ကျားဆိုး
°°°°°°°°°°
#မြဝဇီ

နံနက်လေးနာရီခန့် ဖြစ်သည်။

နန်းမောတောင်တန်းကြီးသည် နှင်းပင်လယ်အောက်တွင် အိပ်မောကျလျက် ရှိသေး၏။

ယင်းအချိန်မှာပင် ဝါးရုံပင်ကြီးများနှင့် သစ်ပင်ကြီးငယ်များ မိုး နေသည့် အိမ်ခြေနှစ်ဆယ်ခန့်ရှိသော ရွာစည်းရိုးနားသို့ နှင်းတောထဲမှ တချွတ်ချွတ် နင်းလျှောက်လာသော သတ္တဝါကြီးတစ်ကောင် တရွေ့ရွေ့ကပ်လာသည်။

ခြံစည်းရိုးသည် လက်ခုပ်တစ်ဖောင်ကျော်ကျော် မြင့်သည်။

သတ္တဝါကြီးသည် ခြံစည်းရိုးကို စူးစမ်းကာ လက် ဖြင့် ကုတ်ခြစ်လိုက်သည်။

“ဂျစ် – ဂျစ် – ဂျစ်”

အသံသည် တိတ်ဆိတ်နေသည့် အချိန်အခါဖြစ်၍ အတော်ကလေး ကျယ်သွားသည်ဟု ထင်ရ၏။

“နန်ခ … နန်ခ … ထစမ်းဟဲ့”

“ဘာလဲ … ကျင်းအိုက်”

“အသံကြားတယ် … သတိထားစမ်း”

တောင်သူလယ်သမားများအဖို့ နံနက်လေးနာရီတွင် အိပ်ပျော်နေစရာ မဟုတ်တော့။ တောင်ယာထဲသို့ဆင်း၍ အလုပ်လုပ်ကြရတော့မည်။

သို့သော် ဤရွာကလေးသည် နံနက် ငါးနာရီအထိ တိတ်ဆိတ်ကာ အဘယ်ကြောင့် အိပ်ပျော်နေရပါ သနည်း။

လွန်ခဲ့သော တစ်လခန့်မှစ၍ သူတို့ရွာမှ ယာလုပ်သားတစ်ဦး၊ ရေခပ်သူ မိန်းမပျိုတစ်ဦးကို ကျားကလာ၍ ဆွဲသွားခဲ့ဖူးသည်။ ရွာသားအားလုံး စုပေါင်းလိုက် ကြပါသော်လည်း လူသားစားကျားကို ရှာမတွေ့။ အလောင်းကိုပင် မတွေ့ကြ။ တောနက်နက်လည်း မလိုက်ဝံ့ကြ။

လူသားစားကျားသည် မည်သည့်ဒေသ တောင်တန်းက ကူးလာသည်ဟု မသိရ။ အထူးသတိထားနေရန်သာ ရွာခေါင်းကြီးက သတိပေးထားရ၏။ နံနက် မိုးလင်းမှပင် အလုပ်များဆင်းရန် ပြောကြားထားရသည်။

ကျင်းအိုက်မှာ ရွာသားထဲတွင် ရှမ်းတရုတ်ကပြားလည်းဖြစ်၊ သတ္တိလည်း ကောင်းသူဖြစ်၍ အရေးအကြောင်းရှိက ရှေ့ဆုံးမှ လိုက်တတ်သည်။ ယခုလည်း ထရံဘေး လှဲထားသော မှိန်းကြီးနှင့် ချိန်ထားသော ဓားလွယ်ကို ဖြုတ်ပြီးလျှင် မိန်းမဖြစ်သူကို သတိပေး၍ အိမ်ပေါ်မှ အသံမကြားအောင် ဆင်းသည်။

ပြီး ခြံစည်းရိုးဘေးနားသို့ ကပ်သွားခဲ့၏။

ခပ်စောစောက သတ္တဝါကြီးသည် ခြံစည်းရိုးအား ကုတ်ခြစ်လိုက်ပြန်၏။

“ဂျစ် – ဂျစ် – ဂျစ်”

ခြံစည်းရိုးဘေး တိတ်ဆိတ်စွာ ကပ်သွားသည့် ကျင်းအိုက်သည် လူသားစားကျားကြီးတစ်ကောင်မှန်း သိလိုက်ပြီးလျှင် တဖြည်းဖြည်း ကုတ်ခြစ်နေသည့် ခြံစည်းရိုးဘေးနား ကပ်သွားခဲ့၏။

ညှီစို့စို့အနံ့ကြီးက ထောင်းခနဲ ကျင်းအိုက်၏ နှာခေါင်းထဲသို့ ဝင်လာသည်။ ကျင်းအိုက်မှာ လူသားစားကျားကြီးက သူတို့အား ဆွဲရန် ခြံစည်းရိုးအား ဖျက်နေသည်ဟု ထင်လိုက်၏။

သတ္တဝါ လူသားစားကျားကြီးနှင့် သူသည် လေ ညာနှင့်လေအောက် ဖြစ်နေ၍ ကျင်းအိုက် အနံ့ကို သတ္တဝါကြီးက မရခြင်း ဖြစ်၏။

“ဟုတ်ပြီ … တို့ရွာသားတွေကို သတ်ဖြတ်စားတဲ့ အကောင်ကြီးပဲ ဖြစ်မယ်”

သူသည် စိတ်ထဲမှပြောရင်း မှိန်းကြီးကို ခြံစည်းရိုးသစ်လုံးကြား သွင်းလိုက်လေ၏။ သေးငယ်သော အသံတစ်သံ မြည်သွားသည်။

လူသားစားကျားကြီးသည် ထိုအသံကို သတိမူလိုက်စဉ်မှာပင် ကျင်းအိုက်က သူ၏မှိန်းကြီးဖြင့် တအား ဆောင့်ထိုးလိုက်သည်။

“အာ … ဝု … ဝေါင်း”

သတ္တဝါကြီးသည် မှိန်းချက်မိကာ နောက်ကျွမ်းပစ် ထွက်သွား၏။ ကျင်းအိုက် ထိုးလိုက်သောမှိန်းချက်မှာ မည်သည့်နေရာသို့ ထိသွားမှန်း မသိ။ လူသားစားကျားကြီး၏ ဟိန်းသံက ဆူညံသွားတော့၏။

ကျင်းအိုက်၏ မှိန်းကြီးမှာ လူသားစားကျားကြီး ခုန်ထွက်သွားရာနောက်သို့ အရှိန်ဖြင့် ပါသွားလေသည်။ တစ်ချိန်တည်းမှာပင် ကြက်သံငှက်သံနှင့် တစ်ရွာလုံး ဆူညံသောအသံများ ပေါ်ထွက်လာသည်။

တစ်ရွာလုံး မီးများ လင်းထိန်သွားသည်။ မီးတုတ်နှင့် ရွာခေါင်းကြီး၊ ရွာသားများ ရောက်လာသည်။

“ငါ ကျားကြီးကို မှိန်းနဲ့ ထိုးလိုက်တယ်။ မှိန်းလည်း သူ့နောက် ပါသွားတယ်ကွ”

ကျင်းအိုက်က ရွာခေါင်းကြီးနှင့် ရွာသားများကို အဖြစ်အပျက် ပြောပြသည်။ ရွာခေါင်းကြီးက ရွာတံခါးဖွင့်ပြီး လိုက်ကြမည်ပြော၍ ရွာစည်းရိုးတံခါး ဖွင့်ပြီးလျှင် ထွက်လာကြသည်။

ကျင်းအိုက် ပြောလိုက်သည့်အတိုင်း သွေးစက်အချို့ကို တွေ့ရပြီး ကိုက်ငါးဆယ်အကျော်တွင် မှိန်းကြီး မြေပေါ်ကျနေသည်ကို တွေ့ကြရသည်။

“ဟေး ဒီတောကောင်ကြီး ဒဏ်ရာရသွားတယ်ကွ … မသေဘူး။ ဒီတော့ ပိုပြီး သတိထားရမယ်ဟေ့”

ယင်းအချိန်ကလေးတွင် မည်းမည်းရှည်လျားသောသတ္တဝါကြီးတစ်ကောင်သည် ခြံစည်းရိုးပေါ်သို့ လွှားခနဲကျော်၍ ခုန်ဝင်လာသည်။

ရုတ်တရက် နွားခြံဘက်သို့ ရောက်သွား၏။ နွားများတရုန်းရုန်း ဖြစ်နေကြသည်။

အိမ်ပေါ်တွင် မိန်းမတွေ စုပေါင်းကာ စကားပြောနေကြသည်။

“ဟဲ့ နွားတွေ ဘာဖြစ်တာလဲ … သွားကြည့်စမ်း နန်ခရေ”

ကျင်းအိုက်၏ ဇနီး နန်ခသည် ရွာခေါင်းကြီးအိမ် ရောက်နေသည်။ ယောက်ျား ကျင်းအိုက်က လူသားစားကျားကြီး လာသည်ကို သိသဖြင့် မှိန်းကြီးယူကာ မကြောက်မရွံ့ ထသွားကြောင်းကို ရွာခေါင်းကြီးအိမ်တွင် မိန်းမချင်းစုဝေးကာ ဂုဏ်ယူပြောနေခြင်း ဖြစ်၏။

ရွာခေါင်းကြီးကတော်က ခိုင်းသဖြင့် နန်ခ မနေသာ။ အပို ကညင်ဆီမီးတိုင်ယူ၍ မီးထွန်းလိုက်ပြီး သူ့အနားမှ အမျိုးသမီးတစ်ဦးအား “ထိုမ – ငါနဲ့လိုက်ခဲ့စမ်း” ဟု ခေါ်လိုက်ပြီး လှေကားထိပ် ထွက်သွား၏။

ထိုမ ဆိုသူမှာ ပုပုဝဝ ဖြစ်သည်။ သူမက နောက်မှ ပါသွား၏။

လှေကားမှ ဆင်းလိုက်သည်နှင့် အိမ်အောက်၌ ချည်ထားသော နွားများ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ ဘာကြောင့် လှုပ်ရှားနေသည်ကို မသိ။

ဟိုဟိုသည်သည် ကြည့်နေစဉ် “ဘုတ်ဘုတ်” ဟူသော အသံကြားရ၏။ အသံမှာ ခပ်စောစောက ဝင်လာသော သတ္တဝါကြီး၏ အမြီးရိုက်ပုတ်သံတည်း။

နန်ခသည် အသံလာရာသို့ မီးခွက်မြှောက်ပြီးလျှင် နွားများကို တစ်ကောင်ချင်း စစ်ဆေးကြည့်နေ၏။

ရုတ်တရက် သူ့အပေါ်သို့ လွှားခနဲ အုပ်လာသော သတ္တဝါကြီးတစ်ကောင်က သူ၏ လည်ကုပ်ကို ကိုက်ခဲပစ်လိုက်ကာ ဆွဲထွက်သွား၏။

“အစ်မရေ … လုပ်ပါဦး”

နန်ခသည် တစ်ခွန်းသာပြောနိုင်ပြီးနောက် တောကောင်ကြီးဆွဲရာနောက်သို့ ပါသွားလေတော့၏။

“အမေရေ … အမေ”

“ဝေါင်း”

“အမလေး … လေး”

ရွာသူများ၏ အထိတ်တလန့် အော်သံက ကျယ်လောင်စွာ ပေါ်ထွက်လာ၏။ “အမေရေ” ဟု ထိုမက အော်၍ အိမ်ပေါ် ပြေးတက်လာစဉ် လူသားစားကျားကြီးက တစ်ချက်ဟိန်းလိုက်ခြင်း ဖြစ်သည်။

မိန်းမများ အော်သံကြောင့် ရွာပြင်ရောက်နေသည့် ရွာသားများ ပြေးလာကြသည်။

“ကျင်းအိုက်ရေ … မင်းမိန်းမကို ကျားကြီးတစ်ကောင် အိမ်အောက်က ဝင်ဆွဲသွားပြီ”

“ဗျာ … တကယ်လား ပိနန်”

“တကယ်ပါကွယ့် … အမြန်ဆုံး လိုက်ကြပါ”

ရွာခေါင်းကြီးကတော်က နွားများ ဆူညံသံကြောင့် နန်ခနှင့် ထိုမ ဆင်းကြည့်စဉ် နောက်ကရောက်လာသော ကျားကြီးက ဝင်ဆွဲသွားခြင်းဖြစ်ကြောင်းကို ပြောပြလိုက်သည်။

ကျင်းအိုက်မှာ ခေါင်းတစ်ခုလုံး ထူပူသွားကာ မျက်လုံးများ ပြာဝေသွားသည်။

“သတ်မယ် … သတ်မယ်။ ငါ့မိန်းမကို စားတဲ့ကျား ငါကိုယ်တိုင် စားပစ်မယ်ကွ”

ယင်းသို့ပြောပြီး မှိန်းကြီးကိုဆွဲကာ တရကြမ်း ပြေးထွက်သွားတော့၏။ ရွာခေါင်းကြီးက “လိုက်ကြစမ်း”ဟု အော်လိုက်သဖြင့် ရွာသားများ ကျင်းအိုက်နောက်မှ ပြေးလိုက်သွားကြ၏။

ကျင်းအိုက်မှာ အရူးတစ်ပိုင်း ဖြစ်နေ၏။ နောက်မှ အော်၍ သတိပေးသံများလည်း သူ မကြားတော့။

“ကျင်းအိုက် … မပြေးနဲ့”

“ကျင်းအိုက် … မပြေးနဲ့”

အရုဏ်ဦးလင်းခြည်များ ပျံသန်းလာပြီတည်း။

xxx xxx xxx

ကျွန်ုပ်နှင့် ရဲဘော်နှစ်ဦးသည် တပ်ခွဲမှူး၏ တာဝန်ပေးချက်အရ နန်းမောတောင် နမ့်လွယ်ရွာကလေးသို့ ရွာခေါင်းကြီး နိမ့်ဇလာ၊ ရွာသားနှစ်ဦးနှင့်အတူ လိုက်ခဲ့ပါသည်။

အချိန်မှာ ၁၉၄၄ ခုနှစ်ဦး၊ ဖေဖော်ဝါရီလအတွင်းတွင် ကျွန်ုပ်တို့ စစ်မြင်းတပ်ခွဲသည် လားရှိုး လွယ်ရိုးရွာတွင် စခန်းချထားပါသည်။ ကျွန်ုပ်သည် ရှမ်းတောင်တန်းအတွင်း စိုင်နှင့် နွားရိုင်းများ၊ တောဝက်များအား တပ်ရိက္ခာအတွက် အမဲလိုက်ခဲ့သဖြင့် အထက်ပါ နမ့်လွယ်ရွာကို ဒုက္ခပေးနေသည့် လူသားစားကျားကို လိုက်ရန်အတွက် စေလွှတ်ခဲ့ခြင်း ဖြစ် ပါသည်။

နမ့်လွယ်ရွာ ရောက်သောအခါ နံနက် ဆယ်နာရီ ရှိပါပြီ။

ကျွန်ုပ်တို့အား ရွာခေါင်းကြီးက ကျင်းအိုက်နှင့် တွေ့ဆုံပေးပါသည်။ ကျင်းအိုက်မှာ သူ၏အိမ်တွင် လူနှစ်ယောက်နှင့် ရှိနေပါသည်။ သူသည် တဟီးဟီးငိုလိုက်၊ ထအော်လိုက်နှင့် ဖြစ်နေသည်။

ရွာခေါင်းကြီးက …

“ဟေ့ – ကျင်းအိုက် မင်းမိန်းမ ဆွဲသွားတဲ့ကျားကို သတ်ဖို့ ဟောဒီဗိုလ်ကြီး လိုက်လာပြီကွ … မပူနဲ့”

ယင်းသို့ ပြောလိုက်သဖြင့် ကျင်းအိုက်မှာ ငိုလိုက်၊ရယ်လိုက် ဖြစ်နေရာက ချက်ချင်း စိတ်ပြောင်းကာ

“ဟေ စစ်ဗိုလ်ကြီးပါလား။ ပူလွယ် ကျုပ် သိပ်ဝမ်းသာတယ်။ ဗိုလ်ကြီးခင်ဗျား အဲဒီကျားတွေကို သတ်ပေးစမ်းပါ”

“တို့ အခုပဲလိုက်မယ်။ မင်းလည်း ငါတို့က ခေါ်သွားပါ့မယ်။ ဒါပေမဲ့ တို့စကား နားထောင်မှ ခေါ်သွားမယ်”

“စိတ်ချပါ ဗိုလ်ကြီး။ ဒီအကောင်တွေ ကျုပ်လက်ချက်နဲ့ သတ်ချင်ပါတယ်”

“သတ်ရမယ်ကွာ … သတ်ရမယ်”

ယင်းသို့ ပြောပြီးနောက် ကျွန်ုပ်တို့မှာ ရွာခေါင်းကြီး ကျွေးသည့် ထမင်းဟင်းကို အလျင်အမြန်စားလိုက်ရသည်။ ယင်းနောက် ကျွန်ုပ်က ကျင်းအိုက်နှင့်အတူ ရွာသားတစ်ဦး ထည့်ပေးရန်နှင့် မည်သူမှ လိုက်မလာရန် မှာကြားလိုက်ပါသည်။

ကျွန်ုပ်နှင့် ထည့်ပေးမည့် ရွာသားမှာ တောကျွမ်းသည့် ရွာသားဖြစ်ပြီး အမည်မှာ ခန်းပါလိဖြစ်ပါသည်။ အတိုကောက် “ပါလိ”ဟူ၍ပင် ကျွန်ုပ်က ခေါ်ပါသည်။

ကျားဝင်ပြီးဆွဲသော နေရာ၊ ကျားက စည်းရိုးကုတ်သော နေရာများ လိုက်ကြည့်ပြီး ချက်ချင်း သွေးစက်ခံ၍ လိုက်ခဲ့ပါသည်။

လိုအပ်သောရိက္ခာနှင့် ဆေးဝါးအပြင် အဆင်မပြေက တောထဲ အိပ်ရမည်ဖြစ်၍ လိုအပ်သည့်ပစ္စည်းများ ကျောပိုးအိတ်ဖြင့် ထည့်ယူခဲ့ပါသည်။

ရွာခေါင်းကြီးကမူ ပြုတ်ထားသည့် ပြောင်းစေ့များ ကျောပိုးအိတ်တစ်လုံးဖြင့် ထည့်ကာ အမဲခြောက်များ၊ ဆား၊ ဘူးသီးခြောက်ရေဘူး စသည်ဖြင့် သူ့ရွာသားအား ပေးလိုက်၏။

ကျွန်ုပ်တို့သည် ကျားခြေရာနှစ်ခုကို ယှဉ်ကြည့်ရာ ခြံစည်းရိုးမှ တွေ့သည့် ကျားခြေရာမှာ ကျားအိုတစ်ကောင်ဖြစ်ပြီး နန်ခအား ဆွဲသည့် ကျားခြေရာမှာ တောင်ကျော်ကျားမျိုး အကောင်ပေါက်ကြီး ဖြစ် ပါ၏။

နန်ခ၏ သွေးစက်သည် နန်းမောတောင်ခြေတောင်ကြောမှနေပြီး ကျယ်ပြန့်သောလျှိုကြီးထဲ ဆင်းသွားခဲ့၏။

အင်္ကျီအစုတ်ကလေး၊ ထဘီအပြတ်ကလေး တွေ့တိုင်း ”ဟောဒါ ကျုပ်မိန်းမဟာဗျ” ဟု ငိုသံကြီးနှင့် ပြောရင်း သိမ်းဆည်းယူတတ်၏။

ရွာနှင့် တစ်မိုင်ခွဲလောက် ရှိမည်။ လျှိုကြီးမှာ လွယ်မောတောင်တန်းနှင့် နန်းမောတောင်တန်းအထိ ကျယ်ပြန့်လှသည်။ ကျင်းအိုက် မှိန်းချက် ထိသွား သည့် ကျားအိုကြီးကား မည်သည့်နေရာတွင် ဝပ်နေသည်မသိ၊ မတွေ့ရသေးချေ။

ကျွန်ုပ်တို့ ဆင်းလာသော လျှိုကြီးအတွင်း ဝါးရုံနှင့် သစ်ပင်ကြီးများက မြင့်မားလှသည်။ နေပြောက်မထိုးအောင် ရှိသည်။

အမဲငယ်ကလေးများကို တွေ့သော်လည်း ကျွန်ုပ်တို့က မပစ်ပါ။

ကျွန်ုပ်တို့သည် လျှိုကြီးအတွင်း တောင်ကုန်းပေါ်တက်ခဲ့သည်။ ထိုစဉ် စွန်ငှက်အချို့အရှေ့ကမ်းပါးဘက် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

အချိန်မှာ နေ့လယ်နှစ်နာရီ ရှိပါပြီ။

တောင်ကုန်းပေါ် ခေတ္တ စခန်းချ၍ အခြေအနေ စောင့်ကြည့်နေမိ၏။ စွန်များ ဝဲနေသောနေရာနှင့် ကိုက်တစ်ထောင်နီးပါး သွားရပေဦးမည်။

ကျွန်ုပ်သည် ရေဘူးကိုဖွင့်ကာ သောက်နေစဉ် အသံ တစ်သံ ကြားလိုက်ရသည်။

ထိုအသံမှာ ကျွန်ုပ်တို့ရောက်နေသောနေရာနှင့် ကိုက်ငါးရာခန့်ဝေးသော လွင်ထဲ စားသောက်နေသည့် ပြောင်အုပ်ထဲမှ “ဘူး”ခနဲ နှာခေါင်းမှုတ်သံနှင့်အတူ တောကောင်ကြီးတစ်ကောင် အသံဖြစ်၏။

ပြောင်အုပ်အနီးမှ အဝါနှင့် အနက်စင်း တောကောင်ကြီး ခုန်ထွက်သွားသည်ကို တွေ့လိုက်ရကာ ပြောင်များ တောကောင်ကြီးနောက်သို့ တရုန်းရုန်း ပြေးလိုက်သွားကြသည်။

ဒဏ်ရာရထားသော တောကောင်ကြီးက ပြောင်တစ်ကောင်အား ခုန်အုပ်ပုံရပါသည်။ သို့မဟုတ် အခြားတစ်ကောင်ကောင် ဖြစ်နိုင်ပါသည်။ ပြောင်ရော တောကောင်ကြီးပါ မတွေ့ရတော့။

တောကောင်ကြီးအပြေးကို ပြောင်များ အဘယ်မှာ မီနိုင်ပါမည်နည်း။

ကျွန်ုပ်တို့ အမဲလိုက်အဖွဲ့သည် တောင်ကုန်းမှ ဆင်း၍ စွန်များဝဲနေသည့်နေရာသို့ လာခဲ့ကြ၏။

လွင်များ တစ်ကွက်ချင်း တစ်ကွက်ချင်း၊ စမ်းအိုင်များ တစ်အိုင်ပြီး တစ်အိုင် ထူးခြားစွာတည်နေသည်ကို တွေ့ရ​၏။

စမ်းအိုင်တစ်အိုင်ဘေးတွင် စိုင်တစ်ကောင်မှာ ဦးခေါင်းပိုင်းသာ ရှိ၏။ ကျန်သော အသားများ မရှိတော့။ အရိုးချည်း တွေ့ရ၏။

ထိုစမ်းအိုင်ဘေးတွင် တောကောင်ကြီးက စိုင်တစ်ကောင် ဆွဲလာကာ စားခြင်းလော။ စမ်းအိုင်ကပင် သားစားအိုင်ဖြစ်၍ ဒုက္ခပေးခြင်းလော။

ကြည့် ရသည်မှာ ခြေထောက်တစ်ဖက် ပြတ်နေပုံထောက်၍ အိုင်ထဲမှ သတ္တဝါတစ်ကောင်က စိုင်ရေသောက်အဆင်း ဖမ်းဆွဲလိုက်ခြင်း ဖြစ်ရမည်ဟု တွက်လိုက်မိပါ၏။

ယင်းစမ်းအိုင်သည် ပေသုံးရာခန့် ကျယ်ပါသည်။

စွန်များဝဲနေသည့်နေရာ ရောက်နိုင်ရန် အတော်ကလေး သွားရ၏။ လျှိုကြီးထဲတွင် တောင်ကုန်းနှင့် ကျောက်ဆောင်များ ရှိနေ၏။

ခပ်စောစောက ပြောင်လိုက်၍ ထွက်ပြေးသော တောကောင်ကြီးကိုမူ ယခုအထိ မတွေ့ရသေး။

မကြာမီ လျှိုထဲမှ ကုန်းကြောတစ်ခုသို့ ရောက်လာကာ ထိုကုန်းကြောမှ တက်လိုက်သောအခါတွင် ချုံကြီးတစ်ချုံမှ ယင်မမည်းရိုင်းများ တရုန်းရုန်းဖြစ်နေ သည်ကို တွေ့ရ၏။ ကျွန်ုပ်အဖို့ နန်ခ အလောင်းကို တွေ့ပြီဟု ယုံကြည်လိုက်ပါသည်။

ရုတ်တရက် တောခွေးများသည် ကျွန်ုပ်တို့အသံ ကြားသဖြင့် ထွက်ပြေးသွားကြ၏။ တောခွေးများက အသေကောင်ကို စားနေခြင်းဖြစ်ရာ ကျွန်ုပ်တို့ ရောက်သောအခါတွင် တကယ်ပင် အမျိုးသမီးတစ်ဦးအလောင်းဖြစ်လျက် ဦးခေါင်းနှင့် ခြေထောက်၊ လက်များသာ ရှိတော့သည်။

“နန်ခ … နန်ခ နင် အဖြစ်ဆိုးလှချည်လား”

ကျင်းအိုက်တစ်ယောက် ပြောရင်း ထိုင်၍ ငိုလိုက်ပါသည်။ ကျွန်ုပ်တို့က မနည်းချော့ရ၏။

ပေနှစ်ဆယ်လောက်တွင် သစ်ပုပ်ပင်ကြီးတစ်ပင်သာလင့်ထိုးရန် ကောင်းပါသည်။ လူပေါင်းငါးယောက် နေနိုင်ရန် အမြန် လင့်ထိုးခိုင်းရ၏။ မကြာမီ မှောင် လာပေမည်။

အချိန်မှာ ညနေ ငါးနာရီနီးပါး ရှိလေပြီ။ ညစာအတွက် ခပ်သုတ်သုတ်ပင် စားလိုက်ရပြီး စားကြွင်းစားကျန်များကို ဝါးတစ်လုံးထဲ ပစ်ရန်နှင့် အပေါ့သွားလျှင် ဝါးဆစ်ဘူးနှင့်သွားရန် ဆေးလိပ်ကြိုက်သူများ ဆေးလိပ်မသောက်ရန် သတိပေးပြီးလျှင် လင့်ပေါ်သို့ တက်ခဲ့ကြပါသည်။

တဖြည်းဖြည်း မှောင်လာ၏။ လေက တစိမ့်စိမ့်တိုးလာလေ အအေးဓာတ် ပိုလေပင်။ သို့နှင့်ပင် တစ်လောကလုံး အမှောင်ကြီး ဖုံးသွားလေပြီ။

“မင်းတို့ အိပ်ချင်အိပ်ပါ။ တို့က စစ်သားတွေဖြစ်လို့ မအိပ်ဘဲ စောင့်နိုင်တယ်”

ကျွန်ုပ်က ပြောလိုက်သဖြင့် ခမ်းပါလိ တုံးလုံးလှဲကာ အိပ်သွား၏။ ကျင်းအိုက်ကမူ သူ့ဇနီးဆန္ဒစိတ်ဇောဖြင့် မအိပ်ပါ။ ငုတ်တုတ်ထိုင်ကာ ခေါင်းသာညိတ်၏။

ထိုညသည် လဆုတ်ရက်ဖြစ်၍ လ မထွက်သေး။ လရောင် မမြင်ရသလို ကြယ်ရောင်များလည်း မမြင်ရ။ မြူဖုံးနေသလား မသိ။ နှင်းများက ညရှစ်နာရီတွင် တဖြည်းဖြည်း ကျဆင်းလာခဲ့၏။

ဤလျှိုကြီးထဲတွင် သက်ရှိလူသား ငါးဦးနှင့် သက်မဲ့အလောင်းတစ်လောင်းသာ ရှိပါသည်။ ယခုအချိန်အထိတော့ မည်သည့်အသံများကိုမျှ မကြားသေး။

တောခွေးများအသံ ကြားလိုက်ရပါသည်။

ကျွန်ုပ်၏စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားပါသည်။ တောခွေးများက အလောင်းကို လာ၍ စားသောက်သွားမှာ စိုးသောကြောင့်ပင် ဖြစ်ပါသည်။

ည(၉)နာရီလောက်တွင် ခြေသံသဲ့သဲ့ ကြားလိုက်ရကာ “ဖတ် – ဖတ် – ဖတ်” ဟူသော အလောင်းကို လျှာဖြင့်လျက်သံ ပေါ်လာ၏။

ကျွန်ုပ်က ရဲဘော်အောင်သန်းကို လက်ကုပ်လိုက်၏။ ရဲဘော်အောင်သန်းက အလောင်းဆီသို့ ဓာတ်မီးဖြင့် ထိုးရန် ပြင်လိုက်စဉ် “ဂီး – ဝရုန်း” ဟူသောအသံ ပေါ်ထွက်လာ၏။

ငါးတောင့်ထိုး လက်နှိပ်ဓာတ်မီးရောင်သည် ဖျပ်ခနဲပွင့်ကာ အလောင်းဆီသို့ ထိုးကျသွားလေသည်။

“ဝေါင်း”

“ဂရူး”

ရုတ်တရက် တောကောင်ကြီးနှစ်ကောင် အလောင်းဘေးတွင် လုံးထွေးနေကြ၏။ မီးရောင် ထိုးကျလာသည်ကို သတိမပြုဘဲ တစ်ကောင်နှင့်တစ်ကောင် ကိုက်မြဲ ကိုက်နေကြ၏။ သုံးမိနစ်ခန့်ကြာမှ နှစ်ကောင်စလုံး မီးရောင်ဘက်သို့ လေးဖက်ထောက်ကာ မျက်လုံးတဝင်းဝင်းဖြင့် ကြည့်လိုက်ကြ၏။

ကျွန်ုပ် နန်ခအား ဆွဲစားသည်ထင်သော အမည်းကွက်အစင်းကြီးများ များသည့် ကျားကြီး၏ နှာခေါင်းနှင့် မျက်စိအကြား ဒသမ ၄၇၅ မဂ္ဂနမ်ရိုင်ဖယ်ဖြင့် ပစ်ထည့်လိုက်၏။

ရဲဘော်မောင်ဟန်က ကျန်တစ်ကောင်ကို ဒသမ ၃ဝ၇ ရိုင်ဖယ်ဖြင့် ပစ်လိုက်သည်။

သေနတ်သံများသည် လျှိုကြီးအတွင်း ဆူညံသွားကာ ကော်ဒိုက်ယမ်းနံ့များ ထောင်းခနဲ ထသွား၏။ နှစ်ကောင်အနက် ကျွန်ုပ်ပစ်လိုက်သော ကျားကြီး သည် ကျွမ်းပစ်ကာ ကုန်းကြောအောက်သို့ ကျသွားပါသည်။

“ဗွမ်း”

ရေသံကို ကြားလိုက်ရ၏။ ကျားကြီး စမ်းအိုင်ကြီးထဲ ထိုးကျသွားပုံရပါသည်။

မောင်ဟန် ပစ်လိုက်သော ကျားကြီးမှာ “ဂူး” ခနဲ တစ်ချက်အော်ပြီး ထွက်ပြေးသွား၏။ သို့သော် အထိနာသွားပုံရကား ကောင်းကောင်းပြေးနိုင်ပုံ မရပါ။

“လာဟေ့ – အောင်သန်းနဲ့ မောင်ဟန်”

ကျွန်ုပ်က ရဲဘော်နှစ်ဦးကို ခေါ်၍ သစ်ပင်အောက် ဆင်းခဲ့ပါသည်။ အထိနာသည့် ကျားကြီးနောက် မလိုက်ဘဲ အိုင်ထဲ ကျသွားသည့် ကျားကြီးနောက် လိုက်ခဲ့ကြ၏။

“ဝုန်း”

“ဝေါင်း”

အိုင်ကြီးအတွင်းမှ ပေါ်ထွက်လာသည့် အသံပင်။

ကျွန်ုပ်တို့ ကုန်းကြောမှ စမ်းအိုင်ဘက်ဆင်း၍ အသံကြားရာဆီသို့ လက်နှိပ်ဓာတ်မီးနှင့် ထိုး၍ကြည့်လိုက်ကြ၏။

“ဟာ ဧရာမရေနေမြွေကြီးနှစ်ကောင်က ကျားကြီးကို ဆွဲသွားပါရောလား”

အောင်သန်းက လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ ပြောလိုက်၏။ ကျားကြီးအား မြွေနှစ်ကောင်က ရစ်ပတ်ကာရေအောက်သို့ တဖြည်းဖြည်း ဆွဲခေါ်သွားတော့ရာ ကျားကြီးအဖို့ ဇာတ်သိမ်းသွားရတော့၏။

ထိုစဉ် မည်းမည်းသတ္တဝါကြီးတစ်ကောင်သည် ရေထဲမှ ပေါ်ထွက်လာပြန်သည်။ လက်နှိပ်ဓာတ်မီးဖြင့် သေသေချာချာကြည့်ရာ တောင်ဖွတ် မိချောင်း ကြီးတစ်ကောင် ဖြစ်နေ၏။ သူနှင့်အတူ ဖွတ်မိကျောင်းသုံးကောင်သည် တွေ့ရကာ တဖြည်းဖြည်း အိုင်ကြီးအတွင်းမှ ကျွန်ုပ်တို့ထံ ကူးလာကြ၏။

အလျင်အမြန်ပင် ကျွန်ုပ်တို့လင့်စင်ဆီ ပြန်လာကြရသည်။ တကယ့် သားစားအိုင်ကြီးပါလားဟုလည်း တွေးလိုက်မိ​၏။

ထိုညအဖို့ ကျွန်ုပ်တို့ သစ်ပုပ်ပင်ကြီး၏ လင့်စင်ပေါ်မှာပင် တစ်ယောက်တလဲစောင့်၍ အိပ်ကြရသည်။

နံနက်မိုးလင်းလျှင် ခမ်းပါလိနှင့် ကျင်းအိုက်အား အလောင်းယူရန် ဝါးကတ်စင်ပြုလုပ်စေပြီးနောက် မောင်ဟန်ကို အစောင့်အဖြစ် ထည့်လိုက်၏။

ကျွန်ုပ်နှင့် ရဲဘော်အောင်သန်းက အထိနာသွားသည့် ကျားကြီးနောက်သို့ ခြေရာခံ၍ ဆက်လိုက်ခဲ့ကြပါသည်။

အထိနာသွားသည့် တောကောင်ကြီး ကျသွားသည့် သွေးစက်ကို ခြေရာခံလိုက်ခဲ့ရာ လျှိုကြီး၏အထက် ကျောက်ဆောင်များဆီ ရောက်လာပါသည်။

နှင်းများကား ပတ်လည်ကာထားလျက် တဖွဲဖွဲ တသဲသဲ နှင်းမိုးရွာချလျက် ရှိနေ၏။

ပေငါးဆယ်လောက်ကို မှုန်ဝါးဝါးသာ မြင်ရ၏။ တောကောင်ကြီး၏ သွေးစက်များ နှင်းမိုးကြောင့် ပျောက်သွား၍ ခန့်မှန်းကာ လိုက်ခဲ့စဉ် နှင်းတောထဲမှနေ၍ ပြောင်အုပ်တစ်အုပ် တဝုန်းဝုန်းဖြင့် ပြေးလာသံ ကြားလိုက်ရ၏။

ကျွန်ုပ်တို့ အလျင်အမြန်ပင် ကျောက်ကမ်းပါးတွင်ဂူပမာဖြစ်နေသည့် နေရာသို့ ဝင်၍ခိုလိုက်ကြသည်။

ချက်ချင်းပင် ပြန်ထွက်လိုက်ရသည်။ ထိုနေရာတွင် မည်းနက်သော သတ္တဝါကြီးများ တဝီဝီအော်မြည်ပျံသန်းနေ၏။ သားစားပိတုန်းကောင်ကြီးများတည်း။

ယခုမှပင် အထိနာသွားသည့် ကျား၏ ဇာတ်သိမ်းပွဲကို တွေ့ရပါလေပြီ။

ဂူထဲမှ ‘ပျားတူ’ ခေါ် ပိတုန်းကြီးများ နေရာသို့ ကျားကြီး ဝင်မိပြီး ယခုအခါတွင် အရိုးသာ ကျန်ရှိကြောင်း တွေ့ရပါတော့သတည်း။

– ပြီး –

စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ