လေးမောင်
ကျားရဲသိုက်နှင့်တိုးသော မုဆိုးများ
နံနက်ခင်းမို့ ကျေငှက်သံတတစာတို့နှင့်အတူ ကျွန်တော့်အကြည့်တို့က တဲအရှေ့ဟိုဘက် တောအုပ်စိမ်းစိမ်းတို့ကို ကျော်ဖြတ်ကာ ကြည့်လိုက်တော့ စိမ်းစိုသော တောအုပ်ကြီး၏နောက် တောင်တန်းတောင်သွယ်ကြီးတွေကို လှမ်းမြင်လိုက်ရသလို ထွက်ပြူစ နေမင်းက မဟူရာတောင်မြင့်ကြီးထက် မေးတင် နေပေပြီ။
မျက်နှာသစ်လို့အပြီး ရွာခံမုဆိုး၏ဇနီး မတင်အေးက ပန်းကန်ပြားအတွင်း ကောက်ညှင်းပေါင်းကို အငွေ့တထောင်းထောင်းနှင့် ချောင်းငါးကြော်ပန်းကန်ကို ချပေးလာသည်။ မျက်နှာကို တဘက်နှင့်သုတ်ကာ ပခုံးပေါ်တင်လိုက်ပြီး ပန်းကန်ပြားထဲမှကောက်ညှင်းကိုနှိုက်၊ အဆုပ်ဖြစ်အောင်လုံးပြီး အောက်ခံပန်းကန်ပြားနှင့် ထည့်ထားသော ဆားနှင့်နှမ်းထောင်းကို တို့ကာ စားလိုက်ကြရင်း ချောင်းငါးကြော်ကို ဝါးလိုက်၊ အဖန်ရည်ကို သောက်လိုက်နှင့် အဆာပြေ ဗိုက်ဖြည့်နေကြစဉ်…
“ဟာ… ထောင်မှူးကြီးနဲ့ တပည့်တွေ ရောက်လာကြပါပကော”
အဘကောင်းက စားနေရင်း ပြောလိုက်သဖြင့် ခြံအပြင်ကို လှမ်းကြည့်လိုက်ရာ ရိုင်ဖယ်တစ်လက်ကို လွယ်လျက် ဝင်လာကြသည့် မင်းကုန်းရဲဘက်စခန်းမှ ထောင်မှူးကြီးသိန်းဝင်းနှင့် တပည့် မျောက်တင်သောင်းကို တွေ့လိုက်ရသည်။ ကျန်တစ်ဦးကိုတော့ မသိ။ ခုမှ မြင်တွေ့ဖူးသည်က အမှန်။
အသားဖြူဖြူ၊ အရပ်ပုပု၊ မျက်မှန်တပ်ထားသူ တစ်ဦးပင်။ သူ့စခန်းကို ရဲဘက်အဖြစ် ရောက်လာသည့် လူတစ်ဦးဖြစ်ဟန်ပင်။ သို့အတွက် ကျွန်တော်တို့က အားရဝမ်းသာ ခရီးဦးကြိုပြုလိုက်ရင်း…
“ကဲ… ထောင်မှူးတို့ ဆရာတပည့်တွေ ဘယ်အချိန်ကထလာကြလို့ ခုလို စောစောရောက်လာကြတာလဲ။
“ဟိုတစ်ယောက်ကတော့ ခင်ဗျားတပည့် မျောက်တင်သောင်းဆိုတာ အရင်ကြုံခဲ့ဖူးလို့ သိထားပါပြီ။ နောက်တစ်ယောက်က ဘယ်သူလဲဗျ။ မိတ်ဆက်ပေးပါဦး”
“သူလည်း ရဲဘက်တစ်ဦးပါပဲ။ နာမည်က မောင်ဝင်းနိုင်တဲ့”
“ကဲ ထောင်မှူးတို့ ဆရာတပည့်တွေ ကောက်ညှင်းပေါင်းနဲ့ ငါးကြော်ကို ဗိုက်ဖြည့်လိုက်ကြဗျာ။ ထမင်းထုပ်ပြီးရင် ဘာတွေဆက်လုပ်ကြမယ်ဆိုတာ အစီအစဉ်ဆွဲကြရအောင်။ အချိန်ကော ဘယ်လောက်ရကြမလဲဆိုတာ ပြောပါဦးဗျ”
အဘကောင်းက သူတို့အား နံနက်အဆာပြေဖြည့်ရန် ပြောလိုက်သော်လည်း သူ့တပည့်ဖြစ်သူ မောင်ဝင်းနိုင်ဆိုသည့် ရဲဘက်ကို စောင်းငဲ့ကြည့်လိုက်ပြီး မျက်စပစ်ပြလိုက်သည်ကို တွေ့လိုက်ရသဖြင့် တပည့်ဖြစ်သူ မောင်ဝင်းနိုင်က ကျောပိုးအိတ်အတွင်းမှ အရက်ပုလင်းကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရပေသည်။
ထုတ်ယူလိုက်သည့် ပုလင်းက ဝီစကီပုလင်းပင်။ သူတို့အဖွဲ့ကိုကြည့်ပြီး ကျွန်တော်တို့ အတော်ပင် အားနာမိသည်ကအမှန်။
တစ်ကယ်သောက်နိုင်ပေမယ့် ကိုယ်ချည်းသောက်လို့က မရ။ တောသူတောင်သား မုဆိုးများနှင့် စုသောက်ကြရသည်မို့ အရက်ကောင်းကို ရွေးမနေနိုင်။ ချဉ်ချဉ်တူးတူး မူးလျှင်ပြီးရောဆိုသည့် သဘောမျိုးဖြင့် အတူတူသောက်ကြရသည်။
တောသူတောင်သားတွေ၏ ဓလေ့ဆိုသည်က သူတို့ နှင့် ခွဲခြားခွဲခြား လုပ်သည်ကို မကြိုက်။ သူတို့ကြိုက်လျှင် ရှေ့မှ အသက်ကိုပေးကြသည့် သဘောထားကို ကျွန်တော်တို့အဖွဲ့က ကြိုတင်သိရှိထားကြသည် မဟုတ်ပါလား။
ပန်းကန်ပြားအတွင်းက ကောက်ညှင်းပေါင်းက အငွေ့တထောင်းထောင်းနှင့် အဖြူနှင့်အမဲ ရောထွေးထားသည်။ ကျွန်တော်တို့အတွက် နံနက်စာက အဆင်ပြေသော်လည်း သူတို့အတွက်က ဗိုက်ဖြည့်ဖို့ကို အရက် (ဝီစကီ)နှင့် စဟန်တူသည်။
သူတို့သုံးဦးကား ဝီစကီအရက်ပုလင်းကို အဖုံးဖွင့်ကာ ဖန်ခွက်အတွင်း အညီအမျှထည့်လိုက်ပြီး ရေမပါ၊ ဆော်ဒါမပါ၊ ရေခဲမပါ ဂွပ်ခနဲ မော့ချလိုက်ကြသည်က တစ်ဘရိတ်တည်း ဖြစ်နေသည်ကို တအံ့တဩတွေ့မြင်လိုက်ရပေသည်။
သည်မြင်ကွင်းကြောင့် ကျွန်တော့်စိတ်သည် အရက်ဆိုသည်ကို ယခုလို သောက်တတ်ကြသူများဖြစ်သည်ကို စိတ်ထဲ စွဲမြဲထားလိုက်သည်က အမှန်။
သူတို့ ဆရာတပည့်(၃)ဦးကို တအံ့တဩ ကြည့်နေလိုက်စဉ် ထောင်မှူးကြီးက-
“မနေ့က ကျွန်တော့်စခန်းကို လက်ဆောင်ပေးသွားတဲ့ အရက်လေ။ တစ်ဦးတည်း မသောက်ရက်လို့ ခင်ဗျားတို့တစ်တွေနဲ့ သောက်ရအောင်ဆိုပြီး ယူလာခဲ့တာ နှစ်လုံးကျန်ပါသေးတယ်။ အဲဒါ ညနေပိုင်းအတွက်ပေါ့”
သူကပြောရင်း ငါးကြော်ကိုစားလိုက်သလို တပည့်ဖြစ်သူတွေကလည်း စားသောက်ဗိုက်ဖြည့်နေကြစဉ် ကျွန်တော်က –
“ကျေးဇူးပါပဲ ထောင်မှူးကြီး။ ကျွန်တော်တို့အဖွဲ့သားတွေ အရက်ကို ဆေးဖြစ်ဝါးဖြစ်တော့ သောက်ကြပါတယ်။ ဒါပေမဲ့… ခုလို မနက်ပိုင်းမျိုးမှာ သောက်လေ့မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားတာက အရက်သောက်ပြီးရင် သေနတ်မကိုင်ကြရပါဘူး။ အမှားဖြစ်မှာကြောက်လို့ပါ။ စခန်းမှာ နားကြမယ်ဆိုရင်တော့ သောက်ချင် ရင် သောက်ကြပေါ့လေ။
ခုလည်း ကျွန်တော်တို့အဖွဲ့ သားကောင်ကြီးတွေနောက် ခြေရာကောက်လိုက်ကြမှာမို့ မသောက်ကြတာပါ”
ကျွန်တော်ပြောလိုက်စဉ် ရွာခံမုဆိုး မောင်ယဉ်ကြိုင်က –
“ထောင်မှူးကြီးကျန်တဲ့ အရက်ပုလင်းတွေ သိမ်းထားလိုက်ပါ။ လမ်းမှာ သောက်ဖို့အတွက် ကျွန်တော် စီစဉ်ထားပါတယ်။ မိန်းမရေ… မင်းအစ်ကိုကြီးတွေသောက်ဖို့ ငါစီစဉ်ထားတာတွေကို ကျောပိုးအိတ်ထဲစုထည့်လိုက်ကွာ။ မလစ်ဟင်းစေနဲ့”
ထိုစဉ် ထောင်မှူးကြီးက –
“ကျွန်တော်တို့အထဲက ဒီကနေ့နဲ့ မနက်ဖြန်ထိ အချိန်ရတယ်။ ဘယ်ခွင်ကို စိတ်ကူးထားကြသလဲ။ သေနတ်အားလည်းကောင်းတော့ အပိုင်ပစ်ရမယ့်နေရာကို စီစဉ်ကွာ။ မောင်ယဉ်ကြိုင်နော်”
ထိုစဉ် အဖွဲ့သားတွေ စားသောက်ကြရန် ထမင်းထုပ်များကို တောင်းတစ်လုံးတွင် စီကာထည့်နေသော တင်စိုးက –
“မနေ့က ဝါးတစ်ခုတ်ကြတဲ့ သူရိန်မင်းတို့အဖွဲ့ သတင်းပေးသွားတာကတော့ ဆင်သေမြောင်နောက်ကျောမှာ ဖုန်းဆိုးတောကြီးအတွင်း တစ်ဖြတ်ပြီး တစ်ဖြတ် ပိုင်းပြီးပစ်ရင် သေချာတယ်လို့ ပြောတယ်။ စိုင်ခြေရာတွေ တွေ့လို့ ဆက်မတိုးရဲပဲ ပြန်ခဲ့ကြရတယ်လို့ သတင်းပေးသွားတယ်ဗျ”
တင်စိုး ပြောလိုက်သည့်စကားကြောင့် အဘကောင်းက
“ဖုန်းဆိုးတောကြီးဆိုရင်တော့ ဟင်းမျိုးတွေ ခိုအောင်းနိုင်တဲ့နေရာမျိုးကွ။ မင်းပြောတဲ့ စိုင်ခြေရာဆိုတာ ရှိနိုင်ပါ့မလား”
ထိုစဉ် ကိုဦး ဝင်ပြောလိုက်သည်ကလည်း –
“ကျွန်တော် မနေ့က မီးသွေးဖုတ်ပြီး ပြန်လာတဲ့ လှမြင့်တို့အဖွဲ့နဲ့ တွေ့ခဲ့လို့ ပြောတာက အဲဒီဖုန်းဆိုးတောမှာ စိုင်တစ်အုပ်ခြေရာတွေနဲ့ ချေးတွေပါ တွေ့ခဲ့ရတယ်တဲ့။ သွားကြမယ်ဆိုရင် သူတို့ကိုပါခေါ် ဖို့ မှာလိုက်တယ်။တင်စိုးပြောတာ သေချာလောက်တယ်”
စားကြသောက်ကြလို့ ပြီးပြီမို့ ထောင်မှူးကြီးက – `
“ဒါဆို လှမြင့်ကိုခေါ်ကွာ။ အဲဒီဖုန်းဆိုးတောကြီး ဘက် သွားလိုက်ကြမယ်”
ကိုဦးက အပြင်ထွက်သွားပြီး လှမြင့်ကိုခေါ်ကာ ပြန်ရောက်လာသည်မို့ ကျွန်တော်တို့တစ်တွေ မုဆိုးအသုံးအဆောင်တို့ကိုယူလျက် ဖုန်းဆိုးတောကြီးရှိရာဘက်ဆီသို့ ထွက်ခဲ့ကြပေတော့သည်။
xxx xxx xxx
နံနက်ခင်း ထွက်ပေါ်လာသည့် နေခြည်ထွေးထွေးအောက် တိုက်ခတ်လာသည့် လေနုအေးတို့က သေနတ်များကိုယ်စီလွယ်လျက် လျှောက်လှမ်းနေကြသည့် မုဆိုးတစ်စုကို ချမ်းမြေ့ကြည်နူးစေသည်မို့ ဆင်သေမြောင်နောက်ကျော ဖုန်းဆိုးတောကြီးရှိရာဆီကို (၇)မိုင်နီးပါး အလှမ်းကွာဝေးသော်လည်း သက်သောင့်သက်သာနှင့် လှမ်းခဲ့ကြရင်း ရောက်ရှိလာခဲ့ကြသည့် ခရီးပင်။
ဆင်သေမြောင်ဆိုသည်က ပဲခူးရိုးမကြီးအတွင်း ကျပ်ချောင်းဆိုသည့် နေရာမှ အတွင်းဘက်ဆီသို့ (၃)မိုင်ခန့် ထိုးဝင်လိုက်ပါမှ ရောက်သည့်နေရာ။ ရိုးမကြီး၏ အနက်ရှိုင်းဆုံးသော နေရာနှင့်လည်း ဆက်စပ်နေသည်မို့ သားကောင်ပေါင်းစုံကိုလည်း အချိန်မရွေး ပစ်ခတ်လို့ရရှိနိုင်သည့် နေရာ။
ထိုမြောင်ကို “ဆင်သေမြောင်”ဟု ခေါ်ရခြင်းမှာ တောဆင်ရိုင်းစွယ်စုံကြီးတစ်ကောင်သည် ရိုးကျားကြီးတစ်ကောင်နှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ ကြရာ စွယ်စုံဆင်ရိုင်းကြီး အထိနာ အရေးနိမ့်သဖြင့် မြောင်ထိပ်ဆီသို့ တက်ပြေးခဲ့ရာမှ မြောင်ထိပ်ကိုရောက်ပြီး သူပြေးလမ်းအဆုံးတွင် ချောက်ကမ်းပါးကြီးရှိနေမှန်း သိလိုက်သဖြင့် အရှိန်နှင့် နောက်ကြောင်းကို ပြန်လှည့်လိုက်ရာ မြောင်နှုတ်ခမ်းတွင် ကပ်နေသည့် ရေညှိများကြောင့် အရှိန်ဖြင့် ခြေချော်ပြီး မြောင်အောက်ဆီသို့ ထိုးကျသွားရာ ထိုဆင်ရိုင်းကြီးမှာ ရိုးကျားကြီးကြောင့် အသက်မသေရသော်လည်း နက်ရှိုင်းသည့် မြောင်အောက်ကို ထိုးကျသွားရာမှ ကျောက်တုံးကျောက်ခဲတို့ဖြင့် ရိုက်မိကာ သေဆုံးခဲ့ရရှာသည်။
ထိုစွယ်စုံဆင်ရိုင်းကြီးကို အောက်ကိုကျပြီး သေဆုံးခဲ့ရသည့်မြောင် ဖြစ်သည့်အတွက် “ဆင်သေမြောင်”ဟု တောသူတောင်သားတို့က ခေါ်ကြခြင်းဖြစ်သည်။
ဆင်သေမြောင်ကိုရောက်ပြီး ဖုန်းဆိုးတောကြီးရှိရာသို့ ခရီးဆက်လိုက်ကြပြန်သည်။ အတန်ကြာတော့ ဖုန်းဆိုးတောစဆီသို့ ရောက်ရှိလာကြသည်။
ကျွန်တော်က ဖုန်းဆိုးတောကြီး၏ အခြေအနေကို လှမ်းကြည့်လိုက်ရာ လူတစ်ရပ်သာသာခန့် မြင့်မားသော ကိုင်းတော၊ ကျူတော၊ မြက်ရိုင်းတောအပြင် ဝါးပင်ပေါက်များနှင့် ရှုပ်ထွေးခံနေသလို ဟိုမှာဘက်တွင် ရွာမှ မီးသွေးလာဖုတ်နေသော လှမြင့်၏ စပါး၊ ပြောင်း၊ နှမ်းစိုက်ခင်းတို့ကလည်း ရှိနေသဖြင့် ယခုလို နွေရာသီ တပေါင်း၊ တန်းခူးလို ကာလမျိုးတွင် အချို့မှာ တောမီးလောင်ခံထားရပြီး ဝါဆိုနှင့် ဝါခေါင်လို မိုးများသည့် ကာလမျိုးဆိုလျှင် ကိုင်းပင် ကျူပင် မြက်ရိုင်းပင်တို့ သိပ်သည်းထူထပ်ပြီး တောတွင်း နေထိုင်ကြသည့် သားကောင်တို့၏ စားကွင်း စားကွက်ကြီးဖြစ်မည့် အနေအထားမျိုး။
တောသူ တောင်သားတို့ကလည်း ဖုန်းဆိုးတောကြီးရှိရာဆီသို့ သွားသွားလာလာ သိပ်မရှိကြ။ ထိုရပ်ဝန်းသည် လူသူလေးပါးကင်းရှင်း၍လည်း ကျွန်တော်အကဲခပ်ကြည့်ရသည်မှာ အဘကောင်းပြောသလိုသားကောင်ကြီးတွေ ခိုအောင်းကျက်စားနေထိုင်ကြမည့် အသွင်မျိုး။
ကျွန်တော့်စိတ်တွင်းက တွက်ချက်ကြည့်လိုက်မိသည်က ထိုနေရာဆီသို့ လမိုက်ညများကို မီးလည်ရှာရင်း ပစ်ခတ်မည်ဆိုပါက ကောင်လုံးပေါ်ကိုပင် လေးငါးကောင်ထက်မနည်း ရရှိနိုင်မည့်နေရာမျိုးဟု ခန့်မှန်းနေလိုက်စဉ် မောင်ဝင်းနိုင်က အနီးသို့ ကပ်လာပြီး…
“မုဆိုးကြီး”
“ဟေ… ဘာလဲကွ မောင်ဝင်းနိုင်ရဲ့”
“ဒီဖုန်းဆိုးတောကြီးကို ဘယ်လိုမြင်သလဲဆိုတာ မုဆိုးတွက်နဲ့ တွက်ကြည့် ခန့်မှန်းကြည့်ပါဦး”
“အဘကောင်းပြောသလို သားကောင် ဟင်းမျိုးကြီးတွေ ခိုအောင်းနိုင်တယ်လို့ ထင်တယ်ကွ။ ဒါနဲ့ မင်းတို့မှာ ကျည်ဆန်များများ ပါခဲ့ကြသလား”
“တစ်ယောက်ကို ပတ်ကားရိုင်ဖယ်ကျည် ဆယ်တောင့်လောက်စီ ပါခဲ့တယ်လေ”
“ဒါနဲ့ မင်းကို ငါ မေးရဦးမယ်။ မင်းကိုင်တဲ့ ရိုင်ဖယ်သေနတ်ကို ဇီးရိုးရင်း လုပ်ခဲ့ပြီးပြီလား”
“ကျည်ဆန်တွေက ပတ်ကားကျည်တွေဆိုတော့ တိုရေရှားရေမို့ မလုပ်ခဲ့ဘူး။ မပူပါနဲ့ … ကျွန်တော့လက်က တောဆင်ရိုင်းလို အကောင်ကိုတောင် မလွဲတန်း ပစ်ခဲ့တာပါ”
“ဘုရား… ဘုရား… တောဆင်ရိုင်းလို အကောင်ကိုတောင် မလွဲတန်း ပစ်ခဲ့တဲ့လက်ဆိုတော့ အားထားလောက်ပါရဲ့။ အံ့စရာပဲနော်”
ကျွန်တော်ပြောလိုက်သည့်စကားကြောင့် သဘောကျသွားလေသလားတော့ဖြင့် မသိ။ တဟဲဟဲရယ်မောနေစဉ် သူတို့ဆရာ ထောင်မှူးကြီးသိန်းဝင်း အသံက ထွက်လာပြန်သည်။
“မုဆိုးကြီး… ဒီ သဲဖြူဖြူ မွမွကလေးတွေက တောင်ကျရေဖြတ်စီးရင်း ပါလာတဲ့ သဲတွေလို့ထင်တယ်ဗျ။ ဘယ်လိုထင်လဲ”
သူပြောသည်ကလည်း ဖြစ်နိုင်သည်။ သဲဖြူဖြူကလေးတို့အပေါ် တောင်ကျရေကြည်ကြည်ကလေးတို့ ဖြတ်သန်းစီးဆင်းနေသည့်အတွက် ဖုန်းဆိုးတောကြီးအတွင်း ခိုအောင်းနေကြသည့် သားကောင်တို့အတွက် သောက်သုံးရန်ရေကို ဖန်တီးပေးထားသလိုမျိုးမို့…။
“ဖြစ်နိုင်တယ်။ သတိထား ထောင်မှူးကြီး … မျက်စိနဲ့နားကိုဖွင့်ပြီး စွင့်ထား။ သဲပြင်ပေါ်လည်း ကြည့်ပါဦး။ ခြေရာတွေ ပွနေတာ တွေ့လား”
ကျွန်တော်က သူတို့ပြောနေစဉ် အဘကောင်းက –
“ကဲ – ငါတို့ နှစ်ဖွဲ့ ခွဲပြီး သဲဖြူလမ်းအတိုင်း ခြေရာကောက်ပြီး လိုက်ကြမယ်။ အောက်ဘက်ကို စုံဆင်းကြမှာနော်။ သားကောင်ကို တွေ့တဲ့အဖွဲ့ လှဲပြီးစောင့်နေ။ သေနတ်သံကြားရာမှ စုရပ်။ အထူးသဖြင့် ချေနဲ့ ဒရယ်အပြင် အခြား အကောင်သေးကို မပစ်ကြနဲ့။ အကောင်ကြီးတွေကိုသာ ဦးစားပေး ပစ်ကြမယ်။ ကြားကြရဲ့လား”
အဘကောင်း မှာကြားလိုက်သည့် စကားက လျော်ကန်သင့်မြတ်သည့် စကားမို့ ဘာမှ ပြန်မပြောကြ။ ထိုအချိန်…
“အောက်အီးအီး..အွတ်”
ကြိုးဝိုင်းအတွင်းမှ ပြိုင်ဘက်ကို လက်ခမောင်းခတ်ကာ စိန်ခေါ်နေသည့်သဖွယ် တောင်ပံကို တဖောင်းဖောင်းရိုက်ခတ်လျက် သေးသွယ်သော တွန်သံသာသာနှင့် တောကြက်ဖငယ်တစ်ကောင်၏ အသံကိုလျှောက်လှမ်းကြမည့် ဟိုဘက် ခပ်လှမ်းလှမ်းဆီမှ ကြားလိုက်ကြရသလို ဝါးရုံပင်ပေါက်တို့ထက် နားခိုရင်း ငှက်ဝါးယောင်းတစ်အုပ်၏ ဟစ်ကြွေးအော် မြည်သံတို့ကိုလည်း ကြည်နူးစွာ ကြားနေရသည်။
အဘကောင်း၊ အစ်ကိုကြီးဦးသိန်းလွင်နှင့် ထောင်မှူးကြီးတို့အပြင် လူငယ်အချို့က ချောင်း၏ဟိုမှာဘက်။ ကျွန်တော်၊ မောင်ဝင်းနိုင်၊ မျောက်တင်သောင်းနှင့် ကုလားကြီးသန်းညွန့်တို့က ချောင်း၏သည်မှာဘက်မှ နေရာယူလိုက်ကြရင်း အသင့်ပစ်ခတ်ကြရန် အနေအထားမျိုးဖြင့် လူဖြန့်ကာ ခြေသံလုံလုံနင်း၍ လျှောက်လှမ်းနေလိုက်ကြပေသည်။
ထိုစဉ် မောင်ဝင်းနိုင်က လေသံနှင့် –
“မုဆိုးကြီး … သူတို့ပြောနေကြတဲ့ စိုင်အုပ်ကတော့ ရှိမယ်မထင်ဘူးဗျ။ ကျွန်တော့်အထင်တော့ ဟိုအကောင်တွေနဲ့ တိုးမယ်ထင်တယ်”
“ဟုတ်လား – ဘာကြောင့်လဲ ပြောပါဦးကွ”
“ဖုန်းဆိုးတောကြီးကို သေသေချာချာကြည့်လိုက်တော့ ကျွန်တော့်စိတ်ထဲမှာ ချောက်ချားစရာကောင်းနေပြီး ကျွန်တော်က တောဆင်ရိုင်းကြီးတွေကို တစ်ယောက်တည်းလိုက်ပစ်ပြီး အစွယ်ဖြုတ်ရောင်းစားနေသူဆိုတော့ အခြေအနေကိုကြည့်ရင် သိနေသလိုပဲလေ။ စိတ်ထဲမှာ တစ်ခုခုဖြစ်မယ်လို့ သိနေသလိုမျိုးပဲဗျ”
“ဒီလိုသိနေရင် သတိထားပေါ့ကွာ။ ဖြစ်လာတဲ့ပြဿနာ ကိုယ့်ဘက် လက်ဦးမှုယူဖို့အတွက် အသင့်ပြင်ဆင်ထားပေါ့ကွ”
“အဲဒီလို အသင့်ပြင်ဆင်ထားဖို့ဆိုတာကိုက ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုးကြီး ထမ်းနေရသလိုပဲဗျ၊ မုဆိုးကြီးရဲ့”
“ဟေ… မင်းဟာက အဆန်းပါလား။ ဘယ်လိုလဲကွ ပြောစမ်းပါဦး”
“ဪ… မုဆိုးကြီးကလည်း ဒုံးဝေးရန်ကော။ ကျွန်တော်က တောဆင် ရိုင်းလိုအကောင်ကိုသာ မလွဲတမ်း ပစ်ခဲ့ဖူးတာဗျ။ သူ့ထက်သေးတဲ့ အကောင်နဲ့ဆို ကျွန်တော် ထိအောင် မပစ်တတ်ဘူးဗျ။ ဒါကြောင့် မုဆိုးကြီးနားမှာပဲ ကပ်နေပါရစေနော်”
သူပြောလိုက်သည့် စကားကြောင့် ကျွန်တော် တအံ့တသြဖြစ်သွားကာ ပြောလိုက်မိသည့်စကားတို့က –
“အေးပေါ့ကွာ။ မင်းက တောဆင်ရိုင်း(စွယ်စုံ) လောက်ကို အသေးဆုံး ပစ်ထားပစ်လာခဲ့သူဆိုတော့ ကျန်တဲ့အကောင်တွေ မပစ်တတ်တာ အဆိုးမဆိုပါဘူး။ ငါ့အနားမှာပဲနေပေါ့”
ကျွန်တော်က အငေါ်ထူးကာပြောလိုက်သည့်စကားကို သူက ဘယ်လို နားလည်သဘောပေါက်သွားသည်တော့ဖြင့် မသိ။ အားကိုးတကြီးအသွင်နှင့် ကျွန်တော့်အနီးမှ မခွာတော့ပေ။
ကျွန်တော်တို့အဖွဲ့ လူဖြန့်ကာ ချောင်းရိုးအတိုင်း လိုက်ခဲ့ကြပြီး ကုန်းမြင့်တစ်ခုထက်ဆီသို့ အသာတိုးတက်ကာ အောက်ခြေကို ကုန်းဘေးတွင် ကပ်ပေါက်နေသည့် အပင်ငယ်တို့ကို ကိုင်၍ နောက်ပြန်ဆင်းလိုက်ကြရင်း ကွက်သာတစ်ခုတွင် အပန်းဖြေလိုက်ကြသည်။
ကုန်းထိပ်တွင် ပေါက်နေသည့် သစ်အယ်ပင်ကြီးကိုင်းဆုံထက်တွင် တက်ရောက်ပြီး ထောင်မှူးကြီးတပည့်နှစ်ဦးဖြစ်သူ မောင်ဝင်းနိုင်နှင့် မျောက်တင်သောင်းတို့က အပင်ပေါ်တက်ကာ အပေါ်စည်းကို ယူလိုက်ရင်း ကျန်ရစ်ခဲ့ကြပေသည်။
အပင်အောက် ခေတ္တအပန်းဖြေကာ နားနေလိုက်ကြစဉ် အပင်ထက် ခွဆုံကိုင်းမှ မောင်ဝင်းနိုင်က ကျောပိုးအိတ်အတွင်းမှ သယ်ဆောင်လာသည့် ပုလင်းပြားကလေးကို ချပေးသည်။
မောကလည်းမော၊ ဗိုက်ကလည်း ဆာလာနေပြီမို့ အဖုံးကိုဖွင့်ကာ မော့သောက်လိုက်စဉ် တောငှက်ပျောရွက်နှင့်ထုပ်ထားသော အထုတ် ကျလာပြန်သည်မို့ ကောက်ယူကာ ဖွင့်ကြည့်လိုက်တော့ ချေသားခြောက်ကို မီးဖုတ် ဆီဆမ်းထားသည်ကို တွေ့လိုက်ရသဖြင့် ဆာဆာနှင့် အငမ်းမရ စားသောက်နေလိုက်ကြစဉ်…
“ဒိုင်း… ဝေါ… ဗျော”
အဘကောင်း၊ အစ်ကိုကြီးဦးသိန်းလွင်နှင့် ထောင်မှူးကြီးတို့ရှိရာဘက်ဆီမှ သေနတ်ပစ်လိုက်သံတစ်ချက် ကြားလိုက်ရသည်။ သေနတ်သံက ရိုင်ဖယ်သံလည်း မဟုတ်။ နှစ်လုံးပြူးသေနတ်သံလည်းမဟုတ်။ သား ကောင်ကြီးတွေကိုသာ ပစ်ခတ်ရန် ကိုင်ဆောင်ထားသည့် .၃၇၅(မဂ္ဂနစ်) ရိုင်ဖယ်၏ ပေါက်ကွဲသံ။
သေနတ်သံအဆုံး ကျွန်တော်၊ ကုလားကြီးသန်း ညွန့်နှင့် အာလူးတို့သုံးဦးက သောက်နေသည့် အရက်ပုလင်းကို မြေပြင်သို့ ပစ်ချလိုက်ရင်း အနီးရှိ ကိုင်းတောချုံပုတ်ကြီးအတွင်း တိုးဝင်လိုက်ကြရင်း အသံကြားရာဆီသို့ ကိုင်ဆောင်ထားကြသည့် သေနတ်များနှင့် အသင့် ချိန်ရွယ်ထားလိုက်ကြပေသည်။
သို့သော်လည်း တောတိုးပြေးလွှားသံက ကျွန်တော်တို့ဘက်ဆီ ဦးတည်လာရင်း နောက်ကြောင်းကိုလှည့်ကာ ပြန်ပြေးသွားပုံရသည်။
သစ်ပင်ထက်ရှိ ဂနာမငြိမ်သည့် ဝင်းနိုင်နှင့် မျောက်တင်သောင်းတို့၏ လှုပ်ရှားမှုကို တွေ့မြင်သွားသဖြင့် နောက်ကြောင်းလှည့်ကာ ပြန်ပြေးသွားပုံရသည်။
ထိုအချိန် အောက်တွင် ကျန်ရှိနေသည့် ကုလားကြီးသန်းညွန့်က သေနတ်ကို ပခုံးတွင် လွယ်ပိုးလိုက်ပြီး သူ့အနီးရှိ ကျွန်းပင်အကိုင်းကိုဆွဲကာ အပင်ပေါ်တက်သွားပြန်သည်။ ဆယ်ပေသာသာအမြင့်တွင်ရှိ ကိုင်းဆုံကြီးတွင် ခွထိုင်လိုက်ရင်း ကျွန်တော့်အား အပင်ထက်ကို တက်ခဲ့ရန် အချက်ပြနေသဖြင့် သူ့ကို သေနတ်လှမ်းပေးလိုက်ပြီး ကျွန်းပင်အကိုင်းများကို တွဲခိုကာ အပင်ထက်ဆီသို့ တက်လိုက်ပြီး သူ့အထက်ကိုင်းဆုံတွင် နေရာယူ ခွထိုင်ကာ သေနတ်ကို အရေးရှိက အသင့်ပစ်ခတ်နိုင်ရန် အသင့်ပြင်ဆင် စောင့်စားနေလိုက်မိပေသည်။
“ဒိုင်း… ဒိုင်း… ဒိုင်း… ဒိုင်း…”
အတန်လှမ်းရာဆီမှ သေနတ်သံခပ်အုပ်အုပ် (၄)ချက်ကို ဆင့်ကာ ဆင့်ကာ ပစ်ခတ်လိုက်သည့်အသံကို ကြားလိုက်ရသည်။ သေနတ်သံများနှင့် အတူတောတိုးပြေးလွှားသွားသည့် အသံကိုပါ ဆက်ကြားလိုက်ရသဖြင့် တောတိုးပြေးလွှားသွားသည့် သားကောင်ကို လိုက်ကြရင်းမှ စခန်းသိမ်း ပစ်ခတ်လိုက်ကြသည့်အသံဟု ထင်မိသည်။
အပေါ်ဘက်တွင် ရှိနေကြသည့် မောင်ဝင်းနိုင်နှင့် မျောက်တင်သောင်းတို့နှစ်ဦးကို အောက်ပြန်ဆင်းခဲ့ကြရန် အသံပြုလိုက်ရင်း စောင့်စားနေရာ သူတို့နှစ်ဦး အောက်သို့ရောက်တော့ ဖုန်းဆိုးတောကြီးအတွင်း ပေါက်နေကြသည့် ကျူပင်ကိုင်းပင်နှင့် မြက်ရိုင်းပင်ကြီးတို့ဆီ အကြည့်ရောက်သွားသည်။ အပင်တိုင်းလို တုပ်ခိုင်သန်စွမ်းပြီး လူနှစ်ရပ်နီးပါး မြင့်မားကြသည့် အပင်ကြီးများ ဖြစ်နေသည်ကို သတိပြုလိုက်မိပေသည်။
လေးဦးသား အရေးရှိက ပစ်ရန် အသင့်အနေအထားဖြင့် သေနတ်ကို ကိုင်ဆောင်လိုက်ကြရင်း ကိုင်းတော င်းတောကြီးကို ကွေ့ကာ ပက်ကာဖြင့် စောစောက သေနတ်သံများကြားလိုက်ရာဆီသို့ မှန်းဆကာ တိုးဝင်လိုက်ခဲ့ကြပေသည်။
လျှောက်လှမ်းရာလမ်းကြောင်းတွင် သဲဖြူမွမွကလေးတို့အပေါ်တွင် ကျားနှင့် ကျားသစ်ခြေရာ၊ တောကြောင်ကြီးတို့၏ ခြေရာတွေကို လတ်လတ်ဆတ်ဆတ် တွေ့လိုက်ရသလို အချို့နေရာများတွင် စွပ်ကြောင်းတွေကိုပါ တွေ့ မြင်လိုက်ကြရပြီး အထက်ကို ဆန်တိုက်လာသော လေနှင့်အတူ ပုပ်အဲ့အဲ့အနံ့များကိုပါ ရှူရှိုက်လိုက်မိကြသည်မို့ ကုလားကြီးက –
“ဝင်းနိုင်နဲ့ မျောက်တင်သောင်း အသင့်ပြင်ထားနော်။ ဒီနေရာကို ငါ သိပ်မသင်္ကာဘူး။ သတိမလစ်ကြစေနဲ့”
ကုလားကြီးသန်းညွန့် ပြောလိုက်သည့်စကားကြောင့် မောင်ဝင်းနိုင်က ကျွန်တော့်အနီး တိုးကပ်လာသည်ကို သတိပြုလိုက်မိပေသည်။ ကုလားကြီး ပြောလိုက်သည်ကလည်း ဟုတ်နေပေသည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်တော် လှမ်းကြည့်အကဲခပ်ရင်း တစ်နေရာဆီတွင် တွေ့ မြင်လိုက်ကြရ သည့် မြင်ကွင်းကြောင့် လှမ်းလက်စ ခြေလှမ်းကို ရပ်တန့်ပြီး ကြည့်လိုက်ရာ ကိုင်းတောကြီးအတွင်းဆီသို့ ဝင်ထွက်ရာလမ်းကြောင်းကြီးတစ်ခုကို တွေ့လိုက်ကြရသည်။ ထိုလမ်းကြောင်းတွင် သွေးစက်များက အထင်းသား။ ထိုသွေးစက်များကလည်း ကိုင်းတောကြီးအတွင်း ဝင်သွားသည့် စွပ်ကြောင်းကြီးတစ်ခုကိုပါ အထင်အရှား ထပ်မံတွေ့ မြင်လိုက်ကြရပေသည်။
ကုလားကြီးသန်းညွန့် တွက်ဆသလို စောစောကအနံ့ရလိုက်ကြသည့် ပုပ်အဲ့အဲ့အနံ့။ ထိုနေရာအတွင်းဆီမှ လာဟန်ပင်။ သို့အတွက် သည်နေရာဝန်းကျင်တွင် သားကောင်တို့ ခိုအောင်းနေကြမည်က အမှန်ပင်ဖြစ်ပေမည်။
ပုံစံက အုပ်မိုးယှက်သန်း၊ ယိုင်ဖွဲ့လဲပြိုနေကြသည့် ကိုင်းပင်ခြောက်များပေါ် ထပ်မံအုပ်မိုးနေသည့် ကိုင်းပင်၊ ကျူပင်နှင့် မြက်ရိုင်း၊ အခြားချုံနွယ်ပင်တို့ကထပ်ဆင့်နေပြီ။
မြင်တွေ့နေကြရသည့် ကျွန်တော်တို့အဖို့ ဂူပုံသဏ္ဌာန် မျိုး ဖြစ်နေပြီး အတွင်းကို တိုးဝင်သွားလို့ရသည့် ဂူပေါက်ကြီးလို ဖြစ်နေသည့် အသွင်သဏ္ဌာန်ကို သတိပြုလိုက်မိကြသည်။
ထိုကဲ့သို့ လိုဏ်ဂူသဏ္ဌာန် ဖြစ်နေသည့် ချုံတောကြီး၏ ဟိုဘက် ကျောက်တုံးကြီးတွေနှင့် ခြတောင်ပို့ကြီးတွေဘေး၊ ချုံနွယ်ပင်ပါးရာတွင် သားကောင်တွေ ဝင်ထွက်သွားလာထားသည့် လမ်းကြောင်းကလေးကို တွေ့ မြင်လိုက်ရပြီး လတ်ဆတ်သော ခြေရာတွေကိုလည်း ထိုလမ်းကြောင်းထက်တွင် တွေ့မြင်နေကြရပေသည်။
ကျွန်တော်တို့လေးဦးသား ရင်ပေါင်တန်းကာ ရပ်တန့်နေသည့် နေရာသည် ကျောက်တုံး၊ ကျောက်ခဲတို့ ထူထပ်သည့်နေရာမို့ မြက်ရိုင်းပင်၊ တောချုံပင်တို့က ဒူးဆစ်သာသာလောက် ပေါက်ရောက်နေကြသည်။ အကယ်၍သာ သားကောင်နှင့်တွေ့လျှင် ပစ်ကွင်းကောင်းသည့် နေရာမျိုး။
လေးဦးသား ထိုနေရာတွင် ရပ်တန့်လျက် အကဲခတ်နေစဉ် နောက်ကျောဘက်ဆီမှ ထောင်မှူးကြီးသိန်းဝင်း ရောက်ရှိလာသည်။ ကျွန်တော်တို့ ကြည့်ရှုနေသည့် မြင်ကွင်းကို ကြည့်လိုက်ရင်း သူသဘောပေါက်သွား၍လားမသိ။ တပည့်ဖြစ်သူ မျောက်တင်သောင်းကို မေးထိုးကာ အချက်ပြလိုက်သည်ကို တွေ့လိုက်ရသည်။
တပည့်ဖြစ်သူကလည်း အနီးရှိ ဂဝံကျစ်စာခဲတစ်လုံးကို ယူလိုက်ပြီး ဂူပုံသဏ္ဌာန်ဖြစ်နေသည့် ချုံနွယ်တောအုပ်ကြီးအတွင်း ပစ်သွင်းလိုက်ပေသည်။
ခဲလုံးကြီးက အတွင်းပိုင်းကို ထိုးဝင်သွားသည်နှင့်အတူ…
“အာဝူး… ဝေါင်း… ဟဲ…”
ဂူအတွင်းမှ သားကောင်ကြီးတစ်ကောင်၏ မကျေမနပ်အသွင်ဖြင့် မာန်သွင်းသံကြီးကို ကြောက်ခမန်းလိလိ ကြားလိုက်ကြရသည်မို့ တုန်လှုပ်ကြောက်ရွံ့ စွာနှင့် ကျွန်တော်တို့ (၅) ဦးသား ကိုင်ဆောင်ထားကြသည့် သေနတ်တွေနှင့် လှမ်းချိန်ရွယ်လိုက်ရင်း ကြည့်လိုက်ရာ၊ ဂူပေါက်လိုဖြစ်နေသည့် အတွင်းပိုင်းဆီမှ အဝါတစ်ကန့် အနက်တစ်ကန့်နှင့် ကျွန်တော်တို့ ရပ်တန့်နေသည့် နေရာ၊ ဒူးဆစ်သာသာခန့် မြက်ရိုင်းတောကြီးအတွင်းဆီမှ တိုးထွက်ကာ ချုံနွယ်ပင်တို့အထက်ကို ခေါင်းထောင်ပြီး ကျွန်တော်တို့အဖွဲ့ကို လှမ်းကြည့်လိုက်ရင်း ပါးစပ်ကြီးကိုဖြဲ သွားစွယ်ကြီးတွေ အဖွေးသားနှင့် ဟဲခနဲ မာန်သွင်းလိုက်သည့် ကျားကြီးတစ်ကောင်ကို တွေ့လိုက်ကြရသည်။
အကောင်က သေးသေးမဟုတ်။ အလွန်ကြီးမားသည့် ကျားကြီးတစ်ကောင်ပင်။
“ဒိုင်း… ဒိုင်း… ဒိုင်း…”
သေနတ်ပေါက်ကွဲသံကြီးတို့က ဝန်းကျင်တစ်ခွင်လုံး ဟိန်းထွက်သွားသည်။ ဝန်းကျင်သည် တုန်ခါ၍ပင် သွားပေသည်။
ကိုင်းပင်၊ မြက်ရိုင်းပင်တို့အကြား ကျားကြီးမှာ အထက်သို့ ဆယ်ပေခန့် မြောက်တက်သွားပြီး မြေ ပြင်သို့ ပြန်အကျ ကျွမ်းထိုးကာ ပတ်ခြာလည် လူးလိမ့်နေသည်။
ထိုအချိန် –
ဂူသဏ္ဌာန်အတွင်းဆီမှ နောက်တစ်ကောင်က ထိုးထွက်လာပြန်သည်ကို တွေ့လိုက်ကြရသဖြင့် –
“ဒိုင်း … ဒိုင်း”
ထောင်မှူးကြီးက တစ်ချက်၊ ကျွန်တော်က တစ်ချက် ပစ်သွင်းလိုက်ပြန်သည်။
ပစ်ချက်တွေက ကျားကြီး၏ လည်တိုင်ရင်းနှင့် ရှေ့လက်ပြင်နောက်ကို ထိသွားသည်။ မြေပြင်ကို လိမ့်ကျကာ ငါးပတ်လောက် လူးလှိမ့်လိုက်ပြီး ဂူကြီးအတွင်း တိုးဝင်သွားသည်ကို တွေ့မြင်လိုက်ရသည်။
အတန်ကြာတော့ ဂူအတွင်းပိုင်းမှ ကျားပေါက်တစ်ကောင် တိုးထွက်လာသည်ကို တွေ့လိုက်ရပြန်သည်။
ကျွန်တော် ကိုင်ဆောင်ထားသည့် သေနတ်က နှစ်လုံးပြူးသေနတ်မျိုး၊ နှစ်ချက်ပစ်ခတ်ပြီးသည့်အတွက် ဇက်ကိုချိုးကာ ကျည်ခွံကိုထုတ်၊ ကျည်သစ်နှစ် တောင့်ထိုးထည့်နေစဉ်မို့ မမီလိုက်-
“ဒိန်း… ဒိန်း…”
ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားကြသည့် ထောင်မှူးကြီးနှင့် တပည့်ဖြစ်သူ မျောက်တင်သောင်းတို့ လက်ချက်ပင်။
ကျားပေါက်မှာ နေရာတွင် လဲကျသွားသော်လည်း အနီးရှိ ဝါးမြစ်ဆုံကြီးကို အညှိုးကြီးစွာ ကိုက်ခဲနေစဉ် ကုလားကြီးသန်းညွန့်က စခန်းသိမ်း ထပ်မံပစ်ခတ်လိုက်တော့မှ ငြိမ်သက်သွားသည်ကို တွေ့လိုက်ရပြန်သည်။
ကျား(၃)ကောင်ကို တစ်နေရာထဲတွင် ပစ်လိုက်ရပါသော်လည်း (၂) ကောင်သား အသက်ပျောက်လျက် မြေပြင်တွင်လဲကာ ရရှိလိုက်ပြီး၊ ကျန် (၁)ကောင်က ဒဏ်ရာဖြင့် ဂူပေါက်သဏ္ဌာန် တောချုံကြီးအတွင်း ဝင်ပြေးသည့်အတွက် ကျွန်တော်တို့ (၅)ဦးသား လခြမ်းပုံသဏ္ဌာန် ဝိုင်း၍ နေရာယူလိုက်ပြီး ကုလားကြီး သန်းညွန့်နှင့် မျောက်တင်သောင်းတို့က အနီးရှိ ခဲလုံး၊ တုတ်များဖြင့် ချုံနွယ်တောကြီးအတွင်း ပစ်ခတ်လိုက်ရာ ဒဏ်ရာရရှိသွားသည့် ကျားက မြေပြင်တွင် လက်သည်းနှင့် ကုတ်ခြစ်လျက် တရွတ်တိုက်ဆွဲကာ ထိုးထွက်လာရင်း ကြောက်ခမန်းလိလိဒေါသသံ၊ နာကြည်းရန်လိုသံနှင့် ထိုးထွက်ကာ မောင်ဝင်းနိုင်ရှိရာဆီသို့ ဦးတည်နေသည်။ မောင်ဝင်းနိုင်လည်း သေနတ်ကိုကိုင်လျက် တအံ့တဩ ငေးကြောင်ရပ်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် …
“ဝင်းနိုင်… ပစ်ပါတော့လား ဟကောင်ရ”
“ဒိုင်း”
ထောင်မှူးကြီးသိန်းဝင်းက မောင်ဝင်းနိုင်ကို ကြုံးအော်ဟစ်လိုက်ရင်း ကိုင်ဆောင်ထားသည့် ရိုင်ဖယ်သေနတ်ဖြင့် ဦးခေါင်းကို တန်းထိုးချိန်ကာ ပစ်ခတ်လိုက်ပေသည်။
ကျည်ဆန်ထိပ်ဖူးက ရန်လိုမာန်ဖီကာ ထိုးထွက်လာ သည့် သားကောင်ကြီး၏ မျက်လုံးနှစ်လုံးအကြား ဦးနှောက်ကို ဖြတ်ဖောက်သွားခြင်း ခံလိုက်ရှာသည်မို့ ကိုင်းတောကြီးအကြား ငြိမ်သက်သွားသည်ကို တွေ့လိုက်ရပေသည်။
ထိုစဉ်…
“ဝင်းနိုင်… မင်း တောဆင်ရိုင်းကြီးတွေ ပစ်လာတဲ့အကောင်ဆို။ ဘာကြောင်ကြည့်နေတာလဲ။ ကံသီလို့ကွာ”
တပည့်ဖြစ်သူကို မကျေမနပ် ပစ်တင်မောင်းမဲလိုက်သံကို ကြားလိုက်ရသည်။
ထို့အတူ ငူငူငိုင်ငိုင်ဖြစ်ကာ ကြောက်ဒူးတုန်နေသည့် တပည့်ဖြစ်သူအား ပခုံးကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လှုပ်ခါ သတိပေးနေသည့်တိုင် အကြောက်က မပြေသေး။ တစ်ကိုယ်လုံး နတ်ကျသလိုဖြစ်ပြီး အကြောက်လွန်နေသည်က အမှန်။
မောင်ဝင်းနိုင်အဖြစ်ကိုကြည့်ရင်း မနေနိုင်သူ ကျွန်တော်က ကျောပိုးအိတ်ထဲမှ ပုလင်းပြားကလေးကို ထုတ်ကာ ပေးလိုက်သည်။
တစ်ဝက်သာသာ မော့လိုက်တော့မှ အနည်းငယ်ငြိမ်သွားသည်။ ဒါတောင် သူ့ဆရာကို ကျေးဇူးတင်စကား မတုန့်ပြန်နိုင်သေးသည့်အသွင်။
စွယ်စုံတောဆင်ရိုင်းကြီးတွေကို လိုက်လံပစ်ခတ်ပြီးအစွယ်ကိုချွတ်ကာ ရောင်းနေသူဆိုတော့ ကျားလိုအကောင်မျိုးနှင့် ဆုံတွေ့ခဲ့ဖူးခြင်း မရှိသဖြင့် အကြောက်လွန်ကာ ရှက်အားပိုနေသည်။
အလိုက်သိစွာ ကျွန်တော်တို့ ဘာမှ မပြောသော်လည်း ဆရာဖြစ်သူက တပည့်အရည်အချင်းကို သိသွား၍လားမသိ။ အဆဲမျိုးက စုံသွားသည်။
“ဝူး… ပစ်လှချည်လားကွ။ ဘာကောင်တွေမို့ ဒီလောက် ပစ်နေကြရတာလဲ”
နောက်ကျောတောကြီးဆီမှ အစ်ကိုကြီးဦးသိန်းလွင် လှမ်းအော်ပြောလိုက်သည့်အသံမှန်း သိလိုက်သည့်အတွက် ကုလားကြီးသန်းညွန့်က –
“ဝူး… အစ်ကိုကြီး ကျွန်တော်တို့အဖွဲ့ ဒီဘက်မှာ တိုးမယ့်တိုးတော့ ကျားသိုက်နဲ့တိုးနေလို့ဗျို့။ အဖွဲ့သားတွေခေါ်ပြီး ဒီကိုလာခဲ့ကြ”
ကိစ္စကပြတ်နေပြီမို့ ဗိုက်ကလည်း ဆာလာသည်နှင့် မောင်ဝင်းနိုင် သောက်ထားသည့် ပုလင်းပြားကလေးအတွင်းမှ လက်ကျန်အရက်ကို ရေဘူးအတွင်းမှ ရေနှင့်ရောကာ မော့သောက်နေမိသည်။
ထိုစဉ် ထောင်မှူးကြီးက –
“ဒီမှာ ချောင်းရေလည်းရှိတယ်ကွ။ လူစုံရင် ဗိုက်ဖြည့်ကြရအောင်။ ဝင်းနိုင် ပုလင်းထုတ်ကွာ။ စားစရာကော ဘာယူခဲ့သေးလဲ။ နောက်ထပ် ပစ်စရာ မလိုတော့ သူတို့ လှည်းသွားယူတာကို စောင့်ရင်း အပန်းဖြေလိုက်ကြရအောင်”
မောင်ဝင်းနိုင်က ပုလင်းကိုထုတ်သလို မျောက်တင်သောင်းက ချေသားကင်တွေကို တောငှက်ပျောရွက်နှင့် ထုပ်ပြီး ယူလာခဲ့သဖြင့် တောတွင်းသောက်ပွဲကလေးက လှပသွားသည်။
အတန်ကြာတော့ သူတို့အုပ်စုတွေ ရောက်လာကြပြီး မြေပြင်တွင် သွေးသံရဲရဲနှင့် ဘေးတိုက်လဲကျ သေဆုံးနေကြသော ကျားများကိုကြည့်ကာ တအံ့တဩ ဖြစ်နေကြပေသည်။
“ဒါနဲ့ အဘကောင်းတို့အဖွဲ့က ဘာကောင်ကိုပစ်ကြတာလဲဟင်”
ကျွန်တော့်အမေးကြောင့် အဘကောင်းပြန်ဖြေလိုက်သည်က-
“သေနတ်သံကြားပြီး လန့်ပြေးတဲ့ စိုင်အုပ်နဲ့ ထိပ်တိုက်တိုးတာပဲကွ။ နေရာတွင် နှစ်ကောင်လဲတယ်။ ဒဏ်ရာနဲ့ ပြေးတာက တစ်ကောင်။ လိုက်ရင် ရနိုင်တယ်”
“ထောင်မှူးကြီးတို့အဖွဲ့ကရော ဘာကောင်ပစ်တာလဲဗျ”
“ကျွန်တော်လည်း အုပ်စုကွဲပြီး မုဆိုးကြီးတို့အဖွဲ့နဲ့ ပေါင်းပြီး ကျားသိုက် ပစ်တာဘဲလေ။ တင်စိုးနဲ့ လှမြင့် ငါနဲ့ လူစုကွဲသွားပြီး မင်းတို့ ဘာကောင်ပစ်တာလဲ”
“မြေထိုင် ဝက်ဝံကြီးတစ်ကောင်နဲ့ တောဝက်နှစ်ကောင်”
“အို… ဒီလိုဆို ရတဲ့အကောင်တွေက နည်းမှ မနည်းဘဲ။ လှည်းနဲ့သယ်မှ ရမယ်ကွ။ လှည်းပြန်ယူကြကွာ။ ထမင်းစားလိုက်ကြပြီး လှမြင့်က ဒိုင်ဆီဝင်ခဲ့။
အဆင်ပြေရင် သူတို့ကို အသယ်ခိုင်းလိုက်။ ရတဲ့ငွေကို အဖွဲ့သားတွေ ခွဲပေးရမယ်။ ငါတို့ ဒီည ထွက်ပစ်စရာ မလိုတော့ဘူး။ စားကြ သောက်ကြရင်း နားကြမယ်။ နောက်နေ့ ထောင်မှူးကြီးတို့အဖွဲ့နဲ့ အတူပြန်လိုက်ကြမယ်ကွာ”
အဘကောင်း ပြောလိုက်သည့်စကားကြောင့် အဖွဲ့သားအားလုံး ပျော်ရွှင်သွားကြသည်။ လူငယ်အဖွဲ့က ထမင်းထုပ်တွေကိုဖြေကာ ဗိုက်ဖြည့်လိုက်ကြပြီး ရွာဘက်ကို ပြန်ဆင်းသွားကြသည်။ အားတက်သရော လုပ်ကိုင်ဆောင်ရွက်ကြသည်မို့ ညနေစောင်းတွင် ကိစ္စအားလုံး ပြတ်သွားသည်။
အစ်ကိုကြီးဦးသိန်းလွင် အစီအစဉ်ဖြင့် ကိုယ်လက်များ သန့်စင်လိုက်ကြလို့အပြီး၊ တောဝက်ဝမ်းတွင်းသားချက်နှင့် ကျွန်တော်တို့ဝိုင်းကို စတင်လိုက်ကြပေသည်။
ကျွန်တော်က စားသောက်နေရင်း စွယ်စုံတောဆင်ရိုင်းကြီးတွေကိုသာ လိုက်လံပစ်ခတ်ခဲ့ပြီး အစွယ်ကိုချွတ်ရောင်းခဲ့သဖြင့် အရေးယူခံရကာ ရဲဘက်စခန်းဆီရောက်လာသည့် နှစ်ကြီးသမား မောင်ဝင်းနိုင်ကို သူ့အကြောင်း စိတ်ဝင်စားသဖြင့် ဘယ်ပုံဘယ်နည်း ပစ်ခတ်ခဲ့သည်ကို သိရှိမေးမြန်းလိုသည်က အမှန်။
ကျွန်တော်ကသာ သူ့အကြောင်းကို သိလိုသဖြင့် မေးမြန်းကြည့်မည်ဟု စိတ်ကူးနေသော်လည်း သူ့ဆရာ ထောင်မှူးကြီးသိန်းဝင်းက သူ့တပည့် အရည်အချင်းကို မျက်ဝါးထင်ထင် နဖူးတွေ့ဒူးတွေ့မို့ မူလ သူခေါ်လာခဲ့သည့် လှေလှော်အင်းရဲဘက်စခန်း ထောင်မှူးကြီး မင်းဝေထံ ပြန်ပို့မည် မပို့မည်ဆိုတာ ကျွန်တော်မသိသည်က အမှန်။
အဘယ့်ကြောင့်ဆိုသော် သူ့အရည်အချင်းက တောဆင်ရိုင်းလို အကောင်ကြီးတွေကိုသာ မလွဲတမ်းထိအောင် ပစ်ခတ်နိုင်ခဲ့ပြီး အကောင်သေးသည့် ကျားလိုအကောင်မျိုးကို ထိအောင် မပစ်နိုင်သည့် အရည် အသွေးကို ဘယ်လိုသဘောထားမည်ကို ကျွန်တော်မသိသည့်အတွက်ကြောင့်ပင် ဖြစ်ပေသည်။
အမှန်တော့သားကောင်ကြီးတွေ ပစ်ခတ်လိုသည့်အတွက် လူသူအရောက်အပေါက်နည်းသည့် ဖုန်းဆိုးတောကြီးအတွင်း ဝင်ရောက်ပစ်ခတ်ကြရင်း ထင်မှတ်မထားဘဲ ကျားသိုက်နဲ့တိုးလိုက်ကြရသည့် ကျွန် တော်တို့ မုဆိုးတစ်စု၏ ဖြစ်ရပ်ကား ပြောပြလျှင် ယုံကြည်နိုင်ဖွယ်ရာမရှိသည့် အဖြစ်မျိုးဟူ၍သာ ပြောရမလိုပင်
– ပြီး –
စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ