“သင်္ဂဒု” စခန်းသို့ ရောက်လာပြီ ဖြစ်သည်ကို မုဆိုးကြီး လိပ်ပု သိလိုက်ပြီဖြစ်၍ သူ့မျက်နှာ ပြုံးရွှင်သွားတော့သည်။ “သင်္ဂဒု” စခန်း
တစ်ဝိုက်တွင် တောဝက်အုပ် ပေါများသည်ကို သူသိထားသည်ကြောင့်လည်း. . .
“မောင်မောင်စိုးရေ. . . ကနေ့ မြို့က ငါ့မိတ်ဆွေတွေ လာကြလိမ့်မယ်။ အမဲပစ်ချင်လို့တဲ့။ အဲဒါ မင်း “သင်္ဂဒု” စခန်းကစောင့်နေတောဝက်ထိုးတဲ့ အဖွဲ့လည်း ခေါ်ထားကွာ၊ တို့အရပ်ဓလေ့ တောဝက်ဖမ်းတာကို လေ့လာချင်လို့တဲ့”
သို့နှယ် သူ၏ တပည့်ကျော်ကို မှာထား၏။ နေ့လယ်ပိုင်းတွင်သင်္ဂဒူစခန်းသို့ ရောက်သွား၏၊ သူမှာထားသည့်အတိုင်း မောင်မောင်စိုးက သေချာစီစဉ်ထားပြီး ဖြစ်သည်ကြောင့် ခဏတစ်ဖြုတ် နားပြီး “သင်္ဂဒူ”အထက်စခန်းဘက်သို့ တက်ခဲ့ကြသည်။
သူတို့အဖွဲ့တွင် ဒေသခံ “ဝက်” လိုက်မုဆိုး နှစ်ဦးနှင့် အမဲလိုက်ခွေး ခြောက်ကောင်ပါ၏။ ဝက်လိုက် မုဆိုးခေါင်းဆောင်မှာ ချစ်ဦး ဖြစ်သည်။
မျှစ်ပေါ်ချိန်တွင် သင်္ဂဒု စခန်းအနီးတစ်ဝိုက်တွင် ဝက်အုပ်လိုက်တွေ့ရတတ်၏။မောင်မောင်စိုးနှင့် ဝက်လိုက်အဖွဲ့ခေါင်းဆောင် ချစ်ဦးသည်
လွန်စွာမျှ ရင်းနှီးချစ်ခင်ကြ၏။ မောင်မောင်စိုးသည် သေနတ်ကိုင် မုဆိုးဖြစ်၏။ သို့ပေမယ့် ချစ်ဦး၏ သွန်သင်ပြသမှုကြောင့် ဝက်ထိုးပညာအတန် အသင့်မက ရရှိထားသည်။ သူ့အား ဦးဆောင် ဝက်လိုက်ခိုင်းမှုစိတ်ချရ ခြင်း အဆင့်ရှိသူဖြစ်၏။
မောင်မောင်စိုးသည် သူ့ရှေ့မှ သွားနေသော သူ၏ဆရာ မုဆိုးကြီး လိပ်ပုနှင့် ချစ်ဦးတို့အဖွဲ့ကို နောက်ကျောမှ ကြည့်ရင်း သူနှင့် ဆရာ
လိပ်ပုတို့၏ ဆက်ဆံရေးကို ပြန်လည် စဉ်းစားလိုက်မိသည်။မုဆိုးကြီး လိပ်ပုသည် သေနတ်ကိုင်မုဆိုးဖြစ်၏။ သင်္ဂတောတစ်ဝိုက်တွင် လှည့်လည်ကျက်စားနေသည့် မုဆိုးများတွင် လူသိများသော မုဆိုးတစ်ယောက်ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်လောက်က သူ့ထံတွင် မောင်မောင်စိုးသည် တပည့်ခံခဲ့သည်။ ပထမတော့ ဆရာကောင်းတစ်ယောက်ဟု ထင်ခဲ့မိ၏။
‘မုဆိုး အတတ်ပညာကိုလည်း ပြည့်ပြည့်ဝဝ မပေးချေ။ ရရှိသောအသားများကိုလည်း သူ့အား ဟင်းစားမှလွဲ၍ ကျန်တာ အကုန်ယူ၍
ရောင်းစားလေ၏။ ကုန်ကုန်ပြောရလျှင်ဖြင့် မောင်မောင်စိုးသည် မုဆိုးကြီး လိပ်ပုထံတွင် ပညာသင်တပည့်အဖြစ် ခံယူလိုသော်လည်း ထမင်းစားကျွန် ဖြစ်ခဲ့ရတော့၏။
မောင်မောင်စိုးသည် မုဆိုးကောင်းတစ်ယောက် ဖြစ်လို၏။ သို့ဖြစ်၍ မုဆိုးကြီး လိပ်ပုထံမှ ပညာအပြည့်အဝ မရခဲ့ငြား ချစ်ဦးထံတွင်
ခိုးသင်ခဲ့ရတော့၏။ ချစ်ဦးကတော့ လိပ်ပုလိုမဟုတ်။ ပညာကုန် သင်ပေး၊ မခြွင်းမချန် သင်ပေးခြင်းဖြစ်သည်။မောင်မောင်စိုးသည် မုဆိုးကြီး လိပ်ပုထံတွင် သုံးနှစ်သုံးမိုးပညာသင်ယူခဲ့ငြား ပြည့်ပြည့်ဝဝ မရသည့်ပြင် တပည့်ရယ်လို့ အသိအမှတ်ပြု မခံရပြန်ဆိုတော့ ဆရာအပေါ် စိတ်ငြိုငြင်မိတော့၏။
လိပ်ပုကလည်း လိပ်ပု ဖြစ်သည်။ လူရှေ့ သူရှေ့တွင် မောင်မောင်စိုးအား…
“အလကားကောင် ဘယ်လိုသင်ပေးပေး မတတ်ဘူး၊ ထုံထုံထိုင်းထိုင်းကောင်” ဟု ရှုတ်ချတတ်၏။
“ဟေ့ကောင် အဲဒီအမဲကို ဖျက်ကွာ၊ ပြီးတော့ ထမ်းပိုးလာခဲ့။ငါပါတာပဲ။ မင်းသေနတ်ကြီးကို လွယ်ထားလိုက်။ ပစ်ဖို့ စိတ်မကူးနဲ့”
“အဲဒီ သားကောင်သေကို စခန်းပြန်ပို့လိုက်၊ ပြီးလျှင်ဖြင့် ငါတို့နောက် ပြန်လိုက်ခဲ့ချေ။”
“ဒီကောင်ကွာ သားကောင်ကို မီးမကင်တတ်သေးဘူး။ ညံ့လိုက်တာ လွန်ကော”
အမဲလိုက်ခြင်း၊ ပစ်ခြင်းပညာကို မပေးလေဘဲ သည်သို့နှယ်အလုပ်သမားတစ်ယောက်လို ခိုင်းနေတော့၏၊သည်တော့ မောင်မောင်စိုး တစ်ယောက် နာကြည်းမှု ဖြစ်လာကာ မုဆိုးလိပ်ပုအပေါ် အငြိုးအတေး ထားလိုက်တော့၏။ယခု မုဆိုးလိပ်ပုနှင့် ဧည့်သည်အချို့ကို သူကဝက်ထိုးသမားအဖွဲ့နှင့် အတူ ဦးဆောင်ခေါ်ခဲ့ချေသည်။
မုဆိုးကြီးလိပ်ပု၏ မိတ်ဆွေများက ဝက်ထိုးပညာ လေ့လာချင်သည် ပြော၏။ ဝက်ပေါသော သင်္ဂဒုစခန်း အထက်ဘက်သို့ ထွက်လာခဲ့ခြင်း ဖြစ်၏။
မုဆိုးကြီးလိပ်ပုက မောင်မောင်စိုး ဝက်ထိုးပညာ ကျွမ်းကျင်ခြင်းကို သိထားသည်ကြောင့် သူ့မိတ်ဆွေများက. . .
“ဆရာ့ထက် တပည့် လက်ဇောင်းထက်ပါကလား”
သို့နှယ် ပြောလာမည်ကို ကြောက်ရွံ့နေခြင်းကြောင့်. . .
“မင်း ဝက်မထိုးနဲ့။ ချစ်ဦးတို့ပဲ ထိုးကြပေစေ။ ငါ့ဧည့်သည်မိတ်ဆွေတွေရဲ့ လိုအပ်တဲ့ ဝေယျာဝိစ္စတွေပဲ လုပ်ကိုင်ပေးကွာ၊ အခွင့်အရေးရလျှင်ဖြင့် ငါဝက်ထိုးမယ်” ဆိုလာသဖြင့် မောင်မောင်စိုး ပြုံးလိုက်သည်။
သို့ကြောင့်လည်း. . “ကောင်းတာပေါ့ဗျာ။ ဒီလိုလုပ် ကျွန်တော်ဆရာသမားအတွက် အခွင့်အရေးရအောင် လုပ်ပေးမယ်။ ဆရာ့ မိတ်ဆွေတွေ ရှေ့မှာ သက်စွန့်ဆံဖျား ဝက်ထိုးပြလိုက်ဗျာ” ရယ်လို့ မြှောက်ပင့်ပြောလိုက်သည်။ ဤတွင် မုဆိုးကြီး လိပ်ပုသည် သဘောအ လွန်ကျသွားပြီးလျှင်…
“ကောင်းသကွာ။ ဒါမှ ငါ့မိတ်ဆွေတွေ ငါ့ကို အထင်ကြီးကြမှာ၊ပိုလေးစားကြမှာ၊ ချီးကျူးကြမှာ သေချာတယ်။ဟ`.. ဟဲ.. ဟဲ..”
သို့ပြောရင်း သဘောကျ နှစ်ခြိုက်စွာ ရယ်မောလေတော့၏၊သဘောကျစွာ ရယ်မယ့်သာ ရယ်နေရ၏။ ဝက်ထိုးရသည်မှာလွယ်ကူသည့် အလုပ်မဟုတ်။ တကယ့် သက်စွန့်ဆံဖျား အလုပ်ဖြစ်၏၊တောလိုက် ခွေးများနှင့်အတူ တောခြောက်သူတစ်စုက ဝက်အုပ်အတွင်းမှ လိုချင်သော ဝက်တစ်ကောင်ကို အုပ်စုနှင့် ကွဲထွက်အောင်ခွဲထုတ်ပြီး ဝက်ထိုးမည့် လှံသမားရှေ့သို့ အရောက်မောင်း။ ညာသံပေး၊ထုတ်ပေးရ၏။သို့ သူ့ ထံသို့ ကြောက်လန့်တကြား ပြေးဝင်လာသည့် ဝက်အားစောင့်၍ လက်ရင်းမှ လှံတံဖြင့် ချက်ကောင်းကို မိမိရရ ထိုးသွင်းရမည်မှာ တော်တန်မုဆိုး မလုပ်ဝံ့ မလုပ်ရချေ။ ချိန်သား တစ်ချက်လွဲသည်နှင့် အသက်ပေးလိုက်ရမည် ဖြစ်သည်။
မည်သို့ပင် ဖြစ်စေ၊ သူသတ္တိမွေးရမည်။ သူ့မိတ်ဆွေတွေအထင်ကြီး လေးစားချီးကျူးအောင် သူပြရမည်။ နို့မဟုတ်ပါမူ သူ၏တပည့်ဖြစ်သူက သူ့ မိတ်ဆွေများ ရှေ့တွင် ရဲရဲဝံ့ဝံ့ ဝက်ထိုးပြခွင့်ရသွားပါမူ အထက်က ဆိုခဲ့လေသည့်အတိုင်း “ဆရာ့ထက် တပည့် ပိုတော်သဗျ” ရယ်လို့ ချီးမွမ်းစကားကို သူမကြားလိုပါချေ။
သည်တော့ သူစဉ်းစားရပေတော့မည်။
“မင်း လူတွေပြောလိုက် ငါ့ရှေ့ဝက်တစ်ကောင် မောင်းသွင်းပါလို့”
သို့နှယ် စကားကြောင့် မောင်မောင်စိုးသည် တစ်ချက်ပြုံးလျက်…
“နို့ဖြင့် ကျွန်တော့်လှံ ယူထားပြီး ဆရာ့သေနတ် ကျွန်တော့်ပေးထား” ဆိုကာ သူ့လက်တွင်းမှ လှံတံနှင့် လိပ်ပုထံမှ သေနတ်ကိုလဲ ယူထားလိုက်တော့၏။သို့ဖြင့် သူတို့ တောဝက်အုပ်၏ အစာလု အော်ဟစ်နေသံများသဲ့သဲ့ကြားလိုက်ရသည်နှင့် ဝက်ထိုးအဖွဲ့ခေါင်းဆောင် ချစ်ဦးက မောင်မောင်စိုးတို့ကို ဤနေရာတွင် စောင့်ဆိုင်းနေရန် ဝက်တစ်ကောင် ခြောက်လှန့် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုမှာကြားကာ သူ့လူများနှင့်အတူအမဲလိုက် ခွေးများကိုပါ ဝက်အုပ်အသံကြားရာဆီသို့ ခေါ်ထွက်သွားတော့၏။
“ဟုတ်မှလည်း လုပ်ပါ လိပ်ပုရာ”
“ဖြစ်ပါ့မလား ဘိုလိပ်ပုရယ်”
သူ၏ မိတ်ဆွေများက သို့နှယ် စိုးရိမ်တကြီး ပြောလာကြ၏။
“တစ်ကောင်လုံး ခင်ဗျားတို့ကို မြို့ပြန်လက်ဆောင် ပေးလိုက်မယ်ဗျာ” ရယ်လို့ပင် သူက ပြန်ပြောလိုက်သေးတော့၏။သူတို့အဖွဲ့နှင့်အတူ ဝက်ထိုး ကျွမ်းကျင်သူနှစ်ယောက် ချန်နေရစ်ခဲ့ကြ၏။ အဖွဲ့ခေါင်းဆောင် ချစ်ဦးထွက်သွားပြီး မကြာမီ အချိန်ကလေးတွင် ခွေးဟောင်သံများ၊ ဝက်အုပ်အော်မြည်သံများ ကြားလိုက်ရသဖြင့် ဝက်ထိုးရန် အခန့်သင့် ပြင်ဆင်နေလိုက်ကြသည်ကြောက်လန့်တကြား ပြေးလွှားလာသော ဝက်တစ်အုပ် အသံသည် နီးကပ်လာချေပြီ ဖြစ်သည်။ သို့ဖြင့် မောင်မောင်စိုးက မုဆိုးကြီးလိပ်ပုတ် မိတ်ဆွေများကို
“ဆရာတို့ ဒီအပင်ကြီး နောက်ကွယ်မှာ နေကြပါး ဒီကောင်တွေ အားကြီးကြောက်ဖို့ ကောင်းတယ်။ တစ်ရှူးထိုး ပြေးဝင်လာတတ်တယ်။ တုံးတိုက်တိုက်၊ ကမ်းတိုက်တိုက် ကောင်မျိုးတွေ” ဆိုကာ ကြီးမားသော ကညင်ပင်ကြီး နောက်ကွယ်သို့ ဝင်စေပြီး သူသည် မုဆိုးကြီး လိပ်ပုနှင့်အတူ သွားနေလိုက်၏။
“ဘာမှ မကြောက်နဲ့ဆရာ။ ရှေ့က တစ်ရှူးထိုး ပြေးဝင်လာမယ့် အကောင်ကို လှံဖျားနဲ့သာ ထောက်ထားလိုက်၊ သူ့အရှိန်နဲ့သူ “စွပ်” ခနဲ လှံချက်ထိုးမိပြီး ဖင်ထိုင်ကျသွားလိမ့်မယ်။ လှံကိုတော့ မြဲမြဲကိုင်ထားနော်။ နောက်က အမာခံနဲ့ အရင်းပိုင်းကို ထိထား၊ ကပ်ထား၊ ကွာမနေစေနဲ့။ ချော်လည်း မထွက်စေနဲ့။ ခွင်ကျကျ ထောက်မိဖို့ အရေးကြီးတယ်၊ကိုယ်က စိတ်ငြိမ်ငြိမ်ထားပြီး ပြေးဝင်လာတဲ့ အကောင်ကို လှံဖျားနဲ့ မလွဲအောင် ကိုယ်က ချိန်ဆပေးဖို့တော့ လိုတယ်နော်” ဆိုလိုက်သည်တွင်-
“အေးပါကွာ. . . ငါသိပါတယ်။ မင်းက ဆရာလား။ ငါကဆရာလား” ရယ်လို့ လိပ်ပုက ပြောရင်း ရှေ့သို့ စူးစိုတ်ကြည့်နေတော့၏၊
“ကွိုစ်. . . ကွိစ် . . ကွိစ်… ကွိစ်”
သို့နှယ် အော်ဟစ်သံနှင့်အတူ တောဝက်မကြီးတစ်ကောင်သည်ရှေ့ကိုင်းတောမှ တိုးထွက်လာကာ မောင်မောင်စိုးတို့ထံ ဦးတည် ပြေးဝင်
လာတော့၏။
“ဟာ… လာပြီ.. လာပြီ ကျွန်တော်တို့ တည့်တည့်ပဲဗျို့။
သတိထား သတိထား”
“အေးပါကွ. . . ငါလည်း မြင်ပါတယ်။ ဖယ်တော့ မင်းသွားတော့”
“သိပ်ဖယ်တာပေါ့ဗျာ ဟဲ. . ဟဲ. . ဟဲ” ရယ်လို့ မောင်မောင်စိုးရယ်မောပြောလိုက်၏။ ထိုပြောသံကား နှစ်ကိုယ်ကြား သဲ့သဲ့ပင် ဖြစ်သည်။
မုဆိုးကြီး လိပ်ပုက အရန်သင့် အနေအထားတွင် ရှိနေ၏၊အရန်ဝက်ထိုးသမား နှစ်ယောက်သည် မောင်မောင်စိုးတို့၏ ရှေ့နားလောက်မှနေ၍ ဘေးလမ်းကြောသို့ ဝက်မကြီး ကွင်းထွက်မသွားစေရန်ပိတ်ဆို့ထားကြ၏။
တောဝက်မကြီးက တစ်ရှူးထိုး ပြေးဝင်လာ၏။ မြန်လိုက်သည်ဖြစ်ခြင်း။ သို့ကြောင့် မုဆိုးကြီး လိပ်ပုမှာ ဘာလုပ်ရမည် မသိ။ ဝက်မကြီး၏ ပြေးဝင်လာနှုန်း အရှိန်ကို ကြည့်ပြီး ထိတ်လန့်သွား၏။ သို့ အရှိန်နှုန်းဖြင့် ပြေးဝင်လာသည့် ဝက်မကြီးကို လှံဖြင့်ထောက်ထားဖို့ဆိုသည်မှာမလွယ်။ ဇောချွေးများ ပျံလာသည်။သူ၏ လက်စွဲတော် သေနတ်ဖြင့် ဆိုပါလျှင် သူမမှုပါလေ။ သို့ငြား သူ့ သေနတ်သည် မောင်မောင်စိုးထံတွင် ရောက်သွားချေပြီ။ ခက်ပြန်ပြီ။ မောင်မောင်စိုးသည် သူ့ကို လှည့်၍ပင် မကြည့်လေတော့။ သူမိတ်ဆွေများရှိရာ ကညင်ပင်ကြီးနောက်ကွယ်သို့ လှစ်ခနဲ ပြေးဝင်သွားသည်။
ကမူးရှူးထိုးဖြင့် ဝက်ကြီး သူ့အနားရောက်လာချေပြီ။ မထူးတော့ပြီမို့ သူ့လက်တွင်းမှ လှံ၏ အရင်းပိုင်းကို နောက်ကျောရှိ တောင်သရက် ပင်စည်ဖြင့် အကျအန ထောက်ထားကာ လှံဖျားကို ဝက်ကြီး၏ ရင်ညွန့်ရှိရာသို့ အရန်သင့် ချိန်ဆထား၏။
“ကွိစ်”
သူ ချိန်ဆထားရာ တည့်တည့်သို့ ဝက်မကြီး တိုးဝင်လာ၏။အံဝင်ခွင်ကျ ဖြစ်သွားငြား. . .
“ဖျောင်း. . . ဘုန်း”
လှံရိုးကျိုးသံနှင့်အတူ တစ်စုံတစ်ရာကို အရှိန်ပြင်းပြင်း ဝင်တိုက်သံကြားမှ “အား” ရယ်လို့ ကြောက်လန့်တကြား အော်ဟစ်လိုက်သံ
သည် ထိတ်လန့်ဖွယ်ပင် ဖြစ်ချေတော့၏။
“ဟာ”
သို့နှယ် အရန်ဝက်ထိုးသမား နှစ်ယောက်သည် အံ့ဩတကြီးဖြစ်သွားရာမှ လှံရိုးကျိုး စိုက်ဝင်လဲကျနေသည့် ဝက်မကြီးအား ဝင်ရောက်ထိုးနှက်ပြီး ဖြစ်သော်လည်း. . .
“ဒိန်း”
မောင်မောင်စိုးသည်.မုဆိုးကြီး လိပ်ပုတ် သေနတ်ဖြင့် ဝင်ပစ်လိုက်လေသည်။ အနီးကပ် ပစ်လိုက်ရသည် ဖြစ်၍ တောဝက်မကြီးသည်ပင် မလှုပ်နိုင်တော့ချေ။ရုတ်ခြည်း မထင်မှတ်ဘဲ ဖြစ်လာရသည့် မြင်ကွင်းကား အရုပ်ဆိုးလွန်း လှပေသည်။တောဝက်မကြီးသည် လှံချက်၊ သေနတ်ချက်ဖြင့် တုံးလုံးလဲတုငြိမ်သက်နေသလို မုဆိုးကြီး လိပ်ပုသည်လည်း အရှိန်ပြင်းပြင်းဖြင့် ဝက်ပက်ခံလိုက်ရခြင်းကြောင့် ဝမ်းပိုက်မှ အူများ အထွေးလိုက် ထွက်ကျကာမျက်လုံး မျက်ဆံပြူးဖြင့် ခွေခေါက်လဲကျ ငြိမ်သက်နေတော့၏၊
“ဘယ်လို ဖြစ်ရတာလဲကွာ”
“ဖြစ်ရလေကွာ”
မုဆိုးကြီး လိပ်ပု၏ မိတ်ဆွေများက သို့နှယ် ညည်းတွားရင်းမောင်မောင်စိုးတို့အနား ရောက်လာ၏။
“လှံရိုးကျိုးသွားလို့”
မောင်မောင်စိုးက သို့နှယ် ပြောလိုက်၏။
“ကံဆိုးလှချည်လား လိပ်ပုရယ်”
“ဘယ်တတ်နိုင်ပါ့မလဲ ဆရာတို့ရယ်။ သူက လှံထောက်မှမတတ်ဘဲ။ ဟန်ချက်လွဲသွားတော့ လှံရိုးထက်ပိုင်း ကျိုးသွားရတာပေါ့”
မောင်မောင်စိုးက ဖြစ်နိုင်ချေ ရှိသည်ကို ပြောလိုက်ငြား မုဆိုးကြီးလိပ်ပုသည် သူပေးလိုက်သည့်လှံ နဂိုကတည်းက အက်ကြောင်းလိုက်
နေသည်ကို သတိမထားခဲ့မိခြင်းကြောင့် ယခုလို သူ့အသက် ပေးလိုက်ရခြင်း ဖြစ်သည်ကို မောင်မောင်စိုးသာလျှင် အသိဆုံးဖြစ်ပေသည်။ မုဆိုးကြီး လိပ်ပုတစ်ယောက် လှံတွင်အက်ကြောင်းရှိခြင်းကို မသိရအောင်လည်း မောင်မောင်စိုးသည် ထိုလှံအက်ကြောင်းနေရာကို ဖာထားပြီး မူလ လှံရိုးအရောင်နှင့် ထပ်တူညီမျှ တူညီသည့်ဆေး သုတ်ထားခဲ့သည်ကိုး။
သူကြီး စောစံကြိုင် ပြောပြသည်ကြောင့် မောင်မောင်စိုး၏အတိတ်ဇာတ်လမ်းကို သိရသည်။
ယခု ကျွန်တော်တို့နှင့်အတူ မောင်မောင်စိုး ပါလာချေ၏။ ဘယ့်တွက်မူ. . .
“သင်္ဂဒူ တောဘက် တက်မယ်ဆိုလျှင် ရွာခံမုဆိုး မောင်မောင်စိုးကို ခေါ်သွားကြဗျ။ သူက တောကျွမ်းတယ်”
သို့နှယ် သူကြီး စောစံကြိုင်ကပင် အကြံပြုလာသလို သူ၏အကြောင်းကိုပါ ဂဃဏန ပြောပြလေခြင်း ဖြစ်၏။မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ သိရသလောက် သူ့ အပေါ်နိုင်ထက်စီးနင်း လုပ်သူကို ပညာသားပါပါ အနိုင်ယူ ခဲ့ခြင်းသာလျှင်ဖြစ်၏။
ဤတော ဤတောင်ကို ကျွန်တော်တို့ မရောက်ဖူးသည်ကြောင့်လမ်းပြတစ်ယောက် လိုအပ်သည်မှာ မဆန်း။သင်္ဂဒူတောသို့ ကျွန်တော်တို့ ရောက်ခဲ့ခြင်းသည် အမဲပစ်ရန်သက်သက် ရောက်လာခဲ့ခြင်း မဟုတ်ချေ။ ကြေးနက်ရှိသည် ကြားဖူး၍ဖြစ်၏။
ကြေးနက်၏ ဂုဏ်သတ္တိသည် မိုးကြိုးသွားကဲ့သို့ ဖြစ်၏။ မိုးကြိုးသွားထက် ပိုပေါ့၏။
“ကိုယ့်ဆရာရေ. . . သင်္ဂတောဘက်မယ် ကြေးနက်ရတတ်တယ် ပြောသဗျ။ အဲဒါ ရလျှင်ဖြင့် ဈေးကောင်းရပြီမှတ်”
ရသေ့ ဓမ္မပါလ၏တပည့်ကြီး “အောင်စိုးဝင်း” က သို့နှယ် ပြောလာသဖြင့်. . .
“ကျွန်တော်တို့တော့ မမြင်ဖူးဘူး။ ခင်ဗျားသိလျှင်ဖြင့် ကျွန်တော်တို့နဲ့ လိုက်ခဲ့ဗျာ၊ သင်္ဂတောဘက်မယ် ပေါတယ်လို့ သိရတယ်။ တော
ပစ်ရင်း ကြေးနက်ရှာတာပေါ့ဗျာ”
ကျွန်တော်က ပြောလိုက်သည်တွင် မောင်စိုးဝင်း တစ်ယောက်အပျော်ကြီး ပျော်သွားတော့၏၊
မီးသေ မီးကွင်း ပစ္စည်းမှန်လျှင် အရောင်းအဝယ် ဖြစ်သည်ဟုသိရ၏။
ကြေးနက်သည် မီးသေ၏ဟု ပြောကြသည်။ ကြေးနက်ကိုဓာတ်မီးနှင့် ထိုးပါက မီးငြိမ်း(မီးမလင်း)ချေ။ ၂ပေလောက်မှ ထိုးလျှင်မီးသေတတ်ခြင်း၊ တစ်ပေလောက်မှ ဆိုလျှင် မီးသေခြင်း အစရှိသဖြင့်အစားစား ရှိတတ်၏ ဟု သိရသည်။ သူ့ဈေးနှင့်သူတော့ ကွာသည်ပေါ့။
ကြေးနက် စစ်မစစ်စမ်းလိုလျှင် ရရှိသော ကြေးနက်ကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ပါ။ ထိုးထိုးချင်း မီးမငြိမ်းပါ။ အတန်ကြာမှ မီးသည် တဖြည်းဖြည်း မှိန်လိုက်လာကာ နောက်ဆုံးမီးလုံးဝပြတ်သွားခြင်းဟု သိရ၏။ သို့ ထိုးလိုက်၍ မီးငြိမ်းသွားသည်တွင် လက်နှိပ်သီးလေးကိုပြန်ပိတ်လိုက်ပြီး အခြားတစ်နေရာသို့ ပြန်ထိုးကြည့်ပါက မီးသီးသည်ရုတ်ချည်း ပြန်လင်းလာပါက ထိုကြေးနက်သည် အစစ်ဖြစ်ကြောင်း မှန်ကန်ပေသည်။
သို့ မီးငြိမ်းသည် ဆိုရာ၌လည်း အချို့က စက္ကန့်ပိုင်းနှင့် ငြိမ်းခြင်း၊အချို့ တစ်မိနစ်ခန့်ကြာမှ ငြိမ်းခြင်း၊ အချို့ ၄-၅မိနစ်ခန့် ကြာမှ ငြိမ်းခြင်း၊အစရှိသဖြင့် အစားစား ရှိပြန်လေ၏။ အမျိုးအစားအပေါ် မူတည်၍ဈေးပေးကြခြင်း ဖြစ်သည်။
တခြား စမ်းသပ်နည်းမှာ ရေဒီယို ကက်ဆက် ဖွင့်ထားဆဲတွင်ထိုပစ္စည်းကို တင်ထားကြည့်ပါ။ တဖြည်းဖြည်း အသံတိမ်ဝင်ပျောက်ကွယ်သွားပါက ပစ္စည်းစစ်မှန်ပေသည်။
“ဝက်စွယ်ကင်းပိတ်” ရလျှင်လည်း လိုချင်၏ဟု ဆိုပြန်လေသဖြင့် ဝက်ပေါသော သင်္ဂဒူစခန်းတစ်ဝိုက်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့၏ ခရီးစဉ်ကို သိထားကြသည်မှာ ဝတ်ပစ်ရန်သာဖြစ်သည်။
ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်ကို ကျွန်တော်၊ လင်းမြင့်လှိုင်နှင့် အောင်စိုးဝင်းသာလျှင် သိထားသည်။
သည်သို့ဖြင့် ကျွန်တော်တို့သည် မုဆိုးမောင်မောင်စိုး၏ လမ်းပြမှုဖြင့် သင်္ဂဒူစခန်းသို့ ရောက်ရှိခဲ့ကြတော့၏၊သင်္ဂဒူစခန်းတွင် စခန်းချရာ၌ မောင်မောင်စိုးသည် ကျွန်တော်တို့နှင့် တွဲဖက်မနေလေဘဲ အတန်ငယ်ဝေးသော ချောင်းစပ်ဟစ်နေရာတွင် တစ်ဦးတည်း သွားနေလေ၏၊ထိုသည်ကလည်း တစ်မျိုးကောင်းပေ၏။ တီးတိုးလွတ်လပ်စွာကျွန်တော်တို့ တိုင်ပင်၍ ရသောကြောင့် ဖြစ်သည်။
စခန်းရောက်စနေ့တွင် နား. . . နားနေကြပြီး နောက်တစ်နေ့တွင် အမဲပစ်ထွက်ခဲ့ကြ၏။ သင်္ဂဒူစခန်းတစ်ဝိုက်တွင် အမှန်ပင် ဝက်များပေါလှ၏။ သားကောင်ခြေရာ အတော်များများသည် ဝက်ခြေရာများဖြစ်ကြ၏၊ ထိုနေ့က ဝက်ပျိုတစ်ကောင်နှင့် ဆတ်ဖိုကြီးတစ်ကောင် ရလိုက်၏။
အောင်စိုးဝင်းသည် လမ်းတစ်လျှောက်တွင် ရှိသည့် ကျောက်ခဲအတုံးမှန်သမျှ ရှာဖွေကောက်ယူကာ ညရောက်လျှင်ဖြင့် သူသည် လက်နှိပ်ဓာတ်မီးနှင့် ထိုးစမ်းသပ် စစ်ဆေးနေလေတော့၏။ ကောက်လာသမျှကျောက်ခဲ အားလုံးသည် ဓာတ်မီးရှေ့အောက်တွင် ထင်ထင်ရှားရှား ရှိနေကြတော့၏။
ကျွန်တော်တို့သည် စခန်းမှ မနက်ထွက်ကြ၊ ညနေပြန်ဝင်၊ သုံးရက်ခန့်မှာ ထိုနည်းလည်းကောင်း ဖြစ်ချေ၏။ စိတ်ဓာတ်ကျဆင်းစ ပြုလာချေပြီ ဖြစ်သည်။
“နက်ဖြန် အထက်ဘက် တက်မယ်”
ဟု လင်းမြင့်လှိုင်က ပြောလာသည်ကို ကျွန်တော်တို့အားလုံးသဘောတူလိုက်ကြ၏၊
ထိုညမှာပင် ထူးခြားဖြစ်စဉ်နှင့် ကျွန်တော်တို့ ကြုံခဲ့ရသည်။ထိုညက ကျွန်တော်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။
“ဆရာပိုက် ထစမ်းပါ ထစမ်းပါ” ရယ်လို့ လှုပ်နိုးလာသူကြောင့်အိပ်ပျော်နေရာမှ နိုးလာတော့ ၏။ အချိန်ကား ညဉ့်နက် သန်းခေါင်ကျော်ချေပြီ။
“ဘာတုန်း ကိုစိုးဝင်းရာ၊ အိပ်ကောင်းနေဆဲကို” ပြောလိုက်သည်တွင် အောင်စိုးဝင်းက ထင်းမီးပုံဘက် လက်ညှိုးညွှန်ပြရင်း တိုးညင်းသော လေသံဖြင့်. . .
“မီးပုံရှေ့ မှောင်ရိပ်စပ်မှ ဘာကောင်မှန်း မသိဘူး၊ လှုပ်. . .လှုပ်. . .လှုပ်နဲ့ဗျာပြောလာ၏။
ကျွန်တော် လှမ်းကဲကြည့်လိုက်သည်။ ဟုတ်ပါ ခြေလေးချောင်းသတ္တဝါတစ်ကောင် လှုပ်လီလှုပ်လဲ့ မှောင်ရိပ်တွင် သွားလာနေ၏။ ထို
သတ္တဝါကောင်သည် မီးပုံနားလည်း မလာရဲ ဖြစ်နေဟန်တူ၏။ သေချာစူးစိုက် ကြည့်နေရင်းမှ ကျွန်တော်က သေနတ်ကို ကောက်ကိုင်လိုက်ပြီးသည်နှင့်..
“ကိုစိုးဝင်း. . . အဲဒီအကောင်ကို ဓာတ်မီးနဲ့ လှမ်းထိုးဗျာ”
ဆိုရင်း လက်ရှိ သေနတ်ပြောင်းဝကို ထိုသတ္တဝါထံ ဦးတည်ထိုးချိန်လိုက်၏။ ပစ်ခတ်ရန် အသင့်အနေအထားတွင် ရှိနေဆဲမှာပင်အောင်စိုးဝင်းက မီးလှမ်းထိုးလိုက်၏။ဓာတ်မီးရောင်အောက်တွင် လွန်စွာမျှ ထွားကျိုင်းလှသောတောဝက်ထီးတစ်ကောင်ကို .အံ့ဩဖွယ် မြင်လိုက်ရ၏။မျက်လုံးသည် စူးရှ လင်းလက်နေ၏။ အမွှေးအမျှင်တို့သည်စို၍ မည်းနက်နေ၏။ ထူးခြားမှုတစ်ခုမှာ သူ၏အစွယ်ကြီးပင် ဖြစ်ချေတော့၏။ လွန်စွာမျှ တုတ်ခိုင်ကြီးမားပြီး ဆင်စွယ်ကဲ့သို့ ဖြစ်နေ၏၊ သူ၏ခံ့ညားမှုကြောင့် ကျွန်တော် တဒင်္ဂမှင်တက်နေဆဲမှ သတိရလာသဖြင့်လက်တွင်းမှ သေနတ်၏ မောင်းထိန်းခလုတ်ကို ဆွဲညှစ်ရန် စဉ်းစားလိုက်
သည်တွင် အောင်စိုးဝင်းက လက်တွင်းမှဓာတ်မီးသည် မီးငြိမ်းသွားတော့သဖြင့်. . .
“ဟာ ဘာလုပ်တာလဲ ကိုစိုးဝင်းရာ. . . ကြည့်ဖို့သက်သက်မီးထိုးခိုင်းတာ မဟုတ်ဘူး။ ပစ်မှတ်ချိန်နိုင်ဖို့ရာ မီးထိုးခိုင်းတာဗျ”
ဟု သူ့ကြိမ်းလိုက်သည်။
“ဆရာလေးရယ် ကျုပ်မီးပိတ်ပစ်တာ မဟုတ်ဘူး။ သူ့အလိုလိုမီးပိတ်သွားတာဗျ။ ဒီမယ် ကျုပ် မီးသီးကို နှိပ်ထားဆဲပါ”
“နို့ဖြင့်လည်း သေသေချာချာ နှိပ်ချေဗျာ” ဆိုလိုက်၏။ “သေချာနှိပ်ထားတာပဲ” ရယ်လို့ ပြောနေဆဲမှာပင် မီးပြန်လင်းလာချေတော့၏၊တောဝက်ကြီးကား ထိုနေရာမှ ပျောက်ချင်းမလှ ပျောက်သွားချေတော့သည်။
“တောက်. . . နာတယ်ဗျာ”
ကျွန်တော်က ဒေါသသံဖြင့် တောက်ခေါက် ပြောလိုက်သည်။
“ဒိန်း”
ထိုစဉ်မှာပင် မုဆိုးမောင်မောင်စိုး တဲဘက်မှ သေနတ်သံတစ်ချက် ထွက်လာသည်ကြောင့် သူ့တဲရှိရာသို့ အသံပြု သွားလိုက်ကြသည်။
“ဦးမောင်စိုးရေ. . . ကျွန်တော်တို့ပါဗျ။ စောစောက သေနတ်သံကြားလို့ လာတာ။ ဘာကောင် ပစ်တာတုံး မှန်သွားလား”
ဓာတ်မီးထိုးကာ ဝင့်ကာဖြင့် သူ့တဲသို့ ရောက်သွားကြ၏။
“တောက် အပိုင်ပစ်လိုက်ရရက်ဗျာ။ နီးနီးလေး အံ့ရော”
“ဘာကောင်တုံး။ စောစောက ကျွန်တော် တွေ့ လိုက်တဲ့ ဝက်ထင်တယ်” လို့ ကျွန်တော်က ပြောလိုက်၏။
“ဟုတ်တယ် တောဝက်ကြီးဗျ။ အမွေးကို စိုနေတာပဲ။ အစွယ်ကလည်း ဆင်စွယ်ရောင် တောက်နေသဗျ။ နီးနီးလေး ပစ်ရတာဗျ။ လွဲ
သွားရတယ်လို့”
သူ မကျေမနပ် ဖြစ်နေ၏၊
“မနက်ကျမှ ခြေရာခံပြီး ဒီကောင်ကြီးကို လိုက်ရှာမဗျာ” ဟုလင်းမြင့်လှိုင်က ပြော၏။
သို့ကြောင့် ကျွန်တော်တို့သည် နောက်နေ့ နံနက်စောစောတွင်ညက ဝက်ကြီး၏ ခြေရာကို ကောက်ကာ လိုက်ခဲ့ကြ၏။ ခြေရာကို ကြည့်
ခြင်းအားဖြင့် ပြေးလွှားသွားဟန်မတူ။ခြေလှမ်းမှန် အေးအေးလူလူလျှောက်သွားခြင်း ဖြစ်သည်။ ဘယ်တွက် ပြောနိုင်ပါမူ ဝက်ခြေရာများသည် နွံရှိရာ မြေပြင်တွင် ခပ်တိမ်တိမ်သာလျှင် တင်ကျန်ရစ်ခဲ့သောကြောင့် ဖြစ်ပေ၏။
..
“ဟာ. . . ရှေ့မယ်ဗျ၊ ညကကောင်ကြီး”
ရှေ့မှသွားနေသော လင်းမြင့်လှိုင်က ကျွန်တော်တို့ ရှေ့ ငါးကိုက်ခန့်ရှိ ငှက်ပျောတောသို့ လှမ်းကြည့်ရင်း ပြော၏။
ငှက်ပျောရိုင်းပင်၏ ခြေရင်းမြေကို နှုတ်သီးဖြင့် ဆွကလော်နေသည့် ဝက်ကြီးတစ်ကောင်ကို တွေ့ လိုက်ရသည်။ ညက ဝက်ကြီးပင် ဖြစ်နေ၏။
“ချလောက်”
မောင်မောင်စိုးသည် သူ့လက်တွင်းမှ သေနတ်ကို မောင်းတင်လိုက်ပြီးသည်နှင့် ဝက်ကြီးထံသို့ ပြောင်းဝကို ထိုးချိန်လိုက်ပြီး ချိန်မှတ်သေချာလောက်ပြီ ဖြစ်သည်တွင် မောင်းထိန်းခလုတ်ပေါ်ရှိ သူ၏ လက်ညှိုးလေးကို အသာကလေး ကွေးချလိုက်၏။
“ဂျောက်”
ဘယ်လို ဖြစ်ပါလိမ့်။ ကျည်ထွက်မလာ။ သူ့သေနတ် ဂျမ်းဖြစ်သွားချေပြီ။
“ဂျောက်”ရယ်လို့ အသံကြောင့် တောဝက်ကြီးသည် မြေပွများတူးဆွနေရာမှ ကျွန်တော်တို့ကို လှည့်ကြည့်လိုက်ချိန်မှာပင် ကျွန်တော်သည် လက်တွင်းပစ်ခတ်ရန် အသင့် မောင်းတင်ထားသည့် သေနတ်ဖြင့်လျှပ်တစ်ပြက် ထိုးချိန်ပစ်လိုက်သည်။
“ဂျောက်”
ကျွန်တော့် သေနတ်သည်လည်း ကျည်ထွက်လာခြင်းမရှိ။ဘယ့်နှယ် ဖြစ်ပါလိမ့်လို့ ဝေခွဲစဉ်းစားမရ ဖြစ်နေဆဲမှာပင်..
“ဒိန်း”
လင်းမြင့်လှိုင် လက်တွင်းရှိ သေနတ်မှ အော်မြည်ထွက်လာသော ကျည်တောင့်သည် ဝက်ကြီးရှိရာ လျင်မြန်သောအရှိန်နှုန်းဖြင့်ပြေးထွက်သွားငြား ပစ်မှတ်ကို လွဲချော်ကာ ဝက်ကောင်ကြီး တူးဆွနေသည့် ငှက်ပျောပင်စည်သို့ ဖောက်ဝင်သွားတော့သည်။
“ဖောက်”
ဝက်ကြီးသည် ဖင်ကိုယမ်းကာ အေးအေးလူလူပင် ငှက်ပျောတောအတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့၏။ဘယ်လို ဖြစ်ပါလိမ့်။ မဖြစ်စဖူး ကျွန်တော့်သေနတ် ဂျမ်းဖြစ်ခဲ့ချေပြီ။
မောင်မောင်စိုးသေနတ်သည်လည်း ကျည်မထွက်၊လွန်စွာမှ လက်မှန်းတည့်သော လင်းမြင့်လှိုင်သည်လည်းအကွာအဝေး ငါးကိုက်သာ ရှိမည့် ပစ်မှတ်ကြီးကို လွဲချော်ရသည်ဆိုတော့
အံ့ဩစရာပင်။
“ဟာ… ဟုတ်ပြီ ဆရာပိုက် ဒီဝက်ကြီးဟာ သေနတ်ပီးတာဖြစ်လိမ့်မယ်။ နို့ဆိုလျှင်ဖြင့် အဲဒီကောင်ကြီးရဲ့ အစွယ်က ကင်းပိတ်ဖြစ်နိုင်တယ်။ ဝက်စွယ်ကင်းပိတ် ဆိုလျှင်ဖြင့် ကျည်မကူး မီးသေ သေချာသလောက်ပဲဗျာ”
အောင်စိုးဝင်းက သို့နှယ် ပြောလာ၏။
“ဟုတ်မယ်. . . ဟုတ်လိမ့်မယ် ဥပမာ ကျွန်တော် နီးနီးကပ်ကပ် ပစ်လိုက်ရလျက်နဲ့ လွဲချော်ရတယ်လို့ဗျာ”
မောင်မောင်စိုးက ပြောပြန်၏။
“ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဒီကောင်ကြီးနောက် ဆက်လိုက်ကြစို့ဗျာ”
လင်းမြင့်လှိုင်က အားတက်သရော ပြောလေတော့၏၊သို့ဖြင့် ကျွန်တော်တို့သည် ထိုဝက်ကြီး ဝင်ရောက်ပျောက်ကွယ်သွားရာ ငှက်ပျောရိုင်းတောတွင်း တိုးဝင်ခဲ့ကြပြန်သည်။ကံအားလျော်စွာပင် ပြန်တွေ့ ခဲ့ကြပြန်၏။ သည်တစ်ကြိမ် တွေ့သည်ဆိုရာ၌ ဝက်ကြီးသည် ကျန်ဝက်တို့နှင့်မျက်နှာချင်းဆိုင် ရှေ့တူရှုမှနေ၍ စူးစိုက်ကြည့်နေ၏။ အားမာန်အပြည့်ဟန် ဖြစ်သည်။ ကျွန်တော်တို့ကို သူ့အား လိုက်ဒုက္ခပေးနေကြသူများဟု သိနေခြင်းကြောင့် မကျေမနပ် ကြည့်နေဟန် တူပေသည်။
“နေဦး ကျွန်တော် သိပြီ” ဆိုကာ မောင်မောင်စိုးသည် သူ၏သေနတ်ပြောင်းကို မြေပြင်သို့ ထိုးစိုက်ချလိုက်ပြီး ကျင်ငယ်ရည်ဖြင့်ပန်းလိုက်၏။
“ဟာ. . . မောင်မောင်စိုး မင်းဘယ်လို လုပ်တာလဲ”
“ဘာတွေ လျှောက်လုပ်နေတာလဲကွာ”
သို့ဆိုသလို ကျွန်တော်နှင့် လင်းမြင့်လှိုင်က သူ၏ လုပ်ရပ်ကိုမသတီစွာဖြင့် ပြောလိုက်၏။
“ဒီကောင်ကြီးကို နံနှိမ်လိုက်တာ”
သို့ဆိုကာ သူ့သေနတ်ပြောင်းကို ဝက်ကြီးထံသို့ ချိန်ပစ်လိုက်တော့၏။
“ဒိန်း”
သေနတ်ကျည်တော့ ထွက်သွားသော်ငြား ဝက်ကြီးကို ထိမှန်ပုံမပေါ်။ သူ့သေနတ်ပြောင်းဝမှ မီးခိုးငွေ့ တလူလူ ရှိနေဆဲမှာပင် ဝက်ကြီးသည် “ကိုစ်” ရယ်လို့ အသံရှည် အော်ဟစ်ရင်း မောင်မောင်စိုးထံသို့တစ်ရှူးထိုး ပြေးဝင်လာတော့၏၊
“ဟာ”
ကျွန်တော်နှင့် လင်းမြင့်လှိုင် ငေးကြောင်နေဆဲ ဝက်ကြီးသည်မောင်မောင်စိုးအား ပြင်းထန်သော အရှိန်နှုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြေးထွက်သွားလေ၏။
“အား”
မောင်မောင်စိုး တစ်ယောက် ဘေးသို့ လွင့်စင်လဲကျသွားတော့သည်။
“အား.. အား.. အား”
ဝက်ပက်ခံလိုက်ရ၍ နာကျင်လွန်းသည်ကြောင့် ညည်းညူနေ၎င်းမှ အသံတိမ်ဝင်ပျောက်သွားတော့၏။မောင်မောင်စိုးတစ်ယောက် သူ၏ ဆီးစပ်နေရာကို လက်အစုံဖြင့် အုပ်ကိုင်လျက် အနေအထားဖြင့် မျက်လုံးမျက်ဆံ ပြူးထွက်ကာခွေလဲနေသည့် မြင်ကွင်းကို ကြည့်ရင်း ကျွန်တော်က ခေါင်းကို ညင်သာစွာ ခါယမ်းလျက်. . .
“သူ့ကြမ္မာသူ ဖန်တီးသွားတာပဲဗျာ” ဟု လေးတွဲ့စွာ ပြောလိုက်သည်။
“အေးဗျာ. . . အဲဒီလူ တော်တော်ပက်စက်ပြီး နိမ့်ကျတဲ့ လုပ်ရပ်ကြောင့် သူ့အသက် ပေးလိုက်ရတာ ဖြစ်မယ်”
အောင်စိုးဝင်းက သို့နှယ် ပြောပြန်၏။
“တူသော အကျိုးပေး ဖြစ်လိမ့်မယ်” ရယ်လို့လည်း လင်းမြင့်လှိုင်ကပါ ပြောပြီးသည်နှင့် သုံးယောက်သား သူ၏ သက်မဲ့ ခန္ဓာကိုယ်ကြီးကိုသယ်မပိုးကာ လာလမ်းအတိုင်း ပြန်လာခဲ့ကြပေတော့သည်။
မှုခင်းရောင်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီလ (၂၀၀၂ခုနှစ်)
#စာရေးဆရာ – (ကိုပိုက်)