မောင်မြေမွန်(ချောင်းဦး)
ကျင်လည်ရာ ကျင်လည်ကြောင်း
လေပြေလေညင်းကလေးများက တသုန်သုန် တိုက်ခတ်နေသည်။ ဤလေမျိုးကို မြန်မာပြည်အလယ်ပိုင်းအခေါ်အဝေါ်နှင့်ဆိုလျှင် “ရေဥတုလေ” ဟုဆိုရပါမည်။
မှန်သည်..။
ဤလေမျိုး တိုက်ခတ်လျှင် ရေတိုးတက်သည်။ ချောင်းငယ်၊ မြောင်းငယ်များမှာ ရေပြည့်တော့သည်။ ရေလျှံသောအခါ၌မူ လယ်ယာခင်းများ ရေတဝကြီး သောက်ရသည်။ ထိုအခါ သီးနှံများမှာလည်း လေနှင့်မှုတ်လိုက်သလို ထိုးတက်လာတတ်သည်။ထို့ကြောင့် တောင်သူများက “ရေဥတုလေ”” ကို နှစ်သက်ကြသည်။
တောင်သူများသာမက ကိုသာခန့်ကဲ့သို့သော ကြွက်လိုက်သမားများကလည်း “ရေဥတုလေ” လိုလားကြသည်။
အကြောင်းမှာ ရေတိုးသောအခါ ချောင်းရေများသည် လယ်ကွက်ထဲရှိ ကြွက်တွင်းများထဲသို့ အတားအဆီးမရှိ တရှိန်ထိုးဝင်တော့သည်။ ထိုအခါ ရေမွန်းသောကြောင့် ကြွက်များမှာကုန်းပေါ်သို့ တက်ကာ လွတ်ရာလွတ်ကြောင်း သွေးရူးသွေးတန်း ပြေးကြရသည်။ ထိုအခါကျမှ ကိုသာခန့်ကဲ့သို့ ကြွက်တူးသမားများသည် အသာစောင့်ဖမ်းရုံသာ ရှိသည်။
ခက်ရင်းခွနှင့် ထိုးရုံမျှဖြင့် ကိစ္စပြီးနိုင်သည်။ ကြွက်တွင်းကို ကိုယ်တိုင် ရေလောင်းစရာမလို။ ကိုယ်တိုင် တူးစရာလည်း မလို။
ဟော … ကြည့်ပါ။
ကိုသာခန့်။ ဟုတ်ပါသည်။ လူတဦးပင် ဖြစ်ပါသည်။ကိုသာခန့်သည် လူထဲက လူတဦးပါ။ ဘုရားစူး လူတဦးပါ။
သူသည် တောစောင့်နတ်၊ တောင်စောင့်နတ်၊ ချောင်းစောင့်နတ်များထံ ခွင့်ပန်ကာ ရေသဖန်းပင်များ စုရုံးရာ ချုံထဲသို့ဝင်ကာ အခင်းလေးစွန့်လိုက်သည်။ ထိုနောက် လက်ပံပင်အောက်သို့ ဝင်ထိုင်ကာ ပြောင်းဖူးဖက်ဆေးလိပ်တလိပ်ကို မီးညှိလိုက်သည်။
ဖျင်နှစ်နံစပ်၊ ညစ်ထေးသော အဖာတရာ ပုဆိုးတကွင်းကိုသာ ဝတ်ဆင်ထားသည်။ ကိုယ်အထက်ပိုင်းမှာမူ အဝတ်အစား ဗလာနတ္ထိ။
နေလောင်ထား၍ မဟူရာရောင်ပေါက်နေသော ကျောပြင်ကြီးကမူ သူ၏ ဘဝသရုပ်ကို စာမဲ့ကဗျာနှင့် သရုပ်ဖော်ပြသကဲ့သို့ ရှိနေသည်။
သူသည် လေဖြူးဖြူးတိုက်ခတ်နေသော လက်ပံ ရိပ်မှာ ခြေပစ်လက်ပစ်အနားယူလိုက်သည်။
တနည်းအားဖြင့် သူနှင့်အတူ ပါလာသော ကျောင်းဆရာ ကိုကျော်မွန်ကို စောင့်ရပေဦးမည်။ ကိုကျော်မွန်က မနီးမဝေးရှိ ချောင်းကမ်းစပ်မှာ ကြွက်တွင်းအရှာ ထွက်သွားခြင်းဖြစ်သည်။ တနည်းအားဖြင့် ကြွက်တွင်း ပေါ မပေါကို စနည်းနာသွားခြင်း ဖြစ်သည်။
ကိုသာခန့်သည် လက်ပံရိပ်၏ အေးမြခြင်းသုခကို မြိန်ရည်ရှက်ရည် ခံစားနေလိုက်သည်။ သူအဖို့ သည်အခါမျိုးမှာ အရသာယူရသည်။ စည်းစိမ်ယူ ရသည်။
“ဦးလေးခန့်ရေ … အလုပ် စကြစို့။ ကြွက်တွင်းတွေထဲမှာ ရေတွေဝင်နေလို့ ကြွက်တွေထွက်ကုန်ကြပီ။
“ဟေ … ဟုတ်လား။ တော်တော်များရဲ့လားကွဲ့ ။ လာ တိုးလုံ … သွားရအောင်။ အို့ … အို့ … အို့”
သူသည် ကိုယ်ရံတော် တိုးလုံကြီးကို ခေါ်ကာ လက်စွဲတော် ခက်ရင်းခွ၊ လွယ်အိတ်စုတ်တို့ကို ယူ၍ လာခဲ့သည်။ တိုးလုံကြီးက အမိန့်တော်ကို နာခံကာ နောက်ပါးမှ အမြီးတနန့်နန့်နှင့်။
“မြန်မြန်လာ ဦးလေးခန့်ရေ ၊ ကြွက်တွေ လွတ် ကုန်အုံးမယ်။ လယ်ကွက်တွေထဲမှာပဲ ရှိသေးတာဗျ။ တော်ကြာ တခြား ရောက်ကုန်လိမ့်မယ်။
ဟော … ဟိုမှာ … ဟိုမှာ မြင်လား၊ လျှောက်ပြေးနေတာ”
“အေး … ဟုတ်သား။ တချို့လဲ ချောင်းထဲမှာ ကူးပြေးနေတာ။ မောင်ကျော်မွန်လဲ ချောင်းထဲက ကြွက်ကို အရမ်းမလိုက်နဲ့နော်။ ကုန်းပေါ်တက်မှ လိုက်၊ ချောင်းထဲ ရေကူးမလိုက်နဲ့။ ကြွက်တွင်းကိုလဲ အရမ်းမနှိုက်နဲ့”
ကိုသာခန့်သည် ပြောပြောဆိုဆို လယ်ကွက်ထဲတွင် ပြေးလွှားနေသော ကြွက်များကို ခက်ရင်းခွဖြင့် လှမ်းထိုးနေသည်။ တိုးလုံကလည်း မြင်သမျှ ကြွက်များ ကို လိုက်လံကိုက်နေသည်။ မကြာခင်မှာပင် ကြွက်များ တော်တော်များများ ရလိုက်သည်။
“ပလုံ့”
“ဟော… ကြွက်တကောင် ချောင်းထဲ ဆင်းပြေး ပြီ။ ကျွန်တော် လိုက်ဖမ်းလိုက်မယ်”
ကိုကျော်မွန်က ပြောပြောဆိုဆို ခါးမှ ပုဆိုးကိုချွတ်ကာ အတွင်းခံဘောင်းဘီတိုနှင့် ရေထဲသို့ ခုန် ဆင်းလိုက်သည်။
“ဝုန်း”
“ဟေ့ … ဟေ့ … နေဦး”
ကိုသာခန့်က တားလိုက်သည်။ သို့သော် မမီလိုက်။ ကိုကျော်မွန်မှာ ရေထဲရောက်နေပေပြီ။ ချောင်းရိုးအလိုက် ကူးပြေးသော ကြွက်ကို ကိုကျော်မွန်က ရေကူးလိုက်နေပေသည်။
ရေထဲမှာဆိုလျှင် ကြွက်သည် ကြာရှည်မကူးနိုင်။ သည်အချက်ကို ကိုကျော်မွန်က သိထားပြီးဖြစ်သည်။ ကြွက်သည် လူကိုလွတ်အောင် မကူးနိုင်။
“မောင်ကျော်မွန် ကမ်းပေါ်ကိုတက်လိုက်။ ဆက်မလိုက်နဲ့၊ တက် … တက် … ကမ်းပေါ်တက်”
ကိုသာခန့်သည် ချောင်းရိုးအလိုက် ပြေးလိုက်ယင်း ကိုကျော်မွန်ကို အမောတကော ပြောနေသည်။ ကိုကျော်မွန်ကလည်း စောဒကတက်မနေတော့။ ကမ်း စပ်သို့ကူးကာ ကုန်းပေါ်သို့ တက်လိုက်သည်။
“လာ … ကမ်းပါးကနေ ကြွက်နောက်လိုက်ရ အောင်””
သူတို့နှစ်ယောက်သည် ကမ်းပါးမှနေ၍ ကြွက်ကို မျက်ခြည်မပြတ် လိုက်နေကြသည်။ ၎င်းတို့ရှေ့မှ တိုးလုံကြီးက တဝုတ်ဝုတ်ဟောင်လျက် ပြေးနေသည်။
ချောင်းရိုးအတိုင်း ကူးနေသော ကြွက်သည် မောပန်းသဖြင့် ချောင်းတဖက် ကမ်းစပ်သို့ တက်လိုက် သည်။ ဆက်မပြေးနိုင်သေး။ အမောဖြေနေကာ နားလိုက်၏။
ထိုအခိုက်….
ရေထဲမှ မြွေပွေးတကောင် ပေါ်လာကာ ကြွက်ကို နောက်မှနေ၍ ခဲလိုက်သည်။ ကြွက်ကလည်း ရုန်းကန်လိုက်သည်။ ကြွက်၏ကိုယ်မှ သွေးများ ရဲကနဲ ပန်း ထွက်လာ၏။ မြွေကလည်း ကြွက်ကို ၎င်း၏ကိုယ်ဖြင့် ရစ်ပတ်ထားလိုက်သည်။
ကြွက်က တောကြွက်ဖြစ်၍ ကြီးမားသောကြောင့် မြွေသည် အားစိုက်ထုတ်ရခြင်း ဖြစ်သည်။
၎င်းသတ္တဝါနှစ်ကောင်ရှိရာသို့ တဘက်ကမ်းမှ ကိုသာခန့်သည် လွယ်အိတ်ထဲမှ လောက်လေးခွဖြင့် လှမ်းပစ်လိုက်သည်။ ချောင်းမှာ ဟိုဘက်ကမ်းနှင့် သည်ဘက်ကမ်း ဝါးနှစ်ရိုက်ခန့်သာ ကျယ်သည်။ ကိုသာခန့် ပစ်လွှတ်လိုက်သော လောက်စာလုံးသည် ၎င်းသတ္တဝါနှစ်ကောင်အနီးမှ မြေပျော့ထဲသို့“ဘုတ်” ဟု အသံမြည်ကာ မြုပ်ဝင်သွားသည်။
ထိုအခါ မြွေသည် ၎င်း၏ အစာကိုလွှတ်ကာ တချိုးတည်း ပြေးလေတော့သည်။ ၎င်းကြွက်သေကို တိုးလုံကြီးက ချောင်းကူးတံတားမှ ဖြတ်ကာ ပါးစပ်နှင့် ကိုက်ချီယူလာခဲ့သည်။
“အဲဒါပဲကြည့်တော့ မောင်ကျော်မွန်။ တို့က ရေထဲကကြွက်ကိုလိုက်ယင် တို့မမြင်ရတဲ့ ရေအောက်က အန္တရာယ်ကို သတိထားရမယ်။ ကြွက်ဟာ မြွေရဲ့ အစာပဲ။ ဒီလို ရေကြီးခါမှာ ကြွက်တွေ ထွက်လေ့ရှိသလို မြွေတွေကလဲ အမြဲတမ်း ချောင်းမြောင်းနေတယ်။ ရေထဲမှာဆို ကြွက်ဟာ မြွေလောက် မကူးတတ်ဘူးမို့လား။ မနှစ်က ကိုသာဝရဲ့သား နွားကျောင်းယင်းနဲ့ အဲသလိုပဲ ရေထဲကကြွက်ကို လိုက်ပြီးဖမ်းတာ ရေထဲကငုပ်ပြီး လိုက်လာတဲ့မြွေက ခြေသလုံး ကိုက်လိုက်တာ သေပါရောလား။
ခုနင်ကလဲ မင်းကသာ ဆက်လိုက်ယင် မြွေနဲ့တွေ့မှာပဲ။ အကိုက်ခံရမှာပဲ”
ကိုသာခန့်က ရှင်းပြလိုက်မှ ကိုကျော်မွန်မှာ ကျောချမ်းသွားသည်။ မိမိ မကျင်လည်သော လုပ်ငန်းမှာ တဇွတ်ထိုးမလုပ်တော့ရန်လည်း ဆုံးဖြတ်လိုက်သည်။
xxx xxx xxx
ကိုကျော်မွန်သည် ဗဟုသုတအလို့ငှာ ကိုသာခန့် နှင့်တွဲကာ တောပစ်လိုက်သော်လည်း ဝမ်းစာအရ မဟုတ်ပေ။ ကိုသာခန့်မှာမူ ဝမ်းစာအရ ကျင်လည် သောလုပ်ငန်းဖြင့် အသက်မွေးနေခြင်းဖြစ်သည်။ ကို ကျော်မွန်မှာ ကျောင်းဆရာဖြစ်သောကြောင့် ကျောင်းအားရက်များမှသာ လိုက်လေ့ရှိသည်။
““ဦးလေးခန့်ရေ မနက်ဖြန် စနေဗျ။ ဘယ်သွားမလဲ၊ အောက်တောလား၊ ကြီးတောလား”
“ကြီးတောသွားမယ်။ ဘယ်လိုလဲ … အရင်တပတ်ကလို မြွေနဲ့တွေ့မှာ မကြောက်ဘူးလား”
“ဟာ…. ရပါတယ်ဗျာ၊ ကိစ္စမရှိပါဘူး”
အောက်တောတွင် ကြွက်လိုက်ရ၍ ကြီးတောမှာ ပုတတ်လိုက်ရသည်ကို ကိုကျော်မွန် သိထားပါ၏။ ကို သာခန့်က ကြီးတော သွားမည်ဆိုလျှင် ပုတတ်လိုက် သွားမည်မှာ သေချာပေပြီ။ ဗေဒင်မေးစရာ မလို။
စနေနေ့တွင် ကိုသာခန့်၊ ကိုကျော်မွန်နှင့် တိုးလုံခေါ် အမဲလိုက်ခွေးကြီးတို့သည် ငါးလျှံရွာဘက်ဆီသို့ ထွက်ခဲ့ကြသည်။ ငါးလျှံရွာ အနောက်ဖက်မှ ကွင်းပြင်သည် ပုတတ်လိုက်အကောင်းဆုံးနေရာ ဖြစ်သည်။
“ပုတတ်လိုက်တာနဲ့ ပတ်သက်လို့ မောင်ကျော်မွန်ကို ပြောထားရအုံးမယ်။ ပုတတ်တွေဟာ တွင်းထဲ နေပေမယ့် သူတို့မှာ အရေးကြုံယင် ထွက်ပြေးနိုင်အောင်လုပ်ထားတဲ့ ‘ဂယ်ပေါက်’ ဆိုတာ ရှိတယ်။ ဂယ်ပေါက်ဆိုတာက မြေကြီးနဲ့ကပ်ရက် အပေါ်ယံမြေကို ပါးပါးလေးချန်ပြီး လုပ်ထားတာ။
ဥပမာ တို့က ပုတတ်တွင်းကို တူးတယ်ထားပါတော့။ပုတတ်က တူးမှန်းသိယင် ဂယ်ပေါက်ကနေ တိုးထွက်ပြေးတော့တာပဲ”
“တို့ ရှေးတုန်းက စာဆိုရှိတယ်မို့လား။ မောင်ကျော်မွန်လဲ ကြားဘူးမှာပါ။ မတူး မအောင်း၊ တူး မအောင်းနှင့်၊ မတူး အောင်းအောင်း၊ တူး အောင်းအောင်းတည့် ဆိုတာလေ”
“အဓိပ္ပါယ်က ဘာတဲ့လဲဗျ”
“ဒီလိုလေကွာ။ တိရစ္ဆာန်တွေ ရှိကြတယ်မို့လား။ တချို့က တွင်းကို တူးလဲ မတူးဘူး၊ အောင်းလဲ မအောင်းဘူး။ တချို့ တိရစ္ဆာန်တွေ့ကျတော့ တွင်း ကို တူးသာတူးတယ် မအောင်းဘူး။
အဲ… မြွေကျတော့ တွင်းကိုတော့ မတူးဘူး၊ တွင်းထဲမှာ အောင်းလေ့ရှိတယ်။ ကြွက်ကတော့ တွင်းကို တူးလဲ တူးတယ်၊ အောင်းလဲ အောင်းတယ်လေ။ အဓိပ္ပါယ်ကတော့ အဲဒါပေါ့ကွ။
အဲဒါကြောင့် ပုတတ်တွင်းပဲဖြစ်ဖြစ်၊ ကြွက်တွင်းပဲဖြစ်ဖြစ် မြွေက ရှိတတ်တယ်။ အရမ်း မနှိုက်ရ၊ အရမ်းမတူးရဘူး။
ဟော … ပြောယင်းဆိုယင်း ပုတတ်တွင်းတောင် တွေ့နေပြီ။ လုပ်ငန်းစကြစို့”
ကိုသာခန့်က ပြောပြောဆိုဆို လွယ်အိတ်ကို ချလိုက်သည်။ ၎င်းနောက် နဘူးကိုင်းတခုကို ချိုးယူကာ ပုတတ်တွင်းထဲသို့ ထိုးလိုက်သည်။
“လောက်လေးခွ အသင့်ပြင်ထားနော်”
မကြာမီ တွင်းထဲမှ ပုတတ်သည် နဘူးကိုင်းဒဏ်ကို မခံနိုင်၍ ဂယ်ပေါက်မှ ထွက်ပြေးလေသည်။ ဂယ် ပေါက်သည် တွင်းနှင့်ဆိုလျှင် တလံသာသာလောက် မှာ ရှိတတ်သည်။
ကံအားလျော်စွာ ဂယ်ပေါက်သည် ကိုကျော်မွန်၏ ရှေ့တည့်တည့်မှာ ရှိနေသောကြောင့် ပုတတ်ကို အလွယ်တကူပင် လောက်လေးခွနှင့် ပစ်လိုက်သည်။
ရပြီ … ပွဲဦးထွက်တကောင်။
နောက်တတွင်း….
ထုံးစံအတိုင်း ကိုသာခန့်က နောက်တတွင်းကို နဘူးကိုင်းနှင့် ထိုးရန် ပြင်လိုက်သည်။ ထိုနောက်မှ သတိရဟန်နှင့်…
“နေအုံးဟေ့ မောင်ကျော်မွန်။ ပိုပြီးမြန်အောင် ဂယ်ပေါက်ကို အရင်ရှာရအောင်”
နဘူးကိုင်းကို ချကာ ကိုသာခန့်က ပုတတ်တွင်း၏ ပတ်ပတ်လည် တလံအကွာရှိ မြေများကို လက်နှင့် လိုက်ခေါက်နေသည်။ ဂယ်ပေါက်နှင့်ဝေးသော မြေ ကိုခေါက်လျှင် ဒေါက်ဒေါက်နှင့်မြည်၍ ဂယ်ပေါက်နှင့်နီးလျှင် ဘုတ်ဘုတ်ဟု မြည်တတ်သည် ။ဤနည်းဖြင့် ဂယ်ပေါက်ကိုတွေ့လျှင် တုတ်နှင့် ထိုးဖေါက်လိုက်ရုံသာ ဖြစ်သည်။
ကိုသာခန့်သည် ၅-မိနစ်ခန့် အကြာတွင် ဂယ်ပေါက်ကို ဖေါက်ပြီးလေပြီ။
“မောင်ကျော်မွန်ရေ … မင်းက ဂယ်ပေါက်အပေါ် ကနေ လက်ညှိုး လက်မ ၂-ချောင်းနဲ့ ညှပ်ဖမ်းဖို့ အသင့်လုပ်ထား။ ငါက တွင်းပေါက်က နဘူးကိုင်းနဲ့ ထိုးပေးမယ်”
ဤသို့ လုပ်ခြင်းဖြင့် ပုတတ်သည် ဂယ်ပေါက်မှ ထွက်လျှင်လည်း အမိ၊ တွင်းပေါက်မှ ထွက်လျှင်လည်း အမိ ဖြစ်သည်။ တနည်းအားဖြင့် တွင်းထဲမှ ပုတတ်သည် ပြေးလမ်းပိတ်လေပြီ။
ကိုသာခန့်သည် တွင်းထဲသို့ နဘူးကိုင်းနှင့် ထိုးလိုက်သည်။ ကိုကျော်မွန်က ဂယ်ပေါက်မှ လက်ညှိုး နှင့် လက်မကို ညှပ်ဖမ်းရန် အသင့်ပြင်ထားသည်။
“လာပြီဟေ့ … ညှပ်ဖမ်းလိုက်ကွ မောင်ကျော်မွန်”
“ဟုတ် … ကဲကွာ။ ဟာ … ဟာ”
“ဟင်….”
၂-ဦးလုံးထံမှ အာမေဍိတ်သံများ အလန့်တကြား ပေါ်လာသည်။
စင်စစ် ကိုကျော်မွန်သည် ဂယ်ပေါက်မှ ရုတ်တရက် ထွက်လာသော ခေါင်းကို ပုတတ်ဟု ယူဆကာ လက်ညှိုးနှင့် လက်မ ညှပ်ဆွဲကာ အပေါ်သို့ မလိုက် ခြင်းဖြစ်သည်။
ကိုကျော်မွန်၏ အတွေး မှားသွားသည်။
မဟုတ်ပါ။ ပုတတ် မဟုတ်ပါ။ မြွေပွေးကြီး။
ပုတတ်တွင်းထဲမှ ထွက်လာသည်မှ လက်ကောက် ဝတ်နီးပါးတုတ်သော မြွေပွေးကြီး။
“အတင်းဆုပ်ထား၊ မလွှတ်နဲ့ … ငါလာမယ်”
ကိုသာခန့်က လွယ်အိတ်ထဲမှ ဓားကိုထုတ်ကာ ကိုကျော်မွန်ထံ လာလိုက်သည်။
မြွေပွေး၏ ခေါင်းအောက်ကို ကိုင်မိနေသော ကိုကျော်မွန်မှာ လက်များပင် တုန်နေပေပြီ။ ချွေးစီးများ ပြန်နေသည်။
ကိုသာခန့်က ဓားဖြင့် မြွေပွေး၏ခေါင်းကို ဖြတ်လိုက်သည်။ မြွေပွေးခေါင်းပြတ်ကြီးသည် မြေပေါ်သို့ ဖုတ်ကနဲ ကျသွားသည်။ ထိုအခါကျမှ ကိုကျော်မွန်က ခေါင်းမရှိတော့သော မြွေပွေး၏ကိုယ်ကို လွှင့်ပစ်လိုက်သည်။
အဝေးနားတွင် မြွေးပွေး၏ ကိုယ်ခန္ဓာကြီးက တွန့်လိမ်နေသည်။ တိုးလုံက ၎င်းမြွေခေါင်းပြတ်ကြီးအား တဝုတ်ဝုတ်နှင့် ထိုးဟောင်နေသည်။
ယခုမှပင် နှစ်ဦးစလုံး သက်ပြင်းချနိုင်တော့သည်။
“တော်သေးတာပေါ့ဗျာ။ မြွေပွေး ထွက်လာလာချင်းဖမ်းတာ ခေါင်းကို ကိုင်မိလို့။ ခါးသာ ကိုင်မိယင် မလွယ်ဘူး”
“အေး … မင်းကမှ တော်သေးတယ်။ ငါဆို မနှစ်က ကြွက်တွင်းထဲကို လက်နဲ့နှိုက်ထုတ်လိုက်တာ အခုလိုပဲ မြွေကို ကိုင်မိလို့ တော်သေးတယ်။ ငါ့တုန်းကလဲ ခေါင်းကို ကိုင်မိထားလို့ပေါ့ကွာ။ ခေါင်းကိုင်မိတာမှ လက်နဲ့ညှပ်ပြီး မကိုက်သာအောင် ကိုင်မိလို့ပေါ့။ နို့ မို့ဆို ဟင်း…. ဟင်း…. ဟင်း”
ကိုသာခန့်က ပြောယင်းပြောယင်းမှ သဘောကျကာ ခြောက်ကပ်စွာ ရယ်လိုက်သည်။
၎င်းနောက် သေနေပြီဖြစ်သော မြွေပွေးကို ယူသွား ကာ လွယ်အိတ်ထဲ ထည့်လိုက်လေသည်။ ။
(မြဝတီမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၇၈)
– ပြီး –
စာရေးသူ – မောင်မြေမွန် (ချောင်းဦး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ