• July 6, 2025
  • admin
  • 0

ကိုပိုက်
ကျားမုဆိုး

တောင်သရက်ပင်အောက်ခြေတွင် ပြောင်ကြီးတစ်ကောင်သည် အစာငုံ့စားနေ၏။ မလှမ်းမကမ်းနေရာရှိ ဝါးသုဉ်းတောထဲတွင် ကျားကောင်ကြီးသည် သူ့အား ချောင်းမြောင်းနေသည်ကို ပြောင်ကြီး မသိရှာချေ။

မကြာမီအချိန်ကလေးတွင် ပြောင်ကြီးသည် ထိုနေရာလေးမှ ထွက်ခွာသွားတော့၏။ ကျားကောင်သည်လည်း သူ့နောက်မှ ချောင်းမြောင်းလိုက်သွားတော့၏။

ပြောင်ကြီးသည် ချောင်းမကြီးအတိုင်း စုန်ဆင်းခဲ့ရာမှ မြောင်ကျပ်လေးတစ်ခုအတွင်း ဝင်သွားလေတော့၏။

ကျားကောင်သည်လည်း ထိုမြောင်ကျပ်လေးအတွင်း လိုက်ဝင်သွားတော့၏။ ပြောင်ကြီးသည် သင်းကွဲပြောင်ကြီး ဖြစ်ချေ၏။ အဖော်မပါ တစ်ကောင်တည်းဖြစ်၏။ သို့ကြောင့်လည်း ကျားကောင်ကြီးက သူ့နောက် တကောက်ကောက် လိုက်ချောင်းနေခြင်း ဖြစ်တော့၏။

ပြောင်ကြီး ဝင်သွားသောမြောင်သည် တဖြည်းဖြည်း ကျဉ်းလာ၏။ နောက်ပြန်လှည့်လို့တောင်မှ မလွယ်သလောက် ကျဉ်းလွန်းလှပေသည်။

သို့အခြေအနေကို ကျားကောင်သည် သိလိုက်ခြင်းကြောင့် ပြောင်ကြီးနောက်သို့ ပြေးလိုက်သွားကာ ရုတ်တရက်ဆိုသလို ညာခြေထောက်ဖနောင့်ကြောကို သူ၏ သန်မာသော သွားစွယ်ကြီးဖြင့် ငုံခဲလိုက်တော့၏။

“ဘွဲလ်စ်”

ရုတ်တရက် ကျားကောင်၏ တိုက်ခိုက်ခံလိုက်ရခြင်းကြောင့် အထိတ်တလန့် အော်ဟစ်လိုက်မိသည်။ ပြီးလေမှ ကျားခံတွင်းရောက်နေသည့် သူ၏ ညာနောက်ခြေကို အတင်းရုန်းကန်လိုက်ငြား အချည်းနှီးဖြစ်ရတော့၏။

“ဘွဲလ်စ်”

နောက်ပြန်လှည့် တိုက်ခိုက်ဖို့ရာလည်း မလွယ်ချေ။ သို့ပေမင့် နာကျင်မှုကိုလည်း ဆက်လက်မခံနိုင်ပြီဖြစ်၍ အားကုန်ဆောင့်ရုန်းလိုက်လေတော့မှ ကျားကောင်၏ ငုံခဲခြင်းခံနေရသည့် သူ၏ညာခြေထောက်သည် လွတ်ထွက်လာတော့၏။

သည့်နောက် သူသည် ရှေ့ခြေနှစ်ဖက်ကို အားပြု၍ နောက်ခြေဖြင့် ကျားကောင်ကို စုံကန်လိုက်သည်။

“ဘုတ်”

ပြောင်ကြီး၏ လျင်မြန်ဖျတ်လတ်သော ခြေကန်ချက်ကြောင့် ကျားကောင် လွင့်ထွက်သွားတော့၏။

“ဝေါင်း”

“ဝေါင်း”

လဲကျနေရာမှ ပြန်ထလိုက်ပြီး ပြောင်ကြီးထံ ပြေးသွားလိုက်ပြန်၏။

သို့ငြား. . .

ပြောင်ကြီးသည် ကျားကောင် အနားကပ်လာသည်နှင့် အဆက်မပြတ် နောက်ပေါက်ခြေစုံကန်လျက်သာ ရှိနေသဖြင့် ကျားကောင်သည် လက်လျှော့လိုက်ပြီး နောက်ကြောင်း ပြန်လှည့်ပြေးသွားတော့၏။

ပြောင်ကြီး၏ နောက်ပေါက်ကန်ချက်တစ်ချက် မိသွားသည်ကြောင့် ရှေ့လက်ပြင်သည် နာကျင်လို့နေ၏။ ဆိုးဆိုးဝါးဝါးတော့ မဟုတ်။ သို့ပေမင့် ဒေါသထွက်နေမိ၏။ သည်သို့ဖြင့် ကျားကောင်သည် နာကျင်လျက်နှင့် ချောင်းမကြီးမှတစ်ဆင့် တောင်ကြောပေါ်သို့ တက်လိုက်၏။

သို့ဆိုသလို ပြောင်ကြီးသည်လည်း ခြေထော့နင်းထော့နင်းဖြင့် မြောင်ကျပ်လေးအတိုင်း ဆက်လျှောက်ခဲ့ပြီး တောင်ကြောပြေပြေတစ်ခုပေါ် တက်ကာ ဆက်လျှောက်ခဲ့ပြန်၏။

ပြီးနောက် အဆင်းသာသည့် ဆင်လမ်းအတိုင်း မြောင်ကျယ်ကြီးတစ်ခုတွင်း ဆင်းလိုက်၏။ ထိုမှတစ်ဖန် တောင်ကြောစွယ်တစ်ခုကို တက် ဖြတ်လိုက်ပြန်၏။ သို့ဆိုသလို တောင်ကြောသုံးဖြတ်လောက်တွင် ချောင်းမကြီးသို့ရောက်ခဲ့၏။ ထိုချောင်းမကြီးမှ တစ်ဖန် မြောင်စွယ်လေးတစ်ခုတွင်း ဝင်လိုက်ပြန်၏။

ပြောင်ကြီး မြောင်တွင်းဝင်သွားသည်နှင့် ထိုမြောင်ပေါက် တောင်ကြောပေါ်မှ ကျားကောင်သည် ဝပ်တွားကာ ချောင်းမြောင်းကြည့်နေရာမှ ပြောင်ကြီးဝင်သွားလေသည့် မြောင်တွင်း လိုက်ဝင်သွားတော့၏။

ထိုကျားကောင်သည် စောစောက ကျားကောင်ပင်ဖြစ်ချေ၏။ ဤနေရာမှ ကြိုတင်လာစောင့်နေခြင်း ဖြစ်တော့သည်။ ထိုမြောင်သည်လည်း ခပ်ကျဉ်းကျဉ်းပင် ဖြစ်တော့၏။ မလူးသာမလွန့်သာ ဖြစ်၏။

ကျားကောင်က ဒေါသတကြီး အော်လျက် အသံပေးပြီး ပြောင်ကြီး၏ အကောင်းပကတိရှိနေသည့် ဘယ်ခြေ ခြေဖနောင့်ကြောကို ရုတ်ခြည်း ပြေးခဲဆွဲယမ်းလိုက်တော့၏။

“ဘွလ်စ်”

သို့နှယ် နောက်ထပ်တစ်ကြိမ် ထပ်မံ အန္တရာယ်ပေးလာလိမ့်မည်ဟု ထင်မှတ်မထားလေသည်ကြောင့် ထိတ်လန့်တုန်လှုပ်သွားပြန်၏။

ပထမတစ်ကြိမ်တုန်းက ညာခြေဖနောင့်ကြော ပြတ်လုမတတ် ကျားကောင်၏ ကိုက်ခဲဆွဲဖဲ့ခြင်း ခံလိုက်ရသည်ကြောင့် ညာခြေကိုပင် ကောင်းကောင်း အားပြုမထောက်နိုင်။ ယခု ဘယ်ခြေကို လာရောက် ကိုက်ခဲပြန်လေသည်။

မည်သို့ပင်ဖြစ်စေ ခွန်အားရှိသရွေ့တော့ဖြင့် ရုန်းကန်ကြည့်သေး၏။ ကျားကုတ်ကျားခဲဆိုသလို ကျားကောင်သည် မလွတ်တမ်း ခဲထားလေခြင်းကြောင့် ပြောင်ကြီးသည် နာလျက်ရှိသော ညာခြေခွာဖြင့် ကန်လိုက်၏။

“ဘုတ်”

ကျားကောင်၏ ဝမ်းဗိုက်ကို ထိသွားတော့၏။

ကျားကောင် ကံကောင်းခြင်းမှာ အနာတရဖြစ်နေသော ခြေကန်ချက်သည် အားမပါသည်ဖြစ်၍ အနည်းငယ်မျှ နာကျင်သည်မှလွဲ၍ ဒဏ်ရာကြီးကြီး မရလိုက်ချေ။

သို့ငြား ကန်ချက်ပေါင်းများလာလျှင် အခြေအနေ တစ်မျိုး ပြောင်းလဲသွားနိုင်၏။ သို့ကြောင့် ပြောင်ကြီး၏ ဘယ်ခြေဖနောင့်ကို ကိုက်ခဲထားရာမှ လွှတ်လိုက်ပြီး ရုတ်ခြည်းဆိုသလို နောက်လှည့်ပြေးထွက်သွားတော့၏။

သို့တောင်မှ ပြောင်ကြီး၏ နောက်ပေါက်ခြေစုံ ကန်ချက်က သူ့တင်ပါးကို ရှပ်ထိသွားသေး၏။ ကျားကောင်သည် နောက်ကြောင်း ပြန်လှည့်ပြေးသွားသလို ပြောင်ကြီးသည်လည်း ဒဏ်ရာအနာတရဖြင့် အား တင်းကာ ဆက်လျှောက်သွားပြန်၏။

သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ထိုနောက်ခြေနှစ်ချောင်းလုံးက နာကျင်လျက်နှင့်ပင် ခွေယိုင်လဲမကျစေရန် ထိန်းထားနိုင်၍ တော်သေးတော့၏။

သည်သို့ဖြင့် ပြောင်ကြီးသည် တရွေ့ရွေ့ထော့နင်းထော့နင်း တစ်မြောင်ဝင်၊ တစ်ကြောဖြတ်၊ တစ်ကြောဆင်း၊ တစ်မြောင်ထွက် လျှောက်ခဲ့ရာမှ ရေခန်းစပြုနေသည့် ချောင်းတစ်ခုသို့ ရောက်လာတော့၏။

နောက်ခြေနှစ်ဖက် သွေးအေးသွားသည်ဖြစ်၍ နာကျင်မှု ပိုလာသည်ဟု သိလိုက်၏။ ရေလည်းငတ်လာ၏။ သို့ကြောင့် ချောင်းတွင်း အိုင်လေးဖြစ်နေသည့်နေရာမှ ရေကို ငုံ့သောက်လိုက်လေ၏။

အာတွေလည်း ခြောက်နေသည်ကြောင့် ရေကို တစ်ဝကြီး သောက်နေခြင်းဖြစ်သည်။

“ဘွဲလ်စ်”

“ဘူးစ်”

သူ့ကျောပေါ်သို့ လေးပင်သောအရာတစ်ခု ကျလာ၏။ တစ်ပြိုင်နက်ဆိုသလို သူ၏လည်ကုပ်ကို ကိုက်ခဲလာတော့၏။ သည်တော့မှ ကျားကောင်မှန်း သိလိုက်လေပြီဖြစ်၍ ခေါင်းကို သွက်သွက်ခါယမ်းလိုက်ပြီး ခါချလေ၏။

သို့ … ခါးယမ်းလေ နာကျင်မှုဒဏ်က ပိုလေ ဖြစ်လာခြင်းကြောင့် ပြောင်ကြီးသည် ရေအိုင်လေးနားမှ ပြေးထွက်လာကာ ကျောပေါ်ပါလာသည့် ကျားကောင်ကို ခါယမ်းချလိုက်ပြန်သည်။

မလွယ်ပါကလား။

ဘယ်သို့ လုပ်ရမည်မသိ။ ရုန်းရင်းကန်ရင်း စဉ်းစားလိုက်တော့၏။

ဟုတ်ပြီ။ ခေါင်းလေး, ကိုယ်လေး ခါးယမ်းနေရုံဖြင့် ထိုကျားကောင် ကျောပေါ်မှ ကျသွားလိမ့်မည်မဟုတ်။ သို့ကြောင့် သူ စိတ်ကူးရလိုက်သည့်အတိုင်း အနီးရှိ သစ်ပင်နား ပြေးသွားလိုက်ပြီး ပတတ်ရပ်၍
ရှေ့ခြေနှစ်ဖက်အား သစ်ပင်သို့ ပုစွန်ပေါက်ပေါက်၍ ခါယမ်းလိုက်တော့ ၏။

သို့နှယ် ပတတ်ရပ်ပေါက်ခုန်ခါချငြား ထိုကျားကောင် ပြုတ်ကျမလာ။ ကြာလာတော့ ဒဏ်ရာရထားသော နောက်ခြေနှစ်ချောင်းတည်းဖြင့် သူ၏ခန္ဓာကိုယ်သာလျှင်မဟုတ်၊ ကျားကောင်၏ အလေးချိန်ပါ ပါနေသည်ကြောင့် မထိန်းနိုင်လေတော့ဘဲ ခွေယိုင်လဲကျသွားတော့၏။

“ဝေါင်း… ဝေါင်း”

“ဘွဲလ်စ်… ဘွဲလ်စ်”

“ဝေါင်း”

“ဘွဲလ်စ်” “

သူသည် လဲကျသွားသည်နှင့် ကျားကောင်၏ တိုက်ကွက်သည် ပြောင်းလာ၏။ လည်ကုပ်ကိုခဲထားရာမှ လည်စေ့ကို ပြောင်းကိုက်ခဲလာတော့၏။

သူ ရုန်းကန်ကြည့်သေး၏။ အချည်းနှီးပင် ဖြစ်ချေ၏။

နောက်ဆုံး ပြောင်ကြီးသည် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ အတန်ကြာတွင် လုံးဝ ငြိမ်ကျသွားတော့၏။

ပြောင်ကြီး ဘဝဇာတ်သိမ်းသွားချေပြီ။ ကျားကောင်အတွက် ဟင်းစားရသွားချေပြီ။

ပြောင်ကြီး သေဆုံးသွားပြီကို သိလိုက်သည်နှင့် ကျားကောင်သည် လည်မျိုကို ကိုက်ခဲထားရာမှ လွှတ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ပတ်ကြည့်လိုက်၏။

တောခွေးအုပ်ကို ခပ်လှမ်းလှမ်းတွင် တွေ့လိုက်၏။

“ဝေါင်း”

သို့… ဟိန်းဟောက်လိုက်သည်တွင် ထိုတောခွေးအုပ်သည် အလုအယက် လှည့်ပြေးသွားတော့၏။

ဝေးဝေးပြေးသွားခြင်းတော့ မဟုတ်။ ပြီး ရပ်လိုက်ကြကာ နောက်သို့ ပြန်ကြည့်လာကြပြန်၏။ သွေးတိုးစမ်း ပြန်လျှောက်လာကြပြန်၏။ သည်တစ်ကြိမ်တွင်တော့ ကျားကောင်သည် ဟိန်းဟောက်ခြင်း မပြုလေတော့ဘဲ ထိုခွေးအုပ်ရှိရာသို့ ခြေလှမ်းသွားလိုက်၏။

တောခွေးတို့သည် နောက်ကြောင်းပြန်လှည့်သွားကြပြီး ခပ်လှမ်းလှမ်းမှနေ၍ ဆောင့်ကြောင့်ထိုင်လျှက်၊ မြေတွင် ဝပ်တွားလျှက်၊ ခြေလေးချောင်းထောက်လျှက် ပုံစံအမျိုးမျိုးတို့ဖြင့် ငြိမ်သက်စွာ နေလိုက် ကြတော့၏။

ကျားကောင်သည် “ဝေါင်း” ရယ်လို့ ဟိန်းလိုက်ပြီး ပြောင်သေကြီးရှိရာသို့ ပြန်လာကာ ဝမ်းဗိုက်ကိုဖောက်၍ အတွင်းရှိ ကလီစာတို့ကို ထိုးနှိုက်စားလိုက်လေတော့၏။

ကျားကောင်က အားပါးတရ ပွဲတော်တည်နေသည်ကို တောခွေးတစ်အုပ်က ငေးမျှော်ကြည့်နေလေကြ၏။ ကျားကောင်နားသို့ မည်သည့်အကောင်ကမျှ ကပ်မလာဝံ့ကြပါချေ။

အတန်ကြာကြာ အားပါးတရ တစ်ဝကြီး စားသောက်ပြီးသည်နှင့် ကျားကောင်သည် ရေအိုင်နားသို့သွားကာ လျှာဖြင့်လျက်၍ ရေသောက်နေပြန်၏။

ပြီးလေမှ ချောင်းကမ်းတစ်ဖက်သို့ တက်သွားကာ တောအုပ်အတွင်း ဝင်သွားလေတော့၏။

ကျားကောင် ထွက်သွားတော့မှ တောခွေးတစ်အုပ်သည် အပြေးအလွှား ရောက်လာကြကာ အငမ်းမရ လုယက်စားနေကြတော့၏။

xxx xxx xxx

ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် အမဲကြီးပစ်ရန် မနက်ကတည်းက တောထဲဝင်လာကြပေမယ့် အမဲကြီးပစ်ဖို့နေနေသာ သားကောင်ငယ်များပင် ပစ်ခွင့်မကြုံခဲ့ကြရချေ။

“ကိုလင်းရေ ဘယ်လိုတုံးဗျ၊ သည်တောက သားကောင်ရှားလှချည်လား။ ဘာကောင်မှ မတွေ့ဘူးဗျာ။ အဆုံးစွန် ပြောရလျှင်ဖြင့် တောင်လိပ်လေးတောင် မတွေ့ဘူးဗျ”

“ဟုတ်ပါ့ဗျာ … နေစောင်းလုနေပြီပဲ။ စခန်းပြန်ကြလျှင်ဖြင့် ကောင်းမယ်”

ရယ်လို့ လင်းမြင့်လှိုင်က ပြောလာသဖြင့် ကျွန်တော်သည် ခေါင်းကို ခါယမ်းလိုက်ကာ . . .

“စခန်းမှာလဲ ဘာရိက္ခာမှ ရှိတာမှ မဟုတ်တာ။ သားကောင် တစ်ကောင်တော့ဖြင့် မဖြစ်မနေ ရှာပြီးမှ ပြန်တာကောင်းပါလိမ့်မယ်”

ဟု ပြန်ပြောလိုက်၏။

“ကဲ. . . ဒီလိုလုပ်မယ်ဗျာ၊ ရှေ့တောင်ကြောဘက် ကိုပိုက်သွား။ ကျွန်တော်က ဒီဘက်တောင်ကြော တက်မယ်။ အပေါ်ကြောမကြီးမှာ ပြန်ဆုံကြတာပေါ့”

လင်းမြင့်လှိုင် ပြောသလို လုပ်လိုက်ကြ၏။

သို့ဖြင့် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် လမ်းခွဲထွက်ခဲ့ကြတော့၏။

ကျွန်တော် တက်လာသည့် တောင်ကြောသည် အောက်ပေါင်းရှုပ်လှသည်ဖြစ်၍ ချုံနွယ်တို့ကို တိုးဝင်တိုးထွက် လုပ်ရလေသည်ကြောင့် အတော်ဒုက္ခရောက်ရလေ၏။ သားကောင်ပစ်ရဖို့နေနေသာ လူပင် မနည်းတိုးဝှေ့ လျှောက်နေရ၏။

သို့နှယ်… တိုးရင်း ဝှေ့ရင်းဖြင့် တောင်ကြောမကြီးပေါ်သို့ ရောက်လာတော့၏။

တောင်ကြောမကြီးပေါ်မှ ကြိမ်နွယ်အုံပင် နောက်ကွယ်တွင် တလှုပ်လှုပ်ဖြစ်နေသည်ကြောင့် သားကောင်ဖြစ်ချိမ့်မည်။ ကံကောင်းပေစွဟုမှတ်ကာ လက်တွင်းရှိ, သေနတ်ကို မောင်းတင်လိုက်ကာ ချိန်ရွယ်ထားလိုက်၏။

ဘာကောင်ရယ်မှန်း မသိသေး။

ထိုသည်ကား ပြဿနာမရှိ။ လှုပ်ရှားမှုကိုကြည့်၍ ပစ်လျှင်ဖြစ်၏။

သို့ပေမင့် ကျွန်တော် စဉ်းစားလိုက်၏။ လင်းမြင့်လှိုင်ဖြစ်နေလျှင် မခက်ချေပြီကော။

သို့ကြောင့် ကျွန်တော်သည် ထိုနေရာသို့ စူးစိုက်ကြည့်ကာ အနားကပ်သွားလိုက်၏။ သေချာမှပစ်တာ ပိုကောင်းပေလိမ့်မည်။

တရွေ့ရွေ့ လျှောက်ခဲ့ငြား ကြိမ်နွယ်အုံပင် နောက်ကွယ်မှ သားကောင်သည် ထွက်လာခြင်းမရှိ။

“အဟင်း . . . ဟင်း”

သားကောင်ထွက်လာရန် အသံပေးလိုက်၏။

“ဝရော . . . ဝေါ”

ထိုချုံနွယ်အုံပင်နှင့် ကျွန်တော် ဆယ်ကိုက်မျှသာ ဝေးတော့၏။ ကျွန်တော်၏ အသံပြုချက်ကြောင့် ကြိမ်နွယ်ပင်အုံနောက်ကွယ်မှ သတ္တဝါသည် တိုးထွက်လာတော့၏။

“ဟင်”

ကျားကောင်ဖြစ်နေသည်။ ကျွန်တော် လွန်မင်းစွာ ထိတ်လန့်သွား၏။

ထိုကျားကောင်သည်လည်း ကျွန်တော့်ကို မြင်သွားသည်ကြောင့် ဘယ်သို့လုပ်ရမှန်းမသိ ဖြစ်သွားဟန်တူသည်။

ကျွန်တော် ဘာဆက်လုပ်ရမည် မစဉ်းစားတက်ပါချေ။ လတ်တလော ကျောက်ရုပ်လိုငြိမ်နေတာ အကောင်းဆုံးဖြစ်ချိမ့်မည်ဟု တွက်ကာ ထိုကျားကောင်ကို မျက်တောင်မခတ် စိုက်ကြည့်နေလိုက်၏။

ကြာကြာမခံနိုင်။ မျက်တောင်တစ်ချက် ဖျတ်ခနဲ ခတ်လိုက်သည်တွင် ကျားကောင်သည်လည်း ‘ဂရောလ်’ ရယ်လို့ ပါးစပ်ကို ဖြဲဟလိုက်၏။ ထိုကျားကောင်၏ အခြေအနေကိုကြည့်ပြီး မသိမသာ နောက်ခြေတစ်လှမ်း အကဲစမ်း ဆုတ်လိုက်၏။

ကျားကောင်သည် နေမြဲ။

ဟုတ်ပြီ။ နောက်တစ်လှမ်း။ နောက်တစ်လှမ်း။ နောက်တစ်လှမ်း အဆုတ်တွင် . . .

“ဟာ”

မြေပြင်တွင်ရှိ ကျောက်ခဲကြီးတစ်လုံးကို တိုက်မိလိုက်သည်တွင် ဟန်ချက်လွဲကာ ပက်လက်လန်လဲကျသွားတော့၏။

သည်တွင် ကျားကောင်သည်လည်း သူဘာလုပ်ရမည်ကို သိလိုက်ပြီဖြစ်၍ “ဂရူး” ရယ်လို့ လည်ချောင်းသံပေးလိုက်ပြီး နောက်သို့ ခြေတစ်လှမ်းဆုတ် အားယူလိုက်ကာ ကျွန်တော့်ထံသို့ ခုန်အုပ်လာတော့၏။

ကျွန်တော် မျက်လုံးများ ပြာသွားသည်။

နောက်သို့ လဲကျသည်နှင့် လက်တွင်းရှိ သေနတ်သည်လည်း လွင့်ထွက်သွားသည်ကြောင့် အသက်ကို ဖက်ရွက်နှင့်ပင် ထုပ်ချိန်မရလိုက်တော့ချေ။

“ဒိန်း”

“ဝေါင်း”

“ဘုတ်”

“ဒိန်း . . . ဒိန်း”

“ဟာ”

သေနတ်သံတစ်ချက်ထွက်လာပြီး ကျွန်တော်ထံ ခုန်အုပ်လာသော ကျားကောင်သည် လေထဲမှ မြေပြင်သို့ ဘုတ်ခနဲ ကျလာတော့၏။

နောက်ထပ် . . . သေနတ်သံနှစ်ချက် ကြားလိုက်ရသည့်နောက် ကျားကြီးသည် လုံးဝငြိမ်သက်သွားချေပြီ ဖြစ်တော့၏။

ကျွန်တော် ကံကောင်းသည်ဟု ဆိုရပေမည်။

အချိန်မီကလေး လင်းမြင့်လှိုင် ရောက်လာ၍ ဖြစ်သည်။

ကျွန်တော်သည် ထိုကျားကောင် မည်သည့်သားကောင် သတ်ဖြတ်စားသွားသည်ကို သိလို၍ ကြိမ်နွယ်အုံပင်နောက် သွားကြည့်လိုက်၏။

“ဟင်”

ဘာကောင်မျှ မရှိပါကလား။

သို့ဆိုလျှင်ဖြင့် ထိုကျားကောင်သည် တစ်နေရာတွင် သားကောင်တစ်ကောင်ကို သတ်ဖြတ်စားပြီးနောက် ဤနေရာတွင် လာ၍ နားနေလဲလျောင်းနေခြင်း ဖြစ်ပေလိမ့်မည်။

ပြီးနောက် ကျွန်တော်သည် ခလုတ်တိုက်မိသော ခဲလုံးကြီးရှိရာသို့ ပြန်သွားကြည့်လိုက်၏။

“ဟား… ဟား… ဟား… ဟား”

“ဟား… ဟား… ဟား… ဟား

သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိတော့၏။

ကျွန်တော် ခလုတ်တိုက်မိသည်မှာ ခဲလုံးမဟုတ်၊ တောင်လိပ်ကြီးတစ်ကောင် ဖြစ်နေလေတော့၏။

[ လပြည့်ဝန်းမဂ္ဂဇင်း၊ ၂ဝဝ၃ ခုနှစ်၊ ဇွန်လ ]

– ပြီး –

စာရေးသူ – ကိုပိုက်

Leave a Reply

Your email address will not be published. Required fields are marked *