• June 21, 2025
  • admin
  • 0

ပြည်ပန်းမိုး
ကုလားဘိုတီးနှင့် လိပ်အဆင်း ငါးအတက်

ဒီဝါးတစ်ရာမြစ်တစ်ကြော၌ ဘဝအမောကို ကုလားဘိုတီးအဖို့ ဖြေဖျောက်ခဲ့ဖူးသည်။ သောက၊ ဒုက္ခဟူသမျှတို့သည် ဝါးတစ်ရာမြစ်ထဲသို့ ကုလားဘိုတီးရောက်သည်နှင့် ရေထဲမျောပြီး ကြက်ပျောက် ငှက်ပျောက် ပျောက်ကွယ်သွားရသည်သာ။

စင်စစ် အိမ်၌ နိစ္စဓူဝကြုံ တွေ့နေရသော စားဝတ်နေရေးကိစ္စ၊ သားရေးသမီးရေး၊ သာရေးနာရေး ကိစ္စ၊ ရှင်ငြိမ်းသာ၏ ဗျစ်တောက်ဗျစ်တောက်နှင့် ထိုင်လျှင် ထိုင်ပြန်ပြီ၊ ထလျှင် ထပြန်ပြီ။ ကြည့်လေ။

“ဆေးလိပ်သောက်ပြီး ဆေးလိပ်အတိုကို ဟိုထားဒီထားနဲ့ တစ်အိမ်လုံးကို သူ့ဆေးလိပ်ပြာတွေချည်းပဲ။ ဆေးလိပ်ခွက်ဆိုတာ အလှကြည့်ဖို့ထားတာ မဟုတ်ဘူး။ ဆေးလိပ်တိုထည့်ဖို့ ထားတာ။

ဘယ့်နှယ်တော် ဟိုအိမ်ခါးပန်းပေါ် တင်လိုတင်၊ အိမ်သာဘေးတန်းပေါ်ပါ မရှောင်ဘူး။ တွေ့ရာထားတာ။ တော်ကြာ ဆေးလိပ်မရှိပြန်ဘူး၊ ဆေးလိပ်မရှိပြန်ဘူးနဲ့ ။ စည်းနဲ့ကမ်းနဲ့ သောက်ပြီး စည်းနဲ့ကမ်းနဲ့မှ မထားတာ။ ပြောရင်လည်း မကြိုက်ဘူး။

ဒီဆေးလိပ်လေး ဝယ်ပေးရတာတောင်မှ မသထာဘူး။ ညားကတည်းက တစ်သက်လုံး ခိုင်းစား လာတာ။ ငါ့မှာ ကျွဲကြီးကို ဖြစ်လို့ဆိုတာက လာသေးတယ်။

ဟဲ့… ဟိုကောင်လေး အဲဒါ နင့်အလုပ် မဟုတ်ဘူး။ နာရီကို သွားမကလိနဲ့။ စားပွဲပေါ်ပြန်ထား။

အရက်ဖိုးက တစ်မျိုး၊ ဆေးလိပ်ဖိုးက တစ်မျိုး၊
ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ ဘာထူးလို့လဲ။ အခု မြစ်ထဲ ဆင်းတယ်၊ ဆင်းတယ်နဲ့ ဟန်ရေးပြပြပြီး အိမ်ကထွက်ထွက်နေတာ အလကားကြီးဖြစ်နေတာလည်း သတိထားဦး။ တံငါဖြစ်ပြီး ငါးကောင်းကောင်းမရတာ ဘယ်လောက်ရှိပြီလဲ။

ဒိုင်ကကောင်တွေကလည်း တစ်မျိုး။ သူတို့ကတ္တားက မှန်မှ မှန်ရဲ့လား မသိဘူး။ ငါးစုံ တောင်းတစ်ဝက်လောက် သွားချိန်မှ သုံးပိဿာပဲရှိတယ် ပြောတယ်။ မဖြစ်ဘူး၊ မဖြစ်ဘူး ဒီတိုင်းဆိုရင် ပိုက်ဖိုးတောင် ကျေမှာမဟုတ်ဘူး။ မနက်ဖြန်ကျရင် ကိုယ်တိုင် လှော်ကားဈေးဆင်းရောင်းမှ ဖြစ်မယ်။

အိုးထဲမှာလည်း ဆန်က မရှိတော့ဘူး။ တစ်နေ့က ဆန်တစ်အိတ်လောက် အကြွေးပေးပါ။ တစ်ရက်၊ နှစ်ရက်အတွင်း လာရှင်းပေးပါ့မယ်ဆိုတော့ ရွှေ ဟင်္သာဆန်စက်သူဌေး ဖိုးထူးက ဘာပြောတယ်အောက်မေ့လဲ။ ငွေ ငါးထောင်၊ တစ်သောင်း လိုချင်ရင် ထုတ်ချေးလိုက်မယ်။ ဆန်တော့ အကြွေးမရောင်းနိုင်ဘူးတဲ့။ လုပ်ငန်းက လုပ်ငန်းတဲ့။ ဒေါ်ငြိမ်းသာကို ယုံတယ်။ လုပ်ငန်းကို အထိခိုက်မခံနိုင်ဘူးတဲ့။

ဆန်တစ်အိတ်ကို ရောင်းမှ တစ်ရာပဲ မြတ်တာ။ အဲဒီ တစ်ရာ၊ တစ်ရာကို စုပြီးထားတော့ ဆန်တစ်အိတ်ရဲ့ အရင်းပြန်ဖြစ်တယ်။ ဒီလို ဆန်အိတ်ပေါင်းများစွာ ရောင်းရတဲ့ အမြတ်ကို ကျုပ်တို့မိသားစုနဲ့အတူ ဒီမှာရှိတဲ့ အလုပ်သမားတွေကို မျှတကျွေးရတာ။ ခင်ဗျားယောက်ျား ကုလားဘိုတီးလို မြစ်ထဲမှာ ပိုက်တစ်ချက်ပစ်ရုံနဲ့ တစ်သောင်းလည်းဟုတ်၊ တစ်ထောင်လည်းဟုတ် ဆိုတာမျိုး မရှိဘူးဗျ။

ကျုပ်တို့က ဒီလိုပဲ စည်းနဲ့ စနစ်နဲ့လုပ်မှ ရေရှည်တည်တံ့မှာ။ ဟိုလူလာ အကြွေးပေးလိုက်၊ ဒီလူလာ အကြွေး ပေးလိုက်၊ ဒီလူလာ လိုငွေမှတ်ထား။ နောက်တစ်ခါမှရှင်းဆိုတာ လုပ်ငန်းရဲ့ ဆူးညှောင့်ခလုတ်တွေ။

ဈေးကို ပိုမရောင်းဘူး၊ ဆန်တစ်အိတ်ရဲ့ (၂၅) ပြည်နှုန်းဟာ အတိအကျကို ရှိတယ်။ ပြည်တောင်းနဲ့ ခြင်ခြင်၊ ကတ္တားနဲ့ချိန်ချိန် ကျုပ်တို့ဘက်က အားလုံးတာဝန်ယူတယ်တဲ့။

ပြောလည်း ပြောတတ်တဲ့ပါးစပ်။ ရွှေချထားဖို့ကို ကောင်းတာ။ အေးလေ၊ သူက ပြောတတ်တာပေါ့။ ဘွဲ့ရပညာတတ်ကိုး။ စည်းစနစ်ရဲ့ တန်ဖိုးကို နားလည်တာပေါ့။ ဒါကြောင့်လည်း ရွှေဟင်္သာဟာလှော်ကားမှာ အခုအချိန်ထိ အောင်ပန်းပန်နိုင်တာလေ။ သားစဉ်မြေးဆက်အထိပေါ့။

အိမ်က ကိုကုလားဘိုတီးတို့ကျတော့ ဒီလိုမဟုတ်ပေါင်။ ရတဲ့ငါးဒိုင် တင်ပြီဆိုရင် –

“ကိုကုလားဘိုတီးရေ၊ ခင်ဗျား ငါးဒန်ကြီးက ရှစ်ပိဿာနဲ့ အစိတ်ရှိတယ်။ ရှစ်ပိသာပဲထား။ ငွေကို အခု မရှင်းလိုက်ဘူး။ မနက်ဖြန်မှ ပေါင်းယူ။ ဖြစ်တယ် မဟုတ်လား”

“ဖြစ်တယ်၊ ဖြစ်တယ်။ ယူထားလိုက်”တဲ့။

ကိုင်း- ကောင်းရော။ အလေးကလည်း လျှော့ခဲ့ရသေး၊ ငွေကျတော့လည်း လက်ငင်းမချေ။ အိမ်က မိန်းမက ဆန်ဖိုးမရှိလို့ စိတ်ညစ်နေတာ သူမသိဘူး။ အိမ်ရောက်ရင် ပြောပြီ။ ရှင်ငြိမ်းသာရေတဲ့။ မနက်ဖြန်ကျရင် ဒိုင်မှာ ငါးရှစ်ပိဿာဖိုး သွားယူတဲ့။ ငါ အခုပဲ ပို့ခဲ့တယ်။ ကဲ… ငါ့ကို တစ်လုံးဖိုးလောက်တော့ အဟီး… ပေးပါကွာဆိုတော့ ကျုပ် ကတ်သတ်ချန်ထားတဲ့ ဟင်းရန်ဖိုးလေး သူ့အရက်ဖိုးထဲ ပါသွားရော မဟုတ်လား။

ကျုပ်ကလည်း ကျုပ်ပဲ။ ကိုကုလားဘိုတီးမျက်နှာညိုသွားမှာကို မကြည့်ရက်တာနဲ့ လိုက်လျောခဲ့တာ အကြိမ်ပေါင်းမနည်းဘူး။ အခုရှိတာကို အကုန်သုံးပြီး မနက်ဖြန်ဆိုတာကြီးကို စောင့်ရတာ အတော် ရင်မောစရာကောင်းတာ။ ဒါတွေ ရှင်သိရဲ့ လား”တဲ့။

ကြည့်စမ်း၊ ရှင်ငြိမ်းသာ ပြောလည်း ပြောတတ်ပါပေ့။ သူ့ပါးစပ်ကိုက စက်သေနတ်လို တဆက်ဆက်ထွက်နေတာ။ ရွာထိပ်က ဟာလာစက် (စပါးရိတ်စက်)ကြီး တပ်ထားသလိုပဲ။ နေ့တဖွတ်ဖွတ်၊ ည တဖွတ်ဖွတ်နှင့် ဖွတ်လည်းဖွတ်နိုင်သည့် စက်ကြီးပင်။ နားကို လွှတ်ငြီးတာဗျာ။ ရှင်ငြိမ်းသာပါးစပ်က အဲဒီစက်ကြီးထက်တောင် ဆိုးသေးဗျာ။

ဒီတော့ ကုလားဘိုတီးက အိမ်မကပ်ချင်တော့။ မြစ်ထဲက ကုန်းပေါ်ရောက်နှင့် အကျိုးအကြောင်းပြောပြီး ရွှေပြည်တန်မှာ အပန်းဖြေ ခပ်ထွေထွေလေးသောက်ပြီးပြန်။ အိမ်ရောက် ထမင်းစားပြီး တန်းအိပ်။ ရှင်ငြိမ်းသာ၏ ခရားရေလွှတ် တတွတ်တွတ်၊ တဖွတ်ဖွတ်အသံတွေ မကြားရတော့၊ မသိတော့ တခေါခေါနှင့်အိပ်။

မိုးလင်းသည်နှင့် ပိုက်ဆွဲပြီး မြစ်ထဲဆင်းတော့၏။ မြစ်ထဲရောက်တော့ ဘဝအမောတွေ အားလုံးမေ့။ မြစ်ရေနှင့် မျှောပစ်လိုက်။

ကုလားဘိုတီး နားငြီးမခံနိုင်သည်မှာလည်း ကုလားဘိုတီးအလွန်မဟုတ်။ ဘယ့်နှယ်ဗျာ နှိုင်းစရာရှားလို့ ရွှေဟင်္သာဆန်စက်သူဌေး ဖိုးထူးနဲ့ နှိုင်းပြောတယ်။ ဒီလောက်တောင် သူဌေးဖြစ်ချင်ရင် ဘာဖြစ်လို့ ကုလားဘိုတီးကို ယူတာလဲ။ သူဌေးယူပါလားဟု ပြောချင်မိသည်။

သို့သော် ဒီစကားကို ပြောမထွက်။ ပြောလည်း မပြောရက်။ ရင်ထဲ ကြိတ်မှိတ်မျိုချလိုက်ရသည်။ ရှင်ငြိမ်းသာ မရှိလျှင် ကုလားဘိုတီးဘဝအတွက် အဓိပ္ပာယ်မရှိတော့။

စင်စစ် စည်းကမ်းဆိုသည်မှာ လူ့၏တန်ဖိုး။ လုပ်ငန်း၏တန်ဖိုးကို နားလည်စေချင်၍ စည်းစနစ်ကြီးသူများ၊ စည်းကမ်းကြီးသူများ ကြီးပွားချမ်းသာသည့်အကြောင်းကို ဥပမာတင်စား၍ ပြောခြင်းဖြစ်၏။

မည်သို့ဆိုစေ ရှင်ငြိမ်းသာက နှုတ်သာဖွာသော်လည်း စိတ်က မဖွာပါ။ ကုလားဘိုတီးအပေါ်၌ ဖြူစင်သော မေတ္တာတွေအပြည့်နှင့် ယခု သားမြေးများရသည်အထိ သည်းခံပေါင်းသင်းနေသည်သာ။

ယခု ပြောနေသည်မှာလည်း ပြီးကပစ်လုပ်တတ်သော ကုလားဘိုတီးအတွက် ပြောခြင်းဖြစ်သည်။ အပြောလွယ်၊ အလုပ်လွယ်လွယ် လုပ်တတ်မှုကြောင့် ခံစရာရှိလျှင် မိမိတို့မိသားစုသာ ခံရမည်။ ကိုယ့် မရှိလျှင် ချေးငှားသုံးရသည်မှာ လွယ်ကူသော အရာမဟုတ်။ ဒီတော့ ရသည်အထဲက စုလည်းစုရသည်၊ စားလည်းစားရသည်၊ လှူဖို့တန်းဖို့လည်း ချန်ရသည်။ ပြီးတော့ မမာရေးမကျန်းရေးကိစ္စက ရှိသေး။

“အင်း… မနေ့ကပဲ ငွေ (၂ဝဝဝ) ပေးခဲ့တယ်။ အခု တစ်လုံးဖိုးလေးတောင် ပေးဖို့မရှိဘူးဆိုတော့ လွန်တာပေါ့။ ဒါကြောင့် ဓားမြဟန်က ပြောတာ။ မိန်းမကို ပေးတဲ့ငွေနဲ့ ကြက်ကိုတိုက်တဲ့ရေ အတူတူပဲတဲ့။ ဘယ်တော့မှ ပြန်ရတာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ရတိုင်း အကုန်မအပ်နဲ့တဲ့။ နည်းနည်းပါးပါး ကစ်ထားရတယ်တဲ့။ ဒါမှ ကိုယ်သုံးချင်တာ သုံးလို့ရတာ။ မင်းက အကုန်ရ၊ အကုန်အပ်တော့ နေရာတကာမှာ လက်ဖြန့်နေရတာ အောက်တာပေါ့တဲ့။ အဲဒါ ငါ့ယောက်ဖ မင်းအစ်ကို ကိုယ်တိုင်က ပြောတာ ရှင်ငြိမ်းသာရေ”

“ဪ… ဒီလိုလား၊ မိန်းမကိုအပ်တော့ မိန်းမက အားလုံးစားရအောင် စီမံပြီး နေ့စဉ်နေ့တိုင်း ရှင်တို့ စားဖို့သောက်ဖို့ လုပ်နေရတာ ဘယ်လိုလုပ်ပြီး ငွေပို ငွေလျှံဆိုတာ ရှိမလဲ။ ရတာကို ကျုပ် အကုန်မအပ်လို့ ရှင်က ဘယ်မိန်းမကို အပ်ချင်တာလဲ ပြောစမ်း”

ဟု ဆိုသောအခါ ကုလားဘိုတီးတစ်ယောက် လိပ်ခေါင်း ထုံးတို့သလို စတွန့်ဖြစ်ပြီး ခေါင်း အပြင်မထွက်ရဲတော့ဘူးပေါ့လေ။ ဟုတ်တယ်၊ ဒီစကားက တော်တော့်ကို စတွန့်တဲ့ စကားဗျ။

ယခုလည်း ကုလားဘိုတီး တောင်စဉ်ရေမရတွေတွေးရင်း ဝါးတစ်ရာမြစ်အတွင်း၌ ပိုက်မျှောနေသည်။ ပိုက်မျှောနေသည့်အချိန်၌ ပိုက်ထဲ၌သာ စိတ်က ရောက်နေသည်မို့ မည်သည့်အတွေးအထင်မှ မဝင်တော့။ မြေပြင်ကျယ်၌ ပိုက်က တရွေ့ရွေ့မျောနေသလို လှေကလည်း ရေစီးနှင့်အတူ တရိပ်ရိပ်မျောရင်း လိုက်ပါသွားလေတော့သည်။

xxx xxx xxx

“ဟ… ကုလားဘိုတီးရဲ့ သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်သာတဲ့။ ဘယ်အလုပ်ပဲလုပ်လုပ် သတိနဲ့လုပ်။ ထိရင်ထိတယ်၊ ကိုင်ရင် ကိုင်တယ်၊ ရေစီးရင် ရေစီးတယ်၊ ပိုက်လှုပ်ရင် လှုပ်တယ်မှတ်ပေါ့။ အေး… သတိရှိရှိနဲ့လုပ်တဲ့ လုပ်ငန်းမှန်သမျှ အမှားအယွင်းလည်း နည်းတယ်။ စိတ်ကို ဘယ်မှမရောက်အောင် ထိန်းထားနိုင်တာဟာ လက်တွေ့ ချမ်းသာခြင်းကို ကြုံရတတ်တယ်။ ငါးတော့ ဖမ်းတာပဲ၊ ဒါပေမယ့် သူ့ကို သေစေလိုတဲ့ အကုသိုလ်စိတ်ကြီး ရှေ့တန်းတင်ပြီး မဖမ်းနဲ့။ ပိုက်ကို ဆွဲရင် ဆွဲတယ်၊ မိရင် မိတယ်၊ ထိရင် ထိတယ်ပေါ့။ တကယ်လို့ လွတ်သွားရင်လည်း အတင်းလိုက်မဖမ်းနဲ့တော့။ လွတ်ရင် လွတ်တယ်လို့ မှတ်လိုက်ပါ။ စိတ်ထားတတ်ရင် ကုသိုလ်ရပါတယ်။

ကုလားဘိုတီး ဒုလ္လဘရဟန်း (၉) ရက်ဝတ်စဉ်က ဆရာတော်ကြီး၏ မိန့်မှာစကားတွေပင်။ ဦးပဉ္စင်းက လူထွက်ပြီးသည်နှင့် တစ်သက်လုံးလုပ်လာသော ဒီတံငါလုပ်ငန်းကိုသာ ကုလားဘိုတီး ပြန်လုပ်ရမည်မှာ ကျိန်းသေပင်။ မလုပ်ဘဲ နေနိုင်စားနိုင်သည့်ဘဝမျိုး မဟုတ်သေး။

ထို့ကြောင့် လုပ်တော့လုပ်ပါ။ သူတစ်ပါး၏ အသက်ကို သေစေလိုသည့်စိတ် ရှေ့တန်းတင်ပြီး မလုပ်မိအောင် ဆရာတော်က ညွှန်ကြားမိန့်မှာခြင်း ဖြစ်သည်။

ဒီတစ်ရေမှာ ငါးမတိုးရင် တိုးအောင် နောက်တစ်ရေစောင့်မည်။ ဒီနေရာမှာ မရလျှင် ရနိုင်သည့်နေရာသို့ ပိုက်ချက်ပြောင်းမည်။ မရလို့ မဖြစ်၊ ရကိုရရမည်ဟူသောစိတ်မျိုး ကုလားဘိုတီးထံ၌ ကင်းကွာနေသည်။

ပိုက်ချသည့်အလုပ်ကို ဝတ္တရားတစ်ခုလို သဘောထားပြီး လုပ်နေ၍ ငါးအရနည်းခြင်းလည်း ဖြစ်သည်။ ပိုက်ဆိုတာ ငါးတို့ရဲ့ ဘဝ ခရီးဖော်ပဲ။ မကြင်နာရင် အနားမလာနဲ့ပေါ့ဟု တွေးနေမိပေသည်။

“ဟေ့ကောင် ဘိုတီး၊ ဘယ်လိုလဲ … ဒီမှာ တွေ့လား”

ဓားမြဟန်၊ ယောက်ဖသူငယ်ချင်းလေ။ သူကတော့ ပြောအားရှိသွားပြီ။ ငါးပိဿာနီးပါးရှိသော ငါးတန်ကြီးနှစ်ကောင်ကို သူ့လှေထဲမှာ အဖွေးသား မြင်ရင်း သူ့မျက်နှာက ဂုဏ်ယူဝင့်ကြွားဟန်နှင့် ပြုံးဖြဲဖြဲ။

ကုလားဘိုတီးက ရွှေပြည်သာတံတားဦးမှ ပိုက်ချပြီး မျှောလိုက်လာရာ ဝါးတစ်ရာရွာအနားပင် ရောက်လာသော်လည်း ပိုက်ချက်၌ ငါးမတိုး။ အမောသာ အဖတ်တင်၏။

“အေးလေ၊ မင်းက ဘုန်းကြီးစိတ်နဲ့ မြစ်ထဲဆင်းပြီး ပိုက်ချတော့ ဘယ်ငါးက လာတိုးမလဲ။ ဘုန်းကြီးဝတ်တုန်းက ဘုန်းကြီးစိတ်ထားတာ မှန်ပေမယ့် တံငါတောရောက်ရင် တံငါစိတ်ပေါက်ရမှာပေါ့။ ဟိုတုန်းကလို တက်တက်ကြွကြွလုပ်စမ်းပါ ယောက်ဖရယ်။ မင်း လုပ်ပုံနဲ့တော့ ငါ့နှမ ထမင်းတောင် နပ်မှန်ပါဦးမလား။ ကြည့်လုပ်၊ သွားမယ်။ ညနေ ရွှေပြည်တန်ကစောင့် … ငါဒကာခံမယ်”

ဓားမြဟန်က သူ့လှေကို ခပ်သွက်သွက်လှော်ရင်း အော်ပြောသွား၏။ လူကလည်း လူသွက်၊ ရေကလည်း အတက်၊ ငါးကလည်း အမိဆိုတော့ ဓားမြဟန် လက်မထောင်နိုင်ပြီပေါ့။ ရပါစေလေ၊ သူရလည်း ကိုယ်ရသလိုပါပဲ။

သို့သော် ကုလားဘိုတီးအဖို့ ဓားမြဟန် ငါးရသည်ကို ဝမ်းသာ၏။ မိမိ မရသည်ကိုလည်း ဝမ်းမနည်းမိ။ ယခင်လို သူက ဒီနေရာက ဒီငါးရရင် ငါကလည်း ဟိုနေရာကို အရောက်သွားပြီး သူ့ထက်ကြီးတဲ့ ငါးကို ရအောင်ရှာမယ်ဟူသော စိတ်မျိုး နည်းပါးသွားသည်က အမှန်။

ဒီကြားထဲ ဦးပဉ္စင်းဝတ်စဉ်က ဝိပဿနာရှုပွားနည်းအကျိုးပြု ဂါထာတော် (ကဗျာ) လေးကို နားထဲက ပြန်လည်ကြားလာမိသည်။ ဒီအကျိုးပြုဂါထာတော်လေးကို တရားထိုင်တိုင်း၊ ထိုင်တိုင်း ရွတ်ဆိုခဲ့ရ သည်။ ပြီးတော့ ထွက်လေ၊ ဝင်လေကို မှတ်ရသည်။ ထိရင် ထိတယ်၊ သိရင် သိတယ်၊ ထွက်သိ ဝင်သိ သိ… သိ… ဟူ၍ မှတ်ရင်း သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်သာဟူသော ထိသိမှတ်ဖို့လည်း ဦးခေါင်း ထဲ၌ လင်းခနဲ လက်ခနဲ ပေါ်ပေါ်လာသည်။

“ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊ ရုပ်နာမ်နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊ မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊ အနတ္တ၊ သိရနိဗ္ဗာန်ဝင်”

ဟူ၍ ပိုက်ခေါင်းကြိုးကို ကိုင်ရင်း ကုလားဘိုတီးက ဆိုနေမိလေတော့သည်။

“ဝုန်း”

ပိုက်ထဲက ရေပွက်သံကြီးနှင့် ငါးခုန်တိုးသံကို ကြားသိလိုက်ရသည်။ အမှတ်နှင့်နေရင်း ငါးခုန်တိုးမှုကြောင့် ကုလားဘိုတီး လန့်ဖျပ်၍ပင် သွားရ၏။

ကုလားဘိုတီး၏ လက်ထဲက ပိုက်လှုပ်လာသည်၊ ခုန်လာသည်။ ရေထဲကပေါ်နေသော ဖော့ခေါင်းလေးများပင် ငါးရုန်းမှုကြောင့် မြှုပ်သွားပြီ ဖြစ်သည်။

ဒီတော့ ကုလားဘိုတီးက-

“သိတယ်၊ တိုးတယ်၊ ဆွဲတယ်၊ ဆွဲတယ်၊ သတိ၊ သတိ”

မိမိကိုယ်ကို သတိပေးရင်း ရေထဲကပိုက်ကို တဖြည်းဖြည်းချင်း ဆွဲ၍ ဆွဲ၍ လှေပေါ်သို့ တင်သည်။ လှေကို ရွေ့မျောမသွားရအောင် ထိုးဝါးကိုစိုက်၍ ကြိုးချည်ထားရ၏။ ပိုက်ထဲ၌ မိနေသော သတ္တဝါက အနည်းငယ် လှုပ်ရှားပြီး ငြိမ်သွား၏။

ပိုက်က ထူးတော့ ထူးခြား၏။ ယခင် ငါးမိ၍ ရုန်းသည့်ပုံစံမျိုး မဟုတ်။ တစ်နေရာတည်း၌ စုပြီး လေးနစ်နေသည်။

“ဟာ… ဝိုင်းဝိုင်းကြီးဟ၊ အိုး… နည်းတဲ့လိပ်ကြီး မဟုတ်ပါလား”

မှန်သည်၊ လေးဘီးမော်တော်ကား၏ ဘီးအဝိုင်းနီးပါးရှိသော လိပ်ကြီးတစ်ကောင်။ ဒီလိပ်ကြီး၏ ကျောကုန်း၌ စပါးကြီးမြွေ၏ အကွက်ကျဲကျဲကြီးများက အနက်တစ်ကွက်၊ အဝါတစ်ကွက်နှင့် လှမှလှ ချည်သေးရဲ့။ ပြီးတော့ ကျောလယ်ကောင်၌ ရွေချထားသောကြောင့် ရွှေရောင်တွေပင် လွင်နေ၏။ လိပ်ကြီး၏ကျောကို နေက အထိုးမို့ ကုလားဘိုတီး မျက်လုံးများပင် ကျိန်းစပ်သွားရ၏။ ကုလားဘိုတီး ရွှေလိပ်ကြီး ရသွားပြီ။

ရွှေလိပ်ကြီးသည် ရုန်းကန်ခြင်း အလျှဉ်းမပြု။ ပိုက်ထဲ၌ ငြိမ်သက်ပြီး လိုက်ပါလာသည်။ ကုလားဘိုတီးက ပိုက်ထဲမှ လိပ်ကြီးကို ဖြုတ်၍ လှေပေါ်သို့ တင်လိုက်သည်။ လှေပင် နင့်ခနဲ ဖြစ်သွားသည်ဟု ထင်လိုက်ရ၏။

“မြစ်ထဲက ထူးခြားတဲ့ သတ္တဝါကြီးတွေရရင် မသတ်နဲ့။ ပြန်လွှတ်ပေးရတယ်။ ကုသိုလ်ရတယ်။ အကျိုးထူးတယ်”

ဟူသော ရှေးနောင်တော် တံငါများ၏ စကားများကိုလည်း ပြန်လည်သတိရ ကြားယောင်လာသည်။ ဒီလိပ်ကြီးကို ကုလားဘိုတီး မသတ်ရက်။

မြစ်ထဲက ထူးထူးခြားခြား ရရှိလာသော ရွှေလိပ်ကြီးသည် ပထမတော့ သူ့ဦးခေါင်းကို ဝှက်ထားသည်။ နောက်မှ သူ့ကို အန္တရာယ် မပြုမှန်း သိသွားဟန်တူ၏။ ထို့ကြောင့် သူ့ခေါင်းလေးကို ထုတ်ပြီး ကုလားဘိုတီးကို အသနားခံသောအကြည့်နှင့် စိုက်ကြည့်နေသည်။

“ဟေ့ကောင် ကုလားဘိုတီး၊ ငါ့ကို ပင်လယ်ဝသွားပြီး ပြန်လွှတ်ပေး။ ငါ ဒီလှိုင်းရိုက်မိပြီး မင်းတို့ ဝါးတစ်ရာမြစ်ထဲ ရောက်လာတာ”

ဟု ပြောကြားနေသယောင် ထင်မှတ်ရ၏။

“အေး… မင်းကို မသတ်ဘူး။ ပြန်လွှတ်ပေးမယ်။ ခဏစောင့်ဦး၊ ရေအီနေသေးတယ်။ မကြာခင် ရေကျတော့မယ်။ အဲကျမှ ပင်လယ်ရေစီးနဲ့ အနီးစပ်ဆုံးနေရာရောက်အောင် ပြန်ပို့ပေးမယ်။ မင်းလည်း မောနေတယ်။ အနားယူဦး။ ငါလည်း ဒီနေ့ဈေးဖိုးရအောင် ဘာလုပ်ရမလဲဆိုတာ စဉ်းစားရဦးမယ်”

ကုလားဘိုတီး ရွှေလိပ်ကြီးကို ငေးကြည့်ရင်း သူ့လှေကို ထိုးဝါးနုတ်၍ ပိုက်ပါရုပ်ပြီး ကျရေစောင့်ရန် ကမ်းစပ်တစ်နေရာ၌ လှေကို ရပ်ထားလိုက်လေတော့သည်။

xxx xxx xxx

ဝါးတစ်ရာမြစ်သည် တက်ရေ၊ ကျရေတို့ရောပြီး ရေစီးတန့်၍ ရေအီနေသည်။ ရေအီသည်ဆိုသည်မှာ ရေငြိမ်နေခြင်းဖြစ်သည်။ ထိုသို့ ငြိမ်သက်ပြီး မကြာခင်ပင် ကျရေစီးကြောင်းပေါ်ပြီး ပင်လယ်ဘက်သို့ ပြန်စီးဆင်းတတ်လေသည်။

မှန်သည်။ ညင်းသွဲ့သောလေက မြစ်တွင်းသို့ တသုန်သုန် မြူးကြွစပြုသည်။

ဟော… ကျရေဆွဲပြီ။ ဒီနေရာက ရေတက်ပြီဆိုဟေ့
ဆိုလျှင် ဝေါခနဲ ရေရောက်လာသလို ကျပြီဟေ့ဆိုလျှင် ကျရေစီးက မြင်းပြေးသလို တရိပ်ရိပ်နှင့် စီးဆင်းလေတော့သည်။

ထို့ကြောင့် ကုလားဘိုတီးက လှေပေါ်၌ ငြိမ်သက်နေသော ရွှေရောင်လိပ်ကြီးကို ပင်လယ်ဝနှင့် အနီးဆုံးဖြစ်သော ရန်ကုန်မြစ်ပေါက်ဝဘက်သို့ ခေါင်းတည်ပြီး ရေစီးနှင့် လှေကို လှော်ခတ်လိုက်လေသည်။

ကုလားဘိုတီး၏ လှေသည် ရေအားအစီး လေကအပင့်မို့ တရိပ်ရိပ်ထအောင် ပြေးလွှားနေလေတော့သည်။

ဒီလိုနှင့်ပင် ကုလားဘိုတီး၏ လှေလေးသည် အင်းစိန်ဘက်သို့ ရောက်လာသည်။ ထိုမှတစ်ဆင့် ကြည့်မြင်တိုင် ကမ်းနားဘက်သို့အရောက်တွင် လှေပေါ်၌ ငြိမ်သက်ပြီး လိုက်ပါလာသော ရွှေလိပ်ကြီးက သူ့ဘာသာသူ လှုပ်ရှားလာသည်။ ပြီးတော့ ကုလားဘိုတီးကို တစ်ချက်ငေးကြည့်လိုက်သည်။ ထို့နောက် လှေပေါ်မှတစ်ဆင့် တသွင်သွင်စီးဆင်းနေသော ပင်လယ်ရေစီးကြောင်းထဲသို့ ဝုန်းခနဲ ခုန်ဆင်းသွားလေတော့သည်။

“သွားပေဦးတော့ လိပ်ကြီးရေ”

ကုလားဘိုတီးက ပြောပြောဆိုဆိုနှင့် ရေစီးကြောင်းက လှေကို ခွဲထွက်ပြီး ဝါးတစ်ရာဘက်သို့ ပြန်ရန် ရေဆန်ကို လှော်ခတ်သည်။ ထို့နောက် မြစ်ကို ဓားလွယ်ခုတ်ဖြတ်ပြီး ရေငြိမ်ရာကမ်းစပ်ဘက်သို့ ဦးတည်လှော်ခတ်သွားလေတော့သည်။

“ဝုန်း… ဝုန်း”

“ဟာ… ဘာကောင်တွေ တက်လာတာလဲ”

ကုလားဘိုတီး အံ့သြသွား၏။ ကုလားဘိုတီး၏ မျက်လုံးများပင် ကျိန်းစက်သွားရ၏။

အကြောင်းမူ ငွေရောင်အကြေးကွက်ကြီးများ အကွက်လိုက်ပေါ်လာနေသော ငါးကြင်းကြီးနှစ်ကောင်မှာ ဘယ်လိုက ဘယ်လိုဖြစ်ပြီး လှေပေါ်သို့ ဝုန်းခနဲ ဝုန်းခနဲ ခုန်တက်လာသည်မသိ။ ထို့နောက် လှေဝမ်းထဲရောက်သောအခါ နှစ်ကောင်စလုံး ငြိမ်သက်သွားကြလေသည်။ ငါးကြင်းကြီးနှစ်ကောင်သည် တစ်ကောင်လျှင် တစ်ပိဿာကျော်ကျော်။ နှစ်ကောင်ဆိုလျှင် သုံးပိဿာကျော်၊ လေးပိဿာနီးပါးရှိမည်ဟု ခန့်မှန်းရလေသည်။

စင်စစ် မြူးပြီးတက်လာသော ငါးကြင်းကြီးနှစ်ကောင်မှာ လှေဝမ်းအတွင်း၌ရှိသော လှေဒေါက်သစ်သားပေါင်နှင့် ရိုက်မိပြီး သူ့အလိုလို ကိစ္စချောသွားခြင်းပင် ဖြစ်လေတော့သည်။

မည်သို့ဆိုစေ လှေအဆင်း မြင်းအတက်ဆိုသည်မှာ အရေးကြီး၍ သတိထားရသော အချက်များဖြစ်ကြောင်း ကုလားဘိုတီး ကြားဖူးသည်။ ယခုတော့ ကုလားဘိုတီး၏ ဖြစ်ရပ်က တစ်မျိုးဖြစ်နေသည်။ “လိပ်အဆင်း ရွှေငါးကြင်းက အတက်”တဲ့။

ဒီတော့ ကုလားဘိုတီးအဖို့ အိမ်ပြန်လှပြီပေါ့။ ကုလားဘိုတီးအဖြစ်က ပြော၍ပင် ယုံကြည်စရာမရှိ။ မြစ်ထဲ ပိုက်ချစဉ်က ငါးဟူ၍ တစ်ကောင်မှမမိ၊ တစ်ကောင်မှ မတိုး။ ရွှေလိပ်ကြီးတစ်ကောင် ကြံကြံ ဖန်ဖန်ရသည်။ ရွှေလိပ်ကြီးကို ပင်လယ်ရေစီးကြောင်းနှင့် အနီးစပ်ဆုံး နေရာသို့ရောက်အောင် သွားလွှတ်၏။ ထိုအခါ ငါးကြင်းတို့က ကုလားဘိုတီး မဖမ်းရဘဲနှင့် ထူးဆန်းစွာ လှေပေါ်သို့ ခုန်တက်ကြသည်။ ကုလားဘိုတီး စီးပွားတက်မည့်သဘောပင်။

မည်သို့ဆိုစေ ကုလားဘိုတီး ယနေ့အဖို့ ပိုက်ဆက်ချရန် မလိုတော့။ ယနေ့ ဈေးဖိုးရပြီ။ ရှင်ငြိမ်းသာ၏ ဗျစ်တီးဗျစ်တောက်အသံ ကြားရတော့မည် မဟုတ်သဖြင့် ဝမ်းသာသွားရသည်။

ထိုအခါ –

“မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊ အနတ္တ၊ သိရနိဗ္ဗာန်ဝင်”

ဟုဆိုသော စာသားလေးကို သွား၍ သတိရလိုက်မိလိုက်သည်။

သတ္တဝါအားလုံးသည် အမြဲမရှိကြ။ အားလုံး အနတ္တတရားတွေချည်းပါတကားဟု ဆင်ခြင်ရင်း လှေကို ဝါးတစ်ရာရွာအရောက် လှော်ခတ်နေမိလေတော့သည်။

ထိုအခါ သူငယ်ချင်းယောက်ဖ ဓားမြဟန်ပြောသော စကားများကို ပြန်လည်ကြားယောင်လာမိသည်။

“အေးလေ၊ မင်းက ဘုန်းကြီးစိတ်နဲ့ မြစ်ထဲဆင်းပြီး ပိုက်ချတော့ ဘယ်ငါးက လာတိုးမလဲ။ ဘုန်းကြီးဝတ်တုန်းက ဘုန်ကြီးစိတ်ထားတာ မှန်ပေမယ့် တံငါတောရောက်ရင် တံငါစိတ်ပေါက်ရမှာပေါ့။ ဟိုတုန်းကလိုတက်တက်ကြွကြွလုပ်စမ်းပါ ယောက်ဖရယ်။ မင်းလုပ်ပုံနဲ့တော့ ငါ့နှမ ထမင်းတောင် နပ်မှန်ပါဦးမလား။ ကြည့်လုပ်၊ သွားမယ်။ ရွှေပြည်တန်ကစောင့်၊ ငါ ဒကာခံမယ်”

ဟူသော စကားလေးကို ကြားယောင်ရင်း ကုလားဘိုတီး ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိလေသည်။

အမှတ် ၅၄၊ မတ်လ၊ ၂ဝ၁ဝ ခုနှစ်
သိဒ္ဓိမိုးမဂ္ဂဇင်း

– ပြီး –

စာရေးသူ – ပြည်ပန်းမိုး
စာစီစာရိုက် – မုဆိုးတံငါစာပေများ

Leave a Reply

Your email address will not be published. Required fields are marked *