ဗြိတိသျှကိုကိုမောင်
…………………………….

ဒါကတော့ ဒုတိယအကြိမ်မြောက် ကျွန်တော် ရန်ကုန်မြေကို ခြေချတဲ့ကာလပေါ့။

ကျောတခင်းစာနေစရာဘုံပျောက်နေတဲ့ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က သူတို့မိသားစုပိုင် တိုက်ခန်းအလွတ်တစ်ခုမှာ ခဏပေးနေပါတယ်။

မင်္ဂလာစျေးအနားက တိုက်ခန်းတစ်ခုဆိုပါတော့။
အောက်ထပ်မှာ သူတို့မိသားစုလုပ်ငန်းရဲ့ ဂိုထောင်ရှိပြီး အပေါ်ထပ်ကတော့ အခန်းလွတ်ပါ။

သေတ္တာအစုတ်တစ်လုံးနဲ့ အိပ်ရာလိပ်ကလေးကို တိုက်ခန်းကြမ်းပြင်ပေါ်ချပြီးပြီဆိုတာနဲ့ ရန်ကုန်ရဲ့ ဒုက္ခတွေထဲက တစ်ခုဖြစ်တဲ့ နေရေးအတွက်တော့ ခဏတာအဆင်ပြေသွားခဲ့ပါပြီ။

စားရေးအတွက်ကတော့ အဲ့ဒီအချိန်က ကျွန်တော်က The Voice သတင်းစာမှာ အပတ်စဥ်သရော်စာကော်လံစားနဲ့ ရေးနေချိန်မို့ တစ်ပတ်ရှစ်ထောင် ရပါတယ်။
တခြားမဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ဆောင်းပါးလေးတွေ၊ ဝတ္ထုတိုလေးတွေရေးတာ ကနေလည်း နည်းနည်းပိုက်ဆံရနေတော့ တစ်‌ယောက်တည်း စားလောက်ရုံပေါ့။

တခါတခါဘိုင်ပြတ်လို့ ထမင်းငတ်တဲ့အခါလည်း ဗိုလ်ချုပ်စျေး (၂၇)လမ်းထဲက ကိုငြိမ်းဇော်အေးတို့၊ ကိုဖိုးကျားတို့ ဆီသွားပြီး သူတို့ကို ဝယ်ကျွေးခိုင်းရတာပဲ။
တခါတလေ သူတို့က ညဘက်ဆို အရက်ပါတိုက်လိုက်သေးတာ။

အဲ့ဒီလို ညဘက်ညဘက် အရက်ဝိုင်းတွေကနေ မိုးချုပ်ပြန်လာရာကဇာတ်လမ်းက စပါတယ်။

တိုက်ခန်းလေးကို စပြောင်းပြီး တပတ်လောက်အကြာ တစ်ညမှာ ကျွန်တော် မြို့ထဲကနေ မူးပြီး ပြန်လာခဲ့ပါတယ်။
ည (၁၁)နာရီလောက်ရှိပါပြီ။

တိုက်ခန်းသော့ကို ဖွင့်လိုက်တယ်ဆိုရင်ပဲ အရှေ့တည့်တည့်တိုက်ဆီက အမျိုးသမီးအသံတစ်ခု ထွက်လာပါတော့တယ်။

“ခွေးသူတောင်းစား..ဒီအချိန်မှ ပြန်လာရလား”

ကျွန်တော်ကြောင်ပြီး လှည့်ကြည့်လိုက်ပါတယ်။ အသံက အရှေ့ ခြောက်ထပ်တိုက်ခန်းတွဲဆီက ဆိုပေမယ့် ဘယ်အခန်းက လာမှန်းမသိပါဘူး။

“အင်း သူတို့ဟာ သူတို့ ပြောတာနေမှာပါ..ငါ့ကို ပြောတာမဟုတ်လောက်ပါဘူး”
ဆိုပြီး ကိုယ့်ဟာကိုယ် သော့ဖွင့်ပြီး တံခါးကို တွန်းလိုက်ပါတယ်။

“အောင်မယ်..သူမဟုတ်သလို လှည့်ကြည့်ပြီး အထဲဝင်သွားတယ်…ဟဲ့အကောင်…နင် ဒီအချိန်မှ ပြန်လာရအောင် ဘယ်ကောင်မနဲ့ သွားအိပ်နေလဲ”
ကျွန်တော် တွန့်ခနဲဖြစ်သွားပါတယ်။

အခန်းထဲရောက်တော့ အိုက်လှောင်နေတာနဲ့ ရှေ့က ဝရံတာတံခါးကို ဖွင့်လိုက်ရင်ပဲ အမှောင်ထဲက အသံရှင်ရဲ့ အသံပြဲကြီးက ထပ်ထွက်လာပါလေရော။

“ဒီမှာ ငါမယားကြီး ရှိနေလျက်နဲ့ မယားငယ်မနဲ့ သွားအိပ်နေတဲ့သူတောင်းစား…တဏှာရူး..ငါ့မျက်နှာကို နင်သေချာကြည့်စမ်း..နင့်မယားငယ်မ မြင့်မြင့်ဝေ ထက် လှတယ်ဟဲ့”

ကျွန်တော် ခေါင်းကုတ်ရပါပြီ။

“ခေါင်းကုတ်မနေနဲ့….တဏှာရူး”

“ဟ”

ကျွန်တော့်ကို ပြောတာတော သေချာနေပါပြီ။
ရှေ့က တိုက်ခန်းဆီသေချာကြည့်တော့ ကျွန်တော့်ရှေ့တည့်တည့်အခန်း ဝရံတာဆီကနေ အမျိုးသမီးတစ်ယောက်အရိပ်ဝိုးတဝါးကို တွေ့နေရပါတယ်။

“မသာကောင်…ငါ့ကိုတော့ ထားခဲ့ပြီး..နင်က မယားငယ်တွေနဲ့ပျော်ပါးပြီး အားရမှ ပြန်လာတယ်..ဟုတ်လား..ဟမ်..နှာဘူး..သူတောင်းစား”

“ဟ..ဘာလဲဟ”

ကျွန်တော်လည်း အမူးပါပြေချင်သွားတာနဲ့ ဝရံတာတံခါးကို ပိတ်ပြီး ဝင်အိပ်လိုက်ပါတော့တယ်။
နောက်ရက်ကျ ကျွန်တော်ဟာ မြို့ထဲ ဘယ်လောက်ပတ်မူမူး ကိုးနာရီဆို အိမ်ကို ပြန်ဝင်ရတဲ့ လူလိမ္မာလေးဖြစ်လာပါတော့တယ်။

ဘာကြောင့်လို့ ထင်ပါသလဲ။
အဲ့ဒီ ကျွန်တော့်ရှေ့တိုက်က မိန်းမကို ကြောက်လို့ပါ။

ဖြစ်ပုံပျက်ပုံက ကျွန်တော်အဆဲခံရပြီး နောက်ပိုင်း ဘေးပတ်ဝန်းကျင်ကို စုံစမ်းကြည့်တော့
အဲ့ဒီအမျိုးသမီးဟာ စိတ်ဝေဒနာသည်ပါ။

သူ့ယောက်ျားက နောက်မယားငယ်ယူပြီး သူ့ကို ပစ်သွားတဲ့နောက် စိတ်နောက်သွားတာပါတဲ့။
ညဘက်ဆို သောင်းကျန်းလွန်းလို့ အိမ်ရှေ့ဝရံတာမှာ သူ့ကို သံကြိုးနဲ့ ထားထားရပါတယ်။

သူ့ဟာသူ စိတ်နောက်တာက ပြဿနာမဟုတ်။
ပြဿနာက သူ့အိမ်ရှေ့မှာ နေနေတဲ့ ကျွန်တော့်ကို သူ့ယောက်ျားလို့ ထင်နေတာပါ။

ကျွန်တော့်မှာ အိမ်ပြန်လို့ ကိုးနာရီကျော်တာနဲ့ သူအော်တာကို ခံရပါပြီ။
သူတို့မြေညီထပ်က အလှပြင်ဆိုင်က ကောင်မလေးတွေဆို ကျွန်တော်ဆဲခံရပြီဆိုတာနဲ့ တခွိခွိနဲ့ ရယ်ကြတာ။

သူတင်မဟုတ် မနက်ကျရင် တရပ်ကွက်လုံးက ကျွန်တော့်ကို ကြည့်ပြီး ပြုံးစိစိတွေနဲ့။

အဲ့ဒီတုန်းက ရည်းစားတောင်မရသေးတဲ့ ကျွန်တော့်မှာ အိမ်ပြန်နောက်ကျတာနဲ့ လင်ကို ကြိမ်းမောင်းသလို ကြိမ်းမောင်းခံနေရတာ ဘယ်လောက်ဆိုးတဲ့အဖြစ်လဲဗျာ။

သူက ကျွန်တော် ပြန်မလာမချင်း ည ၁၂ နာရီလောက်အထိကို စောင့်ပြီး ဆဲတာ။ ဆဲတာ ညစ်ညစ်စုတ်စုတ်တွေပါသေးတယ်။ သူတို့ လင်ခန်းမယားခန်း အဝှာကိစ္စတွေကိုပါ ထည့်ထည့်‌ပြောပြီး ဆဲတာ။

အဲဒီလိုနဲ့ ကျွန်တော့်မှာ ဆူပူမယ့်အဖေအမေ၊ ဇနီးမယားမရှိလည်း အမှောင်ထဲက အိမ်ရှင်မကြီးကို ကြောက်ပြီး ညကိုးနာရီဆို အဲ့ဒီအခန်းကို ပြန်ကို ပြန်ရတော့တာပဲ။

ကျွန်တော် ပြန်ရောက်ပြီး မီးတွေဘာတွေမှိတ်ပြီဆိုမှ မယ်မင်းကြီးမက သူ့အိမ်ကို အိပ်တော့မယ်ပြောပြီး ဝင်အိပ်တာတဲ့။
အလှပြင်ဆိုင်က ကောင်မလေးတွေ ပြောပြလို့ သိရတာပါ။

ဒီတော့ ကျွန်တော်လည်း ကိုးနာရီဆို ပြန်တယ်၊ မီးပိတ်ပြီး..သူ့ ဝရံတာကို ချောင်း၊ သူအထဲဝင်သွားပြီဆိုမှ တိတ်တိတ်လေးပြန်ထွက်ပြီး အရက်သောက်ချင်‌သောက်ပေါ့ဗျာ။

ကြုံခဲ့ရတာများပြောပါတယ်။ ကိုယ်နဲ့ လည်း ဘာမှမဆိုင်ပဲ မယားကြောက် ကြောက်နေရတဲ့ဘဝ။

ဒီတိုက်ခန်းက အစကတည်းက ယဥ်သကိုးဆို အဲ့ဒီလိုစတာပေါ့။

နောက်ထပ် အဲ့ဒီတိုက်ခန်းမှာ ကြုံရတာတစ်ခုရှိသေးတယ်။
အဲဒါကတော့ သရဲမကိစ္စပါ။

သရဲမ ဆိုလို့ လန့်မသွားပါနဲ့။ ကျွန်တော်အဲ့ဒီတိုက်ခန်းမှာ ခြောက်လလောက်နေလာတာ တစ်ခါမှ သူ့ကို မမြင်ဖူးခဲ့ပါဘူး။
အဲ..မြင်တဲ့သူတွေကတော့ မြင်ဖူးကြပါတယ်။

ဒီလိုပါ။
အဲ့ဒီကာလက မင်္ဂလာစျေးရွှေခေတ်လို့ ပြောရမယ့်ကာလ။
မင်္ဂလာစျေးဟာ ညဘက်ဆို စင်တင်တွေ၊ ကလပ်တွေ နဲ့ စည်ကားနေတဲ့ စျေးကွက်ကြီးပေါ့။
ကျွန်တော့်အခန်းကလည်း မင်္ဂလာစျေးနဲ့ နီးနီးလေး။

ဒီတော့…မင်္ဂလာစျေးက ကလပ်တွေမှာ နန့်ချင်တိုင်း နန့်ပြီးတဲ့ ဘော်ဒါတွေက အိမ်မပြန်တော့ပဲ ကျွန်တော့်အခန်းမှာ လာလာအိပ်ကြတာများပါတယ်။
တစ်ရက်တော့ နယ်ကတက်လာတဲ့ ကျွန်တော့်ညီလေးတစ်ယောက်ကို ကလပ်လိုက်ပို့ပါတယ်။

ကလပ်ထဲမှာ မူးလိုက်ကလိုက်နဲ့ဆိုတော့ ည ၂ နာရီလောက် အိမ်ပြန်ရောက်ပြီး မောမောနဲ့ နှစ်ကောင်သား အိပ်ကြရော။
ဟိုအရှေ့က ကျွန်တော့်အိမ်ရှင်မကြီး ဆဲလား မဆဲလားတောင် မသိတော့ပါဘူး။
မနက် ၄ နာရီလောက်ကျ ဟိုကောင်က ကမူးရှူးထိုးနဲ့ ကျွန်တော့်ကို နှိုးပါလေရော။

“ဘာဖြစ်လို့လဲကွ”

“အကို…ကျွန်တော် အိမ်သာသွားတာ…နောက်ဖေးပြတင်းပေါက်မှာ မိန်းမတစ်ယောက်ရပ်နေတယ်ဗျ..ဟို ပုဝါကြီးလည်း ခေါင်းမှာခြုံထားသေးတယ်..ကျောပေးပြီးရပ်နေတာ..ထပါဦး”

“ဟေ့ကောင်..ငါဒီအိမ်မှာနေတာ သုံးလရှိပြီ ဘာသရဲမှ မရှိဘူး..လာစားမနေနဲ့..အိပ်စရာရှိတာအိပ်”

“ဟာ..သေချာမြင်တာဗျ….ကျွန်တော်သေးမပေါက်ရဲတော့ဘူး..”

“ကဲကွာ..ထ ငါလိုက်ပေးမယ်…လာ..လာ”

နောက်ဖေးတံခါးကို တွန်းဖွင့်လိုက်တော့ ဘာမှမရှိပါဘူး။ ဒီကောင်မူးကြောင်ကြောင်နဲ့ ဘာတွေမြင်မှန်းမသိဘူးဆိုပြီး အဲ့ဒီညက ပြန်အိပ်လိုက်ကြပါတယ်။

နောက် တပတ်အကြာမှာတော့ ကျွန်တော့်သူငယ်ချင်း ဗွီဒီယိုသတင်းထောက်နှစ်ယောက် ကလပ်အဆင်း ကျွန်တော့်အိမ်မှာ ဝင်အိပ်ကြပြန်ပါလေရော။

မိုးလင်းတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ သူတို့နှစ်ယောက်က တိုးတိုးတိုးတိုးနဲ့ဖြစ်နေပါတယ်။

ပြီးတော့ ကျွန်တော့်ကို ကြည်ပြီး
“မင်း…ဒီတိုက်ခန်းမှာနေတာ..ဘာမှ မတွေ့ဘူးလား”

“ဘာတွေ့ရမှာလဲ”

“ညက ငါသေးထပေါက်တော့.. နောက်ဖေးပြတင်းပေါက်မှာ မိန်းမတစ်ယောက်တွေ့တယ်ကွ..ခေါင်းမှာလည်း ပုဝါကြီး ခြုံလို့”

“ဟမ်”
ဒီတစ်ခါတော့ ကျွန်တော် မျက်လုံးပြူးပါပြီ။

ပထမတစ်ခေါက် အဲ့ဒီလိုပြောတဲ့ နယ်ကညီလေးနဲ့ အခုပြောနေတဲ့ကောင်တွေက ဘယ်လိုမှ အဆက်အဆံမရှိတဲ့ နယ်ပယ်တစ်ခုချင်းစီကပါ။
သူတို့ပြောတဲ့ ပုံစံက တစ်ပုံစံတည်း ဖြစ်နေတယ်ဆိုတော့ ကျွန်တော့်မှာ တော်တော်စဥ်းစားရကြပ်သွားပါတယ်။

အဲ့ဒီနောက်တော့..အဲ့ဒီနောက်တော့။
အဲ့ဒီနောက်တော့ ကျွန်တော့်မှာ ဒုက္ခအကြီးအကျယ်ရောက်ပါပြီ။

အရင်က ကိုယ့်ဟာကိုယ်စာရေးပြီး အရက်လေးပက်လောက်သောက်လိုက်ရင် အိပ်ပျော်သွားရာက ဒီကောင်တွေဆီက သရဲမ ဇာတ်လမ်း ကြားရပြီး ညဆို ကောင်းကောင်းအိပ်မပျော်တော့ပါဘူး။

ကိုယ်နားပဲ လာရပ်နေသလိုလို၊ အိမ်သာထဲပဲ ဘွားကနဲ ပေါ်လာမလိုလိုနဲ့ သေးတောင် ကောင်းကောင်းသွားမပေါက်ရဲတဲ့ ဘဝ ရောက်ပါလေရော။
အဲ့ဒီ ပြဿနာကို ကျွန်တော် ဘယ်လိုရှင်းမယ်ထင်လဲ။

လွယ်ပါတယ်။

အိပ်မပျော်တဲ့ညတွေဆို ဟိုရှေ့က အိမ်ရှင်မကြီးအိပ်တာနဲ့ အသာလေးပြန်ထွက် ကျွန်တော်မင်္ဂလာစျေးဘေးက ညလုံးပေါက်ဖွင့်တဲ့ လမ်းဘေးထမင်းကြော်ဆိုင်လေးမှာ သွားထိုင်နေလိုက်တော့တာပဲ။

အဲ့ဒီမှာ ဒေါ်မြင့်သန်း နဲ့ စတွေ့ဖို့ ဖြစ်လာပါလေရော။
ဒေါ်မြင့်သန်း ဆိုတာ ဘယ်သူလဲ။

ဟုတ်ကဲ့…ကျွန်တော်တွေ့ဖူးသမျှ ကြက်တွေထဲမှာတော့ အသက်အကြီးဆုံးကြက်မကြီးပါပဲ။

မင်္ဂလာစျေးရဲ့ သက်ကြီးဝါကြီးကြက်ကြီးပေါ့။
အဲ့ဒီတုန်းကသာ မင်္ဂလာဈေးကြက်သမဂ္ဂဖွဲ့ရင် နာယကနေရာရလောက်တဲ့ အသက်အရွယ်ပါ။

နှုတ်ခမ်းနီတွေရဲနေအောင်ဆိုးပြီး သနပ်ခါးတွေ ခြေစွန်းခေါင်းစွန်းလိမ်း၊ ပါတိတ်ဝမ်းဆက်ကြီးနဲ့ သူ့ကြည့်ရင်း ကျွန်တော့်မှာ စိတ်လည်းဆင်းရဲ ၊ သနားလည်း သနားရပါတယ်။

သူ့ပုံစံကြီးကို ဘယ်သူတွေက ခေါ်လဲတော့ မသိဘူး…နေ့တိုင်း ကျွန်တော်ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်မှာ သူခေါင်းဆောင်တဲ့ ကြက်မလေးတစ်အုပ် ဖောက်သည်မျှော်နေတော့တာပဲ။

ကြာလာတော့ မျက်မှန်းတန်းမိရင်း ရင်းနှီးလာတယ်။
အဲ့ဒီကာလမှ မင်္ဂလာစျေးက မနက်နှစ်နာရီလောက်ဆို ကလပ်တွေ ခါပြီ။

ကရင်တို့ ဘာတို့လို နာမည်ကြီးခေါင်းတွေလက်အောက်က ကောင်မလေးတွေက ကြိုပို့ဖယ်ရီရှိတော့ ကလပ်ပြီးတာနဲ့ အော်ဒါမရတဲ့သူတွေက ဖယ်ရီလိုက်ထရပ်နဲ့ အသီးသီးအိမ်ပြန်ကြတယ်။

အဲ့ဒီအချိန် ပြဿနာတက်တာက ဒေါ်မြင့်သန်းတို့ အလွတ်တန်းကြက်အုပ်စု။
မနက်နှစ်နာရီနဲ့ သုံးနာရီကြားဟာ သူတို့အတွက် တကယ့်ပြဿနာကြီးပါ။

သူတို့အခေါ်တော့ ရဲဖရီးချိန်ပေါ့။ ရဲဖရီးချိန်ဆိုတာက အဲ့ဒီကလပ်တွေသိမ်းချိန်မှာ ဘတ်စ်ကားတွေကလည်း မထွက်သေးဘူး။

တက္ကစီငှားပြန်ရအောင်လည်း သူတို့မှာ အဲ့ဒီလောက် ငွေမရွှင်ဘူး။

ဒီတော့ အော်ဒါမရဘူးဆိုရင် ဘတ်စ်ကားတွေထွက်ချိန်ကိုစောင့်ရင်း ညလုံးပေါက်ဆိုင်ကလေးတွေမှာ ထိုင်ရင်ထိုင် မဟုတ်ရင် မင်္ဂလာစျေးအမှောင်ရိပ်လေးမှာ ခိုနေကြရတယ်။
အဲ့ဒီအချိန် ကိုယ်ရွှေရဲများက မော်တော်ဆိုင်ကယ်ကိုယ်စီနဲ့ ပတ်ရင်း… လူကိုလည်း ဖရီး..ရှိစုမဲ့စုရလာတဲ့ ငွေကိုလည်း တခါတခါ ညှစ်တာခံရပါသတဲ့။ တခါတခါအမှုလိုရင်လိုသလို ဆွဲစိတာလည်း ခံရပါသေးတယ်။

ဒါကြောင့် အဲ့ဒီအချိန်ကို ရဲဖရီးချိန်လို့ သူတို့စကားနဲ့ခေါ်ကြတာ။
ဒီတော့ သူတို့မှာ အဲ့ဒီ နှစ်နာရီလောက်ကို ဘယ်နားနေလို့ နေရမှန်းမသိကြရှာပါဘူး။

ကျွန်တော်လည်း အဲ့ဒီဆိုင်လေးမှာ သွားသွားထိုင်ရင်း ဒေါ်မြင့်သန်းနဲ့ သူ၏ကြက်မလေးများ ကြုံနေရတဲ့ ရဲဖရီးချိန် ဒုက္ခများကို မျက်စိရှေ့မြင်မြင်နေရပါတယ်။
တစ်ရက်တော့ ကျွန်‌တော် ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။

ရဲဖရီချိန်မှာ ကျွန်တော့်အခန်းမှာသူတို့ ခဏလာနေ မနက်လေးနာရီကားတွေထွက်မှ ပြန်ခိုင်းရင် အဆင်ပြေနိုင်မယ့်နည်းပါ။

ဒေါ်မြင့်သန်းကို အဲ့ဒီအစီအစဥ်ပြောပြတော့ သူတို့အုပ်စုက ကျွန်တော့်ကို တော်တော်ကျေးဇူးတင်ကြပါတယ်။
သူတို့အုပ်စုဆိုတာအများကြီးလည်းမဟုတ်ပါဘူး.။ ဒေါ်မြင့်သန်းအပါအဝင် တစ်ယောက်နှစ်ယောက်။ အများဆုံးမှ သုံးလေးယောက်ပေါ့။

အဲ့ဒီအချိန်ဆိုတာ ရပ်ကွက်ကလည်း အိပ်မောကျနေချိန်မို့ ပြဿနာမရှိပါဘူး။ ဝင်ရင် တစ်ယောက်ချင်း လူခွဲဝင်၊ ထွက်ရင် တစ်ယောက်ချင်း လူခွဲထွက်ကြပေါ့။

ကူရာမယ့်ကြက်ကလေးများအတွက် ရဲဖရီးဇုန်ကနေ ခဏတာ လွတ်မြောက်စေမယ့် မောင်ဗြိမေတ္တာကြက်ဂေဟာလေး ကို ကျွန်တော် ဖန်တီးပေးလိုက်တာပါ။

ကျွန်တော်လည်း မိုးလင်းခါနီးအချိန်မှာ ခြောက်တတ်တယ်ဆိုတဲ့ ဟိုပုဝါခြုံသရဲမကိုလည်း မကြောက်ရတော့ပဲ..ကိုယ့်အခန်းမှာ ကိုယ်အေးအေးဆေးဆေးနေနိုင်ပါတော့မယ်။

ဒီလိုနဲ့ သဘောတူစာချုပ်ချုပ်ပြီးတဲ့နောက် ကျွန်တော့်အခန်းဟာ ရဲဖရီးချိန်ခိုနားရာပရဟိတဂေဟာဖြစ်လာပါတော့တယ်။
သူတို့နဲ့ ကျွန်တော်ဟာ အဲ့ဒီအချိန် တိုက်ခန်းတစ်ခုတည်း အချိန်နှစ်နာရီလောက်နေကြပေမယ့်..သူတို့ဟာ.ကိုယ့်စည်းနဲ့ ကိုယ်နေကြပြီး..တကယ့်ပီဘိမိန်းမကောင်းလေးတွေလို နေသွားခဲ့ကြတာပါ။
(ဘုရားစူးရစေရဲ့..တကယ့်​​စိတ်ရင်းအမှန်နဲ့ သူတို့ကိုလည်းကယ်တင်..ကျွန်တော်လည်းသရဲကြောက်လို့သာ သူတို့ကို အဖော်ခေါ်ထားမိတာပါခင်ညာ..)

နောက်သုံးလအကြာ ကျွန်တော် အလုပ်အဆင်ပြေလို့ တိုက်ခန်းငှားနိုင်တဲ့အခါမှာတော့ အဲ့ဒီအခန်းလေးက ပြောင်းလာခဲ့ပါတယ်။

ကျွန်တော်ကတော့ ညဆို ဆဲတတ်တဲ့ အိမ်ရှင်မကြီးရန်နဲ့ ပုဝါြခုံသရဲမရန်က လွတ်မြောက်သွားခဲ့ပေမယ့်
ဒေါ်မြင့်သန်းတို့ အုပ်စုကတော့ ရဲဖရီးဒုက္ခထဲ ပြန်ရောက်သွားကြရှာပါတယ်။

ကြားထဲကအမြတ်ထွက်တာတော့ သူတို့ရဲ့ ဘဝအစုံစုံကို ကျွန်တော် အသံဖမ်းထားခွင့်၊ မှတ်တမ်းတင်ခွင့်တွေ ရလိုက်တာပါပဲ။

နောက်ပိုင်းဆောင်းပါးတွေရေးတဲအခါမှာလည်း ရင်းနှီးခင်မင်ခဲ့ဖူးတဲ့ သူတို့ဆီက အကူအညီတွေ အများကြီးရခဲ့ပါတယ်။

အဲ့ဒီကာလက ကျွန်တော့်ကို နေစရာပေးခဲ့တဲ့ သူငယ်ချင်းကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်း ပြောရင်း ဒီကိစ္စအတွက်လည်း အရမ်းအားနာမိပါတယ်။ ဒီစာရေးတဲ့အချိန်မှ သူလည်း ဒီကိစ္စကို သိမှာမို့ပါ။

ဒါပေမယ်…ဒေါ်မြင့်သန်းနှင့်တကွသော ညဥ့်ငှက်ကြက်ကလေးတွေအတွက် ပြုခဲ့တဲ့ ကျွန်တော့်ရဲ့ ကုသိုလ်တဝက်ကို သူလည်း ရမှာမို့ သာဓုခေါ်လိုက်ပါ သူငယ်ချင်းရေ။
သာဓု၊ သာဓု၊ သာဓု…..။

ဗြိတိသျှကိုကိုမောင်

နနှစ်ပြည်မယ်မိုလ်ရီလ်ပို့စ်မှ
SoeLamin