ခင်မောင်အေး (မန္တလေး)
”ကျားဇာတ်လမ်းနှင့် မုဆိုးပုံပြင်”
မတ္တရာသစ်တောကြိုးဝိုင်းအတွင်း မအူပင်ချောင်းအတိုင်း ပြင်ကြီးတောင်ကြောသည် အလျားလိုက် တည်ရှိပေသည်။ ပြင်ကြီးတောင်ကြော အနောက်ဘက်ခြမ်းတွင် မတ်စောက်သော ကမ်းပါးရုံကြီးများရှိလျက် အစွန်အဖျားအကျဆုံး တောင်ထွတ်တွင် ကြီးမားနက်မှောင်သည့် သဘာဝကျောက်ဂူကြီး ရှိ၏။ အလွန်ချမ်းအေးသော ဒီဇင်ဘာလတစ်ညတွင် ထို ကျောက်ဂူကြီးအတွင်း ကျွန်တော် မွေးဖွားခြင်းခံရလေသည်။
ထိုရက်များအတွင်း ကျွန်တော် မှတ်မိသမျှမှာ အနည်းငယ်သာ။ မိခင်၏ သန်စွမ်းကြီးမားသော လက်မောင်းကြီးများကို မှီတွယ်ကာ ထွေးနွေးသော အမွေးများအကြားတွင် ခိုဝင်လဲလျောင်းလျက် ကြမ်းတမ်းသော လျှာကြီးဖြင့် မိခင်က ကျွန်တော်၏ ဦးခေါင်းအား ကြင်နာယုယစွာ လျှက်ပေးလျက် ရှိခဲ့၏။
ဖခင်နှင့် ပတ်သတ်၍မူ ပြန်လည်သတိရမိခြင်း မရှိပါချေ။ ချိုမြိန်သော မိခင်၏နို့ရည်ကို မိခင်က ညှစ်၍ချထားပေးသော ဂူတွင်းရှိ ကျောက်ခွက်မှ အငမ်းမရသောက်စို့ရင်း ကျွန်တော်သည် တဖြည်းဖြည်း ကြီးပြင်းလာခဲ့ရပေသည်။
အရုဏ်ဦးအချိန် ကျွန်တော်အိပ်ရာမှ နိုးလာသောအခါများတွင် မိခင်၏ ရင်ခွင်တွင်းမှ လဲလျောင်းလျက် အရှေ့စွန်းမှ တောင်များအထက်တွင် နီရဲလှပသော နေလုံးကို ကြည်နူးစွာတွေ့မြင်ရသည်။ တဖြည်းဖြည်းချင်း အနီရောင်နေလုံးကြီးမှ အရောင်ဖျော့၍လာကာ ရွှေဝါရောင်ကွန်ရက်များအား စိမ်းစိုညိုမှောင်သော သစ်တောများအထက်သို့ ကြဲဖြန့်ချ လိုက်သည်ကို တွေ့မြင်ရသည်။
တောင်ခြေအဝေးတွင်ကား ကျယ်ပြန့်သော မြက်ခင်းပြင်များ၊ လယ်ကွင်း ယာမြေများနှင့် ရွာကလေးတစ်ရွာတည်ရှိရာ မိခင်၏ပြောကြားချက်အရ လူဟုခေါ်သော ခြေနှစ်ချောင်းနှင့် လမ်းလျှောက်သည့် သတ္တဝါများ နေထိုင်ကြောင်း သိရှိခဲ့၏။
ကျွန်တော့်အား မိခင်က ပတ်ဝန်းကျင်လောကနှင့် ပတ်သက်၍ သိသင့်သိထိုက်သမျှ အကြောင်းအရာများကို သွန်သင်ပြောပြခဲ့သည့်အနက် ကျွန်တော်တို့၏ အစာဖြစ်သော ပြောင်၊ စိုင်၊ ဆတ်၊ ဝက်၊ ဒရယ်၊ ချေ စသော သတ္တဝါကလေးများ အကြောင်းလည်း ပါဝင်ခဲ့၏။
ကျွန်တော့်အဖို့ မိခင်၏ အရိပ်အာဝါသအောက်တွင် တဖြည်းဖြည်း ကြီးပြင်းသန်စွမ်းလာခဲ့ပြီ ဖြစ်ပေသည်။ သို့သော် မိခင်ကမူ သူမ, မရှိခိုက် မည်သည့်အခါမျှ ဂူတွင်းမှ အပြင်သို့ ထွက်ခွာမသွားစေရန်ကိုမူ ကြပ်တည်းစွာပညတ်ထားခဲ့၏။
လသာသော ညတစ်ညတွင် မိခင်သည် အစာရှာရန် ထွက်ခွာသွားခဲ့၏။ ခါတိုင်းညများထက် စောစီးစွာ ထွက်ခွာသွားခြင်း ဖြစ်သဖြင့် ပျင်းရိလာသော ကျွန်တော့်အဖို့ လရောင်ဖြာလျက်ရှိသော သစ်တော အတွင်းသို့ သွားရောက်ကြည့်ရှုလိုသော ဆန္ဒများ ပြင်းထန်စွာ ပေါ်ပေါက်လာခဲ့၏။
တဖြည်းဖြည်းချင်း ဂူတွင်းမှ ဆင်းသက်လာခဲ့ပြီးနောက် အတန်ကြာလျှင်ပင် တောနက်၏အလယ်သို့ ရောက်ရှိလာလေသည်။ ကြီးမားသော ဆူးချုံကြီးတစ်ခုအနီးတွင် ကပ်၍ဝပ်ကာ ကြောက်စိတ်များ ပေါ်ပေါက်လာခဲ့၍ ပြန်လမ်းကို ရှာဖွေလျက်နေမိသည်။
ရှေ့တစ်လံကွာတွင် ခြေသွားလမ်းကလေးတစ်ခု ရှိသဖြင့် ခေတ္တမျှစောင့်စားနေမိသည့်အခိုက် မည်းနက်သော သဏ္ဌာန်ကြီးတစ်ခု လရောင်အောက်တွင် ရွေ့လျားလာသည်ကို တွေ့ရ၏။ တောမကျွမ်းသေးသော်လည်း လာနေသောသဏ္ဌာန်သည် မိခင်ကြီး ဖြစ်ရမည်ဟု စိတ်မှအောက်မေ့မိသည်။ သို့နှင့် မိခင်ကြီးအား ရုတ်တရက် အံ့အားသင့်စေရန် ချုံကွယ်၌စောင့်နေရာမှ အနားသို့ရောက်သည်နှင့် ကျောပေါ်သို့ လှမ်းအုပ်လိုက်မိ၏။
သို့သော် ကျွန်တော်မျှော်လင့်သကဲ့သို့ ဖြစ်မသွားဘဲ မြေပေါ်တွင် နှစ်ပတ်သုံးပတ်မျှ ကျွန်တော်လိမ့်သွားရ၏။ တင်းပုတ်နှင့် ထုလိုက်သည့်အလား ခေါင်းပေါ်သို့ ပြင်းထန်ကြီးမားသော လက်ကြီးတစ်ခုကလည်း ဖြတ်ရိုက်သွားခြင်း ခံခဲ့ရလေသည်။ ကြောက်ရွံ့ ထိတ်လန့်စွာ ကျွန်တော်က ငိုရှိုက်နေရာမှ ကျယ်လောင်သော အသံကြီးကြောင့် မျက်စိကို အသာဖွင့်ကြည့်မိပေသည်။
“ဟား.. အမယ် မိကျားရဲ့ သားပါလား၊ သူ့အဘိုးကိုတောင် သူက စားမလို့ကိုး”
ကျွန်တော့်အပေါ်မှ မိုး၍နေသူမှာ မိခင်ကြီးမဟုတ်ဘဲ တောဘုရင် ကျွန်တော့် အဘိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏။ တောဘုရင် အဘိုးက သာယာညင်းပျောင်းစွာ ကျွန်တော့်အား ခေါ်လာလေသည်။
“လာ-လာ- ငါ့မြေး. . မင်းဂူကို ပြန်ရအောင်”
ဂူတွင်းသို့ရောက်၍ မိခင်ကြီး ပြန်လည်ရောက်ရှိခြင်း မရှိသေးသည့်အတွက် အဘိုးအား ကပျာကယာပြေးထွက်၍ ခေါ်လိုက်ရ၏။
“ဘိုးဘိုး. . . အမေ မရောက်သေးဘူးဗျကျွန်တော် လိုက်ခဲ့ပါရစေဦး”
“ဟင်- မင်းလျှောက်လည်ချင်သေးတုန်းပဲလား၊ မင်းငါနဲ့တွေ့လို့ ကံကောင်းတယ်မှတ်၊ ငါလို အကျားမဟုတ်ဘဲ အကွက်သာဆိုရင် မင်းကို တစ်ကိုက်တည်းနဲ့ စားပစ်လိုက်မှာကွ. . ငါ့မြေးရ”
အဘိုးက ဆုံးမရင်း ကျွန်တော့်အပါးတွင် လဲလျောင်းလျက် တောသင်ခန်းစာများ သင်ကြားခဲ့ ပေသည်။ ပြောင်၊ စိုင်၊ ဆတ် စသည့် သတ္တဝါများကို မည်သို့မည်ပုံ သတ်ဖြတ်စားသောက်ရမည်။ ရေစမ်းများတွင် ရေသောက်ဆင်းသော အမဲများကို မည်သို့ဖမ်းဆီးရမည် စသည်ဖြင့် သင်ကြားသွားခဲ့ပေသည်။
အရုဏ်ကျင်း၍ လင်းရောင်ပေါ်လာသည့်အခါ မိခင်ကြီး ပြန်လည်ရောက်ရှိလာ၍ မိခင်ကြီးနှင့်အတူ ပါလာသော ချေပေါက်ကလေး၏အသားကို စားရခြင်းဖြင့် အဘိုးနှင့်တွေ့ရခြင်းကိုပင် မိခင်ကြီးအား မပြောမိတော့ချေ။
ညပေါင်းသုံးလေးဆယ်မျှ ကုန်ဆုံးသွားခဲ့ပြီးနောက် လပြည့်ညတစ်ညတွင် မိခင်ကြီးက ကျွန်တော့်အား ပြောလာသည်။
“လူကလေးရေ လာဟေ့.. တို့များသားအမိ ဒီကနေ့ည အမဲ လိုက်ရအောင်”
ကျွန်တော့်အဖို့ မည်မျှ ဝမ်းမြောက်သည်ကို ပြောမပြနိုင်ပါချေ။ သဲပြင်ခင်းထားသော မအူပင်ချောင်းဘေးတစ်လျှောက် ခုန်ပေါက်မြူးထူး၍ မိခင်ကြီးအပါးမှ လိုက်ပါလာခဲ့ရသည်။ မိခင်၏ အောင်မြင်ကျယ်လောင်သော ဟိန်းသံပေးလိုက်သည်တွင် ထိုထက်ပို၍ အောင်မြင်မာကျောသော ဟိန်းသံကြီးကို ကြားလိုက်ရပြီးနောက် ဖခင်အား တွေ့လိုက်ရလေသည်။
ဖခင်သည် ကြီးမားသန်စွမ်းလျက် နက်မှောင်သော အစင်းကျားကြီးများဖြင့် တင့်တယ်လှပသလောက် ကြောက်မက်ဖွယ်ရာကောင်းသော လိမ္မော်ရောင် ကိုယ်ခန္ဓာရှိသည်။ ကျွန်တော်၏ခေါင်းကို တစ်ချက်ပုတ်ခတ် ကျီစယ်လျက် ရှေ့မှ ဦးဆောင်ထွက်ခွာသွားပေသည်။
တစ်တန်းချင်း ရှေ့နောက် လျှောက်လာကြရာမှ ကိုင်းပင်များ ထူထပ်သော ချောင်းကမ်းဘေးသို့ရောက်ရှိလာကြ၏။ ကြည်လင်သောရေပြင်ကို မြင်သည်နှင့် မိုက်မဲလှစွာ ကျွန်တော်က အသံပြုလျက် ပြေးဆင်းသောက်ရန် ဟန်ပြင်လိုက်မိသည်။ သို့သော် မိခင်က တားဆီးလိုက်သဖြင့် ရပ်နေလိုက်ဆဲတွင် ချောင်းစပ်မှ ဝဖြိုးသော ဆတ်ကြီးတစ်ကောင်က လေအဟုန်ကဲ့သို့ ထွက်ပြေးပျောက်ကွယ်သွားခဲ့၏။
ဖခင်က မြားတစ်ချောင်းပမာ လိုက်ပါသွားခဲ့သော်လည်း ခဏအကြာတွင် လက်ချည်း သက်သက် ပြန်လာခဲ့သည်ကို တွေ့ရ၏။ ၎င်းနောက် မြေတုန်ခမန်း ဟိန်းလိုက်ပြီးလျှင် ကျွန်တော်တို့အား နှုတ်ဆက်ထွက်ခွာသွားလေသည်။
ဖခင်ကြီး ထွက်ခွာသွားပြီးနောက် မိခင်နှင့် ကျွန်တော်သည် ချောင်းအထက်တွင် စီးမိုးလျက်ရှိသော ကိုင်းတောကို အကာအကွယ်ယူလျက် ရေသောက်ဆင်းလာမည့် အမဲကောင်များကို စောင့်စားနေခဲ့ကြ၏။
ငယ်ရွယ်သော ကျွန်တော့်အဖို့ ငြိမ်သက်စွာ စောင့်စားနေနိုင်ခြင်း မရှိသော်လည်း မိခင်ကမူ ညဦးမှ အရုဏ်သို့ရောက်လုနီးသည်အထိ မလှုပ်ရှားဘဲ ငြိမ်သက်တိတ်ဆိတ်စွာ သားကောင်ကို ချောင်းမြောင်း စောင့်စားနေခဲ့သည်။ နွေးထွေးသော မိခင်၏ ကိုယ်ခန္ဓာဘေးတွင် အိပ်တစ်ဝက် နိုးတစ်ဝက် စောင့်စားနေမိခဲ့စဉ်ပင် မိခင်က ဆတ်ခနဲ ခေါင်းထောင်လိုက်သည့်အတွက် ကျွန်တော်က နိုးလာခဲ့ရ၏။
ကျောက်ဆောင်များအကြားမှ လှမ်းကြည့်လိုက်မိသည့်အခါတွင် လ,အရောင်ကြောင့် မည်းမှောင်တောက်ပြောင်လျက်ရှိသော ဦးချိုကြီးအစုံဖြင့် ရေစပ်တွင် ထီးထီးကြီး ရပ်လျက်ရှိသော ပြောင်တစ်ကောင်ကို တွေ့ရပေသည်။ လေထဲတွင် ကျွန်တော်တို့၏ အနံ့ကို ခံမိဟန်တူသော်လည်း ရေသောက်ချင်လွန်းလှသောဇောကြောင့် ရေစပ်သို့ သတိထား၍ တစ်လှမ်းချင်း ဆင်းလာသည်ကို ကျွန်တော် မြင်ရသည်။
မကြာမီပင် တိတ်ဆိတ်ညင်သာစွာ လျှောက်လာခဲ့ပြီးနောက် ရေသောက်သံကို ကြားလိုက်ခြင်းဖြင့် ကျွန်တော်တို့၏အပါးသို့ ပြောင်ကြီး ရောက်လျက်ရှိပေပြီ။ တိတ်ဆိတ်သောညကို ပြောင်ကြီး၏ ရေသောက်သံက ဖြိုခွင်းလျက်ရှိ၏။
မိခင်၏ အလွန်ညင်သာမြန်ဆန်သော လှုပ်ရှားမှုကို ကျွန်တော်က ပထမဦးဆုံးအကြိမ် တွေ့မြင်ခဲ့ရ၏။ ပြောင်ကြီးသည် ခြေအစုံကို ကားလျက် လည်တိုင်ကိုနှိမ့်ကာ ရေသောက်လျက်ရှိရာသို့ မိခင်ကြီးသည် ခန္ဓာကိုယ်အလုံးရှိ ကြွက်သားများကို စုစည်းလိုက်သည့်အလား ဆတ်ခနဲတောင့်သွားလျက် လေထဲတွင် ဝဲပျံသွားခဲ့လေသည်။
စက္ကန့်ဝက်မျှ အချိန်သည်ပင် ပြောင်ကြီးအတွက် အခွင့်သာသွားခဲ့၏။ မိခင်ကြီး လေထဲမှ ၎င်း၏ ကိုယ်ပေါ် သို့ မကျမီပင် ခေါင်းကိုထောင်လိုက်သည့်အတွက် ချိုဖျားသည် မိခင်၏ရင်ဘုံသို့ တိုက်ရိုက်စူးဝင်သွားခဲ့ရ၏။ ကျွန်တော့်ကိုမူ ပြောင်ကြီးသည် သတိမထားမိချေ။ သန်စွမ်းနုပျိုသော ကျွန်တော်က မိခင်ကြီးကဲ့သို့ ပြောင်ကြီး၏ ကိုယ်ပေါ်သို့ လွှားခနဲ ခုန်အုပ်လိုက်ရ၏။ မိမိရရကြီး ရောက်သွားသည်နှင့် အသားမျှောင်းကြီးများ ထနေသော ကုပ်သားကြီးများကို ကိုက်ဆွဲခြင်းဖြင့်လည်းကောင်း၊ မိခင်ကြီးကတစ်ဖန် ထပ်မံခုန်လွှားကိုက်ခဲခြင်းဖြင့် တစ်ကြောင်း ကြီးမားသောပြောင်ကြီးအား မြေပေါ်သို့ လှဲချနိုင်ခဲ့ကြ၏။
တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် အောင်မြင်မှုရခဲ့ခြင်းဖြစ်ရာ ဝမ်းမြောက်ပီတိဖြစ်မိ၍ တောအလုံးကို လွှမ်းဖုံးမတတ် ကြွေးကြော်မိခဲ့ရပေသည်။ ရုတ်တရက် ဟိန်းသံကြီးတစ်ချက် ကြားလိုက်ရပြီးနောက် ဖခင်သည် ရောက်ရှိလာခဲ့ပြီး ကျွန်တော်တို့လှဲထားသော အမဲအား ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံ စားသောက်နေတော့သည်။
သို့သော် ပြောင်ကြီး၏ ဦးချိုဒဏ်ကြောင့် မိခင်ကြီးမှာမူ ရင်အုံတွင် ဒဏ်ရာပြင်းထန်စွာ ရရှိထားမှုအတွက် သဲပြင်တွင် ငြိမ်သက်စွာ လဲလျောင်းနေခဲ့ရပေသည်။ မိခင်ကြီးအပါးသို့ ချဉ်းကပ်၍ ဒဏ်ရာအား ကြင်နာစွာ လျှာနှင့်လျက်ပေးမိသော်လည်း ဖခင်၏ ကြမ်းတမ်းစွာ တွန်းထိုးမောင်းနှင်လိုက်ခြင်းခံရပြီး ဖခင်က ပြောင်သားတစ်တုံး ကိုက်ဆွဲပစ်ပေးလိုက်သည်ကို တွေ့ရ၏။
ဖခင်သည် ပြောင်သားတုံးကို မိခင်အား ချပေးပြီးနောက် ဆက်လက်စားသောက်ခြင်းပြုရာ ကျွန်တော်ပင်လျှင် မိခင်အားမေ့၍ ဖခင်နှင့်အတူ ချိုမြိန်သောအမဲကို နှစ်နှစ်ခြိုက်ခြိုက် စားသောက်လျက် ရှိတော့သည်။ မိခင်ကြီးသည်ပင် ဖခင်ချထားပေးသော အသားတုံးကို စားသောက်စပြု၍ မည်မျှကြာအောင် ကျွန်တော်တို့က စားသောက်နေမိသည်မသိ။
ထူးဆန်းသော အသံကြောင့် လန့်သွားခဲ့ရ၏။
တတုံတုံ တတင်တင်မြည်၍ တောကို လွှမ်းမိုးသွားသံသည် အနီးအပါးရွာကလေးမှ နွားများ၏ ခလောက်သံပင် ဖြစ်ကြောင်း ဖခင်ကပြော၍ သိရှိရ၏။ အရုဏ်ကျင်း၍ အလင်းသို့ ရောက်ရှိလာချေပြီ။ အစာကိုလွှတ်၍ ကျွန်တောတို့ မိသားစုမှာ ဂူသို့ သုတ်ခြေတင်ပြန်ခဲ့ကြရ၏။ လမ်းမှ ဖခင်က ခွဲထွက်သွားခဲ့ပြီး ဂူသို့ မိခင်ကြီးအား ကျွန်တော် တွဲခေါ်လာခဲ့ကာ နေရာချထားပေးခဲ့ရ၏။
ပြင်းထန်သော ဒဏ်ရာကြောင့် နောက်တစ်နေ့ ညဦးတွင် မိခင်ကြီး သေဆုံးသွားခဲ့ပေသည်။ အားကိုးရာ မိခင်ကြီး သေဆုံးမှုအတွက် အပြင်းအထန် ချောက်ချားသွားသည်ဖြစ်ရာ လပေါင်းအတော်ကြာအောင်ပင် ကျွန်တော်က ဂူတွင်းသို့ မပြန်တော့ဘဲ တောတွင်း၌သာ လှည့်လည်ကျက်စားလျက် ရှိခဲ့ရတော့သည်။
အချိန်သည် အနာရောဂါများကို ကုစားသည့်နည်းတူ ကျွန်တော့်အဖို့လည်း မိခင်ကြီးဆုံးပါးသွားခဲ့မှုကြောင့် ခံစားရသော စိတ်ဝေဒနာသည်လည်း ကာလကြာမြင့်သည်နှင့်အမျှ တဖြည်းဖြည်း လျော့ပါးစပြုလာ တော့သည်။ ကျွန်တော်၏ ကိုယ်ခန္ဓာသည်လည်း ထွားကျိုင်းသန်မာလာကာ တစ်ကိုယ်တည်း ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်လာခဲ့ရခြင်းဖြင့် ခံနိုင်ရည်ရှိလာပြီ ဖြစ်လေ၏။ စိတ်ဓာတ်အားဖြင့်လည်း မိမိ၏ကိုယ်ကို ယုံကြည်မှုဖြင့် ရင့်သန်ခိုင်မာလာချေသည်။ ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးတွင်လည်း ကျွန်တော့်အား အန်တုနိုင်သူမရှိဘဲ မတ္တရာ သစ်တောကြိုးဝိုင်းတစ်ခုလုံး၏ ဘုရင်တစ်ဆူသဖွယ် မင်းမူလာနိုင်ခဲ့ပြီ ဖြစ်ပေသည်
တစ်နေ့တွင် ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။ ရက်စက်ကြမ်းကြုတ်မှုသွေးသံရဲရဲ သတ်ဖြတ်မှုများဖြင့် ပြည့်နှက်လျက်ရှိသော ကျွန်တော့်ဘဝအား ထူးထူးခြားခြား ယင်းအဖြစ်က ပြောင်းလဲ ပေးသကဲ့သို့ပင် မှတ်မိလျက်ရှိပါ၏။
ပူလောင်ပြင်းပြသော နွေဦးညတစ်ည။ ကျွန်တော် ဖြတ်သန်းကျော်နင်းသွားရသော တောတစ်တောလုံးရှိ မြေပြင်သည် ပူလောင်ပြင်းပြလျက် ရှိသည်ဖြစ်ရာ ညံ့သက်သော ကျွန်တော်၏ ခြေဖဝါးများသည်ပင် ဖူးရောင်လုမတတ် ရှိ၏။ သက်သာလို သက်သာငြား မအူပင်ချောင်း ရေအေးအေးဖြင့် စိမ်ထားချင်သော ဆန္ဒကြောင့် ချောင်းတွင်းသို့
ကိုင်းပင်များအကြားမှ တရွေ့ရွေ့ ဆင်းသက်ခဲ့၏။
ညင်းလေပြည်သည် ချောင်းဆီမှ ကျွန်တော်ရှိရာသို့ ဖြည်းဖြည်းချင်း တိုက်ခတ်လျက်ရှိသဖြင့် အားရပါးရတဝကြီး ရှူရှိုက်လိုက်ရ၏။ ထိုလေညင်းနှင့်အတူ ကျွန်တော်၏ အူအသည်းနှလုံး ကလီစာပါမကျန် နိုးကြားထကြွလာမတတ် ခံစားရသော အနံ့တစ်မျိုးကို သတိပြုမိသည်။ ယင်းအနံ့ကြောင့် ချောင်းတွင်းသို့ တရကြမ်းပြေးဆင်းလိုက်မိသည်တွင်ကား ညံ့သက်သော သာယာနာပျော်ဖွယ် ချောင်း ရေစီးသံအကြား ချောင်းလယ်တွင် သူမကို တွေ့လိုက်ရ၏။
အေးဆေး တည်ငြိမ်စွာ လဲလျောင်းလျက် တောက်ပြောင်သော အနက်စင်းကျားများဖြင့် ကျွန်တော့်အား လှပသော မျက်နှာကလေးဖြင့် စူးစိုက်ကြည့်လျက် ရှိပေသည်။ ကျွန်တော်က တဖြည်းဖြည်းချင်း သူ့အနားဆီသို့ ချဉ်းကပ်သွားသော်လည်း အေးဆေးတည်ငြိမ်စွာပင် လည်တိုင်ကိုမော့လျက် ကြည့်နေသဖြင့် ကျွန်တော်က နှုတ်ခွန်းဆက်လိုက်ရ၏။
“ရေစိမ်နေသလား. . ပူလွန်းလို့ ထင်ပါရဲ့”
သူမကမူ မည်သို့မျှ ပြန်လည်အဖြေပေးခြင်းမရှိဘဲ အမျိုးအမည် မဖော်ပြနိုင်သည့် ညည်းတွားသံဖြင့်သာ ညင်သာစွာဟိန်းလိုက်လေသည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ ဤကဲ့သို့ပင်တကားဟု ပထမဆုံး သတိရလိုက်မိပေသည်။ ဖြစ်ချင်ရာဖြစ် သဘောထားလျက် သူမအပါးသို့ ချောင်းရေပြင်ကို ဖြတ်လျက် ပြေးဆင်းလူးလှိမ့်ကာ ကပ်လိုက်မိသည့်တိုင် ငြိမ်သက်လျက်ရှိခြင်းကြောင့် တအားတက်သွားရလေသည်။
ကိုယ်လုံးချင်း ရုန်းရင်းဆန်ခတ် ဖြစ်အောင် တစ်ကောင်နှင့်တစ်ကောင် ပုတ်ခတ်ကိုက်ခဲ ကစားလိုက်မိသောကြောင့် ချောင်းရေပြင်တွင် ရေပန်းရေစက်များ ဖြာကြဲလျက်ရှိ၏။ တရံဆံများအနေဖြင့်မူ တစ်ကောင်နှင့်တစ်ကောင် သဲသဲမဲမဲ သတ်ဖြတ်ကိုက်ခဲ နေကြသလားဟုပင် ထင်စရာ။ ကျွန်တော်တို့အဖို့မူ မေတ္တာချင်း ဖလှယ်မိ ကြသည်သာ. . ။
မည်သို့ပင်ဖြစ်စေ ကျွန်တော်အပြန်တွင်မူ အပါးမှ သူမက ကျွန်တော်နှင့်အတူ ပါလာခဲ့ပြီဖြစ်၏။ မိခင်ကြီး ခေါင်းချရာဂူဟောင်းသို့ ပြန်သွားခဲ့သည်မှစ၍ ကျွန်တော်သည် ယခင်ကကဲ့သို့ တစ်ကိုယ်တည်း မဟုတ်မူ၍ ကြင်ဖော်သက်နှံကို ရရှိခဲ့ချေပြီတကား. .။
ပျော်ရွှင်ကြည်နူးဖွယ် နေ့ရက်များ ကုန်ဆုံးသွားပြီးနောက် မကြာမီပင် သူမသည် ကျွန်တော်နှင့်အလွန်တူသော သားကလေးတစ်ကောင် မွေးဖွားလာခဲ့၏။ ထိုအချိန်မှစ၍ သူမအပါးသို့ ကျွန်တော့်အား အကပ်မခံတော့ပေ။ ကျွန်တော့်အဖို့လည်း ယခုမှပင် ကျွန်တော့် ဖခင်ကြီးအား ကိုယ်ချင်းစာလျက် ကြင်နာမိရပေသည်။
ကျွန်တော့်သားအား ယခင် ကျွန်တော်၏ မိခင်က ကျွန်တော့်အား သင်ကြားသွန်သင်သကဲ့သို့ပင် အမဲလိုက်ခြင်း၊ အစာရှာဖွေခြင်း အကြောင်းများ သင်ကြားပေးခဲ့ပေသည်။ သို့နှင့် ကျွန်တော်ကလည်း ယခင် တစ်ကိုယ်တည်းနေခဲ့သော ဘဝဟောင်းသို့ ပြန်ပြောင်းခဲ့ရတော့သည်။
ကျွန်တော့် နယ်မြေသည် မကြာမီပင် အကြီးအကျယ် ပြောင်းလဲလာခဲ့၏။ ပြင်ကြီးတောင်ကြောပတ်ဝန်းကျင်ရှိ တောကြီးများ တစ်စထက်တစ်စ ပျောက်ကွယ်သွားကြ၏။ ခုတ်လှဲ၍ မီးရှို့ပစ်ကြသည်။ အမဲလိုက် မုဆိုးလူသားများ၊ ယာတွင် ထင်းခုတ်သူများ ခြေချင်းလိမ်လျက်ရှိပြီး ကျွန်တော့်အတွက် အမဲသားကောင်များ ရှားပါးစပြုလာလေသည်။
မုဆိုးများ၏ လက်ချက်ဖြင့် အမဲများ ပြုန်းတီးကုန်ကြသဖြင့် ကျွန်တော့်မှာ အစာငတ်ခြင်းဒဏ်ကို ခံစားလာရသည်။ အစာရှာဖွေ၍ မရသော ညပေါင်းမြောက်မြားလာသည်နှင့်အမျှ ဆာလောင်ခြင်းကြောင့် တောတောင်အတွင်း လှည့်ပတ်လျက် မရပ်မနား ရှာဖွေနေရ၏။
ယုန်ငယ်ကလေးများ၊ တောင်လိပ်များ တစ်ခါတစ်ရံ ရရှိသော်လည်း ကျွန်တော့်အဖို့ ဘာသာပင် မပြေနိုင်ပေ။
သို့နှင့် အရုဏ်ချိန်များအတွင်း ရွာအနီးသို့ ချဉ်းကပ်လျက် လေ့လာကြည့်ရ၏။ ခလောက်သံများ ဒိုးဒိုးဒေါင်ဒေါင်ဖြင့် ရွာတွင်းမှ ခြေနှစ်ချောင်း သတ္တဝါများ ထိန်းကျောင်းမောင်းနှင်လာသော နွားအုပ်များကို တွေ့ရပေသည်။ ခြေနှစ်ချောင်းသတ္တဝါအား လွန်သွားစေပြီးသည့်နောက် ကျန်ခဲ့သော နွားအုပ်မှ ကျွန်တော်ရှိရာ ချုံအနီးသို့ ရောက်ရှိလာသော နွားပေါက်တစ်ကောင်အား တစ်ချက်တည်းနှင့် သတ်ဖြတ်လျက် တောတွင်းသို့ ချီမလာခဲ့ပြီး ငတ်မွတ်နေသောဝမ်းကို ဖြည့်လိုက်ရတော့သည်။
ထိုအချိန်မှစ၍ ကျွန်တော့်အဖို့ ပင်ပင်ပန်းပန်း ရှာဖွေမနေတော့ဘဲ လွယ်လွယ်ရသော တောတွင်းစားကျက်မှ နွားများ၊ ကျွဲများကို အလျဉ်းသင့်သလို သတ်ဖြတ် စားသောက်နိုင်ခဲ့သည်။ အခြေအနေသည် ကောင်းမွန် ပြည့်ဝစွာ တာရှည်မတည်မြဲနိုင်ပါချေ။
ရွာသားလူသားများက ၎င်းတို့၏ ကျွဲများ၊ နွားများကို တောတွင်းသို့ မလွှတ်တော့ဘဲ ရွာအနီးတွင်ပင် ချည်နှောင် ထိန်းကျောင်းခဲ့ကြသဖြင့် ကျွန်တော့် အစာရှာဖွေရေးမှာလည်း ပြန်လည်ခက်ခဲလာခဲ့ရ တော့သည်။ အငတ်ပြဿနာကို ရက်ပေါင်းများစွာ ရင်ဆိုင်လာခဲ့ရလေပြီ။ တစ်ညနေ ကျွန်တော်ခိုအောင်းရာ နေရာတစ်ခုမှ ရွာသားများလှုပ်ရှားမှုကို အမှတ်မဲ့တွေ့မြင်နေရ၏။ ရွာစွန်ရှိ ခြံတစ်ခုအတွင်းသို့ နွားများကို စုပေါင်းထည့်လှောင်ထားခြင်းပင်။
စိတ်ထဲတွင် ပေါ်လာသောအကြံအတိုင်း ည လူခြေတိတ်အထိ စောင့်ဆိုင်းလျက်ရှိသည်။ အကာလညအခါကို တိတ်ဆိတ်ခြင်းက လွှမ်းမိုးလာသည်။ အမှောင်သည် ကျွန်တော့်အား ဖေးကူလျက်ရှိသည်။
ခြံစည်းရိုးနားအထိ ချဉ်းကပ်မိသည့်အခါတွင် နွားများသည် ကျွန်တော့်အနံ့ကို ရရှိသည့်အတွက် ဟိုမှ သည်မှ ပြေးလွှားဆူညံလျက် ရှိကြသည်။ နွားများ၏ တဘဲဘဲ တအဲအဲ အသံများကြောင့် မကြာမီ ရွာသားများ နိုးလာကြမည်ကို စိုးရိမ်မိသော ကျွန်တော်မှာ တစ်ချက်တည်းနှင့် စည်းရိုးကို ခုန်ကျော်လျက် ဝင်လိုက်ပြီး နွားအုပ်ထဲမှ ဆူဖြိုးသော နွားပေါက်တစ်ကောင်ကို ခုန်အုပ်လိုက်၏။ လည်တိုင်ကို မိမိရရခဲလျက် စည်းရိုးအနားသို့ ဆွဲခေါ်လာခဲ့သည်ဖြစ်ရာ ပြင်းထန်စွာ ကြောက်ရွံ့ တုန်လှုပ်နေသောနွားသည် လည်တိုင်ကို ကိုက်ဆွဲထားမှုကြောင့် တရွေ့ရွေ့ ကျွန်တော့်နောက်သို့ ပါလာလေသည်။
စည်းရိုး၏အမြင့်မှာ မပြောပလောက်သော်လည်း ဆူဖြိုးသောနွားပေါက်ကို ကိုက်ချီ၍ ခုန်ထွက်ရန်မှာမူ လွယ်ကူသောကိစ္စ မဟုတ်ပေ။ သို့သော် ကျွန်တော့်အဖို့ ဖြစ်သည့်နည်းဖြင့် ကြိုးစားရမည် ဖြစ်၏။
နွားအား မလွတ်တမ်း ကိုက်ထားရင်း စည်းရိုးပေါ်သို့ ဆ၍ ခုန်ကြည့်လိုက်၏။ နွားသည် နာကျင်မှုကြောင့်ပင်လော၊ ကြောက်ရွံ့မှုကြောင့်ပင်လော မပြောတတ်နိုင်ငြားသော်လည်း ကျွန်တော့်အလိုအတိုင်း ကိုယ်ကို ဆ၍ လျှော့လိုက်လာသည်ဖြစ်သဖြင့် စည်းရိုးထိပ်သို့ တစ်ချက်ခုန်ရုံနှင့် ရောက်ရှိခဲ့ပြီး စည်းရိုးအပြင်သို့မူ အလွယ်တကူပင် ခုန်ချနိုင်ခဲ့ပေသည်။
၎င်းနောက် နွားကို အသေကိုက်သတ်လျက် နီးရာလျှိုတစ်ခုအတွင်းသို့ ယူဆောင်ကာ ငတ်မွတ်နေသော လ,ပေါင်းမြောက်မြားစွာအတွက် တစ်ထိုင် တည်းနှင့် အဝစားပစ်လိုက်ရပေတော့သည်။
အလင်းရောင် ပေါ်လာသည်နှင့် ကျန်နေသေးသည့် နွားသေကို ဘိစပ်ချုံတစ်ခုအတွင်းသို့ သွတ်သွင်း ကွယ်ဝှက်ထားလိုက်ပြီး ဂူတွင်းသို့ပြန်လာကာ တဝကြီး အိပ်စက်လိုက်ရ၏။ တစ်နေ့နှင့် တစ်ည အားရပါးရ အိပ်စက်ရာမှ ကျွန်တော်က ကိုက်သတ် ထားခဲ့သည့် အမဲကို သတိရလျက် နိုးလာရ၏။ တောင်ကြောမှ အမြန်ဆုံး ဆင်းသက်လျက် နွားသေရှိရာသို့ ထွက်ခဲ့မိသည်။
ရှေ့နောက် ဝဲယာမကြည့် နွားသေရှိရာကိုသာ စိတ်ဇောဖြင့် ထွက်လာခဲ့သော ကျွန်တော့်အဖို့ ဝန်ခံရမည်ကား… ကျားဆိုသော ကျွန်တော်ကဲ့သို့ ကျားများအဖို့ အသိဉာဏ် လွန်စွာနည်းပါးသည်သာ။ အနံ့အသက် အာရုံကိုမသိ။ အမြင်နှင့် အကြားပေါ်တွင်သာ အားကိုးရသည်။
ယမန်နေ့က ကျွန်တော်ထားခဲ့သော နွားသေရှိရာ ဘိစပ်ချုံအတွင်း၌ နွားမရှိတော့ပေ။ ပေ (၂၀) ခန့်ဝေးသော ကွင်းပြောင်ပြောင်သို့ ဆွဲငင်ချထားသည်ကို တွေ့ရ၏။ တစ်ခုခုဖြင့် ထူးခြားလေပြီ ဖြစ်သည်။ ထိုထူးခြားချက်သည် ကျွန်တော့်အား ကြိုတင်သတိပေးချက် ဖြစ်သော်လည်း ဆာလောင်မွတ်သိပ် လျက်ရှိသော ကျွန်တော့်အဖို့ တောင်တောင်အီအီ တွေးတောစဉ်းစားခြင်း မပြုနိုင်ဘဲ အစာကိုသာ မဲလျက် အငမ်းမရပြေးဟပ်စားသောက်ပစ်လိုက်မိ လေသည်။ ဤသည်ပင် ကျွန်တော့်အမှား ဖြစ်တော့သည်။
ညသည် မှောင်လျက်ရှိ၏။ တစ်လုံးစ နှစ်လုံးစသာရှိသော မည်းနက်သည့်ကောင်းကင်မှ ကြယ်ကလေးများ၏ မှေးမှိန်သော အရောင်သည်သာ မှုန်ဝါးဝါးနွားသေအနီးတွင် ထွန်းလင်းလျက် ရှိသည်။ သန်စွမ်းကြီးမားသော လက်သည်းများဖြင့် နွားသေအားဖဲ့လျက် ခံတွင်းသို့ တစ်ကိုက်မျှ ကိုက်လိုက်သည့်ခဏ၌ ဝင်းခနဲ စူးရှသော အလင်းရောင်တစ်ခု တောက်ပ လာသည်။ အလင်းရောင်တန်း ပေါ်ထွက်လာရာသို့ ကိုယ်ကိုလှည့်လျက် ကြည့်လိုက်ရာ ပေသုံးဆယ်ခန့်အကွာ သစ်ပင်တစ်ခုအပေါ်မှ လာရောက်ခြင်းဖြစ်ကြောင်း သိရှိရပေသည်။
တစ်ခါဖူးမျှ ထိုမျှတောက်ပသော အလင်းရောင်ကို မမြင်ခဲ့ရဘူးသဖြင့် အံ့သြ၍ မဆုံးမီပင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရပြီးနောက် လေးလံသည့် အရာဝတ္ထုများက ကျွန်တော်၏ ညာလက်ကို လာရောက်ထိမှန်လာခဲ့သည်။ ညာလက်သည် ကျောက်တုံးကြီးတစ်တုံးနှင့် ပစ်လိုက်သကဲ့သို့ ပူခနဲ ဖြစ်သွားပြီး အသားမှ အရိုးသို့တိုင် ကျိုးပဲ့ကြေမွသွားခဲ့ရပေသည်။
ပြင်းထန်သော ဝေဒနာခံစားရချက်ကြောင့် ညာလက် တစ်ဖက်ကျိုးလျက်နှင့်ပင် ကျယ်လောင်စွာ တစ်ချက်ဟိန်းလိုက်ကာ ဂူသို့ အမြန်ဆုံး ထွက်ပြေးလာခဲ့ရ၏။ တစ်ညပတ်လုံး ဂူတွင်းတွင် ခိုအောင်းလျက် လက်မောင်းမှဒဏ်ရာကို လျှာဖြင့်လျက်ကာ ဝေဒနာခံစားလျက် ရှိခဲ့ရပေသည်။ နံနက် မိုးသောက်တွင်ကား ကျွန်တော့် လက်မောင်းမှ ဒဏ်ရာသည် ညာလက် တစ်ခုလုံးကို မည်သည့်အခါတွင်မျှ အသုံးမပြုနိုင်ကြောင်း ကျွန်တော်က ကောင်းစွာ သိရှိခဲ့ရပေသည်။
ရက်ပေါင်းများစွာပင် လက်မောင်းမှဒဏ်ရာကြောင့် အလူးအလဲ ခံခဲ့ရ၏။ ကြင်နာတတ်သော ကျွန်တော်၏ဇနီးက ရှာဖွေလာသည့် အမဲများကို စားလျက် ဂူတွင်း၌ ရက်သတ္တပတ်ပေါင်းများစွာ သေလုနီးပါး ခံစားခဲ့ရ၏။ သို့သော် နုပျိုသန်စွမ်းသော ကျွန်တော့်အဖို့ မကြာမီပင် အနာက ပျောက်ကင်းသွားခဲ့ရ၏။ လက်မောင်းတစ်ဖက်ကမူ လုံးဝအသုံးမပြုနိုင်တော့ဘဲ ဘေးတွင် တွဲလောင်းကျလျက်သာ ရှိလေသည်။
မသန်စွမ်းတော့သော ကျွန်တော်ကဲ့သို့ ကျားတစ်ကောင်အဖို့ ယခုအခြေတွင် မည်သည့်နည်းလမ်းနှင့်မျှ အစာကို ပြေးလွှားရှာဖွေခြင်း မပြုနိုင်တော့ပြီဖြစ်ရာ တစ်နေ့တခြား အစာရေစာ ရှားပါးငတ်ပြတ်လာခဲ့ခြင်းဖြင့် ခွန်အားများလည်း ဆုတ်ယုတ်ခဲ့ရ၏။
ချည့်နဲ့သောခန္ဓာကို တအိအိ သယ်ဆောင်လျက် ခြေနှစ်ဖက် လက်တစ်ချောင်းနှင့် လှည့်လည်လာခဲ့စဉ် တစ်နေ့တွင် သေးငယ်သော လူသားတစ်ဦး တောတွင်းသို့ဝင်ရောက်လာသည်ကို အမှတ်မထင် ဆုံစည်းလိုက်ရ၏။ မျက်နှာချင်းဆိုင် တွေ့လိုက်သည်နှင့် ကျွန်တော့်အား စိမ်းစိမ်းကြီး ကြည့်လျက်ရှိသော သူငယ်ကို အသာအယာပင် သုတ်သင်လိုက်နိုင်ကာ မကြုံစဖူး ထူးကဲချိုမြိန်လှသည့် မနုဿလူသားလူသွေးကို တစ်သက်တာတွင် မမေ့နိုင်လောက်အောင်ပင် သောက်မျို စားသုံးခဲ့ရပေတော့၏။
စားသုံးခဲ့ဖူးသမျှ အသားထဲတွင် ယခုအကြိမ် စားသောက်ရသော မနုဿသားကောင်၏ အသားသည်သာ အကောင်းဆုံး ဖြစ်တော့သည်တကား။ ကျေနပ်အားရစွာ ကျွန်တော်က ဂူသို့ပြန်ခဲ့ရာတွင်မူ ထူးခြားသော မနုဿသွေးနံ့က ကျွန်တော်၏ တစ်ကိုယ်လုံးတွင် လွှမ်းဖုံးလျက်ရှိပေသည်။ ဂူတွင်းတွင် ကျွန်တော့် အပြန်ကို စောင့်စားမျှော်လင့်လျက်ရှိသော ကျွန်တော်၏ဇနီးက ယင်းအနံ့ကို ရှူမိသည်နှင့်တစ်ပြိုင်နက် ကျွန်တော်၏အပါးသို့ မချဉ်းကပ်တော့ဘဲ လျင်မြန်စွာ ဆုတ်ခွာထွက်ပြေးပျောက်ကွယ်သွားခဲ့ရာမှ သူမအား မည်သည့်အခါမျှ ထပ်မံ မတွေ့ရတော့ပေ။
မမျှော်လင့်ဘဲ မနုဿသားကောင်အား ကျွန်တော်သည် စားသောက်ခဲ့ရပြီးနောက် ကျွန်တော်ကဲ့သို့သော တောတွင်းအသားစားအဖွဲ့များက တစ်စတစ်စ ကျွန်တော့်အား ရွံ့ကြောက်စွာ စွန့်ခွာသွားခဲ့ကြ၏။
အပေါင်းအသင်းများက ဖဲကြဉ်သွားခြင်းကို ခံရလင့်ကစား ကျွန်တော့်အဖို့မူ ထူးကဲချိုမြိန်သော လူသား၏ အရသာကိုသာလျှင် စားသောက်လိုသည့် ဆန္ဒကြောင့် ထပ်ခါတလဲလဲ အခါအခွင့်ကြုံတိုင်း သတ်ဖြတ် စားသောက်ခဲ့ခြင်းဖြင့် လူသားစား ကျားအဖြစ် အသွင်ပြောင်းလဲခဲ့ရ၏။
ခြေလေးချောင်း တောအမဲကောင်များအား လုံးဝပင်လှည့်မကြည့်တော့ဘဲ ခြေနှစ်ချောင်းနှင့် မနုဿ သားကောင်းများကိုသာ ရှာဖွေခဲ့ရပေသည်။ လူမှန်လျှင် ကျွန်တော်က မည်သို့မျှ မမှုတော့၊ ကျယ်ပြန့်သော မတ္တရာသစ်တောနှင့် ပတ်ဝန်းကျင်တွင် ကျွန်တော်၏ အမည်ဆိုးကြီးက ပျံ့နှံ့ကျော်စောလျက် ရှိ၏။
ရွာသိမ် ရွာငယ်များမှ ရွာသူရွာသားများက ရွာကြီးများသို့ ပြောင်းရွှေ့ထွက်ပြေးကြကုန်၏။ယာတဲ လယ်တဲတွင်လည်း လူစလူနမမြင်ရတော့။
ဖက်ခူး၊ မှိုရှာ၊ ထင်းခွေလာသူများကိုလည်း မတွေ့မမြင်ရသည်မှာ ကြာချေပြီ။ ကျွန်တော့် အန္တရာယ်စက်ကွင်းမှ လွတ်ကင်းရာသို့ ခိုလှုံထွက်ပြေးကုန်ကြပြီ ဖြစ်လေသည်။
ရွာနီးချုပ်စပ်သို့ လှည့်လည်ချောင်းမြောင်းခဲ့သော်လည်း ခိုင်ခံ့မြင့်မားသော ရွာစည်းရိုး၊ လုံခြုံသော အကာရံတို့ကြောင့် မည်သို့မျှ မတတ်နိုင်ဘဲ လက်မှိုင် ချ၍ နေခဲ့ရ၏။ သို့နှင့် ကျွန်တော်နှစ်သက်သည့် မနုဿလူသား ပြတ်လပ်လာခဲ့ပြန်သည်ဖြစ်ရာ ကျွန်တော် မှီတင်းနေထိုင်ရာ နယ်ပယ်မှ ဝေးလံသော နယ်သစ်တစ်နေရာသို့ စတင်ထွက်ခွာလာခဲ့မိသည်။
တစ်ညလုံး ခရီးပြင်းနှင်ခဲ့ရပြီး နံနက်ဝေလီဝေလင်းအချိန်တွင် ရွာကြီးတစ်ရွာအနီးသို့ ချဉ်းကပ်မိ၏။ ရွာတွင်းသို့ တည့်တည့်ကြီးဝင်သွားသော လှည်းလမ်းသည် ကျွန်တော်ရောက်ရှိနေရာတောစမှ မိုင်ဝက်ခန့်သာ ရှိတော့သဖြင့် တောစမှ ဖဲ့ထွက်၍ လှည်းလမ်းအတိုင်း တအိအိ ကျွန်တော်လာခဲ့ရ၏။
လှည်းလမ်းသည် အတော်ဝေးဝေးမှ ရွာနှင့် ဆက်သွယ်သောအသွင်ရှိသည်။ ရွာတစ်ရွာနှင့်တစ်ရွာ ကူးသန်းသူများ ရှိလိုရှိငြား လှည်းလမ်းဘေး ကျောက်တုံးတစ်တုံးပေါ်တွင် ကိုယ်ကိုကပ်၍ ဝပ်ကာ စောင့်ဆိုင်းနေမိလေသည်။
မကြာမီပင် မိုးလင်းတော့မည် ဖြစ်သော်လည်း မေ့သလောက်ပင် ရှိနေသည့် လူသွေး အသားကို သောက်စား ဝါးမျိုလိုသော ဆန္ဒကြောင့် ပေ၍သာ စောင့်နေမိ၏။
ခဏမျှအကြာတွင်ပင် လှည်းလမ်းအတိုင်း လူသုံးဦး သီချင်းတကြော်ကြော် အော်ဟစ်၍ လျှောက်လာသည်ကို တွေ့ ရသည်။ ၎င်းတို့အား တွေ့ရသည်မှာ ကျွန်တော့်ကို ဘယ်လိုမှ သတိပြုမိပုံ မရ။ အေးအေးဆေးဆေး လာနေပုံရ၏။
ကျွန်တော်ဝပ်နေသော ကျောက်တုံး၏ ရှေ့တည့်တည့်သို့ရောက်လာသည့် အခါတွင်မူကား ကျွန်တော်က အချိန်ဖြုန်းမနေတော့ဘဲ ဝမ်းခေါင်းသံ တစ်ချက်ပြုလိုက်ပြီး နီးရာလူကို လှမ်းအုပ်လိုက်ရ၏။ ထိုသူမှာ တစ်ချက်တည်းနှင့် ငြိမ်သက်သွားပေသည်။ လူသုံးဦးအနက် တစ်ဦးက လေအဟုန်ကဲ့သို့ ထွက်ပြေးသွားခဲ့ပြီး ကျန်တစ်ဦးက ကျွန်တော့်အား ၎င်း၏လက်ထဲမှ ကိုင်ဆောင်လာသော တုတ်ဖြင့် ပြန်လည်ရိုက်ပုတ်၏။ သို့ဖြစ်၍ ၎င်းအား လည်မျိုကို ခုန်ဆွဲလျက် သုတ်သင်လိုက်ရပေ၏။
ကျွန်တော် နှစ်သက်သော မနုဿသားကောင်များက ရှေ့တွင် အသင့်ရှိနေပြီ ဖြစ်သည်။ ကျွန်တော်က သားကောင်များကို အားပါးတရ ကိုက်ဝါးစားသောက်တော့မည် ပြုဆဲတွင်ပင် ရွာဆီမှ လူတစ်အုပ် တုတ်ဓား လက်နက်များစွဲကိုင်ကာ ကျွန်တော် ရှိရာသို့ အပြေးလာနေကြသဖြင့် အစာကိုလွှတ်၍ တောတွင်းသို့ ပြန်လည်ပြေးဝင်ခဲ့ရပေသတည်း. . . ။
ကျွန်တော်၏ ဂျစ်ကားကို လှည်းလမ်းအတိုင်း မောင်းချလာခဲ့သည်နှင့် သည်မြင်ကွင်းကို ကျွန်တော်က တွေ့ ခဲ့ရပေသည်။ လူအုပ်ကြီးက ကားသံကြား၍ ဘေးသို့ ရှဲသွားကြ၏။ လူအုပ်ထဲမှ သူကြီးကိုဉာဏ်ဒင်က တိုးထွက်လာကာ ကျွန်တော့်အား လှမ်းခေါ်လျက် အခြေအနေကို ပြသခဲ့သည်။
“ကိုင်း-ဆရာလာတာ အတော်ပဲဗျာ၊ ဘိုးဆောင်တို့ သားအဖဖြစ်ပုံ ကြည့်စမ်းပါဦး. . ငကျိုးကြီး ရမ်းကားသွားခဲ့တာလေ.”
ဟု ယူကျုံးမရအသံကြီးဖြင့် လှည်းလမ်းပေါ်ရှိ အသက်ကင်းမဲ့လျက် ရှိနေကြသော ဦးဘိုးဆောင်တို့သားအဖအား ပြသညွှန်ပြခဲ့ပေသည်။ တစ်ကိုယ်လုံးတွင် ဆေးနီဆိုးထားသည့်အလား ချင်းချင်းနီလျက်ရှိသော သွေးများ ဖုံးလွှမ်းလျက် လက်နှစ်ဖက်ဆန့်တန်းကာ လှည်းလမ်းကို ကန့်လန့်ဖြတ်လဲလျက် ရှိသည်ကား ဦးဘိုးဆောင်၏ အလောင်းပင် ဖြစ်သည်။
ဘေးတစ်လံကွာတွင် ကပ်လျက် အရီးညိုက မြေပေါ်တွင် ဒူးထောက်ကာ သားအလောင်းကိုပွေ့၍ သည်းထန်စွာ ငိုရှိုက်လျက်ရှိ၏။ အရီးညိုအဖို့ လင်ရောသားပါ တစ်ချိန်တည်း တစ်နေ့တည်း ဆုံးရှုံးရမှုကြောင့် မည်မျှ ကြေကွဲဖွယ်ရာ ဖြစ်မည်ကို တွေးတောခြင်း မပြုနိုင်ပါချေ။
သေဆုံးသွားရသော အုံးလှိုင်မှာ ရွာတစ်ရွာလုံးက ၎င်း၏ သိတတ်လိမ္မာမှုကြောင့် ဝိုင်းဝန်းချစ်ခင် မေတ္တာထားကြသူ တစ်ဦးဖြစ်သဖြင့် လင်နှင့်အတူ တစ်ဦးတည်းသော သားလိမ္မာလေး ဆုံးပါးခဲ့ရမှုကြောင့် ပရိဒေဝမီး လောင်ညီးပြင်းပြလျက် ရှိရှာမည်သာ ဖြစ်၏။
“ကဲ- ဆရာလေး သေနတ်ပါတယ်မို့လား။ ဘိုးဆောင်တို့ သားအဖ သတ်သွားတဲ့ငကျိုးကို ညတွင်းချင်း စောင့်လိုက်ကြရအောင်”
“ဟာ-ပါတာပေါ့။ ကျွန်တော် တောပစ်ဖို့ သက်သက်ကို ထွက်လာတာ၊ ဖြစ်မှဖြစ်ရလေဗျာ.. စိတ်မကောင်းလိုက်တာ”
ကျွန်တော်ကိုယ်တိုင်ပင် ဦးဘိုးဆောင်နှင့် အုံးလှိုင်တို့ အတွက် ဝမ်းနည်းပက်လက် ဖြစ်မိရ၏။
“အဲ-ဒါဖြင့် ဒီည စောင့်လိုက်တာပေါ့။ ငကျိုးကို သူ့ အစာနဲ့သူ ပြန်မျှားရင် ညပြန်လာမှာပဲ”
သူကြီးကိုဉာဏ်ဒင်က ကျွန်တော့်အား ပြောရင်း အလောင်းများကို သည်အတိုင်းထားရေးအတွက် အရီးညိုအား တစ်ဆက်တည်း တောင်းပန်သည်။
“အရီးညို၊ သေတဲ့လူလည်းသေပြီ။ အရီးညို ဘယ်လောက် စိတ်မချမ်းမသာ ဖြစ်ရမလဲဆိုတာ ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်၊ ဘိုးဆောင်တို့သားအဖကို သတ်သွားတဲ့ ငကျိုးကို ကျွန်တော်တို့ ကောင်းကောင်းကြီး လက်စားချေပါ့မယ် အရီးညိုရယ်”
“အို- ငါမထားနိုင်ဘူး. . . မထားနိုင်ဘူး၊ ဘယ်နည်းနဲ့မှ မထားခဲ့ နိုင်ဘူး။ ငါ့လင်နဲ့ ငါ့သား အလောင်းကို ငါပြန်ယူသွားရမယ်။ သေတာတောင် ဖြောင့်ဖြောင့်သေပါစေ ဉာဏ်ဒင်ရယ်”
အဘွားကြီးက ခါးခါးသီးသီး ငြင်းဆန်၏။ ကျွန်တော်က သူကြီးအား တိုးတိုး ပြောရသည်။
“ဒီမယ် ကိုဉာဏ်ဒင်၊ ကျားလာအောင်က ဒီအလောင်းတွေကို ဒီအတိုင်းထားမှဖြစ်မှာ၊ ယူသွားရင်တော့ ဒီကျားကို ဘယ်လိုမှ သတ်လို့ရမယ် မဟုတ်ဘူးဗျ”
သူကြီးက အဘွားကြီးအား အမျိုးမျိုးဖျောင်းဖျသည်။ သို့သော် အရီးညိုက လုံးဝ လက်မခံပါချေ။
“ငါ့ကို မနှောင့်ယှက်ကြစမ်းပါနဲ့ကွယ်၊ ထားခဲ့ကြစမ်းပါ၊ ငါဒီမှာပဲ ငါ့သားနဲ့ ငါနေမယ်၊ ကျားလာရင် လာပေစေ။ ငါ့ကို ကိုက်လို့ သေရင်လည်း သေပေစေ..”
အရီးညိုက အပြင်းအထန် ငြင်းဆန်လျက် ရှိပေသည်။ သို့နှင့် ကျွန်တော်က ဝင်ရောက်ပြောကြည့်ရ၏။
“အမေ”
ကျွန်တော်က ညင်သာစွာ ခေါ်လိုက်၏။
“အမေက အမေ့အချစ်ဆုံး သားဆုံးရပြီ။ အမေ့သားကို သတ်တဲ့ ဒီကျားဆိုး ဒီည မသေသေးရင် မနက်ဖြန်၊ ဒါမှမဟုတ် သန်ဘက်ခါကျရင် အမေ့လို တခြားအမေတွေလည်း ဒီလိုပဲ သားဆုံးကြရဦးတော့မယ်၊ ဒီကျားယုတ်ဟာ တစ်နေ့မဟုတ် တစ်နေ့ လူကို သတ်ဦးမှာပဲ အမေ…”
အရီးညိုသည် ကျွန်တော့် စကားကို လက်ခံပေသည်။ သို့သော် သားအလောင်းကိုမူ ယူသွားမည်ဖြစ်ပြီး သူမယောက်ျား ဦးဘိုးဆောင်၏ အလောင်းကိုသာ ထားရစ်ခဲ့မည်ဖြစ်ကြောင်း သဘောတူပေသည်။
မည်သို့ပင်ဖြစ်စေ ကျွန်တော့်အဖို့ကား ကျားဆီကို သူကိုက်သတ်သားကောင်နှင့် ပြန်စောင့်ကြို သုတ်သင်ခွင့် ရခဲ့ပြီဖြစ်ရာ အစီအစဉ်ကို အမြန်ဆုံး သူကြီးနှင့် တိုင်ပင်ပြုလုပ်ရ၏။ အရီးညိုအား ရွာသို့ ပြန်စေပြီး သူ့သားအလောင်းကို ရွာသားများအား သယ်ယူစေရ၏။
ကျွန်တော်နှင့် သူကြီးက ငကျိုးကို စောင့်ပစ်ရန် အနီးအပါးတွင် နေရာရှာရပေသည်။ အနီးအနားတွင် သစ်ပင်ကြီးငယ် မရှိသဖြင့် အခက် အခဲတွေ့လျက် ရှိသည်။
နေရာကောင်းတစ်ခု အနေနှင့်ကား နံနက်က ငကျိုးကိုယ်တိုင် အသုံးပြုခဲ့သော လှည်းလမ်းဘေးမှ ကျောက်တုံးကြီးနှစ်တုံးသာ ရှိသဖြင့် ထိုနေရာကိုပင် ရွေးချယ်လိုက်ရပေသည်။ ကျောက်တုံးနှစ်တုံးအကြားတွင် ကျွန်တော်က စောင်ကို ချခင်းလျက် ရှေ့မြင်ကွင်းအား ချုံ ပုတ်ငယ်ကလေးများဖြင့် သဘာဝကျအောင် ကာကွယ်ထားလိုက်ကာ ကျားအလာကို ထိုင်စောင့်နေလိုက်ရ၏။
ရွာသားများနှင့် သူကြီးကိုမူ ရွာသို့ အမြန်ဆုံး ပြန်လွှတ်လိုက်ရလေသည်။ ရွာသားများအနေဖြင့် ကျွန်တော် စောင့်မည့်နေရာကို သိပ် သဘောမကျကြပေ။ လူသေနှင့် (၅)ပေခန့်မျှသာ ဝေးကွာလျက်ရှိသည်က တစ်ကြောင်း၊ ကျောက်တုံးနှစ်တုံး၏ အခြေ အနေအရ နောက်ပိုင်းမှသော်လည်းကောင်း၊ အပေါ်မှသော်လည်းကောင်း ကျားဆိုး ဝင်ရောက်တိုက်ခိုက်နိုင်သည်က တစ်ကြောင်း ဖြစ်သည်။ သို့သော် ကျွန်တော်ကမူ ယင်းနေရာမှပင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည် ဖြစ်၏။
အမှောင်ထုသည် တဖြည်းဖြည်း လွှမ်းမိုးလာသည်။ မှိတ်တုတ် မှိတ်တုတ် ကြယ်ကလေးများနှင့် သုံးရက်လ တစ်ခြမ်းပဲ့ကလေး၏ အရောင်ကြောင့် ပတ်ဝန်းကျင်ကို အတော်အတန် ထင်ရှားစွာ မြင်ရသည်။ ညင်ညင် သာသာ တိုက်ခတ်လျက်ရှိသော လေသည် အေးမြစွာ အဝတ်မဲ့ မျက်နှာကို ဖြတ်သန်းရစ်ပတ်လျက်ရှိသည်။
ညဥ့်ငှက်တစ်ကောင် နှစ်ကောင်၏ စူးစူးဝါးဝါး အော်လိုက်သံကြောင့် ပတ်ဝန်းကျင်သို့ လှည့်ပတ်ရှာဖွေ စူးစိုက်ကြည့်လိုက်သည်တွင်ကား မည်းမည်းသဏ္ဌာန်တစ်ခုသည် လမ်းမအတိုင်း ကျွန်တော်၏ ရှေ့လူသေအလောင်းရှိရာ တည့်တည့်သို့ ချဉ်းကပ်လာလျက် ရှိသည်ကို တွေ့ရ၏။
ပထမ၌ ကျွန်တော်၏ စိတ်များပင် ဇဝေဇဝါ ဖြစ်သွားရ၏။ အနီးသို့ ချဉ်းကပ်လာပုံမှာ လူတစ်ဦးဦးက သတိကြီးစွာထားလျက် လာနေသည့်အသွင် ဖြစ်သည်။ သို့သော် ကျွန်တော်က မလှုပ်မယှက် ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေသည့် ခဏ၌ ရှေ့မြင်ကွင်း အလင်းရောင်တွင် ၎င်းကို ထင်ထင်ရှားရှားကြီး တွေ့ရသည်။
၎င်းချဉ်းကပ်လာပုံမှာ အမြင်တစ်မျိုးဖြစ်ရခြင်း အကြောင်းကို အနီးကျမှပင် ကျွန်တော်က သေချာစွာ သိရှိရ၏။ ၎င်း၏ ညာဘက်ရှေ့ လက်တစ်ချောင်းသည် လုံးဝလှုပ်ရှားနိုင်ခြင်းမရှိဘဲ ဘေးတွင် တရွတ်တိုက်လျက်ရှိသည့် ကျားငကျိုးကြီးမှာကြီးမား၍ ဝါဖျော့ဖျော့ ကိုယ်လုံးပေါ်တွင် နက်မှောင်သော အမည်းစင်းကြီးများ ကျားလျက်ရှိသည်။ ဆန်ကောတစ်ချပ်နီးနီး ကြီးမားသော ခေါင်းဝိုင်းဝိုင်းကြီးတွင် တို၍ ဝိုင်းစက်သော နားရွက်တစ်စုံက အရုပ်ဆိုးစွာ ထောင်နေသည်။
ရက်စက်ကြမ်းကြုတ်မှုကို ဖော်ပြသော မျက်လုံးအစုံသည်လည်း လရောင်ထဲတွင် ဂျစ်ကား မီးလုံးကြီးများပမာ တောက်ပလျက်ရှိသည်။
ကျားငကျိုးကြီး၏ အသွင်သဏ္ဌာန်ကို ကြည့်ရင်း ကျွန်တော်က စိတ်တွင်းမှ ကျားကဲ့သို့သော တောသတ္တဝါအား ယခုကဲ့သို့ တောင်မမီ မြောက်မမီ ဖြစ်လောက်အောင် ပစ်ခတ်ခဲ့သူမုဆိုးများကို ကျိန်ဆဲမိရ၏။
ကျားကို လက်ကျိုးအောင်ပစ်ပြီးနောက် သွေးစက်ခံလျက် အပြီးအပိုင် မသုတ်သင်ဘဲ သက်ဆိုးရှည်အောင် သူရဲဘောနည်းစွာ စွန့်ပစ်ခဲ့ခြင်းဖြင့် အန္တရာယ်ကောင်ကြီးအသွင် ပြောင်းလဲခဲ့ရခြင်း ဖြစ်လေသည်။
သူမွှေးခဲ့သော မီးသည် ယခုအချိန်အထိ ပြင်းထန်ကြီးမားစွာ တောက်လောင်လာလေမည်ကို သတိမှရပါလေစဟုလည်း စိတ်တွင်းမှ အောက်မေ့မိ၏။ မည်သို့ပင် ဖြစ်စေကာမူ မတ္တရာ သစ်တောကြိုးဝိုင်းအတွင်း လူပေါင်းသုံးဆယ့်ကိုးယောက်တိတိ သတ်ဖြတ်စားသောက်ခဲ့ပြီးဖြစ်သည့် လူသားစားကျားငကျိုးကြီးသည် ကျွန်တော်၏ ဝင်ချက်စတာ (၃၀. ဝ၆)စပရင်းဖီးလ်ရိုင်ဖယ်ပြောင်းဝတွင် နောက်ဆုံးအချိန်ကို စောင့်စားလျက်ရှိချေပြီ. . ။
သတိကြီးစွာဖြင့် ကျွန်တော်၏ရိုင်ဖယ်ကို တဖြည်းဖြည်း မ၍ ပစ်မှတ်ကို စူးစိုက်ချိန်ဆလိုက်ရ၏။ ကျားငကျိုးသည် အစာကိုသာ ရှေ့လောတကြီး စားသောက်ရန် လုံးပန်းနေသည်ဖြစ်ရာ ပတ်ဝန်းကျင်တွင် မိမိ၏ရန်သူ ရှိသည်ကိုမျှ သတိမူမိဟန်မတူ။
လခြမ်းသဏ္ဌာန် နောက်ချိန်ကွင်းမှ ပြောင်းဖျားရှိ ချိန်သီးကလေးကို စူးစိုက်လျက် ပစ်မှတ်သို့ နေရာချလိုက်၏။ ရှေ့ချိန်သီးသည် အနေအထား မှန်ကန်စွာ ကျားငကျိုး၏ တစ်ဖက်တည်းသာ ကောင်းမွန်တော့သည့်လက်ပြင်ကို တည့်မတ်သွားသည်နှင့် တစ်ပြိုင်နက် ခလုတ်ပေါ်တွင် ရွရွကလေး တင်ထားသည့် လက်ညှိုးကို ကွေးညှစ်ချလိုက်ရပေသည်။
ပြင်းထန်သော ပေါက်ကွဲသံ တိတ်ဆိတ်သွားသည်နှင့် တစ်ပြိုင်နက် ကျားသည် တွန့်ခနဲ ဖြစ်သွားပြီးနောက် ၎င်းနောက်ဆုံးသတ်ဖြတ်ခဲ့သော လူသား၏ အလောင်းဘေးတွင်ပင် ဖြည်းညင်းစွာ လိမ့်ဆင်းလဲကျသွားကာ ငြိမ်သက်သွားရ၏။
ကျားငကျိုးအဖို့ မည်သူ့အားမျှ သတ်ဖြတ်နိုင်ခြင်း မရှိတော့ပြီတကား။
– ပြီး –
စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ