အချိန်ကား ဒီဇင်ဘာလ ဖြစ်သည်ကြောင့် ညဉ့်အခါတွင် ချမ်းအေးမှု ရှိပေမင့် နေ့တွင်မူ ပူပြင်းလှပေ၏။ငမိုးရိပ်ချောင်းဖျား တောတွင်းတစ်နေရာတွင် ကျွန်တော်တို့ရောက်ရှိနေကြ၏။ ချောင်းဖျား အထက် ဖြစ်သည်ကြောင့် “တောခြောက်” ဖြစ်ပေသည်။သစ်တောဝန်ထောက်လေး မျိုးဝင်း၊ မုဆိုးလင်းမြင့်လှိုင်၊ ပြီးတော့ ကျွန်တော်တို့သည် မနက်ကတည်းက “လှပဒါး” ရွာကလေးမှ နေ၍အမဲပစ် ထွက်လာခဲ့ကြရာ ယုန်တစ်ကောင်သာလျှင် ရခဲ့ကြသည်ကြောင့်အရိပ်ကောင်းကောင်း တစ်နေရာတွင် ထိုင်လျက် နားနေရင်း ထိုယုန်ကို အရေဆုက် မီးကင်လိုက်သည်။ နားနေရင်း အဆာပြေအလို့ငှာ စားရန်ဖြစ်သည်။

ထိုယုန်ကင်သည် ကျွန်တော်တို့ သုံးယောက်၏ ဆာလောင်မွတ်သိပ်နေခြင်းကို ပြေပျောက်ရန် အလို့ငှာ အနည်းငယ်တော့ဖြင့်အထောက်အကူ ပေးနိုင်လိမ့်မည်။
သို့ယုန်ကို တံစို့ထိုးမီးကင်နေဆဲ ကျွန်တော်တို့သည် အရိပ်ကောင်းကောင်း တောင်သရက်ပင်အောက်တွင် ပင်စည်ကို ကျောမှီကာကျိန်းနေကြတော့၏။

“လှပဒါး” ရွာကလေးမှ နံနက် ဝေလီဝေလင်း အချိန်မှ ထွက် လာခဲ့ခြင်းကြောင့် ခရီးပန်းခြင်း၊ ဆာလောင်မွတ်သိပ်နေကြခြင်းကြောင့်
သုံးယောက်စလုံး သတိလက်လွတ် အိပ်ပျော်သွားကြတော့သည်။

မည်မျှကြာကြာ အိပ်ပျော်သွားသည်မသိ။ ရွက်ကြွေသစ်ရွက်ခြောက်များကို နင်းဖြတ်ကာ ဝရုန်းသုန်းကား ပြေးလွှားဆူညံစွာ အော်ဟစ်သွားသည့် တိရစ္ဆာန်တစ်အုပ်၏ အသံကြောင့် သုံးယောက်လန့်နိုးလာကြ၏၊

“ဟာ”

ခြောက်ကောင်ခန့်သော တောင်ဆိတ်အုပ်ဖြစ်သည်။ မြန်လိုက်သည် ဖြစ်ခြင်း၊ တောင်ကြောလေးပေါ်မှ ဆူညံသော အသံများဖြင့် ပြေးဆင်းကာ ခပ်ဝေးဝေးရှိ ကျောက်တောင်များရှိရာသို့ သွားနေကြတော့၏၊
ရှေ့ဆုံးမှ ဦးဆောင်ပြေးသွားသော မုတ်ဆိတ်ဖားဖားနှင့် တောင်ဆိတ်ကြီးနောက်မှ ကျန်အကောင်များ ကပ်ပါသွားကြ၏။

“ကိုလင်း. . . ဒီကောင်တွေ အဲဒီကျောက်တောင်တစ်ဝိုက်မှာနေကြတာ ဖြစ်မယ်ဗျ”

“ဖြစ်နိုင်တယ် ကိုပိုက်. . . ကျွန်တော်တို့နားနေ စားသောက်ပြီးလျှင် အဲဒီဘက် သွားကြစို့ဗျာ. . . ကြုံတဲ့နေရာ စခန်းချအိပ်ကြမယ်”
“ကောင်းတယ် ကိုလင်း”

“ကျွန်တော်တို့ စားသောက်ပြီးမှ သွားမယ်။ မလုပ်နဲ့ဗျ။ ခုပဲသွားကြမယ်”

သို့နှယ် မျိုးဝင်းက ပြောလာသဖြင့် လင်းမြင့်လှိုင်က. . . .“ဆာပြီဗျ. . . စားပြီးမှ သွားစို့ဗျာ” ပြောလိုက်သဖြင့် မျိုးဝင်သည် ပြုံးစိစိဖြင့်. . .

“ဟဲ… ဟဲ… ဆာတာတော့ ဆာတာပေါ့ဗျာ…စား
စရာ ဘာရှိလို့တုန်း” ဟု မေးလိုက်သည်တွင်. . .

“ယုန်ကင် ရှိတယ်လေဗျာ. . . ” ရယ်လို့ ပြန်ပြောပြီး ယုန်ကင်ထားရာ နေရာသို့ လှမ်းကြည့် လိုက်သည်တွင်. . .

“ဟင်. . . ယုန်ကင် ဘယ်ရောက်သွားပြီလဲ. . . ” ဆိုကာထိုနေရာသို့ အပြေးကလေး သွားကြည့်လိုက်၏။

ထင်းမီးများ ပျံ့ကျဲလို့နေ၏။ ယုန်ကင်သည်လည်း တောင်ဆိတ်တို့၏ တိုက်ခတ်နင်းမိခြင်းကြောင့် မွမွကျဲကာ ဖုန်အလိမ်းလိမ်းနှင့် စား၍
မရလောက်အောင် ဖြစ်သွားသည်။

“တောက်… အတော် ဒုက္ခပေးတဲ့ ကောင်တွေဗျာ. .ကျွန်တော်တို့မှာ စားစရာဆိုလို့ ဒီယုန်ကင်လေးတစ်ကောင်ရှိတာ..ခုတော့. . . ငတ်ပြီပေါ့”

လင်းမြင့်လှိုင်က သို့နှယ် ညည်းရင်းတစ်ဆက်တည်း ဆိုသလိုပင်…

“တွေ့ကြသေးတာပေါ့ကွာ၊ ကဲ. . . ကိုပိုက်၊ စားစရာထွေမရှိတော့တဲ့ အတူတူ အဲဒီကောင်တွေနောက် လိုက်ကြစို့ဗျာ. . . ” ရယ်လို့ ပြောရင်း သေနတ်ကို ကောက်ကိုင်လိုက်သည်ကြောင့် ကျွန်တော်နှင့်… မျိုးဝင်းသည်လည်း ထိုင်လျက်မှ ထလိုက်ကြရတော့သည်။

ထိုတောင်ဆိတ်တစ်အုပ် ပြေးလွှားသွားရာ လမ်းကြောင်းအတိုင်း လိုက်ခဲ့ကြသည်။အတန်ငယ်အကြာတွင် တောင်ဆိတ်တို့ ခိုအောင်းနေထိုင်ကြသည်ဟု ထင်ရသောကျောက်တောင်များ ရှိရာသို့ရောက်လာကြသည်။

“ကိုလင်းရေ .. ဒီနေရာတစ်ဝိုက် တောင်ဆိတ်တွေ ခိုအောင်းနေတာ ဖြစ်နိုင်သဗျ။ သူတို့ မေးဖျားမှာ ပေါက်နေတဲ့ပဲဗျို့။ ပြီးတော့ ဂူတွေ၊ ကျောက်ကမ်းပါးယံတွေ၊ ကျောက်လျှိုတွေ ပေါမှပေါဗျာ။ ဒီကောင်တွေ အကြိုက်ပေါ့”

သို့နှယ် လင်းမြင့်လှိုင်က ကျောက်ဆောင် ကျောက်ကမ်းပါးများတစ်ဝိုက် ပြန့်ကျဲနေသည့် တောင်ဆိတ်ချေးများကို ကြည့်ရင်းပြော
သည်တွင် မျိုးဝင်းက. .

“အင်း… နို့ပေမယ့်… သူတို့ကို ရှာရတာ ခက်မယ်ဗျနော်. . . ကျွန်တော်တို့ကို အကာအကွယ် မဲ့သမို့ သူတို့က ကျွန်တော်တို့ကို အရင်ဦးတွေ့ နိုင်တာကြောင့် ရှောင်တိမ်း ပြေးလွှားခွင့် သူတို့မယ်အများကြီး အခွင့်အရေး ရှိနိုင်သဗျ” ဟုပြောလာ၏။ ကျွန်တော်က. . .

“ဒါကတော့ သဘာဝ ပတ်ဝန်းကျင်အနေအထားက သူတို့ရဲ့လုံခြုံရေးကိုအထောက်အကူပြုတာပေါ့” ပြောလိုက်သည်တွင် မျိုးဝင်းက “သူတို့ကိုပစ်ခတ်သတ်ဖြတ်ဖို့ရာ ကျွန်တော်တို့မှာ အခွင့်အရေး နည်းသွားပြီပေါ့နော်” ဟု စိတ်ဓာတ်ကျစွာဖြင့် ပြောလေတော့၏။

“ဒါတော့ ဒါပေါ့. . . ကိုမျိုးဝင်းရယ်. . . နို့ပေမင့် ကျွန်တော်တို့က သူတို့ကို အကာအကွယ် ပြုတဲ့ ကျောက်တောင်၊ ကျောက်လျှိုတွေကိုပဲ ပြန်အသုံးချ အကာအကွယ် ယူနိုင်လျှင်ဖြင့် အဆင်ပြေနိုင်ပါတယ်ဗျာ။ နို့ကြောင့် ကျွန်တော်တို့ အဲဒီနေရာတွေဆီ အရောက် သွားနိုင်ဖို့ကအရေးကြီးတယ်လေ”

သို့နှယ်ပြောရင်း ကျွန်တော်ကပင် ဦးဆောင်၍ ကျောက်တောင်ခြေသို့ အလျင်အမြန် သွားလိုက်သည်။ကျောက်တောင်ငယ် တစ်ခု၏ အခြေသို့ ရောက်သွားသည်တွင်ခေတ္တနားနေလိုက်ကြသည်။ သို့နားနေရင်းကျောက်ကမ်းပါးယံများ ကျောက်လျှိုများရှိရာသို့ မျက်စိဝှေ့ယမ်းကြည့်လိုက်သည်။ကံအားလျှော်စွာပင် ကျောက်ကမ်းပါးယံစွန်း ထိပ်တစ်ခုတွင် တောင်ဆိတ်သုံးကောင်တွေ့လိုက်ရသည်။

“ဆာပြီဗျ. . . စားပြီးမှ သွားကျွန်တော်တို့ အစာကိုဝင်ရောက်တိုက်ခိုက်ဖျက်ဆီးသွားသော
ခြောက်ကောင် အုပ်စုမှ သုံးကောင် ဖြစ်၏။

ခေါင်းဆောင်ဆိတ်ကြီးနှင့်နောက်လိုက် နှစ်ကောင် ဖြစ်သည်။

အတန်ငယ်တော့ လှမ်း၏။ သို့ငြား ဆာလောင်နေကြသည်လည်းဖြစ်၍ ရရှိသောအခွင့်အရေးကို လက်လွတ်မခံလိုသဖြင့်. . .

“ကိုလင်း. . . နည်းနည်းတော့ လှမ်းတယ်။ နို့ပေမင့် သေချာချိန်ပစ်မယ်ဆိုလျှင်တော့ ဖြစ်နိုင်လိမ့်မယ်”

“နို့ဖြင့်. . . ကိုပိုက် ပစ်ချေဗျာ”
မျိုးဝင်းက သို့နှယ် ပြောလာသဖြင့်. . .

“ကျွန်တော်က စိတ်မရှည်ဘူးဗျ။ ကိုလင်းပစ်လျှင်ဖြင့် သေချာလောက်တယ်။ ကဲပါ. . . ကိုလင်း ပစ်စမ်းပါ”

ပြောလိုက်သည်။

လင်းမြင့်လှိုင်က သွားတက်လေးပေါ်အောင်ရယ်၍…

“ဟင်း… ဟင်း… ဟင်း… ဟင်း ကျွန်တော်တော့
တရားခံ ဖြစ်တော့မယ် ထင်ပါရဲ့” ဟုပြောလာ၏။သည့်နောက်. . . သူ့သေနတ်ပြောင်းဝကို ထိုတောင်ဆိတ်သုံးကောင် ရှိရာသို့ ချိန်လိုက်၏။

ကျွန်တော်နှင့် မျိုးဝင်းသည် စိတ်လှုပ်ရှားစွာဖြင့် ငေးကြည့်နေကြသည်။ လင်းမြင့်လှိုင်သည်လည်း သူ့တွင် လုံးလုံးလျားလျား တာဝန်ကြီးဖြစ်လာသည်ကြောင့် ပို၍ စိတ်လှုပ်ရှားနေပုံရ၏။ သို့ငြား…

“ကျွန်တော် တောင်ဆိတ်တွေကို ကြည့်မရတာ ကြာပြီဗျ”

သို့ ပြောလာသဖြင့်. . . မျိုးဝင်းက..
“သူ့ဟာသူ နေတာပဲဗျ. . . ဘာလို့များပါလိမ့်” ဟုမေးလိုက်သည်။

“ဘာရယ်တော့ မဟုတ်ပါဘူး။ သူတို့ မေးဖျားမှာ ပေါက်နေတဲ့မုတ်ဆိတ်ကို ကြည့်မရဘူးဗျာ”
ဟား. . . ဟား…ဟား… ကိုလင်းကတော့ ပြောရော့ မယ်”

မျိုးဝင်းက သို့နှယ်ရယ်လျက် ပြောရင်း တစ်ဆက်တည်း. . .

“နို့ဖြင့် ကျွန်တော်တို့ တောင်ဆိတ်သားစားရဖို့ သေချာသွားပြီဗျာ” ဟု ကျွန်တော့်ဘက်လှည့်ကြည့်ကာ ပြောလေသည်။လင်းမြင့်လှိုင်သည် တောင်ဆိတ် သုံးကောင်ထံသို့ မမှိတ်မသုန်
ကြည့်ရင်း. . .

“ဟိုမယ် ကြည့်စမ်းဗျာ. . . တောင်ဆိတ်သုံးကောင်ထဲမှာ တစ်ကောင်က ပိုကြီးတယ်။ ပြီးတော့ ဟန်ပန်အပြည့်နဲ့ ရှေ့ဆုံးက မားမား
ရပ်ပြီး သူရဲကောင်းကြီးတစ်ယောက်လို ပတ်ဝန်းကျင်ကို စူးစမ်းနေပုံကအမြင်ကတ်စရာကြီးဗျာ၊ ကျွန်တော်တော့ဆောင့်ကြွားကြွားနိုင်လှတဲ့အဲဒီကောင်ကိုပဲ ပစ်ချေတော့မယ်”

တော့သည်။
သို့နှယ်ပြောပြီး သေနတ်မောင်းထိန်းခလုတ်ကို ဆွဲညှစ်လိုက်တော့သည်။

“. ဒိန်း… ”

ပြင်းထန်သော ယမ်းအားပေါက်ကွဲသံနှင့်အတူ တောင်ဆိတ်ကြီးသည် ခွေခနဲ လဲကျသွားတော့၏။ ကျန်နှစ်ကောင်သည် နောက်လှည့်ကာ ပြေးထွက်သွားကြသည်။

“မှန်သွားသဗျ. . .”
ח
မျိုးဝင်းက ဝမ်းသာအားရ ပြောလေ၏။
“ကဲ. . . အဲဒီကို သွားကြစို့ဗျာ. .”
ကျွန်တော်က ပြောရင်း ရှေ့က သွားလိုက်သည်။မျိုးဝင်းသည် တစ်လမ်းလုံး လင်းမြင့်လှိုင်ကို ချီးမွမ်းစကားဆိုနေလေတော့၏။ သည်သို့ဖြင့် ကျွန်တော်တို့သည် တောင်ဆိတ်ကြီး လဲကျသွားရာ ကမ်းပါးစွန်းသို့ ခက်ခဲစွာ ကုပ်တွယ်တက်လိုက်ကြသည်။

“ဟင်…”

“ဟာ…”

“ဘယ်လို ဖြစ်ရတာလဲ. . . “

ကမ်းပါးယံစွန်းထိပ်တွင် တောင်ဆိတ်ကြီးကိုမတွေ့။ အိုင်ထွန်းနေသော သွေးများသာ တွေ့ကြရ၏။

“ပစ်မှတ် အလှမ်းဝေးတော့ ထိချက်အား ပျော့သွားတယ် ထင်ပါ့။ ဒီကောင်ကြီး ဒဏ်ရာ ပြင်းပြင်းထန်ထန် မရလိုက်တာကြောင့် ထွက်
ပြေးသွားနိုင်တာ ဖြစ်လိမ့်မယ်”

သို့နှယ် ကျွန်တော်က ပြောလိုက်၏။
လင်းမြင့်လှိုင်က မကျေမနပ် ဖြစ်ကာ ပတ်ဝန်းကျင် တစ်ဝိုက်လှည့်ပတ်ကြည့်ရင်း သွေးစက်များကို ခြေရာခံလိုက်ရန် အဆိုပြုလာတော့၏။

“ဒီကောင် ရသွားတဲ့ ဒဏ်ရာက မသေလောက်ပေမင့် ချက်ချင်းကြီး ဝေးဝေးတော့ ပြေးနိုင်လှိမ့်မယ် မထင်ဘူးဗျ။ သွေးစက်ခြေရာကောက်လိုက်ကြစို့ဗျာ”

“ဟုတ်တယ်. . . ဒီကောင်ကို ရဖို့က သေချာလောက်တယ်၊ကျွန်တော်တို့လဲ ဆာနေပြီ။ သဲကြီးမဲကြီး လိုက်ရှာမယ်ဆိုလျှင်ဖြင့်ဒီကောင်ကြီးကို သေချာပေါက် ရနိုင်တယ်”

မျိုးဝင်းက သို့နှယ်ပြောလာ၏။
သို့ကြောင့် ကျွန်တော်သည်

“ကဲ… နို့ဖြင့်လဲ… အချိန်ရှိတုန်း လိုက်ကြစို့” ဟုပြော လိုက်၏။အတော်လှမ်းလှမ်းသို့တိုင် ဒဏ်ရာရ တောင်ဆိတ်ကြီးသည်ပြေးလွှားသွားနိုင်ပုံ ရလေ၏၊ ခြေရာကောက် လမ်းမပျောက်သော်ငြားအကောင်လုံးကိုတော့ဖြင့် မတွေ့ သေးပါချေ။ဇွဲနပဲကြီးစွာဖြင့်. . . ဆက်လိုက်ခဲ့ကြရာမှ. . . ကျောက်ဂူပေါက်လေးတစ်ခုကို တွေ့ လိုက်ကြရသည်။ သွေးစက်များကို ကြည့်ခြင်းအားဖြင့် ထိုကျောက်ဂူအတွင်းသို့ ဒဏ်ရာရ တောင်ဆိတ်ကြီး ဝင်ရောက်သွားပုံရလေသည်။

“ကဲ. . . ဒီကောင် ဘယ်ပြေးတော့မလဲ။ ဂူထဲမယ် ပိတ်မိလေပြီလေ…ဟဲ…ဟဲ. . . .မုတ်ဆိတ်ကို ကြည့်မရလို့ ကျွန်တော်ကိုယ်တိုင် ဇာတ်သိမ်းပေးရလိမ့်မယ်”

သို့ဆိုကာ လင်းမြင့်လှိုင်က ဂူပေါက်ဝနား သွားရင်း ပြောလေ၏။ သို့ဖြစ်၍ ကျွန်တော်က ကပျာကသီပင်…

“ကိုလင်း နေဦး၊ ဂူထဲ အရမ်းစွတ်မဝင်နဲ့ဦး။ အထဲမှာ ဘာအန္တရာယ်တွေ ရှိနေဦးမလဲ မသိဘူး” ဟု ပြောလိုက်သည်။”

“ဘာအန္တရာယ်မှ မရှိနိုင်ပါဘူးဗျာ. . . ကျွန်တော်တို့မှသေနတ်တွေ ပါတာပဲ။.ရှိနေမယ့် အကောင်မှန်သမျှ ကျွန်တော်တို့အတွက် ရိက္ခာချည်းလို့သာ မှတ်စမ်းပါဗျာ. . . ဟဲ…ဟဲ”

သူ့စကားကြောင့် ကျွန်တော်သည်. . .

“ဒီလို လွယ်လင့်တကူ ပြောလို့မရဘူးလေ။ ဂူပေါက်ဝမှာချုံနွယ်တွေ ရှုပ်ထွေးနေသလို၊ ဂူထဲမှာလဲ ရှုပ်ထွေးနေမှာ သေချာသဗျ။တော့ မှောင်နေခြင်းအားဖြင့် သားရဲကောင်တွေ ခိုအောင်းနေနိုင်သဗျ”

သို့နှယ် ပြောလိုက်သည်ကြောင့်. . . .
“နို့ဖြင့်. . .”

“ဂူက အထဲမှာ ဘယ်လောက်ကျယ်မှန်း၊ ရှည်မှန်းမသိတဲ့အပြင်မည်းမှောင်နေတော့ကာ စမ်းတဝါးဝါး သွားရမှာ တောင်ဆိတ်ကအန္တရာယ်မပြုနိုင်ဘူး ဆိုပေမင့် အထဲမှာ ရှိနေနိုင်တဲ့ သားရဲကောင်တွေအန္တရာယ်ပေးလာနိုင်တယ်။ ရှိနိုင်မယ် ဆိုလျှင်ပေါ့ဗျာ”

“သည်တော့ ကိုပိုက်က ဘယ်လို လုပ်ချင်သလဲ. . .”

မျိုးဝင်းက မေးသည်။

“ကျွန်တော်တို့ အကာအကွယ် ကောင်းကောင်းတစ်ခု ယူပြီးဂူထဲကို သေနတ်ပစ်ဖောက် ခြောက်လှန့်ထုတ်မယ်ဗျာ။ ဒီအခါ တောင်ဆိတ်ပဲဖြစ်ဖြစ်၊ အခြား သားရဲကောင်ပဲဖြစ်ဖြစ် ဂူပေါက်ကနေ ထွက်လာနိုင်သဗျ။ သည်တော့မှ ကျွန်တော်တို့က လက်ဦးမှု ရယူပြီး ပစ်ခတ်နိုင်လျှင်ဖြင့် အကောင်းဆုံးပေါ့ဗျာ”

သို့နှယ် . . ကျွန်တော်၏ အစီအစဉ်ကို ပြောလိုက်သည်။

“ကောင်းပြီလေ. . . ဂူပေါက်ဝနားမယ်တော့. . . ကျွန်းပင်အိုကြီးတစ်ပင် ရှိတယ်။ ကျွန်တော်တို့ သုံးယောက်အတွက် လုံလောက်တဲ့အကာအကွယ် ပေးနိုင်ပါလိမ့်မယ်”

လင်းမြင့်လှိုင်ကပြောလျက် ကျွန်းပင်အိုကြီးနောက်ကွယ်သို့သွားလိုက်၏။ ကျွန်တော်တို့ သုံးယောက်သည် ကျွန်းပင်အိုကြီး နောက်
ကွယ်တွင် နေသားတကျ ကပ်လိုက်ပြီး လင်းမြင့်လှိုင်က သူ၏သေနတ်ဖြင့် ဂူပေါက်တွင်း ထိုးချိန်ပစ်လိုက်သည်။

“ဒိန်း”

“ဒိန်း”

“ဒိန်း”

“ကျလို့. . ကျလို့.. ကျလို့. . ဖလပ်. . ဖလပ်… . ဖလပ်”

“ဖလပ်. . . ကျလို့”

သေနတ်သံဆုံးသည်နှင့် ဂူပေါက်အတွင်း ခိုအောင်းနေသည့်လင်းဆွဲငှက်များ အော်မြည်ကာ ပျံသန်းသွားကြ၏။ အခြား မည်သည့်သားကောင် မျှ ရှိပုံမပေါ်ချေ ဆိုပါလျှင် ဂူအတွင်း သားရဲကောင် မရှိသည်မှာ သေချာပေ၏။ သို့ပေမင့် လုံးဝစိတ်ချ၍တော့ မဖြစ်သေး။မည်သို့ပင်ဖြစ်စေ ဒဏ်ရာဖြင့် ပြေးဝင်သွားသော တောင် ဆိတ်ကြီးတော့ပြန်ထွက်လာခြင်း မရှိချေ။ ဂူထဲတွင် ရရှိသော ဒဏ်ရာ ဖြင့် မပြေးနိုင်၊မလွှားနိုင် ဖြစ်နေပြီလား။ သေနေပြီလား မသိချေ။

“ဝင်ကြည့်ကြစို့ဗျာ”

လင်းမြင့်လှိုင်က ပြောလာသဖြင့်. . . ကျွန်တော်က ပိုသေချာစိတ်ချနိုင်ရန် အလို့ငှာ…လက်တွင်းရှိ သေနတ်ဖြင့် တစ်ချက်ပစ်
လိုက်ပြန်၏။

“ဒိန်း”

မည်သည့် ထူးခြားမှုမျှ ဖြစ်မလာချေ။ သို့ကြောင့်. . .

“ကဲ… သေချာလောက်ပြီ… ဝင်ကြစို့ဗျာ” ဆိုလျက်ကျွန်တော်က ဦးဆောင်၍ ဂူအတွင်း လှမ်းဝင်လိုက်၏။ ပြီး အမဲလိုက်ဓာတ်မီးဖြင့် ဂူအတွင်း ဝေ့ဝိုက် ထိုးကြည့်လိုက်၏။လင်းဆွဲချေးများ ဗရပွ ရှိနေ၏၊ လင်းဆွဲဂူ ဖြစ်လိမ့်မယ်။ အနံ့အသက်ကား ဆိုးဝါးလှချေ၏။ သို့ငြား ဆာလောင်ခြင်း ဒုက္ခကြောင့် ဂူအတွင်း ရှိနေမည့် တောင်ဆိတ်ကြီးကို သေချာပေါက် ရှိနိုင်လိမ့်မည်ဟုယုံကြည်သဖြင့် ထိုဒုက္ခကိုအောင့်အီးခံ၍ဂူတွင်း ဝင်ခဲ့ကြခြင်းဖြစ်၏။

ဂူသည် သိပ်ကြီးမားခြင်း မရှိ။ ကျွန်တော်ကို ရှာနေသောတောင်ဆိတ်ကြီးကို ဂူနံရံဘေးတွင် ခွေခေါက်လဲကျ ငြိမ်သက်နေသည်ကို လွယ်လင့်တကူ တွေ့လိုက်ကြသည်။

“ကဲ. . . ကိုလင်းရေ. . . ဒီကောင်ကြီးကို အမြန်အပြင်ဆွဲထုတ်ချေဗျာ။ နို့ဖြင့် လင်းဆွဲချေးနံ့တွေကြောင့် မူးမေ့သွားနိုင်သဗျ´သို့နှယ် ကျွန်တော်က ပြောရင်း တောင်ဆိတ်ကြီး၏ ခြေတစ်ဖက်ကို ကိုင်ဆွဲလိုက်၏။ လင်းမြင့်လှိုင်နှင့် မျိုးဝင်းကပါ ခြေတစ်ဖက်လက်တစ်ဖက် ကိုယ်စီ ဝင်ဆွဲလိုက်ကြသည်။
“ဟာ. . . နေဦး ကိုလင်း. . . “

ကျွန်တော်သည် တောင်ဆိတ်ကြီး သေနေပုံ ထူးခြားခြင်းကြောင့် သို့နှယ်ပြောရင်းတောင်ဆိတ်ကြီး ဦးခေါင်းပိုင်းကို အသေအချာမီးဖြင့် ထိုးကြည့်လိုက်သည်။လင်းမြင့်လှိုင် ပစ်လိုက်သည့် ကျည်သည် တောင်ဆိတ်ကြီး၏ဝမ်းဗိုက်အလယ် ဖြစ်ငြား ဘယ်အတွက် ဦးခေါင်းခွံခွဲကာ ဦးချိုတစ်ချောင်း ကျိုးနေပါလိမ့်။ သို့ဖြစ်၍ ဂူနံရံမှ မညီမညာ ချွန်ထွက်နေသည့်ကျောက်သားနံရံ အဖုအထစ်များကို မီးထိုးကြည့်လိုက်၏။ သွေးများပေကျံနေသည်ကို တွေ့ ရ၏။ သို့ဆိုပါလျှင်တောင်ဆိတ်ကြီးသည် အာဂအကောင်ကြီးပင် ဖြစ်လိမ့်မည်။ ရန်သူ့လက်ချက်ဖြင့် အသေမခံလို၍လား။

ရရှိသော ဒဏ်ရာ၏ နာကျင်မှုကို မခံစားနိုင်တော့၍လား မသိ၊ကျောက်သားနံရံကို သူ၏ ဦးခေါင်းဖြင့် ပြင်းထန်စွာ ထိုးတိုက်သတ်သေ
သွားခြင်းပင် ဖြစ်လိမ့်မည်။ တိရစ္ဆာန်ပင်ဖြစ်လင့်ကစား တင်းမာသောစိတ်ဓာတ်ကို ကျွန်တော် အလေးမထား၍ မရပါတော့ချေ။ ထူးဆန်းအံ့ဖွယ် တောင်ဆိတ်ကြီးပင် ဖြစ်သည်။ထို တောင်ဆိတ်နှင့် ပတ်သက်၍ ကျွန်တော် တွေးဆမိသည်ကို ပြောပြလိုက်သည်တွင် လင်းမြင့်လှိုင်က. . .

“နို့ဖြင့်ဗျာ. . . ဒီကောင်ကြီးတ ဘာလို့ ဒီထိတိုင် ပြေးလာပါမလဲ။ ဒဏ်ရာ စရတဲ့နေရာမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်လို့ ရတာပဲ”
သို့နှယ်. . . စောဒက တက်လာသလို မျိုးဝင်းကလည်း. . .

“ဂူပေါက်ထဲ. . . ခြောက်လှန့်ပစ်လိုက်တဲ့ ကျည်ဆန်မှန်သွားတာကော မဖြစ်နိုင်ဘူးလား”
ဟုမေးလာပြန်၏။

“ကိုလင်းက သုံးချက်၊ ကျွန်တော်က တစ်ချက် ပစ်တာ ဟောဒီမယ်ကြည့်” ဆိုကာ ကျွန်တော်သည် ဂူ၏ နံရံများတွင် နစ်မြှုပ်ဝင်နေသည့် ကျည်ထိပ်ဖူးများကို ထိုးပြလိုက်ပြီး မျိုးဝင်းကို အလျင် ရှင်းပြလိုက်၏။ သည့်နောက် လင်းမြင့်လှိုင်ဘက်လှည့်ပြီး. . .

“ကိုလင်းကို ကျွန်တော် ပြောမယ်နော်။ ဒီတောင်ဆိတ်ကြီးကသူ့ကိုယ်သူ ဒဏ်ရာ စရတဲ့နေရာမှာပဲ အဆုံးစီရင်မယ်ဆို ဖြစ်နိုင်ပါတယ်၊အဲဒီ
ကမ်းပါးယံ ကျောက်စွန်းပေါ်က ခုန်ချလိုက်ရုံပဲ။ နို့ပေမင့် သူ့ရုပ်န္ဓာကိုယ်ကြီးကို ရန်သူကလွယ်လင့်တကူ ရသွားနိုင်တာကို မလိုလားလို့ နေမှာပေါ့။ ခုလို ပြေးထွက်လာသော သူ့ခန္ဓာကိုယ်ကြီးကို ရန်သူက မရနိုင်လောက်ဘူးလို့ တွက်လိုက်လို့ ဖြစ်မှာပေါ့။ ဘာပြောပြော သူ့ ကိုယ်သူအဆုံးစီရင်သွားတာတော့ သေချာတယ်ဗျ”

သို့နှယ် ရှင်းပြလိုက်၏။

“အင်း. . . ကိုပိုက် တွေးချက် မှန်နိုင်ပါတယ်။ နို့ဆိုလျှင်ဖြင့်ဒီကောင်ကြီးက လေးစားစရာ ကောင်းတဲ့ အကောင်ကြီးပေါ့။ ဒီတော့ဂုဏ်ပြုတဲ့ အနေနဲ့ ကောင်းကောင်းမွန်မွန် မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်လျှင်မကောင်းပေဘူးလား”

ပြုံးစစဖြင့် ပြောလာသဖြင့် ကျွန်တော်သည်

“ဒါတော့ ဒါပေါ့ဗျား နို့ပေမင့် ဒီကောင်ကြီးအုပ်စုက ကျွန်တော်တို့ရဲ့ အစာ ယုန်ကင်လေးထို တိုက်ခိုက်ဖျက်ဆီးသွားတယ်။ စိတ်အေး လက်အေး နားနေအပန်းဖြေနေတာကို မလိုတမာ ဖျက်ဆီးသွားတယ်။ နို့ကြောင့် သူ့မယ် အပြစ်ကြီး ဖြစ်စေတယ်၊ ခွင့်မလွှတ်နိုင်ဘူး။ သူ့အသားကိုပဲ စားရတော့မယ်ပေါ့” ဟု ပြောလိုက်သည်။

“သူ ရဲ့ လုပ်ရပ်က သူ့နောက်လိုက် တောင်ဆိတ်တွေ သူ့ကိုလေးစားအောင်၊ အားကျအောင်၊ အထင်ကြီးအောင် လုပ်ပြတာပဲ ရှိတာ။အဲလို ဖြစ်အောင်လည်း သူက တစ်ပါးသူကို ဒုက္ခပေးတယ်။ ဒုက္ခရောက်စေတယ်။ ကိုယ်ချင်းစာစိတ်ဆိုတာ မရှိဘူး။”

“ဒါတော့ ဒါပေါ့ဗျာ။ ဒီကောင်ကြီးက စာနာစိတ်ဆိုတာ ဘယ်သိနိုင်ပါ့မလဲ။ တိရစ္ဆာန်ပေပဲ”

“တိရစ္ဆာန်ဖြစ်နေလို့လဲ လူသားတွေနဲ့ ဉာဏ်ရည်ချင်း ယှဉ်မရတာပေါ့ဗျာ”

သို့ နှယ် ကျွန်တော်က ပြောလိုက်သည်။ ထိုတောင်ဆိတ်ကြီးဆွဲထုတ်ရန် တာစူလိုက်သည်နှင့် လင်းမြင့်လှိုင်နှင့် မျိုးဝင်းကပါ ဝင်ရောကူညီကြလေသည်။

တကယ်တော့ ကျွန်တော်တို့လို လူသားတွေလည်း ဝမ်းရေး၊ပတ်သက်လာလျှင်“ကမ္ဘာမီးလောင်၊ သားကောင်ချနင်း” ဆိုဘိသတဲ့ကျင့်ကြံတတ်ကြစမြဲပင် ဖြစ်သည် မဟုတ်ပါကလား။

´မှုခင်းရှုထောင့်မဂ္ဂဇင်း
ဧပြီလ (၂၀၁၂ခုနှစ်)

#စာရေးဆရာ – ကိုပိုက်