——-

“အယ်မ​လေး..ကို​ဇော်မြင့်..ကို​ဇော်မြင့်..
ကယ်ကြပါဦးရှင်..ကို​ဇော်မြင့်မူးလဲလို့..အဲ..​လေ ကျွန်မ​ယောက်ျားမူး​လဲလို့…ကယ်ကြပါ..ကူကြပါဦး..ရှင်”

******@@@@*******

“ကိုဇော်မြင့် ..​ကိုဇော်မြင့်ရှိလား..အိမ်ရှင်တို့ခင်ဗျာ..အိမ်ရှင်တို့..”

နှုးညံ့၊ ငြင်သာ၊ တည်ကြည်၊ ခန့်ညား၊ ရို​​သေ၊ လေးစားဟူ​သော အသံသြဇာ ​​ခြောက်ပါးနှင့်ညီညွတ်သည့်အသံ အိမ်တွင်းသို့ ထိုး​ဖောက် ဝင်​ရောက်လာ​၏။

​ငယ်​ပေါင်းကြီး​ဖော်သူငယ်ချင်းများ၏ အသံပြဲပြဲ၊ အသံသြသြကြီးနှင့်အော်​ခေါ်​နေသည်များနှင့် ကွာပါ့ဟူ၍​တွေးမိ၏။ အသံလုံ​သောတိုက်ခန်း​မို့၊ ​အိမ်သာထဲမှပင် ကြား​နေရ​သော်လည်း၊ နူးညံ့ငြင်သာ၏။ တခဏ​မှာပင် ​​ခြေလှမ်းရှပ်တိုက်သံ၊ တံခါးဖွင့်သံကြားရပြီ။

“ကိုကို ရှိပါတယ်ရှင့်၊ ဘာကိစ္စရှိလို့ပါလဲ”

“ကျွန်​တော် ကို​ဇော်မြင့်ကို ည​နေ ထမင်းစားလာဖိတ်တာခင်ဗျ၊
ဟိုရက်က ကုမ္ပဏီတစ်ခုမှာ အင်တာဗျုး​ဖြေရင်း ခင်တာ​ပါ၊ နှစ်​ယောက်လုံး အ​ရွေးခံရလို့ ဝမ်းသာတဲ့အထိမ်းအမှတ် ည​နေစာ စားဖို့ပါခင်ဗျာ”

“သြော်..ဟုတ်ကဲ့ ကိုကို ပြောပါတယ်ရှင်၊ လူ အ​ယောက် နှစ်ဆယ်​ကျော်မှာ သုံး​ယောက်ပဲ​​ရွေးတာ မိတ်​ဆွေတစ်​ယောက်နဲ့အတူ အလုပ်ရ​ကြောင်းပြောပါတယ်ရှင့်၊ ခေါ်​ပေးပါ့မယ်၊ ခဏ​စောင့်ပါရှင့်”

​”ဟုတ်ကဲ့… ရပါတယ်ခင်ဗျာ”

“မ​ခေါ်နဲ့​တော့​..ဟေ့၊ ငါ အားလုံးကြားပြီပြီ”

​ဇော်မြင့် အိမ်သာမှ ကမန်းကတမ်း ထွက်လာရင်း ​ပြောလိုက်​၏။

“စိတ်ချ၊ လုပ်ငန်းတူဖြစ်ပြီဆိုတော့ မိတ်ဖြစ်​ဆွေဖြစ် လာပါ့မယ်ဗျာ ဂရင်န်း တစ်လုံးပါ ဆွဲခဲ့မယ်​လေ..”

“အာ..ကျွန်​တော် ဝယ်ထားပြီးပြီ၊ ရေခဲ​၊ ဆော်ဒါ၊ ကိုလာ အားလုံးအဆင်သင့်ပါခင်ဗျ၊ ည​နေခြောက်နာရီ​လောက်သာ ​ရောက်​အောင်လာခဲ့ပါ”

“ဟုတ်ကဲ့ပါ လာပါ့မယ်၊ တစ်ရပ်ကွက်​ကျော်​လေးပဲဟာ၊ လမ်း​​လျှောက်လာပါ့မယ်၊ ညည်းက မဝင်သေးဘဲ ဘာရပ်လုပ်​နေတာလဲ အထဲဝင်​လေ..ဒီမှာ လူကြီး​တွေ စကား​ပြော​နေတာ မမြင်ဘူးလား”

ကိုမြတ်စံကို မျက်နှာ​​လေးမော့ကာ တစ်စိမ့်စိမ့်ကြည့်​နေသူ ညီမငယ်အား ​ဟောက်လိုက်သည်ဖြစ်၍ ကိုမြတ်စံမှ အားနာသည့်အသွင် အထင်းသား ​ပေါ်လွင်လာ၏။

“ရပါတယ်..ကျွန်​တော်လဲပြန်​တော့မှာပါ။ စကားမစပ်ညီမ​လေးလဲလိုက်ခဲ့ပါလား ကျွန်​တော့်ဇနီးလဲ အ​ဖော်ရ​အောင်​ပေါ့”

​”နေပါ​စေ..​နေပါ​စေ..သူ သင်တန်းစာ​မေးပွဲရှိ​နေလို့ စာကျက်ရဦးမယ်..ဟဲ့..ဟဲ့..နင် ဝင်​တော့​လေ..”

ဇော်မြင့် မှ ပျာပျသလဲငြင်းကာ ထပ်ကြိမ်းပြန်၏၊ ကိုမြတ်စံမှာ သည်တစ်ခါ​​တော့ တစ်ခါတည်း ​ခြေလှမ်းပါ ​နောက်ဆုတ်၊ အားနာသည့်ဟန် ဖုံးမရ ဖိမရဖြင့်၊

“အို​ကေဗျာ ကျွန်​တော်​​စောင့်​နေမယ်”

​ပြော​ပြောဆိုဆိုဖြင့် လှည့်ထွက်သွားလေ​တော့၏။

ဇော်မြင့်မှာ ကိုမြတ်စံ ၏​ကျောပြင်ကိုကြည့်ရင်း စိတ်သ​ဘောထား မဆိုးဘူး၊ ရိုးသား၍ အားနာတတ်​သူပါလားဟု တွေး​နေမိ​လေ၏။

အခန်းအတွင်း လှည့်ဝင်သည်နှင့်..

“ကိုကို့ သူငယ်ချင်းက ရုပ်​ဖြောင့်တယ်​နော် အရပ်ကလည်း ကိုကိုထက်​​တောင်မြင့်​သေးလားမသိဘူး”

“နင်ဘာ​တွေ​လျောက်​ပြော​နေတာလဲ မိန်းက​လေး ဖြစ်ပြီ ဣ​​န္ဒြေ
သိက္ခာရှိရှိ​နေစမ်း”

ဟူ၍​ငေါက်လိုက်မှ ရှက်ကိုးရှက်ကန်းနှင့်အခန်းတွင်းဝင်​ရောက်သွား​လေ​တော့၏။

ညီမ​မို့ ဟောက်​နေရသည်။ အ​​ဖေ မရှိ အ​မေမရှိ။ သည်အစ်ကို သည်ညီမနှစ်​ယောက်ထဲ နေရသည်ဖြစ်၍၊ သူပင် အ​ဖေ၊ သူပင် အ​မေ အစားထိုး​နေရသည်။ ညီမ​လေးမှာ သူ့​​အောက်သုံး​ယောက်ခြားပေမို့ အသက်က ဆယ်နှစ်​ကျော်​ကျော်ကွာ၏။

အမှန်မှာလည်း ကိုမြတ်စံမှာ တကယ့်ကိုလူ​ချောတစ်​ယောက်အဖြစ် အင်တာဗျုး​ဖြေကတည်းက သိနှင့်ပြီးဖြစ်သည်။ အင်တာဗျုးသည့် လူကြီးများကိုယ်တိုင်က ရိုးသားပြီး၊ စကား​ပြော​ပြေပြစ်​သော၊ ဗဟုသုတစုံ​သော ကိုမြတ်စံကို အမှတ်ပြည့်​ပေး ပြီး ​ရွေးချယ်လိုက်ကြသည်ကို​ ဇော်မြင့် သိ၏။ ဦး​လေးဝမ်းကွဲ​သည်၊ ကုမ္ပဏီ၏ အင်တာဗျူးလူကြီးထဲက တာဝန်ရှိပုဂ္ဂိုလ်​ဖြစ်​နေ​သော​ကြောင့် ဇော်မြင့် အလုပ်မရ မရှိ ရပြီးသားကျိန်း​သေ​​နေ၏။
ယခင်အလုပ်ထက်လစာ တစ်ဆခွဲခန့်လစာပို​နေသည်ဖြစ်၍ အလုပ်ပြောင်းရခြင်းဖြစ်ပြီး၊ လစာ​ကောင်း​၍လည်းလူအများ လာ​ရောက်​လျှောက်ထားကြသည်ဖြစ်၏။

******@@@@****

​ဇော်မြင့်တစ်​ယောက် ည​နေ ချိန်းထား​သည့်အချိန် မ​ရောက်မှီ​၊ ရေမိုးချိုး သပ်သပ်ရပ်ရပ်ဝတ်ကာ ကချင်ပုဆိုးအကွက်စိပ်၊ ဟာ​ဝေယံရှပ် အဖြူ​ကို ဝတ်ဆင်လျက် ရင်ဘက်မှ ကြယ်သီး အကုန်မတပ်ဘဲ၊ ခပ်ဟဟ​လေး ဝတ်ဆင်လာခဲ့၏။
​ပေးထား​​သောလိပ်စာ လမ်းအမည် မှန်​သော်လည်း အိမ်နံပါတ်ကို အလွယ်တကူနှင့်ရှာမရ၊ ​အိမ်​ရှေ့အဝင်​ပေါက်စည်းရိုးခြံတံခါးတွင် ဧည့်လာဂမုန်းပင်များ ရွက်ဖားဖားဖြင့် အုပ်ဆိုင်း​နေ၏။
ဂရုတစိုက် ကြည့်ပါမှ ​​တွေ့ရပါပြီ၊ အိမ်အမှတ် ဆိုင်းဘုတ်​လေး။
အိမ်အတွင်းဘက်ကိုမူကား ရုတ်တရက် မမြင်ရ​အောင် ကွယ်ထားသလိုဖြစ်​နေ​လေ၏။

ခြံ​​ဝန်းအုတ်နံရံ လူ​ခေါ်​ခေါင်း​လောင်း ကို နှိပ်လိုက်​သောအခါ ဘဲငန်းစွပ်ကျယ် ချိုင်းပြတ်၊ ပုဆိုးနွမ်း​လေးဖြင့် ကိုမြတ်စံထွက်လာသည်ကို​တွေ့ရ၏၊

“ကို​​ဇော်မြင့်..လာ..လာ ပူပူ​​လေးစားရ​အောင် စွတ်ပြုတ်​လေး​ နွေး​နေလို့”

ကိုမြတ်စံမှဦး​ဆောင်ပြီး ခြံဝန်းအတွင်းသို့ဝင်လာခဲ့၏။

နှစ်ထပ်တိုက်လုံးချင်း​ဖြစ်ပြီး၊ ​မြေကွက်လပ် ထက်ဝက်​ကျော်​ကျော်​ခန့် ​နောက်ဆုတ်​ဆောက်ထားသဖြင့် အိမ်​ရှေ့ဥပစာမျက်နှာပိုင်းတွင် ဥယျာဥ်​လေးကဲ့သို့၊ အုပ်အုပ်ဆိုင်းဆိုင်း ​နေချင့်စဖွယ်ဖြစ်၏။ ခြံ၏အ​ရှေ့ပိုင်း ဝင်လမ်းတစ်​လျောက် ရွက်လှပင်မျိုးစုံ၊ နှင်းဆီ၊ စံပယ် စသည်များ အစုလိုက် အရုံလိုက်ရှိ​နေကြ၏။
အဝင်လမ်း တစ်ဖက်တွင်ကား ဘူးစင်၊ အခြားတစ်ဖက်တွင်ကား ပန်းအလှပင်များနှင့် စိုစိုပြည်ပြည်ရှိလှ၏။

​”မ..​ရေ…မ .. ​မောင်​ပြောတဲ့ ဧည့်သည်​ရောက်လာပြီ၊ ခဏဆင်းလာပါဦး”

အ​ပေါ်ထပ်မှ ​​ခြေသံကြားရပြီ၊ လူမ​ရောက်ခင်ကတည်းကသနပ်ခါးရနံ့မွေးပျံ့ပျံ့​လေးလွင့်လာ၏။ မြင်ရပါပြီ။

“ဟင်…”

ဇော်မြင့်ကို အံ့အားသင့်မှင်သက်မိ​စေ​သော အလှပိုင်ရှင်။ လှ၏၊ ယဥ်၏၊ သနပ်ခါး မှုန်မှုန်ကို မိတ်ကပ်ပါးပါး​ ထပ်ထားဟန်တူ၏။ လှပ​သော မျက်လုံးရွဲကြီးများ၊ ပြည့်ဝ​သော ပါး​ဖောင်း​ဖောင်း၊ ပြည့်စုံ​သော နဖူးတို့ဖြင့် မဟာဆန်ဆန်အလှ ဟု စိတ်တွင်းမှ ချီးကျူးမိ၏။

“ကို..​ဇော်မြင့်…ကို​ဇော်မြင့်…”

“ဗျာ ..အဲ…ဟုတ်ကဲ့​ပြောပါ..”

“ဒါ ကျွန်​တော့ဇနီး ခင်မမ​ကျော်တဲ့၊ မ ဒါ ​မောင်နဲ့အတူ ရုံးမှာ လုပ်ရမယ့် ကို​ဇော်မြင့်တဲ့၊ ရုံး​တော့ တူတယ်၊ ဌာန​တော့ ကွဲလိမ့်မယ် ထင်တယ်…​နော်..”

“ဗျာ…​အော်..ဟုတ်ပါတယ်..ဟုတ်ပါတယ်..”

“မ ဧည့်ခံထားလိုက်ဦး​​နော် ​​မောင်​ရေသွားချိုးလိုက်ဦးမယ်”

“ရပါတယ်..ရပါတယ်..​အေး​ဆေးပါ လုပ်စရာရှိတာလုပ်ပါ..ဟဲ..ဟဲ..”

“ကို​​ဇော်မြင့်​နော်..လာ​လေ၊ မ တို့ ဟိုဘူးစင်​​အောက်က စားပွဲမှာထိုင်လိုက်ရ​အောင်..”

​ခေါ်လည်း​ခေါ် ​ရှေ့မှလည်းဦး​ဆောင်ကာ သွား​၏၊ ​ယောင်​ယောင်ကန်းကန်းဖြင့် နောက်မှ ​ ခြေတစ်လှမ်းချင်းလှမ်း​လျောက်ရင်း မ ၏ ​​နောက်ပိုင်းအလှ ကို မဝံ့မရဲ ​ငေး​မောရင်း အ​တွေးနယ်ချဲ့ မိပြီ။

ရုတ်တရက်အလှတွင်နစ်​​မြော​နေမိသည်မှာ နာမည်ပင် မမှတ်မိနိုင်​အောင်ရှိ​နေ၏။

“ဟို…မ…ဘာလဲ..​ဆောရီး”

“ခင်မမ​ကျော် ပါတဲ့..ရှင်”

​ရေချိုးပြီးကာစ၊ နွဲ့နွဲ့​နှောင်း​နှောင်း၊ တင်ပါးဖုံးလုလု ဖြန့်ထား​သော ဆံပင်ကို ​ဝေ့ခါရင်း၊ နွဲ့နွဲ့က​လေး​​ဖြေ​သည့်ပုံက ဇော်မြင့်စိတ်ကို မရိုးမရွ ဖြစ်​​စေ၏။
နက်ပြာ​ရောင် ဇာ​ဖောက် ရင်​စေ့အင်္ကျီလက်ရှည်က သွယ်လှ​ပြေပြစ်​သော လက်​မောင်းအရင်းမှသည်လက်​ကောက်ဝတ်တွင်အဆုံးသပ်၏။ အတွင်းခံဘော်လီ အဖြူ​ရောင်အား လုံချုံစွာမကာကွယ်နိုင်ရှာ၊ ​ဘော်လီအင်္ကျီကြားမှ ထွက်ပြူလာ​သော ​နေလအစုံအပြိုင် ရင်သားနှစ်မွှာ၏ အလှသည်ကား ဝင်းဝါ​သောအသားအရည်၏လိုက်ဖက်ညီစွာ၊ တင်းတင်းရင်းရင်း မို့မို့​​ဖောင်း​ဖောင်း ရှိ​၏။ ရှန်သားလုံချည် ပန်းနု​ရောင်ပြေး​လေးသည် အသားအ​ရေနှင့်လိုက်ဖတ်စွာရှိ​နေပြန်သည်။ တင်ပါး မှသည် ​ပေါင်တံအဆုံး ​​ကောင်းခြင်းငါးဖြာနှင့် အမို့အ​မောက်၊ ​ကောက်​ကြောင်းအသီးသီးတို့သည်၊ ပုရိသ တို့ကို ဆွဲ​ဆောင်ရာအဖြစ်၊ ဇော်မြင့်တစ်​ယောက် မြင်​ယောင်မှားကာ သူ​ယောင်မယ်​လေလား ထင်မှတ်​နေမိ၏။

ဘယ်​ခြေ ညာ​လှမ်း၊ လှမ်းလိုက်သည့် အခါတိုင်း စည်းချက်ကျကျ၊ ယိမ်းနွဲ့သွား​သော ပိတုန်းရောင်ဆံ​ကေသာ တို့၏ယိမ်းခါမှု၊ ထွာဆိုင်​မျှသာရှိ​သောခါးအောက် စွံ့ကား၊ ဖွင့်ထွား​​​သော ဣတ္တိယ မိန်းမတို့၏အလှတစ်ပါးဖြစ်​သော၊ သား​ကောင်းသားမြတ်ရတနာများ ဖွင့်ဖြိုး​စေနိုင်​သည့်၊ တစ်တစ်ရစ်ရစ်၊ အလှတရားတို့သည် ဇော်မြင့် ရင်အစုံအား နိမ့်တုံမြင့်တုံ​၊ ဆွေ့​ဆွေ့ခုန်​ စေ​လေ၏။
စိတ်တွင်းမှပင်..

“လှလိုက်တာ မ ရယ်၊ လှရက်လိုက်တာ၊ အိမ်​ထောင်ရှင်လို့ ​တောင် မထင်ရဘူး”

တပ်မက်မိ​သော်လည်း မိတ်​ဆွေ၏ဇနီးမယားမို့ ပြစ်မှားချင်စိတ်ကို သိုသိုသိပ်သိပ်ချိုးနှိမ်ရ​လေ​၏။

စကားစမြည်​ပြောကြည့်​သောအခါ ယခင်က ဘဏ်တစ်ခုတွင် စာရင်းကိုင်လုပ်ပြီး၊ ယခုမှု ကျန်းမာ​ရေး အ​​ခြေအ​နေရ ​ခေတ္တအနားယူရန် အလုပ်ထွက်ထား​ကြောင်း သိရ၏။
ကျန်းမာ​ရေး အ​ခြေအ​နေ​ကြောင့်ဟုသာ ဆို​သော်လည်း
ခင်မမ​ကျော် ၏ ရွှင်လန်း​သောမျက်နှာ၊ ကျန်းမာ​တောင့်တင်း​သော ခန္ဓာကိုယ် အချိုးအစား တို့သည်ကား လူမမာဟန်လဲ မရှိ​ချေ။
ဇော်မြင့်အ​နေနှင့်ကား အချို့လူချမ်းသာ သားသမီးတို့သည် အနားယူလို​သောအခါ ကျန်းမာ​ရေး အ​ကြောင်းပြ လုပ်ငန်းခွင်မှ ​အေး​ဆေးလွပ်လပ်စွာ အနားယူတတ်သည်ကို သိထား​၏။

******@@@@******

“ချစ်လိုက်တာ မ ရယ်..ချစ်လိုက်တာ..”

“ကို မကဲနဲ့​နော်..တွေ့ရင် အဲလိုချည်းပဲ”

အချိန်တိုတိုအတွင်းမှာပင် ခင်မမ​ကျော် ၏အလှတရားသည်၊ဇော်မြင့်ကို ​မလူးသာမလွန့်သာ ဖမ်းစားနိုင်​သော မာယာရှင်အဖြစ်၊ နတ်ဘုရားတို့ ဖန်ဆင်းသည့်အလား၊ ထင်မှတ်မှား​စေ၏။
​ဆေးဆရာတို့သည် လူနာအားသနားစိတ်ဖြင့်အနီးကပ် ကုစား၍
​ရောဂါကူးစက်ခံရသလို၊ စေတနာ​၊ ​မေတ္တာအပြင်၊ တဏှာရာဂ ဟူသော အပူမီးက ဇော်မြင့်တွင်သာမက ခင်မမ​ကျော်ကိုပါ ကူးစက်​လောင်ကျွမ်း​စေ​လေ​တော့၏။ သန်တုန်းမြန်တုန်း လူလတ်ပိုင်း လူပျိုတစ်ဦး၏ ရာဂမိီးသည်၊ ခင်မမကျော်၏ ဆွဲ​ဆောင်မှု အလှတရား​ကြောင့်၊ မီး​တောင်​မှ ​ချော်ရည်ပူတို့ ​ပေါက်ကွဲသကဲ့သို့ အချိန်ရှိတိုင်း၊ ​ပေါက်ကွဲချင်တိုင်း​၊ ​ပေါက်ကွဲ​နေကြကုန်၏။

ဒွါဒသနိပါတ် မဟာပဒုမဇာတ်​တော်မှ မင်းသမီးသည် ​ပေါင်တိုကြီးအားချစ်မြတ်နိုးရာမှ၊ လင်​တော်​မောင်ကို သဖန်းပင် မှတွန်းချ လုပ်ကြံ၊ ​ပေါင်တိုကြီးနှင့် ​ပေါင်းဖက်၊ သွား​လေရာ ​တောင်းထဲထည့် ​ခေါင်းရွက်သွားသလိုဇာတ်လမ်းရှိ​နေခြင်းက ပင် ဣတ္တိယ ဟူ​သော အကြင်မိန်းမတို့၏သ​ဘော ​​​စော​ကြောရန်မလွယ်သည့် အဖြစ်ကို သိရသလို..
ကိုမြတ်စံလို လူ​ချော၊ လူလှ တစ်​ယောက်ကို ရထားပါလျက်၊ ဇော်မြင့်နှင့် ​ဖောက်ပြား​နေသည်မှာလည်း အ​​​တွေ့ကို မ​ရှောင်၊ မလွန်ဆန်နိုင်သည့်သ​ဘောပင် ရှိ​​နေ​တော့မည်။

ဣတ္တိယခေါ် မိန်းမတို့သည်
အခွင့်အခါ သင့်ပါလျင်ကား
ကာမတဏှာ ဤအရာ၌
လော်လည်​ဖောက်ပြား ရှိညားတတ်၏။

​ဟူ​သော ​ရှေးအဆိုကို သက်သေပြုသလို ရှိ​နေပြန်၏။

*****@@@@******

“မ ဒီဒဏ်ရာ​တွေက ဘာဖြစ်တာလဲ ပြစမ်း..​ကို့ ကိုပြစမ်း”

လက်​ကောက်ဝတ်နှစ်ဖက်လုဲး အမဲ​ရောင် အစင်း​အကြောင်းများ ထင်​နေ၏၊ တစ်စုံတစ်ရာနှင့် တင်းကြပ်စွာ စည်း​နှောင်ထားခြင်းခံရသည်ဖြစ်မည်။
ခါတိုင်း​နေ့များ အင်္ကျီလက်ရှည်ဝတ်ထား၍ မမြင်ရ​သော်လည်း ယ​နေ့ ရုံးမှအပြန် အမှတ်မဲ့ဝင်လာ​သော ဇော်မြင့် မှာ မ ၏ လက်ပြတ်ရင်​စေ့အင်္ကျီလေးဖြင့် မြင်ရ၍ ဒဏ်ရာတို့ ထင်းကနဲမြင်​နေရသည်။ ခင်မမ​ကျော် မှာ မည်သည့်စကားမျှ မဆို၊ ရီ​ဝေ​ဝေ အပြုံးနု​လေးသာ ပြုံးပြ​နေ၏။
ကိုမြတ်စံ ရုပ်​ချောသ​လောက် မိန်းမကို ကြိုးတုတ်ပြီးရက်စက်တတ်သလားဟူ၍​ဇော်မြင့်တွေးမိ၏။

“ကိုမြတ်စံ နှိပ်စက်ထားတာလား”

​ခေါင်း​ငုံ့နေ​သော မ စကားတုန့်ပြန်မလာ။ ဇော်မြင့် မှ ​မေး​​စေ့​လေးအားဆွဲယူကာ ​မော့​စေလိုက်​သောအခါ၊ မျက်လုံးရွဲကြီးများမှ ပုလဲမျက်ရည်် များလှိမ့်ဆင်းလာ​တော့မည်ဟန်​ပေါ်​နေ၏။

“မငိုနဲ့..မငိုနဲ့ ​ကို တစ်​ယောက်လုံးရှိတယ်၊ ကို တို့ မြန်မြန် အတူ ​နေကြ​တော့မှ ဖြစ်မယ်၊ ကြာရင် ကိုမြတ်စံ မ ကို ပိုနှိပ်စက်လိမ့်မယ်”

“ရုံးဆင်းရင် အိမ်တမ်းမပြန်ဘဲ၊ ဒီကိုချည်း လှည့်လှည့်မလာနဲ့​တော်ကြာ ဟိုတစ်​ယောက် ပြန်လာလို့ ပက်ပင်းဆုံရင်ပြဿနာ
တက်မယ်”

“အာ..သူ့ဌာန က ​အ​ရောင်းဌာန ဆို​တော့ ရုံးဆင်း အမြဲ​နောက်ကျတတ်တယ်၊ လူးစားလာလဲပြီးမှ ပြန်ရတာ​လေ၊ ဒါ​ကြောင့်ပါ.. ​နောက်တစ်ခုက မ မျက်နှာ​လေး မမြင်ရရင် မ​နေနိုင်လို့ပါ ဗျ၊ ဘယ်​တော့များမှအတူ​နေရမှာလဲ၊ အတူ​နေချင်ပြီ မ ရယ်..”

ချွဲနွဲ့နွဲ့ မူသံဖြင့် ​ပြောလိုက်​သော ဇော်မြင့် ၏စကား​ကြောင့် ခင်မမ​ကျော် တစ်​ယောက် မျက်နှာ​လေးတည်သွားပြီး..

​”နေပါဦး ကို ရယ်၊ မ လည်း ​နေ့ရှိသ၍ ဒါပဲစဥ်းစား​နေတာ၊ ​ဖေ​ဖေ၊ ​မေ​မေ တို့ သိမှာလဲ​ကြောက်တယ်၊ စဥ်းစားပါဦးမယ်၊ ဒီအိမ်က သူတို့အိမ်ဆို​တော့ ​​ဖေ​ဖေတို့ ကြည်ဖြူဖို့လိုတယ်​လေ..”

“ဟုတ်တာ​ပေါ့..မ ရယ်”

ခက်​နေသည်က

“ကိုမြတ်စံကို ဘယ်လို​ဖြေရှင်းရမလဲ”

ဆိုသည့်စိတ် ၊ မနာလိုခြင်း၊ မစ္ဆရိယ စိတ်တို့ သည် ဇော်မြင့်တွင် တဖွားဖွား​ပေါ်​နေ​လေ၏။ ​

ရှေး​ခေတ်ရှင်ဘုရင်များ၏

“သူ့မယားလို သူလင် လှံနဲ့ထိုး”

ဆိုသည့်စကားပုံ သည် လွယ်လွယ်နှင့်​ဖြစ်​ပေါ်လာနိုင်စရာမရှိ ဟူ၍လည်း​​တွေးမိသည်။ ပင့်ကူအလား လှပ​လွန်း​သော ခင်မမကျော်၏ ကွန်ယက် အလှတရားတွင် ဖမ်းခံမိ​​သော ပျားသူငယ်ကဲ့သို့ မလှုပ်သာ မလွန့်သာရှိ​နေပြန်၏။ သည်တစ်သက် မ နှင့်သာ​နေရမည် ဆိုပါလျှင် အသက်ကိုပါစ​​တေးရန်ဝန်မ​လေး သည်အထိ စွဲနေမိပြီဖြစ်​လေ၏။

တစ်ရုံးတည်း အလုပ်လုပ်ကိုင်ရသူ မိတ်​ဆွေအား ​စော်ကားရာ​ရောက်​နေသည်လားမဆိုနိုင်ပြီ။ တစ်ဖက်တွင်လည်း
ဘာသာတရားအရ ကာ​မေသုမိစ္ဆာစာရ အကျင့်ကိုကျင့်သုံး​နေမိပြီလားဟု ​တွေး​နေမိသည်ကလည်း အကြိမ်ကြိမ်၊ မ အတွက်ဆိုလျင် ငရဲကျမည်ဆိုလျင်လဲ ဆယ်ခါပြန် ကျဖို့ အဆင်သင့်ပင်ဆို​သောလူစားမျိုးဖြစ်​နေ​လေ​ပြီ။

“ဟူး”…ကနဲ သက်ပြင်းကိုချရင်း၊

​”ကို ပြန်ဦးမယ် မ ရယ် ​တော်ကြာ ကိုမြတ်စံပြန်လာရင် မ​ကောင်းဘူး..​​နော်..”

​”ကို မနက်ဖြန် လာဦးမှာလား…၊ မ စောင့်​နေမယ်​လေ”

​”နေဦး မနက်ဖြန် အလုပ်မများရင် ​နေ့တစ်ပိုင်း ခွင့်တင်ပြီးလာခဲ့မယ်၊ ကိုမြတ်စံရဲ့ အလုပ်ဆင်းရက်ဇယား ကိုလည်း ကြည့်ရဦးမယ်”

​ပြော​ပြောဆိုဆို နှုတ်ဆက်အနမ်း ​ပေးရန်၊ မ ၏ ကမ်းလာ​သော လက်ကို နမ်းကာ မခွဲချင်မခွာချင်ဖြင့် ပြန်ရ​ရှာလေ၏။

*****@@@******

စိတ်ထွေ​ထွေနှင့် အိမ်​ကို​ရောက်​လာသော ဇော်မြင့်သည် အပြင်ဘက်သံဒါန်းတွင်ထိုင်​နေ​သော ညီမ​ ဖြစ်သူကို ​အဆင်သင့်တွေ့ရ၏။ ဇော်မြင့်ကို မြင်ရသည်နှင့် မဆိုင်းမတွဘဲ..၊

“ကိုကို ဘယ်​တွေ​ ​လျှောက်သွား​နေတာလဲ..ကိုမြတ်စံလာသွားတယ်၊ ကိုကို့ ​ကိုတွေ့ချင်လို့တဲ့၊ အကြာကြီးပဲ၊ ညီမ​လေး​နဲ့ စကားတွေ​ပြောသွားတယ်”

ရင်မှဒိန်းကနဲ ​​အပူလုံးဆောင့်တက်လာ၏။

“ဘာကိစ္စများပါလိမ့်၊ ငါ နဲ့ မ​ အ​​ကြောင်းများသိသွားပြီလား”

ဟူ​သော ဒွိဟစိတ် သိချင်​စောဖြင့် အလျင်စလို ​မေး​မိ၏။

“ဘာ..ဘာ..ကိစ္စနဲ့လဲ..ကိုကို့ ကို ဘာ​​ပြောသွား​သေးလဲ..”

​”သြော်..ဘာမှ​တော့မဟုတ်ပါဘူး..သူ နယ်ခဏဆင်းရမယ်တဲ့၊ နှစ်ပတ်​လောက်ကြာမယ်၊ အဲဒါ အိမ်နဲ့ သူ့ဇနီးကို မကြာခဏ သွားကြည့်​ပေးပါတဲ့၊ ည ဆိုရင်​​တော့ ​​ဘေးအိမ်က အ​ဒေါ်ကြီး​စောင့်အိပ်​ပေးမယ်​ပြောတယ်တဲ့..ဒါပဲ…”

ဟူး..​တော်ပါ​သေးရဲ့။ ​သွေးလန့်မိသည့်အဖြစ်ကို​တွေး၍ ဣ​​န္ဒြေ
ပြန်ဆည်လိုက်၏

“ကိုကို ချွေး​​တွေပြန်လို့ပါလား၊ ​နေမ​ကောင်းဘူးလား”

“ကိုကို..အလုပ်ပင်ပန်းလာလို့ပါဟာ..”

ရင်တွင်းမှာ​တော့ အ​​ပျော်လုံး​ကြီးက ​ဆောင့်နေပြီ၊ နှစ်ပတ်ကြီး​တောင် လွပ်လွပ်လပ်လပ် မ နဲ့​နေလို့ရပြီ။

“ဟို​လေ..ကိုကို ညီမ​လေးကို ​ကြေးအိုး ဝယ်​ကျွေးမယ်”

“ဟယ်..တစ်ကယ်..”

“တစ်​ကယ်​ပေါ့..”

​”ဟေး ဒါမှ တို့ ကိုကို ကွ”

“အဝတ်သွားလဲ လိုက်ဦးမယ်” ဟူ ၍ ညီမ​လေး ကြည်နူးစွာ အိမ်တွင်းဝင်သွားသည်ကို မကြည့်နိုင်အား၊ စိတ်မှ အစီအစဥ်တွေ ချ​နေမိပြီ။ ကုမ္ပဏီမှလူကြီး​များကိုလဲ ကျိတ်၍ ​ကျေးဇူးတင်​နေမိ၏။

******@@@*******

မနက်ဖန် ​စ​နေ​နေ့ရုံးပိတ်ရက်ဖြစ်၏။ ကိုမြတ်စံမှာ ယနေ့ည​​နေ ​ငါး နာရီ​ ရုံးဆင်းပြီးကတည်းက အိမ်သို့ရောက်ကာ သူနှင့်​တွေ့ဆုံပြီး အိမ်နှင့် ဇနီးကို စောင့်​ရှောက်​ပေးပါရန် ​​တောင်းပန်ရှာ၏။ လူရင်းမိတ်​ဆွေဟူ၍ သည်သူငယ်ချင်းသာရှိ​သော​ကြောင့် ခင်မမ​ကျော်၏ လိုအပ်သည်များကိုလည်း ကူညီ​ပေးပါရန် ​တောင်းပန်​နေပြန်၏။ ဇော်မြင့်မှာ ရုတ်တရက် ကိုမြတ်စံကို သနားလာမိ၏၊ အားနာမိ၏။

​”သြော်..သူ မသိရှာပါလား”

ဟူ ၍ မိမိလုပ်ရပ်အတွက်​နောင်တရမိသလိုလိုရှိ၏။ မိတ်​ဆွေ၏ ကာမပိုင်၊ မယားကိုမှ စွဲလမ်း​ဖောက်ပြားမိသည်ကို ​နောင်တရသလိုလိုရှိလာ၏။ ကိုမြတ်စံ မရိပ်​မိ​စေရန် မသိမသာ သက်ပြင်းခိုးရှိုက်ကာ စိတ်ချလက်ချသွားပါ​စေကြောင်း၊ ​နောက်ဆံမတင်းရန် နှစ်သိမ့်​ပြောဆိုမိ​လေ၏။

ညီမ ဖြစ်သူမှာ သင်တန်းသွားသည့်အ​လျောက်၊ အိမ်​တွင်မရှိ​ပေ၊
ကိုမြတ်စံထွက်သွားပြီး​ယောင်ချာချာဖြင့် အရက်တစ်ခွက်ငှဲ့ကာ ​သောက်​နေမိ၏။
မ နှင့် သူ၏ ​ရှေ့ဆက်ရမည့် ဇာတ်လမ်းအား ​တွေး​တောရင်းစိတ်ရှုပ်​နေပြန်၏။ တစ်ဖက်က မိတ်​ဆွေ၊ တစ်ဖက်က လည်း ချစ်ရ ခင်ရ စွဲလမ်းရသူ၊ ​နောက်ဆုံး ဖြစ်ချင်ရာဖြစ်၊ ရင်ဆိုင်မယ် မ ကို​တော့ အဆုံးရှုံး မခံနိုင် ဟူ၍ စိတ်ဒုံးဒုံးချလိုက်မှ​သာ ​ဖြေသာ သလိုရှိလာ၏။

​နောက်ထပ် အရက်ကို ဆင့်​ကာ ဆင့်ကာ သောက်​နေမိ၏။ ​နေသာထိုင်သာရှိလာပြီး ရဲ​ဆေးတင်သလိုဖြစ်ကာ မ ကို သတိရလာပြန်၏။ ရလာသည့် အခွင့်အ​ရေး လက်မလွတ်​စေရန် ယ​နေ့ည ပင် အ​ကောင်အထည်​ဖော်​တော့မည်။

လက်ကိုင်ပါးနမ်းအဆင့်မှ ယ​​​နေ့ တစ်ဆင့်တိုး၊ ထူး ၍ ချစ်ရ​တော့မည်ဟု၊ ​တွေးရင်း ခင်မမ​ကျော်၏ စွဲမက်ဖွယ်ရာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်၏ ခန္ဓာကိုယ် အချိုးအစားကို မြင်​ယောင်ကာ ကြက်သီးများပင် ထ​နေရှာ၏။

ကသုတ်ကရိုက်​ရေချိုး ပြီးသည့်တိုင် ညီမဖြစ်သူမှာပြန်မ​ရောက်လာ​သေး၊ သို့​သော်ကိစ္စမရှိ။ အိမ်တံခါး ​သော့ခတ်သွားရုံပင်၊ ခါတိုင်းရက်များတွင်လဲ သည်လိုပင်၊ သူကိစ္စ ကိုယ့်ကိစ္စ သွား​နေရ၍ ​​မောင်နှမ နှစ်​ယောက် အိမ်​သော့ တစ်​ချောင်းစီ ​ဆောင်ထားလျက်ရှိ၏။ အဝတ်အစားလဲပြီးသည်နှင့် အိမ်တံခါး​သော့ခပ်ကာ ​လေ​လေးတချွန်ချွန်ဖြင့် ခင်မမ​ကျော် ဆီသို့ ထွက်လာခဲ့ရင်း ယ​နေ့ည အတွက် ကြိုတင်၍ ရင်ခုန်ကာ ​ခြေလှမ်းများ​မြေနှင့်ထိသည်ဟု မထင်​တော့​ချေ။

*****@@@******

ခင်မမ​ကျော်သည် အိမ်​ရှေ့ဘူးစင်အောက်စားပွဲတွင်အဆင်သင့်​စောင့်​မျှော်​လျက်နေရာမှ ဇော်မြင့်ရောက်လာသည်ကို​​မြင်ရသည်နှင့် အ​ပြေးတစ်ပိုင်း ခြံဝအထိ အ​ရောက်လာကာကြိုရှာ၏၊ ခြံဝန်းအတွင်း​ရောက်သည်နှင့်၊ ခြံတံခါးအတွင်းဘက်မှအပြီးတိုင်​​သော့ခတ်ကာ ဇော်မြင့် လက်​မောင်းကို တွဲလျက် ကနွဲ့ကလျ မှီကာယှဥ်တွဲ၍​​လျောက်​လေ၏။
ဇော်မြင့်မှာ တစ်စုံတစ်​ယောက်များမြင်သွား​လေမလား စိုးရိမ်ဖြင့် ခြံဝန်းအပြင်ဘက်​ဝေ့ဝိုက်ကြည့်ပါ​သော်လည်း
စည်းရိုးတ​လျောက် ဧည့်လာ ဂမုန်းပင်တို့သည် ပိတ်ကာစည်းထား​လေသော​ကြောင့် မြင်ခွင့်မရ ရှိ၏။ ထိုအခါမှ ခင်မမ​ကျော်၏ ခါးကို စိတ်ချလက်ချ ဖက်ဝံ့​လေ၏။

အချိန်ကား နေဝင်ဖြိုးဖျချိန်၊ ခပ်ရိုင်းရိုင်းဆိုရပါလျင် နွားရိုင်းသွင်းချိန်၊ ည​နေဆည်းဆာ တိမ်​တောက်ချိန်သည် ရုပ်ဆိုးသူပင်လှ ချိန်ဖြစ်ရကား၊ အလုံးစုံပြည့်စုံ​သော ခင်မမ​ကျော်၏ ရိုးရှင်း​သော အလှတရားကို မျက်ဝါးဝါး ထင်ထင် မြင်ရ​လေ​သောအခါ၊ ရက်​ပေါင်းများစွာ ချုပ်တည်းလာရ​သော တဏှာရာဂ မီးတို့သည်၊ ချွန်း မှလွတ်​သော ​တောဆင်ရိုင်းကဲ့သို့ တူနှစ်ဖြာ​မောင်မယ်၊ အိမ်ကြီး၏အ​ပေါ်ထပ်အိပ်ခန်း၊ ဖဲ​မွေ့ယာထက်ဝယ်၊ အလွပ်လပ်ကြီး လွပ်လပ်လျက် ကာမတည်းဟူ​သော ​ရေအလျဥ်​ကျောကို အစုန်အဆန် တပြန်ပြန်၊ ​ဗြောင်းဆန်​အောင် ကူးခတ်မိကြ​လေ​တော့၏။

ဇော်မြင့်မှာ လိုအင်ဆန္ဒပြည့်ဝ​​လေသမျှ အ​​ကျေနပ်ကြီး​ကျေနပ်လျက် ရင်ခွင်ထဲမှ ခင်မမ​ကျော် ၏ နဖူးပြင်အား နမ်းကာ ပြတင်းတံခါးအနီး ​လေ​ကောင်း​လေသန့်ရူရှိုက်လျက် ရှိ၏။

​”သြော်..ကို..ဟိုတစ်​ယောက် ကို့ ကိုစာ​ပေးသွားတယ်”

ခင်မမ​ကျော်မှာ ဇော်မြင့် အတွက် ကိုမြတ်စံ​ မသွားမှီက
ပေးထားသည့်စာအား ကမ်း​ပေးရင်းနွားနို့ကြိုရန်​အောက်ထပ်သို့ဆင်းသွား​၏။ ဇော်မြင့်မှာလဲ စာကိုဖွင့်လျက် ပြတင်းတံခါး အနီးမှာပင် ဖတ်​၏။

သူငယ်ချင်းကို​ဇော်မြင့်,

ဒီစာကိုဖတ်ရရင် ငါ့ ကို ခွင့်လွှတ်ပါလို့ အရင််​တောင်းပန်ပါရ​စေ။ ငါ့မိန်းမ ကို​သေချာ ​စောင့်​ရှောက်ပါ၊ သူက ညတစ်​ရေးနိူးဆိုရင် ယောင်​ယောင်ပြီး လမ်း​ ထ ထ လျှောက်တတ်တယ်၊ လက်​တွေ​ခြေ​ထောက်​တွေမှာ ကြိုးစည်း၊ ကြိုးချည်ထားတာ​တွေသာကြည့်​တော့၊ ငါ သိတယ် မင်းက ​တော့ ငါနှိပ်စက်တယ်လို့ထင်​နေမှာပဲ။ အမှန်က သူကိုယ်တိုင် လိုလိုလားလားချည်ထားတာပါကွာ။
နောက်တစ်ခုက ပိုက်ဆံကို ကုန်ပြီဆိုပြီးမင်း ဆီက အကြိမ်ကြိမ်​၊ခဏ ခဏ တောင်းလိမ့်မယ်၊ သူဖွက်မယ်၊ ပြီးရင် သူ​မေ့မယ်၊ အဲဒီ​တော့ သူ ပိုက်ဆံဖွက်တဲ့​နေရာကိုသာ မင်း ​တွေ့​အောင်ရှာ၊ ခေါင်းအုန်းထဲတို့၊ ထဘီစုတ်​တောင်းထဲတို့၊ တစ်ခါတ​လေ ​အိမ်သာထဲက ​ရေအိမ်​ကြွေခွက်ထဲမှ ပလာစတစ်နဲ့​သေချာ ချည်ပြီးထားတတ်တယ်၊ တစ်ခါကလည်း ဒန်အိုးစုတ် ပုံထဲထည့်ထားပြီးခြံ​ထောင့်မှာ ပုံထားတာ ​တော်​သေးတယ် ငါ​တွေ့လို့​ပေါ့၊ နို့မို့ဆို သူများ​​တွေ တွေ့သွားရင် ဘယ်လိုလုပ်မလဲ၊
​ထားပါ၊ ဒါ​တွေ ​နောက်သိလာပါလိမ့်မယ်။
အ​ရေးကြီးတာ တစ်ခု​ပြောခဲ့မယ်၊ မင်းဘယ်သူနဲ့ပဲ​သောက်​သောက် အိပ်​တော့မယ်ဆို ဘုရားရှစ်ခိုးပါ၊ သူက ဘာသာတရားကို အရမ်းယုံကြည်တာ၊ မဟုတ်ရင်​တော့ မင်း ညစာငတ်ပြီဆိုတာ သိထားလိုက်ပါ သူငယ်ချင်း၊ မင်း​ ဘယ်လို ဘယ်​လောက် ကြိုးစားကြိုးစား သားသမီးရနိုင်မှာ မဟုတ်ဘူး၊ သူက မြုံ​နေတယ်တဲ့ကွာ။
သူငယ်ငယ်ကစက်ဘီးစီးရင်း အက်စီးဒန့်ဖြစ်ထားတယ်တဲ့။
ည ဘက် ထထ ​ယောင်တယ်ဆိုတာလဲ အဲဒါ​ကြောင့်ပဲဖြစ်မယ်ထင်တယ်။
​နောက်ဆုံးတစ်ခု သတိ ​ပေးရဦးမယ်၊ ​လကုန်ရင် မ တို့ အ​ဖေအ​မေဆီမှာ တစ်နှစ်ပြည့် အိမ်စ​ပေါ်စာချုပ်လုပ်ရမယ်၊ တစ်လ တစ်သိန်း နှုန်း ဆယ့်နှစ်သိန်း၊ ​ခြောက်လစာ အိမ်လခကြို​ပေး တစ်သိန်းနှုန်း စုစု​ပေါင်း ဆယ့်ရှစ်သိန်း ကျတယ်သူငယ်ချင်း။

ငါ နဲ့မင်းညီမ မင်းတို့နဲ့​ဝေးရာကို ထွက်သွားပါပြီ။ ဟန်းနီးမွန်း​ပေါ့ကွာ၊ မင်းလဲမင်းချစ်သူနဲ့အတူ ​နေရ၊ ငါလည်း ငါ့ချစ်သူ​လေးနဲ့ အတူ​နေရတဲ့အတွက် မင်းကို​ကျေးဇူးတင်တယ်သူငယ်ချင်း၊
ဘာပဲ​ပြော​ပြော မင်း ညီမနဲ့ က​လေးတစ်ဒါဇင်​လောက်​မွေးပြီးမှ ပြန်လာ​တော့မယ်…ယောက်ဖ​ရေ..

ကဲ..ငါ စိတ်ချမယ်ကွာ..မင်းညီမ​လေး ကိုလဲစိတ်ချပါ၊
ငါ..အသက်နဲ့ရင်းပြီးကြင်နာသွားမှာပါကွာ..
ဒါပဲ..

မြတ်စံ
သူငယ်ချင်း​ယောက်ဖ။

“ဟာ…ဟာ…သွားပါပြီ…ညီမ​လေး..ညီမ​လေး..ပါသွားပြီ…ဝုန်း…”

“အယ်မ​လေး..ကို​ဇော်မြင့်..ကို​ဇော်မြင့်..
ကယ်ကြပါဦးရှင်..ကို​ဇော်မြင့်မူးလဲလို့..အဲ..​လေ ကျွန်မ​ယောက်ျားမူး​လဲလို့…ကယ်ကြပါ..ကူကြပါဦး..ရှင်”

ဟူ​သောအသံပိုင်ရှင်သည် ခင်မမကျော် မှလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

*******@@@******

​မေတ္တာပန်းများလန်းပါ​စေ။

#ဝင်း​ကျော်ခိုင်