• July 3, 2025
  • admin
  • 0

မောင်လွမ်းသူ
ကံကြုံ ကံဆုံ

ကျွန်တော်၏ မုဆိုးအတွေအကြုံအရ ပြောရလျှင် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများသည် ကျွန်တော်တို့ အထက်ချင်းတွင်းဒေသတွင် အမဲလည်၍ အကောင်းဆုံးလများပင် ဖြစ်ပါသည်။

အကြောင်းမူ ခြေခင်းလက်ခင်း သာယာသည်။ မိုးလေ အနှောင့်အယှက်ကင်းသည်။ အအေးဒဏ်လည်း မပြင်းလှသေး။

မိုးတွင်းခါလိုလည်း မျှော့များ၊ ကျွတ်များ၊ ခြင်များ မပေါတော့။

အကောင်းဆုံးအချက်မှာကား ထိုလများတွင် ဒရယ်၊ ချေ၊ ဝက်မှစ၍ ဆတ်၊ ပြောင်အထိ အကောင်စုံလိုက်၍ လွယ်ခြင်းပင် ဖြစ်ပါသည်။

သီတင်းကျွတ်လတွင် ကောက်ကြီးလယ်များ ကောက်ငန်းလန်စ (စိမ်းညို၍ ထလာစ) ဖြစ်ရာ လယ်ထဲတွင် ဒရယ်တွေကို အလွယ်တကူ တွေ့နိုင်သည်။

တောင်ခြေနှင့်နီးသော လယ်များ၌ဆိုလျှင် ဆတ်တွေပင် ဆင်း၍ စားတတ်သည်။

နောက်ပြီး တောင်ပေါ်တွင်လည်း ဆီးဖြူသီးကျစ ပြုပြီဖြစ်ရာ ချေကို ခဲခဲယဉ်းယဉ်း ရှာနေစရာ မလိုတော့။

ဝက်ပစ်လိုသေးသလား၊ တောင်ပေါ်၌ ဆကတ်သီး လှိုင်လှိုင်ကျပြီဖြစ်ရာ ဝက်တွေကို အုပ်နှင့်ချီ၍ တွေ့ရတတ်သည်။ ဝက်များ ဆကတ်သီးစားနေပြီဆိုလျှင် ‘တောက်ခနဲ … တောက်ခနဲ’ ကိုက်ခွဲလိုက်သံကို အတော်ဝေးဝေးကပင် အတိုင်းသား ကြားနိုင်သည်။

ဝက်သည် ဆကတ်သီးကို မနက် ညနေတွင်သာ အများဆုံး စားတတ်ရာ လိုက်၍ အလွန်လွယ်ပါသည်။

နောက်ပြီး ဝက်မိတ်သင်း တစ်ကောင်နှင့်တစ်ကောင် ကိုက်နေသံမှာ တတောလုံး ဆူညံနေရာ မုဆိုးကို အဝေးက ဖိတ်ခေါ်နေသည့်နှယ်ပင်။

ဆက်အတွက်ကော။

ဆတ်တို့သည် သီတင်းကျွတ်လလောက်မှစ၍ အင်းတွေမှာ ခွာရေစိမ်ဆင်းစ ပြုတော့သည်။ အင်းမှာ ဆတ်ခွာရေစိမ် ဆင်းနေပြီဆိုလျှင် အငြိမ်မနေပါ။ တဖုန်းဖုန်းနှင့် ရေထဲမှာ ခွာပေါက်နေသံကို အဝေးကပင် အတိုင်းသား ကြားနိုင်သည်။

ဆတ်သည် သီတင်းကျွတ်လလောက်မှစ၍ တပို့တွဲလလောက်ထိ အင်းတွေမှာ ခွာရေစိမ် ဆင်းတတ်ပါသည်။ နွေအခါ၌ကား အင်းများ ချောင်း များ၌ ကိုယ်လုံး တစ်ဝက်နီးပါးခန့် ရေမြုပ်အောင်ဆင်းပြီး ငြိမ်ငြိမ်ကြီး နေတတ်ပါသည်။

ထူးခြားချက်မှာ ထိုအချိန်၌ကား တဖုန်းဖုန်းနှင့် ခွာမပေါက်တော့ပါ။ ထိုသို့ ရေထဲတွင် ငြိမ်သက်စွာ ဆင်းတတ်သော အလေ့ကိုတော့ ရေငွေ့လှုံသည်ဟု မုဆိုးတို့ ပြောစမှတ် ပြုကြပါသည်။

အကယ်၍ မိတ်ဆွေသည် သည်အကောင်တွေ မပစ်လိုသေး၊ ပြောင်လို အမဲကြီးမှ ပစ်လိုသည် ဆိုအံ့။ ဤလို လတွေမှာ ပြောင်ကို တောနက် တောဖျား ရိုးမကြီးအထိ လိုက်ရှာနေစရာ မလိုပါ။ ဝါးတော ကောင်းကောင်း ရှိရာသို့ လိုက်ပါလေ။

ထိုအချိန်၌ မျှစ်များ ပျံစပြုပြီဖြစ်ရာ ပြောင်အုပ်သည် မျှစ်ရှိရာ လိုက်တော့သည်။ ပြောင်သည် မျှစ်တိုသေးချိန်၌ စားလေ့မရှိပါ။ မျှစ်များ ပျံစပြု၍ ပေါင်ရင်း၊ ခါးလယ်လောက် အမြင့်ရှိမှသာ ဦးခေါင်းနှင့် တိုက်ချိုးပြီး စားလေ့ရှိပါသည်။

ပြောင်တို့ ဖြောင်းခနဲ မျှစ်ချိုးသံကိုလည်း အတော်လှမ်းလှမ်းမှပင် ကြားနိုင်ပါသည်။

ထိုသို့ တစ်ရာသီတည်းတွင် အကောင်စုံ ပစ်နိုင်ရန် အခွင့်အရေးရဖို့ မလွယ်ပါ။ သို့ဖြစ်၍ သီတင်းကျွတ် တန်ဆောင်မုန်းလတွေကို ကျွန်တော်တို့ဒေသ၌ အမဲလည်၍ အကောင်းဆုံးဟု ကျွန်တော် ဆိုရခြင်းဖြစ်ပါသည်။

(၂)

တန်ဆောင်မုန်းလဆန်းစ ညတစ်ညတွင် ကျွန်တော်သည် နောက်လိုက် ရဲဘော်ကြီးများဖြစ်သော ကိုကျန်ထွန်း၊ ကိုလှထွန်းတို့ ညီအစ်ကိုနှင့်အတူ ပန်းသပြေတော၌ အမဲလည်လျက် ရှိပါသည်။

ပန်းသပြေတောမှာ ဟုမ္မလင်းမြို့ တစ်ဖက်ကမ်းရှိ ကက်သာရွာနှင့် ခုနစ်မိုင်ခန့် ဝေးမည်ဖြစ်၍ အမဲပါရာတွင် နာမည်ကြီးလှသော တောတစ်တော ဖြစ်ပါသည်။

ဤနေရာ၌ ပန်းသပြေတောအကြောင်း အနည်းငယ် ပြောလိုပါသေးသည်။

ဤတောသည် အမဲပေါလှသော်လည်း တောကြမ်းသည်ဟု ယူဆထားကြ၍ မုဆိုးတိုင်း မလည်ဝံ့ကြပါ။

ကျွန်တော် ဟုမ္မလင်းနယ်သို့ မရောက်မီက နှစ်ကြိမ်နှင့် ကျွန်တော်ရောက်ပြီးမှ တစ်ကြိမ်၊ မုဆိုးနှင့် နောက်လိုက် အချင်းချင်း မှားပစ်မိ၍ လည်းကောင်း၊ မုဆိုးတစ်ဖွဲ့နှင့် တစ်ဖွဲ့ မှားပစ်မိ၍ လည်းကောင်း၊ သုံးကြိမ်တိတိ လူသေဖူးထားသော တောတစ်တော ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ပါသည်။

ဟုမ္မလင်းတွင် ခေတ္တခဏ စခန်းချကြသော တပ်မတော်သားများပင် ဤတော မလည်ဝံ့ကြပါ။ ဟုမ္မလင်း မရောက်မီကပင် ဤတောအကြောင်း ကြားခဲ့ဖူးကြသည်ဟု ဆိုပါသည်။

ကျွန်တော်သည် ကက်သာတွင် ခြောက်နှစ်တိတိ နေထိုင်ခဲ့၍ ဤတောတွင် အကြိမ်ပေါင်းများစွာ လည်ခဲ့ဖူးပါသည်။ မည်သည့် အနှောင့်အယှက် အမှားအယွင်းမျိုးမှ မတွေ့ခဲ့ရပါ။

တောခြောက်သည်ဆိုသော အဖြစ်မျိုးကိုလည်း လုံးဝ မတွေ့ခဲ့ဖူးပါ။

အမှန်တော့ လူသေရခြင်းမှာ တောအပြစ် မဟုတ်။ မုဆိုး၏ သတိချွတ်ယွင်းမှု၊ ပေါ့ဆမှု၊ ရှေ့လောကြီး မှုများကြောင့်ပင် ဖြစ်ရမည်ဟု ကျွန်တော် ယူဆပါ၏။

မည်သို့ပင်ဖြစ်စေ မုဆိုးအလည်နည်း၍သာ သား ကာ ဤမျှလောက် ပေါနေခြင်းဖြစ်မည် ထင်ပါသည်။

ကျွန်တော်တို့သည် ည ကိုးနာရီခန့်မှစ၍ တောင်ကြော တစ်ခုပြီးတစ်ခု မီးထိုးလျက် ရှာခဲ့ကြပါသည်။ ကျွန်တော်သည် လက်နှိပ်မီးကို နောက်လိုက်အား ထိုးခိုင်းလေ့မရှိ။ ကိုယ်တိုင်ထိုးကာ မီးရော၊ သေနတ်ပါကိုင်၍ ပစ်တတ်ပါသည်။ ဤသို့ ပစ်တတ် အောင်လည်း တမင်ကျင့်ထားရ၏။

သားကောင်တို့သည် အလွန် ပါးနပ်လှပေရာ သားကောင် တွေ့ပြီဆိုလျှင် မုဆိုးတစ်ဦးတည်းတောင်မှ ခြေသံ အတော်လုံအောင် ထိန်း၍ ချဉ်းကပ်နိုင်မှ ပစ်ဖို့အခွင့်အရေး ရပါသည်။

တောင်ပေါ်လမ်းတို့တွင် ဆတ်ခြေရာသစ်များကို တွေ့ရသော်လည်း သားကောင်ကိုကား မတွေ့ရသေးပါ။

“ကနေ့ညတော့ မတွေ့မချင်း တစ်ညလုံး လိုက်ရအောင်နော် ဆရာ။ မနက်ဖြန် ဆရာအားသားပဲ”

ကိုလှထွန်းက စ၍ ပြောလိုက်ပါသည်။

“လိုက်ပါလေ၊ ဒီရာသီမျိုးသာ တစ်ညလုံး လိုက်နိုင်တာ။ နောက်လတွေဆိုရင် မှိုင်းက လာတော့မယ်”

ကျွန်တော်က အလိုက်သင့် ပြောလိုက်ပါ၏။

မှန်ပါသည်။ ကျွန်တော်တို့ အထက်ချင်းတွင်းဒေသတွင် နတ်တော်လပြည့်ကျော်လောက်မှစ၍ နှင်းတွေထူထပ်စွာ ကျစပြုတော့ ည ဆယ်နာရီကျော်လောက်ဆိုလျှင်ပင် ရှေ့ဆယ်ကိုက်လောက်ကိုပင် မီးထိုး၍ မပေါက်တော့။

ညည့်နက်သည်နှင့်အမျှ နှင်းထုလွှာက ထူထပ်သည်ထက် ထူထပ်လာတော့သည်။

နှင်းထုလွှာသည် မိုးလင်း၍ နံနက် ကိုးနာရီ၊ ဆယ်နာရီကျော်မှ ကွဲစပြုသည်။ ထိုအချိန်မှသာ နေရောင်ကို မြင်ရတော့သည်။

ထိုသို့ နှင်းထု ထူထပ်စွာ ကျဆင်းခြင်းကို ဤဒေသတွင် မှိုင်းတိုက်သည်ဟု ခေါ်ကြပါသည်။

တပေါင်းလကုန်လောက်အထိ မှိုင်းတိုက်တတ်ပါသည်။

တောင်ပေါ်မှာထက် ကွင်းပြင်မှာဆိုလျှင် ပို၍ သိပ်သည်းစွာ တိုက်တတ်သည်။ မှိုင်းတိုက်ချိန်တွင် မီးထိုး၍ မပေါက်တော့သည့်အတွက် မုဆိုးတို့ လက်မှိုင်ချရသော အချိန်ပင် ဖြစ်ပါသည်။

“လယ်တွေ အရင်လိုက်မလား၊ အင်းတွေ အရင်လိုက်မလား ဆရာ”

ကိုကျန်ထွန်းက မေးလိုက်ပြန်သည်။

“အင်းတွေကို အရင်လိုက်ကြရအောင်ဗျာ။ လယ်ထဲမှာတော့ ညဉ့်သန်းခေါင်ကျော်မှသာ အတွေ့ရများတယ်ဗျ။ ဒီကောင်တွေက လူစိုက်ခင်းဆို ဘယ်တော့မှ စောစောမဝင်ဘူး”

ကျွန်တော်တို့သည် တောင်ခြေဘက်သို့ ဆင်းသောလမ်းအတိုင်း လိုက်ခဲ့ကြသည်။ တောင်ခြေတွင် နောင်းပူဆိုင်အမည်ရှိ အင်းတစ်အင်း ရှိပါသည်။ အင်းတစ်ဖက်တွင်ကား မုရင်းလယ်ကွင်းများ။

တန်ဆောင်မုန်းလသည် မုရင်းလယ်သမားများ လယ်စဆင်းချိန် ဖြစ်ပါသည်။

ကျွန်တော်တို့သည် နောင်းပူဆိုင်အင်းဆီသို့ လှည့်ခဲ့ ကြသည်။ အင်းနှင့် အတော်လေးနီးလာချိန်မှာပင် အင်းဆီမှ ရေသံ တဖုန်းဖုန်းကို ကြားရပါတော့ သည်။

ကျွန်တော်တို့အားလုံး ဝမ်းသာသွားကြသည်။ ဆတ် ခွာရေစိမ် ဆင်းနေခြင်းပင် မဟုတ်လော။

ကျွန်တော်တို့သည် အဝေးက လက်နှိပ်မီးရောင်ကိုမြင်လျှင် ဆတ် လန့်ပြေးသွားမည်စိုး၍ မီးမှိတ်ပြီး အသာ ခြေသံထိန်း၍ လာခဲ့ကြပါသည်။ အင်းနားရောက်မှ ရုတ်တရက် မီးချ၍ပစ်မည်ဟု ရည်ရွယ် ထားသည်။

ရှေ့ လေးငါးလှမ်းလောက်ဆိုလျှင် ကျွန်တော်တို့သည် တောင်ခြေအင်း ရောက်တော့မည် ဖြစ်သည်။

သို့ရာတွင် မမျှော်လင့်သော ဖြစ်ရပ်တစ်ခုကြောင့် ကျွန်တော့်ခြေလှမ်းများ တုံ့သွားတော့သည်။ ရုတ်တရက် ဝင်းခနဲ ပေါ်ထွက်လာသော လက်နှိပ်မီးရောင်ကို မြင်လိုက်ရခြင်းကြောင့် ဖြစ်ပါသည်။

လက်နှိပ်မီးရောင်သည် အင်းအလယ်လောက်ဆီ တည့်တည့်ထိုးထားပါသည်။ အင်းမှာ မကျယ်လှပါ။ ကိုက် ခြောက်ဆယ်ခန့်လောက် ရှည်ပြီး အကျယ်မှာ ကိုက်နှစ်ဆယ်ခန့်လောက်သာ ရှိမည်ဖြစ်သည်။

ချိုထောင်ကြီးနှင့် ဆတ်ဖားကြီး တစ်ကောင်ကို မီးရောင်တွင် အတိုင်းသား မြင်နေရသည်။ မုဆိုးမီးမှလွဲ၍ အခြားမီး မဖြစ်နိုင်ပေ။

မီးရောင်သည် ကျွန်တော်နှင့် တည့်နေသည်။ ကျွန်တော်သည့် ချက်ချင်း ဝမ်းလျားမှောက်ပစ်လိုက်၍ အနီးရှိ အင်ပင်ငုတ်တိုတွင် ကပ်ကာ မျက်နှာနှင့်မြေကြီး ပြားနေအောင် ကပ်ထားလိုက်ရသည်။

မျက်စိစုံမှိတ်၍ သေနတ်သံကိုသာ နားစွင့်နေရတော့သည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်

စက္ကန့် နှစ်ဆယ်လောက်သာ ကြာသွားသည်။ ဘာသေနတ်သံမှ မကြားရ။ ဘာကြောင့်ပါလိမ့်။

ယမ်းတောင့် မပေါက်တာများလား။

မီးရောင်ကား ငြိမ်၍ တန်းတန်းကြီး ထိုးမြဲ ထိုးထား သည်။ ကျွန်တော်သည် အသာမျက်စိဖွင့်၍ နောက် လှည့်ကြည့်လိုက်သည်။

ကိုကျန်ထွန်းတို့ ညီအစ်ကိုလည်း ကျွန်တော့်လိုပင်။ မြေပြင်မှာ ပြားနေအောင် ဝပ်နေကြသည်။

ဆတ်ကြီးသည် လုံးဝ မလှုပ်ရှားဘဲ မီးရောင်ကိုသာ ထည့်တည့်ကြီး စိုက်ကြည့်နေပါသည်။

တစ်မိနစ်နီးပါးခန့်ကြာမှ အင်းထဲက တက်ပြီး တဖြည်းဖြည်း တောင်ပေါ် သို့ တက်သွားပါတော့သည်။

ကျွန်တော် ဝပ်နေရာရှေ့မှ ဖြတ်သွားခြင်းဖြစ်ရာ ကျွန်တော်နှင့်ဆိုလျှင် အများဆုံး ဆယ်ကိုက်ခန့်သာ ကွာမည်ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ တောက်ခနဲ တောက်ခနဲ ကျသွားသော ရေစက်တွေကိုပင် မီးရောင်တွင် မြင်နေရပါ၏။

ဆတ်ကြီးသည် ကျွန်တော့်ရှေ့မှ ဖြတ်သွား၍ အင်တိုင်းတောအတွင်း တဖြည်းဖြည်း ဝင်သွားရာ မီးရောင်ကလည်း ဆတ်ကြီး ပျောက်ကွယ်သွားသည့်တိုင် လိုက်ထိုးထားပါသည်။ ဆတ်ကြီးပျောက်သွားမှ မီးရောင်ကလည်း အင်းတစ်ဝိုက် ဟိုလှည့် သည်လှည့် ထိုးပြီး တစ်ဖက်သို့ ပြန်လှည့်သွားပါသည်။

တစ်ဖက်ရှိ မုရင်းလယ်တဲအနီးရောက်မှ ပျောက် သွားတော့သည်။ တဲထဲ ဝင်သွားခြင်း ဖြစ်ပေမည်။

မီးရောင်ပျောက်သွားမှ ကျွန်တော်တို့လည်း ဝပ်ရာမှ ထရဲပါတော့သည်။

“ဘယ်က မုဆိုးပါလိမ့် ဆရာ။ ကျွန်တော်တို့ထက် နည်းနည်းလေး ဦးသွားတာ။ ကျည်ဆန် မပေါက်ဘူး ထင်တယ်”

ကိုလှထွန်းက စ၍ ပြောလိုက်သည်။

“ဆရာနဲ့ နီးနီးကလေး ဖြတ်သွားတာဗျာ။ ပစ်မှ ပစ်လိုက်ရောပေါ့”

ကိုကျန်ထွန်းက အားမလိုအားမရ ပြောလိုက်ပြန်ပါ သည်။

“ဟာ… သူများအမဲ ကျွန်တော် လုမပစ်ချင်ဘူး။ တော်ကြာ မုဆိုးချင်း စကားများနေရ မကောင်းဘူးဗျာ”

“ကျွန်တော်တို့ ပစ်လို့ရလဲ ဝေငှယူတာပေါ့ ဆရာ။ ကျွန်တော်တို့လဲ လောဘမကြီးပါဘူး။ ပစ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ညှိလိုက်ရင် ဖြစ်တာပဲ မဟုတ်လား”

“အေး … သူတိုဘက်က ဒီလို သဘောပေါက်ရင်တော့ အကောင်းသားပေါ့ဗျာ။ ဒီလိုမဟုတ်ဘဲ သူတို့အမဲ လုရပါ့မလားလို့ စကားများနေရင် ကျွန်တော့်စိတ်လဲ ခင်ဗျားတို့ အသိသားပဲ”

“ဘယ်က အဖွဲ့တွေလဲ မသိဘူး။ ဟို မုရင်းတဲထဲ ဝင်သွားကြပြီ။ အဲဒါ ဖာနိုင်းရွာက ဦးဘခိုင်ရဲ့တဲ ဆရာ။ ကျွန်တော်တို့ လိုက်သွားကြည့်ရအောင်။ မုဆိုးအချင်းချင်း စကားပြောပြီး တောခွဲလည်ကြတာပေါ့”

ကိုလှထွန်းက ပြောလိုက်သည်။

“အင်း… သွားချင်သွားလေ။ ကျွန်တော်တို့ကြောင့် သူတို့ စိတ်အနှောင့်အယှက်တော့ မဖြစ်တန်ကောင်းပါဘူး”

“ဟာ မဖြစ်နိုင်ပါဘူးဆရာ၊ သွားရအောင်ပါ။ ရေနွေးလဲ သောက်ရင်းပေါ့”

ကျွန်တော်တို့သည် အင်းဘေးမှ ဖြတ်၍ ဦးဘခိုင်၏ တဲဆီသို့ လာခဲ့ကြပါသည်။ တဲအတွင်း ဝင်လိုက်သောအခါ မီးလှုံနေသော ဦးဘခိုင်နှင့် ဆယ်နှစ်ရွယ်ခန့်ရှိ သူ့သားကလေးမှတစ်ပါး တခြားလူစိမ်းများကို မတွေ့ရပါ။

“ဟာ… ဆရာပါလား၊ လာ…လာ။ ဆရာ နည်းနည်းလေး နောက်ကျသွားတယ်ဗျာ။ တကယ့်ကို နည်းနည်းကလေးပဲ”

“နေပါဦး ဘလေးခိုင်၊ ဘယ်မုဆိုး လာသလဲ။ ခုန မီးရောင်က ဒီတဲထဲ ဝင်သွားသလားလို့ပါ”

“ဘယ်မုဆိုးမှ မလာပါဘူး ဆရာ။ အဲဒါကျုပ်တို့ပဲ”

“ဟင်… ခင်ဗျားတို့က ဘာနဲ့ ပစ်ကြမလိုလဲ။ လေးတွေ မြားတွေ ဆောင်ထားပြီလား”

“ဘာနဲ့မှ မပစ်ပါဘူး။ ကျုပ်သားက ဆတ်ကို မမြင်ဖူးလို့ လိုက်ပြတာ”

“ဟာ… သေစမ်းပါတော့ဗျာ။ ကျွန်တော်တို့လဲ တစ်ဖက်ကအနား ရောက်နေပြီ။ ခင်ဗျားတို့ မီးရောင်မြင်မှ မုဆိုးထင်ပြီး ကျွန်တော်တို့ မှန်မှာစိုးလို မြေပြင်မှာ မှောက်နေလိုက်ရတာဗျာ။ မီးရောင်က ကျွန်တော်နဲ့ တည့်နေတာကိုး”

“ဖြစ်မှ ဖြစ်ရလေ ဆရာရယ်။ ကျုပ်တို့လဲ မသိလို့သာပေါ့။ သိရင် ဘယ်လုပ်ပါ့မလဲ။ သက်သက် ဆရာတို့ကို အနှောင့်အယှက်ပေးသလို ဖြစ်သွားပြီ”

“ဒါလဲ သိမှ မသိတာ၊ ဘယ်တတ်နိုင်မလဲဗျာ။ အမှန်တော့ ဒီဆတ် သေနေ့မစေ့သေးတာပေါ့။ သတ္တဝါ သေကံမပါသေးရင် ဒီလိုချည်းပဲဗျ။ အနားကပ်ပစ်တောင် ယမ်းတောင့် မပေါက်ဘူး။

အမှန်တော့ ပစ်ရတယ်၊ အမဲရတယ် ဆိုတာလဲ သတ္တဝါကံ၊ လူ့ကံ၊ ကံကြုံ ကံဆုံမှ ရတာပဲ”

“ဘလေးခိုင်ရေး ဒီဆတ်ကတော့ ဟင်းအိုးထဲကကို ခုန် ထွက်သွားတာပါပဲဗျာ။ ကနေ့ညတော့ အမဲဦး လွဲသွားတာနဲ့ ပြီးပြီထင်ပါတယ်”

ခုထိ တစ်ခွန်းမှ မဟသေးသူ ကိုလှထွန်းက စိတ်ပျက်လက်ပျက် ဝင်ပြောလိုက်သည်။

“အို… ခင်ဗျားကလဲ ဘာစိတ်ဓာတ်ကျတာလဲ။ ကျုပ်တို့နဲ့ ဆိုင်ထိုက်တဲ့အကောင်ဆိုရင် တွေ့ဦးမှာပေါ့ဗျာ”

ကျွန်တော်က သူတို့ စိတ်ဓာတ်မကျစေရန် အားပေးလိုက်ရပါသည်။

“မုဆိုးတွေဟာ အမဲမရရင် ကစဉ်းတယ်၊ လမိုင်း ပျက်တယ်နဲ့ ပြောတတ်ကြတယ်။ ဘာလမိုင်းမှ မဟုတ်ဘူး။ အမဲရတာရှိရင် မရတာလဲ ရှိမှာပဲ။ ပစ်လို့ မှန်တာရှိရင် လွဲတာလဲ ရှိမှာပဲ။

နေ့ ရှိတယ်၊ ည ရှိတယ်။ လပြည့် ရှိတယ်၊ လကွယ် ရှိတယ်။ အဖို ရှိတယ်၊ အမ ရှိတယ်။ ဖြစ်တာရှိရင် အပျက် ရှိစမြဲပဲ။ ဒါ လောကဓံသဘောတွေပါ။ ဘာကိုမှ ခင်ဗျားတို့ မယိုးစွပ်ကြနဲ့။ ကဲ … ရေနွေးလေး ဘာလေးသောက်၊ ဆက်ထွက်ကြမယ်”

(၃)

ဆယ့်တစ်နာရီကျော်လောက်တွင် ကျွန်တော်တို့ ဦးဘခိုင်၏ တဲမှ ဆက်ထွက်ခဲ့ကြပါသည်။

ပထမဦးစွာ နန်ကပေါအမည်ရှိ ချောင်းရိုးဘေး ကောက်ကြီးလယ်ကွင်းများဘက်သို့ လှည့်၍ မီးထိုးရှာကြ ပါသည်။

ပေါင်လယ်သာသာလောက် အမြင့်ရှိသော မျက်လုံးစိမ်းစိမ်းတစ်စုံကို လယ်အစပ်လောက်တွင် မီးရောင်၌ လက်ခနဲ မြင်လိုက်ရသည်။ သို့သော် ကြာကြာ မီးမခံ။ ကိုင်းထဲ ပြန်ဝင်သွားသည်။

ဒရယ် ဖြစ်ပေမည်။ ဆတ် မျက်လုံးအား မတွေ့။

အချိန်အနည်းငယ် စောသေးဟန်တူသည်။ ဆတ်တို့သည် သည်အချိန်မျိုး၌ လယ်ထဲဝင်လေ့မရှိ။ အနည်းဆုံး နာရီပြန်တစ်ချက် … နှစ်ချက်၊ လူတို့ အိပ်မောကျနေချိန်လောက်မှသာ ဝင်လေ့ရှိပါသည်။

ထိုကြောင့် ကျွန်တော်တို့သည် လယ်စပ်မှ တောင်ပေါ်သို့ ပြန်တက်ခဲ့ကြပါသည်။

တောင်ကြောတစ်ဖက်ရှိ ကွင်းတွေမှာ နောင်းစီရေး၊ နောင်းမယ်အော်၊ နောင်းလိုင်းနား အမည်ရှိ အင်းတွေ ရှိသည်။ (နောင်းဆိုသည်မှာ ရှမ်းအခေါ် အဝေါ် ဖြစ်၍ မြန်မာလို “အင်း”ဟု အဓိပ္ပါယ်ရသည်။)

ထိုအင်းတွေဘက် လှည့်ရှာကြရန် ဖြစ်ပါသည်။

ကျွန်တော်သည် တောင်ခြေကွင်းသို့ ဆင်းရန် မီးယမ်းကြည့်လိုက်ချိန်၌ တစ်ဖက် တောင်ကြောတွင် မျက်လုံးစိမ်းစိမ်းကြီး တစ်စုံကို မြင်ရပါတော့သည်။ တစ်လုံးနှင့် တစ်လုံး တစ်မိုက်ခန့် ကွာမည့်အပြင် ရင်စို့လောက် အမြင့်ရှိ၍ ဆတ်ဖကြီးဟု သိလိုက်ပါသည်။

ကျွန်တော်နှင့် ကား ကိုက်ငါးဆယ်ခန့် ကွာပေမည်။ မျက်လုံးအစုံမှာ နေရာမရွေ့ဘဲ မီးကို စိုက်ကြည့်နေပါသည်။

ကိုင်းပင်များ ကွယ်နေ၍ ခန္ဓာကိုယ်ကို မမြင်ရပါ။

ကျွန်တော်သည် မီးကစား၍ ရှေ့အနည်းငယ် တိုးသွားပါသည်။ သို့ရာတွင် ကိုင်းပင်တွေ ထူထပ်နေသဖြင့် အနည်းငယ်သာ တိုးနိုင်ပြီး ရှေ့ဆက်၍ လုံးဝ တိုးမရတော့ပါ။

ကျွန်တော် ရပ်နေရာနှင့် ကိုက်ငါးဆယ်နီးပါးခန့်တော့ ကွာပေမည်။

ဓာတ်ခဲလေးတောင့် ဆက်ထားသော လက်နှိပ်မီးရောင်၌ မျက်လုံးအစုံနှင့် နားရွက်ကို အထင်အရှား မြင်နေရ၍ သေသေချာချာ ချိန်ပစ်က မှန်နိုင်ပေမည်။

ကျွန်တော်သည် ရှေ့ဆက်တိုး၍ မရတော့သည့်အဆုံး မျက်လုံးနှစ်လုံးကြား အထက်နားကို ဂျပန်ပြောင်းရှည် သေနတ်ဖြင့် အသေအချာချိန်၍ အသက်အောင့်ကာ မောင်းဖြုတ်ချလိုက်ပါသည်။

“ဒိုင်း” ဟူသော သေနတ်သံအဆုံး တဝေါဝေါ ကိုင်း တိုးသွားသံ ကြားရ၍ အတော်လှမ်းလှမ်း ရောက်သောအခါ “တိန်”ခနဲ တစ်သွားပါသည်။

ကျွန်တော် သိလိုက်ပါသည်။ လွဲသွားပေပြီ။

ဆတ်သည် မှန်သွားလျှင် တစ်လေ့ မရှိပါ။ လွဲချော်သွားလျှင်တော့ လန့်၍ တစ်တတ်ပါသည်။

“မထိဘူးဗျို့ … ချော်သွားပြီ”

ကျွန်တော်သည် နှုတ်မှ ချက်ချင်းထုတ်၍ ပြောလိုက်မိသည်။

“ဝေးလဲ ဝေး၊ ပြီးတော့ မျက်လုံးပဲမြင်….”

“ဆရာ… ဆရာ၊ နားထောင်စမ်းပါဦး”

ကိုကျန်ထွန်းက ကျွန်တော့်ကို လက်ကုတ်၍ တိုးတိုး ပြောလိုက်သဖြင့် ကျွန်တော် စကားဆုံးအောင် မပြောတော့ဘဲ ရပ်ကာ နားစွင့်နေလိုက်ရပါသည်။

တစ်ဖက် ကိုင်းထဲမှ “ဂလုပ် … ဂလုပ်” ဟူသော အသံကို မပြတ် ကြားနေရပါသည်။ ကိုင်းပင်တွေကို ကန်ကျောက်သံလည်း ဆက်၍ ကြားနေရသည်။

“ဆရာ… ကိုင်းထဲမှာ တစ်ကောင်ရှိသေးတယ် ထင်တယ်။ အဲဒီအကောင် မှန်သွားတာ ဖြစ်မှာ”

ကျွန်တော်တို့သည် အသံငြိမ်သွားချိန်၌ ကိုင်းပင်တွေထဲ တိုးကာ ဝင်ခဲ့ကြပါသည်။

တောင်စောင်းတွင် လဲနေသော ပိဿာလေးဆယ်ကျော်ခန့် ထွက်မည့် ဆတ်မကြီးကို တွေ့ရ ပါတော့သည်။

ကျည်ပေါက်ကို ရှာကြည့်ရာ လည်တိုင်တည့်တည့် ဖောက်သွားကြောင်း တွေ့ရသည်။

အမှန်က သည်ဆတ်မကို ကျွန်တော် လုံးဝမမြင်ပါ။ ဖြစ်တောင့်ဖြစ်ခဲ ဆတ်ဖကြီးကို ချော်၍ မှန်သွားခြင်းသာ ဖြစ်ပါသည်။

ဆတ်မသည် ဆတ်ဖကြီးလောက် မမြင့်သော်လည်း တောင်စောင်းပေါ် အထက်ဘက်က ရှိနေ၍ ဆတ်ဖကြီး၏ မျက်လုံးကြား ချိန်ပစ်သော ကျည်သည် ဆတ်မ၏ လည်တိုင်ကို မှန်သွားခြင်း ဖြစ်ပေသည်။

အမှန်တော့ သည်ဆတ်မသည် ကျွန်တော်တို့နှင့် ဆိုက်ထိုက်၍သာ ကြံဖန်ဖြစ်ရခြင်း မဟုတ်ပါလော။

“ကဲ ဖိုးကျန်ထွန်းတို့… ဘာပြောကြဦးမလဲ။ ကံကြုံ ကံဆုံလာရင် ဘယ်လိုမှ မလွတ်တော့ပါဘူးဗျ။ ခု… ခင်ဗျားတို့ လက်တွေ့သိရပြီ မဟုတ်လား”

ကျွန်တော်သည် အခွင့်သာခိုက် ကိုကျန်ထွန်းတို့ညီအစ်ကိုဘက်သို့ လှည့်၍ပြောလိုက်ရာ ယခုမှသာ သူတို့ မျက်နှာများ၌ အပြုံးရိပ်ကို မြင်ရပါတော့သတည်း။

– ပြီး –

စာရေးသူ – မောင်လွမ်းသူ

Leave a Reply

Your email address will not be published. Required fields are marked *