ကျန်ရစ်သူမိသားစု –
မင်းလူ

မုဆိုးမဆိုသော စကားလုံးသည် နည်းနည်းများ ရင့်သီးနေမလား ထင်မိ၏။ ထို့ကြောင့် ဘယ်လိုပြောင်းပြီးသုံးရင် ကောင်းမလဲ စဉ်းးစားကြည့်သည်။ အနီးစပ်ဆုံး အပြေပြစ်ဆုံးကတော့ “ကွယ်လွန်သူ ခင်ပွန်းသည်၏ ကျန်ရစ်သူဇနီး” ဟု၍ဖြစ်၏။ သို့ရာတွင် စကားလုံးတွေ ဖောင်းပွရှည်လျားလွန်းနေ၏။ အဘိဓာန်တွေထဲမှာလည်း “မုဆိုးမ”ဟူ၍သာ သုံးနှုန်းထားသည်။ လူအများနားလည်ပြီး တွင်ကျယ်စွာ သုံးနေကြတာလည်း မုဆိုးမဟူ၍သာ ဖြစ်၏။ ထို့ကြောင့် ဝေါဟာရပြောင်းလဲဖို့ မကြိုးစားတော့ဘဲ မူလအတိုင်းပင် သုံးနှုန်းလိုက်ပါသည်။ အဖေကွယ်လွန်ခဲ့တာ ကိုးနှစ်ကျော်ခဲ့ပြီ။ အမေသည် မုဆိုးမဖြစ်ခဲ့ရသည့်တိုင် (အဖေမရှိတော့တာက လွဲလျှင်) အထီးကျန်မဖြစ်ခဲ့။ ခုချိန်မှာ သက်ကြီးရွယ်အိုအများစုတို့ မရနိုင်သည့် ရှားရှားပါးပါး အခွင့်အရေးကိုတောင်မှ ရနေပါသေးသည်။ တခြားမဟုတ်။ သားသမီးတွေအားလုံး သူ့အနီးအနားမှာ ရှိနေကြခြင်းပင်ဖြစ်၏။ ကျွန်တော်က အမေနှင့် အတူနေသူ ဖြစ်၏။ အောက်ထပ်မှာ ကိုရူပရှိ၏။ အိမ်နောက်ဘက် လှမ်းအော်လို့ကြားနိုင်သောနေရာမှာ ကိုသုမောင်နေသည်။ ကိုဝဏ္ဏအိမ်က တစ်မိနစ်လောက် လျှောက်လိုက်ရုံနှင့် ရောက်သည်။ အမေက ကျွန်တော်နှင့်အတူ တစ်အိုးတည်းစားသည်။ ကျန် သားသုံးယောက်က နေ့စဉ် ဟင်းတစ်ခွက်စီပို့သည်။ ထို့ကြောင့် အမေ့အတွက် အသားငါးဟင်းချည်း တစ်နေ့လေးခွက် စားရသည့် သဘောဖြစ်၏။ ကိုရူပက လက်ဖက်ရည်ဆိုင် ဖွင့်ထားသဖြင့် လက်ဖက်ရည်၊ အအေး၊ မုန့်မျိုးစုံ စားရသောက်ရသည်။ ကိတ်မုန့်၊ ပေါင်မုန့်၊ သကြားလုံး စားချင်လျှင်၊ တောက်တိုမည်ရ ပစ္စည်း လိုချင်လျှင် ကိုဝဏ္ဏဇနီး၏ စတိုးဆိုင်ရှိ၏။ ဟိုနားဒီနား သွားစရာ လာစရာရှိလျှင် ကိုသုမောင်၏ကားကို အသုံးများသည်။ သုံးဖို့စွဲဖို့၊ လှူဖို့ဒါန်းဖို့ ငွေကြေးအတွက်လည်း မပူရ၊ သားတွေက ထောက်ပံ့ထားတာအပြင် ကျွန်တော်တို့ သူငယ်ချင်းမိတ်ဆွေတွေက လာကန်တော့ကြသေးသည်။ ဆရာမောင် ဆေးနီမှုန့် မျိုးဆက်များဖြစ်သော အမေ့တူမတွေက ငွေတို့၊ မုန့်တို့ လှမ်းပို့ကြတာ ရှိသေးသည်။ ဒါတင်မက အဖေ့ဝတ္ထုတွေကို မဂ္ဂဇင်းတွေက ပြန်ဖော်ပြတာ စာအုပ်တိုက်တွေက ပြန်ထုတ်ဝေတာတွေ အတွက် စာမူခတွေ ရနေသေးသည်။ ကျန်းမာရေးအတွက် ကျတော့ကော ကျွန်တော့်ဇနီး၏ အစ်မတစ်ယောက်က ဆရာဝန် ဖြစ်၏။ သူက ရန်ကုန်မှာ တာဝန်ကျနေတဲ့ တစ်ခါဆိုလျှင် တစ်ပတ်တစ်ခါလောက် အိမ်ကိုလာပြီး အမေ့ကို စစ်ဆေးကြည့်ရှုပေးတတ်၏။ နောက်အစ်မတစ်ယောက်က သူနာပြုဆရာမ၊ သူကလည်း မကြာခဏ ဆိုသလို အိမ်ကို ရောက်တတ်ပြီး သွေးချိန်ပေးတာ၊ အနေအထိုင် အစားအသောက်တို့အတွက် အကြံပေးတာတို့ ရှိ၏။ အမေ လေဖြတ်တုန်းက သူတို့နှစ်ယောက်ပဲ နေ့ညစောင့်ကြည့် ကုသပေးကြလို့ ပြန်ကောင်းလာခဲ့သည်။ ပြီးတော့လည်း ကျွန်တော့်နှမ အငယ်ဆုံး၏ ယောက်ျားမှာ ဆရာဝန်ပဲဖြစ်၏။ သူတို့ကလည်း မနီးမဝေးမှာပင် နေကြသောကြောင့် ကြုံလျှင် ဝင်ကြည့်ပေးတတ်သည်။ အကြောင်းကိစ္စရှိလို့ ဖုန်းဆက်ခေါ်လျှင်လည်း မိနစ်ပိုင်းအတွင်း ရောက်လာနိုင်သည်။ အထီးကျန်မဆန်ဘဲ သိုက်သိုက်ဝန်းဝန်းနေရခြင်း၊ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် ပူပန်စရာမလိုခြင်းတို့မှာ လူကြီးတစ်ယောက်အဖို့ ပြည့်စုံလုံခြုံသော ဘဝအခြေအနေဟု ဆိုနိုင်၏။ အမေသည် ကံကောင်းသော မုဆိုးမကြီးတစ်ယောက်သာ ဖြစ်လေ၏။ ဆရာကြီးမဟာဆွေ ကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ သို့တိုင်အောင် ဆရာကြီးကတော် ဒေါ်ကြည်ကြည်သည် ခုချိန်ထိ ကျန်းမာစွာ ရှိနေသေးကြောင်းကိုတော့ စာပေနယ်နှင့် နီးစပ်သူများ သိကြ၏။ သူ့သမီးကိုတော့ လူတိုင်းက သိကြ၏။ နိုင်ငံကျော် စာရေးဆရာမကြီး (ဒေါ်)ခင်ဆွေဦးပင် ဖြစ်လေ၏။ ဆရာကြီးမရှိသည့်နောက် အမေဒေါ်ကြည်ကြည်သည် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ဆရာကြီးဝတ္ထုများ ပြန်လည်ထုတ်ဝေခြင်း၊ ဆရာကြီးဝတ္ထုများကို ရုပ်ရှင်ရိုက်ကူးခြင်းတို့မှ ရရှိသည့် ဝင်ငွေဖြင့် တင့်တင့်တယ်တယ် နေနိုင်ခဲ့သည်။ အမေ အသက်ကြီးလာတော့လည်း ဆရာမ ခင်ဆွေဦးးက အောင်မြင်သော စာရေးဆရာဖြစ်သဖြင့် အမေ့ကို ကြည့်ရှုစောင့်ရှောက်နိုင်သည်။ သူတို့ တောင်ဥက္ကလာမှာနေတုန်းက ကျွန်တော် တစ်ခေါက် ရောက်ဖူးသည်။ အမေ့ကို ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်မြင်ရတော့ ဝမ်းသာမိ၏။ ကျိုက်ဝိုင်းဘက် ပြောင်းသွားပြီးနောက် မရောက်ဖြစ်တော့။ ဒေါ်လေးခင်ဆွေဦးးနှင့်တော့ သူကိုယ်တိုင် ဦးစီးထုတ်ဝေသော စပယ်ဖြူ မဂ္ဂဇင်းတိုက်မှာ ဆုံတတ်သည်။ ခုအခါမှာတော့ အမေ ဒေါ်ကြည်ကြည်သည် ဒဂုံမြို့သစ် မြောက်ပိုင်းရှိ တစ်ထပ်တိုက်ကလေးမှာ သမီး၊ မြေး၊ မြစ်များနှင့်အတူ သိုက်သိုက်ဝန်းဝန်း နေထိုင်လျက်ရှိ၏။ မြေးသားမက်ကလည်း ဆရာဝန်မို့ ကျန်းမာရေးအတွက်အ ထောက်အကူရသည်။ အမေဒေါ်ကြည်ကြည်အတွက် ကျေနပ်စရာ အကောင်းဆုံးကတော့ ဆရာကြီးမဟာဆွေ၏ စာပေမျိုးဆက်အဖြစ် သမီး (ဆရာမ)ခင်ဆွေဦးကို မွေးဖွားခဲ့ခြင်းပင် ဖြစ်လေ၏။ ဆရာမကြီး (ဒေါ်)ခင်နှင်းယု၏ ခင်ပွန်း ဗိုလ်မှူးကျော်သောင်းသည် စာရေးဆရာ မဟုတ်ပါ။ သို့ရာတွင် စာပေကို ချစ်မြတ်နိုးသူ၊ စာပေအကြောင်း နားလည်ခံစားတတ်သူဖြစ်၏။ ထို့ကြောင့် စာပေသမားတစ်ယောက် ဟူ၍တော့ ခေါ်နိုင်မည်ထင်၏။ သူ၏ ထိန်းသိမ်းလမ်းညွှန်မှုကြောင့် အနုပညာမြောက်သောစာတွေ ပိုမိုရေးဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ဆရာမကြီး ကိုယ်တိုင်က ဝန်ခံသည့် သဘောမျိုး ရေးခဲ့ဖူး၏။ ဥပမာ “မွှေး” ဝတ္ထု… ဆရာမကြီးသည် တီဘီရောဂါကို ကိုယ်တိုင်ခံစားရဖူးသူ ဖြစ်၏။ ထိုအကြောင်းကို အခြေခံ၍ မေတ္တာဖွဲ့ဝတ္ထုကြီးတစ်ပုဒ် ရေးသည်။ စာမျက်နှာနှစ်ဆယ်လောက် အရမှာ ဆက်မရေးဖြစ်ဘဲ ရပ်ထားလိုက်၏။ တီဘီရောဂါတိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် ရေးဖြင်းဖြစ်သော်လည်း ကိုယ်ရေးကိုယ်တာတွေပါသဖြင့် သင့်တော်ပါ့မလား ထင်သောကြောင့် ဖြစ်၏။ ဒါကိုသိသွားသော ခင်ပွန်းသည်က ရေးပြီးသမျှဖတ်ကြည့်ပြီးနောက် ဆက်ရေးသင့်ကြောင်း တိုက်တွန်းသည်။ ထို့ကြောင့် ပြီးဆုံးအောင်ရေးဖြစ်ခြင်း ဖြစ်၏။ တကယ်လို့သာ ထိုအချိန်က ခင်ပွန်းသည်အနေဖြင့် ဘာသိဘာသာ နေခဲ့မည်ဆိုလျှင် ဆရာမကြီး အနေဖြင့်လည်း ဆက်ရေးချင်မှ ရေးဖြစ်မည်။ စာဖတ်ပရိသတ်အနေဖြင့်လည်း တသသတဖွဖွ ဖတ်ရပြောရသော ဝတ္ထုကြီးတစ်ပုဒ်ကို ခံစားခွင့် ဆုံးရှုံးရမည်။ မွှေး ရုပ်ရှင်ဇာတ်ကားကိုလည်း ကြည့်ရှုခွင့်ရကြမှာ မဟုတ်တော့။ ထို့ကြောင့် ဆရာမကြီး၏ခင်ပွန်းကို စာပေသမားတစ်ယောက်အဖြစ် ကင်ပွန်းတပ်ခဲ့ရခြင်း ဖြစ်၏။ သူကွယ်လွန်သွားသောခါ ဆရာမကြီးသည် လူမှုရေးအရ ဝမ်းနည်းအားငယ်မိမှာ အမှန်ဖြစ်သော်လည်း စာပေနယ်မှာတော့ ခိုကိုးရာမဲ့ လုံးဝမဖြစ်ခဲ့။ ထိုအချိန်တွင် လျှမ်းလျှမ်းတောက် အောင်မြင်သော စာရေးဆရာ ဖြစ်နေပြီ။ ရေးသမျှ စာအပ်တွေက အောင်မြင်သည်။ အများအပြားမှာ ရုပ်ရှင်အဖြစ်အသွင်ပြောင်းခဲ့သည်။ ထိုရုပ်ရှင်ကားတွေကလည်း အောင်မြင်ပြီး အကယ်ဒမီရကြတာ များသည်။ ဆရာမကြီးမှာ အသက်အရွယ်ကြီးလာသော်လည်း လက်ရာတွေက လတ်ဆတ်တုန်း၊ ပရိသတ်ကို ဖမ်းစားနိုင်တုန်း၊ ရောင်းစွံသော စာရေးဆရာမအဖြစ် ရပ်တည်နေတုန်း။ ခုချိန်ထိ အဆင့်မြင့် ရသစာပေတွေကို ဖန်တီးနိုင်တုန်းဖြစ်ကြောင်း ဝမ်းမြောက်ဖွယ်တွေ့ရ၏။ ဆရာကြီး လူထုဦးးလှနှင့် ဆရာမကြီး လူထုဒေါ်အမာတို့သည် အလွန်လိုက်ဖက်ညီသော ဇနီးမောင်နှံဖြစ်ကြောင်း အားလုံးသိကြပြီး ဖြစ်၏။ သူတို့သည် သတင်းစာကြီး တစ်စောင်၊ စာအုပ်တိုက်ကြီး တစ်တိုက်၊ ပုံနှိပ်တိုက်ကြီး တစ်ခုတို့ကို တက်ညီလက်ညီ ထူထောင်ခဲ့ကြသူများ ဖြစ်၏။ ဦးးလေးလှက ဦးဆောင်ဦးရွက်ပြုခဲ့တာကတော့ သေချာပါသည်။ ဦးးလေးလှ ကွယ်လွန်သောအခါ ရွှေတောင်ကြီးပြိုသလိုဖြစ်မှာ မှန်သော်လည်း လူထုတိုက်သည် ခုချိန်ထိ အောင်မြင်ထင်ရှားစွာ ရှင်သန်နေဆဲ ရှိခဲ့၏။ ဒေါ်ဒေါ်သည် မုဆိုးမဖြစ်ခဲ့သော်လည်း ကိုယ်တိုင်က ထိပ်တန်းစာရေးဆရာဆိုတော့ ခုအရွယ်ထိတိုင် အဖိုးတန်စာပေတွေ ဆက်လက်ရေးသားနိုင်ခဲ့သည်။ သားဖြစ်သူ ကိုညိုကလည်း နာမည်ကျော်စာရေးဆရာ ညီပုလေးဖြစ်လာတော့ ဒေါ်ဒေါ့်အတွက် အားတက်စရာ ဖြစ်လာလိမ့်မည် ထင်၏။ ဒါတင်မက လူထုတိုက်မှ မွေးထုတ်ပေးခဲ့သော စာပေသမားတွေကလည်း သားသမီးများသဖွယ် အားကိုးရပေလိမ့်မည်။ တခြားစာရေးဆရာတွေကလည်း တတ်စွမ်းသမျှ ဝိုင်းဝန်းစောင့်ရှောက်ကြတာ အားလုံးအသိပင် ဖြစ်၏။
ပြောခဲ့တာက စိတ်ကူးထဲပေါ်လာသမျှသော၊ အိုကံကောင်းသော အမေကြီးများ အကြောင်းသာ ဖြစ်၏။ ဒါဆို ထူးခြားသော ကွယ်လွန်သူစာရေးဆရာတို့၏ ကျန်ရစ်သူ ဇနီးတွေကတော့ ဘယ်လိုများနေကြမလဲဟု ဆက်၍တွေးမိ၏။ ခင်ပွန်းဖြစ်သူက လုံလောက်သော ငွေကြေးဥစ္စာများ ချန်ထားခဲ့လျှင် အခြေမပျက် ဆက်နေနိုင်မည်။ တကယ်တော့ ဒီလို စုဆောင်းထားရစ်ခဲ့နိုင်သော စာရေးဆရာက အနည်းစုသာ ဖြစ်နိုင်၏။ များသောအားဖြင့်တော့ ကွယ်လွန်ချိန်မှာ အကြွေးတွေမကျန်ခဲ့လျှင် ကံကောင်းတယ် အောက်မေ့ရမည်။ သားသမီးတွေက လိမ္မာလျှင်တော့ အေးအေးချမ်းချမ်း သက်သက်သာသာနေရမည်။ တစ်ခုရှိတာက သားသမီးတွေက သိတတ်သည့်တိုင် သူတို့မှာလည်း ထောက်ပံ့နိုင်သည့် ဝင်ငွေ အခြေအနေရှိဦးမှ ဖြစ်မည်။ ဒီလိုမှ မဟုတ်လျှင်တော့ စားဝတ်နေရေးအတွက် ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လှုပ်ရှားရပေလိမ့်မည်။ စာရေးဆရာ အများစုသည် ငွေကို သိပ်ဦးးစားပေးကြသူများ မဟုတ်ကြသဖြင့် အသက်ထင်ရှား ရှိနေစဉ်မှာပင် စားဝတ်နေရေး ပြေလည်မှု ရှိချင်မှ ရှိသည်။ ထိုအခါ ဇနီးမယားတို့က တခြားအလုပ်လုပ်ပြီး တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရတာမျိုးရှိ၏။ စာရေးဆရာ ကတော်တို့သည် ခင်ပွန်းသည် ရှိနေစဉ်ကလည်း မပြေလည်မှုများ၊ ဒုက္ခသုက္ခများကို မျှဝေခံစားရင်း ပါရမီဖြည့်ခဲ့ရသည်။ ခင်ပွန်းသည် ကွယ်လွန်သွားတော့လည်း ကျန်ရစ်သူမိသားစုမှာ ဆုံးခါစအချိန်မှာသာ လူအများ၏ ဂရုစိုက်ကူညီခြင်းကို ခံရသည်။ အချိန်ကြာလာသည်နှင့်အမျှ စာရေးဆရာ၏ စာတွေကိုသာ သတိတရ ရှိချင် ရှိမည်။ သူတို့ ဇနီးသည်တွေကတော့ တဖြည်းဖြည်း မေ့လျော့ခြင်းခံရပြီး မထင်မရှားဘဝနှင့် ညှိုးညှိုးငယ်ငယ် နေထိုင်သွားကြရတာသာ များလေ၏။ ရေးဖော်ရေးဖက်အချို့၏ ဆက်လက်စောင့်ရှောက်မှုကို အထိုက်အလျောက် ရရှိသူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ အခုနှစ်ပိုင်းအတွင်းမှာ ကွယ်လွန်သူ စာရေးဆရာကြီးများ၏ စာအုပ်များကို ပြန်လည်ရှာဖွေ ထုတ်ဝေလာကြတာ တွေ့ရ၏။ ကျန်ရစ်သူမိသားစုများ၏ စားဝတ်နေရေးအတွက် အထောက်အကူ ဖြစ်နိုင်သောကြောင့် အားတက်ဖွယ်ဖြစ်၏။ တစ်ခုရှိတာက သူတို့သည် စာပေနှင့် အလှမ်းကွာနေတာ ကြာပြီဖြစ်သဖြင့် စာမူခကို ဘယ်လောက်တောင်းရမှန်း မသိဘဲ ပေးသမျှနှင့် ကျေနပ်ကြရမှာမျိုး ဖြစ်မှာကိုတော့ စိုးရိမ်မိ၏။ ထုတ်ဝေသူတွေဘက်က ကြည့်ပြန်တော့လည်း ဈေးကွက် ရောင်းအားအခြေအနေ ဘယ်လိုမှ မသေချာသေးဘဲ စွန့်စား ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ကြောင်း သိရပြန်သည်။ ဘာပဲဖြစ်ဖြစ် အကျိုးအမြတ်ကို မျှမျှတတ ခွဲဝေခံစားကြမည်ဆိုလျှင် ကွယ်လွန်သူ စာရေးဆရာကိုလည်း ဂုဏ်ပြုရာ ရောက်သည့်အပြင် စာဖတ်ပရိသတ်အတွက်လည်း စာအုပ်ကောင်းများ ဖတ်ခွင့်ရလိမ့်မည်ဟု မျှော်လင့်ပါသည်။
⬛

မင်းလူ
(စံပယ်ဖြူ၊ ၂၀၀၀)