• July 4, 2025
  • admin
  • 0

အေးသန်း(သစ်တော)
ကျွန်တော် ရေလုပ်သား

ကျွန်တော့်နာမည် ဘိုနီပါ။ အလုပ်ကတော့ ငါးဖမ်းတာပါဘဲ။ အသက် ငါးဆယ်ပြည့်ပါတော့မယ်။ မယား လှစိန်နဲ့ သားသမီးငါးယောက်လဲ ရှိပါသေး တယ်။

ဒီအလုပ်ကို စ,လုပ်တာ ငယ်ငယ်ကတည်းက ဆိုပါတော့။ မျိုးရိုးလုပ်ငန်း ဆိုပါတော့။ လူမှန်းသိတတ်စကတည်းက ကျွန်တော့်အဖေ ငါးဖမ်းထွက်ရာ ချင်းတွင်းမြစ်ရိုးမှာ ကျင်လည်ကျက်စားရင်း ငါးဖမ်းတဲ့ ပိုက်ပုံကြီးတွေပေါ် အိပ်လိုက်၊ ငါးဖမ်းလှေပေါ်
လိုက်နေလိုက်နဲ့ ဘဲ ကြီးပြင်းလာခဲ့ရတာပေါ့။

ကျောင်းလဲ မနေခဲ့ရပါဘူး။ ကျောင်းမနေလဲ ကျွန်တော်တို့ ထမင်းစားနေရသားဘဲ။ စာမတတ် ပေမယ့်လဲ ဆူပေ့ဆိုတဲ့ ငမြင်း၊ ငထွေသားတွေကို စားနေရသားဘဲ။

ကျွန်တော့်အဖို့တော့ ကျောင်းဆိုတာ အဖေ ငါးဖမ်းထွက်တဲ့ လှေကြီးဘဲပေါ့။ စာဆိုတာလဲ ပိုက်ချက်ကောင်းတဲ့ ရေပြင်တွေဘဲပေါ့။

လှေပေါ်စီးပြီး ပိုက်ချက်ကောင်းတဲ့နေရာမှာ ပိုက်ချတတ်ရင် ကျွန်တော်စားဘို့ ဝတ်ဘို့ ဘယ်မှာပူရတော့မလဲ။

ဒါဘဲ ပညာ၊ ဒါဘဲ စာပေါ့။

ဒီစာနဲ့ ဒီပညာတွေကဘဲ ကျွန်တော့်ကို ဟင်းကောင်းကောင်းနဲ့ ထမင်းကျွေးနေတာ မဟုတ်လား။

နေဘို့ကလဲ မပူရဘူး။ ကျွန်တော် ငါးဖမ်းဘို့ စတည်းချတဲ့ သောင်ပြင်တွေဟာ ကျွန်တော့်အိမ်နေရာချည်းပါဘဲ။ မြို့တွေမှာ မြေနေရာ ရှားတယ်ဆိုတာ တခါက ကြားရတော့ ရယ်တောင် ရယ်မိသေးတယ်။ လူတွေနှယ်, ဒီလောက်နေစရာ ပေါရဲ့သားနဲ့ များ ကြံကြံဖန်ဖန် ပြောရော့မယ်ဆိုပြီး ရယ်မိတာပါ။

ကျွန်တော်တို့အတွက်ကတော့ မြေမရှားဘဲကိုး။

မိုးကုန်တယ်ဆိုရင်ဘဲ ချင်းတွင်းရေက ကျသွားတော့ ပေါ် လာတဲ့ သောင်ပြင်ရေစပ်တွေဟာ ကျွန်တော်တို့ရေလုပ်သားတွေရဲ့ အိမ်နေရာချည်းဘဲ မဟုတ်ပါလား။

ချင်းတွင်းတရိုးက သောင်ပြင်ကျယ်တွေဟာ ကျွန်တော်တို့ အိမ်နေရာချည်းဘဲ။ ချင်းတွင်းမြစ်ကြီးဟာ ကျွန်တော့် ကျောင်းတော်ကြီးဘဲ။

အခုခေတ်ကလေးတွေ အဆိုအရတော့ ကျွန်တော့်တက္ကသိုလ်ကြီးဘဲပေါ့။

အခု အသက် ၅၀-ထဲ ရောက်လာတော့ ဒီတက္ကသိုလ်ကြီးမှာ ကျွန်တော်က ကျောင်းသားမဟုတ်တော့ဘူးလေ။ ဆရာကြီး ဖြစ်နေပါပြီ။ ကျွန်တော့်သားတွေကို ပြန်ပြီး သင်ပြပို့ချပေးနေရပါပီ။

အခုခေတ် မြိုကျောင်းတွေမှာ စာသင်ရုံသက် သက်မကဘဲ လက်တွေ့ခန်းဆိုတာထဲမှာ ဖားတွေ ငါး တွေ ခွဲစိတ်ပြီး သင်ရတယ်လို့ နားစွန်နားဖျား ကြားမိ တယ်။ သူတိုများတော့ တယ်ပြီး ကြီးကျယ်ခမ်းနား ကြသကိုး။

ငါးခွဲဘို့အရေးများ အခန်းကြီးသပ်သပ် ဆောက်ရသေးတယ်ရယ်လို့။ ကျွန်တော် ငယ်ငယ်တုန်းကများ ပိုက်ချက်ကောင်းတဲ့အခါ အဖေမိလာတဲ့ ငါးတွေကို သောင်ပြင်မှာ ချမ်းချမ်းစီးစီးနဲ့ ခွဲလိုက်ရတာ တခါတခါ လင်းကြက်တွန်ခါနီးပါရော။

ဒါက အူ၊ ဒါက စီပေါင်း၊ အသဲ၊ သည်းခြေ၊ နှလုံး ဆိုတာ မသိချင်အဆုံးပါဘဲဗျာ။

ငါးအူတို့၊ စီပေါင်းတို့၊ အသဲတို့က စားလို့ကောင်းသလောက် သည်းခြေကျတော့ တယ်ပြီးခါးလှသကိုး။ ခါးတာက သည်းခြေလို့ အမေက တခါပြောရုံနှင့် ကျွန်တော်ဖြင့် မှတ်မိခဲ့တာပါဘဲ။

အခုဆိုရင် ကျွန်တော့်သား ငပိန်တို့ ကြွက်နီတို့တောင် ငါးကို ကျင်ကျင်လည်လည် ခွဲတတ်နေပြီ။ အသဲနှင့် သည်းခြေကိုလဲ ခွဲခြားတတ်နေပြီ။

ချင်းတွင်းရိုးထဲမှာရှိတဲ့ ငါးအမျိုး တရာလောက်ကိုလဲ အကောင်မြင်ရုံနှင့် သူတို့တတွေ သိနေကြပါပြီ။ ဒီလိုဆို သူတို့လဲ ပညာတတ်တွေဘဲပေါ့။

ကလေးတွေအကြောင်းပြောရတာနဲ့ ကျွန်တော့်ဇာတိကို ပြောဘို့ကျန်သေးတယ်။ ကျွန်တော့်ဇာတိက မုံရွာရွာအောက်နားက သရက်လှရွာပါ။ ဒါပေမယ့် တနှစ်ကို ရွာမှာ ၃-၄ လလောက်ဘဲ နေရတယ်။ ချင်းတွင်းရေကျစ တော်သလင်းလလောက်ကတည်းက ရွာကထွက်ပြီး အထက်ကို တက်လိုက်ရတာ ဟိုရွာရွှေ့ သည်ရွာပြောင်းနဲ့ နောင်နှစ် ကဆုန်လကျမှ ရွာကို ပြန်ရတော့တာပါဘဲ။

တခါတလေ ရွာပြန်ရောက်တဲ့အခါ ဆွေမျိုးသားချင်းထဲက ဆုံးတဲ့လူလဲ ဆုံးကုန်ပြီ။ မွေးတဲ့လူကလဲမွေးလို့ပေါ့။ အဲဒီတော့မှ အကြောင်းစုံသိရတော့တယ်။ ဘယ့်လောက်များ ဆွေခန်းမျိုးခန်း ပြတ်လိုက်တဲ့ အလုပ်လဲလို့ ။

ကျွန်တော်ဆိုရင်လဲ ငါးဖမ်းဘို့ ချင်းတွင်းတက်ရင်းလှစိန်နဲ့တွေ့ပြီး ညားတာဘဲ။ ရွာပြန်ရောက်မှ လူကြီးတွေက ကျွန်တော် အိမ်ထောင်ကျတာ သိကြတယ်။ သူတို့ ကျွန်တော် အိမ်ထောင်ကျတာ သိတဲ့အချိန်မှာ လှစိန်မှာတောင် ကိုယ်ဝန် ၇-လ ရနေပြီလေ။

ဒါမျိုးတွေကလဲ ကျွန်တော်တို့အဘိုတော့ မထူးဆန်းပါဘူး။ သားအကြီး လှထွေးဆိုရင်လဲ မနှစ်က ကျွန်တော်နဲ့ လိုက်ရင်း စတည်းချတဲ့ ပန်းသာရွာက ရှမ်းမကလေးတယောက်နဲ့ ညားခဲ့သေးတယ်။

အောက်ကသမီး နီမလဲ တနှစ်က စတည်းချတဲ့ နန်းရင်းရွာသားကလေးနဲ့ အိမ်ထောင်ကျခဲ့တယ်။ “နဖူးစာရွာလည်” ဆိုတာ တကဲ့ကို ဟုတ်နေပြီလေ။

ရွာလည်ပြီး အိမ်ထောင်သစ်တည်ကြသလို လူကြီး တွေလဲ ဆုံးပါးပျက်စီးကြတာဘဲ။ ကျွန်တော့်ဒွေးလေးဆိုရင် ကျွန်တော်တိုနဲ့လိုက်ရင်း မော်လိုက်အောက်က ကြာအင်းသောင်ပြင်မှာ ပျက်စီးခဲ့တယ်။

ညီငယ် ဖေချစ်လဲ ဟုမ္မလင်းအောက်က မုက္ကလိသောင်ပြင်မှာ ငှက်ဖျားမိလိုက်တာ တလလောက်ကြာတော့ ဆုံးပါလေရောဗျာ။

နဖူးစာ ရွာလည်သလို ကျွန်တော်တို့အတွက်တော့ သေမင်းကလဲ ရွာလည်တာဘဲ။ သင်းချိုင်းကလဲ ရွာလည်တာပါဘဲ။ ကျွန်တော်လဲ တနေ့ကျရင် ဘယ်ရွာ ဘယ်သောင်ပြင်မှာ ခေါင်းချရဦးမလဲ မသိဘူး။ ဒါကတော့ လွန်ဆန်နိုင်တဲ့ တရားတွေမှ မဟုတ်ဘဲကို။

ဒါတွေကို တွေးမိလို့ ကိုယ့်ရွာမှာဘဲ နေမယ်ဆို ပြန်ရင်လဲ ထမင်းဝမှာ မဟုတ်ဘူး။ ချင်းတွင်းအောက်ပိုင်းမှာက လူနေများတော့ ဒီအလုပ်လုပ်တဲ့လူလဲ များ တယ်။ ဒီတော့ တဦး တဦးကို တွက်ခြေကိုက်အောင် မရကြဘူး။ ဒါကြောင့် အထက်ချင်းတွင်းရိုး တက်ပြီး အလုပ်လုပ်ကြရတာပါ။

ကျွန်တော့် မိသားစုဆိုရင် လှေတစင်းနဲ့ အနှံ့ လျှောက်သွားနေတာ အခုဆို ခန္တီးအထက်ပိုင်းအထိ ရောက်ခဲ့ဘူး၊ လုပ်ခဲ့ဘူးပြီ။ ရှမ်းရွာတွေ၊ နာဂရွာတွေမှာ စတည်းချပြီး လေးလတန်သည်၊ ရှစ်လတန်သည်ကြာအောင် နေဘူးပြီလေ။

အထက်ချင်းတွင်းမှာက ငါးပေါတယ်။ ဈေးကလဲ အရင်တုန်းက ဒိုက်ဈေးဘဲရှိတယ်။ တပိဿာကို တကျပ်ဈေးပေါ့။ အခုတော့ ပိုပြီး ဈေးရလာပြီ။ မော် လိုက်နဲ့ ကလေးဝမှာဆိုရင် လက္ကားကို ငါးကျပ်ဈေးနဲ့ သွင်းရတယ်။ ငါးပေါပေမယ့် လူဦးရေက များလာတော့ ဈေးကြီးလာရတာပေါ့လေ။

ကျွန်တော်တို့ ရေလုပ်သားတွေအတွက်လဲ စားစရိတ်နဲ့ ပိုက်ဖိုးတွေက ကြီးလာတယ် မဟုတ်ပါလား။ တဖွဲ့ တဖွဲ့မှာလဲ ပိုက်ဖိုးကတင် နည်းတာမဟုတ်ဖူး။ ပိုက် ၄ မျိုး , ၄ ခုဆိုရင် တသောင်း , ကိုးထောင် ရှိတယ်။

အဲဒီပိုက်တွေကတော့ ဆွဲပိုက်၊ ဝဲပိုက်၊ တန်းပိုက်နဲ့ ကွန်ပိုက်တွေပေါ့။ တဖွဲ့မှာ အဲဒီပိုက် ၄ ပိုက်ပါမှ အလုပ်ဖြစ်တာ။တချို့အဖွဲ့ ငွေတတ်နိုင်တဲ့အဖွဲ့မှာဆိုရင် ဆွဲပိုက် ၂ ခုတောင် ပါတတ်သေးတယ်။ ဒါဆိုရင် ပိုပြီး ငါးရတာပေါ့။ တွက်ခြေကိုက်တာပေါ့။

ဆွဲပိုက်ဆိုတာက အလံ ၁ဝဝ၊ အတောင် ၄၀၀ ရှည်တယ်။ ပိုက်ကြီးပေါ့။ ဒီပိုက်ကို ရိုးရိုးရေပြင်ကျယ်မှာ ချတယ်။ ပိုက်ချက်များကောင်းရင် တချက်ဆွဲနဲ့ အချိန် ၁ဝဝ ကျော် ၁၅၀ အထိ ငါးပါတတ်တယ်။

ကျွန်တော့်တသက်မှာ ပိုက်တချက်ထဲနဲ့ အချိန် ၂ ဝဝ- ကျော် ရဘူးတာ နှစ်ခါရှိပြီ။

ကလေးဝ အထက်နားက မစိန်ရွာတုန်းကပေါ့။ ငါးတွေရလွန်းလို့ ရွာထဲသွားပြီး လူကြီးတွေအိမ်ကိုတောင် အချိန် ၅ဝ လောက် ဝေပစ်လိုက်သေးတယ်။ ရွာလူကြီးတွေကလဲ ပြုံးလို့ ရွှင်လို့ပေါ့။ “ဘိုနီကြီး … ဘိုနီကြီး” နဲ့ ပါးစပ်ဖျားလေးတင်ပါဘဲ။ အရေးပေးလိုက်ကြတာ လွန်ပါရော။

“နောင်နှစ်တွေလဲ ဒီမှာဘဲလာချဟ”လို့ ခေါ် တဲ့လူက ခေါ်သေးတယ်လေ။ ဒါကြောင့် အဲဒီတုန်းက တွေးမိတယ်။

“ငါးဟာ အကောင်သာငယ်တာ၊ မျက်နှာကတော့ တယ်ပြီး ကြီးပါလား” လို့လေ။

ဝဲပိုက်ဆိုတာက တောင်ကမ်းပါးယံတွေဘေးက ဝဲနေရာတွေမှာ ချတဲ့ပိုက်ပေါ့။ သူက ဆွဲပိုက်ထက် ငယ် တယ်။ အတောင် ၁၀၀ ဘဲ ရှည်တယ်။ ဒီပိုက်ကလဲ ပိုက်ချက်သာ ကောင်းရင်တော့ အချိန် ၁ဝဝ လဲ ဟုတ် တာဘဲ။ အချိန် ၉ဝ ဆိုလဲ ဟုတ်တာဘဲ။

ဒီပိုက်မှာ မိတဲ့ငါးက ဆွဲပိုက်ငါးထက် အကောင်ကြီးတယ်။ ဝဲအောက်မှာဆိုတော့ ငါးကြီးတွေ နေကြတာကိုး။ တကောင် တကောင်ကို အချိန် ၅ဝ ကနေပြီး ၇ဝ၊ ဂဝ ထွက်တဲ့ ငမြင်းနဲ့ ငထွေတွေ ပါတာပေါ့။

တခါလဲ အချိန် ၁၀၊ ၁၅ ရှိတဲ့ ငဒန်၊ ငကြင်းနဲ့ တခါ ငသလိန်တွေ ရပါရဲ့။ တခါတုန်းကများ ဖောင်းပြင်မြို့ အောက်နားက ဝဲတခုမှာ အချိန် ၁ဝဝ နီးပါးရှိတဲ့ ငရွေးတကောင် ရဘူးတယ်။ ဝဲပိုက်က အတော့်ကို အားထားရတဲ့ ညာလက်ရုံးကြီးပါဘဲ။

တန်းပိုက်ကိုတော့ မျှောပိုက်လို့လဲ ခေါ်ကြတယ်။ သူက ဝဲပိုက်ထက် ငယ်တယ်။ မြစ်ပြင်ကို ကန့်လန့် ထားပြီး တိုင်နှစ်တိုင်မှာ ချည်ထားရတဲ့ ပိုက်ပေါ့။ သင်္ဘောတွေ မော်တော်တွေက ပိုက်ကိုတိုးမိရင် စုတ်ပါလေရော။ လျော်ကြေးတောင်းပေမယ့်လဲ မရ ပါဘူး။

ဆလင်တွေဟာ ကျွန်တော်တို့ရဲ့ ရန်သူဆိုရင် ဟုတ်တာပေါ့။ သူတို့က အရက်ကလေး တမြမြနဲ့ မောင်းကြတော့ ခက်တာပေါ့။ ရေဒီယိုက ခဏခဏ လာတဲ့ “မူးရင်မမောင်းနဲ့၊ မောင်းရင်မမူးနဲ့” ဆိုတဲ့ စကားဟာ မြို့က ကားသမားတွေအတွက်တင် မက ဘူး၊ ဆလင်တွေအတွက်ပါ ဆုံးမပေးဘို့ကောင်းတယ်ဗျာ။

သူတို့ကတော့ မူးပြီး သုခကို တွေ့နေမှာဘဲ။ ကျွန်တော်တို့မှာတော့ ပိုက်စုတ်လို့ ဒုက္ခရောက်ပါလေရော။

ကွန်ပိုက်ကတော့ အငယ်ဆုံးပိုက်ပေါ့။ လူတယောက်ထဲနဲ့ ပစ်လို့ရတယ်။ မြစ်ကမ်းပါးက ရေစပ်တွေမှာ ပစ်ရတယ်။ ကွန်ကလဲ တခါပစ်ရင် အချိန် ၁၀-လောက်အထိ ရတတ်တယ်။ ကွန်ချက်မှားတဲ့အခါလည်း တကောင်မှ မရဘူးပေါ့လေ။ ကွန်ပစ်လို့ရတဲ့ ငါးတွေကတော့ ၁-ပိဿာ အကြီးဆုံးဆိုတဲ့ ငပုတ်သင်တို၊ ငငိုက်တုတ်တို့၊ ငလူတို့ပေါ့။

ဒါပေမယ့် အများအားဖြင့် ငလူးငလဲကလေးတွေဘဲရတတ်ပါတယ်။ တန်းပိုက်ကရတဲ့ ငါးလို အချိန် ၄-၅ ပိဿာ အကောင်တွေ မရနိုင်ဘူး။

ဒီလောက် တန်ကြေးရှိတဲ့ ပိုက်တွေနဲ့ အလုပ်လုပ်နေရပေမယ် တရာသီကိုရတဲ့ငွေက ၄ဝဝဝ၊ ၅ဝဝဝ ပါဘဲ။ သိပ်ပြီး ငါးတက်တဲ့နှစ်ဆိုရင်တော့ ၇ဝဝဝ လောက်အထိ ရပါရဲ့။ ဒါကလဲ ကြုံတောင့်ကြုံခဲပါ။ ငါးမတက်ရင်တော့ ၂၀၀၀၊ ၃၀၀၀ ဘဲ ရပါတယ်။ ရတဲ့ငွေကလေးကလဲ စားလိုက် သောက်လိုက် ကြွေးဆပ်လိုက်နဲ့ ကုန်တော့တာပါဘဲ။

သားမယားတွေမှာလဲ ပြောင်ပြောင်လက်လက် မရှိရှာပါဘူး။ ကြွေးကိုကျေအောင် မနည်းကြိုးစားနေရတာပါဘဲ။ အစားအသောက်တော့ လူနဲ့သူနဲ့တူအောင် စားရပါရဲ့။ အဝတ်အနေကျတော့ အနုတ်စုတ်၊ ဂုတ်စုတ်ဘဝပါဗျာ။ ဒါကြောင့် နှစ်တိုင်း ငါးတက် ပါစေလို့ဘဲ ဆုတောင်းနေရတယ်။

တရာသီမှာ ငါးတက် မတက်ဆိုတာကလဲ မိုးလေ ဝသပေါ် မူတည်နေသေးတယ်။ မိုးလေကောင်းရင် ငါးတက်တယ်၊ မကောင်းရင် ငါးက မတက်ဘူး။ ရာသီဥတုကိုကြည့်ပြီး ဒီနှစ်တော့ ငါးတက်တန်ကောင်းရဲ့၊ ဟိုနှစ်တော့ ငါးတက်မှာမဟုတ်ဘူးဆိုပြီး မှန်းဆလို့ရတယ်။

ငါးကလဲ စပါးများလိုပါဘဲ။ မိုးကောင်းရင် စပါးအောင်သလို ငါးလဲတက်ပါတယ်။ ဒီနှစ်လို မိုးခေါင်ပြန်တော့ ငါးမတက်မှာ သေချာတယ်။ ဒါကတော့ အဖေသင်ပေးခဲ့တဲ့ ငါးပညာတွေပေါ့။ သားတွေကို သင်ပေးနေရတဲ့ ပညာပေါ့။

ယေဘုယျကို ပြောရရင်တော့ ဆောင်းမှာ ငါး အရနဲတယ်။ ငါးလဲ လူလိုဘဲ အေးတတ် ချမ်းတတ်တယ်။ဒါကြောင့် မြစ်ပြင်အောက်ကို ဆင်းပြီး ချိုင့်ဝှမ်းတွေ၊ ကျင်းတွေ၊ လိုဏ်တွေ၊ သစ်မြစ်သစ်ငုတ်ကြား ထဲမှာ ဝင်နေကြတယ်။ အပေါ်ရံ ရေပြင်နားကို မတက်ကြဘူး။ ဒါကြောင့် ငါးအရနဲတာပါ။ ငါးလဲ လူလို အေးလို့ ကွေးမှာပေါ့။

နွေရောက်တော့ ငါးအတက်များတယ်။ အရများ တယ်။

နေပူတဲ့အခါ လူတွေ ခြေခင်းလက်ခင်း သာယာလို့ သွားကြ လာကြ လည်ပတ်ကြတဲ့ သဘောအတိုင်း ငါးတွေလဲ မြူးကြ ပျော်ကြတယ်။ ရေပြင်နား တက်လာကြတယ်။ ဒီတော့ ငါးအရများတာပေါ့။

“တော်သလင်းနေ ပုစွန်သေ”ဆိုတဲ့ စကားအတိုင်း နေပြင်းတော့ တော်သလင်းနဲ့ သီတင်းကျွတ်နှစ်လမှာ ငါးအရများတယ်။

“နတ်တော် ပြာသို၊ ချီးမတ်တတ် ယို” ဆိုတာလို အေးလွန်းတော့ ငါးအရနဲတယ်။ တပို့တွဲလကနေပြီး တန်ခူး ကဆုန်လတွေအထိ နေပြင်းလာပြန်တော့ ငါးအရ များလာပြန်ရော။ ဒါကြောင့် တံငါဘဝဟာလဲ နှဲသမားပါးစပ်လို ဆိုကြတာပေါ့။ ပိန်လိုက် ဖောင်းလိုက်ပါဘဲ။

ဆောင်းတွင်းမှာတော့ ငါးမတက်လို့ ညဘက်ဘဲ ပိုက်ချလေ့ရှိတယ်။ နေ့ကို မချဘူး။ တညကို ပိုက်နှစ် ချက် သုံးချက် စသဖြင့် ဒါလောက်ဘဲ ဆွဲတယ်။

နေ့ မှာတော့ တောထဲဝင်ပြီး ထင်းရှာကြ၊ ၊ သစ်ခုတ်ကြ၊ ဝါးခုတ်ကြနဲ့ တဲတွေပြင်ဆင် လုံးပမ်းကြရတယ်။ ပိုက်အပေါက်၊ အစုတ်တွေကို ဖာကြ ထေးကြတယ်။ ပိုက်ကို ခေါင်းဆိုးကြတယ်။

မိန်းမသားတွေကတော့ ကွန်ယက်ကြ၊ ပိုက်ထိုးကြနဲ့ပေါ့။ သူတိုလဲ အလုပ်နဲ့ လက်နဲ့ မပြတ်ကြပါဘူး။

ကလေးတွေဆိုရင်လဲ ကျွန်တော်သွားလေရာ ပါ ကြတော့ ကျောင်းမနေရပါဘူး။ မိုးဖြိုင်ဖြိုင်ကျလို့ ရွာပြန်ရောက်မှဘဲ ဆရာတော်ထံမှာ အပ်ရတယ်။ မိုးကုန်တာနဲ့ ကျောင်းထွက်ပြီး မိဘနဲ့ လိုက်ရပြန်ပါ ရော။ ဒီကလေးတွေ ဘယ်မှာသွားပြီး စာတတ်တော့ မှာလဲ။

သူတို့ ကြည့်ရတာလဲ စာတတ်ချင်ပုံ မပေါ်ပါဘူး။ ကျွန်တော် ငယ်ငယ်တုန်းကလိုဘဲပေါ့။ မိဘနဲ့အတူ လှေပေါ်မှာလိုက်နေရရင် ပျော်နေကြတာဘဲ။ ဟိုရွာရွှေ့၊ သည်ရွာပြောင်းနေရရင် ကျေနပ်နေကြတာဘဲ။ ငါးများများရရင် ကြည်နူးနေကြတာပါဘဲ။

သူတိုကလေးတွေက စာမတတ် ပေမတတ်ပေမယ့် ငါးတော့ ကောင်းကောင်းခွဲတတ်နေကြပြီ။ ငခြောက်လဲ လှန်းတတ်ပြီ။ ငပိလဲ သိပ်တတ်ပြီ။ ပိုက်လဲ ထာတတ်ပြီး ကွန်လဲ ထိုးတတ်ပြီ။ ဒါတွေဟာ သူတို့အမေထံက သင်ထားတဲ့ ပညာတွေလေ။

ကျွန်တော်နဲ့ မြစ်ထဲဆင်းတဲ့အခါလဲ သူတိုပြတဲ့ ပိုက်ချက်က ငါး အတော်ကလေးရသားကလား။ ဒီကောင်တွေ ပိုက်ချက်တောင် သိနေပါပေါ့လားဆိုပြီး ကျွန်တော်ဖြင့် ဝမ်းသာလိုက်ရတာ။ ဒါက ကျွန်တော်ပေးတဲ့ပညာ၊ ကျွန်တော်ပေးတဲ့အမွေပေါ့။

ဒါတင် မကသေးပါဘူး။ သူတိုတတွေ ခေါင်းလဲ ကျိုတတ်နေပြီ။ ခေါင်းကျိုတယ်ဆိုတာက ပိုက်ကို ဆေး ဆိုးဘို့ ထောက်ကြံ့ခေါက်နဲ့ ရေကို ရောကျိုတာပါဘဲ။ သံစည်ပိုင်းထဲမှာ ရေထည့်၊ ထောက်ကြံ့ခေါက်တွေ ထည့်ပြီး တနေကုန်ကျိုရတာပါဘဲ။ ညကျမှ ခေါင်းရေကို လှေထဲထည့်ပြီး ပိုက်ကို ခေါင်းရေထဲမှာ နှစ်ထားရတယ်။ တညအိပ် စိမ်ထားရတာပေါ့။ နောက်မနက်ကျမှ ဆေးဆိုးပြီးသားပိုက်ကို တန်းတွေပစ်ပြီး ပိုက်လှန်းရတယ်။ ဒါကို ခေါင်းဆိုးတယ်လို့ခေါ်တာ။ ၁ဝ-ရက်ကို တခါလောက် ခေါင်းဆိုးမှ ပိုက်ခိုင်တာ။ ခေါင်းမဆိုးရင် ဆွေးလွယ် ပြဲလွယ်တယ်လေ။

ကလေးတွေက ခေါင်းဆိုးဘို့ ထောက်ကြံ့ခေါက် ရှာဘို့ မပျင်းကြဘူး။ ၁၀-ရက်တခါ မှန်မှန်လုပ်ကြ တယ်။ တောထဲဝင်ပြီး ထောက်ကြံ့အခေါက် ခွာကြ တယ်။ တခါပြထားရင် ထောက်ကြံ့ပင်ကို သူတို ကောင်းကောင်းမှတ်မိသွားရော။ သူတို့ တတွေဟာ ရေမှာသာ ကျွမ်းတာမဟုတ်ဘူး။ တောလဲ ကျွမ်းကြ တယ် ဆိုပါတော့လေ။

နွေပေါက်လာရင် ထောက်ကြံ့ခေါက်ခွာရတာနဲ့ သူတိုလဲ တောထဲက မထွက်ရပါဘူး။

နွေရောက်တော့ နေ့မှာ ပိုက်ရှစ်ချက်လောက် ဆွဲရ တယ်။ ညမှာ ၅-ချက်လောက် ဆွဲရတယ်။ ငါးကလဲ လှိုင်လာပြီ။ ဒါဆိုရင် လူကြီးရော ကလေးပါ မအား တော့ဘူး။ ငါးကောက်ကြ၊ ရွေးကြ၊ ခွဲကြနဲ့ ပျော်စရာ ကြီးပါ။ သီချင်းကလေး တကြော်ကြော်နဲ့ပေါ့။

ပူရမှန်း လောင်ရမှန်းလဲ မသိကြပါဘူး။ ထမင်းမေ့၊ ဟင်းမေ့ ပါဘဲ။

မွေးထားတဲ့ ခွေးတွေ၊ ကြက်တွေ၊ ဝက်တွေကလဲ ဝိုင်းလို့ ။ သူတိုလဲ အကြွင်းအကျန်တွေကို စားချင် ကြတာပေါ့လေ။ လူတွေရဲ့ဘေးမှာ ရစ်သီ ရစ်သီနဲ့ပေါ့။

နွေကျတော့ ရတဲ့ငါးက များသလောက် အမျိုးကလဲ စုံလှတယ်။ လူမျိုး တရာ့တပါးရှိသလို ငါးအမျိုးကလဲ တရာ့တပါးလို့ ဆိုရမလားဘဲ။

လူထဲမှာလဲ ဖျင်းတဲ့သူ၊ ကြောင်တဲ့သူ ၊ စီးပိုးတတ်တဲ့သူ၊ ကြွားဝါတဲ့သူ၊ ထစ်ကနဲဆိုရင် ဆော်တတ်တဲ့သူ၊ စားလဲ လူများနောက် သွားလဲသူများနောက် ဆိုတဲ့သူ၊ ပေတဲ့ တေတဲ့သူ၊ ဖါးတတ်တဲ့သူ၊ တဖက်သားအငိုက်ကိုကြည့်ပြီး တုတ်ချင်တဲ့သူ၊ ယောင်တောင်တောင် နေတဲ့သူတွေရှိသလို ငါးတွေထဲမှာလဲ ရှိတာဘဲ။

ဥပမာ ပြရရင် ငဖျင်းတဲ့၊ ငနှံကြောင်တဲ့၊ ငတစီးတဲ့၊ ငလဝါတဲ့၊ ငဆော်တဲ့၊ ငနောက်သွားတဲ့၊ ငလပေတဲ့၊ ငဖါးတဲ့၊ ငငိုက်တုတ်တဲ့၊ ငယောင်တဲ့ စုံလို့ပါဘဲ။ ဒီငါးတွေလဲ နာမည်နဲ့သာ လိုက်အောင် ဖြစ်နေကြမယ်ဆိုရင်တော့ ပြောခဲ့တဲ့လူတွေလိုဘဲ အသုံးကျမှာ မဟုတ်ပါဘူးဗျာ။

ငါးလောကလဲ လူလောကလို စိတ်ညစ်စရာကြီး ဖြစ်နေမလားဘဲ။ လူရှုပ် လူပွေတွေ ရှိသလို ငရှုပ် ငပွေတွေ ရှိနေမလားဘဲ။ ဒါဆိုရင်တော့ ကောင်းတဲ့ ငါးတွေ အနေရကျပ်မှာ သေချာတာပေါ့။

ငဆော်တို့လို ငါးတွေများနေရင်တော့ ရန်ပွဲတွေ ဖြစ်နေကြမှာဘဲ။ ငါး တအုပ်စုနဲ့ တအုပ်စု တည့်ကြမှာ မဟုတ်ဘူး။ (ကုလားနဲ့ တရုတ်နဲ့ မတည့်ကြသလို၊ ကျွန်တော်တိုနဲ့ မျက်နှာဖြူတွေ မတည့်ကြသလိုနေမှာပါဘဲ ။)

အဲဒီကြားမှာ ငဖါးတွေ များနေမယ်ဆိုရင်လဲ ငါးတိုင်းပြည်တော့ ပျက်ပြီသာမှတ်ပေရော့။

အခုပြောတဲ့ ငဖါးတို၊ ငဖျင်းတို့၊ ငယောင်တို့၊ ငဆော်တို့နဲ့ မတူတဲ့ ငါးကောင်းလေးတွေလဲ ရှိပါ သေးတယ်။

ငမောင်းမ၊ ငလူ၊ ငမြွေထုပ်၊ ငဖန့်၊ ငမီးနီ၊ ငသ လောက်၊ ငဇင်ဇပ်၊ ငသလော်၊ ငဇုံး၊ ငရံ့၊ ငဒင်လုံး၊ ငဖောင်ရိုး၊ ငချောင်း၊ ငလိပ်ပြာ၊ ငပိုက်ကပ်၊ ငခုံးမ၊ ငထရွက်၊ ငသန်းနု၊ ငစလူပါး၊ ငမြင်းကွက်မှန်၊ ငကျောစင်းလုံး၊ ငခူ၊ ငကျည်း၊ ငဒီ၊ ငဟင်းခံ၊ ငသိုင်း၊ ငရွယ်၊ ငဗူးဒါး၊ ငကြားမ၊ ငမြစ်ချင်း၊ ငအုံဒုံနဲ့ ငပြေမတို့ပေါ့။

ဒါ့အပြင်လဲ အများကြီး ရှိပါသေးတယ်။ တချို့လဲ အကောင်မြင်မှ မှတ်မိတော့မယ်။ မရတာကြာတဲ့ငါး ဆိုရင်တော့ မေ့ပြီ။ ငယ်ငယ်တုန်းကတော့ ငါးအမျိုး ၁၀၀-တိတိ မြင်ဘူးလို့ အလွတ်ရဘူးတယ်။

အဖေပြောတာတော့ ဒီချင်းတွင်းရိုးမှာ ငါးအမျိုး တရာ့နှစ်ဆယ်ကျော် ရှိတယ်ဆိုဘဲ။ အခုတော့ ဒီလောက် ရှိချင်မှ ရှိတော့မယ်။

ငါးတွေလဲ လူတွေလို အပြောင်းအရွှေ့ အသွား အလာရှိတယ်။ ရေကြည်ရာ၊ မြက်နုရာ၊ ထမင်းလုတ် ကြီးရာကို လူတွေ ရွှေ့ကြသလိုပေါ့။ ငါးတွေလဲ အုပ်စုလိုက် ပြောင်းကြတယ်။ အစာကြောင့်လဲ ပြောင်းကြတယ်။ ရန်ဖြစ်လို့လဲ ပြောင်းကြမှာဘဲ။

လူ့ လောကမှာ နယ်ချဲ့သမားတို့၊ ကျူးကျော်ရေးသမားတို့ ရှိကြသလို ငါးလောကမှာလဲ ရှိကြသလားမပြောတတ်ဘူး။ ရှိတာသေချာရင်တော့ တော်လှန်ရေး ငါးတပ်ပွဲတွေ၊ ငါးနိုင်ငံရေးသမားတွေ၊ ငါးပြည်သူ့စစ်တွေတောင် ရှိချင်ရှိကြမှာ။

သူတို့အကြောင်းကလဲ တွေးကြည့်လိုက်ရင် စိတ်ဝင်စားဘို့ အကောင်းသားကလား။ ဒါထက်ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက ငဆော်ဆိုရင် ဦးချိုပါတယ်။ နာမည်နဲ့တော့ လိုက်ပါရဲ့ ။ ဆော်လိုက်မယ် ချလိုက်မယ်ဆိုတဲ့ အကောင်မျိုးပေါ့။

ငစီပူ ဆိုရင်လဲ အဆိပ်ရှိတယ်။ လူစားရင် လူသေ၊ ခွေးစားရင် ခွေးသေပေါ့။ ငဆော်လို ခပ်မိုက်မိုက်ငါးကတောင် ငစီပူအနားကို မကပ်ရဲဘူး။ အဆိပ်ထုတ်ပြီး သတ်မှာစိုးလို့ပါ။

ငစလူပါးကျတော့ တကောင်ထဲ ရေမကူးနိုင်ပြန်ဘူး။ နှစ်ကောင်တွဲပြီးမှ ကူးနိုင်တယ်။ သူ့ကျတော့ ဒုက္ခိတငါး ထင်ပါရဲ့။ အဖော်က ကူမှ သွားနိုင်တယ်။

ငထရွက် ကျတော့ ခပ်ပြားပြားကလေးရယ်။ ဗြုန်းကနဲကြည့်ရင် ထန်းရွက်လိုဘဲ။ ထန်းရွက်အစကလေးမှတ်လို့ လွင့်ပစ်လိုက်ရင် ရေထဲမှာ ကူးပြေးပါလေရော။ တကယ့်ကို ဟန်ဆောင်ကောင်းလှတဲ့ အကောင်ပါဘဲ။ လူတွေလိုပေါ့။

ငါးတွေမှာ သူ့ဓလေ့နဲ့ သူ့ စရိုက် ရှိကြသလို ကျွန်တော်တိုမှာလဲ ဓလေ့စရိုက်တွေ ရှိတယ်။ ရွာကနေပြီး ခရီးစထွက်တော့မယ်ဆိုရင် ကျွန်းတော်ရှင် နယ်တော်ရှင်များကို တင်မြှောက် ပ,သရတယ်။ စတည်းချတဲ့ သောင်ပြင်ကိုရောက်ရင်လဲ ဆိုင်ရာ ပိုင်ရာ နတ်တွေကို တင်မြှောက်ပသရတယ်။ စားဦး စားဖျား မမေ့စကောင်းဘူး။ မေ့လျော့မိရင် ငါး မရတတ်။ လူလဲ အထိအခိုက် ရှိတတ်တယ်။

ပြီးတော့ ကိုယ့်ထက် အသက်ကြီးမယ်လို့ ထင်ရတဲ့ ငါးကြီးတွေကို မိရင်လဲ လွှတ်ပစ်လိုက်ရတယ်။ သူတို့က နတ်ငါးတွေကို။ အဲဒီငါးကြီးတွေ သတ်မိရင်တော့ နောက်ထပ် ငါးမတက်တဲ့အပြင် လူလဲ ဒုက္ခ ရောက်တတ်တယ်။

ကျွန်တော်တို့ ငါးဖမ်းထွက်တဲ့အခါ ဝယ်မည့်သူက “ငါးဘယ်လောက်ရပြီလဲ၊ ရပြီးရင် ရောင်းစမ်းပါ” လို့ ပြောလာရင် အဲဒီနေ့မှာ နောက်ထပ် ငါးမရနိုင်တော့ဘူး၊ ပြန်ရုံဘဲ။ အဲဒီလို မေးတဲ့သူကို ဒေါသ ထွက်မိတယ်။ အမှန်က ဒီလိုမမေးရဘူး။

“ငါး မရသေးဘူးလား”လို့သာ မေးရမှာ။

ဒီလိုမေးလာရင် ကျွန်တော်က “သိပ်မရသေးဘူး၊ ပိုက်ချထားတုန်းဘဲ”လို့ ပြန်ဖြေမှာ။

သဘောကတော့ နောက်ထပ် ငါးရစရာ ရှိပါသေးတယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ကို ယူတာပေါ့လေ။ ကိုယ့်လှေမှာ ငါးတွေ ဘယ်လောက်ရနေနေ လာဘ်တိတ်စေတဲ့ အပြောအဆိုမျိုးကို မကြိုက်ဘူး။

ပြီးတော့ “ဒီနေ့ ပိုက်ချက် ဘယ်နှစ်ချက် ဆွဲမလဲ” ဆိုတဲ့ အမေးမျိုးကိုလဲ မကြိုက်ဖူး။ ဘာမှ ပြန်မဖြေ ချင်ဘူး။ ဆွဲမည့်ပိုက်ချက်ကို ကန့်သတ်လိုက်ရင် ငါးမရတတ်ဘူးလေ။

ပိုက်ချက် တချက်ဆွဲနဲ့ ကျေနပ်အောင် ငါးရရင်လဲ ပြန်သွားမှာဘဲ။ ၄-၅ ချက် ဆွဲပေမယ့် ငါးမရသေးရင်လဲ ဆက်ဆွဲဦးမှာပါဘဲ။ ဒီတော့ ပိုက်ချက်ကို မကန့်သတ်ရဘူး။ အဲဒီလို မသိကျိုးကျွံ မေးလာရင်လဲ စိတ်လေးမိတယ်။ ဒေါသ ထွက်မိတယ်။

အကောင်းဆုံးကတော့ ငါးဖမ်းရာက ကျွန်တော်ပြန်မရောက်မချင်း ဘာမှ မမေးတာ အကောင်းဆုံးဘဲ။ တံငါတဲမှာ ကျန်ရစ်ခဲ့တဲ့ အိမ်သားကလဲ ငါးနဲ့ ပတ်သက်ပြီး ဘာမှမပြောတာ အကောင်းဆုံးဘဲ။

ဒီလို အစွဲအလမ်း အယူအဆတွေ ရှိနေလို့ ကျွန်တော့်ကို အယူသီးတယ်လို့ ပြောချင် ပြောကြလေ။ ခေတ်မမှီဘူးလို့ ဆိုချင်ဆိုကြလေ။

ကျွန်တော့်ဘဝက ငါးရမှ ထမင်းစားရတာဆိုတော့ ထမင်းနပ်မှန်မှန် စားရအောင် ဒီလိုတွေးခေါ် ယုံကြည်စွဲလမ်းနေရမှာပါဘဲဗျာ။

ငွေတာရီမဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၇၃

– ပြီး –

စာရေးသူ – အေးသန်း(သစ်တော)

Leave a Reply

Your email address will not be published. Required fields are marked *