ဟမ်စိုင်း (ဆေး-မန်း)
ကျုပ်လို လူကြမ်းရုပ်ပေါက်နေတဲ့ မြွေဖမ်းသမားက အိမ်မြှောင်လေးတွေကို ကြောက်နေတယ်ဆိုရင် ခင်ဗျား အနေနဲ့ အံ့သြသွားမှာ အမှန်ပဲ။ ကျုပ်ကလည်း ကျုပ်ပဲ။ အဆိပ်ပြင်းတဲ့ မြွေပွေး၊ မြွေဟောက်တွေကိုတော့ ဖမ်းရဲကိုင်ရဲနေပြီး အိမ်မြှောင်ဆိုရင် အကောင်မပြောနဲ့ အိမ်မြှောင်စုတ်ထိုးသံ ကြားရရင်ကို ကြောက်နေတာ။ ဘာလို့ ကြောက်နေတာလဲလို့ မေးရင် ကျုပ်မှာ အဖြေမရှိဘူး။ ကြောက်ချင်လို့ကို ကြောက်နေတာ။ မွေးရာပါ ရောဂါထင်ပါရဲ့။ အိမ်မြှောင်ကိုမြင်ရင် အိမ်မြှောင်စုတ်ထိုးသံကြားရရင် ကျုပ်ရင်ထဲမှာ အော်ဂလီဆန်သလိုလို၊ အသက်ရှူကြပ်သလိုလို ဖြစ်လာပြီး နေစရာကို မရှိတော့ဘူး။ အိမ်မြှောင်ကိုမြင်ရင်မျက်စိ လွှဲလိုက်ရမှ၊ အိမ်မြှောင်စုတ်ထိုးသံကြားရင် နားနှစ်ဘက်ကို ပိတ်လိုက်ရမှ နေသာသလို ရှိတာ။ ဘ၀ဆိုတာ ဆန်းတော့ဆန်းသားဗျ။ အဲဒီ ကျုပ်အကြောက်ဆုံးလို့ ပြောတဲ့ အိမ်မြှောင်တစ်ကောင်ကြောင့်ပဲ ကျုပ်ဘ၀က တစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ရတယ်ဆိုရင် ခင်ဗျား ယုံပါ့မလား။
########################
မြွေတောင်ပို့ အရှေ့က ပြာတွေပေါ်မှာ မြွေတစ်ကောင်ဖြတ်သွားတဲ့ ခပ်ဖြောင့်ဖြောင့် အစင်းရာကိုတွေ့တော့ ကျုပ်နဲ့ကိုလှငွေ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ပြီး အားရပါးရ ပြုံးမိကြတယ်။ မနေ့ညနေ တောထဲကအ ပြန် ဒီတောင်ပို့ကို ကျုပ်နဲ့ကိုလှငွေ တွေ့တယ်။ တောင်ပို့ထဲ မြွေရှိ၊ မရှိ သိချင်တာနဲ့ တောင်ပို့အရှေ့မှာ ပြာမှုန့်တွေ ဖြူးထားခဲ့တာ။ ဒီအတိုင်းဆို တောင်ပို့ထဲမှာ မြွေရှိတာ သေချာသွားပြီ။ ကျုပ်ရဲ့အတွေ့အကြုံအရ ဒီမြွေက လင်းမြွေ ဖြစ်ဖို့ များတယ်။ တခြားမြွေပွေးတို့ မြွေဟောက်တို့ရဲ့ အစင်းရာက တွန်လိမ်ကောက်ကွေးနေတာ။
“ငါ တူးလိုက်တော့မယ်နော်”
ကိုလှငွေက ပြောပြောဆိုဆို တောင်ပို့အောက်ခြေကို တူးရွင်းနဲ့ စတူးတယ်။ ကျုပ်ကတော့ တောင်ပို့နားမှာ တခြားထွက်ပေါက်တွေ ရှိ မရှိ လိုက်ကြည့်နေမိတယ်။
“တွေ့ပြီကွ။ နည်းတာကြီး မဟုတ်ဘူး”
တူးတာမှ မကြာသေးဘူး။ကိုလှငွေရဲ့ ၀မ်းသာအားရ အသံကို ကြားလိုက်ရတယ်။ တွင်းထဲမှာ ခွေနေတဲ့ လင်း မြွေကြီးက လျှာထုတ်လိုက်သွင်းလိုက်လုပ်ပြီး ကျုပ်နဲ့ကိုလှငွေကို ကြည့်နေတယ်။ ကျုပ်က မြွေခေါင်းကို ဖိကိုင်ပြီး ဆွဲထုတ်လိုက်တော့ မြွေကြီးက ကျုပ်လက်ကို ရစ်ပတ်ပြီး ပါလာတယ်။ ကိုလှငွေ အသင့်ဖွင့်ပေးထားတဲ့ ပခြုပ်ထဲ မြွေကို ထည့်လိုက်ပြီး အောင်ပွဲရတဲ့ပုံစံနဲ့ ကျုပ်နဲ့ကိုလှငွေ ပြုံးမိကြပြန်တယ်။
တောင်ပို့နားက ညောင်ပင်ရိပ်အောက် ၀င်နားရင်း ကျုပ်ခါးပိုက်ထဲ အသင့်ထည့်လာတဲ့ ကွမ်းရာကို ယူဝါး လိုက်တယ်။ ကိုလှငွေကတော့ ဆေးကြမ်းလိပ်ကို ရှိုက်ဖွာနေတယ်။ ကျုပ်နဲ့ကိုလှငွေ အတွဲညီညီမြွေဖမ်းလာတာ ဆယ်နှစ်ပြည့်တော့မယ်။ ဒီတော တစ်ဝိုက်က မြွေပွေး၊ မြွေဟောက်နဲ့ လင်းမြွေတွေ ကျုပ်တို့နှစ်ယောက် လက်ချက်နဲ့ နိုင်ငံခြားရောက်သွားတာ မနည်းတော့ဘူး။ နိုင်ငံခြားဆိုတာ တရုတ်ပြည်ကိုပြောတာ။ ကျုပ်တို့ ဖမ်းလို့ရသမျှမြွေအား လုံးကို မန္တလေးက တရုတ်ဗမာကပြား ပေါက်ဖော်ကြီးက လာ၀ယ်တယ်။ တရုတ်ပြည်ကို ပြန်ရောင်းတယ်လို့ ပြော တာပဲ။ အသက်သုံးဆယ်အထိ ကျုပ်တို့နှစ်ယောက်က မြွေဖမ်းသမား မဟုတ်ကြပါဘူး။ သာမန်လက်လုပ် လက်စား လယ်ကူလီလေးတွေပါ။ ပေါက်ဖော်ကြီးက ရွာပတ်လည်လာပြီး မြွေတွေကို စျေးကောင်းပေး၀ယ်တာက စလို့ ကျုပ်တို့နှစ်ယောက် မြွေဖမ်းသမားဘ၀ ရောက်ခဲ့ကြတယ်။ အလုပ်အကိုင် အဆင်မပြေတာလည်း ပါတာပေါ့ဗျာ။ စဖမ်း ခါစကတော့ အဆိပ်မရှိတဲ့ လင်းမြွေကိုပဲ ရှာဖမ်းတာ။ တဖြည်းဖြည်း မြွေဖမ်းတဲ့ အတွေ့အကြုံများလာတော့ မြွေပွေး နဲ့ မြွေဟောက်တွေကို ဖမ်းရဲသွားတာပဲ။ ကျုပ်နဲ့ကိုလှငွေက တဲချင်းကပ်လျက်။ ရွာထဲမှာ ဝိုင်း၀ယ်ပြီးမနေနိုင်လို့ ရွာ အနောက်ဘက်တောစပ်မှာ တဲထိုးပြီးနေကြတာ။ ကျုပ်ကအိမ်ထောင်သည်။ ကိုလှငွေက မုဆိုးဖို။
“ဘခင်။နောက်ထပ် မြွေဆက်ရှာဦးမလား”
ဆေးလိပ်ငွေ့တွေ လေထဲမှုတ်ထုတ်ရင်း ပြောလိုက်တဲ့ ကိုလှငွေရဲ့စကားကြောင့် အတိတ်ကိုတွေးနေတဲ့ ကျုပ်ရဲ့အတွေးစ ပြတ်တောက်သွားရတယ်။ ကိုလှငွေကို စကားပြန်ပြောဖို့ ကျုပ်ပါးစပ်ထဲပြည့်နှက်နေတဲ့ ကွမ်းသွေးတွေကို ထွေးထုတ်လိုက်တယ်။
“မစန်းပွင့်အတွက် မြွေပွေးတစ်ကောင်တော့ ရအောင် ရှာလိုက်ဦးမယ်ကွာ”
“သူ့ရောဂါ ပျောက်၊ မပျောက်တော့ မသိဘူးကွာ။ မြွေပွေးကို စျေးကောင်းပေးပြီး ၀ယ်တာတော့ သဘောကျတယ်ကွာ..။ ဟေး…ဟေး…”
မစန်းပွင့်ဆိုတာ ရွာအရှေ့ပိုင်းမှာနေတဲ့ သူဌေးမကြီးပါ။ အမှန်ဆို မစန်းပွင့်နဲ့ ကျုပ်တို့က ပတ်သက်စရာ ဘာအကြောင်းမှ မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ခြောက်လကျော်ကျော်လောက်က မစန်းပွင့် ဆေးရုံတက်ရတယ်။ ရင်သားကင်ဆာဖြစ်လို့ ညာဘက်ရင်သားဖြတ်ခဲ့ရပြီး တစ်လတစ်ခါ ဆေးရုံကို ဓာတ်သွားကင်နေရတယ်လို့ သတင်း သဲ့သဲ့ကြားပြီး သိပ်မကြာဘူး။ မစန်းပွင့်က ကျုပ်တို့တဲဆီရောက်လာတယ်။ မြွေပွေးသည်းခြေက ရင်သားကင်ဆာပျောက်တယ်လို့ မစန်းပွင့်ကို ဘယ်သူကပြောလိုက်သလဲ မသိဘူး။ ကျုပ်တို့ရသမျှ မြွေပွေးသည်းခြေတွေကို ပေါက်ဖော်ကြီးထက် စျေးနှစ်ဆပေးပြီး၀ယ်စားတယ်။ မြွေ၀ယ်နေကျ ပေါက်ဖော်ကြီးကတောင် “နင်တို့ ငါ့ကို မြွေပွေးမ ရောင်းတာ ကြာပြီနော်။ တခြားလူကို ရောင်းနေတာလား”လို့ မေးရတဲ့အထိပဲ။
တောထဲကို ကျုပ်တို့နှစ်ယောက် ငါးနာရီလောက် ခြေတိုအောင် လျှောက်ရှာတာတောင် မြွေတစ်ကောင် ထပ်မတွေ့တော့ဘူး။ နေ၀င်ခါနီးတော့ ကျုပ်တို့ နှစ်ယောက် တောထဲကနေ ပြန်လာခဲ့ကြတယ်။`ကံနဲ့လူ မပူနဲ့´ ဆိုသလိုပဲ အိမ်အပြန်လမ်းတောစပ်က ထန်းပင်အောက်ခြေရင်းမြေကြီးပေါ်မှာ ပွင့်အာနေတဲ့ မှိုတွေပေါက်နေတာကို တွေ့လိုက်ရတယ်။
“ဟာ…ပွတာပဲဟေ့”
မှိုတွေကိုမြင်တော့ ၀မ်းသာအားရ နဲ့ပြေးခူးဖို့ ပြင်နေတဲ့ ကိုလှငွေကို ကျုပ်အမြန် လှမ်းဆွဲလိုက်ရတယ်။ ကိုလှငွေက `ဘာဖြစ်လို့လဲကွ`လို့ဒေါသတကြီးပြောတော့ မှိုတွေ အောက်မှာ လှုပ်နေတဲ့ မြွေမြီးကို ပြလိုက်တယ်။
“တော်သေးတာပေါ့ကွာ။ မှိုတွေမြင်တာနဲ့ ၀မ်းသာပြီး သတိတစ်ချက်လွတ်သွားတာ”
မှိုတွေက ပွင့်အာနေပြီး ရွပိုးတွေ ထိုးနေပြီ။ အဲဒီရွပိုးလေးတွေက မြွေတွေရဲ့ အကြိုက်ဆုံးအစားအစာဆိုတာ ကို ကိုလှငွေ အပျော်လွန်ပြီးမေ့သွားပုံရတယ်။ ကျုပ်သာ ဆွဲမထားရင် ကိုလှငွေလက်ကို မြွေပေါက်ပြီးလောက်ပြီ။ မှိုတွေကို တုတ်နဲ့ရမ်းလိုက်တော့ မှိုတွေကြားက မြွေပွေးတစ်ကောင်ထွက်လာတယ်။ မြွေသည်းခြေပဲ ယူမှာဆိုတော့ အရှင်ဖမ်းရတာလောက် ဒုက္ခ မများပါဘူး။ နီးစပ်ရာ ခဲတစ်လုံးနဲ့ မြွေကို ကိစ္စချောပေးလိုက်တယ်။
##########################
“ကိုလှငွေ။ တော့အတွက်ပါ ထမင်းပိုချက်ထားတယ်။ ညစာ စားပြီးမှ ပြန်တော့”
ကျုပ်နဲ့ကိုလှငွေ တဲကိုပြန်ရောက်တော့ မိုးချုပ်နေပြီ။ ကျုပ်မိန်းမက ထမင်းစားပွဲပြင်ပြီး ကိုလှငွေကိုပါ ထမင်း အတူစားဖို့ ခေါ်တယ်။ ကျုပ်မိန်းမကို သဘောကျတဲ့ အချက်ထဲမှာ အဲဒါတွေ ပါတယ်။ တခြားလူတွေအပေါ်ကို နှ မြောတွန့်တိုခြင်း မရှိဘူး။ ကျုပ်တို့ အိမ်ပြန်ချိန် နောက်ကျတိုင်း ကိုလှငွေအတွက် ထမင်းနဲ့ဟင်း ပိုချက်ထားတယ်။ ဒီ အချိန်ကျမှ ကိုလှငွေ ထမင်းစချက်ရင် ညဉ့်သန်းခေါင်မှ စားရလိမ့်မယ်။ ကျုပ်မိန်းမက ကပ်စေးမနည်းသလို ကိုလှ ငွေကလည်း အလိုက်သိတယ်။ ရွာထဲ လာရောင်းတဲ့ ကုန်စိမ်းသည်တွေဆီက ဟင်းချက်စရာတွေ မကြာခဏ ၀ယ်ပေးတယ်။ တစ်ခါတလေ ကျုပ်နဲ့ကျုပ်မိန်းမအတွက် အ၀တ်စားတွေတောင် ၀ယ်ပေးတတ်သေးတယ်။ ကိုလှငွေက ကလေးမရှိတဲ့ မုဆိုးဖိုတစ်ကောင်ကြွက်ဆိုတော့ ကျုပ်တို့လင်မယားက သူ့အတွက် မိသားစုလို ဖြစ်နေတာ။
ကျုပ်မိန်းမက မှိုကန်စွန်းဟင်းကို ကျုပ်ထမင်းပန်းကန်ထဲ ထည့်ပေးမှ တောထဲက ကိစ္စကို သတိရသွား တယ်။
“တော်သေးတယ် မိန်းမရေ။ တောထဲမှာ ကိုလှငွေ မြွေကိုက်ခံရတော့မလို့”
ဟင်းထည့်ပေးနေတဲ့ ကျုပ်မိန်းမလက်တွေ လေထဲတင် ရပ်တန့်သွားတယ်။
“အမလေး။ ဘယ်လိုဖြစ်ရတာလဲ။ ကျုပ်ရင်တွေ ထိတ်လိုက်တာတော်”
“ဒီလို မ၀င်းရေ။ ငါက မှိုကျင်းကြီးမြင်တာနဲ့ ၀င်ခူးတော့မလို။ နင့်ယောက်ျားက မှိုတွေအောက်က မြွေမြီးမြင်ပြီး အချိန်မီ ဆွဲလိုက်လို့ တော်သေးတယ်”
“တော်သေးတာပေါ့တော်။ နောက်ဆို ဂရုစိုက်ကြပါတော်။ ရှင့်က ကိုလှငွေ အသက်ကယ်လိုက်။ ကိုလှငွေက ရှင့်အ သက်ကယ်လိုက်နဲ့ တော်တို့နှစ်ယောက်ကတော့ အဆင်ကိုပြေလို့”
လွန်ခဲ့တဲ့လေးနှစ်က မြွေဖမ်းရင်း ကျုပ်လက်ကို ပိုးထိတယ်။ နေရာတင် မူးလဲသွားတာ။ ကိုလှငွေက ကျုပ်ကို ကုန်းပိုးပြီး ရွာထဲအမြန်ပြန်လာ။ လှည်းငှါးပြီး တိုက်နယ်ဆေးရုံကို အမြန်ပို့လို့ ကျုပ် အသက်ချမ်းသာရာ ရခဲ့တာ။
“အေးပါ မိန်းမရာ။ ငါတို့နှစ်ယောက်က တစ်အူတုံဆင်း မဟုတ်ပေမယ့် ညီအစ်ကိုရင်းထက်တောင် ပိုချစ်ကြသေး တယ်။ ဒါနဲ့ ဒါကော ၀ယ်ပြီးပလားဟ”
ကျုပ်က ညာလက်မကို ပါးစပ်ထဲ တေ့ပြီးမေးတော့
“ညနေကတည်းက ၀ယ်ပြီးပါပြီတော့။ အမြည်းတွေလည်း လုပ်ထားတယ်”
“ဒါကြောင့် ငါ့မိန်းမကို ချစ်ရတာ”
ကျုပ်ကပြောပြောဆိုဆို ကျုပ်မိန်းမကို လှမ်းဖက်လိုက်တယ်။
“တော်..ဘယ်လိုဖြစ်နေလဲ။ ဟိုမှာ ကိုလှငွေ ရှိတယ်လေ”
“ဟား..ဟား…မုဆိုးဖိုကြီး နောက်မိန်းမယူချင်စိတ်ပေါက်အောင် ချစ်ပြတာပါကွာ”
ကိုလှငွေကတော့ မျက်နှာကြီးနီရဲလာပြီး ခေါင်းငုံ့လို့။ ကျုပ်နဲ့ကိုလှငွေက ညတိုင်းညတိုင်း အရက်အတူ သောက်တတ်ကြတယ်။ မူးပြီးဆူတာ မျိုးတော့ မရှိကြပါဘူး။ မူးလာတဲ့အခါ ဟိုအကြောင်း ဒီအကြောင်းပြောပြီး အိပ်ပျော်သွားကြတာ။ တစ်ခါတလေ ကိုလှငွေက အမူးလွန်ပြီး သူ့တဲမပြန်နိုင်ဘဲ ကျုပ်တို့တဲထဲပဲ အိပ်ဖြစ်တယ်။
#####################
“လှံထမ်းလာတာ မြင်ရ၊ ကံထမ်းလာတာ မမြင်ရ”ဆိုတဲ့ စကားက သိပ်မှန်တာပဲ။ ဒီမနက် ကျုပ်နဲ့ကိုလှငွေ တောင်ပို့တစ်ခု တူးကြတယ်။ တောင်ပို့ထဲက မြွေဟောက်နှစ်ကောင်အပြင် တစ်ပေပတ်လည်သေတ္တာတစ်လုံး ရ တယ်။ သေတ္တာထဲမှာ ရွေတုံး၊ ရွှေပြားတွေ အများကြီးပဲ။ ကျုပ်တို့နှစ်ယောက် ပျော်လွန်းလို့ ထခုန်မိကြတယ်။ ကျုပ်ရဲ့ရင်ခုန်သံကို ကျုပ်ပြန်ကြားနေရတဲ့အထိတောင် ရင်ခုန်ပြီးပျော်နေမိတယ်။ ကိုလှငွေက “ဟေ့ရောင်ဘခင် ငါတို့ ချမ်းသာပြီကွ၊ ဟေ့ရောင်ဘခင် ငါတို့ ချမ်းသာပြီကွ”လို့ တတွတ်တွတ် ရွတ်ပြီး ကခုန်နေတယ်။ သေတ္တာကို ပုဆိုးပိုနဲ့ ထုပ်ပြီး ကျုပ်တို့တဲကို အမြန် ပြန်လာခဲ့ကြတယ်။ ကျုပ်မိန်းမဆို ရွှေတုံးတွေကိုင်ပြီး “ကျုပ်တို့ သူဌေးဖြစ်ပြီ။ ကျုပ်တို့ချမ်းသာပြီ”လို့ အော်လိုက် ကွေးနေအောင် ထကလိုက်နဲ့ ပျာယာခတ်နေတယ်။ ကျုပ်ပါးကိုလည်း တရှုန်းရှုန်း လာနမ်းသေးတယ်။
“မိန်းမ။ ဒီသတင်းကို ရွာထဲ လျှောက်ပြောမနေနဲ့ဦးနော်။ အာဏာပိုင်တွေ ကြားသွားရင် လာသိမ်းနေဦးမယ်”
ကျုပ်တို့နေတာ ရွာအပြင်ဘက်ဆိုပေမယ့် ကျုပ်မိန်းမက ရွာထဲစျေး၀ယ်သွားရင်း သတင်းဖြန့်နေမှာစိုးလို့ သတိပေးရသေးတယ်။
“စိတ်ချပါတော်။ ဘယ်သူ့မှ မပြောပါဘူးတော့။ ဒါတွေကို ဘယ်လိုရောင်းကြမလဲ”
သေတ္တာထဲက ရွှေတွေကို ပွတ်သပ်ရင်း ကျုပ်မိန်းမက ကျုပ်ကိုမေးတယ်။ ကျုပ်မိန်းမမေးမှ ဒီရွှေတွေကို ဘယ်လို ထုခွဲရောင်းချရမလဲ ကျုပ်စဉ်းစားမိတယ်။ မန္တလေးမြို့က ပန်းထိမ်ဆိုင်မှာ ကျုပ်အသိ တစ်ယောက်ရှိတာပဲ။ ဟုတ်တယ်။ သူ့ကို အကူအညီ တောင်းရမယ်။
“ကိုလှငွေ။ မနက်ဖြန်ကျ ခင်ဗျားနဲ့ကျုပ် မန္တလေး တက်ပြီး တချို့တစ်၀က် သွားရောင်းရအောင်”
ကိုလှငွေက တစ်ခုခုကို အလေးအနက်စဉ်းစားနေတဲ့ပုံ ပေါ်တယ်။ ပြီးမှ ဖြည်းညင်းစွာ ခေါင်းညိတ်ပြတယ်။
“အေးကွာ။ ဒါတွေ စောစောရောင်းတော့ ငါတို့ မြွေဖမ်းသမားက မြန်မြန်၀ဋ်ကျွတ်တာပေါ့”
ကျုပ်တို့ စကားပြောနေတုန်း မစန်းပွင့်က ဆိုင်ကယ်စီးပြီး ကျုပ်တို့ တဲအရှေ့ရောက်လာတယ်။ ကျုပ်မိန်းမက သေတ္တာကို စောင်ပုံအောက် အမြန်ထိုးထည့်လိုက်တယ်။
“လာသာ လာရတယ်။ နင်တို့မှ ရှိပါ့မလားလို့”
မစန်းပွင့်က တဲခြေရင်းထန်းငုတ်ပေါ်တင်ထားတဲ့ ရေအိုးထဲက ရေခပ်သောက်ရင်း စကားကို ခဏရပ်တယ်။
“ငါ့ရင်သားတစ်ဘက် နာနေလို့ဟယ်။ မြွေပွေးသည်းခြေ တစ်ခုလောက် ဒီနေ့ရအောင်ရှာပေးပါဦး”
“ဟုတ်ကဲ့အစ်မ။ ဒီညနေ ရှာပြီး လာပို့ပါ့မယ်။ လာ ထိုင်ပါဦးလားအစ်မ”
“ကျေးဇူးပါဟယ်။မထိုင်တော့ဘူး။ ငါ အလုပ်ရှိသေးလို့ ပြန်ဦးမယ်”
မစန်းပွင့် ပြန်သွားတော့ ကျုပ်မိန်းမက ကျုပ်ကို ပြစ်တင်စကား ဆိုတယ်။
“တော်ကလည်းတော်။ ရွှေတွေရှိနေပြီပဲ။ အန္တရာယ်များတဲ့အလုပ်ကို ဆက်လုပ်ဦးမလို့လား”
“ဒီလိုလည်း မဟုတ်ဘူးလေကွာ။ မစန်းပွင့်က မြွေပွေးသည်းခြေစားရမှ သူ့ရောဂါ သက်သာတယ်ထင်တာ။ နောက်ပြီး ငါတို့အဆင်မပြေခင်က မြွေပွေးသည်းခြေတွေကို အဆမတန် ပေး၀ယ်ခဲ့တဲ့ ကျေးဇူးကရှိသေးတယ်လေ။ဒီတစ်ခါတော့ နောက်ဆုံးအနေနဲ့ ဖမ်းပေးလိုက်မယ်ကွာ”
#######################
မွန်းတည့်ပြီးတာနဲ့ တောထဲသွားဖို့ ကိုလှငွေ တဲဘက် ကျုပ်ထွက်လာခဲ့တယ်။ ကိုလှငွေက ကွပ်ပျစ်ပေါ်မှာ စောင်ခြုံပြီး အိပ်နေတယ်။ ကိုလှငွေ နဖူးကို စမ်းကြည့်တော့ ကိုယ်တွေ ပူနေတယ်။
“ကို လှငွေ။ နေမကောင်းဘူးလား”
“အေးကွာ။ ချမ်စိမ့်စိမ့်နဲ့ ငှက်ဖျားပြန်ထလာတာလား မသိဘူး။ အခိုးပွင့်ဆေးတော့ သောက်ထားတယ်”
“ဟာ..အဲဒါဆို တောထဲ လိုက်မနေနဲ့တော့လေ။ကျုပ်တစ်ယောက်တည်းပဲ သွားလိုက်မယ်”
“အေးပါကွာ။ ငါ သက်သာရင် အနောက်ကနေ လိုက်လာခဲ့မယ်”
“ရတယ်။ မလိုက်ခဲ့နဲ့။ နားနားနေနေ နေပါ။ အသေပဲဖမ်းရမှာဆိုတော့ ကျုပ်တစ်ယောက်တည်း သွားလည်းရတယ်”
နေ့ခင်းအရမ်းပူနေတဲ့ အချိန်ဆိုတော့ စမ်းချောင်းဘေးမှာပဲ မြွေရှာဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်ဆို မြွေတွေက ရေသောက်ဆင်းတတ်တယ်။
ကျုပ်ရဲ့ ကံဇာတာ က အမြင့်ပိုင်းရောက်နေလို့ထင်တယ်။ စမ်းချောင်းဘေးမှာ တစ်နာရီလောက် လိုက်ရှာတော့ ရေလာသောက်တဲ့ မြွေပွေးတစ်ကောင်ကို တွေ့တယ်။ အရင်ဆို မြွေပွေး တစ်ကောင်ရဖို့ တစ်နေကုန်ရှာရတာလေ။ မြွေပွေးကို လေးခွနဲ့ပဲ မြန်မြန်ပစ်သတ်လိုက်တယ်။
ရွှေတွေရောင်ပြီး သူဌေးကြီးဖြစ်တော့မယ်ဆိုတဲ့ ကျုပ်ရဲ့အတွေးတွေနဲ့အတူ တဲကို ပြန်လာတဲ့ ကျုပ်ခြေလှမ်းတွေက လွတ်လပ်ပေါ့ပါးနေတယ်။ တဲကို ပြန်ရောက်တော့ ကျုပ်မိန်းမက တဲထဲမှာ မရှိဘူး။ ရွာထဲ သွားနေတာထင်တယ်။ တော်တော် ခက်တဲ့မိန်းမ။ ရွှေတွေ ရှိနေတာကို ဟိုသွား ဒီသွား လုပ်နေတယ်။ တဲခေါင်းမိုးက သော့ကိုယူပြီး သံသေတ္တာကို အမြန်ဖွင့်ကြည့်ရတယ်။ ရွှေတွေထုပ်ထားတဲ့ ပုဆိုးထုပ်ကိုမြင်မှ သော့ပြန်ခတ်ပြီး ကျုပ် သက်ပြင်းချ နိုင်တော့တယ်။
ကိုလှငွေသက်သာလား မေးဖို့ ကိုလှငွေရဲ့ တဲဘက် ကျုပ် ထွက်လာမိတယ်။ ဒီနေ့မှ ပတ်၀န်းကျင်က ပိုပြီး တိတ်ဆိတ် နေသလိုပဲ။ ကိုလှငွေတဲထဲက စကားသံသဲ့သဲ့ ကြားရလို့ နားစိုက်ထောင်မိတယ်။
“မ၀င်းနဲ့ ဒီလို အမြဲနေချင်ပြီ”
“ခစ်ခစ် ။အခုလည်း အမြဲနေနေတာ မဟုတ်လို့လား။ သိပ်ကဲမနေနဲ့ တော်ကြာ ကိုဘခင် ပြန်လာတော့မှာ”
“စိတ်ပူမနေနဲ့။ မြွေပွေးတစ်ကောင်ရဖို့ မိုးချုပ်တဲ့အထိ ရှာရမှာ။ တောထဲ မြွေကိုက်ပြီး သေသွားလည်း အေးတာပဲ”
တဲကိုကာထားတဲ့ ထန်းရွက်ခြောက်အပေါက်ကြားကနေ ကျုပ်လှမ်းကြည့်လိုက်တော့ သင်းတို့က တော်သ လင်းဇာတ်ခင်းနေကြတယ်။ ကျုပ်တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာပြီး နှလုံးခုန်နှုန်းတွေ မြန်လာတယ်။ တောက်၊ သင်းတို့နှစ်ယောက်ကို ကျုပ်လက်နဲ့ သတ်ရမှ ကျေနပ်မယ်။ ကျုပ်ခါးကြားက ဓားမြှောင်ကို ဆွဲထုတ်ပြီး တဲထဲ၀င်ဖို့ ပြင်လိုက်တယ်။
“ကျွတ်…….ကျွတ်….ကျွတ်….ကျွတ်..”
“ကျွတ်…….ကျွတ်….ကျွတ်….ကျွတ်..”
တဲအ၀င်၀ တံခါးပေါ်က အိမ်မြှောင်စုတ်ထိုးသံကြောင့် တဲထဲ၀င်ဖို့ လှမ်းနေတဲ့ ကျုပ်ခြေလှမ်းတွေ ရပ်တန့် သွားတယ်။ ဒေါသထွက်လို့ မြန်နေတဲ့ ကျုပ်ရဲ့နှလုံးခုန်နှုန်းတွေက အိမ်မြှောင်ကိုမြင်ပြီး ပိုမြန်လာတယ်။ အနောက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်မိတယ်။ ထွက်နေတဲ့ ဒေါသတွေတောင် ဘယ်ရောက်သွားမှန်းမသိဘူး။ တဲထဲက တော်သလင်းနှစ်ကောင်ရဲ့ စကားသံတွေက ထွက်ပေါ်လာပြန်တယ်။
“ဒါနဲ့ ကျုပ်တို့ အစီအစဉ် အောင်မြင်ပါ့မလား။ ကျုပ်ကြောက်တယ်တော့”
“စိတ်ချပါ မ၀င်းရာ။ ပစ္စည်းတွေရောင်းပြီးချမ်းသာမှ သတ်ရင် လူတွေက သံသယ၀င်လိမ့်မယ်။ ဒီည ဘခင် အိပ်ပျော်တာနဲ့ မနက်ကဖမ်းလာတဲ့ မြွေဟောက်နှစ်ကောင် သူ့အင်္ကျီထဲ ထည့်ပေးလိုက်မယ်။ မနက်မှ ပိုးထိလို့ ဆုံးပြီလို့ သတင်းလွှင့်လိုက်ရုံပဲ။ ပြီးမှ မ၀င်းနဲ့ကျုပ် ရွှေတွေရောင်ပြီး ပျော်ပါးကြတာပေါ့။ အခုတော့ အားရပါးရ ချစ်ကြစို့”
“ခစ်ခစ်။တော် သဘောအတိုင်းပါပဲ ရှင်”
ဘုရား။ ဘုရား။ ခွေးဇာတ်ခင်းတာ အားမရတဲ့အပြင် ကျုပ်ကို သတ်ပစ်ဖို့အထိ ကြိုးစားနေကြပါလား။ သူ့အ သက် ကယ်ဖူးတဲ့ကျေးဇူးနဲ့ အတူနေခဲ့ဖူးတဲ့ သံယောဇဉ်ကိုမှ မထောက်။ သင်းတို့ကို သတ်ပစ်မှအေးမှာပါ။ တဲထဲ၀င်ဖို့ ကျုပ်ခြေထောက်ကို လှမ်းလိုက်တယ်။
“ကျွတ်…….ကျွတ်….ကျွတ်….ကျွတ်..”
“ကျွတ်…….ကျွတ်….ကျွတ်….ကျွတ်..”
တဲအ၀င်၀ တံခါးပေါ်က အိမ်မြှောင်စုတ်ထိုးသံက ထွက်ပေါ်လာပြန်တယ်။ ကျုပ်နှလုံးခုန်သံတွေ မြန်လာ ပြန်တယ်။ အိမ်မြှောင်က တံခါးပေါ်ကနေ ကျုပ်ရဲ့အရှေ့ကမြေကြီးပေါ် ဖုတ်ခနဲ ပြုတ်ကျလာတယ်။ တဲထဲလှမ်းမလို့ ပြင်နေတဲ့ ကျုပ်ရဲ့ခြေလှမ်းက အလိုလို အနောက်ကို အမြန်ပြန်ဆုတ်မိတယ်။ အိမ်မြှောင်က ကျုပ်ရှိရာကို ပြေးလာ တယ်။ ကျုပ်ရဲ့ နှလုံးခုန်သံတွေက တဒုတ်ဒုတ်မြည်လာပြီး ကျုပ်ရဲ့ရင်ဘတ်ထဲ တင်းကြပ်ကြပ်ကြီး ဖြစ်လာပြန်တယ်။ ကျုပ်တစ်ကိုယ်လုံး ချွေးစေးတွေပြန်လာပြီး အာခေါင်က ခြောက်သွေ့လာတယ်။ ဒီ့ပြင်အချိန်ဆိုရင်တော့ ကျုပ်ပါးစပ်က လွှတ်ခနဲ အော်မိမှာပဲ။ ခုတော့ ကျုပ်၊ ကျုပ်အော်လိုက်လို့ မဖြစ်သေးဘူး။ ကြောက်ကြောက်နဲ့ပဲ ကျုပ်ရဲ့တဲဘက်ကို အမြန်ပြန်ပြေးလာမိတယ်။ တဲကိုပြန်ရောက်တော့ ရေတစ်ခွက် ခပ်မြန်မြန်ခပ်သောက်ပစ်မှပဲ နည်း နည်း နေသာထိုင်သာ ရှိသွားတော့တယ်။ ဒါပေမယ့် ဟိုနှစ်ကောင်၊ အဲဒီနှစ် ကောင်နဲ့ ဇာတ်လမ်းရှင်းရဦးမယ်။ သင်း တို့သေမှ အေးမှာ။ သင်းတို့သေရင်… အင်း… သင်းတို့ကို ကျုပ်သတ်လိုက်ရင် ကျုပ်က ထောင်ထဲ ၀င်ရမှာပေါ့။ ရာဇ ၀တ်ဘေး ပြေးမလွတ်ဘူးလို့ ပြောကြတယ်မို့လား။ ဟုတ်တယ်။ သင်းတို့ကို သတ်လို့မဖြစ်ဘူး။ ဟုတ်တယ်၊ မသတ် တော့ဘူး။ ကျုပ်သိပ်ချစ်တဲ့ မ၀င်းကိုရော၊ အင်း မလွမ်းလောက်ပါဘူးလေ။
သံသေတ္တာထဲက ရွှေထုပ်ကို ယူပြီး တဲအပြင်ကို ပြေးထွက်လာမိတယ်။ ကျုပ်ရဲ့ခြေလှမ်းတွေက ရန်ကုန် မန္တလေး ကားလမ်းမကြီးဆီကို ဦးတည်လို့…….။
######################
ကာလယန္တရားရဲ့ ရွေ့လျားမှုအောက်မှာ ကျုပ်ရဲ့အသက်လည်း တော်တော် ကြီးရင့်ခဲ့ပါပြီ။ ရွာကထွက်လာ ပြီးနောက်ပိုင်း ကျုပ်ရွာနဲ့ အင်မတန်ဝေးကွာတဲ့ အောက်ပြည်က မြို့လေးမှာ အခြေချခဲ့တယ်။ ဒီမြို့လေးမှာပဲ `အိမ်မြှောင်´ဆိုတဲ့ ကုန်စိမ်းပွဲရုံ တည်ထောင်ပြီး မြို့မျက်နှာဖုံး သူဌေးကြီးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ဒီမြို့သူ မြို့ သားအားလုံးကတော့ ကျုပ်ကို အလှူအတန်း ရက်ရောတဲ့ လူပျိုကြီးလို့ သိထားကြတယ်ဗျ။
အခုချိန်မှာ အိမ်မြှောင်တွေကို ကြောက်နေတုန်းပဲလားလို့ ခင်ဗျားက ကျုပ်ကို လာမေးရင် `ဟုတ်ကဲ့။ ကြောက်နေဆဲပဲ´လို့ ဖြေရပါမယ်။ ဒါပေမဲ့ အိမ်မြှောင်က ကျုပ်အကြောက်ဆုံးသတ္တဝါတော့ မဟုတ်တော့ပါဘူး။ ကျုပ်အကြောက်ဆုံးသတ္တဝါက စည်းစိမ်ဥစ္စာအတွက်၊ ကာမတဏှာအတွက် စိတ်ဖောက်ပြန် ပြောင်းလဲမြန်ပြီး နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ လရေးနှစ်ချောင်းငင် “လူ”…။
ဟမ်စိုင်း(ဆေး-မန်း)
ရွှေအမြုတေမဂ္ဂဇင်း။မေလ။၂၀၁၆