• July 6, 2025
  • admin
  • 0

ဖိုးကျော့
ကျားနို့မရလိုက်သော်လည်း

“အဘ”

အနီးကပ်ခေါ်လိုက်သောအသံကြောင့် ရွာမုဆိုးကြီးဦးအထော် ခေါင်းမော့်ကြည့်လိုက်သည်။

သို့သော် မြားတံထုလုပ်နေသော တူငယ်ကိုမူ လက်က မချသေး။ ဖိုထဲတွင် မီးဖုတ်ထားသော ဖဲထီးသံချောင်းတွေကလည်း ရဲရဲနီနေသည်။ သူ့ဘေးတွင် အင်္ကျီချွတ်ကြီးနှင့် မတ်တပ်ရပ်နေသောသာရင်ကို တွေ့ရ၏။

“ဘယ်ကလှည့်လာတာလဲကွ”

“လှည့်လာတာမဟုတ်ဘူး၊ အဘကိုပြောစရာရှိလို့ တမင်လာတာ”

“ဟေ့ ဘာလဲကွ၊ ပြောပါဦး”

“ဒီလိုအဘရယ်၊ ကျွန်တော် နေ့လယ်က ကညင်တောင်ဘက် ဟင်းစားသွားရှာတာ၊ ညနေစောင်း ရေသောက်ဆင်းလာတဲ့ သားကောင်တစ်ကောင်တလေများ တွေ့မလားလို့ ကြခတ်စမ်းမှာ စောင့်နေတော့ ကျားမကြီးတစ်ကောင်နဲ့ ကျားကလေးနှစ်ကောင် ရေလာသောက်တာ တွေ့ခဲ့ရတယ်။

ကျွန်တော်လဲ အဘပြောဖူးတဲ့ ကျားသားပေါက်မနဲ့ ကျားနို့ယူတဲ့အကြောင်း သတိရလို့ အဘ လာပြောတာ။ ဒီကျားပေါက်မသားအမိကို ကြည့်ရတာ ဝံပုလွေချောင်းဖျားက ကျောက်ခေါင်းထဲမှာ နေကြပုံပဲဗျ။ အဲဒါ အဘနဲ့ ကျွန်တော် ကျားနို့သွားယူရရင် ကောင်းမှာပဲဆိုပြီး လာပြောတာ”

သာရင်မှာ ရွာမုဆိုးကြီးဦးအထော်၏ လက်သင်တပည့်ဟု ဆိုက လည်းမမှားပေ။ ဤသို့ ကျားမသားပေါက်ကို တွေ့ခဲ့သဖြင့် ကျားနို့ယူရန် လာပြောဖော်ရသည်ကို ဦးအထော် ကျေးဇူးတင်သွားလေသည်။

ကျားနို့ရလျှင် ငွေတစ်ထောင် နှစ်ထောင် ရနိုင်သဖြင့် …

“အိမ်း မင်းပြောသလိုဆိုရင် သိပ်ဟန်ကျတာပေါ့ သာရင်ရာ။ သွားကြတာပေါ့”

ဟု ပြောလိုက်လေသည်။

အမှန်မှာ ဦးဘထော်လို တောအတွေ့အကြုံ၊ သားကောင်အတွေ့ အကြုံ၊ အထူးသဖြင့် ကျားအတွေ့အကြုံ မရှိထားသူဆိုလျှင် ကျားကလေးဗိုက်ထဲက ကျားနို့ကို ရယူရမည်ဆိုသော စီမံကိန်းမှာ သာမန်လူများအတွက် အိပ်မက်ပင် မက်ရဲသော အလုပ်မဟုတ်ပေ။

အလွန်အန္တရာယ်များပြီး သက်စွန့်ဆံဖျား စွန့်စားရသော အလုပ်ပင်။

သို့သော် ဦးအထော်အနေကတော့ ဤအလုပ်မျိုးကို သူ့တစ်သက်တာ၌ သုံးလေးခါ လုပ်ဖူးသူမို့ များစွာတုန်လှုပ်ချောက်ချားမှု မဖြစ်မိ။ လသာရက်နှင့် ကျားနို့ရနိုင်သော ရက်တို့ကိုသာ တွက်ချက်ရုံသာ။

ကျားမများသည် များသောအားဖြင့် နတ်တော်ပြာသိုတွင် မိတ်လိုက်ကြပြီး ယခုလို နွေနှောင်းမိုးဦးများတွင် သားပေါက်တတ်ကြသည်။ ယခုလိုကာလ၌ ကျားကလေးများသည် လသားသာသာမျှသာ ရှိဦးမည် ဆိုသည်ကိုလည်း ဦးအထော်သည် အတွေ့အကြုံအရ ကောင်းစွာ ခန့်မှန်းမိသည်။

လရင့်လျှင်တော့ ကျားကလေးဗိုက်ထဲက ကျားနို့ကိုမရနိုင်တော့။ ကျားကလေးများ လရင့်လာလျှင် ကျားကလေးလျှာမှာ ဆူးတွေမာလာပြီး ကြမ်းတမ်းခက်တရော်လာသည်။ ထိုအခါ မိခင်ကျားမကြီးသည် ကျားကလေးများကို နို့တိုက်တိုင်း နို့သီးနာသဖြင့် မတိုက်တော့။ သစ်ရွက်များပေါ် နို့ရည်သွန်ချ၍သာ တိုက်တတ်သည်။

ထိုအခါ ကျားကလေး ဗိုက်ထဲ အူထဲမှာ နို့ရည်ဆို၍လည်း အူအခွေလိုက် အတောင့်လိုက် မရတတ်တော့။

ထို့ကြောင့် ဤရာသီသမယသည် ကျားကလေးဗိုက်ထဲက နို့ရည်ကို ရယူရန် အကောင်းဆုံးကာလဆိုသည်ကို ဦးအထော် အတပ်သိလေသည်။

သို့သော် ယခု သာရင် လာပြောသောကာလသည် လမိုက်ညဖြစ်နေသဖြင့် လသာညကိုတော့ ကျိတ်မှိတ်စောင့်နေရပေဦးမည်။ သည်လိုနှင့် ကဆုန်လဆန်း ၁၃ ရက်နေ့သို့ ရောက်ခဲ့သည်။

ရွာမုဆိုးကြီး ဦးအထော်နှင့် သာရင်တို့သည် ကညင်ဆီမီးတုတ်နှင့်တကွ ကျားဖမ်းကိရိယာ တန်ဆာပလာများကိုယူကာ ဝံပုလွေချောင်းဖျားက ကျောက်တောင်ကြီးဘက် ထွက်လာကြသည်။ သူတို့နှစ်ဦး ရွာက ထွက်လာကြချိန်မှာ နေမွန်းတိမ်းစသာ ရှိသေးသည်။

ဝံပုလွေချောင်းဖျားက ကျောက်တောင်နားရောက်တော့ နေတော်တော်စောင်းသွားလေပြီ။ ထို့ကြောင့် ကျားသားပေါက်မရှိနေသော ကျောက်ခေါင်းဝနားက စင်ပြွမ်းပင် တစ်ပင်ပေါ်တက်ပြီး ကျားမကြီးနှင့် ကျားကလေးတို့၏ အခြေအနေကို အကဲခတ် ငုံ့ကြည့်နေကြသည်။

အနောက်ဘက်ရှိ တောင်မြင့်တန်းကြီးများပေါ် နေလုံးကြီး နစ်ဝင်သွားသည့်နှင့် တစ်ပြိုင်နက် ‘ဝေါ’ ခနဲ ဟိန်းလိုက်သော ကျားမကြီး၏ အသံသည် ကျောက်ခေါင်းထဲမှ ထွက်လာသည်။

ဦးအထော်က ကျားမကြီးနိုးပြီဖြစ်ကြောင်း သာရင်ကို အချက်ပြလိုက်၏။ တစ်ညလုံး ကိုးကျင်းကိုးတော အစာရှာထွက်တတ်သော ကျားများသည် နေ့ခင်းနေ့လယ်ဆိုလျှင် ကျောက်ခေါင်းထဲ၌ သိုးနေအောင် အိပ်နေတတ်သော ကျားသဘာဝကို သူတို့နှစ်ဦးက သိပြီးသားပင်။

ခဏအကြာမှာပင် ကျားမကြီးသည် သူ့ကလေးနှစ်ကောင်နှင့်အတူ ကျောက်ခေါင်းဝမှ ခေါင်းပြူလာ၏။ မြေပြင်ကို တစ်ချက်နှစ်ချက် ယက်လိုက်ကာ ဟိန်းသံ တစ်ချက် နှစ်ချက်ကိုလည်း ပြုလိုက်၏။

ဤသည်မှာ ဤတော ဤတောင် ဤနေရာ ဤဒေသတစ်ဝိုက်တွင် သူ့ကို မည်သူယှဉ်ပြိုင်ရဲသနည်းဟု စိန်ခေါ်သံ။ မယှဉ်ရဲသူများ ရှောင်ကြလော့၊ ရှားကြလော့ဟု သတိပေးသံ။

ထို့နောက် မိမိ အစာထွက်ရှာနေစဉ် သူ့ကလေးနှစ်ကောင်အား မည်သည့်တောတိရစ္ဆာန်ကမှ လာပြီး အနှောင့်အယှက်မပေးရဲအောင် “ဒီနေရာမှာ ငါရှိတယ်ဟေ့” ဟု တခြားသားကောင်များအား အော်ပြောလိုက်သံ။

ရွာမုဆိုးကြီး ဦးအထော်နှင့် သာရင်တို့သည် ရင်တထိတ်ထိတ်နှင့် စင်ပြွမ်းပင်ပေါ်က ကြည့်နေကြသည်။

ကျားမကြီးသည် ကျားကလေးနှစ်ကောင်ကို ဦးဆောင်ကာ စမ်းထဲသို့ ရေသောက်ဆင်း၏။ ကျားမကြီး ရေသောက်ပြီး ပြန်တက်လာချိန်မှာ မိုးချုပ်နေလေပြီ။

သို့သော် ထွန်းပသော ကဆုန်လဆန်း ၁၃ ရက်နေ့လ၏ လရောင်ကြောင့် ကျားမကြီးနှင့် ကျားကလေးနှစ်ကောင်ကို လရောင်ထဲ မြင်နေရသည်။

ကျားမကြီးသည် သူအစာရှာထွက်ရန်အတွက် ကျားကလေးနှစ်ကောင်ကို ကျောက်ခေါင်းထဲ ပြန်ခေါ်သွား၏။ ခဏအကြာမှာ ပြန်ထွက်လာသည်။ ကျားကလေးနှစ်ကောင်ကလည်း သူ့အမေနှင့် လိုက်လိုသဖြင့် ထက်ကြပ်မကွာ ပြန်ထွက်လာကြပြန်သည်။

ကျားမကြီးက ကျားကလေးနှစ်ကောင်ကို ကျောက်ခေါင်းထဲ ပြန်သွင်းပြန်၏။

ဤသို့နှင့် ပြန်သွင်းလိုက် ပြန်ထွက်လာလိုက်နှင့် အခေါက်ခေါက်အခါခါ ဖြစ်နေကြသည်။ နောက်တော့ ကျားမကြီးသည် စိတ်ရှည်ပုံမရတော့။ သူ့ဝမ်းဗိုက်ကလည်း ဆာလောင်မွတ်သိပ်လာရာ ကျားကလေးနှစ်ကောင်ကို ဟိန်းဟောက်ချော့မော့သည်။ ခြိမ်းခြောက် မာန်မဲသည်။

ထို့နောက်မှာ ခေါင်းနှင့်ခွေ့ လက်နှင့်ပုတ်သွင်းပြီး ကျားမကြီး ခုန်ပေါက်ထွက်ပြေးသွားလေ၏။

တောမကျွမ်းသေးသော ကျားကလေးနှစ်ကောင်မှာ မိခင်ကြီးကို မမီလိုက်သဖြင့် ကျောက်ခေါင်းထဲပြန်ဝင်နေကြ၏။

ဤသည်မှာ ဦးအထော်နှင့် သာရင်တို့အတွက် အကွက်အကွင်းပင်။

သို့သော် ကျားမကြီး မည်မျှဝေးဝေးသို့ ရောက်သွားပြီဆိုသည်ကို သိရန်လိုသဖြင့် နားစွင့်မျက်စိဖွင့်ကာ စင်ပြွမ်းပင်ပေါ်ကပင် အကဲခတ် ကြည့်နေကြရသည်။ ချက်ချင်းဆင်းပြီး ကျားကလေးနှစ်ကောင်ကို မဖမ်းရဲကြသေး။

သူတို့နှစ်ဦးသည် ဤကျားကလေးနှစ်ကောင်ကို ဖမ်းဆီးရမိလျှင် ပထမ မီးဖုတ်ရမည်။ မီးဖုတ်လိုက်သော အပူဒဏ်ကြောင့် ကျားကလေးဗိုက်ထဲရှိ နို့ရည်အူအခွေသည် တောင့်တောင့်ကြီး ဖြစ်သွားမည်။ သို့မှသာ ဗိုက်ခွဲပြီး အူအခွေလိုက်ကို ပရဆေးဆရာများဆီသွားပြီး ကျားနို့အဖြစ် ရောင်းကြရမည် မဟုတ်ပါလား။

ကွမ်းတစ်ယာညက်ပင် မစောင့်လိုက်ရ။ တောင်တစ်လုံးကျော်မှ တောကြက်များပြိုသံ, ကတော်တိုက်သံ, ချေဟောက်သံများကို ကြားကြရ၏။

စောစောကထွက်သွားသော ကျားမကြီးသည် တောင်တစ်လုံးကျော်သို့ ရောက်သွားပြီဆိုသည်ကို ဦးအထော်နှင့် သာရင်တို့ ချက်ချင်း သိလိုက်ကြသည်။ ထိုအခါ စင်ပြွမ်းပင်ပေါ်မှ နှစ်ယောက်သား ရုတ်ခြည်း ခုန်ဆင်းလာကြ၏။

ဦးအထော်က ကျောက်ခေါင်းထဲ အရင်ဝင်သည်။

သာရင်က ကညင်ဆီမီးတုတ်ကို ထွန်းပြီး ဝါးထရံတစ်ချပ်ကို ထမ်းကာ နောက်ကလိုက်၏။ ခြေလှမ်း သုံးလေးလှမ်းအရောက်တွင် ဝါးထရံကြားနှင့် ကျောက်ခေါင်းဝကို ပိတ်လိုက်ကြ၏။

သာရင်သည် လက်ထဲက ဝါးတုတ်ကို ဦးအထော်ဆီလှမ်းပေးပြီး ဝါးထရံတွင် တပ်ထားသော ကြိုးကွင်းကို လက်ထိုးဆွဲပိတ်ထားကာ ဦးအထော်ကို နောက်ပြန်လှည့်ကြည့်နေသည်။

ဦးအထော်သည် ကျားသားပေါက်နှစ်ကောင်ကို ဖမ်းသတ်ရန် တင်းပုတ်တစ်ဖက် ဝါးတုတ်တစ်ဖက်ကိုင်၍ တစ်ကိုယ်တည်းဝင်သွား၏။

သူတို့ဂူထဲ လူသားများ ရောက်လာပြီဆိုသည်ကို သိသွားသော ကျားကလေးနှစ်ကောင်မှာ ကြောက်လန့်တကြားနှင့် ဆောက်တည်ရာမရ လျှောက်ပြေးနေကြသည်။

ဦးအထော်ကလည်း မည်သည့်ကျားကလေး တစ်ကောင်ကိုမှ တင်းပုတ်နှင့် မထုမိသေး။ ကျားကလေးနှစ်ကောင်မှာ ကြောင်တစ်ကောင်လောက်ပင် ကောင်းစွာမရှိကြသေးသဖြင့် တော်တော်နှင့် မထုမရိုက်မိဖြစ်နေ၏။ အကြိုအကြားတွေထဲမှာ ဝင်ပုန်းနေကြ၏။

ရိုက်မည်ပြုလျှင် ထွက်ပြေးကြပြန်၏။

“သာရင် မင်းဘက်ကို ပြေးလာပြီကွ။ အပေါက်ကို မြဲမြဲပိတ်ပြီး မောင်းလွှတ် … မောင်းလွှတ်။ ငါ ဒီက စောင့်ရိုက်မယ်”

ဦးအထော်က အော်ပြီးပြောလိုက်တိုင်း သာရင်မှာလည်း သူရှိရာ အပေါက်ဝဘက် ပြေးလာသော ကျားကလေးနှစ်ကောင်ကို ခြေထောက်နှင့် ပိတ်ကန်ခြင်း၊ အသံနှင့် ဆဲဆိုခြင်းပြုကာ မောင်းလွှတ်ရ၏။

လက်နှစ်ဖက်ကမူ ကျားကလေးနှစ်ကောင် လွတ်ထွက်ပြေးသွားမှာစိုးသဖြင့် ဝါးထရံက ကြိုးကွင်းကို မြဲမြဲဆုပ်ကိုင်ထားရ၏။

သာရင် မောင်းလွှတ်လိုက်သော ကျားကလေးနှစ်ကောင်မှာ ကျောက်ခေါင်းအတွင်းဘက်ရှိ ဦးအထော်ဆီ ပြန်ဝင်ပြေးသွားကြပြန်၏။

ဦးအထော်၏ ထုသံ ရိုက်သံ၊ ကျားကလေးနှစ်ကောင်၏ ကြောက်ရွံ့တကြီး အော်ဟစ်မာန်ဖီသံတို့မှာ ကျောက်ခေါင်းတစ်ခုလုံး ညံနေသည်။

ကျောက်ဂူ၏ ပဲ့တင်လိုဏ်သံကြောင့် လူသံ, ကျားသံရိုက်သံ, ထုသံတို့မှာလည်း ရောထွေးနေသည်။ ဦးအထော်ကလည်း ကျားကလေးနှစ်ကောင်ကို တော်တော်နှင့် ရိုက်မသတ်နိုင်သေး။

ဓားလှံတို့ ပါသော်လည်း ကျားကလေးများ၏ အူကို ခုတ်မိ ထိုးမိလျှင် နို့ရည်တွေ ထွက်ကုန်မှာစိုးသဖြင့် မထိုးရဲ မခုတ်ရဲနှင့် ဦးအထော်နှင့် ကျားကလေးနှစ်ကောင်မှာ ကျောက်ဂူခေါင်းထဲတွင် လိုက်တမ်းပြေးတမ်း ကစားနေကြ၏။

ထိုစဉ် ဂူဝကိုပိတ်ပြီး ဝါးထရံချပ်၏ လက်ကိုင်ကွင်းကို အတွင်းဘက်မှ တအားဆွဲကိုင်ထားသော သာရင်က အထိတ်တလန့်နှင့် …

“အဘ ကျား … ကျားမကြီးဗျ”

ဟု အော်ဟစ်လိုက်သည်။

မှန်သည်။ စောစောကထွက်သွားသော ကျားမကြီးသည် ချေသေတစ်ကောင်ကို သွေးရဲရဲသံရဲရဲနှင့် အစိမ်းလတ်လတ် ကိုက်ချီကာ ကျောက်ဂူဝရှေ့ရောက်လာ၏။

သာရင် အော်လိုက်သောအသံကြောင့် ကိုက်ချီလာသော ချေသေကောင်ကို ပါးစပ်ထဲက ချက်ချင်းပစ်ချကာ သာရင်ဆီသို့ ဟိန်းဟောက်ပြီး ပြေးလာ၏။

သာရင်ထံသို့ ကျားမကြီး ပြေးလာသလို ဦးအထော်ကလည်း အထိတ်တလန့်နှင့် သာရင်၏အနီးသို့ ချက်ချင်းရောက်လာ၏။

“သာရင် မ … မကြောက်နဲ့။ ဒီထရံကွင်းကို မြဲမြဲဆွဲပိတ်ထား။ မလွှတ်လိုက်နဲ့။ ကျား . . . ကျားမကြီး ဝင်လာရင် တို့ . . . တို့ကို ကိုက်လိမ့်မယ်”

ပြောပြောဆိုဆိုနှင့် ဦးဘထော်ကလည်း သာရင် တအားဆွဲထားသော ထရံကွင်းကို ကူဆွဲပေးထား၏။

ကျားမကြီးနှင့် သူတို့နှစ်ယောက်မှာ ထရံတစ်ချပ်သာခြားနေသည်။

အပြင်၌ရောက်နေသော ကျားမကြီးက ဝမ်းခေါင်းသံကြီးနှင့် ကြောက်မက်ဖွယ်ရာဟိန်းကာ ထရံကြားသို့ လက်နှင့်ကုတ် ပါးစပ်နှင့်ကိုက် လုပ်နေ၏။

ထိုအခါ ဦးအထော်က လှံနှင့် လှမ်းထိုးသည်။

သို့သော် ထရံကြားအပေါက်မှ လှမ်းထိုးရသဖြင့် မထိရောက်။ ကျားမကြီးက ဦးအထော် လှံနှင့် လှမ်းထိုးတိုင်း ပို၍ ဟိန်းဟောက်သည်။

ပြီးနောက် တစ်လှမ်း နှစ်လှမ်း ဆုတ်သွားရုံသာ။

ခဏအကြာတွင် ဦးအထော်နှင့် သာရင်တို့ကို ကိုက်သတ်ရန် ကျောက်ခေါင်းဝကို ပိတ်ထားသော ဝါးထရံကြားနား ရောက်လာပြန်၏။

သည်ကြားထဲ သူ့အမေကြီးအသံကိုကြားသော ကျားကလေးပေါက်စနှစ်ကောင်က ဂူထဲမှ ပြေးထွက်လာကြကာ ဦးအထော်နှင့် သာရင်တို့ ခြေထောက်ကြားထဲ လာတိုးကြပြန်၏။

ကျားမကြီးရန်ကို ကြောက်ပြီး ကျားမကြီးကိုသာ အာရုံပေး အလေးထားနေရသော ဦးအထော်နှင့် သာရင်တို့မှာ ဤတစ်ခါတော့ ကျားကလေးနှစ်ကောင်ကို ထုသတ်ရန် သတိမရနိုင်ကြတော့။

သူ့ကလေးနှစ်ကောင်၏ အော်သံနှင့် လူနှစ်ယောက်အနီးတွင် ဆောက်တည်ရာမရ ဖြစ်နေကြသော သားသမီးများကို မြင်သောအခါ ကျားမကြီးမှာ ဝေါခနဲအော်ပြီး ထရံကို ခုန်အုပ်တော့သည်။

ကျားမကြီး ခုန်အုပ်လိုက်တိုင်း ဦးအထော်ကလည်း မုဆိုးပီပီ အလွတ်မပေး။ထရံကြားကို လှံနှင့် လိုက်ထိုး၏။

ဦးအထော်၏ လှံချက်ထိ၍ နာကျင်သွားသော ကျားမကြီးသည် ပို၍ ဒေါသကြီးလာ၏။ သူ့ကလေးများကိုမြင်တိုင်း ကျားကလေးတွေ အော်သံကိုကြားတိုင်း မိခင်စိတ်နှင့် ခုန်ခုန်အုပ်နေ၏။

“သာရင် မင်း မကြောက်နဲ့နော်။ ထရံကွင်းကို မြဲမြဲဆွဲထား။ ငါ . . . ငါ ချက်ကောင်းကို စောင့်ပြီးထိုးမယ်။ ကျားမကြီး ဒေါသမွှန်နေပြီ။ မကြောက်နဲ့ … သူ့အမှားက သူ့အသက်ပဲ။ မင်း . . . မင်းအမှားလဲ မင်းတို့ ငါတို့ အသက်ပဲ။ သ. . . သတိထား”

မကြောက်နှင့်ဟု ဆိုသော်လည်း မုဆိုးကြီးအသံတုန်နေပြီ။ သာရင် မှာလည်း ဇောချွေးတွေပြန်ကာ ထရံလက်ကိုင်ကွင်းကို တအားကန်ဆွဲထားရ၏။ လက်အဆွဲလျော့သွားသည်နှင့် ကျားမကြီး ဝင်လာပြီး ကိုက်နိုင်သည်။ သည်ကြားထဲ ကျားကလေးနှစ်ကောင်ကပါ အပြင်ရှိသူ့အမေကို မြင်သောအခါ နှီးထရံကြားကို တိုးဝှေ့ကိုက်ဖဲ့လာ ကြပြီ။ သူ့ခြေသလုံးသားကို တအားမကိုက်သေးသည်ကိုပင် ကျေးဇူး တင်ရဦးမည်။

ကျားကလေးနှစ်ကောင်နှင့် သူမှာ နီးနီးကပ်ကပ်ဖြစ်နေ၏။ ဦးအထော်ကလည်း မျက်တောင်မခတ် ကျားမကြီးကိုသာ လှံဆ၍

သတိမလွတ် ကြည့်နေကြရာ အနီးဆုံးရန်သူ ကျားကလေးနှစ်ကောင်ကို ထိုးသတ်ဖို့ သတိမရနိုင် ဖြစ်နေ၏။

အမှန်မှာ သူတို့နှစ်ယောက် အတွက်လွဲခဲ့ကြသည်။

ကလေးနှစ်ကောင်ကို ကျောက်ခေါင်းထဲထားပြီး အစာရှာထွက်သွားသော ကျားမကြီးသည် ဤမျှစောစောစီးစီး အစာရပြီး ပြန်လာလိမ့်မည်ဟု မထင်ခဲ့ကြ။

ကျားမကြီးအလစ်တွင် ကလေးနှစ်ကောင်ကိုသတ်ပြီး ရွာရောက်လောက်မှ ကျားမကြီး ပြန်လာလိမ့်မည်ဟု ထင်ပြီး လုပ်ကိုင်ခဲ့ခြင်းသာ။

ယခုတော့ ဦးအထော်နှင့် သာရင်တို့မှာ ဒုက္ခလှလှကြီး ရောက်နေကြပြီ။ သာရင်အော်လိုက်ကတည်းက မီးထုတ်ကိုပစ်ချပြီး လှံကိုကိုင်ထားရသော မုဆိုးကျော်ကြီး ဦးအထော်မှာလည်း ယခုတော့ချွေးပြန်ကာ ကြံရာမရ ဖြစ်နေလေပြီ။

ကညင်ဆီမီးတုတ်ကလည်း ငြိမ်းသေတော့မည်။ အမှောင်ထဲရောက်သွားလျှင် သူတို့က မျက်စိမမြင်တော့။ ကျားကမူ အမှောင်ထဲ၌ ပို၍ မျက်စိအမြင် ကြည်လင်လာမည်။ အမှောင်သည် ကျားအတွက် အားဆေးပင်။

တစ်နာရီနီးပါး ကြာလာသောအခါ ဂူထရံတံခါးကို ဆွဲထားရသော သာရင်မှာ လက်အံသေလာပြီ။ ဇောချွေးတွေနှင့် ချောကျိကျိလည်း ဖြစ်လာပြီ။

ကျားမကြီးကမူ ခုန်အုပ်လိုက် လက်နှင့်ပုတ်လိုက်နှင့် အားမာန်ပိုပြီး ပြလာသည်။

ဦးအထော်၏ လှံချက်ကလည်း မထိရောက်တော့။

လှံသွားထိ၍ ဝါးကပ်ထရံကို ချီထားသော အလယ်အူတိုင် ကြိမ်ချက်ပင် ပြုတ်ထွက်သွားပြီ။

“အ . . . အဘ . . . ဘယ်နှယ့်လုပ်ကြမတုံးဗျ။ ကျုပ် . . . . ကျုပ် လက်အံ သေ . . . သေနေပြီ”

သာရင် အော်ပြောလိုက်သောအသံကို ပီပီသသ ကြားလိုက်ရသော်လည်း ရုတ်တရက်မူ ဦးအထော်က ဘာလုပ်ရမှန်းမသိ။

ထိုစဉ် သူ့ခြေထောက်နှစ်ချောင်းကြားထဲမှ တိုးပြေးသွားသော ကျားကလေးနှစ်ကောင်က သာရင် ဆွဲကပ်ထားသော ဝါးထရံကို သွေးရူးသွေးတန်းနှင့် သွားကိုက်ကြပြန်၏။

ထွက်ပေါက်ရှာနေကြသော ကျားကလေးနှစ်ကောင်ကို မြင်သောအခါ ကျားမကြီးကလည်း မာန်ဖီချဉ်းကပ်လာပြန်သည်။

ဦးအထော်သည် ချက်ချင်း တစ်စုံတစ်ခုကို သတိရသလိုနှင့် သာရင်ဆွဲကပ်ထားသော ဝါးထရံအစတစ်ဖက်ကို လှံရိုးနှင့် ကလော်ကာ ကျားကလေးနှစ်ကောင် ထွက်ပြေးနိုင်ရုံ ဟပေးလိုက်၏။

ကျားကလေးနှစ်ကောင်သည် ဦးအထော် ဟပေးလိုက်သော ထရံပေါက်မှ သေပြေးရှင်ပြေး ထွက်ပြေးသွားကြသည်။

ထိုအခါ သေတွင်းမှလွတ်လာသော သူ့သားကလေးနှစ်ကောင်ကို ခေါ်ပြီး ကျားမကြီးသည် ညဉ်းတွားအော်မြည်ရင်း ဦးအထော်တို့ရှိရာ ကျောက်ခေါင်းနားမှ ခွာသွားလေသည်။

သို့သော် ဦးအထော်တို့ကမူ ကျောက်ခေါင်းထဲမှ ရုတ်တရက် မထွက်ဝံ့ကြသေး။

ဝါးထရံကို အကာအကွယ်ပြုကာ ဂူဝဘက်သို့ တစ်လှမ်းချင်း လှမ်းထွက်လာကြ၏။ ဂူဝနားရောက်သောအခါ ကညင်ဆီမီးတုတ်နှင့် သစ်ရွက် သစ်ကိုင်းများကို စုပုံပြီး မီးရှို့ကြသည်။

ကျားသားအမိကား သူတို့အနားတွင် မရှိတော့။

မီးဖိုမှ မီးတောက်လာမှ သူတို့ဂူဝနားတွင် ချေသေတစ်ကောင်ကို တွေ့ကြရသည်။

ကျားမကြီးသည် သူ့သားသမီးနှစ်ကောင် သေတွင်းမှ လွတ်လာကြသဖြင့် ဝမ်းသာအားရဖြစ်ကာ ချေသေကိုပင် မေ့ထားခဲ့ပုံရသည်။

ဤသည်ကို သာရင်က အကြောက်မပြေတပြေနှင့် ဦးအထော်ကို အော်ပြောလိုက်၏။

“အဘ ကျုပ်တို့ ကျားနို့မရလိုက်ပေမယ့် ကျားမကြီးက ဟင်းစားတော့ ချန်ခဲ့ပါတယ်ဗျာ”

(မုဆိုးပြောသောပုံပြင်များမှ)

– ပြီး –

စာရေးသူ – ဖိုးကျော့

Leave a Reply

Your email address will not be published. Required fields are marked *