• June 20, 2025
  • admin
  • 0

ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် တောကြောင်တစ်ကောင်

“ညှောင်ဆိုလျှင် နောင်မမေ့ပါဘူး။ ကြောင်တွေ့ရင် ပြောကြ ပါ။ အဟမ်း…”

ကုလားဘိုတီးက ဟစ်အော်သီဆိုလိုက်သည်။ သူ၏ သံဝါကြီးနှင့် ဟစ်အော်လိုက်သောအသံမှာ နှစ်ထပ်ကွင်းချောင် တောတစ်ခုလုံးကို ဟိန်းစည်သွား၏။

မှန်သည်။ နှစ်ထပ်ကွင်းချောင်၌ တောင်ကြောင်ကြီးတစ်ကောင်ကို တမြန်နေ့က တွေ့ခဲ့သည်ဟု ဓားမြဟန်က ပြောသည်။ တောကြောင်ကြီးမှာ သုံးလေးပိဿာလောက် ရှိမည်ဟု ကုလားဘိုတီး သတင်းရထား၏။

“မင်း သွားဖြစ်အောင် သွားစမ်းပါ၊ ရကို ရစေရမယ်”

ဟုဆို၏။

ထို့ကြောင့် တောကြောင်ထောင်ရန် သုတ်ကိုင်းကြိုးများ၊ မှိန်းနှင့် တောခုတ်ဓားမကြီးကိုပါ ယူဆောင်၍ နှစ်ထပ်ကွင်းချောင်ဘက်သို့ လှေတစ်စင်းနှင့် ထွက်ခဲ့သည်။ ပြီးတော့ ခွေးနီမလည်း ပါသေး၏။

ဒီနေ့ ဝါးတရာမြစ်၌ ငါးပိုက်မချတော့။ ယခုတစ်လော ဘာဖြစ်မှန်းမသိ။ တက်ရေ ကျရေ လိုက်ပြီး ပိုက်ချသော်လည်း ငါးမတိုး၍ စိတ်ညစ်ရသည်။ ပိုက်ပစ်တိုင်းသာ ငါးရလျှင်လည်း ကုလားဘိုတီး ထားစရာရှိမည်မဟုတ်။ လှေဦးစို စိုခြင်း၊ လေးဦးခြောက် ခြောက်ခြင်းဟု ဆိုသော်လည်း လှေဦးစိုတိုင်းလည်း တံငါတို့ အူစိုရသည် မဟုတ်ပင်။

ထို့ကြောင့် မြစ်တွင်း၌ ငါးပွဲတော်ကြီး မြန်မြန်ကျင်းပပါစေဟုပင် ကုလားဘိုတီးက ဆုတောင်းတတ်၏။

မှန်သည်။ တံငါဆိုသည်ကား ရေထဲ၌ မမြင်ရသော ကိစ္စကို စိတ်မှန်းနှင့် ဟုတ်လိမ့်နိုးနိုး၊ စမ်းတဝါးဝါး လုပ်ရသော အလုပ်ပင်ဖြစ်သည်။

ဒီတုန်းက ကုလားဘိုတီးအဆင်ပြေ၍ အိမ်ကောင်းယာကောင်းပင် ဆောက်လုပ်နိုင်ခဲ့၏။ ဇနီးဖြစ်သူကလည်း “ကိုတီး… ကိုတီးနှင့် ကိုကိုတီး” ဖြစ်လို့ အဟီး။

ယခု ဝါဆို၊ ဝါခေါင်ဆိုတော့ မိုးဦးကျ ရှိသေး၏။ လေထန် လှိုင်းထန်နှင့်မို့ မြစ်တွင်းဆင်းရသည်မှာ အန္တရာယ်များ၏။ မိုးဦးလေဦးမို့ မကြာမကြာ မိုးသက်မုန်တိုင်းတို့ကလည်း ကျရောက်တတ်၏။

တော်သလင်း၊ သတင်းကျွတ်လောက်ဆိုလျှင် မြစ်အတွင်း သင်ဖြူးခင်းဆိုသလို မိုးမှန် လေမှန်၍ ငါးဆင်းသော လများပင် ဖြစ်သည်သာ။

ထို့ကြောင့် ကုလားဘိုတီးဒီနေ့ မြစ်အတွင်းမဆင်းဘဲ ဝါးတစ်ရာမြစ်မှသည် နှစ်ထပ်ကွင်းချောင် ချောင်းသို့ လှေတစ်စီးကို အဖော်ပြုပြီး ဆင်းလာခြင်းပင်တည်း။

မှန်သည်။

“နှစ်ထပ်ကွင်းချောင်၊ ခွေးတစ်ဟောင်”တဲ့။

ရွာနှင့် နှစ်ထပ်ကွင်းချောင်အား ခွေးတစ်ဟောင်သာသာ သွားရ၏။ ရွာ၏အရှေ့ဘက် တောအုပ်ကို ခေါ်ဆိုခြင်းပင်။

မင်းဗန္ဓုဘုရားဘက်ကို နှစ်ထပ်ကွင်းချောင်ဟု ခေါ်၏။ ကွင်းက နာမည်ကြီး၏။ နာနာဘာဝ ဝိနာဘာဝတွေ ရှိသည်ဟု လူကြီးသူမတွေက ဆိုကြသည်။

သည် မင်းဗန္တုရှေးဘုရားကြီးကိုလည်း ပြင်ဆင်မွမ်းမံနိုင်မည့် ဘုရားတကာက ယခုအချိန်အထိ မပေါ်သေး။

ကွယ်လွန်သွားသော သာသနာပြုပုဂ္ဂိုလ်အဘ ဘိုးသံလည်း လာရောက်၍ ပြုပြင်မွမ်းမံဖူးသည်။ အောင်မြင်ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။ ဘုရားငုတ်တိုပေါ်၌ ရွှေစေတီလေးတစ်ဆူကိုသာ တည်ထားခဲ့သည်။ ကျန်အပိုင်းများ၌ တည်ရင်း ပျက်ရင်း ပြိုရင်းနှင့် ဘုရားဟောင်းကြီးအတိုင်း တည်ရှိနေဆဲပင်။

ဤသည်ကို ကုလားဘိုတီးတို့ ဝါးတစ်ရာသားတို့၏ ပါးစပ်စာဆိုကလည်း ရှိသေး၏။

“နှစ်ထပ်ကွင်း ချောင်၊ ခွေးတစ်ဟောင်၊ သင်ပင်ခြေရင်း၊ ရွှေကိုးတင်း၊ လူမင်းဖော်လို့ ရလိမ့်မယ်” တဲ့။

သူတို့စာဆိုအရ သင်ပင်ခြေရင်းက ရွှေကိုးတင်းကို တူးဖော်ရသော ဘုန်းကံရှင်သာ ဤဘုရားကြီးကို ပြုပြင်နိုင်မည့် ဘုရားတကာဖြစ်သည်ဟုဆိုသော သဘောပင်။

မည်သို့ဆိုစေ တစ်ခါတစ်ခါ၌ ကုလားဘိုတီး တွေးမိသည်။ ဘုရားကြီးကို ပြုပြင်မွမ်းမံမည်။ တည်ဆောက်မည်။ ရရှိသော ရွှေကိုးတင်းကို သူ့ကိုယ်အကျိုးအတွက် တစ်ပြားတစ်ချပ်မှပင် မသုံးစွဲ သာသနာရေးကိစ္စ၊ ဘုရားကိစ္စကိုသာ သုံးစွဲပြီး ဘုရားဒကာ၊ ကျောင်းဒကာ ကုလားဘိုတီးဟုဆိုလျှင် မည်မျှကောင်းလေမည်နည်း။

မြစ်ထဲ ချောင်းထဲ၌ ငါးရှာခြင်း၊ ဖားရှာခြင်း၊ အလုပ်မလုပ်တော့ဘဲ ရသေ့ရဟန်းပင် ဝတ်ခြင်သည့်စိတ်များ ပေါ်ပေါက်ခဲ့ဖူးသည်။

ကုလားဘိုတီး စိတ်ကူးတွေယဉ်ခဲ့ဖူး၏။

ဤသည်ကို သူငယ်ချင်းအရင်းဖြစ်သူ။ ဓားမြဟန်ကို ပြောပြသောအခါ ဓားမြဟန်က …

“မင်းရဲ့စိတ်က ဘုန်းကြီးစိတ်၊ လုပ်တဲ့အလုပ်က ငရဲသား အလုပ်။ အရက်လေးတွေ့တော့လည်း သောက်ချင်၊ ငါးတွေ့တော့လည်း ဖမ်းချင်၊ အခု တောလည်းတက်ပြီး တောကြောင်ထောင်ဦးမယ်။ ဘယ်လိုလုပ်ပြီး ဘုရားဒကာဖြစ်မှာလဲ အကုသိုလ်တုံးကြီးရဲ့” ဟု ဆိုသည်။

“အေးကွာ၊ ငါ တစ်ခါတစ်ခါ တွေးမိတာကို ပြောတာပါကွာ။ ကဲ… အဲဒီအတွေးတွေ ပျောက်သွားအောင် လာ တစ်ခွက်တစ်ဖလားတော့ ဝင်ချလိုက်ဦးစို့ကွာ”

ဟု သူငယ်ချင်းနှစ်ယောက် လည်ပင်းဖက်ပြီး ဝါးတစ်ရာ ရွာထိပ်၌ရှိသော ရွှေစည်းစိမ်ဘားဆိုင်ထဲသို့ နှစ်ဦးသား ဝင်ရောက်သွားကြလေသည်။

ဪ… ဘုရားဒကာဖြစ်ချင်သော ကုလားဘိုတီး။

ယခုလည်းပဲ ဝါးတစ်ရာမြစ်မှဖြတ်ကာ နှစ်ထပ်ကွင်းချောင် ချောင်းသို့ လှေတစ်စင်းနှင့် ကုလားဘိုတီးထွက်လာ၏။ နှစ်ထပ်ကွင်းချောင်တွင် တောကြောင်ကြီးတစ်ကောင် သောင်းကျန်းနေလေ၏။ အဆိုပါ တောကြောင်ကြီးသည် တောတွင်းရှိ ကြက်၊ ငှက်များ၏ ဦးခေါင်းများကို ကိုက်ဖြတ်စားသောက်ပစ်သည်ဟု ဆိုသည်။

ထိုတောကြောင်ကြီးကြောင့် တောကြက်၊ ငှက်များ မျိုးသုဉ်းမည့်အန္တရာယ် စိုးရိမ်ရသည်ဟု ဓားမြဟန်က အခိုင်အမာ စွဲချက်တင်၏။

ထို့ကြောင့် အဆိုပါ ဆိုးသွမ်းသော တောကြောင်ကြီးကို ဖမ်းဆီးရန်အတွက် ကုလားဘိုတီးအဖို့ ယခုလို နှစ်ထပ်ကွင်းချောင်သို့ ထွက်လာခဲ့ခြင်းပင်တည်း။

“ဝုတ် ဝုတ် ဝုတ်…”

ကုလားဘိုတီးမှာ နီမ၏ ဟောင်သံကြောင့် အတွေးတွေ ပျက်သွား၏။

မှန်သည်။ ယခုမှပင် သူနှင့်အတူ ပါလာသော ခွေးနီမကို သတိရမိသည်။

ခွေးနီမသည် လှေဝမ်းထဲ၌ ငုတ်တိုင်ထိုင်ပြီး နှစ်ထပ်ကွင်းချောင် ချောင်းကမ်းစပ်မှ တောအုပ်ကို စူးစိုက်ကြည့်ရင်း ထိုးဟောင်လိုက်သည်။ သည်တော့မှ လှေဆိုက်ရမည့်နေရာကို ကုလားဘိုတီး သတိရ သွား၏။

ခွေးနီမသည် အလွန် အားကိုးရသော ခွေးမလေး ဖြစ်သည်။ ကြွက်လိုက်၊ ကြောင်လိုက်သည့်နေရာ၌ အလွန်လျင်မြန်ဖျတ်လတ်၏။ မျက်စိရှင်ပြီး နားပါးသော ခွေးတစ်ကောင် ဖြစ်၏။ နှုတ်သီးချွန်၍ ရှည်သောအစွယ်နှင့် ချွန်ထက်သော သွားတို့ကို ခွေးနီမ ပိုင်ဆိုင်သည်။

မှန်သည်။ ဒီလိုတောမျိုးတက်ပြီဆိုလျှင် လက်သပ်မွေးထားသော ခွေးနီမကို ကုလားဘိုတီးက လက်ကသုံး တောင်ဝှေးအဖြစ် ခေါ်ယူသွားသည်သာ။

ပြီးတော့ ကြက်မလေးတစ်ကောင်။ တည်ကြက်ပေါ့။ တောကြောင်မရလည်း တောကြက်တော့ ရနိုင်အောင် ကုလားဘိုတီး စီစဉ်ခဲ့ခြင်း ဖြစ်သည်။

စင်စစ် ကုလားဘိုတီးအဖို့ ငါးရှာ၊ ဖားရှာ၊ တောတက်အလုပ်ကို လုပ်သော်လည်း မျက်လုံးက သိပ်မကောင်း။ မျက်စိနှစ်လုံးစလုံးကို ခွဲစိတ်ကုသထားရ၏။ ထို့ကြောင့် သူ၏ မှန်ဘီးလူးမျက်မှန်ထူကြီးကို နောက်စေ့၌ ကြိုးနှင့်သိုင်းပြီး ချည်နှောင်တပ်ဆင်ထားရ၏။ သို့မဟုတ်ပါက အရေးအကြောင်းဆိုလျှင် မျက်မှန်ပြုတ်ကျပါက အိမ်ပြန်ရောက်တော့မည် မဟုတ်ချေ။

ယခုလည်း ခွေးနီမ ထိုးဟောင်သောနေရာ၌ လှေကိုကပ်သည်။ ထိုးဝါးစိုက်၊ လှေကိုအသေအချာ ကြိုးနှင့်ချည်သည်။ ပြီးမှ ခွေးနီမကို ထမ်းပိုးပြီး ကမ်းပေါ်သို့ အရင်ပို့သည်။

ဝန်စည်စလယ်ပစ္စည်းများကို နောက်တစ်ခေါက် သယ်ယူပြီးမှ နှစ်ဦးသား တော၏ အခြေအနေကို အကဲခတ်နေလေတော့သည်။

တောထဲသို့ ကုလားဘိုတီး ဝင်လိုက်သည်နှင့် အသင့်ပါလာသော တည်ကြက်မလေးက ကတော် … ကတော်နှင့် အဖော်ခေါ်နေပြီ ဖြစ်လေသည်။

နှစ်ထပ်ကွင်းချောင်တောသည် စိမ်းညိုပြီး အုပ်မှိုင်းနေ၏။ လေတစ်ချက်အဝှေ့တွင် သစ်ပင်ကြီးငယ်တို့၏ တဝေါဝေါနှင့် အော်မြည်သံကို ကြားနေရ၏။ တစ်ခါတစ်ခါ မြွေတွန်သံတို့မှာ လေပြည်ကို တွဲခို၍ ပါလာတတ်သည်မှာ ကြက်သီးများပင် တဖြန်းဖြန်း ထ၍ထ၍ သွားရ၏။

ကုလားဘိုတီးသည် သူ့၌ ပါလာသော စားဖွယ်သောက်ဖွယ်များကို မစားသေးဘဲ ဦးစွာပင် ကျွန်းပိုင်ကို မြှောက်သည်။ အရက်တစ်လုံး၊ ငါးကြော်နှင့် ထမင်းချိုင့်တို့ကို အသင့်တွေ့ရသော သစ်ငုတ်တိုတစ်ခုပေါ်၌ တင်ပြီး ပူဇော်ပသမှုများ ပြုလုပ်သည်။ ပါးစပ်မှ ပွစိပွစိနှင့် ရွတ်ဖတ်သည်။

ခွေးနီမသည် ငြိမ်ကုပ်နေ၏။ သူ့ဘေး၌ ဝပ်ပြီး ကုလားဘိုတီး ပြုလုပ်နေသည်ကို ငြိမ်၍ ကြည့်နေ၏။ ခွေးနီမသည် အကင်းပါး၏။ အတွေ့အကြုံရှိ၏။

တောစပ်တစ်နေရာတွင် သုတ်ကိုင်းများ ထောင်ထား၏။ သုတ်ကိုင်းနှင့် မလှမ်းမကမ်းတွင် ကြက်ဝါပြောက်မလေးကို ကြိုးချည်ပြီး လှန်ထား၏။ ကြက်ဝါမလေးမှာ အမွေးအဖြူလေးများ ရောစွက်နေသည်မို့ ကြက်ဝါကို အဖြူ ဖောက်ထားသလို ဖြစ်ပြီး ဝဝကစ်ကစ်လေးနှင့် လှပနေသည်။

သူ၏ အနီးဝန်းကျင်၌ လည်းကောင်း၊ ညွှတ်ကွင်း များဝန်းကျင်၌ လည်းကောင်း စပါးစေ့များကို ဖြန့်ကြဲ၍ ထားလိုက်သည်။

ကြက်ဝါမလေးသည် သူ့ကိုကျွေးထားသော အစာမျာကို ကောက်စားလိုက်၊ မြက်ပင်များကို ခြေနှင့်ယက်လိုက်နှင့် လုပ်ပြီး သူ့နှုတ်မှလည်း ကတော် … ကတော်နှင့် အဖော်ခေါ်လျက်ရှိသည်။

ခါးနှင့် ကိုယ်ကို လိမ်၍ အမြီးလေးတယမ်းယမ်းနှင့် ဘရိတ်ဒန့်ဆွဲနေချေပြီ။ သည်လိုပင် တည်ကြက်ကောင်းလျှင် တောကြက်တို့ကို မလိုချင်လောက်အောင် ရတတ်သည်။

စင်စစ် မသံကြားရသော တောကြက်ဖတို့မှာ တောနက်ဆီမှ ဝဲပျံလာပြီး တည်ကြက်မရှိရာသို့ ရောက်ရှိလာကြသည်။ တည်ကြက်အနားသို့ ရောက်သည်နှင့် တကွပ်ကွပ်နှင့် ဖိုသံပေးပြီး တည်ကြက်မကို ရစ်တော့၏။ ပြီးတော့ သူတို့၏ သာယာသောအသံနှင့် တည်ကြက်မကို မြူဆွယ်လေသည်။

ထိုအခါ တည်ကြက်မကလေးက အမြီးလေး တမြှောက်မြှောက်လုပ်ပြီး သုတ်ကိုင်း၊ ညွှတ်ကိုင်းရှိရာ အနားသို့ ဘရိတ်ဒန့်ဆွဲပြီး ပြေးလွှားသည်။

ထိုအခါ မာန်ရစ်နေသော တောကြက်ဖသည် ငါ့လက် တွင်းက နင် လွတ်အောင် မပြေးနိုင်ဘူး ချစ်ရယ်။ လာလေ့ဟုပြီး တည်ကြည်မလေးကို ထိုးဆိတ်ရန် ပြေးအလိုက် ညွှတ်ကွင်း၌ ကားခနဲ မိသွားလေတော့သည်။ ညွှတ်၌ မိနေသော တောကြက်ကို တောကြောင်က လာကိုက်သောအခါ တောကြောင်ကိုပါ မိမည်သာတည်း။

ဤသည်ကို တစ်နေရာ၌ တိတ်ဆိတ်စွာ ချောင်းကြည့်နေသော လူက ထွက်လာပြီး ညွှတ်ကွင်း၌မိနေသော တောကြက်ဖနှင့် တောကြောင်ကို ဖြုတ်ယူလိုက်ရုံသာ။

ဒီလိုပင် တောကြောင်လို သတ္တဝါမျိုးလည်း အစာကို ငမ်းပြီးလာလျှင် ဘိုတီး ထောင်ထားသော သုတ်ကိုင်း၌ ကားခနဲမိမည်သာတည်း။

မှန်သည်။ ထိုအခါ နီမက တစ်ဟုန်ထိုးဟောင်ပြီး သုတ်ကိုင်း၌ မိနေသော တောကြောင်ကို ကိုက်ခဲချေမည်။

ကုလားဘိုတီးက သုတ်ကိုင်း၌ တန်းလန်းကြီးမိနေသော တောကြောင်ကို မှိန်းနဲ့ထိုးပြီး အသေဖမ်းယူမည်ပင်။

ကုလားဘိုတီး စိတ်ကူးထဲ၌ တောကြက်တွေ၊ တော ကြောင်တွေ အများကြီး ရနေတော့၏။

ကုလားဘိုတီးမှာ တွက်ရေးကတော့ ကုမ္ပဏီပိုင်ရှင်ကြီးလိုမျိုး။ ဖြစ်လာလျှင်တော့ မည်သည့်ပုံစံနှင့် ဖြစ်မည်မသိ။ အခြေအနေနှင့် အချိန်အခါကို စောင့်ကြည့်ရဦးမည်သာတည်း။

မှန်သည်။

ယခုတော့ သုတ်ကိုင်းများလည်း ပြင်ဆင်ထားပြီး ပြီမို့ ကွင်းပိုင်မြှောက်ထားသော အရက်ပုလင်းကို ပြန်ယူ၊ ငါးခြောက်နှင့် အရက်ကို ဇိမ်နှင့်မြည်းရင်း ထမင်းစား၍ တောကြောင်ကို စောင့်လေတော့၏။

ထမင်းကျန်နှင့် ဆီဆမ်းထားသော ငါးခြောက်ကို နယ်ဖတ်၍ နီမကို ကျွေးရ၏။ နီမကလည်း အစာဝသဖြင့် အမြီးလေးတနန့် နန့်လုပ်ပြီး ကုလားဘိုတီး၏ သက်တော်စောင့်အလုပ်ကို တာဝန်ကျေပွန်စွာနှင့်ပင် ထမ်းဆောင်လေတော့၏။

“အိုင်… အိုင်… အိုင်…”

ရုတ်တရက် ခွေးနီမ၏ အလန့်တကြား အော်ဟစ်သံကြားရ၏။ ခွေးနီမ၏ အသံတို့မှာ ငယ်သံပါအောင် တုန်ယင်လှိုက်မောနေ၏။

ပြီးတော့ အရက်လေး ခပ်ထွေထွေနှင့် လမုပင်အောက်ရှိ ချုံကွယ်ဘေး၌ တောကြောင်စောင့်ရင်း အိပ်ပျော်နေသော ကုလားဘိုတီး၏ လုံချည်စကို ပါးစပ်နှင့် ကိုက်ဆွဲပြီး ကုလားဘိုတီးကို နှိုးလေသည်။

“ဟဲ့… သေနာ ထ … တောကြောင်ထောင်တဲ့ မုဆိုး။ အရက်လေးတမြမြနဲ့ စက်တော်ခေါ်နေတယ်။ ကြားမကြားဘူးပေါင် တော်”

ဟုပင် ခွေးနီမက ပြောနေလေသလား မသိ။ ပြီးတော့…

”ဟဲ့… ကုလားဘိုတီး ငါကို လုပ်ပါဦး။ ငါ့ကို ဘာကောင်တွေလာပြီး ကိုက်နေလဲ မသိဘူး။ ငါသေတော့မယ်ဟဲ့”

ကုလားဘိုတီးမှာ ကွင်းပိုင်မြှောက်ပြီး အရက်နှင့် ငါးခြောက် စား၍ မှေးခနဲ အိပ်ပျော်သွား၏။ အိမ်က မိန်းမ၏ ပူညံ ဆူညံသံလည်း မကြားရ။

“နင် ငါးမရတာက အကြောင်းမဟုတ်ဘူး။ ဆန်အိုးထဲမှာ ဆန်မရှိတာက အကြောင်းဟဲ့။ နင်က ပိုက်ဆံတော့ရအောင် မရှာဘူး။ အရက်ကို တစ်ဆိုင်ဝင် တစ်ဆိုင်သောက်ပြီး အသုဘနောက် လျှောက်လိုက်နေတော့ တို့သားမိတွေ ဘာသွားစားမလဲ”

ဟူသော စူပုပ်ပုပ်နှင့် မျက်နှာကြီးကိုလည်း မတွေ့ရ။

လေတဖြူးဖြူးနှင့် တောရိပ်တောင်ရိပ်ကို အမှီပြုပြီး အရက်လေးကလည်း ခပ်ထွေထွေမို့ ကုလားဘိုတီး လာရင်းကိစ္စဖြစ်သော တောကြက်ထောင်ရင်း ဇိမ်ရစ်သွားခြင်းပင်။ တောကြောင်ထောင်ခြင်း ကိစ္စတွေပါ မေ့သွား၏။ မေ့ပင်အောက်၌ မေ့ဆေးသောက်လိုက်ဟန်တူ၏။

ယခု ခွေးနီမက သံကုန်ဟစ်အော်ပြီး လုံချည်စကိုဆွဲမှပင် လန့် နိုးတော့၏။

သေလိုက်ပါတော့ ကုလားဘိုတီးရယ်။

“အိုင်… အိုင်… အိုင်… “”

ဟာ… နီမကိုယ်ပေါ်က ဘာကောင်တွေလဲဟ”

ရုတ်တရက် အိပ်ရာမှ လန့်နိုးလာသော ကုလားဘိုတီးသည် မျက်ကလူးဆန်ပြာ ဖြစ်တော့၏။ ခွေးမ၏ကိုယ်ပေါ်၌ လက်သီးဆုပ်လောက်ရှိသော မည်းမည်းသတ္တဝါတွေကို မြင်ရ၏။

ထို့ကြောင့် အနီး၌ရှိသော တုတ်ကိုယူပြီး ခွေးနီမကိုယ်ပေါ်၌ ဖက်တွယ်နေသော မည်းမည်းကောင်တွေကို ရုတ်ခြည်း ကော်ပစ်လိုက်သည်။ မည်းမည်း အကောင်တစ်ကောင်ဆိုလျှင် အတင်းကုတ်ခဲထား၍ တုတ်နှင့် အားစိုက်၍ ကော်ပစ်လိုက်ရ၏။

ခွေးနီမပေါ်မှ ကွာကျသွားသော မည်းမည်းသဏ္ဌာန်တို့မှာ သူ့ဆီသို့ပင် တရွေ့ရွေ့လာ၍ တုတ်တစ်ချောင်းနှင့် တဗုန်းဗုန်း ရိုက်သတ်ပစ်လိုက်ရ၏။ တပ်ထားသောမျက်မှန်ကို ကျွတ်မကျအောင်လည်း နေရာပြင်ရသေး၏။

“ဟိုက်… တောပင့်ကူကြီးတွေပါလား”

မှန်သည်။ ဘယ်ကဘယ်လို ရောက်လာမှန်းမသိသော တောပင့်ကူကြီး လေးငါးကောင်မှာ ခွေးနီမကို ဝိုင်းကိုက်နေကြ၏။ တော်သေး၏။ အလျင်အမြန် ဖယ်ရှားနိုင်၍ ခွေးနီမ အသက်ချမ်းသာရသွားခြင်းပင်။ သို့မဟုတ်ပါက ခွေးနီမ၏ ဦးနှောက်ကို ကိုက်ဖောက်စား သောက်ပစ်နိုင်သည့် အကောင်မျိုး။ အဆိပ်ကလည်း ပြင်းထန်ပါဘိသနဲ့။

ထို့ကြောင့် ခွေးနီမ မသေရုံအသက်သာ ကျန်တော့၏။ မြက်ခင်းထဲဆင်းပြီး တအိုင်အိုင်အော်၍ လူးလှိမ့်နေတော့၏။

ထို့နောက် ခွေးနီမသည် ကုန်းမို့မို့၌ နွယ်ကို ယှက်လိမ်ပြီး ပေါက်နေသော သစ်ပင်လေးဆီသို့ ပြေးသွား၏။ ထို့နောက် နွယ်ပင်လေးဆီမှ အရွက်လေးများကို ဝါးစားပြီး ငြိမ်သက်သွားတော့၏။ ခွေးနီမ စားသောအပင်လေးများမှာ အဆိပ်ဖြေပင်လေးများ ဖြစ်ဟန်တူ၏။

မတတ်နိုင်။ ကုလားဘိုတီးအဖို့ ဖြစ်သမျှအကြောင်း အကောင်းဟူ၍သာ မှတ်ယူရချေတော့မည်။

တောတစ်ခုလုံးမှာလည်း တိတ်ဆိတ်နေ၏။

တည်ကြက်မလေး ကြက်ဝါပြောက် ကတော်သံကိုလည်း မကြားရ။ ကျော့ကွင်း၌လည်း မည်သည့် တောကြက် တစ်ကောင်တလေမျှ မိနေပုံမပေါ်။ ထို့အတူ တောကြောင်အတွက် အထူးပြုလုပ်ပြီး ထောင်ထားသော သုတ်ကိုင်း၌လည်း ယခုလို ငြိမ်သက်နေပုံထောက်လျှင် မည်သည့်တောကြောင်မျှလည်း မိဟန်မတူ။ အတော်တော်သည့် ကုလားဘိုတီး။

သူအိပ်နေစဉ် လာကိုက်လျှင်လည်း သေဦးမည်။ ဤသည်ကို မစဉ်းစား။

မည်သို့ဆိုစေ ဒီကိစ္စတို့၏ ဖြစ်ရပ်များမှာ မိမိပေါ့ဆ၍သာ ယခုလို ဖြစ်ရခြင်းပင်။

မိမိသာ အိပ်မနေခဲ့လျှင် ဒီနေရာ၌ အဆင်မပြေပါက အခြားတစ်နေရာသို့ ပြောင်းရွှေ့ပြီး ကိုင်းထောင်၊ ညွတ်ထောင် လုပ်ရမည်သာ။ ခုတော့ ကောင်းကောင်း ဂွကျကုန်ပြီ။

ရေအပြည့်ရှိသော ချောင်း၌ ခြေထောက်ဇောက်ထိုးဆွဲပြီး မသေမချင်း

“သေဟဲ့ ကုလားဘိုတီး … သေဟဲ့”

ဟု ပြောပြီး ကိုယ့်ကိုယ်ကိုယ် ရေနှစ်သတ်ပစ်ဖို့ပင် ကောင်းတော့၏။

ယခုတော့ ရည်ရွယ်ချက်နှင့် ဦးတည်ချက်တို့ ပျောက်ကုန်ပြီဟု ထင်ရ၏။ ခွေးနီမ ပင့်ကူများကိုက်၍ အော်ဟစ်သဖြင့်သာ အိပ်ရာက လန့်နိုးသွားရ၏။ အကယ်၍ ခွေးနီမကို ပင့်ကူမကိုက်လျှင် မအော်လျှင် သူ နိုးမည် မဟုတ်တော့ချေ။ ထိုအခါ မိုးစုံးစုံးချုပ်မှ သုတ်ကိုင်းဖြုတ်ပြီး ဗလာသက်သက်နှင့် ပြန်ရမည့်ကိန်း။

ဒီနေ့ ကုလားဘိုတီး ကံမကောင်းတော့။

မည်သို့ပင်ဆိုစေ အချိန်ရှိသေး၏။

ယခု မွန်းလွဲ နှစ်နာရီလောက်တော့ ရှိမည်ဟု ခန့်မှန်းရ၏။ ထို့ကြောင့် သုတ်ကိုင်းဖြုတ် တည်ကြက်ကို ဖမ်းပြီး နေရာပြောင်းထောင်လျှင် ရနိုင်သေးသည်ဟု တွေးမိပြီး ကိုင်းထောင်ထားသော နေရာသို့ မလှမ်းချင် လှမ်းချင်နှင့် လှမ်းလာမိလေတော့သည်။

လာသာ လာရသည်။ စိတ်က သိပ်မပါတော့ချေ။

“ဝုတ် …. ဝုတ် … ဝုတ်”

ခွေးနီမဟောင်သံ ကြားရ၏။ ခွေးနီမ သက်သာသွားဟန်တူ၏။ သို့ရာတွင် ယခင်ကလောက်တော့ သွက်လက်မှုမရှိ။ ခပ်မှိုင်မှိုင်နှင့် ဟောင်နေခြင်းပင်။ သုတ်ကိုင်းထားရာ နေရာအနီးသို့ မကပ်။ ခပ်လှမ်း လှမ်းဆီမှ ဟောင်နေခြင်းပင်။

ဒီတော့ ကုလားဘိုတီးရင်၌ ဒိန်းခနဲခုန်ပြီး သုတ်ကိုင်းရှိရာသို့ မှိန်းကိုကိုင်ပြီး လျင်မြန်စွာ ပြေးသွားမိသည်။

“ဟိုက်… ဘာတွေဖြစ်ကုန်တာလဲဟ”

ကုလားဘိုတီး နှုတ်မှပင် ဟစ်အော်မိသည့်အထိ ဖြစ်ရ၏

ကြည့်စမ်း၊ တည်ကြက်လေးသည် ခြေထောက်ကြိုးတန်းလန်းနှင့် သူ့အတောင်နှစ်ဖက်ကို ဖြန့်ကား၍ မှောက်နေပြီ။ ငြိမ်သက်နေသော တည်ကြည်မလေးမှာ ခေါင်းလုံးဝမရှိတော့။ ထို့အတူ သူနှင့် မလှမ်းမကမ်းရှိ ညွှတ်ကွင်းတွင် မိနေသော တောကြက်ဖ တစ်ကောင်မှာလည်း ဦးခေါင်းမရှိ။ ညွှတ်ကွင်း၌ ခြေထောက်မိနေပြီး ခေါင်းပြတ်၍ စင်းစင်းကြီး သေနေ၏။

ထို့ကြောင့် ကုလားဘိုတီးမျက်လုံးပြူးသွား၏။

သူ့မျက်စိ မြင်သည်မှာ ဟုတ်မှဟုတ်ပါရဲ့လားဟု သံသယဝင်၏။ ထို့ကြောင့် မျက်မှန်ကိုချွတ်၍ လုံချည်အနားစနှင့် မှန်ကို ပွတ်သည်။ ပြီးမှ မျက်မှန်ကို အသေအချာ ပြန်တပ်သည်။ ပြန်ကြည့်သည်။

မှန်သည်။ အမြင် မမှား။

ကြက်နှစ်ကောင်လုံး ခေါင်းပြတ်ပြီး သေဆုံးနေသည်မှာ အမှန်ပင်တည်း။

တော်သေး၏။ ကုလားဘိုတီး အရင်းမဆုံးချေ။ တည်ကြက်မလေး သေဆုံးသော်လည်း တောကြက်ဖတစ်ကောင် အစားရသည်မို့ ခံသာသည်ဆိုရမည်။ ထို့ကြောင့် တည်ကြက်မလေးကို ချည်ထားသော တိုင်ငုတ်တို အရင်ဖြုတ်၍ ကြက်မလေးကို သိမ်းဆည်းသည်။ ပြီးမှ ညွှတ်ကွင်း၌ မိနေသော တောကြက်ဖကို ညွှတ်ကွင်းမှ ဖြုတ်ယူ၏။

ရုတ်တရက် ညှီစို့စို့နှင့် ပုပ်စပ်သော အနံ့ဆိုးတစ်ခုကို ရှူရှိုက်ရမိ၏။ ထို့ကြောင့် ကြက်သီးများပင် တဖြန်းဖြန်းထပြီး ကြောက်သွားမိ၏။ ထို့ကြောင့် မိမိ၏ ရှေ့နောက်ဝန်းကျင်ကို မျက်စိကစားကြည့်မိလိုက်သည်။

တစ်စုံတစ်ခုမှာ မိမိ၏ကုပ်ကို လာရောက် ကိုက်ဖဲ့သလို ခံစားလိုက်ရ၏။

“အောင်မယ်လေးဗျ၊ သရဲ … သရဲ”

ကုလားဘိုတီး လန့်ဖျပ်သွား၏။ ထို့ကြောင့် နောက်သို့ နှစ်လှမ်း သုံးလှမ်း ခုန်ဆုတ်လိုက်သည်။

“ဘုတ်…”

“အား…”

“ဝုတ် … ဝုတ် …ဝုတ်”

ကုလားဘိုတီးက နောက်သို့ ခုန်အဆုတ်တွင် သူ့အနားရောက်နေသော ခွေးနီမကို ခလုပ်တိုက်ပြီး ဘုတ်ခနဲ အသံနှင့်အတူ ဖင်ထိုင်လျက် ပစ်လဲကျသွား၏။ ခွေးနီမက သူ့အပေါ် လဲကျလာသော ကုလားဘိုတီး၏ ကိုယ်ကို ခုန်ရှောင်ပြီး လွတ်ရာ၌ သွားဟောင်နေ၏။

“ဂီး … ဂီး … ဂီး”

လာပြန်ပြီဟ။ ဘာကြီးလဲ မသိ။ ဝင်းပြောင်စူးရဲ ပြူးကျယ်သော မျက်လုံးကြီးနှစ်လုံးက အရောင်တွေ တောင်ပြောင်ပြီး ကုလားဘိုတီးကို စူးစိုက်ကြည့်နေ၏။ ပြီးတော့ နီရဲသော ပါးစပ်ကြီးကိုဟ၍ ဂီးဂီးနှင့် အော်ဟစ်ခြောက်လှန့်ပြီး လေဟာပြင်၌ တွဲခိုနေ၏။

သေလိုက်ပါတော့ ဘိုတီးရယ်။

သုံးပိဿာကျော်ရှိသော တောကြောင်အကြားကြီး။

မိမိထောင်ထားသော သုတ်ကိုင်း၌ ခြေထောက်နှစ်ချောင်းစလုံးမိပြီး လေ၌ ပျံဝဲနေခြင်း ဖြစ်၏။ ဤသည်ကို အရက်ကြောင်ကြောင်နေသဖြင့် သရဲဟုထင်ပြီး လန့်ဖျပ်၍ နောက်သို့ ခုန်ဆုတ်သည်။

ခွေးနီမကို ခလုတ်တိုက်ပြီး လဲကျမှ ပုံမှန်သတိဝင်လာဟန်တူ၏။

ညွှတ်ကွင်းနှင့် တည်ကြက်ကို အားကိုးပြီး တောကြက်ထောင်သည်ကိုသာ စိတ်စွဲပြီး သတိရနေ၏။ တောကြောင်အတွက် သုတ်ကိုင်းထောင်ထားခဲ့သည်ကို မေ့နေခြင်းပင်။

မှန်၏။

အဓိက တောကြောင်ထောင်ဖို့ ဒီတောသို့လာ၏။ တည်ကြက်ကို အားကိုး၍ တောကြက်များ ရလိုရငြားဆိုပြီး သုတ်ကိုင်းနှင့် ညွှတ်ကွင်းကို အသုံးပြုထားခဲ့သည်။

သို့သော် ခွေးနီမကို ပင့်ကူကိုက်ခြင်း၊ တည်ကြက်မလေး ခေါင်းပြတ်ပြီး သေပွဲဝင်ရသည်ကို စိတ်မကောင်းဖြစ်ပြီး လာရင်းကိစ္စဖြစ်သော တောကြောင်ကို မေ့သွားခြင်းဖြစ်၏။

တော်ပါသေး၏။ တည်ကြက်မလေးနှင့် တောကြက်ဖလေးတို့အား ယခု သုတ်ကိုင်း၌ မိနေသော တောကြောင်ကြီးက အသေသတ်ပစ်လိုက်၏။ ကြက်နှစ်ကောင်လုံး၏ ဦးခေါင်းတွေကို စားပစ်လိုက်၏။

ထိုအခါ သူ့ခြေနှစ်ချောင်းစလုံးလည်း သုတ်ကိုင်း၌မိပြီး ကားနေတော့၏။

သုတ်ကိုင်း၌ ကြိုးတန်းလန်းကြီးဖြစ်ပြီး လေ၌ဝဲနေသော တောကြောင်ကြီးကို ကုလားဘိုတီးက သရဲဟုထင်ခြင်းပင်။

စင်စစ် သုတ်ကိုင်းမှာမိလျှင် လည်ပင်းကိုသာ မိလေ့ရှိ၏။ ခုတော့ မည်သို့မည်ပုံ ဖြစ်ပြီး ခြေထောက်မိလေသည်ကို ဘိုတီး မတွေးတတ်တော့။

ယခုတော့ ကုလားဘိုတီး ရှင်းသွားပြီ။ အမူးလည်း ပြေပြီကိုး။

“အဟဲ … ဘိုတီးတို့ ကံကောင်းချင်တော့ အိပ်ပျော်နေတာတောင် တောကြက်တစ်ကောင်၊ တောကြောင်တစ်ကောင်ကို အေးအေးဆေးဆေး ရတာကိုး။ ကွင်းပိုင်ကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

ဟု ပြောပြောဆိုဆိုနှင့် လက်ထဲမှ နှစ်လုံးထိုးမှိန်းမှာ ရုတ်ခြည်း လေထဲသို့ မြောက်တက်သွားလေသည်။ မှိန်းက တောကြောင်ဆီသို့အရောက် တောကြောင်က ခုန်အတိုးမို့ တစ်ချက်တည်းနှင့် ကိစ္စပြတ်သွား၏။

ကုလားဘိုတီး ပစ်လိုက်သော မှိန်းတံသည် တောကြောင်၏ ရင်ဝမှသည် နောက်ကျောဆီသို့ ထုတ်ချင်းခပ် ဝင်ရောက်သွားလေတော့၏။

မှိန်းချက်မိသော တောကြောင်ကြီးမှာ တစ်ချက် နှစ်ချက် လူးလွန့် ပြီး သုတ်ကိုင်းကြိုး၌ တန်းလန်းကြီးဖြစ်ပြီး ငြိမ်သက်သွားလေတော့၏။

“ဟုတ်လိုက်လေ ကုလားဘိုးတီးရယ်”

သူ့ကိုယ်သူ အားပေးရင်း ငြိမ်သက်သွားပြီဖြစ်သော တောကြောင်ကြီးကို သုတ်ကိုင်းက ဖြုတ်ယူရန် နေရာမှ ထွက်ခွာသွားလေတော့၏။

ကုလားဘိုတီး၊ ခွေးနီမနှင့် တောကြောင်သေတို့ကို သယ်ဆောင်လာသော လှေကလေးသည် နှစ်ထပ်ကွင်းချောင်ချောင်းမှ ဝါးတစ်ရာရွာဆီသို့ ဦးတည်လှော်ခတ်သွားလေသည်။

ညနေခင်း လေပြည်မှာ တသုန်သုန်နှင့် မြူးကြွစွာ တိုက်ခတ်လျက် ရှိသည်လေနှင့်အတူ ကုလားဘိုတီး၏ ဝမ်းသာအားရ အော်ဟစ်သီဆိုလိုက်သော

“ညောင်ဆိုရင် နောင်မမေ့ပါဘူး။ ကြောင်တွေ့ရင်တဲ့၊ ကျုပ် ကုလားဘိုတီးကိုတဲ့… အဟဲ … ပြော … ပြော … ပြောကြပါ”

ဟူသော သီချင်းသံမှာ ဝါးတစ်ရွာမြစ်ရိုးတစ်လျှောက်၌ ဆူညံသွားလေတော့သည်။

ဤပုံကိုကြည့်ပါ။ အဝေးက မြင်နိုင်ပါ၏ဟူသော စာဆိုနှင့် ညီသော ဓားမြဟန်၏ ခါးကိုင်းကိုင်း၊ ဆံပင် စုတ်ဖွာဖွာ၊ ကုပ်ချောင်းချောင်းပုံကို ကုလားဘိုတီး မြင်ရ၏။

ကုလားဘိုတီးလှေဆိပ်သို့ လှေမဆိုက်ခင်ကတည်းက ဓားမြဟန်က လှေဆိပ်ရောက်သည်နှင့်ပြီး ဖြစ်၏။

“ဟေ့ကောင် မြဟန် ဘယ်လိုဖြစ်နေတာလဲ။ မျက်စိမျက်နှာတွေလည်း ပျက်လို့ပါလား”

ကုလားဘိုတီးက သူ့လှေကို ထားနေကျနေရာ၌ သံကြိုးနှင့် သော့ခတ်သိမ်းဆည်းရင်း ဆိုသည်။ ဓား မြဟန်က ကုလားဘိုတီးကို မည်သို့မျှ ပြန်မပြော။ ငိုင်တွေနေ၏။

လှေကမ်းသို့ ကပ်သည်နှင့် ခွေးနီမသည် လှေပေါ်ကဆင်းပြီး သူ့အိမ်ရှိရာသို့ သတင်းပို့ရန် တန်းပြီး ပြေးထွက်သွား၏။

ကုလားဘိုတီးက လှေကို သိမ်းဆည်းပြီးသည်နှင့် သားကောင်များ ထည့်ထားသော တောင်းကိုထမ်း၊ လှော်တက်ကို လက်တစ်ဖက်က ကိုင်ပြီး ကမ်းပေါ်တက်လာသည်။

ကမ်းပေါ်တက်လာသည်နှင့် စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဝမ်းနည်းကြေကွဲဟန်ပေါက်နေသော ဓားမြဟန်က မျက်နှာငယ်နှင့် ဆီးကြိုလေသည်။

“ဟေ့ကောင် ဘိုတီး… ငါ့ ဒေါ်ဒေါ် ဆုံးပြီကွာ”

ဓားမြဟန်က ငိုသံပါကြီးနှင့် ပြောပါလေတော့၏။

“အေးကွာ စိတ်မကောင်းစရာပဲ။ ငါလည်း မင်းပြောတဲ့ ဆိုးသွမ်းတောကြောင်ကြီး မိလာတယ်ကွ”

“ဟုတ်လား … ဒါဖြင့် အတော်ပဲ။ ဝါးတစ်ရာသစ်ကွင်းထိပ်က မြမြထမင်းဆိုင်လေ။ ကားသမားပေါင်းစုံလာတဲ့နေရာ၊ မင်း သိတယ်မို့လား။ အေး… ဒေါ်မြက ငါ့ကို မှာထားတယ်။ တောကြောင်ရရင် ပို့ပေးပါတဲ့။ နှစ်ထောင်ဈေးပေးမယ်လို့ ပြောတယ်။ အဲဒါသွားရောင်းပြီး ငါနဲ့ တစ်ခါတည်း လိုက်ခဲ့ပါကွာ”

“ဟ… ဒီလောက်တောင် ဘာဖြစ်လို့ လောနေတာလဲ။ သူများ အသုဘတွေဆိုရင် မင်းဘာသာမင်းလုပ်ပြီး ချမယ့်နေကျမှ ငါ့ကို ခေါ်တာ မဟုတ်လား။ အခုဟာက ဘယ်လိုဖြစ်တာလဲ”

“ဟ… အခုဟာက ငါ့ ဒေါ်ဒေါ်ကွ။ မေမေ့ရဲ့ညီမ အငယ်ဆုံး။ ငါ့ကို သိပ်ချစ်တဲ့ အဒေါ်အရင်းကြီးကွ။ ရေချိုးတာတို့ ကပ်တင်တာတို့လုပ်ရင် ငါရင်တွေတုန်ပြီး အရမ်းငိုချင်နေတယ်ကွ။ အဲဒါ ငါ … ငါ မကိုင်ရဲဘူး ဖြစ်နေလို့”

“အေးကွ … ဒါလည်း ဟုတ်တာပဲ။ ကိုယ့်သွေး ကိုယ့်သား၊ ကိုယ့်အသုဘဆိုရင် ဒါမျိုးဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘော ငါ နားလည်ပါတယ်ကွာ။ ကဲ လာ… ဒီကိစ္စ အရင်သွားပြီး ရှင်းလိုက်ကြရအောင်”

ကုလားဘိုတီးနှင့် ဓားမြဟန်တို့ နှစ်ဦးသားမှာ အနယ်နယ် အရပ်ရပ်မှ သစ်လုံးများကို ကားနှင့်တိုက်ပြီး စုပုံထားသော ဝါးတစ်ရာသစ်ကွင်းထိပ်ရှိ မြမြထမင်းဆိုင်သို့ အရင်သွားကြ၏။ ရရှိလာသော တောကြောင်ကြီးကို ချိန်တွယ်ကြည့်ရာ သုံးပိဿနှင့် ငါးဆယ်သားပင် ကျော်၏။ ထို့ကြောင့် ဒေါ်မြမြက ငွေခုနစ်ထောင် ပက်ခနဲ ပေးလိုက်၏။

“ကဲ… ဒီငွေခြောက်ထောင်က အိမ်က ဒေါ်ငြိမ်းသာအတွက်။ ဒီတစ်ထောင်က မင်းနဲ့ ငါ့အတွက်ပေါ့ကွာ”

ဟု ကုလားဘိုတီးက ပြောသည်။

ထို့နောက် အိမ်ဝင်ပြီး ဇနီးဖြစ်သူကို ပိုက်ဆံပေးပြီး ကြက်နှစ်ကောင်ပါ ဟင်းရန်အဖြစ် ပေးထားခဲ့၏။

“ဪ… တောကြောင်တစ်ကောင်ကို ငွေခြောက်ထောင်ကြီးများတောင် ရတယ်နော်။ ဒီလိုဆိုတော့လည်း တို့ ကိုတီးက တော်သွားပြန်ရော။ ဪ… ကိုတီး … ကိုတီးရယ်”

“တော်မနေနဲ့၊ ငါ ကိုမြဟန်နဲ့ လိုက်သွားမလို့။ မလိုက်လို့ မဖြစ်ဘူး။ သိတယ် မဟုတ်လား”

“ဟုတ်ပါ့ … ဟုတ်ပါ့။ သူ့ဒေါ်ဒေါ် ဒေါ်ဌေးကြီး ခုနကပဲ ဆုံးတယ်လို့ ကြားတယ်။ သွားသွား … ကိုတီး အိမ်မှာ ထမင်းပြန်စားနော်”

“အေး …အေး”

ကုလားဘိုတီးက သူ့ဇနီးဖြစ်သူ ဒေါ်ငြိမ်းသာနှင့် စကားပြောပြီး အိမ်ဝ၌ စောင့်နေသော သူငယ်ချင်းဖြစ်သူ ဓားမြဟန်နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားလေတော့သည်။

“ဒေါ်ဒေါ်ဌေးရေ …,လူဆိုး အရက်သမားကြီးကို ထပြီး ဆူပါဦးလား ဒေါ်ဒေါ်ရဲ့”

ဟူသော သုဘရာဇာ ဓားမြဟန်၏ အရက်မူးမူးနှင့် အော်ဟစ်ငိုယိုသံကို ကြားလိုက်ရ၏။

ကုလားဘိုတီးသည် သူငယ်ချင်းဖြစ်သူ ဓားမြဟန်၏ ပခုံးကို တယုတယဖက်ပြီး နှစ်သိမ့်သည်။ ထို့နောက် နာရေးဖြစ်နေသော ဝါးတစ်ရာ စပယ်ကုန်းပိုင်းရှိ ဒေါ်ဒေါ်ဌေးအိမ်ရှိရာသို့ နာရေးကိစ္စအတွက် အစစအရာရာ ကူညီရန် ထွက်ခွာသွားကြလေတော့သည်။

ရုတ်တရက် မိုးသက်မိုးဖွဲတို့မှာ တဖွဲဖွဲ ကျဆင်းနေရာမှ လေရော မိုးရော ရောထွေးပြီး သည်းသည်းမည်းမည်းကြီး ရွာချလိုက်လေတော့သည်။

[ဒီဇင်ဘာလ၊ ၂၀၀၆ ခုနှစ် သိဒ္ဓိမိုးမဂ္ဂဇင်း]

– ပြီး –

စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *