ပေကုန်းရွာ အလယ်ရှိ အိမ်ခြံဝင်းကြီးအတွင်း
လူများ ရှုပ်ယှက်ခတ်မျှ ဝင်ထွက် သွားလာနေကြသည်။
အိမ်ရှင်၏ သမီးမှာ စိတ်နောက်ပြီး အိမ်ရှိလူများကို
ပြဿနာမျိုးစုံ ရှာနေသဖြင့် ကောက်ကာငင်ကာ
ဖြစ်လာကာ သမီး၏ ရောဂါကုသနိုင်ရေးအတွက်
စဉ်းစားမရ စိတ်ဆင်းရဲ နေကြသည်။

တစ်ညလုံး တစ်မနက်လုံး ရောဂါဆိုးဝါးနေသဖြင့်
အနားသို့ မည်သူမှ မကပ်နိုင်ကြ၊ အော်ဟစ်
ဆဲဆိုလိုက်၊ သီချင်းဆိုလိုက်၊ ငိုလိုက်
ရယ်လိုက်ဖြစ်နေသည်။

အစာကျွေးလဲ မရ၊ အစားအစာထည့်သော
ပုဂံနှင့် ကောက်ပေါက်ကာသည်။
အိပ်ခန်းထဲမှ အပြင်လည်း မထွက်တော့၊
ထိုကဲ့သို့ ရောဂါဖောက်နေ၍ ထိုရောဂါမျိုး
ကုသနိုင်မည့် ဆရာစုံစမ်းသည်။
သတင်းအစအနမရ၊ နေ့ခင်းတစ်နာရီခန့်ရောက်တော့
တိုက်ဆိုင်စွာ ၊ ရွာထဲသို့ အောက်လမ်းဆရာလိုလို၊
ပယောဂဆရာလိုလို ၊ ရောက်လာကြောင်း
သတင်းရောက်လာသည်။

သတင်းကြားကြားချင်း သမီးဖြစ်သူအား
ကုသပေးရန် သွားရောက်ပင့်ဆောင်လေသည်။
ဆရာနှင့် တပည့်နှစ်ယောက်တို့ ပယောဂကုသရန်
အိမ်ကြီးသို့ လိုက်လာစဉ် စိတ်ဝင်စားကြသော
ရွာသားတို့လည်း နောက်ကလိုက်လာခဲ့ကြသည်။

ပင့်လာသော ဆရာလည်း အိမ်ဦးခန်း၌
အခန့်သား ထိုင်လိုက်သည်။

ထို့နောက် အိပ်ခန်းအတွင်းမှ တရုန်းရုန်း ပြုမှုလျက်
အော်လိုက်၊ ငိုလိုက်၊ ရယ်လိုက် လုပ်နေသော
ရောဂါသည် မိန်းကလေး၏ အသံကို
အတိုင်းသား ကြားနေရသည်။

“ကဲ …မိခင်နဲ့အတူ အမျိုးသမီးတစ်ယောက်
အခန်းတွင်းက မိန်းကလေးကို အပြင်ခေါ်ခဲ့ပါ “

မိခင်နှင့်အတူ အမျိုးသမီးတစ်ယောက်
အခန်းတွင်း ဝင်သွားသည်။

“သွား …မလိုက်ဘူး နင်တို့က ဘာမို့လို့
ငါ့ကို လာခေါ်ရတာလဲ ထွက်သွား …
ခု …ထွက်သွား “

“လာပါ …သ္မီးရယ် ၊ ဆရာခေါ်နေတယ် “

“ဘာသမီးရယ် …အခု အခန်းထဲကထွက်”

ဘယ်ကဲ့သို့မှ ချော့မော့ပြီး ခေါ်၍ မရ၊
သို့ကြောင့် လက်လျော့ပြီး အခန်းအပြင်သို့
ပြန်ထွက်လာခဲ့သည်။

“ထားလိုက် ဘယ်သူမှ မခေါ်နဲ့တော့
ကျုပ်ခေါ်ထုတ်မယ် “

အိပ်ဦးခန်းမှာ အခန့်သား ထိုင်နေသော
ဆရာက အမိန့်သံပါပါနဲ့ ပြောလိုက်ရာ
မိခင် ဖြစ်သူလည်း ၊ အခန်းထဲ သမီးကို
ထားခဲ့ကာ ဆရာကြီးဆိုသူ၏ တပည့်များ
ဘေးတွင် လာ၍ ထိုင်နေလိုက်သည်။

မိခင်နှင့် ဖခင်တို့လည်း သမီး၏
အခြေအနေဆိုးနေသည့်အတွက် စိတ်မကောင်းကြ။
စိတ်မချမ်းသာစွာနှင့် ဆရာကို အားကိုးတကြီး
ကြည့်နေမိသည်။ထိုအခါ ဆရာကြီးဆိုသူက
အမိန့်သံပါပါနှင့် သမားဂုဏ် ပြလေတော့သည်။

“ကိုင်း …ကောင်းကောင်းခေါ်လို့ မလိုက်တဲ့
မိန်းကလေးကို ဆိုင်ရာပိုင်ရာတို့က
ကြပ်မတ်ပြီး လူနာကို ငါ့ရှေ့ကို ခေါ်လာကြစမ်း …”

ထိုကဲ့သို့ အမိန့်သံပါပါအော်၍ ပြောလိုက်သော
စကားသံ အဆုံးတွင် အခန်းတွင်းမှ
မိန်းကလေးက ရိုသေကျိုးနွံစွာ
ဆရာရှေ့သို့ ထွက်လာပြီး ထိုင်လိုက်လေသည်။

မိခင်ဖြစါသူ ချော့မော့သွားခေါ်ရာ
အကြောက်အကန် ငြင်းဆန်ပြီး
အော်ဟစ်မောင်းထုတ်ခဲ့သော မိန်းကလေးမှာ
စောစောက သူဘာမှမလုပ်ခဲ့သည့်အလား
အေးဆေးစွာ ထွက်လာသည်ကို မြင်ပြီး
လာကြည့်ကြသော ရွာသားတို့
ဆရာကြီးကို အထင်ကြီးသွားကြသည်။

“တော်တော်စွမ်းတဲ့ဆရာပဲ အတင်းဆွဲခေါ်တာတောင်
မလိုက်တဲ့ မိန်းကလေးကို အမိန့်တစ်ချက်ပေးလိုက်တာနဲ့
ထွက်လာအောင် လုပ်နိုင်တယ်”

ထို့နောက် ဆရာကြီးက ရောက်လာကြသော
ရွာသားတို့ဘက်လှည့်၍ …

“လူကို ပြုစားနှောင့်ယှက်ပုံက အမျိုးမျိုးရှိတကွဲ့ ၊
ဘီလူး၊ သဘက်ဥပါတို့ အတိုက်အခိုက်လုပ်ခြင်းကို
တောသူ ပြုစားတယ်လို့ ခေါ်တယ် ၊တစ္ဆေ ပြိတ္တာ
တို့ကို ဘုတ်လို့ခေါ်ပြီး သရဲကို အစိမ်းအဝါးလို့
သတ်မှတ်ကြတယ်၊ တောသူ ပြုစားရင်မှိုင်းထိုငိးထိုင်း၊
တွေတွေဝေဝေနဲ့ မျက်တောင်မခတ်ဘဲ နေတတ်ကြတယ်

ဘုတ်အစိမ်းသရဲတို့ ဝင်ကပ်ခဲ့ရင် ၊
ဇက်လေးခြင်း ခေါင်းငိုက်စိုက်ကျနေပြီး
ဇက်လေးသလို ဖြစ်နေတတ်တယ်

စုန်းပြုစားရင်တော့ ဦးခေါင်းမငြိမ်မသက်နဲ့
ရယ်မော နေတတ်တယ်၊ နတ်လုပ်ထားရင်တော့
မျက်စေ့ကြည့်ပုံက ရဲရင့်တယ် ၊ တစ်ကိုယ်လုံး
တဆတ်ဆတ်တုန်နေတတ်တယ် ။

ကဲ …လာကြည့်တဲ့ ရွာသားတွေရော …ငါ့တပည့်တွေကော
ဒီမိန်းကလေးကို ဘယ်လိုမြင်ကြလဲ “

လာကြည့်ကြသော ရွာသားတို့က ဘာမှမပြော
ဆရာနှင့် ပါလာသော တပည့်တစ်ယောက်က

“မှန်ပါ ။ မိန်းကလေးက အရွယ်နဲ့မလိုက်အောင်
မျက်စေ့အကြည့်က ရဲတင်းတယ်
ကိုယ်ခန္ဓာကလည်း တဆတ်ဆတ်တုန်နေတယ်
ဆရာကြီး၊ ဒါကြောင့် နတ်စွဲ၊ နတ်ကိုင်ထားတာ
ဖြစ်နိုင်ပါတယ် ဆရာ”

“နတ်ကိုင်ထားတယ်ဆိုရင် ဘယ်လိုနတ်မျိုးလို့
ငါ့တပည့်တွေ ထင်လဲ “

“ပညာရှင် တစ်ယောက်က၊ နတ်စင်က နတ်နဲ့
တိုက်ထားတယ်လို့ တပည့်ထင်ပါတယ် ဆရာကြီး”

“အေး …ငါ့တပည့်တွေ တွေးတောထင်မြင်
ယူဆချက်က ဒက်ထိမှန်သကွဲ့ “

” နတ်နဲ့ တိုက်ထားတာ ဆိုပါလား “

“ဘယ်လို လူမျိုးက ဘာနဲ့ပဲ တိုက်ထားတိုက်ထား
ဆရာနဲ့ တွေ့မှတော့ ပျောက်ပြီလို့သာ မှတ်လိုက်တော့ “

“အားကိုးပါတယ် ဆရာကြီးရယ် “

ဆရာကြီးဆိုသူက ဆေးကုသရန် မလုပ်သေးဘဲ၊
ရွာသူရွာသားတွေ၊ အထင်ကြီး လာစေရန် သမားဂုဏ်ပြ
နေသည်။ ထို့နောက်တော့ အောက်လမ်းဆရာကြီးက
လူနာမိန်းကလေး၏ မိဘများဘက်သို့ လှည့်လိုက်ပြီး

“ဘယ်လိုလဲ လူနာမိန်းကလေးကို ဆေးကုသဖို့
ကျုပ်လက်ကို အပ်တယ် မဟုတ်လား “

“ဆရာရယ် အားကိုးပါတယ် သမီးလေးကိုသာ
ပျောက်အောင် ကုသပေးပါ။ ဆေးကုသခ
ထိုက်ထိုက်တန်တန် ပူဇော်ပါ့မယ် “

“ကောင်းပြီ …မိန်းကလေး ဆရာဆေးစီရင်စရာ ရှိသေးတယ်
အခန်းထဲမှာ ခဏသွားပြန်နေစမ်း “

အခန်းထဲမှာ ငြိမ်ငြိမ်လေးနေ မအော်နဲ့ မငိုနဲ့
သီချင်းလည်းမဆိုနဲ့၊ သွား …အခုထပြီး သွားတော့ “

မိန်းကလေးလည်း ရောဂါသည်တစ်ယောက်
မဟုတ်တော့သည့်သဖွယ် ဆရာခိုင်းသည့်အတိုင်း
ရိုသေကျိုးနွံစွာ ထသွားသည်။

ထိုကဲ့သို့ ဆရာ၏ အပြောအဆိုအောက်မှာ
သာမန်မိန်းခလေးသဖွယ် အမိန့်အားနာခံပြီးခိုင်းသည့်
အတိုင်း ပြုမူသည်ကို မြင်ကြရသော ရွာသားတို့နှင့်
မိဘနှစ်ပါးက ဆရာကို လုံးဝအထင်ကြီးသွားသည်။

“ဒီဆရာသာ ကုရင် ကျိန်းသေပျောက်လိမ့်မယ် “

“သိပ်တော်တာပဲ “

ချီးကျူးသံများ ထွက်လာသလို အားမလို အားမရ
ညည်းညူပြောဆိုသံများကိုလည်း ကြားရသည်။

“ငါတို့က မိန်းကလေးကို ပြုစားထားတဲ့နတ်နဲ့
ဒီဆရာ ဘယ်လိုပညာပြိုင်မှာလဲ ၊ ဆရာက
ဘယ်လိုနှိမ်နင်းကုသမှာလဲ …ကြည့်ချင်လို့လာတာ
ဆေးမကုသေးဘဲ အခန်းထဲ ပြန်ဝင်ခိုင်းလိုက်တယ်
အခန်းထဲမှာများ ဆရာကြီးဝင်သွားပြီး ဆေးကုမလို့လား”

“ဟာ …မင်းစကားကြီးကလဲ “

“ဆရာကြီးပြောတယ် မဟုတ်လား၊ ဆေးစီရင်စရာ
ရှိသေးလို့ ဆိုတယ်မဟုတ်လား၊ ဆေးစီရင်ပြီးရင်
ကုမှာပေါ့ “

“ငါတော့ စိတ်ဝင်စားတယ် ၊ မပြန်ဘဲ စောင့်ကြည့်
သွားရမယ်”

XXXX

ထိုအချိန်တွင် ကျောက်တစ်လုံးသိုက်ရှိရာ
တောင်ကျောသို့ ခရီးထွက်လာသော အထက်လမ်း
ဆရာကြီးနှင့် တပည့်တို့က ပေကုန်းရွာထဲ မဝင်ဘဲ
ပတ်၍ လာခဲ့ကြသည်။

ရွာအဝင်လမ်းဘေးတွင် ရွာဦးနတ်စင်ကြီးက
ညောင်ပင်ကြီးအောက်တွင် အခန့်သားရှိနေ၏။

နတ်စင်ရှေ့သို့ အရောက်တွင် ဆရာကြီးက
တစ်စုံတစ်ခုကို အာရုံပြုမိသွားသည့်အလား
ခဏမျှရပ်လိုက်သည်။

“မောင်အေး “

“ဟုတ်ကဲ့ အမိန့်ရှိပါ ဆရာကြီး “

“နတ်စင်ရှေ့ အရောက်မှာ မကောင်းတဲ့
အငွေ့အသက်ရတယ် နတ်စင်နား သွားစမ်း “

ဆရာကြီးခိုင်းသည့်အတိုင်း မောင်အေးလည်း
နတ်စင်အနီးသို့ သွားလိုက်သည်။

“မောင်အေး…နတ်စင်အောက်ကို မြင်သာသလောက်
ငုံ့ကြည့်စမ်း၊ မင်းခေါင်း နတ်စင်အောက် မရောက်စေနဲ့၊
စာရေးထားတာမျိုးတွေ တွေ့လား “

“တွေ့တယ် ဆရာကြီး …အင်းလိုလို စာလိုလို
မထင်မရှား ရေးထားသော တွေ့ပါတယ် ဆရာကြီး”

“ကဲ တွေ့တယ်ဆို ဒီကို အမြန်လာခဲ့ကွဲ့ “

“ဆရာကြီး ဒီအရိပ်အောက်မှာ စောင့်နေမယ်
မောင်အေး ရွာထဲဝင်၊ တရော်နဲ့ ကင်ပွန်းရေရှာခဲ့
စျေးဆိုင်မှ မရမှ အိမ်တွေမှာ အကူအညီတောင်း၊
နံ့သာရေပါရအောင်ယူခဲ့၊ ရေသန့်သန့် တစ်ပုံးလောက်ပါ
ရွာသားတစ်ယောက်ကို အကူအညီတောင်းပြီး
ခေါ်လာခဲ့၊ မြန်နိုင်သမျှ မြန်မြန်လေးလုပ်ခဲ့
ဆရာတို့ နောက်ကျရင် လူယုတ်မာတစ်စု
လှည့်စားတာ လူတွေ နတ်တွေ ခံရတော့မယ်
ဒီကိစ္စ မြန်မြန်ဖြေရှင်းနိုင်မှာ”

“ဟုတ်ကဲ့ ကျနော် ရွာထဲ အမြန်သွားပြီး
ရှာယူခဲ့ပါမယ် “

နာရီဝက်နီးပါး ခန့်ကြာတော့ မောင်အေးနှင့်
ရွာသားတစ်ယောက် ပြန်လာကြသည်။

ဆရာကြီးခိုင်းသည့်အတိုင်း နတ်စင်ရှေ့မှာ
အမိန့်ပြန်လိုက်သည်။ ထို့နောက် နံ့သာရေနှင့်
စာများကို ပြောင်စင်သွားအောင် ဆေးကြောလိုက်သည်။

တရော်ကင်ပွန်းရည်ဖြင့် နတ်စင်အားပက်ဖျန်း
လိုက်ပြီးနောက် ဆရာကြီးက အောင်မြင်သောအသံနှင့်။

“ကိုင်း ငါ့ဆရာအမိန့် သင်ရွာစောင့်နတ်အား
ချုပ်နှောင်ထားသော၊ အနှောင်အဖွဲ့ များကို
ဖြည်ပြီး ဖြစ်သည့်အတွက်၊ သင့်အား
ချုပ်နှောင်ခဲ့သော အောက်လမ်းဆရာ
လူယုတ်မာကို သင်ကိုယ်တိုင် နှိမ်နင်းရမယ်
ငါဆရာ အမိန့် “

XXXX

ထိုအချိန်မှာပဲ အိမ်ကြီးပေါ်တွင် ဆရာကြီးဆိုသူက
ဆေးဝါးများ စီရင်ပြီးပြီဆိုကာ မိန်းကလေးအား
အခန်းအပြင်သို့ ထွက်လာရန် အမိန့်ပေးလိုက်သည်။

“ဟဲ့ …ဆရာစုတ် နင်ကများ ရာရာစစ ငါ့ကို
ဟိန်းလား ဟောက်လား လုပ်လို့ ၊ အခု မင်းတို့
ဆရာတပည့် ငါ့အကြောင်း သိစေရမယ်”

“ဝုန်း …”

အခန်းတွင်းမှ ခုန်ထွက်လာသူမှာ ရိုသေကျိုးနွံသော
မိန်းကလေးအသွင် မဟုတ်တော့ဘဲ၊ လူသတ်တော့မည့်
မိန်းမကြမ်းတစ်ယောက်နှယ်၊ မာကြောခက်ထန်သည့်
အသွင်ကို တွေ့လိုက်ရသည်။

“တောက် …ငါ့ဆရာကို မလေးမစား၊ နင့်ကို
ငါ့အကြောင်း ပြရသေးတာပေါ့ “

“မင်းမပြခင် ငါပြမယ်ဟေ့ “

ထိုမိန်းကလေးလည်း မီးဖိုအခန်းသို့ ပြေးဝင်ပြီး
ချက်ခြင်း အပြင်သို့ ခုန်ထွက်လာသည်။
မိန်းကလေးလက်ထဲတွင် ထင်းခုတ်ဓါးကြီးပါ
လာသည်၊ ထိုဓါးကြီးကို ဝင့်ကာ၊

“ရှောင်နိုင်ရင် ရှောင်ဟေ့ …”

အောက်လမ်းဆရာနှင့် တပည့်နှစ်ယောက်တို့လည်း
အိမ်ပေါ်မှ အသက်လုပြီး ဆင်းပြေးရလေတော့သည်။
လူနာမိန်းကလေးက ဓါးကြီးကို ဝင့်ပြီး နောက်က
အတင်းလိုက်လေသည်။ ဆရာတပည့်တစ်စုလည်း
ရွာပြင်သို့ အားကုန်သုတ် ပြေးလာသလို၊
ဓါးကိုင်ထားသော မိန်းကလေးက နောက်က
ပြေးလိုက်နေသည်ကို လှမ်းမြင်လိုက်သဖြင့်
အထက်လမ်း ဆရာကြီးနှင့် မောင်အေးတို့လည်း
ညောင်ပင်ကြီးကွယ်ပြီး ပုန်းနေလိုက်သည်။

ဆရာတပည့်သုံးယောက် နတ်စင်နှင့် ဝေးအောင်
ရွာပြင်သို့ ရောက်အောင် ပြေးထွက်သွားတော့သည်။
ဓါးကိုင်မိန်းကလေးက နတ်စင်ရှေ့ရောက်သည်နှင့်
ခွေကနဲ လဲကျသွားသည်။

သစ်ပင်ကွယ်မှာ ရပ်နေသော ဆရာကြီးက
အပြင်သို့ ထွက်လာသည်။

“မောင်အေး နံသာရည်နဲ့ ဖျန်းလိုက် “

လဲနေသော မိန်းကလေး အသိဝင်လာပြီး
ထထိုင်လိုက်သည်။

“ဟင် …ကျမ …ကျမ …”

“မိန်းကလေး ဘာမှမဖြစ်တော့ဘူး ၊ မိန်းကလေးကို
အနှောက်အယှက်ပြုခဲ့တဲ့ အောက်လမ်းဆရာတွေလဲ
ပြေးပါပြီ”

ထိုအချိန် ရွာထဲက လူတချို့နှင့် မိန်းကလေး၏
မိခင်၊ ဖခင် ဆွေမျိုးသားချင်းများ ရောက်လာကြသည်။
သူတို့အားလုံး ဆရာကြီးနှင့် တပည့်မောင်အေးတို့အား
ကြည့်ပြီး အံ့အားသင့်နေကြသည်။

“ဟင် ဒီမှာလဲ ဆရာကြီးနဲ့ တပည့်တစ်ယောက်”

“ဟိုဆရာနဲ့ တပည့်နှစ်ယောက်လဲ မမြင်ပါလား၊
သူတို့ ဘယ်ရောက်သွားလဲ”

မောင်အေးက အားလုံးကို ရှင်းပြလိုက်သည် နတ်စင်မှာ
အောက်လမ်းနည်းနဲ့ တိုက်ခိုက်ထားပြီး
နတ်ပြုစားထားသလို လိမ်ညာခဲ့သည့်အကြောင်း
ရွာသားတို့ သိသွားကြသည်။

“အောက်လမ်းနည်းနဲ့ ယုတ်ညံ့တဲ့ အစီအရင်
ပြုပြီး ပြာချ၊ ဟင်္သာပြဒါးနဲ့ ဖျော်၊ တံစူးဝါးကို
စုတ်တံလုပ်ပြီး ဒီနတ်စင်အောက်မှာ
ကိုယ်ခိုင်းချင်သလို ရေးထား အောက်လမ်းနည်းပဲ
ယုတ်ညံ့လွန်းလို့ နတ်လဲ အငိုက်မိသွားပြီး၊
သူတို့ခိုင်းချင်တဲ့အတိုင်း လိုက်လုပ်ပေးနေတာ”

“ဆရာကြီးက ဘယ်လိုသိတာလဲ”

“ဆရာကြီးနဲ့ ကျနော်တို့ ခရီးထွက်လာတာ
နတ်စင်ရှေ့အရောက် ၊ ဆရာကြီးက အောက်လမ်းစီရင်
ထားတာကို အာရုံပြုကြည့်ပြီးသိလို့၊ သူတို့
အစီအရင်ကို ဖျက်ပစ်လိုက်တာ၊
ဒီက အစီအရင်ကို ဖျက်ပစ်လိုက်တဲ့အချိန်
မိန်းကလေးမှာ ဝင်ပူးကပ်နေတဲ့ ရွာစောင့်နတ်လည်း
အနှောင်အဖွဲ့ လွတ်သွားတဲ့အတွက်၊
နတ်က ဓါးဆွဲပြီး လိုက်တော့တာပေါ့ “

“ကဲ…ကဲ …မိန်းကလေးလည်း နေကောင်းသွားပြီ၊
နောက်ကို အခုလို လုပ်စားတဲ့ မသမာတဲ့ဆရာမျိုး
တွေနဲ့ မကြုံရအောင် သတိထားပြီး နေကြပေါ့ကွယ်”

“ကျေးဇူးတင်လှပါတယ်၊ ဆရာကြီး ကျနော်တို့
ရွာမှာ ဝင်တည်းသွားပါအုံးလား ကျနော်တို့
ကျေးဇူးပြုချင်လို့ပါ “

“ကျေးဇူးတင်ပါတယ်ကွယ်။ ဆရာကြီးတို့
သွားရမယ့်၊ ခရီးကဝေးလို့ ရွာထဲမဝင်တော့ပါဘူး
အပြန်ခရီး သည်ဘက် ရောက်ရင် ဝင်တည်းပါ့မယ်”

“အပြန်ကျရင်တော့ အချိန်ရရ၊ မရရ ကျနော်တို့
ရွာကိုဝင်ခဲ့ပါ ဆရာကြီး တစ်ရက်တန်သည်
နှစ်ရက်တန်သည် အနားယူပြီးမှ ပြန်ပါဆရာကြီး”

“ကဲ ကဲ …အားလုံးပြန်ကြတော့ ကလေးမလေးကိုလဲ
အနှောက်အယှက် ဘယ်သူမှ အန္တရာယ်မပေးနိုင်တော့ပါဘူး
စိတ်ချလက်ချသာပြန်ကြတော့ ဆရာကြီးတို့လည်း
ခရီးဆက်တော့မယ် “

ထိုသို့ ပြောဆိုပြီး ဆရာကြီးလည်း ရွာသားများကို
ကျောခိုင်း၍ ထွက်လာခဲ့ကြသည်။

XXXXX

“တောက် …ငါ့အကြံကို လာနှောက်ယှက်တာ
ဟိုဆရာစုတ်နဲ့ သူ့တပည့် မဟုတ်လား “

“ဟုတ်တယ် ဆရာကြီး စားရတော့မယ့်
ဟင်းခွက်ထဲ သဲပစ်ထည့်သလို ခံစားလိုက်ရတယ်”

ဆရာတပည့်တို့သုံးယောက်တို့လည်း တောင်ကုန်း
ကမူပေါ်မှနေ၍ ချုံပင်များ အကာအကွယ်ယူကာ
အခြေအနေကို အကဲခတ်နေသည်။

“ကဲ …တပည့်တို့ ငွေရပေါက်တစ်ခု ပျောက်သွားပေမယ့်
စိတ်ပျက်စရာမလိုပါဘူး၊ ဆရာတို့ ဒီလမ်းကို
လာခဲ့တဲ့ ဦးတည်ချက်က ကျောက်တစ်လုံးသိုက်ကို
ဖော်မယ့်ကိစ္စ အကူအညီပေးဖို့ မဟုတ်လား “

“ဟုတ်တယ်လေ…ဆရာကြီး ဒါနဲ့ ကျောက်တစ်လုံးသိုက်ကို
ဦးဆောင်ဖော်မယ့် ဆရာကြီးရဲ့ ဆရာနဲ့ ဘယ်မှာ
ဆုံကြမှာလဲ “

“ဒီကနေ တစ်နေ့ခရီးလောက် သွားရတဲ့ နှစ်ဆင့်
ရေတံခွန်မှာ ဆုံဖို့ ကြိုတင်မှာထားတယ်
ကျောက်တစ်လုံးသိုက်နဲ့ နှစ်ဆင့်ရေတံခွန်က
သိပ်မဝေးဘူးဆိုတော့ ဆရာကြီးက အစီအရင်ကြိုတင်
လုပ်ထားလိမ့်မယ်၊ နောက်က လိုက်လာတဲ့
အဘိုးကြီးနဲ့ သူ့တပည့်တို့ မျက်ခြည်ပြတ်အောင်
မြန်မြန်လျှောက်ကြ”

အောက်လမ်းဆရာက အသက်ငါးဆယ်ကျော်
တပည့်နှစ်ယောက်က အသက်သုံးဆယ်ကျော်
သွားနိုင် လာနိုင်တုန်း၊ အထက်လမ်းဆရာကြီးက
အသက်(၇၀)ခန့်ရှိပြီမို့ တစ်နေ့ ခရီးဆိုလျှင်
အတော်အလှမ်းကွာ သွားပေလိမ့်မည်။

သို့အတွက်ကြောင့် ဆရာတပည့်သုံးယောက်လည်း
တစ်ရက်ခရီးကို မနားမနေ လျှောက်ခဲ့ကြရာ
ညနေ ငါးနာရီခန့် နှစ်ဆင့် ရေတံခွန်သို့ ရောက်ခဲ့ကြသည်။

နှစ်ဆင့်ရေတံခွန်ဆိုသည့်အတိုင်း တောင်ပေါ်မှ
ကျလာသည့် ရေတံခွန်က တောင်အလယ်မှာ
ကျောက်ဆောင် တစ်ခုခံနေသဖြင့် တိုက်ရိုက်
ကျဆင်းမနေတော့ဘဲ ပေနှစ်ဆယ်ခန့် အကွာလောက်မှ
အောက်သို့ ကျဆင်းလာခြင်းကြောင့်
နှစ်ဆင့်ရေတံခွန်ဟု ခေါ်ဆိုကြောင်း
သိလိုက်ရသည်။

ဆရာတပည့်သုံးယောက်တို့လည်း အချိန်းအချက်
လုပ်ထားသည့် နေရာသို့ ရောက်ခဲ့သည်။
ဆရာကြီး၏ ဆရာကို အဆင်သင့် တွေ့လိုက်သည်။

“ဟာ ရောက်လာကြပြီ လာကြ”

“ဆရာ…အားလုံး အဆင်ပြေရဲ့လား “

“အခုချိန် အထိတော့ အားလုံးအဆင်ပြေနေတာပဲ”

“အစီအမံက ဘယ်လိုလဲ “

“သိုက်ရဲ့ အစီအမံလား၊ အထက်လမ်း အစီအမံပဲကွဲ့
သိုက်မှာ ကျားရယ်၊ ဘီလူးလေးကောင်ရယ်
ဘီလူးမရယ်၊ အခြားအခြွေအရံတွေရှိတယ်၊
အပြင်စည်းကို ဘီလူးမက စောင့်ပြီး အတွင်းစည်းကို
ကျားက စောင့်တယ် အားလုံး အောင်မြင်ဖို့
ဘီလူးမနဲ့ ကျားကို ချုပ်နိုင်ရင် ကျန်တဲ့
အခြွေအရံတွေကို ထည့်တွက်စရာမလိုဘူး “

“အားလုံး ကျုပ်တာဝန်ထား၊ ခင်ဗျားတို့
ဆရာတပည့်တွေက ကျုပ်ရဲ့ အဖော်ပဲ၊
ကျုပ်လိုချင်တာက ရွှေငွေရတနာမဟုတ်ဘူး
သိုက်အတွင်းထဲမှာ ရှိတဲ့ ပြဒါးရှင်လုံးကို
ရရင် တော်ပြီ၊ ခင်ဗျားတို့ကို ရသမျှ
ရွှေငွေ အကုန်ပေးမယ် “

“ကောင်းပြီလေ…ဘယ်နေ့သွားဖော်မလဲ ဆရာကြီး”

“မနက်မိုးလင်းတာနဲ့ ခရီးစထွက်မယ်
မနက်ဖြန် ညနေပိုင်းဆို ကျောက်တစ်လုံးသိုက်
ရှိတဲ့ နေရာကို ရောက်မယ် “

သို့ဖြင့် ထိုညအတွက် တည်းခိုနေထိုင်ရန်
နေရာထိုင်ခင်း ပြုလုပ်ပြီး စားရေးသောက်ရေး
စီမံနေကြတော့သည်။

XXXX

“ဟိုး … တောင်ကမ်းပါးစောင်းက ကျောက်ကြီး
တစ်လုံးတည်း ထီးထီးထွက်နေတာတွေ့လား”

“ဟုတ်ကဲ့ တွေ့ပါတယ် ဆရာကြီး”

အဲဒီကမ်းပါးစောင်းက ကျောက်ကြီးအောက်မှာ
သိုက်ရှိတယ်ကွဲ့ ၊ ဒါဆို သိုက်နားရောက်ပြီနေပြီပဲ။
သူတို့ဆရာတပည့်လေးယောက် သိုက်ဧရိယာနှင့်
နီးနိုင်သမျှနီးအောင် လာခဲ့ကြသည်။

“ကဲ …ရပ်ကြတော့ ၊ ဒီကနေပြီး ဆရာကြီး
အစီအရင် လုပ်တော့မယ် “

ဦးဆောင်သူ ဆရာကြီးက ဆေးဖယောင်းတိုင်များ
ထွန်းလိုက်သည်။ ပြီးတော့ ထွန်းပြီးသော
ဖယောင်းတိုင်ကို အင်းချပ်များ ပေါ်တင်၍
စိုက်ထွန်းလိုက်သည်။

“သိုက်ကို စည်းချလိုက်ပြီ”

ခေါင်းဆောင်လုပ်သူ ဆရာကြီးက လက်အတွင်းရှိ
အင်းကို ကိုင်မြှောက်၍ ဂါထာများ ၊ ရွတ်ဖတ်လိုက်ပြီး
ရှေ့လှမ်းလှမ်းသို့ ပစ်ပေါက်လိုက်သည်။

ဝေါ …ဝုန်း…ဝုန်း …

တဝေါဝေါ မြည်ဟီးလာသော အသံကြီးနှင့်အတူ
လေပြင်းကြီးကျလာပြီး၊ သိုက်အောင်ခြေမှ
ဖုန်များ ဝေါခနဲ ထလာသည်။

လေပြင်းကြီးက အနီးအနား သစ်ပင်များ
ယိမ်းယိုင်လောက်အထိ အဆက်မပြတ်
တိုက်ခတ်လျက်ပင် ရှိလေရာ…

အချိန်ကလည်း အမှောင်ဘက်သို့ သန်းလာပြီမို့
စိတ်ချောက်ချားစရာ ကောင်းလာသည်။

သိုက်အောက်ကမ်းပါးရှိ မြေမှုန်များ
လွင့်စင်ကျသော နေရာမှ ဝုန်း ဟူသော
အသံကြီးနှင့်အတူ မီးခိုးလုံးများ အူတက်လာသည်ကို
အားလုံးတွေ့ကြရသည်။

“ကဲ…သိုက်ရဲ့ အပြင်စည်းကို အုပ်ချုပ်တဲ့
အစောင့်ချုပ်၊ ဘီလူးမကျောက်ရုပ် ပေါ်လာပြီ
ကျောက်ရုပ်ပေါ် ချည်မန်းကွင်းပြေးပြီး
သွားစွပ်လိုက် …သွား အမြန်သွား “

တပည့်နှစ်ယောက်အနက် တစ်ယောက်က
ဆရာကြီးပေးထားသော ချည်မန်းကိုစွပ်ရန်
အနီးသို့ ကပ်သွားနေသည်။

XXXXX

“မောင်အေး အောက်လမ်းဆရာတွေတော့
သိုက်ကို ချုပ်နေပြီ”

“ဒီဆရာတွေ ဘယ်လောက်စွမ်းလဲ စောင့်ကြည့်အုံးမကွဲ့၊
သိုက်ကလည်း ဘယ်အထိတောင့်ခံပြီး ပြန်ခုခံမလဲ
စောင့်ကြည့်သေးတာပေါ့ “

“သူတို့က သာနေရင်တော့ ဆရာကြီး”

“သူတို့ သာမယ့်အခြေအနေဆိုရင် ဆရာကြီး
ဒီအတိုင်းမနေပါဘူး ခဏလေးသည်းခံ”

“ကဲ …အခြေအနေကို စောင့်ကြည့်ပါအုံး
မောင်အေးရဲ့ “

“ဟုတ်ကဲ့ ဆရာကြီး”

သို့ဖြင့် အထက်လမ်းဆရာနှင့် တပည့်မောင်အေးတို့က
အောက်လမ်းဆရာနှင့် မနီးမဝေးမှာ အခြေအနေကို
အကဲခတ် စောင့်ကြည့်နေကြသည်။

XXXXXX

“ဝေါ …ဝေါ …ဝေါ .…ဝုန်း …”

“ဝုန်း …ဝေါ…”

တစ်ခဲနက် ဆူညံ၍ လာသော နာနာဘာဝ၏
အော်ဟစ်သံများမှာလည်း ကြောက်မက်ဖွယ်ရာ
ပေါ်ထွက်လာရုံမျှမက။

“ဟေ့ကောင်လူယုတ်မာ ကျောက်ရုပ်နားမကပ်နဲ့
ဟီး …ဟီး …ဟီး …ဟီး …”

အစောင့်များက အစွယ်များ ဖွေးဖွေး မျက်လုံးများ
ပြူးထွက်ကာ ချည်မန်းကွင်းစွပ်ရန် သွားနေသူ
အောက်လမ်းဆရာ၏ တပည့်အား ခြောက်လှန့်ထုတ်နေသည်။

အသံဆိုး အသံနက်ကြီးများဖြင့် အော်ဟစ်ကာ
ချိန်းခြောက်နေသည့် အသံကြောင့် ၊
ချည်မန်းကွင်းစွပ်မည့် လူလည်း
အနားမကပ်ရဲပဲ ရှိနေသည်။

“ဟေ့ကောင် မကြောက်နဲ့ မကြောက်နဲ့
စွပ်လိုက်မြန်မြန် “

အောက်လမ်းဆရာ၏ အသံကြောင့်
တပည့်လည်း အားတက်သွားကာ
ကျောက်ဘီလူးမရုပ်ကို ချည်မန်ကွင်း
စွပ်လိုက်သည်။ ကျောက်ရုပ်ကို
ချည်မန်ကွင်းစွပ်မိသည်နှင့်
ဆူညံနေသော အသံများ ၊
လေပြင်းတိုက်ခတ်သည့်အသံများလည်း
ငြိမ်သက်၍ သွားလေသည်။

“အိမ်း …ဘီလူးမကျောက်ရုပ်ကို ချုပ်ပြီကွဲ့ “

ကျောက်ရုပ်ကို ချုပ်မိသည်နှင့် ခေါင်းဆောင်
လုပ်သူ ဆရာသည် ဒုတိယအင်းချပ်ကို
ဂူဝသို့ ပစ်သွင်းလိုက်လေသည်။
တဂျုံးဂျုံး၊ တဂျိုင်းဂျိုင်း မြည်ဟီး၍
သွားသော အသံကြီးနှင့်အတူ တောတောင်
တစ်ခုလုံးမှာလည်း ရုတ်ရုတ်
သဲသဲ ဖြစ်၍ လာလေတော့သည်။

လေတို့သည်လည်း ငြိမ်သက်နေရာမှ
ပြန်လည်၍ တဟီးဟီးနှင့် အဆက်မပြတ်
တိုက်ခတ်ပြန်လေသည်။

တိုက်ခတ်လာသော လေပြင်းနှင့်အတူ …

“ဝုန်း “

ဟူသော အသံကြီးနှင့် မရှေးမနှောင်းမှာပင်၊
ကျောက်တစ်လုံး အောက်ကမ်းပါးကြီးအလယ်မှ
ကျောက်ဂူကြီး တစ်ခု၏ သဏ္ဍာန်သည်
ရုတ်တရက် ပေါ်ပေါက်၍ လာခဲ့တော့သည်။
ထိုအခါ ခေါင်းဆောင်ဖြစ်သော အောက်လမ်းဆရာကြီးက

“ကိုင်းစည်းထဲက အပြင်မထွက်ကြနဲ့
လာသမျှရန် ကျုပ်ခုခံမယ် “

အောက်လမ်းဆရာကြီး၏ ခပ်မာမာ
ပြောလိုက်သံကြောင့် ကျန်တပည့်နှစ်ယောက်လည်း
ထိုဆရာနောက်မှနေ၍ ပတ်ဝန်းကျင်ကို
အကဲခတ်ကြည့်ရင်း ထိတ်လန့် နေပုံရသည်။

မကြာမီ လိုက်ခေါင်းကြီး အတွင်းဘက်မှ
အသံနက်၊ အသံသြကြီးများနှင့်အတူ
တဝီဝီ အော်မြည်လာသော ပိတုန်းကောင်ကြီးများကို
တွေ့လိုက်ရသည်။ ငှက်တစ်ကောင်နှယ်
ကြီးမားသော ပိတုန်းကြီးများ ဖြစ်သည်။

တစ်ချက် တုပ်မိလျှင်ပင် အသက်ပျောက်မည်မှာ
သေချာလှသည်။

ခေါင်းဆောင်ဆရာက မခိုးမခန့် ရယ်မောလိုက်သည်။

“ဟား …ဟား ဟား …ဒီလောက်နဲ့
လာခြောက်မနေစမ်းပါနဲ့ကွာ
မင်းတို့ ခေါင်ချုပ်ကိုယ်တိုင် လာတိုက်စမ်းပါ
ပြောနေကြာတယ်၊ ကဲ လာလေရော ဟယ် “

မည်သည့်အရာနှင့် ပစ်ပေါက်လိုက်သည်မသိ
ဝေါ ဟူ၍ မြည်ပြီး၊ မီးခိုးလုံးကြီး ထလာပြီးနောက်
ပိတုန်းကောင်များ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာ တင်းပုတ်ကြီးများ ကိုင်ထားသော
ဘီလူးကြီးလေးကောင် ရုတ်တရက်
ပေါ်လာပြီး လိုက်ဂူအထက်မှ အောက်သို့
ခုန်ချလိုက်တော့သည်။

“အုံး…”

ဟူသော အသံကြီးပေါ်ထွက်လာပြီး တောင်ကမ်းပါးကြီး
တစ်ခုလုံး သိမ့်ခနဲ ဖြစ်သွားလေသည်။

ထိုအချိန် ခေါင်းဆောင်ဆရာသာလျှင် တည်တည်ငြိမ်ငြိမ်
ရှိနေပြီး ကျန်တပည့်နှစ်ယောက်နှင့် အောက်လမ်း
ဆရာတို့က စိုးရိမ်နေကြသည်။

“ဆရာကြီး နိုင်ခြေရှိပါ့မလား “

“မစိုးရိမ်နဲ့ စည်းအပြင်ကိုသာ မထွက်ကြနဲ့ “

“ကျားရုပ်ဆိုတာရော “

“အဲဒါက သိုက်ရဲ့ အတွင်းဘက် စည်းကို
စောင့်နေတာ ၊ အစောင့်တွေကို နှိမ်နင်းနိုင်လို့
သိုက်ဖွင့်ရင် သံလျက်ကိုင်တဲ့ ဘီလူးကြီး
တစ်ကောင်ကို ထပ်ပြီး နှိမ်နင်းရအုံးမကွဲ့၊
ဘီလူးကြီးကို ကျော်တာနဲ့ ကျားရုပ်ကို
ချည်မန်းကွင်း စွပ်ရအုံးမယ်၊
သူ့ကို စွပ်နိုင်ရင် အားလုံးပြီးပြီး၊ သူက
အတွင်းစည်းကို စောင့်တဲ့ အဓိကကျားပဲ၊
သံလျက်ကိုင် ဘီလူးကြီးကို မြင်တာနဲ့
ကြောက်လန့်ပြီး ကျားရုပ်ကို ချည်မန်းကွင်း
မစွပ်မိလို့ကတော့ ပြေးပေရောပေါ့ကွယ် “

“ဒါနဲ့ ဘီလူးမကျောက်ရုပ်က အရေးကြီးဆုံးဆို
ဆရာကြီး”

အဲဒါက အပြင်စည်းအတွက် အခေါင်ချုပ်ပဲ၊
အခု သူ့ကို ချည်မန်းကွင်းနဲ့၊ ချုပ်ထားပြီးပြီ၊
မဟုတ်လား ၊ဒါကြောင့် ဘီလူးမကို
ကြောက်စရာမလိုတော့ဘူး “

ခေါင်းဆောင်အောက်လမ်းဆရာက
အစွမ်းထက်လှသည်။ အစောင့်ဘီလူးလေးကောင်ကို
သူ၏ အစီအရင် ဆေးဘီလူးဖြင့် ခုခံတိုက်ခိုက်နေရာ
အစောင့်ဘီလူးလေးကောင် ရှုံးနိမ့်လျက်
ရှိနေလေပြီ။ ထိုအချိန် အရာအားလုံးကို
အကဲခတ်စောင့်ကြည့်နေသော အထက်လမ်း
ဆရာကြီးက။

“ကဲ …တပည့် မောင်အေး သူတို့ ဘီလူးလေးကောင်ကိုလဲ
နိုင်နေပြီ အခုတိုင်းဆို သိုက်က ရှုံးနေပြီ သူတို့သိုက်
ထဲဝင်သွားကြတော့မယ် …ဟော ဟော သူတို့သိုက်ထဲ
ဝင်မလို့ စည်းအပြင်ကို ထွက်သွားကြပြီ၊
မောင်အေးက အမြန်ခုန်ချပြီး ဘီလူးမကို
ချုပ်နှောင်ထားတဲ့ ချည်မန်းကွင်းကို သွားဖြုတ်လိုက်
ဒီကောင်တွေ သိုက်ထဲဝင်လို့ မဖြစ်ဘူး
သိုက်ပွင့်တာနဲ့ နွားရုပ်ကို အသက်သွင်းပြီး
ဆရာက တိုက်ခိုင်းမယ်၊ ဒါမှ
အောက်လမ်းဆရာတပည့်တွေ
နွားအန္တရာယ်က တိုးလာလို့ ကျားရုပ်ကို
ချည်မန်းကွင်း မစွပ်နိုင်ပဲ ရှိလိမ့်မယ် “

ဆရာကြီးပြောနေစဉ်မှာပဲ သိုက်ဆရာ
တစ်စုတို့လည်း သိုက်ရှေ့သို့ ရောက်သွားကြပြီး
အင်းနှင့် ပေါက်လိုက်သည့်နှင့် တပြိုက်နက်။

“ဝုန်း “

ကျယ်လောင်သော အသံကြီး ဖြစ်ပေါ်လာပြီး
မီးခိုးလုံးများလည်း အူထွက်သွားသည်။

သိုက်ရှေ့မှ ကျောက်ဖျာတံခါးကြီးလည်း
ပွင့်သွားတော့သည်။ ထိုစဉ်နောက်မှ

ဝက်ကရိန်း …ဝက်ကရိန်း …ဝက်ကရိန်း

ကျယ်လောင်သော တွန်သံကြီးနှင့်အတူ
နွားလားကြီးကို ဆရာတပည့်တစ်စုသို့
ဝုန်းခနဲ ခုန်လွှားရောက်ရှိသွားသည်။

မောင်အေးလည်း အရဲစွန့်ကာ ဘီလူးမကျောက်ရုပ်ကို
စွပ်နေသော ချည်မန်းကွင်းကို ဆွဲချွတ်လိုက်သည်။

ထိုခဏမှာပဲ ကျောက်ရုပ်ဘီလူးမအသွင်မှ
ချောမောလှပသော မိန်းကလေးသဏ္ဍာန်
ရုတ်ခြည်းပေါ်ပေါက်လာသည်။

ထိုမိန်းကလေးနှုတ်မှ စူးရှသောအသံနှင့် …

“စက္က…စက္က…ထစမ်း အမြန်ထစမ်း “

မိန်းကလေးစကားအဆုံး သိုက်အတွင်းမှ

“ဝေါင်း …ဝေါင်း …ဝေါင်း …”

ကျယ်လောင်သော ကျားဟိန်းသံကြီး
ပေါ်ထွက်လာကာ ဆရာတစ်စုရှေ့ ဝုန်းခနဲ
ခုန်လွှားရောက်ရှိလာတော့သည်။

ထိုအချိန်တွင် ဆရာကြီးက နွားကြီးအားပြန်၍
ခေါ်လိုက်သဖြင့် ဆရာကြီးခေါ်သံအဆုံး
နွားလားကြီး ပြန်လှည့်လာကာ လက်ဖဝါးပေါ်သို့
ခုန်တက်လိုက်သည်နှင့် ချက်ချင်းပင် ဆရာကြီး၏
လက်ပေါ်မှာ နွားရုပ်လေးအဖြစ် ပြောင်းသွားတော့သည်။

အောက်လမ်းဆရာတပည့်တို့လည်း
ကျားရန်မှ လွတ်ရန် အသက်လုပြီး ပြန်လှည့်
ပြေးရလေတော့သည်။

ကျားကြီးမှာလည်း တဝေါင်းဝေါင်း ဟိန်းပြီး
နောက်မှ ပြေးလိုက်လျက် ရှိတော့သည်။

“စက္က …စက္က ပြန်လာလှည့် လာလှည့် “

အမိန့်ပေးသံအဆုံး ကျားကြီးမှ လှည့်၍
ပြန်လာပြီး အနားမှာ လာဝပ်နေတော့သည်။

“ဆရာကြီး ကျားကို ဘာကြောင့် ပြန်ခေါ်တာလဲ”

“သာသနာအတွက် အလုပ်လုပ်နေကြသူတွေပဲ
အန္တရာယ်ကင်းပြီး ဆိုမှတော့ ဘာကြောင့်
လူ့အသက်ကို သတ်ခိုင်းတော့မှာလဲ၊
လူ့အသက်ပဲဖြစ်ဖြစ် တိရစ္ဆာန်အသက်ပဲ ဖြစ်ဖြစ်
မသတ်ဖြစ်ရင် အကောင်းဆုံးပေါ့ကွယ်
ကဲ…မယ်ယက္ခ နောက်ကို အမှုမဲ့ အမှတ်မဲ့
မနေနဲ့၊ တာဝန် သိပ်ကြီးတဲ့ အဝင်စည်းကို
စောင့်ရတဲ့ တာဝန် ယူထားမှတော့
စည်းပေါက်လို့ မဖြစ်ဘူး၊ အခု
အပြင်စည်းပေါက်သွားလို့ သိုက်ဆရာတွေ
သိုက်ဖွင့်နိုင်တဲ့အထိ အခွင့်အရေး
ရသွားကြတယ်”

“နောက်ကို ဂရုတစိုက်
အမြဲနေပါမယ် ဆရာကြီး “

“အခု ဒီကျောက်တစ်လုံးသိုက်ကို သိုက်ဆရာတွေ
သိသွားပြီဖြစ်တဲ့အတွက် တနေ့နေ့ တချိန်ချိန်မှာ
ရောက်မလာဘူးလို့ တာဝန်မယူနိုင်ဘူး၊
ဒီအတွက် အထက်ပုဂ္ဂိုလ်တွေကလည်း
အမိန့်ရှိလိုက်တယ်၊ ဒါကြောင့် သင်တို့သိုက်ကို
သုံးရက်အတွင်း ကညင်သုံးပင်စခန်းကို
ပြောင်းကြရမည်လို့ ညွှန်ကြားလိုက်တယ်”

“ဆရာကြီးတို့ ဘယ်နေ့ခရီးဆက်ကြမှာပါလဲ “

“မနက်မိုးလင်းတာနဲ့ ပြန်ကြမယ်ကွဲ့ “

“ဒီညသိုက်ထဲမှာ ဧည့်ခံပါရစေ ဆရာကြီး”

“ကိစ္စမရှိဘူး ဒီအပြင်ဘက်မှာပဲ နေရာထိုင်ခင်း
ရှင်းလင်းပြီး ညအိပ်လိုက်တော့မယ် “

အထက်လမ်းဆရာကြီးလည်း နောက်နေ့
ပြန်ရမည်ဖြစ်သဖြင့် မိန်းမချေလေးအား
အစစမှာကြား ပြောဆိုနေလေသည်။

ညရောက်တော့ ဆရာကြီးအား မောင်အေးက
မရှင်းသည့်ကို မေးမိသည်။

“ဆရာကြီး ဘီလူးမကျောက်ရုပ်က
အသက်ဝင်လာတာ သိပ်ချောတဲ့ မိန်းခလေး
ဖြစ်နေပါလား “

“အဲဒါက လူသားတွေနဲ့ ဆက်ဆံနေရလို့
မူလရုပ်သွင်မပြပဲ လူလိုဖန်ဆင်းထားတာ
မင်းရှိနေလို့လဲ၊ မကြောက်မလန့်အောင်
ဖန်ဆင်းထားတာ၊ အားလုံးမူလ အသွင်က
ကြောက်စရာ ရုပ်ကြမ်းကြီးတွေပဲ။
ကဲ…ကဲ…ဘုရားအာရုံပြုပြီး အိပ်ပေတော့
မနက်စောစော ထပြီး ခရီးထွက်ကြမယ်”

မောင်အေးလည်း ဆရာကြီးအမိန့်ရှိသည့်အတိုင်း
ဘုရားရှိခိုးပြီး ရှိခိုးထိုက်သူများအား
ရှိခိုး ဦးချကာ အမျှဝေ မေတ္တာ ပို့ပြီး
အိပ်လိုက်ရာ ခဏအတွင်းမှာပင်
နှစ်ချိုက်စွာ အိပ်မောကျသွားပါတော့သည်။

ပြီးပါပြီ

ဆရာ ဧကန်မင်း၏ ‘အဖြစ်ဆိုးလိုက်တာ မဖဲဝါ ‘
စာအုပ်မှ ကူးယူဝေမျှသည်။

Credit

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ