ကျောက်တိုင်ရွာက ချစ်တီးမြင့်တင် ( စ၊ ဆုံး)
ရေးသားသူ ( ထမံ- တောင်ငူ)
*******

မနက်ခင်းအချိန်ဟာ နှင်းမြူစတို့ ခြုံလွှမ်းကာ ရှိနေတယ်။

မင်းခေါင်နဲ့ ဦးဘထူးတို့ ဆရာတပည့်ဟာ ညတုန်းက အစီအရင် အောင်မြင်ခြင်းအပေါ် အလွန်အမင်း စိတ်ပျော်ရွှင်ခဲ့ကြရတာမို့ စကားတွေပြောကြရင်း၊ ရှေ့ဆက်ရမယ့် အစီအစဉ်တွေအတွက် တိုင်ပင်ခြင်းနဲ့ ဦးဘထူး ယူဆောင်လာတဲ့ ကောက်ညှင်းတွေကို ဝါးကျည်တောက်ထဲထည့်လို့ မီးဖုတ်တာတွေကို လုပ်ဆောင်ကာ မနက်မိုးလင်းလုနီးမှ အိပ်စက်ခဲ့ကြတယ်။

မနက်လင်းတော့လည်း သုံးယောက်စလုံး အစောကြီးပြန်နိုးကြလေတယ်။ မင်းခေါင်ကား အစီအရင်ကြောင့်လား စိတ်ကြောင့်လားတော့ မသိ၊ နေရထိုင်ရ ပေါ့ပါးလွန်းနေတယ်။

တာနောကြီးက ရေခပ်ဆင်းမယ်လုပ်တော့ မင်းခေါင်က သူဆင်းခပ်ပေးမယ်ဆိုပြီး ဆင်းခပ်လေတယ်။

မင်းခေါင် ရေခပ်ပြီး ပြန်တက်လာတော့ တာနောကြီးက မနေ့ညက မီးဖုတ်ထားတဲ့ ကောင်းညှင်းကျည်တောက်တွေကို အခွံခွာနေတယ်။

ဦးဘထူးကြီးကတော့ မီးပုံနံဘေး ထိုင်ရင်း စာအုပ်တစ်အုပ်ကို ဖတ်ရှုနေလေရဲ့။ ရာသီဥတုက ဆောင်းဝင်စမို့ မင်းဝန်တောင်မြင့်ထက်ဆီမှာ အေးစိမ့်နေတယ်။ နေရောင်က ကောင်းစွာ ထွက်မလာသေးတာကြောင့် မြူတို့ကလည်း မပြယ့်တပြယ်။

မင်းခေါင်လည်း ရေခပ်လာရာမှာ အဝတ်အစားတွေ အနည်းငယ်စိုလာတဲ့အတွက် အေးနေတာမို့ မီးပုံအနားကို ကပ်လို့ ထိုင်လိုက်တယ်။

ဦးဘထူးကြီးကို မင်းခေါင် တစ်စုံတစ်ခု မေးဖို့ ဟန်ပြင်မိတယ်။ ဒါပေမယ့် ဦးဘထူးက စာအုပ်ကိုသာ ဖတ်နေမြဲမို့ မင်းခေါင် မေးခွန်းတို့ကို မျိုသိပ်လိုက်ပြီး အသာငြိမ်နေလိုက်ပါတယ်။

ခဏကြာတော့ တာနောကြီးက မနက်စာစားဖို့ ပြင်ဆင်ပြီး မီးဖိုအနားကို ရောက်ရှိလာတယ်။ လက်ထဲမှာ ခွာထားပြီးသားဖြစ်တဲ့ ကောက်ညှင်းအသားတွေနဲ့ ငါးခြောက်ဖုတ် ဆီဆမ်းတို့ကို တွေ့ရတယ်။

‘ တပ်မှူး…စားလို့ရပြီဗျ…’

တာနောအသံကြားမှ ဦးဘထူးလည်း စာအုပ်ကို ပိတ်လို့ မီးဖိုဘက်ကို လှည့်လာတယ်။ ပြီးတော့ တာနောကမ်းပေးထားတဲ့ နှီးဗန်းထဲက ကောက်ညှင်းတစ်ဖုံနဲ့ ငါးခြောက်တစ်ဖတ်ကို နှိုက်ယူကာ စားသုံးလိုက်ပြီး…။

‘ အရသာရှိသားပဲ။ တာနော၊ မောင်မင်းခေါင် မင်းတို့လည်း စားကြ…’

‘ အရသာ ရှိမှာပေါ့ တပ်မှူးရယ်။ တာနော လက်ရာပဲဟာ…’

‘ ဟုတ်ပါတယ်ကွ။ ဒါပေမယ့် အခုက သွားရင်းလာရင်း အဆင်ပြေသလို လုပ်ရတာဆိုတော့ ဒိလိုအရသာရှိမယ် မထင်လို့ပါ…’

‘ တာနောက တော်တယ်ဆိုတာ တပ်မှူးက မေ့နေတာပဲ…’

တာနော စကားအဆုံး သုံးယောက်သား ရယ်မောမိလိုက်ကြတယ်။

ကောက်ညှင်းနဲ့ ငါးခြောက်ဖုတ်က အခုလို ချမ်းစီးတဲ့ မနက်ခင်းမှာ မီးဖိုအနားထိုင်စားရတာက တကယ့်ကို လိုက်ဖက်လွန်းတဲ့ မနက်စာပါ။

သုံးယောက်သား မနက်စာကို စားလိုက်၊ ကျည်တောက်နဲ့ တည်ထားတဲ့ ရေနွေးကြမ်းကို သောက်လိုက်နဲ့ ရှိနေကြတယ်။

‘ မောင်မင်းခေါင်…’

‘ ဗျာ…ဘကြီး…’

‘ အခုနက ဘကြီး စာအုပ်ဖတ်နေတော့ မင်း ဘကြီးကို တစ်စုံတစ်ခု ပြောမလို့ ကြံရွယ်တယ် မဟုတ်လား…’

‘ ဟုတ်တယ် ဘကြီး…’

‘ ဘာပြောမလို့လဲ အခုပြောလေ မောင်မင်းခေါင်…’

မင်းခေါင် စားလက်စ ကောက်ညှင်းပေါင်းတို့ကို အရင်ဆုံးဝါးလိုက်တယ်။

‘ ကျုပ် အခု အစီအရင် အောင်မြင်ပြီးပြီဆိုတော့ ဒိနေ့အတွက် ဘာဆက်လုပ်ရမှာလဲလို့…’

ညတုန်းက သူတို့ ပြောတဲ့ အစီအစဉ်များထဲမှာ ဒီကနေ့အတွက်ကို ဘာမှမပါသေး။ ဒီ့အတွက်ကို မင်းခေါင်က မေးမြန်းလာတာပါ။

‘ ဒီတစ်ပါတ်အတွင်းတော့ ဘာမှ လှုပ်ရှားဖို့မရှိဘူး မောင်မင်းခေါင်။ တို့တစ်တွေ ဒီမှာပဲ ဆက်နေကြရမယ်။ ဆက်နေရင်း မောင်မင်းခေါင်ကို တာနောက လက်ရေး၊ ဓားရေးသင်ကြားပေးလိမ့်မယ်…’

‘ သိုင်းပညာလား ဘကြီး…’

‘ အင်း…ဟုတ်တယ်။ သမာရိုးကျ သိုင်းပညာတွေပါမယ်။ နန်းတွင်းပညာတွေပါမယ် မောင်မင်းခေါင်…’

မင်းခေါင် အလွန် စိတ်ဝင်စားသွားရပြီ။

‘ လတ်တလောမှာတော့ တာနောက မောင်မင်းခေါင်ကို အရေးအကြောင်း တစ်စုံတစ်ခုရှိခဲ့ရင် ကာကွယ်လို့ရနိုင်အောင်ပဲ သင်ကြားပေးလိမ့်မယ်။ ကျန်တာတွေကိုတော့ မောင်မင်းခေါင် အချိန်ယူပြီး လေ့ကျင့်ရလိမ့်မယ်…’

‘ ဟုတ်ကဲ့ ဘကြီး။ ကျုပ်တော့ အလွန်ပဲ စိတ်ဝင်စားမိသွားရပြီ ဘကြီးရာ…’

‘ စိတ်ဝင်တစားသာ သင်ကြားပါ မောင်မင်းခေါင်။ ညပိုင်းကျရင်တော့ မောင်မင်းခေါင် စောရအဖြစ် သစ္စာပြုရမယ်…’

‘ စောရအဖြစ် သစ္စာပြုရမယ်။ အဲ့ဒါ ဘာကိုပြောတာလဲ ဘကြီး။ ညတုန်းက ကျုပ်တို့ သစ္စာပြုပြီး မဟုတ်လား…’

‘ ညတုန်းက သစ္စာပြုတာက အစီအရင်အတွက် သစ္စာပြုတာ။ ဒီညကို သစ္စာပြုရမှာက စောရအဖြစ် တစ်သီးတစ်သန့် သစ္စာပြုရမှာ…’

‘ ဟုတ်ကဲ့ပါ ဘကြီး ကျုပ် လုပ်ပါ့မယ်။ ဒါနဲ့ သိုင်းပညာသင်ဖို့က ဘယ်အချိန် စကြမှာလဲ…’

‘ တာနောကို ခဏနေကျ ရွာထဲကို စေစရာရှိတယ်။ ဒါကြောင့် နေ့လည်ပိုင်းလောက်တော့ သင်ကြားမှုစမှာပေါ့…’

‘ ဟုတ်ကဲ့ ဘကြီး။ ဒါနဲ့ ဘကြီးကို ကျုပ် ထပ်ပြီးမေးလို့ ရမလား…’

‘ မေးပါ မောင်မင်းခေါင်…’

‘ ဘကြီး အခုနက ဖတ်နေတဲ့ စာအုပ်ကြီးနဲ့ ပြီးတော့ ကြောင်ကြီးကို ဘယ်လိုစီရင်ရတယ်ဆိုတာ ကျုပ်ကို ပြောပြပါလား…’

‘ အင်း…ပြောပြရတာပေါ့ မောင်မင်းခေါင်…’

မင်းခေါင် သူသိချင်တာကို သိရမှာမို့ အလွန်ဝမ်းသာသွားတယ်။

‘ ဘကြီးဖတ်နေတဲ့ စာအုပ်က နန်းရေးကြွယ်ကြွယ်ဆိုတဲ့ အင်းဝခေတ်ကအကြောင်းတွေကို ရေးသားထားတဲ့ စာတစ်အုပ်ပဲ။ ဒီအထဲမှာ ငတက်ပြားသစ္စာပြုပုံကို အဆိုပြုထားတာပါတယ်။ အဲ့ဒါကို ပြန်ရှာနေတာ…’

‘ ဪ…’

‘ အစီအရင်လုပ်ပုံလုပ်နည်းကကျတော့ ကြောင်နက်တစ်ကောင်၊ အလုံးစုံနက်မနေလည်း ရတဲ့ ကြောင်တစ်ကောင်ကို ရှာဖွေရတယ်။ ပြီးရင် လှောင်အိမ်ထဲ ထည့်ပြီး တစ်ပါတ်တစ်ခါ ဗုဒ္ဓဟူးနေ့တိုင်းမှာ တခြားကြောင်တစ်ကောင်ကို ရှာဖွေပြီး သတ်ကျွေးရတယ်။ စစချင်းအသားကို အာရုံတက်ချိန်မှာ ကျွေးရတယ်။ နောက်တော့ မြန်မာနာရီစဉ်အတိုင်း အနောက်ကို အချိန်ရွှေ့လို့ ကျွေးရတယ်။ အဲ့ဒီ့တော့ မြန်မာနာရီချိန်က တစ်ရက်မှာ နာရီသုံးဆယ်ရှိတာမို့ တစ်ပါတ်ကို ဗုဒ္ဓဟူးနေ့တိုင်း တစ်ကောင်နှုန်းနဲ့ နာရီချိန်တစ်မျိုးစီ ကျွေးမွေးရတာ ကြောင်အကောင်သုံးဆယ်ကို အပါတ်ရေ သုံးဆယ်။ ရက်ပေါင်း ၂၁၀ တိတိ ကျွေးရတယ်။ ကျွေးရမှာက ကြောင်အကောင်ရေ ၉၉ ကောင်တိတိ။ အဲ့ဒီ့အကောင်တွေအတွက်ကို ၉၉ ပါတ်၊ ရက်ပေါင်း ၆၉၃ ရက် ကြာအောင် အစီအရင်ပြုရတယ်…’

မင်းခေါင်က ဦးဘထူးပြောပြတာတွေကို နားထောင်ရင်း ရက်တွေနှစ်တွေကို စိတ်မှတ်နဲ့ လိုက်လံတွက်ချက်နေမိလိုက်ကာ…။

‘ နှစ်နှစ်နီးနီး ကျွေးမွေးရတာပေါ့နော် ဘကြီး…’

‘ အင်း…ဟုတ်တယ်။ မောင်မင်းခေါင်။ အဲ့ဒါက ကျွေးမွေးမှု အစီအရင်ပဲ။ ကျန်တဲ့အပိုင်းက တစ်နှစ်နဲ့ နှစ်လကြာအောင် မျက်ရှင်သိဒ္ဒိကိန်းလာစေဖို့ အစီအရင် ကြောင်ကို ဘာအစာမှ မကျွေးတော့ဘဲ ထားရတယ်။ ကြောင်က အစာငတ်လာတော့ သောင်းကျန်းတတ်တာမို့ မြေကျင်းတူးပြီး လှောင်အိမ်ကို ထည့်လို့ လုံခြုံအောင်ထားရတယ်။ မဟုတ်ရင် လူကိုရန်ရှာလာတတ်တယ်။ ညဘက်တွေမှာတော့ ကောင်းကင်က နက္ခတ်တွေငြိအောင် အပေါ်က ဖုံးအုပ်ထားတာတွေကို ဖယ်ပေးထားရတယ်…’

‘ ဟုတ်ကဲ့ ဘကြီး။ ဆက်ပြောပြပါဦး…’

‘ တဖြေးဖြေးနဲ့ ရက်ကြာလာတော့ အစာငတ်လာတဲ့ ကြောင်က ကိုယ့်ကိုယ်ကို ပြန်စားဖို့ ကြံစည်လာတယ်။ နက္ခတ်တွေက ငြိစွန်းရင်းအခံရှိနေတော့ ကြောင်ဟာ အသားကို မစားဘဲ ကိုယ့်ဝိဥာဉ်ကိုယ် တတိတိ ပြန်စားလာတယ်။ အဲ့ဒီ့ကနေ တဖြေးဖြေးနဲ့ အစီအရင်ကြောင်ဟာ သိဒ္ဒိစီးလာပြီး မောင်မင်းခေါင် ယူဆောင်သွားဖူးတဲ့ ကြောင်ရုပ်တစ်ရုပ်လိုအဖြစ်ကို ရောက်သွားတော့တာပါပဲ…’

‘ ထူးဆန်းလိုက်တာနော် ဘကြီး…’

‘ အင်း ဟုတ်တယ်။ ထူးဆန်းလွန်းတယ်။ သတ္တဝါတစ်ကောင်အတွက်တော့ ညှင်းပန်းနှိပ်စက်ရာ ရောက်တာပေါ့ကွာ…’

‘ ဟုတ်တယ် ကျုပ်လည်း တွေးမိနေတာ။ ပြီးတော့ သီပေါကိုယ်တော်က ဒီပုရပိုက်ကို ဘယ်ကနေ ရတာလဲ မသိဘူး…’

‘ အဲ့ဒါတော့ ဘကြီးလည်း မပြောတတ်ဘူး မောင်မင်းခေါင်ရဲ့။ သေချာတာကတော့ ဒီအစီအရင်ဟာ နန်းတွင်းက မဟုတ်တာ သေချာတယ်။ နောက်တစ်ခု မှန်းကြည်ရရင် ဒီအစီအရင်တွေဟာ အဘတော်မင်းတရားတွေ အယုဒ္ဓယကို သိမ်းစဉ်တုန်းက ပါရှိလာတဲ့ အစီအရင်တွေများလား၊ ဒါကိုမှ ပုရပိုက်ထဲမှာ မြန်မာမှု ပြန်ပြုထားတာလားရယ်ပေါ့…’

‘ ဒါဆို ဘယ်ကနေ ရောက်ရှိလာမှန်းမသိခဲ့ဘူးပေါ့…’

‘ ဟုတ်တယ် မောင်မင်းခေါင်။ ဘာကြောင့် အယုဒ္ဓယဘက်ကလို့ တွေးမိတာလဲဆိုတော့ သူတို့ဘက်မှာက ဒီလိုအစီအရင်တွေ သိပ်ပေါများတယ်။ ဒါပေမယ့် ပြန်တွေးစရာရှိလာပြန်တာက ဂါထာတွေ၊ မန္တာန်တွေ။ အစီအရင်မှာ ရွတ်ဖတ်ရတဲ့ ပုရပိုက်ထဲက မန္တာန်တွေက မြန်မာမှုသုံး ပါဋ္ဌိမန္တာန်တွေဖြစ်နေတယ်…’

‘ သီပေါကိုယ်တော်ကလည်း ဘကြီးတို့ကို ပေးတုန်းက ဘာမှမပြောပြခဲ့ဘူးလား…’

‘ အေး…မပြောပြခဲ့ဘူး။ အရေးဆိုးနေတော့ ပေးပြီး ချက်ချင်းအထွက်ခိုင်းခဲ့တာပဲ…’

‘ ဟုတ်ကဲ့ ဘကြီး…’

ဦးဘထူးက အာခြောက်သွားတာမို့ ရေနွေးတစ်ခွက်ကို သောက်သုံးနေလေတယ်။

ဒိအချိန်မှ မင်းခေါင် သတိထားကြည့်မိတော့ တာနောက သူတို့အနား ရှိမနေတော့ဘူး။ ရွာထဲကို ဆင်းသွားခဲ့ပြီဖြစ်မယ်။

မင်းခေါင်က ဦးဘထူး ရေနွေးသောက်ပြီးတဲ့အထိ စောင့်နေမိလိုက်တယ်။

‘ ဘကြီး…’

‘ ဟေ…’

‘ ကျုပ် သင်ကြားရမယ့် သိုင်းပညာတွေအကြောင်းကော နည်းနည်း ပြောပြပါလား…’

‘ အင်း…ပြောပြမယ် မောင်မင်းခေါင်။ အရင်ဆုံး သိုင်းဆိုတဲ့ စကားလုံးကို ပြောပြမယ်။ သိုင်းဆိုတဲ့ စကားရပ်မှာ သ ဆိုတာက ပြင်ဆင်မှု၊ မွမ်းမံမှု။ သိ ဆိုတာက တတ်သိကျင်လည်မှု။ သို ဆိုတာက သိုမှီးထိန်းကျောင်းမှု။ သိုင်းဆိုတာကတော့ သိုင်းခြုံလွှမ်းရစ်ပြီး လုံခြုံစေမှုလို့ သဘောထွက်တယ်…’

‘ ဟုတ်ကဲ့ ဘကြီး…’

‘ သိုင်းပညာမှာ ယေဘူရအားဖြင့် ၂ မျိုးရှိတယ်။ လက်နက်နဲ့ သိုင်း၊ လက်နက်မဲ့သိုင်း။ လက်နက်နဲ့မှာဆိုရင် ဓားရေး ၃၇ ချင်း။ လက်နက်မဲ့မှာကျတော့ ဗန်တို၊ နန်းတွင်းလက်သိုင်း၊ ရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း၊ သိုင်းပြောင်းပြန် စတာတွေရှိတယ်ပေါ့…’

မင်းခေါင်း ခေါင်းကို ညိတ်လို့ နားထောင်နေလေတယ်။

‘ ဗမာ့သိုင်းပညာဟာ သက်တမ်းအတော့်ကို ရှည်လှပြီ။ ဘယ်ခေတ်ဘယ်ကာလက စတင်ပြီးဖြစ်ပေါ်လာတယ်ဆိုတာ မသိရဘူး။ ဗမာ့သိုင်းပညာတွေဟာ အမည်နာမမျိုးစုံနဲ့ အတော့်ကိုပ များပြားလွန်းတယ်။ ဒါပေမယ့် ဘယ်လောက်ပဲများများ မူလအားဖြင့် ပင်မ သိုင်းပညာကြီး ၃ ခုကနေ ဆင့်ပွားလာကြတာပဲ။ အဲ့ဒီ့ပင်မသိုင်းပညာသုံးခုက ၁။ အင်းသိုင်း ၂။ ကမ္ဗောဇသိုင်း၊ ၃။ ရာမညသိုင်းဆိုတဲ့ သိုင်းပညာတွေ။ အင်းသိုင်းက မြန်မာမင်းနေပြည်တော် အင်းဝဆီက ဆင်းသက်လာတယ်။ ကမ္ဗောဇသိုင်းက ရှမ်းပြည်နယ်ဘက်က ဆင်းသက်လာတယ်။ ရာမညသိုင်းကတော့ မွန်မင်းဆက်ဆီကနေ ဆင်းသက်လာလေတယ်…’

‘ ဘကြီးပြောသလိုဆို ဗမာ့သိုင်းပညာက တကယ့်ကို နယ်ပါယ်ကျယ်လွန်းတာပဲနော်…’

‘ ဟုတ်တာပေါ့ မောင်မင်းခေါင်…’

မင်းခေါင် အတွေးနဲ့ တစ်ချက် ငြိမ်သက်သွားလေတယ်။ ဦးဘထူးက ငါးခြောက်တစ်ဖက်ကို ကောက်ယူလို့ ဝါးလေပြီး ရေနွေးကို တစ်ဖန်သောက်ပြန်တယ်။

‘ ဘကြီး…’

‘ ဟေ…’

‘ သိုင်းပညာက ဒီလောက်များတာဆိုတော့ ကျုပ်က ဘယ်ပညာကို အရင်သင်ရမှာတုန်း…’

‘ အင်း…လောလောဆယ်တော့ မောင်မင်းခေါင်ဟာ အန္တရာယ်များလွန်းတဲ့ စောရအလုပ်ကို လုပ်ရတော့မှာဆိုတဲ့အတွက် ဘကြီးက မောင်မင်းခေါင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် ပညာတွေကို အရင်ဆုံး ကြားဖောက်ပြီး သင်ပေးမယ်လို့ မှန်းထားတယ်…’

‘ အဲ့ဒါ ဘာပညာတွေလဲ ဘကြီး…’

‘ လက်နက်နဲ့ဆိုရင်တော့ ဓားလူး၊ ဓားကပ်၊ ဓားကာ။ လက်နက်မဲ့ဆိုရင်တော့ မင်းနဲ့ လိုက်ဖက်မယ့် သိုင်းပညာက ဗန်တို( အပျော့) အခြေခံပေါ့ကွာ…’

‘ ဗန်တိုသိုင်းက အပျော့ဆိုတာ ရှိသေးတာလား…’

‘ အင်း…ဟုတ်တယ်။ ဗန်တိုမှာ ၂ မျိုးရှိတယ်။ အမာနဲ့ အပျော့။ ဗန်တို အမာက ထိပ်တိုက်ရင်ဆိုင် ရှောင်တိမ်းမှုမရှိ၊ တည့်တည့်တိုး၊ တည့်တည့်တိုက်။ ဗန်တိုအပျော့ကျ ယိမ်းလို့ရှောင်ကာ လေညှင်းသို့လား၊ တိမ်းလို့တိုက်၊ ယိမ်းလို့တိုက်။ ဗန်ရှည်ကျတော့ သူက လက်နက်နဲ့ သိုင်းပညာပေါ့…’

‘ ဪ…’

ဒိတစ်ခါတော့ မင်းခေါင်ရင်ထဲ မေးခွန်းတို့ မရှိတော့ပြီ။

ဆောင်းဦးမနက်ရဲ့ နေရောင်ခြည်နုနုထွေးက သူတို့ကိုယ်အပေါ်ဆီကို ကျရောက်နေလေတယ်။

နေရောင်ထွက်ပေါ်လာမှုကြောင့် နှင်းမြူစက်တို့က သစ်ရွက်သစ်ခက်များဆီမှာ ရေစက်ပေါက်တို့အဖြစ် ခိုနားကြလေပြီ။

မင်းခေါင် ငြိမ်သက်စွာ ထိုင်နေရင်း မိခင်နဲ့ ညီမကို သတိရမိလာတယ်။ ပြီးတော့ မြသစ်ရဲ့ အကြောင်းက အတွေးထဲကို ရောက်ရှိလာလေရဲ့။

ဒိအခါ မင်းခေါင် မျက်နှာက ကြေကွဝမ်းနည်းရိပ်တွေ ထင်ဟပ်လာလေတယ်။

‘ မောင်မင်းခေါင်…’

‘ ဗျာ…ဘကြီး…’

‘ ရွာအကြောင်းကို တွေးမိနေတာလား…’

မင်းခေါင် ခေါင်းကို ညိတ်ပြီး ဝန်ခံလိုက်တယ်။ ဒါကို ကြာယည့်ကာ ဥိးဘထူးက သက်ပြင်းကို အသာချလိုက်ပြီး…

‘ မောင်မင်းခေါင် အခြေအနေက သာမန်အခြေအနေဆိုရင်တော့ ဘကြီး မင်းကို ချက်ချင်းပဲ ရွာဆီ ပြန်စေတယ်။ ဒါပေမယ့် အခုက မင်းအနေနဲ့ ရွာကို ပြန်မယ်ဆို ပုလိပ်က ဝရမ်းပြေး ကြေညာထားတာကြောင့် အဖမ်းဆီး ခံရနိုင်တယ်…’

မင်းခေါင် သူ့ဘဝသူ ပြန်တွေးမိသွားခဲ့တယ်။

‘ တောက်…ကျုပ်ရဲ့ ဘဝကို ဦးဘစီဆိုတဲ့ လူကြီး ဖျက်ဆီးလိုက်တာဗျာ။ ကျုပ်ရဲ့ အသည်းနှလုံးကိုတော့ ဟိုကောင် ဘမင်းက ဖျက်ဆီးတာ။ ကျုပ် သူတို့သားအဖကို တစ်သက်မကြေဘူး ဘကြီး…’

‘ မကောင်းသူကို ကံက စီမံပါလိမ့်မယ် မောင်မင်းခေါင်…’

‘ ဟင့်အင်း…ကျုပ်က ကိုယ်တိုင် လက်စားချေချင်တာ…’

‘ အင်း…’

ကိုယ်တိုင်ကလည်း စစ်သည်တော်ဟောင်းကြီးတစ်ယောက် ဖြစ်ခဲ့တာမို့ ဦးဘထူး မင်းခေါင်ရဲ့ လက်တုန့်ပြန်လိုစိတ်ကို မဖြေသိမ့်လိုတော့ဘူး။

‘ ဘကြီး…ကျုပ်ကို လက်စားချေခွင့် ပေးပါလားဗျာ…’

‘ အင်း…လွယ်တော့ မလွယ်လောက်ဘူးနော် မောင်မင်းခေါင်။ ဘစီမှာက လူအင်အားရှိတယ်။ မင်းအနေနဲ့ သိုင်းပညာကို ကောင်းစွာ မတတ်မြောက်သေးရင် သူတို့ကို အကဲမစမ်းသေးတာ အကောင်းဆုံးပဲ…’

‘ ဘယ်လိုဖြစ်ဖြစ် ကျုပ် လုပ်ချင်တယ် ဘကြီးရာ။ ဒါကိုမှ မလုပ်ရရင် ကျုပ် ရှေ့ဆက်ဖို့ကို စိတ်နှစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဘကြီးပြောပြဖူးတဲ့ အရင်းရှင်နဲ့ ကျောမွဲဆိုတဲ့ လူတန်းစား ၂ မျိုးမှာ သူတို့က အရင်းရှင်တွေပဲလေ။ ကျုပ် ပထမဆုံးအနေနဲ့ လုပ်ဆောင်ရမယ့် အရင်းရှင်က ဒီလူကြီးဖြစ်စေချင်တယ်။ ကျုပ်ကို အခွင့်ပေးပါ…’

ဦးဘထူး သက်ပြင်းကို ချလိုက်တယ်။

‘ မောင်မင်းခေါင်…မင်းတကယ် ဆုံးဖြတ်ပြီးပြီလား…’

‘ ဟုတ်တယ် ဘကြီး။ ကျုပ် ဆုံးဖြတ်ပြီးပြီ…’

‘ ကောင်းပြီလေ။ ဒိတစ်ပါတ်တော့ သည်းခံပါ။ မင်းအတွက် အသုံးတည့်နိုင်မယ့် ပညာရပ်ကို တာနောကြီးက သင်ပေးလိမ့်မယ်။ အဲ့ဒါကိုတော့ ကြိုးစားသင်ယူပေါ့ကွာ…’

‘ ဟုတ်ကဲ့ ဘကြီး…’

မင်းခေါင်တစ်ယောက် အလွန်ပဲ ပျော်ရွှင်သွားရပါတော့တယ်။

*******

နေ့လည်ပိုင်းအချိန်…။

မရှိခဏစေတီတော်ရဲ့ ပရဝုန်အတွင်းဆီမှာပဲ တာနောကြီးက မင်းခေါင်ကို သိုင်းပညာအချို့ သင်ပေးနေလေတယ်။

‘ ညာကို ခြေခင်းပြီး ဘယ်က ခြေနှုတ်။ ပြီးရင် ဓားကို အသွားအပြင်ထားပြီး ကိုယ်ဆီကို မထိအောင် လူးရမယ်…’

တာနောကြီး မင်းခေါင်ကို သင်ကြားပေးနေတာက ဓားလူး၊ ဓားကပ်၊ ဓားကာ ပညာ။

ဒီပညာက ချောင်ကျဉ်းရာ ဘောင်ကျဉ်းရာမှာ အသုံးပြုဖို့ တကယ်သင့်လျော်တယ်။ မင်းခေါင်က စောရတစ်ကောင်အဖြစ် ကျင်လည်ရမယ့်သူမို့ ကိုယ့်အသက်ကို ကာကွယ်ဖို့ရာက ဒီပညာသာလျှင် အလိုက်ဖက်ဆုံးပဲ။

ဒါကြောင့် ဦးဆုံးအနေနဲ့ ဒီပညာရပ်ကို မင်းခေါင်ကို သင်ယူစေတာဖြစ်တယ်။

မင်းခေါင်ကလည်း ကြိုးစားလွန်းလေတယ်။

နာကျည်းမှုတို့အတွက် လက်တုန့်ပြန်ဖို့ရာ စိတ်ဆန္ဒပြင်းပြလွန်းနေသူမို့ တာနောကြီးသင်ကြားပေးသမျှတို့ကို နားလည်အောင် သင်ယူနေတယ်။

နားလည်မှုရှိပြီးတဲ့အခါမှာတော့ တာနောကြီးက သင်ကြားမှုကို ရပ်လိုက်ပြီး မင်းခေါင်တစ်ယောက်ကိုသာ လေ့ကျင့်စေပါတော့တယ်။

မင်းခေါင်ဟာ တစ်နေကုန်တစ်နေခမ်း မနားမနေ လေ့ကျင့်နေပါတယ်။

နေ့လည်ပိုင်းကျတော့ ဦးဘထူးတစ်ယောက် မြင်းစီးလို့ ရွာတွေဘက်ထဲကို ဆင်းသွားတာ မင်းခေါင် သတိထားမိလိုက်တယ်။ ဒါပေမယ့် လေ့ကျင့်မှုကိုတော့ မဖျက်ဘဲ ဆက်လုပ်နေမိလေရဲ့။

ဦးဘထူးပြန်လာတော့ ညနေရောက်နေပြီ။ ဆန်နဲ့ ရိက္ခာအချို့ အပြင် အဝတ်ထုပ်တစ်ထုပ်ကိုလည်း တွေ့ရတယ်။

‘ မောင်မင်းခေါင်။ လေ့ကျင့်နေတုန်းပဲလားကွ…’

‘ ဟုတ်ကဲ့ ဘကြီး။ ကျုပ် သိုင်းပညာကို အမြန်ဆုံး တတ်မြောက်ချင်လို့ ပိုပြီးအားစိုက် လေ့ကျင့်နေတာပါ…’

‘ အေး…ကောင်းတယ်ကွာ။ ကောင်းတယ်…’

ဦးဘထူးနဲ့ တာနောတို့ စကားပြောနေကြတယ်။

တဖြေးဖြေးနဲ့ ညနေပိုင်းအချိန်ကို လွန်လို့ ညအမှောင်ယံတို့ စိုးမိုးလာခဲ့ပြီ။

ဒိအချိန်အထိ မင်းခေါင်က မနားမနေ လေ့ကျင့်နေဆဲပါပဲ။

ဥိးဘထူးနဲ့ တာနောတို့က မင်းခေါင်ရဲ့ လေ့ကျင့်အားထုတ်မှုတို့ကို မီးဖိုကြီးနံဘေးကနေ အကဲခတ် စောင့်ကြည့်နေတယ်။ စိတ်တွင်းဆီကလည်း မဆိုးဘူးလို့ သတ်မှတ်မိပေမယ့် ဒါဟာ နာကျည်းမှုကြောင့် မချိမခံသာ ကြိုးစားနေတာဖြစ်မယ်လို့လည်း ယူဆမိတယ်။

လူရွေးချယ်မှုအပိုင်းမှာတော့ အစီအရင်ကြောင်နက်ရဲ့ ရွေးချယ်မှုဖြစိတာကြောင့် သူတို့အနေနဲ့ လူရွေးမမှားဘူးဆိုတာကိုတော့ ယုံကြည်ထားမိကြတယ်။

အချိန်က ညနေစောင်းအချိန်ကို ရောက်လာတယ်။ အအေးဓာတ်က ဝန်းကျင်တခိုကို အုပ်လွှမ်းလာပြီဆိုပေမယ့် လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တဲ့ မင်းခေါင်ကတော့ တစ်ကိုယ်လုံး ချွေးတွေရွှဲစိုနေတယ်။

‘ မောင်မင်းခေါင်…နားဖို့လုပ်တော့။ တာနောကြီး ရေချိုးဖို့ မင်းကို စောင့်နေတယ်…’

‘ ဟုတ်ကဲ့ ဘကြီး…’

မင်းခေါင်လည်း လေ့ကျင့်နေတာကို ရပ်တန့်လိုက်လေတယ်။ ပြီးတော့ အကြောအချင်တွေကို လျော့လိုက်ပြီး ခန္ဓာဆီက ချွေးတို့ကို သုတ်သင်တယ်။

‘ မင်းခေါင် ပြီးရင် သွားကြစို့…’

တာနောက ပြောတော့ မင်းခေါင်လည်း ရေဆိပ်ဆီကို ရေချိုးဆင်းဖို့ရာ ခြေလှမ်းလိုက်တာပေါ့။

‘ မြန်မြန် ချိုးခဲ့ကြနော်…’

‘ ဟုတ်ကဲ့ ဘကြီး…’

တအောင့်ကြာတော့ မင်းခေါင်တို့ ပြန်ရောက်လာကြတယ်။

‘ ရော့ မောင်မင်းခေါင်။ ဒါ…မင်း အိမ်က ထည့်ပေးလိုက်တဲ့ အဝတ်အစားထုပ်…’

ဦးဘထူးက သရဝဏ်ဆီက ပြန်လာတုန်းက ယူလာတဲ့ အထုပ်ကို မနက်တုန်းက မြင်းဆီမှာ ကျန်ရစ်ခဲ့တာဖြစ်ပြီး မြင်းကလည်း တာနောနဲ့အတူ ပါသွားခဲ့တာမို့ အခုသူပြန်တက်လာမှသာ မင်းခေါင်ကို ပေးလိုက်တာ ဖြစ်တယ်။

မင်းခေါင်လည်း အထဲဆီက ပုဆိုးတစ်ထည်နဲ့ အပြာရောင်ဖျင်အင်္ကျီတစ်ထည်ကို ရွေးချယ်လို့ ဝတ်ဆင်လိုက်လေတယ်။

ဦးဘထူးက မြေအိုးနဲ့ ချက်ထားတဲ့ ထမင်းအိုး၊ ဟင်းအိုးတွေကြားမှာ ထိုင်နေရင်းက…။

‘ တာနောကော မောင်မင်းခေါင်ကော ပြီးရင် စောရအဖြစ် သစ္စာပြုရဦးမှာဆိုတော့ အစောကိုပဲ ထမင်းစားကြစို့။ သစ္စာပြုပြီးရင်တော့ မောင်မင်းခေါင်အတွက် မနက်ဖြန်မှာ လုပ်ရမယ့် ပွဲဦးထွက်အလုပ် တစ်ခုက ရှိနေပြီ။ အဲ့ဒါကိုအတွက်ကို တိုင်ပင်တာတွေ ဆက်လုပ်ရမယ်…’

‘ ဗျာ…ဘကြီး။ မနက်ဖြန်ကို ကျုပ်အတွက် ပွဲဦးထွက်အလုပ် ဟုတ်လား…’

‘ အေး…ဟုတ်တယ်…’

‘ ဘာအလုပ်များလဲ ဘကြီး…’

‘ ဒိကနေ မြင်းခရီးနဲ့ နှစ်နာရီကျော်လောက် သွားရတဲ့ ကျောက်တိုင်ဆိုတဲ့ရွာဆီမှာ ချစ်တီးတစ်ယောက် အတော်ဆိုးနေတယ်တဲ့ကွ…’

‘ ချစ်တီး…ဟုတ်သလား ဘကြီး…’

ချစ်တီး ( chettair) ဆိုတာက ဗမာပြည်ကို အင်္ဂလိပ်တို့ စတင် အုပ်ချုပ်ပြီး ကိုးနှစ်လောက်အကြာ ၁၈၂၆ ခုနှစ်မှာ ဗမာ့အခြေခံလူတန်းစားတို့ကို တစ်နည်းတစ်ဖုံအားဖြင့် ဖိနှိပ်ရန်အတွက် အိန္ဒိယပြည် တောင်ပိုင်းဆီကနေ ခေါ်သွင်းလာခဲ့ကြတဲ့ လူမျိုးခြား ကုန်သည်၊ မြေရှင် ဇာတ်အမြင့်သူများဖြစ်တယ်။

သူတို့ဟာ အစပိုင်းမှာ ကုန်သည်များအဖြစ်နဲ့ ဝင်ရောက်လာကြပြီး နောက်ပိုင်းကာလများမှာတော့ စိုက်ပျိုးရေးသမားများ၊ လယ်သမားများနဲ့ အခြေခံလူတန်းစားများအပေါ် ငွေကြေးဝန်ဆောင်မှုပေးရာ အလုပ်ကို လုပ်ကိုင်ခဲ့ကြတယ်။

ချစ်တီးတွေဟာ ငွေမျက်နှာနဲ့ အုပ်ချုပ်သူလူတန်းစားတွေရဲ့ မျက်နှာကိုသာ ကြည့်တတ်ခဲ့ပြီး လက်ရှိအချိန်အခါအရ အရင်းရှင်စနစ်ကို အင်္ဂလိပ်တို့က အသက်သွင်းစဉ်ဝယ် သူတို့ရဲ့ လယ်သမားများအပေါ်ဖိနှိပ် လုပ်ဆောင်မှုတွေက အမြင့်ဆုံးအချိန် ဖြစ်နေခဲ့တာပေါ့။

‘ ဟုတ်တယ် မောင်မင်းခေါင်။ ဘကြီး နေ့လည်တုန်းက ရွာထဲကို ဆင်းဖြစ်တယ်။ ရွာထဲရောက်ချိန် သတင်းတချို့ကို စနည်းနာနေမိတုန်း ကျောက်တိုင်ရွာဆီက ချစ်တီးအကြောင်းကို ကြားမိရတာပဲ…’

‘ ချစ်တီးက ဘာတွေလုပ်လို့လဲ။ ပြောပြပါဦး ဘကြီး…’

‘ ဒီချစ်တီးက ကျောက်တိုင်ရွာမှာ ငွေချေးတဲ့သူတွေဆီက မြေသိမ်း၊ နွားသိမ်း၊ အိမ်သိမ်းတာတွေ လုပ်တယ်။ အခုကကျ အဲ့ဒါတွေထက် ငွေအစားထိုးပြီး သမီးပျိုကို မယားအဖြစ် သိမ်းပိုက်ဖို့ ရှိတယ်လို့ သိရတယ်…’

‘ ဟာ…’

‘ ယုတ်မာလိုက်တာ…’

တာနောနဲ့ မင်းခေါင်တို့ဆီက စကားသံတွေပါ။

‘ ဟုတ်တယ်။ သမီးပျိုကို မနက်ဖြန် ညနေမှာ အခမ်းအနားနဲ့ လာခေါ်မယ်လို့ သိရတယ်။ အဲ့ဒီ့ကိစ္စထဲကို တို့တတွေ ဝင်ပါကြဖို့ ရှိတယ်…’

‘ ဟုတ်ကဲ့ ဘကြီး…’

‘ လုပ်ရမယ့် အစီအစဉ်ကိုတော့ ပြီးတဲ့အခါမှာ ဘကြီးက အသေး ပြောပြမယ်…’

ထမင်းစားဖို့ကို မင်းခေါင်နဲ့ တာနောတို့ ခူးခပ်ပြင်ဆင်လိုက်ကြတယ်။

ဒိထမင်းတွေကို ညနေမတိုင်ခင်က တာနောက ချက်ပြုတ်ထားတာပါ။

ထမင်းနဲ့ ငါးခြောက်အာလူးချက်။ ပြီးတော့ စေတီကုန်းအနီးက တာနောကြီး လိုက်လံခူးဆွတ်ထားတဲ့ အသီးအရွက်အစုံကို ချဉ်ရည်ချက်ထားတာလည်း ပါသေးတယ်။

သုံးယောက်သား ထမင်းကို စားကြရင်း စကားစမြည်တချို့ကို ဆိုကြတယ်။

ထမင်းစားသောက်လို့ပြီးစီးတော့ စေတီရင်ပြင်ထက်ဆီမှာ တာနောနဲ့ မင်းခေါင်ကို ဦးဘထူးက ကန်တော့်ပွဲတစ်ပွဲ ပြင်စေတယ်။

ကန်တော့်ပွဲပြီးစီးတဲ့အခါကျ အလင်းတိုင် ခုနှစ်တိုင်နဲ့ နံ့သာတိုင်ခုနှစ်တိုင်ကို ပူဇော်လေကာ ဝါးဆစ်ခွက်ငယ်သုံးခွက်နဲ့အတူ အဝတ်မည်းနဲ့ ပတ်ထားတဲ့ ဓားမြှောင်လို့ယူဆရတဲ့ အရာကို ကန်တော့်ပွဲထက် တင်လိုက်လေပြီး မင်းခေါင်ကို ဘုရားဝတ်ပြုခိုင်းပါတယ်။

ဝတ်ပြုပြီးတဲ့အခါမှာတော့ ဦးဘထူးက ရေတစ်ခွက်ကို ကိုင်လေပြီး တာနောကိုလည်း တစ်ခွက်ပေးကာ အနောက်က လိုက်ဆိုဖို့ ပြောပြီး…။

‘ အကျွန်ုပ်တို့ဟာ တိုင်းပြည်အပေါ် အသက်နဲ့ ခန္ဓာကိုယ် ပေးအပ်ထားသူ စစ်သည်တော်များ ဖြစ်ပါတယ်။ ရှေ့လျှောက်မှာလည်း စစ်သည်တော်များ အဖြစ်နဲ့ ဟောဒီ့က ကြောင်မျက်ရှင်စောရ မင်းခေါင်ကို ဝန်းရံရင်း၊ တိုင်းပြည်၊ လူမျိုးတို့ အပေါ် အသက်နဲ့ခန္ဓာကို ဆက်လက်အပ်နှင်းလို့ စွမ်းနိုင်ရာဆီကနေ ကူညီဖေးမသွားပါမယ်လို့ သစ္စာပြုပါတယ်။ သစ္စာယွင်းပါက အသက်၊ ခန္ဓာ ပျက်သုဉ်းစေပြီး မဟာအဝီဇိငရဲဆီကို အဖန်တရာတေအောင် ကျရောက်ပါစေ…’

သစ္စာပြုထားတဲ့ ရေတို့ကို ဦးဘထူးနဲ့ တာနောတို့ တစ်ပြိုင်ထဲ သောက်ချလိုက်တယ်။

‘ မောင်မင်းခေါင်…ရော့။ ဘကြီးဆိုတဲ့ အတိုင်း လိုက်ဆိုပါ…’

‘ ဟုတ်ကဲ့ ဘကြီး…’

‘ အကျွန်ုပ်ဟာ ကြောင်မျက်ရှင်ရဲ့ သိဒ္ဒိကို ကိန်းအောင်းခံရာ သက်ရှိလူသားဖြစ်ပါတယ်။ အကျွန်ုပ်ကိုယ်၌ ကိန်းအောင်းနေတဲ့ ကြောင်မျက်ရှင်ရဲ့ သတ္တိကို မလွဲမတော်ရာတို့ဆီမှာ အသုံးမပြုပါ။ တိုင်းပြည်၊ လူမျိုးအတွက် တစ်ထောင့်တစ်နေရာဆီက ပါဝင်ပြီး အကျိုးဖြစ်စေမယ့်အလုပ်အတွက်ကိုသာ အသုံးပြုပါမယ်။ မကောင်းသူကိုပါယ် ကောင်းသူကိုကယ်ပြီး လောကအလင်းအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင်ပါ့မယ်။ အကယ်၍သာ အကျွန်ုပ်သည် ကြောင်မျက်ရှင်သတ္တိကို မတော်ရာဆီမှာ အားကိုးမိပြီး လောကီသွေဖယ်မှုတို့ကို ဆောင်ကြဉ်းမိပါမူ မဟာအဝီဇိငရဲမှာ အဖန်တရာတေအောင် ထပ်ဖန်တလဲလဲ ကျဆင်းခံစားရပါစေ။ အကယ်၍ ကောင်းရာဆီမှာ အသုံးပြုမိပါမူ အောင်ခြင်းအောင်ရာ အောင်ကြောင်းဖြာလို့ ကောင်းခြင်းတို့ကို စံစားရပါစေ…’

မင်းခေါင်လည်း ဦးဘထူ တိုင်ပေးတဲ့အတိုင်း လိုက်လံသစ္စာပြုတယ်။

‘ သောက်လိုက်ပါ မောင်မင်းခေါင်…’

မင်းခေါင် သစ္စာရေတို့ကို သောက်သုံးလိုက်တယ်။

ပြီးတဲ့အခါမှာတော့ ဦးဘထူးက ကန်တော့်ပွဲဆီက ဓားမြှောင်ကို ယူလိုက်ပြီး သူ့လက်ကို အသာလှီးကာ သွေးစက်တို့ကို ရေထည့်ထားတဲ့ ရေခွက်တစ်ခွက်အတွင်း ညှစ်ထည့်လိုက်တယ်။

သူပြီးတော့ တာနောနဲ့ မင်းခေါင်တို့ကိုလည်း လက်ကိုလှီးပြီး သွေးညှစ်ထည့်စေတယ်။

သုံးယောက်စလုံး လုပ်ဆောင်ပြီးချိန်မှာတော့ အချင်းချင်း သွေးသောက်ညီအကိုများအဖြစ် သတ်မှတ်ကြောင်း၊ ညီအကိုချင်း အသက်ချင်းထပ်လို့ သစ္စာဖောက်ကြောင်း ဘယ်တော့မှ ပြုမှာမဟုတ်ကြောင်း တိုင်တည်ပြီး တစ်ယောက်တစ်ငုံစီ သောက်သုံးလိုက်ကြပါတယ်။

သောက်သုံးပြီးချိန်မှာတော့ ဦးဘထူးက…။

‘ ကဲ…ညီလေးတို့။ ဒီကနေ့က စပြီး မင်းတို့နှစ်ယောက်ဟာ ငါ့ရဲ့သွေးသောက်ညီတွေ ဖြစ်ကုန်ပြီ။ တာနော မင်းက ငါ့ကို တပ်မှူးလို့ ခေါ်စရာမလိုတော့ဘူး။ အကိုကြီးလို့ပဲ ခေါ်ပါ။ ညီလေး…မင်းကတော့…’

‘ ကျုပ်ကလည်း ဘကြီးလို့ မခေါ်တော့ဘူး။ အကိုကြီးလို့ပဲ ခေါ်ပါမယ်ဗျာ…’

မင်းခေါင်ရဲ့ သွက်လက်စွာ ဖြေကြားလိုက်မှုကြောင့် ဦးဘထူးနဲ့ တာနောတို့ရယ်လိုက်ကြတယ်။

မင်းခေါင်ကလည်း လိုက်ပါရယ်တော့ သွေးသောက်ညီအကို သုံးယောက်တို့ရဲ့ ရယ်မောသံက ညဉ့်ဦးယံအချိန် စေတီလေးရဲ့ တစ်ဝန်းဆီကို ပျံလွင့်သွားတော့တာပေါ့…။

အဲ့ဒိနောက်တော့ ဦးဘာထူးက ကျောက်တိုင်ရွာအတွက် အစီအမံတွေကို ပြောပြပြီး သွေးသောက်ညီအကို သုံးယောက်မှာမှ တာနောကို စေတီဆီမှာ ချန်ရစ်လို့ မင်းခေါင်နဲ့ ဦးဘထူး နှစ်ယောက်ထဲ ညတွင်းချင်းကိုပဲ ထွက်ခဲ့ကြတယ်။

ညဉ့်သန်းခေါင်ယံမှာတော့ မင်းခေါင်နဲ့ ဦးဘထူးတို့ ကျောက်တိုင်ရွာကို ရောက်ရှိခဲ့ကြကာ ရွာထိပ်အနားဆီမှာ မြင်းတွေကို ထားပြီး မီးတွေလင်းချင်းနေတဲ့ တိုက်နီနှစ်ထပ်အိမ်ကြီးဆီကို ဦးတည်လို့ လှမ်းကပ်သွားကြပါတော့တယ်။

*******

ကျောက်တိုင်ရွာထိပ်ဆီက ချစ်တီးမြင့်တင်ရဲ့ နှစ်ထပ်တိုက်နီအိမ်ကြီးဆီမှာ မီးရောင်တွေ ဖြာလင်းနေတယ်။

ပိုင်ရှင်ဖြစ်က ချစ်တီးဖြစ်ပြီး သူ့နာမည်အရင်းက အိန္ဒိယမှာတုန်းက ဟူးနားဘိုင်ဖြစ်ပေမယ့် ဗမာပြည်ကို ရောက်တော့ ဗမာနာမည်အဖြစ် သူ့ကိုယ်သူ မြင့်တင်လို့ သညှာပြုတယ်။

ငွေချေးသူအဖြစ် ချစ်တီးမြင့်တင် ကျောက်တိုင်မှာ အခြေချလာတာက ဆယ်စုနှစ်တစ်ခုတော့ ရှိပါပြီ။

ဒီကာလအတွင်းမှာ ချစ်တီးမြင့်တင်ဟာ ရောက်စအခါ အင်အားမရှိခင်က တစ်မျိုး၊ ငွေအင်အား လူအင်အားရှိလာတော့ တစ်ဖုံပြောင်းကာ အတိုးကြီးယူ၊ အမြတ်ကြီးစားလို့ သိမ်းတာပြုတာတွေ လုပ်ဆောင်လာတယ်။

ဒိအခါ အုပ်ချုပ်မှုစနစ်ရဲ့ သားကောင်တွေဖြစ်ကြရတဲ့ ကျောက်တိုင်ရွာနေ အခြေခံလူတန်းစားတို့ လယ်သမားတို့ဟာ ချစ်တီးမြင့်တင်ဆီမှာ ငွေချေးမိကြပြီး ပြန်ဆပ်ဖို့အခက်အခဲဖြစ်တော့ မြေသိမ်းခံ၊ အိမ်သိမ်းခံ၊ ရှိတဲ့အရာတို့ကို အသိမ်းဆည်းခံရပါတော့တယ်။

ဒိအချိန်မှာ ချစ်တီးမြင့်တင်က ပုလိပ်ဘက်ကိုလည်း အပိုင်ပေါင်းသင်းထားပြီး လက်မရွံ့လူမိုက်တို့ကိုလည်း လက်သပ်မွေးထားလေတော့ ဘယ်လိုလူကမှ ကလန်မဆန် မလုပ်ရဲခဲ့ကြဘူး။

အခုဆို ချစ်တီးမြင့်တင်က ရွာတောင်ပိုင်းက မုဆိုးမကြီးဖြစ်တဲ့ ဒေါ်ထွေးခင်က ရူပီး ၂၀ ချေးမိတာကို တစ်နှစ်အကြာမှာ အတိုးကြီးတက် ခေါင်းပုံဖြတ်ရင်း ပစ္စည်းသိမ်းဖို့ ကြိုးစားပါရော။ မုဆိုးမကြီးဆီမှာ သိမ်းစရာမရှိတော့ ခင်မှုန်ဆိုတဲ့ တစ်ဦးတည်းသောသမီးဖြစ်သူ မယားပြုဖို့ တောင်းရမ်းလာတယ်။ လက်မခံရင် ဒေါ်ထွေးခင်ကို တရားစွဲဆိုမယ်ပေါ့။ မိခင်ဖြစ်သူကို အသက်ကြီးမှ ထောင်ထဲမဝင်စေချငိတော့ ခင်မှုန်က ဒီကိစ္စကို ခေါင်းညိတ်လက်ခံခဲ့ရတယ်။

ခင်မှုန်က ကိုယ်ဆစ်ကိုယ်ပေါက် အလှဂုဏ်ကလေးရှိပြီး အသက်အားဖြင့်လည်း ရှိလှမှ ဆယ့်ရှစ်နှစ် ပြည့်ရုံလောက်ရှိသေးတာပါ။ ဒိမတိုင်ခင် ချစ်တီးမြင့်တင်မှာက မယားလေးယောက်ရှိတယ်။ အားလုံးက အသက်သုံးဆယ်ကျော်တွေ။ ဗမာမတွေချည်းကိုပဲ ချစ်တီးမြင့်တင့်က ယူထားတာရယ်။

အခု ငါးယောက်မြောက်မယားဖြစ်လာမယ့် ခင်မှုန်ကျတော့ အရှေ့က လေးယောက်နဲ့မတူ အပျိုသွေးစင်စစ်ဖြစ်တဲ့အပြင် ငယ်ရွယ်နုနယ်လွန်းနေတော့ ချစ်တီးမြင့်တင်တစ်ယောက် မနက်ဖြန် ကျင်းပမယ့် မင်္ဂလာပွဲအတွက်ကို ချက်ပြုတ်ပြင်ဆင်နေကြတာပါ။

ညဉ့်နက်လာတော့ အောက်မှာ စီမံစရာရှိတာတွေကို အပြီးသတ်ပြီး ချစ်တီးမြင့်တင် အိမ်အပေါ်ကို တက်ရင်း ဘယ်မယားဆီ ဝင်အိပ်ရလဲ တွေးလာခဲ့လိုက်တယ်။

‘ နောက်ဆုံးယူထားတဲ့ တစ်ယောက်…’

မယားလေးယောက်ကို တစ်ခန်းစီထားတာဆိုတော့ သူဆန္ဒရှိတဲ့ နောက်ဆုံးတစ်ယောက်ရဲ့ အခန်းကို ချစ်တီးမြင့်တင် တံခါးခေါက်လိုက်တယ်။ အထဲက တုန့်ပြန်မလာဘူး။

စိတ်မရှည်တော့ တံခါးကို တွန်းဖွင့်မိရော။ အထဲမှာ ဘယ်သူမှ ရှိမနေ။ ချစ်တီးမြင့်တင် စိတ်တိုမိသလို စိတ်လည်း ပြောင်းသွားရတယ်။

အခြားအခန်းဆီကို ကူးသွားလိုက်တယ်။ ဒီအခန်းလည်း ဘယ်သူမှ ရှိမနေ။ နောက်ထပ်အခန်းတွေ ဖွင့်ပြန်တော့လည်း တစ်ယောက်မှ ရှိမနေတော့ ချစ်တီးမြင့်တင် အံ့သြရတယ်။

‘ ဒီကောင်မတွေ စိတ်ကောက်တာတော့ မဖြစ်နိုင်ဘူး။ ခင်မှုန်ကိစ္စကို သူတို့သဘောတူတယ်လို့တောင် ပြောထားသေးတာ…’

တွေးရင်း အခြေအနေက မူမမှန်ဘူးလို့ ချစ်တီးမြင့်တင် ခံစားမိလာရတယ်။ သူ့အခန်းဆီကို အပြေးသွားလိုက်ပြီး ဘီရိုထဲက သေနတ်ကို ထုတ်မယ်လုပ်တော့ ရုတ်တရက် သူ့အနောက်ပါးက ဓားမြှောင်ကိုင်၊ အမည်းဝတ်နဲ့ မျက်နှာဖုံးအမည်းစွပ်ထားတဲ့ လူတစ်ယောက် ထွက်ပေါ်လာတယ်။ ချစ်တီးမြင့်တင် ထိတ်လန့်တကြား လှည့်ကြည့်မိလိုက်ကာ…။

‘ မင်း မင်း ဘယ်သူလဲ…’

‘ ဗမာပြည်သူတွေကို သောကတွေ ဒိလောက်ပေးရရင် ကျေနပ်ရောပေါ့ ကိုချစ်တီး…’

‘ မင်းဘယ်သူလဲလို့ ငါမေးနေတယ်လေ…’

‘ ကျုပ်က စောရမင်းခေါင်။ ခင်ဗျားဆီက ငွေတချို့နဲ့ လယ်မြေ စာရွက်စာတမ်းတချို့ကို ကျုပ် ခိုးထားလိုက်တယ်။ အခုက ခင်ဗျားကို တခြားအသိပေးချင်တာရှိလို့ စောင့်နေတာ။ ခင်ဗျား ခင်ဗျား အသက်ကို နှမြောတယ်ဆိုရင်၊ မခင်မှုန်ကို အကြွေးနဲ့ မတရားသိမ်းယူဖို့ ကြိုးစားနေတာကို ရပ်ပါ။ လယ်မြေကိစ္စတွေ လောဘကြီးနေတာကို ရပ်ပါ။ ခင်ဗျားအခုလောက် ပိုင်ဆိုင်မှုနဲ့ပဲ တင်းတိမ်ပြီး သူတစ်ပါးကို သောကတွေ မပေးပါတော့နဲ့…’

‘ မင်းက ဘာကြောင့် ငါ့ကို အမိန့်ပေးနေတာလဲ။ ငါက ဘာကိုကြောက်ရမှာလဲ။ အောက်မှာ ငါ့လူတွေ အများကြီးရှိတယ်နော်…’

ချစ်တီးမြင့်တင်က ခြိမ်းခြောက်တော့ စောရမင်းခေါင်က ခပ်သာသာ ရယ်မောလိုက်တယ်။

‘ ခင်ဗျားကို ဘာကြောင့် အမိန့်ပေးနေတာလဲဆိုတော့က ကျုပ် ခင်ဗျားကို မသတ်ချင်လို့။ ခင်ဗျားလူတွေ အများကြီးရှိတယ်ဆိုတာအတွက်က ကျုပ်က ခင်ဗျားလူတွေကို ဖြတ်သန်းပြီး ဒီအပေါ်ကိုတောင် ရောက်နေပြီနော်။ ကျုပ် ဘာလုပ်နိုင်လဲဆိုတာ ခင်ဗျားကို ပြဖို့ ပြန်ဆင်းရင် ခင်ဗျား လူတွေအကြားကနေပဲ ကျုပ် ဆင်းပြမယ်…’

‘ မင်း ဘာလိုချင်တာလဲ…’

‘ ပြောပြီးပြီလေ။ မတော်လောဘတွေကြီးပြီး ဗမာပြည်သူတွေကို သောကတွေ ပေးနေတာကို ရပ်တန့်ဖို့…’

‘ ငါ မလုပ်နိုင်ရင်ကော…’

‘ ငုတ်တုတ်လေး မြေကြီးထဲကို ရောက်မယ်…’

ကုလားလို သဂြိုဟ်တာကို မင်းခေါင် ရည်ရွယ်ပြီး ပြောလိုက်တာပါ။

‘ ကဲပါ…ကျုပ် သတိပေးစရာရှိတာ ပေးပြီးပြီ။ ခင်ဗျားလူတွေကို အော်လိုက်တော့။ ပြတင်းပေါက်ကနေ သူခိုးတစ်ကောင် ဆင်းလာမယ်။ မိအောင်ဖမ်းကြလို့…’

မင်းခေါင်ပြောတဲ့အတိုင်း ချစ်တီးမြင့်တင် ထအော်ပါတယ်။

ဒိအော်သံကြောင့် အိမ်အောက်က သူ့တပည့်တွေ တုတ်ကိုင်သူ ဓားကိုင်သူနဲ့ ရှုပ်ယှက်ခတ်ကုန်တယ်။

မင်းခေါင်က အောက်ကို တစ်ချက် ကဲကြည့်လိုက်တယ်။

‘ လူစုံတက်စုံပဲ။ ကဲ…ကိုချစ်တီး ကျုပ်သွားမယ်။ ခင်ဗျားဆီက ခင်ဗျားဘဝမပျက်နိုင်လောက်မယ့် ငွေပမာဏတချို့နဲ့ စာရွက်စာတမ်းတချို့ကို ကျုပ်ခိုးယူသွားတယ်။ အဲ့ဒီ့အထဲက ငွေတွေက မခင်မှုန်တို့သားအမိအတွက် ယူသွားတာနော်။ ကျေးဇူးပဲ သွားပြီ…’

မင်းခေါင်က ပြောပြောဆိုဆိုပဲ ပြတင်းပေါက်ဆီကနေ အိမ်ရှေ့လူအုပ်အကြားဆီကို ခုန်ထွက်လိုက်တယ်။

မင်းခေါင် အပေါ်က ခုန်ထွက်လာတာနဲ့ အောက်ဆီက ချစ်တီးမြင့်တင်ရဲ့ တပည့်တွေက တုတ်၊ ဓားတွေနဲ့ ဆီးကြိုပြီး ရိုက်ကြဖို့ပြင်တယ်။

ဒါပေမယ့် မင်းခေါင်က တစ်ဝက်မှာတင် လှပစွာနဲ့ပဲ ကြောင်လိမ်လှည့်ကာ လူအုပ်နဲ့ အစွန်ဘက်ကို ကျတော့ အကုန်လုံး ရုတ်တရက် ကြောင်အမ်းကုန်ကြတယ်။ ပြီးမှ အတင်းလိုက်တော့ မမီတော့ဘူး။

မင်းခေါင်က သူတို့မရောက်ခင် လှစ်ခနဲနေအောင် ထပြေးပြီး အိမ်နဲ့မလှမ်းမကမ်း နံဘေးတင်းကုတ်ရဲ့ အပေါ်ဆီကို လွှားခနဲ ခုန်တက်ကာ…။

‘ ဟေ့…ကိုချစ်တီး။ ကျုပ်နာမည် စောရမင်းခေါင်နော်။ မှတ်ထားဦး…’

လို့ ဟစ်အော်နှုတ်ဆက်သွားပြီး အသံကော လူပါ အားလုံးရဲ့ မျက်စိရှေ့မှာပဲ ဖျတ်ခနဲ ပျောက်ကွယ်သွားပါတော့တယ်။

ပြီးပါပြီ။

ထမံ(တောင်ငူ)