ဂျာနယ်ကျော်မမလေး

ဒေါ်လုံမကြီးသည် ရင်ကို ထုလေ၏
ရင်ကိုထုရင်း “ ကိုဘိုးချက်ရေ…. အေ-ကိုဘိုးချက်ရဲ့ ” ဟု စိတ်ရှိလက်ရှိ ကုန်းအော်ပစ်လိုက်၏။
ဒေါ်လုံမကြီး၏ အသံကို ကြားကြားသမျှသော အနီးအနားရှိ အိမ်နီးနားချင်းများသည် ဦးချက်ကြီး သေပါပကောဟု ချက်ချင်း သိကြရသည်။
နေ၀င်ဖျိုးဖျအချိန်၌ ရုတ်တရက်ကြီး ဖုံးလွှမ်းသွားသော ငိုကြွေးသံသည် တစ်ရပ်လုံး ချောက်ချားထူပူသွားစေ၏။ လမ်းထောင့်က တိုက်အိမ်ကြီး၏ အပေါ်ထပ်မှ ပြတင်းတံခါး ပွင့်လာကာ တံခါးပေါက်၌ မိန်းမသုံးယောက် ခေါင်းပြူလျက် ဒေါ်လုံမကြီး၏ တဲပုတ်ကလေးကို ငုံ့ကြည့်လိုက်ကြသည်။
ဒေါ်လုံမကြီးသည် တဲကပြင်တွင် လမ်းဘက်သို့ ကျောခိုင်းထိုင်လျက် ရင်ကိုထုကာ ထုကာဖြင့် ငယ်သံပါအောင် ကျုံးအော်ခေါ်လိုက်ပြီးနောက် တဲခါးပန်းကို နဖူးနှင့်ထိလုအောင် ကုန်းလျက် လက်နှစ်ဖက်ဖြင့် အားရှိပါးရှိ ဆုပ်ကိုင်ထားပြီး “ အောင်မယ်လေး၊ ကျုပ်ကို တော် ပစ်သွားတာ၊ ကျုပ် ဘယ်သူနဲ့ နေရမှာလဲ ကိုဘိုးချက်ရဲ့ ” ဟု နာကျင်အက်ကွဲသော အသံကြီးဖြင့် အော်နိုင်သမျှ ညှစ်အော်ပြောလေ၏။
ဒေါ်လုံမကြီးသည် ခင်ပွန်းသည် အသက်ပျောက်စ မဖြေဆည်နိုင်အောင် ဖြစ်သွားလေသည်။ ရင်ထဲရှိတာတွေ ပါးစပ်က ထုတ်လိုက်ရမှ ဖြစ်နိုင်မည့် အခြေအနေသို့လည်း ရောက်ရှိနေသည်။ မထိန်းနိုင် မသိမ်းနိုင် အသံကုန်အော်ဟစ်လျက် မြန်မြန်ကြီးပြောကာ ပြောသံထဲတွင် အူလန်အသည်းလန် ငိုသံကြီးပါ ရောနှောနေ၍ မသာအိမ်ဆီသို့ ထွက်ကြည့်သူတို့၏ နားထဲတွင် ပြင်းပြသွားလျက် ရင်ထဲ၌ မြည်ဟည်းသွားကြလေ၏။ တိုက်အိမ်ကြီး အပေါ်ထပ်မှ မိန်းမသုံးဦးတို့အနက် ခပ်ရွယ်ရွယ် မိန်းကလေးမှာ ရင်ထဲက နောက်လာသည်။
တဲပေါ်၌ လမ်းဘက်သို့ ခေါင်းပြုလျက် အသက်ပျောက်သွားသော ဦးချက်ကြီး၏ ကိုယ်ခန္ဓာကြီးမှာ သေခါနီးမှ ၀မ်းဗိုက်က ပို၍ ရောင်ဖောင်းလာသည့်အတွက် လှမ်းလှမ်းက ကြည့်လျှင် တောင်ပို့ကဲ့သို့ မြင့်မို့နေသော ဗိုက်ကြီးသည် အောက်တစ်ပိုင်းကို ကွယ်နေ၏။ သေသူကား မချိမဆံ့ နာကျင်သော မျက်နှာဖြင့် တွန့်ရှုံ့နေ၏။ ဝေဒနာခံစားနေရတုန်းကဲ့သို့ ပါးစပ်တစ်၀က် ဟနေ၏။
ကြွင်းကျန်ရစ်ခဲ့သော ရုပ်ကလာပ်သည် အိုသော ရုပ်လည်း ပေါ်၏။ နာသောရုပ်လည်း ပြ၏။ နှလုံးအခုန် ရပ်စဲကြောင်းမှာ အထင်အရှားဆုံး ဖြစ်လေ၏။
အထူးသဖြင့် ခြေနှင့်လက်သည် လူ့လက် လူ့ခြေများနှင့် မတူဘဲ ဆင့်လက် ဆင့်ခြေကဲ့သို့ ခုံးခုံးကြီး တင်းပြောင် တုတ်ဖောင်းလျက် မဲသဲနေလေ၏။ အင်္ကျီ၀တ်ခဲသော ဦးချက်ကြီးးသည် သေရာတွင်လည်း အင်္ကျီကို ၀တ်မထားချေ။ အပြင်သွားရင် ၀တ်ရန်ထားသော ဖျင်အင်္ကျီလက်တိုတစ်ထည်မှာ ဖောရောင်လာမှ စွပ်လို့ သွတ်လို့မရသဖြင့် ခြေရင်းဘက် တဲထရံ၌ ချိတ်လျက်အတိုင်းပင် ရှိနေသည်။
အင်္ကျီပေါ်၌ ထုံးခြောက်ရောင် ပဝါဟောင်းတစ်ပိုင်းတင်ချိတ်ထားလေသည်။ ပဝါလေးမှာ နွမ်းနယ် မည်းညစ်နေလေပြီ။ သွားစရာ လာစရာရှိလျှင် ခေါင်းတွင်ပတ်ရစ်ကာ လူထဲသူထဲ ၀င်ရသော ပစ္စည်းမို့ ဦးချက်ကြီး အသုံးအဆောင်ထဲ၌ လူရာ၀င်သော ပစ္စည်းတစ်ခု ဖြစ်သည်။ ဟောင်းနွမ်း ညစ်ပေနေသော ပဝါကလေးသည် တဲထရံ၌ တွဲလောင်းကျနေကာ သူ့ကို စွန့်ပစ်ခဲ့ခြင်းကို မချိတရိဖြစ်ကာ နွမ်းရိကြေပျော့နေပေ၏။
နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးစလုံး အင်္ကျီ၀တ်ခြင်း နည်းခဲ့၍ အလောင်း၏ ၀မ်း၊ ရင်ရှိ အသားအရေသည် ကျွဲအရေကဲ့သို့ နက်ကြုတ် ကြမ်းထူ၍နေပေ၏။ အိုမင်းမစွမ်းရှိခါမှ ဂိုဒေါင်တစ်ခု၌ ညစောင့်ဒရ၀မ် လုပ်ခြင်းဖြင့် အသက်မွေး၀မ်းကျောင်းရသောကြောင့် ညအိပ်ပျက်ဖန် များထားခြင်းကို ဖော်ပြသော မျက်လုံးအစုံကား အသက်ပျောက်တာနှင့် ဟောက်ချိုင့်၀င်သွားကြလေပြီ။
အလောင်းဘေး၌ တဲထရံဖြင့် မှီထောင်ထားသော တောင်ဝှေးတစ်ချောင်းနှင့် ညအခါ ဂိုဒေါင်ပတ်ပတ်လည် လျှောက်လှည့်ကြည့်ရန် သူဌေးက ပေးအပ်ထားသော လက်ဆွဲမီးအိမ်ကလေးတစ်လုံး ရှိသည်။
တောင်ဝှေးနှင့် လက်ဆွဲမီးအိမ်တို့လည်း “ ကျုပ်ကို ပစ်သွားတော့ ဘယ်သူနဲ့ နေရမှာလဲတော့် ” ဟု အော်ဟစ်ငိုယိုနေရှာသော ဒေါ်လုံမကြီးနှင့်အတူ လိုက်၍ မျက်ရည်တတောက်တောက် ကျနေကြဘိသကဲ့သို့ပင်….။
ဒေါ်လုံမကြီးသည် တဲခါးပန်းမှ ခေါင်းကို ထူထောင်လျက် ကိုယ်ကြီးကိုနောက်သို့ ကော့လန်ကာ “ အသေဆိုးလေခြင်း…အေ….ကိုဘိုးချက်ရဲ့ ” ဟု ထပ်၍ဟစ်ကြွေးမြည်တမ်းလိုက်စဉ် ဖုတ်ဖုတ် ဖုတ်ဖုတ်ဖြင့် ဒုန်းချပြေးလာကြသော ခြေသံများကို ကြားမိ၍ တဲခါးပန်းပေါ်သို့ ပြန်ကိုင်းကျတော့မည့် ကိုယ်ကြီးကို ထိန်းလျက် ခေါင်းကို လိမ်၍ ကြည့်လေ၏။
တဲ၀င်းထဲသို့ ဆံပင် ဖိုးရိုးဖားရားဖြင့် မိန်းမနှစ်ယောက် ကဆုန်ချပြေးလာနေကြ၏။ တဲပေါ်သို့ မရောက်ခင်ပင် “ အဘရေ….အဘရဲ့ ” ဟု ပြိုင်တူ သံကုန်းအော်ဟစ်ခေါ်ကြကာ ပြေးတက်လာကြ၏။
အော်ဟစ်လာကြသော အသံများသည် မီးလောင်ရာ လေပင့်ပေးလိုက်သလို ဒေါ်လုံမကြီး၏ မီးအုံးထားသော အသည်းနှလုံးကို တဟုန်းဟုန်း ထလောင်တောက်သွားစေအောင် အားကောင်းလာကာ သူတို့နှင့် အတူတူရော၍ အားရပါးရ လွှတ်အော်ငိုပစ်လိုက်နိုင်လေ၏။
အလောင်းကို ဝိုင်းအုံလျက် ကျွက်ကျွက်ညံ အော်ငိုလိုက်ကြသော မိန်းမသုံးယောက်အသံကား ကျန်ရစ်သူများအဖို့ နောက်ဆုံးပြုခြင်းမျိုး မီးကုန်ယမ်းကုန် ဟစ်ငိုနေကြ၍ ဆူညံမစဲနိုင်အောင် ရှိနေပေ၏။ ဦးချက်ကြီး မမာနေစဉ်က သမီးများမှာ အဘနားတွင် ကိုယ်ဖိရင်ဖိ လာရောက်ကာလည်း မပြုစုနိုင်ကြ။ ကိုယ့်သားသမီး ကိုယ့်အိမ်ထောင်အတွက် တစ်နေ့ရှာမှ တစ်နေ့အနိုင်နိုင် စားကြရသူတွေမို့ အဘအတွက် မမာနေတုန်း ဓာတ်စာ ဆေးဝါးဖိုးကလေးသော်မျှ တစ်ကျပ်တစ်ပြား မထောက်ပံ့နိုင်ကြပေ။ နောက်ပိတ်ဆုံး သေသွားခါမှသာ ပြေးလာကြကာ တတ်အားရှိသ၍ ခွန်အားရှိသလောက် ကျုံးအော်ငိုကြရလေ၏။
တဲရှေ့ရှိ တမာပင်ကြီးထက်၌ အိပ်တန်းတက်ရန် ကျေးငှက်ကလေးများ ပျံသန်းလာကြရာ ညနေတိုင်း တမာပင်ပေါ်၌ ဟိုခုန် သည်ကူးဖြင့် ဆူဆူညံညံ ပြုတတ်ကြသော ကျေးငှက်အုပ်သည် မသာအိမ်မှ ငိုသံများကို ထိတ်လန့်တကြား ရှိကြကာ ဆိတ်ငြိမ်စွာ ၀ပ်တွားနားနေကြလေ၏။ ရွက်ရော်ကလေးများလည်း သစ်ကိုင်းထက်မှ ဖြည်းညင်းစွာ သက်ဆင်းနေကာ လေထဲတွင် တဝေ့ဝေ့ လွင့်ပါလျက် ရှိနေကြသည်။
တဲထဲ၌ တော်တော်နှင့် ဆူညံမစဲနိုင်အောင် ဖြစ်သွားပြီးနောက် ငိုသံများသည် တိတ်သွားကြလေသည်။
ဒေါ်လုံမကြီးသည် သမီးကြီး မကြိုင်နှင့် သမီးငယ် မမြိုင်တို့ကဲ့သို့ တစ်ပြိုင်တည်း ကျောက်ရုပ်လို တစ်ခဏ ငြိမ်သက်သွားသည့် အတောအတွင်း ရင်ထဲတွင် မျိုသိပ် ဖုံးဖိထားလို့ မရနိုင်သော အလုံးကို မသက်သာလွန်း၍ အန်ထုတ်ပစ်လိုက်ချင်လာသည်။ ထို့ကြောင့် မကြိုင်နှင့် မမြိုင်ဘက်သို့ လှည့်ကာ မျက်နှာမထားတတ်ထားတတ်နှင့် ငိုမဲ့မဲ့ ဖွင့်အန်ပြောပြလိုက်၏။
“ မနက်က ညည်းတို့အဘက ငါ့ကို “ လုံမ… ငါ ကာဖီရည်လေး သောက်ချင်လိုက်တာဟယ် ” လို့ တငင်ငင်ပြောနေတာနဲ့ “ ပိုက်ဆံမရှိရတဲ့အထဲ သေခါနီးမှ တစ်မျိုးပြီးတစ်မျိုး ငမ်းနေရသလားဟဲ့ ” လို့ စိတ်ပေါက်ပေါက်နဲ့ အော်လိုက်ငေါက်လိုက်မိတယ်အေ ”
မကြိုင်နှင့် မမြိုင်သည် အလောင်းနားတွင် မျက်နှာ ဘယ်လိုထားရမှန်း မသိကြ၍ မြန်မြန် ခေါင်းကို ငုံ့ချလိုက်ကြကာ မျက်နှာကို ကွယ်ဝှက်ထားလိုက်ကြ၏။
ဒေါ်လုံမသည် အလောင်းကြီးကို ပြန်လှည့်ကြည့်ကာ လက်များကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ကြိတ်မနိုင် ခဲမရဖြင့် “ ပိုက်ဆံတစ်ပြားမှ မရှိလို့ တော်သောက်ချင်လှတဲ့ ကာဖီရည်ကို ၀ယ်မတိုက်တာပါတော့်၊ ကျုပ်ကို တစ်သက်လုံး စိတ်မကောင်းအောင် လုပ်သွားတာလားဟင် ” ဟု အော်ကြီးဟစ်ကျယ် ပြောလိုက်လေ၏။ မကြိုင်တို့လည်း ရင်ထဲ၌ နင့်သွားကြကာ မျက်ရည်တွေက တပေါက်ပေါက် ကျလာကြသည်။
“ အောင်မယ်လေး သေခါနီး သောက်ချင်လှတဲ့ ကာဖီရည်ကလေးမှ မသောက်သွားရရှာဘူး၊ အသေဆိုးလှချည်ရဲ့ အရပ်ကတို့ရဲ့ ”
ဒေါ်လုံမသည် ရင်နာနာနှင့် ခုနှစ်သံတက်၍ ဟစ်အော်ငိုပြောလိုက်မိလေ၏။
ကြားရသူတိုင်း မည်ကဲ့သို့ နေကြမည် မသိ။ ဒေါ်လုံမသည် သူ့အသံကို သူပြန်ကြားကာ ပြောရင်း၊ ငိုရင်းမတ်တတ် အရပ်ကို အာရုံရောက်သွားလျက် ပစ်အားကိုးလိုက်မိ၏။
မကြိုင်နှင့် မမြိုင်သည် ငုံ့နေရာမှ တိုက်နောက်ဖေး တံခါးပေါက်က ထွက်ကြည့်နေသော သူများကို လှမ်းမော့ကြည့်လိုက်ကြသည်။ လူတွေ ကြည့်နေခြင်းကို မြင်ခါမှ ပိုငိုချင်လာကာ တရှုပ်ရှုပ် ငိုကြပြန်လေသည်။
မကြိုင်သည် ငိုနေခိုက် လျင်သောမျက်စိဖြင့် အမေ့ကို ကပျာကယာ လက်တို့ပြလိုက်ကာ “ အဘရေ၊ အဘသမီးတွေကို ထကြည့်လိုက်ပါဦးလား၊ အဘရဲ့ ” ဟု ယူကျုံးမရဖြစ်စွာ ရင်ကွဲမတတ်အောင် ငိုလိုက်ပြန်သည်။
တကယ်တော့လည်း ထကြည့်စေချင်လှသည့် စိတ်က တော်တော်၊ ပါးစပ်ဖျားတွင် ကပျာကယာ ရှာရသော စကားဖြင့် လူလာ၍ ငိုလိုက်ချင်တာကြောင့် ငိုရရှာတာသာ ဖြစ်သည်။
တိုက်အိမ်ပေါ်မှ ဆင်းကာ တဲ၏ ခြံရှေ့သို့ ရောက်လာသော သားသားနားနား ၀တ်စားထားသည့် မိန်းမကို မြင်မြင်ချင်း ဒေါ်လုံမကြီးသည် လျင်မြန်သောအဟုန်ဖြင့် တဲအောက်သို့ ရောက်အောင် ဆင်းကာ ပြေး၍ ခရီးဦးကြိုပြုလေသည်။
“ သမီးကြီးရယ်၊ အမေကြီးတော့ မုဆိုးမ ဖြစ်ပါပြီ၊ အမေ့ဒုက္ခကို မြင်ဝံ့သေးရဲ့လား၊ ကယ်ကြပါဦး သမီးတို့ရဲ့ ”
အင်မတန်ကို ခယ ၀ပ်တွား တိုးလျှိုး အောက်ကျို့နိုင်သော အသံလေးတုန်တုန်ဖြင့် တဲ၀က ဆီးငိုရင်း ခရီးဦးကြိုဆိုလိုက်ပေသည်။ သတင်းမေးလာသော မိန်းမမှာ တဲနားသို့ မရောက်သေးခင် ရပ်လျက် မျက်နှာမကောင်းစွာ ဒေါ်လုံမကြီးကို စိုက်ကြည့်နေလေသည်။
“ အစ်မကြီးရေ၊ အဘ မရှိတော့ဘူး အစ်မကြီးရဲ့၊ အစ်မကြီး သကြားပေးတာ ကျေးဇူးတင်လိုက်တာဆို အဘရဲ့၊ အစ်မကြီးကို ထပြောပါဦးလား အဘရဲ့ ”
မမြိုင်က နဂိုက ဘယ်လောက်ပင် အအ၊ သည်နေရာမှာ သူ့ကို မသင်မကြားရဘဲ အရိပ်အကဲလောက်ဖြင့် နားလည်ပါးလည်ရှိကာ သွက်လက်လာသည်။
“ အစ်မကြီးရယ် အပေါ်တက်ပါ တက်ပါ ” ဟု တောင်းတောင်းပန်ပန် ပြောခေါ်ကြသော်လည်း သတင်းမေးလာသော မိန်းမသည် တဲပေါ်သို့ တက်ထိုင်ရန် ခဲယဉ်းနေ၏။ ဦးချက်ကြီး အလောင်းကြီးနှင့် သမီးနှစ်ယောက် ထိုင်နေခြင်းဖြင့်ပင် တဲပုတ်ကလေးမှာ နေရာပြည့်သလောက် ရှိနေရာ တဲပေါ်သို့ မတက်လိုဘဲ တဲကပြင်တွင် ခြေတွဲလောင်းချလိုက်ကာ ကိုယ်စောင်း ၀င်ထိုင်လိုက်သည်။ ညအိပ်ရာ၀င် မျက်စိထဲမြင်နေမည်စိုး၍ အလောင်းကြီးကို စိုက်ပြီး မကြည့်ရဲဘဲ တစ်ချက်သာ လှမ်းကြည့်ရုံပင်ကြည့်လိုက်၏ ထိုနောက် မျက်နှာမကောင်းလှဘဲ ငြိမ်သက်စွာ ရှိနေပုံကို ပြသောမချမ်းမသာ ဟန်အမူအရာများသည် ဒေါ်လုံမတို့အား နှစ်သိမ့်နေသကဲ့သို့ ရင်ထဲ၌ ခံသာရသလောက် ရသွားကြသည်။
“ ခံလိုက်ရတာနော်၊ မမာတာ သုံးလလောက် ရှိမလား၊ ‘ ခင် ’ တို့လည်း မအားတာနဲ့ တစ်ခေါက်မှ သတင်းမေးတောင် မရောက်နိုင်ဘူး ”
ဦးချက်ကြီး မသေခင်က တစ်ခေါက်မျှ မရောက်လာနိုင်ခြင်းအတွက် မိမိအား ခွင့်လွှတ်စေချင်သော သဘောနှင့် အပြောမျိုး လုံးလုံး မဟုတ်စေကာမူ ၀တ်ကျေတန်းကျေ ကြည့်ကောင်းအောင် ပြောနေစေကာမူ တိုက်နှင့် တဲနှင့် ကပ်နေပါလျက် မမာတုန်းက တစ်ခေါက်တလေ လာမေးဖော် စမ်းဖော် မရခြင်းကို ဒေါ်လုံမကြီး၏စိတ်ထဲ၌ မည်သို့မျှ မဖြစ်၊ ဘယ်လိုမျှ မအောက်မေ့သည်ကို ကျမ်းကျိန်၍ပင် ပြောရဲပါသည်။ တိုက်ပေါ်ကလူများ မကျန်းမမာ ဖြစ်လျှင်သာ ကိုယ်က အချိန်မရွေး သွားနှိပ်နင်းပေးရသည်။ ပစ္စည်းရှင်များက ခင်ခင်မင်မင် အနှိပ်ခံကြကာ တိုက်ထဲသို့ ၀င်နိုင်ခွင့်၊ ထွက်နိုင်ခွင့် ရှိခြင်းက နည်းတဲ့ကျေးဇူး မဟုတ်ဘူးဟု အောက်မေ့ရသေးသည်။
ဒေါ်လုံမကြီးသည် နံနက်စာ ချက်ပြုတ်စားသောက်ပြီးတာနှင့် တစ်ညလုံးအိပ်ပျက်ခဲ့၍ တခေါခေါ ဟောက်အိပ်နေရစ်ခဲ့သော ဦးချက်ကြီးနှင့် တဲကို ပစ်ကာအရပ်ထဲ၌ တစ်အိမ်တက်ဆင်း လျှောက်သွားနေရလေသည်။
နှုတ်ချိုလျှိုတစ်ပါး၊ လူ့အောက်ကျလို့ လူပိမသေပါဘူးဟု ပါးစပ်ကလေးချိုချိုဖြင့် လူရတတ်များကို ပြားပြား၀ပ် ခယနိုင်မှုကြောင့် လူချမ်းသာပိုင်းမှ ဒေါ်လုံမကြီးကို မသိသူ မရှိသလောက်၊ အနှိပ်မခံဖူးသော အိမ်လည်း မရှိသလောက် ဖြစ်လေ၏။ သို့သော် ဘယ်၍ ဘယ်မျှဖြင့် နှိပ်စားသော အနှိပ်သည်မျိုးတော့ မဟုတ်ပေ။
“ နေမကောင်းဘူးလား သမီးကြီး၊ မညောင်းဘူးလား သမီးကြီး၊ လာလေ၊ အမေဇက်ချိုးပေးမယ်၊ အပူလည်း ထုတ်ပေးပါ့မယ် ” ဟု တတ်သလောက် မှတ်သလောက် နင်းနှိပ်ပေးတတ်၏။
နှိပ်ပေးနေရင်း အညောင်းပြေ အကြောလျှော့သူကို မပျင်းကြအောင် မိမိ ၀င်ထွက်သွားနေသော အိမ်များ၏ သတင်းမျိုးစုံကို မြိန်မြိန်ရှက်ရှက်ကြီး ဖောက်သည်ချကာ ဖျော်ဖြေရလေသည်။ လက်က မရပ်မနား နှိပ်ပေးနေသလို ပါးစပ်ကလည်း ပါးလျားသော နှုတ်ခမ်းကလေးကို စုလျက် မျက်ခုံးချီကာ မေးထိုးကာဖြင့် မဆုံးနိုင်အောင် မမောမပန်းပြောနှိပ်ပေးလေ၏။
အနှိပ်အနင်း မခံလိုကြလျှင်လည်း သနပ်ခါး တစ်ကျောက်ပျဉ်ဖြစ်စေ အတင်းအဓမ္မ သွေးပေးသွားတတ်သည်။ အိမ်ကြီးရှင်များ၏ အလိုက်သိကာ လက်တိုလက်ရှည် ဖင်ပေ့ါလွန်းသဖြင့် အိုကြီးအိုမအရွယ်နှင့် မလိုက်အောင် ဖျတ်လတ်ပေါ့ပါးပေ၏။
ဤသို့အားဖြင့် တစ်နေကုန်တစ်နေခန်း တစ်အိမ်တက်ဆင်း လျှောက်သွားရလျက် ဟိုတိုက်က၊ သည်အိမ်က ပေးလိုက်ကမ်းလိုက်ကြသော တစ်ကျပ်၊ ငါးမူး ငွေကိုခါးထဲ လိမ်ကာ ညနေစောင်းမှ အိမ်ပြန်လာရစမြဲ ဖြစ်သည်။
ဒေါ်လုံမကြီး၏ နှုတ်ဖျားက ချိုချို ချိုချို ပြောတတ်ခြင်းကို နား၀င်သာ ချိုကြသော်လည်း ရင်ထဲကတော့ မချိုကြပေ။ စကားပြောလျှင် သူ့ကိုယ်သူ အမေ….အမေ ဟု ထည့်ပြောတတ်၍ အူထဲက မဟုတ်သော်ငြားလည်း အမေ….အမေ ဟု ပါးစပ်ဖျားကတော့ ခေါ်ကြ၏။
“ အမေ့ကို အားလည်း နာပါရဲ့၊ ကလေး အနှီးလေးတွေ လျှော်ပေးစမ်းပါ အမေရယ် ” ပြောက “ အားမနာပါနဲ့ သမီးကြီးရဲ့၊ ခိုင်းစရာရှိရင် ခေါ်သာခိုင်း၊ အမေက ဘာမှ အလုပ်မရှိတာ သမီးလည်း အသိ၊ ဒိပြင်ကော ဘာလျှော်ရဦးမလဲ ပေး သမီး ” ဟု လိုတာထက် ပိုအောင်ကို ရွှန်းရွှန်းဝေဝေ ပြောတတ်ဆိုတတ်၏။
လူကုံထံအပိုင်းမှ ကိုယ့်သမီးအရွယ်၊ ကိုယ့်သားအရွယ်၊ ကိုယ့်မြေးအရွယ်ကလေးဖြစ်ပေစေ နှိမ့်ချ ဆက်ဆံဖို့ရန် ဦးမလေးပေ။ ငတ်ပြတ်လွန်း၍ အရွယ်နှင့် မလိုက်အောင် မရှက်မကြောက် အောက်ကျို့ရလွန်းသည့်အတွက် သည်စိတ်မျိုးမှာ အသားသေနေပြီးသား၊ ဦးကျိုးနေပြီးသား ဖြစ်၏။
ဦးချက်ကြီး မမာနေတုန်းက ခြေဦးပင် မလှည့်ကြဘဲ ငိုသံကြားမှ သတင်းမေးလာသော တိုက်ပေါ်က လူမျိုးအား ဒေါ်လုံမကြီးက ခွင့်မလွှတ်နိုင်စရာ အကြောင်းမရှိ။ ခွင့်မလွှတ်နိုင်သည့် လူတန်းစားချင်းလည်း မဟုတ်။ စိန်တွေ ရွှေတွေ သီးနေသော လူချမ်းသာမတစ်ဦး တဲကုပ်ကလေးပေါ် ရောက်လာသဖြင့် အမင်္ဂလာအခါကြီး၌ပင် မင်္ဂလာရှိသယောင်ယောင်။
“ ဘယ်လာနိုင်ပါ့မလဲ သမီးကြီးရယ်၊ သမီးကြီးမှာ ဝေယျာ၀စ္စက အများသား၊ အမေ သိပါတယ်၊ ခုလို လာတာပဲ တအားပါပဲ သမီးရဲ့၊ အမေ့ အားကိုစရာဟာ သမီးတို့ပါပဲ၊ ဘယ်သူ ရှိလို့တုံး၊ သူကတော့ အမေ့ကို ပစ်သွားပြီပေါ့၊ အမေတော့ ရှေ့လျှောက် ဒုက္ခကြီး ရောက်ပါပြီ သမီးရယ် ”
ဒေါ်လုံမကြီးသည် ပါးပေါ်သို့ အသွယ်သွယ် ယိုစီးကျလာသော မျက်ရည်များကို အင်္ကျီလက်ဖျားကလေးဆွဲလျက် ပွတ်သုတ်ကာ ခေါင်းမဖော်ဘဲ တရှုပ်ရှုပ် ငိုပြောနေလေ၏။
ပြောရင်း ငိုရင်း အလွန့် အလွန်လည်း ၀မ်းနည်းလာလေ၏။ ဦးချက်ကြီး သုံးလလောက် မမာနေသည့်အခိုက် ဒရ၀မ်အလုပ် မလုပ်နိုင်သဖြင့် သူဌေးက ချက်ချင်း လူစားသွင်းပစ်လိုက်ရာ သုံးလအတွင်း ဘယ်ကမှလည်း ၀င်ငွေမရှိ၊ တစ်ကျပ် ငါးမူးရဖို့အရေး တစ်အိမ်တက်ဆင်း သွားခဖို့ရန်လည်း လူမမာနား၌ ထားခဲ့ဖို့ရန် လူခွဲမရှိ၍ လာဘ်ပိတ်ခြင်းအတွက် လူမမာနှင့်လည်း တစ်ရန်၊ သားသမီးများ ပေးကမ်းထောက်ပံ့နိုင်သော ငွေကလည်း မဖြစ်လောက်၊ လူမမာအတွက် အစိုးရ၏ အခမဲ့ မြန်မာဆေးပေးရုံက ဆရာ့ဆီမှာ ဆေးသွားတောင်းရတာ အဝေးကြီး။ ကုန်းကြောင်း လျှောက်ရလွန်းလို့ ဒူးတွေတောင် နာနေပြီ။
အိုကြီးအိုမ ဒုက္ခရောက်လှသဖြင့် ဦးချက်ကြီး မသေမီက သေနိုင်ခဲလှ၏ဟု အောက်မေ့မိကာ သေပြန်တော့လည်း မသာချစရာ စရိတ်အတွက် အရေးတကြီး လိုလာပြန်သည်။
ဒေါ်လုံမကြီးသည် အသက် ၆၀ ကျော်ပြီမို့ သင်္ချိုင်းကို မျက်စောင်းထိုးထားပြီးဖြစ်၍ မသာတွေ ပို့ခဲ့ရပေါင်းလည်း အခေါက်ပေါင်း မရေမတွက်နိုင်အောင်ပင် ရှိခဲ့ပြီိဖြစ်၍ သေသောသူကတော့ သေပြီ။ သူကတော့ ၀ဋ်ကျွတ်သွားလေရဲ့၊ ငါ့မှာသာ ရှေ့လျှောက်၍ မသေမချင်း ရောက်ရဦးမယ့် ဒုက္ခတွေအတွက် နေရစ်ခဲ့ရသေးတာပါလားဟု ဘ၀ကို အကွင်းသား မြင်နေရသဖြင့် တုန်လှုပ်လှိုက်လှဲစွာ ၀မ်းနည်းပက်လက် ဖြစ်နေလေ၏။
ဒေါ်လုံမကြီးသည် ပင်ပန်းကြီးစွာ ရှိုက်ငင်နေ၏။ ရင်ထဲမှ ရှိုက်သံတို့သည် ဆင့်ကဲဆင့်ကဲ ထွက်ကန်နေကာ လူတင်မက တဲပုတ်ကလေးပါ သိမ့်သိမ့်ခါအောင် ရှိုက်နေလေသကဲ့သို့ မှတ်ထင်ရလေသည်။
သတင်းလာမေးသော ‘ ခင် ’ မှာ ကိုယ်ကို တုန်ကာ သည်းထန်စွာ ရှိုက်ငင်နေသော ဒေါ်လုံမကြီးကို မြင်ရတာ ရင်ထဲက မသက်သာလွန်း၍ စိတ်ထဲ၌ နောက်ကျိလာသည်။ ဆရာ၀န်က မိမိကို နှလုံးရောဂါ ရှိတယ်ဟု ရောဂါအမည်တပ်ပေးထားတာကြောင့် နှလုံးမချမ်းသာစရာများကို မသိချင်၊ မကြားချင်သမို့ ရှောင်နိုင် ရှားနိုင်မှတော်တော့မည်။
“ သားတွေ သမီးတွေ ရှိသေးသားပဲ၊ ဘာ အားငယ်စရာ ရှိသလဲ ”
ဒေါ်လုံမကြီးသည် မိမိကို အားပေးစကား ပြောကြားလိုက်သော မိန်းမ၏ မျက်နှာကို ရှိုက်ဖိုရင်း တွေငိုင်ကြည့်လိုက်မိသည်။ သူပြောသလို သားသမီးများ ရှိသားပဲဟု အားကိုးဖို့ရန်မှာ ကိုယ့်၀မ်းနာ ကိုယ်သာသိလေ၏။
ဦးချက်ကြီးရှိစဉ်က ဒရ၀မ် အလုပ်ကလေးဖြင့် ရသည့် လစာငွေကလေးကိုပင် သားသမီးများက သူတို့မှာ မလောက်ငနိုင်တိုင်း လာနှိုက်ကြသေးသည်။ ဒေါ်လုံမကြီး၏ သားကြီး ‘ ကိုသာဆိုင် ’ မှာ လက်သမားလုပ်လျက် သားငယ် ‘ ကိုဘဇံ ’ က ကား၀ပ်ရှော့ရုံတစ်ရုံတွင် တစ်နေ့ တစ်ကျပ်၊ နှစ်ကျပ်ဖြင့် ကားပြင်ဆရာ မက်ကဲနစ်၏ တောက်တိုမည်ရ ခိုင်းစေရာအလုပ်ကို သင်လုပ် လုပ်နေရသည်။ သမီးနှစ်ယောက်စလုံး အိမ်ထောင်သည်များ ဖြစ်ကြလျက် မကြိုင်က ကလေးငါးယောက်နှင့် မုဆိုးမဖြစ်ကာ နောက်ထပ် ကလေးသုံးယောက်အဖေ မုဆိုးဖိုတစ်ယောက်နှင့် အကြောင်းပါကြ၏။ ကလေးသုံးယောက်အဖေ မြူနီစပယ် လမ်းပြင်အလုပ်သမား ယူမိ၍ ရသည့် လစာကလေးနှင့် ကလေးတစ်အုပ်ကြီးကို ၀ အောင် မကျွေးနိုင်ကြပေ။ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် မနက်တိုင်း အရပ်ထဲလည်ပြီး ပဲပြုတ်ရောင်းထွက်ရသေးသည်။
မမြိုင်မှာ မကြိုင်ထက် ကျပ်တည်းသေး၏။ ကလေးနှစ်ယောက်ရမှ လင်က မယားငယ် ယူသွား၏။ မတ်တတ်ပြေး နို့စို့ရွယ် လူမမည်ကလေး ကလေးတွေမျက်နှာဖြင့် ယောက်က္ခမအိမ်တွင်ပင် ကပ်ရပ် မှီခိုနေရလေသည်။ နုံလွန်း အလွန်း၍ ယောက္ခမ မကြည်ဖြူသည့်တစ်နေ့ ကိုယ့်ဆီသာ လာမှီခိုဦးမည့် သမီး ဖြစ်သည်။
ဒေါ်လုံမသည် အရပ်ကို ကပ်မှီကာ တစ်ဖက်တစ်လမ်း အားကိုးအားထားပြုနေရသူမို့ သူ့စိတ်ရင်းအတိုင်းပင် “ ဘယ်သူရှိလို့တုံး၊ သမီးတို့သာ အားကိုးရာ ရှိပါတယ် ” ဟု ဖွင့်ဟ ပြောလိုက်ခြင်း ဖြစ်သည်။
“ အမေရယ် ဘာအားငယ်စရာ ရှိသလဲ၊ ခင်တို့ ရှိသားပဲ ” ဟု သနားကြင်နာစွာ အားပေးစကားမျိုး အကယ်၍များ ကြားလိုက်ရမည် ဆိုပါက ခုလို ချိန်ခါမျိုး၌ မစားရ၀ခမန်း တအားရှိသွားမှာ မုချ ဖြစ်ပေသည်။
သတင်းမေးလာသော မိန်းမမှာ သူ့ဘက်က သည်စကားမျိုး နှုတ်အားဖြင့် သက်သာဖွယ်ရာ နှစ်သိမ့်လိုက်ဖို့ရန် စိတ်ထဲကကို မပါသောကြောင့် မတတ်နိုင်ပေ။
မကြိုင်နှင့် မမြိုင်သည် တဲရှေ့သို့ လျှောက်လာကြသော ယောက်ျားနှစ်ယောက်ကို လှမ်းမြင်မြင်ချင်း “ အစ်ကိုတို့ရေ၊ အဘ မရှိတော့ဘူး အစ်ကိုတို့ရဲ့ ” ဟု ဆီး၍ လှမ်းအော် ငိုပြောလိုက်ကြသည်။
သားတွေမြင်လျှင် အလိပ်လိပ် တက်လာသော အလုံးကြီးကို လက်ဖြင့်ဖိလျက် “ ဟ သားရေ၊ အမေ့ဒုက္ခကို ကြည့်ကြပါဦးလားကွဲ့ ” ဟူ၍ ဆောက်တည်ရာမရ ၀မ်းနည်းပန်းနည်း သမီးများနှင့် အတူတူ ရောအော်ငိုလေသည်။
ကိုသာဆိုင်သည် အလောင်းဘေး၌ နှာရည်များ ထွက်လျက် မသာမယာရှိသောမျက်နှာဖြင့် တဲအဖီကို မှီထိုင်လိုက်၏။ ဦးချက်ကြီး ထားပစ်ခဲ့သော တောင်ဝှေးနှင့် လက်ဆွဲမီးအိမ်ကလေးကို ငိုင်ငေးကြည့်နေလေ၏။ ဒေါ်လုံမကြီး၏ ငိုသံကို တဒိတ်ဒိတ် ခံစားနားထောင်ရင်း သားအကြီးဖြစ်၍ သူ့တာ၀န်ကျေကာ မသာကိစ္စ အစီအစဉ်များကို စဉ်းစားနေလေ၏။ သံဖြူဆိုင်က အောက်လင်းဓာတ်မီးနှစ်လုံး သွားငှားရမည်။ တဲရှေ့၌ ကနားဖျင်းထိုးဖို့ရာအတွက် ဝါးနှင့် ကျူဖျာများကို စဉ်းစားလိုက်ရာ မီးရထားသံလမ်းဘေးရှိ ဘုန်းကြီးကျောင်းကို အမိုး မိုးပေးစဉ်က ကျောင်းအောက်၌ ပုံထားသော ဝါးနှင့် ကျူဖျာများကို မြင်ခဲ့၍ ဘုန်းကြီးဆီက ခဏသွားငှားရန် အကြံပေါ်လာသည်။ ခေါင်းအတွက်ကလည်း ကြိုတင်မှာထားဖို့ အရေးကြီးသည်။ ခေါင်းကို ခပ်ကြီးကြီး မှာရမည်ဖြစ်သဖြင့် အကုန်သက်သာအောင် အကူငွေကြည့်ပြီး ကိုယ်တိုင် ပျဉ်၀ယ်စပ်ရကောင်းမလား။
အရပ်လူကြီး ဦးအောင်ဘတို့ကို အကြောင်းကြားကာ ဖဲဝိုင်းကောင်းဖို့ လူစုဦးမှ။ ဝိုင်းကောင်းလို့ တွက်ကိန်းကိုက်ခဲ့ရင် မသာကို ၃ ရက်က ၅ ရက် တိုးထားလိုက်မည်။ အကောက်မှ စရိတ်ကျေအောင် ရပါ့မလားဟု တထင့်ထင့် ပူပန်နေမိသည်။ တစ်လောက ဆိုက်ကားသမား လှထွန်း သေတုန်းက မသာစရိတ် ကျေရုံအပြင် သုံးလေးဆယ်မြတ်လိုက်သည်ကို သတိရ၍ ပူပန်စိတ် နည်းနည်းလျော့လာသည်။ ဖဲဒိုင်ခံဖို့ကို အဓိကလုပ်ရပေမည်။
ကိုဘဇံမှာ မျက်မှောင်ကုတ်ထားသော အလောင်းကြီးကို စိုက်ကြည့်နေသည်။ နေ့လယ်က ဝေဒနာကို မရှုမလှခံရင်း နောက်ဆုံး ဒေါသကြီးစွာ အားအင် မကျန်တော့သည်အထိ ရုန်းကန်ညည်းတွားနေသော ပုံသဏ္ဍာန်ကြီးကို မြင်ယောင်မိကာ တောင့်တောင့်ကြီး စန့်နေသော အလောင်းအား “ အဘအတွက် သေတာပဲ ကောင်းပါတယ်ဗျာ ” ဟု စိတ်ထဲက ပြောကြား ဖြေဆည်နေလေ၏။
အပြင်ဘက်တွင် အနည်းငယ် မှောင်၍ပင် လာသည်။ ပြာနှမ်းနှမ်း အရောင်တို့သည် တွားလာကာ လူသေကို လွှမ်း၀န်းလျက် ချောက်ချား လှုပ်ရှားစရာ ဖြတ်သန်းကျရောက်လာချေပြီ။
ထိုအခိုက် ရုတ်တရက် စိန်နှင့် မြရောင်များ တ၀င့်၀င့် တောက်လက်သွားသဖြင့် ဆည်းဆာမှောင်သည် လွင့်စဉ်သွားလေ၏။ မျက်ရည်စက်လက်နှင့် ရှိကြသော မကြိုင်နှင့် မမြိုင်တို့သည် ရင်တခုန်ခုန်ဖြင့် စိန်ရောင် မြရောင်များ ထွက်ပေါ်ရာဆီသို့ တအားစိုက်ကြည့်ကြ၏။
သတင်းမေးလာသော တိုက်ကြီးပေါ်က ‘ ခင် ’ သည် ခါးကို ဆန့်လျက် စိန်နှင့်မြ နှစ်ပါးသွားလက်ကောက် ၀တ်ထားသည့် ညာဘက်လက်ဖြင့် ချွေးခံအင်္ကျီအိတ်ကို နှိုက်နေလေ၏။ လက်ချောင်းများမှာ အိတ်ထဲက တော်တော်နှင့် ထွက်မလာကြ။ သေချာစွာ အိတ်တွင်း၌ စမ်းနှိုက်နေခြင်းကြောင့် မတ်မတ်ဆန့်ထားရသော ခါးသည် ဘယ်ဘက်သို့ တဖြည်းဖြည်း ကိုင်းကျလာလေသည်။
မကြိုင်နှင့် မမြိုင်တို့မှာ မျက်တောင်ကို မခတ်နိုင်ကြဘဲ အိတ်ထဲမှ ထွက်လာမည့်လက်ကို မျှော်ခဲကြည့်နေစဉ် တလက်လက် တောက်ပနေကုန်သော စိန်ရောင် မြရောင်တို့မှာ တစ်ချက် တစ်ချက် မျက်စိကျိန်းသွားလေသည်။
ဒေါ်လုံမကြီး မျက်နှာ၌ မျက်ရည်တို့သည် မှုန်ရီသီဝေနေသော မျက်လုံးတို့မှ ပါးရေ ပါးတွန့်ကြောင်းများအလိုက် စီးဆင်းကျလာလေသည်။ ဆင်းရဲဒုက္ခ ကြုံခဲ့ရပေါင်းများပြီမို့ ညှိုးရော်ရိစားထားသော မျက်နှာလည်း အိတ်နှိုက်နေသော သူကို အသနားခံထားခြင်းဖြင့် တစ်မုဟုတ်ချင်း ဆီးရွက်လောက် ငယ်သွားလေသည်။ အိတ်ထဲမှ တော်တော်နှင့် ထွက်မလာသေးသော လက်ကို ခပ်စမ်းစမ်း မျှော်မှန်းကြည့်ရှုနေလျက် အားကိုးထင်မှန်းလိုက်သည့် တွေးလုံးထင်လုံးများဖြင့် အားတက်သရော မြူးလာသောအသိကို ခံစားရသေး၏။
လက်ညှိုး လက်မ နှစ်ချောင်းဖြင့် ချွေးခံအိတ်ထဲမှ ညှပ်ကိုင် နှိုက်ထုတ်ယူလိုက်သော ငွေစက္ကူသုံးရွက်သည် အပြင်သို့ တစ်ကြိမ်တည်း ထွက်မလာကြဘဲ တစ်ရွက်စီ တစ်ကြိမ်စီ ပေါင်ပေါ်သို့ ထွက်ကျလာကြ၏။ ပေါင်ပေါ်၌ ငွေစက္ကူများ သုံးရွက်စေ့သွားသောအခါ လျင်မြန်စွာ စုထပ်ယူလျက် ဒေါ်လုံမကြီးကို “ ဘကြီးချက်ကြီးအတွက် ကူပါတယ် ” ဟု ညင်သာပျော့ပျောင်းသော အသံကလေးဖြင့် ပြောကာ မသာကူငွေသုံးကျပ်ကို ကမ်းပေးနေလေ၏။
တစ်ချိန်လုံး ရင်ခေါင်းတက်၍ ပြည့်သိပ် ရွလှုပ်နေကြသည့် တွေးလုံးထင်လုံးတို့သည် မတင်မကျနှင့် ရင်ထဲ၌ နင်သွားလေ၏။ ဤသို့သော အသက်အရွယ်နှင့် ကိုယ့်အိမ်မှာ လက်တို လက်ရှည် ကူဖော် လောင်ဖက် လုပ်ကိုင်ပေးဖော်ရတာတွေ ထောက်ထားကြကာ မသာအတွက် သူတို့အခြေအနေနဲ့ ကူငွေ ၁၀ ကျပ်လား၊ ၂၀ ကျပ်လား ဟူသော တွေးလုံးထင်လုံးတို့သည် မွှန်နေသဖြင့် ဒေါ်လုံမကြီးမှာ ကိုယ့်အခြေအနေကို ကိုယ်မေ့နေခဲ့၏။
မိမိအား ကမ်းပေးနေသော ငွေသုံးကျပ်ကို လှမ်းယူလိုက်ရမှာလောက် စိတ်ဆင်းရဲတာ မရှိ။ အကူငွေ ပေးကမ်းနေတာ ငြင်းပယ်လို့လည်း မဖြစ်နိုင်။ မျက်နှာငယ်လှသည့် ကိုယ့်ဘ၀ကို ရှက်ရှက်နှင့် မလှမ်းနိုင် လှမ်းနိုင် လှမ်းယူရကာ “ အရပ်ကောင်းတော့ အလောင်းလှပါတယ် သမီးကြီးရယ် ” ဟု ခေါင်းကို မဖော်နိုင်ဘဲ ကူတဲ့သူ ကျေနပ်အောင် အောင့်သက်သက် ပြန်ပြောလိုက်ရလေ၏။
“ ကဲ…. အားလုံး ‘ ခင် ’ ပြန်လိုက်ဦးမယ်နော် ”
ဟု ပြောပြောဆိုဆို နှုတ်ဆက် ထသွားသည်နှင့် တစ်ပြိုင်နက် ဒေါ်လုံမကြီးသည် အလောင်းကြီးကို လက်ထဲက ကျပ်တန်သုံးရွက် ထောင်ပြလျက် “ အေ- ကိုဘိုးချက်ရဲ့၊ ကာဖီရည် သောက်လိုက်ချင်တယ်ဆို၊ ကာဖီလေး ထသောက်လိုက်ပါဦးလား ” ဟု ကျုံးတင်လိုက်ရာ ဦးချက်ကြီးမှာ ငွေစက္ကူ ကျပ်တန်သုံးရွက်ကို မမြင်နိုင်သည့်တိုင်အောင် ပါးစပ်ကိုမူ တစ်၀က်ဖွင့်မြဲ ဟဖွင့်ထားလေ၏။

ဂျာနယ်ကျော်မမလေး
#ကျွန်တော်ချစ်သောစာအုပ်များ