————-

“ဆရာကြီး … ဦးကံထူးသေပြီ”

စာသင်ခန်းထဲက စာသင်ပြီး အထွက်တွင် ဆရာမဒေါ်ခင်အေးက ကျွန်တော့်ကို ပြောလိုက်ရာ ကျွန်တော် ငိုင်သွားသည်။ လမ်းဆက်လျှောက်ရန်ပင် မေ့နေပြီး ခေါင်းထဲတွင် ထူပူသွားသည်။

“ဘယ်တုန်းကလဲ ဆရာမ”

“ခုပဲ ဆရာကြီး ကျွန်မ ရွာထဲက ဖြတ်လာတော့ ငိုသံတွေကြားလို့ မေးကြည့်တာ … သူ့သားကိုယ်တိုင် ပြောလိုက်တာ”

ကျွန်တော်က ရုံးခန်းကို ခြေလှမ်းတွေ လေးတွဲ့စွာသွားပြီး စိတ်မောလူမော ထိုင်ချလိုက်သည်။

လွန်ခဲ့သော ဆယ်ရက်က ဦးကံထူး ကျွန်တော့်ရုံးခန်းကို ရောက်လာသည်။ သူက ဤရွာတွင် ရွာလူကြီးဖြစ်သလို၊ ကျောင်းအကျိုးကိုလည်း တက်ကြွစွာ ရှေ့တန်းက ဆောင်ရွက်ပေးတတ်သူဖြစ်သည်။

“ဦးကံထူး လာဗျာ … ဘာကိစ္စ”

“ဆရာကြီး တစ်ခုလောက် အကူအညီတောင်းချင်လို့ပါ”

“ဘာလဲ ပြောဗျာ”

“ကျွန်တော် ငွေလိုနေလို့ပါ”

“ခင်ဗျားနှယ် ကျောင်းဆရာဆီကမှ ငွေလာချေးရတယ်လို့”

“ဆရာကြီး မရှိမှန်း သိပါတယ် … ဒါပေမဲ့ ဆရာကြီးဆီမှာ ပိုက်ဆံတွေရှိနေတာလည်း ကျွန်တော် သိနေတယ်လေ”

“ဘာလဲဗျ”

“ကျောင်းဆောက်လုပ်ရေးအတွက်ငွေတွေ ဆရာကြီးဆီမှာ ရှိနေပါတယ်”

“ဟာဗျာ အဲဒါတွေက အစိုးရငွေတွေလေဗျာ”

“ဆရာရယ် … ကျောင်းကနွေမှ ဆောက်မှာလေဆရာ။ ကျွန်တော်က တစ်ပတ် ဆယ်ရက်လောက် လှည့်ထားမှာပါ။ မြေပဲရောင်းပြီတာနဲ့ ပြန်ပေးပါ့မယ်။ အရေးကြီးလို့ပါ”

“မဖြစ်ဘူး ဦးကံထူး … အစိုးရငွေကိုထိလို့မရဘူး”

“ဆရာရယ် တစ်သိန်းတည်းပါ”

“မရပါဘူး ဦးကံထူးရယ် … အဲဒီငွေတွေ ပေးလို့မရလို့ပါ”

“တောင်းပန်ပါတယ် ဆရာရယ် … အရေးတကြီးလိုနေလို့ပါ။ ဆယ်ရက်အတွင်း အဲဒီငွေတွေကို လက်ထဲ လာပြန်ထည့်ပေးပါ့မယ်”

“ခက်တော့တာပဲဗျာ”

“မခက်ပါနဲ့ဆရာရယ် … ဘာလဲ ကျွန်တော့်ကို မယုံလို့လား”

“ယုံပါတယ်ဗျာ … ဒါပေမဲ့ ကျွန်တော်က အစိုးရငွေနဲ့ပတ်သက်ပြီး စိုးရိမ်တယ်။ လူကိုထောင်ကျနိုင်တယ်ဗျ”

“ဆရာ့ကို ကျွန်တော်က လိမ်မှာလားဗျာ”

ဦးကံထူးမှာ ကျောင်းဆောက်လုပ်ရေးအတွက် အရေးပါသူတစ်ဦးလည်းဖြစ်၊ ယုံကြည်ရသူလည်းဖြစ်ရာ ကျွန်တော် အရဲစွန့်ကာငွေတစ်သိန်းကျပ်ကို သူ့အားပေးလိုက်ပါသည်။

ယခုတော့ ဘာလုပ်ရမည်နည်း။ ဦးကံထူးသေပြီ။

ကျွန်တော်က ချက်ချင်းပင် အသုဘအိမ်ကို ထွက်လာခဲ့သည်။ ဦးကံထူးအိမ်ကို ရောက်သည့်အခါ ငိုယိုသူများ ကြားထဲမှ သူ့သားက ထွက်လာပြီး

“ဆရာကြီး လာပါခင်ဗျာ” ဟုခေါ်ကာ အလောင်းပြင်ထားသောခုတင်ဘေးသို့ ခေါ်သွားသည်။

ဦးကံထူးကတော့ သူဘာမျှမသိသလို တည်ငြိမ်စွာနှင့် အိပ်ပျော်နေသလိုပင်။ ကျွန်တော်ကတော့ သူ့ကို ကြည့်ပြီး ချွေးပြန်နေသည်။

“ဘယ်လိုဖြစ်တာလဲကွာ”

“မနက်က အကောင်းကြီးဆရာ … လယ်ထဲက အိမ်ပြန်လာပြီး မောတယ်ပြောလို့ ရေတစ်ခွက် ခပ်တိုက်လိုက် သေးတယ်။ ရေသောက်ပြီး ကွပ်ပျစ်ပေါ်ထိုင်နေရာကနေ ခေါက်ကနည်း လဲကျသွားတာ အသက်ပါ ပါသွားတော့တာ”

သူ့ဇနီးက ကျွန်တော့်ကို ရှင်းပြနေခြင်းဖြစ်သည်။

ဦးကံထူးနှင့် ကျွန်တော် ငွေချေးထားသည့် ကိစ္စသည် လူသိခံဝံ့သော ကိစ္စမဟုတ်သဖြင့် မည်သူ့ကိုမျှလည်း ကျွန်တော်မပြောမိ။ ဦးကံထူးကလည်း ကျောင်းငွေကို တိတ်တိတ်လေး ခိုးချေးထားသော အကြောင်းကို မည်သူ့ကိုမျှလည်း ပြောမည်မထင်။ ယခုတော့ မိသားစု မျက်နှာငယ်လေးတွေကြားတွင် ငွေကိစ္စကိုလည်း ကျွန်တော်မည်သို့ ပြောရမည်နည်း။

ကျွန်တော်က သူ့သားကိုတော့ အကျိုးအကြောင်းပြောကြည့်မည်ဟုကြံပြီး အခြေအနေကို အကဲခတ်နေသည်။ သူ့သားက ကျွန်တော့်တပည့်ဟောင်းတစ်ဦးပင်။

ကျွန်တော့်ရှေ့ ရေနွေးဗန်းလာချသည့် မောင်အေးကျော်ကို ကျွန်တော်က

“အေးကျော် ”

“ဟုတ်ကဲ့ဆရာကြီး”

“မင်းအဖေ မသေခင် ဘာတွေများ မှာသွားသေးသလဲကွယ်”

“မှာတောင် မမှာနိုင်ပါဘူးဆရာကြီးရယ်”

သွားပြီ ကျွန်တော်တော့ ငယ်ထိပ်မြွေပေါက်လိုက်သလို ခံစားနေရပြီ။ ကျွန်တော့်မှာလည်း ထိုငွေလောက်ကို စိုက်လျော်စရာမရှိ။ ဘာလုပ်ရမည်နည်းဟု အကြံအိုက်နေစဉ် အိမ်ပေါ်ကို ဦးကြွက်နီ တက်လာပြီး

“ဪ ဆရာကြီးလည်း ရောက်နေတာကိုး” ဟုနှုတ်ဆက်သည်။

“အေးဗျာ”

ဦးကြွက်နီက သူ့ခေါင်းတွင် ပေါင်းလာသော ခေါင်းပေါင်းတဘက်ကို ဖြုတ်လိုက်ပြီး မျက်နှာက ချွေးတွေကို သုတ်လိုက်သည်။ သူက ကျွန်တော့်ကို ကြည့်လိုက်ပြီး

“ဆရာကြီးရောက်နေတာနဲ့ အတော်ပဲဗျာ”

“ဘာဖြစ်လို့လဲ”

“ဟဲ့ အိမ်သားတွေ လာကြစမ်း” ဟု ပြောလိုက်ရာ ဦးကံထူး ဇနီးနှင့် သားဖြစ်သူတို့က ရောက်လာကြသည်။

“ဘာဖြစ်လို့လဲ အစ်ကို”

ဦးကံထူးဇနီးက မေးလိုက်သည်။

ဦးကြွက်နီက သူ့လွယ်အိတ်အဟောင်းလေးထဲမှာ ပိုက်ဆံတွေကို ထုတ်လိုက်သည်။ ၂၀ တန် ၅၀ တန် ၅၀၀ တန်တွေ ဖြစ်သည်။ သူက ပိုက်ဆံတွေကို ပုံထားပြီးမှ

“ဟဲ့ ဝိုင်းပြီးတော့ စီကြစမ်း” ဟု ပြောလိုက်သည်။

သူတို့ ပိုက်ဆံတွေကို ရေတွက်ကာ အထပ်လေးတွေ ထပ်နေကြသည်။

“ဒီမှာ အားလုံး စုစုပေါင်း တစ်သိန်းနဲ့ နှစ်သောင်း”

“အစ်ကို ဘာလုပ်ရမှာလဲတော့”

“ဒီငွေတွေက ငါ့သမီး မင်္ဂလာဆောင်ဖို့ ကံထူးဆီကနေ ချေးထားတဲ့ ငွေတွေပဲ။ သမီး မင်္ဂလာဆောင်ပြီး ကတည်းက လာပြန်ပေးချင်နေတာ မအားတာနဲ့။ ခုတော့ သူဆုံးပြီဆိုတာ သိလို့ လာပေးတာ”

“အဖေက အဲဒီအကြောင်းလည်း ဘယ်သူ့မှ မပြောပါလား”

“မပြောဆို အဲဒါ မင်းတို့ အဖေရဲ့ ငွေတွေမှ မဟုတ်တာ။ ကဲ ဆရာကြီးလည်း ဒီမှာရှိနေတာနဲ့ အတော်ပဲ။ ကျွန်တော် ဒီမှာ တစ်ခါတည်း အကြွေး ဆပ်လိုက်ပါတယ်ဗျာ”

ကျွန်တော့်မှာ ဘာပြောရမှန်းမသိ ထစ်ခနဲဝမ်းနည်း၊ ထစ်ခနဲဝမ်းသာဆိုသလို ဖြစ်နေမိပါတော့သည်။

ကျွန်တော်ကလည်း

“အေးဗျာ ကျွန်တော်လည်း ထူပူပြီးတော့ ဘာလုပ်ရမှန်း မသိဘူး။ ဒီအိမ်ရောက်တော့လည်း မပြောရက်ဘူးဗျ။ ခင်ဗျားကို ချေးထားတာလည်း မသိဘူးလေ”

“ကျွန်တော်လည်း သမီးမင်္ဂလာဆောင်အတွက် မဖြစ်မနေမို့လို့ ညီအစ်ကိုချင်း အကူအညီတောင်းလိုက်တာ ဆရာရယ်။ သူက မရှိတဲ့ကြားကနေ ကြံဖန်ပြီးတော့ကို လုပ်ပေးသွားရှာပါတယ်။

“ဒါနဲ့ ဦးကြွက်နီ ဒီကိစ္စက ခင်ဗျားနဲ့သူနဲ့ပဲ သိတဲ့ ကိစ္စလား”

“ဆရာကြီးဆီက ယူပေးတယ်ဆိုတာ ကျွန်တော့်ကို ပြောပါတယ်။ အကြွေးကို အမြန်ပြန်ဆပ်ဖို့ မနေ့ကတော့ လှမ်းမှာနေသေးတာ”

“ကျွန်တော် တစ်ခုလောက် မေးစမ်းပါရစေ”

“ဘာများလဲဆရာကြီး”

“သူနဲ့ခင်ဗျားပဲ သိတဲ့ကိစ္စကို လာပြန်မပေးလည်း ရသားနဲ့ ဘာဖြစ်လို့ လာပြန်ပေးတာလဲ”

“အလို ဆရာရယ် … နောင်ဘဝအဆက်ဆက် သူများမြေမခံချင်ပါဘူး။ ဒီဘဝဆင်းရဲပြီး ကျွန်တော် သူများအိမ်မှာ သူရင်းငှားဖြစ်နေရတာ သူတို့မြေပါခဲ့လို့နေမှာ။ ဒီဘဝ ဒီမျှလို့ပဲ သဘောထားပါတယ်။ နောက်ဘဝအထိ ကျွန်တော်ရော ကျွန်တော့်ညီလေးပါ ဆရာ့ဆီမှာ မြေမခံပါရစေနဲ့။ ရော့ပါဆရာကြီး ဒီမှာ တစ်သိန်းနဲ့နှစ်သောင်း”

“ဦးကြွက်နီ ကျွန်တော် ခင်ဗျားညီကို ချေးလိုက်တာ တစ်သိန်းထဲပါဗျာ။ ဘာဖြစ်လို့ နှစ်သောင်းက ပိုနေရတာလဲ”

“ဆရာကြီးရယ် ရွာထဲမှာ အတိုးနဲ့ယူရင် ဒီလောက်ပဲ ပေးရပါတယ်။ ဒါပေမဲ့ ကျွန်တော့်လို ငမွဲကို ဘယ်သူက ငွေတစ်သောင်း ချေးပါ့မလဲဗျာ။ ဒါကြောင့် ဆရာကြီးကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေပိုလေးများ လုပ်ပေးရအောင်ဆိုပြီး ညီအစ်ကိုနှစ်ယောက် တိုင်ပင်ထားတာ”

“ဦးကြွက်နီ … ကျွန်တော် ငွေတိုးပေးစားတဲ့လူ မဟုတ်ပါဘူး။ ကျွန်တော် ဦးကံထူးကို ယုံကြည်မှုနဲ့ ချေးလိုက်တာ။ ခင်ဗျားကလည်း ကျွန်တော် ယုံကြည်ရကျိုး နပ်လိုက်တာ။ တကယ်လို့ ခင်ဗျားသာ ဒီငွေတွေကို လာပြန် မပေးဘူးဆိုရင် ကျွန်တော်လည်း အလုပ်ပြုတ်ရင်ပြုတ်၊ မပြုတ်ရင် ထောင်ထဲဝင်ရမှာ။ ကဲပါ ကျွန်တော် ငွေ တစ်သိန်းပဲ ပြန်ယူသွားမယ်”

ကျွန်တော်က ပိုက်ဆံအထပ်လိုက်ရေတွက်လိုက်ပြီး ငွေတစ်သိန်းကိုသာယူပြီး နှစ်သောင်းကို သူ့ရှေ့သို့ ပြန်တွန်းပေးလိုက်သည်။

“ဆရာကြီး ကျွန်တော့်သမီး မင်္ဂလာဆောင်က လက်ဖွဲ့ငွေလည်း အတော်ရလိုက်ပါတယ်။ ကျွန်တော့် လယ်ပိုင်ရှင်ကလည်း လက်ဖွဲ့သေးတယ်။ သတို့သားဘက်ကလည်း တင်တောင်းငွေရတယ်။ ဒါကြောင့် ဒီနှစ်သောင်းလည်း ယူလိုက်ပါ”

“ကျွန်တော့်ကို အတိုးပေးစားတဲ့ ကျောင်းဆရာဆိုပြီး နာမည်မဖျက်ပါနဲ့ဗျာ။ ခင်ဗျား စေတနာရှိရင် ဒီငွေနှစ်သောင်းကို ခင်ဗျားညီ အသုဘကိစ္စအတွက်ပဲ ထားလိုက်ပါ။ ကဲ သဘောတူတယ် မဟုတ်လား”

“ဆရာကြီးရယ် … ဝမ်းသာလိုက်တာဗျာ … ဘာပြောရမှန်းတောင် မသိတော့ပါဘူး” ဟု ဦးကြွက်နီက ပြောကာ မျက်ရည်တွေ ကျလာသည်။

ဦးကံထူးဇနီးနှင့် သားတွေ သမီးတွေကလည်း ငိုကြသည်။

ကျွန်တော်ကတော့ ပိုက်ဆံတွေကို တိုက်ပုံအင်္ကျီထဲထိုးထည့်ပြီး အသုဘအိမ်ပေါ်က ဆင်းခဲ့သည်။

တင်ညွန့်

၁၁.၁၂.၂၀၂၄