July 30, 2025
Uncategorized

ကျားမုဆိုးနှင့် လူမုဆိုး

တပ်ကြပ်ကြီးမိုးကျော်
ကျားမုဆိုးနှင့် လူမုဆိုး

လီဒိုလမ်းမကြီးအကြောင်းကို ကြားဘူးကြမည်ဖြစ်သော်လည်း ရောက်ဘူးကြသူများကား များစွာပင် နည်းပါးပေလိမ့်မည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အမေရိကန်များ သည် ဗမာပြည်ရှိ ဂျပန်တပ်များကို တိုက်ခိုက်ရန်အတွက် အိန္ဒိယ မြန်မာနယ်စပ်အနီးရှိ အိန္ဒိယမြို့တမြို့ဖြစ်သော လီဒိုမြို့ဘက်မှနေ၍ မြစ်ကြီးနားမြို့သို့ ဖောက်သော လမ်းမကြီးဖြစ်သဖြင့် လီဒိုမြို့ကိုအစွဲပြုပြီးလျှင် လီဒိုလမ်းဟုခေါ် ဝေါ် ကျော်ကြားခြင်းပင်ဖြစ်သည်။

လီဒိုလမ်းသည် မြစ်ကြီးနားမှ ထွက်သော် ပိတောင်ဘေးမဲ့သစ်တောကြိုးဝိုင်းနှင့် နိုင်ငံတော် သကြား စက်တည်ရှိရာ နမ္မတီးကိုဖြတ်လျက် ကျောက်စိမ်းများ ရောင်းဝယ်ဖောက်ကားရာ မိုးကောင်းမြို့သွားသောလမ်းခွဲအထိ ၃၉-မိုင်ခရီးကို အနောက်ယွန်းယွန်း သွားပြီးနောက် အနောက်မြောက်ဆီသို့ ဟူးကောင်းမြေပြန့် ချိုင့်ဝှမ်းအတိုင်း သွားသည်။

၁၆၃-မိုင် ဝေးကွာသော “ရှင်ဘွေယံ”သို့ ရောက် သော် ကချင်ပြည်နယ်မြေ နယ်နိမိတ်ကုန်ဆုံးပြီးလျှင် နာဂတောင်တန်းဒေသ၏ တောင်စဉ်အထပ်ထပ်ကို ကျော်ဖြတ်သွားပြန်သည်။ မြစ်ကြီးနားမှ ၁၉၃- မိုင် အကွာတွင် နာဂတောင်တန်းဒေသ ဟိုင်းမြဲနယ်တောင်တန်း ဝန်ထောက်ရုံးစိုက်သော နန်မြုံးကို ဆက်လက်ဖြတ်သွားပြီးလျှင် ပန်ဆောက်ခေါ် အရပ်၌ မြန်မာပြည်နှင့် အိန္ဒိယပြည်တို့ နယ်စပ်ချင်း တွေ့ထိကြလေသည်။ မြစ်

မြစ်ကြီးနားမှရေတွက်သော် ပန်ဆောက်အထိ ၂၂၀-မိုင်ဝေး၏။

လီဒိုလမ်းမကြီး တလျှေက်၌ကား တောတိရစ္ဆာန် များစွာပင် ပေါများလှချေသည်။ ဂျီ၊ ဒရယ်၊ စိုင်၊ ဆတ်နှင့် ပြောင်များ၊ မျောက်စပ်၊ မျောက်လွှဲကျော်၊မျော်မြီးရှည်၊ မျောက်မျက်ကွင်းဖြူ စသော မျောက်များ၊ ဖြူ၊ ဝက်၊ တောကြောင် အမျိုးမျိုး၊ တွားသွားသတ္တဝါများနှင့် ကျား၊ ကျားသစ်၊ ဆင်ရိုင်းများလည်း အနှံ့အပြားရှိလေသည်။

မြစ်ကြီးနားရှိ အမဲလိုက်ဝါသနာပါသူများသည် ထိုလမ်းတလျှောက်သို့ ညဉ့်အခါ ကားမီးလုံးတခု အပို ဆောင်လျက် ဘေးဘက် တောစပ်များသို့ မီးမောင်းထိုးလျက် အမဲများကို ရှာဖွေပစ်ခတ်လေ့ ရှိကြသည်။ မြစ်ကြီးနားမြို့သို့ အမဲပစ်ရန် လာသူများသာမက သာမန်အလည်လာသူများပင် သေနတ်ငှား၍ ဤလမ်းတလျှောက်သို့ပင် လှည့်လည်ပစ်ခတ်တတ်ကြလေသည်။

သားကောင်လည်း ပေါလှသည့်ပြင် ပြည်တွင်းသောင်းကျန်းမှုများ ကင်းရှင်း၍ စိတ်ချလက်ချ လည်ပတ်ပစ်ခတ်နိုင်သော လမ်းဖြစ်သည့်အားလျော်စွာ ဤလမ်းကို အခြားသင့်တင့်သော အမည်ပေးရမည် ဆိုလျှင် မြစ်ကြီးနားမြို့၏ ဟင်းအိုးလမ်းဟူ၍လည်း ခေါ်ဆိုနိုင်မည် ဖြစ်သည်။

လီဒိုလမ်း၏ မိုင်တိုင် ၆၃-မှ မိုင်တိုင် ၇၆- အ တွင်း၌ကား အိန္ဒိယလူမျိုးများသည် ရွာများတည် ထောင်လျက် ကျယ်ပြန့်သော စားကျက်ကြီးများကို အမှီပြုပြီးလျှင် ကျွဲ နွား နှင့် ဆိတ်များ အကြီးအကျယ် မွေးမြူလျက် စီးပွားလမ်းဖြောင့်လျက်ရှိ ကြသည်။

၁၉၅၆-ခု နှစ်ဦးလောက်တွင် ထိုနယ်မြေတွင် ကျားပေါက်တကောင် သောင်းကျန်းစပြုလာသည်။ ကျားဟူသည်မှာ တောတွင်းသားကောင်များဖြစ်သော ဆတ်၊ ဒရယ်၊ ဂျီငယ်နှင့် ဝက်များကိုသာ ရှာဖွေကိုက်သတ်စားလေ့ ရှိသော်လည်း အချိန်ကာလ ကြာမြင့်လာသောအခါတွင် ကျွဲ, နွား, ဆိတ်- စသော ဖမ်းဆီးရန်လွယ်ကူသော သတ္တဝါများဆီသို့ ဦးလှည့်၍ ဖမ်းဆီးစားသောက်တတ်လေသည်။

ထိုကျားပေါက်သည် ဆိတ်များ၊ နွားငယ် နှင့် ကျွဲငယ် ကလေးများကိုသာ သတ်ဖြတ်စားသောက်လေ့ ရှိ၍ တခါတရံ အကောင်အနည်းငယ်ကြီးသော ကျွဲငယ်၊ နွားငယ်များကိုမူကား လည်ကုပ်ကိုချိုး၍ သတ်လေ့ရှိသည်။ ဤကဲ့သို့ ကုပ်ချိုးသတ်ဖြတ်ခြင်းသည် ကျားများ လုပ်လေ့လုပ်ထရှိသော အပြုအမူတရပ်ဖြစ်သော်လည်း ကျားသစ်အကြီးအမျိုးများလည်း လုပ်တတ်သောကြောင့်ပထမသော် ရွာသားများသည် ကျားသစ်ဆွဲသည်ဟူ၍ပင် ထင်မှတ်နေခဲ့ကြသည်။

တနေ့တွင် နွားကျောင်းသားကလေးတယောက် မျက်မြင်တွေ့လိုက်သောအခါမှ ကျားမှန်း သိရသဖြင့် ဂျမ်းထောင်ခြင်း၊ ချောက်လှန့်ခြင်း၊ ပစ်ခတ်ခြင်း စသော ကာကွယ်ရေးများ လုပ်လာကြသည်။

ထိုကျားပေါက်သည် လျင်မြန်စွာ ကြီးပြင်းထွားကြိုင်းလာ၍ သေနတ်သမားအမျိုးမျိုးတို့၏ လက်ချက်မှလည်း ပွတ်ကာ သီကာ လွတ်မြောက်လာခဲ့ သဖြင့် ပါးနပ်ခြင်း၊ အတင့်ရဲခြင်းနှင့် ဥာဏ်များခြင်း စသော အရည်အချင်းများပါ တိုးတက်မှုရှိလာခဲ့လေသည်။

အချိန်ကြာလတ်သော် ထိုကျားသည် ကျွဲ-နွား ရှင် တို့၏ အဓိကရန်သူကြီး ဖြစ်လာလေသည်။

ယင်းအချိန်ကာလဝယ် တပ်မတော်၏ ဧည့် သည်တော်တဦး မြစ်ကြီးနားမြို့သို့ ဆိုက်ရောက် လာခဲ့သည်။ မြစ်ကြီးနားမြို့နှင့် ပတ်ဝန်းကျင်သို့ ရက်အနည်းငယ်မျှ လည်ပတ်ကြည့်ရှုပြီးနောက် အမဲပစ်လိုသည်ဟု ပန်ကြားသဖြင့် အရာရှိကြီးများက ကျွန်တော်နှင့် ကျွန်တော်၏ အမဲလိုက်ဘက် ရဲဘော်များဖြစ်သော ဒုတပ်ကြပ်ချိုတူး၊ ရွှေလုံးနှင့် လက်ဖြောင့်တပ်စိတ်မှ ဘတုတ်၊ စိန်မောင်၊ အောင်ဒင်၊ ကျော်မြင့်၊ မောင်တင် တို့အား ဧည့်သည်တော်နှင့်အတူ လိုက်ပါကူညီရန် တာဝန်ပေးလာသည်။

ကျွန်တော်တို့သည် ဧည့်သည်တော်နှင့်အတူ နံနက် ထမင်းစားပြီးချိန်တွင် လီဒိုလမ်းအတိုင်း ထွက်ခွာခဲ့ကြရာ ညနေ ၃-နာခွဲခန့်တွင် အထက်ပါ ကုလားရွာများဘက်သို့ ရောက်ရှိခဲ့ကြလေသည်။

တခုသော သက်ငယ်တောနှင့် တောစပ်တခုသို့ ရောက်သောအခါ ကားလမ်းဘေးရှိ သက်ငယ်ပင်များကြားထဲတွင် ဠင်းတများ ဝိုင်းအုံနေသည်ကို တွေ့ရသဖြင့် ကားကိုရပ်ပြီးလျှင် ဆင်းသက်ကြည့်ရှုကြရာတွင် ထိုအရာမှာ ကျားသစ်တကောင်သတ် ဖြတ်သွားသော နွားတကောင် ဖြစ်သည်ကို တွေ့ရသည်။

နွား၏ လည်ချောင်းတွင် အစွယ်ရာများကို တွေ့ရသော်လည်း နွား၏ လည်ကုပ်မှာ ကျိုးနေခြင်းမရှိသဖြင့် ကိုက်သည့်သတ္တဝါမှာ ကျားမဟုတ်ဘဲ ကျားသစ်ဖြစ်ကြောင်း ထင်ရှားသည်။ ထိုပြင် စားသောက်ထားသည့် သဏ္ဌာန်ကို ကြည့်ရှုသောအခါတွင် နွား၏ ဝမ်းဗိုက်ပိုင်းကို စားသောက်ထားသော်လည်း အူနှင့် အစာအိမ်မှာ ဗိုက်တွင်း၌ပင် ရှိနေသည်။ ဤအချက်မှာလည်း ကျားသစ်ပင် ဖြစ်ကြောင်း ပေါ်လွင်နေသည်။

ကျားသည် သန့် သန့် ပြန့်ပြန့် စားတတ်သော သတ္တဝါ ဖြစ်သည်။ ကျားသည် အောက်ပိုင်းကို စားတော့မည်ဆိုက ပထမ မိမိဖမ်းမိသော သားကောင်၏ ဗိုက်ထဲမှ အူနှင့် အစာအိမ်ထုတ်ပြီးလျှင် ၉-ပေ၊ ၁၀-ပေခန့် အဝေးသို့ သွား၍ ပစ်လေ့ရှိသည်။ မိမိစားမည့် အသားကို ကျင်ကြီး ကျင်ငယ်များ မပေကျန်ရန် ဖြစ်သည်။

ဤနွားသေကို တွေ့ရှိခြင်းမှာ ကျွန်တော်တို့အတွက် အခါအခွင့်ကောင်းကြုံခြင်း ဖြစ်သည်။ ဠင်းတများ နောက်ထပ်မလာရန် နွားသေကို သစ်ကိုင်းများနှင့် ဖုံးအုပ်ပြီးနောက် ကားလမ်းဘေးရှိ ချုံတခုကို ပိုမိုလုံခြုံစေရန်သစ်ကိုင်းများဖြင့် အုံကလေးတခု ဆောက်လုပ်ကြသည်။

စိတ်တိုင်းကျ ပြီးမြောက်သွားသောအခါ ထိုနေရာမှာ ၅-မိုင်ခန့်ဝေးသော ရှဒိုးစွပ်ရွာရှိ ဗိုလ်တဲသို့ သွားရောက်အနားယူ၍ ညနေစာထမင်း စားသောက်ပြီးမှ ပြန်လာကြသည်။

အချိန်မှာ ၅-နာရီခွဲခန့်ရှိပေပြီ။

ဧည့်သည်တော်သည် အုံထဲတွင် သေနတ် ဓာတ်မီး လဘက်ရည်ဓာတ်ဗူးများကို နေရာချထားစဉ် ကုလားလူငယ်တယောက် ကျွန်တော်တို့ဆီ ပြေးလာ၍ လွန်ခဲ့သော နာရီဝက် မရှိတရှိက နွားတကောင်ကို ကျားကိုက်သတ်သွားကြောင်း၊ ဤနေရာမှ တမိုင်ခန့်ပင် မဝေးကြောင်းဖြင့် လာရောက်အကြောင်းကြားသည်။

ထိုအခါ ကျွန်တော်က ဧည့်သည်တော်အား ကျားနှင့် ကျားသစ် ဘယ်အရာကို ပစ်လိုပါသနည်းဟု မေးရာ ဧည့်သည်တော်က ကျားကိုပစ်လိုသည်ဟု အဖြေပေးပါသည်။ ကျွန်တော်တို့လည်း ကပျာကရာပင် ပစ္စည်းများကို ပြန်လည်သိမ်းဆည်းလျက် ကားဖြင့် မိုင်ဝက်ခန့် သွားပြီးနောက် ထိုကုလား၏ လမ်းပြမှုဖြင့် တောထဲသို့ ဝင်ခဲ့ကြသည်။

၃-ဖါလုံခန့် လျှောက်မိသော် သေနေသော နို့စားနွားမကြီးကို တွေ့ရသည်။ နွားမကြီး၏ လည်ပင်းမှာ ကျိုးနေလျက် နှာခေါင်းမှလည်း ပူဖောင်းအမြှုပ်များ ထွက်နေသည်။

ကျားသည် နွားကျောင်းသား သို့မဟုတ် ပတ်ဝန်းကျင်မှ ကျွဲနွားများ ရန်မူနှောင့်ရှက်သဖြင့် တလုပ်စာမျှပင် မစားရသေးဘဲ ရှောင်သွားရဟန် တူသည်။ အချိန်မှာ ၆-နာရီခန့်ရှိပြီဖြစ်၍ အမှောင်ထုလည်း ကျရောက်လာပြီ ဖြစ်သည်။ သို့အတွက် ကျွန်တော်တို့သည် ကျန်လူများနှင့် နွားရှင်ကုလားကို ကားဆီသို့ ပြန်လွှတ်ပြီးလျှင် ကျွန်တော်နှင့် ဧည့်သည်တော် ၂-ဦးတည်း မနီးမဝေးရှိ သစ်ပင်တပင်ပေါ်သို့ တက် နေရာယူကြသည်။

အမှောင်ထုသည် တောကို လုံးဝဖုံးလွှမ်းသွားသောအခါ သားကောင်တို့၏ အော်သံများကို ထုံးစံအတိုင်း ကြားရသည်။

မကြာမီ ကျားတကောင်၏ ဟိန်းသံကို ခပ်လှမ်းလှမ်းမှ ကြားရသည်။ ကျွန်တော်တို့ စောင့်မြော်နေသူကား ပေါ် လာပါတော့မည်ဖြစ်၍ ကျွန်တော်က ဧည့်သည်တော်အား လက်နှင့်တို့၍ သတိပေးသည်။ ဧည့်သည်တော်ကလည်း အသင့်ရှိကြောင်း ဖြေကြားသည့်သဘောဖြင့် ခေါင်းကိုတချက် ညိတ်ပြလိုက်သည်။

အတန်ငယ်ကြာသော် မသဲမကွဲ သစ်ကိုင်းလှုပ်သံကလေးများ ကြားပြီးနောက် ခပ်အုပ်အုပ် ပုတ်ခတ်သံနှင့် လေးသော အရာတခုကို ဆွဲသံ ကြားရသဖြင့် ကျွန်တော်က ဧည့်သည်တော်၏ကျောကို လက်ဖြင့်တို့၍ ထပ်မံ အချက်ပေးလိုက်သည်။

မှောင်မိုက်နေသော တောတွင်းသို့ ဧည့်သည်တော်၏ လက်နှိပ်မီးအလင်းရောင်သည် တန်းကနဲ လင်းသွားသည်။ သို့သော် မီးရောင်အောက်တွင် ဘာကိုမျှ မတွေ့ရပါ။ လက်နှိပ်ဓာတ်မီးရောင်သည် နေရာလွဲ၍ ဘယ်ဘက်ခပ်လှမ်းလှမ်းသို့ ရောက်သွားပြီး ညာဘက်သို့ ပြန်သိမ်းလာမှ ကျားကို ပြန်တွေ့ ရသည်။ကျားမှာ အတွေ့အကြုံများပြီးဖြစ်၍ နောက်သို့ ချာကနဲလှည့်ပြီး လျင်မြန်စွာ မီးရောင်အောက်မှ ပျောက်သွားလေ၏။

ကျွန်တော်တို့သည် မလိုအပ်တော့မှန်း သိလျက် နှင့်ပင် နာရီဝက်ခန့်တိုင်အောင် ထိုင်စောင့်ပြီးနော သစ်ပင်ပေါ်မှ ဆင်းသက်ပြီးလျှင် ကားဆီသို့ပြန်လာ ခဲ့ကြသည်။ ကားဆီသို့ ရောက်သောအခါ ကျွန်တော် တို့ ကားကို ပြန်လှည့်နေခိုက် ကုန်ကားတစီး ဖြတ် ကျော်တက်သွားသဖြင့် ကျွန်တော်တို့ကားသည် ထို ကား၏နောက်မှ လိုက်ပါခဲ့ကြသည်။

အုံလုပ်ထားသော နေရာသို့ ရောက်ခါနီးတွင် ရှေ့ကား၏ မီးရောင်ဖြင့် နွားသေကိုစားနေသော ကျားသစ်ကို တွေ့ရသည်။ ရှေ့ကကားလည်း ကျားသစ်ကို တွေ့ လိုက်သောအခါ ဘရိတ်အုပ်လိုက်သဖြင့် ဖုံလုံးကြီး ထသွားသည်။

ကျွန်တော်နှင့် ဧည့်သည်တော်သည် ကားပေါ်မှ ဆင်းလျက် ရှေ့မှကားဆီသို့ကပ်၍ ကြည့်ကြသောအခါ ကျားသစ်သည် တောစပ်ဘက်သို့ ခပ်ကုပ်ကုပ်ထွက်သွားသည်ကို တွေ့ရသည်။

ဧည့်သည်တော်သည် မတ်တတ်အနေအထားမှ ချိန်ရွယ်၍ ပစ်လိုက်ရာ ကျားသစ်သည် ဝါးဟူသောအသံနှင့်အတူ လေထဲသို့ မြောက်တက်သွားပြီးလျှင် ပြန်ကျလာသောအခါ မူမမှန်သော ခြေလှမ်းများဖြင့် တောထဲသို့ ဝင်ပြေးသွားလေသည်။

ဤကား ရှေ့လောခြင်း၏ အကျိုးတည်း။ အမှန်အားဖြင့် လုပ်သင့်သည်မှာကား ကား ၂-စင်းကို ဆက်လက် ထွက်ခွာစေ၍ တယောက်က အုံထဲသို့ ဆင်း၍ ပုန်းနေခဲ့ရန်ဖြစ်သည်။ ကား ၂-စင်း ကွယ်ပျောက်သွားလျှင် ကျားသစ်သည် ပြန်လာစားသောက်မည်။ ထိုအခါ အုံထဲမှနေ၍ အေးအေးဆေးဆေး သေချာပေါက် ပစ်ရမည်ဖြစ်၏။

ကျွန်တော် ပန်ဆောက်စခန်းတွင် နေစဉ်က ဤလမ်းကို မကြာခဏ သွားရသည်ဖြစ်ရာ နေ့အခါ သားကောင်များကို တွေ့ရှိပါက ကားရှိန်ကို အနည်းငယ်လျှော့၍ ခုန်ဆင်းနေခဲ့ပြီးလျှင် ကားကို ဆက်လက်သွားစေ၍ ၂ -ဖာလုံခန့်အကွာတွင် ရပ်စောင့်စေသည်။ ကျွန်တော်ကမူ ဖြေးညှင်းစွာ ချောင်းမြောင်း ချဉ်းကပ်ပြီးလျှင် ပစ်ကွင်းရွေးချယ်၍ ပစ်ခတ်ခြင်းအားဖြင့် အမဲများ မကြာခဏ ရဘူးသည်။

ယခုသော် ကျွန်တော်အကြံပေး နောက်ကျသဖြင့် ဒဏ်ရာရသွားသော ကျားသစ်ကို အဖတ်တင်နေပြီ ဖြစ်သည်။ သို့အတွက် ရှဒိုးစွပ်ဗိုလ်တဲသို့ တဖန်ပြန်၍ အိပ်စက်ပြီးလျှင် မနက်မှတဖန် ခြေရာခံလိုက်ရန်အတွက် ရှဒိုးစွပ်သို့ လှည့်ပြန်ခဲ့ကြသည်။

လမ်းတွင် မီးဖြင့် ဂျီတကောင်ကို အလွယ်တကူ ပစ်ခတ်ရရှိခဲ့ကြသေး၏။

နံနက်လင်းသော် ညနေကနေရာသို့ ပြန်လာခဲ့ကြ၍ အစအနများ လိုက်လံကြည့်ရှုသောအခါ တော အုပ်အစပ်တွင် မထင်မရှားလှသော သွေးစက်များ ကို ကျိုးတို့ကျဲတဲ တွေ့ရပေ၏။ ဒဏ်ရာရသောကျား သစ်ကို လိုက်ခြင်းသည် အန္တရာယ်များသောအလုပ် ပင်ဖြစ်၍ ဖျတ်လတ်ကျွမ်းကျင်မှုမရှိလျှင် ကျားသစ် က လက်ဦးမည် ဖြစ်သည်။ ထို့ကြောင့် ဧည့်သည်တော်အား နောက်နား ခပ်လှမ်းလှမ်းမှ အများစု နှင့် လိုက်စေပြီးလျှင် ကျွန်တော်က ရှေ့မှသွား၍ မျက်စိလျင်သော ချိုတူးနှင့် ကျော်မြင့်တို့ကို ကျွန်တော်၏ ဘေးကာအဖြစ် နောက်ကကပ်၍ ထားရှိကာ တဖြည်းဖြည်း ချွတ်နင်း၍ တောတွင်း ဝင်ခဲ့ကြသည်။

တောအုပ်မှာ ချုံနွယ်များ ထူထပ်သည်။ အောက် ခြေမှာ အနည်းငယ်ရှင်းသော်လည်း ဆူးကောက် များပါရှိသော နွယ်တန်းများရှိသဖြင့် အသွားအ လာ နှောင့်နှေးစေသည်။

တောထဲ၌ သွေးများပိုမိုများပြားလျက် ကျွက်မြီးတန်းကျဆင်းသည်ကို ထောက်သော် ကျားသစ်၏ ဘေးကို ထိမှန်ကြောင်း သိသာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဘေးကိုမှန်သဖြင့် သွေးသည် ကွင်းထဲ၌ ရုတ်တရက်မဆင်းဘဲ တောစပ်ရောက်မှ ကျဆင်းလာ၍ တဖြည်းဖြည်းများလာခြင်း ဖြစ်သည်။

သွေးစက်ခံရာ၌ အခက်အခဲမတွေ့ရဘဲ ၇၅ကိုက်မျှ ဝင်မိသော် ချုံတခု၏အောက်ထွင် ကျားသစ်အမြီးဖျားကလေးကို ချိုတူးက စတင်တွေ့ ရသဖြင့် ကျွန်တော့်ကို အသာလက်တို့၍ ပြသည်။ ကျွန်တော် ငုံ့ကြည့်သောအခါ ကျားသစ်သည် ယခုမှ သိရှိဟန် ဖြင့် ရုတ်တရက်လှည့်လိုက်ရာ အမြီးနေရာတွင် ခေါင်းပေါ်ထွက်လာပြီးလျှင် ကျွန်တော်တို့ဆီသို့ တ ချက်မာန်သံပေးပြီး ခုန်အုပ်လိုက်သည်နှင့် ကျွန် တော့်သေနတ်ကလည်း ဒိုင်းကနဲထွက်သွားသည်။

၁၅-ပေခန့် ဝေးသည်တကြောင်း၊ ကျားသစ်မှာ သွေး လွန်၍ အင်အားကုန်ခန်းနေသည်တကြောင်း၊ ကျွန် တော်၏ ကျည်ဆန်မှာလည်း ထိပ်တည့်တည့်ကို မှန် သည်တကြောင်းကြောင့် ကျားသစ်သည် ဦးနှောက် များထွက်လျက် လမ်းခုလပ်တွင် ကားကားကြီး ကျ သွားပါသည်။

မြစ်ကြီးနားသို့ ပြန်ရောက်သောအခါ ဧည့်သည် တော်သည် ကျွန်တော်တို့၏ ဧည့်ဝတ်ကျေပုံ၊ ကျား နှင့် ကျွမ်းကျင်ပုံများကို အရာရှိကြီးများအား ချီး မွမ်းပြောဆိုလျက် ကျားသစ်သေကြီးနှင့်အတူ ဓာတ် ပုံများ ရိုက်ကြသည်။

xxx xxx xxx

တနေ့သောညအခါဝယ် ဂျစ်ကားတစီးနှင့် သေ နတ်သမားတစုသည် မီးစလောင်းဖြင့် လီဒိုလမ်းတ လျှောက် သားကောင်ရှာဖွေလျက် ရှိသည်။ ဤကဲ့သို့ ပစ်ခတ်ခြင်းမှာ များစွာသက်သာ၍ အန္တရာယ်ကင်း သောအလုပ် ဖြစ်သော်လည်း မျှတသည်ဟူ၍ကား မဆိုနိုင်ချေ။

အချို့သော ဂျစ်မုဆိုးများသည် တောကောင်များ၏ သဘာဝကို လေ့လာခြင်း၊ တော၏သဘာဝ ဆည်းပူးခြင်း၊ ခြေရာခံခြင်းအတတ်မှစ၍ အမဲကြီးပစ်သမားတို့ တတ်သိအပ်သော ပညာဗဟုသုတကို မလေ့လာဘဲ မီးနှင့်လျှောက်ထိုးပြီးလျှင် တွေ့သမျှ ရောပြန်ဟပ်သော မျက်လုံးများကို ရှာဖွေ၍ အထီး , အမ , အကြီး , အငယ်မှန်းမသိ၊ တောကြောင်ပေါက်စက မကျန် ပစ်ခတ်တတ်ကြလေသည်။

တခါတရံ တကြိမ်မျှ သေနတ်မပစ်ဘူးသူများကလည်း သားရေဂျာကင်ကြီးဝတ်၍ ခါးတွင် ယမ်းတောင့်ခါးပတ်နှင့် အမဲလိုက်ဓားမြောင်ကို ခံညားစွာပတ်ပြီးလျှင် အာဖရိကမုဆိုးကြီးဟန်ဖြင့် ထွက်လာပြီးမှ လမ်းဘေးကနွားကို မှားပစ်မိသဖြင့် ရှဝါရှား(ကချင်ထုံးစံလျော်ကြေးပေးရခြင်း) ခံရသူများလည်း ရှိသည်။ အထူးသဖြင့် ဧည့်သည်မြို့ကြီးသားတွေများ၏။

ထိုဂျစ်သည် မိုင်တိုင် ၇ဝ-အနီးသို့ ရောက်သောအခါ ကျားတကောင်၏ မျက်စိကို မီးမောင်းတွင် တွေ့ ရှိ၍ သေနတ် ၃-လက်ဖြင့် ဝိုင်းပစ်ကြသည်။ ၆-လုံး ကျည်တလုံးသည် ကျား၏ အောက်မေးရိုးကို ကျိုး သွားအောင်ထိလျက် ကျားသည်လည်း ချုံကိုလွှား ၍ တောထဲ ဝင်ပြေးသွားသည်။ ဂျစ်မုဆိုးများသည် ဆင်း၍လည်း မကြည့်ဝံ့ကြ။ နောက်တနေ့တွင်လည်း လာရောက်ခြေရာခံရန် စိတ်မကူးကြဘဲ လမ်းတ လျှောက် နောက်တွေ့မည့်သားကောင်မျက်လုံးကို သာ မျှော်မှန်းရှာဖွေရင်း ဆက်လက်မောင်းနှင်သွားကြလေ၏။

သုံးလခန့်ကြာပြီး နောက်တနေ့တွင် ဆိတ်ကျောင်းကုလားတဦးသည် ဆိတ်များကို ကျောင်းနေရာမှ ကျားသည် ဆိတ်တကောင်ကို လုပ်ရိုးလုပ်စဉ်ဖြစ်သော ဂုပ်ကိုဝင်ခဲ့ခြင်းမဟုတ်ဘဲ အားကြီးလှသော လက်မောင်းဖြင့်ပုတ်၍ ဖမ်းလေ၏။ ထိုအခါ အနီးတွင်ရှိသော ဆိတ်ကျောင်းကုလားသည် ပြောင်မြောက်သောသတ္တိဖြင့် ကျား၏ခေါင်းကို ဝါးရင်းတုတ်ဖြင့် ဝင်ရိုက်ရာ ကျား၏ခေါင်းကို မထိဘဲ ဂုပ်ကိုထိသဖြင့် ကျားသည် ပိုမိုဒေါသကြီးကာ ကုလားကို လက်ဖြင့်ပုတ်သည်တွင် ကုလား၏ဦးခေါင်းမှ မျက်နှာအထိ အသားများ အဖတ်လိုက်ကျား၏ လက်သည်းထဲသို့ ပါသွားလျက် လက်အားကြောင့် ကုလားလည်း အရှိန်ဖြင့် မြေပေါ်သို့ လဲကျလေ၏။ ကျားသည် ကြက်ဥကိုခွဲလိုက်သည့်အလား ဦးခေါင်းကို နောက်တကြိမ် လက်ဖြင့်တချက်ထပ်၍ အင်အားကြီးစွာ ပုတ်လိုက်ပြန်သည်။

ကျားအဖို့၌ကား ဆိတ်နှင့် လူ ကြိုက်ရာကို သုံးဆောင်ရန် အသင့်ဖြစ်ပေပြီ။ ကျားသည် လူ၏ဦးခေါင်းမှထွက်နေသော သွေးများကို လျှာနှင့်လျက်လိုက်ပြီးနောက် ဆိတ်နှင့် လူကို တလှည့်စီကြည့်ပြီးလျှင် ဆိတ်ကိုချီမ၍ တောထဲ ဝင်သွားလေ၏။

သို့သော် ကျားသည် ဆိတ်ကို ခြေလှမ်းအနည်းငယ် မျှသာ ကိုက်ချီသွားပြီးလျှင် ဆိတ်ကိုချ၍ လူဆီသို့ တဖန်ပြန်လာသည်။ ထို့နောက် လူကို ဆတ်ခနဲကိုက် ချီပြီးလျှင် လျင်မြန်စွာ တောထဲသို့ ဝင်ရောက်သွား လေ၏။

ထိုအခါမှစ၍ ထိုနယ်တွင် ကျွဲနွားများ ကျားဆွဲခြင်းမှ ရုတ်ခြည်းရပ်တန့်သွားသည်။ သို့သော် လူသားစား ကျား ပေါ်လာပြီးလျှင် လူများကို ချီစပြုလာသည်။ ကျားဆွဲခံရသူများသည် ဂုပ်မှ ကိုက်ခဲချီမခြင်းမဟုတ်ဘဲ လက်ဖြင့်ပုတ်၍လှဲပြီးမှ ဆွဲချီခြင်း ခံရသည်။ထို့ပြင် တကြိမ်စားပြီးက နောက်ထပ်လာမစားသောအကျင့်ကိုလည်း သတိပြုမိကြသည်။ ဤကား မေးရိုးမခိုင်ခြင်း၏ အကြောင်းပေတည်း။

ဤ ကျား နာမည်ကြီးနေစဉ် ကျွန်တော်၏ သာမန်ခွင့် ရက်ရှည်အလှည့်ကျလာသောကြောင့် မိဘရပ်ထံသို့ ခေတ္တသာပြန်လာခဲ့ပြီးလျှင် ကျန်ခွင့်ရက်များတွင် ဝါသနာအတိုင်း ကျားပစ်ရန် လီဒိုလမ်းဆီသို့ ထွက်ခဲ့သည်။

ရွာများတွင် စုံစမ်းရင်း ကျားဆွဲခံရသော ရက်စွဲနှင့် နေရာများကို မြေပုံကြမ်းနှင့် ချကြည့်သောအခါ ကျား၏လှုပ်ရှားမှုအခြေခံ ပေါ်လာသည်။

လီဒိုလမ်း၏ အရှေ့ဘက် ၁၅-မိုင်ခန့်အကွာတွင် တ နိုင်းမြစ်၏ ချောင်းဖျားသည် လမ်းနှင့် မျဉ်းပြိုင် ပြေးနေသည်။ ထိုချောင်းနှင့် လမ်းအကြားတွင် ပေ ပေါင်း – ၄ဝ၄၅ ပေ မြင့်သော ရှိယဘွန်းနှင့် ပေပေါင်း -၄၉၇၂ ပေမြင့်သော ခူမာဘွန်း တောင်ညီနောင်နှစ်လုံးရှိသည်။

ကျားသည် တောထူထပ်လှသော ထိုတောင်နှစ်လုံးကို ဗဟိုပြု၍ ခိုအောင်းပြီးလျှင် ပတ်ဝန်းကျင်ကို လက်ျာရစ် လှည့်ပတ်၍ လူများကို ဖမ်းဆီးစားသောက်လျက် အရက် ၂ ဝ- ခန့်တွင် တောင်ကို တပတ်ပတ်မိကြောင်း မြေပုံပေါ် တွင် နေရာများ ရက်စွဲများက ညွှန်ပြနေသည်။

ကျွန်တော်သည် ရှိယဘွန်းတောင်၏ အနောက်ဖက်ရှိ ဖဒူးယရွာကလေးကို အခြေခံစခန်းပြုလုပ်ရန် ရွေးချယ်လိုက်ပါသည်။ ကျားသည် လူကိုတခါစားပြီးက နောက်တကြိမ်ထပ်လာမစားသော အကျင့်ရှိသောကြောင့် ကျားဆွဲရာနောက်သို့ တကောက်ကောက်လိုက်၍ လူသေဘေးတွင် လင့်ထိုးစောင့်ဆိုင်းခြင်းမှာ အလဟဿ အချိန်ကုန် လူပင်ပန်းသာ အဖတ်တင်မည် ဖြစ်သဖြင့် ကျားလာမည့်ရက်တွင် လာလမ်းကစောင့်ခြင်းက ပိုမိုမြော်လင့်ချက်ရှိသောကြောင့် ဖြစ်သည်။

ဒူးယံရွာမှာ လီဒိုလမ်းမကြီးမှ ၂-မိုင်သာဝေး၍ ကျား၏ အကူးအသန်း ပြုလုပ်လေ့ရှိသောနေရာ ဖြစ်သည့်ပြင် အနောက်ဖက်တွင် ကိုင်းတောရှိ၍ အရှေ့ဘက်တွင် တောသည် တမိုင်ခန့်သာ ကျယ် သည်။ တောဆုံးလျှင် မတ်စောက်သော တောင် ကျောနှင့် ကမ်ပါးစောက်သော ချောင်းများ ရှိနေ ခြင်းကြောင့် ကျား၏ ဖြတ်သန်းသွားလာရာ လမ်း သည် ကျဉ်းမြောင်း၍ ကန့်သတ်မှုရှိသည်။ ထို့ပြင် အရေးအကြောင်းရှိက လမ်းမကြီးပေါ်သို့ အချိန် အနည်းငယ်နှင့် ရောက်နိုင်သော နေရာ ဖြစ်သည်။

ကျွန်တော်သည် ဖဒူးယံ အကြည်ဝါ (ရွာသူကြီးကိုကချင်လို အကြည်ဝါဟု ခေါ်သည်။) အကူအညီဖြင့် ရွာအရှေ့ဘက် တောတွင်း ၃-ဖါလုံခန့်တွင် ချုံနည်း၍ သစ်ပင်ကျဲကျဲပေါက်သော နေရာတခုတွင် သစ်ပင်တပင်၏ ကျားမခုန်နိုင်သော ၁၅-ပေခန့် အမြင့်တွင် လူထိုင်သာရုံကလေး လင့်ထိုးသည်။ ထို့နောက် ကြိုးကို ဆွဲလိုက်လျှင် သစ်ကိုင်းကို ဒေါက်ကနဲမြည်အောင် ရိုက်သော မောင်းတန်ကလေးတခု ဆင်သည်။ နေပူမမိရန်လည်း အပေါ်တွင် ကျားမသင်ကာစရာ မဖြစ်စေမည့် အမိုးကလေးတခုကို သစ်ကိုင်းများဖြင့် ပိပိရိရိ ပြုလုပ်ထားသည်။

ကျွန်တော်သည် ရွာမှ မနက်သွား ညနေပြန် အလုပ်ဖြင့် လင့်ပေါ်တွင်ထိုင်၍ ခြေထောက်ဖြင့် ကြိုးကိုဆွဲ၍ တဒေါက်ဒေါက် သစ်ခုတ်သံ ပေးရသည်။ ပါးစပ်မှလည်း မတောက်တခေါက် ကချင်တေးကို ဆိုရသည်။ ချောင်းဆိုးလျှင်လည်း အော်ကြီးဟစ်ကြီးဆိုးရသည်။ ထိုအရပ်က ကချင်များလို ထွီကနဲ တံတွေး ထွေးရသည်။

ညနေအချိန်ကုန်၍ လင့်မှ ဆင်းပြီး ရွာပြန်လျှင် အထူးသတိထားရသည်။ ကျွန်တော်ထက်ပါးသော ကျားက လင့်အဆင်း စောင့်၍ တွယ်မှာကိုလည်း ကြောက်ရသည်။ ရွာအပြန် နောက်က အလစ်အုပ်မှာလည်း သတိထားရသည်။ လမ်းခရီး ရှောင်တခင် တွေ့လျှင်လည်း အမြဲ အသင့်အနေအထားဖြင့် နားနှင့် မျက်လုံးကို အစွမ်းကုန်အသုံးပြုရသည်။

၇-ရက်ခန့် အချိန်ကုန်ခဲ့သည်။ အကြောင်းထူး မရှိဘဲ လင့်ပေါ်တွင် တနေကုန် နေရသည်ကို ကျွန်တော် ငြီးငွေ့လာသည်။ တပ်သို့ပြန်ရန် စိတ်ကူးနေခိုက် သတင်းတခု ရောက်လာသည်။ ကျွန့်တော်မှာထားချက်အရ ရှားဖေါ့ရွာ အကြည်ဝါက လူလွှတ်အကြောင်းကြားပေးသည်။ မနေ့ညနေက ရှားဖေါ့ရွာ အနောက်ဖက်တွင် လူတယောက်ကို ချီသွားသည့်သတင်းပင် ဖြစ်သည်။ ဤသတင်းအရဆိုလျှင် ကျားသည် ယနေ့ နက်ဖြန် ဆိုသလို သူ့လမ်းစဉ်ခရီးအတိုင်း ရောက်လာပေတော့မည်။

ယခုအချိန်တွင် နေ့ရော ညပါ စောင့်ရန်လိုအပ် လာသည်။ ကျားသည် ညအချိန် ဖြတ်သွားခဲ့သော် ခဲလေသမျှ သဲရေကျတော့မည်။ သို့အတွက် အရ ရိက္ခာအတွက် ထားရှိသော မုန့်ကြွပ်၊ ငါးသေတ္တာ၊ ဓာတ်ဗူး၊ လက်နှိပ်မီး၊ ဆေး၊ စောင်မှစ၍ လိုအပ် သောပစ္စည်းများကို ယူဆောင်လာသည်။ အကြည် ဝါကိုလည်း ညဉ့်အချိန်တွင် သေနတ်သံကြားက လိုက်မလာကြရန်နှင့် ရွာသားများ တောထဲ လုပ်ငန်း မဆင်းကြရန် မှာကြားခဲ့သည်။

ထိုနေ့တနေ့လုံးပင် ခါတိုင်းကဲ့သို့ ပျင်းရိစွာ အချိန်ကုန်ခဲ့သည်။ ညနေစောင်းသော် တောကြက်များသည် ကွင်းစပ် ချုံစပ်မှ ဝါးရုံစပ် သစ်ပင်စပ်များဆီသို့ ရွှေ့ပြောင်းလာကြသည်။ အချို့ကြက်များသည် သစ်ပင်သစ်ကိုင်းများပေါ်သို့ ရုတ်တရက် မတက်သေးဘဲ တကော်ကော်နှင့် အဖော်ရှာနေကြသည်။

ဝေးလံသော အရပ်ဆီမှ ဒေါင်းအော်သံများကို လည်း သဲ့သဲ့ကြားရသည်။

ကျွန်တော်သည် ညဥ့်နက်သည့်တိုင်အောင် ကြိုး ဆွဲ၍ တုံးခေါက်နေသည်။ ဇီးကွက်အော်သံနှင့် အတော်လှမ်းသောအရပ်မှ ဂျီဟောက်သံမှ တပါး တောသည် ထူးခြားစွာ တိတ်ဆိတ်လျက် ရှိသည်။

၁-နာရီခွဲသော် လဝင်သွားသဖြင့် တောသည် ပိန်း ပိတ်အောင် မှောင်လာသည်။ အအေးဓာတ်လည်း သိသိသာသာ ဖိလာသည်။ နံနက် ၃-နာရီထိုးသော် ကျွန်တော် ငိုက်လာသဖြင့် လဖက်ရည်တခွက်သေ ပြီး ချောင်းသံပေး၍ မျက်လုံးကိုကျယ်အောင် လုပ် ရပြန်သည်။ နံနက်လင်းကြက်တွန်သည်အထိ ကြောင်းထူးမရှိချေ။ လင်းရောင်သန်းလာသော် ကျွန်တော်လည်း လင့်ပေါ်မှဆင်း၍ ရွာကိုပြန်၍ တရေးအိပ်သည်။

နံနက် ၁၁-နာရီထိုးပြီးသော် လင့်ဆီသို့ပြန်လာ၍ ထုံးစံအတိုင်း အလုပ်စရပြန်သည်။

ပြင်းထန်သော တောင်ပံရိုက်သံနှင့်အတူ အောက်ချင်းငှက်မောင်နှံသည် လင့်ပေါ်က သစ်ပင်ဖျားတွင် နားပြီးမှ ကျွန်တော့်ကို မြင်သောအခါ

“ဟေ့ ရှင်မရေ ဖြစ်ချည်ဘူးဟ၊ ပြေးကြစို့”

ဟုပြောသလို ကပျာကရာ ထိတ်လန့်စွာဖြင့် အော်ဟစ်ပြန်သွားကြရှာသည်။ သူတို့၏နှုတ်သီးကောက်ကြီးများသည် တောင်ဆုပ်ခန့် ရှည်ပေလိမ့်မည်။ ရှေ့ဆင့် နောက်ဆင့် လေးလံစွာ ပျံသွားကြသော သူတို့မောင်နှံကို ကျွန်တော် ငေးကြည့်နေမိသည်။ ထိုနောက် ပြုံးလိုက်မိသည်။ တခါတရံ သူတို့သဘာဝကို လေ့လာရသည်မှာ ဖျော်ဖြေစရာဖြစ်ရုံသာမက ကြည်နူးစရာလည်း ဖြစ်ပေသည်။

ကျွန်တော်က တုံးခေါက်လျှင် ပြန်လှန်အချက်ပေးသည့်အလား တုတ်… တုတ်… တုတ် ဟူသော ဖိုးကောင် ငှက်၏ အသံကိုလည်း ကြားရသေးသည်။ လင့်နှင့် မနီးမဝေး မျက်ခြောက်ပင်များအကြားတွင် ကြက်မတန်းမကလေးတကောင် အစာကောက်နေသည်။ ကျွန်တော်လှုပ်လျှင် အစာကောက်တာကိုရပ်၍ ကျွန်တော်ကို စိုက်ကြည့်နေသည်။ ကျွန်တော် မလှုပ်ဘဲ ငြိမ်နေလိုက်လျှင် သူ အစာပြန်ကောက်ပြန်သည်။ ကျွန်တော်နဲနဲလှုပ်ပြသောအခါ အစာကောက်ခြင်းမှ ရပ်၍ တဖန် ပြန်ကြည့်ပြန်သည်။ ကျွန်တော်ငြိမ်နေလိုက်သောအခါတွင် သံသယကင်းသွားသည့်ဟန်ဖြင့် ပြန်၍အစာကောက်ပြန်သည်။

တခါ ကျွန်တော်က တုံးကို ခပ်ပြင်းပြင်း ခေါက်လိုက်သောအခါတွင်မူ ကျွန်တော်၏ မိတ်ဆွေသည် အလန့်တကြား အော်၍ ပျံသွားပြီးလျှင် ခပ်လှမ်းလှမ်းက တဖက်သို့ ဝဲဆင်းသွားသည်။

အမှောင်သန်းလာသော တော၏ သဘာဝမှာ ခါတိုင်းနေ့များကဲ့သို့ပင် ဖြစ်သည်။ လင်းဝက်များသည် တစစ်စစ်အသံပေး၍ ပျံသန်းကြပြီးလျှင် သစ်ပင် သို့မဟုတ် မြေပေါ်တွင် နားသောအခါ ချပ်ကူ ချပ်ကူ ဟူ၍ ပြောင်းလဲအော်မြည်ကြ၏။

၁၀-နာရီတွင် ဂျီတကောင်သည် လန့်ဖျပ်ဟန်ဖြင့် စူးစူးဝါးဝါး တချက်အော်လိုက်ပြီးနောက် ခဏမျှကြာသောအခါ သုံးကြိမ်ဆက်ကာဆက်ကာ အော်ပြန်သည်။ သူ့ပတ်ဝန်းကျင်တွင် ရန်သူဖြစ်သော သားစား သတ္တဝါတကောင် ရှိနေသည့် လက္ခဏာပင် ဖြစ်၏။

ကျားလော-ကျားသစ်ပေလော။ ကျားဖြစ်ပါစေ၊ကျားဖြစ်သည့်တိုင် ငါစောင့်နေတဲ့အကောင် ဖြစ်ပါစေဟု မောဟိုက်စွာ ဆုတောင်းရင်း တုံးကို လောဘတကြီးဖြင့် ပြင်းပြင်းခေါက်လိုက် နားစွင့်လိုက်နှင့် ဂဏှာမငြိမ် ဖြစ်နေတော့သည်။

မိနစ်အတော်ကြာသွားသောအခါ မိုင်ဝက်ခန့်ဆီမှ ဂျီတကောင် လန့်အော်ပြန်သည်။ အားကိုးစိတ်ချရသော မိတ်ဆွေများပါပေ။ သူတို့ကို ဒရဝမ်သဖွယ် အားထားရသည်။ ထို့ကြောင့်လည်း တောလိုက်ခြင်း အတတ်၌ ရင့်ကျက်မှုရှိလာ၍ လူကိုပြန်လည်အန္တ ရာယ်ပြုတတ်သော အကောင်ကြီးများကိုသာ နှိမ်နင်းရန် စိတ်ဝင်စားမှု ရှိလာသောအခါ၌ အပြေးကိုသာ ကာကွယ်ရေးအဖြစ် အသုံးပြုကြရသော ဤသတ္တဝါငယ်တို့အား သတ်ဖြတ်ချင်စိတ် မရှိတော့ပါချေ။

တောသည် ဆက်လက်ငြိမ်သက်နေသဖြင့် ပတ်ဝန်းကျင်ကို မျက်စိနှင့်နားက လွှမ်းမိုးထားပြီးလျှင် တံတွေးထွေးခြင်း အဖော်နှင့်စကားပြောဟန်ဖြင့် ကျယ်လောင်ကျယ်လောင်ပြောခြင်း၊ ရယ်မောခြင်းများ ဆက်လက်ပြုလုပ်နေရသည်။ အကယ်၍သာ လူစိမ်းတယောက်မြင်ပါလျှင် အရူးတယောက် သစ် ပင်ပေါ် ရောက်နေပေပြီဟု မှတ်ထင်ပေလိမ့်မည်။

တအောင့်ခန့်အကြာတွင် တနေရာမှ ချုံတခုလှုပ် သွားသည်ထင်၍ ဂရုစိုက်ကြည့်လိုက်သောအခါ ချုံစပ်မှ လရောင်အောက် ကွင်းစပ်သို့ ထွက်လာသော ကျားကြီးကို တွေ့ရသည်။ သူကား အသံမပြုဘဲ လာပါပြီ။ လရောင်အောက်တွင် သူ့ခန္ဓာကိုယ်ကြီးမှာ ထင်းနေသည်။

ကျားကြီးမှာ အခြေအနေကို လာဆုံးဖြတ်ပြီးသည့်အလား ကျွန်တော်ရှိရာ သစ်ပင်သို့ တည့်တည့်မတ်မတ် ဦးတည်လျက် ခပ်သွက်သွက်ကလေး လာပြီးလျှင် တချက်မျှ မာန်ဖီဟိန်းဟောက်လျက် လင့်ဆီသို့ ခုန်အုပ်လိုက်ပါသည်။ ၁၅ ပေမြင့်သော လင့်ကို သူမမှီနိုင်ပါ။ သစ်ပင်၏ပင်စည်ကိုသာ ကိုယ်လုံးနှင့်ရိုက်ပြီးလျှင် အောက်ပြန်ကျသွားပါသည်။

ထိုအခါမှ ကျားကြီးသည် ပိုမိုဒေါသကြီးကာ သစ်ပင်ကို ပတတ်ရပ်၍ သူ့လက်ကြီးများက ပင်စည်ကို ကုပ်ခြစ်၍ ပါးစပ်ကလည်း ဟိန်းဟောက်နေသည်။ သစ်ပင်အခေါက်များသည် သူ့လက်သည်းများဒဏ်ကြောင့် တဖြောက်ဖြောက် မြေသို့ ကွာကျကုန်ကြသည်။ ဖြဲနေသောသူပါးစပ်ကြီးမှာ လင့်နှင့် သုံးကိုက်သာ ကွာသဖြင့် ပါးစပ်မှ အပုပ်နံ့ပင် ရနေသည်။

ဤအခြေအနေတွင် ကျွန်တော်သာ အတွေ့အကြုံ မရှိသူတဦးဖြစ်ပါမူ ကြောက်အားဖြင့် လင့်ပေါ်မှ လိမ့်ကျဘွယ်ရာပင် ဖြစ်ချေမည်။

ဤအခွင့်ကောင်းတွင် လက်နှိပ်ဓာတ်မီးကိုဖွင့်၍ မျက်လုံးနှစ်လုံးကြားကို ချိန်ရွယ်မောင်းဖြုတ်လိုက် ရာ ကျားကြီးသည် နားကွဲမတတ် အော်မည်လျက် သစ်ပင်ခြေရင်းသို့ ဖင်ဆောင့်၍ ကျသွားသည်။ နောက်တချက်ကို ဆင့်လိုက်သောအခါ ကျားသည် ထပ်မံ၍ တွန့်ကနဲဖြစ်သွားပြီးလျှင် လျင်မြန်စွာ ထွက်ပြေးပျောက်ကွယ်သွားလေ၏။

ထိုနောက် ကိုက်တရာလောက်ဆီမှ မာန်ထသံတချက် ကြားရပြီး နောက် တောသည် ဆိတ်ငြိမ်သွားလေ၏။ ဆက်လက်နားစွင့်သော်လည်း တောသည် ဆိတ်ငြိမ်မြဲ ဆိတ်ငြိမ်နေသည်။ နှုတ်ခမ်းကို ပြတ်မတတ်ကိုက်ပြီး ကျွန်တော် ငိုင်နေမိသည်။ မခံချင်စိတ်ကြောင့် နားရွက်တွေလည်း ပူလာသည်။

ဤပစ်ကွင်းပစ်ကွက်မှာ လွဲနိုင်စရာမရှိ၊ လွဲလည်း မလွဲပါ။ သို့သော် ဒုတိယအချက် ဆင့်လိုက်သည့်အခါတွင်တော့ နေရာမှာလဲဘို့ ကောင်းပါသည်။ ဤကျားမှာ ကျွန်တော်အလိုရှိသော မေးပြတ်ကျားနာကြီးပင် ဖြစ်သည်။ လူသံကြားရာသို့ လာပုံ၊ အသံမပြုဘဲ ချောင်းပုံ၊ လူမြင်သောအခါ လူသားကို ငမ်းငမ်းတက် အာသာရမ္မက် ပြင်းနေပုံက သက်သေပြနေသည်။ နေရာမှာမလဲသော်လည်း ဒဏ်ရာနှစ်ချက်ကား စွဲသွားလေပြီ။ ဝေးဝေး သွားနိုင်မည်လည်း မထင်။

သို့သော် သူ့ နောက်ရန်မှာလည်း ရင်လေးစရာကောင်းလှသည်။ လက်ပတ်နာရီကို ကြည့်လိုက်သောအခါ နံနက် တချက်တီး ရှိလေပြီ။ မနက်ဖြန် တောနင်းရမည့်အရေးကို အကြံထုတ်ရင်း စိတ်နှလုံးနောက်ကျိစွာဖြင့်ပင် လင့်ပေါ်တွင် ခွေ၍ အိပ်ချလိုက်သော်လည်းအိပ်၍ကား မပျော်ပါချေပြီ။

နံနက်လင်းသော် လင့်ပေါ်မှဆင်း၍ ချုံဖုတ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီးလျှင် ဖဒူးယံရွာသို့ ပြန် လာခဲ့သည်။ ဖဒူးယံရွာ အကြည်ဝါအား အဖြစ်အ ပျက်နှင့်တကွ ကျွန်တော်၏ အကြံအစည်ကို ပြော ပြပြီးလျှင် ၎င်း၏အကူအညီကို တောင်းခံသော အခါ လွယ်လင့်တကူပင် လက်ခံသဖြင့် ဖဒူးယံ အ ကြည်ဝါအား အထူးကျေးဇူးတင်ရပေသည်။

နံနက် ၉-နာရီသာသာတွင်မူကား ကျွန်တော်၊ အကြည်ဝါနှင့် လူငယ်နှစ်ဦးအပြင် အကြည်ဝါပိုင် သော ကျွဲ ၁၅-ကောင်တို့သည် လင့်တွင် အသင့်ရှိကြပေပြီ။ ပထမ ကျွန်တော် သစ်ပင်အဖျားသို့တိုင်အောင် တက်၍ ကျားကို မျှော်မှန်းရှာဖွေသော်လည်း ကျား ၏ အရိပ်အရောင်မျှကိုပင် မတွေ့ရချေ။ သစ်ပင်ခြေ ရင်းပင်စည်တွင်မူ ပန်း၍ ထွက်ဟန်တူသော သွေး များကိုတွေ့ရ၏။

ပထမကျည်ဆန်၏ ထိမှန်ချက်ပင် ဖြစ်သည်။ ကျားပြေးရာလမ်းဆီသို့ လိုက်ကြည့်သောအခါ မလှမ်းမကမ်းချုံတခုမှ စတင်၍ သွေးများကို ဒလစပ်တွေ့ရသဖြင့် ဒုတိယဆင့်လိုက်သော အချက်မှာလည်း ထိရောက်သည်ဟု ယူဆရပေသည်။

ထိုနေရာမှစ၍ ကျွန်တော်တို့ လုပ်ငန်းများကို စတင်ကြသည်။

ရှေးဦးစွာ သွေးစက်များကို ဗဟိုပြု၍ ကျွဲများကိုရင်ဘောင်တန်း ခပ်ကျဲကျဲ အတန်းဖြန့် ပြီးလျှင် ညာတောင်ပံကျွဲအုပ်နှင့် ဘယ်တောင်ပံကျွဲအုပ်ကို ကချင်လူငယ်တဦးစီက ထိန်းသိမ်းကွပ်ကဲ၍ ရှေ့သို့မောင်းစေသည်။ ကျွန်တော်က သွေးစက်ကြောင်းအတိုင်း ခွ၍ နောက်နားက ကပ်လိုက်ပြီးလျှင် ချီတက်ရန် လမ်းကြောင်းထိန်းသိမ်းရန်နှင့် ကျွဲထိန်းလူငယ်နှစ်ဦး၏ လုံခြုံမှုကို တာဝန်ယူရသည်။

အကြည်ဝါမူကား အသက်ကြီးပြီဖြစ်၍ ကျွန်တော် တို့နှင့် မလိုက်စေဘဲ လင့်ပေါ်တက်ပြီးလျှင် ထူးခြား ချက်ကို သတင်းပေးရန် ကင်းတာဝန်ကို ယူစေသည်။

ကိုက် ၂ဝ၀-ခန့် တက်မိသောအခါ ရှေ့နားဆီမှ ကျားဟိန်းသံကြီးတချက် ထွက်ပေါ်လာသဖြင့် ကျွဲများသည် လှုပ်လှုပ်ရွရွ ဖြစ်သွားပြီးလျှင် ခေါင်းများကို မြေသို့ငိုက်၍ ဦးချိုများကို အသံကြားရာဆီသို့ ချိန်ရွယ်လျက် ရန်သူအား ကာကွယ်ရန် ပြင်ဆင်ကြ၏။

ကျွန်တော်၏ ဘယ်ဘက်တွင် တက်ရန်လွယ်ကူ သော သစ်ပင်တပင်ရှိသဖြင့် ကျွဲသမားတယောက် အား ကျားကို တွေ့လိုတွေ့ငြား ထိုသစ်ပင်ပေါ်သို့ တက်၍ ကြည့်ရှု့ရန် တီးတိုးညွှန်ကြား၏။ ကျွဲသမား လေးသည် သစ်ပင်ပေါ်သို့ တက်၍ ဟိုဟိုဒီဒီ ရှာဖွေကြည့်ရှုပြီးသည့်နောက် ဘာမျှ မမြင်ရကြောင်းကို ခြေဟန်လက်ဟန်နှင့် ပြသည်။

ကျွဲများသည် ထိုအချိန်၌ နောက်သို့လည်း မဆုတ်၊ ရှေ့သို့လည်း မောင်းမရနှင့် ဖြစ်နေသဖြင့် ကျွဲသမား ကလေးအား သစ်ပင်ပေါ်၌ နေမြဲနေစေ၍ ကျန်တစ်ယောက်အား ကျွန်တော်နှင့်အတူ အကြည်ဝါထံသို့ ခြေဖျားထောက်ပြန်လာပြီးလျှင် အကြည်ဝါအား ရွာတွင်ရှိသောခွေးများ ရသမျှခေါ်ခဲ့ရန် မှာကြားသည်။

အကြည်ဝါသည် ခေါင်းညိတ်ပြီးလျှင် ရွာဆီသို့သွား၏။ တနာရီခွဲလောက်ကြာမှ ပြန်လာသော်လည်း ခွေးမှာ ၂- ကောင်တည်းသာ ပါလာပြီးလျှင် ဤ ၂-ကောင်သာ ခေါ်၍ရကြောင်းပြောသည်။ ဤခွေး ၂-ကောင်နှင့်ပင် ကျွန်တော်တို့သည် ကျွဲနွားများကို ရှေ့တိုးအောင် ကြိုးစားကြပြန်ရာ ၂၅-ကိုက်ခန့်မျှ တက်မိပြန်သောအခါ၌ ကြောက်စရာ ကျားဟိန်းသံကြီးကို ထပ်မံကြားရပြန်သည်။

ကျွဲများသည် တန့်သွားကြပြန်ချေပြီ။ ခွေး ၂ ကောင်ကား စူးစူးဝါးဝါးပင် ထိုး၍ ဟောင်ကြသည်။

ရှေ့ဆုံးသို့ရောက်နေသော ကျွဲ ၂ -ကောင်ရှိရာသို့ ကျွန်တော် ဖြေးညှင်းစွာ ချဉ်းကပ်၍ အကာအကွယ် ယူပြီးလျှင် ၎င်းတို့ ခြေထောက်ကြားမှ ချောင်း၍ ချုံများအောက်ဆီသို့ ကြည့်ရှုသော်လည်း ကျား၏ အရိပ်အရောင်ကိုမျှ မတွေ့ရချေ။ သို့အတွက် ကျွဲတ ကောင်အား ရှေ့တိုးလိုတိုးငြား နောက်မှနေ၍ တို့လိုက်ရာ လန့်နေသောကျွဲသည် ရှေ့မတိုးဘဲနောက်သို့ ချာကနဲ လှည့်လိုက်သဖြင့် ကျွန်တော်လျင်မြန်စွာ ရှောင်လိုက်နိုင်၍သာ ကျွဲချိုဖျားသို့ ပါမသွားခြင်း ဖြစ်သည်။

ဤတွင် ကျွန်တော့်အခြေအနေမှာ အကျပ်အတည်းပင် ဖြစ်သည်။ ကျွန်တော်၏ရှေ့တွင် အချိန်မရွေး ဝင်အုပ်မည့် ကျားနာနှင့် မငြိမ်မသက်ဖြစ်နေသော ကျွဲအုပ်က ကျွန်တော့်ပတ်ဝန်းကျင်တွင် ဝိုင်းရံလျက် ရှိနေပါသည်။ ကျွဲများသည် သူတို့၏ရန်သူဖြစ်သော ကျားကိုသာမက သူတို့ကို လန့်အောင်လုပ်လျှင် ကျွန်တော့်ကိုပါ ဆော်ထည့်မည့် အခြေအနေတွင် ရှိနေသည်။

သူတို့မလန့်အောင် အသာကလေး ပြန်ဆုတ်လာခဲ့၍ သစ်ပင်ပေါ် တက်နေသော ကျွဲသမားကလေးအား သစ်ပင်ပေါ်မှ ဆင်းစေပြီးနောက် ကျွန်တော်တို့သည် ကျွဲများပေါ်မှ ကျော်၍ ချုံစပ်များဆီသို့ ခဲများပစ်သွင်းကြပြန်ရာ ကျားဟိန်းသံများကိုသာ ကြားရပြီးလျှင် ကျားကိုမူကား ထွက်လာအောင် ပြုလုပ်ရန် မတတ်နိုင်ကြချေ။

ကျားသည် အခြားသို့ ရှောင်တိမ်းလည်း မသွားပုံကို ထောက်က သူ့အခြေအနေမှာလည်း မကောင်းလှကြောင်း အကဲခတ်မိသည်။

ကျွန်တော် တမျိုးကြံရပြန်၏။ ကျွဲများကို လက်ရှိ နေရာတွင် ထားပစ်ခဲ့ပြီးလျှင် ကျွဲသမားကလေး ၂ -ယောက်နှင့် ခွေး ၂ -ကောင်ကိုပါ ခေါ်၍ ဘေးဘက် အလှမ်းဝေးဝေးမှ ပန်း၍ ကိုက်-၃ဝဝ ခန့် ဆက်ပြီးလျှင် ကျား၏ နောက်ပိုင်းကို တခါပြန်ဝိုင်းသည်။

ကျွန်တော့် ညွှန်ကြားမှုဖြင့် ကျွဲသမားကလေး ၂ -ဦးသည် သစ်ပင်များကို တပင်တက် တပင်ဆင်း ပြုလုပ်၍၎င်း၊ ကျွန်တော်က မြေပြင်မှ ချုံများအောက်သို့ ရှာဖွေ၍၎င်း ချီတက်ခဲ့ကြသည်။

ကိုက် ၂ဝဝ-ခန့် တက်မိသော် တယောက်က သစ်ပင်ပေါ်မှ အချက်ပြရင်း ဆင်းလာ၍ ချုံတခုအောက်တွင် အဖြူကြားသဏ္ဌာန်တခု တွေ့ရကြောင်းဖြင့် ပြောပြသည်။ ကျွန်တော် သစ်ပင်ပေါ်သို့ တက်၍ သူညွှန်ပြရာသို့ ကြည့်သောအခါ ပထမတွင် မမြင်ရဘဲ သေသေချာချာ ရှာသောအခါမှ ကိုက် ၅၀-ခန့် ဝေးသော ချုံတခုအောက်တွင် အဖြူနှင့် အညိုကြား သဏ္ဌာန်တခုကို ကျွဲများနှင့် ကျွန်တော်တို့အကြား အလယ်ဗဟိုခန့်တွင် တွေ့ရသည်။

ထိုအရာကို တည့်မတ်စွာချိန်ရွယ်၍ ပစ်ခတ်လိုက် သောအခါ ကျားသည် ကျွန်တော်တို့ ချဉ်းကပ်ရာ လမ်းကြောင်းသို့ လွဲမှားပြီးလျှင် ကျွဲများဆီသို့ တ ဟုန်တည်း ဟိန်းလျက် ပြေးသွားပြီးလျှင် ကျွဲတ ကောင်ကို ခုန်၍ အုပ်လေတော့၏။ ကျန်သော ကျွဲများသည် ပူးပေါင်းကြပြီးလျှင် ဦးချိုများနှိမ့်လျက် ကျားဆီသို့ ချဉ်းကပ်လာကြသည်။

ကျားအုပ်ခြင်းခံရသော ကျွဲကလည်း နာကျင်ခြင်း၊ကြောက်ရွှံ့ခြင်းဖြင့် တအားအော်၍ ကျောပေါ်တွင် ရောက်နေသော ကျားကို ခါ၍ချသည်။ ကျားကလည်း ပြင်းထန်စွာ ဟိန်းဟောက်၍ လက်သည်းများဖြင့် တွယ်ပြီးလျှင် အောက်မကျအောင် ကပ်နေသည်။ ကျွဲအုပ်ကလည်း ကျားကို ချိုများဖြင့် ခတ်ချရန် ကြိုးစားကြသည်။

ဤရုန်းရင်းဆန်ခတ် ဖြစ်နေကြခြင်းကို ကျွန်တော့် အနေနှင့် မမြင်ဘူးသည့်ပြင် ကြည့်၍လည်း ကောင်း လှသဖြင့် ခေတ္တမျှ ငိုင်၍ ပွဲကြည့်သလို ကြည့်နေမိပြီးမှ ကျားကို ပစ်ချရန် သတိရ၍ ပစ်ရန်ချိန်ရွယ်သော်လည်း ကျွဲများကို မထိဘဲ ကျားကိုသာထိမှန်အောင် ပစ်ခတ်ရန် အခွင့်မသာဘဲ ဖြစ်၍နေသည်။

ယိမ်းယိုင်လှုပ်ရှားလဲပြိုနေသော ချုံများ၊ ပြင်းထန်စွာလှုပ်ရှားနေကြသော ညိုညိုမည်းမည်း သဏ္ဌာန်ကြီးများနှင့် ၎င်းတို့အပေါ်မှ ဝါဝါကြီး၊ ထောင်လိုက်၊ လဲလိုက်၊ ရမ်းလိုက်နှင့် ရှုပ်ရှက်ခတ်နေသော ချိုများ၊ ခွာသံများ၊ ကျွဲအော်သံ၊ ကျားဟိန်းသံများဖြင့် တတောလုံး သောသောညံ၍ ပဲ့တင်ထပ်နေသည်။

ကျွန်တော် စောင့်ကြည့်နေဆဲမှာပင် ကျားသည် အခြေမလှသည်ကို အကဲခတ်မိသဖြင့် ကျွဲပေါ်မှ ခုန်ဆင်းပြီးလျှင် ချုံတခု၏နောက်တွင် အကာအကွယ်ယူ၍ ဝပ်နေပြီးလျှင် ကျွဲများကို ကြည့်နေပါသည်။

ဤကား ကျား၏အမှားပင်။ သူသည် ကျွဲများကိုသာ အာရုံစိုက်နေသည်ဖြစ်၍ သူလာရောက် အကာအကွယ်ယူသောနေရာမှာ ကျွန်တော်နှင့် ၂၅- ကိုက်သာဝေးသည်ကိုမူကား သူ သတိမမူမိရှာချေ။

လက်ပြင်ကိုချိန်ရွယ်လျက် မောင်းဖြုတ်လိုက်သောအခါ သူသည် ဝပ်လျက်မှ အနေအထားမပျက် ငြိမ်သက်သွားသည်။

ကျားသေအား စစ်ဆေးကြည့်ရှုသောအခါ ကျွန်တော်၏ ပထမပစ်ချက်ကျည်ဆန်သည် မျက်စိ အောက် ၂ လက်မကွာ ပါးပြင်ကိုစွဲ၍ ဒုတိယအချက် သည် ဝမ်းဗိုက်ကိုထိလျက် အူများထွက်နေပြီးလျှင် တတိယအချက်သည် လည်ကုပ်နှင့် နောက်ဆုံးအ ချက်သည် နှလုံးကို ဖောက်သွားသည်ကို တွေ့ရ သည်။

လများမကြာမီက ဂျစ်မုဆိုးတို့ ပစ်လိုက်သော အချက်မှာ မေးရိုးကိုထိလျက် ဆိုးရွားစွာပင် ပျောက်ကင်းခဲ့သော်လည်း မေးပြုတ်သွားသဖြင့် ဤကဲ့သို့ လူသားစားကျားဘဝသို့ ကူးပြောင်းသွားရခြင်းပင် ဖြစ်သည်။

ကျားအုပ်ခြင်းခံရသော ကျွဲမှာမူ ကျားလက်သည်းရာများဖြင့် ကျောတွင် မြင်မကောင်းသော်လည်း ကျား၏ ကိုက်ခဲခြင်းကိုကား မခံရပေ။ ကျွဲသည် နွား, မြင်းတို့ထက် ခံနိုင်ရည်ရှိသောကြောင့် မကြာမီပျောက်ကင်းနိုင်မည် ဖြစ်သဖြင့် ကျွဲပိုင်ရှင် အကြည်ဝါအား နစ်နာကြေးအနေနှင့် ကျား၏ အသားနှင့် အရိုးများကို ပေးလိုက်၍ ကျွန်တော်က အစွယ်၊ ကျားအားနှင့် အရေသာ ယူခဲ့ပါသည်။

နိဂုံးချုပ်အားဖြင့် ကျားများကို ပစ်ခတ်ရာ၌ ထိရောက်ပိုင်နိုင်စွာ မပစ်ပါက ကျားသည် မစွမ်းမသန်ဘဝသို့ ရောက်ရှိလျက် ဖမ်းဆီးရန် လွယ်ကူသော လူများအား သတ်ဖြတ်စားသောက်ခြင်းဖြင့် အသက်ပေါင်းများစွာကို ဒုက္ခပေးတတ်ကြောင်း သတိချပ်သင့်ပါပေသည်။

ဤ မေးပြုတ်ကျားအား လူသားစားကျားဘဝသို့ ရောက်အောင် ဖန်တီးလိုက်ကြသော ဂျစ်မုဆိုးများအား နောင်အခါတွင် အမည်များသိရှိရသော်လည်း ဖော်ပြလိုသော ဆန္ဒကား မရှိတော့ပါချေ။ ဤစာဖတ်၍ သတိရကြပါစေဟုသာ ဆုတောင်းရတော့သတည်း။ ။

(မြဝတီမဂ္ဂဇင်း)

– ပြီး –

စာရေးသူ – တပ်ကြပ်ကြီးမိုးကျော်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *