“ကျင်းထပ်ဖွတ်”
••••••••••••••••••••
#ဖိုးကျော့
တောင်အလုံး
စာကုံးလို့ ကုန်ခဲ့ပြီ။
တစ်ခုသာကြွင်းတော့
ဖွတ်မင်းပျော်စံတဲ့
မြေနက်သန် သည်တောင်ပို့ဆီက
မှိုင်းညို့ညို့ရည်။
ရန်တည်တည် မထီဘူ့ဘယ်သို့။
လိုဏ်စမုတ်ကယ်နှင့်
ကတုတ်မြေခံလို့ရယ်
ဖွတ်စံတဲ့မြို့။
(ဖိုးသူတော် ဦးမင်း)
တဖွဲဖွဲရွာလာသော ဝါဆို ဝါခေါင်မိုးကို ငေးကြည့်ကာ ဦးထွန်းရ ပျော်နေသည်။ ဤလိုမိုးမျိုးကို ဦးထွန်းရတို့လို ဖွတ်လိုက်မုဆိုးများက “ဖွတ်ကိုက်မိုး” ဟု ခေါ်ကြသည်။
ယခု ဖွတ်ကိုက်မိုး ရွာလာပြီ။ ဦးထွန်းရသည် “မဟူ” ရိုးမရှိ ခြတောင်ပို့များကို ဖွတ်များ ကိုက် မကိုက် သွားကြည့်ရတော့မည်။
ထိုကြောင့် ဖွတ်မုဆိုး ဦးထွန်းရတစ်ယောက် အပျော်ကြီး ပျော်နေခြင်း ဖြစ်သည်။
xxx xxx xxx
ဖွတ်ကို ဦးထွန်းရတို့လို မုဆိုးများက လေးမျိုး လေးစား ခွဲခြားသတ်မှတ်ထားကြသည်။ ဖွတ်ကျား ဖွတ်ကျည်၊ ရုံးဖွတ်နှင့် ဖွတ်နီတို့ ဖြစ်သည်။
ဖွတ်ကျားသည် အကြီးဆုံးဖြစ်ပြီး ပိဿာနှစ်ဆယ်ထိ ရှိတတ်သည်။ သို့သော် ဦးထွန်းရတို့မှာ ဖွတ်မုဆိုးဟု အခေါ်ခံနေကြရသော်လည်း ဖွတ်များကို သတ်ဖြတ်ရယူကြသူများ မဟုတ်ကြ။ သူတို့က ဖွတ်ဥရှာသော ဖွတ်မုဆိုးများသာ။
အသက် ခုနစ်နှစ် ရှစ်နှစ် အရွယ်ရောက်သော ဖွတ်မများသည် ကဆုန်၊ နယုန်လတွင် ဖိုသံ မသံ ပေး၍ မိတ်လိုက်တတ်ကြ၏။ မိတ်လိုက်ပြီးသော ဖွတ်မများသည် ဝါဆို ဝါခေါင်လ၌ ဥ,ဥကြ၏။
သူတို့ ဥ ဥကြသော နေရာမှာ ခြမင်းရှိသော ခြတောင်ပို့မှာ ဖြစ်သည်။ ခြတောင်ပို့တိုင်းတွင် ခြမင်းမရှိကြ။ ဤသည်ကိုလည်း ဖွတ်လိုက်မုဆိုးများမှ သိ ကြသည်။
သာမန်လူများအနေနှင့် ခြတောင်ပို့ကို တွေ့သော်လည်း ခြမင်း ရှိ မရှိ၊ ဖွတ်ဥ ရှိ မရှိကို သိရန် မလွယ်ပေ။ ထိုကြောင့်လည်း ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရမည် ဖြစ်သည်။
ခြတောင်ပို့တိုင်းတွင် ဖွတ်များ ဥ မဥကြသလို ဖွတ်တိုင်းလည်း ခြတောင်ပို့တိုင်းတွင် ဥ ဥကြလေ့ မရှိပေ။
ဖွတ်လေးမျိုးထဲတွင် ဖွတ်ကျားနှင့် ဖွတ်ကျည်တို့မှာ မြေကြီးဖုံးအုပ်ထားသော သစ်လုံး သစ်ဆွေးခေါင်းများ၊ ကလိုင်များ၊ မီးလောင်ထားသော သစ်ခေါင်း များနှင့် ခြတောင်ပို့ နဂါးများထဲတွင်သာ ဥကြသည်။
“ခြတောင်ပို့နဂါး” ဟု ခေါ်ခြင်းမှာ အဖု အထစ်၊ အချွန် အတက်တွေ ရှိသဖြင့် တင်စား၍ ခေါ်ခြင်းဖြစ်သည်။
ရုံးဖွတ်နှင့် ဖွတ်နီမှာမူ သစ်ခေါင်းများနှင့် ခြတောင်ပို့ နဂါးတို့တွင် ဥလေ့ဥထ မရှိကြဘဲ ခြမင်းရှိသော ခြတောင်ပို့ကတုံး၌သာ ဥလေ့ရှိကြသည်။ ခြတောင်ပို့ကတုံးမှာ အချွန်အတက်မရှိပဲ မုန့်စိမ်းပေါင်းကဲ့သို့ လုံးလုံးချောချော ခြတောင်ပို့များကို ခေါ်ခြင်းဖြစ်သည်။
ရုံးဖွတ်နှင့် ဖွတ်နီတို့ ဥ ဥလေ့ရှိကြသော ခြမင်းတောင်ပို့၏ အတွင်းအစိတ်အပိုင်းမှာ အဆန်းတကြယ် ရှိသည်။ ခြမင်းရှိသော တောင်ပို့၏ အတွင်းကလိုင်ခေါင်း အလယ်ဗဟိုတည့်တည့်တွင် ကျောက် ပျဉ်အဝိုင်းအဝန်းကဲ့သို့ ခပ်မို့မို့ သီးခြားတစ်နေရာရှိသည်။ ထိုနေရာတွင် သာမန် ခြကောင်များထက် အဆ ၁၅-၂၀ ခန့်ရှိသော ခြမင်းကြီး နေသည်။
လက်မခန့်ရှိသော ခြမင်းကြီး၏ ပတ်လယ်ကလိုင်ခေါင်းအတွင်းတွင် ပျားသလက်အိမ်ကဲ့သို့သော ခြခက်များ ဝိုင်းရံနေသည်။ ခြမင်း၏ အပေါ်တည့်တည့်တွင် အပေါက်ငယ် သုံးလေးပေါက်ရှိပြီး ထိုအ ပေါက်မှ နူးညံ့ပျော့ပျောင်းသော အစားအစာများကို ခြမင်းကြီးအား ချပေးကြသည်။
အကယ်၍ ခြမင်းကြီးသည် အန္တရာယ်တစ်စုံတစ်ခုကြောင့် သေဆုံးသွားလျှင် ထိုခြတောင်ပို့ကတုံးကို “တောင်ပို့ကန်း” ဟု ခေါ်ကြသည်။ ထို ခြတောင်ပို့ကန်းထဲတွင် ဖွတ်မများလည်း ဝင်ဥလေ့ မရှိကြပေ။
ခြမင်းမရှိသော ခြတောင်ပို့အကန်းထဲတွင် ဖွတ်မများ ဝင်မဥကြခြင်းမှာ ခြမင်းမရှိသည်နှင့် တစ်ပြိုင်နက် အပူရှိန်လျော့နည်းသွား၍ ဖြစ်သည်။ ခြမင်းရှိနေလျှင် ခြမင်း၏ အပူရှိန်နှင့် ဖွတ်ကလေးများ ပေါက်လာကြသည်ဟု ယုံကြည်ကြသည်။
အမှန်မှာ တောင်ပို့အကန်း၌ ခြမင်းမရှိသလို တခြား ခြများလည်း မရှိသောအခါ ထိုခြတောင်ပို့တွင် ဥ ဥထားပါက ဖွတ်ကလေးများ ပေါက်ဖွားလာလျှင် အစာအဟာရ ပြတ်လတ်၍ သေကြမည်။
ဤသည်ကို ဖွတ်မကြီးက (Instinct) ဇာတိစိတ်ဖြင့် ကြိုသိထားသဖြင့် ဖြစ်သည်။
ခြမင်း၏ အပူရှိန်ကြောင့် ဖွတ်ကလေးများ ပေါက်လာကြသည်ဟု ဆိုခြင်းမှာလည်း ဟုတ်ချင်မှ ဟုတ်ပေမည်။ အဖြစ်နိူင်ဆုံးမှာ မဟာပထဝီမြေထုကြီး၏ အပူငွေ့ကြောင့်သာ ဖွတ်ကလေးများ ပေါက်ဖွားလာကြခြင်းဖြစ်သည်။
ခြတောင်ပို့ မြေကျင်းထဲရှိ ဥမှ ပေါက်ဖွားလာသော ဖွတ်ကလေးများသည် အသင့်တွေ့ရသော ခြကောင်ကလေးများကို စားသောက်ပြီး ကြီးထွားလာကြသည်။ ပြီး ခြတောင်ပို့ကျင်းကို ကိုက်ဖောက်ကာ အပြင် လောကသို့ ထွက်လာကြရမည် ဖြစ်သည်။
ကဆုန် နယုန်လတွင် မိတ်လိုက်ပြီးသော ဖွတ်များသည် ဝါဆိုလဆန်းမှ ဝါခေါင်လကုန်ထိ ဥ ဥတတ်ကြသည်။
မိတ်လိုက်ပြီးသော ဖွတ်မအား ဖွတ်ထီးသည် ဥဥရန် သူရွေးချယ်ထားသော ခြတောင်ပို့ကတုံးသို့ ခေါ်လာ၏။ ခြတောင်ပို့ဘေးတွင် သုံးလေးလက်မအနက်ခန့် မြေကို လက်သည်းနှင့် ကုတ်ခြစ်ပြီး ဥကျင်းပြသည်။ ဤသည်ကို ဖွတ်မုဆိုးများက “ကျင်းစမ်းသည်” ဟုလည်း ခေါ်ကြသည်။
ထိုသို့ ဖွတ်ထီးက ဥကျင်းပြထားပြီးနောက် ဖွတ်မသည် မကြာခဏ ထိုကျင်းစမ်းထားသော နေရာကို လာပြီး တွင်းနက်အောင် တူးသည်။ အတွင်းလိုဏ်ခေါင်းသို့ ပေါက်လုနီးပါးအထိ ကုတ်ခြစ်တူးဖော်ပြီးနောက် ဖွတ်မသည် နောက်ထပ် မတူးဘဲ ထားသည်။
ဥ ဥရန်နေ့ ရောက်မှသာလျှင် ထိုအပေါက်အား လိုဏ်ခေါင်းထဲထိပေါက်အောင် ကိုက်တူးပြီး ခြတောင်ပို့အတွင်းထဲ ခြမင်းနေရာတစ်ဝိုက်တွင် တစ်နေ့ တည်း တစ်ကြိမ်တည်းနှင့် ၁၅ လုံးမှ ၃၀ , ၄၀ ထိ ဥများကို ဥချလိုက်လေသည်။
ဖွတ်မက ထိုသို့ ဝင်ရောက်လာဥနေချိန်တွင် ခြတောင်ပို့ကျင်းထဲရှိ ခြများသည် ဖွတ်မကို ဝိုင်းကိုက်ကြ သည်။ ထိုကြောင့် ဖွတ်မသည် ဥများကို တစ်ကြိမ်တည်း တစ်ခါတည်းနှင့် အပြီး ဥချလိုက်ခြင်းဖြစ်သည်။
ဥချပြီးသော ဖွတ်မသည် အပြင်သို့ ချက်ချင်းထွက်လာ၏။ သူ့ကိုယ်ပေါ်တွင် ကိုက်ခဲပါလာကြသော ခြကောင်ငယ်များကို ကျင်းပေါက်ဝရှိ မြေစိုင်မြေခဲများနှင့် တိုက်ပွတ်သည်။ တစ်ကိုယ်လုံးကို လိမ်တွန့် ခါလှုပ်၍လည်း ခြကောင်များ လွင့်စဉ်သွားအောင် လုပ်သည်။ ပြီး သူ စောစောက ကုတ်ခြစ်ထားသော မြေစိုင်မြေခဲများနှင့် သာမန်ကာလျှံကာ ပိတ်ပြီး ထွက်သွားလေသည်။
ခြတောင်ပို့အတွင်းရှိ ဖွတ်ဥများသည် တစ်လုံးနှင့် တစ်လုံး ထိကပ်ဆင့်ထပ်နေကြသော်လည်း ခြကောင်များကမူ တစ်လုံးနှင့် တစ်လုံး ထိကပ် ဆင့်ထပ် မရှိ ရလေအောင် မြေစေး မြေခဲတို့နှင့် ခွဲခြားကာ အကာအရံ လုပ်ပေးထားကြသည်။
ခြကောင်းများသည် အတွင်းထဲရှိ ဖွတ်ဥများကိုသာ မဟုတ်။ ဖွတ်မကြီး ထွက်သွားပြီး ဖြစ်သလို ပိတ်ထားခဲ့သော ကျင်းပေါက်ဝကိုလည်း နေ့ချင်းညချင်းပြီးအောင် မြေစေး ရွှံ့စေးတို့နှင့် အလုံပိတ်ထားလိုက်ကြလေသည်။
ထိုကြောင့်လည်း အတွေ့အကြုံနည်းပါးသော ဖွတ်ဥ ရှာသူများသည် ဤခြတောင်ပို့တွင် ဖွတ်ဥ ရှိ မရှိ ကို ဧကန်ဧက မသိကြခြင်း ဖြစ်လေသည်။
xxx xxx xxx
ဖွတ်မုဆိုးကြီး ဦးထွန်းရသည် မိုးတစိမ့်စိမ့် ရွာနေသော မိုးထဲလေထဲ၌ပင် မဟူရာတောင်ကြောဘက် ဖွတ်ဥရှာရန် ထွက်လာ၏။ သူ့ကိုယ်ပေါ်တွင် ဖွတ်ဥထည့်ရန် လွယ်ပလိုင်းတစ်လုံးနှင့် ဓားမတိုတစ်ချောင်းအပြင် ခြတောင်ပို့ကို ဖြိုပေါက်ရန် ပေါက်တူး တစ်လက်ကိုလည်း ယူဆောင်လာသည်။
ပထမဦးဆုံး သူသွားရသည်မှာ ယခင်သုံးလေးရက်ခန့်က ဖွတ်ကိုက်ထားရာ တွေ့သဖြင့် ယခုလောက်ဆိုလျှင် ဖွတ်မတစ်ကောင်ကောင် ဥချပြီးပြီ ထင်ရသော တောထဲရှိ ခြတောင်ပို့ တစ်ပို့သို့ ဖြစ်လေ သည်။
ထိုတောင်ပို့နားသို့ သူ ရောက်သောအခါ ဖွတ်ကိုက်ရာမှာ သည်အတိုင်းပင် ရှိသေး၏။ ဤမျှဆိုလျှင် သူသဘောပေါက်ပြီ။ ဤခြတောင်ပို့၌ ဥချမည့် ဖွတ် မသည် မဥသေး၊ ဥလာမချသေး။
နောက် သူတွေ့ထား၊ မှတ်ထားသော ခြတောင်ပို့ရှိ ဖွတ်ကျင်းတစ်ကျင်းသို့ ထွက်လာပြန်သည်။
ဖွတ်ဥမှာ ဖွတ်မကြီး ဥချပြီး နှစ်ပတ်အတွင်း ယူလျှင် ယူ၊ မယူမိဘဲ နှစ်ပတ်ကျော် သုံးပတ်ခန့် ကြာသွားလျှင် ချက်ချင်းရင့်ပြီး ဖွတ်ဥထဲ သွေးခြည်တွေ တန်းသွားတတ်၏။ ဖွတ်ဥ သွေးခြည်တန်းသွားလျှင် စားမကောင်းတော့ပေ။
ထို့ကြောင့်လည်း ဖွတ်မုဆိုးကြီး ဦးထွန်းရသည် သူနစ်တိုင်း ယူနေကျ၊ ရနေကျ ဖွတ်ကျင်း ခြတောင်ပို့နှစ်ဆယ်ကျော်ကို တစ်နေ့ပြီး တစ်နေ့ သွားလာကြည့်ရှုကာ တစ်ကျင်းပြီး တစ်ကျင်း ဖွတ်ဥရယူနေခြင်း ဖြစ်သည်။
ဤနေ့ သူသည် ဖွတ်ကျင်း နှစ်ကျင်းကို တူးဖော်ပြီးပြီ။ တစ်ကျင်းမှာ မတမ်းကျင်းဖြစ်သဖြင့် ဆယ်လုံးသာ ရသည်။ ဒုတိယကျင်းကလည်း အလုံးနှစ်ဆယ်ပင် မပြည့်။
ထို့ကြောင့် သူသည် “ပုထိုးလုံး” ချောင်းနားရှိ တတိယကျင်းနားသို့ ရောက်လာ၏။
ဤခြတောင်ပို့ ဖွတ်ကျင်းကို သူတွေ့ထားသည်မှာ သုံးနှစ်ခန့်ပင် ရှိပြီ။ နှစ်တိုင်း နှစ်တိုင်း ဤကျင်းရှိ ဖွတ်မကြီးသည် အလုံးသုံးဆယ်အောက် မကျခဲ့။ သုံးဆယ်ကျော်သည်ချည်း ဖြစ်၏။ ထို့ကြောင့် ဤ ကျင်းမှ ဖွတ်မကြီး ဥပြီးပြီ ဖြစ်ပါစေဟုလည်း ဆုတောင်းမိသည်။
ဖွတ်ကျင်း ခြတောင်ပို့ကို သူ ကြည့်သည်။ ခြတောင်ပို့ရင်းတွင် ကျစ်စာခဲများ ပြန့်ကျဲနေသည်။ မိုးရွာ၍ မြေပျော့ချိန်တွင် ဖွတ်မကြီး ကုတ်ခြစ်ထားသော ကျစ်စာခဲများ ဖြစ်၏။
သို့သော်ကျစ်စာခဲတွေ၊ ကုတ် ခြစ်တူးထားသော မြေစာခဲတွေမှာ လတ်လတ်ဆတ်ဆတ်ပင် ဖြစ်သော် လည်း ခါတိုင်းနှစ်တွေထက် များပြားနေသည်ကို ဦးထွန်းရ သတိမထားမိ။
နှစ်တိုင်းနှစ်တိုင်း သုံးဆယ်ကျော်ရသောကျင်းမို့ ပေါက်တူးကိုမြောက်ကာ ဖွတ်ဥဖော်ယူရန် လက်ဆ၍ ပေါက်ချလိုက်သည်။
ဖွတ်ဥဖော်ရာတွင် လက်ဆနှင့် ခန့်မှန်းချက်က ကောင်းဖို့လိုသည်။ လက်ဆမမှန်လျှင် ဖွတ်ဥများ ကွဲသွား တတ်သလို ခြမင်းစံနေသော မြေမွေ့ရာ ကမ္ဗလာကျောက်ပျဉ်ကို ပေါက်မိလျှင်လည်း ခြမင်းသေပြီး ကျင်းကန်းသွားနိူင်သည်။ ကျင်းကန်းသွားလျှင် နောက်နှစ် ဘယ်ဖွတ်မကမျှ လာ၍ ဥမချတော့။ ထိုအခါ သူလည်း ဖွတ်ဥ မရနိူင်တော့။
ထို့ကြောင့် ဦးထွန်းရသည် ခြတောင်ပို့ရင်းကို ချိန်ဆပြီး ပေါက်ချလိုက်သည်။ ကျင်းလိုဏ်ပေါက်ထိပ်ရှိ မြေကို လက်ဖြင့် အသာဖဲ့လိုက်ရာ ဖွေးဖွေးဖြူ နေသော ဖွတ်ဥများမှာ ချက်ချင်းပေါ်လာကြသည်။
ဦးထွန်းရသည် ခြများပင် အလုံးတိုင်း မြေစေး မဆလာတွေ မကပ်ရသေးသော ဖွတ်ဥများကို အရင်ကောက်ပြီး ပလိုင်းထဲ ထည့်သည်။ သို့သော် ဖွတ်ဥတွေမှာ မြေစေးမမံရသေးတာရော မံပြီးသား တွေရောဆိုလျှင် သူ့အတွက် ယူမကုန်လောက်အောင် များပြားနေသည်။
ခြကောင်များ မြေစေး မမံရ သေးသော ဖွတ်ဥကို ပလိုင်းထဲ ကောက်ထည့်လိုက်စဉ် နောက်ထပ် အောက်ကတစ်လုံး ပေါ်လာပြန်သည်။ ထိုအလုံးမှာမူ မြေစေး တစ်ဝက်တစ်ပျက်အပြင် ခြကောင်ငယ်များပင် သုံးလေးကောင် တွယ်ကပ်နေကြ၏။
ဦးထွန်းရသည် သူ၏ နှစ်ပေါင်း နှစ်ဆယ်ကျော် ဖွတ်မုဆိုးလုပ်သက်တွင် ဖွတ်ကျင်းတစ်ကျင်း ခြတောင်ပို့ တစ်ပို့မှ ဤမျှ များပြားသော ဖွတ်ဥများကို တစ်သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံဖူး မရဖူးခဲ့။ ကျင်း တစ်ကျင်းထဲမှ ဖွတ်ဥများမှာ အလုံး ရှစ်ဆယ်ကျော်လေသည်။
ထိုကြောင့် သူ ယခုရယူနေသော ဥများမှာ ဖွတ်ဥမှ ဟုတ်ရဲ့လား။ မြွေ ဆိုး ကင်းဆိုးတို့၏ ဥများလားဟု ကျင်းထဲကဥများနှင့် တစ်ဝက်တပျက် ကောက်ထည့် ထားသော ပလိုင်းထဲက ဥများကို သံသယစိတ်နှင့် သေသေချာချာ ကြည့်သည်။
ဖွတ်ဥမှ ဖွတ်ဥအစစ်။
နောက်မှ ဝါရင့်ဖွတ်မုဆိုးများ ပြောဖူးသော စကားများနှင့် စောစောက ခြတောင်ပို့ခြေရင်းတွင် မြေစာခဲများ အဆမတန် များပြားနေသည်ကို သတိ ရသွားသည်။
အမှန်က ခြတောင်ပို့ ခြေရင်းတွင် ဖွတ်မများ ကုတ်ခြစ်ကိုက်ဖောက်ထားသော ကျစ်စာခဲများ အဆမတန် များနေသည်ကို မြင်ကတည်းက “ကျင်းထပ်နေပြီး ဖွတ်မများသည် ဤ ခြတောင်ပို့ထဲ တစ်ကောင်ပြီး တစ်ကောင် ဝင်ဥသွားပြီ” ဆိုသည်ကို စောစောကပင် သိသင့်သည်။
ယခုတော့ စောစောစီးစီး “ကျင်းထပ်ဖွတ်” ကို တွေ့ပြီး ဝမ်းသာရမည့်အစား ဖွတ်ဥတွေကို မြင်ရမှ ဦးထွန်းရ ဖွတ်မုဆိုးကြီးမှာ ဝမ်းသာအားရနှင့် ထခုန် မတတ် ဖြစ်သွားလေသည်။ ။