စောရွှေဗိုလ်
ကျားပစ်အောင်ပွဲ
အချိန်မှာ ၁၉၇၄ မှ ၇၅ ခုနှစ် သို့ အကူး ယခုကဲ့သို့ဆောင်းရာသီ။
နေရာမှာ ကချင်ပြည်နယ် မချမ်းဘောမြို့၏ မြောက်ဖက် ၇ မိုင်ခန့်ကွာသော နမ်းခမ်းရွာကလေး။
ကျွန်တော်တို့သည် ရဝမ်ကျောင်းဆရာ ဦးဖုန်ရှန်ထင်၏ နေအိမ်တွင် ခရီးမတ်တတ် တည တည်းခိုရင်း ချမ်းအေးလှသော ကချင်ဒေသဓလေ့နှင့်အညီ မီးဖိုဘေးမှာ ဝိုင်းထိုင်မီးလှုံနေကြ၏။
ရဝမ် တောင်ယာသမားကြီးများနှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းအကြောင်း ပြောရင်း တခါတရံတောင်ယာကို ဝင်ရောက်ဖျက်ဆီးတတ်သော တောဝက်ကြီးများ၊ ဆင်ဆိုးများအကြောင်း စကားစပ်မိ၏။
ထိုမှတဆင့် ကျားဆိုးများအကြောင်း ရောက်သွားရာမှ ဤ ကျားပစ်မုဆိုး ကိုယ်တွေ့ဇာတ်လမ်းကလေးကို ကျွန်တော်တို့၏ ရဝမ်မိတ်ဆွေကြီး ဦးဆင်ဆားရ်က ပြောပြလေသည်။
ကျားပစ်ဇာတ်လမ်း မစမီ ကျားပစ်သူ ဦးဆင်ဆားရ် အကြောင်းကို အနည်းငယ် ကျွန်တော် တင်ပြလိုသေး၏။
ရဝမ်အမျိုးသား ဦးဆင်ဆားရ်ကို ကျွန်တော်တို့ သိကျွမ်းခင်မင်ခဲ့သည်မှာ ၁ဝ နှစ်ခန့်ကြာပြီ။
၁၉၆၆ ခုနှစ် ဆောင်းရာသီတွင် ကျွန်တော်တို့သည် ပထမဆုံးအကြိမ် ကချင်ပြည်နယ်သို့ ရောက်၍ တလခွဲကြာမျှ ခြေလျင်ခရီး လှည့်လည်ကြ၏။
ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါ်ဘူဒ မြို့နယ် လေးခု အနှံ့ရောက်ခဲ့၏။
ထိုစဉ်က ဦးဆင်ဆားရ်သည် မချမ်းဘောမြို လမ်းစဉ်ပါတီယူနစ်၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက် ရှိ၏။
ကျွန်တော်တို့ ခရီးသွားအဖွဲ့၏ ခေါင်းဆောင်မှာ ထိုစဉ်က ကချင်ပြည်နယ် ဥက္ကဋ္ဌကြီး (ယခု နိုင်ငံတော် ကောင်စီဝင်) ဦးဒိန်ရတန် ဖြစ်၏။
ဦးဆင်ဆားရ်သည် အဖွဲ့တွင် လမ်းပြအဖြစ်၊ စကားပြန်အဖြစ် လိုက်ပါလာသည်။ အများအားဖြင့် သူသည် ကျွန်တော်တို့အဖွဲ့ကြီးရှေ့မှ ကြိုတင်သွားပြီး ကျေးရွာရှိလျှင် အဖွဲ့၏ တည်းခိုရေးကိစ္စကို စီစဉ်ထား၏။
တောလမ်းခရီးဖြစ်လျှင် အဖွဲ့၏ စခန်းချ ရပ်ရေးအတွက် နေရာရွေးချယ်ထား၏။
ကျေးရွာလူထုနှင့် တွေဆုံဆွေးနွေးပွဲ ဖြစ်မြောက် စေရန်လည်း ကြိုတင်နှိုးဆော်ထား၏။
ဤတာဝန်များအပြင် သူသည် ကျွန်တော်တို့ အဖွဲ့ကြီးတွင် ခရီးသွားရင်း ရိက္ခာမပြတ်စေရန် သူ၏ ပုခုံးပေါ်တွင် အမြဲထမ်းလျက် ပါလာတတ်သော နှစ်လုံးပြူးသေနတ်ကြီးတလက်ဖြင့် တောဝက်၊ ဂျီ၊ ဆတ်၊ တောင်ကောင်ငယ်များကို ပစ်ခတ်ပြီး ဟင်းလျာရှာဖွေရေး တာဝန်ကိုပါ ဆောင်ရွက်လိုက် သေး၏။
အရပ်မြင့်မြင့် သွယ်သွယ်၊ အသားဖြူဖြူ၊ နှာတံပေါ်ပေါ်နှင့် တက္ကသိုလ်ပညာတတ်တဦး ဖြစ်သော သူသည် အနေအထိုင် လွန်စွာသန့်ရှင်းသပ်ရပ်၏။ သူ့ရုပ်သဏ္ဌာန်နှင့် ကြမ်းတမ်းခက်ခဲသော ဤတောတောင် ဒေသမှာ မဆီလျော်လှချေ။
သို့သော် သူသည် သေနတ်ထမ်းရင်း တတောင်ဆင်း တတောင်တက်၊ တရွာဝင် တရွာထွက်၊ ခရီးသွားနေရသည်ကို အလွန်ပျော်၏။ ဆင်းရဲပင်ပန်းမှုများကို ကြံ့ကြံ့ခံနိုင်၏။ ရဝမ်အမျိုးသား ပီသလှသူ တဦးပါတည်း။
ယခုအခါတွင်မူ ဦးဆင်ဆားရ်သည် သူ၏ အရည် အချင်းအလျောက် ခေါ်ဘူဒဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထိုက်တန်စွာ တာဝန်ထမ်းဆောင်လျက် ရှိလေသည်။
ခေါ်ဘူဒဲသည် မြန်မာနိုင်ငံ မြို့နယ်ပေါင်း သုံးရာ ကျော်အနက် ခရီးအဝေးဆုံး၊ တောင်တက်ခရီးလမ်းအကြမ်းဆုံးမြို့နယ်ဟု ဆိုနိုင်၏။
ဤမြို့နယ်တွင် တောင်တက် တောင်ဆင်း ခြေလျင်လမ်းမှတပါး အခြားမရှိ။
ယခုလည်း ဦးဆင်ဆားရ်သည် သူ၏မြို့နယ် ခေါ်ဘူဒဲတွင် လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းတင်ပြရန် ခြေလျင်ခရီး ထွက်လာရင်း ကျွန်တော်တို့နှင့် နမ်းခမ်းရွာ၌ ခရီးကြုံ တွေ့ဆုံကြခြင်း ဖြစ်ပါ၏။
လွှတ်တော်ကိုယ်စားလှယ် ဖြစ်သော်လည်း တောင်ပေါ် ဒေသတွင် သူသည် ဝါသနာအလျောက် နှစ်လုံးပြူး သေနတ်ကြီးကို ကိုယ်တိုင်ထမ်းကာ တောလမ်း တောင်လမ်း ခရီးကြမ်းထွက်ရင်း သူ့မြို့နယ်အတွင်း ကျေးရွာအနှံ့၊ တောင်ယာ လယ်တောအနှံ့ သွားလာနေတတ်၏။
သူပုခုံးပေါ်ရှိ သေနတ်ကြီးမှာလည်း အလှပြ ဟန်ဆောင်မဟုတ်။ ကျေးရွာများ တောင်ယာများ၌ မကြာခဏ ဒုက္ခပေးလာတတ်သော တောဝက်ဆိုး၊ ကျားဆိုးများ၏ အန္တရာယ်ကို တကယ်တမ်း ကူညီရှင်းလင်းပေးနိုင်သော ရဲဘော်သေနတ်ကြီးဖြစ်၏။
ယခု နမ်းခမ်းရွာ မီးဖိုဘေးမှာ သူသည် သူ၏ရဲဘော် သေနတ်ကြီးကို ပြောင်းတိုက် သန့်ရှင်းနေရင်း အောက်ပါ သူ၏ ကိုယ်တွေ့ ကျားပစ်မုဆိုးဇာတ်လမ်းကလေးကို ပြောပြနေလေသည်။
X X X X X X X X X
“အဲဒီတုန်းက တကယ်တော့ ကျွန်တော် ကျားပစ်ဖို့ မဟုတ်ပါဘူးဗျာ။ ခေါ်ဘူဒဲကအပြန် နောင်မွန်းကို ခဏဝင်နားတာပါ။
နောင်မွန်းမှာ ကျွန်တော်တို့ အလယ်တန်းကျောင်းကြီး ဆောက်နေတဲ့အချိန်တုန်းကပေါ့။ ကျွန်တော်လဲ ကျောင်းကိစ္စ အခက်အခဲ ဘာရှိသလဲ ဝင်မေးပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီ အလယ်တန်းကျောင်းကိုရအောင် ဥက္ကဋ္ဌကြီး ဦးဒိန်ရတန်နဲ့ မြို့နယ်လူထုအတော် ကြိုးပမ်းခဲ့ကြရတယ် မဟုတ်လား။
ကျောင်းဆောက်ဘို့ အမိန့်တွေ ငွေတွေ ရပြီးမှ ဆောက်လုပ်ရေးမှာ ကြန့်ကြာနေရင် ကလေးတွေ စာသင်ဖို့ ခက်တာပေါ့။
ဒါကြောင့် ကျွန်တော်လဲ သွားပြီး စုံစမ်းတော့ အဆောက်အဦးအတွက် ပျဉ်တွေ၊ သစ်သားတွေ မပြည့်စုံသေးဘူးတဲ့။
ဘာကြောင့်လဲမေးတော့ ရွာတွေမှာ ပျဉ်တွေ လွှခွဲထားတာ ရှိတယ်။ လာမပို့ကြသေးဘူး ပြောတယ်။
ဒါနဲ့ ပျဉ်တွေလာပြီး ပို့ကြအောင် စည်းရုံးဖို့ ရွာတွေကို ကျွန်တော် ဆင်းရတယ်။ အဲဒီမှာ ကျားဆိုးနဲ့ တွေ့ရတာပါပဲ။
ကျားတွေ့တဲ့နေရာက နောင်မွန်းမြောက်ဖက် ထန်ထုနဲ့ ခဆန်ခူး နှစ်ရွာအကြားမှာပေါ့ဗျာ။ ကျားက အဲဒီရွာတွေမှာ ဝက်တွေကို ညအခါ လာဆွဲနေသတဲ့။ ဝက်တွေ ကုန်သလောက်နီးနီးပဲတဲ့ဗျာ။
ဝက်နဲသွားတော့ နွားတွေ ဆက်ဆွဲပြန်သတဲ့။ ကျားက ညတိုင်းလို အတင့်ရဲရဲနဲ့ ဆွဲနေရုံမကဘူး နေ့ဖက်မှာတောင် ခဏခဏ တွေ့နေရသတဲ့။
ဒီတော့ ရွာကလူတွေ ရွာပြင်မထွက်ရဲတော့ဘူး။ မိန်းကလေးတွေ ရေခပ်သွားရင်တောင် လူစု သွားရတယ်။ မောင်းတွေတီး၊ တုံးတွေခေါက်ပြီး ဆူဆူညံညံ အသံလုပ်ပြီး သွားကြရတယ်။
ကျွန်တော်တို့ ကျောင်းအတွက် ပျဉ်တွေ လာပို့ဖို့ ဘယ်စိတ်ကူးရဲတော့မလဲဗျာ။ လမ်းမှာ ကျားနဲ့တွေ့မှာ ကြောက်နေကြရတာကိုး။
ဒါနဲ့ ကျွန်တော်လဲ ကျားအကြောင်း နဲနဲ စုံစမ်းကြည့်တယ်။
အဲဒီမှာ ရဲစခန်းမှူး ဦးချစ်ဖေနဲ့ တွေ့တယ်။ ဦးချစ်ဖေနဲ့ ရဲသားတွေက ကျားကို ညတိုင်း ချောင်းနေကြတာဘဲ။
တညမှာ ကျားက ရွာထဲ ဝက်ဝင်ဆွဲတာနဲ့ ကြုံတယ်။ ဦးချစ်ဖေက အနားကပ်ပြီး တေ့ပစ်လိုက်သတဲ့။
ဒါပေမဲ့ ကျားက နောက်ဂျွမ်းပစ်ပြီး ခုန်ထွက်ပြေးသတဲ့။ လွဲသွားတာလား၊ ချက်ကောင်းမထိဘဲ တနေရာရှပ်ပြီး မှန်သွားသလား မပြောတတ်ဘူးပေါ့ဗျာ။ ကျားကတော့ မသေဘူး။ ဝက်တွေ ဆက်ဆွဲနေတာပဲ။
ကျွန်တော်ကတောင် ဦးချစ်ဖေကို ကျီစယ်မိပါသေးတယ်။
ခင်ဗျား အနားကပ် တေ့ပစ်တာတောင် လွဲရသလားဗျာ။ ကျားကော တကယ်ဟုတ်ရဲ့လား။ မှောင်ထဲမှာ ချုံကလေးတွေ လှုပ်နေတာကို ကျားထင်ပြီး ပစ်တာလားဆိုတော့ ဦးချစ်ဖေက စိတ်ဆိုးသေးသဗျ။
တကယ်တော့လဲ ကျားကို ညမှောင်မှောင်မဲမဲထဲမှာ ပစ်ရတာ မလွယ်ပါဘူး။ ကျားဟာ လှုပ်ရှားမှု အလွန်မြန်တယ်။ ပြီးတော့ ခုလို ရွာထဲအထိ အတင့်ရဲပြီး ဝင်လာနိုင်တဲ့ကျားက သိပ်အကင်းပါးတယ်။
ပစ်တဲ့လူကလဲ ကိုယ့်အသက်ဘေးကြောင့် ကြောက်ကြောက်နဲ့ ကမန်းကတန်း ပစ်ရတာမို့ နေ့ခင်းကြောင်တောင်မှာတောင် လွဲနိုင်ပါတယ်။
အဲဒီလိုနဲ့ ကျွန်တော်က ရွာမှာ စခန်းချပြီး ကျားဆိုးကို စောင့်ရတော့တာပေါ့။
တညမှာ သန်းခေါင်ကျော်လောက် ရွာထဲ ကျားဝင်တယ်လို့ အော်ကြဟစ်ကြတယ်။
ကျွန်တော်လဲ နှစ်လုံးပြူးသေနတ်ဆွဲပြီး လက်နှိပ်ဓာတ်မီးတလက်နဲ့ ချက်ချင်းထလိုက်သွားတယ်။ လူတွေကတော့ မောင်းတွေတီး၊ တုံးတွေခေါက်ပြီး ကျားကို ခြောက်ထုတ်ရင်း ကျန်ရစ်ခဲ့တယ်။
ကျွန်တော်ကတော့ သူတို့ကို စောင့်ခေါ်မနေတော့ပါဘူး။ တယောက်ထဲပဲ တောထဲ စွတ်ရွှတ်လိုက်သွားမိ တယ်။
ရှေ့မှာ ကျားပြေးသံလိုလို ကြားရတယ်။
ကျွန်တော်လဲ အကာအကွယ်ယူပြီး သေနတ် အသင့်ပြင်ထားရင်း ဓာတ်မီးနဲ့ ထိုးကြည့်တယ်။
အဲဒီလိုနဲ့ တမိုင်လောက်နီးနီး ကျွန်တော် လိုက်သွားတာပဲ။
တနေရာရောက်တော့ ကျွန်တော့်လက်နှိပ်ဓာတ်မီးက မီးရောင် မထွက်လာတော့ဘူး။ ဖလ်သီး ကျွမ်းသွားပြီပေါ့ဗျာ။
“ဟိုက်” ဆိုပြီး ကျွန်တော် ထိတ်လန့်သွားတာပေါ့ဗျာ။ အဖော်ကလဲ မပါဘူး။ ဘာမှလဲ မမြင်ရဘူး။
ကျားကလဲ ကျွန်တော်နဲ့ သိပ်ဝေးတယ် မထင်ဘူး။
ဒါနဲ့ ကျွန်တော် အချိန်အတော်ကြာ ငြိမ်နေပြီးမှ တဖြေးဖြေး ပြန်ဆုတ်လာရတယ်။
ဘာသံမှ မကြားရအောင် ခြေကို ဖော့နင်းပြီး ပြန်ဆုတ်ရတာပေါ့ဗျာ။
ဆောင်းတွင်းကြီးမှာ လူလဲ ချွေးတွေ ရွှဲသွားတာပါပဲ။
ဒီကျားကလဲ သေချင်လို့လားတော့ မသိပါဘူးဗျာ။ တော်တော် အတင့်ရဲတဲ့ အကောင်ပါပဲ။
နောက်တနေ့ ညပိုင်းမှာတော့ ဘာမှ မလုပ်ပဲ တောအောင်းနေပြီး မနက်စောစောကြီး ရွာထဲဝင်လာပြန်ပါရော။ တောင်ယာသမားတယောက် အိမ်မှာ ဝက်နှစ်ကောင် ကျန်တဲ့အထဲက တကောင် ဝင်ဆွဲ သွားပါရော။
တရွာလုံး ဆူဆူညံညံ ဖြစ်သွားတာပဲ။ ကျွန်တော်လဲအိပ်ရာကထ၊ ဖိနပ်ကောက်စီး၊ သေနတ်ဆွဲပြီး အမြန်ဆုံး လိုက်သွားတယ်။ ရွာကလူတွေတော့ မလိုက်ဝံ့ဘူးဗျ။ ကျားကိုက်ရင် လျော်ကြေးမရဘူး မို့လား။ သူတို့မှာ လက်နက်လဲ မရှိဘူး။ဓားလှံလောက်နဲ့လဲ ကျားကို ရင်မဆိုင်ရဲကြဘူးပေါ့။
ဒီတခါတော့ မိုးလင်းနေပြီမို့ လက်နှိပ်ဓာတ်မီး မလိုတော့ဘူး။ ကျွန်တော်လဲ တယောက်ထဲ စွတ်ရွတ်လိုက်သွားတယ်။
ရှေ့မှာ ဝက်ကို ကျားဆွဲသွားရင်း ကျားက တဟင်းဟင်း မာန်ဖီနေသံ ကြားရတယ်။
ကျွန်တော့် နှစ်လုံးပြူးထဲမှာ ယမ်းတောင့် နှစ်တောင့်ထည့်ပြီးသား အသင့်ဘဲ။ အပိုနှစ်တောင့် လောက်လဲ ပါသေး၍။
ဒါပေမဲ့ ယမ်းတောင့်က ရှားပါးတော့ အရမ်း မဖြုန်းချင်ဘူး။ ကျားကို မြင်ရပြီး နီးနီးကပ်ကပ် သေချာမှ ပစ်ချင်တယ်။
ဒါကြောင့် ကျားနောက်က အသံမှန်းပြီး ကပ်လိုက် သွားတာပါပဲ။
ကျားက လူသံကြားတော့ တဟင်းဟင်း မာန်ဖီနေတာပဲ။
ကျွန်တော်က ခဏ ပုန်းနေလိုက်တယ်။ ဒီတော့ သူက ဝက်ကို ဆက်ဆွဲပြန်တယ်။
ဒီလိုနဲ့ ရွာက မိုင်ဝက်သာသာ လယ်ကွင်းစပ်တခု ရောက်သွားတယ်။ အဲဒီကျတော့ ကျားက ဝက်ကို ခဏထားခဲ့ပြီး တောထဲ ပျောက်သွားပြန်ပါရော။
ကျွန်တော်လဲ ပုန်းနေရာက ထွက်ပြီး ဝက်ကို ရွာဖက် ပြန်ဆွဲတယ်။ ကျားကို ပစ်ကွင်းကောင်းတဲ့နေရာ လာအောင် ဝက်သေနဲ့ ပြန်ထောင်ရမှာပေါ့ဗျာ။
ဒါပေမဲ့ ဝက်ကြီးက သိပ်လေးတော့ဝတယောက်ထဲ မနိုင်ဘူးဗျ။
အဲဒီအချိန်ကလေးမှာ “ဟေး … ယောက်ဖရေ” ဆိုပြီး အော်ရင်းဟစ်ရင်းနဲ့ ရွာက ရဲသားတဦး လိုက်လာသဗျ။
ကျွန်တော်လဲ အားတက်သွားပြီး သူ့ကို အသံပေး လှမ်းခေါ် တယ်။ ပြီးတော့ နှစ်ယောက်သား ဝက်ကြီးကို ချုံရှင်းတဲ့ ပစ်ကွင်းကောင်းကောင်းနေရာ ဆွဲရွှေ့ကြ တယ်။ ပြီးတော့ ကျွန်တော်က အနားမှာရှိတဲ့ သစ်ပင်ပေါ် တက်ပြီး ကျားအလာကို စောင့်တယ်။
ကျားက သူ့အစာဖြစ်တဲ့ ဝက်ကောင်ကို မုချ ပြန်လာဆွဲမှာ မဟုတ်လား။
ကျွန်တော်က ရဲသားကို အဖော်ညှိပါသေးတယ်။ ဒါပေမဲ့ သူမှာ သေနတ် ပါမလာဘူး။ ဓားတလက်ထဲပါတော့ သူက ကူပြီး မစောင့်ရဲလို့ ပြန်လွှတ်လိုက်ရတယ်။
ဒါလဲ သူ့ကို အပြစ်မတင်ပါဘူး။ ကျားက ဒီနေရာ တကယ်လာတော့မှာ မဟုတ်လား။ ကျွန်တော် ပစ်လို့ ချက်ကောင်းမှန်ပြီး ပွဲချင်းပြီးသေရင်တော့ ကိစ္စမရှိဘူး။ မသေပဲ ကျားနာခဲခဲပြီး ပြန်ရန်ရှာရင် လက်နက်မပါတဲ့သူမှာ ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့် သူကို ပြန်လွှတ်လိုက်ရတယ်။
ကျားဆိုတာ လိုက်ရတာ ချောင်းရတာမှာသာ ပင်ပန်းတာပါပဲ။ တကယ်ပစ်ရတော့ ဘာမှ မကြာပါဘူး။
တနာရီလောက်ကြာတော့ ကျားဟာ ပြန်လာတာပါပဲ။ သေချင်တဲ့ကျား မဟုတ်လားဗျာ။ ပြီးတော့ သူ့အစာကိုလဲ သူ မက်တာပေါ့။ ပြေးရင်း လွှားရင်း ဝက်ဆွဲ ရင်း သူ ဗိုက်ကလဲ ဆာလာပြီပေါ့။ အစာရှိရာ ပြန်လာရတာပေါ့။
ကျွန်တော်က သစ်ပင်ပေါ်က ငြိမ်ငြိမ်ကလေးနေပြီး သေနတ်နဲ့ အသင့်ချိန်ရင်း စောင့်နေရုံပါပဲ။ ကျားဟာ အကင်းပါးလှတယ် ဆိုပေမဲ့ အစာမက်တဲ့ လောဘဇောကြောင့် အန္တရာယ်ကို သတိမမူနိုင်တော့ပါဘူး။ ကျားက ဝက်သေကောင်ကြီး ရှိရာ တဖြေးဖြေး ချောင်းလာပြီး ဆွဲတော့တာပါပဲ။
ကျွန်တော်က ကျားရဲ့ ရှေ့ပိုင်းကို ကျကျနနချိန်ပြီး တချက်ထဲ ပစ်ထည့်လိုက်တယ်။
ကျည်တောင့်ဟာ ကျားရဲ့ လက်ပြင်အောက်ကဝင်ပြီး ဝမ်းဗိုက်ထဲမှာ အသဲတွေကို ကျေသွားအောင် မွှေပစ်လိုက်မှာပါပဲ။
ဒါတောင် ဒီကောင်ကြီးဟာ သိပ်ခွန်အားဗလကောင်း
လှသဗျာ။ နောက်ကို ဂျွမ်းပစ်ခုန်ပြီး ချုံတွေ့ရဲ့တဖက်က စပါးခင်းထဲ ထွေးကနဲ ပစ်ကျသွားတယ်။
ကျတဲ့နေရာမှာ ချက်ချင်း မသေဘူး။ တဟင်းဟင်း လူးလှိမ့်ညည်းနေသေးတယ်။ ခဏကြာမှ ငြိမ်ကျ သွားတယ်။
ကျွန်တော်ကလဲ ယမ်းတောင့် မဖြုန်းနိုင်တော့ နောက်
တချက် ဆက်မပစ်ပါဘူး။ ပထမ တချက်ထဲနဲ့ ချက်ကောင်းထိမှန်း သိလို့ သူသေတဲ့အထိ စောင့်ကြည့်လိုက်တယ်။
ကျား ငြိမ်ကျသွားမှ သစ်ပင်ပေါ်က ဆင်းလာခဲ့တာပါပဲ။
X X X X X X X X X
ရဝမ်အမျိုးသား မုဆိုးကြီး ဦးဆင်ဆားရ်၏ ကျားပစ်အောင်ပွဲ ကိုယ်တွေ့ဇာတ်လမ်းမှာ ဤမျှသာ ဖြစ်လေသည်။
ဦးဆင်ဆားရ်သည် တောဝက်၊ ဂျီ၊ ဆတ်၊ တောကောင် မြောက်မြားစွာနှင့်အတူ ကျားလေးကောင်တိတိ ပစ်ခတ်ရရှိခဲ့ဘူးသူ ဖြစ်၏။
သို့သော် ယခု သူပြောပြသော ကျားကို ပစ်ရသည့်အတွက် သူ အထူးဂုဏ်ယူသည်။ ရွာသူရွာသားများနှင့် တောင်ယာ ဦးကြီးများအား ကြီးစွာ ဒုက္ခပေးနေသည့် ကျားဆိုးကြီးကို သူ့အသက် ပမာဏမထားဘဲ ရှင်းလင်းသုတ်သင်ပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
ဤ ကျားပစ်အောင်ပွဲအတွက် ဦးဆင်ဆားရ်အား ကျေးရွာလူထုက ထိုက်တန်စွာ ဂုဏ်ပြုချီးကျူး ကြပါသေးသည်။
ထိုမျှသာမက နောင်မွန်းမြို့ အလယ်တန်းကျောင်းကြီး ဆောက်လုပ်ရေးအတွက် အလျင်အမြန် လိုအပ်နေသော ပျဉ်များ သစ်သားများကိုလည်း ကျေးရွာလူထုက အမြန်ဆုံး သယ်ယူပို့ဆောင်ပေးလိုက်ကြလေသည်။
ဤ ကျားပစ်အောင်ပွဲသည် ဦးဆင်ဆားရ်၏ လူထုစည်းရုံးရေး အောင်ပွဲတရပ်လည်း ဖြစ်ခဲ့ပါပေသည်။
ရှေ့သို့စာစောင်
အတွဲ ၂၆၊ အမှတ် ၁၀
၁-၂-၁၉၇၇
– ပြီး –
စာရေးသူ – စောရွှေဗိုလ်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)