နိုင် (ကိုးခရိုင်)
ကျားရဲ လူရဲ
အနောက်ရိုးမနှင့် ဧရာဝတီအကြား။ ကင်းတောင်အဆက်၊ အင်ကြင်းတောင် အဆုံး ချင်းကုန်းကြောတွင် ညောင်ပင်ကျင်းရွာရှိသည်။
ရိုးမနှင့် ဝေး၍ ဧရာဝတီနှင့် နီးလေသည်။ ရွာသူရွာသားတို့ကား တောင်သူယာလုပ် မီးသွေးဖုတ် အလုပ်များနှင့် အသက်မွေးဝမ်းကျောင်းကြ၏။ ရိုးသားကြ၏။ ကြိုးစားကြ၏။ သတ္တိကောင်းကြ၏။
ချင်း-မြန်မာ သွေးနှော၍ သာမောဖွယ် ရွာကလေးတရွာ ဖြစ်လေသည်။
မိုးဦးကျပြီဆိုလျှင်ပင် တောတွင်းသို့ မှိုရှာ မျှစ်ချိုး အင်ဥတူး သွားသူတို့နှင့် သဘာဝမှ ပေးသော အစားအစာတို့ကို သူ့ထက်ငါ လုယက်ကာ ရှာဖွေကြရတော့သည်။
မှိုဖြူ၊ မှိုကျား၊ ဝါးရုံမှို စသည်ဖြင့် ရသမျှ မှိုကို အခြောက်လှန်းကာ နှစ်ပေါက်ရအောင် စုကြ၏။
ဝါးရုံမှိုကား အပေါဆုံး ဖြစ်လေသည်။ ဝါးရုံမှိုတကျင်းတွေ့လိုက်လျှင် တပွင့်စီ လိုက်ခူးနေစရာ မလို။ ဆန်များ ကျုံးသကဲ့သို့ အားရပါးရ ကြုံးယူရလေသည်။
ဝါးရုံဝါးတောများ ပေါသည်နှင့်အမျှ မျှစ်များ
လည်း ပေါလှလေသည်။ မျှစ်ကိုလည်း အချဉ်တည်၊ အခြောက်လှန်း စသည်ဖြင့် နှစ်ပေါက် စားနိုင်အောင် ရှာဖွေထားကြလေသည်။
အင်ဥ၊ ငပြုပ်သီး၊ သခွားသီး၊ ဖရုံသီး စသည်တို့ ကား ရာသီစာတည်း။
အင်ဥပေါ်ချိန်တွင်မူ အင်ဥနှင့် ဝက်သား၊ အမဲသား ရောချက်ကြရာ များစွာ လိုက်ဖက်သော ဟင်းလျာ ဖြစ်ပေ၏။
X X X
တရွာလုံး အိပ်မောကျနေချိန်။
လကွယ်ည၏ မိုးမှောင်ကျနေသော အကာလတွင်
ညောင်ပင်ကျင်းရွာကလေး၏ အနောက်တောင်ဘက်မှ ကြောက်မက်ဖွယ် ကျားဟိန်းသံကြီးကြောင့် တောနေတိရစ္ဆာန် ကျေးငှက်သတ္တဝါတို့၏ အလန့်တကြား အော်ကြသံနှင့်အတူ ညောင်ပင်ကျင်းရွာကလေးပါ လန့်နိုးခဲ့ရပေပြီ။
ထို့နောက် ရွာ၏တောင်ဘက်မှ တကြိမ်၊ မြောက် ဘက်မှ တကြိမ် သုံးကြိမ်သုံးခါ လှည့်ပတ်ဟိန်းပြီး
ပျောက်ကွယ်သွားလေ၏။
တတောလုံးလည်း ငြိမ်ကျသွား၏။
ရွာကလေးမှာလည်း တုတ်တုတ်မျှ မလှုပ်။ မည်သည့်အသံမျှ မကြားရ။ အသံမဲ့ခြင်းသည် ပိုကြောက်မက်ဖွယ် ကောင်းနေ၏။
ကျားကား လာပေပြီ။
X X X
(ကျွဲညီနောင်နှင့် ဝက်တအုပ်)
ဦးကြွယ်နှင့် ဦးဆွယ် ညီအစ်ကိုနှစ်ယောက်လုံး ထွား ထွားကျိုင်းကျိုင်း အသားမည်းမည်း။
အလုပ်တခု လုပ်မိပြီဆိုလျှင် တုံးတိုက်တိုက် ကျား ကိုက်ကိုက် နောက်မဆုတ်စတမ်း ဇွတ်တရွတ် လုပ် တတ်၏။ သတ္တိကောင်း၏။ ဇွဲကြီး၏။ ပျော်တတ်၏။ သို့သော် ရွတ်မိဆိုလျှင်လည်း နှစ်ယောက်မရှိ။
ထို့ကြောင့် သူတို့ညီအစ်ကိုအား တရွာလုံးက ကျွဲကြီး ကျွဲလေးဟု အခေါ်များ၏။
ညောင်ပင်ကျင်းရွာတွင် အများအားဖြင့် တောင် ယာလုပ်ကြသူ များ၏။ သို့ရာတွင် ချင်းကြောအောက်ပိုင်းအကွက်များတွင် မိုးအားကိုးဖြင့် လယ်ယာသမားများလည်း ရှိသေးသည်။ သို့သော် များများစားစား မဟုတ်ပါချေ။
ဤသို့ တနိုင်တမ ဝမ်းစာအလို့ငှာ လုပ်ထားသော စပါးကိုပင် များသောအားဖြင့် စားရသည် မရှိချေ။
မှည့်ဝင်းခါနီး စပါးခင်းကို ရိုးမမှ ဆင်းဆင်းလာ သော ဝက်အုပ်က ဝင်ရောက်စားသောက် ဖျက်ဆီးပစ်သည်ချည်း ခံနေရ၏။ စားရခါနီး အစာကို ပုတ်ချခံရသည့်နှယ် များစွာ အခံရခက်ကြပေသည်။
နှစ်စဉ်လိုလို ခံရဖန်များတော့ သည်းမခံနိုင်ကြပြီ။ တဦးကောင်း တယောက်ကောင်းနှင့် နှိမ်နင်းလျှင် လည်း တကောင်စ နှစ်ကောင်စသာ ရှိလိမ့်မည်။ ထို့ ကြောင့် ဝက်နှိမ်နင်းရေး စီမံကိန်းကို ကျွဲညီနောင်က ဦးဆောင်ကာ အကောင်အထည်ဖော်ရန် အစီအစဉ် ချကြရတော့သည်။
ယခုနှစ် လယ်များထဲမှ အကောင်းဆုံး၊ အဖြစ်ထွန်း ဆုံး အကွက်ကို ရွေးလိုက်သည်။ ထို့နောက် လူထုအားနှင့် လယ်ကွက်ပတ်ပတ်လည်တွင် ခိုင်မာထူထဲသော ဆူးတာခတ်သည်။ သပ်ရပ်ခိုင်ခံ့အောင် ဂရုစိုက်သည်။ ပြီးနောက် တဘက်မှ ဝင်ပေါက်နှင့် အခြား တဘက်၌ ထွက်ပေါက် သတ်မှတ်ထားသည်။
ဝင်ပေါက်ဘက်အနီးရှိ တောင်ကမူကို မြေလိုဏ်ခေါင်းတူး၍ ထား၏။ ထိုလိုဏ်ခေါင်းထဲတွင် တောလိုက်ကျွမ်းကျင်လိမ္မာသော ခွေးငါးကောင်နှင့် ဂူပေါက် ကို မမြင်မတွေ့ရအောင် ကျွဲကြီးသည် ဖုံးအုပ်ထား၏။ ခွေးသံ လူသံ မထွက်ရအောင် ဇွဲကောင်းကောင်းနှင့် အဖန်ဖန် လေ့ကျင့်သည်။
ထွက်ပေါက်ဘက်တွင်ကား ကျွဲလေး တာဝန်ယူရ မည် ဖြစ်သည်။ ထွက်ပေါက်အောက်တွင် ကျင်းနက်ကြီးတကျင်း တူးထား၏။ ၎င်း ကျင်းကြီးထဲတွင်လည်း ဆူးများ၊ ငြောင့်များ၊ ဓားများ၊ လှံများ အပြည့် စိုက်ထောင်ထားသည်။ ကျင်းပေါ်မှ ပါးလျစွာ မြေဖို့ ဖုံးအုပ်ထား၏။ ထွက်ပေါက်တံခါးအား ဝက်များ ဝင်ပြီးသည်နှင့် ထွက်ပေါက်အနီးရှိ သစ်ပင်ခွကြား လင့်စင်မှ တံခါးကို ကြိုးဖြင့်ဆွဲကာ ဖွင့်ရန် အရန်သင့် ရှိနေရ၏။
ဤသို့ အစစအရာရာ ပြင်ဆင်ပြီးနောက် ဝက်နှိမ်နှင်း ရေးလုပ်ငန်း စတော့သည်။
လုပ်ငန်းစလျှင်ပင် လယ်ကွက် တောင်ဘက် မြောက်ဘက် ခပ်လှမ်းလှမ်းဆီတွင် မီးဖိုကာ မီးခိုးများ အူနေစေသည်။ မီးခိုးနံ့ ဖုံးကာ လူနံ့ ခွေးနံ့ကို တော ဝက်များ ကောင်းစွာမရစေရန် အနံ့ကွယ်ခြင်း ဖြစ်၏။
တောဝက်အုပ်ကလည်း အပါးသား။ ယောင်၍ပင် လှည့်မလာ။ အနားပင် မကပ်။
သို့သော် အခြားရွာနီးချုပ်စပ်များ၌ တောဝက်အုပ် ဝင်ရောက်သောင်းကျန်းသွားသော သတင်းကိုမူ ကြားနေရ၏။ ထို့ကြောင့် တညမဟုတ်၊ နှစ်ညမဟုတ်။ ကျွဲညီနောင်တို့ ဇွဲကောင်းကောင်းနှင့် ညပေါင်း များစွာ စောင့်၏။
ဝီရိယဟူသည် အချည်းနှီး မဖြစ်စကောင်း။ တနေ့တော့ လာရမည်။ သင်းတို့ငတ်လျှင် ခံနိုင်ရိုးလား။
ကျွဲညီနောင် ဒုက္ခခံရကျိုး နပ်ပါသည်။
တညတွင် ဝက်အုပ်ရောက်လာပါပြီ။ ဝက်အစ်သံ၊ လှုပ်ရှားသံများ ကြားသည်နှင့် ခွေးများ ဂနာမငြိမ်ကြတော့။ ကျွဲကြီး က ဇောချွေးများပြန်အောင် ချော့ထားရသည်။ ကျောကို သပ်ရ၏။ ပါးကို ပွတ်ရ၏။ ထန်းလျက် ကျွေးရ၏။ အသံထွက်သွားလျှင်၊ အနေအထား ပျက်သွားလျှင် အခက်။ စီမံကိန်းကြီးတခုလုံး ပျက်ချိမ့်မည်။
နောက်ဆုံးတွင် ဝက်အုပ်အားလုံး လယ်ကွက်ထဲ ရောက်သွားပေပြီ။ ဝင်းမှည့်စ၊ ရွှန်းစိုအိနေသော စပါး ပင်များအား အားရပါးရ ကိုက်ဖြတ်စားသောက်နေကြပေပြီ။ ကျွဲကြီးက ဗူးခြောက်ထဲရှိ လက်ကျန် အရက်ကို အားရပါးရ မော့လိုက်သည်။
ထို့နောက် မီးတောင်ထိပ်ဝမှ ချော်ရည်ချော်ခဲများ ဝုန်းကနဲ ပန်းထွက်လိုက်သကဲ့သို့ ခိုအောင်းနေရာ ဂူထဲမှ လူရော ခွေးများပါ တခဲနက် အော်ဟစ်ဟိန်းဟောက်လျက် အဝီစိပွက်သည့်နှယ် ပြေးထွက်၍ ဝင်ပေါက်မှ ခြောက်အသွင်း။
စည်းဝါး ကိုက်ထားသည့်အတိုင်း ကျွဲလေးကလည်း သစ်ပင်ခွကြား လင့်စင်ပေါ်မှ ကြိုးဖြင့် တံခါးကြီးကို ဆွဲအဖွင့်။
တောဝက်များမှာ နောက်မှ ခွေးငါးကောင်၏ ကြောက်မက်ဖွယ် မာန်ဖီဟိန်းဟောက်သံများနှင့် လှံ ရှည်ကြီးကို ကိုင်ကာ အားကုန်အော်ဟစ် ပြေးဝင်လာ သော ထွားထွားကျိုင်းကျိုင်း လူမည်းကြီးကြောင့် ရှေ့မှ ဖွင့်ထားသော ထွက်ပေါက်ဘက်သို့ ကြောက် လန့်တကြား ပြေးထွက်၏။
ထွက်ပေါက် တံခါးအောက်ရှိ မြေကျင်းကြီးထဲသို့ ဝက်များ အရှင်လတ်လတ် မြေမျိုသည့်နှယ် ကျကုန် လေ၏။
သို့သော် ဝက်တကောင်မှာ သွေးရူးသွေးတန်းဖြင့် ရှေ့မပြေး။ နောက်ဘက်သို့ တုံ့ကာ မည်းမည်းမြင်သမျှ ပက်ယင်း၊ ကိုက်ယင်း ပြေးလာ၏။
ကျွဲကြီးသည် ထိုဝက်ကို မြင်သည်။ သို့သော် အရှိန်ကို ထိန်းမရ၊ ရှောင်ချိန်မရလိုက်။ ဝက်နှင့် ထိပ်တိုက်တိုးတော့သည်။
ဝက်ကလည်း ပက်၏။ သူကလည်း သူ၏လှံဖြင့် မိမိရရ ထိုးလိုက်သည်။ ခွေးများကလည်း ဝိုင်းတိုက်ခိုက်ကြ၏။
ပွဲသိမ်းရာတွင်မူ တောဝက် ကိုးကောင်မျှ ရလိုက်၍ လိမ္မာကျွမ်းကျင်သော အမဲလိုက်ခွေး နှစ်ကောင်ဆုံးကာ ကျွဲကြီး ခြေသလုံးတွင်လည်း သေရာပါမည့် ဝက်ပက်ခံရသော ဒဏ်ရာကြီး ရခဲ့လေသည်။
ကျွဲကြီးမယ် ကျေနပ်စွာ ဂုဏ်ယူပါသည်။
X X X
(ငန်းမြွေကြီးနှင့် ကချေသည်)
ညောင်ပင်ကျင်းရွာ၏ အနေအထားမှာ လျှိုမြောင် ချောက်ကြားပေါ၏။ သစ်ကြီး၊ ဝါးကြီးများ၏ တောင်ကုန်း တောင်ကမူ ထူ၏။ ထို့ကြောင့် တောကောင် တောသတ္တဝါတို့ ရန် မကြာခဏ ရင်ဆိုင်ရလေသည်။
တနေ့တွင် တောင်ခြေအနီးရှိ ဖိုးသံခဲ၏ ယာထဲတွင် ငန်းမြွေကြီးတကောင် သောင်းကျန်းနေ၏။ ဖုန်းဆိုးတောထဲတွင် ဥများ ဥထားဟန် တူပေသည်။
ငန်းမြွေတို့၏ သဘာဝမှာ ဥကို ခင်တွယ်၏၊ စောင့် ရှောက်၏။ ဥယူငင်သူ၊ ရန်ရှာသူဆိုလျှင်မူ အငြိုးကြီးစွာ တုံ့ပြန်ကလဲ့စား ချေတတ်ကြ၏။
ယခုလည်း ဥများဇောဖြင့် ၎င်းအနားသို့ နွားကပ်လာလျှင် နွား၊ ခွေးကပ်လာလျှင် ခွေး အသေသာ ကိုက်လွှတ်နေ၏။
မည်သူမျှ မကပ်ရဲ။ ယောင်မှား ရောက်သွား၍ လူသံ ခြေသံကြားသည်နှင့် ဖုန်းဆိုးတော ကိုင်းပင်များ လွန်သည်ထိ ခေါင်းကြီးထောင်ကြည့်ကာ တရှူးရှူး တရှဲရှဲ မာန်ဖီပြသဖြင့် သေပြေး ရှင်ပြေး ပြေးခဲ့ရသည်ချည်း ဖြစ်၏။
မြွေရန်က မသေး။
ကြာတော့ ယောက်ျား၊ မိန်းမ ယာထဲထွက်ရန်ပင် ကြောက်လာကြ၏။
ထင်းခွေ၊ ရေခပ်၊ ဟင်းရွက်ရှာပင် ခပ်ခက်ခက် ဖြစ်လာသည်။
“တောက် … တော်တော်ဖျင်းတဲ့ လူတွေ”
ဦးဆွယ်သည် သူ၏ ဒူးလေးကို ပြင်ယင်း ညည်းညူ မိသည်။
လူတွေကလည်း ပြဿနာ ကြုံလာလျှင် သူတို့ ညီအစ်ကိုကိုပဲ အားကိုးကြတော့၏။ ကိုယ်တိုင် မဖြေ ရှင်းချင်ကြတော့ပေ။
“နွားတွေ ခွေးတွေ ကိုက်မယ့်အစား သင်းတို့ကို ကိုက်ဖို့ကောင်းတယ်”
တဖျစ်တောက်တောက် ပြောသာ ပြောနေရသော် လည်း ဤကိစ္စ သူသာ တာဝန်ယူရတော့မည်ကို သိ၏။ ထို့ကြောင့်လည်း သူ၏ ဒူးလေးကို အကျအနပြုပြင်နေခြင်းဖြစ်၏။
ကျွဲလေးခေါ် ဦးဆွယ်ကား ညောင်ပင်ကျင်းအုပ်စုတွင် ဒူးလေးပစ် ကျွမ်းကျင်သူတည်း။
သို့သော် ကျွဲလေး မပေါ့လျော့ချေ။ သူ့လက်ကို သူ ပြန်နွှေး၏။ ဂိုက်အစိတ်၊ သုံးဆယ်၊ ငါးဆယ် စသည်ဖြင့် အကွာအဝေးအမျိုးမျိုးမှ ပစ်မှတ် ငှက် ပျောပင်ကို စိတ်ကြိုက် ပစ်ချက်ရအောင် အကြိမ်ကြိမ် လေကျင့်သည်။
မြွေကြီး ခေါင်းထောင်သည်က နှစ်တောင် သုံးတောင်ကျော်ကျော်မျှရှိ၏။ ထို့ကြောင့် ငှက်ပျောပင် စည်တွင် ထိုအတိုင်းအတာအတိုင်း လက်ကျ မှန်နေ အောင် ပစ်သည်။
လိုချင်သည့် ပုံစံဝင်ခါမှ မြွေကြီးကို အပြတ်ချေမှုန်းမည့်ရက် သတ်မှတ်လိုက်တော့သည်။
ထိုနေ့တွင် ညီအစ်ကိုနှစ်ယောက် တောအရက်ကို ရေချိန်ကိုက်အောင် သောက်ကြသည်။
သောက်ပြီး သည်နှင့် ကျွဲကြီးသည် မိန်းမထဘီ၊ မိန်းမအင်္ကျီ ဝတ်သည်။ မျက်နှာကိုလည်း သနပ်ခါး အဖွေးသား လိမ်း၏။
ထိုနောက် ခေါင်းတွင် နှင်းဆီနီရဲရဲကြီးတပွင့် ပန်လိုက်သေးသည်။ မျက်နှာက ပြည်တည်တည်။
အတန်ငယ် နေစောင်းလျှင် ကျွဲညီနောင်တို့ ငန်းမြွေကြီးရှိရာ ဖိုးသံခဲ ယာကွက်ရှိရာသို့ ထွက်ခဲ့ကြ၏။
မြွေကြီး၏ ဥကျင်းရှိရာ ဖုန်းဆိုးတောနှင့် နီးလာ၏။
ကျွဲညီနောင်တို့ မုဆိုးကောင်းပီသစွာ ခြေလုံအောင်ဂရုထား ချဉ်းကပ်လာခဲ့ကြ၏။ ထို့နောက် နီးနိုင်သမျှနီးရန် အသံမထွက်စေပဲ ညင်သာစွာ တိုးဝင်လိုက်၏။
ကျွဲလေးသည် အကောင်းဆုံးဖြစ်မည့် ပစ်ကွင်းအနေ အထား၊ မြင်ကွင်းအနေအထားကို ယူလိုက်သည်။ ဥကျင်းရှိသော ဖုန်းဆိုးဗြိုက်တောကို ကြိုတင်ကြည့်ရှု မှတ်သားထားသည့်အတိုင်း ဒူးလေးဖြင့် ချိန်ရွယ်ထားလိုက်သည်။ အစစ ပြင်ဆင်ပြီးသည်နှင့် ကျွဲ
ကြီးအား မျက်စဖြင့် အချက်ပြလိုက်၏။
“မလာတည-လာတည စကားနှစ်ခွ ပုံအသွင်ဗျ၊
တိန်-ပူနယ်-ပူနယ်-ဗြောင်”
ကျွဲကြီးသည် ဆိုလည်းဆို၊ ပါးစပ်ဆိုင်းလည်းတီးကာ ကွေးနေအောင် ကပါတော့သည်။
လူသံကြားသည်နှင့် ဥကျင်းရှိရာမှ မြွေကြီး၏ခေါင်း ကြီးပေါ်လာပါပြီ။ ပါးပျဉ်းကြီးခွက်ကာ ခေါင်းကြီး ယမ်းကာနှင့် မျက်လုံးများကား မီးဝင်းဝင်းတောက်မျှ စူးစိုက်ကြည့်နေလေသည်။
ကျွဲလေးကလည်း ရသည့်အခွင့်အရေးကို လက်လွှတ် မခံ။ ကြာကြာမဆိုင်းတော့။ အကောင်းဆုံးသော ပစ်မှတ်ဖြစ်သည့် မြွေကြီး၏ လည်မျိုအောက်နားသို့ ချိန်ကာ ဒူးလေးညို့ကို လွှတ်လိုက်သည်။
လေ့ကျင့်မှု၊ စိတ်တည်ငြိမ်မှု၊ မိမိကိုယ် မိမိ စိတ် ချယုံကြည်မှုတို့ဖြင့် ပစ်လွှတ်လိုက်သော ဒူးလေးမြားတံမှာ မြွေကြီး၏ ခေါင်းကို လန်ကျသွားစေ၏။
မြွေကြီးမှာ တဗုန်းဗုန်း တဗြင်းဗြင်းဖြင့် အပြင်းအထန် လိမ်ပေါက်သောင်းကျန်းနေတော့၏။
ကျွဲညီနောင်ကား နောက်ကြောင်းသို့ အသော့ပြန်ပြေးကာ အတော်အလှမ်းဝေးဝေးရောက်မှ
“ငါနှယ်ကွာ၊ ကလိုက်ရတာ မောလိုက်တာ”
ဟုဆိုကာ အသင့်ထားခဲ့သော ချက်အရက်ပါသည့် ဗူးခြောက်ကို ကောက်ယူပြီး အားရပါးရ မော့သောက်နေပါတော့သည်။
“ငါက, ပြီးတော့ သူက, တဲ့ အလှည့်ပေါ့ကွာ။ ဟား…ဟား”
မြွေကြီးမှာ အတော်ကြီး ဗြောင်းဆန်အောင် ခံစားပြီး မှ ငြိမ်သွားတော့၏။ ဖိုးသံခဲ ယာကွက်မှာလည်း မြွေကြီးဒဏ်ကြောင့် စိစိညက်ညက်ကြေခမန်း ဖြစ်သွားတော့၏။
ကျွဲညီနောင်ကား တယောက်တလှည့်စီ မော့ကာအပန်းဖြေယင်း ကျေနပ်သော အပြုံးကိုယ်စီနှင့်။
X X X
(နွားရိုင်းသွင်းချိန် ကျားမြူးချိန်)
“ဒေါင်…ဒေါင်….ဒေါင်….ဒေါင်”
“ဒေါက်…ဒေါက်…ဒေါက်….ဒေါက်”
သံချောင်းခေါက်သံ၊ ဝါးဆစ်ခေါက်သံများမှာ ညောင်ပင်ကျင်းရွာမှ အဆက်မပြတ် အလန့်တကြား ပေါ်ထွက်လာသည်။ အချိန်ကား နွားရိုင်းသွင်းချိန်ခေါ် နေဝင်စ- မှောင်ရီပျိုးစအချိန်ဖြစ်၏။
ရွာအပြင်တွင် ထင်းခွေ၊ ရေခပ် နေကြသူများ အပြေးအလွှား ပြန်ဝင်ပြေးလာကြ၏။ နွားကျောင်းနေကြသူများမှာ မိမိတို့နွားအုပ်နှင့်အတူ ဒရောသောပါး မောင်းဝင်လာကြ၏။
နွားများ၊ခွေးများ ဣန္ဒြေမရကြ။ နွားများ နှာမှုတ်ကာ တရှူးရှူး တရှားရှား ဖြစ်နေကြ၏။ ခွေးများမှာ အမြီး ကုပ်ကာ ဟိုသည် ပြေးရမလို အကြောက်ကြီး နေကြ ၏။
လူများမှာလည်း မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ် ကာ ထိတ်လန့်ကြောက်ရွံ့မှုကို မဖုံးကွယ်နိုင်။
ရဲတင်းလိုက်သည့် ကျား။
အချိန် မကြာလိုက်ပေ။ ညနေစောင်း၍ နွားအုပ်များ မောင်းသွင်းလာချိန်၊ နွားများမူပျက်၍ အော်ဟစ်
ကြောက်လန့်နေသည့်ကြားမှ တကောင်ပြီး တကောင် ခုန်အုပ် ကိုက်ဆွဲသည်။
ဤနွားအုပ်မှာ ဖရိုဖရဲ သွေးရူးသွေးတန်း ဖြစ်နေချိန်တွင် နောက်တနေရာမှ နွားအုပ်သို့ ရောက်သွားကာ ဝင်ဆွဲပြန်တော့သည်။
ကျားမှာ အတင့်ရဲလွန်း၊ မြန်ဆန်လွန်းသဖြင့် တကောင်တည်းဟုပင် မထင်မှတ်ရ။ နှစ်ကောင်၊ သုံးကောင် တပြိုင်တည်း ဝင်ဆွဲကြသည်ဟုပင် ထင်မှတ်ရလေသည်။
ကျားဆွဲသဖြင့် နွား ခုနှစ်ကောင် သေပွဲဝင်ရလေ သည်။
နွားကြီး၊ နွားငယ်၊ နွားမ အရွယ်စုံ၊ အဖိုးတန်နွားများမှာ မျက်လုံးကြီးများ ပြူး၍ ဇက်ကျိုးကာ သေကြရရှာ၏။
နွားရှင်များမှာ ရင်ကျိုးမတတ် ခံစားကြရ၏။ မိမိရင်သွေး သားသမီးများကဲ့သို့ နှမြောရင်နာ ဖြစ်ကြရလေသည်။
ယင်းအထဲတွင် ဦးကြွယ်လည်း ပါလေ၏။
ဦးကြွယ် မှာ “အောင်ကျော်” နှင့် “အောင်မော်” ဟူ၍ နွာတရှဉ်း ရှိ၏။
လှလိုက်သည့် နွားကြီးများမှာ မြင်သူတိုင်းက ချီးကျူးရ၏။ သွားလာပုံကိုက ကြွားကြွားရွားရွား ရှိ၏။ နှစ်စဉ် ကျင်းပမြဲဖြစ်သည့် “မလွန်မြသပိတ်” ဘုရားပွဲတော် နွားပွဲတွင် ဦးကြွယ်၏ နွားများမှာ မကြာခဏ အောင်ပန်းဆင်ခဲ့ဖူး၍ ညောင်ပင်ကျင်းရွာပါ ဂုဏ်တက်စေခဲ့သည့် နွားများဖြစ်လေသည်။
ပြေးလမ်းပေါ် ရောက်သည်နှင့် လူများကဲ့သို့ပင် အကင်းပါးလှသည်။ တာလွှတ်ခရာသံကို နားစွင့်ပုံ၊ ပြေးရန် ဟန်ပြင်ပုံတို့မှာ လူတိုင်းအံ့ဩ လက်ဖျားခါရသည်။
ပြေးလမ်းပေါ် ပြေးကြပြီ ဆိုလျှင်လည်း အမှားတချက်မရှိ။ ခြေတချက် မဖောက်။ ဂရို့ချိုးမခံရပဲ အခြား ပြိုင်ဖက်လှည်းကို ကျော်ဖြတ်တက်သွားသည်ချည်း ဖြစ်၏။
ယခု ယင်းနွားတရှဉ်းအနက် “အောင်မော်” ကျား
ဆွဲ၍ သေပွဲဝင်ရပြီ။ ဦးကြွယ်၏အသည်း ကျွဲခတ်သည့် နှယ်။ တောက်တခတ်ခတ်နှင့် မျက်ရည်များပင် ကျရှာ၏။
“တောက်- ငါ့သားကြီး အောင်မော်အတွက် ငါ လက်စားချေမယ်ကွ”
ဦးကြွယ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်
၍ မချိတင်ကဲ ကြုံးဝါးသည်။
“ဟေ့ ထွန်းဇံတို့ တင်ရတို့၊ “အောင်မော်” ကို ငါ ရှာချင်တယ်ကွာ။ ဘယ့်နှယ်လဲ၊ မင်းတို့ကော လိုက်မယ် မဟုတ်လား”
ထွန်းဇံနှင့် တင်ရတို့မှာ ဦးကြွယ်ကဲ့သို့ပင် ကျားဆွဲ ခံရသော နွားရှင်များ ဖြစ်ကြ၏။ သူတို့ကလည်း သူတို့ နွားထက် တရွာလုံး ဂုဏ်ယူနေသော အောင်မော် အတွက် ပို စိတ်မကောင်း ဖြစ်နေကြလေသည်။
“အေး လိုက်မယ်။ ဒီည ကျားစာတွေ အကုန်ရှင်း ထားမှ။ နောက်ည အစီအစဉ် ကောင်းကောင်းဆွဲပြီး ဟိုကောင်ကြီးကို ဖြိုတာပေါ့။ သူတို့အားလုံး အားတက်သရော သဘောတူကြသည်။
ချက်ချင်းပင် အောက်လင်းမီးကြီးတလုံး ထွန်းပြီး လက်နှိပ်ဓာတ်မီးများ၊ ဓားများ၊ လှံများ ကိုယ်စီ
ကိုင်ကာ နွားရှာ ထွက်ခဲ့ကြလေသည်။
ရွာသား ဆယ့်ငါးဦးခန့် ရှိလေသည်။
ဦးကြွယ်၊ ဦးဆွယ် ညီအစ်ကိုက ခေါင်းဆောင်ခဲ့သည်ဖြစ်၍ အားမာန်အပြည့်၊ သတ္တိအပြည့်။
အောင်မော်ကို တွေ့ရပါပြီ။ ဖုန်းဆိုးတောအလွန် ချင်းကုန်းကြော အစတွင်ပင် အောင်မော်မှာ သနားစဖွယ် ဇက်ကျိုး၍ သေပွဲဝင်နေရှာကြပေပြီ။
ဦးကြွယ်သည် တွေတွေကြီး ကြည့်ကာ အံကိုတင်း
တင်း ကြိတ်ထား၏။ လက်သီးဆုပ်၍ မာန်တင်းထား
သော်လည်း မျက်ရည်ကို ထိန်းနိုင်ဟန် မတူ။
“ကဲ-ကျန်တဲ့အကောင်တွေ ရှာကြအုံးစို့”
ဦးဆွယ်က သတိပေးမှ စိတ်မကောင်းကြပဲ တိတ် ဆိတ်နေသည့်လူစုမှာ ပြန်လည် အသက်ဝင်လာကြ၏။ မီးတဝင်းဝင်း၊ ဓားတဝင့်ဝင့်နှင့် ငြာသံပေးကာ အော်ဟစ်ယင်း ဆက်ရှာကြပြန်သည်။
ကျန် နွားခြောက်ကောင်ကိုလည်း အောင်မော်နှင့် တခေါ်လောက် ပတ်လည်တွင် တွေ့ကြရလေသည်။
တကောင်တွေ့လျှင် လူအားနှင့် ဝါးပိုးလျှို သယ်ပိုး ထမ်းယူကာ အောင်မော် အနီးတွင် စုပုံ၏။ နောက် တကောင်တွေ့ သယ်ယူ၊ တကောင်တွေ့ သယ်ယူ စုပုံနှင့် အားလုံးလည်း ချွေးဒီးဒီးကျ ပင်ပန်းလှပေပြီ။
နောက်ဆုံးတကောင်ကျန်နေသော နွားမတမ်းလေး သယ်ယူပြီး ပြန်လာကြသောအခါ အားလုံး မျက်လုံး
ပြူးကာ ဣန္ဒြေပျက်သွားကြတော့သည်။
စောစောကလေးကပင် စုပုံထားခဲ့သော နွားခြောက် ကောင်မှ နွားတကောင်အား ကျားက ပြန်ဆွဲပြေးပြန်
လေပြီ။ ကုန်ရွာသားများမှာ မျက်စိမျက်နှာပျက်ကာ ကျွဲညီနောင်အား အားကိုးတကြီး ကြည့်ကြ၏။
ကျှဲညီနောင်လည်း ခေါင်းနပန်းကြီးကာ ထူပူပြီး မစဉ်းစားတတ်အောင် ရှိလေသည်။
သို့သော် တပ်အပျက်ခံ၍တော့ မဖြစ်။
“ဟေ့ ငဆွယ် ဒီကောင်ကြီး ဒီနားမှာ ရောက်နေပြီကွ။ ကဲ စိန်ခေါ်နေမှတော့ ညီစေနော်”
ဦးကြွယ်က သူ့ညီကို ပြောပြောဆိုဆို ကျန်ရွာသား အားလုံးအား မဲတင်းပေးလိုက်သည်။ ကျန်တဖွဲ့လုံးကလည်း ကြောက်ကြောက်လန့်လန့်နှင့် သံပြိုင် “ညီစေ” ဟု ဝိုင်းအော်ကြကုန်၏။
ထိုနေရာတွင်ပင် မီးဖိုကြီး ဖိုကြ၏။ မြင်ကွင်းမှာ မလှပ။ သွေးစိမ်းနံ့ ညှီနံ့ တထောင်းထောင်းထနေသော နွားသေကောင် အပုံကြီးနှင့်။ မီးဖိုအား ကျောပေးကာ ပတ်ပတ်လည်ဝိုင်း၍ ဓားတယမ်းယမ်း တုတ်တယမ်းယမ်းနှင့် ကြောက်ယမ်း ယမ်းနေကြရသည်။
“ဟေ့ ကြောက်နေလို့ ပြီးမှာမဟုတ်ဘူး။ ဒီကောင်ကြီး လူကို မလုပ်ရဲတာတော့ သေချာပြီ။ လာကြကွာ … စွတ်ကြောင်းအတိုင်းလိုက်ပြီး လာမယ့်ဘေး ပြေးတွေ့မယ်”
ကျွဲကြီး ဆုံးဖြတ်လိုက်သည်။ သို့သော် ဘယ်သူမျှ
အင်း-အဲ မရှိ။ လူညီမှ ဖြစ်တော့မည်။ လူမညီလေ ခံရလေ ဖြစ်တော့မည်ဆွယ်။ ထွန်းဇံ
“ဟကောင် ငဆွယ်၊ ထွန်းဇံ ဘယ်လိုလဲ”
“အေးကွာ၊ ချမယ်ကွာ”
သူတို့ ‘ချမယ်’ဆိုတော့လည်း ကျန်လူများ မနေရဲ။
အထူးသဖြင့် နွားသေပုံနား မနေရဲ။
“ကဲ- လာ-လိုက်မယ်၊ သေတနေ့ မွေးတနေ့ပါကွ။
ဟောဒီ နွားတွေကတောင် စတေးခံသွားကြသေးတာ။ တို့က ဘာသတ္တိ ကြောင်နေရမှာလဲ”
ဦးကြွယ်သည် ပါးစပ်ကလည်း အားပေး၏။ သူ လက်စွဲတော် ပခုံးတွင် လွယ်ထားသော ဗူးခြောက်ထဲမှ အသင့်ပါလာသည့် အရက်ကိုလည်း အားလုံးမျှဝေတိုက်လိုက်သည်။ သူတို့ သွေးဆူလာကြပြန်၏။
“လာ-လိုက်မယ်၊ အသေသတ်မယ်”
(ကျားရဲ လူရဲ)
“ဟေး- ဟား- ဟေး”
“အေး-ဟုတ်ပြီ အော်ကြ။ မျက်စိရော လက်ရော လျင်လျင်ထားကြ”
သူတို့ စွတ်ကြောင်းအတိုင်း လိုက်လာကြ၏။ အောက်လင်းမီးထမ်းသူ နှစ်ဦးကို အလယ်မှထားကာ လူအုပ်ကြီးက ကျောပေးပြီး ဝိုင်းလာကြ၏။
ကျွဲညီနောင်ကစွတ်ကြောင်းရှာရလေသည်။
သူတို့လာပုံမှာ ပုစွန်လုံးတကောင် လမ်းလျှောက်ပုံနှင့်တူ၏။ စောင်းငန်း စောင်းငန်း၊ လိမ်ဖယ်ဖယ် ရှိလေသည်။
“ဟေ့ အနိမ့်ပိုင်း ဆွဲချသွားပြီကွ”
“အေးကွ၊ ဒီအတိုင်းဆိုယင်တော့ ရေကျ ထူးဘက်
သွားဖို့ သေချာနေပြီ”
ညီအစ်ကိုနှစ်ယောက် စွတ်ကြောင်းရာကို ကြည့်ယင်း ထင်မြင်ချက်ပေးကြသည်။
ဟုတ်ပါသည်။ ကျားကြီးမှာ နွားပေါက်အား ထူးတွင်းထဲဆွဲသွားကာ ဇိမ်နှင့်စားရန် ရည်ရွယ်ဟန် တူလေသည်။
ဧရာဝတီထဲသို့ စီးဝင်သော တောင်ကျရေ စီးဝင် သည့် ထူးတွင်းကြီးဆီသို့ ဆွဲသွားသော စွတ်ကြောင်း ရာကြီးကို အထင်းသား တွေ့နေရလေသည်။ ရွာသား များ အားတက်လာကြ၏။ မမြင်ရသော ရန်သူထက် သဲလွန်စရလာသဖြင့် ရန်သူအား ရင်ဆိုင်ရဲသော သတ္တိများ ဝင်လာကြ၏။
“ဟေး-ချကွ၊ သတ်ကွ”
“ချွင်-ချွင်–ခွမ်း-ခွပ်-ချွင်””
ပါးစပ်မှ ပိုအော်ဟစ် ငြာသံပေးလာကြ၏။ ဓားပြားချင်း ရိုက်ကာ ခြောက်လှန့်လာကြ၏။
“ဟာ- တွေ့ပြီကွ၊ ထူးပေါက်မှာ နွားကို တွေ့ပြီ”
ကျားကြီး ပြန်ဆွဲပြေးသော ထွန်းဇံ၏ နွားပေါက်က လေးအား ထူးပေါက်ဝတွင် တွေ့ရလေသည်။ ကျား ခြေရာ ရှာကြပြန်၏။
ကျားမှာ ရှေ့သို့ မပြေး။ နောက်သို့လည်း မလှည့်။ ထူးတွင်းထဲ ဝင်သွားသည်မှာ ခြေရာကြီးက သက်သေခံနေပေပြီ။
ထူးတွင်း၏ သဘောမှာ အလွယ်ကူဆုံး ဥပမာ ပေး ရလျှင် ဆီကတော့အား ပြောင်းပြန် အလျားလိုက် ချထားသည့်ပုံ ဖြစ်လေသည်။ တောင်ကျရေ ကျစဉ် တွင်းပေါက်ငယ်မှ ရေအားနှင့် စီးဝင်သွားပြီး အတွင်းတွင် လိုဏ်ခေါင်းကြီး ဖြစ်နေစေကာ အခြားတဘက်မှ အဝကျယ်ကျယ် ရေပြန်ထွက်စေသဖြင့် ရေကျထူးဟု ခေါ်လေသည်။
ယခု ကျားမှာ လူသံများကြောင့် နွားကို ရေထွက်ပေါက် အဝကျယ်ဘက်မှဆွဲသွင်း မသွားနိုင်တော့ပဲ ဝင်ပြေးသွားခဲ့ပေပြီ။
ကျွဲညီနောင်တို့ လူစု အတင့်ရဲလှသည်။ ကျားဆိုး ကြီးအား ကလဲ့စားချေရတော့မည်ဖြစ်၍ ကျေနပ် အားရနေကြ၏။
ထင်းတုံးကြီးများ၊ ပင်စည်ကြီးများကို လျင်မြန်သွက်လက်စွာ ခုတ်ပိုင်းဖြတ်၍ ထူးပေါက်ကို ပိတ်ကြသည်။ ကျားတိုးမထွက်နိုင်အောင် အထပ်ထပ် ညှပ်နေအောင် ပိတ်ဆို့ထားလိုက်ကြသည်။
“ငါ့ ဆုတောင်း ပြည့်ပြီကွ၊ ငါ့သားကြီး အောင်မော်အတွက် ကလဲ့စား ချေရတော့မယ်”
ကျွဲကြီး ဝမ်းသာအားရ ဖြစ်နေ၏။
ကျွဲလေးလည်း အောင်မော် ဆုံးခြင်းသည် သူ့ ထမင်းအိုး ကွဲခြင်းကဲ့သို့ပင် ဖြစ်၍ ယခု ထမင်းအိုး ခွဲသူအား လှလှပပကြီး လက်စားချေခွင့် ရတော့မည်ဖြစ်၍ ပီတိ ဖြစ်နေ၏။
အောင်မော် ရှိစဉ်က ပြိုင်ပွဲတိုင်း၊ ကြေးခေါ်တိုင်း ရခဲ့ဖူး၊ စားခဲ့ဖူးသည်လေ။
ထွန်းဇံ၊ တင်ရနှင့် ကျန်လူငယ်တို့လည်း အခုမှ ရယ် နိုင် ပြုံးနိုင် ဖြစ်လာကြတော့သည်။ စောစောက ဆိတ် အုပ် ခွေးဝိုင်းခံရသည့်နှယ် အကြောက်ကြီး ကြောက်ခဲ့ရ သည်တို့ကို ခုမှ ရယ်ပွဲဖွဲ့ ပြောနိုင်ကြတော့၏။
“ဟေ့ကောင်တွေ၊ အပေါ် ရေဝင်ပေါက်ကိုရော သေချာ ပိတ်ပြီးပလား။ တော်ကြာ နင်တို့အဘက ထွက်ခတ် ခတ်သွားအုံးမယ်”
“ပိတ်ပြီးပါပြီ ငဆွယ်ရယ်၊ နင့်မလဲ ပူတတ်ရန်ကော။ ဒီအပေါက်ဘက် တိုးထွက်ယင်လဲ နင့်ကောင်ကြီး မီး ပြောင်းထဲ ဆင်တိုးသလို နေမှာပေါ့။ ဟား- ဟား”
“ဟေ့ … ဟေ့ တဟားဟား လုပ်မနေကြနဲ့ ။ အထဲက မောင်မင်းကြီးသားက နားကြားပြင်းကတ်နေရော့မယ်။ ကဲ− ချွေးထုတ်ပေးကြစို့”
ပြောပြောဆိုဆို ဦးကြွယ်က ရေထွက်ထူးပေါက်တွင် ပိတ်ဆို့ထားသော ထင်းပုံကြီးကို မီးတင်ရှို့တော့ သည်။
တဖြည်းဖြည်း မီးအား ကောင်းလာသည်နှင့်အမျှ ထင်းပုံကြီးမှာ ရဲရဲတောက် လောင်ကျွမ်းတော့ သည်။
မီးအရှိန်ကောင်းလာသည်နှင့်အမျှ ထူးတွင်းထဲမှ ကျားကြီး၏ အော်သံ၊ ဟိန်းသံမှာ မြေပြင်ပါ တုန်ဟည်းကာ ကြောက်ခမန်းလိလိ ကြားနေရ၏။
သို့သော် တိုးထွက်ရန်ကား မလွယ်ပါချေ။ တော်သင့်ရုံ ဆင်တကောင်ပင် ရုတ်ခြည်း မတိုးနိုင်အောင် ထင်းပုံအားက ကောင်းလေသည်။
အပြင်မှ ကျားမီးစောင့်အဖွဲ့ကား ကျားကြီး၏ မချိ မဆံ့ အော်သံကြားတိုင်း-
“သေကွ အဲဒါ ငါ့နွား နှာကျား အတွက်”
“မှတ်ထားကွ၊ အဲဒါ တိုင်းကျော် အတွက်”
ဟု မေတ္တာပို့ယင်း ထင်းများ မပြတ်အောင် ထည့်ပေးနေကြ၏။
ကြာသော်- ကျားကြီးအသံလည်း မကြားရတော့ ချေ။ ကျားမီးစောင့်အဖွဲ့လည်း ခြေကုန်လက်ပန်းကျကာ အနားယူ မှေးငိုက်လာကြပြီ။ ကျားမီးဖုတ်နံ့ကလေး ရလာမည့်အချိန်ကို စောင့်မျှော်ယင်း ငိုက်မျဉ်းနေကြရှာပြီ။
သို့သော် ကျွဲညီနောင်ကား “အောင်မော်” မျက်လုံး ကြီးများပြူးကာ ဇက်ကျိုးသေနေပုံကို မျက်စိထဲက မထွက်။
အခုကော ကျားကြီး ဘယ်လိုသေသလဲ၊ ဒါကို သေသေချာချာ ကြည့်ချင်နေသည်။
(ကျားကိုမီးလောင် လူကို ကျွဲစီး)
“ဟေ့ကောင် ကိုလေးငကြွယ်၊ ငါတော့ အရက် တအားဆာလာပြီကွာ”
“ဟ ကောင်ရ၊ ငါက မင်းထက်ပိုသေး၊ ပါးစပ်တွေကို ခြောက်နေပြီ”
“ဒါဖြင့် မီးဖော်ကြစို့ကွာ။ တော်ကြာ ကျားအရိုးတောင် မရလိုက်ပဲ နေအုံးမယ်”
“အေးကွာ၊ မီးဖော်ပြီးယင် ပြန်ကြတာပေါ့။ ဟေ့ ထွန်းဇံ မင်းကောင်တွေ နှိုးကွာ။ ခဏနေ ပြန်ကြမယ်”
သစ်ပင်ခြေကို မှီကာ ငိုက်မျဉ်းနေကြသူများအား
ဦးဆွယ်က နှိုးခိုင်းလိုက်သည်။
“ရော- ကျွဲလေးရ၊ မီးဖော်တော့မလို့လား။ တော်ကြာ ဒုက္ခရောက်နေကြပါအုံးမယ်”
တင်ရက မှီလှဲကာ အနားယူနေရာမှ ထလာပြီး ကျွဲလေးအား ပြောသည်။
“အောင်မလေး တင်ရ ရယ်။ မင်းမလဲ ခုထိ အကြောက်မပြေသေးပဲကိုး။ တော်ကြာ မင်း ကျေးဇူးရှင်ကြီးရဲ့ အရိုးပဲ ကောက်ရပါစေအုံး”
တင်ရ အသာငြိမ်နေလိုက်တော့သည်။
အမှန်ကတော့ အားလုံး ပြန်ချင်ပြီ။ ရွာကလည်း မျှော်ကြရှာရော့မည်။ ရေငတ် အရက်ငတ် ရင်ထဲက တလှပ်လှပ် ဖြစ်နေကြချေပြီ။
“ကဲ ပြောနေ ကြာတယ်။ ဝါးစူးတွေကိုင်ပြီး ထင်း တွေ ဖယ်ကြကွာ”
ထင်းတုံးများအား ဆွဲချသူက ချ၊ တွန်းဖယ်သူက ဖယ်နှင့် အလုပ်ရှုပ်သွားကြ၏။
“ဟေ့ ခုထိ ညှော်နံ့လဲ မရပါလား”
ထင်းတုံးများ ကုန်ခါနီးတွင် ရှေ့ဆုံးမှ မီးဖော်နေ သော ကျွဲကြီးက နှာခေါင်း၍ အနံ့ခံကြည့်ယင်း ပြော သည်။
ထူးတွင်းထဲသို့ လှမ်းကြည့်သော်လည်း မီးခိုးများ မှိုင်းများနှင့် ဘာမျှ မမြင်ရချေ။
“ဟေ့ကောင်တွေ လက်နှိပ်မီး သေချာထိုးကြစမ်းပါ”
ကျွဲကြီးက မျက်လုံး အစွမ်းကုန်ပြူးကာ ရှာ၏။ နှာ ခေါင်းကို အစွမ်းကုန် အသုံးပြုကာ အနံ့ခံ၏။
ထိုအချိန်တွင်ပင် ကျွဲလေးသည် ရေဝင်ထူးပေါက်မှ ထင်းတုံးကြီးကို ဖယ်ကာ ဝါးသုတ်တံနှင့် တအား ကုန် မွှေနှောက်ဆောင့်ထိုးလေ၏။
ထိုအခါ ထူးပေါက်ကြီးဘက်မှ မီးအရှိန်ကြောင့် ကြောက်အားလန့်အား အတင်းတိုးလာသော ကျား ကြီးမှာ ရေဝင်ထူးပေါက်တွင် တစ်နေပြီး သေငယ်ဇောနှင့် မျောနေခဲ့ရာမှ ယခု ဤအပေါက်ဘက်မှ တဖန် ဆောင့်ထိုးခံရပြန်သောအခါ သွေးရူးသွေးတန်း ကမူးရှူးထိုးဖြင့် လမ်းပွင့်သွားရာဘက်သို့ စွတ် ပြေးတော့သည်။
“ဝေါ…….ဝုန်း””
ကြောက်မက်ဖွယ် အသံကုန် ဟိန်းသံကြီးနှင့်အတူ ခုန်ထွက်လိုက်ရာ အနံ့ခံသူခံ၊ မီးပြသူပြ၊ ရှာသူရှာနှင့် ထူးပေါက်ကြီးဘက်တွင် အလုပ်ရှုပ်နေသူတို့မှာ လိပ်ပြာလွင့်ထွက်သွားမတတ် ခံစားလိုက်ရပြီး လူများမှာလည်း လွင့်ထွက်သွားကာ ပြေးမိပြေးရာ တက်မိတက်ရာ ဖက်တွယ်တက်နေကြကုန်၏။
ပြေးစရာလည်း ဝေးဝေးမရှိ။ ရှေ့လူပြေးရာ၊ ရှေ့ လူတက်ရာ အတင်းတိုးဝှေ့ပြီး အကြောက်ကြီးကာ
တက်ကြဟန် တူပေသည်။
အတော်အတန် တုတ်ခိုင်၍ အတော်အတန် မြင့်သော ဒဟတ်ပင်ကလေးမှာ လူဆယ်ယောက် ဆယ့်နှစ်ယောက်ခန့် ဝိုင်းဖက် တွယ်တက်နေကြသဖြင့် အပေါ်ကိုင်းများပင် ပြန်ညွှတ်ကာ မြေပြင်နှင့် ထိလုခမန်း ရှိနေသည်။
သို့သော် အောက်ကလူများ အတက်မရပ်သေး။
ထို့အတူ ကျွဲကြီးကား မိုးကြိုးစက်ကွင်း မိသူအလား ကြက်သေသေကာ မတ်တတ်ကြီးရပ်လျက် မလှုပ်မယှက်။
ကျားကြီးမှာမူ နောက်ဆုံးအကြိမ်အဖြစ် သေတွင်းမှ လွတ်ရန် ကြိုးစားခြင်း ဖြစ်ပေမည်။သို့သော် ကြီးစွာသော အပူရှိန်ကို အရည်ပျော်လုနီးပါး ခံစားပြီးဖြစ်၍ ယခု ထင်တိုင်းမရောက်တော့ပဲ မီးပုံပေါ်သို့ ပြန်ကျကာ ဇာတ်သိမ်းသွားလေတော့သည်။
ကျားကြီးအော်သံ “ဝေါ” ကနဲ ကြားလိုက်ပြီး မီးပုံပေါ် “ဝုန်း” ကနဲ ကျသွားသည်ကို ကျွဲလေး မြင်လိုက်ရ၏။
ထို့ကြောင့် ဝါးသုတ်တံကို လွှတ်ချကာ ကျွဲကြီးထံ ပြေးလာသည်။
ကျွဲကြီး မလှုပ်သေး။ ကျားကြီး မီးလောင်နေကို ငေးကြောင်ကြောင်ကြီး ကြည့်နေ၏။ သူ့ အစ်ကို မည်သည့်ဒဏ်ရာမျှ မရသည်ကို ကျွဲလေးသိ၏။ သို့သော် သည်လောက် အကြောက်လွန်ပြီး ဖွတ်မေ့ပုတတ်မေ မေ့ နေသည်ကို မရှု့စိမ့်။ ရွတ်ချင် နောက်ချင် ပြောင်ချင်စိတ်က ပေါ်လာပြန်သည်။
ထို့ကြောင့် ငေးကြောင်ကာ ရပ်နေသော ကျွဲကြီး၏
ပခုံးကို ကိုင်လှုပ်ကာ ဗိုက်ကို လက်ညှိုးနှင့် ထိုးပြယင်း-
“ဟာ-ငကြွယ်၊ မင်းဗိုက်မှာလဲ ကျားကုတ်လိုက်တာ အူအမြှေးပါးပဲ ကျန်ပါတော့လား”
ဟု ပြောလိုက်ရာ ဦးကြွယ်မှာ “အောင်မယ်လေးဗျ”ဟု တချက်အော်ယင်း မတ်တတ်မှ ပျော့ခွေလဲကျ ကာ မေ့မျောသွားရှာတော့၏။
အဖွဲ့မှာ ဦးကြွယ်အား ဝိုင်းဝန်းနှာနှပ်ကြ၏။ သို့သော် ဦးကြွယ်မှာ သတိပြန်မရတော့။ မည်မျှခေါ်ခေါ် မရ၊ မကြားတော့ချေ။
ဦးဆွယ် မျက်လုံးပြူးရပြီ။ အကျီစား သန်မိသဖြင့် အစ်ကို ကို ပစ်ခဲ့ရတော့မည်ထင်၏။
ကျားကိုက်၍ မသေ။ မိမိပါးစပ်ဖြင့် သေရတော့မည်။
“လုပ်ကြပါအုံးကွာ- ဟေ့ကောင်တွေ ထမ်းစင် လုပ်ကွာ၊ တို့ရွာပြန်သယ်မယ်”
ဦးဆွယ်မှာ သူ့အတတ်နှင့် သူစူးကာ အိမ်အပြန် ကျားမထမ်းရပဲ ဦးကြွယ်အား တဖွဲ့လုံး ပင်ပန်းကြီးစွာ ထမ်းခဲ့ကြရလေသည်။
တလမ်းလုံး စိတ်မကောင်းကြ။ မည်သူမျှ စကားမပြောနိုင်။
သို့သော် ရွာရောက်၍ ထမ်းစင်ပေါ်မှချပြီး မျက်နှာကို ရေမန်း မန်း၍တောက်၊ ပါးစပ်ထဲ အရက်လောင်းချပေးသောအခါတွင်မူ ကျွဲကြီး၏ မျက်နှာကြီးမှာ ပြုံးလာကာ တဂွတ်ဂွတ်နှင့် အငမ်းမရ သောက်လေ တော့သည်။
“ချီးတဲ့မှ- သတ္တိကလဲ ကြောင်လိုက်တာ၊။သရဏဂုံ တင်ရပြီ မှတ်ကရော။ ထမ်းလာလိုက်တာလဲ လူကို လျှာ ထွက်မတတ်။ လေးလိုက်တဲ့မသာကြီး”
ထို အခါ ဦးကြွယ် က ပါးစပ်မှ အရက်များကို လက်ဖမိုးနှင့်သပ်ယင်း-
“ဟီး … ဟီး- အလကား ငနုံငအတွေ၊ အ,တဲ့လူ ခံစတမ်းပဲကွ။ ငါ အိမ်ကို ခြေကျင်မပြန်ချင်လို့ လူစီးပြန်တာလေကွာ။ ဟီး … ဟီး”
ဟု ပြန်ပြောလိုက်လေသည်။
(မြဝတီမဂ္ဂဇင်း)
– ပြီး –
စာရေးသူ – နိုင် (ကိုးခရိုင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ
Uncategorized