မောင်မြထွေး(ပင်လယ်)
ကိုင်းတောထဲက ဖက်မှုတ်သံ
နွေနေ့လည်ခင်းသည် အပူရှိန်ပြင်းပြင်းနှင့် ပူလောင် အိုက်စပ်လျက်ရှိသည်။ ပင်လယ်ဘက်မှ တစ်ကြိမ်တစ်ကြိမ် ခပ်ပြင်းပြင်း တိုက်ခတ်လာသော တောင်လေအေးကြောင့် အပူရှိန်မှာ သက်သောင့်သက်သာရှိလှသည်။ မိုးရာသီဘက်သို့ တစ်နေ့ထက်တစ်နေ့ နီးလာပြီမို့ တောင်လေအေးအေးတွင် မုတ်သုန်အငွေ့ အသက်များ ရောနှောပါဝင်လာပြီဖြစ်သည်။
ကျွန်တော်သည် အိမ်ရှေ့ရှိ ကုလားထိုင်တွင်ထိုင်ကာ ရေနွေးကြမ်းသောက်ရင်း မြေပဲဝါးလျက် စာဖတ်နေသည်။ ထိုစဉ် ရွာလယ်ပိုင်းမှ ဘဒွေးတိုးမောင်တစ်ယောက် ရောက်ရှိလာကာ အနီးတွင် ဝင်ထိုင်လိုက်ရင်း …
“ဘာတွေများ သည်လောက်တောင် စိတ်ဝင်တစား ဖတ်နေရတာလဲ ဆရာလေးရဲ့”
“ဘာရယ်လို့တော့ မဟုတ်ပါဘူး။ ငွေတာရီမဂ္ဂဇင်းအဟောင်းတွေ ပျင်းပျင်းရှိတာနဲ့ ထိုင်ဖတ်နေတာ”
“ဆရာလေးတို့ကတော့ စာနဲ့မျက်စိ မပြတ်တော့တာဘဲ”
“နေပါဦး … ဘဒွေးလာတာ ဘာအကြောင်းထူးလို့လဲ”
“ထူးဆို ဆရာလေးရဲ့ ကိစ္စတစ်ခု လာတိုင်ပင်တာ။အဲဒါ ဆရာလေးများ လိုက်နိုင်မလားလို့ပါ၊ ဆရာလေး အားတယ်နော်”
“အားပါတယ် ဘဒွေးရဲ့။ ကျောင်းဖွင့်ရက်က အတော်လေး လိုသေးတာ”
“အမဲသွားပစ်မယ့်ကိစ္စပါ ဆရာလေးရဲ့”
“ဟုတ်လား … ဒါဆို တောခြောက်ပြီးပစ်မှာလား။ ရေသောက်စောင့်ပြီး ပစ်မှာလား”
“ဒီတစ်ခါတော့ ဆန်းမယ် ဆရာလေးရဲ့။ ဖက်မှုတ်ပြီး ပစ်မှာပါ”
“ဘယ်လို … ဘယ်လို ဘဒွေးရဲ့၊ ရှင်းပြပါဦး”
“ဆရာလေးက နားဝေးရန်ကော။ ဖက်မှုတ်တယ်ဆိုတာ အနေတော်သစ်ရွက် မနုမရင့်တစ်ရွက်ကို ခူးပြီး နှုတ်ခမ်းတေ့ပြီး စုပ်လိုက်၊ မှုတ်လိုက်နဲ့ အသံထွက်အောင်လုပ်ရတာပေါ့။
ဒီရာသီက ချေတွေ သားပေါက်တဲ့ရာသီဆိုတော့ ချေငယ်မြည်သလို ဖက်မှုတ်သံပေးရင် အနီးအနားမှာရှိတဲ့ ချေတွေ လိုက်လာတတ်တာ။ အဲဒါကို အခွင့်ကောင်းယူပြီး အနီးကပ် ပစ်ရမှာ”
“ကျွန်တော် သဘောပေါက်သွားပြီ ဘဒွေး။ ဘယ်တော့ သွားမှာလဲ”
“မနက်ဖြန်မနက် သွားကြမယ်လေ။ ကျွန်တော် အိမ်က စောင့်နေမယ်။ ဆရာလေး အသင့်ပြင်ပြီး လာခဲ့ပေါ့”
“စိတ်ချ ဘဒွေး။ ကျွန်တော်က ဒါမျိုးဆို ဘယ်တုန်းက လက်လွတ်ခံဖူးလို့လဲ။ တစ်ခုခုသွားရမယ်ဆိုရင် အိပ်လို့တောင် မပျော်တတ်မှန်း ဘဒွေးကသိရဲ့သားနဲ့”
“အေး … အေး ဆက်ဆက်လာခဲ့၊ ငါသွားဦးမယ်”
xxx xxx xxx
မော်ရုံတောသည် ရခိုင်ရိုးမနှင့် တောစဉ်တောင်ဆက် ယှက်သွယ်ထားသဖြင့် ရိုးမဆီမှ သားကောင်များသည် မကြာခဏ လာရောက်တတ်လေ့ရှိသည်။ မော်ရုံတောင်ဟူသောအမည်နှင့် လိုက်ဖက်အောင် သစ်ကြီးဝါးကြီးများ ပေါက်ရောက်လျက် အုံ့ဆိုင်းညို့မှိုင်းလျက် ရှိသည်။
လျှိုမြောင်၊ တောင်တန်း အသွယ်သွယ်နှင့် တော၏ အင်္ဂါရပ်ကို သရုပ်သဏ္ဌာန်ပီပြင်စေသည်။
တောကြောင်၊ ချေနှင့် မျောက်တို့ကို ရွာအနီးတောစပ်များတွင်ပင် အများအပြား တွေ့ ရှိရသည်။ ဝက်၊ ဆတ်နှင့် ပြောင်တို့လည်း ရံဖန်ရံခါ နယ်ကူးနယ်ကျော် ရောက်ရှိတတ်သလို တောဘုရင်ဟင်းမျိုးကြီးများကိုပါ တွေ့ ရတတ်သည်။
နယ်ကူးသတ္တဝါများနောက်မှ နောက်ယောင်ခံရင်း လိုက်ပါလာတတ်ခြင်းမျိုး ဖြစ်သည်။
ကျွန်တော်သည် မော်ရုံရွာသို့ ကျောင်းဆရာဘဝနှင့် ရောက်ရှိကာစကပင် ဘဒွေးတိုးမောင်နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။ ခင်မင်ရင်းစွဲရှိနေရာမှ တောလိုက်ဝါသနာတူများ ဖြစ်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ပိုပိုလေးစားခဲ့ကြသည်။
ဘဒွေးမှာ ရွာကာလသားခေါင်းဖြစ်သဖြင့် ရွာ၏ သာမှုနာမှုကိစ္စအဝဝကို သူပင် ဦးဆောင်လုပ်ကိုင်လေ့ရှိသည်။ အတီးအမှုတ်အနုပညာသမားပီပီ ရွာပိုင် ခြောက်လုံးပတ်တီးဝိုင်းကလေးကိုလည်း ဖွဲ့စည်း တည်ထောင်ထားသည်။
သင်္ကြန်အလွန် ကျောင်းတက်ပွဲ၊ ရှင်ပြုပွဲ၊ အလှူပွဲများတွင် ဘဒွေးတိုးမောင်၏ ခြောက်လုံးပတ် ဆိုင်းအဖွဲ့မပါလျှင် ပွဲမစည်သလောက် ဖြစ်သည်။
ပျော်ပျော်နေတတ်သူဖြစ်၍ သဘောသကာယကောင်းကာ အပေါင်းအသင်းဝင်ဆံ့သူလည်း ဖြစ်သည်။ လူကြီးရော ကလေးများကပါ သူ့ကို ချစ်ခင်လေးစားကြသည်။
သူ့တွင် သားသမီးနှစ်ဦး ရှိသည်။ သမီးဖြစ်သူက မြို့တွင် ဆယ်တန်းပညာကို သင်ကြားနေဆဲ ဖြစ်သည်။ သားကမူ သူနှင့်အတူ လယ်ယာလုပ်ငန်းကို ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်သည်။
သူ့လယ်မှာ ရွာနှင့် အတန်ငယ်ဝေးသောအရပ်တွင် ရှိသည်။ လယ်နှင့် တစ်စပ်တည်း ဥယျာဉ်တစ်ခုလည်းရှိသည်။ ဥယျာဉ်ထဲတွင် တဲဆောက်ထားသည်။ နွေမိုးဆောင်း သုံးရာသီစလုံး လယ်လုပ်၊ ဥယျာဉ်စောင့်ရင်း ချက်ပြုတ်စားသောက်နေလေ့ရှိသည်။
ဘဒွေး၏ ဇနီးမှာလည်း စိတ်ရင်းကောင်းသူတစ်ဦး ဖြစ်သည်။ ဘဒွေး၏ ဥယျာဉ်မှာ စည်ကားသိုက်မြိုက်လှသည်။ အပင်စုံသည်။ ငှက်ပျော၊ သရက်၊ မရမ်း၊ ရှောက်၊ မာလကာ၊ ပိန္နဲ၊ ငရုတ်ကောင်း စသည်ဖြင့် စိမ်းစိုနေသည်။
ပျဉ်းကတိုး၊ မော်ရုံ၊ ရုံး၊ ထောက်ကြံ့ စသည့် သစ်ကြီး ဝါးကြီးများ အုံ့ဆိုင်းလျက် နေချင်စဖွယ်ဖြစ်သည်။ ချောင်လယ်တစ်ခုဖြစ်၍ ကျွဲတစ်ရှဉ်းဖြင့် ထွန်ယက်စိုက်ပျိုးသည်။
သူ့တွင်ရှိသော နှစ်လုံးပြူးသေနတ်ကို အကြောင်းပြု၍ သူနှင့် ကျွန်တော် မကြာခဏ တောလည်ထွက်လေ့ရှိသည်။ သူ၏ ဥယျာဉ်အနောက်ဘက် စမ်းချောင်းဖျားတစ်နေရာတွင် ရေအိုင်ငယ်တစ်ခု ရှိသည်။
ညအခါ ရေသောက်ဆင်းသော ချေ၊ ဆတ် တို့ကို ပုန်းအောင်းချောင်းမြောင်း၍ ပစ်ခတ်လေ့ရှိကြသည်။
ဆောင်းနှောင်းစတွင် ရှဉ့်များ အုပ်စုဖွဲ့ မိတ်ပြုလေ့ရှိရာ ရှဉ့်မိတ်ခေါ်သံကို တုပ၍ခေါ်ယူပြီး ကျွန်တော့်လေသေနတ်နှင့် ပစ်ခတ်လေ့ရှိကြသည်။
ဘဒွေးက ကြက်တစ်ခြမ်းပင်ကို ခွဲစိတ်၍ ပါးစပ် ဖြင့်စုပ်ကာ ရှဉ့်မိတ်သံအတုဖြင့် ခေါ်ယူခြင်းဖြစ်သည်။
ဖက်မှုတ်ကျွမ်းကျင်သူပီပီ တေးသွားတစ်ခုကို စည်းချက်ကျကျ မှုတ်နိုင်သူဖြစ်၍ နားထောင်ကောင်းလှသည်။
ယခုလည်း ချေပေါက်စကလေး၏ အသံကို တုကာ ဖက်မှုတ်၍ တောပစ်ရန် သူ အကြံရခြင်း ဖြစ်ပေလိမ့်မည်။
xxx xxx xxx
လွန်ခဲ့သောနှစ်က ဦးလေးရွှေငို၏သား ကိုထွန်းညိုတွင် သားရှင်ပြုရန်ရှိသည်။ အလှူထင်းအတွက် ဘဒွေးတိုးမောင် ဦးဆောင်၍ ကာလသားများနှင့် ထင်းဖြတ်ရန် သွားကြသည်။ ကျွန်တော်လည်း ပါသွားခဲ့သည်။
လှည်း(၅)စီးဖြင့် ဘဒွေးတိုးမောင် ၏ ဥယျာဉ်ဘက်သို့ သွားကြသည်။ လွှဆွဲသမားများ စွန့်ပစ်ခဲ့ကြသော ကိုင်းဖျားကိုင်းနားများမှာ ပေါများလှသည်။ အလှူထင်းမှာ ဒယ်အိုးကြီးချက်ဖြစ်၍ ခြေသလုံးခန့် အကိုင်းဖျားများကို နှစ်လံခန့် ဖြတ်တောက်ယူငင်ကြရသည်။
နံနက်ပိုင်း ထင်းဖြတ်ပြီးသောအခါ နံနက်စာကို ဘဒွေးတို့ ဥယျာဉ်တဲမှာပင် ချက်ပြုတ်စားသောက်ကြသည်။
နေ့လည်ဘက် မောမောနှင့် တရေးတမော အိပ်စက်အနားယူကြသည်။ အိပ်ရာထ ရေနွေးကြမ်းသောက်ကြပြီး ထင်းဆက်ရှာကြသည်။ နေစောင်းသောအခါ ဖြတ်ပြီးသားထင်းများကို လှည်းများပေါ်သို့ အသီးသီး တင်ကြသည်။
စခန်းသိမ်း၍ လှည်းတွင် နွားတပ်ကာ ပြန်ရန် ပြင်ဆင်နေကြစဉ် ကိုင်းတောအစပ်မှ လူငယ်တစ်ဦးက လှမ်းအော်သည်။
“ဟေး … ဒီမှာ အမဲတစ်ကောင်ရထားတယ်။ လာကြည့်ကြစမ်းဟေ့”
“ဘာကောင်ရထားလဲဟေ့ မောင်သောင်း”
“ချေပေါက်တစ်ကောင် ဖမ်းမိထားတယ် ဘဒွေးရဲ့”
“ဟေ … ဟုတ်လား၊ ဆရာလေးရေ ဒီမှာ ချေပေါက် တစ်ကောင် မိထားလို့ လာကြည့်စမ်းပါဦး”
ချေပေါက်စကလေးကို ပွေ့ချီရင်း ဘဒွေးက ကျွန်တော့်ကို လှမ်းခေါ်သည်။ ကျွန်တော် ရောက်သွားသောအခါ ချေပေါက်ကလေးမှာ တုန်တုန်ယင်ယင်နှင့် မျက်စိပင်မပွင့်တတ်သေး။ မွေးကင်းစဖြစ်သဖြင့် အရိအရွဲများပင် မခြောက်သေးချေ။ မွေးကင်းစချေပေါက်ကလေးမို့ နုနုထွားထွားကလေးဖြစ်ကာ ချစ်စရာပင် ကောင်းနေသေးသည်။
“မင်းက ဘယ်လိုတွေ့ တာလဲ မောင်သောင်း”
“ကျွန်တော် တစ်ပိုတစ်ပါးသွားဖို့ ကိုင်းတောထဲမှာ ဝင်ထိုင်တာ နောက်နားဆီက ချေမတစ်ကောင် ဗြုန်းခနဲ လန့်ပြေးထွက်သွားတယ်။
ကျွန်တော်လည်း ကိုင်းတောထဲ အသေအချာ ကြည့်လိုက်တော့ ဒီကောင်လေးကိုတွေ့တာပါပဲ။တုန်တုန် ချည့်ချည့်နဲ့ ယိမ်းထိုးနေတာတွေ့လို့ ဖမ်းယူထားလိုက်တယ်။ ကျွန်တော် မွေးစားထားမလို့ပါ”
“မင်းနှယ်ကွာ မလုပ်ပါနဲ့။ သူခမျာ သနားစရာကောင်းပါတယ်။ တော်ကြာ နို့မစို့ရဘဲ နို့မျက်ပြီး သေသွားမှာပေါ့။ နို့ခွဲစဆိုရင်တောင် ဟုတ်သေး။ ပြန်လွှတ်ပေးလိုက်ပါကွာ”
“မဟုတ်တာ ပြောရော့မယ်။ ကျွန်တော် နွားနို့တိုက်ပြီး မွေးထားမှာပေါ့။ သဗြုချိုင်ဆိပ်ကမ်းက ကုမ္ပဏီမှာ သွားရောင်းရင် ငွေ ထောင့်ငါးရာလောက် အသာလေးရမှာ ဆရာလေးရဲ့”
“မလုပ်ပါနဲ့ကွာ။ သူ့ခမျာ လောကကြီးထဲရောက်တာ ဘာမှကြာသေးတာမဟုတ်ဘူး။ မိကွဲဖကွဲ ဖြစ်နေပါဦးမယ်ကွာ”
ထိုစဉ် ချေပေါက်ကလေးထံမှ “ပြီ … ပြီ” ဟု အသံ သေးသေး အော်မြည်သည်။ ထိုအသံကြားသည်နှင့် ခပ်လှမ်းလှမ်း ကိုင်းတောအစပ်မှ ချေနှစ်ကောင် ပြေးထွက်လာသည်။ ကျွန်တော်တို့ကို မြင်သောအခါ တုံ့ခနဲ ရပ်သွားပြီး ပြန်လှည့်ပြေးကြတော့သည်။
သားသမီးအသံကြောင့် မိမိတို့သေဘေးကို မကြောက်ဘဲ ကဆုန်ပေါက်ပြေးလာခြင်း ဖြစ်သည်။ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား သားသမီးဇောသည် အံ့သြလောက်စေသည်။
ကာလသားများက ချေများကို ဝိုင်းလိုက်မည်ပြောသဖြင့် ဘဒွေး ဟန့်တားလိုက်သည်။ ချေပေါက်ကလေးကိုလည်း ပြန်လွှတ်ပေးလိုက်သည်။ ကာလသားများကတော့ဖြင့် ကျွန်တော်နှင့် ဘဒွေးကို ကျေနပ်ဟန်မတူကြပေ။
xxx xxx xxx
ဘဒွေး၏ဥယျာဉ်တဲတွင် နံနက်စာစားသုံးရသည်မှာ ထမင်းမြိန်လှသည်။ တောထမင်း တောဟင်းက ပို၍ ခံတွင်းတွေ့လေသည်လားမသိ။ စားကောင်းကောင်းနှင့် အဝလွေးလိုက်သည်။
ထမင်းစားပြီးသောအခါ အကြမ်းအိုး တည်သောက်ကြသည်။ အကြမ်းသောက်ပြီးသောအခါ နှစ်လုံးပြူးသေနတ်ကို စစ်ဆေးတိုက်ချွတ်ကြသည်။ နှစ်ဦးသား ယမ်းတောင့်များကို စစ်ဆေးကြသည်။ ကျည်မှာ ၉ လုံးကျည် နှစ်တောင့်ဖြစ်သည်။ မွန်းလွဲပိုင်းဖြစ်၍ နေပူရှိန် သက်သာစပြုလာပြီဖြစ်သည်။
ချိုးကူသံများက ပတ်ဝန်းကျင်တွင် သာယာနားဝင်ချိုသည်။ အဝေးဆီမှာ ဥသြငှက်၏ အဆက်မပြတ် တွန်ကျူးနေသံကို ကြားနေရသည်။
“ကဲ … နေစောင်းသွားပြီ ဆရာလေး။ သွားကြရအောင်”
“ဟုတ်ကဲ့ ဘဒွေး၊ အဆင်သင့်ဖြစ်ပါပြီ”
ဘဒွေးသည် ဥယျာဉ်ထဲမှ သစ်ရွက်အချို့ကို ခူး၍ လွယ်အိတ်ထဲ ထည့်လိုက်သည်။ အမဲလိုက်ဓားကို ကိုင်ကာ ရှေ့မှ ထွက်သွားသည်။ ကျွန်တော်လည်း နှစ်လုံးပြူးသေနတ်ကို ထမ်း၍ နောက်မှ ထက်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
နေညိုသွားပြီဖြစ်၍ စမ်းချောင်းအတွင်းသို့ ဝင်ရောက်မိသောအခါ သစ်ရိပ်ဝါးရိပ်များကြောင့် ချမ်းစိမ့်စိမ့်ပင် ဖြစ်သွားမိသည်။ စမ်းချောင်းမှာ ကျဉ်းသထက် ကျဉ်းလာသဖြင့် လက်ယာဘက်ကမ်းပါးသို့ ဖဲ့တက်ခဲ့ကြသည်။
ကမ်းပါးထိပ်တွင် ဖုန်းဆိုးမြေကိုင်းတောထဲသို့ တိုးဝင်ကြရသည်။ အတန်ကြာ တိုးဝင်မိကြသောအခါ ရပ်တန့်မိကြသည်။
“ဒီနေရာက စခန်းကောင်းတယ် ဆရာလေး။ အလယ် အဝယ်လည်း ကျတယ်။ ဖုန်းဆိုးတောလည်း ထူတယ်။ ဒါမှ သားကောင်ကို အနီးကပ်ပစ်ရမှာ”
ကိုင်းတောအလယ်ရှိ ပင်ခပင်အောက်တွင် ကျွန်တော်တို့ စခန်းချကြသည်။ ဘဒွေးက လွယ်အိတ်ထဲမှ သစ်ရွက်နုကို ထုတ်၍ ဖက်မှုတ်သံပေးရန် ပြင်ဆင်နေသည်။
“မျက်စိရှင်ရှင် နားပါးပါးသာထားပေတော့ ဆရာလေး။ ပစ်ဖို့သာ အသင့်ပြင်ထားပေတော့။ စိတ်ချပါရစေနော် ဆရာလေး”
“အင်းပါ ဘဒွေးရဲ့ … ကျွန်တော့်အကြောင်း ဘဒွေး သိရဲ့သားနဲ့”
ကိုင်းတောတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေရာမှ ဘဒွေး၏ ဖက်မှုတ်သံ “တပြီပြီ”က စူးရှစွာပေါ်ထွက်လာသည်။
ချေပေါက်ငယ်တစ်ကောင်၏ တကယ့်အော်မြည်သံလား ထင်မှတ်ရသည်။ ကျွန်တော်ကလည်း နှစ်လုံးပြူးသေနတ်တွင် ကျည်ထိုး၍ ငြိမ်သက်စွာ နားစွင့်ရင်း ကိုင်းတောပတ်ဝန်းကျင်ကို စူးရှသောမျက်လုံးအစုံဖြင့် ကြည့်ရှုနေမိသည်။
ဖက်မှုတ်သံမှာ ပြတ်တောင်းပြတ်တောင်းနှင့် မကြ ခဏ ထွက်ပေါ်နေသည်။ ကျွန်တော့်မှာလည်း တောတိုးဝင်ရောက်လာမည့် ချေ၏ ခြေသံများကို မျက်စိဖွင့် နားစွင့်လျက် ရှိသည်။
ခပ်လှမ်းလှမ်း တောညိုအုပ်ထဲမှ ရှဉ့်တစ်ကောင်၏ ထိတ်လန့်သံ တတွတ်တွတ်က ဆူညံစွာ ထွက်ပေါ်လာသည်။ ချေတစ်ကောင် လိုက်လာပုံရသည်။
မရှေးမနှောင်းပင် တောတိုးသံ တရှဲရှဲကို ကြားလာရသည်။
ဘဒွေးက သားကောင်လာပြီဖြစ်ကြောင်း ကျွန်တော့်ကို မျက်ရိပ်ပြလိုက်သည်။ ကျွန်တော် ကလည်း အသိအမှတ်ပြုခေါင်းညိတ်ကာ တောတိုးသံကြားရာဘက်သို့ သေနတ်ကို ချိန်ရွယ်ထားလိုက်သည်။
တောတိုးသံက တဟုန်ထိုးပြေးလာခြင်းမဟုတ်ဘဲ ရပ်သွားလိုက် တိုးလာလိုက် ဖြစ်သည်။ ကျွန်တော့်မှာ ငြိမ်သက်စူးစိုက်ထားရသဖြင့် ရင်တွင်းမှ နှလုံးခုန်သံ တဒိတ်ဒိတ်ကိုပင် ကြားနေရသလိုရှိသည်။
တောတိုးသံမှာ တစ်စထက်တစ်စ ပို၍ပို၍ နီးကပ်လာသည်။ သားကောင် နီးကပ်လာပြီဖြစ်၍ စိတ်ကိုငြိမ်ငြိမ်ထားကာ အသက်ကို မှန်မှန်ရှူရင်း သားကောင်ရှိရာသို့ တသမတ်တည်း ချိန်ရွယ်ထားလိုက်သည်။
သို့သော် ကျွန်တော်ထင်ထားသလို ချေမဟုတ်ဘဲ အဝါရောင်အစင်းကျားနှင့် တောကောင်တစ်ကောင် ၏ ပုံသဏ္ဌာန်က ဘွားခနဲ ပေါ်ထွက်လာသည်။ ကျွန်တော်တို့နှင့် ငါးကိုက်ခန့်အကွာတွင် ရောက်ရှိနေပြီဖြစ်ရာ ကျားနှင့် တစ်ခါမှ ရင်မဆိုင်ခဲ့ဖူးသော ကျွန်တော့်အဖို့ အထူးတုန်လှုပ်သွားမိသည်။
“ဆရာလေး … ချေမဟုတ်ဘူး။ ကျား … ကျား။ မြန်မြန်ပစ်ပါ … မြန်မြန်ပစ်ပါ”
ဘဒွေး၏ အထိတ်တလန့်အော်သံနှင့်အတူ ကျွန်တော်လည်း ဖျတ်ခနဲ အသိဝင်သွားကာ ကျား၏ ဦးခေါင်းတည့်တည့်သို့ ထိုးချိန်ပစ်ချလိုက်တော့သည်။
“ဒိုင်း …”
“ဝေါင်း … ဝရော”
သေနတ်သံနှင့်အတူ ကျားဟိန်းသံပါကြားလိုက်ရပြီး ကျားကြီးမှာ ကိုင်းတောအတွင်းသို့ ကျွမ်းပစ်ကာ တစ်ပတ်လည်၍ လုံးထွေးကျသွားလေသည်။
ကျွန်တော်လည်း နောက်တစ်ချက် ထပ်ပစ်ရန် ဒုတိယခလုတ်မောင်းကို လက်ညှိုးဖြင့် မှေးထားလိုက်သည်။ ကျားဆီမှ လုံးဝလှုပ်ရှားသံမကြားရချေ။
ကျားဆီမှ ထပ်မံ၍ လုံးဝလှုပ်ရှားမှုမရှိတော့သဖြင့် ကျွန်တော်ရော ဘဒွေးပါ တိုင်ပင်ထားသလို ပြိုင်တူထရပ်လိုက်ကြသည်။
နှစ်ဦးစလုံး သေနတ်နှင့် ဓားကို ချိန်ရွယ်ကြရင်း တရွေ့ရွေ့ တိုးလိုက်သွားကြသည်။ ဘဒွေးက ကျားသေကို စူးစမ်းလေ့လာရင်း …
“ကံသီပေလို့ ဆရာလေးရေ။ ချေမပစ်ရဘဲ ကျားစာ ဖြစ်ကုန်ဖို့ သီသီလေးလိုသွားတယ်။ ဖက်မှုတ်သံကြားတော့ ချေငယ်မြည်တယ်ထင်ပြီး ကျားက လိုက်လာတာ။ ကျွန်တော်ဖြင့် တွေးတောင် မတွေးဝံ့တော့ဘူး”
“ဟူး … တော်သေးတာပေါ့ ဘဒွေးရဲ့။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ပစ်လိုက်တာ ချက်ကောင်းကို ထိပေလို့သာပေါ့။ နို့မဟုတ်ရင်တော့ မလွယ်ပေဘူး”
ကျွန်တော်က သက်ပြင်းတစ်ချက် မှုတ်ထုတ်ကာ ကျားသေကို ငုံ့ကြည့်လိုက်သည်။ ကျားမှာ ခုနစ်တောင်ခန့် ရှိသည့် ကျားထီးတစ်ကောင်ဖြစ်သည်။ သေနတ်ဒဏ်ရာကြောင့် ဦးခေါင်းနှင့် လည်တိုင်မှာ ကြေမွနေသည်။
တစ်သက်နှင့်တစ်ကိုယ် ကျားကို တစ်ခါမျှ ရင်ဆိုင်မပစ်ဖူးသဖြင့် ဒူးများပင် တဆတ်ဆတ်တုန်ကာ အထူးအံ့သြတုန်လှုပ်မိပါတော့သည်။
– ပြီး –
စာရေးသူ – မောင်မြထွေး(ပင်လယ်)