မသုံးလုံးစိန်ဝင်း
ကျားသီလ
( ၁ )
ကိုသီလကား အသက် ၄ဝ ပတ်ဝန်းကျင် သန်တုန်းမြန်တုန်း ဖြစ်သည်။ အရပ် ၅ ပေ ခြောက်လက်မခန့်ရှိပြီး သန်မာတောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် အတော်ပင် မုဆိုးရုပ်ပေါက်နေသူ ဖြစ်သည်။ အသားလတ်လတ်, နှာတံပေါ်ပေါ်, မျက်လုံးပြူးပြူး မျက်ခုံးမွေးထူထူနှင့် ရုပ်မှာလည်း မခေလှပေ။
မုဆိုးရုပ်ပေါက်နေသလောက် အမဲလိုက်သည့်ဝါသနာလည်း ပါလှသည်။ သို့သော် ကိုသီလမှာ မုဆိုးကံ မလိုက်သူတစ်ဦး ဖြစ်တော့သည်။
ယုတ်စွအဆုံး ကြက်ကတော်သံကြားသဖြင့် ထိုကြက်အား သွားရောက်ပစ်ခတ်ရန် ၂ လုံးပြူ တစ်လက်နှင့် လွှတ်လိုက်သည်။
ဝါးရုံကိုင်းပေါ်တွင် ကတော်နေသော ကြက်မအား အပင်ပန်းခံကာ ချောင်းမြောင်းချဉ်းကပ်ခဲ့သည်။ ခက်ခဲပင်ပန်းစွာပစ်ခတ်၍ ထိမှန်ပြီး အောက်ကျလာသောကြက်ကို ကျွန်တော်တို့ မစားလိုက်ရပါ။ ဝါးရုံ အောက်က စောင့်၍ ချောင်းနေသော တောကြောင်အငတ်တစ်ကောင်က ကိုသီလပစ်၍ ကျလာသောကြက်ကို တစ်ချီတည်း သုတ်ပြေးသဖြင့် ကြက်မကို ဆုံးရပါတော့သည်။
‘ထိန်း’ ဟူသော ၂ လုံးပြူးအသံနှင့် ဆက်၍ပင် ‘ဟေး … ဟေး’ ဟု အော်ကာ ချောက်လှန့်သံများကို ကြားရ၍ ကျွန်တော်တို့အားလုံး ထွက်ကြည့်နေကြသည်။
၂ လုံးပြူးကိုထမ်းရင်း မောကြီးပန်းကြီး ပြန်လာသောကိုသီလကို တွေ့ ရ၍ စိုးရိမ်ကြီးစွာ ဝိုင်းမေးကြသည်။
ကိုသီလက အဖြစ်အပျက်ကို မောဟိုက်ဖိုလှိုက်နေသည့်ကြားမှ ပြောပြရှာသည်။
“တကယ်ယုတ်မာတဲ့ကြောင်ဗျာ။ လူ့ကို ဟိုက်ကျသွားတာပဲ”
ကိုသီလက စကားအဆုံးသတ်လိုက်သည်နှင့် ကျွန်တော်တို့ အားလုံး ဝါးခနဲ ပွဲကျသွားကြလေတော့သည်။
“ဟုတ်မှလည်းပြောပါ ကိုသီလရာ။ တစ်ခါမျှမရဘူးတာနှင့် ရှက်ပြီး ပြောမိပြောရာ ပြောနေတာလား ဟား…ဟား…ဟား”
တစ်ယောက်သောသူက အူနှိပ်၍ရယ်နေရင်း နောက်လိုက်သည်။
ကိုသီလခမျာ မျက်နှာကြီးရဲသွားကာ မျက်လုံးကြီးများ ပြူး၍သာ ကြည့်နေရှာသည်။ ဘာပြန်ပြောရမည်ပင်မသိ ဖြစ်နေပုံရ၏။
“တကယ်ဗျ။ ကျွန်တော် မြင်လိုက်တယ်။ ကြောင်က ကြောင်ပိန်ကြီး… အကြီးကြီးပဲ။ ရွာထဲကကြက်တွေ လာလာဆွဲတာလည်း ဒီအကောင်ကြီးပဲ”
ကိုသီလနှင့်ပါသွားသော ကလေးငယ်တစ်ဦးက ဝင်ရောက် သက်သေခံကာ ကိုသီလအား ကယ်လိုက်သဖြင့် ကိုသီလ သက်သာသွားရှာသည်။
“ခင်ဗျားက ကြောင်ကိုပါ တစ်ခါတည်း ဆက်ပစ်လိုက်ရောပေါ့ဗျာ”
ကျွန်တော်က အားမလိုအားမရနှင့် ပြောလိုက်မိသည်။
“ဟီး… ဟီး ယမ်းတောင့်က တစ်ထောင့်တည်း ယူသွားတာဗျ”
ကိုသီလက ပြုံးဖြီးဖြီးနှင့် ပြန်ပြောပါတော့သည်။
( ၂ )
တစ်ကြိမ်တွင်လည်း ၂ လုံးပြူးကိုဆွဲ၍ ညနေစောင်းတွင် ကိုသီလတစ်ယောက် ထွက်သွားသည်။ နေ မဝင့်တဝင်တွင် ကိုသီလ ထွက်သွားရာ တောဘက်ဆီမှ သေနတ်သံတစ်ချက်ကို သဲ့သဲ့ကြား လိုက်ရသည်။
“ကိုသီလ သေနတ်သံဟေ့”
အားလုံး၏ ပါးစပ်ပေါက်များမှ တစ်ပြိုင်တည်း ထွက်သွားမိကြသည်။
ကျွန်တော်တို့ ညစာစားပြီး၍ မီးဖိုဘေးတွင် ဝိုင်းဖွဲ့စကားပြောနေသောအခါတွင်မှ ကိုသီလ ပြန်ရောက်လာသည်။
သည်တစ်ချီတော့ လက်ချည်းသက်သက် မဟုတ်တော့ပေ။ ကိုသီလ အောင်ပွဲရလာခဲ့ပါပြီ။ ကိုသီလ၏ ကျောပေါ်တွင် ဂျီပေါက်ကြီးတစ်ကောင် ပါ၍လာတော့သည်။ ကိုသီလ၏ မျက်နှာမှာလည်း ဝင့်ကြွားစွာ ပြုံးနေပါသည်။
ကျွန်တော်တို့လည်း ထိုင်ရာမှ ဝုန်းခနဲ ထလိုက်မိကြကာ ကိုသီလ၏လက်ထဲမှ သေနတ်ကို ဆွဲယူသူယူ, ကျောပေါ်မှဂျီကို ချပေးသူပေးနှင့် အလုပ်ရှုပ်သွားကြသည်။
“ကံမလိုက်တဲ့မုဆိုးကြီး ဈေးဦးပေါက်လာပြီဟေ့”
တစ်ယောက်က အသံကုန်ဟစ်၍ ကိုသီလအား ချီးကျူးလိုက်သေးသည်။
ဂျီပေါက်ကြီးကို မီးဖိုဘေးတွင်ချ၍ ဂျီအနီးတွင် ရေနံဆီမီးခွက် ၂ ခွက်ကို ချထားလိုက်ကြသည်။ ကိုသီလကား သူ၏ ဂျီအနီးတွင် မားမားကြီးရပ်ကာ အားရရွှင်ပြုံးနေသည်။ ကျန်လူများက ကိုသီလကို တစ်လှည့်, ဂျီကိုတစ်လှည့် ဝိုင်းပတ်၍ ကြည့်နေကြသည်။
ဂျီပေါက်ကြီး၏ ဒဏ်ရာများကို သေချာစွာကြည့်ရှုသောအခါ ဂျီ၏မျက်နှာတွင် စုပြုံဝင်ထားသော ကျည်ဆံရာများကို တွေ့ ရသည်။
“သူမြင်ကိုယ်မြင် ရှေ့တည့်တည့်က မျက်နှာချင်းဆိုင် ပစ်ခဲ့ရတာ”
ကိုသီလက အားရကျေနပ်စွာ ပြောပြနေသည်။
“ခင်ဗျားအကောင် စိတ်မချရဘူးဗျ။ ဓားနှင့်ထိုးသတ်ဦးမှပဲ”
တစ်ယောက်က ပြောပြောဆိုဆို ထိုဂျီအနားသို့ ကပ်သွားကာ ဓားမြှောင်နှင့်ထိုးရန် ရွယ်လိုက်၏။
“ဟာ … ဟာ မလုပ်ပါနှင့်။ ပထမဆုံးရတဲ့ ဂျီသားရေကို သိမ်းထားမလို့ပါ”
ကိုသီလက ကပျာကယာ လက်ကာတားထားလိုက်ပြီး ဓားမြှောင်ကို လုယူလိုက်သည်။ ကိုသီလ၏ ဖြစ်ပုံကိုကြည့်၍ အားလုံးကလည်း ဤအချိန်တွင် ဂျီမှာ အသက်မရှိတော့ဟု စိတ်ချလက်ချ ယုံကြည်နေကြသည်။
“ကဲ… ကဲ ကိုသီလ။ ထမင်းစားလိုက်ဦး”
အိမ်ရှင်အဒေါ်ကြီးက ကိုသီလကို ထမင်းစားရန် သတိပေးလိုက်သည်။ သို့သော် ကိုသီလမှာ ဝမ်းသာလုံးဆိုကာ ထမင်းဆာရမှန်း သိပုံမရ။ ရေချိုးပြီးမှ စားမည်ဟုဆိုကာ စကားဆက်ပြောနေတော့သည်။
အားလုံးက ကိုသီလအား ဝိုင်း၍ နောက်ပြောင်နေကြသလို ကိုသီလကလည်း ခါတိုင်းနှင့်မတူဘဲ ကျေနပ်စွာ လှောင်ပြောင်ခံနေသည်။
“ကိုသီလ … ကိုသီလ။ ခင်ဗျာ့ဂျီ လှုပ်နေပြီဗျ”
တစ်ယောက်က အော်လိုက်သည်။ အားလုံးက နောက်နေကြသည်ဟုပင် ထင်ကြသည်။
“လှုပ်နေတာက သူ့ဟာသူ ဟင်းအိုးထဲသွားဆင်း … ”
ကိုသီလ စကားမဆုံးလိုက်ပါ။
ဂျီမှာ ခေါင်းတစ်ချက်ထောင်၊ ရှေ့လက် ၂ ဘက်ကိုခုတ်ကာ ထလိုက်ပြီး ကိုသီလအား တိုး၍ တစ်ရှိန် ထိုး ထွက်ပြီးပြေးသွားပါတော့သည်။
ကိုသီလမှာ ဂျီတိုးသွားသဖြင့် ဆောင့်ကြောင့်ထိုင်နေရာမှ ပက်လက်လဲကျကာ ခြေကားယား လက်ကားယား ဖြစ်နေပါတော့သည်။
‘ဟာ’ ဟူသော အာမေဋိတ်သံမှာ လူအားလုံး၏ပါးစပ်မှ တစ်ပြိုင်တည်း ထွက်သွားကြသည်။
တစ်ဆက်တည်းတွင်ပင် …
“ဟာ လုပ်ကြပါ၊ လိုက်ကြပါ”
ဟူသော အသံများ သောသောညံသွားတော့သည်။
ထွက်ပြေးသွားသောဂျီမှာ မြက်တောတွင်းသို့ ဝင်ကာ အစပျောက်သွားပါတော့သည်။
ထိုညက ကိုသီလမှာ ထမင်းလည်းမစား, ရေလည်း မချိုးတော့။ တစ်ညလုံးလည်း အိပ်ပျော်ပုံမရပါ။ တကယ်ပင် ကံမလိုက်ရှာသော မုဆိုးပါပေ။
( ၃ )
တစ်နေ့သောအခါ ကျွန်တော်တို့လူသိုက်သည် ရေသရောက်ရွာသို့ ရောက်ရှိနေကြသည်။ ရေသရောက်ရွာမှာ ကျောက်ဆည်မြို့၏အရှေ့ဘက်တည့်တည့် ရှမ်းရိုးမတောင်ခြေ တောင်ကြားကြီးထဲတွင် တည်ရှိနေသည်။ ကျောက်ဆည်မြို့နှင့် ၁၆ မိုင်ခန့်ဝေးသော ရွာငယ်တစ်ရွာပင် ဖြစ်သည်။
ထိုနယ်တွင်မူ “ရေသရောက်-ချောင်းဆုံ”ဟူ၍ ချောင်းဆုံရွာနှင့်တွဲပြီး ခေါ်လေ့ရှိကြသည်။ ချောင်းဆုံရွာမှာ ရေသရောက်ရွာ၏အရှေ့ဘက်တွင် တည်ရှိပြီး အစွန်ဆုံးရွာပင် ဖြစ်သည်။ ချောင်းဆုံ၏ အရှေ့ဘက်တွင်မူ မြင့်မားသောတောင်ကြီးများသာ ရှိတော့သည်။
ရှမ်းတောင်တန်းကြီးပေါ်မှ မိုးရေများသဖွယ် စီးကျလာသည့် တောင်ကျချောင်းတစ်ချောင်းသည် ချောင်းဆုံ၊ ရေသရောက်ရွာသစ် စသော ရွာများ၏ဘေးမှ ဖြတ်စီးသွားပေသည်။ ထိုချောင်းသည် ရေသရောက်ရွာ၏ တောင်ဘက်မှကပ်၍ စီးသွားပြီးလျှင် ကိုက် ၁၆ဝ နီးပါးမျှပင် ကျယ်ဝန်းနေသည်။
ချောင်း၏ တောင်ဘက်တွင်ကား အနံကိုက် ၂ဝဝ ခန့်ကျယ်သည့် မြေပြန့်တစ်ခု ရှိနေပေသည်။ ထိုမြေပြန့်၏တောင်ဘက်တွင် တောင်တန်းများက ရှိနေသည်။ ထိုတောင်တန်းများတွင် ရှေးက သတ္တုတူးခဲ့ဖူး၍ လိုဏ်ဂူများ, မီးရထားလမ်းရာများက ရှိနေသည်။
ထိုနေရာတစ်ဝိုက်မှာ ကျဉ်းမြောင်းသော တောင်ကြားဖြစ်ပြီး လူနှင့် အလွန်နီးကပ်နေသဖြင့် ဂျီမှလွဲ၍ အခြားတိရစ္ဆာန်များ တွေ့ရန် အလွန်ခဲယဉ်းလှ၏။ ထို့ကြောင့် ကျွန်တော်တို့က စိတ်မဝင်စားမိ ချေ။
ကျွန်တော်တို့ စိတ်ဝင်စားနေသည်မှာ မြောက်ဘက်တောင်ကလပ်ကြီးပေါ်သို့ တက်ရေးပင်ဖြစ်သည်။ ထိုတောင်ကလပ်ကြီးပေါ် မတက်မီ ရေသရောက်ရွာတွင် နားနေရင်း အားမွေးနေကြခြင်းမျှသာ ဖြစ်၏။
ထိုနေ့နံနက်က ကိုသီလ ၂ လုံးပြူးသေနတ်ကိုဆွဲ၍ ထွက်သွားပါသည်။ ထမင်းစားချိန်ရောက်မှ ထုံးစံအတိုင်း လက်ချည်း ပြန်လာပါသည်။ ထမင်းစားဝိုင်တွင် ကိုသီလ ဂနာငြိမ်ပုံမရ။ ထမင်းကို ခပ်သုတ်သုတ်စား၍ ထလိုက်သည်။ ဆေးလိပ်ကို မီးညှိပြီးလျှင်ပင်-
“ရိုင်ဖယ်တစ်လက် ပေးစမ်းဗျာ။ ဟိုနားဒီနား လျှောက်လိုက်ဦးမယ်”
ကိုသီလက ထူးဆန်းစွာပြောပါတော့သည်။
“ဟာ ကိုသီလရဲ့။ ခင်ဗျားဟာက နေပူကြီးထဲမှာ ဘာကောင်တွေ့ မလဲ။ ပြီးတော့ ရိုင်ဖယ်က ဘာလုပ်ဖို့လဲ”
ကျွန်တော်က အံ့သြစွာ မေးမိသည်။
“ဟာဗျာ ဟိုဂျီ လွတ်သွားကတည်းက ၂ လုံးပြူးကိုင်ဖို့ စိတ်ဓာတ်ကျနေတာ။ ရိုင်ဖယ်ကတော့ မမှန်လည်း အရှင်းပဲ။ မှန်ရင်လည်း သေချာတာပေါ့။ ပျင်းတယ်ဗျ … မနေတတ်ဘူး။ တောကြီးထဲကျတော့ ကျွန်တော် ပစ်ခွင့်ရမှာ မဟုတ်ဘူး။ အခွင့်ရတုန်းမှာ ရိုင်ဖယ်ပစ် ကျင့်ထားချင်တယ်ဗျာ”
ကျွန်တော်ကလည်း ခပ်ပေါ့ပေါ့ပင် ၃၀၃ အင်္ဂလိပ်စစ်သုံးရိုင်ဖယ်နှင့် ကျည် ၁၅ တောင့် ပေးလိုက်ပါသည်။
ကိုသီလထွက်သွားသောအခါ ကျွန်တော်တို့ တရေးတမော အိပ်စက်နားနေကြပါသည်။ အိပ်မပျော့တပျော် ဖြစ်နေချိန်တွင် သေနတ်သံကြားသလိုလို စိတ်တွင်ထင်လိုက်မိသည်နှင့် မျက်စိကို ဖွင့်ကာ ထထိုင်လိုက်မိသည်။
“ခင်ဗျားလူ ချနေပါပကော”
တစ်ယောက်က ပြောလိုက်သည်။
အဓိပ္ပာယ် ကောင်းစွာမရှင်းသဖြင့် ပြောသူကို “ဘာပြောတာလဲ”ဟူသော အဓိပ္ပာယ်ဖြင့် လှမ်းကြည့်လိုက်မိသည်။
“ကိုသီလလေ။ ၃ ချက်တောင်ပစ်တာပဲ”
ထိုလူက ဆက်ပြောပါသည်။
“လက်တည့်စမ်းတာ နေပါလိမ့်မယ်”
ကျွန်တော်က မှတ်ချက်ချလိုက်သည်။
“ဟုတ်တယ် ထင်တယ်။ တစ်ချက်နှင့်တစ်ချက် သိပ်မကွာဘူး။ ခပ်မှန်မှန် ၃ ချက်ဆက်ကြားရတာပဲ”
တစ်ယောက်က ဝင်ပြောပါသည်။
“မင်းတို့လူ ကျားနှင့်များ တွေ့နေပါဦးမယ်ကွယ်။ မနက်ခင်းက ရွာက ကလေးတွေ အဲဒီဘက်က ဂူတစ်ခုမှာ သွားဆော့ကြရင်း ကျားထွက်ဟိန်းလို့ ပြေးလာခဲ့ကြရတယ်”
အိမ်ရှင်အဒေါ်ကြီးကပြောသောအခါ ကျွန်တော် စိုးရိမ်သွားမိသည်။
“ဟုတ်မယ် မထင်ပါဘူးဗျာ။ သေနတ်သံကြားရပုံကတော့ အေးအေးဆေးဆေးပစ်တဲ့ အသံမျိုးပါပဲ”
မုဆိုးရည်ဝနေသော ကိုသာခင်က ထင်မြင်ချက်ပေးလိုက်ပြန်သည်။
မည်သို့ဖြစ်စေ ကျွန်တော် ပြန်၍ အိပ်မရတော့ပါ။ ကိုသီလအလာကိုသာ စောင့်ကြည့်ရတော့မည်။ အတော်ကြာအောင် ပေါ်မလာပါက သူ့နောက်ကို လိုက်တန် လိုက်ရပေမည်။
မကြာပါ။ ပြောရင်းဆိုရင်းပင် ကိုသီလတစ်ယောက် ရိုင်ဖယ်ကို လက်ကကိုင်ရင်း ချွေးသံတစ်လုံးလုံးဖြင့် မပြေးရုံတမည် ခြေလှမ်းကို သွက်သွက်လှမ်းရင် ပြန်လာသည်ကို တွေ့ရပါသည်။
မျက်နှာမှာ အငြိမ်မနေ။ ဟိုကြည့်ဒီကြည့် ဖြစ်နေသည်။ မျက်လုံးများမှာ ပြူးထွက်ကာ ကြောက်ရွံ့နေပုံရသည်။
အိမ်ထဲသို့ရောက်သည့်တိုင် စကားတစ်လုံးမျှ မပြောနိုင်သေးဘဲ လူအားလုံးကို မျက်လုံးပြူးကြီးနှင့် သိမ်းကျုံးကြည့်လိုက်ကာ ရေအိုးစင်သို့သွားပြီး ရေတစ်ခွက် ခပ်သောက်လိုက်သည်။ ပြီးမှ ကွပ်ပျစ် ပေါ်တွင်ထိုင်ချလိုက်ကာ သက်ပြင်းကြီးချပြီး နဖူးမှချွေးများကို သပ်ချလိုက်တော့သည်။
ကျန်လူများ၏မျက်လုံးများမှာလည်း ကိုသီလထံသို့သာ စူးစိုက်ကြည့်နေကြကာ သူ လှုပ်ရှားရာနောက်သို့ ရွေ့လျားလိုက်ပါနေကြ၏။ ပါးစပ်ကမူ စကားတစ်လုံးမျှ မဟနိုင်ကြဘဲ စူးစမ်းသောအကြည့်များဖြင့်သာ ကြည့်နေမိကြသည်။
“ဘာဖြစ်လာတာလဲဗျ။ သေနတ်သံက ဘာဖြစ်တာလဲ”
ခဏနေမှ ကျွန်တော်က စ,မေးမိတော့သည်။ ကိုသီလပြောပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
( ၄ )
“မနက်က ကျွန်တော် သေနတ်ထမ်းပြီးပြန်လာတော့ ချောင်းထဲမှာ ကလေးတစ်သိုက်နှင့် တွေ့ တယ်။ သူတို့က ကျွန်တော့်ကို မြင်မြင်ချင်း
“ဦးသီလကြီး ကျားပစ်မလား ကျား… ကျား၊ ကျွန်တော်တို့ ကျားတွေ့ခဲ့တယ်။ ဟိုတောင်ခြေက ဂူဝမှာ ။ ကျွန်တော်တို့ သွားဆော့ရင်း ဂူထဲက ကျားထွက်ဟိန်းတယ်ဗျ။ ခင်ဗျား အဲဒီသွားရင် ကျားတွေမှာပဲ”
“အဲဒီလိုပြောကြတယ်။ ဒီတောက ကျားနေတဲ့တောမှ မဟုတ်ဘဲ ကျားကို ဂူထဲမှာ တွေ့ခဲ့တယ်ဆိုတော့ ဒီကျား အစာဝ စားပိုးနင့်ပြီး အဝေးမသွားနိုင်ဘဲ ဂူထဲဝင်အိပ်တာ ဖြစ်မှာပေါ့။ ဒီအတိုင်းဆိုရင် ဒီကျားဟာ တောနက်ရာကို ပြန်မသွားနိုင်ဘူး။ ငါလိုက်ရှာရင် ပစ်ရမှာပဲလို့ ကျွန်တော်စိတ်က တရားသေ တွက်လိုက်တယ်။
အဲဒါကြောင့် ကျွန်တော်ပြန်လာပြီး ထမင်းခပ်သုတ်သုတ်စားပြီး ရိုင်ဖယ်ကို တောင်းတာဗျ။ ရိုင်ဖယ်ယူပြီး ပြန်ထွက်သွားတော့ ကျားဟာ ဘယ်နည်းနှင့်မှ ဂူထဲမှာရှိမယ်လို့ မထင်တော့ဘူး။ ဧကန္တ ကွင်းပြင်ထဲဆင်းပြီး အိပ်မှာပဲ။ အစာဝပြီး အိပ်တဲ့ကျားဟာ အဝေးသွားလေ့မှ မရှိဘဲကိုး။ ဘာကောင်မျှလည်း ကြောက်စရာမလိုတော့ တွေ့ရာနေရာမှာ ဗိုက်လေးလေးနှင့် စိတ်ချလက်ချ အိပ်တတ်တာကိုးဗျ။
ဒါနှင့် ချောင်းကိုဖြတ်ပြီး တောင်ဘက်ကကုန်းပေါ် တက်လိုက်တယ်။ တောင်ဘက်ကုန်းပေါ်တက်မိလို့ မြေပြန့်လည်း ရောက်ရော ဇောင်ချမ်းပင်ရိပ်တစ်ခုမှာ သင်္ကန်းစုတ်ပုံကြီးတစ်ခုလိုလို, သံပုံးစုတ်ကြီးလိုလို တွေ့လိုက်ရတယ်။ ကျွန်တော်လည်း မသင်္ကာတာနှင့် သေနတ်ကို ယမ်းထိုးမောင်းတင်ပြီး သော့တောင် မပိတ်ဘူး။ ရှေ့ကို တိုးသွားတယ်။
ကိုက် ၂ဝ လောက်အကွာက ဝါးရုံပင်တစ်ပင်ကို ကပ်ပြီး ကြည့်လိုက်တော့ လားလား ဧရာမကျားကြီးဗျာ။ စိတ်ချလက်ချ အိပ်နေလိုက်တာ လှုပ်တောင်မလှုပ်ဘူး။ ကျားကြီးက ကျွန်တော့်ဘက်ကို ဗိုက်ကြီးပေးပြီး စောင်းရက်အိပ်နေတာဗျ။
စိတ်ထဲမှာ အတော့်ကို ဝမ်းသာသွားတယ်။ ဝမ်းသာပြီး ရင်တွေခုန်နေတာနှင့် ခဏနားနေလိုက်ရသေးတယ်။ စိတ်နည်းနည်းငြိမ်သွားမှ အသေအချာ မုဆိုးထိုင်ထိုင် ဝါးရုံပင်ကပ်ပြီး လက် ၂ ချောင်းနောက်နားက ရင်အုံကြီးကို ချိန်လိုက်တယ်။
မိမိရရကြီးချိန်ပြီးမှ သေနတ်မောင်းကို ညှစ်ချလိုက် တယ်။ စိတ်ထဲမှာတော့ အပိုင်ပဲလို့ တွက်ထားတာပေါ့။
ဒါပေမယ့် သေနတ်သံက “ဒိုင်း”ခနဲ ထွက်မလာဘဲ “ချက်”ခနဲ မောင်းရိုက်သံ ထွက်လာတယ်။ စိုးရိမ်တကြီးနှင့် ကျားကြီးကို လှမ်းကြည့်လိုက်တော့ သူကလည်း တုတ်တုတ်တောင် မလှုပ်ဘူး။
“လူလည်း ဘာဖြစ်သွားမှန်း မသိဘူး။ ခေါင်းတွေကြီး ကြက်သီးတွေထပြီး, ဇောချွေးတွေ ပြန်လာတော့တယ်။ စိတ်ထဲမှာလည်း အချိန်အခါလည်း မဟုတ်နှင့် ဒီတောမှာ ရဲရဲတင်းတင်းကြီး လာအိပ် နေတယ်။ သေနတ်နှင့်ပစ်တော့လည်း မီးမကူးဘူး။ ဧကန္တ နတ်ကျားဖြစ်မှာပဲလို့ တွက်မိပြီး ကြောက်လိုက်တဲ့ ဖြစ်ခြင်းဗျာ။ မပြောနှင့်တော့။ တစ်ကိုယ်လုံးလည်း ဆတ်ဆတ်တုန်နေတာပဲ။
ဒါနှင့် ခင်ဗျားတို့ကို ပြန်ခေါ်ဖို့ နောက်ပြန်ဆုတ်လာခဲ့တယ်။ ချောင်းထဲရောက်မှ အကြောက်နည်းနည်းပြေသွားတော့ တစ်မျိုး စဉ်းစားမိပြန်တယ်။
“ဟိုလူတွေ သွားခေါ်လို့ ကျားပြန်မတွေ့ရင် ငါ အရှက်ကွဲနေမယ်။ တွေ့ပြန်တော့လည်း ငါ သတ္တိကြောင်ရာရောက်ဦးမယ်။ ဒီလူတွေကို နတ်ကျားလို့ သွားပြောရင် ဝိုင်းလှောင်ကြဦးမယ်။ နတ်ကျားလည်း ဟုတ်ချင်မှ ဟုတ်မှာပါလေ။ ရိုးရိုးကျည်ဆံမထွက်တာ ထင်ပါရဲ့။ ငါပြန်စမ်းဦးမှပဲ … အဲဒီလို စဉ်းစားမိပြန်တယ်”
ချောင်းပေါ် တစ်ခါပြန်တက်ပြီး အရင် ဝါးရုံပင်နားကပ်ကြည့်ပြန်တော့ ကျားကြီးက အိပ်ရက်ပဲဗျ။ ဒါနှင့် အရင်နည်းအတိုင်း တစ်ချက် ထပ်ပစ်ပြန်တယ်။
ဒါပေမယ့် ပထမအချက်တုန်းကလို စိတ်မငြိမ်တော့ဘူး။ လက်ကလည်း တုန်နေတယ်။
“ဒိုင်း”ခနဲ သေနတ်သံလည်း မြည်သွားရော ကျားကြီးက ဖြုတ်ခနဲ မတ်တတ်ထရပ်လိုက်တယ်။ ဒါပေမယ့် ငိုင်ပြီး နားစွင့်နေသလိုပဲ။ ကျွန်တော့်ရှေ့မှာ မလှုပ်မယှက် ဘေးတိုက်ကြီးပေးပြီး ရပ်နေတယ်။
ကျွန်တော်လည်း ပျာရိပျာယာ ယမ်းတောင့်ထိုးပြီး လက်အုံပေါ်တည့်တည့်ချိန်ပြီး တစ်ချက် ဖြုတ်ချလိုက်ပြန်တယ်။
“ဒိုင်း”ခနဲလည်း မြည်သွားရော ကျားကြီးက တစ်ခါတည်း ထွက်ပြေးတော့တယ်။
ဒါပေမယ့် တခြားကို ထွက်မပြေးဘူး။ ကျွန်တော့်ကို တစ်ပတ်ပတ်ပြီး ပထမနေရာမှာပဲ ပြန်ရပ်နေပြန်တယ်။
ကျွန်တော်လည်း ယမ်းတောင့်တစ်တောင့် ခပ်မြန်မြန်ထိုးလိုက်တယ်။ ပြီးတော့ လက်အုံပေါ်ကိုပဲ တစ်ခါထပ်ချိန်ပြီး မောင်းကိုဖြုတ်ချလိုက်ပြန်တယ်။
ကျားကြီးလည်း “ဝေါ”ခနဲ တစ်ချက်အော်ပြီး ချောင်းအတိုင်း စုန်ဆင်းပြေးတော့တယ်။ ကျွန်တော်လည်း ကတုန်ကယင်ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ စိတ်ထဲမှာ ကြောက်တာရော အံ့သြတာရော ကိုယ့်ကိုယ်ကို ဒေါသဖြစ်တာရော, ရှက်တာရော စုပြုံပြီး ခံစားလိုက်ရတယ်။
ရုတ်တရက်ထပြီး လမ်းတောင် လျှောက်လို့မရဘူး။ ခဏနားနေပြီးမှ လမ်းလျှောက်လို့ရတယ်။ အဲဒါကြောင့် ရောက်ရောက်ချင်း ဘာစကားမျှ မပြောနိုင်တာပဲ”
ထိုစဉ်တွင် ကိုသာခင်ဆိုသူက
“ကြောက်ရင် ကျားမပစ်, ကျားပစ်ရင် မကြောက်နှင့် ကိုသီလ ရဲ့”
ဟု ခပ်သောသော ဝင်၍နောက်လိုက်ရာ
“အံမာ ကြည့်နေပါဗျာ။ ကျားကို မရရအောင် ပစ်ပြဦးမယ်”
ကိုသီလက မခံချင်စိတ်သက်သက်ဖြင့် ကိုယ့်အခြေအနေကိုယ် မသိရှာဘဲ ကြုံးဝါးလိုက်သည်။
သို့သော် …
“ကျားသီလတဲ့ … ဟေး”
ကြည်အောင်ဆိုသူက ဖြုန်းခနဲ ထခုန်ကာ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်လိုက်ရာ ကျွန်တော်တို့အားလုံးပင် ဝါးခနဲ ပွဲကျသွားတော့သည်။
ထိုအချိန်မှစ၍ ကိုသီလကို “ကျားသီလ”ဟူ၍ အမည်သစ် ပေးလိုက်ကြပါတော့သတည်း။
– ပြီး –
စာရေးသူ – မသုံးလုံးစိန်ဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ