ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် ငါးခုန်ကျင်း
ကံဆိုသည်မှာ အလုပ်ဟု ကုလားဘိုတီး ကြားဖူးနားဝရှိသည်။ အလုပ်ကောင်းကောင်းလုပ်သူသည် ကောင်းသောအကျိုးကို ခံစားရမည်သာ။
မှန်သည်။ ကုလားဘိုတီးအဖို့ သူ့တံငါအလုပ်ကို ကြိုးကြိုးစားစား လုပ်၏။ ဒီလိုလုပ်၍ မရလျှင် ဟိုလိုလုပ်သည်။ တစ်ခုလုပ်၍ မအောင်မြင်လျှင် နောက်တစ်ခု ထပ်လုပ်သည်။ ငါးမရလျှင် ရအောင် ရှာ၏။ ငါးမရ ရေချိုးပြန်တာပေါ့ ဟူသော တံငါပျင်းများ၏ လက်သုံးစကားကို ကုလားဘိုတီးက လက်မခံချေ။
ထိုအခါ ကုလားဘိုတီးကို သူ့သူငယ်ချင်း “ဓား” မြဟန်က ပြောတတ်၏။
“မင်းက တတ်လည်း တတ်နိုင်တဲ့ကောင်။ တံငါအလုပ်ကို ကြံဖန်လုပ်တော့ ကြံဖန်ပြီး ကံကောင်းခြင်းတွေနဲ့ ကြုံရတာပေါ့”
ဒီလိုအခါမျိုးတွင် ကုလားဘိုတီးက သူ၏ ကွမ်းချိုးတက်ပြီး မည်းပြောင်နေသော သွားကြီးကိုဖြဲ၍ ပြုံးပြုံးကြီး လုပ်နေလေသည်။
ဝါးတစ်ရာမြစ်ရေသည် ပြည့်လျှံနေ၏။ တက်ရေက မိုးကို အဖော်ပြု၍ အပေါင်းအသင်းနှင့်လာသည်။ မြစ်ရေနှင့် မိုးရေတို့ ရောထွေးကာ ရေတက်က ကြမ်းနေသည်။ လေမှာ တက်ရေနှင့်အတူ တသုန်သုန်နှင့် မြူးကြွစွာ တိုက်ခတ်လျက် ရှိသည်။
ငွေဗျိုင်းဖြူတစ်အုပ်က မြစ်ပြင်ကို ဖြတ်သန်းပြီး အဝေးဆီသို့ ပျံသန်းသွားကြသည်။
“ အို.. ငါးကြင်းတွေဆန် … ဟန် … ဟန် … ငါးတန်တေ … အေ ဟေ့ အေ … သောင်ခြေဦးမှာလ … အို … ကိုတံငါ … လေယဉ်စီးပါလို့ … ပိုက်ကြီးကို … ရေ … ရေ … ဟား … ဟ … ဟ … ဒါ”
“ဟေ့ … ကုလားဘိုတီး မဆိုစမ်းပါနဲ့ကွာ။ မင်း သီချင်းဆိုမှပဲ ရေစီးက တန့်သွားသလိုပဲ။ ရေအီနေပြီ”
ဟုတ်ပါရဲ့။ ပထမတော့ ရေက မြစ်တစ်ပြင်လုံး ပြည့်ပြီး ရေကြောင်းကြီးကို ပေါ်လို့။ အခုတော့ တက်ရေနှင့် အထက်ရေက ဆုံသွားပုံရ၏။ ဒီတော့ မြစ်ရေစီးက အနည်းငယ် တန့်သွားတော့သည်။
“ရေအီတာ တက်ရေကုန်လို့ အီတာ။ ငါသီချင်းဆိုတာနဲ့ ဘာဆိုင်လဲ”
“ဆိုင် မဆိုင်တော့ မသိဘူး။ မင်းရဲ့ မောင်းကွဲကို ကျောက်ခဲနဲ့ထုတဲ့အသံကြောင့် ရေလန့်သွားသလားမှ မသိတာ။ ရေလန့်ရုံ မဟုတ်ဘူး၊ တက်ရေလေး အားကိုးပြီး ပိုက်ချပါတယ်။ နင့်မောင်းကွဲကြီးကြောင့် ငါးတွေပါ လန့်ပြေးရင် အိမ်ကဟာမကြီးနဲ့ ရန်ဖြစ်ရမယ်။ မလုပ်လိုက်ပါနဲ့ ကုလားဘိုတီးရယ်၊ အိမ်အပြန် ငါးမရရင် မဖြစ်ဘူးဟ”
လာပြန်ပြီ။ “ဓား”မြဟန်လေ၊ ဒီကောင်က အခုတစ်လော အတော်ထောနေတယ်။ နာဂစ်မုန်တိုင်းအပြီးမှာ ဦးချွန်း ပဲ့ချွန်း လှေအသစ်နဲ့ ပိုက်တစ်ဖုံကို သက်ဆိုင်ရာက ထုတ်ပေးလိုက်တော့ မြောက်ကြွ မြောက်ကြွဖြစ်နေတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက လှေထုတ်မပေးခင်က ငိုမဲ့ငိုမဲ့နဲ့
“ငါ့လှေကို ကမ်းကပ် ထိုးဝါးနဲ့ စိုက်ထားပြီး ကြိုးနဲ့ သေသေချာချာ ချည်ခဲ့တာ။ အဲဒါ မုန်တိုင်းထဲမျောပါသွားတော့ ငါတော့ ငတ်ပါပြီ ကုလားဘိုတီးရယ်”
ဆိုပြီး ထိုင်ငိုနေတယ်။
“ဖြစ်မှာပေါ့ … ဂရုမှမစိုက်ဘဲ။ မုန်တိုင်းလာပြီဆိုကတည်းက ကိုယ့်ထမင်းအိုးဖြစ်တဲ့ လှေလေးကို လေကွယ်ရာမှာသိမ်း၊ သံကြိုးနဲ့ သေသေချာချာတုပ်ထားရင် ဘယ်ဒီလိုဖြစ်မလဲ။ ဖြစ်သလို ကမ်းစပ်မှာ ထိုးဝါးနဲ့စိုက်ပြီး သာမန်ကာ လျှံကာ ချည်ထားတော့ ဖြစ်တာတောင် နည်းသေး”
“ငါ ဖြစ်သလိုထားတာ မဟုတ်ဘူး ဘိုတီးရဲ့။ နင့်အဘ လှိုင်းလုံးကြီးက အတင်းရိုက်ပြီး ဆွဲခေါ်သွားတာဟ။ ငါ့လှေမပြောနဲ့ သင်္ဘောကြီးတွေတောင် မျောပါပြီး သောင်တင်သွားတာ နင်မသိဘူးလား”
“အေး… ငါကတော့ မြစ်ထဲက ရေတွေ ရွာထဲစီးဝင်လာတော့ ငါ့လှေကို အိမ်အောက်ရောက်အောင် လှော်လာပြီး အိမ်တိုင်မှာ သံကြိုးနဲ့ချည်ထားလိုက်တော့ ဘယ်မျောတော့မလဲ”
“ပြောပါ … ပြောပါ၊ နင်က အိမ်ကောင်းရာကောင်းလေး ဆောက်ထားနိုင်တော့ ပြောအားရှိတာပေါ့။ ပြီးတော့ နင်က နာဂစ်မှာ ဝက်သားအုပ်မ တစ်အုပ်လည်း ရလိုက်သေးတယ် မဟုတ်လား”
“အေးလေ … နွားစာခွက်ကြီးထဲ လှေလုပ်ပြီး သူတို့သားအမိတွေက စီးလာပြီး ကိုကိုတီးရယ် ယူတော့။ ကျွန်မတို့သားအမိတစ်တွေကို ခေါ်သွားပါလို့ပြောလို့ ငါသနားတာနဲ့ အိမ်ယူသွားပြီး ခြံခတ်မွေးထားတာ။ အခုဆိုရင် သားတောင် ခွဲတော့မယ်”
ကုလားဘိုတီးက သူများကံနှင့်မတူ။ ကြံဖန်ထူးတဲ့လူမျိုး။
ဒီတုန်းက မြစ်ထဲမှာ မုန်းတိုင်းကအတိုက် သူကထွက်အပြေး သူ့လှေဘေးမှာ နွားစာခွက်ကို လှေလုပ်ပြီး ဘယ်ကဘယ်လို မျောပါလာမှန်းမသိတဲ့ ဝက်သားမိတစ်တွေကို သနားတာနဲ့ သူ့လှေနဲ့ ဆွဲပြီး ခဲရာခဲဆစ် လှော်ခတ်ယူခဲ့ရတာ။
ငါးသွားရှာတာ ငါးမရဘဲ ဝက်တွေထောပြီး ရခဲ့သော ကုလားဘိုတီးလေ။
အခုတော့ ကုလားဘိုတီးအိမ်မှာ ဝက်ခြံကြီးဖြစ်နေပြီ။ ဒီကောင်တွေကို နောက် သုံး လေးလလောက် မွေးပြီး ထုတ်ရောင်းလိုက်ရင် သူ့မြေး ဖိုးသင်္ကြန်ကို ရှင်ပြုဖို့တောင် ရမယ်။ ကုလားဘိုတီး လှူရတန်းရဦးမှာပေါ့။
ဒါကို “ဓား”မြဟန်က သူ့လှေ ရေမျောပါစဉ်က မျက်နှာငယ်လေးနဲ့ လာပြီး ညည်းပြတယ်။ သူ ကံဆိုးတဲ့အကြောင်း၊ ကုလားဘိုတီးလို ကံမကောင်းတဲ့ အကြောင်းတွေပေါ့။
“ဘာမှမပူနဲ့။ လှေမရှိလည်း ဘိုတီးလှေမှာ ဦးစီးလုပ်။ နင့် ထမင်းတစ်လုတ်တော့ ငါကျွေးနိုင်တယ်။ ဘာမှ အားမငယ်နဲ့”
လို့ သူ့သူငယ်ချင်း “ဓား”မြဟန်ကို ကုလားဘိုတီးက အားပေးရသေးတယ်။
ယခုတော့ သူက နာဂစ်စီမံကိန်းကြောင့် လှေအသစ်၊ ပိုက်အသစ်နဲ့ ရွှေဖြစ်ပြီဆိုပြီး မြစ်ထဲမှာ တလွှားလွှားလုပ်နေလေရဲ့။ အတော့်ကို ကြွားချင်တဲ့ကောင်။
ကုလားဘိုတီး သီချင်းဆိုသည်ကိုပင် မောင်းကွဲကို ကျောက်ခဲနဲ့ ထုတဲ့အသံကြောင့် ရေလန့်ပြီး အီသွားသလေး ဘာလေးနှင့် လာပြီး စကားနာထိုးနေ၏။ ခနဲ့နေတယ်လေ။
“ဟေ့ကောင် ဘိုတီး၊ ငါ မင်းကို ပြောနေတာ စကားလေး ဘာလေး ပြန်ပြောဖို့ကော သတိရသေးရဲ့လား”
“ဓား”မြဟန်က သူ့လှေအသစ်နှင့် ကုလားဘိုတီး၏ လှေအနားကို ကပ်လာပြီး အော်ပါလေတော့သည်။ အတော်စူးတဲ့ အသံ။ နားကို အူသွား၏။ ကုလားဘိုတီး အတွေးတွေ ပျက်ကုန်၏။
“အေးကွာ … မြစ်ထဲ ငါးလာရှာတာ မြစ်ထဲမှာလာပြီး ငါးမရှာဘဲ လှေအသစ်ရှိတယ်ဆိုပြီး လာကြွားတဲ့ တံငါတွေနဲ့ သိပ်စကားမပြောချင်လို့”
ကုလားဘိုတီး “ဓား”မြဟန်ကို တစ်ချက် ပြန်တွယ်လိုက်၏။
“ဟင်… ငါက မြစ်ထဲ လှေလျှောက်လှော်နေတာ အလကားကြွားပြီးနေတာ မဟုတ်ဘူး။ ငါးရှာနေတာ။ ငါးရှာနေတာဟေ့။ မြစ်ထဲမှာ ရှိုးပြနေလို့ ဘယ်အပျိုမှ လာမကြည့်ဘူး။ ငါးရမှ ဖြစ်မှာ။ သွားမယ် … ဒီနေ့ နင်နဲ့ စကားပြောရတာ အဆင်ကိုမပြေဘူး”
“ကြွကြွ … မြန်မြန်ကြွ။ ဦးစီးရှာမရလို့ စိတ်ညစ်ရတဲ့အထဲ ငါးကလည်း မတိုး။ ကိုယ့်ဘာသာ သီချင်းလေးဆိုပြီး စိတ်ကူးလေးယဉ်နေတာ နင်က တစ်မျိုး။
မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ကြာပြီ။ ငါ့ဘာသာငါ သီချင်းလွတ်လွတ်လပ်လပ်ဆိုတာ ဘာဖြစ်လဲ။
အို … ငါးကြင်းတွေဆန် … အန် … အန် … ငါးတန်တွေ … အဟေး … ဝါးတစ်ရာမှာပေါ့ … အော … ဝေါ … အေ့ … ဟဲ့ပလုတ်တုတ် … ငါ့ပိုက် ဘာဖြစ်တာလဲ။ ဖော့ရိုး မထောင်ဘဲနဲ့ တင်းနေပါလား။ အံမာ ဘယ်ရမလဲ။ ရေအီတုန်း လှေကို နောက်ပြန်ဆုတ်။ ပိုက်ကို ပြန်ရုတ်။ ဟိုက်… သေပါတော့ မြဟန်ရယ်။ ငါ့ပိုက် ပြဲသွားပြီ။ ဘာနဲ့ငြိသွားတယ် မသိဘူး”
ကုလားဘိုတီးက သူ့ပိုက်ကိုဆယ်ရန် ရေထဲက လှေကို နောက်အနည်းငယ် ပြန်ဆုတ်ပြီး ရုပ်သည်။ သိမ်းဆည်းသည်။ ထိုအခါ ပိုက်က တစ်လံလောက် ပြဲ၍ စုတ်သွား၏။
ဒီပိုက်နှင့် ငါးရှာ မရတော့။ ပိုက်က တစ်ခုခုနဲ့ ငြိသွားပုံရသည်။ မတတ်နိုင်။ ပိုက်ဆွေးနေပြီလား မသိ။ အိမ်ရောက်မှ ရှင်ငြိမ်းသာကို ပြန်ဖာခိုင်းမည်ဟု တွေးသည်။
အရေးထဲ ရေထဲမျောလာသော ဒိုက်တွေနှင့် ပိုက်မှာ ငြိသွားပုံရ၏။
ကြည့်စမ်း… “ဓား”မြဟန် မြစ်ထဲက ပျောက်သွားပြီ။ သူ့လှေကို စက်တပ်ထားသလားမသိ။ မြန်ချက်က ကမ်းကုန်ရော။ သိမ်ချောင်းရွာဖျားဘက် ရောက်သွားပြီ။ လှေက ကောင်းတာကိုး၊ မြန်တောပေါ့။
“အေးလေ… ငါ့ပိုက်က ပြဲသွားတော့ ဒီနေ့ ငါးရဖို့ သိပ်မလွယ်ဘူး။ သူက နိုင်လွန်ပိုက်အသစ်ဆိုတော့ မြစ်ထဲချလိုက်တာနဲ့ ရေထဲမှာ ဝင်းလက်နေတာ။ ဒီတော့ ငါးက စားစရာအမှတ်နဲ့ ပိုက်ကို ဝင်တိုးမှာ သေချာတယ်။ ဘာပဲပြောပြော ပိုက်အသစ်ကို ငါးကြိုက်တာ အမှန် ပဲ။
ရပါစေလေ၊ ဒါမှ သူ့ချေးငွေလေးတွေကျေပြီး စိတ်ချမ်းသာမှာ။ အသစ်ဆိုရင် လူမပြောနဲ့ ငါးတောင် ကြိုက်တယ်လေ”
ကုလားဘိုတီးက မြစ်ထဲမှ ပိုက်အပြဲကို စိတ်ရှည်ရှည်နှင့် ပြန်သိမ်းရင်း နှစ်ထပ်ကွင်းကြောင် ချောင်းဖျားဘက်သို့ သူ့လှေကို ဦးတည်လိုက်လေသည်။ မတတ်နိုင်တော့။ ဒီပိုက်ပြဲနှင့် ငါးဆွဲဖို့ မလွယ်တော့။
နှစ်ထပ်ကွင်းကြောင်ချောင်းသည် တက်ရေမဆင်းသေးသဖြင့် ရေများ ပြည့်လျှံနေသည်။ ကမ်းစပ်ရှိ ဒိုက်သရောပင်လေးများပင် ရေမြုပ်လျက် ရှိသည်။
ကုလားဘိုတီး၏ လှေလေးသည် ကမ်းစပ်မှ အသာလေးကပ်၍ လှော်ခတ်လာ၏။ ကံကောင်းလျှင် နှစ်ချို့ငါးခူကြီးများ အုပ်ဖွဲ့၍ ကျင်းတစ်ခုတည်း၌ စုပြုံနေတတ်သော ငါးအိမ်သိုက်မျိုးလည်း ရတတ်သည်။
စင်စစ် မနေ့က ငါးခုန်ကျင်းတစ်ခုကို ကုလားဘိုတီး ရေစစ်ချိန်မှာ လာ၍ လုပ်ထားခဲ့သည်။
ငါးခုန်ကျင်းဆိုသည်မှာ ရေစီးရေလာကောင်းသော ချောင်းစပ်၌ လက်ခုပ်တစ်ဖောင်လောက်နက်သော ကျင်းတစ်ခုကို ယက်ပြီး တူးထားရသည်။ ကျင်း၏ အပေါ်၌ မြေဖို့ပြီး ကုန်းကမူလေးဖြစ်အောင် ပြုလုပ်ထားရသည်။
ကျင်း၏ ပတ်လည်၌ ရွှံ့မံထားသည်မို့ ပြောင်ချောနေ၏။ ထိုကမူလေးမှတစ်ဆင့် တူးထားသော ကျင်းထဲသို့ ငါးများ ထိုးကျသွားလေတော့သည်။ ကျင်းထဲ၌ ရေလေးစပ်စပ်သာရှိသည်မို့ ငါးမှာ ကျင်းထဲမှ အပေါ်သို့ ပြန်ပြီး ခုန်မထွက်နိုင်ဘဲ တွင်းအောင်းနေရတော့၏။
ဒီလိုနှင့်ပင် တစ်ကောင် ကျင်းနှုတ်ခမ်းပေါ် ခုန်တက်လိုက်၊ ယက်ကန်ယက်ကန်ဖြစ်ပြီး ကျင်းထဲထိုးကျသွားလိုက်နှင့် ကံကောင်းလျှင် ငါးခူကြီးများနှင့် ငါးရံ့ကြီးများပင် ကျင်းထဲ ရောက်နေတတ်သည် မဟုတ်ပါလား။
မှန်သည်။ ဒီငါးခုန်ကျင်းကို တစ်နေ့လျှင် တစ်ခါ၊ နှစ်ခါတော့ သွားသွားကြည့်ရသည်။ သို့မဟုတ်ပါက သူလိုလို ကိုယ်လိုလိုနှင့် ကိုယ့်ကျင်းထဲက ငါးတွေ သူများနောက် ပါသွားတတ်သည်။ ကိုယ့်ပစ္စည်းကိုတော့ ကိုယ်က သတိထားပြီး စောင့်ကြည့်ဖို့လည်းလိုသည်။ ပြီးပြီရော လုပ်ထား၍ မရ။
တစ်ခါက ကုလားဘိုတီး ကံကောင်း၍ သေဘေးကလွတ်သွားခဲ့ရသည်။ အကြောင်းမူ ငါးခုန်ကျင်းထဲ၌ ငါးဝင်ရမည့်အစား မြွေဟောက်ကြီးတစ်ကောင်က ဝင်ပြီး ကျင်းထဲက ငါးတွေကို စားပစ်သည်။ ဤသည်ကို ငါးလိုချင်ဇောနှင့် ကျင်းထဲ လက်နှိုက်လိုက်လျှင် မြွေကိုက်၍ ကုလားဘိုတီး မာလကားဂျောင်းတော့မည့် ကိန်း။
တော်သေးသည်။ ကျင်းထဲသို့ ဖြုန်းခနဲ လက်နှင့် မနှိုက်ဘဲ တုတ်နှင့် အရင်ထိုးကြည့်သောအခါ လားလား ရွှီးခနဲ ပါးပျဉ်းထောင်ပြီး တုတ်ကို ဒက်ခနဲ လှမ်းပေါက်သော မြွေဟောက်ကြီးကို ကုလားဘိုတီး အသည်းယားစွာ မြင်တွေ့လိုက်ရသည်။
မြွေကလည်း ငါးရှာ၊ ဘိုတီးကလည်း တံငါသည်ဆိုတော့ အစာလုပွဲလေး ကျင်းပလိုက်ရသည်။ သို့သော် ကုလားဘိုတီးက မြွေကို လုံးဝ မသတ်ရက်ပေ။
“ကဲ… ကိုကြီးမြွေ၊ နင့်လည်း ငါ မသတ်ချင်ဘူး၊ ငါ့လည်း ရန်မလုပ်နဲ့။ ငါ့ကျင်းထဲမှာလည်း မနေနဲ့တော့။ နင်လည်း ကျင်းအပေါ် ကို ရောက်အောင် တက်နိုင်မှာ မဟုတ်ဘူး။ ဒီတုတ်ပေါ်က တစ်ဆင့် တွယ်ပြီး လိုရာခရီးကို ကြွမြန်းပါ ငါ့ရှင်”
ဟုပြောပြီး တုတ်ကို ကျင်းနှုတ်ခမ်းမှာထောက်ပြီး ကျင်းထဲ ချပေးထားလိုက်သည်။ ခဏအကြာတွင် ကျင်းထဲက မြွေကြီးမှာ ကုလားဘိုတီး ထိုးချပေးသော ဝါးလုံးကို ဖက်တွယ်ပြီး ကျင်းနှုတ်ခမ်းပေါ် ကို တက်၏။ ထို့နောက် ကုလားဘိုတီးကို မျက်ထောင့်နီကြီးနှင့် တစ်ချက်စိုက်ကြည့်ပြီး ရှူးခနဲအော်ဟစ်၍ တောထဲ ဝင်ရောက်သွားခဲ့လေသည်။ ပြီးတော့ သူက ပြောသေးသည်။ “ဘိုတီး နင်သတိထား”တဲ့။ “ဟင်းစားမရဘဲ အပြင်းဖျားသွားမယ်” ဆိုပါလား။ ဘိုတီး ကြက်သီးပင်မက ဘဲသီးပါ ထသွားရသည်လေ။
ကျင်းထဲက မြွေကြီး ထွက်သွားသောအခါ ကျင်းထဲသို့ တုတ်ထိုးပြီး ကြည့်၏။ မည်သည့်ငါးမျှ မရှိတော့သည်ကို ကုလားဘိုတီး ကြုံတွေ့ခဲ့ရသည်။ ကုလားဘိုတီးထက် မြွေကြီးက ငါးတွေကို ဦးစွာ စားပစ်လိုက်လေပြီ။
စင်စစ် ကျင်းထဲကငါးကို ဝင်စားသော မြွေကြီးသည် ငါးကို စားပြီးသောအခါ ကျင်းပေါ်သို့ ပြန်လည်၍ မတက်နိုင်ဘဲ ကျင်းထဲ၌ခွေနေခြင်းပင်။ ကုလားဘိုတီးက တုတ်ချပေးလိုက်မှာသာ ကျင်းထဲမှ တုတ်ကို သူ့ကိုယ်လုံးနှင့် ရစ်ပတ်ပြီး ကျင်းပေါ်သို့ တက်ရောက်သွားခြင်းပင်တည်း။
မှန်သည်။ မြွေကြီးက ကျင်းထဲကငါးတွေကို ရိက္ခာယူသွားပြီ ဖြစ်၏။
ငါးခုန်ကျင်းသည် လက်လံတစ်လံနီးပါး နက်ရှိုင်းသည့်အပြင် အတွင်းကလည်း ရွံ့မံ၍ ပြောင်ချောအောင် လုပ်ထားသလို ကျင်းအပေါ်၌လည်း ပြောင်ချောအောင် ပြုလုပ်ထားခြင်းဖြစ်၏။ ထို့ကြောင့် မြွေကြီးမှာ ကျင်းထဲမှ ကျင်းပေါ်သို့ ပြန်တက်လိုက်၊ လျှောကျလိုက် ဖြစ်ပြီး တွင်းအောင်းနေခြင်းပင် မဟုတ်ပါလား။
ထို့ကြောင့် ယခု မိမိလုပ်ထားသော ငါးခုန်ကျင်းကို မြွေများ ဝင်နေမလားဟူ၍လည်း သတိထားပြီး ကြည့်ရန် မိမိကိုယ်ကို သတိပေးရ၏။
“ဝုန်း … ဝုန်း”
ရုတ်တရက် တောစပ်တစ်နေရာမှ အသံတစ်ခုကို ကြားလိုက်ရ၏။ ထို့ကြောင့် ကုလားဘိုတီးက ကမ်းစပ်တွင် လှေကို ဖြည်းဖြည်းချင်း ကပ်၍ သတိထားပြီး လှော်ခတ်လိုက်သည်။
မိမိ ငါးခုန်ကျင်း ပြုလုပ်ထားသောနေရာနှင့် ယခုကြားရသောနေရာမှာ အနည်းငယ် လှမ်းသေးသည်။
“ဟိုက်”
ကုလားဘိုတီး ကြက်သီးများ တဖြန်းဖြန်းထအောင် တုန်လှုပ်သွားမိသည်။ ချောင်းကမ်းဘေးရှိ တောစပ်ဆီမှ ကြားရသောအသံ ဖြစ်သည်။ တောပင် ခြောက်လေသလား၊ သရဲပင် ခြောက်လေသလားဟု တွေးတောကာ ဦးခေါင်းထက်မှ ဆံပင်များ ထောင်ထလာသည်။ မိမိ၏ မျက်လုံးကို အစွမ်းကုန်ပြူး၍ အသေအချာ ကြည့်မိသည်။
“ဝုန်း … ဝုန်း”
အသံမှာ ကြားလိုက် ပျောက်လိုက်မို့ လှေကို အသံမမြည်အောင်လှော်ပြီး အသံကြားရာ ကမ်းစပ်ရှိ လမုပင်နားသို့ တိုးကပ်လိုက်သည်။ လူတစ်ကိုယ်လုံးလည်း ကြက်သီးမွေးညင်းများပင် ထသွားရသည်။ ဒီလမုပင်က နတ်ကြီးသည်ဟုလည်း ဆိုကြသည်။
ကြည့်စမ်း … ကြံကြံဖန်ဖန်။ ကမ်းစပ်၌ ထောင်ထားသော သုတ်ကိုင်းတစ်ခု၌ မြေကြွက်ကြီးတစ်ကောင်မှာ ခြေထောက်တစ်ဖက်ကို မိပြီး ဟိုခုန် ဒီပေါက် လုပ်နေပြန်၏။ သုတ်ကိုင်းက အမြင့်ကြီးမဟုတ်ဘဲ ရေစပ်နှင့် လွတ်ရုံသာ ထောင်ထားခြင်း ဖြစ်၏။ ထို့ကြောင့် မြေကြွက်ကြီးမှာ ယက်ကန်ယက်ကန်ဖြစ်ပြီး ရုန်းလိုက် ကန်လိုက် ဖြစ်နေ၏။
ရေစပ်၌ ဖြူဖြူဖွေးဖွေး ငါးကြီးတစ်ကောင်က ရေစပ်၌ မိနေသော ကြွက်ကြီးကို ခုန်အုပ်လိုက်၊ ကြွက်ကြီးက ခုန်လိုက်၊ သုတ်ကိုင်းက ညွတ်လိုက်နှင့် ဝရုန်းသုန်းသား ဖြစ်နေ၏။ မြေကြွက်နှင့် ငါး ပညာ ပြိုင်နေကြလေသည်။
သေချာပြီ။ ကုလားဘိုတီး စားရကံကြုံ၍ မုတ်ဆိတ်ပျားလာစွဲပြီ။ ဒီတော့ လှေပေါ်၌ အသင့်ပါလာသော တစ်လုံးထိုးမှိန်းကို အသာယူ၍ သုတ်ကိုင်း၌မိနေသော ကြွက်ကြီးကို မမီမကမ်းနှင့် ခုန် ခုန်ဟပ်နေသော ငါးဖြူဖြူကြီးဆီသို့ ချိန်ရွယ်ပြီး စွပ်ခနဲ ပစ်လွှတ်လိုက်လေတော့သည်။
“ဘိုတီးကွ။ ချပစ် … မှိန်းတစ်ချက် ငါးတစ်ကောင်ကွ”
“ဝုန်း … ဝုန်း”
မှိန်းချက်မိသွားသော ငါးကြီးသည် ရေစပ်စပ်၌ တစ်ချက် နှစ်ချက်လောက် လွန့်ပြီး ငြိမ်သက်သွားလေတော့သည်။ ထို့ကြောင့် ကုလားဘိုတီးက လှေကို အမြန်လှော်ခတ်ပြီး မှိန်းထိ၍ ပက်လက်လန် သွားသော ငါးကြီးကို ဆတ်ခနဲ ဆွဲယူလိုက်လေတော့သည်။
ထို့နောက် ငါးကြီးကို လှေဝမ်းထဲသို့ ပစ်ထည့်လိုက်ပြီး သုတ်ကိုင်း၌ မိပြီး မသေမရှင် ဖြစ်နေသော မြေကြွက်ကြီးကိုလည်း အသင့်ပါလာသော တုတ်နှင့် တစ်ချက် ရိုက်ထည့်လိုက်သည်။ ထို့နောက် သုတ်ကိုင်းပါ ဖြုတ်ယူပြီး မြေကြွက်ကြီးကိုပါ လှေပေါ်သို့ ပစ်တင်လိုက်လေတော့၏။
ပညာပြိုင်နေကြသော ငါးနှင့် ကြွက်ကြီးမှာ ဉာဏ်ကြီးသော ကုလားဘိုတီးနောက်သို့ ကောက်ကောက်ပါသွားလေတော့သည်။
“ဪ ငါ့နှယ် … မြစ်ထဲမှာ ပိုက်ချပါတယ်။ ပိုက်ကွဲလို့ ငါးမရ။ ရမယ့်ရတော့လည်း ငါးပတ်ကြီးတစ်ကောင်နဲ့ မဆီမဆိုင် မြေကြွက်ကြီးပါ ရလိုက်သေးသကိုး။ ငါ ကံကောင်းသွားပြန်ပြီ”
ကုလားဘိုတီးက သူ့ဘာသာသူ သဘောကျစွာနှင့် ရယ်မောပြောဆိုရင်း လှေကို ခပ်သွက်သွက်ကလေး လှော်ခတ်လိုက်လေတော့သည်။ ငါးခုန်ကျင်းလုပ်ထားသည့်နေရာသို့ ဆက်မသွားတော့။ မနက်ဖြန်မှ သွားတော့မည်ဟု ဆုံးဖြတ်ပြီး အိမ်သို့ ပြန်လာခဲ့လေတော့သည်။
ဒီနေ့ ကုလားဘိုတီး နေ့တွက်စီသွားပြီ။
“ရှင်ငြိမ်းသာရေ၊ ဒီနေ့တော့ ကံက ပထမ မကောင်းဘူး။ နောက်မှ ကံထကောင်းတယ်လို့ ပြောရမယ်။ ငါ့ပိုက် ကွဲသွားလို့ မြစ်ထဲက ငါးရှာမရဘူး။ အဲဒါ နှစ်ထပ်ကွင်းကြောင်ချောင်းထဲသွားတော့ ကြွက်ကို လိုက်ဟပ်တဲ့ ငါးပတ်ကြီးနဲ့ကို သွားတိုးတာ။ ငါ မှိန်းနဲ့ ထိုးပြီး ဖမ်းလိုက်တာပေါ့။ ငါးပိဿာလောက်တော့ ရှိမယ်ထင်တယ်။ မင်းဘာသာမင်းပဲ ဒိုင်ကိုသွားသွင်းလိုက်တော့။ ကလီစာကိုတော့ အဘိုးမြှောက်ဖို့ ကောင်းကောင်းလေး ချက်ထားလိုက်ကွာ။ ဒါမှ နောက်နေ့ ကံကောင်းမှာ။
ငါ ထူးထူးခြားခြားရတဲ့ ဒီမြေကြွက်ကို အရေခွံဆုတ် လာတယ်။ မီးကင်ပြီး ကြွပ်နေအောင် ကြော်ပေးကွာ။ ဟို ရွှေပြည်တန်မှာ နင့်မောင် “ဓား”မြဟန် စောင့်နေတယ်။ ဒီနေ့ မြစ်ထဲမှာ ငါးမတိုးဘူး။ ဒီကောင်လည်း ငါးမရဘူးကွ”
“ဘိုးဘိုးကြီး”
“ဘာလဲ မြေးရဲ့”
“ဘိုးဘိုးကြီး ဟိုတစ်ခါတုန်းက မြစ်ထဲက ဝက်တွေကို ငါးမျှားချိတ်နဲ့ မျှားလာတာဆို။ အခု ဒီကြွက်ကြီးကိုလည်း မြစ်ထဲက မျှားလာတာလား”
ကြံကြံဖန်ဖန် မေးတတ်သော ဖိုးသင်္ကြန် ဖြစ်သည်။ မောရပန်းရသည့်ကြားက သူ့မြေး ဖိုးသင်္ကြန်ကို ပွေ့ဖက်၍ ပါးနှစ်ဖက်ကို နမ်းရှုပ်ရင်း
“အေး… ဟုတ်တယ်၊ ဒီမြေကြွက်ကြီးကို မြစ်ထဲကမျှားလာတာ”
“ဒါဖြင့် ဘိုးဘိုးကြီးက ဝက်လည်း မျှားတာပဲ၊ ကြွက်လည်း မျှား၊ ငါးလည်းမျှားတဲ့ မျှားဝိဇ္ဇာကြီးပေါ့”
“အေး အေး … မျှားတယ် … မျှားတယ်၊ အားလုံးမျှားတယ်။ နင့်ရဲ့ ဘွားအေကြီးတောင် ငါမျှားထားတာ။ တွေ့လား … မခွာနိုင်ဘူး ဟား ဟား… “
“ကိုတီးနော် … ကလေးရှေ့မှာ ဘာတွေလျှောက်ပြောနေတာလဲ”
“ဟင်… ဘွားဘွားကြီးကလည်း တစ်ညိုးပဲ။ သားရှေ့မှာ ကျောတာတော့ အကြိုက်ဘူးတဲ့။ သားကွယ်ရာမှာကျောရင် ကြိုက်မှာနော်။ ဟုတ်လားဘွားဘွား”
“အေးဟဲ့ … အေးဟဲ့၊ တော်တော် အမေးအမြန်းထူတဲ့ ကလေး။ တွေ့ မတွေ့ဘူးပေါင်တော်။ လာခဲ့ … နင့်ဘိုးဘိုးကြီး နားပါစေ။ သူတို့ဖို့ ဘွားဘွားကြီး ကြွက်ကြော်ပေးလိုက်ဦးမယ်”
ဒေါ်ငြိမ်းသာက ပြောပြောဆိုဆိုနှင့် ကုလားဘိုတီးလက်ထဲက ဖိုးသင်္ကြန်ကို ဆွဲယူပြီး အိမ်အနောက်ဘက်သို့ ထွက်ခွာသွားလေတော့သည်။
“အင်း ကုလားဘိုတီး … ကုလားဘိုတီး။ ကလေးက ပြောလည်း ပြောစရာပဲ။ ငါးရှာသွားတာ မြစ်ထဲကငါးမရဘဲ ချောင်းထဲက ကြွက်နဲ့ ငါး ရသတဲ့တော်။ အံ့ရော … အံ့ရော”
ဒေါ်ငြိမ်းသာက ပြုံးဖြဲဖြဲနှင့် ပြောဆိုရင်း သူ့မီးဖိုချောင်လုပ်ငန်းများကို လုပ်ကိုင်နေလေတော့သည်။
“ရှင်ငြိမ်းသာရေ … အဲဒါတွေပြီးရင် မင်း ပိုက်အပြဲကိုလည်း ဖာထေးပြီး လျှော်လှန်းထားလိုက်ကွာ။ ငါ တစ်မှေးလောက် မှေးဦးမယ်။ ညနေတစ်ခေါက်ထွက်ရင် ဆန်ဖိုးလေးတော့ ရနိုင်ပါရဲ့”
ပြောပြောဆိုဆိုနှင့် ကုလားဘိုတီးက သူ့ဇနီး ရှင်ငြိမ်းသာ ကြော်ပေးမည့် ကြွက်ကြော်ကြွပ်ကြွပ်ကို စောင့်ရင်း အိမ်ရှေ့ခန်း၌ တစ်မှေးမှေးနေလေတော့သည်။
“ဟေ့… ဘိုတီး … ဘိုတီးရေ”
အိမ်ရှေ့ဆီမှ ခေါ်သံကြားရ၏။ ဤသံကိုကြားသည်နှင့် သိပြီး ဖြစ်သည်။ ရွှေပြည်တန်က မစောင့်နိုင်။ အိမ်ရောက်အောင် လိုက်လာသည်။ တော်တော်ငတ်ကြီးကျတဲ့ကောင်ပဲ။ ဓား”မြဟန်လေ။
ကုလားဘိုတီး အိပ်ပင် မအိပ်ရသေး။ အိပ်ရာမှ လူးလဲထရသည်။ ကုလားဘိုတီး စိတ်ထဲက “ဓား”မြဟန်ကို မေတ္တာအတုံးလိုက်ပို့၏။
“ဒီမှာ မင်းနှမ ရှင်ငြိမ်းသာက အခုမှ ကြော်တုန်းကြော်ဆဲပဲ ရှိသေးတာ။ လာမှာပေါ့။ ဘယ်လိုဖြစ်လို့ အိမ်ထိအောင် လိုက်လာရတာလဲ။ တော်တော်ငတ်ကြီးကျတဲ့ကောင်”
“ဟေ့ကောင် ဘိုတီး … အဲဒါက အရေးမကြီးဘူး။ ဟိုရွာဖျားက လေဖြတ်နေတဲ့ မတရုတ်မကြီးလေ။ အဲဒါ အခု ဆုံးသွားပြီ။ ရေချိုးဖို့၊ ကပ်တင်ဖို့၊ သေတ္တာရိုက်ဖို့ ငါတစ်ယောက်တည်း ဖြစ်နေလို့ မင်းကို လာခေါ်တာ”
“ဟေ… ဟုတ်လား၊ သူကလည်း ဝဋ်ကြီးလိုက်တာကွာ။ လေဖြတ်ပြီး တစ်နှစ်လောက်ကို အိပ်ရာထဲလဲနေတာ အခုမှပဲ ကိစ္စပြတ်တော့တယ်။ ဒါဆိုရင် မသွားလို့ ဘယ်ဖြစ်မလဲ။ လာ… သွားစို့။
ရှင်ငြိမ်းသာရေ… ဟိုကြွက်ကြော် ကျက်ပြီလား။ ဒီမှာ နင့်အစ်ကိုက သွားရည်ကျပြီး အိမ်တောင် လိုက်လာတယ်ဟ”
“ကျက်လုပြီ။ သွားကြ … သွားကြ။ ကျွန်မ ငါးဒိုင်သွားရင်းနဲ့ ရွှေပြည်တန်ကို ပို့ထားလိုက်မယ်။ ရှင်တို့ ညီအစ်ကို ဟိုကကိစ္စပြီးရင် အမောပြေသောက်ကြပေါ့”
“အဲဒါတွေကြောင့် ငါ့နှမ ရှင်ငြိမ်းသာကို ချစ်တာ။ ဟေ့ကောင်ဘိုတီး မင်း ငါ့နှမကိုရတာ သိပ်ကံကောင်းတယ်မှတ်။ လာ … ဒေါ် တရုတ်မကြီး အသုဘကို ပြင်ဖို့ဆင်ဖို့ သွားကြစို့။ ကုသိုလ်လေးလုပ်လိုက်ကြဦးစို့ကွာ”
“အေးကွာ … မင်းနှမကိုရတာ ကံကောင်း မကောင်းတော့ မသိဘူး။ ညားကတည်းက တစ်ခိုင်းတည်း ခိုင်းနေတာ မြစ်ထဲကကို မတက်ရဘူး။ နင့်လိုပဲ နင့်နှမ ငါ့မိန်းမက ငါ ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် ဘယ်တော့မှ အကောင်းမပြောဘူး”
“ဘယ်ပြောမလဲ၊ နင်က ငါနဲ့ တွဲပြီး အရက်ချည်းပဲသောက်နေတာကိုး။ ပြောတဲ့လူက မလွန်ဘူး။ နင်နဲ့ငါက လွန်တာ”
“အေး … လွန်တာ မလွန်တာ အပထား။ ဒီမိန်းမဝဝကြီး လေဖြတ်သေတော့ အနာတွေဖြစ်ပြီး အပုပ်ရည်တွေက သေသေချင်း စီးကျနေတာ။ သူ့အနံ့ကို ခံနိုင်အောင် တို့နှစ်ယောက် တစ်ပိုင်းစီလောက်တော့ အရင်မော့လိုက်ဦးမှ ဖြစ်မယ်။ ကိစ္စဝိစ္စပြီးမှ ရှင်ငြိမ်းသာ လာပို့ထားတဲ့ ကြွက်ကြော်နဲ့ ထပ်ချကြတာပေါ့ကွာ။ ကဲ… သုတ်သုတ်လေးဟေ့”
ကုလားဘိုတီးနှင့် “ဓား”မြဟန်တို့သည် အခမဲ့ အသုဘအကျိုး ဆောင်ရွက်သူများပီပီ လေဖြတ်သေဆုံးသော ဒေါ်တရုတ်မကြီးဆီ မဝင်ခင် အရင်ဦးဆုံး ရွှေပြည်တန် အရက်ဆိုင်သို့ ဝင်၏။
ထို့နောက် အရက်တစ်လုံးမှာပြီး တစ်ယောက်တစ်ပိုင်းစီ ကုလားသောက်သောက်၍ ရှောက်သီးစိတ်လေးများဝါးရင်း အသုဘအိမ်ရှိရာသို့ ထွက်ခွာသွား ကြလေတော့သည်။
သူတို့နှစ်ဦးမှာ ဝါးတစ်ရာရွာ၌ အခမဲ့မေတ္တာရှင် သုဘရာဇာများလည်း ဖြစ်သည်။
နှစ်ရှည်လများ အိပ်ရာထဲလဲပြီးမှ သေဆုံးရသော ဒေါ်တရုတ်မ၏ အလောင်းကို မည်သူမျှ ကိုင်ချင်တွယ်ချင်မည် မဟုတ်။ အသားတွေ ရိရွဲပြီး အပုပ်ရည်များ ရွှဲနစ်နေသော အလောင်းကောင်ကို သူငယ်ချင်းနှစ်ဦး မရွံမရှာကိုင်တွယ်၍ သေတ္တာထဲသို့ ထည့်ကြသည်။ ဖွဲပြာအုပ်သည်။ ထို့နောက် ချက်ချင်းပင် သိမ်ချောင်းသုဿာန်သို့ ပို့ဆောင်ပြီး အားချင်း မြေမြှုပ်သင်္ဂြိုဟ်ရန် ကာယကံရှင်များနှင့် တိုင်ပင်ရ၏။
ကျေးရွာလူကြီးများကို အကြောင်းကြားပြီး ရွာရှိ ကာလသားများကို စုရုံးကာ အသုဘ မြေကျရေးကို စေတနာအပြည့်နှင့် ဆောင်ရွက်လိုက်ကြရသည်။
အားလုံးပြီးသောအခါ ညနေ (၃)နာရီပင် ခွဲပြီ။ ဒီတော့ သူငယ်ချင်းနှစ်ဦး ရှင်ငြိမ်းသာ လာပို့ထားသော ကြွက်ကြော်အမြည်းနှင့် ရွှေပြည်တန် အရက်ဆိုင်တွင် သောက်စားရင်း အမောဖြေနေကြလေတော့သည်။
ဒီနေ့ညနေ (၆) နာရီလောက် ရေတက်မည်။ ရေတက်မည့်အချိန်ကို တွက်၍ ပိုက်တစ်ချက် နှစ်ချက်တော့ ချရဦးမည် မဟုတ်ပါလား။
[ ၄ဝ အုပ်မြောက် အထူးထုတ်၊ သိဒ္ဓိမိုးမဂ္ဂဇင်း]
– ပြီး –
စာရေးသူ – ပြည်ပန်းမိုး
Uncategorized