ဗိုလ်လုံ
ကျားသေချောင်း

ကျားသည် တိရစ္ဆာန်မုဆိုးဖြစ်ပြီး သားကောင်များကို ဖမ်းယူစားသောက်ခြင်းဖြင့် အသက်ရှင်ရပ်တည်နေသည့် သတ္တဝါပင် ဖြစ်ပါသည်။

မုဆိုးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြရသည့် လူမုဆိုးကြီးများသည် ကျားကို ဘဝတူ မုဆိုးဟု သတ်မှတ်ကြပြီး ပစ်ခတ်သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်လေ့ရှိကြပါသည်။ မလွဲမရှောင်သာသဖြင့် မိမိအသက်ကိုလုပြီး ပစ်ခတ်သတ်ဖြတ်ရသည်များလည်း ရံဖန်ရံခါ ရှိတတ်ကြပါသည်။

သိပ္ပံပညာရှင်တို့၏ အယူအဆအရ လူတို့သည် “တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေး သီဝရီ”(Evolution Theory) သဘောတရားအတိုင်း ဖြစ်ပေါ်လာသည်ဆိုပါက ရှေးခေတ်သမိုင်းဦးခေတ်မှ လူတို့သည်အမဲလိုက် မုဆိုးကြီးများပင် ဖြစ်ကြပေလိမ့်မည်။

ထိုခေတ်က မုဆိုးကြီးများသည် အမဲလိုက်ရန် လက်နက်ကောင်းများ မရှိကြသေးသောကြောင့် ကျောက်တုံးများ၊ တုတ်များ၊ တင်းပုတ်ကြီးများ စသည့် ရရာလက်နက်များဖြင့် ပင်ပန်းကြီးစွာ စုပေါင်းအမဲလိုက်ကြရပါသည်။

ထိုခေတ်က မုဆိုးကြီးများသည်လည်း ကျားကဲ့သို့သော တိရစ္ဆာန် မုဆိုးများကို ရှောင်ကြဉ်ခဲ့ကြမည်မှာသေချာပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုတိရစ္ဆာန်မုဆိုးများသည် မျက်စိရှင်ခြင်း၊ နားပါးခြင်း၊ လျှင်မြန်ဖြတ်လတ်ခြင်း၊ လူတွေကိုအသက်အန္တရာယ်ပေးနိုင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။

သမိုင်းတင်နိုင်သည့်ခေတ်သို့ ရောက်ရှိချိန်ဖြစ်သည့် လွန်ခဲ့သော နှစ်ပေါင်း ခြောက်ထောင်ခန့်တွင် လူသားတို့သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်မှုပညာလုပ်ငန်းများ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ စသည်တို့ကို လုပ်ကိုင်လာကြပြီ ဖြစ်ပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ရာကျော်ခန့်ကစပြီး ကမ္ဘာကြီးသည် သိပ္ပံပညာထွန်းကားလာရာ ယခုခေတ်ကာလတွင်ကား အထွဋ်အထိပ် ရောက်ရှိနေခဲ့ ပြီ ဖြစ်ပါသည်။ ဆက်လက်ပြီး တိုးတက်နေဦးမည်မှာလည်း မုချမလွဲပင် ဖြစ်ပါသည်။

လူနေမှုစနစ် လွန်စွာတိုးတက်နေပြီဖြစ်သည့် ယခုခေတ် လူသားတို့သည် ၎င်းတို့ ကျေးဇူးရှင်ကြီးများဖြစ်သည့် ကမ္ဘာဦးက အမဲလိုက်မုဆိုးကြီးများကို မေ့နေကြဟန် တူပါသည်။

အကယ်၍သာ ကမ္ဘာဦးမုဆိုးကြီးများသည် ၎င်းတို့၏ ဘဝရပ်တည် ရှင်သန်မှုအတွက် အမဲလိုက်သည့်လုပ်ငန်းကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ကြပါက လူတို့၏ မျိုးဆက်ကြီး ပျက်သွားပေမည်။ လက်ရှိလူသားများလည်း ရှိကြတော့မည် မဟုတ်ပါ။

ထို့ကြောင့် ကမ္ဘာဦးမုဆိုးကြီးများသည် လက်ရှိလူသားများ၏ ကျေးဇူးရှင်များဖြစ်သည်မှာ လုံးဝ မှန်ကန်နေပါသည်။

မျက်မှောက်ခေတ် မုဆိုးကြီးများကိုလည်း ကာယဉာဏစွမ်းအားရှိသူများ၊ သက်လုံကောင်းသူများ၊ သူရသတ္တိရှိသူများ၊ မျက်စိရှင်နားပါးသူများ၊ တောတောင်သဘာဝကို ကျွမ်းကျင်သူများ၊ စစ်သားကောင်းများဟု သတ်မှတ်ရပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်နီးပါးခန့်က ကျွန်တော်နှင့်အတူ အမဲလိုက်ဖော်လိုက်ဖက် ဦးဘိုးစ၊ သူကြီးဦးအေးမောင်၊ သူကြီး ဦးညွန့်မောင်၊ ဦးကျော်စိန်၊ ဦးလှမြင့်နှင့် ဦးစိန်ညိုတို့သည် အသက်အရွယ်ကြီးရင့်ကြပြီဖြစ်သဖြင့် အနိစ္စရောက်ကုန်ကြပေပြီ။ ကျောင်းဆရာ ဦးတင်ဦးသည် ကျွန်တော်ထက် အသက်နှစ်နှစ်ခန့်ငယ်ပြီး ယခုအခါတွင် အငြိမ်းစားယူထားပြီ ဖြစ်ပါသည်။ ကျန်းကျန်းမာမာဖြစ်ပြီး ကျွန်တော်နှင့် ဓမ္မမိတ်ဆွေဖြစ်ကြပါသည်။ ကျွန်တော်၏ အမဲကောင်ကြီးများပစ်ရန် သင်ဆရာလည်း ဖြစ်ပါသည်။

ရိုးမမုဆိုးကြီး ဦးဘိုးစ၏ စာနာတတ်သည့် စိတ်ထားနှင့် ၎င်း၏ ကျားပစ်မုဆိုးအတွေ့အကြုံတစ်ခုကို ရေးသားတင်ပြခြင်းဖြင့် ၎င်းအား အမှတ်တရ ရေးသားဂုဏ်ပြု မှတ်တမ်းတင်လိုက်ပါသည်။

ရိုးမမုဆိုးကြီး ဦးဘိုးစသည် စွယ်စုံဆင်ပေါင်းရာကျော်၊ ကျားပေါင်း ဒါဇင်ကျော်နှင့် ပြောင်၊ ချေနှင့် သားကောင်များ ထောင်ကျော်ပစ်ခတ် ရယူနိုင်ခဲ့ပါသည်။ တကယ့်ဧရာမ မုဆိုးကြီးပင် ဖြစ်ပါသည်။

အမှန်အားဖြင့် ဦးဘိုးစသည် မြန်မာနိုင်ငံတွင်သာမကပဲ ကမ္ဘာပေါ်တွင် အကြီးဆုံးမုဆိုးကြီးတစ်ဦးဟု သတ်မှတ်က မှားမည်မဟုတ်ပါ။

ပန်းတောင်း နလက ဥက္ကဋ္ဌ ဗိုလ်ရဲလွင်နှင့် ကျွန်တော်တို့ ပူးပေါင်းအဖွဲ့မှ ကရင်အမျိုးသား ဆင်ကျုံးလုပ်သားကြီးများကို သတ်ဖြတ်စားသောက်ခဲ့ကြပြီး အချို့ကို ဒဏ်ရာရစေခဲ့သည့် ရိုးမကျားဆိုးကြီးကို အဖွဲ့ဝင် သူကြီး ဦးအေးမောင်မှ ပစ်ခတ်သတ်ဖြတ်ပြီးကာစ ၁၉၆၃ ခုနှစ် ဆောင်း ရာသီပင် ဖြစ်ပါသည်။

ရိုးမကျားဆိုးကြီးကို နှိမ်နင်းပြီး တစ်ပတ်ခန့်အကြာတွင် ဦးဘိုးစသည် လမ်းအလုပ်သမားများကို နေရာချပြီး ကားဖြင့် ညောင်ကျိုးစခန်းသို့ ပြန်မလိုက်တော့ဘဲ ပန်းကန်ကွဲချောင်း မရောက်မီ ညာဘက်ချောင်းထဲသို့ ရိုင်ဖယ်တစ်လက်ဖြင့် တစ်ကိုယ်တော် အမဲပစ်ရန် ဆင်းသွားပါသည်။

ထိုကဲ့သို့သော ချောက်များ၊ တောင်စောင်းများ၊ ချောက်ပေါက်များ၊ ဖွတ်ချေးမြေဆန်သည့်နေရာများတွင် တောကောင်များသည် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် ကျက်စားလေ့ရှိသည်ကို ဦးဘိုးစသည် အတွေ့အကြုံအရ သိနေပြီဖြစ်ပါသည်။

ဤနေရာသည် အမဲရနေကျနေရာ ဖြစ်သဖြင့် သုံးရက်တစ်ခါ၊ လေးရက်တစ်ခါခန့်လည်း လာလေ့ရှိပါသည်။ အမဲရလျှင် အလုပ်သမားများ ကို စေလွှတ်ပြီး သယ်ခိုင်းမည်။ မရလျှင်လည်း လက်ယာရစ်ပတ်ပြီး ညောင်ကျိုးစခန်းသို့ ပြန်မည်ဟု ဦးဘိုးစ ဆုံးဖြတ်ထားပါသည်။

ဆနွင်းတောင်ကြောမှပြန်လျှင် အတက်အဆင်းနည်းပြီး သက်သောင့်သက်သာဖြင့် စခန်းသို့ ပြန်ရောက်နိုင်ပါသည်။
ပန်းကန်ကွဲစခန်းရှေ့တွင် ကျွဲကြီးစခန်းနှင့် ကျွဲလေးစခန်းတို့ ရှိကြပါသည်။ ကျွဲလေးစခန်းသည် ရေဝေကုန်းကြောတွင် ရှိပြီး ယင်းစခန်းမှ မြစ်ဖျားခံပြီး စီးလာသည့် အခြားချောင်းတစ်ချောင်းနှင့် ပေါင်းဆုံပြီး ညောင်ခြေထောက် ချောင်းမ, ကြီးထဲသို့ စီးဝင်သွားပါသည်။

ကျွဲလေးစခန်းမှ စီးလာသည့် ချောင်းနှင့် အခြားချောင်းတို့ ပေါင်းဆုံသည့် နေရာသည် အမြဲရေရှိနေသောကြောင့် “ရေရွှင်ချောင်း” ဟု အမဲလိုက်သူများ၊ ငါးရှာသူများက ခေါ်ကြသည်။ ယင်းနေရာတွင် စခန်းချပြီး အမဲရှာခြင်း၊ ငါးရှာခြင်းတို့ပြုလုပ်ကြပါသည်။

ကျွဲလေးစခန်း၏ အနောက်တောင်ဘက်တွင် အမြဲစိမ့်တောကြီးရှိပြီး အရှေ့မြောက်ဘက်နှင့် အရှေ့တောင်ဘက်တို့တွင် မုတ်သုံတောများ ရှိပါသည်။

အမဲကောင်များသည် အမြဲစိမ့်တောနှင့် မုတ်သုံတောများသို့ ကူးချည်သန်းချည် သွားလာလှုပ်ရှားလေ့ ရှိပါသည်။

ဦးဘိုးစသည် သွားရင်းသွားရင်းနှင့် နေလယ်ရောက်လာရာ ခေတ္တနားပြီး စားစရာများ စားပါသည်။ ကားလမ်းသို့ ပြန်မတက်တော့ဘဲ ခြေသံလုံလုံဖြင့် တောင်ကြောလမ်းအတိုင်း လျှောက်သွားရာ တစ်နာရီခန့်အကြာတွင် မြေပြန့်လေးတစ်ခုကို တွေ့ရပါသည်။

အမြင့်သုံးပေ, အကျယ်ငါးပေခန့်ရှိ ကျောက်တုံးကြီးကို အကာအကွယ်ယူပြီး ၎င်းမြေပြန့်ကို သေချာစွာ လေ့လာကြည့်ရှုပါသည်။ ကျားသားအမိသုံးကောင် အေးအေးလူလူ အိပ်စက် အနားယူနေကြသည်ကို တွေ့ရပါသည်။

ကျားလေးနှစ်ကောင်မှာ အယ်ဇေးရှင်းခွေးကြီးခန့်ရှိပြီး တစ်ကောင်က ခေါင်းထောင်၍ ဦးဘိုးစကို ကျောပေးပြီး ကြည့်နေပါသည်။

ဦးဘိုးစသည် ကျားမကြီးကို ပစ်ရန် မောင်းတင်ထားပြီး သော့ပိတ်ထားသည့် မောင်းထိန်းခလုတ်ကို ရှေ့သို့ လက်မဖြင့်တွန်းပြီး ချိန်လိုက်ပါသည်။

ကိုက်ငါးဆယ်ခန့်ကျော်ကျော်ရှိ ကျားမကြီးကိုပစ်ရန် ချိန်ပြီးကာမှ ဦးဘိုးစသည် မိမိတို့မိသားစု တစ်ကွဲတစ်ပြားဖြစ်နေရသည်ကို သတိရပြီး မပစ်တော့ရန် ဆုံးဖြတ်ကာ သေနတ်မောင်းထိန်းခလုတ်ကို နောက်သို့ ပြန်ဆွဲချလိုက်ပါသည်။

အကာအကွယ်ယူထားသည့် ကျောက်တုံး၏ နောက်ရှိ ဆယ်ပေခန့်ကွာသည့် သစ်ပင်တစ်ပင်ကို ခပ်မြန်မြန်ပြေးကပ်လိုက်ပါသည်။

ကျားများကို သစ်ပင်အကွယ်က ကြည့်လိုက်ရာ မအိပ်သည့် အကောင်သည် သူပုန်းကွယ်နေခဲ့သည့် ကျောက်တုံးကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ဦးဘိုးစကို မြင်သွားပုံရပါသည်။

ဦးဘိုးစသည် လာလမ်းအတိုင်း ကိုက်သုံးဆယ်ခန့်ကို ခပ်မြန်မြန် အမော့တက်, တက်သွားပါသည်။

နောက်သို့ပြန်ကြည့်လိုက်ရာ ကျားမကြီးသည် သူပုန်းခဲ့သည့် ကျောက်တုံးကြီးပေါ်မှ ခုန်ဆင်းပြီး သစ်ပင်နားသို့ ရောက်လာပါသည်။

ဘယ်ဘက် ကိုက်လေးဆယ်ခန့် ဆင်းလိုက်လျှင် ရေရွှင်ချောင်းသို့ ရောက်မည်ဖြစ်သဖြင့် ခပ်မြန်မြန်သုတ်ခြေတင်ပါတော့သည်။

ရေရွှင်ချောင်းသို့ ရောက်သည့်အခါ မနားတော့ဘဲ အမြန်ပင် ဖြတ်ကူးလိုက်ပါသည်။ ကူးလို့ ရေလယ်အရောက်တွင် သူ မမြင်ခဲ့ရသည့် ကျားထီးကြီးသည် ချောင်းစပ်သို့ ရောက်နေသဖြင့် တစ်ဖက်ကမ်းသို့ရောက်ရန် အမြန်ကူးရပါသည်။ တစ်ဖက်ကမ်းသို့ အရောက်တွင် ဦးဘိုးစသည် နောက်သို့ပြန်ကြည့်လိုက်ရာ ခေါင်းနပန်းပင် ကြီးသွားပါသည်။

မလွှဲရှောင်သာတော့သဖြင့် မိမိကိုယ်ကို ကာကွယ်ရန် ကျားထီးကြီးအား ဦးခေါင်းသို့ချိန်ပြီး ဆယ်ကိုက်ခန့်အကွာမှ ပစ်ချလိုက်ရာ ရေထဲတွင် ပေါလောဖြစ်သွားပါသည်။

မရှေးမနှောင်းမှာပင် ကျားငယ်လေးတစ်ကောင်သည် တစ်ဘက်ကမ်းစပ်မှ ဦးဘိုးစရှိရာသို့ ဦးတည်ပြီးကူးလာပြန်ပါသည်။ သေနတ်ကို မြန်မြန်မောင်းတင်ပြီး ရေလယ်အရောက် ဆယ်ကိုက်ခန့်အကွာမှ ဦးခေါင်းကိုချိန်ပြီး ပစ်လိုက်ရာ ကျားလေးသည်လည်း လှုပ်ရှားမှုမရှိတော့ဘဲ ငြိမ်ကျသွားပါသည်။

ကျားလေးကိုပစ်ပြီး တစ်ဖက်ကမ်းသို့ကြည့်လိုက်ရာ ကျားမကြီးသည် ဦးဘိုးစအား သားနှင့် လင်ဇောကြောင့် ကလဲ့စားချေ တိုက်ခိုက်သတ်ဖြတ်ရန် အမြန်ကူးလာသည်ကို တွေ့လိုက်ရပါသည်။

ဦးဘိုးစသည် ဆယ်ကိုက်ခန့်အကွာမှ ကျားမကြီးကိုချိန်ပြီး ပစ်လိုက်ရာ ကျားမကြီးမှာ တစ်ချက်တည်းနှင့် ဇီဝိန်ချုပ်သွားပြန်ပါသည်။

ဦးဘိုးစသည် တစ်မိနစ်ခန့်အတွင်းမှာပင် ကျားသုံးကောင်ကို ပစ်ခတ်နှိမ်နင်းလိုက်ရသဖြင့် အတော်ပင် စိတ်မောလူမောဖြစ်ကာ ဇောချွေးများပင် ပြန်လာပါသည်။

ကျားလေးတစ်ကောင် ကျန်သေးသည်ကို သိရှိနေ သော်လည်း ချောင်းကိုဖြတ်ပြီးမှ သူ့ထံ ရောက်ရှိနိုင်မည်ဖြစ်ပြီး ကျားမှာလည်း မကြီးလှသဖြင့် စိတ်မပူတော့ပါ။

သို့သော်လည်း ကျားလေးသည် မုဆိုးအတတ်ကို သူ့မိဘများထံမှ အကုန်အစင် တတ်မြောက်ခြင်းမရှိသေးဟု ယူဆကာ သူ့အတွက် စိတ်ပူမိပြန်ပါသည်။ တောတွင်းတိရစ္ဆာန်များ၏ သဘာဝအရ မြက်စားသည့် သတ္တဝါများသည် မိခင်ထံမှ နို့ဖြတ်ပါက သူတို့သည် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အစာကိုရှာပြီး စားတတ်ကြပါသည်။

တောထဲတွင် သူတို့၏ အစားအစာများသည် ရာသီအလိုက် အလျှံအပယ် ရှိနေကြပါသည်။

ကျားကဲ့သို့သော အသားစားသည့် သတ္တဝါများမှာ တောထဲတွင် အသက်ရှင်ရပ်တည်နိုင်ရန် အမဲလိုက်နိုင်ဖို့လိုပါသည်။ ထိုကဲ့သို့ အမဲလိုက်နိုင်ရန် ခွန်အား၊ ကျွမ်းကျင်မှုနှင့် လျင်မြန်ဖျတ်လတ်မှု လိုပါသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ အစာများမှာ အသက်ဘေးမှ လွတ်ရန် ခုန်ပေါက်ပြေးလွှားနေကြသည့် မြက်စားသတ္တဝါများ ဖြစ်နေကြသောကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် အကယ်၍ ကျားကလေး လိုက်လာပါ ကလည်း သူ၏ဘဝကို မေတ္တာထားပြီး ချုပ်ငြိမ်းပေးရန် စောင့်ဆိုင်းနေလိုက်ပါသည်။

ဆယ်မိနစ်ခန့်စောင့်ပြီးမှ ကျားလေး ပေါ်မလာသဖြင့် ဦးဘိုးစသည် ရေရွှင်ချောင်းမှ ရေကို တစ်ဝကြီးသောက်၊ မျက်နှာသစ်၊ ခြေလက်များ ဆေးကြောသန့်စင်ပြီး ညောင်ကျိုးစခန်းသို့ ပြန်ခဲ့ပါသည်။

လမ်းသွားရင်းဦးဘိုးစ စဉ်းစားမိသည်မှာ သူသည် ကျားသားအမိကို ကိုယ်ချင်းစာပြီး မပစ်ခဲ့သဖြင့် သူ၏အသက်ချမ်းသာရာရကြောင်း၊ အကယ်၍သာ ကျားလေးကောင်နှင့် တစ်ဦးတည်းသော မုဆိုးတို့သည် ဤမျှကျဉ်းမြောင်းလှသည့် နေရာတွင် တိုက်ပွဲဖြစ်ပါက လူမုဆိုးသည် ကျားစာဖြစ်သွားမည်မှာ သေချာကြောင်း သဘောပေါက်လိုက်ပါသည်။

ကျားတို့သဘာဝ တောထဲတွင် သားကောင်များနှင့် လူများကို လှုပ်ရှားမှသာ မြင်နိုင်ကြောင်း၊ မလှုပ်ရှားပါက သတိမထားသဖြင့် မမြင်သည်က များကြောင်း အတွေ့အကြုံအရ သိရှိနေပါသည်။ မြင်လျှင်လည်း မလှုပ်ရှားပါက အန္တရာယ် မပေးတတ်ကြပါ။

ထို့ကြောင့် ရိုးမကျားဆိုးကြီးကို ပစ်ခတ်နှိမ်နင်းလိုက်သည့် သူကြီး ဦးအေးမောင်သည် တောတွင်းလမ်းပေါ် တွင် ယင်းကျားဆိုးကြီးကို ကိုက်လေးဆယ်အကွာမှ ရင်ဆိုင်တွေ့လိုက်ရသော်လည်း ရုတ်တရက် ရန်မူခြင်း မရှိသဖြင့် လှုပ်ရှားမှု ဖြည်းညင်းစွာဖြင့်
သူ၏ လက်သုံးတော် ဒသမ သုံးရာခုနစ်ဆယ့်ငါး မက်ခနန်း ရိုင်ဖယ်ကြီးဖြင့် ပစ်ခတ်နှိမ်နင်းလိုက်ခြင်း ဖြစ်ပါသည်။

ဦးဘိုးစ၏ စာနာတတ်ပုံကိုသာ သိစေလိုသဖြင့် ဖော်ပြလိုပါသည်။

တစ်ခါက ဆင်ပစ်ရန်ဆင်အုပ်ထဲသို့ ဦးဘိုးစသည် ခြေသံလုံလုံဖြင့် လေအောက်မှနေပြီး ချဉ်းကပ်မိပါသည်။ အစွယ်အကြီးဆုံး ဆင်ကို ပစ်ရန် ရွေးချယ်လိုက်ရာတွင် အစွယ်သည် နှာမောင်းနီးပါးရှည်ပြီး အစာစားရာတွင် အခက်အခဲရှိနေသည့် ဆင်အိုကြီးတစ်ကောင်ကို တွေ့လိုက်ပါသည်။ ယင်း ဆင်အိုကြီးကို ပစ်ရန် ချိန်ရွယ်ပြီးမှ မပစ်တော့ဘဲ အခြားအစွယ်ကောင်းသည့် ဆင်ကြီးတစ်ကောင်ကိုပစ်ချလိုက်ပါသည်။

စခန်းသို့ရောက်လျှင် အလုပ်သမားများကို စုကာ ကျားသုံးကောင် ပစ်ခဲ့သည့် ရေရွှင်ချောင်းသို့ သွားပြီး ကျားများကိုဖျက်ရန်၊ ကျားရေခွံများ မပျက်စီးစေရန် မှာကြားပြီး စေလွှတ်လိုက်ပါသည်။

ထိုအချိန်မှစ,ပြီး ရေရွှင်ချောင်းကို ကျားသေချောင်းဟု အမည်ပြောင်းကာ ဒေသခံလူများက ခေါ်ဝေါ်သမုတ်လိုက်ကြပါတော့သည်။

လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း
အတွဲ ၅၊ အမှတ် ၃
ဒီဇင်ဘာ၊ ၂၀၀၁

– ပြီး –

စာရေးသူ – ဗိုလ်လုံ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0