ကျော်မင်းညွန့်(လှည်းကူး)
ကျားနို့ခဲ
လေကလေးက တစ်ချက်သိမ့်လိုက်သည်။
ကိုမျိုးနှင့် မစ္စတာသောမတ် (စ်) ရှေ့တွင် ပေနှစ်ရာခန့် ရေလွှာလျှောစီးပုံသဏ္ဌာန် မြင့်၍ သွယ်လျလာ သည့် ဖြူဖွေးနေသည့် ကျောက်နံရံကြီး။ ကျောက်နံရံကြီးမှာ မိုးကာလက တောင်ကျရေများ စီးဆင်းသည့် ရေတံခွန်ပုံစံ ဖြစ်ခဲ့ပုံရသည်။ ရေစီးရာ ကျောက်သားများမှာ ဖြူဖွေးနေပြီး ချုံအနည်းငယ်သာ ပေါက်နေသည်။
ကိုမျိုးက အပေါ်သို့ မော့ကြည့်လိုက်သည်။
တဖြည်းဖြည်း မြင့်တက်လာသော တောင်စွယ်အတိုင်း ကျောက်နံရံ၏ အထက်နှင့် ဘေးတွင် မိုးစွင့်နေသည့် ကျွန်း၊ ပျဉ်းကတိုး၊ အင်းကြင်း၊ သစ်ရာ စသည့်အပင်ကြီးများ။
အောင်ခြေရှုပ်၍ ပင်ကြီးများမှာ ဖယောင်းတိုင်ကြီးများနှယ် ဖြောင့်တန်း၍ တက်သွားသည်။
ကိုမျိုးတို့ ရောက်နေသည့်နေရာနှင့် ထိုကျောက်နံရံ ကြီးမှာ ဘေးစောင်းအနေအထား။
ယနေ့ တနင်္ဂနွေနေ့။
ပဲခူးရိုးမ။
ဖောင်ကြီး ဝါးချောင်းရွာနှင့် မိုင် (၅ဝ) ခန့်အကွာတွင် နိုင်ငံတော်မှ လုပ်ကွက်လျှောက်ထား၍ မစ္စတာသောမတ် (စ်)က အင်ဂျင်နီယာချုပ်အဖြစ် မြိုင်စိန် တူးဖော်နေသော ကိုမျိုးတို့အဖွဲ့။
မြိုင်စိန်ဆိုသည်မှာ သက်နုအနည်ကျ ကျောက်တစ်မျိုးဖြစ်၍ ရေခဲတုံးနှယ် အပေါ်ယံကြည်၍ အောက်ခြေနောက်တတ်သည့် သလင်းကျောက် (Quartz) တစ်မျိုးဖြစ်၍ အချပ်လိုက် အလွှာလိုက် တွေ့ရှိတတ်သည်။
မြိုင်စိန်ကို ကမ္ဘာကျော် မျက်မှန်ကုမ္ပဏီကြီးတစ်ခုက ဤဒေသတွင် မစ္စတာသောမတ်(စ်)အား ဦးဆောင်၍ မြန်မာလုပ်သားများဖြင့် ခေတ်မီစက်ကိရိယာများ အကူအညီနှင့် တူးဖော်နေကြခြင်းပင်။
ဤ မြိုင်စိန်ကို (PHOTO GRAY) နှင့် (SUN GRAY) အလှမျက်မှန်၊ ပါဝါမျက်မှန် (မှန်)များအဖြစ် သွေးယူအသုံးပြုကြခြင်း ဖြစ်သည်။
ဤတနင်္ဂနွေနားရက်တွင် မစ္စတာသောမတ်(စ်)က တောလည်ချင်သည်။ မစွမ်းရင်းရှိ၍ ကန်စွန်းခင်းငြိတတ်သည့် ကိုမျိုး၊ မုဆိုးဘိုဟန်၊ လမ်းပြ စိုးပိုင်နှင့် အောင်ကျင်အား ခေါ်၍ စခန်း၏မြောက်ဘက် နာမည်ကျော် စိန်တောင်ဘက်သို့ ထွက်ခဲ့ခြင်းဖြစ်သည်။
ကိုမျိုး ကိုင်နေကျ ဒသမ (၃၇၅) မနမ်ရိုင်ဖယ်ကို မစ္စတာသောမတ်(စ်)က ကိုင်၍ မစ္စတာသောမတ်(စ်) ဒသမ (၄၇ဝ) နှစ်လုံးပြူးရိုင်ဖယ်ကို ကိုမျိုးက ကိုင်ကာ ရွာခံမုဆိုး ဘိုဟန်က စစ်သုံး (၃ဝ၃) ရိုင်ဖယ်။
တဖြည်းဖြည်း မြင့်တက်လာသော မင်းပုန်းတောင်စွယ်အတက်တွင် လမ်းမရှိတော့၍ စိုးပိုင်နှင့် အောင်ကျင်က ဓားမနှင့် တောရှင်း၍ လမ်းထွင်ကာ ချီတက်နေကြသည်။
လမ်းပြနောက်မှ (၃၀၃) ရိုင်ဖယ်နှင့် ဘိုဟန်၊ ဘိုဟန့်နောက် ခြေငါးလှမ်းခန့်အကွာတွင် မစ္စတာသောမတ်စ်နှင့် ကိုမျိုး။
သေနတ်သမားအားလုံး သော့ဖွင့်ထား၍ အသင့်။
အန္တရာယ်ဆိုသည်က ပြောမရ။
အထူးသဖြင့် သည်စိန်တောင်နယ်မြေတွင် ရွာခံများပင် အမဲမလိုက်ဝံ့။ တောကြမ်းသည်၊ နတ်ကြီးသည်ဆို၍ ရှောင်ကြသည်။ ရွာခံမုဆိုး ဘိုဟန်ပင် ခပ်ရွံရွံ။
မစ္စတာသောမတ် (စ်)က အမဲလည်းပစ်ရင်း သတ္ထုကြောလည်းရှာရင်း ဟူသော စကားကြောင့် ဘိုဟန်နှင့် လမ်းပြနှစ်ယောက် ပါလာခြင်းပင်။
ဘိုဟန်က …
“ကိုမျိုးလည်း သိသားပဲဗျာ။ လှည်းကူးမြို့နယ်ထဲက ကလီတော်ကြိုးဝိုင်း၊ ဖောင်းလင်းကြိုးဝိုင်း၊ မဟူရာကြိုးဝိုင်းဆိုပြီး ကြိုးဝိုင်းသစ်တောသုံးခု။ ရိုးမတောထဲကနေ မဟူရာချောင်း၊ တစ်ဆင့် ငမိုးရိပ်ချောင်း၊ အခုငမိုးရိပ်ဆည်ကြီး လုပ်လိုက်တော့ ကျွန်တော်တို့စခန်းက မဟူရာကြိုးဝိုင်းထဲပါနေတယ်။
ဒီနယ်ကို ကွင်းပိုင် (တောပိုင်) မောင်နှမနှစ်ယောက် ပိုင်တယ်။ ကုလားစကား မပြောရဘူး။ မတ်တတ်ရပ် ကျင်ငယ်မစွန့်ရဘူး။ စကားကျယ်ကျယ် မပြောရ။ညစ်ညမ်းစကား မပြောရဘူးဗျ။
အခု ကျွန်တော်တို့ရောက်နေတဲ့နေရာက အစ်ကိုရဲ့တော။ လုံးဝ အမှားမခံဘူး။
ဒီတော့ ထွက်လာမှတော့ မထူးပါဘူး။ ဒါပေမဲ့ မစ္စတာသောမတ် (စ်)ကိုတော့ ပြော။ ဘာပဲတွေ့တွေ့ ကျွန်တော်က ပစ်ဆိုမှ ပစ် ဆိုတာပါပဲ။ အကြောင်းရှိလို့ပါ။
ဘိုဟန်၏ အပြောကို ကိုမျိုးက မစ္စတာသောမတ် (စ်)အား ဘာသာပြန်ပြလိုက်သည်။ မစ္စတာသောမတ်(စ်)က ပြုံး၍ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး
“OK, Don’t worry”
အားလုံးပင် ကျောက်နံရံကြီးကိုကြည့်ရင်း အပန်းဖြေနေသည်။ စိုးပိုင်နှင့် အောင်ကျင်က ပိတောက်မြစ်ဆုံကြီးပေါ်၊ ကိုမျိုးတို့သုံးဦးက ကြီးမားလှသည့် ကျွန်းပင်ကြီး၏ ပင်စည်အား မှီလျက်။
ကိုမျိုးက နောက်တစ်မိုင်ခန့် ချန်နေခဲ့သည့် လုံခြုံရေး ထွန်းကြည်နှင့် ဆင်အဖွဲ့အား ဝေါ်ကီတော်ကီနှင့် ဆက်၍ လိုက်လာခဲ့ရန် ညွှန်ကြားလိုက်သည်။
ထိုစဉ်-
တဝုန်းဝုန်းမြည်သံများ ကျောက်နံရံအထက်မှ ပေါ်ထွက်လာသဖြင့် အားလုံးက မော့၍ကြည့်လိုက်ကြသည်။
“ဝုန်း … ဝုန်း … ဝုန်း”
“လျော … ဝရုန်း”
“ဟင် … ဟာ … အို”
“ပစ် … ကိုမျိုး … ပစ်”
“ဒိုင်း … ဒိုင်း … ဒိုင်း”
“အားဝူး … ဝုန်း”
ကျောက်နံရံအထက်မှ“တဝုန်းဝုန်း”တောတိုးသံများနှင့်အတူ ဝက်ဝံကြီး တစ်ကောင်က ပြောင်ချောနေသည့် ကျောက်နံရံလျောကြီးအတိုင်း ဖင်ထိုင်၍ လျှောဆင်းလာသည်။
သို့သော် ကြည့်နေရင်းမှပင် လမ်းတစ်ဝက်၌ လူမည်းကြီးတစ်ယောက်ဖြစ်သွားကာ အောက်အရောက်တွင် ကုန်းကျုံးထ၍ ကိုမျိုးတို့လူစုအား ရန်လိုသည့်အမူအရာနှင့် တန်း၍ ပြေးထွက်လာသည်။
တဒင်္ဂအတွင်း အားလုံးကြောင်၍ မှင်တက်မိနေစဉ် ဘိုဟန့်အသံကြောင့် ကိုမျိုး သတိချက်ချင်းဝင်လာပြီး လူမည်းကြီးအား ဒဿမ (၄၇၀) နှစ်လုံးပြူးရိုင်ဖယ်နှင့် ထိုးချိန်လိုက်သည်။
ရှေ့ချိန်သီး၊ နောက်ချိန်မှတ်၊ အလယ်ဗဟို၊ ညာမျက်စိ၊ ပစ်မှတ် တစ်တန်းတည်းကျချိန်တွင် ကိုမျိုးက ရိုင်ဖယ်ကို ညာပခုံးဆီသို့ တင်းတင်းဆွဲ ဘယ် လက်က ရိုင်ဖယ်ပြောင်းနှစ်လုံးအောက်မှ မောင်းကို တင်းတင်းငြိမ်ငြိမ် ကိုင်လိုက်ပြီး ညာလက်ညှိုးက မောင်းကွင်းကို အသာပင်ညှစ်၍ ကွေးချလိုက်သည်။
“ဒိုင်း”
ကော်ဒိုက်ယမ်းချိန်ဂရမ် (၅၀ဝ) ရှိသော ကျည်ဆန်က တစ်စက္ကန့်လျှင် (၂၁၂၅) ပေနှုန်းအမြန်နှင့် အပြေးတက်လာသည့် လူမည်းကြီး၏ ရင်ညွန့်အား ဖောက်ထွင်းကာ ‘ဝုန်း’ ဟူသော လဲပြိုကြီးက နောက်ဆက်တွဲ။
ချက်ကောင်းထိခြင်း၊ နီးကပ်စွာ အမှန်ခံရခြင်းတို့ကြောင့် လူမည်းကြီးမှာ တုံးခနဲ လဲကျရာမှ လူးလှိမ့်ထကာ သူလျှောဆင်းလာခဲ့သော ကျောက်နံရံကြီးအား ပြေး၍ တွယ်တက်နေသည့် မြင်ကွင်းကို အံ့ဩဖွယ် မြင်တွေ့လိုက်ရသည်။
“ပစ်… အားလုံး ပစ်”
ဘိုဟန့်အသံကြောင့် အားလုံး၏ သေနတ်သုံးလက်စလုံးက သွေးရူးသွေးတန်းနှင့် လူမည်းကြီးအား တဒိုင်းဒိုင်း ပစ်ချလိုက်ကြသည်။
“ဖြောင်း … ဒေါင်”
ကိုမျိုးက ပစ်ပြီးသား နှစ်လုံးပြူးရိုင်ဖယ်၏ခါးကို ချိုးလိုက်သည်တွင် ဖြောင်းခနဲ ဒေါင်ခနဲ ပစ်ပြီးသားကျည်ခွံနှစ်တောင့်က လွင့်ထွက်သွားသည်။ ကိုမျိုးက ဘယ်ဘယ်လက်ချောင်းများကြားတွင် အရံသင့်ညှပ်ထားသော ဒဿမ (၄၇ဝ) ကျည်သစ်နှစ်တောင့်ကို ပြောင်းဝနှစ်ပေါက်တွင်း ဖျတ်ခနဲ ထည့်၊ ခါးကို ချောက်ခနဲ ပြန်ပိတ်လိုက်ကာ ပစ်မှတ်သစ်ကို ထပ်ရှာလိုက်သည်။
“ဟင် … ဘုရား ဘုရား”
ကိုမျိုး ဘုရားတလိုက်မိသည်။ မတ၍မဖြစ်။
ရိုင်ဖယ်သုံးလက်နှင့် အနီးကပ်ပစ်ခတ်ခြင်းခံလိုက်ရပြီး သွေးအလိမ်းလိမ်းနှင့် ကျောက်နံရံအား တွယ်တက်နေသော လူမည်းကြီးမှာ တောဝက်ကြီးတစ်ကောင်ဖြစ်နေပြီး ကျောက်နံရံအထက်မှလည်း နောက်ထပ် လူမည်းကြီးတစ်ယောက် ပေါ်လာပြီး ခက်ထန်ကြမ်းတမ်းသော မျက်နှာနှင့် ခါးထောက်၍ ကိုမျိုးတို့အား ကြည့်နေသည်။
“ပစ် … ပစ်၊ အဲဒါ လူမဟုတ်ဘူး … ပစ်”
“ဒိုင်း … ဒိုင်း … ဒိုင်း”
“အာဝူး … ဝေါ … ဗုန်း”
ဘိုဟန်က ကျောက်တောင်ထိပ်မှ ဒုတိယလူမည်းကြီးအား ပြောပြောဆိုဆို (.၃ဝ၃) ရိုင်ဖယ်နှင့် တန်း၍ ပစ်ချလိုက်သည်။
ကိုမျိုးနှင့် မစ္စတာသောမတ်(စ်)တို့ကလည်း လက်မနှေး။
တောင်နံရံထိပ်မှ လူမည်းကြီးလည်း အောက်သို့ ဝုန်းခနဲ ပြုတ်ကျလာပြီး စောစောက သေနတ်မှန်သော်လည်း မသေသေးဘဲ တောင်နံရံကို တွယ်တက်နေသော တောဝက်ကြီးအား ဒုန်းခနဲ အရှိန်နှင့် ဝင်ဆောင့်ပြီးမှ လဲကျသွားတော့သည်။
“ဟင် … ဟာ … အို”
ပစ်ခတ်သူ သုံးယောက်၊ လမ်းပြနှစ်ယောက်ထံမှ အာမေဋိတ်သံများ ပေါ်ထွက်လာကြသည်။
လူမည်းကြီးနှစ်ယောက်မှာ အခုတော့ တောဝက်ကြီးများဖြစ်နေပြီ တုံးလုံးပက်လက် အသက်ထွက်လျက်။
ထိုစဉ် …
တဝေါဝေါ လေတိုးသံ မိုးပြိုသံကြီးများ မုန်တိုင်းကြီးတစ်ခု အပြင်းအထန် တိုက်ခတ်လာသည့်အလား ကြောက်မက်ဖွယ်အသံကြီးနှင့် တောတွင်းမှ လူအမြောက်အမြားအော်သံများပမာ အသံကြီးများ ပေါ်ထွက်လာပြန်သည်။
သို့နှယ် တဝုန်းဝုန်း တဝေါဝေါ မိုးပြိုသံ၊ မုန်တိုင်းတိုက်သံ၊ အော်ဟစ်သံများ ကြားရသော်လည်း ကိုမျိုးတို့ခေါင်းထက်ရှိ သစ်တောသစ်ပင်များမှ လှုပ်ရှားမှုမရှိ။
“ဘာလဲ … ကိုမျိုး ဘာဖြစ်တာလဲ”
ကိုမျိုးက မစ္စတာသောမတ်(စ်)၏ အမေးကို ပြန်မဖြေသေးဘဲ တစ်ချက် ပြုံးလိုက်ပြီး အသံနက်ကြီးများ ထွက်ရာဘက်သို့ ဒဿမ (၄၇ဝ) ရိုင်ဖယ်နှင့် တစ်ချက် ပစ်ထည့်လိုက်တော့သည်။
ဒိုင်းခနဲ သေနတ်ပစ်သံနှင့်အတူ အားလုံးပွဲသိမ်း။
နောက်မှ ဆင်အဖွဲ့ရောက်လာပြီး တောဝက်နှစ်ကောင်ကို ဆင်ပုခက်အတွင်းထည့်၍ ပြန်လှည့်ခဲ့သည်။
“ကျွန်တော်ပြောသလို ဒီတောက တအားကြီးဆိုးတယ် ကိုမျိုး။ အခု တောခြောက်ခံ၊ တောမှောက်ခံရတာ မစ္စတာသောမတ်(စ်)ကြောင့်ဗျ”
“ဟယ် … ဘယ်လို”
တစ်လမ်းလုံး ဘိုဟန်က အပြစ်တင်မဆုံး။ ဘိုဟန်က ကိုမျိုး၏အမေးကို နားထောင်ပြီးမှ –
“ဘာ ဘယ်လိုရမှာလဲ ကိုမျိုးရဲ့။ မစ္စတာသောမတ်(စ်)က ခါကြော်နဲ့ အရက်ကို တောပိုင်ကြီးမတင်ဘဲ သူ့ဘာသာသူ သောက်လိုက်တော့ တောပေါက်တာပေါ့။ ဒီလောက်ကြမ်းတဲ့တောမှာ မဆင်မခြင်”
“ဪ … ဒါတွေ သူ ဘယ်သိမလဲကွ”
“သူမသိရင် သိအောင်ပြောထားရမယ်။ ကံကောင်းပြီး လူမကွဲလို့၊ လက်ဦးလို့နော်။ နို့မို့ရင်တော့လား”
“ကဲ ကျေနပ်ပါတော့ ဘိုဟန်ရယ်။ ငါကပဲ တောင်းပန်ပါတယ်ကွာ။ မစ္စတာသောမတ်(စ်)ကိုလည်း ပြောပြလိုက်ပါ့မယ်။ ကျေပါတော့နော်”
သည်တော့မှ ဘိုဟန့်မျက်နှာက တကယ့် ကလေးဆိုးကြီးနှယ် ဝင်းလက်လာတော့သည်တကား။
xxx xxx xxx
အကျယ်အဝန်း တစ်ဧကခန့်ရှိ မြေနေရာအား လေးထောင့်ကျ ပုံဖော်၍ သစ်စည်း၊ ဝါးစည်း၊ သံကြိုးဆူးလိပ်များ အထပ်ထပ်ကာရံ၊ ထောင့်လေးထောင့်အတွင်း ပေနှစ်ဆယ်အမြင့် မျှော်စင်လေးခု၊ လက်နက်ကိုင်ကင်းသမားများထား၍ အဝင်အထွက်တံခါးမကြီးတစ်ခုသာထားပြီး လျှပ်စစ်မီးစက်များ၊ ရေသန့်စင်စက်များ၊ သတ္ထုအမျိုးမျိုးကို စစ်ဆေးအဖြေထုတ်သည့်စက်များ၊ တူးဖော်ရေးစက်ကိရိယာ၊ စတိုခန်း၊ ဓာတ်ခွဲခန်း၊ အနားယူခန်း စသည်ဖြင့် အကွက်ချပုံဖော်ထားသော တောကြီးမျက်မည်းတွင်းမှ စခန်းတစ်ခု။
ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ ပါမောက္ခဟောင်း ဒေါက်တာဖေဉာဏ်နှင့် နိုင်ငံခြားသားများ ပူးပေါင်း၍ အကျိုးတူလုပ်ငန်းအဖြစ် စီးပွားရေးအရ မြိုင်စိန် တူးဖော်နေသည့်နေရာ။
ရိုးမက နေဝင်စောသည်။
နေဝင်သည်နှင့်အမျှ အမှောင်ထုက ကြီးစိုးလာသည်။ တောင်ခိုးတောင်ငွေ့၊ မြူခိုးမြူငွေ့တို့က တောင်စဉ်တန်းကြီးကို လွှမ်းခြုံထားသည်။ စင်စစ် ရိုးမတွင် နွေမရှိ။ မိုးနှင့် ဆောင်းသာ ရှိသည်။
ဝန်းကျင်တစ်ခုလုံးနှင့် စခန်းအား အမှောင်ထုက ဝါးမြိုလာပြီ။
လုံခြုံရေးအရာရှိ ကိုမျိုးက အမှတ် (၁) မျှော်စင်ထက်မှ ကျန်မျှော်စင်သုံးခုအား ဝေါ်ကီတော်ကီနှင့် ဆက်သွယ်၍ သတိရှိကြရန် မပေါ့ဆရန်နှင့် မီးစက်ထွန်းညှိရန်၊ အဝင်အထွက်တံခါးမကြီးနှင့် ပေတစ်ရာအကွာရှိ လက်ခုပ်တစ်ဖောင်ခန့် ထငါးပုံကြီးအား မီးရှို့ရန် ညွှန်ကြားလိုက်သည်။
စခန်းသာ မီးထိန်ထိန်လင်း၍ မဖြစ်သေး။ စခန်းအဝင်ဝတွင်လည်း ဧရာမီးပုံကြီး ထွန်းညှိထားရသေးသည်။ ဤထင်းပုံကြီးအတွင်း အဆစ်ပိတ်ဝါးဘူးများ ထည့်ထားရသေးသည်။ မီးရှိန်ကောင်းလာမှ ဤအဆစ်ပိတ်ဝါးဘူးတို့က တဒိုင်းဒိုင်း ပေါက်ကွဲတော့သည်။
ဝါးဆစ်များ ပေါက်ကွဲသံ၊ ဧရာမမီးပုံကြီး အလင်းရောင်ကြောင့် အန္တရာယ်ဆိုးများ စခန်းအား မကပ်စေရန် စီမံထားခြင်းပင်။
သို့တိုင် ညဘက်တွင် ရိုးကျားကြီးများက မီးပုံအနီး ဆောင့်ကြောင့်ထိုင်၍ လည်းကောင်း၊ ဝပ်ဆင်း၍ လည်းကောင်း၊ ပါးစပ်ကြီးဟဖြဲ၍ တသမ်းသမ်း တဝေဝေနှင့် ပမာမခန့် ပြုတတ်ကြသေး။
စခန်းတစ်ခုလုံး မီးစက်သံသဲ့သဲ့မှအပ တိတ်ဆိတ်လျက်။ စခန်းအပြင်ဘက် အမှောင်ထုတွင်း၌ကား လက်မခန့်ရှိမည့် ဧရာမမီးစုန်းကြူးများက တဝင်းဝင်း တလက်လက်။
ညဘက်မှ အရောင်ထွက်သည့် ကျောက်တုံးကျောက်ခဲများ၊ သစ်ရွက်များ၊ မှိုပွင့်များက လေအဝှေ့တွင် ရဲခနဲ ဖြာခနဲ။
“ဟာ မျက်လှည့်ပြပြန်ပြီလား”
သိန်းထွန်း၏အသံကြောင့် မှေးနေသော ကိုမျိုး ခေါင်ထောင်ကြည့်လိုက်သည်။
မြင်ရပြန်ပြီ။
စိန်တောင်ဘက်ဆီမှ သပိတ်လုံးခန့် သောက်ရေအိုးခန့်ရှိ မီးလုံးကြီးများက တောင်အထက်နှင့် တောင်ခါးပန်းခန့်မှ လေးငါးလုံး ဝဲပျံနေကြသည်။
မကြာပါ။
သူတို့အနီးရှိ မင်းပုန်းတောင်ထိပ်မှလည်း မီးလုံးကြီးသုံးလုံးက အားကျမခံ ပေါ်ထွက်ဝဲပျံနေကြသည်။
ကြောက်တတ်သူများက တိမ်ညွန့်စားစုန်း၊ သရဲမီး စသည်ဖြင့် ခေါ်ဝေါ် ကြသော်လည်း ဘာမျှမဟုတ်။ ပင်လယ်ပြင်တွင် တွေ့ရတတ်သည့် ပင်လယ်စုန်း (Matter) တစ်မျိုးဖြစ်ကြောင်း ဒေါက်တာဖေဉာဏ်က ကိုမျိုးအား ရှင်းပြထားသည်။
တကယ်တွင်မူ တောနှင့်တောင်ဆိုသည်က ပင်လယ်ပြင်ကြီးနှယ်ပင် လျှို့ဝှက်ဆန်းကြယ်မှုအပြည့်။
“ဘာကွ … ဘာပြောတယ်။ တင်မြင့်နဲ့ သောင်းဝေ ပြန်မရောက်သေးဘူး … ဟုတ်လား”
ကိုမျိုးက ဝေါ်ကီတော်ကီနှင့် (Main Gate) မှ သတင်းပို့ချက်အား ပြန်မေးနေခြင်းပင်။
မှန်သည်။
ညနေစောင်းကတည်းက ပိဿာစားလုပ်သား တင်မြင့်နှင့် သောင်းဝေတို့နှစ်ယောက် တို့စရာရှာမည်ဆိုကာ တောတိုးသွားကြသည်။ အခုချိန်ထိ ပြန်မရောက်သေး။
ကိုမျိုး လက်မှ နာရီကို ကြည့်လိုက်သည်။
ညကိုးနာရီ။
တောကြီးမျက်မည်း အန္တရာယ်ကြား ညအခါတွင် အန္တရာယ်က လက်တစ်ကမ်း။
ပြဿနာ … တကယ့်ပြဿနာ။
ကိုမျိုး လုံခြုံရေးဝန်ထမ်းအားလုံး (Stand By) အသင့်ပြင်ထားလိုက်ပြီး မစ္စတာသောမတ်(စ်) ထံ အစီရင်ခံရတော့သည်။
မစ္စတာသောမတ်(စ်)က တည်တည်ငြိမ်ငြိမ်ပင် ကိုမျိုး ကောင်းသလို ကြည့်လုပ်ရန် ညွှန်ကြားလာသည်။
ကိုမျိုးက ချက်ချင်းပင် အရေးပေါ်ဥဩများဆွဲ၍ အချက်ပေးခြင်း၊ မျှော်စင်လေးခုရှိ (Search Light) မီးမောင်းကြီးများ၊ ကျည်ပစ်ခတ်၍ လမ်းညွှန်ခြင်း စသည်တို့ဖြင့် အချက်ပြသည်။
သို့သော် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်မှန်းအားလုံးအသိ။ မိုးလင်း၍ မလာသေးလျှင်တောနင်း၍ ရှာရတော့မည်။
မတွေ့လျှင် သေစာရင်း သွင်းရတော့မည်။
လပြည့်ကျော် ခုနှစ်ရက်၊ လမင်းသန်းခေါင်ထွက်။
လမင်းအလင်းရောင်က ရိုးမကို ဖြာကျနေသည်။ သူ့ရဲဘော်နှစ်ယောက် သစ်ပင်ကြီးများပေါ်တက်၍ အိပ်ကာ အန္တရာယ်ကင်းစေရန် ဆုတောင်းပေးနေ မိသည်။
နံနက်လေးနာရီ။
အရှေ့ဆီမှာ ရောင်နီပျို့လာသည်။
ထိုစဉ် …
ပင်မတံခါးပေါက်ကြီးရှိ ကင်းမှ ဆက်သွယ်လာသံကို ကြားလိုက်၍ ကိုမျိုး စက်ဖွင့်လိုက်သည်။
Main Gateမှူး ဆရာရဲနောင်၏ အသံ။
“ဆရာမျိုး … တင်မြင့်နဲ့ သောင်းဝေ ဂိတ်ဝမှာ ရောက်နေတယ်။ တံခါးဖွင့်ပေးလိုက်ရမလား”
မထင်မှတ်သောစကား။
ကိုမျိုး အတန်ကြာစဉ်းစားပြီးမှ –
“နေဦး ကိုယ်လာခဲ့မယ်။ ချက်ချင်း တံခါးဖွင့်မပေးနဲ့ဦး”
မစ္စတာသောမတ်(စ်) ထံ အရေးပေါ်သတင်းပို့၊ လက်ထောက်တာဝန်မှူး အောင်လတ်ကိုခေါ်၍ Matin Gate သို့ အပြေးတစ်ပိုင်း။
Main Gate တွင် မစ္စတာသောမတ်(စ်)၊ ဒေါက်တာဖေဉာဏ်နှင့် လူအတော်စုံနေကြပြီ။
တံခါးအပြင်ဘက် မီးပုံကြီးအား ကျောပေး၍ လူနှစ်ယောက်က ဂိတ်ဝတွင် ရပ်နေသည်။
တင်မြင့်နှင့် သောင်းဝေ။
နှစ်ဦးစလုံး လုံချည်ကွင်းသိုင်း၍ ခြစ်ရာ ရှရာများနှင့်။
ထူးခြားသည်က သောင်းဝေ၏ လုံချည်ကွင်းထဲတွင် အလေးအပင်ပစ္စည်းတစ်ခု ပါလာသလို ဖောင်းနေသည်။
ကိုမျိုးက ရုတ်ချည်း သူတို့နှစ်ယောက်၏နောက်သို့ မျက်စိတစ်ချက် ဝေ့ကြည့်လိုက်သည်။ မည်သူမျှ ပါမလာ။
သို့သော် လုံခြုံရေးအဆင့်အရ သူတို့နှစ်ယောက်နှင့် နောက်ဘက်အား သေနတ်များနှင့် ချိန်ထားလိုက်သည်။
“ဆရာမျိုး ကျွန်တော်တို့ပါ။ တင်မြင့်နဲ့ သောင်းဝေပါ။ တံခါးဖွင့်ပေးပါဦး”
တောအတွေ့အကြုံရှိသော အောင်လတ်က လေသံမာမာဖြင့် –
“မင်းတို့ လာလူလား၊ ပြန်လူလား”
“ကျွန်တော်တို့ လာလူတွေပါ ဆရာ”
ကိုမျိုးက စေ့စေ့စပ်စပ်ကြည့်လိုက်ပြီးမှ –
“သောင်းဝေ မင်းလုံချည်ကွင်းထဲက ဘာလဲ။ ပြစမ်း”
ထိုအခါမှ သောင်းဝေက ဖောင်း၍တွဲကျကာ စွတ်စိုနေသော သူ့လုံချည်ကွင်းအား ဖြေ၍ လက်နှင့်ဆွဲထုတ်လိုက်သည်။
မြွေတစ်ကောင်နှယ် ရှည်မျောမျော၊ ဖြူတူတူအရောင်နှင့် ဖျော့ခွေနေသည့် ပစ္စည်းတစ်ခု။
“ဆရာမျိုး ကျွန်တော်တို့ လာလူတွေပါ။ ညနေက တို့စရာထွက်ရှာတဲ့ တပည့်နှစ်ယောက်ပါ။ တောထဲမှာ မျက်စိလည်ရင်း ကျားဂူနား ရောက်သွားတာ။ ဒါဟာကျားမကြီးရဲ့ နို့ရည်တွေနဲ့ ခဲနေတဲ့ ကျားလေးတွေရဲ့ အူပါ။ တံခါးဖွင့်ပါဦး။ ကျားမကြီး လိုက်လာမှာစိုးလို့ပါ”
တောထဲတောင်ထဲတွင် ဤနှယ် မစစ်ဆေး၍ မရ။ တောဆိုသည်က အစိုးမရ။
အောင်လတ်မေးသည့် လာလူနှင့် ပြန်လူဆိုသည်မှာ တောစကား။ လာလူမှာ လူကောင်းလူရှင်ဖြစ်၍ ပြန်လူမှာ အကြောင်းအမျိုးမျိုးကြောင့် တောထဲ တွင် သေဆုံး၍ မကောင်းဆိုးဝါးများ ပူးကပ်လူရှင်ဟန်ဆောင်၍ လှည့်ဖျားတတ်သဖြင့် ဤသို့မေးရခြင်းပင်။
စကားအသွားအလာမှန်သည်။ မျက်နှာနှင့် မျက်လုံးအနေအထားလည်း ပုံမှန်။ တံခါးဖွင့်ပေးလိုက်သည်။
တင်မြင့်နှင့် သောင်းဝေ နောက်ကျောဘက်တစ်ချက် လှည့်ကြည့်ပြီး စခန်းတွင်း အပြေးလေးဝင်လိုက်သည်။
မိုးသောက်ပြီ။
xxx xxx xxx
မိုးချုပ်စပြုပြီ။
တောသားတို့အကြိုက် ငါးပိရည်နှင့် လိုက်ဖက်မည့် ဇရစ်၊ ဂုံမင်း၊ မျှစ်တို့မပါ။
တင်မြင့်နှင့် သောင်းဝေ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ပြီး ဓားမကိုယ်စီ ခါးထိုး၍ တောတွင်းဝင်ခဲ့သည်။
စခန်းအနောက်ဘက် ဝါးတောထဲတွင် မျှစ်စို့ကြီးများရှိသည်။ စိန္ဒဘော်ညွန့်၊ ခတ်ချိုညွန့်၊ ဂုံမင်း၊ ဇရစ်တို့က တောဖြစ်နေသည်။ နှစ်ယောက်သား အထည်များ အယားပြေရွေးရင်း မျက်စိလည်တော့သည်။
မမှောင်မီ စခန်းပြန်ရောက်မှဖြစ်မည်။
သွက်လက်သော ယောက်ျားခြေဖြင့် စခန်းကိုမှန်း တောတိုးတော့သည်။ မှောင်လာသည်နှင့်အမျှ အရှေ့အနောက် မသိတော့။
လမိုက်ညဖြစ်၍ အလင်းရောင်က မရှိ။ ဓူဝံကြယ်ကလည်း ဆီးနှင်းနှင့် မြူတိမ်တို့အကြား နစ်မြှုပ်လျက်။
သူတို့ရှေ့တွင် ကျောက်ဂူကြီးတစ်ခု။
ထိုကျောက်ဂူနှင့် ပေတစ်ရာခန့်အကွာတွင် ကြီးမားမြင့်မတ်လှသည့် တောင်သရက်ပင်ကြီးတစ်ပင်။
ကျောက်ဂူဆိုသည်က ဟင်းမျိုး (သားကောင်ကြီး) ကျားကြီးများ အိပ်တတ်၏။ ဧရာမ ဝက်ဝံကြီးများ၊ မြွေဆိုးများ နေတတ်ကြောင်း တောသားများပီပီ တောအသိနှင့် မချဉ်းကပ်တော့ဘဲ မနီးမဝေးရှိ တောင်သရက်ပင်ကြီးထက် တက်၍ အမြင့်ပေနှစ်ဆယ်ကျော်ခန့်တွင် သစ်ကိုင်းနှင့် လုံချည်စွပ်၍ တက်ခွေရတော့သည်။
သို့မဟုတ်လျှင် တကယ် နဂါးခံတွင်း ကျားခံတွင်း ဝင်မိမည် အမှန်။
တဂီးဂီး တဂစ်ဂစ် ငှက်ဆိုးထိုးသံများ သရက်ပင်ကြီးထက်ရှိ ပုစဉ်းရင်ကွဲတို့၏ အော်သံများသံတိုသံရှည် တွန်ကျူးသည့် မြွေတွန်သံများကြောင့် နှစ်ယောက်သား တုတ်တုတ်မလှုပ်ခဲ့။
ညပိုင်းတွင် စခန်းဘက်ဆီမှ ဥဩသံများ Search Light မီးမောင်းများနှင့် အချက်ပြမီးကျည်တို့ ပစ်ခတ်သည်ကို မြင်ရကြားရသော်လည်း မဆင်းဝံ့တော့။
“အာဝူး … ဝေါင်း”
နှစ်ယောက်သား မှေးခနဲရှိသွားစဉ် သူတို့အနီးကပ်၍ မြေတုန်ခမ်း ကျားဟိန်းသံကြောင့် လန့်၍နိုးလာသည်။
လထွက်လာပြီ။
“ဘုရား … ဘုရား၊ နေရာရွေးတာ မှန်ပေလို့”
သည် အာမေဍိတ်သံက နှုတ်မှမထွက်။
တွေ့လိုက်ရသည်မြင်ကွင်းကြောင့် နှစ်ယောက်သား တဆတ်ဆတ်တုန်၍ သွားချင်းရိုက်သံ တဂတ်ဂတ်။
လရောင်ကြောင့် မြင်တွေ့လိုက်ရသည်ကား-
သူတို့နှင့် ပေတစ်ရာခန့်ကွာဝေးမည့် ကျောက်ဂူကြီးအတွင်းမှ ဧရာမ ကျားကြီးတစ်ကောင် ထွက်လာပြီး မြေတုန်ခမန်း ဟိန်းဟောက်လိုက်ခြင်းပင်။ မရှေးမနှောင်းပင် ကျားကြီးထွက်လာသည့် ဂူတွင်းမှ နောက်ထပ်ကျားလေးနှစ်ကောင် ထွက်လာပြန်သည်။
ကျားလေးနှစ်ကောင်မှာ ကြောင်ကြီးနှစ်ကောင်ခန့်ရှိပြီး မိခင်ကျားမကြီး၏ နို့ကိုစို့ရန် ချဉ်းကပ်လိုက်သည်။
“ဟမ်း”
ကျားမကြီး၏ ညည်းတွားမှုကြောင့် ကျားလေးနှစ်ကောင် အနားမကပ်ရဲတော့။
စင်စစ် ကျား၏လျှာသည် ကြမ်းတမ်းလွန်းသည်။ အခြားတောတိရစ္ဆာန်များနှယ် ကျားမများက သူတို့သားငယ်များကို နို့မစို့ရ။ ကျားငယ်များ၏ ကြမ်းတမ်းသောလျှာကြောင့် နို့ပြတ်သွားလိမ့်မည်။
သို့ကြောင့် ကျားမကြီးများသည် သူတို့၏နို့အား သစ်ရွက်များ ကျောက်ခွက်များအတွင်း ညှစ်ချပေး၍ ကျားငယ်လေးများအား လျှာဖြင့် လျက် စေသည်။
နို့ဝသွားသော ကျားလေးနှစ်ကောင်ကို ကျားမကြီးက ဂူတွင်းသို့ သွင်းလိုက်ပြီး ခဏအကြာတွင် ဂူဝသို့ ပြန်ထွက်လာပြီး တစ်ချက်ဟိန်းလိုက်သည်။ အဓိပ္ပါယ်မှာ ဤဂူသည် ကျားဂူဖြစ်ကြောင်း အသိပေးလိုသည့်အသံဟု သောင်းဝေက ထင်လိုက်သည်။
အော်မြည်သံတစ်ချက်ပေးပြီး ကျားမကြီးက လျင်မြန်သောအဟုန်ဖြင့် တောတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
အတန်ကြာမှ အတန်ဝေးဝေးမှ ကျားဟန်းသံတစ်ချက်ပေါ်ထွက်လာသည်။
သောင်းဝေနှင့် တင်မြင့် တကယ့်ကျောက်ရုပ်။
လရောင်က ရိုးမကို အလင်းပြနေသည်။
“ကဲ တင်မြင့်၊ တို့နှစ်ယောက် စခန်းကို ပြန်ကြစို့”
သောင်းဝေ၏ စကားကို တင်မြင့်က တုန်တုန်ယင်ယင်နှင့်
“ဟာ ဖြစ်ဖြစ်ပါ့မလား။ တော်ကြာ ဟင်း … ဟင်းမျိုးကြီး”
“မင်းကြီးတော်ကြီးက ပြန်မလာသေးဘူး။ အခု တောင်တစ်လုံးကျော်လောက် တို့နဲ့ ဝေးသွားပြီ။ ဒီအချိန်မှ မဆင်းရင် သူပြန်လာတာနဲ့ ပက်ပင်းတိုး လိမ့်မယ်။ အလင်းရောင်ရှိတယ်။ စခန်းလည်း မှတ်မိပြီ။ ဓားလည်း ပါတယ်။ ယောက်ျားပဲကွာ။ ကဲ … ဆင်းကြစို့”
တင်မြင့်နှင့်စာလျှင် သောင်းဝေက အသက်ကြီးသည်။ တောအတွေ့အကြုံရှိသည်။ ဆုံးဖြတ်ချက်မတွေဝေ။ ချက်ချင်းလုပ်တတ်သူ။
သရက်ပင်ခြေရောက်ကာမှ သောင်းဝေက ကျောက်ဂူဘက်တစ်ချက် လှည့်ကြည့်လိုက်ပြီး –
“တင်မြင့်ရေ။ ရတနာသိုက်နဲ့ တွေ့တုန်း တူးသွားမှကွ”
“ဘာ … ဘာရတနာသိုက်လဲ”
“ဟ အဲဒီဂူထဲမှာ ရတနာတွေလေ”
“ငါတော့ မ … မမြင်ပေါင်။ ဟင်းမျိုလေး နှစ် နှစ်ကောင်ပဲရှိတာ”
သောင်းဝေ တစ်ချက်ပြုံးလိုက်ပြီး
“အဲဒါ ရတနာသိုက်ပေါ့ကွာ။ ရတောင့်ရခဲ ဟင်းမျိုးနို့ (ကျားနို့) လေ။ တို့နဲ့ထိုင်လို့ ရတာကွ”
တင်မြင့်ကား သွေးပျက်နေပြီ။
“ဟာ … ငါ… ငါ မလိုက်ရဲဘူး”
“ဟေ့ကောင် မင်းမလိုက်ရဲလို့ ဒီမှာနေလည်း ဟင်းမျိုးကြီးနဲ့ တွေ့မှာပဲ။ လိုက်ခဲ့… ဂူထဲဝင်ပြီး ကောင်လေးနှစ်ယောက် ဝင်ဖမ်းကြမယ်”
သောင်းဝေက ပြောပြောဆိုဆို အနီးရှိ ဝါးဖယောင်းတစ်လုံးအား ခုတ်၊ အခြမ်းငယ်များ ပြုလုပ်ကာ လက်မောင်းတွင်ကပ်၍ အင်္ကျီဖြဲကာ ကျပ်နေအောင်ချည်လိုက်သည်။
တင်မြင့်လည်း ပြီးပြီ။
နှစ်ယောက်သား ဓားမကိုယ်စီနှင့် ကျားခံတွင်းဝင်ကြပြီ။
ကျောက်ဂူမှာ တစ်ဖက်ပွင့် (အဝင်သာ) ရှိ၍ ထွက်ပေါက်မရှိဖြစ်၍ ပေနှစ်ဆယ်ခန့် ကျယ်ဝန်းသည်။ ပုပ်ဟောင်နံ့များ၊ အနံ့ဆိုးများကြောင့် ကျားဂူ၌ မည်သည့်သတ္တဝါမျှ မနေ။
မျက်စိလည်လမ်းမှားဝင်လာတတ်သော မြွေဆိုးများပင် ကျားငယ်လေးတို့၏ ထက်မြက်လှသော လက်သည်းများကြောင့် အစိတ်စိတ်အမြွာမြွာ ဖြစ် သွားမည် အမှန်။
ဤအန္တရာယ်ကို ကြိုမြင်၍ သောင်းဝေက လက်မောင်းနှစ်ဖက်အား ဝါးခြမ်းပြားများနှင့် ကျပ်စည်းခြင်းပင်။
သကောင့်သားလေးနှစ်ကောင်က နို့ဝ၍ အိပ်နေသည်။ သို့သော် ကျားမျိုး ဖြစ်နေ၍ ဝုန်းခနဲ ထလိုက်ကြသည်။
“ခွပ် … ဒုတ်”
တစ်ယောက်စီက ကျားလေးနှစ်ကောင်၏ ခေါင်းအား ဓားနှောင့်နှင့် ထုချေလိုက်ပြီး အမြီးမှဆွဲကိုင်ပေါက်ပစ်လိုက်သည်။
ဒါတောင် ကုတ်မိကုတ်ရာ ကုတ်လိုက်ကြသေးသည်။
ဝါးခြမ်းစိမ်းများ ကာမထားပါက မလွယ်။
ထို့နောက် ကျားသေလေးနှစ်ကောင်အား လုံကွင်းထဲထည့် ပခုံးနှင့် ခါးအား စလွယ်သိုင်းလျက် အပြေးထွက်လာခဲ့ကြတော့သည်။
စခန်းအနီးရောက်မှ ကျားလေးနှစ်ကောင်အား ဗိုက်ခွဲ၍ အူများကိုထုတ်ကာ မီးကင်ကြတော့သည်။ သို့မှသာ ခဲနေသော ကျားနို့ကို ရမည်မဟုတ်ပါလား။
“ကျွန်တော်တို့အဖြစ်က ဒါပါပဲ ဆရာမျိုး”
သောင်းဝေနှင့် တင်မြင့်က သူတို့၏အဖြစ်အပျက်ကို ပြောပြကြသည်။
မစ္စတာသောမတ်(စ်)မှာ ကိုမျိုးပြော၍ သိရသဖြင့် ခေါင်းတဆတ်ဆတ်။
တင်မြင့်က –
“ဆရာမျိုး ကျွန်တော်တို့နှစ်ယောက်နောက် ကျားမကြီးများ အနံ့ခံလိုက် လာဦးမလားဗျာ”
ကိုမျိုးက တဟားဟား ရယ်မောလိုက်ပြီးမှ။
“ဟကောင် … မှတ်ထား၊ ကျားဆိုတဲ့အကောင်ဟာ အစိမ်းစားလို့ သူ့တစ်ကိုယ်လုံး နံစော်နေတာ။ ဘယ်နှာခေါင်းနဲ့ အနှံ့ခံခံ အပုပ်နံ့ပဲရမှာပေါ့။ အနံ့ခံ လို့မရဘူးကွ။ စိတ်ချ … မင်းနောက်လိုက်လာရင်လည်း ငါနဲ့တွေ့မှာပဲ။ တကယ့် အားကောင်းမောင်းသန်ကျားလေးကို သတ်ရဲတဲ့ သူရဲကောင်းကြီးရယ်”
“ဝါး ဟား ဟား ဟား ဟား ဟား”
ယခုမှ စခန်းတစ်ခုလုံး သက်ဝင်လှုပ်ရှားလာကြတော့သည်။
မိုးလင်းလာပြီ။ တကယ့်မင်္ဂလာနံနက်ခင်းပါတကား။
– ပြီး –
စာရေးသူ – ကျော်မင်းညွန့်(လှည်းကူး)