ခိုင်ဇာထွန်း (ကျောက်ဖြူ)
ကလဲ့စား
အဝေးကိုမျှော်ကြည့်လိုက်လျှင် တမျှော်တခေါ် ရိုး ပြတ်တော့များနှင့် တောတန်းတောင်စွယ်အနီး အရိပ် ကောင်းသော နေရာများတွင် စပါးနယ်နေကြသော မိန်းမများကို တလှုပ်လှုပ် မြင်နေရသည်။
စပါးပုံများကလည်း ကြီးသည်လည်း ရှိ၏။ ငယ်သည်လည်း ရှိ၏။
ဤအထဲတွင် သိန်းဟန်နှင့် မအေးကြိုင်တို့၏ အပုံမှာ ကြီးမားသောအပုံတို့၏ ထိပ်ဆုံးဖြစ်နေသည်။ ကြီးရခြင်းအကြောင်းကလည်း ရှိနေသည်။
မြစ်ကျယ်ကြီးမှ ထိုးတက်လာသော ကျောက်ကြီးပြင်ရွာ ချောင်းကြီး၏ အတန်ငယ်ကြီးသော ချောင်းလက်တက် ‘ဆတ်ကျ’ ချောင်းကို ငွေအင်အား လူအင်အားနှင့် ပိတ်လိုက်သောအခါ ယခင်က ဆားငန်ရေဝင် မြေများသည် ဦးဘိုးဟန်၏ အဖိုးတန်မြေများ ဖြစ်လာကြတော့သည်။
သူကိုယ်တိုင်ကမူ မော်တော်ကလေး တစီးထောင် ကာ မြို့နှင့် ခေါက်တုံ့ခေါက်ပြန် လုပ်နေပြီး လယ်အချို့ကို သူ့သား သိန်းဟန်နှင့် ချွေးမ မအေးကြိုင်တို့ကို လွှဲကာ ကျန်လယ်များကို သီးစားငှားထား သည်။
ကျောက်ကြီးပြင် ရွာကလေးမှ လူအများစုသည် ဦးဘိုးဟန်နှင့် မကင်းနိုင်ကြ။ သူ့လယ်ကို အငှားလုပ်ရသည်။ သူ့ဆီမှ လိုအပ်လျှင် ငွေရေးကြေးရေးပါ အကူအညီတောင်းရသည်။ သူ၏ အရှိန်အဝါသည် ဤရွာတွင်မက အနီးပါးမှ ရွာများဖြစ်ကြသော ပြင်ရှေ၊ ကွမ်းချောင်း၊ ချောင်းကြီးဖျား၊ မင်းဂံ စသော ရွာများထိ ပျံ့နှံ့သည်။
“ဘုရားဒကာ ကြွပါ၊ ကျောင်းဒကာ ကြွပါ” ဟူ၍ ပျူငှာစွာဖိတ်ခေါ်သူချည်း။
ကျောက်ကြီးပြင်ရွာမှ ဆိုလျှင် ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယကလွဲပြီး သူ့ကို ပြန်လှန်ပြောရဲသူ မရှိ။ ရှိမည့်သူ ပေါ်လျှင်လည်း အသိုက်အဝန်းအား၊ ငွေအင်အားနှင့် နှိမ်ပစ်သည်။
မြို့ပေါ် မှာ မင်းပေါက်စိုးပေါက် ဆက်ဆံဘူးသည်။ သူ့ ထက် လူရည်သူ ဤရွာမှာ မရှိ။
အနှိမ်ခံရသူတယောက်က လူလှ။ မောင်လူလှ ခံရသည်က လွန်ခဲ့သောနှစ်က ဖြစ်သည်။
လူလှသည် သူ့လယ်ကို မလုပ်။ သူ့ကြွေးကို မယူ။ သူ၏ ဘိုးဘွားလက်ထက်ကပင် ပိုင်သည့် လယ်ဧက
အနည်းငယ်ကို လုပ်ပြီး မိခင်အိုကြီးအား လုပ်ကျွေးနေသူ ဖြစ်သည်။
နောက်ပြီး စစ်ပွဲနှစ်ပွဲ ရှုံးထားသူ ဖြစ်သည်။ ဤနှစ်ပွဲစလုံးပင် ဦးဘိုးဟန်တို့ သားဖနှစ်ယောက်ဆီမှာ ရှုံးထားခြင်းဖြစ်သည်။
X X X X X X X X X
ရွာတောင်ကြီးဆီမှ တောကြက်ဖတကောင်၏ တွန် သံသည် တောတောင်၏ သာယာမှုကို ပြည့်စုံစေသည်။ တောစပ်လမ်းအတိုင်း လျှောက်လာသော လူလှသည် မကြာခင် သိန်းဟန်နှင့် အေးကြိုင်တို့ တလင်း အနီးသို ရောက်လာသည်။
ယင်းသို့ နေ့စဉ် နေ့တိုင်း လူလှတယောက် သူတို့တလင်းအနီးမှ ဖြတ်သွားစမြဲ။ ဤလမ်းသည်သာ သူ့ တလင်းသွားရန်အတွက် အနီးဆုံးဖြစ်သည်။
“ဟေ့… လူလှ၊ မင်း ဒီနေ့ နောက်ကျလှချည့်လား။ နေတောင် အတော်မြင့်နေပြီ”
သိန်းဟန်က တလင်းနယ်ယင်း လှမ်းမေးသည်။
“ဟုတ်တယ်၊ အိမ်မှာ အမေ့ကို ကူနေတာနဲ့ နဲနဲနောက်ကျသွားတယ်။ လယ်မှာ လုပ်စရာလဲ ပါးသွားပြီလေကွာ။ နောက်တပတ်လောက်တောင် ပြီးမလားပဲ”
“ကိုလူလှကြီးက အိမ်အလုပ်တဘက်၊ လယ်က တဘက် ပင်ပန်းနေမှာပေါ့။ အဖော်လေး ဘာလေး ရှာပါအုံးလား။ ခုတောင် ရွာက ကလေးမတွေက လူပျိုသိုးကြီးလို့ ပြောကုန်ကြပြီ”
အေးကြိုင်က စပါးသည်ကို ခဏရပ်ကာ နောက်ပြောင်သလို စကားကို ဆိုသည်။
လူလှက…
“ငါ့လို လယ်ဧက များများစားစား မရှိ၊ မချမ်းသာတဲ့သူကို ဘယ်သူ ကြိုက်မှာလဲ” ဟု ခနဲ့လိုက်ချင်သော်လည်း….
“ကိုယ့်အကြောင်းကိုယ်ပေါ့ အေးကြိုင်ရာ”
ဟုသာ ပြောပြီး ဆက်လျှောက်သွားသည်။
“ဗျို့ ကိုလူလှ … ခင်ဗျားတို့ ရွာချောင်းကြီးကို ပိတ် မယ်ဆိုတာ ခုထိ ပြောကြတုန်းပဲလားဗျ။ လွယ်မယ်တော့မထင်နဲ့ ငါ့လူ။ ချောင်းက အကျယ်ကြီးနော်၊ ဟဲ … ဟဲ”
လူလှ၏ ခြေလှမ်းသည် တုံ့ကနဲ ရပ်သွားသည်။ သူ့အား စော်ကားမော်ကား ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။
ဤ ရွာချောင်း အကျယ်ကြီးမှန်း လူလှ မသိမဟုတ်။ ရွာချောင်းပိတ်မည်ဟု စိတ်ကူးကတည်းက တိုင်းတာပြီးသား ဖြစ်သည်။ ဖြစ်နိုင်သော အလုပ်မို့သာ လူလှ စည်းရုံးခဲ့ခြင်း ဖြစ်သည်။
“အို… အစ်ကိုကလဲ၊ ဘာတွေလျှောက်ပြောမှန်းမသိ ဘူး”
သူ့ယောက်ျား၏ စကားကို အေးကြိုင် လှမ်းတားလိုက်သည်။
“ပြောအားရှိတုန်း ပြောထားပေါ့ သိန်းဟန်ရာ။ မင်းက အပေါ်စီး ရနေတာကိုး”
ဟု စိတ်ထဲမှပြောပြီး လူလှ ခပ်သွက်သွက် ဆက်သွားသည်။
X X X X X X X X X
မနှစ်ကပင် ဤရွာချောင်းကြီးကို ပိတ်ကာ တာတမံ ဖို့ရန် လူလှတို့ လူငယ်အချို့ စည်းရုံးခဲ့သည်။ သို့သော် အထမမြောက်ခဲ့ပေ။ ဦးဘိုးဟန်၏ သြဇာခံများကြောင့် ဖြစ်သည်။
ဤ ရွာချောင်းကြီးနှင့် ပတ်သက်တိုင်း သူ၏ အနှောင့်အယှက်ကို ခံရသည်ချည်း။ အကြောင်းကလည်း ရှိနေသည်။
အကယ်တန္တု ဤချောင်းကြီး ပိတ်မိလျှင် သူ ယခုပိုင်ထားသော “ဆတ်ကျ” တမံပါ တွင်းထဲ ဝင်ပါသွားမည် ဖြစ်သည်။ ဤသည်က အကြောင်းမဟုတ်။ သူ့ အတွက် ပို၍ပင် အကျိုးထူးမည်။
အဘယ်ကြောင့်ဆိုသော် ချောင်းမကြီးက ပိတ်ထားသောကြောင့် သူ့တမံသို့ ဆားငန်ရေများ မဝင်နိုင်တော့ပေ။ ခဏခဏ တမံကျိုး ဖို့ရသောအလုပ် သက်သာသွားမည် ဖြစ်သောကြောင့် ဖြစ်သည်။
ရွာမှ လူအများစုသည် သူ၏ သူရင်းငှားသဖွယ် ဖြစ်နေကြသည်။ မိမိတို့ပိုင်သော ဘိုးဘွားပိုင်မြေ အနည်းငယ်နှင့် မလုံလောက်သဖြင့် ဦးဘိုးဟန်လယ်မှာ လုပ်ရခြင်း ဖြစ်သည်။ ရွာချောင်း ပိတ်မိပြီး ကိုယ့်လယ် ကိုယ့်ယာနှင့် ဖြစ်သည့်အချိန်တွင် ဘယ်သူကမျှ သူ့လယ် လုပ်ကြတော့မည် မဟုတ်။
ဤသည်ကိုမြင်သော ဦးဘိုးဟန်သည် ရွာချောင်းပိတ်ရန် ပြောသူများအား ရန်သူဟု သတ်မှတ်ကာ အမျိုးမျိုး အနှောင့်အယှက်ပြုသည်။
အကျိုးကို မြင်သော်လည်း တချို့ကမူ ဦးဘိုးဟန် ရန်ကို ကြောက်သောကြောင့် ခေါင်းငုံ့နေကြသည်။
လူလှ တယောက်ကမူ အားမလျှော့။ လူငယ်လူရွယ်များနှင့် တွေ့တိုင်း ဤကိစ္စကို ပြောသည်။ စည်းရုံးဆွဲဆောင်သည်။ ဤသည်ကို လူငယ်တွေလက်ခံပြီး တက်တက်ကြွကြွ ရှိသလို တချို့ကမူ မျက်နှာလိုမျက်နှာရ သိန်းဟန်တို့ဆီ သွားပြောကြဟန် တူသည်။
ထို့ကြောင့်ပင် သိန်းဟန်သည် လူလှအား ခနဲ့လိုက်ခြင်းပင် ဖြစ်သည်။
လူလှအနေဖြင့် ပြောဆိုရသည်မှာ ဘေးကျပ်နံကျပ် ဖြစ်ရသည်။
ဦးဘိုးဟန်တို့ သိန်းဟန်တို့အနေဖြင့် သူတို့ဘက်ပါအောင် အကြောင်းအမျိုးမျိုးနှင့် ဆွဲဆောင်သည်။ ငွေဆိုလျှင်ငွေ၊ လယ်ဆိုလျှင်လယ်ရသည်။ လူလှ အနေဖြင့် အကျိုးအကြောင်း ရှင်းပြရုံမှအပ ဘာမျှ မပေးနိုင်။
လူလှ တလင်းမှာ လုပ်စရာ ကိုင်စရာ အတော်အ တန် ပြီးသောအခါ နေအတော်စောင်းနေပေပြီ။
သူ့တလင်းနှင့်နီးသော ဦးသာအေးကို မှာကြားပြီး အသင့်ပါလာသော ဓားမလေးဖြင့် သစ်သားချိတ်တံတခု လုပ်လိုက်သည်။ ခုတလော ကဏန်းနှိုက်၍ တော်တော်ကြသည်ကို သတိရသောကြောင့် အပြန် မှာ ရွာချောင်းဘက်ကပတ်ပြီး ညစာအတွက် ကဏန်းလေး ဘာလေး သွားနှိုက်ဦးမည်ဟု စိတ်ကူးကာ ချောင်းဘက် ထွက်လာခဲ့သည်။ ရွာချောင်းဘက် သွားသည်မှာလည်း ရွာဘက်သို့သွားပြီးမှ လမ်းတဝက်တွင် ခွဲထွက်ရခြင်းဖြစ်သည်။
လူလှသည် မကြာခင် သိန်းဟန် တလင်းနား ရောက်လာသည်။ သိန်းဟန်ကိုကား မတွေ့ရပေ။
“ဟေ့ အေးကြိုင် ၊ သိန်းဟန် မမြင်ပါလား။ ရွာပြန် တာလား”
လူလှသည် လှည်းကျင်းနေသော အေးကြိုင်အား ခပ်လှမ်းလှမ်းမှ မေးယင်း လျှောက်လာသည်။
“ဪ… ကိုသိန်းဟန်လား၊ ရွာချောင်းဘက် သွား တယ်။ ချိတ်တော့ ယူသွားတယ်။ ကဏန်းနှိုက်သွားတယ် ထင်တာပဲ”
အေးကြိုင်သည် တချက် မော်ကြည့်လိုက်ပြီး အောက်ပြန်ငုံကာ အလုပ်ဆက်လုပ်နေသည်။ လူလှ မျက်နှာကို စေ့စေ့မကြည့်ချေ။ ကြည့်စရာလည်း အကြောင်း မရှိတော့။ တယောက် တဘဝစီ ဝေးခဲ့ပြီ ဖြစ်သည်။
မှန်သည်၊ အေးကြိုင်နှင့် လူလှတို့ ဇာတ်လမ်းသည် တခန်းရပ်ခဲ့ပြီ။ နီးနေလျက်နှင့် ဝေးခဲ့ရပြီ။ဤသည်မှာ ဦးဘိုးဟန်ကြီးအား စင်ပြိုင်လုပ်ခဲ့ခြင်းကြောင့် ဖြစ်ရသော အကျိုးဆက်ဖြစ်သည်။
တာတမံ ကိစ္စဖြင့် တယောက်ကို တယောက် မကျေမလည် ဖြစ်ခဲ့ကြပြီး လူလှနှင့် ရှည်ငံနေသော အေးကြိုင်အား တဘက်သတ် ပိုးနေသူ သူ့သားနှင့် ညားဖြစ်အောင် ကပြောင်းကပြန် လုပ်ခဲ့သည်။
လူလှအား စိန်ခေါ်သည့် သဘောပင်။
ဤကိစ္စကြောင့် လူလှသည် အသည်းနှလုံး ဆတ်ဆတ်ခါအောင် နာကျည်းခံပြင်းခဲ့သည်။
သူကြိုးစားခဲ့သော ရွာချောင်း တာတမံပိတ်ဖို့ကိစ္စကိုပါ အနိုင်ယူလိုက်သော အခါတွင်ကား ဆိုဖွယ်ရာမရှိအောင် ခံပြင်းမိလေသည်။
ယခုလို နှစ်ယောက်သား တွေ့ကြရာတွင် အေးကြိုင်ရော လူလှပါ ရင်ခုန်ကြသည်။ အေးကြိုင်သည် နေရာမှ စကားပြောသည်။
“ကိုသိန်းဟန် တွေ့ယင် ပြောလိုက်စမ်းပါ။ ခပ်စောစော ပြန်လာပါလို့”
“အကြိုင်”
လူလှ၏ ခေါ်သံသည် တိုးတိုးနှင့် ညင်ညင်သာသာ ကလေးဖြစ်သည်။
“ကိုလူလှ … ဘာတုံးတော်”
အေးကြိုင်သည် လူလှက သူ့အား တစုံတခု ပြော တော့မည်ထင်ကာ မျက်နှာကို ငုံ့မြဲ ငုံ့ထားပြီး မဝံ့မရဲ ပြန်မေးသည်။
“သိန်းဟန်ကို တွေ့ယင် မြန်မြန်ပြန်ဖို့ ငါပြောလိုက်ပါ့မယ်”
ပြောပြောဆိုဆို ခပ်သွက်သွက် လှမ်းထွက်သွားသော လူလှ၏ ကျောပြင်ကို ငေးကြည့်ကာ အေးကြိုင်သည် သက်ပြင်းတချက် ချလိုက်မိသည်။
X X X X X X X X X
“ဟေး သိန်းဟန်၊ ဟေး သိန်းဟန် … သိန်းဟန်ရေ”
ရွာချောင်းရိုးတလျှောက်၌ မီးတုတ်ကိုယ်စီနှင့် ခေါ်သူ ခေါ်၊ ရှာသူ ရှာနှင့် ဆူဆူပူပူ ဖြစ်နေကြသည်။
သိန်းဟန်တယောက် ကဏန်းနှိုက်သွားရာ သူများတကာ အသီးသီး ရောက်ကြသော်လည်း သူ ပြန်မရောက်သောကြောင့် တရွာလုံး ချီပြီး ရှာကြခြင်း ဖြစ်သည်။
ညဉ့်သည် တဖြည်းဖြည်း နက်လာသည်နှင့်အမျှ စိုးရိမ်တကြီး ခေါ်သံများသည် ပို၍ပင် ကျယ်လောင်လာကြသည်။
“ဟေး သိန်းဟန်၊ သိန်းဟန်ရေ … ဟေး… သိန်းဟန်”
ဘယ်လောက်ပင် ခေါ်သော်လည်း သိန်းဟန်၏ ပြန်ထူးသံ အစအနပင် မကြားရ။ တယောက်တပေါက် တိုးတိုး တိုးတိုး ထင်မြင်ချက်ကို ပြောလာကြသည်။
လူအများ၏ သံသယအဖြစ်ဆုံးက လူလှ။ သိန်းဟန်နှင့် လူလှကို မရှေးမနှောင်း မြင်လိုက်ကြသူတွေလည်း ရှိသည်မဟုတ်ပါလား။
လက်လျှော့၍ ရွာသို့ ပြန်ကြသောအခါ အေးကြိုင်၏ တရှုပ်ရှုပ်ငို၍ ပြောသောစကားများကြောင့် ဦးဘိုးဟန်သည် ဒေါသ ချုပ်တည်းမထားနိုင်ပဲ ပေါက်ကွဲတော့သည်။
“ဟေ့ကောင် လူလှ၊ မင်း ငါ့သားကို သတ်ခဲ့တယ် မဟုတ်လား။ ဟင် … ခွေးကောင် ပြောစမ်း၊ မင်းကိုပါ ငါ သတ်မယ်ဟေ့”
ပြောပြောဆိုဆို ဓားကိုယမ်းကာ ပြေးဝင်လာသည်။
အနီးအနားမှ ရွာသားအချို့က အချိန်မီ လှမ်းဆွဲ ထားကြသည်။
“ဟုတ်တယ်။ ရှင် ကျွန်မ ယောက်ျားကို သတ်ပစ်ခဲ့တယ် မဟုတ်လား … ဟင်။ ရှင် လူယုတ်မာ။ ရှင့်အကြံ ကျွန်မ မသိဘူး ထင်နေသလားဟင် … လူယုတ်”
အေးကြိုင်သည် လူလှအား တထစ်ချ စွပ်စွဲသည်။ ရစရာမရှိအောင် ပြောသည်။
“တောက် … စကောလောက်မှ စောက်မနက်တဲ့ကောင်။ မင်း ငါ့အကြောင်း သိမယ်။ ဟေ့ … လူလှ မင်း ငါ့အကြောင်း ကောင်းကောင်းသိမယ် … ဟင်း”
ဦးဘိုးဟန်၏ အခြေအနေ ဆိုးမည်စိုးကြသောကြောင့် လူသုံးလေးယောက် ဖျောင်းဖျခေါ်သွားကြသည်။
ဤအချိန်တွင် လူလှက မသတ်ဘူးဆိုသော်လည်း ဘယ်သူမျှ ယုံကြမည်မဟုတ်။ ထို့ကြောင့် လူလှ ငြိမ်နေသည်။
ကဏန်းနှိုက်ရာမှာ သိန်းဟန်နှင့် လူလှ တွေ့သည်ဆိုခြင်းကို သူ မငြင်းလို။ တွေ့ပြီး အေးကြိုင်မှာသော စကားကိုတောင် ပြောခဲ့သည်။ သို့သော်လည်း သိန်းဟန်အား သူ မသတ်ကြောင်းကို အခိုင်အမာပြောစရာမှာ ဘာမျှမရှိ။
တာတမံကိစ္စနှင့် ဦးဘိုးဟန်နှင့် အတိုက်အခံ လုပ်ခဲ့သည်။ နောက်ပြီး သိန်းဟန်နှင့် မယားလုဘက်။ ထိုနှစ်ခုစလုံးတွင် လူလှ အရေးနိမ့်သောကြောင့် အငြိုး ထားကာ ကလဲ့စားချေသည်ဆိုခြင်းမှာ ယုတ္တိရှိသည်ဟု ဆိုနိုင်သည်။
ဤနေ့ပင် တာတမံကိစ္စနှင့် သိန်းဟန် စကားနာထိုး ပြောသောကြောင့် လူလှ ဒေါပွသွားသည်ဟု အေးကြိုင်က ဆိုထားပြန်ရာ လူလှ ဘာမျှ မတတ်နိုင်တော့ချေ။
နောက်နေ့တွင်ပင် လူလှကို မင်းဂံရဲစခန်းမှ ဖမ်းဆီး သွားလေသည်။
X X X X X X X X X
ဤကိစ္စ အမှုမှန်မပေါ်ပဲ သူ့အပေါ် ပုံကျခဲ့လျှင် သူ့ မျှော်လင့်ချက်အားလုံး ဆုံးရှုံးမည်။ သူ၏ ရွာချောင်း တာတမံကိစ္စသည် သမုဒ္ဒရာထဲ ကျပျောက်သွားသော အပ်ကလေးတချောင်းပမာ အစရှာရတော့မည် မဟုတ်ပေ။
“နူရာဝဲစွဲ”ဆိုသကဲ့သို အဘက်ဘက်က အရေးနိမ့်နေ သည့်ကြားက ဤအမှု ဖြစ်လာပြန်သည်။
တရားခံကား ဘယ်သူနည်း။
လူလှ အမျိုးမျိုးတွေးသည်။ ဤရွာချောင်းကို မကြာ မကြာ လာတတ်သော ငနက်ကြီးကိုလည်း အရင်လဝက်လောက်က တံငါ ဘတုတ်တို့ လူစုံ ကျော့ကွင်းထောင်ပြီး ရှင်းခဲ့ပြီးပြီ။ ဒီကြားထဲမှာ နောက်တကောင် ရောက်လာသည်ဆိုခြင်းမှာ ဖြစ်နိုင်သော်လည်း မယုံစရာပင်။
အရင်တလောက ပြောသံကြားလိုက်သော “ငဖြူကြီး” ခေါ် ငါးမန်းကြီးပင်လော။ ရွာချောင်းဝ ကျောက်ဆောင်ခေါင်းထဲတွင်အလွန်ကြီးမားသော ငါးမန်းကြီးတကောင် ရှိသည်ဟု တံငါတို့၏ အဆိုအရ သိရသည်။
ကိုပုကြီးနှင့် ကိုဘတုတ်တိုနှစ်ယောက် “မျှားတန်း”ချပြီး ကြိုးတစကို သူတို့အိပ်နေသော တဲကလေးတိုင်မှာ ချည်ထားသည်။ သူတို့ အိပ်ရာမှ လန့်နိုးကြသောအခါ တဲကလေးသည် ငလျင်လှုပ်သလို လှုပ်ခါပြီး ချောင်းဘက်သို့ စောင်းသွားကာ “မျှား”ကြိုးများ ပြတ်ကုန်သည် ဆို၏။
တချို့ကလည်း ငါးရှာသွားတုန်း ၎င်း ကျောက်ကလိုင်ခေါင်းအနီးတွင် အလွန်ကြီးမားသော ဖြူဖြူအကောင်အား မြင်ရသည်ဆို၏။
ထိုမှစ၍ ချောင်းနားကမ်းနား သွားသူတို့အား ငဖြူကြီးနှင့် ငနက်ကြီးကို သတိထားပါဟု သတိပေးကြသည်။
သိန်းဟန်အား ဤငဖြူကြီးပင် အစဖျောက်လေ သလော။ ဤသည်မှာလည်း ဖြစ်နိုင်စရာမရှိဟု လူလှ တွေးလိုက်ပြန်သည်။
အကြောင်းမှာ ကဏန်းနှိုက်သွားသော သိန်းဟန် အနေဖြင့် ဤချောင်းကို ဖြတ်ကူးရန်အကြောင်း မရှိချေ။ ကုန်းပေါ်မှာ နေခြင်းဖြစ်၍ ဘယ်နည်းနှင့်မျှ ငါးမန်း လာမဆွဲနိုင်။ မိကျောင်း ဆိုလျှင်တော့ ဖြစ်နိုင်သည်။
“ငနက်ကြီး” ကိုလည်း ရှင်းပြီးပြီ ဖြစ်သောကြောင့် အတွေးရကျပ်နေသော လူလှသည် မင်းဂံရဲစခန်းတွင် တညတာ ကုန်လွန်ခဲ့သည်။
စိတ်မောလူမောနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာမှ နိုးလာသည်။
မျက်နှာသစ်ပြီးသောအခါ ဖြတ်ကနဲခေါင်းထဲကို အမှတ်တခု ဝင်လာသည်။ မနေ့က စိတ်ပူပန်သောကကြောင့် သတိမရခဲ့။
တရားခံသည် ဒါပဲ ဖြစ်ရမည်ဟု လူလှ တွေးမိသည်။
ကဏန်းနှိုက်တုန်းက သူကိုယ်တိုင်ပင် သေမင်းတံခါးဝနား ရောက်ခဲ့သည်။ ကဏန်းကို မဲနှိုက်နေသောကြောင့် အန္တရာယ်ကို မမြင်ခဲ့ခြင်း ဖြစ်သည်။
မွန်းလွှဲပိုင်းလောက်တွင် ဦးဘိုးဟန်နှင့် ရွာသားသုံး ယောက် ရဲစခန်းသို ရောက်လာကြသည်။ သူထင်သည့် အတိုင်းပင် သူ့အား ပြန်ခေါ်ပြီး တောင်းပန်ရန် လာကြခြင်း ဖြစ်သည်။
သိန်းဟန်ကို လူလှ မသတ်သည်မှာ ထင်ရှားနေပေပြီ။
ရွာအပြန်လမ်းတွင် ဦးဘိုးဟန်သည် သူ၏အမှားကို နောင်တရစွာ တဖွဖွပြောနေသည်။
“သိန်းဟန် သေရတာဟာ ဘယ်သူ့ကြောင့်မှ မဟုတ် ပါဘူး။ အဘရဲ့ လောဘ၊ မောဟ၊ မာနတွေကြောင့် သေရတာပဲ လူလှရဲ့။ တရားခံဟာ အဘပါပဲကွာ”
“ဒီလိုလဲ ဘယ်ဟုတ်အုံးမလဲ အဘရာ။ စိတ်မကောင်း ဖြစ်မနေပါနဲ့တော့။ ဖြစ်ဖိုရှိလို့ ဖြစ်ရတယ်ပဲ သဘောထားပါ”
လူလှက ဖေးဖေးမမစကား ဆိုသည်။ သို့သော် ဦးဘိုးဟန်က မလျှော့။
“အဘကြောင့်ပါ လူလှရာ။ အစကထဲက လူထုတို့နဲ့ ပူးပေါင်းပြီး ဒီတမံကို ဖြိုခဲ့ယင် ငဖြူလဲ ဝင်နိုင်မှာ မဟုတ်ဘူး။ ငနက်လဲ ဝင်နိုင်မှာ မဟုတ်ဘူး။ ခုတော့ တကိုယ်ကောင်းဆန်ချင်တဲ့ အဘရဲ့ မိုက်ပြစ်ကြောင့် ဒီလို မဖြစ်သင့်တာ ဖြစ်တာပါပဲ”
ဦးဘိုးဟန်သည် စိတ်ထိခိုက်စွာ တတွတ်တွတ် ပြောနေသည်။
“သိန်းဟန် သေတာဟာ ကလဲ့စားချေတာပဲ အဘရဲ့ ။ ဒီလိုလေ။ ဟိုလဝက်လောက်က ငနက်ကြီးကို သတ် ပစ်လိုက်တော့ ဥ,ဥနေတဲ့ မိချောင်းမကြီးဟာ ရွာသား တွေအပေါ် အငြိုးထားပြီး အကွက်ပေါ်လာတာနဲ့ လက်စားချေသွားတာပဲ”
ဦးဘိုးဟန်တိုလူစုသည် လူလှ စကားကို ငြိမ်သက်စွာ နားထောင်နေပြီး ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံနေကြသည်။
“ကျွန်တော့်အထင်အရ ပြောရယင် သူ့ရဲ့ အသိုက် ဟာ သိန်းဟန်နဲ့ ကျွန်တော် တွေ့ခဲ့တဲ့ နေရာအနီးမှာပဲ။ ဒီနေရာမှာ ငှက်ကြီးတောင်ပင်တွေလဲ အင်မတန် ရှုပ်တယ်”
“အင်း … အင်း – မောင်လူလှ ပြောတာ “မော်ဖျား” ကွေ့ကို ပြောတာနဲ့ တူတယ်။ ဒီနေရာ ငါလဲ သင်္ကာရနံ့
မကင်းခဲ့ဘူး။ သိန်းဟန် အလောင်းတဝက် ပြန်ရတဲ့နေရာနဲ့လဲ သိပ်မဝေးဘူး”
တချိန်လုံး ငြိမ်နားထောင်နေသော သာဒုတ်က ဝင် ပြောသည်။
“ဟုတ်တယ် ကိုသာဒုတ် … ဒီနေရာပါပဲ။ ဒီကောင်မ ကြီးကို ကျွန်တော်တို့ ရှင်းပစ်ဖို့ တာဝန်ယူပါတယ် အဘရာ။ နောင် ဒီအဖြစ်မျိုးနဲ့လဲ မကြုံအောင်၊ ရပ်ရွာလဲတိုးတက် ကြီးပွားအောင်၊ ဒီရွာချောင်းကြီးကို ပိတ်ဖို့သာ အဘ ကြိုးစားအကူအညီပေးပါတော့ဗျာ”
လူလှသည် ဝင်လာသော အခွင့်အရေးကို လက်လွတ်မခံပဲ အရေးဆိုလိုက်သည်။
“အဘ စဉ်းစားပြီးပါပြီ လူလှရာ၊ အဘဆုံးဖြတ်ပြီးပါပြီ”
လူလှတို့ ရွာတောင်ကြီးနား ရောက်ချိန်တွင် နေ အတော်စောင်းနေပေပြီ။ ကွင်းပြင်ကိုဖြတ်၍ တိုက်ခတ်လာသော လေပြည်သည် လူလှတို့ မျက်နှာကို ကျီစယ်နမ်းရှုပ်သွားသည်။
ဤ လေပြည်နှင့်အတူ ရွာသူရွာသားများ၏ အခြေအနေဆိုးများလည်း ဇာတ်သိမ်းလွင့်ပါသွားကြပြီး ကြီးပွားတိုးတက်လာတော့မည် ဖြစ်ပေသည်။
ငွေတာရီမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၀
– ပြီး –
စာရေးသူ – ခိုင်ဇာထွန်း (ကျောက်ဖြူ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
မုဆိုး တံငါ စာပေများ ပေ့ချ်မှကူးယူဖော်ပြသည်
Uncategorized