ကိုမြိုင်ဉာဏ်(ဆင်ဖြူကျွန်း)
ကျတ်ကုန်းတစ္ဆေ
နှင်းငွေ့တွေကြောင့် လယ်တောပြင်ကြီးတစ်ခုလုံး မှိုင်းပျပျ ရှိနေသည်။ နတ်တော်လဆန်းစပင် ဖြစ်လင့်ကစား နှင်းအကျများပြီး အအေးလွန်ကဲလှပေသည်။ တန်ဆောင်မုန်း မိုးက ကောင်းခဲ့သည်ကိုး။
မိုးကုပ်စက်ဝိုင်း အောက်ခြေမှ နေလုံးရဲရဲက မျက်လုံးဝါဝါကြီး ဖွင့်ကြည့်လိုက်သလို ရဲရဲညီးညီးပေါ်လာ၏။
နံနက်စောစော ချမ်းချမ်းစီးစီးမို့ တချို့က အိပ်ရာထဲ ဇိမ်ဖြင့် ကွေးနေချင် နေမည်။ တချို့က မီးဖိုဘေး မီးလှုံနေချင် နေမည်။
သို့ပေသည့် ငညို့အဖို့ နတ်တော်လသည် မအေးအား။ ချမ်းရန်ပင် ဝေးစွ၊ နဖူးပြင်တွင် ချွေးစများ ခိုသီးနေသည်။
လက်မတစ်ဘက် ကျိုးကာ တစ်ကိုယ်လုံး ရွှံ့တွေ ပေနေသော ပုစွန်လုံးတစ်ကောင်သည် ရွှံ့ထဲ မြုပ်နေသော ငညို့ညာခြေဖမိုးပေါ် တက်လာ၏။
ငညိုက ခြေထောက်ကို မလျက် ခါချလိုက်သည်။ ပုစွန်လုံးက တဖြီးဖြီးမြည်ကာ ကောက်ပြန့်ပုံ တစ်ပုံပေါ် ကျသွား၏။ ငညို့ ခြေထောက်တွင် ကပ်နေသော ကောက်ရွက်ခြောက်များနှင့် ရွှံ့စေးခဲကြီး ကွာကျလွင့်စဉ်သွားသည်။
ငညိုသည် ခါးကိုကုန်းလျက် ရိတ်ပြီးသားကောက်ပင်များ ထည့်ခင်းထားသည့် “ဘွဲ့ကြိုး” (ဖွဲ့ကြိုး)၏ အစနှစ်ဘက်ကို မယူလိုက်သည်။ ဘွဲ့ကြိုးစ နှစ်စကို တင်းနေအောင် ဆွဲလိုက်ပြီး နှစ်ပတ်ခန့် လိမ်လိုက်၏။ ပြီးမှ လိမ်ထားသော ဘွဲ့စ နှစ်စကို အောက်ဘက်မှနေအောင် ကောက်လှိုင်းထုံးကို ချလိုက်သည်။
“ပဲပင်တွေ တယ်သန်ပါလားဟေ့”
ကောက်လှိုင်းပြန့်များ တွန့်လိမ်ဖြူဖွေးနေသော အောက်တွင် ကုလားပဲပင်ပေါက်ကလေးတွေ တွေ့ရ၍ ငညို ပီတိဖြစ်နေသည်။ ၎င်း ကုလားပဲပင်များမှာ စပါးမရိတ်သိမ်းမီ သုံးရက်ခန့်အလို၌ လယ်ထဲ ပက်ထားခြင်း ဖြစ်၏။
ကုလားပဲ စိုက်ပျိုးရာတွင် နှစ်မျိုးရှိသည်။ တစ်မျိုးမှာ ကြဲပဲဖြစ်ပြီး နောက်တစ်မျိုးမှာ ပက်ပဲဟု ခေါ်သည်။
ကြဲပဲဆိုသည်မှာ ထွန်ယက်ပြီး ရေသွင်း စိုက်ပျိုးရခြင်း ဖြစ်၏။ ပက်ပဲမှာ ထိုသို့မဟုတ်။ ထွန်စရာလည်း မလို၊ ရေသွင်းစရာလည်း မလို။ မြေဩဇာလည်း မထည့်ရ။
လယ်မရိတ်မီ အစိုဓာတ်မကုန်ခင် စပါးပင်တွေကြား လျှောက်ပက်ထားရ၏။ လယ်ရိတ် ကောက်လှိုင်းတိုက်ပြီးမှ နှင်းဖြင့် ကြီးထွားသော သီးထပ်ဖြစ်၏။
ထို့ကြောင့် အညာတောင်သူတွေအဖို့ ကုလားပဲသည် စရိတ်မကုန်ဘဲ အချောင်ရသည့် သီးနှံဖြစ်သည်။ တောင်သူတိုင်း ကုလားပဲ ပက်ကြသည်။
ရိတ်ပြီးသား ကောက်ပြန့်ပုံများ တစ်ပုံပြီး တစ်ပုံ၊ တစ်တန်းပြီး တစ်တန်း စည်းလာခဲ့ရာ နေထန်းတစ်ဖျားရောက်လျှင် သုံးယောက်စိုက် လယ်ကွက်ကလေး တစ်ကွက် ကောက်လှိုင်းစည်းပြီးသွား၏။
ငညို ခါးဆန့်လိုက်ပြီး ကန်သင်းပေါ် တက်လိုက်သည်။ ငညိုတို့ လယ်၏ အရှေ့မြောက်ဘက်တွင် ရှိသော ကျတ်ကုန်းဆီသို့ ငညို့ မျက်လုံး ရောက်သွား၏။ ၎င်း ကျတ်ကုန်းကား ငညိုတို့လယ်နှင့် တစ်ခေါ် လောက် ဝေးသည်။
ဒီကျတ်ကုန်းက ပေါ်ပေါက်လာသည့် အန္တရာယ်ဆိုးကြောင့် ယမန်နှစ်က ငညို ဒုက္ခတွေ့ခဲ့ရ၏။ မထင်မှတ်သည့် အန္တရာယ်ကား ထိုကျတ်ကုန်းထဲတွင် ရှိနေသည်ကတော့ အမှန်။
ထို့ကြောင့် ငညို လုံ့လဝီရိယ စိုက်ထုတ်ကာ ကောက်လှိုင်းစည်းနေခြင်း ဖြစ်၏။ လုံ့လဝီရိယ နည်းပါးခဲ့၍ ယမန်နှစ်က ငညို စပါးအထွက် လျော့ခဲ့သည်။
ကျတ်ကုန်းပေါ်တွင် မြူနှင်းများ အုပ်ဆိုင်းနေသည်။ တစ်တီတူးငှက်သံ၊ ကြက်တူရွေးအော်သံ၊ ငှက်ခါးမြည်သံများနှင့် တစ်ချက် တစ်ချက် ဒီးဒုတ်ငှက်ကြီး၏ ကြောက်စရာမြည်သံ ကြားရသည်။
ဒီးဒုတ်ငှက်မြည်သံမှာ ထိတ်လန့်စရာ ဖြစ်၏။ ၄င်းအသံမှာ လူနှစ်ယောက် ဝမ်းခေါင်းသံကြီးဖြင့် တိုးတိုး တိုးတိုး ပြောနေသည့် အသံမျိုးဖြစ်သည်။ ၎င်းငှက်သာ မမြင်ပဲ အသံသာကြားရပါက တစ္ဆေခြောက်သည် ထင်ပြီး ထွက်ပြေးချင်စိတ် ပေါ်လာနိူင်ပေသည်။
ကျတ်ကုန်းမှာ ဧကနှစ်ဆယ်နီးပါး ကျယ်ဝန်းပြီး ညောင်ပင်၊ လက်ပံပင်၊ ထိန်ပင်၊ မန်သော့၊ ကုက္ကို၊ ပေါက် စသည့် အပင်ကြီးများ၊ ထန်း၊ ထနောင်း၊ ရှား စသည့် အသားမာပင်များနှင့်အတူ ဆီးပင်၊ နဘူးပင်၊ မိုးနှံ၊ ဝံသာနု၊ ရေချင်းယား၊ ဘောင်မဲ့၊ ဒန့်ချွဲစသည့် ဆူးပင် ဖုတ်ပင်များ ပေါက်ရောက်သည်။
တောထူခြင်း၊ လူများသွားလာမှုမရှိခြင်းတို့ကြောင့် ကျက်ကုန်းသည် သစ်ပင်ပေါင်းစုံပေါက်ကာ တောအုပ်ကလေးတစ်ခုနှင့် တူနေ၏။
လူသွားလူလာနည်းခြင်း၏ အကြောင်းရင်းတစ်ခုလည်း ရှိသည်။ ၎င်း ကျတ်ကုန်းတွင် “ကျတ်တစ္ဆေများရှိသည်” ဆိုသည့် ကောလာဟလကြောင့် ဖြစ်သည်။
ရှေးအခါက တစ္ဆေ အလွန်ခြောက်သည့်ကုန်း၊ ကျတ်ပေါများသည့် ကုန်း၊ ဂျပန်ခေတ်က လူသတ်ကုန်း စသည့် ဝိသသများနှင့်အတူ ကျတ်တစ္ဆေပုံပြင်များလည်း ထိုကုန်းမှ တော်တော်များများ ပေါ်ထွက်ခဲ့သည်။
ထို့ကြောင့် ကျတ်ကုန်းဟု လူများက အမည်တပ် ခေါ်ဝေါ် ကြတော့သည်။ ယမန်နှစ်က အဖြစ်အပျက် တစ်ခုမှာ လူတွေ တော်တော်စိတ်ဝင်စားစရာဖြစ်ခဲ့၏။
ထိုစဉ်က ဝါခင်းများ ပွင့်ချိန်ဖြစ်သည်။ ကျတ်ကုန်း၏ အနောက်ဘက်စပ်တွင် ကျော်ဟိုးတို့လယ်ရှိ၏။ ၎င်းလယ်မှ ဝါခင်းများကို ကျော်ဟိုးက ပိုးသတ်ဆေး ဖျန်းနေခဲ့သည်။
ပိုးသတ်ဆေး ဖျန်းနေစဉ် ဆေးရည်ထည့်ထားသော ပုလင်းကို လယ်ကန်သင်းထောင့်တစ်နေရာတွင် ထားခဲ့ရာ တစ်နေရာတွင် ဆေးပုံး တစ်ပုံးကုန်၍ ဆေးရည်သွားထည့်သောအခါ ဆေးရည်ပုလင်းကို
ကျော်ဟိုး မတွေ့ရတော့ပေ။
ကျော်ဟိုး အံ့အားသင့်သွားကာ လိုက်ရှာသည်။ ဆေးက အင်ဒရင်းနှင့် အယ်လ်ဆန် ရောစပ်ထည့်ထားခြင်းဖြစ်၍ အလွန်ပြင်းသည်။
လိုက်ရှာသော်လည်း ဆေးရည်ပုလင်းကို မတွေ့။ ပျောက်ခြင်းမလှ ပျောက်သွားသည်။ လူသူလေးပါးလည်း မမြင်။ သူ ဆေးပက်နေစဉ်တွင် တစ်စုံတစ်ယောက် ခိုးယူသွားသည်ဟု ထင်ပြီး ကျော်ဟိုး အိမ်ပြန်ခဲ့၏။
နောက် နှစ်ရက်လောက်ရှိသောအခါ ကျော်ဟိုး သတင်းဆိုးတစ်ခု ကြားရတော့သည်။
“ကျတ်ကုန်းထဲမှာ မိန်းကလေးနှစ်ယောက်သေလို့တဲ့။ သူတို့ဘေးမှာလဲ ဝါဆေးပုလင်း တွေ့ရတယ်တဲ့”
ထိုသတင်းကြောင့် ကျော်ဟိုး ကျတ်ကုန်း သွားကြည့်သည်။ လူတွေ ရုတ်ရုတ်သဲသဲဖြင့် ကောင်စီလူကြီးတွေရော၊ ရဲတွေပါ အလုပ်ရှုပ်နေကြသည်။
လက်ပံပင်ကြီး၏ မြစ်ပျဉ်းကြီးဘေးတွင် တစ်ယောက်နှင့် တစ်ယောက် ထပ်လျက် သေဆုံးနေသော မိန်းကလေးနှစ်ယောက်ကို တွေ့ရသည်။ မျက်လုံးကြီးပြူးလျက် ဆံပင်များဖိုးရိုးဖားရားကျကာ ကြောက်မက်ဖွယ် သေဆုံးနေခြင်း ဖြစ်သည်။
၎င်း မိန်းကလေးနှစ်ယောက်မှာ ဘိုတဲကုန်းရွာမှ မြက်ရိတ်လာသော မိန်းကလေးများဖြစ်ပြီး ကျော်ဟိုး၏ ဝါဆေးရည်ပုလင်းကို ခိုးယူသောက်ကြခြင်းဖြစ်၏။
သေသွားကြသူများမှာ ဘယ်ကဲ့သို့သော ပြဿနာများကြောင့် မိမိတို့ကိုယ်ကို မိမိ အဆုံးစီရင်သွားသည်မသိ။ နာမည်ကြီး ကျန်ခဲ့သည်မှာ “ကျတ်ကုန်း တစ္ဆေစီးသောက်တာ” ဆိုသည့်သတင်း ကျန်ခဲ့သည်။
၎င်းအဖြစ်အပျက်ကြောင့် ကျတ်ကုန်းကို လူတွေ ပိုရှောင်ကြသည်။ ယခင်ကထက် ပိုကြောက်ရွံ့လာကြသည်။
ကောက်လှိုင်းစည်းရ၍ ကောက်ပင်နှင့် ပွတ်မိသည့် လက်ကောက်ဝတ်များတွင် သွေးစို့နေသောဒဏ်ရာကို ငညို ပွတ်လိုက်သည်။ စပ်ဖျဉ်းဖျဉ်း အရသာခံ လိုက်ရ၏။ ကျတ်ကုန်းဆီမှ ညင်းညံ့ညံ့ သွေးလိုက်သော ဆောင်းလေအေးကြောင့် သစ်ပင်များမှ ညည်းညူသံ ပေါ်လာသည်။
ငညို ငါးယောက်စိုက် လယ်ကွက်ထဲ ဆင်းလိုက်၏။ ကောက်လှိုင်းများကို ဆက်စည်းသည်။ ကောက်လှိုင်းများစည်းယင်း ယမန်နှစ်က အဖြစ်အပျက်ကို မြင်ယောင်လာသည်။
xxx xxx xxx
ကောက်လှိုင်း တိုက်ကြပြီ။ မြောင်းဘောင်ရိုးတစ်လျှောက် ကောက်လှိုင်းလှည်းတန်းကြီးက အဆက် မပြတ်။
ဖုန်အလိမ်းလိမ်းကြား နွားငေါက်သံတကြော်ကြော်၊ လှည်းဘီးမြည်သံ တအီအီနှင့် လယ်တောပြင်ကြီးတစ်ခုလုံး စိုပြည်နေသည်။
ကောက်လှိုင်းတိုက်ရန်သွားသော လှည်းကွက်များ (လှည်းလွတ်)၊ ကောက်လှိုင်းသယ်ပြန်လာသော ကောက်လှိုင်းလှည်းများ လမ်းတွင် ရှောင်ကြ တိမ်းကြ၊ တစ်ယောက်နှင့်တစ်ယောက် စကြ ပြောင်ကြဖြင့် တောင်သူများ၏ ပျော်ရွှင်ရယ်မောသော အသံများက ပျော်မြူးစရာ ကောင်းလှတော့သည်။
သူများတွေ ပျော်ပျော်ပါးပါး ကောက်လှိုင်းတိုက်နေချိန်တွင် ငညိုတို့လယ်က ကောက်လှိုင်းပင် မစည်းရသေး။
ငညို သုတ်သီးသုတ်ပျာဖြင့် လယ်ပြင်သို့ ထွက်ခဲ့၏။ငညိုတို့လယ်က ရွာနှင့် တော်တော်ဝေးသည်။ လူနေသည်က ယမ်းဖိုကုန်းကွင်း၊ လုပ်ရသည့်လယ်က ဆုံကုန်းကွင်းဖြစ်၍ ရွာနှင့် အလှမ်းကွာခြင်း ဖြစ်၏။
ငညို့မျက်နှာ သုန်မှုန်နေသည်။ တစ်စုံတစ်ရာကို မကျေမနပ် ဖြစ်နေ၏။ လမ်းမှာတွေ့သော ကောက်လှိုင်းလှည်းများပေါ် မှ နှုတ်ဆက်ကြသည်။
“ဟေ့ကောင်…. ငညို။ ဘာဖြစ်လာတာတုံးဟ၊ သုတ်သီးသုတ်ပျာနဲ့”
ငညို ဘယ်သူ့ကိုမှ မပြောအား။ ရင်ထဲမှ ခံစားရသော ဒေါသဝေဒနာကြောင့် ဘာမျှ မပြောနိူင်တော့။
အကြောင်းက ဒီလို။
ဒီနေ့မနက် ကိုတင်ရွှေ စောစောစီးစီး ပေါက်လာသည်။
“ငညို ဘာလုပ်နေတာတုံးဟ။ ငါ လာမလို့ဟေ့၊ ခွေးကြည့်စမ်းဦး”
ကိုတင်ရွှေ့ အသံကို အိမ်ပေါက်ဝမှ ကြားလိုက်၍ နွားစာစဉ်းနေရာမှ ငညို ထလာသည်။
“ဟာ ကိုတင်ရွှေပါလား။ လာဗျို့ ခွေးမကိုက်ပါဘူးဗျ၊ ဝင်သာ ဝင်ခဲ့ပါ”
ကိုတင်ရွှေက အိမ်ရှေ့ရှိ မီးဖိုဘေး ဝင်ထိုင်သည်။ ကိုတင်ရွှေသည် ငညိုတို့ လယ်နားနီးချင်း ဖြစ်၏။ ငညိုက ရွာသစ်ကြီးရွာသားဖြစ်ပြီး ကိုတင်ရွှေက သရက် တောသား ဖြစ်သည်။ လယ်ပြင်ကို တစ်ယောက်မရောက်လျှင် တစ်ယောက် ကြည့်စမြဲ။
သူ့လယ် ကိုယ့်လယ် မခွဲခြားပဲ ရေယူ မိုးယူကမှစ တစ်ယောက်မအားလို့ တစ်ယောက်လာလျှင် အားလုံး ယူပေးရသည်။
“ဘယ့်နှယ့် စောစောစီးစီး ချမ်းချမ်းအေးအေးကြီးဗျာ။ ဘာကိစ္စများ အရေးပေါ်လာတာတုံးဗျ”
ငညိုက ပြာဖုံးကာ မီးရှိန်လျော့နေသော ရှားသားမြစ် ထင်းတုံးကို မီးပြောင်း (မီးမှုတ်သည့် ဝါးလုံးတို)ဖြင့် ခေါက်လိုက်သည်။ ပြာအချို့ ကြွေကျသွားသည်။ ၎င်းနောက် မီးပြောင်းဖြင့် ကုန်း၍ မှုတ်လိုက်ရာ ထင်းတုံးက တဖျပ်ဖျပ်နှင့် မီးပွားများ စဉ်လာပြီး ငညို့ခေါင်းပေါ် ပြာမှုန်တွေ ဖွေးသွားသည်။
ကိုတင်ရွှေက ချမ်းအေးလွန်း၍ တုန်ခဲနေသော လက်နှစ်ဘက်ကို မီးဖိုဖြင့်ကပ်ယင်း ပြောသည်။
“ငါ တစ်နေ့က အောက်လယ် ရောက်ခဲ့တယ်ဟ။ မင်းလဲ ကောက်လှိုင်းတွေ မစည်းရသေးပါလား။ အနောက်ဘက်က တစ်ကျိပ်စိုက်လယ်ပွဲတောင် တိုက်တော့ မှာ။ လမ်းဖောက်လို့ တွေ့ခဲ့တယ်။
မင်း ထပင်လယ်ကြီးထဲ ငါ ဆင်းကြည့်ခဲ့သေးတယ်။ ကောက်လှိုင်းက မစည်းရသေးတော့ ကောက်ပြန့်တွေ ပွေရှုပ်နေတာပဲ။ ငါတော့ စိုးထွေး နွားတွေဝင်ကျောင်းသလား မသိဘူး”
ငညို စိတ်ထင့်သွား၏။ ခုတလော လယ်ထဲ ကောက်သင်းကောက်တွေက ကောက်နှံတွေဖြတ်လို့၊ ဘယ်သူ့လယ်မှာတော့ ကောက်လှိုင်းတွေ သယ်သွားတာ ခံလိုက်ရသည်၊ ဘယ်သူ့လယ်မှာတော့ စပါးနှံတွေ ဘီးနဲ့ ခြစ်ယူသွားပြန်ပြီ စသည့် သတင်းများ မကြာခဏ ကြားနေရသည်။
“ဟုတ်လား … ကျုပ်လဲ လယ်ပြင်ကို မရောက်ပါဘူးဗျာ။ နွားလေး လှည်းလေး အားတုန်း ထွန်ငှားလေး ပေါ်လာယင် လိုက်သွားလိုက်၊ လှည်းငှားလေးပေါ် လာယင် လိုက်သွားလိုက်နဲ့ အားရတယ်ကို မရှိပါဘူးဗျာ။ ကောက်လှိုင်းတိုက် လက်စားကို မလိုက်နိုင်သေးဘူး။ အဲဒါတောင် မနက်ဖြန် သန်းခက်ခုတ် သွားမလို့။ ကိုရင်ကြီးကုန်းမှာ ဒီနှစ် မိုးကောင်းလို့ တောစိုတယ်တဲ့ဗျ။ ဒဟတ်တိုင်လဲ ရနိုင်တယ်တဲ့”
“ငါ့လခွေး သယ်- မင့်ဟာက အလျင်လုပ်ရမယ့်အလုပ်ကို မလုပ်ဘဲကိုးကွ။ အနားကလယ်တွေ ကောက်လှိုင်းစည်းပြီးကုန်ကြပြီ။ တစ်ရက် နှစ်ရက်အတွင်း တိုက်ကြတော့မှာ။ မင်း သွားကြည့်ချေဦး။ ငါ့အထင်တော့ မဟုတ်မှလွဲရော မင်းလယ်ထဲ စိုးထွေး နွားတွေဝင်တာ ဖြစ်နိုင်တယ်”
ငညို ခုမှ သဘောပေါက်သွားသည်။
ဟုတ်သည်။ စိုးထွေး ဆိုသူက တခြားလယ်သမားတွေလို ကောက်လှိုင်းတွေကို အိမ်သယ်သူ မဟုတ်။ လယ်ထဲတွင် တလင်းလုပ်ပြီး တလင်းသိမ်းမှ အိမ်ပြန်သူ ဖြစ်သည်။ တလင်းချိန်တွင် စားအိုးစားခွက်တွေရော နွားတွေရော လယ်ပြင် ယူလာပြီး နေ့လယ်နေ့ခင်းကျ နွားတွေကို စည်းမဲ့ ကမ်းမဲ့ လွှတ်ထားတတ်၍ တောင်သူတွေနှင့် ခဏခဏ စကားများရသည်။
“အို ဟုတ်တယ်ဗျ။ ဒီကောင့်လက်ချက် နေမှာ။ ဒီကောင်က သိပ် စည်းမဲ့တဲ့ကောင်။ ကျုပ် သွားဦးမှ ဖြစ်မှာပါဗျာ”
ဤနှယ် ကိုတင်ရွှေ သတင်းလာပို့၍ ငညို လယ်ပြင်သို့ ထွက်ခဲ့ခြင်းဖြစ်၏။
ဆောင်းလေအေးက ညင်းညံ့ညံ့ သုတ်ဖြူးနေသည်။ ပျံလွှားငှက်ကလေးများ အစာရှာယင်း ပျော်မြူးနေ၏။ လယ်တောပြင်ကြီး တစ်ခုလုံး ရိုးပြတ်များ၊ ကောက်ဆိုင်ပုံများ၊ ကောက်လှိုင်းတန်းများဖြင့် တင့်မောလှသည်။
ကန်သင်းများပေါ်တွင် ထိုးထားသော ပဲယင်း၊ ပဲငါးပိ၊ ပဲကြီး၊ မောင်မခေါ်ပဲပင်များက စိမ်းရင့်သော အဆင်းဖြင့် သီးခြား ပေါ်လွင်လှသည်။ မောင်မခေါ်ပဲပင်များမှ မရမ်းနုရောင်ရောင် တိုင်များက အလွန်လှပသည်။ ၎င်းပဲမျိုးက အလွန်စားကောင်းသည်။ အရသာရှိလွန်းသောကြောင့် စားနေစဉ်အတွင်း မောင်အရင်းပင် ဖြစ်ပင့်ကစား ကျွေးရမှာစိုး၍ “စားပါဦးလား” ဟု မခေါ်နိူင်သောကြောင့် “မောင်မခေါ်ပဲ”ဟု အမည်တွင်ခြင်း ဖြစ်သည်။
သာယာတင့်မောလှသော လယ်တော၏ အလှကို ငညို မခံစားအား။ ကိုတင်ရွှေ ပြောလိုက်သည့် ထပင်လယ် (ထန်းပင်လယ်) ထဲ ဆင်းလိုက်လျှင် ငညို ဒေါသဖြစ်စရာ တွေ့ရတော့သည်။
ကောက်နှံတွေက ပွေပွကာ ပြန့်ကျဲနေ၏။ ဝင်းဝင်းအိကာ မှည့်ရွဲနေသော စပါးနှံများက ကစဉ့်ကလျား ဖြစ်နေ၏။ တချို့ ကောက်နှံပင်များ ကန်သင်းရောက်နေသည်။
“ဧကန္တ စိုးထွေး နွားတွေ ဖြစ်မှာပဲ”
ငညို ဆုံးဖြတ်ချက် ချလိုက်၏။
ငညို မြောင်းဘောင်ပေါ် တက်ကာ တောင်ဘက်ရှိ တပြင် တဇယ်လယ်ပွဲဆီသို့ ကြည့်လိုက်၏။ ရွာသာကုန်းရွာ၏ မြောက်ဘက်နား ခပ်လှမ်းလှမ်းတွင် စိုးထွေး တလင်းလုပ်သည့်လယ် ရှိသည်။
ငညို ကြာကြာ စဉ်းစားမနေ။ စိုးထွေး တလင်းဆီ သုတ်ခြေတင်ခဲ့၏။
ဒေါသခိုးဝေနေသော မျက်လုံးအစုံဖြင့် စိုးထွေးကို လိုက်ရှာသည်။
ဟော…. တွေ့ပြီ။
“စိုးထွေး “
ငညို့အသံကြောင့် စပါးပုံကို ထွန်ခြစ်ဖြင့် “မှော်ကြီး” (ကောက်ရွက်မှိုက်) ဆွဲနေသော စိုးထွေး လန့်သွားသည်။
“ဟ- ငညို ပါလား။ လန့်လိုက်တာကွာ… အသံမပေး ဘာမပေးနဲ့။ ဘာဖြစ်လာတာတုံး”
“ဟေ့ကောင်၊ မင်း တော်တော်စည်းကမ်းမဲ့တဲ့ကောင်ပဲကွ။ မင်းနွားတွေ ငါ့လယ်ထဲဝင်ပြီး ကောက်နှံတွေ ဝင်စားတာ ခု ပရှုပ်နေတာပဲ”
ငညို၏ ဆိုင်းမဆင့် ဗုံမဆင့် စကားကြောင့် စိုးထွေး တွေသွားသည်။
“ဟကောင်ရ… ငါ့နွားတွေ မလွှတ်ဘူးဟ။ ငါ ဒီနှစ် နွားစခေါင်း (နွားစာထည့်ကျွေးသည့်ခေါင်း) ရော ရွှေ့လာတာ။ ငါ့နွားတွေ စဉ်းကျွေးနေတာ။ မကျောင်းဘူးဟ”
စိုးထွေးက မည်သို့ငြင်းငြား ငညိုက မယုံ။ ဒီကောင်က လယ်သူရဲ။ လယ်ထဲမှာ အနေများပြီး သူလုပ်ချင်ရာ လျှောက်လုပ်တတ်သည့်လူ။
“မင်း ဘာမှ ငြင်းမနေနဲ့။ ဒီနားမှာ နွားဆိုလို့ မင်းနွားပဲ ရှိတာ။ ဘယ်သူမှ လာမကျောင်းဘူး။ အဲဒါ မင်းနွားတွေ ဂရုစိုက်ပါ။ နောက်တစ်ခါတွေ့ယင် ကောင်စီရုံးက ငါ စကားပြောမယ်။ ဒါဘဲ”
ပြောပြောဆိုဆို ငညို ပြန်ထွက်ခဲ့၏။
“တော်တော်ခက်တဲ့ ကောင်ပဲကွာ။ စကားလဲ ဆုံးအောင် နားမထောင်ဘူး”
စိုးထွေး စကားကို ငညို မကြားချင်ယောင်ဆောင်ကာ ပြန်ခဲ့သည်။ လက်တွေ့ မဟုတ်၍ သူ့ဘက်က မှားနေသည်ကို ငညို ရိပ်မိလိုက်၏။
“အေးပေါ့ကွာ … တစ်နေ့တော့ မိရမှာပေါ့”
xxx xxx xxx
နေက်နှစ်ရက်လောက် ရှိသွားသည်။ ငညို လယ်ပြင် ထွက်ခဲ့၏။ ငညို လယ်ထဲ ဆင်းကြည့်သည်။
“ဟာ … ရစရာ မရှိတော့ပါလား”
ကောက်ပင်တွေက အလျင်ကထက် ပိုပြီး ပွရှုပ်နေသည်။ ထပင်လယ်ကြီးသာမက စမ်းခံလယ်ကိုပင် ကူးစက်လာသည်။ အချိန်က နေဝင်ဖျိုးဖျ ဖြစ်၏။
တချို့ ကောက်ပြန့်များမှာ ဘွဲ့ကြိုးတခြား ကောက်ပင်တခြား ဖြစ်နေသည်။ စပါးနှံတွေကလည်း အရင်းအဖျား စီစီရီရီ မရှိတော့။ ခြေရာလက်ရာ အတော်ပျက်နေသည်။
ကောက်ပင်တွေက ဘေးသို့ စဉ်ထွက်ကာ မြောင်းကြိုမြောင်းကြား၊ ရေချင်းယားရုံ၊ ထိကရုံးရုံတွေကြားပါ ရောက်နေသည်။
ငညိုကတော့ စိုးထွေး နွားတွေကိုပဲ အတပ်စွဲသည်။
ထိုစဉ် မြောင်းဘောင်ပေါ်မှ ကိုအောင်ကြည် ပေါ်လာ၏။ ကိုအောင်ကြည်က ငညို့တောင်ဘက်ရှိ ရှားပင်လယ်ပွဲ လုပ်ကိုင်သည့်သူ ဖြစ်သည်။ ငညို့လယ်နှင့် ကိုအောင်ကြည်တို့ လယ်ကြားတွင် “မင်းကြမ်း” မြောင်းနှင့် မြောင်းဘောင် ခြားသည်။
ကိုအောင်ကြည်က လူတစ်မျိုး။ ပြဿနာတစ်ရပ်ကို သေသေချာချာ စဉ်းစားတွေးခေါ်တတ်သူ ဖြစ်သည်။ စာအုပ် စာတမ်းလေး အဖတ်များ၍ ဗဟုသုတလည်း ကြွယ်သည်။
“ငညို … ဘာတွေ ကုန်းကြည့်နေတာလဲကွ”
“ဟာဗျာ .. သည်မှာ လာကြည့်ပါဦး။ ကောက်နှံတွေ ရစရာ မရှိတော့ဘူး။ စိုးထွေး နွားတွေ ဝင်ဆွဲတာ”
ကိုအောင်ကြည်က လွင့်စဉ်နေသော ကောက်နှံတွေကို သေသေချာချာ ကြည့်သည်။ တစ်ချက် မျက်ခုံးရှုံ့လိုက်၏။
“ငညို မင်းပြောလို့သာကွ။ ဒီကောက်နှံတွေဟာ နွားဆွဲစားတဲ့အရာ မပါဘူး။ ဒီမှာ ကြည့်စမ်း”
ကိုအောင်ကြည်က မြောင်းကြားထဲမှ ကောက်နှံဆုပ် တစ်ဆုပ်ကို ယူပြသည်။ ကောက်ဆုပ်မှာ နွားစားထားသည့်အရာ လုံးဝမပါ။ နွားလည်း မရောက်နိုင်သည့်နေရာ ဖြစ်၏။
“ဟုတ်တော့ ဟုတ်သားဗျို့။ ကောက်သင်းကောက် ဆွဲရအောင်လဲ အနှံတွေက သည်တိုင်းကြီးဗျ။ ဆန်းတော့ ဆန်းနေတယ်။ လေတိုက်လို့ လွင့်ကုန်တာဆိုယင်လဲ ကျုပ်လယ်တစ်ကွက်တည်း ကွက်တိုက်သလို ဖြစ်နေမယ်။ တခြား လယ်တွေက ခြေရာလက်ရာ မပျက်”
“အေးလေကွာ”
နွားဆွဲတာဆိုယင်လဲ မင်းလယ်က အစိုဓာတ် မခွာသေးတော့ နွားခြေရာတော့ ကျန်ရဦးမှာကွ။ ခုတော့ နွားခြေရာကလဲ မတွေ့၊ ကောက်ပင်တွေ ပွနေတာကလဲ မင်းလယ်တစ်ကွက်တည်း၊ နောက်ပြီး ကောက်နှံတွေကလဲ မပြတ်နဲ့ဆိုတော့ ထူးတော့ ထူးနေတယ်ကွ”
“ဟေ့လူတွေ… ဘာတိုင်ပင်နေတာတုံး”
မြောင်းဘောင်ပေါ်မှ အသံပေါ် လာ၍ နှစ်ယောက်သား လှည့်ကြည့်လိုက်ရာ ပေါက်ပြားကြီး ထမ်းလျက် ဆင်းလာသော ကျော်ဟိုးကို တွေ့လိုက်ရသည်။
ငညိုက ဆီးမေးလိုက်၏။
“ဘယ်က လှည့်လာတာတုံး”
“ကောက်လှိုင်း တိုက်မလို့ လမ်းလာဖောက်တာ။ အဲတာ ငါ့လယ်ထဲ ထူးထူးဆန်းဆန်း တွေ့လို့ကွ”
“ဘာဖြစ်တာလဲ”
ကိုအောင်ကြည်က စိတ်ဝင်စားသွားသည်။
“အဝှါလေဗျာ။ ကျတ်ကုန်းနားက လယ်မှာ ကောက်ပင်တွေ ပွေပွလို့ဗျ။ တခြား လယ်တွေမှာ အဲသလို မဖြစ်ဘူး။ ကျုပ် လယ်တစ်ကွက်တည်း ကွက်ဖြစ်တာ။ အဲတာ တချို့က ကျတ်လှည်းမောင်းတာလို့ပြောကြတယ်ဗျ။
ကျုပ်လဲ မြန်မြန်စည်းပြီး တိုက်ပစ်တော့မှာ။ အနားက လူတွေလဲ စည်းကုန်ကြပြီ”
ငညိုရော ကိုအောင်ကြည်ပါ အံ့အားသင့်သွားသည်။ ကျော်ဟိုးလယ်မှာ ငညိုတို့ လယ်မြောက်ဘက်တစ်ခေါ် လောက်တွင်ရှိပြီး ကျတ်ကုန်းနှင့် နီးသည်။ ငညိုနှင့် ကျော်ဟိုးတို့ လုပ်ရသော လယ်များမှာ တစ်ကွင်းတစ်စပ်တည်း ဖြစ်၏။
မြောက်ဘက်တွင် တုတ်မြောင်းဘောင်၊ တောင်ဘက်တွင် မင်းကြမ်းမြောင်းဘောင်တို့ ကာဆီးထား၏။ ထို့ကြောင့် ငညိုတို့ လယ်ပွဲများမှာ အနိမ့်ပိုင်းများ ဖြစ်သည်။
“သည်မှာလဲ တွေ့လို့ကွ။ ငါ့လယ်ထဲလဲ ကောက်ပင်တွေ ဖွာဆန်ကြဲနေတာပဲ။ ဘာကောင် ဝင်မွှေမှန်းကို မသိဘူး”
ငညို့စကားကြောင့် ကျော်ဟိုးပါ အံ့အားသင့်သွား၏။
“ဟာ… တော်တော်တော့ အံ့စရာပဲဟေ့။ ဟုတ်ပါ့ရောကွ။ မင်းလယ်လဲ ရစရာ မရှိတော့ပါလား။ အေးကွ စဉ်းစားရ ကျပ်လိုက်တာ။ လေတိုက်ယင်လဲ ငါ့လယ် နဲ့ မင်းလယ်ကြားထဲက ကိုတင်ရွှေတို့ ဂျပန်တို့ လယ်တွေလဲ ခုလို ဖြစ်ရမှာပေါ့။
ခုတော့ အဲသည်လယ်တွေ ဘာမှမဖြစ်ဘူး။ ငါ့သယ်တွေ ခုလို ဖြစ်တယ်ကြားလို့ သူတို့တောင် ကောက်လှိုင်းစည်းပြီး တိုက်တော့မှာ”
သုံးယောက်သား ခေတ္တ တွေဝေသွား၏။ အရှေ့ မြောက်ဘက် တစ်ခေါ်လောက်ရှိ ကျတ်ကုန်းဆီက တစ်တီတူးထိုးသံ စူးရှရှကို ကြားလိုက်ရသည်။ သုံးယောက်စလုံး ကျတ်ကုန်းဆီ မျက်လုံးများရောက် သွားသည်။
လေပုန်း တစ်ချက် ဝှေ့လိုက်၏။ ကျတ်ကုန်းဆီမှ ပေါက်ရွက်များ တရှဲရှဲ မြည်ကာ လှုပ်ကစားနေသည်။ နေဝင်ဖျိုးဖျမို့ ကောင်းကင်က မှောင်ရီသမ်းလာသည်။ ကျတ်ကုန်းဆီမှ သစ်တောအုပ်ကို မထင်မရှား ခပ်မည်းမည်း မြင်ရသည်။
ကျတ်ကုန်းအလယ်ရှိ သေသွားသော ကုက္ကိုပင်ခြောက်ကြီးက ထီးထီးမားမားဖြင့် အရိုးစုကြီး ကနေသလို ထင်ရသည်။ အရွက် လုံးဝမရှိ။
တစ်တီတူး ထိုးသံများ၊ ဖလံဖြူအော်သံများ ကြားရသည်။ ရှဉ့်များလည်း မြည်သံ ကြားရ၏။
ကျတ်ကုန်းဆီမှ လှုပ်ရှားသံများကြောင့် ကျော်ဟိုး လန့်နေသည်။ ကိုအောင်ကြည်က ပြောသည်။
“ဧကန္တ ကျတ်ကုန်းထဲမှာ အကောင်တစ်ကောင်တော့ ရှိမှာကွ။ ဘာကောင်မှန်း မသိလို့သာ”
ကိုအောင်ကြည့် စကားကို ငညို ဘဝင်မကျ။
“ခင်ဗျားက ဘာကောင် ထင်လို့လဲ။ ခင်ဗျားဥစ္စာက ဘာကောင်မှန်း မသိတဲ့ အကောင်ကြီးက တော်တော် ကြောက်စရာကောင်းပါလား ဆိုတာလို ဖြစ်နေပြီ”
သုံးယောက်သား ငညို့စကားကို သဘောကျ၍ ဝိုင်းရယ်ကြသည်။ ရုတ်တရက် ကျတ်ကုန်းဆီမှ ငှက် တစ်အုပ် လန့်ပျံသွားသည်။
“ဟေ့လူတွေ… ပြန်ရအောင်ဟ။ နေဝင်ပြီ၊ ငါတော့ ကျတ်တစ္ဆေတွေ ထင်တယ်။ တရုန်းရုန်းနဲ့”
ကျော်ဟိုး၏ အထိတ်တလန့် သတိပေးသံကြောင့် သုံးယောက်သား ပြန်ခဲ့ကြသည်။ ငညို ကတော့ ဘဝင်မကျ။
xxx xxx xxx
ငညို နောက်နှစ်ရက်ခန့်ထိ စောင့်ကြည့်သည်။ ဘာမှ ထူးထူးခြားခြား မတွေ့ ရ။
သုံးရက်မြောက်နေ့။ အချိန်က နေ့ခင်း တစ်နာရီခန့်။
ငညို တစ်ယောက်တည်း လယ်ပြင်မှာ ရှိနေသည်။လယ်ထဲ စောင့်ကြည့်ယင်း ကောက်လှိုင်း စည်းသည်။ ကျတ်ကုန်းတစ္ဆေအကြောင်း တွေးနေမိသည်။
ရွာထဲမှာလည်း “ကျတ်ကုန်း တစ္ဆေခြောက်လို့” ဆိုသည့် သတင်း ဟိုးဟိုးကျော်နေပြီ။
ကောလာဟလက ပုံကြီးချဲ့လာကြသည်။ ကျတ်ကုန်း အကြောင်း ဟိုလူပြော ဒီလူပြောနှင့် နေ့ခင်း ကြောင်တောင် ဖြစ်လင့်ကစား လယ်ပြင်တွင် လူပြတ်နေသည်။
နတ်တော်လပြည့်မို့ နေခြည်က နုထွေးနေ၏။ ငညို သည် တစ်နေ့လုံး ကောက်လှိုင်းစည်းနေရ၍ ခါးတွေပူလာသည်။ ကျောတွေ တက်လာသည်။ ကောက်လှိုင်းက စည်းရန် လေးဧကလောက် ကျန်သေး၏။
ထပင်လယ်ကြီး ကောက်လှိုင်းတွေကို ငညို မစည်းနိုင်သေး။ ပြန့်လွင့်နေသော ကောက်ပင်များ၊ ရှုပ်ထွေးနေသော ကောက်ပင်များ လိုက်လံ ကောက်ယူရဦးမည်။ ငညို အနားယူချင်လာသည်။
ထို့ကြောင့် မြောင်းဘောင်ပေါ် ရှိ စက်ကတုံးပင် ရိပ်အောက် သွားနားသည်။ ငညိုသည် ပါလာသည့် အပိုလုံချည်တစ်ထည်ကို မြေကြီးပေါ်ခင်းကာ ခမောက်ကို ခေါင်းအုံး ပြုလိုက်သည်။ အဆင်သင့်ပါလာသည့် ကြံသကာတဖဲ့ကိုစားယင်း ဘူးသီးခြောက် ရေဘူးမှ ရေအချို့ကို ငုံသောက်လိုက်သည်။
ပြီးမှ အိတ်ထဲတွင် ပါလာသော ပြောင်းဖူးဖက် ဆေးလိပ်တစ်လိပ်ကို ထုတ်လိုက်သည်။ ပြောင်းဖူးဖက် ဆေးလိပ်ထိပ်တွင် စည်းထားသော ကြိုးစကို ချွတ်လိုက်၏။ ထိပ်မှ အနားများဖွာသွားသောအခါ ဆေးလိပ်ကို ပါးစောင်ခဲထားလိုက်သည်။ ခါးကြားတွင် လိပ်ထားသော မီးခတ်ပြားဖြင့် မီးညှိလိုက်သည်။
ဆေးလိပ်ကို တအား ဖွာရှိုက်လိုက်စဉ်တွင် ကျတ်ကုန်းဆီမှ တစ်တီတူးငှက်ထိုးသံ စူးစူးဝါးဝါးဝါးကြီး ကြားလာရသည်။ ငညို ခေါင်းထောင်ကြည့်လိုက်သည်။ ဘာကိုမျှ မမြင်ရ။ အေးငြိမ့်စွာသုတ်ဖြူး နေသော ဆောင်းလေအေးကြောင့် လက်ပံပင်ကြီးများမှ လက်ပံရွက်ကလေးများ တဖျပ်ဖျပ် ခတ်နေသည်။
လူတစ်ဦးတစ်ယောက်မျှလည်း မမြင်။ လောကကြီးက တိတ်ဆိတ်လှသည်။
လယ်တောပြင်ကြီးတစ်ခုလုံး စာကလေးတွေ ပျံလိုက်၊ မြည်လိုက်ဖြင့် စိုးစိုးစီစီအသံများမှလွဲ၍ ဘာသံမျှ မကြားရ။
ဘာများ ထူးထူးခြားခြားမြင်ရမလဲ။ ငညိုသည် ဒူးနှစ်လုံးပိုက်၍ မြေကြီးတွင် ဖင်ချထိုင်ယင်း စောင့်ကြည့်သည်။ မကြာခင် ကျီးတစ်အုပ် လန့်ပျံလာရာ တစ်တောလုံး ဆူညံသွားသည်။ ရှဉ့်ကလေးတွေလည်း လန့်အော်သည်။ ကြက်တူရွေးငှက်တွေလည်း လန့်အော်သည်။
မကြာခင် ကျတ်ကုန်းထဲမှ တရုန်းရုန်း အသံဗလံများ ကြားရသည်။ ဘာတွေပါလိမ့်။ ငညို သေသေချာချာ ကြည့်သည်။ တောက ငြိမ်နေပြီး ကျေးသံငှက်သံများ အလန့်တကြား အော်သံကိုသာ ကြားရ၏။ ဘာကောင်မှ တောစပ်ပြင်ဘက် ရောက်မလာ။
စောင့်ကြည့်သော်လည်း ဘာမျှ ထူးခြားမလာ။ ကြာတော့ ငညို တောင့်တင်းလာသည်။ ပင်ပင်ပန်းပန်း လုပ်ထားရ၍ မျက်လုံးများ ငိုက်မျည်းလာသည်။ ငညို ငုတ်တုတ်မနေနိုင်တော့။
အဆင်သင့်ခင်းထားသော ခမောက်ပေါ် ခေါင်းတင်ယင်း တုံးလုံးလှဲလိုက်သည်။ ဆေးလိပ်ကို တုံးလုံးလှဲလျက်ပင် တစ်ဖွာနှစ်ဖွာ သောက်သေးသည်။ ကြာ သော် လက်က ဆေးလိပ်ကို မသယ်နိုင်တော့။ မျက်လုံးလေးလာကာ ပိုးလိုးပက်လက်ဖြင့်ပင် အိပ်ပျော်သွားတော့သည်။
လက်တစ်ဘက်က ရင်ဘတ်ပေါ် တင်လျက်။
မည်မျှ ကြာသွားသည်မသိ။ တဝေါဝေါ အသံများ “ဝှီး… ဟီး… ဟီး” ဟူသော အသံများ ကြားရသည်။
ငညို ကြားနေသော်လည်း ထမရ။ မျက်လုံးများက လေးနေသည်။ ဝေဝါးနေသော မျက်လုံးများကို အားယူ၍ ဖွင့်ကြည့်သည်။
“ငညို… ငညို… ငညို” ဟု အသံများ ကြားရသော်လည်း ထမရ။ သူ့ခြေရင်းတွင် ဘာကောင်မှန်းမသိသော သဏ္ဌာန်တစ်ခုက မားမားကြီးရပ်နေသည်ကို ငညို ဝေဝေဝါးဝါး မြင်လိုက်ရသည်။
ထိုသဏ္ဌာန်၏ လက်ထဲမှာလည်း အကောင်မည်းမည်းကြီးတစ်ခုကို ဇောက်ထိုးကိုင်ထား၏။ သွေးတွေက ထိုအကောင့်ခေါင်းမှ တစက်စက် ကျနေသည်။
ငညို စိတ်ချောက်ချားပြီး ဇောချွေးတွေ ပြန်နေပြီ။ တအားကျုံးအော်၏။ အသံက မထွက်။
ထိုသဏ္ဌာန်က သူ့ ကို မိုးကြည့်နေသည်။
ငညို ရုန်းကြည့်သည်။
တစ်စုံတစ်ခုသော အင်အားက သူ့ကို ချုပ်ကိုင်ထား သည်ဟု ထင်ရသည်။ လက်ကိုလည်း ပြင်မရ၊ ခြေထောက်ကိုသော်မျှ ပြင်မရ။
နားထဲက “တဝေါဝေါ … တဝှီးဝှီး” အသံများက မထွက်။
“ဟေ့ကောင် ငညို”
ဟူသော အသံနှင့်အတူ ၎င်းအား ကိုင်လှုပ်ခြင်း ခံလိုက်ရမှ သတိကောင်းစွာ ရသည်။
သူ့ခြေရင်းတွင် ရပ်နေသူမှာ စိုးထွေး ဖြစ်၏။
ငညို ကြောင်စီစီနှင့် ထထိုင်လိုက်သည်။
“ဟာ စိုးထွေးပါလား။ လန့်လိုက်တာကွာ။ မင်းလက်ထဲက တောကြောင်ကြီးပါလား။ ငါ မင်းကို မြင်နေတယ်ကွ … ဝါးတားတားပဲ။ ဒါပေမယ့် လှုပ်မရဘူး။
ရင်ဘတ်ပေါ် လက်တင်အိပ်ယင် ငါ အဲသလိုဖြစ်တတ်တယ်။ ဘီလူးစီးတာလို့လဲ ပြောကြတယ်ကွ။ ငါကတော့ နှလုံးသွေး အကျနှေးပြီး ဖြစ်တယ်ဆိုတာ ကို ယုံတယ်ကွ။ သွေးလေချောက်ချားတဲ့ သဘော ထင်ပါ့ကွာ။ တဝေါဝေါနဲ့ အသံတွေက ဘာလဲဟ စိုးထွေး”
”အဲဒါ ငါပြောမလို့ပဲကွ။ နေ့လယ်က ငါ ကျက်ကုန်းထဲ တောကြောင်ထောင်ထားတာ။ ခုနက ငှက်တွေ လန့်အော်သံကြားလို့ သွားကြည့်တော့ ငါ့မောင်းကွင်းထဲ ဘသားချော မိနေတာကိုးကွ။ မောင်းကွင်းက ခြေထောက်မိတော့ သူကရုန်း၊ ငှက်တွေက လန့်နဲ့ ကျတ်ကုန်းထဲ ဆူနေတာပဲ”
“ဪ ငါ မအိပ်ခင် ကျတ်ကုန်းက ကြားရတဲ့ အသံဗလံတွေက လက်စသတ်တော့ ဒီတောကြောင်ကြီး မိနေတာကိုး”
“ဒါပေါ့ကွ- ငါလဲ ဒီကောင်ကြီးကို အဆုံးစီရင်ပြီး တလင်းပြန်သွား၊ အဲဒီကနေ အိမ်ပြန်မလို့ လုပ်တုန်း ကျတ်ကုန်းဆီက တဝေါဝေါအသံ ကြားတာနဲ့ ဒီဘက် ထွက်လာတာ။
အဲဒီ တဝေါဝေါ ကြားရတဲ့ အသံက မင်းတို့လယ်ထဲ ဝင်မွှေသွားတဲ့ မင်းတို့ပြောနေတဲ့ ကျတ်တစ္ဆေပဲကွ”
ငညို လန့်သွားသည်။
“ဟေ … ဟုတ်ရဲ့လားဟ”
“အေး ဆက်နားထောင်ဦး။ အဲဒီ ကျတ်တစ္ဆေကို မင်း မကြာခင် တွေ့ရမှာပါ။ ဒါကြောင့် မင်းကို ငါ နှိုးပြရတာ။ ကြည့်နေ … ဟော … ဟော တဖြည်းဖြည်း ကျတ်ကုန်းထဲက ထွက်လာတော့မှာ ။ ဟိုမှာ ကြည့်စမ်း”
စိုးထွေး ညွှန်ပြရာသို့ ငညို လှမ်းကြည့်သည်။ ကျတ်ကုန်းဆီမှ သစ်ပင်များ ဒယီးဒယိုင်နှင့် လှုပ်ရှားနေသည်။ လက်ပံကိုင်းတချို့ တဖြောင်းဖြောင်းနှင့် ကျိုးပဲ့ကုန်၏။ ထန်းပင်များက လက်ခုပ်တီးနေသည့်ပမာ ထန်းရွက်များ တစ်ခုနှင့်တစ်ခု ရိုက်ခတ်လျက် တစ်တောလုံး ဆူညံနေသည်။
ထူးနေသည်က တခြားသစ်ပင်များ မလှုပ်ရှားပဲ ကျတ်ကုန်းပေါ်က သစ်ပင်ချုံဖုတ်များသာ အပြင်းအထန် လှုပ်ရှားနေခြင်းဖြစ်၏။
မကြာခင် ပေါက်ရွက်ခြောက်၊ ကုက္ကိုရွက်ခြောက်၊ လက်ပံ၊ ညောင် စသည့် သစ်ရွက်များ အမှိုက်သရိုက်များ ကျတ်ကုန်းအလယ်ဆီမှ ကောင်းကင် ထောင်တက်လာသည်။
ငညို အံ့အားသင့်သွား၏။
“ဟ… ဘယ်လို ဖြစ်တာလဲဟ စိုးထွေး။ သစ်ပင်တွေက ကျတ်ကုန်းပေါ်က သစ်ပင်တွေတင် လှုပ်နေပါလား”
စိုးထွေးက ရယ်လျက် ပြောလိုက်သော စကားကြောင့် ငညို စိတ်ဝင်စားသွား၏။
“ဟဲ ဟဲ ဟဲ … အဲ့ဒါ လေပွေလို့ ခေါ်တယ်ကွ”
“ဘာ… လေပွေ ဟုတ်လား”
“အေး… အဲသည် လေပွေပဲ မင်းလယ်တွေ မွှေမွှေသွားတာ။ မကြာခင် မင်းလယ်ထဲ ရောက်လာမှာ ကြည့်နေ။
ကျတ်ကုန်းနဲ့ မင်းလယ်ကြားမှာ လေပွေလှိုင်း ရှိတယ်ကွ။ ခုလို နတ်တော်လလို အပူအအေး လွန်ကဲတုန်း တစ်ခါတရံမှ ဖြစ်တတ်တာ။ ငါက လယ်ပြင် အမြဲနေတော့ တစ်ခါတလေ တွေ့ရတယ်ကွ။
ဟော…. ဟော ပြောယင်းဆိုယင်း လေပွေက ကျတ်ကုန်းဆီက ထွက်လာပြီ”
စိုးထွေး စကား မှန်သည်။ လေပွေက ငညို့လယ်ဆီသို့ တည့်တည့်ကြီး ရွေ့လာသည်။ ပုံစံက ဝဲကတော့ ပုံစံ။ အမှိုက်သရိုက်နှင့် သစ်ရွက်ခြောက်များ ကောင်းကင်တွင် တဝှီးဝှီးနှင့် ဝဲလှည့်နေ၏။ အထက်ကား အောက်ရှူး ဖြစ်သည်။
မကြာခင် ငညိုလယ်ထဲ လေပွေ ရွေ့လာသည်။
“ဟာ… ငါ့လယ်ထဲ ဝင်လာပြီကွ၊ ဒုက္ခပဲ”
လေပွေက ကြောက်ခမန်းလိလိ ပြင်းထန်လှသည်။ ငညို့ လယ်ထဲမှ မစည်းမနှောင်ရသေးသော ကောက်ပင်များကို စုပ်ယူသွားသည်။ ကောက်ပင်များ လေထဲ မြောက်တက် လွင့်ပါသွားကာ။
ကောင်းကင်တွင် လေတံခွန်လွှတ်သလို ဝဲနေတော့ ၏။ ကောက်လှိုင်းထုံးများပင် ထောင်ထောင်တက်သွားသည်။ ကောက်နှံများ သစ်ရွက်ခြောက်များ ကောင်းကင်တွင် ဝဲလှည့်နေရာ ကြည့်၍ပင် ကောင်းသေးသည်။
ယောင်တိယောင်ကန်းဖြင့် ငညို့လယ်ထဲ ဆင်းပြေးသွား၏။ ကောက်နှံတွေကို လိုက်ဆွဲသည်။ လေပွေက ၎င်းကိုပင် စုပ်ယူသည်။ ငညို့လုံချည်ပင် အပေါ် လန်တက်သွား၏။ အောက်ပိုင်းတွင် ဗလာကျင်းသွားသော ငညို့ကို စိုးထွေးအဖို့ ရယ်စရာ ဖြစ်နေတော့သည်။
“ဟား-ဟား- ဟား- ဟေ့ကောင် လူပါ ပါသွားမယ်။ လေပွေက တော်တော်ပြင်းသဟ။ လုပ်မနေနဲ့ ဟီး… ဟီး”
လေပွေက ငညိုလယ်ထဲတွင် ငါးမိနစ်ခန့် ကြာသည်။ ကောက်နှံတွေကို ဆင်တစ်ကောင်၏ နှာမောင်းဖြင့် စုပ်ယူသကဲ့သို့ ဆွဲယူသည်။ တဖြည်းဖြည်းနှင့် ငညို့ လယ်မှ လေပွေ ထွက်စပြုပြီ။
ကောက်နှံတွေ ပြန့်ကျဲလျက် တခြား လယ်ကွက်တွေထဲ ဝဲကျကုန်သည်။ လေပွေက ရွာသာကုန်းရွာဆီ ဦးတည်သွား၏။
ငညို့ ကောက်နှံ အတော်များများကို လေပွေက ဆွဲစုပ်သွားသည်။ ကောင်းကင်ယံတွင် ဆော့ကစားယင်း ကောက်နှံများကို ကြဲချသွားသည်။
ငညို ဘာမှ မတတ်နိုင်တော့။ ၎င်း၏ ကောက်နှံတွေကို သယ်ယူသွားသော လေပွေကို ငေးကြည့်ရုံမှတပါး အခြား လုပ်စရာမရှိတော့ပေ။
တစ်နှစ်လုံး တကုပ်ကုပ်နှင့် ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ရသော ရွှေဝါရောင် စပါးနှံလေးတွေက လည်ဆွဲ ရတနာ ဘယက်ကလေးတွေလို နေရာတိုင်းမှာ ပြန့်ကျဲနေသည်။ နှမြောလွန်း၍ ရင်မှာ ပူဆွေးရသည်။
တဖြည်းဖြည်း လေပွေက တောင်ဘက် အတော် ခပ်လှမ်းလှမ်းရှိ ရွာသာကုန်းရွာနား ကပ်သွားသည်။ရွာဘေးမှ အမှိုက်သရိုက်များ၊ ကောက်ရိုးပုံများ လျော့ရဲဆွေးမြည့်နေသော လယ်တဲများမှ ထန်းရွက်ခြောက်များသည်လည်း ငညို့ ကောက်နှံတွေနှင့်အတူ လေပွေက စုပ်ယူသွား၏။
အတန်ကြာသော် ရွာသာကုန်းရွာမှ သစ်ပင်ကြီးများနှင့်တွေ့၍ လေပွေပျက်ပြယ်သွားပြီး ငညို့ ကောက် နှံတွေ ရွာသာကုန်းရွာပေါ် အနှံ ပြန့်ကျဲသွားတော့သည်။
လယ်တောပြင်ကြီး တစ်ခုလုံး တိတ်ဆိတ်သွား၏။
ငညို စိတ်မချမ်းမသာဖြင့် ပြန့်ကျဲနေသော ကောက်နှံများကို လိုက်ကောက်သည်။
အနားသို့ စိုးထွေး ရောက်လာ၏။
“ကဲ မြင်ပြီလားကွ။ ကျတ်ကုန်းတစ္ဆေလေ။ မင်းတို့က မစူးစမ်း မဆင်ခြင်ပဲ ရမ်းတွေး ရမ်းအပြစ်တင်နဲ့ ။ တကယ်တော့ ကျတ်ကုန်းမှာ ဘာတစ္ဆေမှ မရှိဘူးကွ။ ငါ ကြောင်ထောင် ချိုးထောင် လုပ်နေတာပဲ။
အဲသည် လေပွေက တစ်ခါတလေမှ ပေါ်တတ်တာ။ ငါက လယ်ပြင် နေတာများတော့ တစ်ခါတရံ တွေ့တတ်တယ်။ နောက် သတိထားပေါ့ကွာ။ ခု မင်းခံရတာက အလုပ်ကိုကျွေးထားမိလို့ပဲကွ။
တကယ်လို့သာ ကောက်လှိုင်းတွေ မတိုက်နိုင်သေးယင်လဲ စည်းထားယင် သည်လိုဖြစ်မှာ မဟုတ်ဘူး။ နောင်ကို အလုပ်လုပ်ယင် အလျင်လုပ်ရမယ့်အလု ကို အလျင်လုပ်ပေါ့ကွာ”
“ဟုတ်တယ် စိုးထွေး။ ငါ မစူးစမ်း မဆင်ခြင်ပဲ မင်းကို အပြစ်ပြောမိတာ ခွင့်လွှတ်ပါကွာ။ တကယ်တော့ ငါ့ပေါ့လျော့မှုပဲ။ အလုပ်ကို အချိန်ဆွဲ လုပ်နေယင် အန္တရာယ်ဟာ အမြဲရှိနေတယ်ဆိုတာ ငါ သဘောပေါက်ပါပြီကွာ”
အေးစိမ့်နေသော ဆောင်းလေနုတစ်ချက် သုတ်လိုက်သည်။ ဆောင်းလေအေးက စိုးထွေး၏ နှလုံးသားကို စိမ့်သွားသော်လည်း သောကဝေပြီး ပူလောင်နေသည့် ငညို့ နှလုံးသားကိုကား မအေးစွမ်းနိုင်ပေ။
အချိန်မီ အခါမီ အလုပ်ပြီးကြပြီဖြစ်သော တောင်သူများအတွက် လယ်တောသည် လှမြဲလှနေသည်။
ငညို့အဖို့ လယ်တောသည် အကျည်းတန်သွားတော့ သတည်း။
စစ်ပြန်မဂ္ဂဇင်း၊ ဒီဇင်ဘာလ၊ ၁၉၈၆
– ပြီး –
စာရေးသူ – ကိုမြိုင်ဥာဏ်(ဆင်ဖြူကျွန်း)