————-

ရန်ကုန်မှထွက်လာသည့် လော်ကယ်ရထားကြီးသည် ပဲခူးမြို့ထဲကို တရွေ့ရွေ့ဝင်လာသည်။

ည ၇ နာရီခွဲနေပြီ။

ခါတိုင်း ၆ နာရီလောက်တွင် ပဲခူးဘူတာကို ဆိုက်ရမည့် ရထားသည် လမ်းတွင် အမြန်ရထားတွေကို ရှောင်ပေးရင်းက မိုးချုပ်သွားရသည်။

ဆရာမကြီး ဒေါ်မြနှင်းသည် ရထားပေါ်ကဆင်းလိုက်ပြီး ဘူတာထဲက ထွက်လိုက်သည်။

“ဆရာမကြီး ဆိုက်ကားလား”

သူကပြုံးပြီး လက်ခါပြလိုက်သည်။ ကျောင်းဆရာမလစာနှင့် ဆိုက်ကားစီးရလောက်အောင် မစွန့်စားချင်။

ကြိမ်ခြင်းလေးကိုဆွဲလာရင်း ၁ လမ်းထိပ်အရောက်တွင် အကြော်တဲလေးထဲ ဝင်လိုက်ကာ

“ဘာအကြော်တွေ ရှိသေးလဲ” ဟု မေးလိုက်သည်။

“ဆရာမကြီးရေ … ပုဇွန်ကြော်ပဲကျန်တော့တယ်”

“တစ်ခုပေးကွယ်”

အိမ်ရောက်လျှင် ထမင်းကြမ်းလေးနှင့် စားရန်ဖြစ်သည်။ အကြော်ထုပ်လေးကို ခြင်းထဲထည့်ကာ ဆွဲလာရင်း သူ့လမ်းထဲကို ဝင်လိုက်သည်။

ထိုအချိန်တွင် အသက် ၁၀ နှစ်ကျော်ကျော်လောက်သာ ရှိဦးမည့်ကလေးတစ်ယောက်က သူ့အနားကို ကပ်လာသည်။ ဆရာမကြီးက

“သားလေးဘယ်လဲကွ” ဟု မေးလိုက်သည်။

မေးသာမေးသည် ထိုကလေးကို သိ၍တော့မဟုတ်။

ကလေးက သူ့ဆွဲခြင်းထဲတွင် ထိုးထိုးထောင်ထောင်ဖြစ်နေသည့် ပိုက်ဆံအိတ်ကိုဆွဲယူကာ ပြေးတော့သည်။

“ဟေ့ ကလေး … အို”

ကလေးက အိတ်ကို ဆွဲပြေးသွားသော်လည်း သူနှင့် မလှမ်းမကမ်းမှာပင် ရေကန်က စီးကျနေသော ရေတွေကို နင်းမိပြီး ခြေချော်ကာ လဲကျသွားတော့သည်။

ဆရာမကြီးကလည်း ကလေးကို ဆွဲထူရင်း သူ့အင်္ကျီကော်လာကို ဆွဲကိုင်ကာ

“ဟေ့ … လူဆိုးလေး … ဘယ့်နှယ်လုပ်တာလဲ” ဟုအော်လိုက်သည်။

ရေလာခပ်သော မခင်မွှေးက

“ဆရာမကြီး ဘာဖြစ်လို့လဲ”

“ဒီမှာလေ ငါ့ပိုက်ဆံအိတ်ကို လုပြေးတဲ့ကလေး”

“ဟာ … ဘယ်က ကလေးလဲ။ ဟဲ့ကောင်လေး ဘယ်ကလဲ”

“ဘူတာကုန်းတံတားအောက်က”

“နင့်ကို ရဲစခန်းပို့မယ်”

ကောင်လေးက ငိုတော့သည်။

ဆရာမကြီးက လမ်းမီးတိုင်အောက်မှ သူ့ကို သေချာစွာကြည့်လိုက်ပြီး

“မျက်နှာတွေကလည်း ညစ်ပတ်နေတာပဲ … ရေမချိုးဘူးလား”

“ရဲစခန်းမပို့ပါနဲ့ … အမေကပိုက်ဆံမပါလာရင် အိမ်ပြန်မလာနဲ့ဆိုလို့”

“နင့်အမေက ဘာလုပ်လဲ”

“ဘာမှ မလုပ်ဘူး”

“နင့်အဖေရော”

“မသိဘူး”

“ထမင်းစားပြီးပြီလား”

“စားရသေးဘူး”

“စားမလား”

“စားမယ်”

“လာလိုက်ခဲ့”

မခင်မွှေးက

“ဆရာမကြီး ဒီကလေးကို ဘယ်ခေါ်သွားမလို့လဲ … ဘူတာရဲစခန်းသွားအပ်လိုက်”

“ထားလိုက်ပါကွယ် … ထမင်းဆာလို့နေမှာပါ … ငါကျွေးလိုက်မယ်”

ဆရာမကြီးက သူ့အိမ်ထဲကို ကလေးအားဆွဲခေါ်သွားသည်။

“အရင်းဆုံး နင့်လက်တွေ … မျက်နှာတွေကို သွားဆေးလိုက် … ဆပ်ပြာနဲ့ဆေးနော်”

“ဟုတ်ကဲ့”

ကောင်လေးက ရေချိုးတိုင်ကီနားသွားကာ လက်တွေ ခြေထောက်တွေ ဆေးနေသည်။ မျက်နှာကိုလည်း သစ်လာပြီးပြန်လာသည်။

“ဟုတ်ပြီ … လူချောလေးပဲ။ နောက် ဒီလို မလုပ်ဘူးလို့ ကတိပေးလား”

“ဟုတ်ကဲ့”

“သူများပစ္စည်းခိုးတာ လုတာ မကောင်းဘူး။ ငါနဲ့တွေ့လို့။ သူများနဲ့ဆိုရင် အရိုက်ခံရမယ်။ ရဲစခန်းကို အပ်မှာ”

“ဟုတ်ကဲ့”

“နေဦး ကြက်ဥလေး ကြော်ပေးမယ်”

ဆရာမကြီးက ကြက်ဥကိုကြော်နေသည်။ ကောင်လေးက ထမင်းစားပွဲတွင် ထိုင်နေသည်။ ကြက်ဥကြော်ပြီး သည့်အခါ ဆရာမကြီးကကောင်လေးရှေ့ကို ထမင်းပန်းကန်ချပေးပြီး

“ငါ့မှာလည်း ဒီလောက်ပဲရှိတယ်။ ဒါပဲစားတော့”

“ဟုတ်ကဲ့”

ထမင်းတွေကို အားရပါးရစားနေသည့် ကောင်လေးကိုကြည့်ပြီး သူကပီတိဖြစ်နေသည်။ ထမင်းစားပြီး နောက်

“မှတ်ထားနော် … နောက်ကို ခိုးတာတွေ … လုတာတွေ မလုပ်ရဘူးနော်”

“ဟုတ်ကဲ့ … ရေသောက်ချင်တယ်”

“အေး သွားခပ်ပေးမယ်”

ဆရာမကြီးက သူ့ကို ရေတစ်ခွက်ခပ်ပေးလိုက်သည်။ ကောင်လေးက ရေသောက်ပြီး

“သားကို ရဲစခန်းပို့မှာလား”

“မပို့ပါဘူး … ပြန်တော့”

“ဟုတ်ကဲ့”

ကောင်လေးက ပြန်ထွက်သွားသည်။

ဆရာမကြီးက ကောင်လေးထွက်သွားသည့်နောက်ကျောကိုကြည့်ရင်း ပီတိဖြစ်နေသည်။

“ကလေးရယ် …. ဘာဖြစ်လို့များ ဒီလိုဝမ်းထဲကို ဝင်စားပြီးလူဖြစ်နေရတာလဲကွယ်”

မည်သို့ဆိုစေ သူယနေ့ပြုလိုက်ရသည့် ကုသိုလ်အတွက်တော့ ပီတိဖြစ်နေမိသည်မှာ အမှန်ပင်။

ထမင်းဆာလာသဖြင့် စားပွဲပေါ်တင်ထားသော ဆွဲခြင်းဆီသွားပြီး အကြော်ထုပ်လေးကို သွားယူလိုက်သည်။

“ဟင် ငါ့ပိုက်ဆံအိတ်ရော”

သူဆွဲခြင်းထဲ ထည့်ထားသည့် ပိုက်ဆံအိတ်မရှိတော့။

“ဪ ကလေးရယ် ငွေလေး နှစ်ကျပ်ပဲရှိတဲ့ အိတ်ကိုမှ မျက်စိကျရော့သလား”

ပြတ်တုန်း လပ်တုန်း ၂၃ နေ့မှာမှ လူတစ်ယောက်ကို ကယ်တင်မိသည်။

“ဪ ကံဆိုးပါတယ်ကွယ်”

မည်သူကံဆိုးသည်တော့မသိ။

တင်ညွန့်