ကျွန်တော် နှင့် ကိုကင်း
°°°°°°°°°°°°°°°°°°°°°°°°°
#ဗြိတိသျှကိုကိုမောင်
…………………………………

မှတ်မှတ်ရရ အဲ့ဒီတုန်းက ညနေ ညနေ ဆို ကျွန်တော်ရယ်၊ စိုးကျော်ရယ်၊ မခိုင် လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ခိုင်ကျော်ထွန်း ရယ် အဆောင်ရှေ့ မှောင်ရိပ်က ကြက်ဆူပင်တန်းဘေးမှာ ထိုင်ပြီး ဂစ်တာတီးကြတယ်။

တခါတလေလည်း ဇေကလေး၊ မန်ကျည်းအရက်လေး ခွက်လှည့်ရင်း။

တခါတလေလည်း ဝိ ကလေးလည်း ဖွာရင်းပေါ့။
အဲ့ဒီမှာ ကျွန်တော်တို့ ဂစ်တာဝိုင်းထဲ လာလာရောတဲ့ ဘဲတစ်ပွေရှိတယ်။

အသားဖြူဖြူ၊ ပိန်ပိန်၊ အရပ်ဂလန်ကလား၊ မျက်လုံးက ခပ်စွေစွေ။

လူရွှင်တော်ကင်းကောင်နဲ့ခပ်ဆင်ဆင်မို့ သူ့နာမည်ပြောင်က ကိုကင်းတဲ့။

ကိုကင်း က ဘယ်ဇာတိလဲတော့မသိပါဘူး။ ရန်ကုန်သားမဟုတ်တာတော့ သေချာပါတယ်။

သူ့ရောဂါက အဆန်း။
သူက ဂေါ်လီဖြစ်ချင်တာ။ လမ်းသရဲဖြစ်ချင်တာ။
ဂေါ်လီသာ ဖြစ်ချင်တာ အရက်တောင် မသောက်တတ်ဘူး။ ဆေးလိပ်တော့ နည်းနည်းပါးပါးသောက်တတ်တယ်။

ကိုကင်း ကျွမ်းကျင်တာက နွားနို့ညှစ်တဲ့အလုပ်။
သူအလုပ်လုပ်တာက အောင်သပြေဝန်းထဲက ရဲသက်သာ နွားခြံမှာ။

ကြီးကြီးကျယ်ကျယ်ပြောရရင် ကိုကင်းဟာ နွားခြံတာဝန်ခံ။
သူထိန်းသိမ်းရ၊ နို့ညှစ်ရတဲ့ နွားတွေက နှယ်နှယ်ရရတော့ မမှတ်နဲ့။

တကယ့် နို့ထွက်ကောင်းတဲ့ နိုင်ငံခြားမျိုးတွေ။

အဲ့ဒီက ထွက်တဲ့ နွားနို့ကို အဲ့ဒီခေတ်က ဒုတိယအာဏာအရှိဆုံး ဗိုလ်မောင်အေးအိမ်နဲ့ ကမ္ဘာအေးဗီလာထဲက ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အိမ် ပို့ပေးရတာတဲ့။ သူပြောတာပဲ။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း သေချာမသိဘူး။

တစ်ရက်တော့ ကျွန်တော်တို့ ဂစ်တာတီးရင်း ဝိ သောက်နေတာကို ကိုကင်း သတိထားမိသွားတယ်။

“မင်းတို့ ဆေးလိပ်က မွှေးတာကွာ” တဲ့။
ဒါမျိုးကျ စိုးကျော် က နပ်တယ်။

“မွှေးဆို မာရှီပါတာကိုဗျ”

ကိုကင်း ဆတ်ခနဲ ဖြစ်သွားတယ်။

“တကယ်ပါတာလားဟ..ငါ့လည်း တဖွာလောက်တိုက်ကြပါ”

“ဟာ..မရဘူးဗျ..ကျွန်တော်တို့ သုံးယောက်တောင်.. ထမင်းအငတ်ခံပြီး ဝယ်ထားရတာ..ခင်ဗျား သောက်ချင်ရင် ပိုက်ဆံပေး မနက်ဖြန် သွားဖန်ပေးထားမယ်”

ကိုကင်း ဆိုတာက နွားနို့တွေ ကို ခပ်ပါးပါး ပုပ် အပြင်ထုတ်ရောင်းပြီး ငွေလျှံနေတဲ့ ဘဲလေ။

“ငါ ဝယ်မယ်ကွာ..ဘယ်လောက်လဲပြော”

“တစ်တိုင် ရှစ်ရာ”

“ရော့..လေးထောင်..ငါးတိုင်ဝယ်ခဲ့ကွာ..ဒါပေမယ့်..ဟေ့ကောင်တွေ ငကင်းကိုတော့ ပိုက်ဆံယူပြီး..ဘတ်တီးမရိုက်နဲ့နော်..ငါ စောက်ချဉ်မဟုတ်ဘူး”

“မနက်ဖြန် ညနေသာ လာယူစမ်းပါဗျာ”

နောက်နေ့ ကိုကင်း ပြန်ရောက်လာတယ်။

စိုးကျော်က နှင်းဆီဆေးပေါ့လိပ် ငါးလိပ်ပေးလိုက်တယ်။
ကိုကင်း ပျော်ပြီး ထွက်သွားတယ်။

သူ က ဆေးခြောက်ဆိုတာ ဘာမှန်းသိတာမဟုတ်ဘူး။
သူသိတာက ဂျန်းရှင်းအိတ်ရှေ့ သွားသွားထိုင်ဖွန်ကြောင်တတ်တဲ့ သူတို့ဂရုထဲမှာ သူက ဆေးခြောက်ချတယ်ဆိုပြီး ဂေါ်ပြချင်တာ။

ကျွန်တော်တို့ကလည်း သူ့ဆန္ဒလည်းပြည့်၊ သူ့ကို ဖျက်ဆီးရာလည်းမရောက်အောင် ကွမ်းယာဆိုင်က စင်ဂနယ်မှုန့် သုံးရာဖိုးလောက် တောင်းဝယ်ပြီး နှင်းဆီဆေးပေါလိပ်ထဲ ဆေးစပ်နဲ့ ရောရိုက်ပေးလိုက်တာလေ။

သူပေးတဲ့ လေးထောင်က စင်ဂနယ်သုံးရာဖိုးနဲ့ နှင်းဆီ နှစ်ရာဖိုးလောက်ဖယ်လိုက်ရင် သုံးထောင့်ငါးရာကျန်တယ်။
မသန်စွမ်းသင်တန်းကျောင်းလမ်းကြားက ကယားသဇင်ဆိုင်မှာ ကျွန်တော်တို့အတွက် ဂရန်းတစ်လုံးနဲ့ ဝက်သားသုပ်အမြည်းနဲ့ခိုင်တာပေါ့။

နောက် ငါးရက်လောက်နေတော့ ကိုကင်း ရောက်လာပြန်တယ်။

“ဟေ့ကောင်တွေ..ငါ ပစ္စည်းပျက်သွားပြီ..ဖန်ပေးကြဦးကွ” တဲ့။

အောင်မယ်..ဗမာဇာတ်ကားတွေထဲက ဆေးသမားအထာနဲ့ နှာခေါင်းတွေဘာတွေပွတ်နေသေးတာ။

ကျွန်တော်တို့လည်း နည်းနည်းတော့ ဖိန့်ရတာပေါ့။

“လမ်းကြောင်းတွေ ကြပ်တယ်..ကိုကင်း..ဒါပေမယ့် ရပါတယ်..ဖန်တော့ ဖန်ကြည့်တာပေါ့” ဘာညာ ဖိန့်ပြီး တစ်ထောင်တန်လေးရွက်ယူထားလိုက်တယ်။

ပြီးတော့ ညောင်ပင်အောက် ကွမ်းယာဆိုင်ကိုပြေး စင်ဂနယ်နဲ့ ဆေးပေါလိပ်ဝယ်၊ ပိုတာလေးကို ကယားသဇင်က စားပွဲထိုးမလေးတွေ ငမ်းရင်း ရှကီထုကြပေါ့။

နောက်ရက်..လာယူပြန်ရော။
ဒီတခါကျ သိပ်မကြာဘူး။ သုံးရက်လောက်နဲ့ ရောက်လာတယ်။

“မင်းတို့ ဒီတခါပစ္စည်းက အရင်တခေါက်နဲ့ မတူဘူး။ ငါ သိပ်မရောက်ဘူးကွ..အဲ့ဒါနဲ့ တစ်ရက် နှစ်တိုင်လောက် ကိုင်ပစ်ရတယ်..အင်း ငါလစ်မစ် တက်လာတာလည်း ဖြစ်နိုင်တယ်နော်”

ကျွန်တော်တို့ တစ်ယောက္မျက်နှာ တစ်ယောက်ကြည့်လိုက်ကြတယ်။
ခက်တော့ခက်ပြီ။

စင်ဂနယ်တွေ ဖွာပြီး ရောက်တာတွေ၊ လစ်မစ်တက်တာတွေ လာလုပ်နေတယ်။

ကျွန်တော်တို့မှာ ပထမ သူ့ကို အပျော်စနောက်ရင်း အရက်ဖိုးလေး ရှာရာကနေ အခု သုံးခါမြောက် ဆိုတော့ အားနာလာပြီ။

ပြီးတော့ တကယ် ဆေးခြောက်အစစ် ဖန်ပေးပြန်ရင်လည်း ဒီလူ ဟောင်ဖွာဟောင်ဖွာလုပ်ပုံနဲ့ ကြွက် က စိသွားပြီး လိုက်လာရင် ကိုယ်တွေပါ ဂိန်မှာ။

“မရတော့ဘူး..ကိုကင်း..ပစ္စည်းလမ်းကြောင်းတွေ ကြပ်နေတယ်။ နတ်စင်ပြိုနေပြီ။ ကြည်မြင့်တိုင်ဘက်တောင် မရတော့ဘူး” ဘာညာ ဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတယ်။

ည ဆယ်တစ်နာရီလောက်ကျ ကျွန်တော်တို့ သုံးကောင် အပျင်းပြေ ဖဲထုပ်နဲ့ စင်ကာပူဆော့နေတုန်း ကိုကင်း ရောက်လာတယ်။

“ငါ ယင်းထနေပြီ..မရတော့ဘူး” တဲ့။

ဆေးခြောက်အစစ်တောင် ပါးပါးဆို ယင်းမရှိတာကို
သူက စင်ဂနယ်တွေ ရှုပြီး ယင်းထရတယ်လို့.တကယ့် သောက်ပြဿနာဘဲဗျာ။

အခုအချိန်မှာ ကိုကင်းရေ ခင်ဗျားကို ကျွန်တော်တို့ ဟိုနေ့က ပေးလိုက်တဲ့ ဆေးပေါ့လိပ်တွေက ကွမ်းယာနဲ့ စားတဲ့ စင်ဂနယ်တွေပါဗျာ လို့ ပြောလိုက်ပြန်ရင်လည်း ဒီဘဲက ရှက်ရမ်းရမ်းပြီး သောင်းကျန်းလို့ အဆောင်ကပါ နှင်ချခံနေရမယ်။

ပိုက်ဆံပြန်ပေးဆိုလည်း အကုန်လုံးက ကယားသဇင်မှာ အရည်ဖျော်ပြီးသွားပြီ။

“ယင်းထလည်း မတတ်နိုင်ဘူးဗျာ..ဖန်လို့မှ မရတာ” လို့ပဲ ပြောရတော့တာပေါ့။

“ဟာ..မရ ရတဲ့နေရာက ဖန်ပေးကွာ..ငါ ယင်းထတာ မခံစားနိုင်ဘူး” ဆိုပြီး စိုးကျော်လက်ထဲ ငွေတစ်သောင်း အတင်းထည့်သွားတယ်။

ကဲ..ဘယ့်နှယ့်လုပ်ကြမတုန်း။

ကျွန်တော်တို့လည်း ဘာလုပ်ရမှန်းမသိတော့ဘူး။
ဒီဘဲကြီးကို သနားလည်း သနားလာပြီ။ သူ့ဆီက ပိုက်ဆံလည်း မလိုချင်တော့ဘူး။

ဂျင်းထည့်တယ်ဆိုတဲ့ စကားက အခုမှပေါ်လာတာ။
ကျွန်တော်တို့က အဲ့ဒီကတည်းက သူ့ကို စင်ဂနယ်ထည့်တာ။

ကျွန်တော်တို့ သူ့ကို စင်ဂနယ်ထည့်တာလည်း အတော်များသွားပြီ။

နောက်ရက်ကျ ကျွန်တော်တို့လည်း သူ့နွားခြံ ကို သူမရှိတဲ့အချိန်သွားပြီး သူ့တပည့်လေးကို သေချာမှာ ငွေတစ်သောင်းပြန်ပေးခဲ့ပါတယ်။

ညနေကျ သူပေါက်ချလာမှာကြောက်တာရော ရပ်ကွက်ထဲ အဆောင်တစ်ခုက ရှမ်းကိုးမီး ဝိုင်းတစ်ဝိုင်း ကောင်းနေတာရော နဲ့ အဆောင်မပြန်ဘဲ အဲ့ဒီမှာ စတည်းချနေလိုက်တယ်။

ဒါလည်း ကိုယ့်ဆရာက ရအောင်ရှာပြီး လိုက်လာတာဗျာ။
ဝိုင်းမှာက စိုးကျော် နဲ့ ကျွန်တော်က တပင်ကျော် ထိုင်ပြီး မာကင်ဇယားခင်းနေတာ။

သူက ကျွန်တော့်ဘေး လာကပ်ထိုင်ပြီး အခြေအနေမေးတယ်။

“ကိုကင်းရာ..မရပါဘူးဆိုမှ..ဒီမှာ ဖဲရိုက်ရတာ ဖီးလ်ပျက်တယ် ဘာညာ” ဆိုပြီး အသံမာမာပြောလိုက်တော့ သူ တင်းသွားပုံပဲ။

ကျွန်တော်နဲ့ စိုးကျော် ဒိုင်ကိုင်ပြီဆို သူက ကြားထိုးကို ငွေအများကြီး လိုက်ထိုးတာ။

ဖဲဝိုင်းသဘောအရ
ကြားထိုးအများကြီးထိုးပြီဆို ဒိုင်က နိုင်ရင် ပြဿနာမဟုတ်ဘူး။ လျော်ရပြီဆို ကြားထိုးသမားက အဲ့ငွေကို ပြန်မထိုးပဲ လစ်သွားရင် ဒိုင်က ဘာမှ ပြောလို့မရဘူးလေ။

ဒီတော့ လူလည်ငဂေါ်ကြီး ကိုကင်းက သူ့ကို မာရှီ မဖန်ပေးလို့ ကျွန်တော်တို့ နှစ်ယောက်ကို တင်းပြီး သူ့ငွေအားနဲ့ ဖိထိုးတယ်ပေါ့။

ပြဿနာက အခုမှတက်တာ။

တကယ်တမ်း ကျွန်တော်နဲ့ စိုးကျော် က ဖဲအလိမ်သမားဘော်ဒါတစ်ယောက်ဆီက ဖဲမာကင်နည်းတွေ၊ ဆင်နည်းတွေကို သေသေချာချာသင်ထားကြတာ။

အခုလည်း ဂျလုံးလေးတွေ ဝိုင်းမို့ စားစရိတ်၊ သောက်စရိတ်လေး ရအောင် လာဖန်နေကြတာ။
ရှင်းရှင်းပြောရရင် ဖဲလိမ်ရိုက်နေတာဗျာ။

ဆင်ဂနယ်တွေ ကို ဆေးခြောက်ပါလို့ ညာရောင်းပြီး သူ့ပိုက်ဆံမလိုချင်လို့ ရှောင်ပါတယ်ဆိုနေမှ ဒင်းကြီးက ကိုယ်တွေ ဖဲလိမ်ရိုက်နေတဲ့ ဝိုင်းထဲ ငွေအပုံလိုက် ဝင်ထိုးနေပြန်တယ်။

ဘယ်လောက် အူလည်ပူလည်နိုင်တဲ့ဘဲလဲဆိုတာ ကြည့်သာကြည့်တော့။
တတ်နိုင်ဘူးလေ။
ည ၂ နာရီလောက်ကျ ငနဲသား အကုန်ပြောင်ပြီး ပြန်သွားတယ်။

ဝိုင်းသိမ်းတော့ ၃ နာရီ။

ဝိုင်းခံတွေကို
နည်းနည်းပါးပါး အရှုံးခံပြန်ရိုက်ပေးတာတောင် ကျွန်တော်တို့လက်ထဲ နှစ်ယောက်ပေါင်း ငွေရှစ်သောင်းလောက် နိုင်တယ်။

အဲ့ဒါ နဲ့ ဒီဘဲမှတ်သွားပြီထင်လား။

နောက်ရက်ကျ မကြေပွဲဆိုပြီး အဆောင်ကိုလာ ကျွန်တော်တို့ သုံးယောက်နဲ့ ဖဲလာရိုက်သေးတာ။

ကိုယ့်ဆရာကြီးက
ဆင်ဂနယ်ယင်းမထတော့ပဲ ရှမ်းကိုးမီးယင်းထနေပြီလေ။

ကဲ ဒီမှာလည်း ကိုယ်တွေ အဆောင်က ဖဲထုပ်ပါဆိုမှတော့ အေသုံးလုံးဖဲချပ်ပေါ်က
အကွက်လေးတွေထဲ ကျွန်တော်တို့ ဖန်တီးထားတဲ့ မာကင်အဖြူအစက်ကလေးတွေက ရှိနေပြီးသား။

ဘယ်ဖဲကျရင် ဘာအပွင့်ဆိုတာ ကျွန်တော်ရော၊ စိုးကျော်ရော၊ မခိုင် ပါ သိနေတာ။
သူတစ်ယောက်တည်း ဘာမှ မသိတာလေ။
ဘယ်သူရှုံးမလဲ။

နောက်ဆုံး စိန်ခေါ်သူ သူချည်း ပါသမျှ ပြောင်ရတာပဲ။

ကျွန်တော်တို့ထဲက နှစ်ယောက်ကတော့ နည်းနည်းပါးပါး ရှုံးချင်ဟန်ဆောင်ရတာပေါ့။
တကယ်က ကျွန်တော်တို့ သုံးယောက်ဟာ ကားလမတ်စ်ရဲ့ ဘုံဝါဒကို ရှမ်းကိုးမီးလမ်းစဉ် နဲ့ တည်ဆောက်ထားတယ်ဆိုတာ သူမှ မသိတာ။

ဘယ်သူနိုင်နိုင် ဘုံပိုင်ငွေပေကိုး။

မတတ်နိုင်ဘူးဗျာ။ မရိုက်ချင်ဘူးဆိုလဲ သူ့ဟာသူလာ လာ စိန်ခေါ် ဖဲရိုက်နေတာပဲ။
ခင်ဗျားကို ကျွန်တော်တို့ လိမ်ရိုက်နေပါတယ်လို့ လည်း ဘယ်လိုလုပ်ပြောရပါ့မလဲ။

အဲ့ဒီဇာတ်လမ်းက ကိုကင်း အချုပ်ထဲ ရောက်
မှပဲ ဆုံးသွားတော့တယ်။

ဟုတ်တယ်..သူမလာတာ အတော်ကြာလို့ သူတို့နားက ကုန်စုံဆိုင်မှာ စုံစမ်းတော့မှ အချုပ်ထဲမှာတဲ့။

ဘာဖြစ်လို့လဲဆိုတော့
လူကြီးအိမ်ပို့တဲ့ နွားနို့တွေထဲ ရေရောတာများလို့ စက်နဲ့ တိုင်းကြည့်တာ ရေက တော်တော်များနေလို့ လူကြီးအိမ်က ကိုကင်းတို့ အထက်လူကြီးကို တိုင်တယ်။

အဲ့ဒါနဲ့ တပ်ဖွဲ့ပိုင်နွားနို့ကို အလွဲသုံးစားလုပ်တယ်ဆိုပြီး အချုပ်ထဲ ထည့်ပစ်တာတဲ့။

ဒီသတင်းကြားတော့ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်သွားတယ်။

ကိုယ်တွေ ပယောဂ မကင်းဘူးလို့လည်း ခံစားရတယ်။
ကိုယ်တွေက သူ့ငွေ မလိုချင်ပေမယ့် သူကကို လာလာပေးနေတာဆိုတော့ ခက်တော့ခက်သားဗျာ။

ကျွန်တော်ထင်တယ် နွားနို့ ထဲ ရေရောမိလို့ အချုပ်ကျခံရတာ ကမ္ဘာမှာ ကိုကင်းက ပထမဆုံး ထင်ပါတယ်။
ကိုကင်းအပေါ် ကျွန်တော်တို့ လူငယ်စိတ်နဲ့ ပြုခဲ့သမျှ ခုပြန်တွေးတိုင်း စိတ်မကောင်းဖြစ်ရတယ်။

ကိုကင်းရေ…
ခင်ဗျားကို ယင်းထအောင်လုပ်သွားတဲ့ စိုးကျော်ကြီးကတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကပဲ မြန်မာပြည်မြောက်ပိုင်းက သူ့ဇာတိမြို့ကလေးမှာ နိုင်လွန်ကြိုးတစ်ချောင်း လည်ပင်းပေါ်ပတ်ပြီး လောကကြီးကို အနိုင်ပိုင်း ထွက်သွားပြီဗျာ။

သူ ထွက္မသွားခင် တပတ်အလိုက..ကျွန်တော့် မက်ဆေ့ဘောက်စ်ထဲ သူ စာပို့သွားသေးတယ်…

“ငါ သေချင်ပြီကွာ….ငါ အရမ်းပင်ပန်းနေပြီ..အရမ်းလည်းနာနေပြီ..ဒီလောက်ဆို တော်လောက်ပြီ..ကုလားမရာတဲ့”

ဒီကောင့်မှာ ကင်ဆာရောဂါဖြစ်နေတာ။ ခဏခဏ ခွဲစိတ်ရတယ်တဲ့။

ခွဲစိတ်ရတိုင်း နာကြင်ရတာတွေကို သူမခံစားနိုင်ဘူးတဲ့။
ကျွန်တော့် ကို သူ နောက်ပြီးခေါ်နေကျ နာမည်ပြောင် ကို နောက်ဆုံးခေါ်သွားခဲ့တယ်။

တပတ်အကြာမှာ..ဒီကောင် ကြိုးတစ်ချောင်းနဲ့ အိပ်ခန်းထဲ ဝင်သွားတယ်တဲ့။

သူ့အိမ်သားတွေ တွေ့တော့ ဒီကောင် လည်ပင်းက နိုင်လွန်ကြိုးဟာ ထုတ်တန်းပေါ်မှာတွဲလောင်းတဲ့။
ဒီကောင်..တကယ် တော်ပစ်လိုက်တယ်။ ရပ်ပစ်လိုက်တယ်။

သတ္တိရှိတာလား၊ သွေးကြောင်တာလား…ကျွန်တော်မသိတော့ဘူး။

နောက်တကြိမ် ကျွန်တော်တို့ ပြန်မဆုံကြခင် ဒီကောင် လစ်သွားတယ်..ကိုကင်းရာ။

ကျွန်တော်နဲ့ မခိုင် လည်း အခုထိ နယ်ပယ်အသီးသီးမှာ ရုန်းကြ ကန်ကြ ကူးခတ်ကြဆဲ။

ခင်ဗျားရော …နွားနို့တွေ ရေရောတုန်းလား။

အခုလောက်ဆို ရင်တော့ ခင်ဗျားလည်း…စင်ဂနယ် နဲ့ ဆေးခြောက် ခွဲတတ်လောက်ပါပြီ။

ဖဲဝိုင်းမြင်တိုင်းလည်း ဝင်မထိုးချင်ပါနဲ့တော့ဗျာ။
သတိတရတွေ ဟာ တခါတခါ သိပ်ပါးလွှာတယ်။

.ဘဝဆိုတာ
ရယ်ခြင်းနဲ့ ငိုခြင်းကြား က ကြိုးတန်းပေါ်လမ်းလျှောက်ရတာမျိုးပဲ မဟုတ်လား..ကိုကင်းရေ..။

#ဗြိတိသျှကိုကိုမောင်

သရုပ်ဖော်. မောင်စူပါ

တနှစ်ပြည့်မယ်မိုရီပို့စ်.