ဖိုးကျော့
ကန္တာရမုဆိုးကြီးများ
အပြင်လောကတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုကျိုးကျကုန်သည်။ ထစ်ချုန်းနေသော မိုးကြိုးမုန်တိုင်းတို့ကြောင့် မြေပြင်သည်ပင် သိမ့်သိမ့်ခါ တုန်ဟည်းလျက် ရှိလေသည်။
တောင်ထိပ်မြင့်ကြီးပေါ်မှ တဝေါဝေါ အော်မြည်စီးဆင်းလာသော မိုးရေများသည် တောင်စောင်းအတိုင်း သားရဲတွင်းပေါ် ဖြတ်ကာ အော်မြည်စီးဆင်းသွားကြသည်။ ရေစီးနှင့် မျောပါလာသော အမှိုက်သရိုက် များသည် သားရဲတွင်း နှုတ်ခမ်းပေါ် တင်ကျန်ခဲ့ကြသည်။
ထိုအချိန်မှာပင် မှောင်မည်းနေသော မြေအောက်ကမ္ဘာထဲ၌ သူတို့ကို မွေးဖွားလေသည်။ သူတို့သည် လောကထဲသို့ တစ်ကောင်တည်း၊ တစ်ဦးတည်း ရောက်လာကြသူများ မဟုတ်ကြ။ အပေါင်းအဖော် လေး ငါးဦးနှင့်အတူ တပျော်တပါး ရောက်လာကြသူများ ဖြစ်လေသည်။
သူတို့သည် မည်းမှောင်နေသော မြေအောက်ကမ္ဘာထဲတွင် စမ်းတဝါးဝါး တွားသွားရင်း မိခင်၏ ရင်ငွေ့ နှင့် နို့ရည်တို့ကို သောက်သုံးခိုလှုံခွင့် ရခဲ့ကြသည်။
မိခင်သည် သူတို့အား နို့ရည်တိုက်ကျွေးခြင်းနှင့် ရင်ငွေ့လှုံစေခြင်းကိုသာ ပေးသည်မဟုတ်။
သားငယ်များအား ကိုက်စားသတ်ဖြတ်လိုကြသော သားရဲတိရစ္ဆာန်များ၏ အန္တရာယ်မှလည်း ကာကွယ်ပေးထားလေသည်။
သားရဲတွင်းထဲ၌ သားပေါက်နေချိန်တွင် မည်သို့သော တိရစ္ဆာန်ကိုမျှ သားရဲတွင်းနား လာခွင့်မပြုဘဲ ဟန့်တားထားသည်။ မျိုးတူတိရစ္ဆာန်များအပြင် သူနှင့် ပျော်ပါးမြူးထူးခဲ့ကြဖူးသော ဖိုသတ္တဝါများ ကိုပင် သားရဲတွင်းနား အကပ်မခံဘဲ ဟိန်းဟောက် ခြောက်လွှတ်တတ်သည်။
ထို့ကြောင့်သာ သူတို့သည် အသက်ရှင်လာနိုင်ကြခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့အား သတ်ဖြတ် စားသောက်လိုကြသော တိရစ္ဆာန်များက ကန္တာရထဲ၌ ဒုနဲ့ဒေးပင်။
နောင်သောအခါတွင် ဤကန္တာရထဲ၌ မုဆိုးကြီးများ ဖြစ်လာကြမည့်သူတို့အား မည်သည့် တောတိရစ္ဆာန်ကမျှ မလိုလားကြပေ။ သူတို့ မိခင်ကြီး၏ အကာအကွယ်သာ မရှိလျှင် မွေးဖွားပြီး တစ်ပတ်ပင် အသက်ရှင်နိုင်ကြမည် မဟုတ်။
ယခုတော့ မိခင်ကြီး၏ စောင့်ရှောက်မှုကြောင့် သူတို့သည် မြေအောက်ကမ္ဘာထဲ၌ ကောင်းစွာ ရှင်သန်လျက် ရှိနေကြလေသည်။
မိခင်ကြီး၏ နို့ချိုတိုက်ကျွေးမှုနှင့် စောင့်ရှောက်မှုကို ခံယူကြရင်း မြေအောက်ကမ္ဘာကြီးထဲ၌ နှစ်ပတ်ခန့် ကြာသောအခါ မျက်စိများ ပွင့်လာကြသည်။ မကြာခင် သွားများလည်း ပေါက်လာကြပြန်၏။ ထိုအခါ သူတို့၏ စိတ်ထဲတွင် အင်အားတစ်ခု ဖြစ်ထွန်းလာသည်။
သို့နှင့် သုံးပတ်ခန့် ကြာသောအခါ မြေအောက်ကမ္ဘာထဲ၌ တစ်ကောင်နှင့် တစ်ကောင် ကျီစယ်ကိုက်ခဲကာ ခုန်ပေါက်ပြေးလွှား လှုပ်ရှားနေကြသည်။ မြေသား ကမ်းပါးယံများနှင့် သားရဲတွင်း၏ အကွေ့အကောက် အပေါက်များကိုလည်း ကောင်းစွာ ထင်မြင်နေကြ လေပြီ။
ထိုအခါ သူတို့၏ မြေအောက်ကမ္ဘာသည် ကျဉ်းမြောင်းကျပ်တည်းလာလေသည်။ မြေအောက်ကမ္ဘာ တစ်နံတစ်လျား၌ ပြေးလွှားဆော့ကစား၍ အားမရကြတော့။
သားရဲတွင်းမှ အပြင်သို့ တိုးထွက်ရန် ကြိုးစားလာကြသည်။ သားရဲတွင်း၏ ထွက်ပေါက် ဝင်ပေါက်များကို တောက်လျှောက်ရှာနေကြလေပြီ။
သို့သော် အန္တရာယ်ထူပြောသော အပြင်လောကအကြောင်း ကောင်းကောင်းကြီးသိထားသော မိခင်ကြီးသည် သူတို့အား အပြင်လောကသို့ ထွက်ခွင့်မပြုသေးဘဲ ရက်ပေါင်းအတန်ကြာ သားရဲတွင်းထဲ ၌သာ ပိတ်လှောင်တားဆီးထားသေးသည်။
xxx xxx xxx
သူတို့၏ ရုပ်ဆင်းသဏ္ဌာန်များသည် တစ်နေ့တခြား ပီပြင်လာကြ၏။ မွေးကင်းစကလို နှုတ်ခမ်းလန်လန် အမွေးညစ်စုတ်စုတ်နှင့် မဟုတ်ကြတော့။ တစ်သွေးတစ်မွေး ဖြစ်လာကြ၏။ ရင်ဘတ်မှ အဖြူအနက် အစက်အပြောက်ငယ်များနှင့် လှလာကြသည်။
ကျောကုန်းနှင့် ဘေးနှစ်ဖက်တို့တွင်လည်း ချောမွတ် နူးညံ့သော အမွေးများက နီညိုရောင် သန်းလာကြသည်။
မိခင်ကြီး အစာရှာထွက်သွားတိုင်း သားရဲတွင်းထဲတွင် မြေစာခဲများနှင့် ပိတ်လှောင်ထားခဲ့ခြင်း ခံနေကြရသော သူတို့သည် တစ်နေ့သ၌ မြေစာခဲများကို ဝိုင်းယက်ပစ်ကာ သားရဲတွင်းနှုတ်ခမ်းဝပေါ် တွားတက် လာကြသည်။
သို့သော် ရဲရဲဝံ့ဝံ့ကား မဟုတ်ကြ။ ကြောက်တစ်စ လန့်တစ်စနှင့်သာ။
သူတို့သည် သားရဲတွင်းနှုတ်ခမ်းဝမှ ခေါင်းမော့တိုးထွက်ကြည့်လိုက်ကြ၏။
အားလုံး အဟောဝတ ဖြစ်ကုန်ကြသည်။ မြေအောက်ကမ္ဘာနှင့် စာသော် အပြင်လောကကြီးကား ကျယ်ပြောသာယာလှသည်။ တောတောင်ရေမြေ သဘာဝများနှင့် ပြေးလွှားဆော့ကစားစရာတွေ ပေါပြည့်ဝလှသည်။
သူတို့သည် ရုတ်တရက် ကြောက်ရွံထိတ်လန့်စိတ် များ ပျောက်သွားကာ သားရဲတွင်းမှ အပြင်သို့ သူဦး ငါဦး လုယက်ထွက်လာကြသည်။ ဝမ်းသာအားရနှင့် ပြာလွင်ကျယ်ပြောလှသော ကောင်းကင်ကြီးကို မော့ကြည့်ကာ သံပြိုင်ဟစ်ကြွေးလိုက်ကြသည်။
နေရောင်ခြည်အလင်းတန်းများ ဖြန့်ကြက်အုပ်မိုးထားသော အပြင်လောကကြီးသည် သာယာလှပပေစွ။
ဝေးဝေးလံလံ မသွားရဲကြသေးသော်လည်း သားရဲတွင်းနားတွင် လှည့်ပတ်ဆော့ကစားနေကြ၏။
ထိုစဉ် သစ်ခွေးတစ်ကောင်သည် ချုံပုတ်တောစမှ ရုတ်တရက် ပေါ်လာပြီး သူတို့ထဲမှ တစ်ကောင်ကို ခုန်အုပ်ကိုက်ချီသွားလေသည်။ သူတို့မှာ ကြောက်လန့်တကြားနှင့် သားရဲတွင်းထဲ လုယက်အော်ဟစ် ဝင်ပြေးခဲ့ကြရသည်။
သူတို့ သားရဲတွင်းထဲ ပြန်ရောက်ပြီး မကြာခင်မှာပင် မိခင်ကြီးသည် မောပန်းကြီးစွာ ပြေးရောက်လာလေသည်။ အမှန်က သူတို့အား စိတ်မချသေးသော မိခင်ကြီးသည် သားရဲတွင်းနားဝန်းကျင်၌သာ အစာရှာဖွေနေစဉ် သူတို့၏ အထိတ်တလန့် အော်ဟစ်သံများကို ကြားရသဖြင့် ချက်ချင်း ပြန်ပြေးလိုက်လာခြင်း ဖြစ်၏။
ထို့ကြောင့် မိခင်ကြီးမှာ သူတို့အတွက် အစာအာဟာရပင် ပါမလာချေ။ သို့သော် မိခင်ကြီး သားရဲတွင်းထဲ ပြန်ရောက်လာသောအခါ တစ်ကောင်သော သားငယ်မှာ ရန်သူ၏အစာ ဖြစ်သွားခဲ့လေပြီ။
မိမိတို့၏ ညီအစ်ကိုမောင်နှမ တစ်ကောင်အတွက် သူတို့က များစွာ ပူပန်မှုမရှိကြသော်လည်း မိခင်ကြီးသည် ပူဆွေးတမ်းတသံများကို အချိန်အတော်ကြာပြုကာ ကျန်သားသမီးများကို နို့ချိုတိုက်ကျွေး၍ ညည်းတွားမြည်တွန်နေ၏။
သို့သော် သူတို့၏ ဝမ်းမီးသည် မိခင်ကြီး နို့ချိုတိုက်ကျွေးရုံနှင့် မငြိမ်းအေးနိုင်ကြတော့။ အစာအာဟာရကို များစွာ တောင့်တလျက် ရှိနေကြလေပြီ။ ဆာလောင်မွတ်သိပ်မှု ဆန္ဒသည် သူတို့ ၌ အခါမပြတ် တရစပ် ဖြစ်ပေါ်လာနေကြလေပြီ။
သို့နှင့် မိခင်ကြီးသည် နောက်တစ်နေ့၌လည်း သားရဲတွင်းဝကို မြေစာခဲများနှင့် ပိုမိုလုံခြုံအောင် ပိတ်ကာ အစာရှာ ထွက်သွားပြန်လေသည်။
xxx xxx xxx
ဆာလောင်မွတ်သိပ်မှုဝေဒနာကို ကြာရှည်လေးပင့်စွာ မခံနိုင်ကြသော သူတို့သည် မိခင်ကြီး ထွက်သွားပြီး မကြာခင်မှာပင် သားရဲတွင်းက တွားတက် ထွက်လာကြပြန်လေသည်။
အပြင်လောက၏ သာယာမှု၊ ဆာလောင်မွတ်သိပ်မှုနှင့် အစာအာဟာရ တောင့်တမှုတို့ကြောင့် သူတို့သည် တစ်နေ့ကအဖြစ်ကို ချက်ချင်း မေ့ပစ်လိုက်ကြသည်။
သူတို့သည် သားရဲတွင်းနားရှိ ချုံပုတ် တောစပ်နားတွင် အစာရှာကြ၏။ သားကောင်၏ အနံ့အသက်ကို ခံကြ၏။ တစ်ကောင်နှင့်တစ်ကောင် ညိုးညိုးညံညံ အသံပေးကြ၏။
လှုပ်ရှားနေသော အရာဝတ္ထု မှန်သမျှကို သူဦး ငါဦး အလုအယက် ခုန်အုပ်ကြ၏။
လေတိုက်၍ လှုပ်ခတ်နေသော သစ်ရွက်၊ မြက်ပင်များကအစ အလွတ်မပေးဘဲ ခုန်အုပ် ကိုက်ခဲကြ၏။
တစ်ချိန်တွင် သူတို့ထဲမှ တစ်ကောင်သည် ယုန်ငယ်တစ်ကောင်ကို ဖမ်းမိသွားသည်။
တစ်ဦးတည်း၊ တစ်ကောင်တည်း အဝစားပစ်ရန် ယုန် ငယ်အား သားရဲတွင်းထဲ ဆွဲချီဝင်ပြေးသွား၏။ ထိုအခါ မွတ်သိပ်ဆာလောင်နေကြသော သူတို့အားလုံး သားရဲတွင်းထဲ ဝင်ပြေးလိုက်လာကြသည်။
ယုန်သေကို လုယက် ကိုက်ခဲကြရင်း သားရဲတွင်းထဲ၌ ရန်ဖြစ်နေကြစဉ် မိခင်ကြီး ရောက်လာသည်။
မိခင်ကြီးသည် သူတို့ပါးစပ်ထဲမှ ယုန်သေကို ဝင်လုသည်။ မိခင်ကြီး လုယူသွားသော ယုန်သေကို မိခင် ကြီး ပါးစပ်ထဲမှ သူတို့ ဝိုင်းဝန်း ပြန်လုကြ၏။
အားချင်း မမျှ၍ အလဲလဲ အပြိုပြို ဖြစ်နေကြစဉ် မိခင်ကြီးသည် ယုန်သေအား အမွေးအမှင်ပင် မကျန်အောင် ဝါးမျို စားသောက်ပစ်လိုက်လေသည်။
သူတို့သည် မကျေမချမ်းများစွာနှင့် မိခင်ကြီးကို ဝိုင်းဝန်းရန်ရှာကြသည်။ မိခင်ကြီးကမူ လုံးဝ မမှု။ သူတို့ ရှာဖွေလာသော ယုန်သေကို စားသောက် ဝါးမျိုပြီးမှ သူတို့ကို နို့တိုက်လေ၏။
ယုန်သေမှ သွေးစသွေးနများကို လျှာအရသာ တွေ့ထားကြသော သူတို့သည် နို့တိုက်သော မိခင်ကြီး၏ နို့သီးကို ယုန်သေအမှတ်ဖြင့် တစ်အား ကိုက်ခဲပစ်လိုက်ကြသည်။
ထိုအခါ မိခင်ကြီးသည် သူတို့အားလုံးကို ခြေလက်တို့နှင့် ကန်ကျောက်ပစ်လေသည်။ နောက်ထပ် လုံးဝ နို့မတိုက်တော့။
မိခင်ကြီးက နို့မတိုက်သောအခါ သူတို့၏ ဝမ်းဗိုက်မှာ ပိုပြီး ဆာလောင်မွတ်သိပ်လျက် ရှိနေကြလေသည်။
xxx xxx xxx
ဤနေ့၌တော့ သူတို့သည် မိခင်ကြီးနောက်မှ ထက်ကြပ်မကွာ လိုက်လာနေကြသည်။ မိခင်ကြီးသည် သူတို့အား ခါတိုင်းနေ့များလို ဟန့်တားပိတ်ဆီးထားခြင်းကို မပြုတော့။ နောက်သို့ တစ်ချက်တစ်ချက်သာ လှည့်ကြည့်၏။
သားရဲတွင်း နှုတ်ခမ်းပေါ် ရောက်သောအခါ မြေပြင်ကို ငုံ့နမ်း၍ သားကောင်နံ့ကို ခံ၏။ မိုးကောင်းကင်ကို မော့ကြည့်ကာ သံရှည်ဆွဲပြီး အူသည်။ မြေပြင်ပေါ် ခြေဖျားထောက်ကာ သားကောင်လိုက်ရန် ထွက်လာသည်။ သူတို့အားလုံးသည်လည်း မိခင်ကြီးကဲ့သို့ပင် အူဟစ်ကာ နောက်က လိုက်ပါလာကြသည်။
ထိုအချိန်မှာ သူတို့သည် နှစ်လသားမျှသာ ရှိကြသေးသည်။ သို့သော် တစ်နေ့က ယုန်သူငယ်တစ်ကောင်အား သတ်ဖြတ်ယူလာနိုင်ခဲ့ကြသော သားသမီးများအား မိခင်ကြီးသည် စိတ်ချယုံကြည်စွာ ခေါ်လာခဲ့လေသည်။
သူတို့သည် သားရဲတွင်းကို စွန့်ခွာကာ ဝေးလံသော အရပ်တစ်ပါးသို့ လာနေကြသည်။ သားကောင်များကို တစ်တောဝင် တစ်တောင်တက် ဆက်ရှာကြ၏။ သားကောင်ကို ရှာရင်း တောင်ချိုင့်ကြားတစ်ခုတွင် မျိုးတူ မိသားစုတစ်စုနှင့် ပေါင်းမိသွားကြပြန်သည်။ ထိုအခါ သူတို့၏ အုပ်မှာ ကောင်ရေ ၁ဝ ကျော်သွားလေသည်။
သို့နှင့် ဝံပုလွေအုပ်ကြီး တစ်အုပ်သည် မြန်မာနိုင်ငံ မြောက်ဖျားရှိ ခါကာဘိုရာဇီတောင်ကြောသို့ ရောက်ရှိလာကြလေသည်။ သူတို့သည် ဤတော၊ ဤတောင် ဤကန္တာရထဲမှ တောတိရစ္ဆာန်များကို တွေ့မရှောင် သတ်ဖြတ်စားသောက်ကြမည့် ကန္တာရမုဆိုးကြီးများ ဖြစ်လာကြလေသည်။
(မုဆိုးပြောသော ပုံပြင်များမှ)
မြဝတီမဂ္ဂဇင်း၊ ဇန်နဝါရီ၊ ၁၉၉၇။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ