်းမလှခဲ့။
ကာလသားနှစ်ယောက် သေသည် ရှင်သည် မသိနိုင်။ သွေးအလူးလူးနှင့် မဲအောင်တို့အိမ်ရှေ့ လမ်းမပေါ်မှာ မလှုပ်မယှက်။
မဲအောင် တစ်ကိုယ်လုံးမှာလည်း သွေးစက်တွေနှင့်။ တင်တင်မေကတော့ မဲအောင်ပခုံးကိုမှီလျက် မျက်ရည်တတွေတွေ ကျလျက်။
xxx xxx xxx xxx
မဲအောင် ထောင်ကျနေစဉ်အတွင်း တစ်ခေါက်လား နှစ်ခေါက်လား တင်တင်မေ ထောင်ဝင်စာလာတွေ့ခဲ့ သည်။ သူတို့ရွာနှင့် ဝေးလံလှသော အကျဉ်းထောင်တွင် ပြစ်မှုကြွေး ပေးဆပ်နေရသော မဲအောင်ထံသို့ တင်တင်မေ တစ်ယောက် လာမတွေ့နိုင်တာ ဘာမှမဆန်း။
ဆရာကြီးနှင့် မကင်းရာ မကင်းကြောင်း မိတ်ဆွေတစ်ဦး၏အိမ်မှာ မှီခိုနေရပြီး မဲအောင်၏ ရင်သွေးလေးကိုလည်း လွယ်ထားရသေးသည် မဟုတ်လား။
လွတ်လပ်သောဘဝနှင့် မဲအောင် ရွာသို့ ပြန်ရောက်လာခဲ့ချိန်မှာတော့ တင်တင်မေက ဆီးမကြိုဆိုခဲ့ပါ။ တင်တင်မေ ကိုယ်ပွား သမီးကလေးကသာ အသက်ငါးနှစ်ကြာမှ ဘွားခနဲ ပေါ်လာသည့် အဖေဖြစ်သူကို မဝံ့မရဲ ကြိုဆိုရှာသည်။
သမီးကလေးမွေးပြီး လပိုင်းအတွင်းမှာပင် ကွယ်လွန်သွားရှာသော တင်တင်မေ၏ မြေပုံလေးကို အလွမ်းပြေနှုတ်ဆက်ပြီး မဲအောင် တစ်ယောက် သမီးကလေးကို လက်ကဆွဲရင်း တရွေ့ရွေ့ထွက်လာခဲ့သော်လည်း ဘယ်အရပ် ဘယ်ဒေသဆီ ခရီးဆက်မည်ဆိုတာ တိတိကျကျ မဆုံးဖြတ်နိုင်သေး။
သူ့အတွက် သူစိမ်းဆန်လှသော သည်ရပ်သည်ရွာကနေ အပြီးခွဲခွာဖို့ကိုတော့ ဆုံးဖြတ်ချက်ပိုင်ပိုင်ကြီး ချခဲ့ပြီးပါပြီ။
မြစ်မကြီးအတွင်း ထက်အောက်စုန်ဆန်သွားလာနေကြသော မော်တော်တွေ၊ သင်္ဘောကြီးတွေကို ငေးရင်း သမီးကလေး၏လက်ကို တင်းတင်းဆုပ်ကိုင်ထားမိသည်။
xxx xxx xxx xxx
တထိုင်းထိုင်းမြည်သံပေးပြီး စက်ကုန်ဖွင့်မောင်းလာသော ပဲ့ထောင်လေး မဲအောင်၏ အိမ်ရှေ့ ရေဆင်းတံတားမှာ ထိုးဆိုက်လာပြီး-
“မဲအောင် … မဲအောင် … သူငယ်ချင်း”
အသံပြဲကြီးနှင့် အော်ရင်း တက်လာသော ဇော်ထူး၏ ခေါ်သံကြောင့် မဲအောင် ဖျတ်ခနဲ လန့်နိုးသည်။ သို့သော် အိပ်ချင်မူးတူး ဖြစ်နေသောကြောင့် ဘယ်သူမှန်းတော့ သေချာမသိ။ ထို့ကြောင့် ဆက်မှိန်းနေလိုက်သည်။
“ဟာ … ဟေ့ကောင် ခေါ်လိုက်ရတာကွာ၊ မင်းက နေ့ခင်းဘက်ကြီး အိပ်နေတာကိုးကွ။ မင်းနဲ့ တွေ့ပေးရမယ့်ဧည့်သည် ပါလာတယ်ဟေ့”
လူကိုယ်တိုင်မြင်လိုက်ရတော့မှ ဇော်ထူးမှန်းသိသွားသော မဲအောင်က ဘာကိစ္စများပါလိမ့်ဟု တွေးရင်း အိပ်ရာကထသည်။
ဇော်ထူးက မဲအောင်၏ ငယ်သူငယ်ချင်း။ တစ်ရွာတည်းနေ၍ တစ်ရေတည်းသောက်ခဲ့သူတွေ။
ပြီးတော့ မဲအောင် တစ်ယောက် သမီးလေးကို လက်ဆွဲပြီး မွေးရပ်ရွာကို ညှိုးငယ်စွာ ပြန်လာခဲ့ချိန်၌ တစ်ရွာလုံးက အခြေအနေမဲ့ ထောင်ထွက်ကြီး မဲအောင်ကို ဆေးဖော်ကြောဖက်မလုပ်ဘဲ ရှောင်ခွာနေကြချိန်တွင် အရေးတယူ ခေါ်ငင်လက်တွဲကူညီခဲ့သူ ဖြစ်ပါ၏။
“ခြေထောက်မရှိသော သတင်းစကားသည် တစ်နေ့လျှင် မိုင်တစ်ထောင် ခရီးသွားသည်” ဆိုသော စကားပုံလေးရှိသည် မဟုတ်လား။
ယခုလည်း မဲအောင်၏ မွေးရပ်ရွာမှာ မဲအောင်၏ သတင်းတွေက ပျံ့နှံ့နေခဲ့ပြီ။
ငွေသည် အရုပ်ဆိုးသူကိုလှစေ၏။ အကျည်းတန်သူကို ချောစေ၏။ လူဆိုးသူခိုးတောင် ငွေတံတိုင်းကြီးဖြင့် ကာဆီးဖုံးကွယ်ထားလျှင် ဂုဏ်သရေရှိ လူကြီးလူကောင်း ဖြစ်နိုင်သည်မှာ လောက၏ ဓမ္မတာဟု ဆိုရပါတော့မည်။
မဲအောင်မှာ ဂုဏ်မရှိ၊ ငွေမရှိ။ ရွာထဲမှာ မျက်နှာပြမလှသောအခါ မဲအောင်သည် ဇော်ထူး၏ အကူအညီဖြင့်ပင် ဟောဒီချောင်းဖျားလေးရှိ ဖုန်းဆိုးတောကိုရှင်းပြီး ငှက်ပျောခြံကြီးထောင်၍ သမီးလေးနှင့် နှစ်ယောက်တည်း ဘဝကို ရင်ဆိုင်လာခဲ့တာ နှစ်ပေါင်းဆယ်စု ကျော်ခဲ့ပြီ။
ဇော်ထူးသည် လက်ကြောတင်းအောင် အလုပ်လုပ်သူတော့ မဟုတ်။ ခွန်နှင့်အားနှင့် စိုက်ထုတ်လုပ်ကိုင်ရသော လုပ်ငန်းဟူသမျှ သူရှောင်ရှားမြဲ။
သို့သော် လူရည်လည်ခြင်း၊ အပေါင်းအသင်းဆံ့ခြင်း၊ ခင်အောင်မင်အောင် ပြောဆိုတတ်ခြင်း၊ အကွက်အဆင် မြင်တတ်ခြင်း စသည့် အရည်အချင်းတွေကြောင့် ကြော့ကြော့မော့မော့ နေနိုင်၏။ သောက်သောက်စားစား လူမင်းသား ဖြစ်သည်။
ရွာမှာ အတည်တကျနေသူ မဟုတ်။ ကိုးကုန်းကိုးကျင်းအနှံ့ သွားလာနေတတ်ပြီး မဲအောင်နှင့် မတွေ့ရတာပင် တစ်နှစ်လောက် ရှိတော့မည်။ ခုတော့ဖြင့် ဘယ်ကဧည့်သည်ကို ခေါ်လာပြန်ပြီ မသိ။
အိမ်ရှေ့ချောင်းစပ်မှာ ဆိုက်ကပ်ထားသော ပဲ့ထောင်ထဲမှာ လူသုံးယောက်ကို တွေ့ရသည်။ ပုံပန်းသဏ္ဌာန်တွေကို ကြည့်ရုံဖြင့် ဘယ်သူက ဘာဆိုတာ မဲအောင် သတိထားမိလိုက်သည်။
ပဲ့ထောင်အလယ်တွင် သင်ဖြူးဖျာချောကြီးခင်းထားသည်။ ထိုသင်ဖျာပေါ် မှာတော့ ဂျင်းဘောင်းဘီ၊ ဂျာကင်၊ နေကာမျက်မှန်တို့ကို ဆင်ယင်ထားသော လူတစ်ယောက်က အခန့်သားထိုင်လျက်။
သူ့ရှေ့မှာတော့ နိုင်ငံခြားအရက်ပုလင်းနှင့် ဆော်ဒါပုလင်းများ၊ ရေခဲဘူး၊ အမြည်းပန်းကန်၊ ရေသန့်ဘူးတို့ကိုမြင်ရသည်။
သူတို့အုပ်စုထဲမှာတော့ အရေးပါအရာရောက်သူပဲဖြစ်လိမ့်မည်။ ကျန်နှစ်ယောက်ကတော့ တပည့်လက်သားတွေ ဖြစ်လိမ့်မည်။
“တက်ကွာ မဲအောင်၊ ငါတို့ ငါးကန်တွေဆီသွားရင်း စကားပြောကြရအောင်။ ပျော်ပျော်ပါးပါး သောက်ရင်းစားရင်း အပန်းဖြေရင်းပေါ့ကွာ”
ဇော်ထူးက ပြောပြောဆိုဆိုနှင့် မဲအောင်၏လက်မောင်းကို ဆွဲပြီး ပဲ့ထောင်ပေါ် ဆင်းသည်။
ဘာကိစ္စတွေပြောမှာလဲ၊ ဘာအကြောင်းတွေ ရှိသလဲဆိုတာ မဲအောင် တိတိကျကျ မသိရသေးခင်မှာပင် ပဲ့ထောင်လေးက စက်ကုန်တင်၍ ချောင်းဝဘက်ဆီအရှိန်နှင့် မောင်းထွက်လာခဲ့ပြီ။
xxx xxx xxx xxx
အစကတော့ ဇော်ထူး၏စကားကို မဲအောင် မယုံချင်ပါ။ လုပ်ရမည့်အလုပ်နှင့် ရရှိမည့်လစာငွေက ယုံစရာမရှိ။
သို့သော် ဇော်ထူး၏ ဆရာဖြစ်သူကိုယ်တိုင်က တကယ့်ကို လိုလိုလားလားနှင့် လက်ကမ်းလာသောအခါ မဲအောင် ငြင်းရခက်ပြီ။
မဲအောင်၏ အလုပ်က ထွေထွေထူးထူးတော့မဟုတ်။ ငါးကန်လုပ်သားတွေကို အုပ်ချုပ်ရုံပါပဲ။ ကန်ထဲက ငါးတွေကို အစာကျွေးဖို့၊ ရေသွင်းရေထုတ်လုပ်ဖို့၊ ရေရဲ့ချဉ်ငန်ဓာတ်တွေ စစ်ဆေးဖို့၊ လုပ်သားများကို လစာငွေကြေး ရှင်းပေးဖို့၊ ကန်ဖော်ဖို့၊ ဈေးကွက်တင်ဖို့၊ ငါးစာများ အချိန်မီရောက်ရှိဖို့ ဆိုတာတွေအတွက် သူ့တာဝန်နှင့်သူ ရှိပြီးသား။ တာဝန်အသီးသီးကို ခွဲဝေတာဝန် ပေးပြီးသားပါ။
ပြောင်းလဲလာသော အချိန်အခါ အခြေအနေများ အရ ယခင်က ဗျိုက်တော၊ ဝက်လာတော၊ ရေနက်ကွင်းကြီးများသည် နတ်ရေစင်နှင့် ဖျန်းလိုက်သလို ပြောင်းလဲသွားကုန်ကြပါပြီ။ ဘယ်နေရာဆီကိုပဲ လှမ်း၍မျှော်မျှော် မြင်ရသမျှ တစ်ခွင်တစ်ပြင်လုံးသည် မှော်ဆရာ၏ အင်းကွက်တွေလိုပဲ အကန့်
အကန့်၊ အကွက် အကွက်နှင့် ငါးမွေးမြူရေးကန်ကြီးတွေအဖြစ် ပြောင်းလဲခဲ့ပြီ။
ဧကပေါင်းရာချီ၍ ကျယ်ပြန့်လှသော ငါးမွေးကန်တွေကြားမှာလည်း အစောင့်တဲလေးတွေ၊ ငှက်ပျောပင်၊ ဒန့်သလွန်ပင်၊ ပေါက်ပန်းဖြူပင်လေးတွေက ကွင်းလေလေး၏ အချော့အမြှူကြောင့် ဘယ်ညာတိမ်း၍ ယိမ်းနွဲ့လျက်။
ငါးကန်တို့၏ ရေပြင်ပေါ်မှာလည်း အစာကျွေးနေကြသည့် လက်လှော်လှေကလေးတွေက ဟိုသွားသည်လာ လူးလားတုံ့ခေါက် သွားနေကြသည်မှာ ယက်ကန်းလွန်းကလေးတွေနှင့်ပင် တူသေးတော့၏။
ဇော်ထူးနှင့် ငါးကန်တာဝန်ခံတို့မှာ မနက်ကတည်းက ဝယ်စရာတွေရှိသည်ဆိုပြီး ပဲ့ထောင်နှင့် ထွက်သွားကြတာ အခုထက်ထိ ပြန်မရောက်သေး။ သည်ကနေ့ မဲအောင် စောစောပြန်ချင်သည်။ သို့ဖြစ်၍ ငါးကန်အစောင့်တွေကို တာဝန်ကျေကျေစောင့်ဖို့ ခေါ်ပြောထားပြီးပြီ။
ခက်တာက ငါးကန်လုံခြုံရေး ပဲဖြစ်သည်။ ဧကပေါင်းများစွာ ကျယ်ပြန့်သော ငါးကန်တွေကို ခြံစည်းရိုးပတ်ပြီး ကာမထားနိုင်။ သို့ဖြစ်၍ အစောင့်တွေအလစ်တွင် ငါးသူခိုးများက ကန်တွေထဲက ငါးများကို ပိုက်နှင့်ဆွဲလိုဆွဲ၊ ကွန်နှင့်ပစ်လိုပစ် ဖမ်းဆီးလေ့ရှိသည်။ သည်လိုကိစ္စတွေမှာ အချို့သော ငါးကန်အစောင့်တွေကလည်း သစ္စာဖောက်၍ ပါဝင်လေ့ရှိသည်။
ငါးကန်အစောင့်တွေ၊ အစာကျွေးသူတွေနှင့် တာဝန် အသီးသီးယူထားကြသူများသည် မဲအောင်တို့ဒေသ၏ ရွာနေပြေထိုင်တွေပဲဖြစ်သည်။ သူတို့အားလုံးသည် မဲအောင်ကိုတော့ လန့်ကြ ရှိန်ကြသည်။
မဲအောင်က မတရားမှုကို မကြိုက်။ တစ်ယောက်တည်းရှိချင် ရှိပါစေ အမှန်တရားဘက်ကရပ်၍ အများကို ရင်ဆိုင်ဝံ့သူဖြစ်သည်။ သူ့ရှေ့မှာ မတရားတာတွေ့လျှင် ငါနှင့်မဆိုင်ဘူးဟု မနေတတ်။ ဖြစ်ချင်ရာဖြစ် ဝင်ပါတတ်သည်။
ပြီးတော့ မဲအောင်က သိုင်းဆရာလည်းဖြစ်၊ ထောင်ကျဖူးသူလည်းဖြစ်၍ ရွံ့ကြလေသည်။
သို့ဖြစ်၍ လူသူမနီးသည့် ချောင်းဖျားမှာ တစ်အိမ်တည်းနေကာ ခြံကြီးနှင့် စိုက်ထားသော မဲအောင်၏ ငှက်ပျောခြံကြီးကနေ ငှက်ပျောတစ်ခိုင် မပျောက်ဖူးခဲ့။
ဒါကိုသိသော ဇော်ထူးက သူ့ဆရာ ငါးကန်တာဝန်ခံကို ပြော၍ မဲအောင်ကို ငါးကန်အလုပ်သမားများ၏ အထက်ကနေ အုပ်ချုပ်ခိုင်းထားတာဖြစ်သည်။
မဲအောင် တာဝန်ယူနေသတဲ့ ဟူသည့် သတင်းက ပတ်ဝန်းကျင်မှာ အဆင့်ဆင့်ပြန့်ပွားသွားပြီးကတည်းက ငါးကန်တွေမှာ ငါးခိုးဖမ်းသူတွေ မလာဝံ့တော့၊ အစောင့်တွေထဲက သစ္စာမရှိသူတွေလည်း ခြေငြိမ်သွားကြပြီ။ ဒါကြောင့်လည်း …
“ကဲ ကျွန်တော်မပြောဘူးလား။ ကျွန်တော့်သူငယ်ချင်း မဲအောင်နာမည်ကြားတာနဲ့ မီးသေပါတယ်ဆိုတာလေ။ မဲအောင်အတွက်သာ တာဝန်ခံကြီးက လုပ်အားခလေး ပိုပိုသာသာ ချီးမြှင့်ပေးဖို့ပါပဲ”
ဟု ဇော်ထူးက သူငယ်ချင်းအတွက် ထောက်ခံပေးလေ့ရှိသည်။
မဲအောင်ကို ငါးကန်တာဝန်ခံ၏ ရုံးမှာထားပြီး သူတို့ နှစ်ယောက်ကတော့ ခြေစကြာဖြန့်နေလေ့ ရှိသည်။
အရင်တုန်းက တောအရက်လောက်သာ အနိုင်နိုင်သောက်ဖို့ကြိုးစားနေရသော မဲအောင်သည် ယခုတော့ဖြင့် ပြည်တွင်းဖြစ် ဝီစကီတွေက အလျှံပယ်။ တစ်ခါတစ်ရံမှာတော့ တာဝန်ခံကြီးက စေတနာကောင်းစွာဖြင့်ပေးသည့် တံဆိပ်ပတ် အနက်အနီ စသည့် နိုင်ငံခြားဖြစ် ဝီစကီများလည်း မှီဝဲနိုင်သေးသည်။
ပြီးတော့ မြို့မှာသွားပြီး စက်ချုပ်ပညာသင်နေသော သမီးကလေးအတွက်လည်း လိုလေသေးမရှိ ထောက်ပံ့နိုင်ခဲ့ပြီ။ သမီးကလေး ကျွမ်းကျင်သွားပြီဆိုလျှင်တော့ ချုပ်စက်လေးငါးလုံးလောက်နှင့် အထည်ချုပ်ဆိုင် တစ်ဆိုင်လောက် ဖွင့်ပေးဖို့လည်း ငွေစုနေတာ ပြည့်တော့မည်။
သည်သမီးကလေးကိုတော့ မဲအောင် အသက်ထက်ချစ်သည်။ သူ့ဘဝတစ်ခုလုံးထက် တန်ဖိုးထားသည်။ သမီးကလေးအတွက် လိုအပ်သမျှ ဖြည့်ဆည်းပေးနေရတာကိုက မဲအောင်အတွက် ဆုလာဘ်ကြီးတစ်ခုပါ။
သမီးကလေးကို သူ့ရင်ခွင်ရိပ်ကနေခွဲပြီး အဝေးတစ်နေရာမှာ ထားရတာကို သူဘဝင်မကျပါ။ သို့သော် ဝေးလံခေါင်သီသော သူတို့ရွာကလေးမှာ သမီးကလေး ဘာလုပ်မည်နည်း။ လူ့ဘဝသက်တမ်းအရ လောကကြီးကနေ သူထွက်ခွာသွားရချိန်မှာ သမီးကလေး မျက်နှာငယ်စွာနှင့် ကျန်ရစ်ခဲ့မှာ သူ စိုးရိမ်ပါသည်။
သို့ဖြစ်၍ လူတောဝင်ဆံ့သော အလုပ်အကိုင်လေးတစ်ခု၊ ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်းအတွက် အာမခံချက်ပေးနိုင်သော စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နိုင်ပါစေဟူသည့် ရည်မှန်းချက်ဖြင့် လွှတ်ထားရခြင်းပါ။
မြို့မှာနေသော မောင်နှမ သုံးလေးဝမ်းကွဲလောက် တော်သည့် အစ်မကြီးဆီမှာ အပ်နှံထားရင်း သမီးကလေး စားဖို့ဝတ်ဖို့ စရိတ်စကများကို တတ်နိုင်သမျှ ပြည့်စုံအောင် ထောက်ပံ့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်လက သမီးကလေးဆီသွားရင်း အစ်မဖြစ်သူ၏ စကားကိုကြားရတော့ ဒေါသမီးဟုန်းဟုန်းတောက်ခဲ့ရသေးသည်။ သမီးကလေး စက်ချုပ်သင်တန်းကနေ အသွားအပြန်လမ်းမှာ လိုက်နှောင့်ယှက်တာ ကြုံရသတဲ့။
ထိုသတင်းကိုကြားတော့ နှောင့်ယှက်သူကို လိုက်ရှာကာ သတ်မည်ဖြတ်မည် တကဲကဲဖြစ်နေပါသေး၏။
အစ်မဖြစ်သူက သူ့တာဝန်ထားပါ၊ သူစောင့်ရှောက်ပါမည်ဟု အတန်တန်တားကာ သူ့ကို ရွာသို့အတင်းပြန်လွှတ်ခဲ့ရပါ၏။
ဘာပဲဖြစ်ဖြစ် သမီးကလေးကို စိတ်မချသည်ကတော့ အမှန်။
အတည်တကျ လက်ထပ်ပေါင်းသင်းလျှင်တော့ သမီးကလေး သဘောတူပါက ကန့်ကွက်စရာမရှိ။
တမင်သက်သက် ကြောရရုံ၊ ဖျက်ဆီးရရုံ ကြံသူမျိုးဆိုလျှင်တော့ မဲအောင် ခွင့်မလွှတ်နိုင်ပါ။
xxx xxx xxx xxx
ညနေစောင်းတော့မည်။ ကမ်းစပ်ချုံတွေထဲက ရေကြက်မြည်သံတွေကို ကြားနေရသည်။ ပြာလွင်သော ကောင်းကင်ပေါ်မှာ စစ်စလီငှက်အုပ်ကြီးတွေ တစ်သုတ်ပြီးတစ်သုတ် ပျံသန်းသွားနေတာ မြင်ရသည်။
ဇော်ထူးတို့ ဆရာတပည့်နှစ်ယောက် ခုထက်ထိ ပြန်မရောက်ကြသေး။ ဘယ်ဆီများ ခရီးလွန်နေကြပါလိမ့်။
သူ မစောင့်နိုင်တော့ပြီ။ ထို့ကြောင့်ပင် အလုပ်သမား တစ်ယောက်ကို သေသေချာချာမှာခဲ့ပြီး လှေကလေးဖြင့် ပြန်လာခဲ့သည်။
အပြစ်တင်ချင်လည်း တင်ပါစေတော့။ မနက်ဖြန်မနက် စောစောမှာ သမီးလေးရှိရာ မြို့ကလေးသို့ သူ သွားရလိမ့်မည်။ ငှက်ပျောခိုင်၊ ငါးရှဉ့်ကျပ်တိုက် စသည့် စားစရာတွေနှင့် သမီးကလေးအတွက် လိုအပ်သော ငွေကြေးကလေးများ သွား၍ပေးမှ ဖြစ်လိမ့်မည်။
xxx xxx xxx xxx
မြင်ရသော မြင်ကွင်းက သူ့ကို အံ့အားသင့်စေသည်။ ဇော်ထူးတို့၏ ပဲ့ထောင်စက်လှေက သူ့အိမ်ရှေ့ ရေဆင်းတံတားမှာ ရောက်နေပါကလား။ ပဲ့ထောင်ထဲမှာတော့ လူတစ်ယောက်မှမရှိ။
အံဩစိတ်ဖြင့် လှေကို အသာကပ်ပြီး ရေဆင်းတံတားမှ တက်လာခဲ့သည်။
သူ့အိမ်ရှေ့ကွပ်ပျစ်လေးပေါ်မှာ ဇော်ထူးနှင့် ပဲ့ထောင်မောင်းသမားနှစ်ယောက်။ အရက်ပုလင်းထောင်ကာ စည်းစိမ်ယူနေကြတာ တွေ့ရသည်။
တာဝန်ခံကိုတော့ မတွေ့ရ။
“ဟာ … သူငယ်ချင်း … ဘယ်လိုဖြစ်လို့ မင်း အစောကြီး ပြန်လာရတာလဲ။ တို့လည်း ခုပဲ ပြန်ကြတော့မလို့ကွ။ လာ … လာ … တို့နဲ့ ဝိုင်းလိုက်ကြရအောင်”
ဟု ဇော်ထူးက မျက်စိမျက်နှာပျက်ပျက်နှင့် ထလာကာ မဲအောင်၏ပခုံးကို လာဖက်ပြီး ကွပ်ပျစ်ဆီ ဆွဲခေါ်သည်။
မဲအောင်၏ အကြည့်က သူ့အိမ်ရှေ့ဖိနပ်ချွတ်ဆီ ရောက်သည်။ ယောက်ျားဖိနပ်တစ်ရံနှင့် မိန်းမစီးဖိနပ်တစ်ရံကို တွေ့လိုက်ရသည်။
ပခုံးပေါ်လာဖက်ထားသော ဇော်ထူး၏လက်ကို ပုတ်ချလိုက်ပြီး သူ့အိမ်လေးဆီ သွားရန်ပြင်သည်။
“လာပါ သူငယ်ချင်းရာ … တို့နဲ့ ဝိုင်းစမ်းပါ။ အထဲမှာ ဆရာရှိတယ်ကွ။ သွား မနှောင့်ယှက်နဲ့ကွာ”
ဟု ဇော်ထူးက လက်ကို အတင်းဆွဲကာ ခေါ်သည်။
ထိုစဉ်မှာပင် …
“ရှင် မယုတ်မာနဲ့နော်… ကျွန်မ ဒီလိုအစားထဲက မဟုတ်ဘူး။ ရှင်တို့က အလုပ်ပေးမယ်ဆိုပြီး ညာခေါ်လာတာ မဟုတ်လား။ ဖယ်ပါ … ကျွန်မ ပြန်မယ်”
ဟု မိန်းကလေးတစ်ယောက်၏ အသံနှင့်အတူ ရုန်းကန်လှုပ်ရှားသံတွေ ထွက်ပေါ်လာသည်။
ဇော်ထူး၏လက်ကို တွန်းလွှတ်လိုက်ပြီး အိမ်ဆီခြေလှမ်းလိုက်သည်။ ပဲ့ထောင်သမားက လက်ထဲမှာ အရက်ပုလင်းလွတ်ကိုကိုင်ပြီး မဲအောင်ရှေ့မှာ လာရပ်သည်။
တစ်ပါးကျွန် ပီသပါပေ့။
မဲအောင် ရှေ့ဆက်တိုးသည်။ ခါးကိုလှမ်းဆွဲသော ဇော်ထူးကို လက်ပြန်တစ်ချက် ရိုက်ချလိုက်သည်။
ထိုစဉ်မှာပင် ပဲ့ထောင်သမားက ပုလင်းနှင့်လွှဲ၍ ရိုက်သည်။
မဲအောင်က ဘယ်ခြေတစ်လှမ်းတက်ပြီး လက်ဖျံနှင့်ရိုက်၍ ဖယ်သည်။ တစ်ပြိုင်တည်းမှာပင် ညာဒူးက ဆတ်ခနဲ တိုက်သည်။ ပဲ့ထောင်သမား ပက်လက်လန်ကျသည်။
မဲအောင် သူ့လက်ကို သူ ယုံသည်။ နောက်ထပ် တစ်နာရီနှင့် သတိပြန်လည်လာမှာ မဟုတ်။
အဝတ်အစား ဖရိုဖရဲနှင့် ကောင်မလေးတစ်ယောက် အိမ်ပေါ်က ပြေးဆင်းလာသည်။
“ကျွန်မကိုကယ်ပါ ဦးလေးကြီးရယ်။ ကျွန်မ မိန်းမကောင်းပါ။ ကျွန်မကို အလုပ်ပေးမယ်ဆိုပြီး ညာခေါ်လာကြတာ ဒီကျမှ…”
ပြောရင်း မျက်နှာကို လက်ဝါးနှင့်အုပ်၍ ငိုသည်။
မဲအောင် ရင်ထဲမှာ ကျင်ခနဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် သမီးကလေး၏ မျက်နှာကို သွား၍မြင်သည်။ သမီးကလေးအရွယ်လောက်ပဲ ရှိလိမ့်မည်။ သူ့သမီးကလေးသာ သည်လိုအဖြစ်မျိုးကြုံရလျှင်။
ဒေါသတွေ ဆူပွက်လာသည်။ အိမ်ကလေးပေါ်သို့ လွှားခနဲ ခုန်တက်သည်။ တာဝန်ခံကို တွေ့သည်။
“ကို… ကို… ကိုမဲအောင်၊ ကျွန်တော်… ကျွန်တော်… ရှင်းပြ… ပြ”
တာဝန်ခံ၏စကားကို ဆုံးအောင် နားမထောင်နိုင်။ အင်္ကျီရင်ဘတ်ကို စု၍ဆွဲပြီး မျက်နှာကို လက်သီးတစ်ချက် သွင်းလိုက်သည်။ တာဝန်ခံကြီး ဖိနပ်ချွတ်ကနေ တလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။
မဲအောင်၏ ဒေါသတွေ မပြေသေး။ သူ့လက်စွဲတော် ငှက်ကြီးတောင်ဓားကို အခန်းထဲသို့ဝင်ကာ ယူသည်။ အသွားဖွေးဖွေးနှင့် ငှက်ကြီးတောင်ဓားကို ဝင့်ပြီး အိမ်ပေါ်က ဆင်းသည်။
“ဦးလေးကြီး… လွန်မယ်… လွန်မယ်။ ကျွန်မအတွက်နဲ့ ဦးလေးကြီး ဒုက္ခရောက်ပါ့မယ်။ သူတို့လည်း ပြေးကုန်ကြပါပြီ”
ကောင်မလေးက မဲအောင်ကို အတင်းတားသည်။
ထိုစဉ်မှာပင် ပဲ့ထောင်စက်နှိုးသံ တထိုင်းထိုင်းကိုကြားလိုက်ရသည်။
ကောင်မလေးကို တွန်းဖယ်ပြီး ရေဆင်းတံတားဆီ မဲအောင် ပြေးသည်။
ပဲ့ထောင်ခွာတော့ ပဲ့ထောင်သမားက အခုထက်ထိ သတိမရသေး။ တုံးလုံးပက်လက်နှင့် တာဝန်ခံကြီးကတော့ ပဲ့ထောင်ဘေးမှာကွယ်ပြီး မဲအောင်ကို ကြောက်ရွံ့စွာ လှမ်းကြည့်နေသည်။
ပဲ့ထောင်မောင်းသူကတော့ ဇော်ထူး။
မဲအောင်သည် တောက်တစ်ချက်ပြင်းစွာခေါက်ပြီး ရေလယ်သို့ရောက်နေသော ပဲ့ထောင်ဆီသို့ ငှက်ကြီးတောင်ဓားကို အရိုးမှကိုင်ကာ အားဖြင့် ပစ်လွှတ်လိုက်သည်။
မြားတစ်စင်းလို အရှိန်ဖြင့်ပြေးဝင်လာသော ငှက်ကြီးတောင်ဓားသည် စက်လှေ၏ နံရံမှာ “ဒေါင်”ခနဲမြည်အောင် ဝင်စိုက်သည်။
စက်သံပို၍ ပြင်းလာသည်။
တဖြည်းဖြည်းဝေးသွားသော ပဲ့ထောင်ကိုကြည့်ပြီး မဲအောင် အံကို တင်းတင်းကြိတ်သည်။
သွားပြီး။ ဒင်းတို့နှင့် အဆက်ပြတ်ပြီ။
သူငယ်ချင်းတစ်ယောက်လည်း ဆုံးရှုံးခဲ့ရပြီ။
ပြီးတော့ လစဉ်ပုံမှန်ရနေကျ ငွေကြေးများ၊ သမီးကလေးအတွက် စက်ချုပ်ဆိုင်လေး ဖွင့်လှစ်ပေးချင်သည့် ရည်မှန်းချက်များ. . . ။
ထွီခနဲ တံတွေးတစ်ချက် ချောင်းကလေးထဲ ထွေးလိုက်ပြီး အိမ်ဆီသို့ ပြန်လှည့်လာသည်။
ကျားငစဉ်းလဲ၏လက်မှ အချိန်မီ လွတ်မြောက်ခဲ့သူကလေးကို မြင်သည်။
တန်ပါသည်။ အမျိုးကောင်းသမီးလေးတစ်ဦးကို သူ ကယ်ဆယ်နိုင်ခဲ့ပါပြီ။ ထိုတစ်ချက်တည်းနှင့်ပင် သူဆုံးရှုံးစွန့်လွှတ် ခဲ့ရသမျှ ကျေခဲ့ပါပြီ။
ချောင်းကလေးဆီတွင် ရေပြည့်စပြုလာနေပါပြီ။
ဟိုး ခပ်လှမ်းလှမ်း ဓနိပင်တောတန်းဆီက ဘုတ်မြည်သံကလေး လေအဝှေ့မှာ ဝေ့ကာဝဲကာ ပါလာတော့သည်။ ။
(ရဲရင့်ကျော် ဆိုသည်မှာ စာရေးဆရာမောင်ခြိမ့်၏ ကလောင်ခွဲ ဖြစ်ပါသည်။)
– ပြီး –
စာရေးသူ – ရဲရင့်ကျော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0