မူရင်း _ဆရာတာတေ

လွှတ်ပြီးကတိတည်တဲ့လူဗျာ။
ကျုပ်ဆရာကြီးစိုင်းနွံဖကို ပြောတာပါ။
ကျုပ်ရအောင်ယူပေးတဲ့ သစ်စုန်းပင်ကို
ပုဗ္ဗာရုံကျောင်းမှာပဲ တောင်ဝှေးလုပ်တယ်။
ဆေးတောင်ဝှေးသုံးချောင်းထွက်တယ်ဗျ။
သစ်ရွက်၊ သစ်မြစ်တွေကိုတော့။အခြောက်
လှမ်း၊ အမှုန့်ထောင်းပြီး ဆေးတောင့်တွေ
လုပ်တယ်။ ဆေးတောင်ဝှေးတို့ကို ပန်းပု
ဆရာနဲ့ နဂါးခေါင်းလက်ကိုင်တွေထုတယ်
ဗျ။ ပြီးတော့မှ ပေါ်လစ်တင်တယ်။

နဂါးခေါင်းကိုတော့ ရွှေပိန်းချတာဗျ။သစ်စုန်း
ဆိုတာ တော်တော်ကိုထူတဲ့ သစ်သားပဲဗျ။
အားလုံးလုပ်ကိုင်ပြီးတော့ ဆရာတော်ကို
သစ်စုန်းဆေးတော်တစ်တောင့်နဲ့ နဂါး
တောင်ဝှေးတစ်ချောင်းလှူတယ်။

ကျုပ်ကိုတော့ သစ်စုန်းဆေးတော်
တစ်တောင့်နဲ့မျက်ကွင်းဆေးတစ်တောင့်
ပေးတယ်။ဖြေဆေးဥပါပေးတယ်ဗျ။
သီလသမာဓိရှိသလောက် ကတိလည်း
အင်မတန်တည်တဲ့ ဆရာကြီးပါပဲဗျာ။
ဆရာကြီး စိုင်းနွံဖပြန်သွားပြီး တစ်နှစ်
လောက်ရှိတော့ ဘန့်ဘွေးကုန်းကို
လူတစ်ယောက်ရောက်လာတယ်ဗျ။
ဒီလူကကဝဆေိုပဲ။

ကျုပ်လည်း မသိပါဘူးဗျာ။တစ်ရက်
ကျုပ်ဆီကို ဘန့်ဘွေးကုန်းက ကျောက်နီ
ဆိုတဲ့ကောင် ရောက်လာပြီးပြောလို့
သိတာဗျ

“ဟာ ဟေ့ကောင် ကျောက်နီ၊
ဘယ်လာတာတုံး”

“ကိုတာတေဆီကိုပဲ လာတာပါဗျာ၊
ကိစ္စနည်းနည်းရှိလို့ဗျ”

“အေး …လာလေကွာ”

ကျုပ်ထိုင်နေတဲ့ မန်ကျည်းပင်အောက်က
ကွပ်ပျစ်ပေါ်ကို ခေါ်လိုက်တယ်။

“ဟဲ့ …ဒါဘန့်ဘွေးကုန်းက ကျောက်နီမို့လား”

ကျုပ်အမေက အိမ်ပေါ်ကနေပြီးတော့
ကျောက်နီကို လှမ်းနှုတ်ဆက်တယ်။

“ဟုတ်ပါ့ အရီးရေ၊ အဘတို့ အရီးတို့
နေကောင်းကြရဲ့လားဗျ”

“အေး ကောင်းပါ့တော်၊ နင့်အမေ စိန်ကြည်
ရော နေကောင်းရဲ့လား ဟဲ့ ကျောက်နီ”

“ဟိုတစ်လောကတော့ နည်းနည်းဖျားသေး
တယ် အရီးရဲ့၊ အခုတော့ ကောင်းသွားပါပြီ”

“အော် …အေး…အေး အဲဒီမှာ နင့်အကို
တာတေနဲ့ ထိုင်ကြ၊ အရီး ရေနွေးကြမ်း
ထည့်လိုက်ဦးမယ်”

ကျောက်နီကျုပ်နားမှာ ဝင်ထိုင်တယ်ဗျ။
ခဏကြာတော့ အမေက လက်ဘက်သုပ်နဲ့
ရေနွေးကြမ်းယူလာပြီး တည်တယ်ဗျ။

“အကြမ်းလေးသောက်ရင်း လ္ဘက်သုပ်စားရင်
ညီအစ်ကို စကားပြောကြပေါ့။ အရီးနောက်ပိုင်း
က ကျော်မောင်တို့ဘက် ခဏသွားလိုက်ဦးမယ်။
ဒီကောင်တွေ ဝက်ပေါ်မယ် ပြောတယ်။ပေါ်ဖြစ်
သလားသွားမေးလိုက်ဦးမယ်။ကျောက်နီ ထမင်း
စားပြီးမှ ဖြေးဖြေးပြန် သိလား”

“ဟာ…မစားတော့ပါဘူး အရီးရာ”

“အောင်မယ်တော် စိန်ကြည့်သားက ငါအိမ်ကို
ရောက်ပြီးမှ ထမင်းမစားဘဲ ပြန်လို့ရမလားဟဲ့၊
ကဲ ထိုင်ဦး အရီးမကြာဘူး။ခုပဲ ပြန်လာခဲ့မယ်”

ပြောပြောဆိုဆို အမေက တဘက်ကလေးတစ်
ထည် ခေါင်းပေါ်တင်ပြီး ထွက်သွားတယ်ဗျို့။

“ကဲ ကျောက်နီ ပြောပါဦးကွ ဘာကိစ္စများလဲ”

“ဒီလို ကိုတာတေရေ ကျုပ်တို့ ရွာမှာ လူထူး
လူဆန်းတစ်ယောက် ရောက်နေတယ်ဗျ”

“ဟေ ဟုတ်လား ဆရာလားကွ”

“အင်း ဆရာလို့ ပြောရမလား၊ ဘိုးတော်
ခေါ်ရမလားတောင် မသိပါဘူးဗျာ၊ စွမ်းတော့
လွှတ်စွမ်းတာ ကိုတာတေရေ”

“ဟေ…ဟုတ်လားကွ ကျောက်နီ ဘာတွေ
စွမ်းလို့တုံးကွ။ ငါ့ကိုလည်း ပြောပြပါဦးဟ”

“ဒီလူစရောက်တော့ ရွာထဲမဝင်ဘူးဗျ။ သင်္ချိုင်း
ကုန်းထဲက ဇရပ်မှာနေတာဗျ။ ရွာသားတစ်ချို့
က ဘာလဲဆိုပြီး သွား အကဲခတ်တဲ့အချိန်မှာ
ဒီလူက အစွမ်းပြတော့တာပဲဗျ”

“အင်း…ဘယ်လိုအစွမ်းပြတာတုံးကွ”

“မြွေတွေခေါ်တာဗျ မြွေတွေ”

“ဟင်…မြွေကို ဒီလူက ခေါ်လို့ရသလားကွ”

“ရပါဗျာ။ ရွာက ကိုအောင်ကျော်ကြီး ကျုပ်ကို
ပြန်ပြောပြတာဗျ။ ပထမဆုံး ဒီဆရာက ဂါထာ
တွေ ဘာတွေရွတ် ခေါ်လိုက်တာက တစ်ထွာ
လောက်ရှိတဲ့ မြွေနီနီရဲရဲကလေးတစ်ကောင်
ရောက်လာတာဆိုပဲဗျ။ အဲဒီမြွေနီကလေးက
သေးသေးကလေးပေမဲ့ ဒီနယ်မှာရှိသမျှ မြွေ
ဆိုးတွေရဲ့ အချုပ်လို့ ပြောတယ်တဲ့။အဲဒီမြွေ
နီကလေးကို ဒီဆရာက လူတစ်ယောက်နဲ့
စကားပြောသလိုကို ပြောတာတဲ့ဗျာ။ ငါမြွေ
ဟောက် ဘယ်အရွယ်နှစ်ကောင်နဲ့ မြွေပွေး
ဘယ်အရွယ် တစ်ကောင်လိုချင်တယ်။

မင်း အခု ချက်ချင်း လွှတ်ပေးရမယ်လို့
အမိန့်လေးခိုင်းလိုက်တာတဲ့ဗျ။မြွေနီက
လေးကလည်း လူစကားကိုကောင်း
ကောင်းနားလည်နေတဲ့ပုံပဲတဲ့ဗျို့။
ချက်ချင်းလှည့်ထွက်သွားပြီး သိပ်
မကြာဘူးတဲ့ဗျာ။ အဲဒီဆရာပြောတဲ့
အတိုင်း မြွေဟောက်ကြီးနှစ်ကောင်
နဲ့ မြွေပွေးကြီးတစ်ကောင် ရောက်
လာကြတယ်ဆိုပဲဗျာ။

အဲဒီ ဒီဆရာက အေး…မင်းတို့ ရောက်
လာပြီလား၊ တက်ခဲ့၊ ဇရပ်ပေါ်တက်ခဲ့
လို့ ခေါ်လိုက်တော့ မြွေသုံးကောင်
တက်လာကြတယ်ဆိုပဲဗျ။ ကိုအောင်
ဘော်ကြီးတို့ဆိုတာ ကြောက်လွန်းလို့
အသားကို ဆတ်ဆတ်တုန်နေကြ
တယ်ဆိုပဲဗျ။

မင်းတို့သုံးကောင် ဟိုနေရာမှာ ငြိမ်ငြိမ်
သွားနေကြလို့ လက်ညှိုးထိုးပြလိုက်တော့
မြွေတွေက လူစကားကို နားလည်နေတဲ့
အတိုင်းပဲဗျာ။သွားပြီးခွေနေကြတာ လှုပ်
ကို မလှုပ်တော့ဘူးဆိုပဲ။

ဒီတော့မှ အဲဒီဆရာကပြောတယ်တဲ့။
သူ ဒီညတရားထိုင်တဲ့အချိန်မှာ သူ့ကို
စောင့်ရှောက်ဖို့ ခေါ်တာပါတဲ့ဗျာ”

“ဟာ…ဒီလောက်ကို စွမ်းတာလား
ကျောက်နီရဲ့”

“အဲဒါနဲ့ ကိုအောင်ဘော်ကြီးတို့လည်း
အဲဒီဆရာကို ရှိခိုးကြတော့တာပေါ့ဗျာ။
သူတို့ပြန်လာတော့ ရွာထဲမှာ ဒီသတင်းက
ပျံ့သွားတော့တာပေါ့။ တစ်ချို့ကလည်း
သင်္ချိုင်းကုန်းထဲသွားပြီး မယောင်မလည်နဲ့
သွားပြီး အကဲခတ်ကြတာပေါ့ဗျာ။ဒီမှာတင်
ပိုပြီး အံ့သြစရာတွေ တွေ့လာကြတော့
တာဗျို့”

“ဟေ…ဘာတွေ တွေ့လာလို့လဲကွ”

“ကိုတာတေရေ မြွေကြီးနှစ်ကောင်က
အဲဒီဆရာ တရားထိုင်နေတဲ့ ခေါင်းပေါ်
က ထုတ်တန်းကြီးမှာ ခွေနေကြတာတဲ့။
တစ်ကောင်က ဆရာရဲ့လည်ပင်းမှာ
ပက်ပြီး ငြိမ်နေကြတာတဲ့ဗျ။ ဆရာက
တော့ တရားထိုင်တောင်မပျက်ဘူးဆိုပဲ”

“အော်…တော်တော်တော့စွမ်းတာပဲကွ”

“အင်း…နောက်တစ်နေ့ မိုးလင်းတော့
ကျုပ်တို့ဘန့်ဘွေးကုန်းက ရွာသားတွေ
သူ့အိမ်ကြွပါ၊ ငါအိမ်ကြွပါနဲ့ ဆရာကို
သွားပြီး ပင့်ကြတာ အလုအယက်ပေါ့
ဗျာ”

“ဟေ…ဟုတ်လား ဒါထက် ဒီဆရာ
ရောက်နေတာ ဘယ်လောက် ကြာ
ပြီလဲကွ”

“တစ်ပါတ်လောက်တော့ ရှိပြီဗျ”

“မြွေတော့ လွှတ်နိုင်တဲ့လူဗျ ကိုတာတေ
ရေ။ ဟိုတနေ့ကတင် ကျုပ်တို့ရွာသား
ဦးပွားကြီး ပိုးထိပါရောလားဗျ။အဲဒီဆရာ
ကြွလာပြီး မြွေကိုက်တဲ့ ခြေထောက်
အောက်မှာ ငှက်ပျောဖက် ခင်းခိုင်းပြီး
အမိန့်ပြန်လိုက်တာ ကိုက်တဲ့မြွေဟောက်
ကြီး ရောက်လာပါရောဗျ။ မင်းအဆိပ်တွေ
မင်းအကုန်ပြန်စုပ်ယူသွားလို့ ဆရာကအ
မိန့်ပေးလိုက်တော့ မြွေဟောက်ကြီးဟာ
သူ့အစွယ်ရာကနေ အကုန်စုပ်ယူပြီး ငှက်
ပျောဖက်ပေါ်ကို အန်ချရတယ်တဲ့ဗျာ။
ဦးပွားကြီးလည်း အခုအထိ ဘာမှကို
မဖြစ်တော့ဘဲ ယာထဲပြန်ဆင်းနိုင်နေပြီဗျ”

“အင်း …မင်းရဲ့ဆရာက အထက်လမ်းဆရာ
တော့ မဟုတ်လောက်ဘူးကွ ကျောက်နီရ။
အောက်လမ်းပဲ ဖြစ်လိမ့်မယ်။ နောက်ထပ်
လည်း မင်းတို့ရွာသားတွေ မြွေကိုက်ခံရနိုင်
သေးတယ်ကွ”

“ဗျာ ဘာဖြစ်လို့လဲ ကိုတာတေရဲ့”

“အဲဒီမြွေကို သူကိုယ်တိုင် အကိုက်ခိုင်းပြီး
တော့ သူပဲ အဲဒီမြွေကို ခေါ်ပြီးအဆိပ်စုပ်
ခိုင်းနဲ့ ချက်ချင်း နာမည်ကြီးတဲ့နည်းပေါ့ကွာ”

“ဟာ…ကျုပ်တို့ ကိုတာတေတွေးသလို
မတွေးမိပါဘူးဗျာ။ ဒါကြောင့်လည်း ခင်
ဗျားကို အားကိုးတာဗျ။ ခင်ဗျားကတော့
ဗဟုသုတများတဲ့သူဆိုတော့ ကျုပ်က
သိထားတာလေ”

“အေး…ပြောပါဦး ကျောက်နီရ။ အခုလာ
တဲ့ကိစ္စက ဒီလူအကြောင်းပြောရုံပဲလား”

“ဒီလိုလဲ မဟုတ်သေးဘူးဗျ။အဲဒီဆရာကို
မနက်ရော၊ နေ့လည်ရော ဘုန်းကြီးဆွမ်း
ကပ်သလိုကို ကျုပ်တို့ရွာသားတွေက
ကျွေးမွေးပူဇော်နေကြတာဗျို့။ဒီဆရာက
ညစာတော့ မစားဘူးဗျ။ သူက ကိုးပါး
သီလနဲ့ နေတာဆိုပဲဗျ”

“အင်း…အောက်လမ်းဆရာတွေကိုတော့
သတိထားရမယ်ကျောက်နီ၊ စိတ်ချလို့
မရဘူးနော်”

“အဲဒါကို ကျုပ်ပြောချင်တာဗျ။ ကျုပ်တို့ရွာက
အရီးမဝက်ရဲ့သမီးပေါက်စမကို ကိုတာတေ
သိတယ်မို့လား”

“ပေါက်စမကို သိတာပေါ့ ကျောက်နီရဲ့။
မင်းတို့ရွာကို ငါလာတိုင်း ချီနေကြကလေး
မလေးပဲဟာ”

“ဟုတ်ပ ကိုတာတေရေ အဲ့ဒီပေါက်စမက
အခုအပျိုကြီးဖားဖားဖြစ်နေပြီဗျ။ ရုပ်ကလေး
ကလည်း ရှိတယ်။ကိုယ်လုံးကိုယ်ထည်က
လည်း ထွားထွားကျိုင်းကျိုင်းဗျ”

“အေး…အဲဒါဘာဖြစ်လို့တုံး ကျောက်နီရဲ့”

“အဲဒီဆရာက ပေါက်စမကိုတွေ့တော့
အတင်းရောတော့တာပဲဗျာ။ကျုပ်အမေက
အခြေအနေကို ရိပ်မိတော့ ပေါက်စမကို
ကျုပ်တို့အိမ်ခေါ်ထားရတယ်ဗျ။ပေါက်စ
မက အမေ့မြေးတော်သေးတာကိုး ကို
တာတေရဲ့။ အရီးမဝက်မက အမေ့တူမ
နှစ်ဝမ်းကွဲလေဗျာ”

“အော်…ဒီလိုလား၊ အဲဒါကြောင့် ငါပြော
တာကွ။ ဒီအောက်လမ်းဆရာတွေမှ လူ
ကိုကောင်းကျိုးပေးနိုင်မဲ့ ပညာမရှိဘူးကွ။
ဒုက္ခပေးနိုင်တဲ့ ပညာပဲရှိတာ”

“အခုတော့ ရွာသားတွေလည်း နည်းနည်း
တော့ သတိထားနေကြပြီဗျို့”

“နေပါဦးကွ။ ဒါထက် ဒီဆရာက ဘယ်က
လာတာတဲ့တုံး”

“ရန်ကုန်ကလို့ ပြောတယ်ဗျ။ဗမာပဲဗျ။
အသားဖြူဖြူ ရုပ်ချောချောပဲ။မသိသာ
မသိရင်တော့ သူ့ကိုဘယ်လိုမှ အောက်
လမ်းဆရာလို့ ထင်စရာ မရှိပါဘူးဗျာ”

“ဟင် ဟုတ်လားကွ”

“သူပြောတာတော့ သူက အဓိဋ္ဌာန်ကျင့်စဉ်
တစ်ခုကို လိုက်နေတာတဲ့ဗျ။ သူ့ကျင့်စဉ်
မှာပါတဲ့ အရပ်ဒေသတွေကို မရ,ရအောင်
ရှာဖွေပြီး ကျင့်စဉ်လုပ်ရတာဆိုပဲ”

“အော်…သူ့ကျင့်စဉ်က ဘာကျင့်စဉ်လို့
ပြောတုံးကွ ကျောက်နီရဲ့”

“သူပြောတာကတော့ သူဟာ ကုန်းကြီး
ကိုးကုန်းလည်း အောင်မြင်ပြီးပြီတဲ့။
နတ်ရဲကိုးပင်လည်း အောင်ပြီးပြီတဲ့။
အခုကျင့်ဟာ နောက်ဆုံးအဆင့်တဲ့ဗျ။
ကိုးကျင်း ကျင့်စဉ်တဲ့ဗျို့။သင်္ချိုင်းကိုးခု
ပြည့်အောင် သွားပြီးသင်္ချိုင်းထဲမှာ
မြေကျင်းတူးပြီး ကျင့်ရတာတဲ့ဗျ။
အဓိဋ္ဌာန်အောင်ရင် မြေဖို့ထားတဲ့
ကျင်းထဲကနေ အလိုလို ပွင့်ထွက်
လာတာတဲ့ဗျား”

“ဟာ …တယ်ဟုတ်ပါလားကွ”

“အဲဒါ သူ ရှစ်ကျင်းအောင်ပြီးသားတဲ့ဗျာ။
အခု ဒီဘန့်ဘွေးကုန်းသင်္ချိုင်းဟာ သူ့စာ
ညွှန်းမှာပါတဲ့ နောက်ဆုံးသင်္ချိုင်းတဲ့။ ဒီ
ကျင်းအောင်ရင် သူဟာကိုးကျင်းအောင်
တဲ့ ကိုးသင်္ချိုင်းကဝေ ဖြစ်ပြီဆိုပဲဗျ”

“ဟာ …ကြောက်စရာလူပါလားကွ”

“ကိုးသင်္ချိုင်းကဝေဖြစ်ရင် ဘာတွေ
ဖြစ်မှာတဲ့တုံးကွ”

“သူပြောတာတော့ ကဝေတကာရဲ့
အချုပ်ကြီး ဖြစ်မှာဆိုပဲဗျ။ သူလက်
ညှိုးညွှန်ရာရေဖြစ်ပြီလို့ ပြောတာပဲဗျာ။
ကျုပ်လည်း သိပ်တော့နားမလည်းပါဘူး”

“ဒီလူက ကဝေအစစ်ပဲကွ”

“အခု ကျုပ်ဒီကိုလာတာ အကြောင်းရှိတယ်ဗျ
ကိုတာတေရ အဲဒီဆရာကပြောတယ် သူ အ
ခုလာမဲ့ လကွယ်ညမှာ နောက်ဆုံးကျင်းဝင်ရ
မယ်တဲ့။ အဲဒါ သူ့ကိုလေးတောင်ပတ်လည်
မြေကျင်းတစ်ကျင်း သင်္ချိုင်းကုန်းထဲမှာ တူး
ပေးကြပါတဲ့။ ပြီးရင် သူက ကျင်းထဲဝင်မယ်
သူ့ကျင့်စဉ်ကို ကျင့်မယ်ညသန်းခေါင်ယံ
တိတိမှာ သူ့ကိုဆေးသုံးလုံးပေါက်ပေးရမယ်
တဲ့ဗျ။ အဲဒီအချိန်မှာ အနှောက်အယှက်က
မျိုးစုံလာနိုင်တယ်ဆိုပဲ။ဘာဖြစ်လို့လဲဆို
တော့ ဒီကျင်းဟာ သူ့အတွက် ကိုးကျင်း
မြောက်ဖြစ်နေလို့တဲ့။ ကိုးသင်္ချိုင်းကဝေ
ဖြစ်တော့မှာမို့လို့ အဖျက်အဆီးတွေက
အများကြီးကြုံရမှာတဲ့ဗျာ။ အဲဒါ သတ္တိ
ကောင်းတဲ့ လူတစ်ယောက်ရှာပေးပါတဲ့”

“အော်…ဒီလိုကိုး”

“အဲဒီတော့ ကျုပ်တို့ရွာသားတွေက
ကိုတာတေအကြောင်းတွေပြောပြကြ
တာပေါ့ဗျာ။ဒီမှာတင် အဲဒီဆရာက ကို
တာတေကို အကူအညီတောင်းပေးဖို့
ပြောတော့တာပဲဗျ။ ငွေကြေးအလိုရှိ
ရင် လိုသလောက် သူပေးပါ့မယ်တဲ့ဗျ”

“ဟာ …ကျောက်နီရာ ငါ ဒီလိုမျိုးကဝေ
တစ်ယောက်ကိုတော့ မကူညီချင်ဘူးကွာ”

“ကျုပ်လည်း ဒီလိုပါပဲဗျာ၊ ဒါပေမဲ့ ဒီလူ
ကိစ္စမြန်မြန်ပြီးသွားပြီး ကျုပ်တို့ရွာက
မြန်မြန်ထွက်သွားစေချင်နေတာဗျ။
ကြာရင် တခြားလူနဲ့ ဘာမှမဖြစ်ပဲ
ကျုပ်နဲ့ဖြစ်လိမ့်မယ်၊ ကျုပ်ကတော့
ကဝေတွေပါတွေ နားမလည်ဘူး
ကိုတာတေရေ၊ ကိုင်းခုတ်ဓါးနဲ့
ကျွေးလွှတ်မှာပဲ ကျုပ်ဓါးနဲ့ တွေ့
လို့ကတော့ ခေါင်းတခြား ကိုယ်
တခြား ဖြစ်သွားစေရမယ်”

ကျုပ် သက်ပြင်းချလိုက်မိတယ်။

“စဉ်းစားပါဗျာ ဖြစ်နိုင်ရင် ကူညီပါ
ကိုတာတေရာ အဲဒီညကျရင် ကျုပ်ပါ
လိုက်မှာပါ။ ပြီးတော့ ကျုပ်ညတိုင်းသွေး
ထားတဲ့ ကျုပ်ရဲ့ကိုင်းခုတ်ဓါးကြီးလည်း
ယူလာမှာ။ ကိုတာတေကို ဒီလူတစ်ခုခု
လုပ်လို့ကတော့ ကျုပ်ဓါးနဲ့ ပြေးပိုင်းချ
လိုက်ပြီးသားပဲဗျာ”

ကျုပ် ကျောက်နီကို လှည့်ကြည့်မိတယ်
ပြောရရင်ကျောက်နီပြောသလိုပဲ။ရွာက
လူတွေကို ဒုက္ခပေးမှာစိုးရတယ်။အထူး
သဖြင့်တော့ မိန်းကလေးတွေကိုပေါ့ဗျာ။
ဒီလူတွေမှာဆေးဝါးကအစုံရှိတာဗျ။တ
ကယ်စွမ်းတဲ့ကဝေမှန်ရင် တို့ဆေးတို့
ဘာတို့ အားကြီးစွမ်းတာဆိုပဲ။ကျုပ်
ဆရာကြီး ဦးနွံဖ ကျုပ်ကိုပြောပြဖူး
တယ်ဗျ

“ကဲကွာ …ကျောက်နီ ငါလုပ်ပေးမယ်။
အဲဒီည ဆေးလုံးပေါက်တဲ့ကိစ္စကို ငါ
တာဝန်ယူတယ်ကွာ”

“ဟာ …ဟန်ကျပြီ ကိုတာတေရာ။
အဲဒီည ဒီလူနဲ့ ကျုပ်တို့ညီအစ်ကို
လိုက်သွားမယ်ဗျာ။ အခြေအနေ
မဟန်ရင်တော့ ဒီလူကို ကျုပ်ဓါးနဲ့
ပြေးပိုင်းလိုက်မယ်ဗျာ”

“ဟာ…မလိုက်ရပါဘူးကွာ။ ငါတစ်
ယောက်တည်း လိုက်ရဲပါတယ်”

“ဒါဆိုရင် လကွယ်နေ့ညနေကို
ရောက်အောင်လာခဲ့ ကိုတာတေရာ”

“အေးပါ …အဲဒီနေ့ညနေလေးနာရီလောက်
ငါအရောက်လာခဲ့မယ်။မင်းတို့ ဆရာကိုသာ
သေသေချာချာ ပြောထားပါ။ငါဆက်ဆက်
လာခဲ့မယ်လို့။ အော် ဒါထက်၊ အဲဒီဆရာက
နာမည်ဘယ်သူတဲ့တုံးကွ”

“တောင်စဉ်နဂါး ကိုတက်ခါးတဲ့ဗျား”

“အော်…ကိုတက်ခါးပေါ့”

“အေးပေါ့ဗျာ…ဒါဆိုရင် ကျုပ်လည်း စော
စောပြန်လို့ ရတာပေါ့ ကိုတာတေရာ”

“ဟာ မပြန်နဲ့ဦးကွ။မင်းထမင်းမစားဘဲ
ပြန်သွားရင် အမေစိတ်ဆိုးလိမ့်မယ် ။
ထမင်းအဝစား တစ်ရေးတစ်မောအိပ်ပြီး
ညနေမှ ပြန်ပါကွာ ကျောက်နီရာ”

“အဲဗျား ပြောရင်းဆိုရင်း အရီးငွေစိန်
တောင် ဝက်သားတွဲကြီးဆွဲပြီး
ပြန်လာနေပြီဗျို့”

“အေး…အဲဒါကြောင့် ငါပြောတာကွ”

အဲဒီနေ့က ကျောက်နီအိမ်မှာပဲ ထမင်း
စားတယ်။ ကျုပ်အမေက ဝက်သားချက်
လွှတ်ကောင်းတာဗျ။ ကျုပ်ဆိုတဲ့ကောင်
ကလည်း အထူးအဆန်းတွေ့ရမယ်ဆို
ရင် သိပ်စိတ်ဝင်စားတာကလားဗျာ။
လကွယ်နေ့ရောက်ကတည်းက ဖင်
တကြွကြွ ဖြစ်နေတော့တာဗျ။

ညနေ (၃ )ချက်တီးလောက်ကတည်းက
ကျုပ်တစ်ယောက်တည်း ဘန့်ဘွေးကုန်းကို
ထွက်ခဲ့တာဗျို့။အမေနဲ့အဘကိုတော့ ကျုပ်
ဒီည ဘန့်ဘွေးကုန်းမှာ အိပ်မယ်လို့ပဲ ပြော
ခဲ့တာပေါ့။ ဘန့်ဘွေးကုန်းနဲ့ ကျုပ်တို့ရွာက
ကပ်နေတာဗျာ။ နာရီဝက်လောက် လျှောက်
ရင်ရောက်တာပါပဲ။ ကျုပ်ဘန့်ဘွေးကုန်း
ကိုရောက်တော့ အရီးစိန်ကြည်တို့အိမ်ကို
တန်းလာခဲ့တာပေါ့ဗျာ။

ကျောက်နီကလည်း ကျုပ်ကို မျှော်နေတာဗျ။

“ဟာ …ကိုတာတေ လာဗျို့။ ကျုပ် မနက်
ကတည်းက ကိုတာတေကို မျှော်နေတာဗျ”

“ဟာ …ကိုတာတေ ကျုပ်ကို မှတ်မိသေးလား”

“ဟဲ…ဒါ ဘယ်သူတုံး ကျောက်နီ”

“ဟား ဟား ဟား ကိုတာတေ မမှတ်မိဘူး
မို့လား၊ ပေါက်စမလေ ကိုတာတေ”

“ဟဲ့…ဒါပေါက်စမလား၊ ငါ့စိတ်ထဲ နင့်ကို
ပိစိလေးပဲ မြင်နေတာဟဲ့”

“ဟ…တာတေရောက်ပြီလား၊ လာ လာ
အရီးက ဒီမှာထမင်းတွေ ဟင်းတွေ အဆင်
သင့်ကို ချက်ထားတာပေါ့”

“စားမှာပေါ့ အရီးရယ် ဒါထက် အရီး
နေကောင်းရဲ့လား”

“ကောင်းပါတယ်၊ ဟိုတစ်လောကတော့
ဖျားလိုက်တာ တော်တော်ခံလိုက်ရတာ
တာတေရဲ့၊ အခုတော့ ကောင်းသွားပါပြီ”

“ကိုတာတေရေ ရွာထဲက ကိုအောင်ဘော်
ကြီးတို့တော့ ဆရာကိုတက်ခါးအတွက်
မြေကျင်းကြီးတစ်ခုတူးနေတာကြတာ
ပြီးသွားလို့ ခုနကပဲ ပြန်လာကြတယ်ဗျ
ကိုတာတေ ရောက်ပြီးလားလို့တောင်
မေးသွားသေးတယ်”

“အင်း…ဒါဆိုရင် ဒီဆရာက ဒီည
လုပ်မှာသေချာတာပေါ့”

“ဟာ…သေချာတယ်ဗျ။ ကိုတာတေသူ့ကို
လာပြီး ကူညီပေးမယ် ဆိုလို့ ဝမ်းသာနေ
တာဗျ။ဒီညနော့ ကျုပ်အောင်မြင်ပြီလို့
ကိုတက်ခါးက တဖွဖွပြောနေတာ”

“ဟုတ်လား ဒါဆိုရင် ငါသူနဲ့သွားတွေ့
လိုက်မယ်လေ။ ဒါမှ သူလည်း စိတ်အေး
အေးသွားမှာပေါ့ကွာ”

“သွားမယ်လေ ကိုတာတေ”

ကျုပ်နဲ့ ကျောက်နီ ရွာထဲကို လျှောက်လာ
ခဲ့တယ်။ ဘန့်ဘွေးကုန်းက လူချမ်းသား
တစ်ယောက်ဖြစ်တဲ့ ဦးကြက်ဖရဲ့အိမ်မှာ
ဆရာကိုတက်ခါးက တည်းတယ်။ ဆရာ
ကိုတက်ခါးက တည်းတဲ့ဆိုပေမဲ့။ဦးကြက်
ဖက အတင်းကို ခေါ်ထားတာပါ။ဦးကြက်
ဖရဲ့ အိမ်ဝိုင်းက တော်တော်ကို ကျယ်
တာဗျ။ အိမ်ကလည်း ကျွန်းအိမ်ကြီး
ခေါင်းနှစ်ခုထုတ်လို့။ ရေနံကို မှောင်
နေအောင်သုတ်ထားတာ။

ကျုပ်တို့ရောက်တော့ အိမ်ကြီးရဲ့ဘုရား
ခန်းမှာ လူတွေအုံလို့ဗျ။ခေါင်းရင်းမှ အ
ကျအနထိုင်နေတဲ့သူကို ကျုပ်တစ်ချက်
အကဲခတ်ကြည့်လိုက်တယ်။လူကတော့
လူပုံချောဗျ။ အသားဖြူဖြူ ပိန်ပိန်ပါးပါး
မျက်လုံးမျက်ဖန်ကလည်း ကောင်းကောင်း
ပဲ။ဒါပေမဲ့ လက်တွေခြေတွေမှာတော့
ဆေးတွေထိုးထားတယ်ဗျို့။အင်းကွက်
တွေထင်ပါရဲ့။

“ဟာ တာတေရောက်လာပြီဟေ့၊ လာကွ
တာတေရ မင်းကို တို့ဆရာက မျှော်နေတာ
လာ လာ ဒီရှေ့ကိုလာ”

ဦးကြက်ဖကြီးက ကျုပ်ကိုမြင်တော့ ဝမ်းသာ
အားရလှမ်းပြောလိုက်တာကိုး။ဆရာကိုတက်
ခါးက ကျုပ်ကို ဆတ်ခနဲ လှမ်းကြည့်တယ်ဗျ။
ပြီးတော့ ချက်ချင်းကိုပြုံးသွားတာဗျို့။

” ဟား ဟား ဟား မောင်တာတေ ရောက်ပြီ
ကိုး။ ကျုပ်ကိစ္စအောင်ပြီပေါ့ဗျာ။အောင်ပြီပေါ့”

ကျုပ်အနားကိုရောက်တော့ ဆရာကိုတက်ခါး
ကျုပ်ကိုပြုံးပြုံးကြီးကြည့်တယ်ဗျ။

“မောင်တာတေရေ ဆရာကို ခုလိုလာပြီး
ပါရမီဖြည့်ပေးတဲ့အတွက် ကျေးဇူးအများ
ကြီးတင်ပါတယ်ကွယ်”

“ဟုတ်ကဲ့ပါဆရာ၊ ဆရာပါရမီကို ကျုပ်
ဖြည့်ပါမယ်”

“အေး…တစ်ခုတော့ ဆရာပြောပြချင်တယ်
ကွဲ့၊ ဆရာတို့ပညာစခန်းမှာ အသက်နဲ့ရင်းပြီး
တက်ခဲ့ရတာတွေချည်းပေါ့ကွယ်။ဆရာဆိုရင်
လူတကာအောင်နိုင်ခဲတဲ့ နတ်ရဲစောင့်တဲ့ အ
ပင်ကြီးကိုးပင်လည်း အောင်ခဲ့ပြီကွဲ့။ကုန်းကြီး
ကိုးကုန်းလည်းအောင်ခဲ့ပြီ။လျှိုကြီး ကိုးလျှို
လည်း အောင်ခဲ့ပြီ။ပြီးတော့ အမြင့်ဆုံးဖြစ်
တဲ့ ရှစ်သင်္ချိုင်း၊ ရှစ်ကျင်းထွက်ခဲ့ပြီကွဲ့။ ဒီ
တစ်ကျင်းထွက်ရင် ကိုးကျင်းထွက်ပြီပေါ့
မောင်တာတေ၊ ဒါဟာ နောက်ဆုံးကျင်းပဲ
ကွဲ့။ဒီတော့ ဆရာ့အတွက် သေရေးရှင်ရေး
ပါပဲကွယ်”

“ဟုတ်ကဲ့ပါဆရာ ကျုပ်ကတော့ ဘာပဲ
ရင်ဆိုင်ရ၊ ရင်ဆိုင်ရ မမူပါဘူးဗျာ”

“အေး…အဲဒီကိစ္စကိုပြောရဦးမယ်။
မောင်တာတေရဲ့”

“ကျုပ်ရဲ့နောက်ဆုံးအဆင့် ကိုးကျင်းထွက်
တဲ့ပွဲမှာ အဖျက်အဆီးကတော့ကြီးကြီးမား
မားကို ကြုံရမှာကွဲ့။ အဲဒါမောင်တာတေ
အပေါ်မှာ ကျုပ်အသက်မူတည်နေတယ်”

“ဗျာ…ဘယ်လိုကြောင့်လဲဆရာ”

“ဒိလိုလေ…မောင်တာတေရဲ့၊မောင်တာတေ
က ကျုပ်ကို ဆေးလုံးပေါက်ပေးရမှာလေ။
မောင်တာတေသာ ဆေးသုံးလုံးကို ပြည့်
အောင် မပေါက်နိုင်ရင် ကျုပ်တော့ သွား
ရောကွဲ့”

“ဟာ ဒီအတွက်တော့ နည်းနည်းမှကို
မပူနဲ့ဆရာ”

“ကျုပ်အားရှိလိုက်တာ၊မောင်တာတေရယ်၊
အနှောက်အယှက်တွေက မောင်တာတေ
ဆေးလုံးသုံးလုံးပြည့်အောင် မပေါက်နိုင်
အောင် နှောက်ယှက်ကြမှာ သေချာ
တယ်ကွဲ့”

“အို…ကြိုက်သလောက်နှောက်ယှက်ပါစေ၊
ကျုပ်ဆေးသုံးလုံးပြည့်အောင် ပေါက်ပေးပါ
မယ်”

“ကဲ…ကျုပ်စိတ်ချပြီဗျာ၊ ကဲ မောင်တာတေ
ကျုပ်ကို မေးစရာရှိတာမေးပါ”

“တခြားတော့ မေးစရာမရှိပါဘူးဆရာ။
ဒီပညာတွေဟာ ဘယ်လောက်အစွမ်းထက်
တယ်ဆိုတာ သိချင်တာပါဆရာ”

ကျုပ်က ဆရာကိုတက်ခါးကို မေးလိုက်တော့
ဝိုင်းအုံကြည့်နေတဲ့ လူတွေက ကျုပ်ကိုလှည့်
ကြည့်ကြတယ်ဗျ။

“အင်း…မောင်တာတေသိချင်တာကို ဆရာ
ဖြေပါ့မယ်။ ဒါပေမဲ့ ပါးစပ်နဲ့တော့ မဟုတ်ဘူး
ကွဲ့ လက်တွေ့ပေါ့၊ ကဲ…ကိုကြက်ဖကြီး
ခင်ဗျားလည်း ဆရာနဲ့တစ်နေလုံးစကားထိုင်
ပြောနေတာ ကြာလှပြီ ဆာရောပေါ့။ခေါက်
ဆွဲကြော်နဲ့ ကရင်ဆော်ဒါကလေး မသောက်
ချင်ဘူးလားဗျ”

“ဟဲ…ဟဲ …ဟဲ…ဟဲ”

ဦးကြက်ဖကြီးက ဘာမှမပြောဘဲ
ရယ်နေတယ်ဗျ။

“ကဲ…ပြောဗျာ စားချင်သလား၊
မစားချင်ဘူးလား”

“ဟာ…စားချင်တာပေါ့ ဆရာရယ်”

“ကဲ…ကဲ…စားချင်ရင် စားရမှာပေါ့ဗျာ”

“ရွှီး…ရွှီး…ရွှီး”

ဆရာကိုတက်ခါးက လေကိုသုံးချက်
ချွန်လိုက်တယ်ဗျ။ ပြီးတော့ လက်ဝါး
ဖြန့်ထားလိုက်တယ်

“ဟာ”

ကျုပ်ရော ဝိုင်းအုံနေတဲ့ လူတွေရော
ဟာခနဲဖြစ်သွားတာဗျို့။ ဆရာကိုတက်ခါး
ရဲ့ ဖြန့်ထားတဲ့လက်ဝါးပေါ်မှာ ခေါက်ဆွဲ
ကြော်ထုပ်ကြီးဗျ။ သေသေချာချာကို ကြိုး
နဲ့စီးထားတာ။ ဒါ အပိန့်ဆိုင်က ကြော်တဲ့
လက်ရာမဟုတ်ဘူးဗျ။

“ကဲ…ရော့ ကိုကြက်ဖကြီး ဖြေပြီးစားဗျာ”

ဦးကြက်ဖကြီးက ခေါက်ဆွဲကြော်ထုပ်ကို
ယူပြီး ဖြည်တယ်ဗျ။ အို…မွှေးကြိုင်နေတာ
ဗျို့။ အငွေ့ကလည်း တစ်ထောင်းထောင်း
နဲ့ဗျ။

” ဟာ …ခေါက်ဆွဲကြော်စားဖို့ တူမှမပါတာ
နေဦး နေဦး ဆရာ တူတောင်းပေးမယ်”

ပြောပြောဆိုဆိုနဲ့ လက်ဝါးကိုဖြန့်ပြီး

“ရွှီ” ခနဲလေချွန်လိုက်တာဗျ။
“ဟာ”တူနီနီကလေးတစ်စုံ ဆရာကိုတက်ခါး
လက်ထဲ ရောက်နေပြီဗျ။

“ကဲ…ရော့စား တူနဲ့၊ အားရပါးရစား”

ဦးကြက်ဖက တူကိုရိုရိုသေသေ လှမ်းယူပြီး
ခေါက်ဆွဲကြော်စားတော့တာပေါ့ဗျာ

“အော် ရေဆာပြေ သောက်ဖို့ ၊ ကရင်ဆော်ဒါ
အေးအေးလေး မှာဦးမှ”

“ရွှီ ရွှီ ရွှီ” ဆရာကိုတက်ခါးက လေကို ဆက်
တိုက်ချွန်လိုက်ပြီး လေထဲမှာ လှမ်းဖမ်းလိုက်
တယ်ဗျ။ “ဟာ”အားလုံးဟာခနဲ ဖြစ်ကြပြန်
ရောဗျို့။ ကရင်ဆော်ဒါ ပုလင်းဗျ။ ဆရာကို
တက်ခါး လက်ထဲမှာ ကိုင်ထားတာလေ ။
အေးစက်နေပုံပဲဗျို့။ ပုလင်းနံရံမှာ ရေစက်
ကလေးတွေတောင် သီးနေတာလေ။

“ကဲ၊ ဖောက်တံတော့ မရှိဘူးဗျ။ ကြည့်သာ
ဖောက်ကြတော့ဗျာ”

“ပေး ဆရာ ကျုပ်ဖောက်ပေးမယ်”

လို့ ကိုဗိုက်ကြီးဆိုတဲ့ လူကပြောတယ်
ပြီးတာနဲ့ ဆရာ့လက်ထဲက ကရင်ဆော်ဒါ
ပုလင်းကိုယူပြီး တောသားပီပီ ပါးစပ်နဲ့
ကိုက်ပြီး အဖုံးကို ဖွင့်လိုက်ဗျို့။ဦးကြက်ဖ
ကြီးကတော့ ကြိတ်တော့တာပဲဗျာ။
ဘန့်ဘွေးကုန်းရွာသားတွေကတော့
ဆရာကိုတက်ခါးကို လက်ခုတ်ကလေး
တွေ ချီလို့ပေါ့ဗျာ

“အဲဒါမျိုးပေါ့ မောင်တာတေရယ် ဒါတင်
လားဆိုတော့ ဒါက အကင်းကလေးလုပ်
ပြတာပါ။ အခု ဒီည ကိုးကျင်းအောင်သွား
ရင် ကျုပ်ကိုယ်လည်း ဖျောက်နိုင်ပြီပေါ့
ကွာ။ တခြားအစွမ်းတွေလည်း အများကြီး
ရလာမှာပေါ့”

“အော် …ဒီအစွမ်းတွေကိုရအောင် ဆရာတို့
ကျင့်ကြံကြရတာကို”

“ဟုတ်ပါတယ် မောင်တာတေ၊ကျုပ်ကို
ဒီညဆေးသုံးလုံးပြည့်အောင် ပေါက်ပေ
တော့ကွယ်”

“စိတ်ချပေတော့ဆရာ”

ကျုပ်က ညဘယ်အချိန်လာရမလဲ
လို့မေးတော့ဆရာကိုတက်ခါးက
ဒီကနေအတူတူသွားကြဖို့ပြောကြ
တယ်။ကျုပ်က အရီးစိန်ကြည်အိမ်မှာ
ထမင်းမစားလို့ မဖြစ်တဲ့အကြောင်း
ပြောပြပြီးညကြမှ သင်္ချိုင်းထဲကိုလာ
ခဲ့မယ်လို့ပြောရတယ်။

“ဒါဆိုရင်မောင်တာတေ ကိုးနာရီ
မထိုးခင်တော့ အရောက်လာကွာ”

“ဟာ…ရောက်ပါတယ်ဆရာ၊
ကျုပ်ရောက်အောင်လာမှာပါ”

“အေး …အေး…ဒါဆိုရင် မောင်တာတေ
သွားစရာရှိတာသွားပါ”

ကျုပ်လည်းဘန့်ဘွေးကုန်းရောက်တုန်း
ရွာထဲနည်းနည်းပါးပါးလျှောက်ပြီး နှုတ်
ဆက်စကားပြောရသေးတာပေါ့ဗျာ။
ရွာသားတစ်ချို့ကတော့ ဆရာကိုတက်ခါး
ကို အထင်ကြီးလေးစားသလို။တချို့က
တော့လည်း အောက်လမ်းကဝေဆိုပြီး
အထင်သေးကြရွံ့ရှာကြတာတွေလည်း
ရှိတာကို ကျုပ်သိခဲ့ရတယ်။

ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ လုပ်ပေးမယ်
ဆိုတာကို ဖြစ်အောင်လုပ်ပေးမဲ့သူပဲလေ။
ကျုပ်နဲ့ ကျောက်နီ အိမ်ပြန်လာပြီး ထမင်း
စားကြတယ်။ပြီးတော့ နဂါးဆေးပေါ့လိပ်
ကလေး မီးညှိပြီး ဖွာနေကြတာဗျာ။အရီး
မစိန်ကြည်နဲ့လည်း စကားစမြည်ပြော
ကြတာပေါ့။

ညမိုးချုပ်လို့ တော်တော်ကြာတော့
ဘန့်ဘွေးကုန်းက လူငယ်တစ်ယောက်
ရောက်လာပါတယ်ဗျ။

“ကိုကြီးတာတေ ဦးကြက်ဖကြီးတို့ ဆရာတို့
သင်္ချိုင်းထဲကို သွားကြပြီဗျ။ ကျုပ်ကိုပြောခိုင်း
လို့ လာပြောတာပါ။ ဆရာက စည်းချရမှာမို့
စောစောသွားတာတဲ့”

“အေး…အေး ပေါက်စ မင်းသွားတော့၊
ငါနဲ့ကိုတာတေနဲ့ ကိုးနာရီမထိုးခင်
အရောက်လာမှာ”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ပေါက်စဆိုတဲ့ကောင်က သူ့တာဝန်ပြီးပြီမို့
ခပ်သုတ်သုတ်ထွက်သွားတယ်ဗျ။ညရှစ်
နာရီကျော်တော့ ကျောက်နီနဲ့ ကျုပ်နဲ့ ရွာ
ပြင်ထွက်ခဲ့ကြတယ်။ ကြယ်ရောင်ပဲရှိတဲ့
ညမို့လို့ မှောင်ထဲမှာပဲ သင်္ချိုင်းဘက်ကို
လာခဲ့ကြတယ်။

ကျုပ်တို့သင်္ချိုင်းကုန်းထဲရောက်တော့
ရှစ်နာရီခွဲပဲ ရှိပါသေးတယ်။ဇရပ်ပေါ်မှာ
ဆရာကိုတက်ခါးက ဆေးလိပ်ကလေး
ဖွာလို့ဗျ။ရွာသားတွေကတော့ သူရှေ့မှာ
ကျုံ့ကျုံ့ကလေးတွေ ထိုင်လို့ပေါ့လေ။
ကျုပ်တို့ကို လှည့်ကြည့်ကြတယ်ဗျ။

“လာ…မောင်တာတေရေ မင်းကို ဆရာ
မှာစရာ မှာရတော့မယ်”

ကျုပ်က ဆရာကိုတက်ခါးဆီကို သွားတယ်

“ဒီမှာ မောင်တာတေကို ဆေးသုံးလုံးအပ်ပြီး
ကျုပ်က ကျင်းထဲကနေ ပထမဆေးပစ်တော့
ဆိုရင် ဟောဒီ အသေးဆုံး အလုံးကို ကျင်းထဲ
ပစ်လိုက်ပေတော့။ ခဏကြာတော့မှ ကျုပ်က
ဒုတိယဆေးပစ်လို့ အော်လိုက်ရင် ဟောဒီ
အလုံးအလတ်ကို ပစ်ပေတော့။ ခဏကြာ
ရင် တတိယဆေးလို့ ကျုပ်က ကျင်းထဲက
အော်မယ် မောင်တာတေက ဟောဒီ အ
ကြီးဆုံးဆေးကို ပစ်ပေတော့။ မောင်တာ
တေ မှတ်ထားရမှာက တတိယပစ်ပြီးတာ
နဲ့ ဟောဒီ ဇရပ်ပေါ်ကို ပြေးတက်ပေတော့”

“ဟုတ်ကဲ့ပါဆရာ”

ကျုပ်က သူတို့တူးထားတဲ့ ကျင်းကို လှမ်း
ကြည့်တယ်ဗျ။ ဇရပ်ရဲ့တောင်ဘက်မှာဗျ။
လေးတောင်ကျယ်တဲ့ ကျင်းဗျ။အနက်လည်း
လေးတောင်လို့ ပြောတယ်။ ဇရပ်နဲ့တော့
ခြေလှမ်းနှစ်ဆယ်လောက်တော့ဝေးမှာဗျ။
ကျုပ်က တတိယဆေးပေါက်ပြီးတာနဲ့
ဇရပ်ကို ပြေးတက်ရမှာဆိုတော့ သေ
သေချာချာကြည့်ရတာပေါ့ဗျာ။

ဒါပေမဲ့ ကျုပ်က ကျောက်နီတို့အိမ်က
ထွက်ကာနီးမှာ ဆရာကြီးဦးနွံဖပေးခဲ့တဲ့
မျက်ကွင်းဆေးတောင့်ကို ကျောက်ပျဉ်ဖင်
မှာ သွေးပြီး လိမ်းလာတာဗျ။ ရွာကလာက
တည်းက ကျုပ်မှာပါလာပြီးသား။ပြီးတော့
ဆရာကြီး ကျုပ်ကိုပေးသွားတဲ့ သစ်စုန်း
ဆေးတောင့်လည်း ကျုပ်အိတ်ထဲမှာပါ
လာတယ်ဗျ။ ကျုပ်လည်း ကျုပ်ကိုကျုပ်
ကာကွယ်ရမှာပေါ့ဗျာ။

ကိုးနာရီထိုးကာနီးတော့ ဆရာကိုတက်ခါးက
ကျင်းထဲဝင်သွားတယ်ဗျို့။ ကျင်းအောက်မှာက
ဖျာကလေးတစ်ချပ်ခင်းထားတယ်။ သူကျင်းထဲ
ဝင်သွားတာနဲ့ ကြိုတင်ပြင်ဆင်ထားကြတဲ့အ
တိုင်း ကျင်းပေါ်မှ ပျဉ်ချပ်တွေဖုံးလိုက်တယ်။

ပျဉ်ချပ်တွေကို စေ့နေအောင်စီတာဗျ။
ပြီးတော့ အပေါ်က မြေတွေအုပ်လိုက်တယ်။
မသိရင် လူသေမြှုပ်ပြီး အပေါ်က မြေပုံက
လေးလုပ်ထားသလိုပေါ့ဗျာ။ကိစ္စပြီးတော့
အားလုံးဇရပ်ပေါ်တက်သွားကြပြီ။

ကျုပ်တစ်ယောက်ပဲ ကျင်းဘေးမှာ ကျန်
နေတာပေါ့ဗျာ။ ကျုပ်က ပတ်ဝန်းကျင်ကို
အကဲခတ်လိုက်တယ်ဗျ။ အနားက မန်ကျည်း
ပင်ကြီးတွေပေါ်မှာ လျှာတွဲလောင်းကြီးတွေနဲ့
နှစ်ကောင်ထိုင်နေတယ်ဗျ။နည်းတဲ့အကောင်
ကြီးတွေ မဟုတ်ဘူးဗျ။

လက်ဖက်ရည်ပန်းကန်လောက်ရှိတဲ့ မျက်
လုံးနီနီကြီးတွေနဲ့ ကျုပ်ကို စိုက်ကြည့်နေ
တယ်ဗျ။ ကျုပ်ကလည်း အိတ်ထဲမှာ တွယ်
ချိတ်နဲ့ ချိတ်ထားတဲ့ သစ်စုန်းဆေးတောင့်
ကို လက်နဲ့ စမ်းကြည့်လိုက်တယ်။ ဒီသစ်
စုန်းဆေးတောင့် ရှိသမျှ ဒီကောင်တွေတင်
မဟုတ်ဘူး။ဘယ်လိုအကောင်မှ ကျုပ်နား
ကိုကပ်လို့မရဘူးဗျ။

ဒါကို ကျုပ်ဆရာကြီး စိုင်းနွံဖမှာသွားပြီး
သွားလေဗျာ။

ကျုပ်ဘေးဘက်က လျှောက်ကြည့်တယ်ဗျ။
နာနာဘာဝအကောင်တွေကတော့ မှောင်ထဲ
မှာ လှုပ်လှုပ်ရွရွနဲ့ သွားနေကြတာပေါ့ဗျာ။
ကျုပ်တို့ဘက်တော့ မလာဘူးဗျ။ကျုပ်လည်း
ပထမဆုံးပစ်ရမဲ့ ဆေးလုံးကို အဆင်သင့်
ကိုင်ပြီး စောင့်နေလိုက်တယ်။

တစ်နာရီကျော်ကျော်လောက် ရှိလာပြီဗျ။
ဆရာကိုတက်ခါးဆီက ဘာသံမှကိုမကြား
သေးဘူးဗျ။ ကျုပ်တောင် ဒီဆရာကို စိုး
ရိမ်လာမိတယ်။ နောက်ထပ်နာရီဝက်
လောက်ကြာတော့ အော်သံကြီး ထွက်
လာတယ်ဗျို့။ မြေကျင်းထဲက အသံဆို
တော့ အသံဆိုတော့ အသံက ခပ်အုပ်
အုပ်ကြီးဗျ။

“ပထမဆေးပေါက် တာတေ”

ကဲ…ပစ်ပြီဗျို့။ ပစ်ပြီ”

“ဝုန်း”

“ဟာ”

ဇရပ်ပေါ်ကလူတွေ လန့်အော်တဲ့အသံကို
ကြားလိုက်ရတယ်ဗျ။ ကျုပ်လည်း နည်းနည်း
တော့ လန့်သွားတာပေါ့ ဆေးလုံးလည်း ကျင်း
ပေါ်ကို ပစ်လိုက်ရော ကျင်းထဲက”ဝုန်း”ဆိုတဲ့
အသံကြီးထွက်လာပြီးမီးခိုတွေ အလုံးလိုက်
တက်လာတာဗျို့။

ခဏနေတော့ ပြန်ငြိမ်သွားပြန်တယ်ဗျ။
ကျုပ်လည်း ဘေးဘီကိုလိုက်ကြည့်ရတာ
ပေါ့ဗျာ။ ကျုပ်က မျက်ကွင်းဆေးကွင်းထား
တယ်ဆိုတော့ နာနာဘာဝတွေကို မြင်နေ
ရတာလေ။ ဒါကို ကျုပ်ကလွဲရင် ဘယ်သူမှ
သိကြတာမဟုတ်ဘူးလေ။ နောက်ထပ်တစ်
နာရီလောက်ကို ကြာသွားပြန်တာဗျို့။

“တာတေဆေး ပစ်တော့”

ဆရာကိုတက်ခါးရဲ့ အသံကြီးက ဒီတစ်ခါ
အကျယ်ကြီးထွက်လာတာဗျို့။

ပစ်ပြီ။ ပစ်ပြီ။ ကျုပ်ပစ်လိုက်ပြီ။ အသင့်ကိုင်
ထားတဲ့ ဒုတိယဆေးကို ကျုပ်ပစ်ထည့်လိုက်
တယ်။

“ဝုန်း”

ကျုပ်တောင် နောက်ကိုခြေတစ်လှမ်း ဆုတ်လိုက်
မိတယ်ဗျ။ ကျင်းထဲက “ဝုန်း”ဆိုတဲ့အသံကြီးနဲ့အ
တူတူ မီးတောက်ကြီးတစ်ခုပါ ကျင်းပေါ်ကို ထွက်
လာတာမျိုး ဇရပ်ပေါ်က လူတွေ ဒီတစ်ခါတော့
တော်တော်ကို လန့်သွားတာဗျို့။

“ဟေ့ကောင် တုတ်ပေါ့။ မပြေးနဲ့ အခုပြန်လာ။
ဘာမှတ်လို့လဲ စည်းပေါက်သွားမယ် သိလား”

ဇရပ်ပေါ်မှာတော့ တော်တော်ကို ရုတ်ရုတ်
သဲသဲဖြစ်သွားပုံပဲဗျ။ ကျုပ်လည်း သင်္ချိုင်း
အနှံ့လိုက်ကြည့်ရတာပေါ့။ ဘာမှတော့
ထူးခြားတာ မတွေ့ဘူးဗျ။ ပြန်ငြိမ်သွားပြန်
တယ်။ ကျုပ်လည်း အရေးအကြီးအဆုံး
ဆိုတဲ့ တတိယဆေးကို အဆင်သင့် ကိုင်
ထားလိုက်တယ်

“အလို မဖဲဝါကြီး ရောက်လာပါလား”

ကျုပ်ဘေးကို တစ်ချက်လှည့်အကြည့်မှာ
အရပ်ဆယ့်နှစ်ပေလောက်မြင့်တဲ့ မဖဲဝါကြီး
က အုတ်ဂူတွေကြားမှာ မားမားကြီးရပ်ပြီး
မြေကျင်းကို တစ်ကျင်းကို တစ်လှည့်
ကျုပ်ကိုတစ်လှည့် ကြည့်နေတာဗျ။

ဒါကြီးကိုများ ဇရပ်ပေါ်က လူတွေမြင်
သွားရင် ရုတ်ရုတ်သဲသဲကိုဖြစ်ပြီး ပြေးတဲ့
လူပြေး ရူးတဲ့လူ ရူးသွားမှာ သေချာတယ်ဗျ

“အဲဒီအကောင်က သူများပစ္စည်းခိုးတယ်
သူများသားသမီးကို လွန်ကျူးတယ်။
ကံကျိုး၊ ကံပေါက်အကောင် ကိုးကျင်း
အောင်သွားရင် လူတွေ ဒုက္ခရောက်လိမ့်
မယ်။ ပျက်အောင်ဖျက်ကြ”

“ဟာ …ဘုရားရေ”

သစ်ပင်ပေါ်ကကောင်တွေ ခုန်ဆင်းနေပြီဗျို့။
ကျုပ်လည်း အိတ်ထဲက သစ်စုန်းဆေးတောင့်
ကို ထုတ်ပြီး လက်ထဲမှာ ဆုပ်ထားလိုက်တယ်

ဟော…အကောင်ကြီးတွေ နောက်ဆုတ်ကုန်
ပြီဗျို့။ တော်တော်ကိုစွမ်းတဲ့ ဆေးတော်ပဲဗျာ။
အနားကို ကပ်ကိုမကပ်ရဲတာဗျ။ မဖဲဝါကြီးက
ကျုပ်ကို မျက်လုံးနီနီကြီးတွေနဲ့ ကြည့်နေတယ်
ဗျ။ သူကိုယ်တိုင်လည်း ကျုပ်နားကို ကပ်လို့
ရပုံမပေါ်ဘူးဗျ။ ကျုပ်ဖြင့် ဆရာကြီးစိုင်းနွံဖ
ကို ကျေးဇူးတင်လိုက်တာဗျာ။

ကျုပ်နားကို ကပ်လို့မရကြတော့။မဖဲဝါက
ဆံပင်ဖားလျားကြီးနဲ့ ကောင်းကင်ကို မော့
ကြည့်တယ်ဗျ။ သူ့လက်ကြီးနှစ်ဖက်ကိုလည်း
အပေါ်ကို မြှောက်ပြီး ဝှေ့ရမ်းနေတယ်ဗျ။
ဒီတုံးမှာပဲ။

“တာတေ ဆေးပစ်တော့ “

အသံနက်ကြီးနဲ့ဗျို့ ကျင်းထဲက ဆရာ
ကိုတက်ခါးအော်လိုက်တယ်။ ကျုပ်မဖဲဝါ
ကို တစ်ချက်စောင်းကြည့်ပြီ တတိယဆေး
ကို ကျင်းထဲထည့်၊ ထည့်ပစ်လိုက်တယ်။
ပစ်ပြီးတာနဲ့ ဆရာကိုတက်ခါး မှာတဲ့အတိုင်း
ဇရပ်ပေါ်ကို တစ်ချက်တည်း စွတ်ပြေးရ
တာပေါ့ဗျာ။

“ဝုန်း… ဝုန်း… ဝုန်း …”

ဒီက အသံကြီးက တစ်ချက်မဟုတ်ဘူး။
သုံးချက်ဆင့်ပြီး မြည်သွားတာဗျို့။ ကျုပ်
ဇရပ်ပေါ်ကို ရောက်တော့ နောက်ကို
ချက်ခြင်း လှည့်ကြည့်တယ်။

“ဟာ”

ကျုပ်ယောင်တောင် အော်လိုက်မိတယ်ဗျ။
မဖဲဝါကြီးရော သူ့အကောင်ကြီးတွေပါ ကျင်း
နားကို တိုးကပ်လာကြတယ်ဗျို့။ ကျုပ်ဖြင့်
ကျင်းထဲက ဆရာကို တက်ခါးကို စိုးရိမ်လိုက်
တာဗျာ။ ဒီတုံးမှာပဲ အရိပ်မည်းမည်းကြီးတစ်
ခု ထိုးကျလာတယ်ဗျ။ မဖဲဝါကြီးက ကောင်း
ကင်ကို မော့ကြည့်ပြီး သူ့လက်ကြီးနှစ်ဘက်
ဝှေ့ယမ်းနေတယ်ဗျ။

ဒါကို ကျုပ်တစ်ယောက်တည်း မြင်နေရလို့
ပေါ့ဗျာ။ ကျန်တဲ့လူတွေသာမြင်ရင်တော့
မလွယ်ဘူးဗျို့။ ဟော…ထိုးကျလာတဲ့ အ
ရိပ်မည်းကြီးက ပိုမည်းလာသလိုပဲဗျာ။
ဟာ…ဘာကြီးလဲဟ။ ဟာ…ငှက်ကြီးထင်
တယ်။ ဟာ …ငှက်လည်း မဟုတ်ဘူးဗျ။
အတောင်ပံကြီး အကြီးကြီးကိုဝဲပြီး ဆင်း
လာတာဗျို့။

သူရဲကြီးပဲဗျ။ ငှက်မဟုတ်ဘူး။ လက်က
လူလက်လိုပဲ။ ခေါင်းက ဆံပင်ဖားလျား
ကြီးချလို့ဗျ။ မျက်လုံးအနီကြီးတွေက
ပြူးထွက်နေပြီး ပါးစပ်ကြီးထဲက အစွယ်
ဖွေးဖွေးကြီးတွေက အပြင်ကို ငေါထွက်
နေတာဗျို့။

“ကိုးကျင်းအောင်တက်ခါးတဲ့ဟေ့”

ဒီအချိန်မှာပဲ ကျင်းထဲက ဆရာကိုတက်ခါး
ရဲ့ ကြုံးဝါးလိုက်တဲ့ အသံကြီးက ကျင်းအပြင်
ကိုဖောက်ထွက်လာတယ်ဗျို့။ ဟာ…ကျင်း
ပေါ်မှာ အုပ်ထားတဲ့ မြေကြီးတွေရော၊ ပျဉ်
ချပ်တွေပါ ဖွာခနဲ လွင့်ထွက်သွားပြီဗျို့။

ဟာ…ထွက်လာပြီဗျို့။ ဆရာကိုတက်ခါး
ကျင်းပေါ်ကို မြောက်တက်သွားပြီဗျို့။
ကျင်းပေါ်ကို ငါးတောင်လောက်အထိကို
မြောက်တက်သွားတာ။ ဟာ…ငှက်လို
အကောင်ကြီးက ကိုတက်ခါးကို ဖမ်းဆွဲ
လိုက်ပြီ။ ဟာ…လည်ပင်းကို လိမ်ချိုး
လိုက်ပြီဗျို့။ ဟ…ကိုင်ပေါက်လိုက်တာဗျ။

“ဝုန်း”

သွားပြီ သွားပြီ။ ဆရာကိုတက်ခါး ဇက်ကြီး
ကျိုးပြီး မြေကျင်းကို ဗုန်းခနဲနေအောင် ပြုတ်
ကျသွားပြီဗျို့။

“ဟာ…ဆရာ ဆရာ”

ဇရပ်ထဲက လူတွေ ဝိုင်းအော်ကြတယ်။
တစ်ချို့က ဇရပ်အောက်ကို ပြေးဆင်း
မယ်လုပ်လို့ ကျုပ်က အချိန်မီတားလိုက်
ရတယ်

“ဟေ့ …ရပ်…တစ်ယောက်မှ အောက်
မဆင်းနဲ့။ သေသွားလိမ့်မယ်”

ဒီတော့မှ ကြောက်လန့်သွားပြီးကျုပ်ကို
အားကိုးတကြီးနဲ့ ငေးကြည့်နေကြတယ်။
မဖဲဝါကြီးက ခေါင်းကြီးတညိတ်ညိတ်လုပ်
နေတယ်ဗျ။ ပြီးတော့ လက်ပြလိုက်တယ်။
ငှက်လိုအကောင်ကြီးက ပျံထွက်သွားပြီး
တခြားအကောင်ကြီးတွေလည်း လှည့်
ထွက်သွားကြပြီ။

ဟော…သူပါသင်္ချိုင်းထဲက ထွက်သွားပြီဗျို့။
သင်္ချိုင်းကုန်း အစပ်လည်း ရောက်ရော မဖဲ
ဝါကြီး ပျောက်သွားရောဗျို့။ ကျုပ်လည်း
ကြက်သေသေနေရာကနေ။

“ဟေ့ လူတွေ ဓါတ်မီးပါရင် ထုတ်ကြ။
မီးထိုး မီးထိုး”

ဒီတော့မှ ဓါတ်မီးတွေထုတ်ပြီး ထိုးကြတာ
ပေါ့ဗျာ။ အားလုံးမြေကျင်းဆီကို ပြေးကြ
တာပေါ့။ အပေါ်မှာခင်းထားတဲ့ ပျဉ်ချပ်တွေ
လည်း ကျိုးပဲ့လိုပေါ့ဗျာ။ မြေကြီးတွေ ဖယ်
ပစ်ပြီး ပျဉ်ချပ်တွေ ထုတ်လိုက်ကြတယ်

သွားပြီဗျာ ဆရာကိုတက်ခါးရဲ့ အလောင်း
ကြီးက မြေကျင်းထဲမှာ မှောက်ခုံကြီးများ
ဇက်ကြီးက လိမ်ပြီးကျိုးနေတယ်။ မျက်နှာ
ကြီးက ကျောကုန်းဘက်ကိုတောင် ရောက်
နေတာဗျို့။ ကျုပ်ကတော့ အားလုံးရှေ့မှာ
တာဝန်ကျေကျေ လုပ်ပေးခဲ့တာ မြင်ကြ
တာပဲလေ။

ဖြစ်သွားတဲ့ကိစ္စကတော့ ကျုပ်လည်း ဘာ
တတ်နိုင်မှာလဲဗျာ။ ဒါပေမယ့် ဒီအဖြစ်အပျက်
ကို မြင်လိုက်ရတာက ကျုပ်တစ်ယောက်တည်း
ဗျ။အားလုံးကတော့ ဆရာကိုတက်ခါး သူ့ဖာ
သာ မြောက်တက်သွားပြီး ပြန်ပြုတ်ကြလာ
တာလို့ပဲ ထင်ကြတာပေါ့ဗျာ။

ငှက်လိုမကောင်းဆိုးဝါးကြီးက လည်ပင်းကို
လိမ်ချိုးသွားတာကို သူ့ကိုတွေ့မှမတွေ့လိုက်
တာ။ ဆရာကိုတက်ခါးနောက်ဆုံးကျင်းမအောင်
ဘူးလို့ ထင်ကြေးပေးကြတာပေါ့။

တကယ်က ကိုတက်ခါးဆိုတဲ့လူ ကိုးကျင်း
အောင်သွားတာဗျ။ အောင်ပြီးမှ သူ့ရဲ့သီလ
မလုံမှုကြောင့် အသတ်ခံလိုက်ရတာ။ ဒါကို
သိလိုက်တာက ကျုပ်တစ်ယောက်တည်းပဲ
ရှိတာလေ။ အဲ အခုတော့ ခင်ဗျားပါသိသွား
ပြီပေါ့ဗျာ။

ပြီးပါပြီ။

ကိုယ်တွေ့ မဖဲဝါ စာအုပ်မှ ကောက်နုတ်တင်ပြထားသည်။

စာဖတ်ပရိတ်သတ်များ အားလုံး ပဲစိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေး အားကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့အားပေးပါအုံး ခဗျာ။