ကိုကြီးကျော် (သို့မဟုတ်) မြန်မာနတ်တို့ရဲ့ ဆယ်လီ
တပေါင်းလရောက်ပြီဆိုရင် ကူနီနန်းက ကိုကြီးကျော်နတ်ပွဲစပြီ။ အဖေကျော်ဆီကို မြင်းခြံ ရေစကြို ပခုက္ကူ တကျောကလူတွေသာမကပဲ မုံရွာ တဝိုက်က ရေလည်ဆယ့်နှစ်ကျွန်းသားတွေအထိ ချီတက်ကြတယ်။ ရိုးရာကိုယုံသူတွေရော သေရည်ကို အပြတ်သောက်ချင်သူတွေပါ ပျော်ကြတဲ့ ကိုကြီးကျော်ရဲ့ ပခန်းကူနီနတ်နန်း။
မြန်မာနတ်တွေက အတွင်းအပြင်(၃၇)မင်းမို့ (၇၄) ပါး ရှိတာ။ ဒါတောင် နောက်ပေါက်နတ်တွေ မပါသေး။ ဒီထဲမှာ ဆယ်လီနတ်တပါးကိုပြပါဆိုရင် ကိုကြီးကျော်က ထိပ်ဆုံးကပေါ့။
မြန်မာဇာတ်ပွဲရဲ့ပွဲဦးထွက်သီချင်းကိုတောင် သူ့သီချင်းနဲ့စဖွင့်ရပါတယ်။
‘အပျိုတော်နတ်ချင်း’ ပါတဲ့ ခင်ဗျ။ နားဆင်ကြည့်ပါ။
” ခုနှစ်ခွေ သီတာရေမှ ပတ်ခါဆင်း၊ သာတောင့်သာတယ်လေ့.. နတ်ပြည်သနင်း။”
” ဘုန်း ဘုန်းတန်း တေဇာ ဖျာဖျာရောင်လင်းပါလို့ မင်း မင်းမြတ် ထွဋ်ခေါင်မွှေ။”
” အတူလေးရယ်တဲ့ ယှဉ်ကာပြိုင် ပန်းမွေ့ယာ ရွှေကော်ဇော ရောနှောလို့ထိုင်။”
” ပျိုတိုင်းကြိုက်ပါတဲ့ နှင်းဆီခိုင်၊ ဝေတောင်းပိုက်တဲ့အဖွဲ့တော်သား ဝေးရာကရှား။”
“သန်းကောင်ကို နေ့မှတ်ပါလို့ အရပ်ကလေးကိုတဲ့ အားမနာ။
မသောက်ရရင် သီလစောင့်တဲ့ ကိုးကျောင်းဒကာ။ “
” သောက်တော်ဘူးရယ်တဲ့ ကိုယ်မကွာ၊ မင်းကျော်စွာလို့ မကျော်လား၊ ဝေးရာကရှား။”
“ချစ်လို့ရယ်တဲ့ ခင်မင် ယဉ်ရှာရော့သလား။
ကိုကြီးကျော်ရေ (ဗျို့…..)
မောင်ကြီးကျော်ရေ (ဗျို့……)
ဤဇဗ္ဗူမှာ ပြိုင်ဖက်ရှား မိုးကြနတ်သား။”
” ညနေ ညနေ စီတယ်လေ။ ကူနီကျော့စံကွန်း
ကိုကြီးကျော် ပလီလွန်းတယ် ဆေးရှိုက်တဲ့ကျွန်း။ “
နတ်ချော့တေးကနေ မြန်မာ့ယဉ်ကျေးမှုဇာတ်ထဲကို ရောက်လာသည်အထိမို့ မြန်မာတွေအတွက် ကိုကြီးကျော်ရဲ့အရှိန်အဝါနဲ့ နာမည်ကျော်မှုဟာ ဆယ်လီအဆင့်ထက်တောင် ပိုမယ်ထင်ပါတယ်။
ကိုကြီးကျော်ကို မင်းကျော်စွာဆိုတာလောက်ပဲ သိကြတဲ့သူများတယ်။ ပုဂံခေတ်က မင်းကျော်စွာနဲ့ အင်းဝခေတ်က မင်းရဲကျော်စွာ နှစ်ယောက်လုံးက (၃၇)မင်းထဲ ပါနေလေတော့ ဝေခွဲရခက်နေသူတွေလည်း ရှိတယ်။ သမိုင်းအရကတော့ ပုဂံခေတ်ကပါတဲ့။
ပုဂံမင်းဆက်(၂၇)ဆက်မြောက်ဖြစ်တဲ့ သိန်းခွန်းမင်းရဲ့သားလို့ဆိုတယ်။ အေဒီ ရှစ်ရာစုလောက်ကမို့ အနော်ရထာထက် နှစ်သုံးရာလောက်စောပါသတဲ့။
သိန်းခွန်းမင်းက မိဘုရားနှစ်ပါးရှိတယ်။ ရွှေလောင်းနဲ့ရွှေကိုင်းတဲ့။ ရွှေကိုင်းမိဘုရားကမွေးတဲ့ သားနှစ်ပါးက စည်သူနဲ့ကျော်စွာ။ သူတို့ကအကြီးတွေ။ ရွှေလောင်းမိဘုရားက မွေးတဲ့သားက အငယ်ဆုံးပါတဲ့။
သိန်းခွန်းမင်းက နေမကောင်းဖြစ်လာတယ်။ ရွှေလောင်းမိဘုရားကမွေးတဲ့ သားငယ်ကို နန်းတင်ချင်လို့ အကြီးနှစ်ယောက်ကို တောင်ငူအရပ်( တောင်ညိုလယ်မ) မှာ ပုန်ကန်မှုကိုဦးစီးနှိမ်နှင်းဖို့ လွှတ်လိုက်တယ်။ (အဲဒီခေတ်က တောင်ငူမြို့မတည်ရသေးပါ။ နာမည်တူ တောင်ငူ ဖြစ်မယ်ထင်ပါတယ်။)
ဘုရင်ကြီးက သားကြီးတွေမရှိတုန်း အငယ်ကောင်ကို နန်းတင်လိုက်တယ်။ ( ပြသနာရှာမဲ့ ညီနောင်ကို အဝေးပို့ထားတုန်း အမြန်နန်းတင်ရတာ။ ပြီးတော့ သိန်းခွန်းမင်းလည်း သေရှာသတဲ့။) ရွှေကိုင်းမိဘုရားကြီးကလည်း မကြေနပ်လို့ ရင်ကွဲသေရတယ်။ (ဒီမယ်တော်ကြီးကလည်း မြင်ခြံမြို့နယ်ထဲက ကိုင်းရွာမှာ နတ်နန်းနဲ့ ရှိတယ်။ တပေါင်းလဆန်း (၁၃)ရက်ဆို ကူနီနန်းကို ကျွဲလှည်းစီး ကြွလာတယ်။ သားကိုမကြည့်ချင်လို့ နောက်ပြန်တက်တယ်။ ဓါးသွေးပြီးပြန်ဆင်းတယ်။ ယာယီနန်းနဲ့ စံပါသတဲ့။)
စစ်နိုင်ပြီး တောင်ငူအရပ်ကပြန်လာတဲ့ ညီနောင်ကလည်း အဖေသေတာ၊ ညီအငယ်ဆုံးကိုနန်းတင်တာ၊ အမေသေတာတွေသိတော့ ပုဂံကိုပြန်မလာတော့ပဲ နန်းသစ်တည်ဖို့ ဧရာဝတီ၊ ချင်းတွင်းနဲ့ ရှင်မတောင်ကြားက မြေပြန့်လွင်ပြင်ကို နောက်လိုက်တွေနဲ့အခြေချဖို့ ရွေးလိုက်တယ်။ နန်းသစ်တည်တယ်။ ကျုံးအတွက်လိုတဲ့ရေကို ချင်းတွင်းမြစ်ထဲကနေ တူးမြောင်းနဲ့ သွယ်ယူဖို့ ညီဖြစ်သူ ကျော်စွာက တာဝန်ကြပါသတဲ့။
ညီအကိုနှစ်ဦးမှာ အကိုကြီးစည်သူက ခက်ထန်ပြီး ရက်စက်သူ။ ညီဖြစ်သူ ကျော်စွာကတော့ ကြက်ကလေးတိုက်၊ ထန်းရေလေးမူးပြီး ပျော်သလို နေတတ်သူ၊ မိန်းမတွေအကြိုက် ရုပ်ရည်ရှင်မို့ ပျိုတိုင်းကြိုက်လို့ဆိုတယ်။ လူချစ်လူခင်လည်း အလွန်များဆိုပဲ။ ( ခုခေတ်ဆိုရင် ပလေးဘွိုင်ပဲ။)
ဒါကြောင့်လည်း ရောက်လေရာအရပ်မှာ အပေါင်းအသင်းတွေများသူ ပျော်နေတတ်တဲ့သူ မင်းကျော်စွာက သူ့အလုပ်ဖြစ်တဲ့ တူးမြောင်းကိစ္စကို စိတ်မဝင်စားဘူး။ နောက်လိုက်တွေနဲ့ပဲ လွှဲထားပြီးတော့ အရက်သောက်လိုက် ကြက်တိုက်လိုက်နဲ့ပဲ ပျော်သလို နေခဲ့တယ်။
အချိန်ရောက်တော့ ကျုံးထဲသွယ်မဲ့ရေ စကြိုမဲ့နေရာကို ရေစကြိုရယ်လို့ သတ်မှတ်ပြီး ရေကြိုနေတဲ့အကိုဖြစ်သူ စည်သူက ရေမလာလို့ ညီဖြစ်သူကျော်စွာကို ဒါသတကြီးနဲ့ လိုက်ရှာရတယ်။ ကျော်စွာက ရွှေကူနီဘုရားနားမှာ ထုံးစံအတိုင်း ထန်းရေသောက်ရင်း ကြက်တိုက်နေတာတွေ့တယ်။ အကိုလိုက်လာတာသိတော့ ကြက်ပိုက်ပြီး မြင်းပေါ်တက်ရင်း ပြေးဖို့ပြင်တယ်။ အကိုက ဒေါသမထိန်းနိုင်ပဲ လက်သုံးတော်ဓါးနဲ့ခုတ်လို့ ကြက်ပိုက်ရင်းပဲ မြင်းပေါ်ကကြလို့ သေရှာရပါသတဲ့။ လူထုအချစ်တော်မို့ နတ်ဖြစ်တယ်၊ စောင့်ရှောင့်တယ်နဲ့ နတ်နန်းဆောက်ပြီး ကိုးကွယ်ခဲ့တာ ခုချိန်ထိပါပဲ။ ( ရှေးမြန်မာတွေက သူရဲကောင်းကိုးကွယ်ကြတဲ့အပြင် သူတို့အားကိုးနေရတဲ့သူ အသေဆိုးနဲ့သေရင် ဝမ်းနည်းရုံမကပဲ သေသူက နတ်ဖြစ်ပြီးဆက်လက်စောင့်ရှောက်နေတယ်လို့ ယုံကြည်တဲ့ အလေ့အထရှိပါတယ်။)
ကျော်စွာသေတော့ သူ့ကိုချစ်တဲ့သူ့နောက်လိုက်တွေပါ အသတ်ခံရတယ်။ တဖွဲ့လုံး နတ်စိမ်းဖြစ်ကြတယ်။ သူတို့ကိုသတ်တဲ့ အကိုဖြစ်တဲ့ စည်သူကိုလိုက်ရှာကြတယ်။ တွေ့တော့ သူတို့ကပဲ စည်သူကို သတ်လိုက်ကြပြန်ပါတယ်။ စည်သူကလည်း နတ်ဖြစ်ပြန်လို့ စည်သူနတ်ကွန်းနဲ့ ထားရပါသတဲ့။ ( ကူနီပွဲကြီးမှာ ယာယီနန်းနဲ့စံတော်မူပြီး တပေါင်းလဆန်း (၁၂)ရက်နေ့ရောက်ရင် နန်းကြီးပေါ်နောက်ပြန်တက်၊ ဓါးသွေးပြီး ပြန်ဆင်းတယ်။ ညီအကိုတွေ အပြန်အလှန် အပြတ်ရှင်းကြတဲ့ပွဲက အဆုံးသတ်တော့ အားလုံးသေကြရတာပဲ အဖတ်တင်တယ်။)
အတိုချုံးရရင်တော့ ကိုကြီးကျော်ဟာ ဘုရင်မဖြစ်လိုက်ရတဲ့သူ၊ အကိုရင်းက သတ်လို့ သေရသူ၊ လူချစ်လူခင်ပေါသူ၊ အလုပ်ကို မလေးစားသူ၊ ပျော်သလိုနေတတ်သူ၊ အရက်ကြိုက်သူ၊ ကြက်တိုက်သူ။ ဘုရင့်ညီတော်ဆိုတဲ့ဂုဏ်နဲ့အတူ ရုပ်ချောလို့ မိန်းမသားတွေစိတ်ဝင်စားခံရသူပေါ့။ မိန်းမတော့ရှိတယ်။ သူ့လိုပဲ ခပ်ဆိုးဆိုး။ မဘို့မယ် တဲ့။မိန်းမကြောက်ရသူလို့ ဆိုသူလည်း ရှိတယ်။ သူနဲ့အတူ သူ့မိန်းမကိုပါ အကိုဖြစ်တဲ့စည်သူက အဆုံးစီရင်ခဲ့ပါသတဲ့။ (မျိုးပြုတ်ရော။ သားသမီးကျန်ခဲ့တယ်လို့ မဖတ်မိ။)
မင်းကျော်စွာဘဝကနေ အယူတိမ်းလို့ နတ်စိမ်းဘဝပြောင်းလာရတဲ့ ကိုကြီးကျော်ဘဝအထိ ကြက်တိုက် အရက်သောက်ရင်း ပျော်ကောင်းဆဲ အဖေကျော်။ နတ်ဘဝရောက်မှ ကြောက်ရမဲ့မိန်းမမရှိလို့ မိန်းမတွေ လိပ်ပြာလှရင် တော်ကောက်ချင်တဲ့ ကွီးကျော်။ ( မျိုးစောင့်ဥပဒေက ကွီးကျော်ကို အရေးယူဖို့ မတတ်နိုင်သေး။ )
မြန်မာတွေရဲ့ ဆယ်လီနတ်အဖေကြီး ကိုကြီးကျော်ရဲ့ ပခန်းကူနီနန်းပွဲတော်ကြီးကတော့ တပေါင်းလဆို စည်ကားပါတယ်။ အနယ်နယ်က ယုံကြည်သူတွေအပြည့်။ ပျော်ကြသူတွေအပြည့်။ ( ကြက်ကြော်နဲ့ အရက်က အလျှံပယ်။)
အကြောင်းသင့်ရင်တော့ ကိုကြီးကျော်ရဲ့ ကူနီနန်းမှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဂျော်နီလမ်းလျှောက်အပြာရောင်ပုလင်းလေးဖွင့်ရင်း ဆုံချင်ပါသေးတယ်။ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောကြတာပေါ့။ ရီဝေဝေလေး ဖြစ်လာရင် နတ်ဒိုးလေးနဲ့ ကကြမယ်လေ။ ပျော်ပျော်ပါးပါးပေါ့။
ကျန်းမာချမ်းသာကြပါစေ။Like&Share လုပ်ပေးသွားနော်
ရေးသားသူ…မောင်လူပေ