• June 24, 2025
  • admin
  • 0

ကျားမာန်

(၁)

ပုသိမ်မြို့မှ နံနက် (၆) နာရီခွဲ ထွက်လာသော ဟင်္သာတ အဆန် နှစ်ထပ်သင်္ဘောသည် နံနက် ၁ဝ နာရီခွဲလောက်တွင် ဘုရားကြီးရွာ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာပါသည်။

ကျွန်ုပ်နှင့် မုဆိုးကြီးဦးဖဝေးတို့သည် ဆိပ်ကမ်းပေါ်သို့ ကုန်းဘောင်တံတားချပြီးသည်နှင့် အခြားခရီးသည်များနှင့်အတူ သင်္ဘောပေါ်မှ ဆင်းလာခဲ့ကြ၏။

ဘုရားကြီးရွာဟု အမည်တွင်ခြင်းမှာ မွန်ဘုရင်တဦး တည်ထားသော ရှေးဟောင်းဘုရားကြီးတဆူ ရှိခဲ့ပါသည်။ အောက်ခံပစ္စယံသည်ပင် ရွှေတိဂုံစေတီနီးပါးရှိပြီး ကာလကြာခဲ့ပြီး ငလျင်ဒဏ်ကြောင့် အထက်သပိတ်မှောက်အထိသာ တည်ရှိပြီးပျက်စီးနေခဲ့ပါသည်။

သည်ဘုရားကြီးသည် သမိုင်းဝင်ဘုရားတဆူဖြစ်ကာ သက်ဆိုင်ရာပုဂ္ဂိုလ်များက ပြုပြင်ပြန်လည် တည်ဆောက်ရန် စိုင်းပြင်းလျက်ရှိကြောင်း ကြားရ၏။

ယင်းသို့ဖြင့် ဘုရားကြီးဘွဲ့အမည်တော့ မသိ။ ဘုရားကြီးရွာဟူ၍ကား လွန်ခဲ့သော ကိုလိုနီခေတ်ကပင် ခေါ်တွင်ကာ သူကြီးတပိုင် ရွာကြီးအဖြစ် အသိအမှတ်ပြုခဲ့သည်။

ယင်း ဘုရားကြီးရွာသည် ရခိုင်ရိုးမနှင့် သိပ်မကွာလှမ်းပါ။

သည်အခါက ရိုးမတခွင်တွင် ကျားမိသားစု သောင်းကျန်းလှသည်။ ဘုရားကြီးကျေးရွာအထိ ဆင်းလာသဖြင့် ရွာသားတွေ ကာကွယ်ရေးအတွက် အထူးစီမံကြရပါသည်။

အထူးသဖြင့် ဘုရားကြီးကျေးရွာထက် ဘိုးတော်ရွာ၊ သံပရာကွင်း၊ ကျောက်ကလပ်၊ ကျားရဲဆိုသော ကျေးရွာများက လူ၊ နွားများ၊ ကျား သောင်းကျန်း၏ အန္တရာယ်ဆိုးကို အများဆုံးခံစားရသည်။

သည်ကိစ္စနှင့် ပတ်သက်ပြီး ဘိုးတော်ရွာမှ သစ်ခေါင်းကြီးနှင့် တောခေါင်းကြီးများ၏ မှာကြားချက်အရ ကျွန်တော်နှင့် ဦးဖဝေးတို့ လိုက်ပါလာခြင်း ဖြစ်ပါသည်။

ဘုရားကြီးရွာ၏ ဆိပ်ကမ်းတွင် ထမင်းဆိုင်ကလေးရှိရာ နံနက်စာကို ထမင်းဆိုင်မှာပင် ဝင်ရောက်စားသောက်ကြပါသည်။ ထမင်းဆိုင်၊ အကြော်ဆိုင်များဖြင့် ဘုရားကြီးဆိပ်ကမ်းမှာ စည်လှသည်။

မှန်သည်။ သည်ရွာမှတဆင့် မော်တော်လှေများဖြင့် သက်ဆိုင်ရာကျေးရွာများသို့ သွားကြရသည်။ အထူးသဖြင့် ဘိုးတော်ရွာအစွဲပြု၍ ဘိုးတော်ချောင်းမှ ဝါးဖောင်၊ သစ်ဖောင်များသည် ဘုရားကြီးတွင် စခန်းချကာ စားကြ နားကြပြီးမှ ပုသိမ်သို့ ခရီးဆက်ကြရသည်။

ပုသိမ်သို့ ဈေးဝယ်သူများလည်း ဘုရားကြီးဆိပ်ကမ်းမှစောင့်၍ သင်္ဘော မော်တော်များ စီးကြရသည်။

ကျွန်ုပ်နှင့် မုဆိုးကြီး ဦးဖဝေးတို့လည်း ဘိုးတော်ရွာသို့ သွားရန်အတွက် မော်တော်ဆိပ်သို့ ဆင်းလာရသည်။ ခရီးသည်များနှင့် ကုန်ပစ္စည်းများ ပြည့်နေပါသည်။

ဘိုးတော်ချောင်းသည် ပေတစ်ရာကျော်သာ ကျယ်ပါမည်။ သို့သော် ဘိုးတော်ရွာ ရောက်ကာနီးသောအခါ ပေ ၅ဝဝ နီးပါး ကျယ်လာပါသည်။

ကျွန်ုပ်တို့ယူလာသော ပစ္စည်းများမှာ အမဲကြီးပစ်ရိုင်ဖယ်များကို ထည့်ယူလာသည့် သားရေအိတ်ရှည်များဖြစ်ရာ မသိသူများအဖို့ ဂစ်တာကြီးများ ထည့်ယူလာသလားဟု ထင်ရမည်ဖြစ်ပါ၏။

ဘိုးတော်ရွာမှ ဦးအေးကြီးသည် သစ်လုပ်ငန်း သစ်ခေါင်းကြီး ဖြစ်ပါသည်။ သူသည် မော်တော်ဆိပ်တွင် လာရောက်ကြိုပါသည်။

သူ၏ အိမ်သည် တောင်ဘက်ကမ်း ဖြစ်သည်။ ကမ်းခြေတလျောက်တွင် ဝါးဖောင်နှင့် သစ်ဖောင်များကို အလုပ်သမားများ ဖောင်ဖွဲ့နေသည်ကို တွေ့ရ၏။

အချိန်မှာ နေ့လည် (၁) နာရီဖြစ်သည်။

သစ်ခေါင်းကြီးသည် ရောက်ရောက်ချင်း သတင်းထူးတခု ပြောလိုက်ပါသည်။

“ဆရာကြီးနဲ့ ဆရာလေးတို့ရေ၊ မောင်မိုးတယောက်တော့ တောစိတ်ပေါက်ပြီး သောင်းကျန်းနေလေရဲ့ဗျို့”

“ဟ … ဘယ်လိုဖြစ်တာလဲ၊ လူက တောစိတ်ပေါက်ရတယ်လို့ကွာ”

ဦးဖဝေးက တအံ့တဩ ပြောလိုက်သည်။

“လွန်ခဲ့တဲ့တပါတ်က သူ့အစ်ကို ကို ဟင်းကောင်ကြီး ဆွဲသွားတယ် ဆရာကြီး။ ဒါကို စိတ်မကျေနပ်လို့ တောင်ပိုင်းဆရာမှုံက ကျားဆေးထိုးပေးတယ်။ ဆေးထိုးပြီးကတည်းက တောထဲ ဝင်သွားလိုက်၊ ပြန်ထွက်လာလိုက်နဲ့၊ ညဘက်မှာ အထွက်များပြီး ကျားလိုလဲ ဟိန်းတယ်ဗျ”

“ဒါက စိတ်ဓာတ်ရေးရာပါဗျာ။ ဆေးကြောင့်ဟုတ်မယ် မထင်ပါဘူး”

ကျွန်ုပ်က ဝင်ပြောလိုက်ပါသည်။

“အခု သူ အိမ်မှာရှိသလား”

“ရှိပါတယ်။ မနက်က အစောကြီး ပြန်လာပြီး အိပ်နေတယ်။ သူ့မေးတော့ သူ့အစ်ကို သတ်တဲ့ကျားကို ကလဲ့စားချေဖို့ လိုက်ရှာနေတာလို့ ပြောတာပဲ”

ကျွန်ုပ်တို့သည် သစ်ခေါင်းကြီး၏ အိမ်သို့ ရောက်ကာ ပစ္စည်းများကို ထားလိုက်ပါသည်။

ယင်းအခိုက် သစ်ခေါင်းကြီးက သူ့တပည့်တဦးကို ခပ်တိုးတိုး မှာလိုက်ပါသည်။ ချက်ချင်းပင် လွယ်အိတ်တလုံးနှင့် ပုလင်းများထည့်ကာ ထွက်သွားပါချေသည်။

တောရွာ၏ ထုံးစံအတိုင်း ပထမဆုံး လက်ဖက်ရည်ကြမ်းနှင့် ဧည့်ခံမည် ဖြစ်သည်။ ဒုတိယ အရက်ဖြင့် ဧည့်ခံမည်ဖြစ်သည်။

သည်အခိုက် အသက် ၈ နှစ်ခန့် လူငယ်တဦး သစ်ခေါင်းကြီးအိမ် ရောက်လာပါသည်။

“ဟောဒါ မောင်မိုးညီ မောင်တိုးတဲ့။ လာဟေ့ မောင်တိုး၊ မင်းအစ်ကို အိပ်တုန်းလား”

“ဟုတ်တယ် ဦးကြီး ၊ အိပ်တုန်းပဲ”

လူငယ်သည် ကျွန်ုပ်တို့ထိုင်နေသော အိမ်တွင်း ဧည့်ခန်းရှိ ဖျာကြမ်းပေါ်ဝယ် မလှမ်းမကမ်းတွင် ထိုင်ချလိုက်ပါသည်။

“ဒါထက် တောင်ပိုင်း ဆရာမှုံ ဆိုတာက ဆေးဆရာလား၊ ပယောဂ ဆရာလား”

ကျွန်ုပ်က စပ်စုလိုက်ပါသည်။ သစ်ခေါင်းကြီးက

“ဆေးလဲ ကုပါတယ်၊ ပယောဂလဲ ကုပါတယ် ဆရာလေး။ အင်း အခုလိုဖြစ်တာက အဆန်းတော့ မဟုတ်ပါဘူး။ တပည့်တွေကို တောထဲသွားယင် ကျား တကောင်လို မြန်ဆန်ရမယ်၊ အားမာန်ရှိရမယ်ဆိုပြီးတော့ ကျားမာန်ဆေးထိုးပေးတာပါ။ ဆေးထိုးတဲ့လူတိုင်းတော့ အစွမ်းထက်တာ မဟုတ်ပါဘူး။ တဦးတလေပါ”

“မောင်မိုးကတော့ အစ်ကို မောင်စိုး ဟင်းကောင်ကြီး ဆွဲသွားတာ စိတ်နာတာတပိုင်း၊ သူကလဲ ဒီစိတ်ကြောင့် မခံချင်ဖြစ်နေတာနဲ့ ဆေးတန်ခိုး စွမ်းသွားသလားပဲ”

မောင်တိုးက ဝင်၍ ပြောလိုက်သည်။

“ဆေးထိုးတဲ့အကြောင်း ပြောစမ်းပါ”

ကျွန်ုပ်က မေးလိုက်သည်။

“ဆေးထိုးတာက ညနေ နေဝင်ဆဲချိန်ပါ။ ရက်ကတော့ တနင်္ဂလာနေ့။ အမဲသားကို ပါးစပ်မှာ ကိုက်ထားရပြီး ပွဲပေးပြီးတော့ ကုပ်ရယ်၊ ခါးရယ် ၊ ပေါင်နှစ်ဖက် ထိုးတာပါ။ ဆေးကို ကျားစွယ်ရေနဲ့ ဆေးစပ်ထားပါတယ်။ ကျားစွယ်ရေကိုလဲ သောက်ရပါတယ်”

သည်နောက် မောင်တိုးက ဆက်၍

“ဆေးထိုးနေချိန်မှာ တပည့်တဦးက ဝါးလုံးတီးပေးနေရတယ်။ ပြီးတာနဲ့ ခြောက်ပေကျော်နက်တဲ့ တောင်စောင်းအောက် ကန်ချတာပါပဲ။ ကန်ချတဲ့အခါ ဆရာကြီးက ဝေါင်းကနဲ အော်လိုက်ပါတယ်။ အစ်ကိုက ကျားလိုအော်ပြီး အပေါ်ကို ခုန်တက်လာတာ တွေ့ရပါတယ်။ ဆရာကြီးက သူ့မျက်နှာကို ရေနဲ့ပက်လိုက်တာ တွေ့ရပြီး အစ်ကိုဟာ တောထဲ ဝင်ပြေးတာပဲ”

“ဘယ်အချိန် ပြန်လာသလဲ”

“ညဉ့်ဦးမီးထွန်းချိန်မှာ ပြန်လာတယ်။ နောက် ညတိုင်းပဲ ထွက်ထွက်သွားတယ်”

“ကျားလိုရော အော်သေးသလား”

“ကျားလို ထွက်ကာနီး အော်တယ်။ ကြည့်ရတာက ကျားမျက်လုံးလို တောက်ပြီး ဒေါသကြီးနေတာပဲဗျ”

“ဒါပေါ့ … ကျားစိတ် ကျားမာန်ဆိုတာ။ လူတယောက်ကို ဆေးထိုးပြီး စိတ်ဓာတ်ပါ သွင်းပေးတာ။ ဒါပေမယ့် တကယ့်ကျားနဲ့တွေယင် သေသွားနိုင်တယ်နော်”

ကျွန်ုပ်က မောင်မိုးအတွက် ပူပင်ကာ ပြောလိုက်ပါသည်။

“သူက လှံနဲ့ ဓားတလက်တော့ ပါသွားတယ်ဗျ”

မောင်တိုးက ထပ်၍ ပြောလိုက်ပါသည်။

ကျွန်ုပ်တို့သည် နောက်ထပ် မမေးတော့ပါ။ မောင်မိုးအား ဆေးထိုးပေးခဲ့သည်မှာ တပါတ်ခန့်ရှိပြီဖြစ်သည်။ မောင်မိုးသည် ညစဉ်တိုင်းပင် ကျားလိုဟိန်း၍ ထွက်သွားတတ်သည်။

သည်နောက် ကျားတကောင်မှ သတ်နိုင်ခြင်းမရှိသလို၊ ကျားအုပ်စုမှ တောင်ခြေကျေးရွာဖြစ်သော ကျောက်အိုး၊ ကျောက်မ ဟူသော ကျေးရွာမှ ယာလုပ်သူ အမျိုးသမီးတဦးနှင့် အမျိုးသားတဦးကို ဆွဲသွားရုံမက ဝါးဖောင်လုပ်သားတဦးအား ကျားပုတ်ခြင်း ခံခဲ့ရ၏။

ကျွန်ုပ်တို့သည် ဘိုးးတော်ရွာတွင် ခဏနား၍ ညနေပိုင်းတွင် သံပရာကွင်းနှင့် ကျောက်ကလပ်ကျေးရွာသို့ သွားရန် စီစဉ်ရပါသည်။

ဘိုးတော်ရွာမှ တဆင့် ၃ မိုင်ခန့်ဝေးသော သံပရာကွင်းရွာမှ ရွာလူကြီးတဦး၊ ဌာနေမုဆိုးကြီးတဦးတို့ ရောက်လာကြပြီး ကျွန်ုပ်တို့အား လာရောက်ခေါ်ပါသည်။ အထူးသဖြင့် ကျားမိသားစုသည် တောင်ခြေကျေးရွာများကို ယခုတလော ချဉ်းကပ်ပတ်နေသောကြောင့် ထင်းခုတ်ခြင်း၊ ယာထဲသွားခြင်းပင် မပြုရဲအောင် ရှိနေခြင်းပင်တည်း။

xxx xxx xxx

(၂)

“ဝေါင်း … ဝေါင်း”

“ဝုန်း”

ထိုအသံများသည် ကျွန်ုပ်တို့ သံပရာကွင်းရွာ မသွားမီ မောင်မိုးတယောက် ကျားစိတ်ကျားမာန်ထကာကျားလိုအော်၍ ခုန်လိုက်ခြင်းပင်ဖြစ်ကာ ကျွန်ုပ်တို့ရှေ့မှာပင် တောထဲ ခုန်ဆင်းပြေးပါတော့၏။

“အင်း … ဒီအကောင်ဟာ တကယ်ပဲ ကျားစိတ်ဝင်တာလား၊ အရူးထတာလား ကောင်ရ”

သို့နှင့်ပင် ကျွန်ုပ်တို့သည် သံပရာကွင်းမှ လာရောက်ခေါ်သော ရွာလူကြီးနှစ်ဦးနှင့် ဌာနေမုဆိုး စောအေးတို့နှင့်အတူ ညနေပိုင်းတွင် လိုက်ပါခဲ့ပါသည်။

သစ်ခေါင်းကြီး ဦးအေးအား မောင်မိုးသာ ပြန်လာပါက စောင့်ကြည့်ရန်နှင့် နောက်ထပ် တောထဲမဝင်အောင် ချုပ်ထားရန် ပြောလိုက်ရပါသည်။

ထိုနေ့ညဉ့်ဦးတွင် သံပရာကွင်းရွာ ကျေးရွာလူကြီး ဦးပျော့အိမ်မှာပင် ထမင်းစားကြပြီး သောင်းကျန်းနေသော ကျားမိသားစုကြောင့် နေ့ကင်း၊ ညကင်းများ ထားရကြောင်းနှင့် ရှေးက မရှိသော ရွာတပ်စည်းရိုးများ ကာထားရကြောင်း ပြောပါသည်။

ညဉ့် (၈) နာရီတွင် ကျောက်ကလပ်ရွာမှ အုန်းမောင်းခေါက်သံ၊ ဝါးဖောက်သံတွေ ဆူညံစွာ ပေါ်ထွက်လာပါ၏။ ကျောက်ကလပ်ရွာတွင် ကျားမိသားစု ချဉ်းကပ်လာသဖြင့် ခြောက်လှန့်လွှတ်ကြသည်မှာ ထင်ရှားပါ၏။

ကျောက်အိုး၊ ကျောက်မ ကျေးရွာများကလည်း တုံး ခေါက်သံများ ပေါ်ထွက်လာပါသည်။

ကျွန်ုပ်တို့ရောက်နေသော ကျေးရွာ၏ တပ်စည်းရိုးမှာ ၁၅ ပေခန့် မြင့်သဖြင့် အလွယ်တကူ ကျား မခုန်နိုင်ပါ။ သို့သော် စိတ်ချရသည်တော့ မဟုဘ်။

ရွာသားများကို ကင်းချကာ ကင်းတဲများဆောက်ထားသဖြင့် ကျားမိသားစု ချဉ်းကပ်လာလျှင် တပြိုင်နက် အချက်ပေးရန် သစ်သားအုန်းမောင်းများ၊ သံချောင်းများ ပြင်ထား၏။

တဖန် ရွာစည်းရိုးနှင့် ကပ်၍ နွားတကောင်စီ ချည်ထားကာ၊ ခွေးများကိုလည်း ကင်းတဲတွင် ချည်ထားပါသေး၏။

သည်ရွာတွင် တောင်ပိုင်းဆရာမှုံ၏ တပည့်တဦးရှိကာ သူလည်း ကျားဆေးစွမ်းများ ထိုးထားသော်လည်း မောင်မိုးလောက် မပြင်းထန်ကြောင်း သိရပါသည်။

သည်ရွာတွင် တောင်သာဆရာအဆက်အနွယ်တဦးနှင့် စကားပြောရပါသည်။ ထိုဆရာက ပြောသည်မှာလည်း သဘာဝယုတ္တိ ရှိပါသည်။

“ကျားမာန်ဆိုတာ ကျားဆေး၊ ကျားစွယ် သောက်တာနဲ့ မရပါဘူး။ သူ့ရဲ့အင်အား သဘာဝအတိုင်း ဖြစ်တာပါ။ အဲ ကျားမနိုင်ဆိုတာတော့ ရှိပါတယ်။ လူတဦးဟာ တောထဲသွားရာက တနေ့ တောထဲက အပင်ကြီးတပင်အောက်မှာ အိပ်ပျော်သွားပါတယ်။ ဒီအပင်က ကျတဲ့အရည်တွေဟာ အလွန်ချွဲကျိပါတယ်။

ဒီလူ့တကိုယ်လုံး အရည်တွေကျနေတုန်းကျားကြီးတကောင် ရောက်လာပြီး ချီတော့ ကျားဟာ လူကို မချီနိုင်ပါဘူး။ လူကလဲ ကြောက်တာနဲ့ အပင်ကြီးကို ကိုင်ထားတော့ ကျားက ဆွဲလေ အပင်လှုပ်လေ၊ အရည်တွေက တရဟော ကျလေတော့ ကျားလဲ မချီနိုင်ပဲ စိတ်ပျက်ပြီး ထွက်သွားရပါတယ်။

အဲဒီ အပင်ဟာ ကျားမနိုင်အပင်လို ခေါ်ပြီး မြန်မာ အာယုဗေဒဆေးလောကမှာ ထင်ရှားပါတယ်။

သဘာဝဆေးပညာရှင်ကြီးများကတော့ ကိုယ်ရေပြားနဲ့ သွေးကြော လေကြော လျှောက်နိုင်ဖို့အတွက် ကျားမနိုင်ကို အဆီထုတ်ပြီး၊ စုတ်နဲ့ ပေါက်ပေးလို့ ဝေဒနာရှင်အချို့ဟာ ပျောက်ကင်းသွားကြပါတယ်”

မည်သို့ဖြစ်စေ ထိုတိုင်းရင်းမြန်မာဆေးဆရာ၏ ပြောချက်ကို ကျွန်ုပ်တို လက်ခံရမည်သာ ဖြစ်ပါသည်။

သည်ညတွင် ကျားသားအမိမှာ သံပရာကွင်းအနီးသို့ မချဉ်းသဖြင့် ကျွန်ုပ်တိုမုဆိုးများနှင့် မတွေရတော့ပါ။

နံနက်မိုးလင်းသည်နှင့် ဌာနေမုဆိုး ကိုစောအေးကို ခေါ်၍ ကျားသားအမိ သွားတတ်သော တောလမ်းများသို့ ရိက္ခာအချို့ယူကာ ထွက်ခဲ့ပါသည်။

ရွာသားများအား ကျားသားအမိကို ပစ်ရန်အတွက် တနေ့လုံး တညလုံး ကြာချင်ကြာမည့် အကြောင်း၊ နောက်ရက်တွင် ကျောက်အိုး၊ ကျောက်မနှင့် ကျားရဲရွာများဘက် ရောက်မည်ဖြစ်ကြောင်း သတင်းပို့ရန် ပြောကြားလျက် ရိုးမတောအတွင်း ဝင်ခဲ့ကြပါသည်။

ဘိုးတော်ချောင်းသည် သံပရာကွင်းမှပတ်ကာ ရိုးမရွာများဖြစ်သော ကျောက်ကလပ်ရွာ၊ ကျောက်အိုးရွာ၊ ကျောက်မရွာတို့တည်ရာမှ ကွေ့ကောက်စီးဆင်းပါချေသည်။

ကျွန်ုပ်တို့သည် ဌာနေမုဆိုး ဦးစောအေးနှင့် ကျောက်ကလပ်နှင့် မဝေးသော အမဲ စားတောများရှိရာသို့ ထွက်ခဲ့ကြပါ၏။

မြောက်လေပွေရိုင်းနှင့်အတူ နှင်းတွေ အဖွေးလိုက် ကျဆင်းနေပါသည်။ သည်တောင်ကြောမှာ နွားဦးခေါင်းတောင်ကြောဖြစ်သည်။ မိုးထိစမ်းကွင်းနှင့် ကျောက်ထပ်ကြီး တောင်ကြောဆင်းရာ လမ်းဖြစ်ပြီး ဆီးဖြူ၊ ဖန်ခါးနှင့် တောဂွေးပင်၊ ဇင်ပြွန်း စသဖြင့် စားပင်တွေလည်း ရှိပါသည်။

ကျွန်ုပ်တို့ မိုးထိစမ်းကွင်း ရောက်သောအခါ နံနက် ၅ နာရီပင် ရှိပါသေး၏။

လူသားစားကျားတို့မည်သည် လူသားကို မစားရသောအခါ အမဲကလေးတွေဘက် ဦးလှည့်တတ်၏။

လူတွေကလည်း ပေါ့ပေါ့မနေတော့။ အုပ်စုလိုက် ခရီးသွားကြသည်။ ရွာတွေကလည်း အလစ်မပေးကြ။ သည်တော့ လူသားစားကျားအုပ်စုသည် မချောင်တော့။

ကျားအုပ်စုဆိုသည် ကျားမိသားစုသုံးကောင်ဖြစ်သည်။ ကျားထီးနှင့် ကျားမအပြင် အရွယ်ရောက်ကာစ ကျားပေါက်တကောင် ဖြစ်သည်။

မိုးထိစမ်းကွင်း ရောက်သောအခါတွင် တောတိုးသံနှင့် ရုတ်တရက် အမဲကလေးတွေ ပြေးလွှားလာသံကြားရ၏။

ဒရယ်ပေါက်နှစ်ကောင် ချေတကောင် ဖြစ်၏။ တောချုံများကို လွှား၍ ပြေးသွားကြသည်။

ဦးဖဝေးက ကျွန်ုပ်အား အချက်ပြလိုက်သည်။

မှန်သည်။ အမဲကလေးများ ကြောက်လန့်တကြား ပြေးခြင်းမှာ နောက်မှ ကျားသော်လည်းကောင်း ဖြစ်မည်။ ကျားသစ်သော်လည်း ဖြစ်နိုင်သည်။

ချက်ချင်းပင် ကျွန်ုပ်တို့သည် ဝါးရုံပင်ကြီးနှင့် အင်ပင်ပေါက်ကြီး ကွယ်ကာ နေရာယူလိုက်ပါသည်။

နှင်းမိုးများသည် ဖက်ရွက်များပေါ်မှ တပေါက်ပေါက် ကျဆင်းနေကာ လေကလည်း တိုက်နေသဖြင့် အလွန်အေးမြလှပါ၏။ အခဲကလေးများ ပြေးလာသောလမ်းကြောင်းတွင် တောင်စွယ် လျှိုနိမ့်ပိုင်းဖြစ် သည်။ ဖန်ခါးပင်များ ရှိသည်။ ဆီးဖြူ နှစ်ပင်ရှိကာ လျှိုထဲသို့ တဖြောက်ဖြောက် ကြွေကျနေ၏။

သည်အခိုက် ဝေါကနဲ တိုးသံနှင့်အတူ ဖက်ကြီးချုံများကြားမှ ကျားကြီးတကောင်၏ မျက်နှာ ပေါ်ထွက်လာသည်။

ဦးဖဝေး၏ ဒသမ ၄ဝ၅ မော်ဇာရိုင်ဖယ်ကြီး မြောက်ဘက်သွားကာ “ဒိုင်း” ကနဲ မီးပွင့်ထွက်သွား၏။ ကော်ဒိုက်ယမ်းနံ့များ ထောင်းကနဲ ထသွား၏။

ကျွန်ုပ်ကလည်း အမေရိကန် စပရင်းဖီးလ် ရိုင်ဖယ်ကို အသင့်ပြင်ထားသည်။

“ဝေါင်း”

ကျားကြီးအော်သံ ကြားရပြီး လျှိုထဲသို့ နောက်ကျွမ်းပစ်ထွက်သွား၏။

“တောက် … ငါ လက်တချက်တုန်သွားလို့ လွတ်သွားတယ်ကွ။ ဒီဝါးကိုင်းက ရှုပ်တာကိုး”

မုဆိုးကြီး ဦးဖဝေးသည် ဒေါသဖြစ်ဖြစ်နှင့် သေနတ်ပြောင်းဦးညွှန်ရာလမ်းပေါ်သို့ လေတိုးသဖြင့် ယိမ်းထိုးကျနေသည့် ဝါးကိုင်းကို ဖြောင်းကနဲ ချိုးလိုက်ပါ၏။

“ခွီး ခွီး … ခွီး ခွီး”

ရုတ်တရက် တောင်သပြေပင်ကြီး၏ အကိုင်းတကိုင်းမှ မျောက်ညိုကြီးတကောင်က ပြက်ရယ်ပြုဟန်ဖြင့်အော်ယင်း မျောက်မသုံးကောင်နှင့်အတူ သစ်ပုပ်ပင်ကြီးတပင်ဆီသို့ ကူးပြေးသွားပါ၏။

“ဒီနေ့တော့ ကျောက်ချပ်ကြီးဘက်များ ဒီကောင်တွေ ရှိမလား မသိဘူး”

“အေး … စောအေး ပြောတာ မှန်တယ်။ အဲဒီဘက် သွားစောင့်မယ်”

ကျွန်ုပ်တို့သည် ကျားကြီးထွက်သွားရာ လမ်းကြောင်းအတိုင်း သတိထား၍ လိုက်ခဲ့သည်။ သူစားဖူးသော လူသတ္တဝါ၊ သူရင် ဆိုင်ရမည့် လူများတွင် သူ့အသက်ကိုချွေမည့် လက်နက်များ ပါလာမည်ကို သိ၍လော၊ သို့မဟုဘ် နောက်ကြောင်းပြန်၍ အလစ်တွင် တပတ်ကျော့ကာ ကျွန်ုပ်တို့အား စားနေကျ လူအမဲသဘောအဖြစ် ဝင်ဆွဲမည်လား မသိ။

မုဆိုးစောအေးသည် အနံ့ခံပါးသော ဌာနေမုဆိုးတဦးဖြစ်သည်။ သူက ရှေ့ဆောင်ကာ သွားသော်လည်း နှာခေါင်းကို အလုပ်ပေးသွား၏။ သူကိုင်သော ရှား သားဒူးလေးကြီးကို ကျောတွင်လွယ်ထားကာ လှံတိုတချောင်းကိုလည်း ကိုင်ထားပါသေး၏။

သွားရာ တောင်ကြောတလျှောက်တွင် မျောက်တွေ ပေါသော တောင်ကြောဖြစ်၍ တခါတခါ မျောက်မတွေ ထွက်ဖြူစနေခြည်တွင် တဦးခေါင်း တဦး သန်းရှာနေခြင်းနှင့် မျောက်ငယ်အချို့ တကိုင်းမှ တကိုင်း ခုန်ကူးမြူးဆော့နေသည်များကို တွေ့ရ၏။

ကျွန်ုပ်တို့အား မထီလေးစားပင် မျောက်ငယ်အချို့က လုပ်ပြလိုက်ပါသေးသည်။ မျောက်တို့ကို ကြည့်ပြီး ရယ်ချင်စိတ်ထိန်းကာ သွားရသည်။

ကျောက်ချပ်ကြီးမှာ သံပရာကွင်းနှင့် ဘိုးတော်ရွာ၏ အနောက်ဘက်၊ ကျောက်ကလပ်ရွာနှင့် နီးပါသည်။

ကျောက်ချပ်ကြီး မရောက်မီ ဖုန်းဆိုးယာတော တတော ရောက်လာပါသည်။ လူသားစား ကျားဆိုးရန်ကြောင့် သည်ယာတောကို စွန့်လွှတ်ထားသဖြင့် ဖုန်းဆိုး ဖြစ်နေ၏။ ကန်စွန်းနှင့် ပြောင်းပင်အချို့ အရိုးအရွက်သာ ကျန်၏။

ယာတဲဟောင်းကလေးသည် ကမူမြင့်အထက်မှာ ရှိပါ သည်။

“ကဲ … ဒီမှာ ခဏစခန်းချကြရအောင်”

ဦးဖဝေးက မပြောမီမှာပင် ကျွန်ုပ်က အကြံပြုရန် စီစဉ်ပြီး ဖြစ်ပါ၏။

“ဒါ မိတိုးကို ကျားဆွဲသွား ယာဟောင်းပေါ့ ဖထီးရ။ မုဆိုးမစမ်းကွင်းနဲ့ ကပ်နေတယ်။ ဒရယ်ဘိုယာခင်းလဲ ခေါ် တယ်။ ဒီတောကွက်ကို ဒရယ်ဘိုကွက်လို့ ခေါ်ပါတယ်”

ဌာနေမုဆိုး စောအေးက ရှင်းပြသည်။

တောင်ရိုးဒေသတွင် လူအမည်၊ တောကောင်အမည်ကို အစွဲပြုပြီး မိုးထိစမ်းကွင်း မိုးထိကွက်၊ မုဆိုးမလုပ်သော ယာကွက်ကို အစွဲပြု၍ မုဆိုးမကွက်၊ ဒရယ်စမ်းရေသောက်ကွင်းကို အစွဲပြု၍ ဒရယ်ဘိုကွက်ဟူ၍ အကွက်တွေ ခေါ်သလို တောများကိုလည်း စားပင်နှင့် သားကောင်ကို အစွဲပြုကာ အမည်တွေ ပေးထားကြပါသည်။

တဖန် ကျောက်ချပ်ကြီးများ တည်နေရာကို ကျောက်ချပ်ကြီးတော၊ ကန်ပေါက်တော၊ ကျောက်တလုံးတော စသဖြင့် သဘာဝကို အစွဲပြုကာ ခေါ်ကြပြန်သည်။

ဒရယ်ဘိုကွက်မှာ တောင်ယာတောကွက် အထိမ်းအမှတ်ခေါ်ထားသဖြင့် ယာတဲဟောင်းသို့ ကျွန်ုပ်တို့ ဝင်လာပါသည်။ ယာတဲဟောင်းတွင် ပြောင်းဖူးစေ့ များ ထည့်ထားသော ထပ်ခိုးကို တွေ့ရပြီး သောက်ရေအိုး၊ ထမင်းချက်စားရန် အိုးများ တွေ့ရ၏။

ယာဟောင်းများ ခေတ္တဝင်ရောက် တည်းခိုလိုသူများအဖို့ ယာခင်းရှင်များက ပြောင်းများကို စားသောက် ရန် ချန်ထားခြင်းဖြစ်သည်။

“ဟိတ် … ကြည့်စမ်းကွ”

ယာတဲအဝင် ခြေရာများ တွေ့ရ၏။ ဝိုင်းဝိုင်းနှင့် ခြေသည်းရာများ ထင်ရှား၏။

“ကြည့်စမ်း … ဟင်းကောင်ကြီးက ချေးယိုသွားပါလား”

နံနက်ပိုင်းက ယိုသွားသော အမဲကြီးဟင်းကောင်၏ ချေးပုံဖြစ်၏။ ယာတဲပေါ် တက်သွားသေး၏။ လူမရှိသဖြင့် ဝင်ချင် ဝင်၊ ထွက်ချင် ထွက်၊ အိပ်ချင် အိပ်နှင့် သူ စခန်းချသွားပုံရ၏။

သို့သော် ခြေရာမှာ တကောင်တည်း ခြေရာမဟုတ်။ သုံးကောင်၏ ခြေရာဖြစ်သည်။

“ဒီဟင်းကောင်ကြီးတွေ ဒီမှာ ခေတ္တ စခန်းချသေးတယ်ကွ”

“ဟုတ်တယ် ဖထီး”

ကွန်ုပ်တို့သည်ယာတဲအခင်း ဝါးကြမ်းပျဉ်ကို လှည်းကြောကာ ပါလာသော စားစရာများ စားသောက်ရန် ပြင်ရပါသည်။

“ဟင်းကြီးတွေ ဒီယာထဲဝင်တာ အမဲလေးတွေ လာမှာ မဟုတ်တော့ဘူး။ ဒီတော့ ရေနွေးတအိုး တည်ကြရအောင်”

ဦးစောအေးက ပြောလိုက်သဖြင့် ကျွန်ုပ်တို့လည်း ထပ်မပြောတော့။ သူသည် ယာတဲအတွင်း ချိတ်ထားသော ကြသောင်းဝါးပိုင်းတွင် ထိပ်ဖျားကို ကြိုးတပ်ထားသည်ကို ဆွဲဖြုတ်ကာ တဲပြင်ထွက်သွားပါသည်။

“ရေက နီးသလား”

“နီးပါတယ်။ ချိုင့်ထဲမှ စမ်းကန်ရှိတယ်”

“အဲ … ကြည့်သွားနော်။ လှံတိုလဲ ယူသွားအုံး”

မုဆိုးကြီး ဦးဖဝေးက သတိပေး၍ ကျွန်ုပ်က သေနတ်ဆွဲကာ

“ ကျုပ် လိုက်ခဲ့မယ်။ အဲဒီမှာ စားရကံကြုံ မုတ်ဆိတ်ပျားစွဲမယ့် အမဲလေး တွေ့ချင်တွေ့မှာ”

ကျွန်ုပ်၏ စကားကို မှန်ကန်ကြောင်း မုဆိုးကြီးဦးဖဝေးက သက်သေပြုပါသည်။ ယာထဲတွင် အခြား အမဲများ မလာသော်လည်း မျောက်တအုပ် ဆင်းလာ ကာ ပြောင်းကျန်များ စားသောက်ကြသည်။ ကျွန်ုပ်တို့အား အရေးပင်မစိုက်။

အကြီးကောင်ဖြစ်သော မျောက်သင်းအုပ်ကြီးက ပါးစပ်ကြီးဖြဲ၍ တခွီးခွီးပင် မာန်လိုက်သေး၏။ အချို့ ကလေးကို ဝမ်းဗိုက်ဖြင့် လွယ်ထားသည်။ မျောက်မောင်းမများမှာ အခြားမျောက်များလောက် မစားကြရပဲ မျောက်ထီးတကောင်၏ လုယက်စားမှုကို ခံလိုက်ရသေး၏။ ထို မျောက်ထီးများကို မျောက်လေပွေဟုလည်း ခေါ် ကြ၏။

တောင်နွယ်ချိုင့်ဝှမ်းတွင်း မရောက်မီ စမ်းတွင်းအိုင်ကို မြင်ရ၏။ ဒရယ်ကလေးတကောင် ရေသောက်နေရာက လှစ်ကနဲ ပြေးထွက်သွား၏။ ကျွန်ုင်သည် သည်ကောင်လေး၏ ဝမ်းဗိုက်ကိုကြည့်ကာ
မပစ်ပါ။ ဒရယ်မ ကိုယ်ဝန်နှင့် ဖြစ်၏။

ဦးစောအေးက ကျွန်ုပ်ကို အဓိပ္ပာယ်ဖြင့်ကြည့်ရာ ကျွန်ုပ်သည် ပြုံးပြလိုက်၏။ ဝါးကျည်နှစ်ခုတွင် ရေထည့်ကာ ပြန်လာကြသည်။

“အင်း … နေရာက အမဲစောင့်ပစ်ယင်တောင် အသာကလေး ရနိုင်တယ်”

ကျွန်ုပ်က မှတ်ချက်ပေးသဖြင့် ဦးစောအေးက ခေါင်းညိတ်ကာ …

“ရပါတယ် ဆရာ … ဒါတောင် ဟို ဟင်းကောင်ကြီးတွေ ဝင်သွားလို့ မလာကြတာပါ”

သည်နေ့ တနေ့တာအတွက် ကျွန်ုပ်တို့သည် ဒရယ်ဘိုကွက်ယာခင်းမှာပင် စခန်းချကာ အ ပန်းဖြေလိုက်ကြပါသည်။

xxx xxx xxx

(၃)

ကျောက်ချပ်ကြီးသည် လေးထောင့်ပုံစံနှင့် စကောပုံစံ တလွှာချင်း အထပ်လိုက် အထပ်လိုက် တည်နေသောနေရာ ဖြစ်၏။

ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်သွားသည်။ ကျွန်ုင်တို့အဖို့ ရေအပြည့်၊ ရေနွေးအပြည့်နှင့် စားစရာ နောက်ထပ် တရက်စာပင် ကျန်သေး၏။

နေဝန်းသည် အနောက်တောင်တန်း တောင်ထိပ်များပေါ်သို့ သက်ဆင်းစပြုနေ၏။ သည်နေရာမှ ကျောက်လွှာအထပ်ကြီး ၂ဝ လောက် တက်လိုက်ပါက တောတောင်သဘာဝ ရှုခင်းများမှာ အလွန်သာယာလှပါ၏။

ကျောက်လွှာအထပ်ပေါင်း ၅၀ကျော်၍ ကျောက်လွှာ တလွှာလျှင်ထု ၁ဝ ပေမှ ၁၅ ပေ ရှိပါ၏။ အင်္ဂလိပ်အက္ခရာ M နှင့် တူသည်။

ကျောက်လွှာကြီးသည် တောင် တတောင်မျှ မြင့်မား၍ ပေပေါင်း ၆ဝဝ ခန့် ကျယ်ပြီး သူ့နောက်ကျောဝယ် ဘီလူးမတောင်စွယ်၏ တောင်ခါးပန်းကြီးက လက်တံကြီးသဖွယ် ခံလျက်ရှိ၏။

ကျောက်လွှာအထင်ကြီးများအတွင်း မျောက်များ၊ လင်းနို့များနှင့် သားကောင်များပင် ခိုအောင်းလျက် ရှိလေရာ ကျားအုပ်စုသည် ဤကျောက်ထင်ကြီးတွင် လာရောက်ပုန်းအောင်း စခန်းချနေသလောဟု ကျွန်ုင်တို့ ခြေရာကောက်ရာ ကျောက်ချပ်ကြီး၏ တောင်ခြေသာ လာပြီး ဘီလူးမတောင်ကြောဘက် ကူးကြောင်း တွေ့ရပါ​၏။

ကျွန်ုပ်တို့သည် ကျောက်ထပ်ကြီး၏ အထပ် ၂ဝ ခန့် တက်လာကာ လျှို့ဝှက်စခန်း ချလိုက်ပါသည်။ ကျောက်ထပ်ကြီးအတွင်းဘက်မှာ ပေ ၃ဝ ခန့်ရှိပြီး အလင်းရောင်မဲ့၍ မှောင်မည်းနေ၏။ လင်းနို့ချေးနံ့များ အနည်းငယ် ရှိူက်မိသည်။

ကျွန်ုပ်တို့အပေါ်တွင် အမိုးကြီးသဖွယ် တည်ရှိသော ကျောက်ထပ်ကြီးပေါ်မှ အသံအချို့ကို ကြားရ၏။ လင်းနို့အုပ် တအုပ် တဝုန်းဝုန်း ပျံဝဲဝင်သွားခြင်းဖြစ်သည်။

“ဝူး… ဝူး… ဝူး”

ရုတ်တရက် မျောက်ဝံကြီးတကောင် အော်၍ အထက်ကျောက်လွှာပေါ်သို့ ခုန်တက်သွားပြန်၏။

သိပ်မကြာ။ မျောက်အုပ်တအုပ်သည် ကျွန်ုပ်တို့အောက် ကျောက်ထပ်များအတွင်းသို့ ဆူဆူညံညံ ဝင်သွားကြပြန်သည်။

ကျွန်ုပ်အဖို့ ကမ္ဘာဦးကျောက်ခေတ် လူသားများဆီ ပြန်ရောက်သွားခဲ့၏။ ကျောက်ခေတ်လူသားများအဖို့ ဤသို့ မျောက်ဝံများဆန်ဆန် ကျောက်လိုဏ်များ၊ ကျောက်ဂူများတွင် နေထိုင်ခဲ့ကြပေမည်။

တအုပ်စုနှင့် တအုပ်စုလည်း ကျောက်လက်နက်များ စွဲကိုင်ကာ တိုက်ခိုက်ကြသလို အစားအစာအတွက် ကျောက်လက်နက်များ ကိုင်စွဲ၍ သားကောင်များကို ဝိုင်းဝန်းတိုက်ခိုက် ဖမ်းဆီး၍ စားသောက်ကြမည်ကို တွေးလိုက်မိပါချေသည်။

ကျွန်ုပ်တို့သည် ညစာအတွက် ပါလာသော ပေါင်မုန့်နှင့် အမဲဗူးတို့ကို စားရန် ပြင်ကြသည်။

မုဆိုးစောအေးက ဝါးကျည်တောင့်တွင် ထည့်ယူလာသော အရက်ကို ဝါးဆစ်ဗူးကလေးနှင့် ငှဲ့ကာ ပေါင်မုန့်နှင့် အမဲဗူးကို မြှောက်ကာ သူ၏ ထုံးစံအတိုင်း တောင်ပိုင်လမိုင်းရှင်ကို တင်မြှောက်၏။

အမှောင်ရိပ်များ သမ်းလာချေပြီ။ နေဝန်းသည် အနောက်ရိုးမတောင်ထိပ်များပေါ် မေးဖျားတင်နေ၏။ သည်နောက် တရွေ့ရွေ့ ငုပ်လျှိုးချေပြီ။

တောရိပ် တောင်ရိပ်များကြောင့် အမဲရိပ်သည် တောတောင်များအပေါ် ပျံ့ထွက်လာသည်။ ဒေါင်းဖို ဒေါင်းမ အော်သံများ၊ တောကြက်များ၏ အော်သံတွေ ဆူညံလာသည်။

တောင်ပေါ်မှ နိမ့်နိမ့်ပျံလာသော ငှက်အုပ်များ တောအုပ်တွင်း ထိုးဆင်းသွားကြ၏။ မနီးမဝေး ဒရယ်ကလေးများ အော်သံ ပေါ်လာသည်။

“ဝေါင်း”

ရုတ်တရက် ဟင်းကောင်ကြီး၏ မာန်ဟိန်းသံ ကျောက်ချပ်ကြီးနှင့် ကိုက် ၃ဝဝ ခန့် ဝေးသော ဘီလူးမတောင်စွယ်မှ ပေါ် ထွက်လာ၏။

ယင်းအချိန်တွင် အသံဗလံများသည် ဆူညံမစဲရှိရာက ရုတ်တရက် ကျောက်ထပ်ကြီး၏ ရှေ့တောစပ်မှ ဝေါကနဲ ဒရယ်ပေါက်ကလေးနှစ်ကောင် ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။

“ဝေါင်း”

ရုတ်တရက် ဟင်းကောင်ကြီး၏ ဟိန်းသံနှင့် ကွက်လပ်ထဲသို့ ဖြတ်ဝင်လာသော ကျားကြီးတကောင်။

ဒရယ်ကလေးများကို မလုလုမှာပင် ရုတ်တရက် ချုံကြီးတချုံမှ လူတယောက် ကျားဟိန်းသံလိုအော်ကာ ခုန်ထွက်လာကာ လက်ထဲမှ လှံတိုဖြင့် ကျားကြီး၏ လက်ပြင်ကို ရုတ်ရက် ထိုးစိုက်လိုက်ရာ ကျားကြီးသည် နာကျင်စွာဖြင့် “အာဝု … ဝေါင်း” ဟူသော အသံဖြင့် နောက်သို့ ကျွမ်းထိုးခုန်သွား၏။

သို့သော် ဝေးဝေးမခုန်နိုင်။ လှံချက်ကြောင့် နောက်သို့ ကျွမ်းထိုးလိုက်ရာက လှံရိုးဘက်မှ မြေသို့ကျကာ ဆောင့်၍ သွင်းလိုက်ဘိအလား၊ လှံသွားက ပို၍ နစ်မြုပ်ဝင်သွားသဖြင့် ကျားကြီးသည် နာကျင်လှစွာ အော်လိုက်၏။

“ဟာ … အဲဒါ သူ့အစ်ကိုအတွက် လူသားစား ကျားကို ကလဲ့စား ချေလိုက်တာပဲ”

“မောင်မိုး ဆိုသူလား”

ဌာနေမုဆိုး ဦးစောအေးက ပြောလိုက်သဖြင့် ဦးဖဝေးက မေးလိုက်ခြင်းဖြစ်သည်။

သည်အချိန်ဝယ် ကျောက်ထပ်ကြီးအပေါ်မှ မျောက်များ အော်သံများ ပေါ် ထွက်ပါလာ၏။

“ကျားဆေးထိုးထားတော့ ကျားမာန်ထနေတာမို့ တယောက်ထဲ မကြောက်မရွံ့ တောထဲကို လာဝံ့တာပဲ”

ဦးစောအေးက စကားမဆုံးမီ…

“ဟားဟား … ဟားဟား … သေပြီကွ … သေပြီ။ ငါ့အစ်ကို သေသလို မင်း သေပြီမဟုတ်လား။ ဟား… ဟား… ဟား”

မောင်မိုးသည် အရူးသဖွယ် အော်ယင်းက ခါးထဲမှ ဓားတိုတချောင်း ဆွဲထုတ်၍ လဲကျနေသော ကျားကြီးဆီသို့ ပြေးခုန်အုပ်လိုက်ပါ၏။

ကျားကြီးသည် တဝူးဝူး အော်နေ၏။

မောင်မိုးသည် ကျားကြီး၏ လည်ချောင်းကို တအားထိုးစိုက်လိုက်သည်ကို မြင်ရသည်။

သူသည် တချက်နှင့် အားမရ။ သုံးလေးကြိမ် ဆက်တိုက် ထိုးနေစဉ် ကျွန်ုပ်တို့အပေါ် ကျောက်ထပ်ကြီးစွယ်မှ ဟင်းကောင်ကြီး တစ်ကောင် ဝေါကနဲ ခုန်ဆင်းလာသည်ကို သဘိမထားမိပါချေ။

“ဟာ”

ရုတ်တရက် ဦးဖဝေးမှာ အံ့အားသင့်ကာ သူ၏ ဒသမ ၄ဝ၅ ရိုင်ဖယ်ကြီးကို ထိုးချိန်လိုက်၏။ သို့သော် ကျွန်ုပ်က ဦးဖဝေးထက် စက္ကန့်စော၍ စပရင်ဖီးလ် ရိုင်ဖယ်ဖြင့် ကျားကြီး၏ လက်ပြင်ကို ပစ်ထည့်လိုက်၏။

ကျွန်ုပ်တို့၏ လျှပ်တပြက် ဝါးလုံးထိုး ပစ်ခတ်ခြင်းများသည် ကိုက် ၂ဝဝ အထိ မလွဲစဖူးပါချေ။

“ဒိုင်း”

ကျွန်ုပ်တို့ခေါင်းပေါ် ကျောက်ထပ်ကြီးမှ ခုန်ဆင်းသွားသော ကျားကြီးသည် ကျောက်ထပ်ကြီးနှင့် တောစပ် မောင်မိုးနှင့် ကျားကြီးဘေးသို ဗုန်းကနဲ ပစ်ကျသွားပါတော့၏။

“အား … အမလေး”

ကျားမာန်ဖြင့် ကျားသေကို ဒေါသဖြင့် ထပ်မနား ဓားမြှောင်ဖြင့် ထိုးသတ်နေသော မောင်မိုးသည် သေနတ်သံကြောင့် လည်းကောင်း၊ ရုတ်တရက် နောက်ထပ် ကျားကြီးတကောင် သူ့ဘေးသို ဗုန်းကနဲ ပစ်ကျလာခြင်းအတွက် ထိတ်လန့်သွားကာ အော်ဟစ်လိုက်ပြီး သူသတ်ခဲ့သော ကျားသေကြီးအပေါ်သို့ ပစ်လဲကျသွားပါတော့​၏။

ကျွန်ုပ်တို့ မောင်မိုးအဖြစ်ကို ကြည့်၍ အံ့ဩလိုက်ချိန် မရ။

“ဒိုင်း”

မုဆိုးကြီး ဦးဖဝေးသည် ရုတ်တရက် ကျွန်ုပ်တို့အထက်ရှိ ကျောက်ထပ်ကြီးအမိုးပေါ် ကိုယ်တပတ်လှည့်ကာ သူ၏ ဒသမ၄ဝ၅ ရိုင်ဖယ်ကြီးဖြင့် ပစ်ထည့်လိုက်ပြန်၏။

“အာဝု … ဝေါင်း”

ရုတ်ဘရက် ၆ တောင်ခန့် ကျားပေါက်တကောင် ကျောက်ထပ်အမိုးမှ အောက်သို့ ပစ်ကျသွားပါ၏။

“အင်း … လူသားစား ကျားသားအမိတအုပ်တော့ အခုမှ ကိစ္စချောတော့တယ်”

ဦးဖဝေးက ပြုံးပြုံးကြီးဖြင့် သူ့ ရိုင်ဖယ်ကြီးမှ ယမ်းခိုးတွေကို မှုတ်လိုက်ကာ ပြောလိုက်ယင်း အောက်သို့ ပြေးဆင်းသွားပါ၏။

ကျွန်ုပ်တို့လည်း ကျောက်ထပ်ကြီးအောက်သို့ ဆင်းလိုက်သွားစဉ် ကျောက်ထပ်ကြီးအတွင်းမှ မျောက်များ၏ ပို၍ ဆူဆူ ယညံညံအော်သံနှင့် လင်းနို့ ကြီးများ လန့်ပျံသွားခြင်းကို တွေ့လိုက်ရပါ၏။

မောင်မိုးကို ဦးဖဝေးက ဆွဲထူကာ ပြုစုယင်း …

“သူသတ်လိုက်တဲ့ ကျားက တောအုပ်ကနေပြီး ဒရယ်ကိုလိုက်တဲ့ ကျားမ၊ ကျားထီးနဲ့ ကျားပေါက်က တို့က ကျောက်ထပ်ကြီးအပေါ်က ချောင်းလာတဲ့ ကျားတွေ။ ကျားမက ဟန်ပြ ဒရယ်တွေကို လိုက်လာ တုန်း ချုံထဲ ပုန်းစောင့်နေတဲ့ မောင်မိုးလက်ချက် မိသွားတာပဲ။

တို့တတွေကလဲ မုဆိုးလုပ်သက် ဝါရင့်လာတာတောင် ကျားပရိယာယ် နားမလည်သေးဘူး။ ကံကောင်းလို့ မသေကြတယ်ကွယ်”

“ကျုပ်ကတော့ မျောက်တွေအော်သံ ကြားကတည်းက သတိပြုမိပါတယ် ဖထီး။ ဒါကြောင့် အမြန်ပစ်လိုက်နိုင်တာပေါ့”

“အေး … ဟုတ်တယ် ဗိုလ်စိန်တင်။ ကျားမကို မောင်မိုးက သတ်လိုက်လို့ ကျားထီးက ကျုပ်တို့ကို ချောင်းရာက မောင်မိုးထံ ခုန်အုပ်လို့ ငါတို့ ကံကောင်းသွားတာပဲ။

အင်း … တကောင်ကျန်သေးတယ်လို့ တွေးနေတုန်း ထင်တဲ့အတိုင်း ကျားပေါက်က တို့ခေါင်းပေါ် ရောက်လာလို့ ပစ်သတ်နိုင်တာပေါ့”

ကျွန်ုပ်နှင့် ဦးဖဝေးတို့ ပြောနေစဉ် မောင်မိုးတယောက် သတိရလာပါသည်။

“ဟေ့ … ငါတို့ မုဆိုးတွေပါဟ။ မင်းက တကောင်သတ်တယ်၊ ငါတို့က နှစ်ကောင် သတ်လိုက်ပြီကွ။ ဘာမှ ဒီနယ်မှာ အန္တရာယ် မပေးတော့ဘူး ကောင်ရေ့။ ကျားမာန်တော့ မထနဲ့အုံး”

မောင်မိုး၏ ဇက်ပိုးကို ခပ်နာနာနှိပ်ကာ ဦးဖဝေးက ပြောလိုက်မှ မောင်မိုး၏ ပြူးနေသော မျက်လုံးများမှာ ပုံမှန်အနေအထားအတိုင်း ရောက်လာပါ၏။

“ကျွန်တော် မခံချင်စိတ်ကြောင့် လိုက်ပြီး ကျားကို သတ်ခဲ့ပေမယ့် အခုလို ဆရာကြီးတို့က ဝင်ပြီး မကယ်ယင် ကျွန်တော် အခုလောက်ဆို အသက်မရှိတော့ပါဘူး။ ကျေးဇူးကြီးပါပေတယ်ဗျာ”

မောင်မိုးက သေနေသော ကျားထီးနှင့် ကျားပေါက်ကိုကြည့်ကာ ပြောလိုက်ပါ၏။

သိပ်မကြာလိုက်ပါ။ ကျွန်ုပ်တို့၏ သေနတ်သံများကြောင့် သံပရာကွင်းရွာနှင့် ကျောက်အိုးမှ လူများသည် တောဟစ်သံ “ဟေး … ဝူး” ပေး၍ ရောက်လာကြပါသတည်း။

သွေးသောက်မဂ္ဂဇင်း
အမှတ် – ၄၃၈
ဇွန်လ ၊ ၁၉၈၂

– ပြီး –

စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *