• June 19, 2025
  • admin
  • 0

ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် မိကျောင်းသိုက်

ကုလားဘိုတီး နှစ်ထပ်ကွင်းကြောင် ချောင်းထဲ၌ မိကျောင်းတစ်ကောင် တွေ့ရသည်ဆိုသော သတင်းမှာ ဝါးတစ်ရာ တစ်ရွာလုံး ပျံ့နှံ့နေ၏။

“ကိုဘိုတီးရယ်၊ ရှင့်ဥစ္စာ ဟုတ်မှလည်း လုပ်ပါတော်။ ဒီချောင်းကျဉ်းလေးထဲကို ရှင်ပြောတဲ့ မိကျောင်းမျိုး လာနိုင်ပါ့မလား။ ကျွန်မတော့ မယုံရေးချ မယုံဘဲ”

ရှင်ငြိမ်းသာက နှစ်ထပ်ကွင်းကြောင်ချောင်းစ၌ ရခဲ့သည်ဆိုသော ငါးတန်ကြီးကို ခြင်းကြီးထဲ မနိုင်မနင်းထည့်၍ ခေါင်းပေါ်ရွက်ရင်း ဆိုသည်။ ငါးတန်ကြီးက အကောင် အတော်ကြီးသည်။ အနည်းဆုံး ခုနစ်ပိဿာကျော်ကျော် ရှိပေမည်။ တစ်ပိဿာကို (၁၇ဝဝ) ကျပ်။ ဒါက ဒိုင်ဈေး။

ဝါးတစ်ရာငါးတန်က ရေချိုငါးမို့ ဒိုက်စော်မနံ၊ ဆူဖြိုး၏။ အသားပေါ၏။ ရောင်းပန်းလှ၏။ ငါးတန်ခုတ်သားပော့ဆိုလျှင် လှော်ကားဈေးထဲ၌ လူကြိုက်များ၏။ ငါးကြီးသားမို့ စားလို့ကောင်း၊ ချက်လို့ကောင်း၊ ဈေးကောင်းကောင်း ရသည်လေ။

ယခု ကုလားဘိုတီး ရလာသော ငါးတန်ကြီးသည် အနည်းဆုံး ငွေ သောင်းဂဏန်းအထက်ကို ရှင်ငြိမ်းသာ ပိုင်တော့မည်မို့ ပြုံးရွှင်နေသည်။

သို့ရာတွင် မိချောင်းတစ်ကောင်နှင့် တွေ့ဆုံပြီး သူ့အစာကို ကုလားဘိုတီးက လုယူခဲ့သည်ဟု ကုလားဘိုတီး ပြောသည်ကို ရှင်ငြိမ်းသာက လက်မခံချင်။

သို့သော်လည်း ကုလားဘိုတီးသည် လုပ်ငန်းနှင့် ပတ်သက်၍ မည်သည့်အခါမျှ လိမ်ခြင်း၊ ညာခြင်း မရှိသည်မှာ အမှန်ဖြစ်သည်။

စင်စစ် ရှင်ငြိမ်းသာ ဉာဏ်များခြင်းလည်း ဖြစ်ဟန်တူ၏။ အကြောင်းမူ မိကျောင်းရန် ကြောက်ပြီး ကုလားဘိုတီး မြစ်ထဲမဆင်းလျှင် မိသားစုစားဝတ်နေရေး အခက်တွေ့သွားနိုင်မည်။ ထို့ကြောင့် ကုလားဘိုတီး မူးမူးနှင့် ထင်ရာပြောသည်ဟု ရှင်ငြိမ်းသာက တွေးထားလိုက်သည်။ သို့မဟုတ်ပါက ကုလားဘိုတီးအတွက် ရှင်ငြိမ်းသာ ပူပန်၍ဆုံးတော့မည် မဟုတ်။

မှန်သည်။ တံငါဆိုသည်မှာ ရေပြင်ကို သစ္စာနှံထားရသူများ ဖြစ်၏။ ထို့ပြင် သူ့အသက်ကို သတ်ချင်လျှင် ကိုယ့်အသက်တစ်ဝက် ပေးရသည်ဟု ရှေးလူကြီးများ စကားက အလကားမဟုတ်။

ထို့ကြောင့်လည်း ကုလားဘိုတီး မြစ်ထဲဆင်းသွားပြီဟုဆိုလျှင် မိမိမှာ အမြဲတမ်း ပူပန်နေရ၏။ အန္တရာယ်ကင်းဘေးရှင်းပါစေ၊ အချိန်နှင့်အခါနှင့် အိမ် ပြန်ရောက်ပါစေဟု အိမ်ကဘုရား၌ အမြဲတမ်း ဆုတောင်းနေရသည်။

ယခုလို မိကျောင်းကိစ္စမျိုး၊ ဒိုက်သရောထဲ၌ မျောပါတတ်သော တောကြီးမြွေဟောက်လို အန္တရာယ်ကောင်မျိုးများကို ရှင်ငြိမ်းသာ မကြားချင် အဆုံးပင်။

“ရှင်ငြိမ်းသာရယ်၊ ငါ့ ဓားမကြီးနဲ့ တံစူးဝါးကို လုပ်ထားတဲ့ မှိန်းကို ကြောက်ပြီး မိကျောင်းကြီး ထွက်ပြေးသွားတာ အောက်မေ့တာ။ လက်စသတ်တော့ မင်းရည်းစားကြီးက ကျရေကိုကြောက်ပြီး ထွက်ပြေးသွားတာဟ။ မပြေးရင် ရေမရှိတဲ့ချောင်း နှာခေါင်းဖော်သေရမယ့်ကိန်းဟ။ ဘိုတီးတို့ ထောလိုက်ပုံကတော့ ပြောမပြောချင်ဘူး”

“ရှင် ပေါက်ကရတွေ လျှောက်မပြောနဲ့။ လူကိုများ ဘာအောက်မေ့လဲ မသိဘူး။ မိကျောင်းနဲ့များ ပေးစားပြောတယ်။ တော်တော် … အဲဒါကြီးကို ကျုပ် မကြားချင်ဘူး။ ကြက်သီးတွေ ထလွန်းလို့။ အေး … နောက်တစ်ခါ ဒီစကားမျိုးပြောရင် တော်ကြိုက်တဲ့ ငါးတန်အူဟင်း ချက်မကျွေးဘူး။ ဒိုင်မှာ အကုန်ရောင်းပစ်လိုက်မယ်”

ဒေါ်ငြိမ်းသာက ငါးတောင်းကြီးရွက်၍ ကုလားဘိုတီးကို မျက်စောင်းထိုးရင်း ဆိုသည်။

“ဒါလေးတော့ မလုပ်ပါနဲ့ ရှင်ငြိမ်းသာရယ်။ ကျုပ်က ဒါလေးစားပြီး အသက်ရှင်နေရတာ။ တစ်ခါတလေမှ ရတဲ့ ငါးတန်အူဟင်းကို မင်းမှ မချက်ကျွေးရင် ငါ့ကို ဘယ်သူက လာကျွေးမှာလဲ”

“ဒါဆိုရင် ကောင်းကောင်းနေ၊ စကားကောင်းကောင်းပဲပြော။ ငါးတန်ဗိုက်သားနဲ့ ငါးကလီစာကို ပြန်ယူခဲ့မယ်။ ကဲ… ကျုပ်သွားမယ်”

ဒေါ်ငြိမ်းသာက ပြောပြောဆိုဆို ငါးတောင်းကြီးရွက်၍ ငါးဒိုင်ရှိရာသို့ ထွက်ခွာသွားလေတော့သည်။

ကုလားဘိုတီးသည် သူ့ချစ်ဇနီး ရှင်ငြိမ်းသာ၏ ကျောပြင်ကို ငေးကြည့်ရင်း ပြုံးပြုံးကြီး ဖြစ်နေပေ၏။

xxx xxx xxx

ဒီကိစ္စနှင့် ပတ်သက်၍ သူ့သူငယ်ချင်း ယောက်ဖ ဓားမြဟန်နှင့် ဖွင့်ဟတိုင်ပင်ကြည့်သည်။ ထိုအခါ ဓားမြဟန်က သူ၏ ထင်မြင်ချက်ကို ပြောပါလေတော့သည်။

“ဒီနေရာက ရေတက်ရေကျ အမြဲတမ်း ရှိတယ်။ ချောင်းကမ်းစပ်တွေမှာ လမုတောတွေ၊ ဒိုက်တောတွေ ရှိတယ်။ ဒီတော့ မိချောင်းအသိုက်များ ရှိမလား မသိဘူး။

ဘာလို့လဲဆိုတော့ မင်းတွေ့ခဲ့တဲ့ မိကျောင်းဟာ အသိုက်လုပ်ပြီး ဥလာချတာနဲ့ တူတယ်ကွ။ မင်းကို သေအောင်တိုက်ခိုက်ပစ်လိုက်ရင် လူတွေအများကြီး ဒီအရပ်ကို လာရှင်းပစ်မှာ သေချာတယ်လေ။ ပြီးတော့ သူဖွက်ပြီး လုပ်ထားတဲ့ အသိုက်ကို လူတွေတွေ့သွားရင် သူ့သားသမီးတွေပါ ဒုက္ခရောက်မှာ ပူလို့ မင်းကို ကြောက်ရုံလန့်ရုံ သဘောထားပြီး ခြောက်လှန့်ပစ်လိုက်တာလို့လည်းတွေးလို့ရတယ်။ ရေကျချိန်ကိစ္စကလည်း တစ်မျိုးပေါ့ကွာ”

“အဲဒီတော့ တို့ ဘယ်လိုလုပ်ရင် ကောင်းမလဲ”

“ဘယ်လိုလုပ်ရမလဲ၊ ဒီကောင်ကြီးကို ရှင်းပစ်ရမယ်။ သူ့အသိုက်သာ ဒီနေရာမှာ ရှိရိုးမှန်ရင် ဒီကောင်ကြီး မကြာခဏ ဒီလို လာကြည့်မှာ သေချာတယ်။ မိကျောင်းအမကြီး ဖြစ်ဖို့များတယ်”

“ဒီလိုဆိုရင် နောက်တစ်ပတ်လောက်ကြာရင် ရေတက်ချိန်စောင့်ပြီး တို့နှစ်ယောက် ချောင်းထဲဝင်မယ်။ မိကျောင်းသိုက် ရှာမယ်။ မိကျောင်းကောင်ပေါက်လေးတွေ ရရင် ထောပြီပေါ့ကွ”

“အေးလေ၊ မင်းသွားချင်တဲ့နေ့ကို အသံပြုလိုက်။ ငါ့ဘက်ကတော့ အဆင်သင့်ပဲ”

ဓားမြဟန်နှင့် ကုလားဘိုတီးတို့ တိုင်ပင်ထားကြသည်။

ယခု ရှင်ငြိမ်းသာ ဒိုင်ကပြန်လာလျှင် ငါးတန် အူစုံအသည်းစုံကို ချက်ပြီး အဘိုးမြှောက်ရမည်။ အဘိုးမြှောက်ပြီးသည်နှင့် ငါးအူဟင်းနှင့် စားသောက်ရန် ရွှေပြန်တန်အရက်ဆိုင်၌ ချိန်းဆိုထားခဲ့သည်ကိုလည်း ကုလားဘိုတီး သတိရနေမိသည်။

စင်စစ် မိကျောင်းဆိုသောကောင်မျိုးက စည်းနှင့်ကမ်းနှင့် မိတ်လိုက်တတ်သော သတ္တဝါဖြစ်သည်။ သူတို့၏ မိတ်လိုက်ချိန်သည် မတ်၊ ဧပြီ၊ မေ သုံးလအတွင်း၌ မိတ်လိုက်ကြသည်။ (တပေါင်း၊ တန်ခူး၊ ကဆုန်လများ ဖြစ်၏။)

မိတ်အောင်သော မိကျောင်းမကြီးသည် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင် ဥများ ဥချလေ့ရှိသည်။ တစ်နှစ်လျှင် တစ်ကြိမ်သာ အသိုက်ပြုလုပ်၍ ဥချတတ်၏။

မိကျောင်းတစ်ကောင်၏ ဥနှုန်းမှာ ဥအလုံးပေါင်း (၃ဝ) မှ (၇၀) အထိ ဥများ ဥချတတ်လေသည်။ (မြန်မာလို နယုန်၊ ဝါဆို၊ ဝါခေါင်မှ တော်သလင်းလများ၌ ဥများ ပေါက်တတ်ကြလေသည်။)

ဥမှ အကောင်ပေါက်ချိန်သည် ရက်ပေါင်း (၉ဝ) (သုံးလ) ခန့် ကြာမြင့်သည်။ ဇွန်လမှစ၍ ဥသော မိကျောင်းသည် စက်တင်ဘာ (၉ လပိုင်း) ရောက်မှ မိကျောင်းပေါက်ကလေးများ ဥက ထွက်တတ်သည်။ မိကျောင်းအသိုက်၌ ဥများစွာ ဥပြီး သစ်ကိုင်းခြောက်များ၊ အမှိုက်သရိုက်များနှင့် မိကျောင်းမကြီးက အသိုက်လုပ်ကာ ဥများကို ဝှက်ထားလေ့ရှိသည်။

မိကျောင်းဥတိုင်းလည်း အကောင်ပေါက်သည် မဟုတ်။ ဥပေါင်း (၇ဝ) ထဲမှ ထက်ဝက်နည်းပါးခန့်သာ အကောင်ပေါက်တတ်သည်။ ကျန်ဥများမှာ ဥသိမ် ဥဖျင်းများ ရောနှောနေတတ်သည်။

မည်သို့ဆိုစေ ဒီအချိန် ဒီအခါမှာ မိကျောင်းမများ ဥချချိန် ကုန်ဆုံးသောအခါ ဖြစ်သည်။ သားပေါက်ချိန် နီးကပ်နေပြီဟု ထင်ရသည်။

ထို့ကြောင့် ကုလားဘိုတီး တွေ့မြင်ခဲ့သော မိကျောင်းမကြီးမှာ သူ့အသိုက်လုပ်ရန် ထားခဲ့သော နှစ်ထပ်ကွင်းကြောင်ရှိ ဗျိုက်တောစပ်သို့ အခြေအနေ လာကြည့်ခြင်းလည်း ဖြစ်နိုင်၏။

သူသည် တက်ရေနှင့် လိုက်လာပြီး အမှတ်မထင် နှစ်ထပ်ကွင်းကြောင်ဘက်သို့ ရောက်လာပုံ ရသည်။ ထို့နောက် ရေကျသွားသောအခါ အသိုက်လုပ်ရင်း သောင်တင်ကျန်ရစ်ခဲ့ပုံရသည်။

ထို့နောက် ဗျိုက်တောထဲသို့ ဝင်ရောက်ပုန်းကွယ် နေပြီး ဥချကာ ရေအတက်နှင့် ပြန်သွားပုံရ၏။

ယခု သူလုပ်ထားခဲ့သော အသိုက်အခြေအနေကို တစ်ခေါက်တလေ လာကြည့်ခြင်း ဖြစ်ဟန်တူသည်။

ဒီလိုမျိုးဆိုလျှင် မကြာသော အချိန်ကာလတွင် မိကျောင်းငယ်များ ပေါက်တော့မည်ဟု ထင်ရသည်။ မိကျောင်းငယ်များ ဥက ပေါက်ချိန်ရောက်လျှင် ဒီမိကျောင်းမကြီး နှစ်ထပ်ကွင်းကြောင်ချောင်းစပ်သို့ ကျိန်းသေရောက်လာမည်မှာ သေချာသည်ဟု ဓားမြဟန်က ဆိုလေသည်။

ထို့ကြောင့် ယခုတလော၌ မြစ်အတွင်း၊ ချောင်းအတွင်း၌ ငါးရှာခြင်းကိစ္စများကို သတိထားသွားလာရန် သတိပေးသည်။

အခြား တံငါများကိုလည်း ငမိုးရိပ်မျိုးတွေ ဝါးတစ်ရာသို့ တစ်ကျော့ပြန်လာနေသည်ဟု ကုလားဘိုတီးက မောင်းထုနေတော့သည်။

ဟုတ်သည်။ ငမိုးရိပ်မိကျောင်းသည် ဝါးတစ်ရာရွာတွင် အခြေခံခဲ့သည်။ ငမိုးရိပ်နှင့် ပတ်သက်၍ ဇာတ်လမ်းမျိုးစုံ ဖြစ်ပေါ်ခဲ့သည်။

ငမိုးရိပ်မိကျောင်းပေါက်လေးကို ဝါးလုံးပေါင်းတစ်ရာနှင့် ခြံခတ်မွေးခြင်းဖြင့် ငမိုးရိပ်မိကျောင်းကြီး ဖြစ်လာသည်။ ထို့အတူ ဝါးလုံးတစ်ရာနှင့် ခြံခတ်မွေးသည်ကို အစွဲပြု၍ ယခု ကုလားဘိုတီး နေထိုင်ရာရွာကို “ဝါးတစ်ရာရွာ”ဟု အမည်တွင်ခဲ့သည်ဟုလည်း ပါးစပ်ရာဇဝင်ဆရာတို့က ဆိုကြသည်။

မည်သို့ဆိုစေ ဝါးတစ်ရာရွာ၏ အရှေ့စူးစူးဘက်က နှစ်ထပ်ကွင်းကြောင်ချောင်းစပ်၌ ငမိုးရိပ်မျိုးနွယ်စု မိကျောင်းမကြီးတစ်ကောင် လာသည်ဟု ရွာထဲ၌ အုတ်အော်သောင်းတင်း ဖြစ်နေပေသည်။

မဖြစ်ခံနိုင်ရိုးလား။ ကုလားဘိုတီး၏ တပ်အပ်သေချာ မြင်ခဲ့ရသော ကျွန်းတုံးကြီးယောင်ဆောင်၍ ငြိမ်သက်ပြီး ချောင်းထဲ မျောဝင်လာသော အရာမှာ ဗျိုက်တောစပ်သို့ ရောက်သည်နှင့် မိကျောင်းကြီးအသွင်သို့ ပြောင်းပြီး ကုလားဘိုတီး၏ လှေထဲက ငါးတန်ကြီးကို ယူရန် လိုက်လံချောင်းမြောင်းခဲ့သည်။

ထို့နောက် ရေကျချိန်မို့ ချောင်းထဲ သောင်တင်မည်ကို စိုးပြီး ကမန်းကတန်း ပြေးထွက်သွားသည် မဟုတ်ပါလား။

ဤသည်ကို ကုလားဘိုတီးက သူ၏ တံစူးဝါးအရိုးတပ်မှိန်းနှင့် လူသေများ သင်္ဂြိုဟ်ရာတွင် အသုံးပြုသော ဓားမကြီးကို ကြောက်၍ ထွက်ပြေးသွားသည်ဟုလည်း ရွာရိုးလျှောက်၍ မောင်းထုတတ်၏။

“ဟဲ့ ရှင်ငြိမ်းသာ … ရှင့်ယောက်ျား ကုလားဘိုတီးပြောတာ ဟုတ်လား။ တို့အသက် (၄ဝ) ကျော်ပြီ။ ဝါးတစ်ရာမြစ်ထဲ၊ ချောင်းတွေထဲမှာ မိကျောင်းတွေ့တယ်လို့ တစ်ခါမှ မကြားဖူးဘူးပေါင်အေ”

“မိကျောင်းဆိုတာ ရေသတ္တဝါပဲ။ ဟိုတုန်းက မရှိပေမယ့် အခု ရှိချင်ရှိမှာပေါ့။ ကိုဘိုတီးက မူးသာမူးပေမယ့် ဘယ်တော့မှ မဟုတ်တာ မပြောဘူး။ သူ တွေ့ခဲ့၊ မြင်ခဲ့လို့ ပြောတာနေမှာပေါ့တော်။

သူက အခြားတံငါတွေ သတိထားပြီး သွားလာလုပ်ကိုင်ဖို့ သတိပေးတာ။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြစ်ထဲ ချောင်းထဲမှာ အလုပ်လုပ်တဲ့သူတိုင်း သတိထားလုပ်တော့ အန္တရာယ်ကင်းတာပေါ့။ မဟုတ်ဘူးလား။

ဘာလဲ … စာဆိုတောင် ရှိသေးတယ် မဟုတ်လား။ ဖောင်စီးယောက်ျား၊ မြွေသမားနဲ့၊ ရေသွားခရီး၊ ဆင်စီးတမျှ၊ စိတ်ကဘယ်ခါ မချရာ ဆိုတာလေ”

“အံမာ … ရှင်ငြိမ်းသာက တယ်ဟုတ်ပါလား။ စာသံပေသံတွေနဲ့ကိုး။ ဒီလိုအပြောမျိုးနဲ့ ကုလားဘိုတီးကို ခိုင်းစားနေတာ ကြာပေါ့ဟ”

ဟု ရွာထိပ်၌ ဟင်းမျိုးစုံချက်ရောင်းသော ဟင်းဆိုင် ဒေါ်စိန်ဥတို့၏ စကားကြောင့် လူအားလုံး ပွဲကျသွားရလေတော့သည်။

ထိုအခါ ရှင်ငြိမ်းသာက ပြန်ပြော၏။

“အံမာ … သူက သူ့ယောက်ျားကြီးကျတော့ ခိုင်းမစားတာ ကျနေတာပဲ။ ဟိုမှာ ဦးလေးဖိုးထွန်းမှာ တစ်ခါမှ ခါးတောင်းကျိုက် မဖြုတ်ရဘူး။ မြစ်ထဲ၊ ချောင်းထဲ ဆင်းပြီး လုပ်လိုက်ရတာမှ လျှာကိုထွက်ကော”

“အို… ကျုပ်တို့က ယောက်ျားလုပ်စာ ထိုင်စားတဲ့ အစားထဲက မဟုတ်ဘူး။ ကျုပ်လည်း ရောင်းဝယ်နေတာပါတော်”

“ဘာလဲ ဒေါ်စိန်ဥရဲ့။ ထိုင်နေရင် ကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလို ပစ္စည်းကုန် ငွေပျောက် ရောင်းတာတော့ ငြိမ်းသာတို့က အားမကျပေါင်တော်။ လာပေဟေ့ ကြက်ခေါင်း၊ ငှက်ခေါင်းလေး တွေ တစ်လဆုံးနဲ့ အကြွေးပေးနေတယ်။ ခြေထောက်ရိုးလည်း ပါတယ်”

ပြောပြောဆိုဆိုနှင့် ရှင်ငြိမ်းသာ စိတ်မရှည်တော့။ မိမိကို ယောက်ျားလုပ်စာ အခန့်သားထိုင်စားတဲ့ ကောင်မဟု စောင်းချိတ်ပြောနေ၍ ရှင်ငြိမ်းသာ မခံနိုင်။ ထို့ကြောင့် ဒေါ်စိန်ဥ၏ ကြက်ခေါင်းဟင်းတွေကို တစ်လဆုံးနှင့် အကြွေးရောင်းမည်ဟု စိတ်ပေါက်ပေါက်နှင့် အော်ဟစ်ပစ်လိုက်သည်။

“အမလေးလေ … မလုပ်လိုက်ပါနဲ့ ရှင်ငြိမ်းသာရယ်။ ညည်း ဦးလေးဖိုးထွန်းက ဓားနဲ့လိုက်လို့ ပြေးပေါက် မှားနေရပါဦးမယ်”

ဟု ဆိုသဖြင့် ဟင်းလာဝယ်သူများအားလုံး ပွဲကျသွားကြသည်။

ဒေါ်ငြိမ်းသာလည်း ပြုံးပြုံးရွှင်ရွှင်ပင် ဒေါ်စိန်ဥ ဟင်းဆိုင်မှ ထွက်ခွာလာခဲ့၏။

ဟုတ်ပါ့။ ဒေါ်စိန်ဥ၏ ကြက်ခေါင်း၊ ငှက်ခေါင်း၊ ကြက်ခြေထောက်၊ ဝက်ခြေထောက်စွပ်ပြုတ် အရောင်းဆိုင်မှာ မရောင်းရတော့ မရှိ။ ရောင်းရသည်ဆိုသော်လည်း အကြွေးကျသဖြင့် မကြာခဏ အရင်းပြုတ်၍ လင်မယားချင်း ခဏခဏ စကားများသည်ကို ရှင်ငြိမ်းသာ သိထားပြီးပင် မဟုတ်ပါလား။

“ကြက်ခေါင်း၊ ငှက်ခေါင်းဟင်းတွေ ရမယ်။ တစ်လဆုံးနဲ့ အရင်းပြုတ် အဟုတ်ရောင်းနေတာပါတော့။ လာကြ … လာကြ၊ စိန်ဥရဲ့ ကြက်သားဟင်း”

ဒေါ်စိန်ဥကလည်း အလာကြီးပင်။

ရှင်ငြိမ်းသာ၏ စကားအတိုင်း ရွဲ့၍ ဆိုင်ရှေ့သို့ ထွက်ပြီး လုံချည်ကို တိုတိုဝတ်ကာ ခုနစ်သံချီနှင့် အော်ဟစ်လိုက်လေတော့သည်။

xxx xxx xxx

တော်သလင်းလ၏ နံနက်ခင်းသည် မိုးလင်းကတည်းက တစ်မိုးလုံး အုံ့မှိုင်းနေသည်။ ယခုတော့ မိုးဖွဲများနှင့် လွှမ်းခြုံနေသည်။ မိုးလေသည် စိမ့်၍ အေးစက်နေသည်။

ဒီနှစ်သည် ခါတိုင်းနှစ်နှင့် မတူ။ မိုး အလွန်ကောင်းနေ၏။ နေ့စဉ်နေ့တိုင်း မိုးနှင့်သာ မိတ်ဆွေဖွဲ့နေရ၏။ ဒီကြားတည်း မိုးစက် မိုးဖွဲတို့ကို သယ်ဆောင်လာသော လေက အအေးဓာတ်ကို မြှင့်တင်ပေးသလို ဖြစ်နေ၏။

ယခု နံနက်ဆွမ်းခံချိန်သို့ပင် ရောက်တော့မည်။ တဖွဲဖွဲရွာနေသော မိုးကား မစဲသေး။ သည်း၍ သည်း၍ လာနေသည်။

ဝါးတစ်ရာမြစ်ပြင်သည် တက်ရေနှင့် မိုးရေတို့ ရောထွေးပြီး ပြည့်လျှံနေချေသည်။

ထို့အတူ ရွာထဲက ရေမြောင်းတွေလည်း ရေတွေ ပြည့်နေသလို ရွာလယ်လမ်းလည်း ရေလွှမ်းနေပြီ ဖြစ်သည်။

ဒီနေ့ လဆန်း (၁၂) ရက် ရေထရက်။ ရေတက်ချိန်လည်း စောသည်။

လဆန်း (၁၂) ရက်မို့ (၁၂) ကျပ်ရ၏။ ထို (၁၂) ကျပ် ထဲက (၁၂) မတ်ဆိုတော့ (၃) ကျပ်။ (၁၂) ကျပ်ထဲက (၃) ကျပ်ကို နုတ်သောအခါ (၉) နာရီ ရေတက်ချိန်ဖြစ်သည်။

ရေတက်ချိန်က အချိန်ကောင်း။ မြစ်ထဲဆင်းလို့ အကောင်းဆုံးအချိန် ဖြစ်သည်။

ဒီရေ တက်ဦးကို စောင့်ပြီး မြစ်ထဲဆင်း၍ ပိုက်ချလိုက်လို့ကတော့ အတော်ကောင်းမည် အချိန်။ လတော်သလင်း မြစ်တွင်း သင်ဖြူးခင်းတဲ့။

“ကိုဘိုတီး … ထတော့လေ။ ကျုပ် ပြောတယ်၊ ညဘက် ညဘက် သိပ်မသောက်ပါနဲ့ဆိုတာ ပြောလို့မရဘူး။ လူအလဲ ပုလင်းအလဲ လုပ်လာတော့ အခု (၈) နာရီထိုးတောင် မထနိုင်ဘူး”

ကုလားဘိုတီး၏ဇနီး ရှင်ငြိမ်းသာ၏ မြည်တွန်တောက်တီးသံကို ကြားရပြီ။

မိုးအေးအေး အရက်လေးမူးမူးနှင့် ကုလားဘိုတီး အိပ်ကောင်းလိုက်သည့် ဖြစ်ခြင်း။ ယခု နံနက် (၈) နာရီထိုး၍ပင် မထချင်အောင် ဖြစ်နေ၏။

ညက သောက်ထားသော အရက်အရှိန်ကြောင့် ခေါင်းတစ်ခုလုံး ငြီးစီစီဖြစ်နေသည်။ ရှင်ငြိမ်းသာ၏ မြည်တွန်မှုကြောင့် ဖြန်းခနဲ ကုန်းထလိုက်လျှင် ခေါင်းမူးမှာ ပူရသည်။

ထို့ကြောင့် နိုးနေ သော်လည်း အိပ်ရာမှ မထသေး။ ခဏ မှိန်းနေလိုက်သည်။ ပါးစပ်ကတော့ အသံရှည်ကြီးတစ်ချက်ဆွဲပြီး ခြေလက်ဆန့်ပစ်လိုက်၏။ ထိုအခါ ကွေးထားသော ခြေထောက်တို့ဆီမှ ဖျိုးဖျိုးဖျစ်ဖျစ် မြည်သွားရ၏။

“ကဲ… နိုးနေပြီ မဟုတ်လား။ နိုးရင်လည်း ထတော့ပေါ့။ ဘယ့်နှယ် ပျင်းကြောတွေ ဆန့်ပြီး ပြန်အိပ်နေရတာလဲ”

လာပြန်ပြီ ရှင်ငြိမ်းသာရဲ့အသံ။

ကုလားဘိုတီးကလည်း ကုလားဘိုတီးပင်။ ယခုမှ ဆက်ရက်မင်းစည်းစိမ်နှင့် ဇိမ်ရစ်နေသေး၏။ အိပ်ရာမှ နိုးသော်လည်း ပျင်းကြောတွေက ထူနေ၏။ ပူညံဆူညံ လုပ်နေသည့်ကြားထဲက တစ်မိနစ်ရရ၊ နှစ်မိနစ်ရရ မှိန်းနေရသည်မှာ အရသာတစ်မျိုးဟု ကုလားဘိုတီး ထင်နေ၏။

“ဝေ့ ဘိုတီးရေ … ဘိုတီးရေ”

ဟိုက် … သူငယ်ချင်း ယောက်ဖ ဓားမြဟန်။

ဒီကောင့်အသံက ငှက်ဆိုးထိုးသံထက်ကို စူးရှကျယ်လောင်နေ၏။ ဒီတော့ မထ၍ မဖြစ်တော့။ အိပ်ရာမှ ကျုံးထရင်း ဓားမြဟန်ကို အသံပြုလိုက်ရသည်။

“ဝေ့ ယောက်ဖကြီး၊ လာ … လာ ၊ ငါ ခုမှ အိပ်ရာကနိုးတာ။ ဒါတောင် မင်းနှမ ရှင်ငြိမ်းသာက အတင်းနှိုးလို့ နိုးတာ။ နို့မို့ရင် ဘယ်အချိန်ကျမှ နိုးမယ်မသိဘူး။ မိုးကအေးတော့ ဒီည အရမ်းအိပ်လို့ကောင်း တာ”

ကုလားဘိုတီး အိပ်ရာမှ ထလာသောအချိန်၌ ဓားမြဟန်က အိမ်ပေါ်ကို ရောက်နေပြီ။

“အစ်ကိုမြဟန်၊ ရေနွေးကြမ်းသောက်ဦး။ အချိန်ရပါသေးတယ်။ ထမင်းအဆာပြေလေးလည်း စားသွားဦး။ မနေ့က ငါးဟင်း ကျန်သေးတယ်”

“အေး… ဘာမှ မစားရသေးတာနဲ့ အတော်ပဲ။ ညည်းယောက်မက ဟိုဘက်ရွာမှာ ဝက်ပေါ်မယ်ဆိုတာနဲ့ ဟင်းစားသွားဝယ်လေရဲ့။ ရရင် တစ်တွဲဆွဲခဲ့မယ်တဲ့။ တို့နှစ်အိမ် ဆုံစားလိုက်တာပေါ့။ တစ်နေ့ တစ်နေ့ ငါးဟင်းချည်းပဲ စားနေရတာ ဆုံမယ်မဟုတ်လား။ အဲဒါ ညည်းယောက်မက မေးခိုင်းလိုက်တယ်။

“ဆုံမှာပေါ့ အစ်ကိုရဲ့”

“အဲဒါဆို တအောင့်လောက်စောင့်ပြီး အိမ်သွားယူလိုက်။ ဝက်သားက တောခုတ်ဆိုတော့ လတ်လတ်ဆတ်ဆတ်နဲ့ ကောင်းတယ်”

“ကဲ… ယောက်ဖကြီး၊ ခဏထိုင်ဦးကွာ။ ငါ ကိုယ်လက်သုတ်သင်လိုက်ဦးမယ်။ မင်းကို ငါ ညကတည်းက ထပ်မယူပါနဲ့ဆိုတာ တစ်ပိုင်းထပ်ဆွဲလိုက်တော့ လူပါ မှောက်တော့မလို့။ မနည်းဘဲ ထိန်းပြီး အိမ်ရောက်အောင် ပြန်ခဲ့ရတယ်။ အခုထိ ခေါင်းမူးနေတုန်းပဲ”

ကုလားဘိုတီးက ပြောပြောဆိုဆိုနှင့် နောက်ဖေး ရေအိမ်ဘက်သို့ ထွက်သွားလေတော့သည်။

“ဟေ့ကောင် … မြန်မြန်လုပ်။ ဘယ်ကပဲ စောင့်မယ်၊ ညာက မစောင့်ဘူး။ သိတယ် မဟုတ်လား … ဟဲဟဲ”

“အေးပါ၊ ဝါးပါ… ဝါးပါ။ မင်းဝါးသွားတော့ ငါ ပါးစပ်အညောင်း သက်သာတာပေါ့ကွာ”

ကုလားဘိုတီးက သူ့သူငယ်ချင်းယောက်ဖကို သမင်လည်ပြန် လှည့်ကြည့်ရင်း ရေအိမ်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

“အဲဒါသာကြည့်တော့။ ညက အိမ်ပေါ်ကို တွဲတင်ရတယ်။ အခုတောင် အိပ်ရာက မနည်းနှိုးယူရတယ်။ အစ်ကို့ဟာက သိပ်လွန်နေပြီ။ တော်ရုံတန်ရုံ မဟုတ်ဘူး”

“အေးပါ ငြိမ်းသာရယ်၊ ငါတို့က တော်တော့မလို့ပါဘဲ။ အမြည်းလေးက ကျန်နေတာနဲ့ တစ်ပိုင်းထပ်ဆွဲပြီး နှစ်ယောက် သောက်လိုက်တာ။ အေးပါဟာ… ငါတို့ နောက်ကို လျှော့ပါ့မယ်ဟာ”

“ဘာကို လျှော့မှာလဲ၊ လုံချည်လျှော့ဝတ်မှာလား။ဟား … ဟား”

တော်တော်ဆိုးသည့် ဘိုတီး။ ရေအိမ်ကနေ ထွက်လာပြီး စကားကို ဗလုံးဗထွေး ပြောသည်။ ထို့နောက် တဟားဟား ရယ်မောရင်း မျက်နှာသစ်၊ သွားတိုက်နေသည်။

ထို့နောက် ရှင်ငြိမ်းသာ လှမ်းပေးသော မျက်နှာသုတ်ပဝါနှင့် သုတ်ပြီး ဓားမြဟန်ဘေး၌ ဝင်ထိုင်သည်။

ထို့နောက် သူငယ်ချင်းယောက်ဖနှစ်ဦး ထမင်းကြော်၊ ရေနွေးကြမ်းကို ညက ငါးဟင်းအကျန်နှင့် အဆာခံ စားသောက်နေကြသည်။

စားသောက်ပြီးသည်နှင့် နှစ်ဦးသား ဝါးတစ်ရာမြစ်ဆိပ်သို့ ပိုက်ကွန်၊ လှော်တက်၊ တစ်လုံးထိုးမှိန်း၊ ဓားမ၊ ကြိုးခွေများနှင့် လိုအပ်သော ပစ္စည်းများ ယူဆောင်သယ်ပိုး၍ ထွက်ခွာသွားကြလေသည်။

“ဟာ… မိုးကလည်း ကောင်းလိုက်တာကွာ။ အိမ်ထဲက မထွက်နဲ့၊ ထွက်လိုက်တာနဲ့ အသည်းတုန်အောင်ကို အေးတာ”

“အေးတာတွေ ပူတာတွေကို လုပ်မနေနဲ့ ယောက်ဖရေ။ ဒီအချိန်က တို့အချိန် မဟုတ်သေးဘူး။ ညနေကျမှ ရွှေပြည်တန်မှာ အေးအေးဆေးဆေး အနားယူကြတာပေါ့ကွာ”

နှစ်ဦးသား ပြောပြောဆိုဆိုနှင့် မိုးသည်းမိုးဖွဲများကို အဖော်ပြုကာ လှေရှိရာ မြစ်ဆိပ်ဆီသို့ ထွက်ခွာသွားကြလေသည်။ ပလတ်စတစ်ခြုံထည်ကို ခြုံထားသော်လည်း မြစ်ပြင်ကိုဖြတ်၍ တိုက်ခတ်လာသော လေသည် ရေခဲမှုန်များနှင့် အုပ်၍ ကြဲပက်လိုက်သလို မျက်နှာတစ်ခြမ်းလုံး ချမ်းတက်အေးစက်သွားလေတော့သည်။

“အို… ငါးကြင်းတွေ ဆန်… ဟန်… ဟန်၊ ငါးတန်တွေ အေး ဟေ့ဟေး… ဝါးတစ်ရာ၊ ဝါးတစ်ရာမြစ်အတွင်း ဆင်းပါပေါ့လေး အေး ဟေ ဟေးဟေး…

ကုလားဘိုတီး၏ မောင်းကွဲကို ကျောက်ခဲနှင့် ထုလိုက်သလို အသံပြဲကြီးမှာ အေးစက်သော မိုးသည်းမိုးဖွဲများကို လွှမ်းခြုံ၍ ဝန်းကျင်ကို ပဲ့တင်ထပ်ပြီး ထွက်ပေါ်လာလေတော့၏။

xxx xxx xxx

ကုလားဘိုတီးတို့ ကံကောင်းသည်ဟု ဆိုရမည်။ ဝါးတစ်ရာမြစ်ထဲသို့ ရောက်ပြီး ခဏအကြာတွင် တဖွဲဖွဲရွာနေသော မိုးက စဲသွားသည်။ နေရောင်ခြည်လေးပင် မြင်လာရသည်။ ရာသီဥတုမှာ သာယာသည့်ဘက်သို့ ဦးတည်သွားပြီ ဖြစ်သည်။

ကုလားဘိုတီးနှင့် ဓားမြဟန်တို့သည် လှေတစ်စင်းပေါ်၌ ပဲ့စီး ဦးစီးလုပ်ပြီး လိုက်ပါလာကြသည်။

ဒီနေ့ ကုလားဘိုတီး၏လှေကို ဓားမြဟန်က ဦးစီးအဖြစ် တာဝန်ယူလိုက်သည်။

“ကဲ… ဘယ်လိုလဲ။ မြစ်ထဲမှာ နေမလား၊ မင်းပြောတဲ့ နှစ်ထပ်ကွင်းကြောင်ချောင်းဝကို သွားမလား”

ဓားမြဟန်က လှေဦးမှထိုင်၍ လှေကိုဝိုင်း၍ လှော်ရင်း ကုလားဘိုတီးကို မေးကြည့်သည်။

“ဟ … သွားရမှာပေါ့ ယောက်ဖရ။ ရာသီဥတုအခြေအနေလည်း ကောင်းနေသားပဲ။ အခုမှ ရေက တက်စပြုရုံပဲ ရှိသေးတာ။ အဲဒီတော့ တို့လှေကို ရွှေလင်ပန်းလောက်ရောက်အောင် ကမ်းနားကပ်ပြီး ခပ်သုတ်သုတ်လေး လှော်။ ရေတက်တာနဲ့ ပိုက်ကိုချပြီး နှစ်ထပ်ကွင်းကြောင ချောင်းထိပ်ကို မျောရင်း သွားတာပေါ့”

“အေး… သဘောပဲ။ တက်ရေနဲ့အတူ ချောင်းဖျားရောက်မှ အခြေအနေကြည့်လုပ်တာပေါ့”

ဓားမြဟန်က မြစ်ပြင်ထက်က ရေစီးရေလာ အခြေအနေကိုကြည့်၍ ပြန်ပြောသည်။ ထို့နောက် နှစ်ဦးသား ဝါးတစ်ရာမြစ်ကမ်းဘေးက ကပ်ပြီး ရွှေလင်ပန်းရွာအရောက် တက်သုတ်နှင်လိုက်ကြလေသည်။

ခုမှ ထွက်လာသော နေသည် မိုးနေမို့ ပူလောင်စူးရှလှ၏။ လေသည် ညင်းညင်းသွဲ့သွဲ့နှင့် တသုန်သုန်မြူးကြွပြီး တိုက်ခတ်နေသည်။

ပထမ အေးစက်နေသော ဝန်းကျင်မှာ ပူနွေးစူးရှသော နေခြည်ကြောင့် အရာရာတိုင်း ပူနွေးသွားလေတော့သည်။

“ဒါပေါ့ကွ၊ နေပူမိုးရွာ သူခိုးလာဆိုတာ”

“ဘာဖြစ်လို့ သူခိုးက လာရတာလဲ၊ နေ့ခင်းကြောင်တောင်ကြီးကို”

“ဘာဖြစ်ရမလဲ၊ မိုးချည်းရွာနေတော့ လူတွေက ပျင်းပြီး အိပ်ကောင်းကောင်းနဲ့ အိပ်ရာက မထတဲ့အချိန်။ နေကလေးက ပူလာတော့ နွေးလာရော။ နွေးတော့ ပိုပြီး အိပ်ကောင်းကောင်းနဲ့ အိပ်ရော။ ဒီတော့ သူခိုးက နေ့ခင်းကြောင်တောင် တက်ခိုးတော့ ပြောင်ရောပေါ့ကွာ”

“ဪ… ဒါကြောင့် နေပူမိုးရွာ သူခိုးလာတာကိုး။ အဲဒါ တို့မြစ်ဆိပ်ကမ်းနားမှာ နေတဲ့လူတွေအတွက် အထူးသတိထားရမယ့် အချက်တွေကွ။ ဒါကြောင့် နေပူပူ မိုးရွာရွာ၊ အိပ်ချိန်အိပ်၊ ထချိန်ထ လုပ်စရာရှိတာတွေကို လုပ်ဖို့ ရှေးလူကြီးတွေက သတိပေးထားတဲ့ စကားကွ။

နေ့ခင်းကြောင်တောင်ဆိုတော့ ဘာပစ္စည်းပဲ ယူသွားယူသွား ဘယ်သူမှ စစ်ဆေးမှာ မဟုတ်တော့ သူခိုးအတွက် အကွက်ဝင်တာပေါ့ကွ။ ဘယ်အချိန်မဆို နိုးနိုးကြားကြားရှိတာ အကောင်းဆုံးပဲ”

“ဝှီး… ဝှီး”

“ဖောင်း… ဖောင်း”

နှစ်ထပ်ကွင်းကြောင်ချောင်းဖျားဆီမှ လေတိုးသံကြီးနှင့်အတူ တောင်ပံခတ်သံ တဖြောင်းဖြောင်း အသံကြီးကို ကြားလိုက်ရသည်။

ထို့ကြောင့် ကုလားဘိုတီး မျက်လုံးပြူးသွားသည်။

“ဟေ့ကောင် မြဟန်၊ ဘာငှက်ကြီးတွေလဲ မသိဘူး။ နှစ်ထပ်ကွင်းကြောင်တောထဲက ဖြတ်ပြီး မြစ်ပြင်ဘက်ကို ပျံလာတယ်ကွ။ တွေ့လား … တွေ့လား။ တို့ပိုက်တွေ ရုပ်တော့ကွာ၊ တော်ကြာ မုန်တိုင်းတွေ ဘာတွေများ ကျမလို့လား မသိဘူး”

ကုလားဘိုတီးက ပြောပြောဆိုဆိုနှင့် တအိအိမျောနေသော လှေကို ထိန်း၍ လှော်သည်။ ပိုက်ကို ပြန်ရုပ်ဖို့ သတိပေးသည်။ သတိ ဆိုသည်မှာ ပိုသည်မရှိ။

“အေးကွ … ထူးတော့ ထူးတယ်။ ဘာပဲပြောပြော ပိုက်ရုပ်လိုက်တာ အကောင်းဆုံးပဲ”

ပြောပြောဆိုဆိုနှင့် ရေပြင်ထဲက ပိုက်ကို နှစ်ဦးသား ရုပ်လိုက်ကြသည်။

ထိုအချိန်၌ တက်ရေက ပြင်းထန်လာပြီ။ ရေစီးက ကြမ်းလာလာသည်။ လှေသည် စီးကြောင်းအတိုင်း အရိပ်ရိပ်နှင့် မျောပါနေသည်။

ကြမ်းတမ်းစွာ တိုက်ခတ်လာသော လေသည် တက်ရေနှင့်အတူ ပါလာပေသည်။ လေကြမ်း၍ ရေစီးလည်း ကြမ်းတမ်းလာသည်။

“ဘိုတီး … ကမ်းဘေးနား ကပ်ပြီးလှော်။ လှေကိုထိန်း၊ လက်လွတ်စပယ် မလုပ်နဲ့”

ဓားမြဟန်က သတိပေးရင်းက မပြီးသေးသော မျောပိုက်ကြီးကို ဆယ်၍ ရုပ်နေသည်။

လှေသည် ပြင်းထန်သော ရေစီးအားနှင့်အတူ နှစ်ထပ်ကွင်းကြောင်ချောင်းဝဆီသို့ ရောက်ရှိလာသည်။ ချောင်းဝ ရောက်လေလေ ရေစီးအား ပြင်းထန်လေလေပင်။

ချောင်းထဲသို့ မြစ်ရေတို့မှာ အလုံးအရင်းနှင့် စီးဝင်လာတော့၏။

ကုလားဘိုတီးတို့လှေသည် ပြင်းထန်သော ရေစီးအားနှင့်အတူ ချောင်းထဲသို့ ဝေါခနဲ ရောက်သွားလေတော့သည်။

ကုလားဘိုတီးက လှေကို လှော်စရာမလိုဘဲ ထိန်းရုံသာ ထိန်းပေးလိုက်တော့သည်။

ချောင်းဟုသာ ဆိုသော်လည်း ပေ (၃ဝ) နီးပါးကျယ်သော ချောင်းတစ်ခုပင် ဖြစ်သည်။ ရေတက်ချိန်ဆိုလျှင် တော်ရုံတန်ရုံ မော်တော်များ၊ စက်လှေကြီးများပင် လာရောက်၍ ရသည်။

သို့ရာတွင် ချောင်းကမ်းစပ်၌ တောထူသဖြင့် လူနေအိမ်များ မရှိချေ။ မှိုင်းညို့သော လမုတောများ၊ ခရာတောနှင့် ဒိုက်တောများက ပြည့်လျှံနေသည်သာ။

တစ်ခါတစ်ခါ ကြမ်းတမ်းသောရေစီးကြောင့် ဒိုက်သရောများ မြစ်ထဲသို့ မျောပါသွားတတ်ကြသည်။

တစ်ချက် တစ်ချက်တွင် ရေစီးကြောင်း၏ ပြောင်းလဲထိုးနှက်မှုကြောင့်လည်း ချောင်းငယ်က ဒီမျှကျယ်ပြောလာခြင်းပင်။

“ဝှီး”

ရုတ်တရတ် ကြမ်းတန်သော လေတိုးသံကြီးကို ကုလားဘိုတီး ကြားလိုက်ရပြန်သည်။ ဒီလေတိုးသံကို ချောင်းစပ်သို့ ဝင်ရောက်ဖို့ အားယူကတည်းက ကြားခဲ့ရသည်။

“ဟာ… သိမ်းစွန်ကြီးတွေနဲ့ တူတယ်။ ဟော … ဟော ကမ်းစပ်က ကုက္ကိုပင်ဆီကို ပျံသွားတယ်”

တောင်ပံကို တဖြောင်းဖြောင်းခတ်၍ ပျံသန်းလာသော သိမ်းစွန်ကြီးသည် ကုလားဘိုတီးတို့ ခေါင်းပေါ်မှ ကျော်တက်ပြီး ကမ်းစပ်၌ ရှိသော ကုက္ကိုပင်ကြီးတစ်ပင်ပေါ်သို့ တက်ရောက်ပြီး နားခိုလိုက်သည်ကို မြင်လိုက်ကြရသည်။

“ဟာ… ငှက်ကြီးဆင်းချိန်ဆိုတာ ဒါမျိုးပေါ့။ တို့ မြစ်ဝကျွန်းပေါ် က အင်းတွေထဲမှာဆိုရင် အခုလို ငှက်ကြီးဆင်းချိန်ကို သိပ်ကြောက်ရတာ။ ငှက်ကြီးတစ်အုပ်၊ နှစ်အုပ်လောက် နှစ်ရက်၊ တစ်ပတ် တစ်ခါ လောက်သာ ဆင်းရင်း အင်းထဲကငါးတွေ ကုန်သလောက်ကို စားပစ်တာ။ ငါး လေး ငါးပိဿာလောက်ကို ထိုးသုတ်ပြီး စားပစ်တာ။

အစာလည်း ဝအောင်စားပြီးရော ကောင်းကောင်း မပျံနိုင်တော့ဘူး။ ဒီတော့ လေယာဉ်များလို ပြေးလမ်းရှာပြီး ပြေးရတယ်။ အရှိန်ရမှ ပျံတက်လို့ရတယ်။ အဲဒါကို တို့က တုတ်တွေနဲ့ ချောင်းပြီး ရိုက်သတ် ဖမ်းဆီးရတယ်။

အချို့လည်း ငှက်ကြီးတွေကို ပြေးလမ်းလုပ်ပေးထားပြီး ကိုယ်ပေါ်မှာ ဒိုက်ပင်တွေဖုံးပြီး လက်တစ်ဖက်က တုတ်ကိုင် ပက်လက်လှန်ပြီး စောင့်နေကြရတယ်။

ငှက်ခြောက်တဲ့လူက ခြောက်လှန့်လိုက်တဲ့ အခါမှ ငှက်ကြီးတွေဟာ လန့်ပြီး လူလုပ်ထားတဲ့ ပြေးလမ်းစွတ်ကြောင်းအတိုင်း ပြေးလာရော၊ ငှက်လည်း လူပေါ်ကို ဖြတ်အတက် လူက အသင့်ကိုင်ထားတဲ့ ဝါးရင်းတုတ်နဲ့ အားပါးတရ ရိုက်နှက်ပြီး ခပ်ကြမ်း ကြမ်းဖမ်းရတဲ့ ငှက်မျိုးကွ။

သူ့ကို တို့က တုံးကြီးငှက်၊ တချို့က ငှက်ကြီးတုံးစပ်လို့ ခေါ်ကြတယ်ကွ။ ငှက်ဆင်လိုကောင်မျိုးတွေ။ တစ်ကောင်ကို သုံးပိဿာက ငါးပိဿာအထိ အလေးချိန်ရှိတယ်။ အချို့အကောင်ကြီးတွေဆို အချိန်တစ်ဆယ်နီးပါးတောင် ရှိတာကွ။

အဲ… သူတို့ အုပ်ဖွဲ့ဆင်းပြီဆိုရင် အင်းသမားတွေ မွဲရော။ ငှက်တစ်ကောင်ကို ငါး သုံးလေးပိဿာလောက်ကို စားသောက်ပစ်တာကွ။ ဒီတော့ ငှက်ကြီးအုပ် ကျလာပြီဆိုရင် အင်းထဲက ငါးတွေ ကုန်ရော ဟ။ ဒါကြောင့် ငှက်ကြီးဖမ်းပွဲလုပ်ပြီး သုတ်သင်ပစ်ရတာ။

အခုလည်း ဒီငှက်ကြီးတွေ အစားအစာတစ်ခုခု အနံ့ရလို့ လာတာနေမှာပေါ့”

ဓားမြဟန်က တုံးငှက်ဟုခေါ်သော ငှက်ကြီးကိုကြည့်၍ ငှက်အကြောင်း သူသိသလောက် ပြောပြသည်။ ထိုအခါ ကုလားဘိုတီးက ပါးစပ်အဟောင်းသားနှင့် တုံးငှက်ကြီးကို ငေးကြည့်နေ၏။

မှန်သည်။ ဓားမြဟန်ငယ်စဉ်က ဟင်္သာတဘက်သို့ ရောက်ဖူးသည်။ သူရောက်ခဲ့ဖူးသော ငါးအင်းတွေက ငှက်ကြီးများအကြောင်းကို ကုလားဘိုတီးအား စိတ်ရှည်လက်ရှည် ပြောပြနေခြင်းဖြစ်သည်။

ယခုလည်း အစားသောင်းကျန်းသော တုံးကြီးငှက်တစ်အုပ်က နှစ်ထပ်ကွင်းကြောင်ဘက်သို့ ဆင်းလာပြီ။

ကုလားဘိုတီး တွေးနေမိသည်။ ငါးမဖမ်းဘဲ ဒီငှက်ကြီးတွေကို ဖမ်းပြီး ရွာပြန်လျှင် ကောင်းမည်ဟု တွေးမိလေသည်။

“ဝုန်း… ဝုန်း”

“ဟေ့ကောင် ဘိုတီး၊ ဘာတွေ တွေးနေတာလဲ။ မင်းအဘ လျှိုထဲက အသံတွေကြားတယ်။ တဝုန်းဝုန်းနဲ့ … ဘာကောင်တွေလဲ မသိဘူး”

ဒီတော့မှ ကုလားဘိုတီး လန့်ဖျပ်ပြီး ချောင်းစပ်မှ လျှိုထဲသို့ မျက်လုံးကစားကြည့်မိသည်။ လျှိုအတွင်းရှိ ဗျိုက်တောထဲ၌ တစ်စုံတစ်ခုသည် တဝုန်းဝုန်းနှင့် လှုပ်ရှားနေသည်။

ထို့အတူပင် တုံးကြီးငှက်နှစ်ကောင်မှာ လျှိုအစပ်ရှိ လတာပြင်ရှိရာသို့ ဝဲဆင်းလာသည်။

“ရှူး… တိုးတိုး၊ လှေကို ဘေးကပ်၊ ရှေ့မဆက်နဲ့၊ အန္တရာယ်”

လှေဦးမှ ဓားမြဟန်က လျှိုထဲသို့ မျှော်ကြည့်ရင်း သူ့ပါးစပ်ကို လက်ညှိုးလေးနှင့်ပိတ်၍ ဘေးသို့ တိုးကပ်ပြီး ရပ်နေလိုက်သည်။ ထို့နောက် ဝါးစိုက်၍ လှေကို ခိုင်ခံ့အောင် ကြိုးနှင့် ချည်လိုက်ကြသည်။

ပြီးလျှင် နှစ်ဦးသား မှိန်းနှင့် ဝါးများကိုယူ၍ ကမ်းစပ်မှတစ်ဆင့် လျှိုထဲသို့ တိတ်ဆိတ်စွာ တက်ရောက်သွားကြလေသည်။

“ဂီး… ဂီး… ဖောင်း… ဖောင်း”

“ဝုန်း… ဝုန်း”

ကုလားဘိုတီးနှင့် ဓားမြဟန်တို့သည် ချောင်းထဲမှ ရေစီးဝင်နေသော လျှိုလေး၏ အထက်ရှိ ကမူလေးပေါ်၌ နှစ်ဦးသား ခေါင်းပုပြီး ကြည့်လိုက်ကြသည်။

မြင်ကွင်းက ထူးထူးဆန်းဆန်း မြင်ကွင်းမျိုးပင်။ ထို့ကြောင့် နှစ်ဦးသား ကျဉ်စက်နှင့် တို့လိုက်သလို ငြိမ်သက်သွားရတော့၏။ မျက်လုံးများလည်း ကျွတ်ထွက်မတတ် ပြူးကျယ်ကုန်ကြလေတော့သည်။

ကြည့်စမ်း … ဗျိုက်တောစပ် အသိုက်ထဲက မိကျောင်းပေါက်လေးများက ယက်ကန်ယက်ကန်နှင့် ထွက်လာကြသည်။ မိကျောင်းပေါက်ကလေးများကို ကြီးမားသော မြွေကြီးနှစ်ကောင်က တစ်ကောင်ပြီး တစ်ကောင် ကိုက်သတ်ဝါးမျိုနေသည်။

ထို့နောက် တစ်ကောင်နှင့် တစ်ကောင်လည်း ပူးလိမ်၍ ဗျိုက်တောထဲ၌ သတ်ပုတ်နေသည်လား၊ မိတ်လိုက်နေသည်လား မသိ။ ဗျိုက်တောစပ်ရှိ လျှိုထဲ၌ ဝုန်းဒိုင်းကြဲနေ၏။

မိကျောင်းပေါက်လေးတို့သည် ခြေကားရား လက်ကားရားနှင့် လုံးထွေးသတ်ပုတ်နေသော မြွေကြီးနှစ်ကောင်၏ ဘေးမှ ကပ်ပြီး ချောင်းစပ်ရှိ ရေထဲသို့ ဆင်းနေကြသည်။

ထိုအချိန်၌ ပင်ယံထက်မှ အစာချောင်းနေသော တုံးငှက်ကြီးများက ဝေါခနဲထိုးဆင်းလာပြီး မိကျောင်း ပေါက်လေးများကို ထိုးသုတ်ပြီး တဂီးဂီးနှင့် အော်ဟစ်ပျံတက်သွားသော မြင်ကွင်းပင်။

“ဟာ… မိကျောင်းပေါက်လေးတွေ သနားစရာပါပဲ။ သူ့အမေကြီး မလာနိုင်ဘူးနဲ့ တူတယ်။ မြွေစား၊ ငှက်စားနဲ့ သူ့သားလေးတွေ အကုန်သေကုန်တော့မှာပဲ”

ကုလားဘိုတီးက မြင်ကွင်းကို ကြည့်ကောင်းကောင်းနှင့် ကြည့်ရင်း ဆို၏။

ကုလားဘိုတီး၏ ရင်ထဲ၌ ခုမှပေါက်ကာစ မိကျောင်း ငယ်လေးများ၏ အန္တရာယ်အသွယ်သွယ်ကို ကြည့်၍ စိတ်မကောင်းကြီးစွာနှင့် ပြောနေမိသည်။

“ဖြောင်း… ဖြောင်း… ဒိုင်း… ဒိုင်း”

“ဝေး… ဟေး… ဝေး”

ရုတ်တရက် ဓားမြဟန်ဆီမှ ရေပက်ခွက်ပြုလုပ်ထားသော ဝါးပိုးဝါးရေပက်ခွက်ကို သူ့လက်ထဲက ဝါးလုံးတစ်လုံးနှင့် တဖြောင်းဖြောင်း၊ တဒိုင်းဒိုင်းအသံနှင့်အတူ မြဟန်၏ တစ္ဆေသရဲလို ဆိုးဝါးသော အသံကွဲကြီးကြောင့် သတ်ပုတ်နေသော မြွေနှစ်ကောင်မှာ ပူးကပ်နေရာမှ ခွာသွားသည်။

ထို့နောက် သူတို့အနီး၌ ရောက်နေသော မိကျောင်း ပေါက်လေးနှစ်ကောင်ကို တစ်ကောင်စီ ကိုက်ချီ၍ ဝေါခနဲအသံနှင့်အတူ လျှိုကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

ထို့အတူ ငှက်ကြီးများလည်း ကြောက်လန့်၍ အဝေးသို့ ပျံပြေးသွားကြလေသည်။

ထိုအခါမှပင် ဗျိုက်တောစပ်မှ ချုံကွယ်လေးများ အကြိုအကြား၌ ဖုံးကွယ်နေသော မိကျောင်းပေါက်လေးများသည် ပုတ်သင်ညိုလေးများပမာ မည်းမည်း မည်းမည်းနှင့် ရေစပ်သို့ တပ်ချီ၍ ဆင်းသွားကြ လေသည်။

လှပသော မိကျောင်းပေါက်လေးများ၏ အသက်ကို ကုလားဘိုတီးတို့က ကယ်တင်လိုက်တော့သည်။

ချောင်းရေမှာ ကျစပြုပြီ။ ထို့ကြောင့် ရေစီးနှင့် အုပ်ဖွဲ့၍ မြစ်ပြင်ဆီသို့ လိုက်ပါသွားကြလေသည်။

“အေးကွာ… မိကျောင်းလေးတွေ သနားပါတယ်။ သူတို့အမေကြီး သားပေါက်ချိန်ကို ဒီအရောက်လာရမှာ။ သူ့သားလေးတွေကို ရေထဲကစောင့်ပြီး မြစ်ထဲကို ပြန်ခေါ်သွားရမှာကွ။ အခု သူ ရောက်မလာပုံထောက်တော့ လူတွေ သတ်ပစ်လို့ သေပြီနဲ့တူတယ်ကွာ။

မိကျောင်းလေးတွေ သနားပါတယ်။ အမေ မရှိဘဲ ရေထဲပြန်သွားတော့ ငါးကြီးတွေ ကိုက်သတ်လို့ သေဦးမယ်နဲ့ တူပါရဲ့ကွာ။ အမိမဲ့သား၊ ရေနည်းငါး ဆိုသလို မဖြစ်ပါစေနဲ့။

ဒါတောင် တို့ အရောက်မြန်လို့။ နို့မဟုတ်ရင် မြွေကြီးတွေ၊ ငှက်ကြီးတွေ အကုန်စားပစ်မှာ။ အခုတော့ အချို့တစ်ဝက်ကို အသက်ဘေးက ကယ်လိုက်ရတာ ကုသိုလ်ရပါတယ်ကွာ။

ကဲ… ပြန်ကြစို့၊ တော်ကြာ ကျရေစစ်သွားရင် လှေကို ချောင်းထဲက တွန်းထုတ်နေရမယ်”

ပြောပြောဆိုဆိုနှင့် နှစ်ဦးသား သူတို့လှေရှိရာသို့ လျှောက်လှမ်းလာကြသည်။ ထို့နောက် လှေကို ကြိုးဖြုတ်ပြီး ချောင်းထဲမှ ရေစီးနှုန်းနှင့် လှော်ခတ်လာကြလေတော့သည်။

“အေးကွာ၊ ရာသီဥတုကောင်းပေမယ့် တို့က ကံမကောင်းတော့ ငါးလည်း မရ၊ မိကျောင်းပေါက်လည်း မဖမ်းရဲတော့ ဘာမှ မရဘူး။ တို့ရွာကို လက်ဖက်ခြောက် လာလာရောင်းတဲ့ ရခိုင်ကြီးပြော သလို “အခွမ်ကြီး … အခွမ်ကြီး” ဆိုတာလေ။ ဟား… ဟား”

“အခွမ်ကြီးပဲ ပြန်တာက အရေးမကြီးဘူး။ မင်းနှမ ငါ့မိန်းမ ရှင်ငြိမ်းသာက ငါးမရလို့ ပူညံပူညံလုပ်ရင် ဘယ်လိုပြောမလဲ”

“လွယ်ပါတယ်ကွာ၊ ရတဲ့အခါလည်း ရမှာပေါ့။ မရတဲ့အခါလည်း မရှိလို့ပေါ့။ ငါးမရှိလို့ မရပေမယ့် မနက်ဖြန်ဆိုတာ ဒီနေ့အတွက် အားဆေးတစ်ခွက်လို့ ငါပြောပါ့မယ် ယောက်ဖကြီးရယ်”

ကျမ်းကိုးစာရင်း

၁။ ငွေပင်လယ်မွေးမြူရေးနှင့် လုပ်ငန်းဂျာနယ်။ အတွဲ (၃)၊ အမှတ် (၂၃)။ ၇-၉-၂၀၀၈။ ရေးသားသူ ပုလဲနက်။

၂။ စာရေးသူ၏ ဝါးတစ်ရာသို့ ကွင်းဆင်းလေ့လာချက်များကို မူတည်၍ ဤဝတ္ထုကို ရေးဖွဲ့ပါသည်။

သိဒ္ဓိမိုးမဂ္ဂဇင်း၊ ၂၀၀၉ ခုနှစ်၊ ဧပြီလ

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *