အေးသန်း (သစ်တော)

ကျွန်တော် နာမည် အောင်ဘပါ၊ အလုပ်ကတော့ ဆင်ဦးစီးပါဘဲ။ ဆင်ဦးစီးဆိုတာ ဆင်ရဲ့ ဂုတ်ပေါ် မှာထိုင်ပြီး ဆင်ကို ခိုင်းရ မောင်းရတဲ့သူပါဘဲ။

ဆင် သစ်ဆွဲတဲ့အခါ သွားလိုတဲ့ဘက် ရောက်အောင် ဒူးခေါင်းနှစ်ဖက်နဲ့ ဆင်ခေါင်းကို တိုက်တိုက်ပြီး မောင်းရတယ်။ တခါတလေ ဆင်က ပေကပ်နေရင် အသင့်ကိုင်ထားတဲ့ ချွန်းနဲ့ ဆင်ကို ထိုးရ အုပ်ရသေးတယ်။ ဒီတော့မှ ဆင်က ခိုင်းတဲ့အတိုင်း လုပ်တာပါ။

ဘယ်သူဖြစ်ဖြစ် လက်နက်ကိုတော့ အကြာက်သားဗျ။ ကျွန်တော့်မှာသာ ချွန်းဆိုတဲ့ လက်နက်မရှိရင် ဒီကောင့်ကို ဘယ်မှာလာပြီး နိုင်မှာလဲ။ ဒါကြောင့်ချွန်းကို အားကိုးနေရတယ်။

နဲနဲဆိုးတဲ့ ဆင်ဆိုရင် ဓားကိုတောင် ဆောင်ထားရသေးတယ်။ ချွန်းနဲ့အုပ်လို့မှ မရရင် ဓားနဲ့ထိုးရတယ်။ ဒါမှ ဆင်က နာခံတယ်။

ဒီနေရာမှာ အဖေပြောဘူးတဲ့ သူ့အတွေအကြုံတခုကို ပြေးပြီးတော့ သတိရမိတယ်။ အဖေကလဲ ဆင်ဦးစီးပါဘဲ။ အဖေ့ အဖေကလဲ ဆင်ဦးစီးဘဲ။

ဆင်သမားရဲ့ သားဟာ ဆင်သမားဘဲဖြစ်လာလို့ ကျွန်တော်တို့ ဆင်သမားလောကမှာ ဆိုရိုးစကားတခုရှိ တယ်။ ဒီစကားဟာ ဒီနေ့အထိတော့ မှန်နေသေး တာဘဲဗျ။

အခု ကျွန်တော့်မှာ ဖိုးထောင်လို့ခေါ် တဲ့ သားတယောက် ရှိတယ်။ ဒီကောင် အခု လူပျိုပေါက်ဖြစ်နေပြီ။ အဲ … ဒီကောင်လဲ ဆင်စီးရမှာဘဲဗျ။ သူ့ကို ကျောင်းလဲမထားနိုင်၊ စာလဲ သင်မပေးနိုင်တော့ ဆင်ဦးစီးဘဲလုပ်ရမှာပေါ့။

ကျွန်တော်လဲ သူ့လိုဘဲ စာမှ မတတ်ဘဲနဲ့ ။ ဒါကြောင့် ဆင်ဦးစီး ဖြစ်လာတာပေါ့။

စာမတတ်ဆို သင်စရာအချိန် အခြေအနေမှ မရှိတာ။

ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့ တောထဲလိုက်နေရတာဘဲ။ ရွာဆိုတာ အဝေးကြီးပါ။ အဖေနေတဲ့ ဆင်ဝိုင်းမှာဘဲ နေရတာကလား။

တောငှက်ပစ်၊ မျှစ်ချိုး၊ မှိုနုတ်နဲ့ဘဲ အခုလို ကြီးပြင်းလာခဲ့ရတာ။

စာတတ်ဖိုဆိုတာ မလိုအပ်တဲ့အရာပါဗျာ။ စာတတ်ရကောင်းမှန်းလဲ မသိခဲ့ပါဘူး။ စာမတတ်ဘဲလဲ ထမင်းနဲ မျှစ်ဟင်းကို မြိန်နေအောင် စားနေရသားဘဲ။ မှိုဟင်းချိုကို အီနေအောင် သောက်နေရသားဘဲ။ စာမတတ်ပေမယ့် ဘဝဟာ ပြည့်စုံနေတာဘဲ။

ကျွန်တော့်သားလဲ ဒီလိုနေမှာပေါ့။ သူ့ဘဝနဲ့ သူ ဟုတ်နေမှာပေါ့။

စကားရှည်သွားတာဖြတ်ပြီး အဖေ့အတွေ့အကြုံကို ပြန်ကောက်ရအုံးမယ်။

ဒီလိုပါ။

သူစီးရတာက ဆင်ဆိုးဗျ။ ဆင်ဆိုးဆိုတာ ရာဇ ဝင်လူဆိုးလိုပေါ့ဗျာ။ လူသတ်ဘူးတယ်၊ တက်နင်းဘူးတယ်၊ ဆင်ချင်းလဲ ထိုးဘူးတယ်၊ စိတ်မထင်ရင်လဲ ဦးစီးကို ခေါင်းပေါ် က ခါချတယ်။ စိတ်ကြမ်းတဲ့ဆင်ပေါ့ဗျာ။

သူ့လို ဆင် ကျတော့ ဦးစီးတယောက်ထဲနဲ့ ခိုင်းမရဘူး။ လှံကိုင်တယောက်က ဆင်ရှေ့က လိုက်နေရတယ်။ ဒါမှ သူက ကြောက်တယ်၊ ခိုင်းတာလုပ်တယ်။ အမှန်တော့ လူကိုကြောက်လို့ မဟုတ်ဘူး။ လက်နက်ဖြစ်တဲ့ လှံကိုကြောက်လို့သာပါ။

တခါတော့ လှံကိုင် ဖျားနေလို့ တောထဲမလိုက်နိုင်ဘူး။ ဒါပေမယ့် အလုပ်ကရှိတော့ အဖေလဲ ဆင်ဆိုးကိုစီးပြီး အလုပ်လုပ်ဖို တောထဲဝင်တယ်။ လမ်းခုလပ်ကျတော့ ဒီကောင် စိတ်ဖောက်လာရော။ ရှေ့ဆက်မသွားဘူး။

ဒါနဲ့ အဖေက ချွန်းနဲ့ထိုးတယ် … မရဘူး။ နှစ်ခါ သုံးခါ ဆောင့်ထိုးတယ် … ဒါလဲမရဘူး။

ဒါနဲ့ အဖေလဲ စိတ်ဆိုးလာတယ်။ ဘာလုပ်ရမှန်းလဲ မသိဘူး။ ဒီလို အကြံရခက်နေတုန်းမှာ ဗြုန်းဆို ဆင်က ခါချပါလေရော။ အဖေ့ခမျာ မကျအောင် ဆင့်လည်ပတ်ကြိုးကို အတင်းဘဲ ကိုင်ထားရတယ်။

အရင်ကလဲ ခါချဘူးနေတော့ အဖေကလဲ သတိထားပုံ ရပါတယ်။ မကျဘူး။

အဖေလဲ စိတ်ပေါက်ပေါက်နဲ့ ခါးကြားကဓားကို ထုတ်တဲ့ပြီး ဆင့်ခေါင်းကို လှမ်းခုတ်လိုက်တယ်။ အသားဟက်တက်ကွဲသွားပြီး သွေးတွေ ဖျာကနဲကျ လာတယ်။ အဲဒီသွေးတွေဟာ စီးကျပြီး ဆင်ရဲ့ မျက်လုံးထဲ ဝင်သွားတယ် ထင်ပါရဲ့။ ဒီတော့မှ ဆင်က ငြိမ်ကျသွားတယ်။ မာန်လျှော့သွားတယ်။ ဆက်ပြီး ခါမချတော့ဘူး။

အဖေက ဆက်မောင်းတော့ ဆင်က သွားပါတယ်။ ဒါပေမယ့် သွေးကတော့ မရပ်သေးဘူး။ ဒါနဲ့ အဖေလဲ အကြံအိုက်သွားတယ်။ သူ့သခင်မြင်ရင်တော့ ဆင်ကို ဓားခုတ်မှုနဲ့ အလုပ်ထုတ်ပစ်တော့မှာဘဲလို့ တွေးမိပြီး လန့်သွားတယ်။ ဒါကြောင့် စခန်းပြန်လှည့်ပြီး မွေးထားတဲ့ ကြက်ကလေးကို သတ်၊ ကြက်သားကို ဆင်ရဲ့ ဓားခုတ်ရာမှာ သိပ်ပေးလိုက်ရ တယ်တဲ့။

နောင်တော့ ဆင်ဆိုးဟာ အဖေ့ကို အာမခံရဲတော့ဘူး။ အဖေကလဲ ဆင်ဆိုးကို မှတ်မိလောက်အောင် ဆုံးမလိုက်ရလို့ ကျေနပ်သွားတယ်။ ဒါကြောင့် ကျွန်တော်ရှေ့မှာ အဖေက သူ့ အပေါင်းအသင်းတွေကို ခဏခဏ ပြောတယ်။

“ဆင်ဟာ သွေးကို သိပ်ကြောက်တယ်။ သွေးကိုမြင်လိုက်ရင် ဒီကောင် ကြက်သေသေတော့တာဘဲ။ ဒါကြောင့် မင်းတို့ ဓါးထက်ထက်ကိုတော့ လက်က မချနဲ့” တဲ့။

အဖေ့ အတွေ့အကြုံပြောပြီးတဲ့နောက် အဖေ့ဘဝကို ကျွန်တော်မှတ်မိသလောက် ပြောရဦးမယ်။

အဖေဟာ စတီးဘရားသား သစ်ကုမ္ပဏီကြီးက ဆင်ဦးစီးပေါ့။ လခကတော့ ဘယ်လောက်ရတယ် မပြောတတ်ဘူး။ ဒါပေမယ့် အမေ့လက်ထဲကိုတော့ ငွေတပြားတချပ်မှ မရောက်ဘူးလို့ ပြောတယ်။

လခထုတ်တာနဲ့ သူတို့ရဲ့ အကြီးအကဲ ဆင်ခေါင်း၊ ဆင်အုပ်ဆိုတဲ့ လူတွေက ကြွေးနဲ့ နှိမ်ယူထားလိုက်တာဘဲလို့ အဖေကတော့ ပြောဘူးတယ်။ ဒါပေ မယ့် ဘာအကြွေးလဲဆိုတာတော့ မေးမကြည့်မိဘူး။ သိလဲ မသိချင်ပါဘူး။ လိုလဲ မလိုချင်ပါဘူး။ ငွေရှိလဲ တောထဲမှာ ဘာလုပ်လို့ရတာမှတ်လို့ဗျာ။ ဒီအတိုင်း ကြည့်နေရုံက လွဲလို့ ဘာအသုံးချလို့ ရမလဲ။ ငွေဆိုတာ ကျွန်တော်အဖို့တော့ အင်မတန် စားကောင်းတဲ့ ဝါးနွယ်မျှစ်တို့၊ တောင်ပို့မှိုတို့လောက် အဲဒီတုန်းက မမက်ပါဘူး။

ဆင်ချေးထဲကရတဲ့ စားလို့သိပ်ကောင်းတဲ့ ဆင်ချေးပိုးလောက်လဲ ငွေက အရသာရှိမှာ မဟုတ်ပါဘူး။

ကျွန်တော့်အမေလဲ ကျွန်တော့်လို နေမှာဘဲ။ ငွေကို သိပ် တန်ဘိုးထားဟန် မတူဘူး။ မျှစ်ဘဲ လိုက်ရှာနေတာဘဲ၊ မှိုဘဲ လိုက်နုတ်နေတာဘဲ။

တနေ့တနေ့ ကျွန်တော်တို့သားအမိနှစ်ယောက် တောထဲကထွက်တယ် မရှိဘူး။

တနေ့တော့ ကျွန်တော်တို့သားအမိ မျှစ်ချိုးပြီး တောထဲကပြန်အလာ ဆင်တဲရောက်တော့ အဖေ့ကို ပက်လက်ကလေး တွေ့ရတယ်၊ စကားမပြောနိုင်ဘူး။ ဘေးကလူတွေ မေးကြည့်တော့ ဝမ်းတွေအရမ်းသွားထားတယ်တဲ့။ တောထဲကလဲ အစောကြီး ပြန်
လာသတဲ့။

အမေလဲ ဘာလုပ်ရမှန်း မသိဘူး။ မျက်လုံးတွေ ပြာသွားတယ် ထင်ပါရဲ့။ လက်ထဲက မျှစ်တွဲကြီးလဲ လက်က လွတ်ကျသွားတယ်။ အင်ဖက်နဲ့ ထုပ်ထားတဲ့ မှိုထုပ်ကြီးလဲ ပြေကျသွားတယ်။

ကျွန်တော်လဲ ကြက်သေသေနေတာနဲ့ လိုက်ကောက်ရမှန်း မသိပါဘူး။ အဖေ့အဖြစ်ကို မြင်ရတာနဲ့ မှိုဟင်းချိုသောက်ချင်တဲ့စိတ်လဲ ဘယ်ပြေးကုန်တယ် မသိဘူး။

အဖေသာ ဝေဒနာခံစားနေရတာ။ ဘေးကလူတွေက ဆေးဝါးတိုက်တာလဲ မတွေ့ဘူး။ တိုက်စရာဆေးလဲ ဆေးနဲ့တူတာလဲ ဘာမှမရှိဘဲ။ ဒီတော့ ဒီအတိုင်း ကြည့်နေကြတော့တာပေါ့။

ဒါပေမယ့် လူတိုင်းရဲ့ မျက်နှာမှာတော့ စိုးရိမ်ပူပန်စိတ်တွေ ဝေနေတာ တွေရတယ်။ ဒါနဲ့ဘဲ မိုးသာ ချုပ်သွားရော အဖေလဲ ပြန်ထတာ မတွေ့ဘူး။ အမေကတော့ ရေခပ်တိုက်လိုက်၊ သက်သာရဲ့လား မေးလိုက်၊ ညည်းညူလိုက်နဲ့ အဖေ့ကို ပြုစုရှာပါတယ်။

ကျွန်တော်ကတော့ နေ့ခင်းတုန်းက မောပန်းလာလို့ အစောကြီးဘဲ အိပ်ပျော်သွားတယ်။

ဘာတွေဘယ်လိုဆက်ပြီး ဖြစ်ကြတယ်တော့ မဆိုနိုင်ပါဘူးဗျာ။ မနက်လင်းလို့ အိပ်ရာက နိုးလာတော့ အဖေ့ကို တဲထဲမှာ မတွေ့ရတော့ဘူး။ လိုက်ရှာတော့ အပြင်က စင်ကလေးတခုပေါ်မှာ ပက်လက်ကလေး၊ အပေါ်ပိုင်းမှာလဲ အင်္ကျီမရှိဘူး၊ သူ့ရင်ဘတ်ကြည့် ရတာ ပိန်လိုက် ဖောင်းလိုက်လဲ မနေဘူး။ ငြိမ်နေတာဘဲ။

ကျွန်တော့်ရင်ဘတ်ကို လက်နဲ့ဖိကြည့်တော့ ကြွလိုက် ကျလိုက်နဲ့ လှုပ်နေတယ်။ အဖေတော့ တခုခုဖြစ်ပြီပေါ့။ အဲဒီလို တွေးနေတုန်း အမေက အနားလာပြီး

“အောင်ဘရေ နင့်အဖေဆုံးပြီဟဲ့ … သားရဲ့”

လို့ ငိုသံပါကြီးနဲ့ အော်ပြောတယ်။ ဒီတော့မှ ကျွန်တော် အဖေသေမှန်း သိတယ်။ ဒါနဲ့ ကျွန်တော်လဲ လူအုပ်ထဲ တိုးထိုင်လိုက်တယ်။ စိတ်ထဲမှာတော့ ဟာကနဲ ဖြစ်သွားတာပေါ့။ လက်တွေ ခြေတွေ ပြုတ် သွားသလိုပါဘဲ။ အားလဲ မရှိပါဘူး။

အဲဒီညနေမှာဘဲ အဖေ့အလောင်းကို တောထဲ သွားမြုပ်လိုက်ကြတယ်။ ဘုန်းကြီးနဲ့လဲ မနီးတော့ သရဏဂုံတွေ ဘာတွေ တင်မနေပါဘူး။

အဖေသေပြီး မကြာခင်ဘဲ ကျွန်တော်လဲ ဆင်စီး ရတော့တယ်။ ဗမာကန်ထရိုက် ဦးစောဘရဲ့ ဆင်ဝိုင်း မှာပါ။ ကျွန်တော်က လူပျိုပေါက်ဘဲ ရှိသေးတော့ ဝန်တင်ဆင်မကလေး“မိတိုး”ကို စီးရပါတယ်။

ဝန်တင်ဆင်ဆိုတာ ၁၄-၅ နှစ်လောက် ရှိသေးတဲ့ ဆင်ငယ်ပေါ့။ ငယ်သေးလို့ သူတို့ကို သစ်အဆွဲမခိုင်းနိုင်သေးဘူး။ ခရီးသွားတဲ့အခါ ဝန်စည်စလည်တင်ရုံလောက်ဘဲ ခိုင်းတယ်။ အလုပ်သင် ဆင်ငယ်ပေါ့လေ။

နောင်ကျတော့ သစ်ဆွဲဆင်ကြီး “တိုးလှ”ကို စီးရတယ်။ ဒီကောင်က ယဉ်ပါတယ်။ အသက်လဲ ၃ဝ-လောက်ဘဲ ရှိဦးမယ်။

ဒါပေမယ့် တခါတုန်းက တိုးလှကြီး ပျောက်သွားလို့ လိုက်ရှာလိုက်ရတာ ( (၇) ရက်ကြာတယ်။ တောထဲမှာ ဖြစ်သလိုစားပြီး ညကျရင် သစ်ပင်ခွကြားတွေမှာ တက်တက် အိပ်ရတယ်။ ကံကောင်းလို့ ကျားအဆွဲ မခံရတာပေါ့။

ကျွန်တော် ဆင်ဦးစီးဖြစ်လို့ ၅-နှစ်လောက် ကြာ တော့ အမေလဲ ဆုံးရှာတယ်။ ကျွန်တော်လဲ အားငယ် ပြီး အလုပ်ဘဲ ဖိလုပ်ရတယ်။ ကိုယ့်ဒူးကိုယ်ချွန်မှ ရ တော့မယ် မဟုတ်လား။

အဖေလဲ သေပြီ၊ အမေလဲ သေပြီ။ ကျွန်တော်က တကောင်ကြွက်ထဲဘဲ ကျန်တာ။

စပြီး အလုပ်ဝင်တော့ တလ ၃၀- ပေးတယ်။ ဆင်ပိုင်က ထမင်းကျွေးတယ်။ ဆေးလိပ်ပေးတယ်။ ဆေးမှုန်နဲ့ စက္ကူနဲ့ လိပ်သောက်ရတဲ့ ဆေးလိပ်ပေါ့။

အလုပ်ချိန်ကတော့ မနက်တိုင်းအရုဏ်တက်က စတာပါဘဲ။ စောစောထပြီး ညတုန်းက တောထဲလွှတ်ထားတဲ့ဆင်ကို သွားကောက်ရတယ်။

“ဆင်ကောက်” တယ် ဆိုတာ ဆင်ရှာထွက်တာပါ။ ဆင်ကို တောထဲ ပြန်ခေါ်လာပြီး ချောင်းထဲမှာ ရေချပေးရတယ်။

“ရေချတယ်”ဆိုတာက ဆင်ကို ရေချိုးပေးတာပါ။ ဆင်ကို နွယ်တွေနဲ့ တိုက်ချွတ်ရေချိုးပြီးရင် သစ်ဆွဲဘို့ တောထဲဝင်ရတယ်။

ဆင်ကို ဒူးနဲ့တိုက်တိုက်ပြီး ခိုင်းလိုက်ရတာ တမနက်လုံး ဒူးတွေ ပေါင်တွေကို ကိုက်လာပါရော။ မွန်းတည့်ခါနီးမှ မနက်စာစားဘို့ အလုပ်နားပြီး ဆင်ကို တောထဲ ပြန်လွှတ်လိုက်တယ်။

မိုးတွင်းမှာတော့ ထမင်းစားပြီး သစ်ဆက်ဆွဲရတယ်။ နေဝင်လုနီး အထိဘဲ။ ဆောင်းတွင်းမှာတော့ ဆင်တွေ ပင်ပန်းမှာစိုးလို့ မွန်းလွဲရင် သစ်ဆက်မဆွဲ ဘူး။

ဆင်တွေက အနားရပေမယ့် ကျွန်တော်တို့က မနားရပါဘူး။ အလုပ် ဆက်လုပ်ရတယ်။ သစ်ဆွဲချတဲ့ လမ်းမှာ လမ်းကျဉ်းပြီး မြောင်ကျပ်နေရင် ချဲ့ထွင် ပေးရတယ်။ ရှင်းပေးရတယ်။ သစ်နဖါးပေါက်တွေကို လိုက်ပြီး ပြင်ပေးရတယ်။

“သစ်နဖါး”ဆိုတာ ဆင်နဲ့ဆွဲတဲ့အခါ သံကြိုးသွင်း ဆွဲနိုင်အောင် သစ်လုံးထိပ်မှာ ဖေါက်ထားတဲ့ အပေါက်ပေါ့။

စခန်းပြန်ရောက်တော့ မှောင်လုပြီ။ ဒီလိုနဲ့ဘဲ နေ့တွေ ၊ လတွေ၊ နှစ်တွေဟာ ကုန်ကုန်သွားကြတော့တာဘဲ။

ဆင်တွေလို ၅ ရက်လုပ်ပြီး၂ ရက်နားခွင့်တောင် မရှိတဲ့ဘဝ။ ဆင်လောက်မှ မလွတ်လပ်တဲ့ဘဝပါဗျာ။

တပတ်မှာ ( ၇) ရက် အလုပ်လုပ်ရတာ ကျွန်တော်တို့ဆင်ဦးစီးတွေပေါ့။ မိုးတွင်းနဲ့ ဆောင်းတွင်းမှာ သစ်ဆွဲပြီးတော့လဲ နွေမှာ ဆင်ကျောင်းစခန်း လိုက်ရသေးတယ်။

“ဆင်ကျောင်းစခန်း” ဆိုတာ ဆင်တွေ အပန်းဖြေအ နားယူတဲ့ စခန်းကြီးပေါ့။ ကြေးရတတ်လူတန်းစားတွေ နွေမှာ အပန်းဖြေခရီး ထွက်ကြသလိုပေါ့။ ဆင်တွေလဲ နွေကျရင် ဆင်ကျောင်းစခန်းမှာ ဇိမ်ကိုကျလို့။

အစာဝင်အောင် စားလိုက်ကြ၊ မိတ်လိုက် လိုက်ကြပေါ့။ အဲသလို ဆင်တွေက လွတ်လပ်ပေမယ် ဦးစီးတွေကတော့ ဆင်ကျောပေါ်မှာ ခင်းဘို့ နဘဲအခေါက်ခွာရ၊ လျှော်ကြိုးကျစ်ရ၊ မြီးသိုင်းကြိုးတို့၊ ဝမ်းဘတ်ကြိုးတို့ကို ကျစ်ရနဲ့ အလုပ်ကိုရှုပ်လို့။

ဒီလောက် အလုပ်တွေလုပ်နေရပေမယ့် လခကလေးက နှစ်ပြားတပဲ ရတာကလား။ ဒီ့ပြင် ဆင်ဦးစီးတွေလဲ ကျွန်တော့်လို စိတ်ညစ်ရှာကြမှာဘဲ။

သူတို့ဟာ အရက်သောက်ပြီး ဘဝကို မေ့ပစ်ကြဟန် တူတယ်။ ဘိန်းရှူပြီး နတ်ပြည်ကို အလယ်သွားနေကြဟန် တူတယ်။ နတ်သမီးငါးရာနဲ့ တွဲကနေကြဟန် တူတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ အရက်လဲ မသောက် ဖူး၊ ဘိန်းလဲမစားဘူး။

အဖေ့အဖြစ်ကို ပြန်တွေးမိရင် ရင်နာလွန်းလို့ပါ။ အဖေသေရတဲ့ အဖြစ်ဆိုးပေါ့ဗျာ။

အဖေသေတာ ဘိန်းပြတ်လို့ ဆိုဘဲ။ ဆင်ခေါင်းနဲ့ မတည့်ရာက ဘိန်းမရတော့လို့ ဝမ်းတွေသွားပြီး သေ တာတဲ့။

သူ့လခကလေးတွေဟာလဲ ဘိန်းဘိုးနဲ့ လစဉ်ပြုတ်ခဲ့တယ်လို့ အဖေ့အပေါင်းအသင်းတွေထံက ကျွန်တော် ကြားရတယ်။

ဆင်အုပ်၊ ဆင်ခေါင်းတွေက ဘိန်းရောင်းတယ်တဲ့။ ဆင်ပိုင်တွေဟာ ဆင်ဦးစီးတွေကို ဘိန်းစွဲအောင်ကျွေးပြီး တောထဲက ထွက်မပြေးနိုင်အောင် လုပ်ခဲ့ကြတာကိုး။ ဘိန်းစွဲနေတဲ့ ဦးစီးဟာ ဘိန်းအပြတ်ခံပြီး သူ့အလုပ်က မထွက်နိုင်ဘူး။ ဒါမှလဲ ဆင်ပိုင် ကန်ထရိုက်တာမှာ အလုပ်ဖြစ်ပြီး အမြတ်တွေအများကြီးရမှာမို့လား။

ဆင်ဦးစီးတွေကို ဖိနှိမ်ခိုင်းစေ စားသောက်နိုင်မှာ မဟုတ်လား။ နာစရာကောင်းတဲ့ ဆင်ပိုင်တွေဗျာ။

ကျွန်တော့်အဖေကို သတ်ခဲ့တဲ့ စတီးကုမ္ပဏီကိုတော့ တကယ်နာတယ်။ ဒါတွေကြောင့် ကျွန်တော်လဲ စတီးပိုင်ဆင်ကို မစီးဘဲ ဗမာပိုင်ဆင်ကို စီးတာပေါ့။ အဖေ့ကို သတ်ခဲ့တဲ့ ဘိန်းကိုလဲ မစားတာပေါ့။

ဒါကြောင့်လဲ ဆင်သမားတွေထဲမှာတော့ ကျွန်တော်ဟာ သူတော်ကောင်းကလေးပါဘဲ။

ဒါပေမယ့် ဆင်ပိုင်ရှင် ဦးစောဘကတော့ မကျေနပ် တာ အမှန်ဘဲဗျ။ ဘိန်းမစားတာကြောင့် ဒီကောင်တော့ တချိန်ချိန်မှာ သူ့ဆင်ဝိုင်းက ထွက်ပြေး လိမ့်မယ်လို့ တဖက်သတ် ထင်နေပုံရတယ်။ သူ့ ကို ကြည့်ရတာလေ ကျွန်တော် ဘယ်လောက်ကောင်းကောင်း ပြန်ပြီး မကောင်းဘူးဗျ။

ငွေရေကြေးရေး ကျပြန်တော့လဲ ကျွန်တော့်အပေါ် မလွယ်ကူပါဘူး။

ကြည့်လေ ဝင်ကထဲက ၃၀-ပေးတာ ၅-နှစ်ကြာ တော့လဲ ဒီလခဘဲ။ တိုးမပေးဘူး။ အလုပ်ထုတ်ဖို့လဲ ခဏခဏ ကြိမ်းဝါးနေတယ်။ ကျွန်တော့်ကို ဘိန်းမှ မရောင်းရဘဲကိုး။ ထုတ်ချင်ရှာမပေါ့။

ဒီလိုနဲ့ တနေ့မှာ ကျွန်တော် အလုပ်ထုတ်ခံရဘို့ ဂြိုဟ်ဆိုးဝင်လာပါတယ်။ ဝင်ပုံက ဒီလိုဗျာ။ တိုးလှဟာ ဝမ်းချုပ်ပြီး သေတယ်။ ဝမ်းချုပ်ရောပေါ့ဗျား။ သေမတတ် ခိုင်းတာကိုး။

ကန်ထရိုက်ဆိုတာ သူငွေများများရဘို့ဘဲ ကြည့်တာကလား။ အဲဒါ ကျွန်တော်ဂရုမစိုက်လို့ သေတာဆိုပြီး အလုပ်ထုတ်လိုက်တယ်။ ထမင်းအိုးကွဲတော့တာဘဲဗျို့။

ဘဝဟာ မလွယ်လိုက်တာဗျာ။ ဆင်သေတာနဲ့ ဦးစီးလဲ ငတ်သေရတော့မယ့် ဘဝဘဲ။ ဘာမှ အာမခံ ချက် မရှိဘူး။ ခံစားခွင့် မရှိဘူး။ ဆင်ဦးစီးဘဝဟာဘာမှ အသိဥာဏ်မရှိတဲ့ ဆင်ပေါ်မှာ ရပ်တည်နေရတဲ့ဘဝပါဗျာ။ လောကကြီးဟာ မှားနေပြီ ထင်ပါတယ်။

အလုပ်လက်မဲ့ဘဝနဲ့ ဟိုသွား သည်လာ လုပ်နေတုန်း အစိုးရဆင်ဝိုင်းက ဆင်ခေါင်းကြီးရဲ့ သမီးနဲ့ ကျွန်တော်တို့ ရည်ငံမိကြတယ်။ ဒါနဲ့ ခိုးပြေးကြရော။

မကြာပါဘူး။ သူ့အဖေက လိုက်ခေါ်ပြီး ကျွန်တော် ဆင်ဦးစီးအဟောင်းမှန်းသိတော့ အလုပ်သွင်းပေး တယ်။ သူ့သမီး ငတ်မှာစိုးလို့ပေါ့ဗျာ။

ကျွန်တော့်အဖို့တော့ အဲဒီနှစ်မှာ မိန်းမလဲရ၊ အလုပ်လဲရမို့ အမြတ်ချည်းဘဲ။ ဘုရားမတဲ့နှစ်ပေါ့။

ကျွန်တော် မိန်းမက မကောင်း ကောင်းကြောင်း ချက်ပြုတ်ကျွေးတတ်သဗျ။ ကျွန်တော့်ကိုလဲ အတော်ကလေး ချစ်ရှာတယ်။

ဂုဏ်အားဖြင့် ဆိုရင်တော့ သူက ဆင်ခေါင်းကြီးသမီးဘဲဗျ။ သူက ကြီးတာပေါ့။ ကျွန်တော်က ဂုဏ် မှမရှိဘဲ။ အလုပ်ပြုတ် ဆင်ဦးစီးဘဲဟာ။

တကယ်ချစ်ရှာလို့ ယူတာပါ။ သူ့လက်ရာကလေးတွေကို ကျွန် တော်ကတော့ နတ်သုဒ္ဓါနဲ့ မလဲဘူး။ သူ့ကိုလဲ သုဇိတာနဲ့ မလဲနိုင်ဘူး။

ဒီလိုနဲ့ဘဲ ၂ -နှစ်လောက်ကြာတော့ ဖိုးထောင်ကို မွေးတာပါဘဲ။ ဒီကောင်က ကျွန်တော့်သွေးရယ်လို့ မပြောရဘူး။ ဆင်ကို မကြောက်ဘူးဗျ။

ကျွန်တော် ဆင်စီးပြီး ပြန်လာရင် တဲအပြင်ထွက်ကြိုရတာအမော။

“မင်းကြီးလာရင် ဆင်စီးမလား ငါ့သား”

လို့ မေးရင်လဲ ဘာမသိ ညာမသိနဲ့ “အင်း-အင်း”နဲ့ ခေါင်းညိတ်ရတာကလဲ အမောဘဲ။

ကျွန်တော်ကတော့ သူ ဆင်ဦးစီးဖြစ်လာပြီး ကျွန်တော့်လို ပင်ပန်းဆင်းရဲမှာ စိုးရိမ်လိုက်ရတာ။ မိဘကိုး … သူကတော့ ဘာမှ မသိရှာဘူး။

ဆင်ဦးစီးလခကိုလဲ ကြည့်ဦးဗျာ။ လစာရင်းက ၄၀-တဲ့၊ ရှားပါးစရိတ်က ၄၂-ကျပ်ဆိုလား။ ဂ၂-ကျပ်ဘဲရတယ်။

တနှစ်ကုန်မှ တကျပ်ခွဲလား တိုးတယ်။ ၇-နှစ်ကြာရင် လခက ၉၂ -ကျပ်မှာ ဆုံးရော၊ ဆက်မတိုးဘူး။

ဆင်ဦးစီးဘဝနဲ့ ၁၅-နှစ်၊ အနှစ် ၂၀- လုပ်မှ ကျွန်တော့်ယောက္ခမလို ဆင်ခေါင်းကြီးဖြစ်မှာ။ ဆင်ခေါင်းက ၉၇-ကျပ် စရတယ်။

ဆင်ခေါင်းအထက်မှာ ဆင်အုပ်ဆိုတာ ရှိသေးတယ်။ သူက လခအကြီးစားဗျ။ ၁၈၅-ကျပ်တောင် ရတယ်ဆိုဘဲ။ ဆင်သမားရဲ့ ဘုရင်ပေါ့ဗျာ။

ဆင်ဦးစီးဆိုတာ ဆင်အုပ်က သေဆိုသေ၊ ရှင်ဆိုရှင်ဘဲ။ တခရိုင်မှာမှ သူကတယောက် ရှိတာ။

ဒါပေမယ့် ဆင်အုပ်ကြီးရာထူးရဘို့ တသက်မှာ မလွယ်ပါဘူး။ ဆင်အုပ်ထားပါဦး။ ဆင်ခေါင်းကြီး ဖြစ်ဘို့တောင် မလွယ်ဘူး။

ဝန်ထောက်ကများ ဒီဦးစီး ဆင်ကို ဂရုမစိုက်ဘူးလို့ စာတကြောင်း ရေးထားလိုက်ရင် အဲဒီကောင်တော့ ဦးစီးဘဝနဲ့ အရိုးထုတ်ဖို့သာ ပြင်ပေတော့။ ဗေဒင်မေးမနေနဲ့၊ ဆန်ကုန်မယ်။

ဆင်ခေါင်းကြီးရာထူးရဘို့ဟာ ဝေလာဝေး၊ ကျွန်တော်နဲ့အတူ ဆင်စီးတဲ့ ဦးစီးတွေဆိုရင် လုပ်သက် ၁၅- နှစ်ကျော် ရှိကုန်ကြပြီ။ ခုအထိ ဆင်ခေါင်း မဖြစ်သေးဘူး။

ဒီတော့ လုပ်သက် ၁၀-နှစ် ကျော်ကလေး ရှိသေးတဲ့ ကျွန်တော့်လိုကောင်က ဒီရာထူးကို ဘယ်မှာ မှန်းနိုင်ဦးမလဲ။ တွေးတောင် မတွေးထိုက်သေးဘူး။

ကျွန်တော်တို့ ဆင်ဦးစီးတွေဟာ “မင်းထိုင်”ခေါ် တဲ့ ဆင်ဂုတ်ပေါ်မှာထိုင်ပြီး သူများတကာအထက်က အလုပ်လုပ်ကြရတယ်။

“မင်းထိုင်”ဆိုတာ ရှေးက ဘုရင်တွေ ဆင်စီးပြီး တိုင်းခန်းလှည့်တဲ့အခါ ထိုင်ခဲ့ကဲ့ နေရာမို့ ခေါ်တာပေါ့ဗျာ။

အဲဒီနေရာ အထွတ်အမြတ်မှာ ထိုင်ရပေမယ့် ဘဝကတော့ အနုတ်စုတ် ဂုတ်စုတ်ပါဗျာ။ လူ့ဘဝရဲ့ အောက်ဆုံး မြေကြီးနားက လူတွေပါ။

တောမှာမွေး၊ တောမှာကြီး၊ တောမှာအလုပ်လုပ်၊တောမှာဘဲသေ။ သရဏဂုံလေးတောင် အတင်မခံရဘဲ တောထဲမှာ အမြှုပ်ခံရတဲ့ လူတွေပါဗျာ။

ဆင်းရဲပင်ပန်းမှုနဲ့ လူ့ဘဝကိုအစပျိုးရသလို ဒီလိုဘဲ အဆုံးသတ်ရပါတယ်။

ဒါကြောင့် ကျွန်တော့်သား ဆင်စီးရမယ့်နေ့ကို တွေးမိတိုင်း ရင်မောလှသဗျာ … ရင်မောတယ်။

ငွေတာရီမဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၇၃

– ပြီး –

စာရေးသူ – အေးသန်း (သစ်တော)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ