ဖိုးကျော့
ကျားမိတ်လုပွဲ
“ဟေ့… မြို့ကြီးပြကြီးတွေ မီးသွေးတစ်ပိဿာ လေးငါးရာ ဖြစ်ကုန်ပြီတဲ့ကွ။ ဒီနှစ်မှ ကျုပ်တို့ လက်မည်းကြီးတွေ ငွေမကိုင်ရရင်တော့ ဘယ်တော့မှ ကိုင်ရမှာ မဟုတ်ဘူး”
သိန်းအောင် အာကျယ်ကြီးက သူကြားခဲ့ရသော သတင်းကို ရွာရိုးကိုးပေါက် လျှောက်အော်သွား၏။
သူပြောသောသတင်းမှာ အမှန်ပင်။ မကြာမီမှာပင် သူတို့မြို့နယ်လေးက မီးသွေးကုန်သည်များ၊ မီးသွေးပွဲရုံလုပ်သူများသည် ရွာစဉ်လျှောက်ရင်း ဆွေမျိုးသားချင်း တော်စပ်သူများကို ကြိုတင်စရန်ငွေပင် လာပေးနေကြ၏။
မီးသွေးကောက်သူ၊ မီးသွေးဖိုကို ချုပ်ယူမယ့် လူတွေလည်း ရောက်လာကြ၏။
ထို့ကြောင့်လည်း မီးသွေးဖုတ်သူများမှာ သက်ဆိုင်ရာ တောခေါင်း၊ ချောင်းခေါင်းများမှတစ်ဆင့် မီးသွေးဖုတ်ခွင့်ရရန် ခွင့်ပြုချက် ယူကြရသည်။ ဒေသခံများအတွက် အိမ်သုံးယာသုံး ခွင့်ပြုထားသော “အပတော” များကို လိုင်စင်ယူကြရသည်။
အထူးသဖြင့် သစ်မာတောကြီးများနှင့် ဆက်စပ်နေသော အပတောများကို ပိုပြီး လက်ဦးမှု ရယူကြ၏။ ထိုသို့ လက်ဦးအောင် လုပ်ကြရခြင်းမှာ “အပတော” ကို အကြောင်းပြု၍ မီးသွေးကောင်း ရနိုင်သော သစ်တောကြီးများထဲက သစ်မာများကို ဥပဒေလွတ် ခုတ်ယူ မီးသွေးဖုတ်နိုင်ကြရန် ဖြစ်သည်။
ထို့ကြောင့် ဖက်သန်းကုန်းရွာက ဦးကြီးထွန်းတို့အဖွဲ့သည် မီးသွေးဖုတ်ရန် တောင်တက်လာကြသည်။
လှည်းသုံးစီးတွင် ရိက္ခာပို့သမား အပါအဝင် လူကိုးယောက်ပါသည်။ သူတို့မှာ မီးသွေးဖုတ်ရင်း တောထဲ တောင်ထဲ၌ သုံးလေးလခန့် နေကြရမည်ဖြစ်သဖြင့် လက်နက်ရိက္ခာများနှင့် စားအိုးစားခွက်များကိုလည်း အပြည့်အစုံ လှည်းပေါ်တင်ယူလာကြ၏။
ရှေ့ဆုံးက သွားနေသော လှည်းပေါ်တွင် သိန်းအောင်၊ ရွှေမော်နှင့် ကြည်ဝင်းတို့ ပါသွားကြသည်။
ဒုတိယလှည်းမှာ မောင်သိုက်၊ လှဝင်းနှင့် ထွန်းအောင်တို့ ဖြစ်ကြသည်။
တတိယ နောက်ဆုံးလှည်းမှာ အဖွဲ့ခေါင်းဆောင် ဦးကြည်ထွန်း၊ ကျော်စိန်နှင့် တင်ဆိုင်တို့ လိုက်ပါလာကြသည်။
မနက် ကြက်ဦးတွန်စကပင် တောင်တက်လာကြသော သူတို့အဖွဲ့သည် နေထွက်တစ်ပြူ၌ ဒေါင်းရန်ချောင်းကို ရောက်လာကြသည်။
ဒေါင်းရန်ချောင်းမှာ ရိုးမထဲက စီးဆင်းလာသော ချောင်းဖြစ်သော်လည်း နွေလတွင် ချောင်းအပြည့် ရေမရှိ။ ချောင်းတစ်လျှောက်တွင် ရေအိုင်၊ ရေခွက်တွေသာ ထင်ကျန်နေ၏။
ကြက်ဦးတွန်စကပင် ရွာက ထွက်လာကြသော သူတို့မှာ နေမွန်းမတိမ်းမီ မီးသွေးဖုတ်ကြရမည့် တောထဲရောက်လာကြ၏။ ထိုအခါ တောထဲ မနက်ကပင် ချက်ပြုတ်ယူလာကြသော ထမင်းဟင်းများကို စုဝိုင်းစားကြပြီး ရိက္ခာပို့သူများကို နေမဝင်မီ ရွာပြန်ရောက်ရန် လှည်းသုံးစီးနှင့် လူသုံးယောက်ကို ပြန်လွှတ်လိုက်ကြသည်။
ဦးကြီးထွန်း အပါအဝင် ကျန်လူခြောက်ယောက်မှာ သူတို့ သုံးလေးလ စခန်းချနေကြရမည့်တဲကို မိုးမချုပ်မီ အပြီးထိုးကြရ၏။
သူတို့မှာ နောက်တစ်နေ့၌ မီးသွေးဖုတ်ရန် မီးသွေးဖိုကို တည်ဆောက်ကြရပေဦးမည်။
xxx xxx xxx
ဦးကြီးထွန်းနှင့် သူတို့ ဆောက်လုပ်နေသော မီးသွေးဖိုမှာ “မြေတိုက်”ခေါ်သော မီးသွေးဖိုဖြစ်သည်။ မြေတိုက် မီးသွေးဖိုကို မြေပေါ်၌ တည်ဆောက်လုပ်ကိုင်ခြင်းကြောင့် “မြေပေါ်ဖုတ်နည်း”ဟု ခေါ်၏။
မီးသွေးဖုတ်လုပ်ခြင်းကို မြန်မာနိုင်ငံအရပ်ရပ်၌ ဖုတ်လုပ်ကြ၏။ တစ်နေရာနှင့် တစ်နေရာ မတူကြချေ။ “တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း”ဆိုသလို ကိုယ့်နည်းနှင့်ကိုယ် လုပ်ကိုင်ကြသည်။ မည်သို့ဆိုစေ မီးသွေးကောင်း မကောင်းမှာ မီးသွေးဖုတ်လုပ်သော သစ်သား အပျော့အမာပေါ်၌သာ မူတည်လေသည်။
သူတို့ ပြုလုပ်နေကြသော မြေတိုက်မီးသွေးဖို၏ ပေရှည်အလျားမှာ ပေ ၄ဝ ခန့်ရှိ၏။ အနံမှာ ဖုတ်သစ် ကိုးပေ၊ အမြင့်မှာ ရှစ်ပေ ရှိလေသည်။
ထို့ကြောင့် မောင်သိုက်က မီးသွေးဖိုပေါ် တစ်ချက်မော့ကြည့်၍ မေး၏။
“ဦးကြီးထွန်း ကုန်းပေါင်ထိုးပြီး တင်ရလိမ့်မယ် ထင်တယ်ဗျ”
“အေး… ဟုတ်တယ်”
ဦးကြီးထွန်းက မောင်သိုက်ဆီ တစ်ချက်လှမ်းကြည့်ပြီး…
“ကုန်းပေါင်ကတစ်ဆင့် လှိမ့်တင်ကြကွာ။ ဟေ့… ကျော်စိန်တို့၊ ငသိန်းကြီးတို့ ဝိုင်းကြဦးလေကွာ။ ထွန်းအောင်က တောင့်ထား။ ဖြည်းဖြည်း… ဖြည်းဖြည်း”
ထွန်းအောင်နှင့် ရွှေမော်တို့က ထိပ်ဝ တောင်ဆုပ်ခန့်ရှိသော သစ်လုံးကြီးကို အစွန်းတစ်ဖက်စီကိုင်၍ ကုန်းပေါင်ပေါ်မှတစ်ဆင့် မီးသွေးထင်းပုံပေါ်သို့ရောက်အောင် တွန်းတင်နေကြသည်။
“ကိုင်း… တွန်းဟ… တွန်းဟ။ သတိလည်းထားကြ။ အေး… အေး၊ ဟုတ်ပြီ … ဟုတ်ပြီ။ နောက်တစ်လုံး”
ဦးကြီးထွန်းသည် လူငယ်များ တွန်းတင်ပေးသော သစ်လုံးများကို သစ်ပုံပေါ်၌ နေရာတကျ စီစဉ်သည်။
“တို့ဖိုက အလျား ပေ ၄ဝ၊ အနံ ကိုးပေဆိုတော့ ရံတိုင်တစ်ခုစီရဲ့ အကွာအဝေးကတော့ ၁ဝ ပေလောက် မှန်းပြီး စိုက်ကြတာပေါ့ကွာ။ ကဲ… လုပ်ကြတော့၊ လုပ်ကြ … လုပ်ကြ”
သည်လိုနှင့် ရက်ဆက်လုပ်လိုက်ကြရာ ပထမသုတ် မီးသွေးဖို သုံးဖိုစလုံး ပြီးစီးသွားပြီ။ ပထမသုတ်က ပထမ မီးသွေးဖိုကိုလည်း မီးတင်ထားကြပြီ။ ထို့ကြောင့် ဦးကြီးထွန်း အပါအဝင် လူကြီးသုံးယောက်က မီးအခြေအနေကို ကြည့်ရှုလေ့လာနေကြစဉ် သိန်းအောင်နှင့် ရွှေမော်တို့သည် နံနက်စာစားပြီးကတည်းက ညနေကို ခါချဉ်ဟင်း ချက်စားကြမည်ဟု မီးသွေး ထင်းရှာစဉ်ကပင် သူတို့ တွေ့ထားသော ခါချဉ်ထုပ်များရှိရာသို့ ထွက်လာကြသည်။
xxx xxx xxx
“တောက်… ဒီကောင်တွေကွာ မိုးချုပ်နေဝင်”
ဦးကြီးထွန်းသည် ဤစကားကို လေးငါးခါထက်မနည်း ရေရွတ်ကာ မီးသွေးဖိုဘက် ထွက်သွားလိုက်၊ တဲထဲ ပြန်လာကြည့်လိုက်နှင့် ဂနာမငြိမ် ဖြစ်နေ၏။
ဦးကြီးထွန်း ထိုသို့ ဖြစ်မည်ဆိုကလည်း ဖြစ်စရာ။ မနက်စာ စားပြီးကတည်းက သိန်းအောင်နှင့် ရွှေမော်တို့သည် မီးသွေးထင်းသွားရှာစဉ်ကပင် တွေ့ထားခဲ့ကြသည်ဆိုသော တောထဲကို ခါချဉ်ထုပ်ယူရန် ထွက်သွားကြသည်။
ယခု နေလုံးမှာ ရိုးမပေါ် မေးတင်နေလေပြီ။ သူတို့နှစ်ယောက်က ယခုထိ စခန်းသို့ ပြန်မရောက်လာကြသေး။
တောမှာ တောင်မှာ နေညိုသည်နှင့် စခန်းပြန်ရောက်နေကြရမည်ကို မသိလေသလားဟု လူကြီး ဖြစ်သူ သိန်းအောင်ကို ဦးကြီးထွန်း ဒေါသထွက်နေ၏။
သူတို့နှစ်ယောက် လက်ဗလာနှင့် ပြန်လာကြသည်ကို မြင်သည်နှင့် ဦးကြီးထွန်းက –
“ဟေ့ကောင် သိန်းအောင် ခု ဘယ်အချိန်ရှိပလဲ။ မင်းတို့ကို ငါ ဘယ်လိုမှာထားလဲ”
ဟု ဆီးဟောက်၏။
“ဦးကြီးထွန်းရယ်… အဖြစ်ကတော့ မပြောပါနဲ့တော့ဗျာ။ ဒီကောင့်ပဲ မေးကြည့်ပါတော့”
သိန်းအောင်က ရွှေမော်ကိုသာ မေးကြည့်ပါတော့ ဆိုသဖြင့် ဦးကြီးထွန်းက…
“ကဲ… ကဲ… ပြောပါဦး။ တောင်မှာ တောမှာ ဘယ်လိုဖြစ်လို့ ဒီလို မိုးချုပ်နေဝင် နေကြရ…”
ဦးကြီးထွန်း၏ စကားမဆုံးမီပင် သိန်းအောင်နှင့် ရွှေမော်တို့က ယနေ့ တောထဲ၌ သူတို့ ကြုံခဲ့ရသည့်အဖြစ်ကို ပြောပြကြသည်။
သူတို့နှစ်ယောက်သည် ပထမဦးဆုံး ညနေ ငါးပိရည်နှင့် တို့စားရန် ကြိမ်ခါးဖူး ခုတ်ကြသည်။ ပြီးတော့မှ ခါချဉ်ထုပ်ထဲက ခါချဉ်ကောင် မဖြစ်လာသေးသော ခါချဉ်ကောင်လောင်း အထုပ်တွေ၊ ဥတွေကို သစ်ပင်ပေါ်က ခုတ်ချနေကြသည်။
ခါချဉ်ထုပ်နှစ်ထုပ်၊ သုံးထုပ်သာ ခုတ်ချရသေး၏။ ခါချဉ်ထုပ်ကို ဖျက်၍ ခါချဉ်ဥ ခါချဉ်ကောင်လောင်းတွေကိုပင် မကောက်ယူကြရသေး။ ကျားမြည်သံတစ်ခုကို ကြားလိုက်ကြရသည်။
ထိုအခါ သစ်ပင်ပေါ်က အောက်ကို မဆင်းရဲကြတော့ဘဲ ကျားမြည်သံကြားရာဘက် လှမ်းကြည့်နေကြ၏။
ကျားမြည်သံမှာ သူတို့စခန်းထဲက ကြားနေကျ ကျားမြည်သံနှင့် မတူ။
ရိုးမထဲက ကျားဟိန်းသံ၊ ကျားကောင်တစ်သံနှင့်လည်း မတူ။
အစကမူ ကြောင်အော်သလားဟုပင် ထင်လိုက်မိကြသေးသည်။ သို့သော် ကြောင်မြည်သံက ဤမျှမကျယ်။ အိမ်ကြောင်၊ တောကြောင်များ မိတ်လိုက်ကြသည့်အခါ မြည်သံလို အသံမှာ ဆွဲဆွဲငင်ငင်နှင့် သံရှည် ဆွဲ၍ မြည်နေသည်။
မကြာမီပင် ထိုအသံရှင် ကျားတစ်ကောင်သည် သူတို့အနီးကို ရောက်လာ၏။ ကျားမှာ အမြီး ဂနာမငြိမ်ဘဲ လှုပ်ယမ်းနေသလို ဝမ်းခေါင်းသံကြီးနှင့် သံရှည်ဆွဲ၍ ‘ခြုံငုံ’ မြည်သော အသံကလည်း ပြတ်မသွား။ ပါးစပ်ကြီးကို မဟဘဲ အံကြိတ်မြည်နေသလိုပင်။ ပြီးတော့ ကြောင်ခြစ် (ကြောင်ဗေဒင်ကွက်) ဟု ပြောကြသလို သစ်ပင်တစ်ပင်၏ ပင်စည်ကို ဒေါသတကြီး ကုတ်ခြစ်နေပြန်သည်။ ထိုသို့ ကုတ်ခြစ်နေ စဉ်၌လည်း ပါးစပ်ထဲက အော်မြည်နေသံ ရပ်မသွား။ အတွင်းကြိတ်၍ အော်မြည်သံလို “ငြု” နေသည်။
ကျားကြီး ထိုသို့ ကုတ်ခြစ်လုပ်နေသည်ကို ကြည့်ကာ ရွှေမောင်မှာ ကြောက်စိတ်ဝင်လာ၏။ သူ့ဆရာ ကြောင်ဗေဒင်တွက်သလို ကျားကြီးသည် သူတို့ မည်သည့်သစ်ပင်တွင် ရှိနေကြသနည်းဟု ကျားက ဗေဒင်တွက်နေပြီဟု ထင်လိုက်သည်။
ထိုသို့ ကျားက သစ်ပင်စည်ကို ကုတ်ခြစ်ပစ်လိုက်၊ ပါးစပ်က ဝမ်းခေါင်းသံကြီးနှင့် မြည်လိုက်၊ မြေပြင်ပေါ်လှိမ့်လိုက် လုပ်နေစဉ် မြည်သံတစ်မျိုးပေးကာ သူ့ထက်ကြီးသော ကျားတစ်ကောင် ရောက်လာ ပြန်၏။
နောက်ရောက်လာသော ကျားက ပထမ ကျားအနီးကို သွားကပ်ရာ ပထမကျားက နောက်ရောက်လာသောကျားကို အကပ်မခံဘဲ ရန်မူသံနှင့် လိုက်ကိုက်၏။ ထိုအခါ ပထမကျားနားကို မကပ်ဝံ့ဘဲ ဒုတိယ ရောက်လာသော ကျားသည် ခြင်္သေ့ထိုင်ထိုင်ကာ ပထမကျားကို စိမ့်စိမ့်ကြည့်ပြီး မတိုးမကျယ် အော်မြည်နေ၏။
ခဏအကြာမှာ ပထမနည်းတူ ဒုတိယကျားက ပထမကျားနားကို သွားကပ်ပြန်၏။ ပထမကျားက အကပ်မခံ။ ပထမနည်းတူ မတိုးမကျယ် မြည်တမ်းကာ မြေပြင်တွင် လူးလှိမ့်နေ၏။
နှစ်ကောင်စလုံး၏ မြည်သံမှာ ရောယှက်နေပြီး တစ်ကောင်နှင့် တစ်ကောင် စိန်ခေါ်နေသလိုပင်။
ဒုတိယ ရောက်လာသော ကျားက ပထမကျားဆီ အလစ်ဝင်ရန် ချောင်းနေသည်။ ပထမကျားကလည်း သူ့အနားကို အကပ်မခံ။ အနားရောက်လာတိုင်း မြေပြင်ပေါ်က ခေါင်းထောင်၍ လှမ်းလှမ်းကိုက်သည်။
ထိုအခါ ဒုတိယ ရောက်လာသော ကျားကလည်း ဝမ်းခေါင်းသံကြီးနှင့် တရစပ် မြည်လာ၏။
ကျားကြီးနှစ်ကောင် ထိုသို့ မြည်လိုက်၊ အော်လိုက် ဖြစ်နေကြစဉ် နောက်ထပ် ကျားတစ်ကောင်သည် ဘယ်ကဘယ်လို ပေါက်ချလာသည် မသိ။ အသံပေးကာ တစ်ကောင်နှင့်တစ်ကောင် အော်မြည်နေကြသော ကျားနှစ်ကောင်နား ရောက်လာပြန်သည်။
ထိုအခါမှာတော့ အလုံးအရပ်ကလည်း သိပ်မကွာလှသော ဒုတိယကျားနှင့် နောက်မှ ရောက်လာသော တတိယကျားတို့သည် အသေအလဲ ကိုက်ခဲကြတော့ သည်။
ကိုက်လိုက်ကြသည်မှာ သူတစ်ပြန် ကိုယ်တစ်ပြန်နှင့် ရရာကို ဆွဲကိုက်သဖြင့် တစ်ကောင်မှာ နားရွက်စုတ်သွားပြီး နောက်တစ်ကောင်မှာလည်း လက်ပြင်မှ သွေးထွက်လာ၏။ သို့သော်လည်း တစ်ကောင် နှင့်တစ်ကောင် အရှုံးမပေးဘဲ သဲကြီးမဲကြီး ကိုက်ကြတုန်း။
ဒုတိယကျားနှင့် တတိယကျားတို့ ထိုသို့ သူတစ်ပြန် ကိုယ်တစ်ပြန် အသေအလဲ ကိုက်နေကြချိန်တွင် ပထမဦးဆုံး သူတို့ စမြင်သော ကျားကမူ မြေပြင်ပေါ်မှ လူးလှိမ့်ထလာကာ မည်သည့်အကောင် ဘက်မှ ဝင်မပါဘဲ အမြီးတနှန့်နှန့်လှုပ်ကာ ပါးစပ်ကလည်းမြည်ပြီး ဟိုနှစ်ကောင်ကို သည်အတိုင်း စိန်းစိန်းကြီး မလှုပ်မယှက် ရပ်ကြည့်နေလေသည်။
သည်လိုနှင့် ကိုက်ခဲနေကြသော ကျားနှစ်ကောင်မှာ မည်သည့်အကောင်က ဒုတိယ၊ မည်သည့်အကောင်က တတိယ၊ နောက်ဆုံးမှ ရောက်လာသော အကောင်ဟုပင် ခွဲခြား မမှတ်မိနိုင်ကြတော့ဘဲ လုံးထွေးကိုက်ခဲနေကြသည်ကို သစ်ပင်ပေါ်က ကြောက်ကြောက်နှင့် ငုံ့ကြည့်နေမိကြသည်။
တစ်ကောင်နှင့်တစ်ကောင် လုံးထွေးကိုက်ခဲနေကြသည်မှာ ကွမ်းတစ်ယာညက်ပင် မကြာ။ နားရွက်စုတ်သွားသော အကောင်မှာ ပါးစပ်ကပါ သွေးထွက်လာပြီး ထွက်ပြေးသွားတော့သည်။
ထိုအခါ လက်ပြင်တွင် သွေးစသွေးနထွက်နေသော ကျားကြီးသည် သူတို့နှစ်ကောင် အသေအလဲ ကိုက်ခဲနေကြသည်ကို မှင်တက်မိကာ ကြည့်နေသော ကျား၏ ကုပ်ဆက်ကို ရုတ်တရက် ဝင်ခဲပြီး ခွစီးထားလိုက်သည်။
ပြီးတော့ နှစ်ကောင်စလုံး သံသေးသံကြောင်တွေနှင့် မြည်အော်ကာ မြေပြင်တွင် လူးလှိမ့်နေကြ၏။
ထိုအခါမှ ပထမဦးဆုံး သူတို့စမြင်သော ကျားသည် ကျားမ ဖြစ်နေကြောင်း သိန်းအောင်နှင့် ရွှေမော်တို့က သိလိုက်ကြရသည်။
ထို ကျားထီး၊ ကျားမ နှစ်ကောင်တို့မှာ တစ်ကောင်နှင့် တစ်ကောင် ကျေကျေနပ်နပ် ဖြစ်သွားကြသော်လည်း ထိုနေရာက တော်တော်နှင့် ခွာမသွားကြသေး။
တစ်ကောင်နှင့် တစ်ကောင် လက်ပုတ်၊ ခေါင်းပုတ်
ကျီစယ်ကိုက်ခဲနေကြသည်မှာလည်း အကြာကြီး။
သိန်းအောင်နှင့် ရွှေမော်တို့မှာ နေညိုလာသည်နှင့် သူတို့နှစ်ကောင်အား စခန်းရှိ လူများက စိုးရိမ်နေကြမည်ကိုလည်း သိ၏။
သို့သော် ကျားလင်မယားစုံတွဲက ထိုနေရာနားက မခွာကြသေးသဖြင့် သူတို့နှစ်ယောက်မှာ နေ့တစ်ဝက်နီးနီး သစ်ပင်ပေါ်က အောက်ကို မဆင်းရဲ ဖြစ်ခဲ့ ကြသည်။
သည့်နောက် နေတော်တော်ကျသွားပြီး ရိုးမဘက်က ဂျီ (ချေ) ဟောက်သံကို ကြားတော့မှ ကျားလင်မယားစုံတွဲသည် တစ်ကောင်နှင့် တစ်ကောင် တိုးတိုက်ကျီစယ်ကာ ရိုးမတောနက်ဘက် ထွက်သွားကြ ၏။
သို့သော် သူတို့နှစ်ယောက်မှာ သစ်ပင်ပေါ်က ချက်ချင်း မဆင်းရဲကြသေး။ မ,လာလုသော တတိယကျား အနားဝန်းကျင်တွင် ရှိများရှိနေ သေးသလားဟု ကြည့်ကြရသေး၏။
ထို့နောက် ကျားလင်မယားစုံတွဲ ထွက်သွားကြသောဘက်မှ တောကြက်တစ်အုပ် ထပျံပြီး ကြက်မတစ် ကောင် ကျယ်ကျယ်လောင်လောင် ကတော်လိုက်သံကို ကြားရတော့မှ သစ်ပင်ပေါ်မှ ကမန်းကတန်း ဆင်းပြီး စခန်းသို့ ပြေးလာခဲ့ကြခြင်းဖြစ်သည်။
ဤသည်ကို ကျော်စိန်က…
“တော်တော် ခါချဉ်ကြော်ဟင်း ငတ်ကြီးကျတဲ့ကောင်တွေ။ ကျားကလည်း ကြောင်လိုပဲ သစ်ပင်ပေါ်တက်တတ်တယ်နော်။ ကျားဆရာ ကြောင်ဆိုမှုတ်လား။ ကျားကြီးတွေက အနံ့ခံပြီး နင်တို့ကို သစ်ပင်ပေါ် တက်မကိုက်တာဘဲ ကံကောင်းတယ်မှတ်”
ဟု ပြောလိုက်ရာ ရွှေမော်က …
“ကိုကြီးစိန်ကလည်း… ကျားမှာ နှာခေါင်းပေါက်မှ မပါတာ။ ဘယ်လိုလုပ် ကျုပ်တို့ကို အနံ့ခံတက်ကိုက်လို့ရမလဲ”
“ပေါက်ကရ … မင်းကို ဘယ်သူပြောလဲ။ နှာခေါင်းပေါက်မပါရင် ဘယ်လိုလုပ် အသက်ရှူမလဲ။ သေမှာပေါ့”
ထွန်းအောင်က ဝင်ပြောပြန်၏။
“ကဲ… ကျားမှာ နှာခေါင်းပေါက်ပါရင် မင်းပြောသလို ဘာဖြစ်လို့ အနံ့မခံတတ်လဲ … ပြော”
“ဟေ့ကောင်တွေ … တော်တော့။ သားစိမ်းငါးစိမ်းစားပြီး ကျားပါးစပ်က အမြဲ ပုပ်ဟောင်နံစော်နေတာ၊ ဘယ်အကောင်အနံ့ကို ခံလို့ရမှာတုံး။ ကျားသာ အနံ့ခံကိုက်တတ်ရင် သတ္တရဘန်မှာ တိရစ္ဆာန်ရယ်လို့တောင် ကျန်မှာမဟုတ်ဘူး”
ဦးကြီးထွန်းက ကျား အနံ့မရသည်ကို အဖြေထုတ်ပြော၏။
“ကျားကို ကြောင်က သစ်ပင်တက်တော့ သင်ပေးခဲ့တယ်တဲ့။ ဒါပေမဲ့ ဆရာစားအနေနဲ့ အဆင်းကိုတော့ သင်မပေးခဲ့ဘူးတဲ့။ အဲဒါကြောင့် သစ်ပင်ပေါ် တက်ပဲ တက်တတ်ပြီး မဆင်းတတ်လို့လည်း မင်းတို့နှစ်ကောင် ဒီနေ့ ကျားပါးစပ်ထဲ မရောက်ခဲ့တာပေါ့”
ဟု ထပ်ဆောင်းကာ ဝင်ပြောပြန်၏။
“ဟေ့ကောင်တွေ…. ခု ဘယ်အချိန်ရှိပလဲ။ လုပ်ကြ … လုပ်ကြ။ ရွှေမော်နဲ့ သိန်းအောင်ကြီးတို့ ရလာတဲ့ ခါချဉ်ကြော်ဟင်းနဲ့ ထမင်းစားကြရအောင်ကွယ်တို့”
ဦးကြီးထွန်း ရွဲ့အော်ပြောလိုက်မှ သူတို့ ကျားစကားဝိုင်းရပ်ပြီး ညနေစာ စားဖြစ်ကြတော့သည်။
ပြစ်မှုမဂ္ဂဇင်း၊ ဇွန်၊ ၂၀၁၅။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ