အပိုင်း(၁)

(၁)

ခြံဝန်းကြီးထဲသို့ဝင်လိုက်သည်နှင့် မို့မို့က မိမိ၏ငယ်ဘ၀ အမှတ်တရများကို မျက်လုံးထဲ တစ်ဖန်ပြန်လည်မြင်ယောင်လာမိသည်။ သားကလေး၏ လက်ကိုဆွဲပြီး အိမ်ထဲသို့ဝင်လိုက်သည်နှင့် ရေနံချေး၀ပြီး မဲနက်နေသည့် အိမ်ကြီးမှာ ယခင်ကအတိုင်းရှိနေသော်လည်း သေချာကြည့်လိုက်ပါက အချိန်၏ တိုက်စားမှုများကြောင့် အိမ်ကြီးမှာ ဆွေးသည့်နေရာကဆွေးပြီး ပေါက်သည့်နေရာက ပေါက်နေပြီဖြစ်သည်။

“အမေ သားဒီအိမ်ကြီးမှာ မနေချင်ဘူး၊ သားကြောက်တယ်”

သားဖြစ်သူက သူ့ကိုမော့ကြည့်ပြီးပြောလိုက်လေသည်။ မို့မို့ကတော့ ဘာမှမပြောတော့ဘဲ သားဖြစ်သူကို ကောက်ချီလိုက်ပြီး အိမ်ထဲသို့ဝင်လိုက်သည်။ အိမ်ရှိဆင်ဝင်တံခါးမှာ ယခင်ကဆိုလျှင်တော့ ပန်းပင်တွေစိုက်ပျိုးထားသည်။ ကစ်စ်မီပန်းများနှင့် ကုလားပန်းလုံးကလေးများ၊ အဖြစ်မြန်သော ပန်းခရမ်းပြာအပင်လေးများက တန်းစီပြီးပေါက်နေလေ့ရှိသော်လည်း ယခုတော့ ဆင်ဝင်တံခါးမှာ မြေကြီးတွေ ကျစ်ခဲပြီး နွမ်းခြောက်သေဆုံးနေသည်ပန်းပင်များနှင့် ပန်းအိုးများသာရှိတော့သည်။

“အမေရေ . . . အမေ”

မို့မို့က အိမ်ထဲဝင်ရင်းခေါ်လိုက်သည်။ အိမ်ကြီးမှာ ဖုန်နံ့တွေတထောင်းထောင်းဖြစ်နေသည်။ မကြာမီ အမေတို့ အိပ်ခန်းအတွင်းမှ အမေကတုန်တုန်ချိချိနှင့်ထွက်လာသည်။

“သမီးရောက်လာပြီလား . . . .ဘယ်နှရက်နေမယ်စိတ်ကူးလဲ”

မျက်နှာတစ်ခုလုံး ပါးရေတွေ တွန့်ပြီး အမဲစက်များ၊ တင်းတိပ်များနှင့်ပြည့်နေသည့် အမေက မို့မို့ကိုကြည့်လျှက် နှစ်နှစ်ကာကာ ပြုံးရင်းမေးလေသည်။

“ဒီမှာပဲ အပြီးနေတော့မှာ အမေရဲ့”

မို့မို့က ထိုသို့ပြောပြီး ချီပိုးထားသည့် သားငယ်ကို ကြမ်းပြင်ပေါ်သို့ချလိုက်သည်။

“သား ဖွားဖွားလေ သားရဲ့”

“ဟင့်အင်း သား . . . သားကြောက်တယ်”

သားငယ်က မို့မို့၏ ထမီစများကို ဆွဲထားလေသည်။ အမေက ဧည့်ခန်းထဲကိုဝင်သွားလေရာ မို့မို့လည်း သားငယ်လက်ကိုဆွဲပြီး ဧည့်ခန်းထဲဝင်လိုက်လေသည်။ ထို့နောက် အမေက ဖုန်တက်နေသော စာအုပ်စင်လေးတွင် တစ်ခုခုကိုရှာဖွေနေသည်။ စာအုပ်စင်မှာလည်း စာအုပ်ဟောင်းများနှင့် ပြည့်လျှံနေပြီး ထိုစာအုပ်များက စီစီရီရီမရှိပဲ စာအုပ်စင်ပေါ်တွင် ဖရိုဖရဲဖြစ်နေသည်။ နောက်တော့ အမေက စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီးနောက် သူဝတ်ထားသည့်ထမီနှင့် စာအုပ်ပေါ်မှ ဖုန်များကိုပွတ်လိုက်သည်။

“သားသားရော့ စာဖတ်လေ”

အမေက သူ့လက်ထဲမှ ဘိုဘိုကာတွန်းစာအုပ်ဟောင်းတစ်အုပ်ကို သားငယ်အား ထုတ်ပေးလိုက်သည်။ ကာတွန်းစာအုပ်မှာ ဟောင်းနွမ်းနေသည်။ သို့သော် မစုတ်ပြဲဘဲ ဖလင်အဖုံးလေးနှင့် သပ်သပ်ရပ်ရပ် ရှိနေဆဲဖြစ်သည်။

“သား. . . . အဖွားဆီက စာအုပ်ယူပြီး ဒီမှာ စာထိုင်ဖတ်နေနော်”

သားက မို့မို့ကို တစ်ချက်မော့ကြည့်လိုက်သည်။ ထို့နောက် ပြောစကားနားထောင်သော သားငယ်က စာအုပ်ကိုယူလိုက်ကာ ဧည့်ခန်းထဲရှိ ဖုန်ထူသော ထိုင်ခုံတစ်ခုတွင် ထိုင်ပြီးဖတ်နေလေသည်။

“သမီး အထုပ်အပိုးတွေကော”

“ပါတယ် အမေ ဘူတာကနေ ကားတစ်စီးငှားလာတယ်၊ ခြံရှေ့မှာပဲ ရှိလိမ့်မယ်ထင်တယ်”

အမေက ပြုံးပြီးပျော်ရွှင်နေသည်။ သားသမီးဖြစ်သူ အိမ်ပြန်ရောက်လာလျှင် မိဘတိုင်းကတော့ ပျော်တတ်ကြသည်မှာ ထုံးစံပင်မဟုတ်ပါလား။ အမေက ခြံပြင်သို့ထွက်သွားရန်ပြင်လိုက်သည်။

“အမေ အသာနေပါ။ သမီးပဲ အထုပ်အပိုးတွေ သယ်လိုက်မယ်”

မို့မို့ ကခြံထဲသို့ ထွက်လိုက်သည်။ မိဘအိမ်ရောက်လာလျှင် မပျော်နိုင်သောအရင်က အတိတ်အကြောင်းအရာများကို တွေးရင်း မို့မို့ မျက်ဝန်းအိမ်မှ မျက်ရည်များက မသိမသာစီးကျလာလေသည်။ မို့မို့လည်း မျက်ရည်စများကို လက်ဖမိုးနှင့်သုတ်ခဲ့ပြီး ခြံရှေ့သို့ထွက်လာခဲ့သည်။ ထိုအခါ သူငှားထားသည့် ကားမှာ မရှိတော့ဘဲ ခြံအပြင်လမ်းမပေါ်တွင် အထုပ်အပိုးများကို ဒီအတိုင်းချထားခဲ့သည်ကိုမြင်လိုက်ရသည်။ ကားခမှာကြိုရှင်းထားပြီးဖြစ်သဖြင့် ကားသမားက ပညာပြသွားခြင်းဖြစ်မည်ဟု မို့မို့ကအောက်မေ့လိုက်ကာ

-ဘယ်လိုလူလဲမသိဘူး-

ထိုသို့ရေရွတ်လျှက် အထုတ်အပိုးများကို ဆွဲယူလိုက်လေသည်။

(၂)

မို့မို့ တ်ို့က မွေးချင်း (၇) ယောက်ရှိသည်။ မို့မို့အဘိုးက အင်္ဂလိပ်ခေတ်က ကိုလိုနီအစိုးရထံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထောက်မင်းတစ်ဦးဖြစ်သည်။ မို့မို့အဖေက လွပ်လပ်ရေးရပြီးသောအခါ အဘိုးမျက်နှာနှင့် နေရာကောင်းရပြီး ဆိုရှယ်လစ်လမ်းစဉ် ပါတီလူကြီးတစ်ဦး ဖြစ်ခဲ့သည်။ မို့မို့တို့ အမေက တစ်ချိန်ကအောက်ပြည်တစ်ကြောတွင် နာမည်ကြီးသည့် ဒိတ်ဒိတ်ကြဲအငြိမ့်မင်းသမီးကြီး တစ်ဦးဖြစ်သည်။ မို့မို့တို့ မိသားစုက အလုပ်အကိုင်ကောင်းသည်မို့ ချောင်လည်ပြီး နေနိုင်စားနိုင်သော သူများဖြစ်သည်။ အဖေကတော့ အလုပ်ကိစ္စနှင့် အမြဲအပြင်သွားနေရသည့်အတွက် အမေကသာ သားသမီးတွေကို ထိန်းကျောင်းလာရသည်။

မို့မို့တို့မြို့ကလေးက တောင်ပေါ်မကျ မြေပြန့်မကသည့် မြို့တစ်မြို့ဖြစ်ပြီး မြို့မြောက်ဘက်တွင် တောင်ကုန်းကလေးတစ်ခုရှိသည်။ ထိုတောင်ကုန်းကလေးပေါ်တွင် အင်္ဂလိပ်ခေတ်၊ ကိုလိုနီခေတ်ပုံစံ ဒီဇိုင်းဖြင့် တည်ဆောက်ထားသော အိမ်ကြီးများနှင့် ခြံအကျယ်ကြီးများရှိသည်။ ထိုခြံများထဲမှ တစ်ခြံကို မို့မို့အဖေက ဝယ်ယူခဲ့လေသည်။ မို့မို့တို့ ငယ်ငယ်ကတည်းက ထိုခြံတွင်နေထိုင်ရသည်။ ခြံအရှေ့တွင် မောင်ဖေဟု နာမည်ဆိုင်းဘုတ်တတ်ထားသဖြင့် မောင်ဖေခြံဆိုလျှင် ထိုတောင်ကုန်းတစ်ဝိုက် လူသိများလေသည်။ ထိုစဉ်က တောင်ကုန်းပေါ်ရှိရပ်ကွက်ကြီးမှာ အမှုထမ်းကြီးများ၊ သူဌေးကြီးများ နေထိုင်သည့် ဗွီအိုင်ပီရပ်ကွက်၊ သူဌေးလူကုံထံရပ်ကွက် ဖြစ်ခဲ့သည်။

မို့မို့တို့အိမ်ကြီးမှာ ကိုလိုနီလက်ရာ အုတ်ဖြင့်ခံထားပြီး အပေါ်ထပ်ကို သစ်သားများဖြင့် ပြန်ဖွဲ့ထားသည့် တစ်ပင်တိုင်အိမ်ကြီးဖြစ်သည်။ ကိုလိုနီခေတ်က အင်္ဂလိပ်လူမျိုး အရေးပိုင်မင်းများနှင့် အထက်တန်းအရာရှိများနေထိုင်ကြခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးသည့်အခါ ထိုအိမ်များကိုသိမ်းပိုက်လိုက်ပြီး ပြန်လည်လေလံတင်ရောင်းချရာမှ မို့မို့အဖေဖြစ်သူက ဝယ်ယူခဲ့ခြင်းဖြစ်သည်။ အိမ်ကြီးမှာ ကြီးမားပြီး နှစ်ထပ်အိမ်ကြီးဖြစ်သည်။ အပေါ်ထပ်ရှစ်ခန်း အောက်ထပ်ရှစ်ခန်းရှိပြီး အိမ်အလယ်တွင် စကျင်ကျောက်သားများဖြင့်အလှဆင်ထားသည့် လှေကားကြီးက ခမ်းခမ်းနားနားတည်ရှိပြန်သည်။

မို့မို့တို့အဖေနာမည်က ဦးမောင်ဖေဖြစ်သည်။ ထိုမြို့ကလေးတွင် အရင်ကတော့ မသိသူမရှိ၊ မြို့မိမြို့ဖတစ်ဦးဖြစ်သည်။ မို့မို့အမေကတော့ တစ်ပင်တိုင် မြင့်မြင့်လေးဟုခေါ် ကြသည်။ အမည်ရင်းကတော့ ရတနာမြင့် ဖြစ်သည်။ အငြိမ့်ကသည့်အခါ မြင့်မြင့်လေးဟူသည့်အမည်ဖြင့် ကပြလေသည်။ သို့သော် တစ်ပင်တိုင် မြင့်မြင့်လေးဟုဆိုလူသိများသည်။ ယခုမြို့ငယ်ကလေးတွင် မြင့်မြင့်လေး နှစ်ယောက်ရှိသဖြင့် ဆေးလိပ်ခုံပိုင်ရှင် မြင့်မြင့်လေးအား ဆေးလိပ်ခုံမြင့်မြင့်လေးဟု ခေါ်ဝေါ်ကြပြီး တစ်ပင်တိုင်အိမ်ကြီးနှင့်နေထိုင်သည့် မြင့်မြင့်လေးကိုတော့ တစ်ပင်တိုင်မြင့်မြင့်လေးဟု ခွဲခြားခေါ်ဝေါ်ကြခြင်းဖြစ်သည်။

မို့မို့တို့ အိမ်တွင် မောင်နှမ မွေးချင်း ခုနစ်ယောက်ရှိသည်။ ယောက်ျားလေး သုံးယောက် မို့မို့နှင့် ညီမသုံး ယောက်တို့ဖြစ်သည်။ မို့မိုကအထက်တွင် အကိုသုံးယောက်ရှိပြီး တစ်ယောက်နှင့်တစ်ယောက် တစ်နှစ်၊ နှစ်နှစ်သာခြားသည်။ မို့မို့အောက်တွင်တော့ ညီမသုံးယောက်ရှိသည်။ ညီမအထွေးဆုံးကလေးကတော့ မို့မို့နှင့် အသက် ဆယ်နှစ်လောက်ခြားသည်။ အခုတော့ သူ့အိမ်ထောင်နှင့်သူတို့မို့ သိုက်သိုက်ဝန်းဝန်းနေလာခဲ့သော မို့မို့တို့မောင်နှမတွေ တစ်ယောက်တစ်ကွဲစီနှင့် ဖြစ်ကုန်ပြီး သူတို့ဘ၀လမ်းကို သူတို့ဘာသာ လျှောက်လှမ်းနေကြပြီဖြစ်သည်။

(၃)

မို့မို့က အထုပ်အပိုးတွေ ဆွဲပြီး အိမ်ထဲတွင်နေရာချလိုက်သည်။ အောက်ထပ်ရှိ အခန်းတစ်ခန်းတွင် သူတို့သားအမိအိပ်မည်ဖြစ်သည်။ ထိုအခန်းက သော့ခတ်ထားသည်။ မို့မို့က အမေ့ထံမှ သော့တောင်းယူလိုက်ကာ အခန်းတံခါးကိုဖွင့်လိုက်သည်။ ဖုန်နှင့်ပင့်ကူများ တက်နေသည်မှလွဲ၍ အခန်းတစ်ခန်းလုံးမှာ စနစ်တကျရှိနေသည်၊ အိမ်ထောင်ပရိဘောဂပစ္စည်းများမှာ သူ့နေရာနှင့်သူရှိနေကြသည်။

“ကဲ မွန်းတောင်တည့်တော့မယ် ဗိုက်ဆာကြရောပေါ့”

အမေက ပြောလိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ မို့မို့လည်း သားလေးကိုခေါ်ကာ မီးဖိုချောင်ထဲ လိုက်ဝင်ခဲ့သည်။ မီးဖိုချောင်၏ အမိုးများမှာပေါက်ပြဲနေသည်။ အုတ်ကြွပ်မိုးများ မိုးထားခြင်းဖြစ်ပြီး အုတ်ကြွပ်အချပ်များက ကွဲအက်နေကြသလို အချို့အချပ်များက ကွာကျနေလေသည်။ အမေက ထမင်းအိုးသေးသေးကလေးထဲမှ ထမင်းကိုခူးလိုက်ပြီး မီးဖိုချောင်အတွင်းရှိ စားပွဲတစ်လုံးတွင် ခူးခပ်ကာ ပြင်ဆင်လိုက်သည်။ ဟင်းကတော့ ဂေါ်ရခါးသီးကြော် နှင့် ငါးသေးသေးများကို အိုးကပ်ချက်ထားသည်။ ဂေါ်ရခါးသီးကြော်ဆိုသော်လည်း ဆီကိုမမြင်ရ ရေစပ်စပ်နှင့် ကြော်ထားခြင်းဖြစ်သည်။ သားငယ်က ထမင်းဝိုင်းကိုကြည့်ပြီး နှုတ်ခမ်းကိုစူလိုက်သည်။

“ဟင်၊ . . . ဟင်းလဲမကောင်းဘူး သားမစားချင်ဘူးမေမေ”

သားငယ်ကပြောရင်း ကြွေရေသုတ်ပန်းကန်ပြားနှင့် ထည့်ထားသော ထမင်းဟင်းများကို ကြည့်နေလိုက်သည်။

“သားရယ် နည်းနည်းတော့စားလိုက်ပါ”

မို့မို့ကပြောသဖြင့် သားဖြစ်သူမှာ မစားချင်စားချင်နှင့် ဂေါ်ရခါးသီးဖတ်များကို ကောက်ဝါးနေသည်။

“သားသားဘာစားချင်လဲပြောလေ ဖွားဖွားညနေကျတော့ချက်ကျွေးမယ်”

သားငယ်က ဘာမှမပြောဘဲ ဘွားအေဖြစ်သူကိုသာ ငေးကြည့်နေလေသည်။ မို့မို့လည်း

“အမေ ထမင်းစားခန်းက မသုံးဘူးလား”

မို့မို့ကမေးလိုက်သည့်အခါ အမေက တစ်ချက်ငိုင်ကျသွားသည်။

“ငါတစ်ယောက်ထဲနေတာဆိုတော့လဲ မသုံးဖြစ်တော့ပါဘူး၊ ကိုယ့်ဖာသာကိုယ် ဒီမှာပဲ ထမင်းချက်၊ ဒီမှာပဲ စားလိုက်တော့တယ်”

ဪ၊ စည်းကမ်းအရမ်းတင်းကြပ်တဲ့အမေက အခုတော့ စည်းကမ်းတွေကို ကိုယ်တိုင်ဖောက်ဖျက်နေပါလားဟု မို့မို့တွေးလိုက်မိသည်။ ထမင်းစားရင်း မို့မို့အတွေးများက အတိတ်ဆီသို့ လွင့်မြောသွားလေသည်။

“ဟဲ့ကောင်မလေးတွေ မီးဖိုထဲ မစားသောက်ရဘူးဟဲ့”

မို့မို့ငယ်စဉ်ကဖြစ်သည်။ အမေက အယူသီးသည်။ မီးဖိုထဲ ထမင်းစားတာ၊ ယုတ်စွအဆုံး မုန့်ဟင်းခါးတို့ မုန့်တို့စားတာတောင် မကြိုက်နှစ်သက်ပေ၊ စားသောက်သည်ကို တွေ့သည့်အခါ ခုနစ်သံချီဖြင့် အော်ဟစ်ဆူပူကြိမ်းမောင်းတတ်သည်။ မို့မို့တို့က ကလေးပီပီ မုန့်များ၊ အသီးအနှံများကို ကြုံရာနေရာ၊ တွေ့ရာ နေရာတွင်စားသောက်သည့်အခါ အမေ့အသံကို ကြားရစမြဲပင်။

“အစားအသောက်စားရင် လူလိုစား ထိုင်ပြီးတော့စား၊ မတ်တပ်ကြီးတွေ ရပ်ပြီးတော့ သူတောင်းစားလို့ စားမနေကြနဲ့”

“ပန်းကန်ရှိရင် ပန်းကန်ထဲထည့်စား၊ လက်နဲ့မစားနဲ့ ဇွန်းတန်ရင်ဇွန်း၊ ခက်ရင်းတန်ရင် ခက်ရင်းတပ်ပြီးစားကြ”

ငယ်ငယ်ကတော့ အမေ့ကို နေရာတကာ လိုက်ပြောနေသည်ဟုဆိုကာ မို့မို့မုန်းမိသည်။ သိတတ်လာသည့်အရွယ်ရောက်လာတော့ အမေပြောတာတွေ နားညည်းတတ်လာသည်။ နောက်ပိုင်းလူကြီးဖြစ်ပြီး ကလေးရလာတော့မှ မို့မို့လည်း သားငယ်ကို တဖွဖွပြောနေရသည်။ သားငယ်လုပ်သမျှကို ကောင်းစေချင်သည့်စိတ်ဖြင့် တစ်ခုမကျန် လိုက်လံပြောဆိုရသည့်အခါမှ အမေ့ကို ကိုယ်ချင်းစာနိုင်တော့သည်။ မိမိသားသမီးကို ကောင်းစေချင်လို့ ဂရုဏာနှင့်ပြောမှန်းကို နားလည်မိတော့သည်။

တစ်ချိန်က မောင်နှမများဖြင့် စည်ကားခဲ့သည့် ထမင်းစားခန်းကြီးမှာ အခုတော့ ခြောက်ကပ်နေသည်။ လေးထောင့်ထောင့်မှန်စတုဂံပုံ ကျွန်းပြားကြီးဖြင့်ပြုလုပ်ထားသော ထမင်းစားပွဲကြီးသည် မို့မို့တို့ငယ်စဉ်က ထမင်းစားလျှင် လူစုံနေကြဖြစ်သည်။ မို့မို့တို့ မိသားစုနှင့် အမေ့ဘက်မှ ဆွေမျိုးများ၊ အိမ်အကူများ စုစုပေါင်းလိုက်လျှင် အိမ်တွင် အမြဲတမ်း လူနှစ်ဆယ် ခန့်ရှိသည်။ ထိုလူနှစ်ဆယ်ခန့် ကျယ်ကျယ်ဝန်းဝန်း ထိုင်စားနိုင်အောင် ကြီးမားသည့် ကျွန်းစားပွဲကြီးဖြစ်သည်။ အဖေပြောတာကြားဖူးသည်။ အင်္ဂလိပ်လူမျိုးများသည် ပရိဘောဂများကို တမြတ်တနိုးနှင့် တန်ဖိုးထား သုံးစွဲတတ်ကြသူများဖြစ်လေရာ ထိုကျွန်းခုံကြီးမှာလည်း ယခင်က နေထိုင်သွားသည့် အင်္ဂလိပ်အရာရှိကြီးများ တန်ဖိုးထားအသုံးပြုခဲ့ကြသည့် စားပွဲကြီးတစ်ခုဖြစ်သည်၊ ခုံကြီးနံဘေးတွင် ကျွန်းထိုင်ခုံများဖြင့် စီထားပြီး ဖေဖေက စားပွဲထိပ်ရှိ ထိုင်ခုံတွင်ထိုင်လေ့ရှိသည်။ အဘိုးရှိစဉ်အခါတုန်းက ထိုနေရာတွင်ပင် ထိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မို့မို့တို့က အဘိုးကို သိပ်မမီလိုက်။

အခုတော့ ထမင်းစားခန်းက လူမရှိ၊ ပြတင်းပေါက်တွေကိုပိတ်ထားပြီး လိုက်ကာစတွေချထားသဖြင့် တစ်ခန်းလုံး မှောင်အတိကျနေသည်။ ထမင်းစားခန်းနံရံတွင်တော့ ဗီဒိုကြီးတွေ၊ မှန်တပ်ရှိးကေ့စ်တွေနှင့် အရည်အသွေးမြင့် ကြွေပန်းကန်တွေ၊ တရုတ်ကြွေထည်တွေ၊ အနောက်တိုင်းနိုင်ငံခြားဖြစ် ဖန်ပန်းကန်တွေက အပြည်ထည့်သွင်းသိမ်းဆည်းထားသည်။ အခုတော့ အမေက ထိုပစ္စည်းတွေကို ထုတ်ယူ မသုံးစွဲဘဲ အပေါစား ကြွေရည်သုတ်ပန်းကန်တွေသာ သုံးစွဲနေခြင်းကိုကြည့်ကာ မို့မို့သက်ပြင်းချလိုက်မိသည်။

ထမင်းစားပြီးတော့ အမေက အခန်းထဲဝင်သွားသည်။ တစ်ရေးတစ်မော အိပ်ခြင်းဖြစ်မည်။ မို့မို့ကလည်း သူတို့သားအမိအိပ်မည့် အခန်းလေးကို ရှင်းလိုက်ပြီး ကုတင်ထက်တွင် အိပ်ယာပြင်လိုက်သည်။ ထို့နောက် သားငယ်ကို သိပ်လိုက်သည်။ သားငယ်ရော မို့မို့ပါ အိပ်မောကျသွားသည်။ ညက တစ်ညလုံး ရထားစီးလာရသည်မဟုတ်ပါလား။

(၄)

မို့မို့ အိမ်ထောင်ကျတော့ အသက် ၃၀ ပြည့်ခါနီးနေပြီ။ မို့မို့ ဆယ်တန်းအောင်တော့ ဖေဖေက ရန်ကုန်သွားပြီး တက္ကသိုလ်တက်စေသည်။ ထိုတွင် ကိုကျော်ဇောနှင့်တွေ့ဆုံခဲ့သည်။ ကျောင်းပြီးတော့ မို့မို့ အစိုးရအလုပ်တစ်နေရာတွင် ဖေဖေ့ကောင်းမှုနဲ့ အလုပ်ရသည်။ မို့မို့လည်း အလုပ်တစ်ဖက်နှင့်မို့ ထိုအချိန်မှစ၍ အိမ်မပြန်ဖြစ်တော့၊ ရန်ကုန်တွင်သာ အလုပ်လုပ်ပြီးနေလေသည်။

ကိုကျော်ဇောမိဘတွေက ချမ်းသာသူများဖြစ်သည်၊ ခေတ်မကောင်းသည့်အချိန်တွင် မှောင်ခိုလုပ်ငန်းလုပ်ပြီးချမ်းသာလာသည်။ နောက်ပိုင်းတွင်တော့ ကုမ္မဏီတစ်ခုထောင်ပြီး ကိုကျော်ဇောက ဆက်လက်လုပ်ကိုင်သည်။ သို့သော်လည်း ယခုခေတ်တွင်လည်း မှောင်ခိုလုပ်ငန်းများ၊ တရားမဝင်သည့် နည်းလမ်းများဖြင့် စီးပွားဆက်ရှာနေသေးသည်။ သည်လိုနှင့် မို့မို့အသက် ၃၀ ပြည့်ခါနီး ကိုကျော်ဇောနှင့် အကြောင်းပါခဲ့သည်။

ပြဿနာက မင်္ဂလာမဆောင်မီ ကတည်းက စလေသည်။ ဖေဖေက ချမ်းသာမှုထက် ဂုဏ်နှင့် ရိုးသားမှုကိုမက်သည်။ ကိုကျော်ဇောတို့အသိုင်းအဝိုင်းကတော့ ငွေသာရှိသည် ဂုဏ်မရှိ။ ရိုးသားမရိုးသားကတော့ တရားဝင်သည့်လုပ်ငန်းများထက် တရားမဝင်သည့်လုပ်ငန်းများကိုလုပ်သည်။ ကိုကျော်ဇောတို့ဆွေမျိုးထဲတွင်တောင် ကိုကျော်ဇောတစ်ယောက်သာ ဘွဲ့ရသည်။ ပညာတန်ဖိုးကိုမသိကြ၊ ငွေရှိလျှင် ရပြီဟုသာ ထင်တတ်သည်။ ထို့ကြောင့် နှစ်ဖက်အသိုင်းအဝိုင်းက စကားအသွားအလာ မတည့်ကြ။ အထူးသဖြင့် ကိုကျော်ဇောနှင့် ဖေဖေက စကားသုံးလေးခွန်းဆို ကတောက်ကဆထဖြစ်စမြဲ။

ကိုကျော်ဇောတို့ မိသားစုက နေထိုင်ရာတွင် စည်းကမ်းလုံး၀မရှိ၊ အစားအသောက်၊ အနေအထိုင်၊ အပြောအဆိုက အစ ဖြစ်သလိုနေထိုင်ပြောဆိုသည်သည်။ ကိုကျော်ဇော် အိမ်ရောက်တော့ စည်းကမ်းတင်းကျပ်ပြီး စာအုပ်ကြီးဆန်သည့် ဖေဖေနှင့် သိပ်အဆင်မပြေလှ။ မို့မို့လည်း ထိုစဉ်က ဖေဖေ့ကို အပြစ်မြင်မိသည်။ ဖေဖေက ကိုကျော်ဇောတို့အသိုင်းအဝိုင်းကို မနှစ်မြို့သဖြင့် တမင်သက်သက် ကိုကျော်ဇောကို နေရာတကာ လိုက်ပြောနေသည်ဟု ထင်သည်။ သို့သော် နောက်ပိုင်းအိမ်ထောင်ကျပြီးမှ ဖေဖေပြောတာ မလွန်မှန်းသိလာရလေသည်။

“မို့ ကိုယ်တို့ အိမ်ထောင်ပြုပြီးရင် ကိုယ်တို့ဖာသာခွဲနေကြရအောင်နော်”

ကိုကျော်ဇောပြောသည်ကို မို့မို့သဘောပေါက်သည်။ ထို့ကြောင့် မို့မို့ခေါင်းညိတ်ခဲ့သည်။ ဖေဖေနှင့် ကိုကျော်ဇော တစ်ဖက်သာ ရွေးချယ်ပါဆိုလျှင် ထိုစဉ်က ငယ်ရွယ်ပြီး အချစ်ရေးကို ဦးစားပေးခဲ့သည်မို့ မို့မို့က ကိုကျော်ဇောဖက်ကိုပိုပြီး အလေးသာပေးခဲ့သည်။

အိမ်ခွဲနေထိုင်ကြပြီးနောက် ကိုကျော်ဇောက မို့မို့မိဘအိမ်ပြန်တာမကြိုက်၊ မို့မို့မိဘတွေ အိမ်သို့လာလျှင်လဲ သူ့အိမ်မှာအကြာကြီးနေတာမကြိုက်၊ ထိုကိစ္စကြောင့်မို့မို့နှင့် ကိုကျော်ဇော ခဏခဏ ရန်ဖြစ်ရလေသည်။ ပိုဆိုးသည်က ဖေဖေက နောက်ပိုင်းသားတွေ သမီးတွေ အကုန်ထွက်သွားပြီးတော့ အရင်လို မချောင်လည်တော့။ စည်းကမ်းကတော့ တစ်သက်လုံးနေလာသည်မို့ စည်းကမ်းကြီးသည်။ ဒါကို ကိုကျော်ဇောက ဖိပြောတတ်သည်။

“အလကား အဆံမရှိ အစားကြီးတဲ့အဖိုးကြီး၊ မင်းတို့မိဘတွေက အထည်ကြီးပျက်တွေ၊ ပိုက်ဆံသာမရှိတယ် ပြီးတော့ ဟိုလူ့ဆရာလုပ် ဒီလူ့ဆရာလုပ်နဲ့”

“ရှင် ဒီလိုမပြောနဲ့၊ အဲဒါကျွန်မ အဖေရှင့်”

“အေး ငါလည်း ကြိုပြောထားမယ်၊ မင်းစောက်မျိုးတွေနဲ့ ပက်သက်ချင်ရင် မင်းအိမ်ပေါ်ကနေဆင်းသွား၊ ငါသူတို့ဆီ သွားလည်းမသွားဘူး၊ သူတို့ ငါ့အိမ်ရိပ်နင်းတာကိုလည်း ငါမကြိုက်ဘူး”

]]ရှင်ဘယ်လိုပြောလိုက်တာလဲ ကိုကျော်ဇော၊ အဲဒါ ကျုပ်မိဘတွေ၊ မောင်နှမတွေနော်-

ကိုကျော်ဇောက မို့မို့ကိုတစ်ချက်ကြည့်ရင်း

]]မင်းကိုတစ်ခါတည်းပြောပြီးသားပဲ မို့မို့၊ မင်းမိဘတွေနဲ့ သိပ်ပြီးပတ်သက်ချင်တယ်ဆိုရင် မင်းငါနဲ့လာမပတ်သက်နဲ့၊ မင်းကြိုက်တဲ့အချိန် ငါ့အိမ်ပေါ်ကနေ ဆင်းသွားလို့ရတယ်၊ ငါမင်းကိုမတားဘူး}}

ကိုကျော်ဇောကို မလွန်ဆန်နိုင်ခင်က မို့မို့က ကြိတ်ပြီး ငိုယိုရသည်။ ယောက်ျားလုပ်စာကို ထိုင်စားနေသည့် မှီခိုမိန်းမသားတစ်ယောက်အတွက် ထိုစကားတွေက အလွန်ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခုဖြစ်သည်။ အဖေတို့ကတော့မသိပေ၊ ရန်ကုန်လာလျှင် သူတို့မြေးလေးကိုတွေ့ချင်သဖြင့် အိမ်ရောက်လာတတ်သည်။ ဖေဖေတို့လာလျှင် မို့မို့စိတ်ညစ်ရသည်။ ကိုကျော်ဇောက ရှေ့တွင်တော့မပြော နောက်ကွယ်ရောက်လျှင် မို့မို့ကိုဖိမဲသည်။ အရက်မူးလာလျှင် လက်ပါတတ်သည်။

“ကောင်မ ညည်းအဖေတွေအိမ်လာတာ ညည်းပိုက်ဆံပေးလိုက်တယ်ဆို၊ အိမ်ဖော် မိအေးကပြောတယ်”

“ကျုပ်အဖေကျုပ်ပေးတာဘာဖြစ်လဲ၊ နောက်ပြီး အဲဒီပိုက်ဆံတွေက ရှင့်ပိုက်ဆံတစ်ပြားမှမပါဘူး၊ ရှင်ပေးတဲ့ဈေးဖိုးထဲကနေ ကျွန်မမူးစုပြားစု စုထားတဲ့ပိုက်ဆံတွေ”

“ကောင်မ ဖြန်း . .. ဖြန်း”

”ညည်းဈေးဖိုးက ငါရှာနေတဲ့ ပိုက်ဆံလေ၊ မင်းကိုနောက်ဆုံးအကြိမ်ပြောလိုက်မယ်၊ နောက်ဆို ငါ့ပိုက်ဆံတစ်ပြားတောင်မှ အဲဒီအဘိုးကြီးဆီမရောက်စေနဲ့”

အိမ်ထောင်ကျပြီး သိပ်မကြာခင်ထဲက အဆင်မပြေခဲ့သည့် အိမ်ထောင်ရေးက အခုဆို အိမ်ထောင်သက် ဆယ့်ငါး နှစ်ခန့်ရှိခဲ့ပြီ။ မို့မို့ကသားငယ်လေး ကောင်းကောင်းရှိသည့်အတွက်ကြောင့် မို့မို့သည်းခံနေရတာများသည်။ တစ်ခါတစ်လေ မို့မို့စဉ်းစားမိသည်။ သူသာ အိမ်ထောင်မပြုဘဲနေလိုက်လျှင် ဘ၀တွေ မည်သို့ပြောင်းလဲသွားမလဲဆိုတာကို စဉ်းစားမိသေးသည်။

တစ်ညနေတော့ အိမ်ကိုညီမအငယ်ဆုံးရောက်လာသည်။ ထိုစဉ်က ညီမက အင်ဂျင်နီယာကျောင်းတွင် ဘွဲ့လွန်တက်နေခြင်းဖြစ်သည်။

“မမ ဖေဖေဆုံးပြီတဲ့”

မို့မို့ရင်တွေ စို့လာသည်။

“ဘယ်လိုဆုံးသွားတာလဲ”

“ညက အိပ်တော့အကောင်း၊ မနက်ကလည်းအကောင်း၊ နေ့လည်ကျတော့ ပက်လက်ကုလားထိုင်ပေါ်ထိုင်ပြီး စာအုပ်ဖတ်ရင်းနဲ့ အိပ်လိုက်တာ ပြန်မနိုးလာတော့ . . .”

ညီမငယ် အသံက တိမ်ဝင်သွားသည်။ ထိုစဉ်ကိုကျော်ဇောက ရှိနေသည်။ မို့မို့လည်း ရင်တွေနင့်လာသည်။

“အိမ်မှာလာပြီး ငိုမနေကြနဲ့ မင်းအဖေသေတာ၊ သူ့အိမ်မှာသွားငိုကြ၊ ငါ့အိမ်က အသုဘအိမ်မဟုတ်ဘူး”

ကိုကျော်ဇောက အနောက်ကနေ အော်ပြောလိုက်သည်။ ညီမက တစ်ချက်မျက်နှာပျက်သွားသည်။

“ညီမတို့တော့ ဒီညပြန်မယ်၊ အမအိမ်ကိုပြနလိုက်ချင်လိုက် မလိုက်ချင်လည်းနေ”

မို့မို့ အဖြေမပေးရဲ။ သူ့ခေါင်းထဲတွင် ဒေါသမီးတောက်လောင်နေသာ ကိုကျော်ဇောနှင့် သားငယ်လေး ကောင်းကောင်းကို မြင်နေရသည်။ မို့မို့ အဖြေပေးရန်ကြာနေသည်ကို သိလိုက်ပြီး ညီမက ပြန်သွားလေသည်။

မို့မို့ ထိုညက ရင်ထဲနေလို့မကောင်း စောစောအိပ်ခန်းထဲဝင်ပြီး အိပ်နေလိုက်သည်။

“လူပဲကွာ သေချိန်တန်ရင်သေမှာပဲ အဲဒီလောက် ဝမ်းနည်းနေစရာ မလိုပါဘူး”

ကိုကျော်ဇောက အခန်းထဲဝင်ပြီး ပြောလိုက်သည်။ မို့မို့ရင်ထဲအောင့်သွားသည်။

“ငါဆို ငါ့အဖေသေတုံးက သူငယ်ချင်းတွေနဲ့ စုပြီး ပျော်လိုက်ရတာ၊ သူ့အမွေတွေ အကုန်ရတာကိုး . . .ဟား . .ဟား”

ကိုကျော်ဇောက ပြောလိုက်ပြီးနောက် အရက်ခွက်ကို ကုတင်ဘေးရှိ စားပွဲတွင်တင်လိုက်ပြီး ကုတင်ပေါ်တက်အိပ်လိုက်သည်။ ကျော်ဇော အဖေက စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်သည်။ မိန်းမလည်း သိပ်ရှုပ်သည်။ ကျော်ဇောက ငယ်ငယ်ကတည်းက အဖေနှင့်သိပ်မနေဖူး၊ အဖေကိုလည်း နာကျည်းနေသဖြင့် ထိုစကားမျိုးပြောထွက်ခြင်းဖြစ်သည်။

မို့မို့ ထိုညက တစ်ညလုံး ငိုခဲ့ရသည်။
မနက်ရောက်တော့မှ အမေ့ဆီဖုန်းဆက်ရသည်။ ထိုခေတ်က လိုင်းဖုန်းနှင့်ပဲပြောရသည်။ အိမ်တွင် လိုင်းဖုန်းအိုအိုကြီးတစ်လုံးရှိသေး၍ တော်သေးသည်။

“အမေ သမီးမလာဖြစ်တော့ဘူး၊ ကောင်းကောင်းလေး စာမေးပွဲရှိနေလို့”

မို့မို့က ကြုံသလို ကြည့်ကောင်းအောင် ပြောလိုက်သည်။

“အော် အေးပါသမီးရယ်၊ ရပါတယ်။ ငါ့မြေးလေး ပညာရေးက အရေးကြီးတယ်”

အမေ့အသံတွေက တုန်ရီနေသည်။ မို့မို့လဲ ဖုန်းချလိုက်ရသည်။ မို့မို့လည်း စိတ်ထဲရှိသည့်အတိုင်း ပြေးပြန်လိုက်ချင်ပေမယ့် ကိုကျော်ဇောမျက်နှာကိုကြည့်နေရသည်။ ကိုကျော်ဇောကိုလည်း ကြည့်ချင်လွန်းသောကြောင့်၊ ပေါင်းသင်းချင်လွန်းသောကြောင့်မဟုတ်၊ သားကလေးမျက်နှာရှိသေးသည်။ မို့မို့သာ ကိုကျော်ဇောနှင့် အိမ်ထောင်ကွဲသွားလျှင် သားကလေးက စိတ်ထိခိုက်သွားမည်၊ သူဌေးသားဘ၀ကနေ နေ့ချင်းညချင်း ဆင်းရဲသားဖြစ်သွားမည်၊ အစားကောင်း၊ အသောက်ကောင်း၊ အဝတ်အစားကောင်းကောင်းကိုမှ ကြိုက်တတ်သည့် သားဖြစ်သူကို ဆင်းရဲတွင်းထဲကို မို့မို့ဆွဲမခေါ်ရက်ပေ၊ ထို့ကြောင့်လည်း မလွှဲမရှောင်သာသည်မို့ ကိုကျော်ဇောနှင့် ဆက်လက်ပေါင်းသင်းနေရသည်။

သို့နှင့် ဖေဖေ့နာရေးလဲ မရောက်နိုင်ခဲ့။ မို့မို့အချစ်ဆုံး ဖေဖေ့မျက်နှာကိုလည်း နောက်ဆုံးအနေနဲ့ ကြည့်ခွင့်မရခဲ့ပါ။

(၅)

နောက်ပိုင်း ကိုကျော်ဇောနှင့် မို့မို့ ဆက်ဆံရေးက ပိုပြီးဆိုးရွားလာသည်။ နှစ်ဦးသား စကားလည်း သိပ်ပြောမကောင်းတော့။ ဒီ့အပြင် ကိုကျော်ဇောက ညညဆို အိမ်ပြန်နောက်ကျတတ်သည်။ သူများတွေကတော့ ကိုကျော်fဇောတစ်ယောက် ဖောက်ပြန်နေသည်၊ မယားငယ်ထားနေသည်ဟု ပြောကြသည်။ မို့မို့က ဂရုမစိုက်တော့ သားလေး ကောင်းကောင်းကိုသာ ဂရုစိုက်သည်။

နောက်ပိုင်း ကိုကျော်ဇောက မယားငယ်ကို ပေါ်တင်ယူပြသည်။ မို့မို့ကိုတော့ ပိုက်ဆံပုံမှန်ပေးနေကျအတိုင်းပေးနေသည်။ သားလေးနှင့်လည်း တစ်ပတ်ကို တစ်ရက်တောင် မတွေ့ဖြစ်တော့။ ရန်ကုန်မြို့လည်ခေါင်ရှိ မို့မို့တို့ တိုက်အိမ်ကြီးသည် ခြောက်ကပ်နေတတ်သည်။ ကောင်းကောင်းက အခုဆို အသက်ဆယ်နှစ်ကျော်ပြီ။ သူလည်း နားလည်သည့်အရွယ် ရောက်နေပြီ။ အသက်ကြီးလာသည်မို့ သူ့အဖေအကြောင်းတွေသိပြီး အဖေကိုစိတ်နာမည်လား။ မို့မို့ကတော့ ကောင်းကောင်းကို ကိုကျော်ဇောလို ဖြစ်မလာစေရန် တတ်နိုင်သလောက် သွန်သင်သည်။ မိဘကျေးဇူးများကို ပုံပြင်ပြောပြသည်။ ကြီးလာတော့ စာအုပ်တွေ ဖတ်စေသည်။ ကောင်းကောင်းကတော့ မို့မို့စကားကို မြေဝယ်မကျနားထောင်တတ်သည်။

တစ်ရက် မို့မို့အိမ်သို့ ရီရီရောက်လာသည်။ ရီရီနဲ့ မို့မို့က တစ်မြို့တည်း ငယ်သူငယ်ချင်းတွေဖြစ်သည်။ ရီရီက ကျောင်းဆရာမဖြစ်ပြီး ရာထူးတော်တော်မြင့်နေပြီ။

“မင်းတို့ မိသားစုတွေလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ထောင်တွေကျ၊ နိုင်ငံခြားထွက်တဲ့လူကထွက်နဲ့”

ရီရီက အချိုရည်ကိုတစ်ကျိုက်မော့သောက်လိုက်သည်။

“ငါ ဒီစကားကို မပြောဘူးနေမလို့ပဲ သူငယ်ချင်း၊ မင်းစိတ်ဆိုးရင်လည်း ငါမတတ်နိင်ဘူး”

မို့မို့က ရီရီကို ကြည့်နေမိသည်။

“မင်းတို့အိမ်မှာ ဘယ်သူမှမရှိတော့ဘူး၊ မင်းအမေကြီးတစ်ယောက်ထည်း နေနေရတယ်၊ အသက်ကလည်း ရှစ်ဆယ် ရောက်တော့မယ်၊ သူ့ကြည့်ရတာလည်း သိပ်မမာဘူးကွာ”

ရီရီ့စကားမဆုံးခင် မို့မို့မျက်ရည်တွေ ကျနေသည်။ ရီရီဘာကိုဆိုလိုမှန်း မို့မို့သိလိုက်သည်။ ရီရီပြန်သွားတော့ မို့မို့က စိတ်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်လေသည်။

ကိုကျော်ဇော အိမ်ကိုပြန်မလာတာ နှစ်ပါတ်ကျော်ပြီဖြစ်သည်။ အသစ်ယူထားသည့် မယားငယ်နှင့် တိုက်ခန်းတစ်ခန်းအတွင် အတူတူနေကြသည်ဟုကြားသည်။ မို့မို့ကတော့ စိတ်ကိုဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ရာ မို့မို့က သူ့လက်ဝတ်လက်စားများနှင့် ကိုကျော်ဇောဆင်ထားသမျှ ပစ္စည်းများအားလုံးကို ထားခဲ့လိုက်သည်။ အဝတ်အစားလောက်သာ ခရီးဆောင်အိတ်ထဲထည့်သယ်သည်။ ထို့နောက် သားငယ် ကောင်းကောင်းကို လက်ဆွဲပြီး ခေါ်ခဲ့သည်။

-မေမေ၊ သားတို့ဘယ်သွားကြမလို့လဲ-

-ဒီထက်ပိုကောင်းတဲ့နေရာကို သွားကြမယ်သား-

-ဒီထက်ပိုကောင်းတယ်ဆိုတာ ဘယ်နေရာလဲဟင်၊ ဟိုတယ်ကြီးလား၊ ကွန်ဒိုတိုက်ခန်းကြိးတွေလား မေမေ-

မို့မို့က ခေါင်းခါပြလိုက်သည်။

-မဟုတ်ဘူးသား၊ တိုက်တာအဆောက်အဦးကြီးတွေ ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်ပဲပြည့်စုံပါတယ်ပဲပြောပြော၊ အကြင်နာတရားခေါင်းပါးတဲ့အရပ်ဟာ ကောင်းမွန်တဲ့အရပ်မဟုတ်ဘူးသားရဲ့၊ အခု အမေသွားမဲ့နေရာကတော့ အကြင်နာတရားတွေပြည့်နှက်နေတဲ့ အရပ်ပေါ့ကွယ်-

ကောင်းကောင်းက မို့မို့ပြောတာကိုနားတော့မလည်၊ သို့သော်လည်း အမေဖြစ်သူလက်ကိုဆွဲပြီး ဆက်လိုက်လာခဲ့သည်။

ကိုကျော်ဇော ကောင်းမှုဖြင့် သားငယ်ကောင်းကောင်းက သူ့အဖွားကိုတောင် သူမမှတ်မိ။ ဖေဖေဆုံးပြီးသွားတာ ခုနစ်နှစ်ရှိတော့မည်။ ထိုနောက်ပိုင်းကတည်းက မို့မို့လည်း မိဘဆီပြန်မရောက်ခဲ့သလို အမေလည်း မို့မို့ဆီမလာတော့။

မို့မို့က စာတစ်စောင်ရေးပြီး ဗီရိုထဲတွင် ထည့်ခဲ့သည်။

“သို့ ကိုကျော်ဇော၊ မို့နဲ့ သားလေး ထွက်သွားပြီ၊ ကိုကျော်ဇောကို နှုတ်ဆက်ခဲ့ပါတယ်”

“ကြယ်တွေစုံတဲ့ည . . . . . . အမေ့အိမ်ကိုလွမ်းတယ်”

ရထားစီးနေရင်း ဘယ်ကမှန်းမသိဖွင့်ထားသည့် ထူးအိမ်သင်သီချင်းလေးကို ကြားနေရသည်။ ရထားကတော့ တရွေ့ရွေ့ခုတ်မောင်းဆဲ။ မို့မို့က ရထားပြတင်းပေါက်ကလေးကို ဖွင့်လိုက်သည်။ ကွင်းပြင်အတွင်းတိုက်ခတ်လာသည့် လေနုအေးကလေးများကို ရှုရှိုက်လိုက်သည်။ မို့မို့၏ စိတ်တွေက နှစ်ပေါင်းများစွာ အကျဉ်းကျနေသော ထောင်သားတစ်ဦး အပြင်သို့စလွတ်လာသလို ခံစားရနေသည်။ ကောင်းကင်ကို ကြည့်လိုက်တော့ ကောင်းကင်တွင် ကြယ်တွေစုံနေသည်။

(၆)

နေ့လည်ခင်းတစ်ရေးအိပ်ပြီး မို့မို့တစ်ရေးနိုးလာတော့ သားငယ်က မရှိတော့။ မို့မို့က ထပြီး အိမ်ရှေ့ထွက်ခဲ့သည်။ အိမ်ရှေ့ဆင်ဝင်တွင် အုတ်ဖြင့်ပြုလုပ်ထားသော ထိုင်ခုံတန်းလေးရှိသည်။ ထိုနေရာတွင် သားက ထိုင်နေသည်။ အမေက ခြံထဲမှနေ၍ အိမ်ထဲသို့ဝင်လာသည်။

“ကဲငါ့မြေးစားဖို့ ဒေါ်ပုမဆီက မုန့်ဝယ်ခဲ့တယ်”

အမေက ပြောရင်း လက်ထဲတွင် သတင်းစာဖြင့်ထုပ်ထားသော မုန့်ပျားသလက်ကလေးများကို ကိုင်လာလေသည်။ သားငယ်က မမြင်ဖူးသည့်အတွက် လှန်လှောကြည့်နေသည်။

“အမေ ဒေါ်ပုမက ရှိတော့လို့လား”

“ဆုံးတာကြာပေါ့၊ သူ့သမီးအငယ်ဆုံးက မုန့်လုပ်ရောင်းနေတာလေ”

“ဟယ် ဟိုသမီးတို့ ထိန်းခဲ့တဲ့ နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးလား”

“အေးလေ ခုသူတောင် ကလေးသုံးယောက်ရနေပြီ”

မုန့်ပြားသလက်က မုန့်သားဖြူဖြူပေါ် ပဲပြုတ်လေးတွေနှင့် အပေါ်က ကြက်သွန်မြိတ်နှင့် နံနံပင်လေးများဖြူးထားသည်။ အမေက စားခါနီးကျတော့ နှမ်းထောင်းလေးများဖြူးပေးသည်။

“မေမေ ဒါဘာမုန့်လဲ”

ရန်ကုန်မြို့တွင်တော့ အခုလိုမုန့်များ ရှားပါးသွားပြီဖြစ်သည်။ နိုင်ငံတကာကျောင်းတွင်တက်သည့် သားတော်မောင်က မမြင်ဖူးတာသေချာသည်။ ပီဇာ၊ ဘာဂါ၊ ဒိုးနပ်လို မုန့်များနှင့် လေဖောင်းမုန့်များ နိုင်ငံခြားမုန့်များသာ စားခဲ့ရသည့် သားကတော့ ထိုမုန့်ကို ထူးဆန်းနေမည်ဖြစ်သော်လည်း မို့မို့တို့ ငယ်စဉ်က စားမလောက်ဖြစ်ခဲ့ရသည့် အလွန်နှစ်ခြိုက်ခဲ့ရသော မုန့်ကလေးဖြစ်သည်။

“ပီဇာနဲ့ တူတယ်နော်၊ မြန်မာ ပီဇာပေါ့”

မို့မို့က တွေးနေသဖြင့် သားငယ်က သူ့ဖာသာသူနာမည်ပေးလိုက်ပြီး မုန့်ကို ကိုက်လိုက်သည်။

“စားလို့လည်း သိပ်မကောင်းဘူး”

သားငယ်က ထိုသို့ပြောသော်လည်း နေ့လည်က ထမင်းသိပ်မစားထားသည့်သူမို့ ဗိုက်ဆာဆာနှင့်စားနေသည်။

“သမီးကြိုက်တယ်မလား . . .. စားအုံးလေ”

အမေက ပြောလိုက်ပြီး မုန့်ပျားသလက်ကလေးကို လှမ်းပေးသည်။ မို့မို့က လှမ်းယူလိုက်ပြီးနောက် မုန့်ပျားသလက်ကလေးကို ကိုက်ရင်း ဖေဖေ့ကို သတိရမိလိုက်သည်။ မုန့်ပျားသလက်ကြည့်ပြီး မို့မို့ဖေဖေ့ကို သတိရသွားမိသည်။

“ဖေဖေက သမီးတွေထဲမှာ ဆိုရင် ငါ့ကိုအချစ်ဆုံး”

ထိုအတိုင်း မို့မို့ ကစိတ်ထဲခံယူထားသည်။ တကယ်လည်း ဖြစ်နိုင်ပါသည်။ မို့မို့က သမီးအကြီးဆုံး။ ဖေဖေနှင့် မေမေအိမ်ထောင်ကျပြီးတော့ ဖေဖေက သမီးမိန်းကလေးလိုချင်သည်။ သို့သော် မေမေက သား သုံးယောက် ဆက်တိုက်မွေးချလိုက်သည်။ ဖေဖေက တစ်ယောက်မွှေးခါနီးတိုင်း မိန်းကလေးလားလို့ မျှော်ရတာအမော။ နားလည်တဲ့သူတွေက ယောက်ျားလေးဟု ပြောလျှင်တောင် ဖေဖေက သိပ်မယုံ၊ မိန်းကလေးလို့သာထင်သည်။ သို့သော် သုံးယောက်ခန့်မျှော်ပြီးသော်လည်း နောက်တစ်ဗိုက်မှာ မိန်းကလေးဖြစ်နေသည်။

လက်သည်များ၊ ဆရာဝန်များက မိန်းကလေးဟုပြောသောအခါ အပျော်ဆုံးကတော့ ဖေဖေဖြစ်သည်။ ဖေဖေက တစ်ခုခုဖြစ်မှာစိုး၍ အလွန်ဂရုစိုက်လေသည်။

“ကိုမောင်ရေ . . . တော်ကလဲ တော့်မှာ သားသုံးယောက်ရှိပါသေးတယ်တော့”

မြမြလေး ကပြောလိုက်သည်။

”အေး သားသုံးယောက်ရှိလို့ ဒီသမီးလေးကို ဂရုစိုက်နေရတာပေါ့}}

ဦးမောင်ဖေက ပြောလိုက်သည်။

“သမီးလေးကို မွေးရင်း တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တယ်ကွာ၊ သမီးကို ဒီမှာမမွေးနဲ့ ရန်ကုန်တက်မွေးရအောင်”

“တော်ကလည်း အဖြစ်သည်းနေပြန်ပါပြီ”

သို့သော် ဦးမောင်ဖေက မို့မို့ကို ရန်ကုန်အမျိုးသမီးဆေးရုံတွင် တက်မွေးခဲ့သည်။ မွေးပြီးသည့်နောက်လဲ လက်က မချ၊ တချီချီနှင့်ဖြစ်နေသည်။ ထို့ကြောင့် အရွယ်ရောက်လာသောအခါ မို့မို့က သူ့အဖေက သူ့ကို အချစ်ဆုံးဆိုပြီး ဂုဏ်ဆာနေခြင်းဖြစ်သည်။

တစ်နေ့တွင် အမေက ဒေါ်ပုမဆီမှ မုန့်ပျားသလက်များ ဈေးကအပြန်ဝယ်လာသည်။ ဒေါ်ပုမ ဆိုင်မှာ အနည်းငယ်လှမ်းသည်။ တောင်ကုန်းကလေးအောက်ကို ဆင်းသွားရပြီးနောက် ကားလမ်းမကြီးဖက်ကို ဆက်သွားရသေးသည်။ အမေက ဈေးဖိုးပိုသည့်ငွေဖြင့် ဝယ်လာသဖြင့် မုန့်ပျားသလက်မှာ သိပ်မလောက်ငှပေ။ အမေက သူများဆီ ငါးပြားဖိုးမှ အကြွေးမတင်၊ အကြွေးမယူတတ်ပေ။

“ညည်းက အကြီးလေ၊ အမကြီးအမိရာတဲ့ အငယ်တွေကို ဦးစားပေးလိုက်ပါ”

မို့မို့က အပျိုပေါက်ဖြစ်နေပြီ၊ သို့သော်လည်း မုန့်စားချင်သည့်စိတ်က အသက်အရွယ်နှင့်ဆိုင်မည်မထင်။ သို့သော်လည်း အမေဖြစ်သူ၏ ဆုံးမမှုကြောင့် မုန့်ပျားသလက်တစ်ခြမ်းသာ စားလိုက်ရသည်။ မုန့်စားချင်သည့်စိတ်တွေက ကုန်မသွား။ သို့နှင့် ဆင်ဝင်ခုံတန်းလေးတွင် ထိုင်နေလိုက်သည်။ ထို့နောက် ကလေးအငယ်များ မုန့်စားနေသည်ကို ငေးပြီးကြည့်နေလိုက်သည်။
ထိုစဉ် ဖေဖေက အိမ်ထဲမှ ထွက်လာသည်။ ဖေဖေ့လက်ထဲတွင် မုန့်ပျားသလက် တစ်ချပ်ကို ကိုင်ထားလေသည်။ ဖေဖေက မို့မို့ကိုလှမ်းပေးလိုက်သည်။

“ဖေဖေ မစားဘူးလား”

ဖေဖေလည်း မုန့်ပျားသလက်ကို အလွန်ကြိုက်သည်။ မေမေဝယ်လာတိုင်း ဖေဖေ့အတွက် တစ်ချပ်၊ နှစ်ချပ် ပိုပိုဝယ်လာလေ့ရှိသည်။ ထိုနေ့က ဈေးဖိုးသိပ်မလောက်သဖြင့် ဖေဖေလဲ တစ်ချပ်ပဲ စားရမည်ထင်သည်။

“ဖေဖေ ထမင်းစားလိုက်တာ ဗိုက်ပြည့်သွားလို့ ဗိုက်အင့်နေပြီ၊ သမီးပဲ စားလိုက်ပါ”

ဖေဖေပေးသည့် မုန့်ပျားသလက်သည် မေမေပေးသည့် မုန့်ပျားသလက်ထက်ပို၍ စားကောင်းနေလေသည်။

ယခုလည်း မုန့်ပျားသလက်ကို မို့မို့ကိုက်စားလိုက်သည်။ လက်ရာက ဒေါ်ပုမလောက်တော့မကောင်း။ မို့မို့စားဖူးသည့် မုန့်ပျားသလက်များထဲတွင် ထိုနေ့က ဖေဖေပေးသည့် မုန့်ပျားသလက်ကလေးက စားလို့အကောင်းဆုံးဖြစ်မည်ထင်သည်။

အမေကတော့ သူ့မြေးစားနေတာကိုကြည့်ပြီး ကလေးတစ်ယောက်လို ပြုံးပျော်နေလေသည်။

ညရောက်ပြီ။ တစ်အိမ်လုံးက မှောင်မဲနေသည်။ ညနေစာကိုတော့ မို့မို့ကချက်လိုက်သည်။ ဆန်တွေက ဟောင်းနေပြီး ပိုးထိုးနေသည်။ ဘယ်လောက်ကြာကြာလှောင်ထားသလဲမသိ။ မို့မို့က မီးခလုပ်ကိုဖွင့်လိုက်သည်။ မီးကမလာ။

“အမေ မီးမလာဘူးလား”

“အမေ မီတာမဆောင်တာကြာပြီ၊ တစ်ယောက်တည်းနေတာဆိုတော့ အပြင်လည်း သိပ်မသွားဖြစ်ဘူး၊ နောက်ပြီးညဆိရင်လည်း ဖယောင်းတိုင်ထွန်းပြီး စောစောအိပ်လိုက်တာပေါ့”

မို့မို့က ခေါင်းကိုခါလိုက်သည်။

နှစ်ထပ်အိမ်အိုကြီးက ညဘက်ရောက်တော့ ကြောက်စရာကောင်းနေသည်။ အမေနှင့် သားငယ်က အိမ်ရှေ့တွင် ထွက်ထိုင်နေသည်။ လေအေးတွေက တိုက်နေသည်။

“သမီးရေ ညည်းသားက အင်္ဂလိပ်လိုသိပ်ပြောတတ်တာပဲ။ သူတို့အဘိုးကြီးရှိရင်တော့ စကားပြောဖော်ရနေမှာ”

အမေက ပြုံးရင်းပြောသည်။ ကောင်းကောင်းက အင်္ဂလိပ်ကျောင်းတက်သည်မို့ အင်္ဂလိပ်လိုညှပ်ညှပ်ပြောသည်။ တစ်ချို့မြန်မာစကားလုံးတွေတောင် မပြောတတ်။ အင်္ဂလိပ်လိုတော့ ကျွမ်းသည်။ သူ့အဘွားပြောသည့် အဘိုးကြီးဆိုသည်မှာ မို့မို့တို့ အဘိုး ဦးဖေကိုပြောချင်းဖြစ်သည်။ မို့မို့တို့အဘိုး အင်္ဂလိပ်ခေတ်ကအရာရှိမို့ အင်္ဂလိပ်လိုအရမ်းပြောသည်။ မို့မို့အဖေကတော့ သိပ်ပြီးအင်္ဂလိပ်လိုမပြော၊ မြန်မာဆန်သူဖြစ်သည်။

“သား အိမ်ထဲဝင် ၊ အိပ်ကြရအောင်”

“မေမေ သားကြောက်တယ်”

“ဘာလို့လဲ သားရဲ့”

“အိမ်ကြီးက သရဲအိမ်ကြီး နဲ့တူတယ်”

မို့မို့တို့ သားအမိရယ်မောလိုက်ကြသည်။ ထို့နောက် အိမ်ထဲဝင်သွားကြသည်။

“အမေ အိမ်တံခါး မပိတ်ဘူးလား”

“အိမ်တံခါးက အဲ့လိုပဲ ဖွင့်ထားဖြစ်တယ်”

“အမေကလည်း သူခိုးသူဝှက်ကြောက်စရာ”

“အမေလေး အဖွားကြီးတစ်ယောက်ထဲနေတာပါ။ လာခိုးရင်လညး လိုချင်တာယူသွားပေါ့။ အဖိုးတန်တာတွေလည်း သိပ်မရှိပါဘူး”

ထို့နောက် အိမ်ထဲဝင်ပြီး ကိုယ့်အခန်းတွင်ကိုယ် အိပ်စက်လိုက်ကြသည်။

(၇)

“တောင် . . . တောင် . . . တောင်”

မို့မို့ ထိုအသံကြားတော့ မျက်တောင်ဖွင့်ကြည့်လိုက်သည်။ နံနက် ခြောက်နာရီထိုးပြီ။ အခန်းထဲတွင်နာရီမရှိ။ သို့သော် ထိုအသံကို ဘ၀တစ်လျှောက်လုံးကြားပြီး အိပ်ရာထခဲ့ရသဖြင့် အလွတ်ရနေပြီ။ ထိုအသံသည် ထိုတောင်ကုန်းလေးအကျော် အောက်ဖက်မှ ခရစ်ယာန်ဘုရားကျောင်းမှာ နံနက်ခြောက်နာရီတွင် ထိုးသည့် ခေါင်းလောင်းသံဖြစ်သည်။

ငယ်ငယ်ကဆို ထိုအသံကြားလျှင် မထချင်သော်fလည်း မေမေက နှိုးသဖြင့် အိမ်သားများအားလုံး ထရသည်။ အိမ်သားများ မည်သူမျှ မနက် ခြောက်နာရီထက်နောက်ကျပြီး မထရ။ အခုလည်း မို့မို့ ကလူးလဲပြီးထလိုက်သည်။ သားငယ်ကတော့ အိပ်နေတုန်း။ မို့မို့က သားငယ်ကို မနှိုးတော့။ သားငယ်က ပုံမှန်ဆို မနက် ရှစ်နာရီလောက်မှ ထသည်။

“ဈေးသွားရမယ်”

မို့မို့က ရေရွတ်လိုက်ပြီး ထလိုက်သည်။ သားငယ်က နိုးလာသည်။ စောစောအိပ်ထားလို့ထင်သည် သားငယ်စောစောနိုးသည်။

“သားဈေးသွားမယ် လိုက်မလား”

သားငယ်က ခေါင်းညိတ်ပြသည်။ သားအမိနှစ်ယောက် ဈေးထွက်ခဲ့သည်။ တစ်အိမ်လုံးက ပင့်ကူမျှင်တွေနှင့် ဖုန်တွေနှင့် ပြည့်နှက်နေသည်။ အမေ့ကိုတော့ မတွေ့။ ဘယ်ထွက်သွားလဲမသိ။

သားအမိနှစ်ယောက် တောင်ကုန်းလေးပေါ်မှ ထွက်ခဲ့သည်။ ကတ္တရာလမ်းဟောင်းလေးမှာ သစ်ရွက်ခြောက်များနှင့် ဖုံးလွှမ်းနေသည်။ ခြံတွေက အကျယ်ကြီးတွေဖြစ်ပြီး သစ်ပင်တွေက အုပ်ဆိုင်းနေသည်။ ဘေးခြံတွေမှာလည်း လူနေပုံမတွေ့ရ။ တောင်ကုန်းလေးတစ်ခုလုံး တိတ်ဆိတ်နေသည်။ တောင်ဆင်းလမ်းကလေးတွင် သူတို့သားအမိနှစ်ယောက်တည်းသာ လျှောက်နေကြသည်။

တောင်ကုန်းကဆင်းလာပြီး ကားလမ်းမဘက်သို့ လျှောက်ခဲ့သည်။ ထိုအခါလမ်းပေါ်တွင် အမှိုက်မီးရှို့နေသည့် သူတစ်ယောက်ရှိသည်။ ထိုသူသည် သူတို့တောင်ကုန်းပေါ်မှဆင်းလာသောအခါ အလွန်အံ့ဩစွာဖြင့် ကြည့်နေလေသည်။

မြို့မဈေး။
မနက် ခြောက်နာရီကျော်က နယ်မြို့ကလေးအတွက်တော့ နေမြင့်နေပြီဖြစ်သည်။ သို့သော် ဈေးနေ့ဖြစ်သဖြင့် ဈေးထဲတွင် ဈေးဝယ်တွေ စည်ကားနေသည်။ သားငယ်ကတော့ အထူးအဆန်းအဖြစ် အကုန်လိုက်ကြည့်နေသည်။ ဈေးထဲတွင်တော့ သူ့ကို ဘယ်သူမှမမှတ်မိ။ မို့မို့ကလည်း ဘယ်သူ့ကိုမှ မသိဘဲဖြစ်နေသည်။

“မို့မို့ . . . မို့မို့လား”

နောက်မှ ခေါ်သံကြားသဖြင့် မို့မို့ လှည့်ကြည့်လိုက်သည်။

“ဟင် . . ကိုအောင်”

မို့မို့ရေရွတ်လိုက်သည်။ ကိုအောင်မှ မို့မို့နှင့် ကျောင်းနေဖက်။ တစ်ချိန်က မို့မို့၏ ငယ်ချစ်ဦးဆိုလည်း မမှားပေ။

ကျွန်မတို့ရဲ့အိမ်
အပိုင်း(၂)

“မို့မို့ . . . မို့မို့လား”

နောက်မှ ခေါ်သံကြားသဖြင့် မို့မို့ လှည့်ကြည့်လိုက်သည်။

“ဟင် . . ကိုအောင်”

မို့မို့ရေရွတ်လိုက်သည်။ ကိုအောင်မှ မို့မို့နှင့် ကျောင်းနေဖက်။ တစ်ချိန်က မို့မို့၏ ငယ်ချစ်ဦးဆိုလဲ မမှားပေ။

“ဟုတ်မှ ဟုတ်ပါ့မလားလို့ မို့ရယ်၊ မနည်း ပုံဖမ်းယူရတယ်”

“ကိုအောင်ကတော့ ဒီရုပ်ပဲနော်၊ အချိန်တွေ ရပ်ထားတာထင်တယ်”

မို့မို့က ကိုအောင်ကိုပြောလိုက်ရင်း တစ်ချက်ပြုံးလိုက်လေသည်။

“နေပါအုံးမို့ရဲ့ နင်ဒီကိုအလည်လာတာလား”

မို့မို့က ဘာမှပြန်မဖြေချင်သဖြင့် အသာခေါင်းညိတ်ပြလိုက်သည်။

“ဒါနဲ့မို့အခု ဘယ်မှာနေလဲ”

“ဟာ . . ကိုအောင်ကလည်း ဒီမြို့လေးက မို့မို့တို့ဇာတိမြို့ပဲလေ၊ မို့မို့တို့ အိမ်မှာနေတာပေါ့”

ကိုအောင် မျက်နှာတစ်ချက်ပျက်သွားသည်။

“ဘာမှမဟုတ်ပါဘူး မို့ရဲ့ အဲဒီတောင်ကုန်းကလေးက လူမနေတော့ဘူးမလား”

“အမေရှိသေးတယ် ကိုအောင်ရဲ့”

“ဟုတ်လား၊ အဒေါ်နဲ့တောင်မှ မတွေ့ရတာကြာပြီ၊ လာမို့”

ကိုအောင်က မို့မို့ကိုခေါ်ပြီး ဈေးအရှေ့မျက်နှာစာတန်းရှိ ဆန်နှင့် ကုန်ခြောက်များ ရောင်းသည့်ဆိုင်ထဲဝင်သွားလေသည်။ သုံးခန်းတွဲဆိုင်ကြီးမှာ အတော်အတန်ကြီးမားလှပြီးဆိုင်တွင်လည်း အလုပ်သမားများနှင့် ဈေးဝယ်သူများကစည်ကားနေသည်။ ဆိုင်အတွင်းတွင်တော့ ဆန်များကိုဇလားကြီးများနှင့် ခင်းကျင်းထားကာ အခြားကုန်ခြောက်များကိုလည်း ခင်းကျင်းပြသထားလေသည်။ မို့မို့က ဆိုင်ခန်းနဖူးစီးတွင် တပ်ဆင်ထားသည့် ဆိုင်းဘုတ်ကိုဖတ်လိုက်သည်။

“ကိုအောင် . . ဆန်လက်လီလက်ကား ရောင်းဝယ်ရေး”

“ကိုအောင်က စီးပွားရေးအဆင်ပြေနေပုံပဲနော်”

“စီးပွားရေးလည်း အဆင်ပြေတယ်၊ အိမ်ထောင်ရေးလည်းအဆင်ပြေတယ် အခုတောင် ကလေး သုံးယောက်နဲ့ တစ်fဗိုက်ရနေပြီ”

“ဟောတော်”

မို့မို့က ပြုံးရင်းရေရွတ်လိုက်သည်။ ကိုအောင်ကလည်း မို့မို့ကိုနှစ်နှစ်ကာကာ ပြန်ပြုံးပြသည်။

“ကိုအောင်က ဆန်ရောင်းတယ်ဆိုတော့ အတော်ပဲ မို့လည်း ဆန်ဝယ်ရဦးမှာ”

“ကိုအောင် ပို့ခိုင်းလိုက်မယ်လေ၊ တစ်အိတ်လောက်ဆွဲထားပေါ့ ”

“အိမ်မှာစားမည့်လူမရှိဘူးကိုအောင်ရဲ့၊ နေပါစေ ဆယ်ပြည်လောက်ပဲယူထားမယ်၊ ပဲဆီလည်f; နှစ် ပိဿာလောက်လိုချင်တယ်”

“မို့မို့ က ဘာနှစ်ရက်လောက်နေမှာလဲ”

“ဒီမြို့မှာပဲ အပြီးနေဖြစ်မယ်ထင်တယ်ကိုအောင်”

ကိုအောင်မျက်နှာက ထူးဆန်းသည့်အမူအရာဖြစ်သွားပြီး ခေါင်းညိတ်လိုက်ကာ ဆန်နှင့်မို့မို့ဝယ်သည့်ပစ္စည်းများကို ဘောင်ချာတွင်ရေးပေးနေသည်။

“မို့ ဈေးသွားဝယ်ရင်ဝယ်လေ ကိုအောင် ခဏနေကျရင် ဆိုင်ကလူတစ်ယောက်ကို မို့တို့ အိမ်ကိုပို့ခိုင်းလိုက်မယ်”

ဈေးထဲတွင်တော့ မို့မို့က အသားငါးထက် ဟင်းချက်စရာ အခြောက်အခြမ်းများကို ဦးစားပေးဝယ်ရသည်။ အိမ်မှာရေခဲသေတ္တာမရှိသဖြင့် အသားငါးကို နှစ်ရက်စာလောက်သာဝယ်လိုက်သည်။ ထို့နောက် သားငယ်ဖို့ မုန့်ဝယ်ရသည်။ တောင်ပေါ်မြို့လေးမို့ မုန့်တွေက ရန်ကုန်လိုများများစားစားမရှိပေ၊ မုန့်ဝယ်ပြီးတော့ မို့မို့တို့သားအမိဈေးမှ သုံးဘီးဆိုင်ကယ်ငှားကာ အိမ်သို့ပြန်လာကြသည်။

“အမက အဲဒီတောင်ကုန်းလေးပေါ်မှာနေတာလား”

ဆိုင်ကယ်မောင်းသူက စကားပြောလေသည်။

“တို့က မြို့ခံပါ ငယ်ငယ်ကတည်းက အဲဒီမှာနေလာတာ ဘာဖြစ်လို့လဲ”

“ကျွန်တော်လည်း လိုက်သာလိုက်ရတယ် အမရေ၊ အဲဒီတောင်ကုန်းက သရဲအရမ်းခြောက်တာဗျ”

မို့မို့လည်းမျက်မှောင်ကြုတ်လိုက်ပြီး

“ပေါက်ပေါက်ရှာရှာဟယ် ငါတို့တစ်သက်လုံးနေခဲ့တာပါ”

မို့မို့က ဒေါသအနည်းငယ်ထွက်သွားသည်။ သားငယ်ကတော့ ဈေးကနေမုန့်ဝယ်လာသည်မို့ သူ့မုန့်ကိုသူစားနေသည်။ တောင်ကုန်းလေးကို သုံးဘီးဆိုင်ကယ်လေးက အမြန်တက်လာခဲ့သည်။ တောင်ကုန်းလေးပေါ်တွင် အိမ်က ဆယ်အိမ်လောက်သာရှိသည်။ အိမ်များအားလုံး ခြံအကျယ်ကြီးများနှင့်ဖြစ်ကာ လူသူရှင်းပြီး တိတ်ဆိတ်နေသည်။ ချုံနွယ်ပိတ်ပေါင်းများထနေသည့် ခြံကြီးများအလယ်တွင်တော့ အိမ်ကြီးအိမ်ဟောင်းများက ထီးတည်းကြီးတည်ရှိနေလေသည်။ တောင်ကုန်းလေးသည် မြို့ပြင်ဘက်ကျသဖြင့် ဈေးမှ အတန်ကြာအောင် မောင်းရလေသည်။

ခြံရှေ့ရောက်တော့ ပစ္စည်းတွေချပြီးသည်နှင့် ဆိုင်ကယ်သမားလေးလည်း ဆိုင်ကယ်ကိုအမြန်ပြန်မောင်းကာ အမြန်ပြန်ဆင်းသွားလေသည်။ မို့မို့လည်း ခုမှ သတိထားမိသည်။ တောင်ကုန်းပေါ်တွင် လူတစ်ယောက်မှမရှိ၊ ကတ္တရာလမ်းအိုကလေးကလည်း မြက်များ၊ သစ်ရွက်ခြောက်များက ဖုံးလွှမ်းနေသည်။ သူတို့သားအမိတွေသာ တောင်ပေါ်တွင်ရှိသည်ထင်သည်။

အိမ်ထဲဝင်လိုက်တော့ အမေက မီးဖိုထဲရောက်နေသည်။

“အမေ မချက်နဲ့ သမီးချက်မယ်”

မို့မို့ကပြောလိုက်ပြီး ဟင်းချက်ရန်ပြင်ဆင်လိုက်သည်။ သားငယ်ကတော့ အိမ်ရှေ့ခုံတန်းလေးတွင် မုန့်စားရင်း ကာတွန်းစာအုပ်အဟောင်းတစ်အုပ်ကိုဖတ်နေသည်။ အမေကတော့ အိမ်ထဲတွင်လားမသိ။ မကြာမီ အိမ်ရှေ့တွင် ဆိုင်ကယ်ဟွန်းသံကြားရလေသည်။ မို့မို့လည်း အိမ်ပြင်ပြေးထွက်ခဲ့သည်။ ဆင်ဝင်အဝမှာ ကိုအောင်က ဆန်ထုပ်နှင့်ရောက်နေပြီဖြစ်သည်။

“ဟင် ကိုအောင် ကိုယ်တိုင်လာပို့တာလား၊ အားနာစရာကြီး”

“ဟုတ်တယ်မို့ရဲ့ ဆိုင်ကကောင်လေးတွေက ဒီတောင်ကုန်းကိုဆိုရင် မသွားရဲကြဘူးဆိုလို့လေ”

ကိုအောင်က ပြောလိုက်ရင်း ဆန်အိတ်ကိုချလိုက်သည်။ အိမ်ထဲကိုလည်း အပြင်ကနေ အကဲခတ်ကြည့်နေသေးသည်။

“အိမ်ကြီးကတော့ မပြောင်းလဲသေးဘူးနော်၊ ကိုအောင်တို့ ငယ်ငယ်ကအတိုင်းပဲ”

“အမေရေ ထွက်ကြည့်ပါအုံး ဒီမှာဘယ်သူလဲလို့”

မို့မို့က ခေါ်လိုက်သော်လည်း အမေကထွက်မလာ၊ မို့မို့က အိမ်ထဲဝင်ရှာရန်ပြင်လိုက်သည့်အခါ ကိုအောင်က မို့မို့ကိုဟန့်တားလိုက်သည်။

“နေပါစေ မို့ရဲ့ ရပါတယ်၊ ဒါနဲ့ မို့ရဲ့ အမျိုးသားရော၊ သူမပါဘူးလား”

မို့မို့က မျက်နှာကိုအောက်ချလိုက်သည်။

“သူနဲ့ ပြတ်ခဲ့ပြီ ကိုအောင်”

ကိုအောင်က တစ်ခုခုကိုနားလည်သဘောပေါက်သည့်အလား ခေါင်းညိတ်လိုက်ပြီး

“ဒါဆို မို့တို့ သားအမိပဲ ဒီမှာပြန်လာနေတာပေါ့”

မို့မို့ ကခေါင်းညိတ်လိုက်ပြန်သည်။ ကိုအောင်က တစ်ခုခုကို စဉ်းစားနေသည်။ နောက်တော့မို့မို့နားကို ကပ်လာသည်။

“မို့တို့ သားအမိပဲဆိုရင် မြို့ထဲမှာ အိမ်တစ်အိမ်ငှားနေပါလား၊ ကိုအောင်လိုအပ်တာ ကူညီပါ့မယ်”

“ဘာလို့လဲ ကိုအောင်ရဲ့။ မို့တို့ ဒီမှာနေတာ အဆင်ပြေပါတယ်”

“ကိုအောင်ပြောမယ် မို့စိတ်မဆိုးနဲ့နော်၊ ဒီတောင်ကုန်းလေးကလေ နေ့ခင်းကြောင်တောင် ကြီးတောင် သရဲခြောက်တယ်မို့။ မြို့ကလူတွေကလည်း ဘယ်သူမှ မလာရဲကြဘူး၊ တောင်ကုန်းလေးက မြို့နဲ့ သီးသန့်လည်း ဖြစ်နေတော့ အခုဆို အသွားအလာတောင် မရှိကြတော့ဘူး။ မို့တို့ သားအမိတစ်ခုခုဖြစ်မှာစိုးရိမ်လို့ ကိုအောင်ကပြောတာပါ”

“ကိုအောင့်ကိုတော့ ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဒီအိမ်ကမို့ရဲ့အိမ်၊ မို့တို့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့အိမ်ပါကိုအောင်၊ ဒါကြောင့်မို့ မို့ဒီမှာပဲနေမယ် ကိုအောင်”

ကိုအောင်က ဖြောင်းဖျမရသည့်အဆုံး ခေါင်းညိတ်လိုက်ရသည်။ မို့မို့က ခေါင်းမာတတ်သူတစ်ယောက်ဖြစ်မှန်း ကိုအောင်သိပြီးဖြစ်ပါ၏။

“ကောင်းပြီလေ မို့တို့ အကြောင်းတစ်ခုခုရှိရင် ကိုအောင့်ကိုဖုန်းဆက်လိုက်ပေါ့”

ကိုအောင်က ဖုန်းဆိုတော့မှ မို့မို့က သူ့လက်ကိုင်ဖုန်းကို ရန်ကုန်မှယူလာကတည်းက စက်ပိတ်ထားမှန်း သတိရလိုက်သည်။ ကိုအောင်ကတော့ သူ့ဆန်ဆိုင်၏လိပ်စာကဒ်ကလေးကို ပေးခဲ့သည်။ ကိုအောင်က ခြံထဲမှထွက်ရန် ဆိုင်ကယ်ကိုစက်နှိုးလိုက်စဉ်

“ကိုအောင်ရေ မို့ကိုတစ်ခုလောက်ကူညီပါအုံး”

“ဘာလဲ မို့ရဲ့”

“မို့တို့အိမ်မီးမလာလို့”

ကိုအောင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီးတော့ ဆိုင်ကယ်ကိုစက်နှိုးကာ ခြံထဲမှ မောင်းထွက်သွားလိုက်သည်။ မို့မို့ကတော့ ခြံအပြင်ကိုထွက်လိုက်ပြီး သံဖြင့်ပြုလုပ်ထားပြီး သံချေးတွေ တက်နေသည့် သံတံခါးကြီးကို ပိတ်လိုက်သည်။ ထိုအခါ ခြံတံခါးအုတ်တိုင်တွင် ချိတ်ထားသည့် ဆိုင်းဘုတ်ကလေးမှာ ဘုတ်ကနဲ ပြုတ်ကျလာလေသည်။ မို့မို့ကလည်း ဆိုင်းဘုတ်ကလေးကို ကောက်ယူလိုက်လေသည်။

“ဦးမောင်ဖေ၊ ခြံအမှတ် ၁၃”

ဟုရေးသားထားသည့် သစ်သားဆိုင်းဘုတ်ကလေးဖြစ်သည်။ မို့မို့ ကဆိုင်းဘုတ်ကလေးကို ကိုင်ပြီးအိမ်ထဲသို့ ဝင်လာခဲ့သည်။

ညနေရောက်တော့ လှေကားရင်းက မီးလုံးဟောင်းကြီးက မီးလင်းလာခဲ့သည်။ မီးလုံးကြီးက အဝါရောင်ကြီးဖြစ်ပြီး အလွန်ရှေးကျသည့် မီးလုံးကြီးဖြစ်သည်။ ထို့အပြင် မီးလုံးကဖုန်တွေတက်ပြီး မှိန်နေလေသည်။ မို့မို့က တစ်အိမ်လုံးက မီးတွေဖွင့်ဖို့လုပ်လိုက်သည်။ သို့သော် မီးလုံးတွေက အကုန်ကျွမ်းနေသည်။ မီးချောင်းတွေကလည်း မလင်းတော့သည်မို့ နောက်ဆုံး မို့မို့က သက်ပြင်းချလိုက်သည်။ ပိတ်ထားသည့် ဖုန်းကိုပြန်ဖွင့်လိုက်သည်။ ဖုန်းကို ကြည့်လိုက်ရာ မည်သူမှပင် ခေါ်မထားပေ၊ ဖုန်းမှာအားသိပ်မရှိတော့။ မို့မို့က သူတို့အိပ်ခန်းထဲက ပလပ်ပေါက်တွင် ဖုန်းအားသွင်းလိုက်သည်။ သားငယ်၏ တက်ဘလက်ကိုလည်း အခန်းထဲမှာပင် အားသွင်းပေးလိုက်သည်။

ထမင်းစားတော့ မီးဖိုခန်းတွင် ဖယောင်းတိုင်ထွန်းပြီးစားရသည်။ အမေကတော့ ထမင်းသိပ်မစားနိုင်ပေ။ သားငယ်ကတော့ ဝက်သားချက်သည်မို့ အကြိုက်စားလေသည်။

“အမေ အမေ့မှာ ဘာရောဂါတွေရှိလဲ”

“ဘာမှတော့ ထွေထွေထူးထူးမရှိပါဘူးအေ၊ စိတ်မပူပါနဲ့၊ တစ်ခါတစ်ခါ နည်းနည်းမောတာလောက်ပဲရှိတာပါ၊ ဒါနဲ့ သမီးတို့ကိုတစ်fခုကြိုပြောထားရအုံးမယ်}}

မို့မို့လည်း ထမင်းစားရင်း ခေါင်းညိတ်လိုက်လေသည်။

]]ညရေးညတာဆိုရင် အပြင်သိပ်မထွက်နဲ့၊ နောက်ပြီး အိမ်ထဲမှာ ဘာသံကြားကြား အခန်းတံခါးကို သေချာပိတ်ပြီးတော့ အိပ်နေနော်}}

အမေ့စကားကိုကြားပြီး မို့မို့ထူးဆန်းသွားမိသည်။

}}ဘာလို့လဲအမေ၊ အိမ်မှာဘာဖြစ်နေလို့လဲ}}

]]ဘာမှမဖြစ်ပါဘူး၊ လူမနေတာကြာပြီဆိုတော့ ခိုတွေငှက်တွေ အောင်းနေလို့ပါ၊ သမီးတို့ကြောက်မှာစိုးလို့ အမေက ကြိုပြောထားတာ}}

}}ရပါတယ်အမေ၊ သမီးမကြောက်ပါဘူး}}

ထမင်းစားပြီးတော့ စကားတွေမပြောကြတော့ဘဲ အိပ်ဖို့အခန်းထဲဝင်လာသည်။ အမေကလည်း သူ့အခန်းထဲဝင်သွားသည်။ မီးရပြီဆိုတော့ မို့မို့က မီးဆင်ဖို့ စိတ်ကူးမိသည်။ သို့သော် အိမ်ကြီးက အခန်းတွေအလွန်များသည်။ အခန်းတိုင်းမီးဆင်မည်ဆိုလျှင် ကုန်ကျစရိတ်မသေးလှပေ၊ ထို့အတွက်ကြောင့် လူနေသည့် အောက်ထပ်ကိုတော့ မီးဆင်ဖို့ စိတ်ကူးမိသည်။ သားငယ်က တက်ဘလက်ကြည့်နေသည်။ မို့မို့က ဖုန်းလေးကိုကောက်ယူလိုက်ပြီး နေ့လည်က ကိုအောင်ပေးခဲ့သော လိပ်စာကဒ်ထဲမှ ဖုန်းအား ဖုန်းအတွင်းတွင် မှတ်သားကာ သိမ်းဆည်းထားလိုက်လေသည်။

(၈)

“တောင် . . . တောင် .. . . တောင်”

တစ်မိုးသောက်ပြန်ပြီ။ မို့မို့လည်း ထနေကျအတိုင်း ပုံမှန် အိပ်ရာမှ ထလိုက်သည်။ သားငယ်က မနိုးသေးပေ။ မို့မို့က ခြံထဲထွက်ခဲ့သည်။ ကျေးငှက်သာရကာများက နံနက်ခင်းတွင် တွန်ကြူးနေကြသည်။ ခြံထဲတွင် သစ်ပင်ကြီးများရှိသလို၊ မြေအလွတ်တွင်လည်း ပေါင်းမြက်များက တောထပြီး ထူထပ်စွာပေါက်ရောက်နေသည်။ အိမ်အရှေ့တွင် ကွင်းပြင်ကလေးတစ်ခုလည်းရှိသေးသည်။ ငယ်ငယ်က မို့မိုကတို့ မောင်နှမတစ်တွေ ထိုနေရာတွင် အတူဆော့ကစားခဲ့ကြသည်။ အခုတော့ မြက်ရိုင်းရှည်များပေါက်နေသည့် မြက်တောကြီးဖြစ်နေလေပြီ။ မို့မို့က အိမ်အနီးရှိသည့် အမှိုက်များကို သိမ်းဆည်းစုပုံလိုက်ပြီး မီးပုံရှို့လိုက်သည်။

ထို့နောက် အိမ်ထဲသို့ဝင်လိုက်ပြီး အမေ့အခန်းတံခါးကို ဖွင့်လိုက်သည်။ သို့သော် အခန်းတံခါးက အတွင်းမှ ချက်ချထားသည်မို့ မပွင့်ပေ။ အမေလည်း နိုးသေးပုံမပေါ်သည်မို့ မို့မို့တစ်ယောက် မိုးဖိုထဲဝင်လိုက်ကာ မီးသွေးမီးဖိုနှင့် ထမင်းအိုးတည်လိုက်ပြီး အိမ်သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်ရတော့သည်။ အိမ်ကြီးမှာ တစ်အိမ်လုံးဖုန်တွေတက်နေပြီး ပင့်ကူအိမ်တွေက ဗရပွနှင့်ဖြစ်နေသည်။ အမေက သန့်ရှင်းရေးမလုပ်ဘူးလားလို့တောင် ထင်လိုက်ရသည်။ သို့သော်လည်း အမေမှာအသက်ကြီးနေပြီး တစ်ကိုယ်တည်းနေနေရသဖြင့် ဒီအိမ်ကြီးကို သန့်ရှင်းရေးမလုပ်အားတော့ခြင်းဖြစ်မည်ဟုသာ ဖြည့်တွေးလိုက်မိသည်။

အပေါ်ထပ်ဆိုလျှင် မို့မို့ရောက်ကတည်းက တစ်ခါမှမတက်ဖြစ်။ လှေကားမှ မော့ကြည့်လိုက်ရာ အပေါ်ထပ်တစ်ထပ်လုံးမှောင်ပိန်းနေသည်။ မျက်လုံးကိုဝေ့ဝိုက်ကြည့်နေရင်း မို့မို့စိတ်တွေခြောက်ချားလာခဲ့သည်။ တစ်စုံတစ်ခုက သူ့အားကြည့်နေသလိုခံစားရပြီး မလုံမလဲဖြစ်နေမိသည်။ သို့နှင့် အပေါ်ထပ်သို့တက်စရာအကြောင်းမရှိဘူးဟု တွေးလိုက်ကာ မို့မို့က အောက်ထပ်သို့ ပြန်ဆင်းလာခဲ့ပြီး အောက်ထပ်ကို အရင်ဆုံးသန့်ရှင်းရေးလုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ အောက်ထပ်တွင် တိုလီမိုလီပစ္စည်းများထားသော စတိုခန်းလေးရှိသည်။ ထိုအခန်းလေးထဲသို့ ဝင်လိုက်ပြီး အခန်း ပြတင်းပေါက်ကို မနည်းတွန်းဖွင့်လိုက်သည်။ အခန်းထဲတွင် ပစ္စည်းတွေ ဖရိုဖရဲဖြစ်နေသည်။ အခန်းထောင့်တွင်တော့ မို့မို့ငယ်ငယ်ကစီးသည့် ဖီးဆင့် စက်ဘီးလေးရှိသည်။ စက်ဘီးမှာ အိုဟောင်းနေပြီး တာယာတွေက လေမရှိတော့။ ထိုစက်ဘီးလေးကိုအပြင်သို့ သယ်ထုတ်ရင်း အတိတ်ကအကြောင်းအရာတွေဆီသို့ စိတ်ကပြန်ရောက်သွားသည်။

(၉)

“ဖေဖေ သမီးစက်ဘီးလိုချင်တယ်”

မို့မို့က လာမည့်နှစ်ရှစ်တန်းတက်တော့မည့်အချိန်ဖြစ်သည်။ ကျောင်းနှင့်အိမ်က အတော်လှမ်းသည်။ အိမ်က မြို့ပြင်ဖက်တွင်သီးသန့်ဖြစ်နေသလို ကျောင်းကလည်း တောင်ကုန်းကလေးနှင့်ဆန့်ကျင်ဘက် မြို့အစွန်တွင် ရှိနေသောကြောင့် အကွာအဝေးအားဖြင့် လေးမိုင်ခန့်ကွာဝေးသည်။

“ကုလားကြီးနဲ့ သွားရတာအဆင်မပြေဘူးလား”

ဖေဖေက စာအုပ်ဖတ်နေရင်း မို့မို့ကိုကြည့်ကာမေးသည်၊ ကုလားကြီးဆိုသူက မြင်းလှည်းဆရာဖြစ်သည်။ ဖေဖေက မြင်းလှည်းဆရာကို ကျောင်းသွားကျောင်းပြန်ကြိုခိုင်းထားသဖြင့် h မို့မို့နှင့်အတန်းငယ်သည့် ညီမများက အတူတူမြင်းလှည်းဖြင့် ကျောင်းသွားရသည်။ အကိုတွေကတော့ စက်ဘီးတစ်ယောက်တစ်စီးရှိသည်မို့ ကျောင်းသွားသည့်အခါ ကိုယ့်စက်ဘီးကိုယ်စီးကာ သွားကြလေသည်။

“ညည်းလဲ အထက်တန်းရောက်ပြီဆိုတော့ စက်ဘီးစီးချင်မှာပေါ့။ နင့်အကို စီးပြီးသားစက်ဘီးအကျစီးပေါ့”

အမေကကြားဝင် ပြောလိုက်သောကြောင့် မို့မို့နှုတ်ခမ်းစူသွားသည်။ အကိုကြီးတွေ စီးသည့်စက်ဘီးမှာ ယောက်ျားစီး မောင်ဗမာစက်ဘီးတွေ ဖြစ်သည်။ အမေက ဝယ်မပေးချင်ဘူးဆိုတာ သိလိုက်သဖြင့် မို့မို့က လှည့်ထွက်လာခဲ့သည်။

မို့မို့တို့ ငယ်ငယ်က စက်ဘီးခေတ်ဖြစ်သည်။ စက်ဘီးတောင် လူတိုင်းမစီးနိုင်၊ ယခုခေတ်တော့ ဆိုင်ကယ်ကိုလူတိုင်းနီးပါးစီးနိုင်သည်။ ထိုခေတ်ကတော့ တရုတ်ဘီးအသစ်တောင်မှ လူတိုင်းသိပ်မစီးနိုင်ကြ တရုတ်ဘီး၊ ကုလားဘီး တစ်ပတ်ရစ်များကိုသာအစီးများသည်။ မြန်မာပြည်မှ ထုတ်သည့် မောင်ဗမာ စက်ဘီးများလည်း အစီးများကြသည်။ မောင်ဗမာစက်ဘီးမှာ ယောက်ျားစီး ဘားတန်းကြီးပါသဖြင့် မိန်းကလေးများ မစီးကြ။ ထိုခေတ်က ဖီးဆင့်စက်ဘီးများ ခေတ်စားသည်။ အသစ်ဆို ဈေးတော်တော်ကြီးသည်။ မိန်းကလေးများက ဖီးဆင့်အစီးများသည်။

ကျောင်းဖွင့်ဖို့ တစ်ပတ်အလို။ မို့မို့က အိမ်နောက်ဖေးတွင် ငါးခြောက်ခေါင်းများကို ချွေနေသည်။ မို့မို့တို့အိမ်တွင် လူများသည်မို့ မိန်းကလေးများက မီးဖိုချောင်ထဲက မထွက်ရသလောက်ပင်ဖြစ်သည်။ ထိုစဉ် ဖေဖေက မို့မို့ကိုလာခေါ်သည်။ မို့မို့ကလည်း အိမ်ရှေ့ကိုထွက်ခဲ့သည်။

]]ဟိုမှာကြည့်စမ်းသမီး}}

မို့မို့မျက်လုံးပင် မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။ ဆင်ဝင်အောက်တွင် ရပ်ထားသည်က ဖီးဆင့်စက်ဘီး အစိမ်းရောင်လေးဖြစ်သည်။ စက်ဘီးက အသစ်လေးဖြစ်ပြီး စတီးရောင်တွေ ပြောင်လက်နေသည်။ စက်ဘီးလက်ကိုင်နှင့် တန်းများတွင်လည်း ပန်းပွားကလေးများဖြင့် အလှဆင်ထားသေးသည်။

“ဖေဖေ သမီး . .သမီး”

မို့မို့က စကားပင်မပြောနိုင်အောင်ဖြစ်နေသည်။

“ဟုတ်တယ် သမီးရဲ့ ဒါသမီးဖို့”

မို့မို့ အရမ်းပျော်ရွှင်သွားပြီး တစ်အိမ်လုံးကို ပတ်ပြေးနေမိသည်။ မို့မို့က စက်ဘီးတော့စီးချင်သည်။ သို့သော် စက်ဘီးက သေချာမစီးတတ်သေး။ စက်ဘီးခြေနင်းကို တော့တော့ပြီး ခြံရှေ့ကွင်းပြင်တွင် ပတ်စီးနေသည်။ မို့မို့ အမေကတော့ အဖေ့ကို ပွစိပွစိလုပ်နေသည်။

မို့မို့ကို အကိုတွေက စက်ဘီးစီးမသင်ပေးချင်ကြ။ လူပျိုတွေက သူ့တို့ဘာသာသူတို့ ဟေးလားဝါးလားနေကြသည်။ မို့မို့ကို စက်ဘီးစီးသင်ပေးသူက ကိုအောင်ဖြစ်သည်။ ကိုအောင်က မို့မို့ထက် ငါးနှစ်ခန့် ကြီးသည်။ မို့မို့ အကိုထွေးလေး၏ သူငယ်ချင်းဖြစ်သည်။ အကိုသုံးယောက်အနက် အငယ်ဆုံးမို့ ကိုထွေးလေးဟု ခေါ်ကြသည်။ ကိုထွေးလေးက ယခုနှစ် ဆယ်တန်းတက်မည့်သူဖြစ်သည်။

ကိုအောင်က မို့မို့ကို စက်ဘီးနောက်ကနေ လိုက်ထိန်းပေးသည်။ လေးငါးရက်လောက်နေတော့ မို့မို့ကျွမ်းသွားပြီ။ မို့မို့က ထိုစက်ဘီးလေးကို နှမြောသည်။ ညီမငယ်တွေ စက်ဘီးကိုလက်နှင့် ထိတာကိုင်တာ မကြိုက်၊ နောက်ခုံတွင်လည်း မည်သူ့ကိုမျှ ပေးမထိုင်ပေ။ တစ်ရက်တော့ ကိုအောင်နှင့် တောင်ကုန်းအောက်ကို စက်ဘီးစီးထွက်ခဲ့သည်။ ကိုအောင်က သိပ်မကိုင်ပေးတော့ဘဲ လက်ကို လွှတ်ထားပေးသည်။

တောင်ကုန်းလေးကနေ ကားလမ်းပေါ်တက်ခဲ့သည်။ ကားလမ်းပေါ်တွင် ကားသိပ်မရှုပ်သေး။ မို့မို့ကမောင်းနေစဉ် အနောက်မှ ဒေါ့ဂျစ်ကြီးတစ်စီးက ဟွမ်းကို ပွမ်ခနဲ တီးလိုက်သည်။ မို့မို့လန့်သွားပြီး စက်ဘီးကို လမ်းဘေးကို ဆွဲချလိုက်သည်။ စက်ဘီးရပ်သွားသော်လည်း မို့မို့လက်တွေ အေးစက်နေပြီး တုန်နေလေသည်။

“ကားက သူ့ဖာသာသူသွားတာပါ မို့ရဲ့ ဘာကြောက်နေတာလဲ”

မို့မို့က ကားလမ်းတွင် စက်ဘီးမစီးဖူးသဖြင့် အလွန်ထိတ်လန့်နေလေသည်။ အပြန်တော့ ကိုအောင်စက်ဘီးနင်းသည်။ မို့မို့က အနောက်ကနေ ထိုင်ပြီးလိုက်ခဲ့သည်။ ရာသီဥတုက မိုးလေးတစ်ပြိုက်လောက်ရွာထားသဖြင့် အေးမြနေသည်။ ညနေစောင်းမို့ တိမ်တွေတောက်နေသည်။ လမ်းဘေးတွင်တော့ လယ်ကွင်းတွေက စိမ်းမြနေသည်။ လေနုအေးလေးက လယ်ကွင်းတွေကို ဖြတ်ပြီး မို့မို့ပါးကိုလာခတ်သည်။ ငှက်တွေကလည်း အိပ်တန်းတက်ရန် အုပ်ဖွဲ့ပျံသန်းနေကြပြီ။

မို့မို့ ထိုအချိန်ကလေးကို ယခုတိုင် မျက်လုံးထဲ စွဲနေသည်။ ဘာကိုလွမ်းလို့ လွမ်းမှန်းမသိဖြစ်လာသည်။ ကိုအောင်ကတော့ စက်ဘီးကိုနင်းနေဆဲဖြစ်သည်။

“ဟာ ဘရိတ်မမိတော့ဘူး၊ ဘရိတ်ပြတ်ပြီထင်တယ်”

ကိုအောင်က ရေရွတ်လိုက်သည်။ စက်ဘီးက ခါရမ်းသွားသည်။ မို့မို့လည်း ကြောက်ကြောက်နှင့် ကိုအောင့်ခါးကို အတင်းဖက်ထားလိုက်သည်။ စက်ဘီးက မောင်းရင်း လမ်းဘေးဆင်းသွားလိုက် ပြန်တက်လာလိုက်၊ ဘယ်ညာယိမ်းကာ တုန်ခါနေလိုက် ဖြစ်နေသည်။ ကားလမ်းမကြီးဖြစ်သဖြင့် ဘေးနားတွင် ကားကြီးတွေက ဝေါခနဲဖြတ်သွားတိုင်း မို့မို့ကကြောက်ပြီး ကိုအောင့်ခါးကို တင်းတင်းဖက်ထားလိုက်မိသည်။ အိမ်ရှေ့သို့ရောက်မှသာ မို့မို့ သက်ပြင်းချနိုင်တော့သည်။ လမ်းတွင်လဲ ရွတ်လိုက်ရသည့်ဘုရားစာ။

“ကဲ ဆင်းတော့ ရောက်ပြီ၊ မြန်မြန်ဆင်း”

မို့မို့လက်တွေက ကိုအောင့်ကိုဖက်ထားမြဲဖြစ်နေသည်။

“တကယ်ပဲ ဘယ်လိုကောင်မလေးလဲမသိဘူး၊ ကြာရင်ငါတော့ ခါချဉ်ဖြစ်တော့မှာပဲ”

“ဘာလို့ ခါချဉ်ဖြစ်မှာလဲ ကိုအောင်ရဲ့”

“နင်က ငါ့ခါးကို တအားဖက်ထားတော့ ခါးလေးသိမ်သွားပြီး ခါချဉ်လို ခါးလေးဖြစ်သွားမှာပေါ့ဟဲ့”

မို့မို့လည်း ရယ်လိုက်ပြီး ရှက်ရှက်နှင့် စက်ဘီးပေါ်မှဆင်းပြီး အိမ်ထဲပြေးဝင်သွားလေသည်။ နောက်တော့မှသိရသည်က စက်ဘီးက ဘရိတ်ပျက်ခြင်းမဟုတ် ကိုအောင်က မို့မို့ကြောက်သည်ကို သိ၍ တမင်စနောက်လိုက်ခြင်းဖြစ်သည်။

စက်ဘီးလေးနှင့် ကြုံတွေ့ခဲ့သည့်အမှတ်တရများကိုတွေးနေရင်း မို့မို့သတိကပ်သွားသည်။ အခုတော့ စက်ဘီးလေးက အိုဟောင်းနေပြီဖြစ်သည်။ အချို့နေရာတွေက သံချေးတွေကိုက်နေပြီးပျက်စီးနေသည်။ မို့မို့အပြင်ထုတ်လိုက်ပြီး အိမ်ရှေ့တွင် နံရံနှင့်ကပ်ပြီးရပ်ထားလိုက်သည်။ စက်ဘီးစပုတ်တံတွေက တစ်ခုမှမကောင်းတော့။ မို့မိုက စက်ဘီးလေးကို ပြန်ထုတ်လိုက်တာက တခြားတော့မဟုတ်၊ ဟိုနားသည်နား၊ ဈေးဝယ်ဘာဝယ်ဆိုလျှင် စက်ဘီးလေးရှိတော့ မြန်မြန်ဆန်ဆန်သွားနိုင်မည်ဖြစ်သည်။

(၁၀)

“ကိုအောင့်ကိုဖုန်းဆက်ဦးမှပဲ”

မို့မို့က အခန်းထဲပြန်ဝင်လိုက်သည်။ သားငယ်က နိုးနေပြီဖြစ်သည်။ မို့မို့က ကိုအောင့်ကိုဖုန်းဆက်လိုက်သည်။

“ဟယ်လို”

“ကိုအောင် မို့ပါ”

“ဪ . . မို့ပြောလေ ကိုအောင်ဘာကူညီရမလဲ”

“မီးတော့လာပြီကိုအောင်ရဲ့ မီးလုံးတွေ မီးချောင်းတွေက တစ်ချောင်းမှမကောင်းဘူး၊ အဲဒါ ကိုအောင်အသိထဲမှာ မီးပြင်တဲ့လူရှိရင် တစ်ယောက်လောက် လွှတ်ပေးလို့ရမလား”

“အင်း နေ့လည်ကျ ကိုအောင်လွှတ်ပေးလိုက်မယ်နော်”

ထို့နောက် သားအမိနှစ်ယောက် မနက်စာစားရန် အိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲရောက်တော့ အမေ့အခန်းလေးက သော့ခလောက် ခတ်ထားတာကိုတွေ့လိုက်ရသည်။ အမေကတော့ အိမ်နောက်ဖေးတွင် ရောက်နေပြီထင်သည်။ မနက်စာကတော့ ထွေထွေထူးထူးမဟုတ် ထမင်းနှင့်ငါးခြောက်ကြော်ဖြစ်သည်။ သားငယ်အတွက်ကတော့ ဈေးထဲက ဝယ်ခဲ့သည့် ကွေကာနှင့် နို့မှုန့်ကို ရေနွေးနှင့်ဖျော်ပြီး ဖျော်စပ်ပေးလိုက်ခြင်းဖြစ်သည်။

“အမေ နေ့လည်ကျရင်တော့ ထမင်းစားခန်းထဲ စားရအောင်”

မို့မို့ကပြောလိုက်သည်။ နောက်ဖေးမီးဖိုချောင်မှာ ရှုပ်ပွနေပြီး ညစ်ပတ်နေသည်။ ထို့ကြောင့် မို့မို့ကမစားချင်၊ သားငယ်ကလည်း အသန့်ကြိုက်သဖြင့် ရွံနေလေသည်။

ထမင်းစားခန်းကို သန့်ရှင်းရေးလုပ်မည်ဟု တွေးလိုက်သည်။ သားငယ်ကလည်း ပျင်းနေသဖြင့် ဝင်ကူမည်ဖြစ်သည်။ အမေကတော့ အနောက်ကနေ ထိုင်ကြည့်နေသည်။ ထမင်းစားခန်းထဲဝင်လိုက်ပြီး တံခါးတွေကို လိုက်ဖွင့်ရသည်။ တံခါးတွေမှာ တပ်ထားသည့် နိုင်ငံခြားဖြစ် ကုလားကာတွေကတော့ ဟောင်းနေပြီဖြစ်သည်။ ကုလားကာတွေကို ခုံနဲ့တက်ပြီး ဖြုတ်ချလိုက်သည်။ ဖုန်တထောင်းထောင်းနှင့် ကုလားကာတွေက ကွာကျကုန်သည်။ သားငယ်က ဖုန်မွှန်သဖြင့် နှာခေါင်းကိုပိတ်ထားသည်။ ထမင်းစားခန်းကြမ်းပြင်က ကျောက်သားများကဲ့သို့ပြောင်လက်နေသည်။ ကြမ်းပြင်တွင် ရောင်စုံ ဖန်စ မှန်စလေးများဖြင့် အလှဆင်ထားသေးသည်။

ပြတင်းပေါက်များဖွင့်လိုက်တော့ အခန်းကလင်းချင်းသွားသည်။ နံရံတွင် မှန်ဗီရိုကြီးငါးလုံးကို စီထားပြီး အထဲတွင် ပန်းကန်ပြားများ၊ ကြွေပန်းကန်လုံးများ၊ ဖန်ထည်ပစ္စည်းများက အကောင်းအတိုင်းရှိသေးသည်။ အံဆွဲများထဲတွင်လဲ ကြွေဇွန်းများ၊ ကြေးဇွန်းများပါတွေ့ရသည်။

ထမင်းစားခန်းစားပွဲခုံကြီးမှာတော့ ငယ်ငယ်ကအတိုင်းတည်ရှိနေလေသည်။ ပေါ်လစ်တွေကတော့ တစ်ချို့နေရာတွင် ပျက်နေပြီဖြစ်သည်။ ကျွန်းထိုင်ခုံကြီးတွေကလဲ အခန့်သားရှိသေးသည်။ မို့မို့က ထိုင်ခုံတွေကို ရေတွက်လိုက်တော့ ဆယ့်ကိုး ခုံရှိသည်။ ဖေဖေထိုင်သည့် စားပွဲထိပ်က ကျွန်းခုံကြီးကို အဝတ်တစ်ခုဖြင့် ပွတ်လိုက်သည်။ မို့မို့ ကတစ်ခန်းလုံးကို လှည်းကျင်းပြိး ပင့်ကူအိမ်တွေကို ဝါးလုံးတစ်ချောင်းဖြင့် ထိုးချရသည်။ သားငယ်ကတော့ အဝတ်တစ်ခုဖြင့် ထိုင်ခုံတွေကို ပွတ်နေသည်။

“မေမေရယ် ထိုင်ခုံတွေကလည်း အတွန့်တွေ အတက်တွေနဲ့ ပွတ်ရတာခက်လိုက်တာ”

သားငယ်ပြောတော့ မို့မို့က ပြုံးလိုက်သည်။ ထိုင်ခုံများမှာ နောက်ကျောမှီတွင် ပွတ်လုံးများ၊ ပန်းပေါက်များဖြင့် အလှဆင်ထားသဖြင့် ပွတ်ရတာခက်သည်။

“အမေလေးသားရယ်၊ မေမေတို့ ငယ်ငယ်ကဆိုရင် အဲဒီခုံတွေကို နေ့တိုင်းပွတ်ရ၊ သန့်ရှင်းရေးလုပ်ရတာပါ”

မို့မို့က ပြန်ပြောလိုက်သည်။ သားငယ်ကတော့ ဘာမှမပြောတော့ပဲ ထိုင်ခုံကိုသာပွတ်နေလေသည်။ မို့မို့က မှန်ဘီဒို ကြီးများမှ မှန်များကိုပြောင်လက်သွားအောင် ပွတ်လိုက်သည်။ ထမင်းစားခန်းတွင် ပြတင်းပေါက် ခြောက်ပေါက်ရှိသည်မို့ နေ့ခင်းဘက်တွင် အလင်းရောင်ကောင်းစွာရသည်။ တောင်ကုန်းလေးဖြစ်သဖြင့် လေကလည်း အေးနေအောင် တိုက်လေသည်။ မို့မို့လည်း ထမင်းစားခန်းကို အကြမ်းဖြင်းသာ သန့်ရှင်းရေးလုပ်နိုင်သည်။

ထမင်းစားဖို့ ကြွေပန်းကန်အကောင်းစားများကိုထုတ်လိုက်သည်။

“အမေရယ် ဘာလို့ ဒါတွေကို သိမ်းထားနေတာလဲ ထုတ်သုံးပေါ့”

မို့မို့က အမေ့ကိုပြောလိုက်သည်။ အမေက ထမင်းစားခန်းရှိ ခုံတစ်လုံးတွင် ထိုင်နေသည်။

“အဲဒါ နင်တို့အဘိုးလက်ထက်ထဲက သိမ်းထားတဲ့ပန်းကန်တွေ၊ အိမ်ကိုလူကြီးတွေ ဧည့်သည်တွေလာရင်ဧည့်ခံဖို့ သိမ်းထားတာ”

မို့မို့ ကခေါင်းကိုခါလိုက်သည်။ အနားတွင်ရွှေရေးတပ်ထားသည့် အီတလီထုတ် ကြွေပန်းကန် ငါးချပ်လောက်ထုတ်လိုက်သည်။ တရုတ်ဖြစ် ဖြူဆွတ်နေသော ကြွေထည်ပန်းကန်လုံးများနှင့် ကြွေဇွန်း၊ ကြေးဝါ ဇွန်းခရင်းတွေကို ထုတ်လိုက်သည်။

နေ့လည်ထမင်းစားတော့ ထိုပန်းကန်တွေနဲ့ ထုတ်စားသည်။ သားငယ်က ထူးဆန်းစွာဖြင့် ကြည့်နေသည်။

“မေမေ ပန်းကန်တွေက အထူကြီးတွေနော်၊ ဇွန်းကလည်း ရွှေဇွန်းကြီးလား”

သားငယ်က ကြေးဝါဇွန်းတွေကို ထူးဆန်းနေသည်။ ဒါတောင် မို့မို့က မန်ကျည်းမှည့်နှင့် ဆေးထားသည်မို့၊ ကြေးပွတ်ဆေးနှင့် ပွတ်လိုက်ပါက ထို့ထက်ပြောင်လက်သွားမည်။ မို့မို့တို့သားအမိက စားပွဲတစ်ဖက်တွင်ထိုင်သည်။ အမေကတော့ မို့မို့တို့နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်သည်။ မို့မို့က ထမင်းစားပွဲထိပ်တွင် ရှိသော ထိုင်ခုံနေရာကိုကြည့်လိုက်သည်။ မို့မို့တို့ တစ်သက်လုံး ထိုထိုင်ခုံကို ဖေဖေမှလွဲ၍ မည်သူမျှ မထိုင်ခဲ့ကြ၊ မထိုင်ဝံ့ကြ။

“ဪ ဖေဖေရယ်”

မို့မို့အတွေးတွေက ပျံ့လွင့်သွားပြန်သည်။

“ဒေါ်လေးရေ၊ ကြီးကြီးရေ ညစာစားတော့မယ်”

ငယ်ငယ်က ညစားစားတော့မည်ဆိုလျှင် တစ်အိမ်လုံးက လူတွေကို လိုက်ခေါ်ရစမြဲဖြစ်သည်။ မို့မို့တို့ ထမင်းစားတိုင်း လူစုံတက်စုံ စားပွဲဝိုင်းတွင် ထိုင်စားရသည်။ အပြင်းအထန် နေမကောင်းဖြစ်သူမှတစ်ပါး တစ်အိမ်သားလုံး စုံလင်စွာ ထမင်းစားရသည်။ မနက်ပိုင်းတွင် လူမစုံသည်ကများသည်။ ညပိုင်းတွင်တော့ လူစုံမှ ထမင်းစားကြတာ ထုံးစံဖြစ်နေသည်။ ညနေ ခုနစ်နာရီဆိုလျှင် ပုံမှန်ထမင်းစားချိန်ဖြစ်သည်။

ပုံမှန်ထမင်းစားချိန်မှန်း တစ်အိမ်လုံးသိသော်လည်း ကလေးများက အိမ်မှလူများအား ထမင်းစားရန်လိုက်ခေါ်ရခြင်းက တာဝန်တစ်ခုဖြစ်လေသည်။ မို့မို့ငယ်ငယ်ကတော့ မို့မို့ခေါ်သည်။ ညီမလေးတွေကြီးလာတော့ သူတို့ကလိုက်ခေါ်စမြဲ။ မို့မို့တို့မိန်းကလေးတွေကတော့ မီးဖိုချောင်ထဲတွင် ညနေဆို ပြာယာခတ်နေပြီ။ ထမင်းစားဖို့ ပြင်ဆင်ကြရသည်။ ဟင်းတွေကို ပန်းကန်တွေနှင့် ခူးခတ်ရသည်။ လူများပြီး ခုံကလဲ ခုံရှည်ကြီးမို့ ဟင်းတစ်မျိုးကို သုံးလေးခွက်ခပ်ပြီး ထမင်းစားပွဲတွင် ပြင်ဆင်ရသည်။

ယောက်ျားလေးတွေက ထမင်းစားပွဲရောက်နေသည့်တိုင် ဝိုင်းမကူကြ။ မိန်းကလေးတွေသာ အိမ်အလုပ်လုပ်ကြရသည်။ ထမင်းစားသည့်အခါ အသားဟင်း၊ ငါးဟင်း၊ အသီးအရွက်ကြော်၊ ဘာလချောင်ကြော်၊ အရည်သောက်ဟင်း စသည်ဖြင့် ပါရသည်။ မို့မို့တို့ အိမ်တွင် ငပိရည် တို့စရာ စားလေ့မရှိ၊ ဘာလချောင်ကြော်သာ စားကြသည်။ ထမင်းဝိုင်းတွင် လူစုံပြီး ငါးမိနစ်လောက်ကြာမှ ဖေဖေက ဆင်းလာပြီး ထိပ်ခုံတွင် ထိုင်လိုက်သည်နှင့် ထမင်းစားပွဲစပြီဖြစ်သည်။ မေမေက ဖေဖေ့ကို ထမင်းခူးထည့်ပေးသည်။ ကျန်သည့်သူတွေကတော့ ထမင်းကို နီးစပ်ရာ ထမင်းအုပ်များထဲမှ ခူးခပ်ထည့်သည်။

ဇွန်းသံခွက်သံမကြားရအောင် စားရသည်။ ကလေးများထမင်းစားရင်း ပန်းကန်သံဇွန်းသံထွက်လျှင်တော့ ဖေဖေကခွင့်လွှတ်ပေးသည်။ လူပျိုပေါက် အပျိုပေါက်များ ဇွန်းသံပန်းကန်သံထွက်ရင်တော့ ဆူလေ့ရှိသည်။ မြန်မာထမင်းဝိုင်းနှင့် သိပ်မတူသည့်အချက်မှာ ထမင်းစားရင်း စကားပြောကြခြင်းဖြစ်သည်။ ဖေဖေနှင့် မေမေက အလုပ်ကိစ္စများ၊ လူမှုရေးအကြောင်းများပြောသည်။ ထို့နောက် သားသမီးများအား မေးစရာရှိလျှင်မေးသည်။ မို့မို့တို့မောင်နှမချင်း ညီအမချင်း ရောက်တတ်ရာရာ ပြောရင်းထမင်းစားကြသည်။ များသောအားဖြင့် ဇွန်းခက်ရင်းဖြင့်သာ ထမင်းစားကြခြင်းဖြစ်သည်။

“ညည်းတို့ ထမင်းစားတာလဲတော် လက်ပံပင်ဆက်ရက်ကျတဲ့အတိုင်းပဲ နားဆူလိုက်တာ”

အမေ့ဖက်မှ အမျိုးများလာလျှင် ထိုသို့ပြောဆိုကြသည်။ အမေ့ဖက်က အမျိုးတွေက ဇတ်သဘင်မျိုးဖြစ်သောကြောင့် စကားပြောလျှင် ဇတ်ဟန်နှင့် မာန်နှင့် စကားပြောတတ်ကြသည်။ သို့သော် မြန်မာလူမျိုးများပီပီ ထမင်းစားလျှင်လက်ဖြင့်စားသည်။ ငါးပိရည်တို့စရာစားသည်။ ထမင်းစားလျှင်လည်း အရမ်းမြန်သည်။ စကားမပြောဘဲ အသံတိတ်ပြီး ထမင်းသာကြိတ်စားသည်။ မို့မို့တို့နှင့်တော့ ဆန့်ကျင်ဘက်၊ မို့မို့တို့က ထမင်းလေးတစ်လုပ်စားလိုက် ဟင်းရည်လေးသောက်လိုက် စကားလေးပြောလိုက် ဟင်းတုံးလေးဖဲ့လိုက်နှင့် စားကြခြင်းဖြစ်သည်။ ထမင်းစားသည့်အခါလည်း ပလုပ်ပလောင်းမစားကြဘဲ ဝါးကောင်းရုံသာထည့်ဝါးသည်။ မို့မို့တို့ ထမင်းစားပွဲရှိ အပြုအများမှာ အင်္ဂလိပ်များ၏ အပြုအမူများဖြစ်ပြီး ဘိုးအေကြီးရှိစဉ်ကတည်းက ကျင့်သုံးခဲ့သည်ဟု အမေကပြောဖူးသည်။

တစ်နာရီမျှ ထမင်းစားပြီးသောအခါ ထမင်းဝိုင်းပြီးပြီ၊ မိန်းကလေးများက ထပြီး စားပြီးသားပန်ကန်များကို သိမ်းရသည်။ ဟင်းခွက်များကို ပြန်သိမ်းရသည်။ ကျန်နေသည့် ဟင်းများကို ဇလုံတွေထဲထည့်ပြီးပေါင်းရသည်။ ပြီးတော့ အသင့်ပြင်ထားသည့် အချိုပွဲတွေထုတ်ရသည်။ များသောအားဖြင့် အသီးများ၊ ကိတ်မုန့်များ၊ မြန်မာမုန့် ဆနွင်းမကင်းများဖြစ်သည်။ ကော်ဖီ လက်ဖက်ရည်တော့ အချိုပွဲတွင် မသောက်ကြ။ ထိုအချိုမုန့်ပန်းကန်များအား စားပွဲတွင်ချပြီး ထပ်မံအချိုဝိုင်းဖွဲ့ကြသည်။ ထမင်းစားပြီးသော် အခြားသူများ စားမပြီးခင် ထမင်းဝိုင်းမှ အကြောင်းထူးမရှိဘဲ ထမသွားရပေ။ ဖေဖေက ဆူတတ်သည်။ ထမင်းစားပွဲပြီး အချိုဝိုင်းလာလျှင်တော့ မစားလိုလျှင် ထသွားနိုင်သည်။

ထမင်းစားပြီးတော့ ပန်းကန်တွေက အိမ်နောက်ဖေးမှာ တောင်လိုပုံနေပြီ။ ထိုပန်းကန်များကို ပန်းကန်ဆေး အလှည့်ကျသည့်သူက ဆေးရသည်။ များသောအားဖြင့် ယောက်ျားလေးများ ပန်းကန်မဆေးကြ။ ဖေဖေက အပြစ်ပေးသည့်အခါ ပန်းကန်ဆေးရသည်။ မိန်းကလေးများကတော့ လက်ကို ပဲကြီးရေတွန့်အောင် ပန်းကန်ဆေးရသည်။ ပန်းကန်ဆေးပြီးတော့ ပန်းကန်များကို အဝတ်ဖြင့် ခြောက်သွားအောင်သုတ်ရသည်။ ထို့နောက် ပန်းကန်စင်တွင် တင်ရသည်။

ပန်းကန်တစ်ချပ်ကွဲလျှင် ဖေဖေက ထိုပန်းကန်တန်ဖိုးကို ကွဲသွားသည့်လူ၏ မုန့်ဖိုးထဲမှာ ရက်သုံးဆယ် နဲ့စားပြီး တစ်နေ့ကို နည်းနည်းနှုတ်လေသည်။ ထို့ကြောင့်ပန်းကန်ကွဲမှာ သိပ်ကြောက်သည်။ နောက်ပိုင်းကြီးသွားတော့မှ ဖေဖေက ပန်းကန်တန်ဖိုးတွေကို လျှော့ပြီးတွက်ကြောင်းသိရသည်။ ပန်းကန်တန်ဖိုးအတိုင်းတွက်ပါက တစ်နှစ်လုံး မုန့်ဖိုးငတ်မည်ဟု ကြီးဒေါ်ကြီးက ပြောဖူးလေသည်။

(၁၁)

နေ့လယ်ခင်းကျတော့ ကိုအောင်ရောက်လာသည်။ လက်ထဲတွင်လည်း မီးလုံးများ မီးချောင်းများ ကိုင်ထားပြီး ဆိုင်ကယ်တွင်လည်း မီးကြိုးခွေများနှင့် လိုအပ်တာများ ယူလာလေသည်။

“ဟင် ကိုအောင် ကိုယ်တိုင်လာတာလား”

“အေး နင်တို့တောင်ကုန်းဆို ငါကလွဲလို့ ဘယ်သူမှမလာရဲဘူးမှတ်”

ကိုအောင်က ပြောပြီး ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ ထို့နောက် အိမ်တွင်းတွင် မီးဆင်လေသည်။ မီးကြိုးများမှာ ပေါက်ပြဲနေသည်။ ကိုအောင်က မီးကြိုးအသစ်တွေဆင်ပြီး မီးချောင်းကိုတပ်လိုက်သည်။ ထို့နောက် မီးခလုပ်ကို နှိပ်လိုက်လေသည်။

“အား”

ကိုအောင်မှ ဓါတ်လိုက်သွားပြီး နောက်ဆုတ်လိုက်လေသည်။ မီးခလုပ်မှာ အရင်ခေတ်ကသုံးသည့် မီးခလုပ်ခွက် မဲမဲကြီးဖြစ်သည်။

“နင်တို့အိမ်ကတော့ မရတော့ဘူး၊ မီးခလုတ်တွေအကုန်လုံး အသစ်ပြန်လုပ်မှ ရမယ်”

ကိုအောင်က ပြောဆိုရင်းခေါင်းကို ခါလိုက်လေသည်။

“ဆားဗစ်ကြိုးတွေကလည်း တွန့်လိမ်ပြီး ပေါက်ပြဲနေပြီ၊ ဒီလိုလုပ်ဟာ လျှပ်စစ်ရုံးကိုဆက်သွယ်ပြီး မီးကြိုးအသစ်ပြန်ဆင်၊ နောက်ပြီးတော့ အိမ်တွင်းမှာလည်း မီးပြန်ဖွဲ့ပေါ့”

မို့မို့က တစ်ချက်စဉ်းစားပြီးခေါင်းညိတ်လိုက်သည်။ ကိုအောင်က သူယူလာသည့် ပစ္စည်းများကို ထားခဲ့ပြီး အိမ်ရှေ့ပြန်ထွက်လိုက်သည်။ ထိုအခါ အိမ်နံရံတွင် ရပ်ထားသည့် စက်ဘီးလေးကို မြင်လိုက်ရသည်။

“ဒါ မို့ စက်ဘီးမဟုတ်လား”

“ဟုတ်တယ်လေ၊ ခုတော့ ဘရိတ်မပျက်တော့ပါဘူး၊ စက်ဘီးက တစ်စီးလုံးပျက်နေပြီ”

မို့မို့ပြောလိုက်တော့ ကိုအောင်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

“အဲဒီတုန်းက နင့်မျက်နှာကို ငါမျက်လုံးထဲကကို မထွက်သေးဘူး၊ ခုထိမှတ်မိနေသေးတယ်”

မို့မို့ကလည်း လိုက်ပြီးရယ်မောလိုက်သည်။

“မို့က ဒီစက်ဘီးကို ဘာလုပ်မလို့လဲ”

“မို့ပြန်စီးမလို့လေ၊ ဒီကနေ မြို့ထဲဆို နည်းနည်းလှမ်းတော့ စက်ဘီးလေးဘာလေးရှိမှ အဆင်ပြေမလားလို့ပါ”

“နင်ကလဲဟာ၊ ဆိုင်ကယ်စီးပေါ့။ အရစ်ကျနဲ့ရောင်းတဲ့ဆိုင်ရှိတယ်၊ ငါအာမခံပေးမယ်လေ”

မို့မို့ ကခေါင်းကိုခါလိုက်သည်။

“ကိုအောင်ရဲ့စေတနာကို နားလည်ပါတယ်၊ ဒါပေမယ့် မို့မို့ ဒီစက်ဘီးလေးကိုပဲ ပြန်စီးချင်တယ်”

“ကောင်းပြီလေ ဒါဆိုရင်လည်း ကိုအောင်ယူသွားမယ် ပြင်ဆိုင်မှာပြင်ပြီး ပြန်ပို့ပေးလိုက်မယ်”

ကိုအောင်က စက်ဘီးလေးကို ဆိုင်ကယ်စီးရင်း လက်တစ်ဖက်က ကိုင်သွားမည်ဖြစ်သည်။ ကိုအောင်က ပြန်ခါနီးမေးလိုက်သည်။

“ဪဒါနဲ့ အဒေါ်ရော မတွေ့ပါလား”

“ဟုတ်ပ အမေဘယ်ရောက်နေလဲ၊ အခန်းထဲများဝင်နေသလားမသိ”

ကိုအောင်က ဘာမှမပြောတော့ပဲ ဆိုင်ကယ်လေးကို မောင်းထွက်သွားသည်။

မို့မို့လည်း အိမ်ထဲပြန်ဝင်လိုက်သည်။

“သားရေ . . .သား”

သားငယ်က ပြန်ထူးသံမကြား၊ မို့မို့က ပြာယာခတ်သွားသည်။ တစ်အိမ်လုံး အနှံ့ခေါ်ကြည့်သည်။ သို့သော် သားငယ်ကိုမတွေ့။ မို့မို့က အပေါ်ထပ်တက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မတက်သေးဘဲ ခေါ်ကြည့်လိုက်သည်။

“သားရေ . . . ကောင်းကောင်း”

”အမေရေ သားဒီမှာ”

ပြန်ထူးသံက အပြင်ဖက်မှဖြစ်သည်။ မို့မို့လည်း အိမ်အပြင်ကိုပြေးထွက်လိုက်ပြီး အသံကြားသည့် အိမ်နံဘေးသို့ပြေးလိုက်သည်။ အိမ်နံဘေးတွင် မြက်တွေက တောထနေသည်။ ထိုနံ့ဘေးတွင် သရက်ပင်အိုကြီးတစ်ပင်ရှိသည်။ သရက်ပင်ကြီးအောက်တွင် သားနှင့် ကောင်လေးတစ်ယောက် မတ်တပ်ရပ်နေသည်ကို တွေ့ရသည်။

မို့မို့ကပြေးသွားလိုက်သည်။ ကောင်လေးက အသက်က သားနှင့်မတိမ်းမယိမ်းဖြစ်မည်။ ရှပ်အကျီလက်တို တစ်ထည်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီအတိုလေးကိုလဲ ဝတ်ထားသည်။ အကျီများက ဟောင်းနွမ်းနေသည်။ ဆံပင်ကလည်း ရှည်လျားကာ ဘုတ်သိုက်နှင့်ဖြစ်သည်။

“သားက ဘယ်သူလဲ”

“မေမေ သူက ဖိုးမောင်တဲ့”

“သားက ဘယ်မှာနေတာလဲ”

“သားက ဟိုဖက် နှစ်ခြံကျော် ဝန်ကြီးခြံမှာနေပါတယ်။ ဖေဖေကတော့ အဲဒီခြံက ခြံစောင့်ပါ၊ ဒီနေ့ ဒီခြံဘက်လာဆော့ရင်း ကောင်းကောင်းနဲ့တွေ့လို့ စကားပြောနေတာပါ”

မို့မို့က ခေါင်းညိတ်လိုက်သည်။ မို့မို့လည်း အခုမှ စိတ်ချသွားသည်။ တောင်ကုန်းလေးပေါ်တွင် နေထိုင်သူများရှိပြီး သားတွင်အဖော်ရှိ၍ တော်သေးသည်။

“လာသားတို့ အိမ်ရှေ့မှာလာဆော့ မြက်တောထဲမဆော့နဲ့ မြွေကိုက်မယ်”

မို့မို့ကပြောလိုက်ပြီး ကလေးတွေကို ခေါ်လိုက်သည်။ ဖိုးမောင်က ကုတ်ချောင်းကုတ်ချောင်းနဲ့ လိုက်လာသည်။ ထို့နောက် ကလေးနှစ်ယောက်က ဆင်ဝင်တွင် ဆော့ကစားနေကြသည်။ မို့မို့ကလဲ ညနေစာချက်ပြုတ်ရန်အိမ်နောက်ဖေးသို့ဝင်ခဲ့သည်။

ဝန်ကြီးခြံဆိုသည်မှာ မဆလခေတ် ဝန်ကြီးတစ်ယောက် ဝယ်ပြီးနေထိုင်ခဲ့သောကြောင့် အများက ဝန်ကြီးခြံခေါ်ကြသည်။ ယခုတော့ ပိုင်ရှင်တွေ ရှိသေးမည်ထင်သည်။ သို့သော် ခြံစောင့်တွေသာ ထားခြင်းဖြစ်မည်။

ချက်ပြုတ်နေရင်း အမေရောက်လာသည်။

“အဲ့ကောင်လေးလည်း သနားပါတယ်၊ သူတို့က ခြံစောင့်တွေ၊ သူ့အဖေက အရက်သမား၊ သူ့အမေကလဲ ရွာထဲလှည့်ဈေးရောင်းတယ်။ ကလေးလေးကတော့ တစ်ယောက်ထဲ လျှောက်ပြီးဆော့နေတာပဲ”
အမေက ကန်စွန်းရွက်ခြွေရင်းစကားလာပြောသည်။

ညရောက်တော့ ထုံးစံအတိုင်း အိမ်ရှေ့လှေကားရင်း မီးတစ်လုံးလင်းသည်။ မို့မို့တို့ကတော့ ဖယောင်းတိုင်လေးနှင့် အိပ်စက်လိုက်သည်။ သို့သော် အိပ်မပျော်၊ အတွေးမျိုးစုံက ခေါင်းထဲဝင်နေသည်။ ဖုန်းကိုဖွင့်ကြည့်တော့ ညဆယ်နာရီကျော်နေပြီ၊ သားငယ်က ကွေးကွေးလေးအိပ်နေသည်။

ထိုစဉ်အပေါ်ထပ်မှ တစ်ယောက်ယောက် ဖြတ်ပြေးသံကြားသည်။ မို့မို့လည်း ခေါင်းနားပန်းကြီးသွားသည်။ ထိုသူက လှေကားကိုပြေးဆင်းလာသည်။ ထို့နောက် ပြန်ပြီးပြေးတက်သွားပြန်သည်။ မို့မို့က အမေလားလို့တွေးမိသေးသည်။ သို့သော်အမေက အသက်ကြီးပြီ ပြေးတက်ပြေးဆင်းလုပ်ဖို့ မဖြစ်နိုင်။ မို့မို့လည်း သူခိုးမှန်းသိလိုက်ပြီ။

“တို့အိမ်က ပစ္စည်းတွေ လာခိုးတာပဲဖြစ်မယ်”

မို့မို့ကရေရွတ်လိုက်ပြီးနောက် အခန်းထဲတွင် တုတ်တစ်ချောင်းကိုရှာသည်။ အခန်းထောင့်တွင် တစ်တောင်ခန့်ရှိသော သံပိုက်လုံးကလေးကိုတွေ့လိုက်ရသဖြင့် ဆုပ်ကိုင်လိုက်သည်။ မို့မို့က ဖုန်းက ဖလက်ရှ် မီးလေးကိုဖွင့်ပြီး လက်တစ်ဖက်တွင်ဆုပ်ကိုင်ထားသည်။ ထို့နောက် သံပိုက်လုံးလေးကို တင်းတင်းဆုပ်ပြီး တံခါးကို အသာလေးတွန်းဖွင့်ကာထွက်လာခဲ့လိုက်သည်။

အမေ့အခန်းက တံခါးပိတ်ထားသည်။ မို့မို့က အမေ့ကို လေသံလေးနှင့် နှိုးကြည့်သေးသည်။ သို့သော် ပြန်ထူးသံမကြားရ။ မို့မို့တစ်ယောက် အရဲစွန့်ပြီး လှေကားနားကိုလာခဲ့သည်။ ထိုစဉ်အပေါ်မှ လူတစ်ယောက်ပြေးဆင်းလာသည်။ ထိုသူသည် အနက်ရောင်ကို ဝတ်ဆင်ထားသည်ထင်သည်။ တစ်ကိုယ်လုံး မဲနက်နေသည်။ တစ်အိမ်လုံးကလည်း မှောင်မဲနေသည်။ ထိုလူသည် ပြေးဆင်းလာရင်း မို့မို့နှင့် မျက်နှာချင်းဆိုင်မိသည်။ မို့မို့ကလည်း စဉ်းစားမနေတော့ဘဲ အားကုန်လွှဲရိုက်ချလိုက်သည်။

“ဘုတ်”

ထိုလူကို ထိသွားပြီး ထိုလူက အောက်ထပ်လမ်းကြားသို့ပြေးလေသည်။ မို့မို့က မကြောက်တတ်သဖြင့် အနောက်ကနေလိုက်သွားသည်။ ဒေါသကလဲ ထွက်နေပြီ။ ထိုလူသည် မီးဖိုချောင်ဘက်ကို ဝင်သွားသည်။ မို့မို့လဲ မီးဖိုချောင်ဘက်ဝင်လိုက်သည်။ မီးဖိုချောင်တွင် ဘာမှမရှိတော့။ မီးဖိုချောင်တံခါးကလည်း ချက်ချထားသည်။ ခေါင်မိုးတွေက ပေါက်ပြဲနေသော်လည်း လူဝင်လို့ရသည့် အပေါက်မရှိ။ မို့မို့ ထိုအခါမှ ကျောချမ်းလာသည်။ ထမင်းစားခန်းကို တစ်ချက်ဝင်ကြည့်သည်။ အရာအားလုံးက ငြိမ်သက်လျှက်ရှိသည်။ အိမ်အောက်ထပ်က အခြားအခန်းများမှလဲ သော့ခတ်ထားသဖြင့် ဝင်ရန်မလွယ်၊ မို့မို့လဲ အခန်းထဲပြင်ဝင်လာပြီး ကုတင်ပေါ်တက်လိုက်သည်။ မို့မို့ကြောက်လန့်နေသည်။ ဘာကိုကြောက်လို့ ကြောက်မှန်းမသိဖြစ်နေသည်။ သူရိုက်လိုက်တာ လူလား သရဲလား။

မိုးလင်းပြီ။ နေရောင်ခြည်တွေက အခန်းပြတင်းမှန်များမှ တဆင့်အခန်းထဲ ကျလာသည်။ မို့မို့ ညက အိပ်ရေးပျက်သည်မို့ အိပ်ရာထနောက်ကျပြီ၊ ဘေးကိုကြည့်လိုက်တော့ သားငယ်မရှိတော့။ မို့မို့လည်း စိတ်ပူသွားပြီး အိပ်ခန်းထဲမှ ပြေးထွက်လိုက်သည်။ ဧည့်ခန်းထဲတွင် သားနှင့် ဖိုးမောင်က ဆော့ကစားနေသည်ကိုတွေ့မှ စိတ်အေးရသည်။ အမေက မီးဖိုချောင်တွင် ချက်ပြုတ်နေသည်။ မို့မို့က မီးဖိုချောင်ကို ထွက်လာခဲ့ပြီး အိမ်နောက်ဖေးတံခါးကို ဖွင့်ကြည့်လိုက်သည်။

အိမ်နောက်တွင်တော့ လူတစ်ရပ်ခန့်ရှည်သည့် ကိုင်းပင်ကြီးတွေက ခြောက်သွေ့စွာ ပေါက်နေသည်။ မို့မို့က ခြံထဲကိုတစ်ချက်ဝေ့ကြည့်လိုက်ပြီး တံခါးပြန်ပိတ်လိုက်သည်။

“ညက အိမ်ကိုသူခိုးကပ်တယ်အမေ”

“ဟုတ်လား ငါတော့မသိလိုက်ဘူး”

အမေက အေးအေးလူလူပင် ပြန်ပြောလိုက်သည်။ မို့မို့ကမျက်နှာသစ်ပြီး လုပ်လက်စ အလုပ်များကို ဆက်လုပ်နေသည်။

နေ့လည်စာကိုတော့ ဖိုးမောင်ကိုပါ ကျွေးသည်။ ဖိုးမောင်က စားပွဲထိပ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ မို့မို့က မထိုင်ဖို့ပြောရန် စဉ်းစားလိုက်သည်။ သို့သော်လည်း မပြောတော့၊ နေရာတစ်နေရာ ခုံတစ်ခုံပဲ ဘယ်သူထိုင်ထိုင်ပေါ့ဟု တွေးပြီးထိုင်လိုက်လေသည်။ ဖိုးမောင်က စွပ်ကျယ်အစုတ်လေးဝတ်ထားသည်။ ဖိုးမောင်ကို သေချာကြည့်မှ ဘယ်သူနှင့်တူမှန်းမသိ တူနေသည်။
 
အပိုင်း(၃)

နေ့လည်စာကိုတော့ ဖိုးမောင်ကိုပါ ကျွေးသည်။ ဖိုးမောင်က စားပွဲထိပ်ထိုင်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ မို့မို့က မထိုင်ဖို့ပြောရန် စဉ်းစားလိုက်မိသည်။ သို့သော်လည်း မပြောတော့၊ နေရာတစ်နေရာ ခုံတစ်ခုံပဲ ဘယ်သူထိုင်ထိုင်ပေါ့ဟု တွေးပြီးထိုင်လိုက်လေသည်။ ဖိုးမောင်က စွပ်ကျယ်အစုတ်လေးဝတ်ထားသည်။ ဖိုးမောင်ကို သေချာကြည့်မှ ဘယ်သူနှင့်တူမှန်းမသိ တူနေသည်။

ထမင်းစားတော့လည်း သားလေးကောင်းကောင်းက ဂလောင် ဂလွမ်ဖြင့် ထမင်းပန်းကန်သံ၊ ဇွန်းသံမြည်နေသော်လည်း၊ ဖိုးမောင်ကမူ လူကြီးတစ်ယောက်သဖွယ် အေးအေးလူလူနှင့် သေသေသပ်သပ်စားသောက်နေသည်ကို ကြည့်ရင်း မို့မို့ အံ့ဩနေမိသည်။ ခြံစောင့်ကလေးတစ်ယောက်က ဇွန်းခက်ရင်းကို အကျအနကိုင်ကာ လူကြီးလူကောင်းလေးသဖွယ်စားသောက်နေသည်။

ထမင်းစားပြီးတော့ ဖိုးမောင်နှင့် သားငယ်ကဆော့ကစားနေကြသည်။ အမေက ခုံတန်းလေးတွင်ထိုင်နေသည်ကို မြင်လိုက်သည့်အခါ မို့မို့လည်း ခုံတန်းတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

“အငယ်မနဲ့ရော အဆက်အသွယ်ရှိသေးရဲ့လား”

ညီမအငယ်ဆုံး မြင့်မြင့်က ယခု စင်ကာပူတွင် အင်ဂျင်နီယာ အတတ်ပညာဖြင့် အလုပ်လုပ်ကိုင်နေသည်။
သူကတော့ အိမ်ထောင်မပြူသေး။ အပျိုကြီးဖြစ်သည်။

“ရပါတယ်၊ အရင်ကတော့ သုံးလတစ်ခါလောက်တော့ ငွေလှမ်းပို့တယ်၊ မြို့ထဲက သူ့ကျောင်းနေဖက်ဆီပို့လိုက်တာ သူကမှ အမေ့ကိုတစ်ဆင့်လာပေးတာ၊ စာတွေဘာတွေလဲ ထည့်ပေးတယ်၊ ခုနောက်ပိုင်းတော့ အဆက်အသွယ်မရတာ ခြောက်လလောက်ရှိပြီ”

မို့မို့က သက်ပြင်းချမိလိုက်သည်။ အမေတို့မှာ သားသမီးကံမကောင်းဘူးလားမပြောတတ်၊ သားသမီး ခုနစ်ယောက်ရှိပေမယ့်။ သားသမီးတွေအရွယ်ရောက်တော့ မိဘရင်ခွင်ကို ခြေစုံကန်ပြီးထွက်သွားကြသည်။ အကိုအကြီးဆုံးမှာ ရောဂါဖြင့်ဆုံးပါးသွားပြီဖြစ်သည်။ အကိုလတ်က ထိုင်းနိုင်ငံတွင် နေထိုင် ကာမိသားစုနှင့် အခြေကျနေလေသည်။ အကိုအငယ်ဆုံးကတော့ မူဆယ်တွင် ကုန်သွယ်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပြီး ဇနီးမယားနှင့် သားတွေသမီးတွေရနေပြီ၊ သူတို့ပြီးတော့ မို့မို့ကလည်း ရန်ကုန်အိမ်ထောင်ကျပြီး အိမ်ထောင်ရေး၊ သားရေးသမီးရေးနှင့် မိဘတွေကို ပြန်မကြည့်အား၊ မို့မို့အောက်က ညီမတစ်ယောက်ကတော့ မို့မို့အိမ်ထောင်သက် နှစ်နှစ်လောက်တွင် ကားမှောက်ပြီးဆုံးပါးသွားသည်။ နို့ညှာ ညီမကျတော့ အိမ်က သဘောမတူသည့် သူနှင့် လိုက်ပြေးသဖြင့် မိဘများက ဆွေခန်းမျိုးခန်းဖြတ်ထားကြပြန်သည်။ ဘယ်ရောက်နေမှန်းမသိ၊ သူလည်းပြန်မလာပေ၊ အငယ်ဆုံး မြင့်မြင့်ကလည်း သူဝါသနာပါသည့် ပညာရေးကို ဦးစားပေးပြီး ခုဆိုနိုင်ငံခြားရောက်နေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်သည်။

“နင့်အဖေ မဆုံးခင်ကဆို ဒီနေရာမှာ ထိုင်ပြီးတော့ သားတွေသမီးတွေ မြေးတွေများလာကြမလားဆိုပြီး နေ့တိုင်းမျှော်နေတတ်တာ”

ထိုသို့ပြောလိုက်သဖြင့် မို့မို့မျက်ရည်ကျရသည်။ မို့မို့မှာ မိမိအချစ်ဆုံး ဖေဖေဆုံးသွားသည်ကိုတောင် မလာနိုင်အား။ အခုဆို ဖေဖေဆုံးပြီးတာ ငါးနှစ်လောက်ရှိမည်ထင်သည်။

“ဖေဖေက ကင်ဆာဖြစ်တယ်လို့ကြားတယ်”

“ဟုတ်တယ်၊ အဆုတ်ကင်ဆာဖြစ်တာ၊ သူကလည်း သားသမီးတွေစိတ်ပူမှာစိုးလို့တဲ့လေ သူ့သားသမီးတွေကို မပြောဘူး၊ ပြောမထွက်ဘူး၊ တခြားသားသမီးတွေ သိသွားတာတောင်မှ နင့်ကိုအသိမပေးခိုင်းဘူးလေ”

မေမေက ပြောရင်း မျက်နှာကိုလက်ဝါးဖြင့် ပွတ်လိုက်သည်။

“လူကလည်း တရှောင်ရှောင်ဆိုတော့ ဒီမှာကုလိုက်၊ ရန်ကုန်သွားပြီးကုလိုက်နဲ့ ရန်ကုန်သွားရင်တောင် နင်တို့သိမှာစိုးလို့၊ လှည်းကူးက တို့အမျိုးဘုန်းကြီးကျောင်းမှာပဲ တည်းခဲ့တာလေ၊ ငွေကလည်း သောက်သောက်လဲ ကုန်တာပေါ့၊ နင့်အဖေက သားသမီးတွေကိုချစ်ရှာတယ်၊ မပြောပဲနဲ့ အိမ်က ရှိတဲ့ပစ္စည်းတွေ ထုခွဲပြီးရောင်းချတယ်၊ နောက်တော့ ဆရာဝန်ကပြောတယ်၊ မနိုင်တော့ဘူးတဲ့။ အဲဒါနဲ့ နင့်အဖေက ငွေကုန်တယ်ဆိုပြီး မကုဘဲနေရင်း လေးလလောက်ကြာတော့ ဆုံးသွားတာပဲ”

မို့မို့ မျက်ဝန်းမှာ မျက်ရည်မိုးတွေ ရွာနေပြီ။

“သမီးလည်း အိမ်ကိုဖုန်းဆက်ကြည့်သေးတယ်၊ အိမ်ကဖုန်းက ဆက်မရဘူး”

“ဘယ်ဆက်လို့ရမလဲ နင့်အဖေက ဖုန်းကြိုးဖြုတ်ထားတာကိုး သူသေမှ ငါပြန်တက်လိုက်တာ၊ နောက်ပိုင်းကျတော့ အစိုးရက ဖုန်းလိုင်းတွေကို အိပ်ချိန်းပြောင်းတယ်ဆိုလား အဲဒီလိုဖြစ်ပြီးကတည်းက အိမ်ကဖုန်းက သုံးမရတော့တာ”

မို့မို့ တစ်ညနေလုံး ငိုနေခဲ့ရသည်။ ညနေစာကို ချက်ပြုတ်ရင်း အဖေ့ကို သတိရပြီးငိုနေရသည်။ မို့မို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မဆုံးတော့ပေ၊ လိပ်ပြာမလုံသလို ခံစားနေရသည်။

ဆော့ကစားနေသည့် ဖိုးမောင်ကို ကြည့်မိသည့်အခါ ဖိုးမောင် အဝတ်တွေက နွမ်းလျနေသည်။ မို့မို့ကသနားသွားပြီး သားငယ်ကောင်းကောင်း၏ အဝတ်အစားတစ်ချို့ကိုပေးဝတ်လိုက်သည်။ ဖိုးမောင်နှင့် အနည်းငယ်ချောင်နေလေသည်။ ခေတ်ပေါ်အဝတ်အစားတွေ ဝတ်လိုက်လို့ ဖိုးမောင်က သားနားသွားသော်လည်း အသားအရေတွေက မွဲခြောက်ခြောက်နဲ့ ပေတိပေစုတ်လေးဖြစ်နေသည်။

“ကောင်းကောင်း ငါဒီအကျီတွေ မဝတ်ချင်ဘူးကွာ လွတ်လွတ်လပ်လပ်ပဲနေချင်တယ်”

ဖိုးမောင်က ပြောသဖြင့် အဝတ်တွေပြန်ယူထားရသည်။ ညနေပြန်ခါနီးတော့ မို့မို့က ဖိုးမောင်ကို ဟင်းတစ်ခွက်ထည့်ပေးရန်စီစဉ်လိုက်သည်။

“သားဖိုးမောင် အိမ်မှာ ဖေဖေနဲ့ မေမေရှိသေးတယ်မလား၊ ဟင်းတစ်ခွက်ယူသွားနော်”

ဖိုးမောင်က ထိုဟင်းပန်းကန်လေးကို ယူသွားပြီး ခြံအပြင်ပြေးထွက်သွားလေသည်။

ညနေနေစောင်းပြီး နေဝင်နေပြီဖြစ်သည်။
အမေက နေစောင်းပြီး မှောင်လာသည်နှင့် အခန်းထဲဝင်သွားလေ့ရှိသည်။ အခန်းကိုလည်း အတွင်းမှ ချက်ချထားသဖြင့် မို့မို့ဝင်မရပေ။ အမေ့အခန်းထဲဝင်ပြီးတော့ သန့်ရှင်းရေးလုပ်ပေးချင်မိသည်။ ထမင်းဟင်းတွေကို ထမင်းစားခန်းထဲခူးပြီးသားအမိနှစ်ယောက်ပဲ စားသောက်လိုက်သည်။ ထမင်းစားခန်းက မှောင်မဲနေသည်။ မို့မို့က ကြေးဖြင့်ပြုလုပ်ထားသည့် ဖယောင်းတိုင်ငါးတိုင်ထွန်းရသော ကြေးတိုင်ကြီးကိုယူလိုက်ပြီး ဖယောင်းတိုင်သုံးတိုင်လောက်ထွန်းညှိလိုက်လေသည်။ ဖယောင်းတိုင်အလင်းရောင်ကြောင့် အခန်းတစ်ဝက်လောက် လင်းထိန်သွားလေသည်။

“သား ဖွားဖွားကို ထမင်းစားဖို့သွားခေါ်လေ”

“မေမေကလည်း ဖွားဖွားက အိပ်နေပြီမဟုတ်လား”

“အိုသားရယ် မေမေတို့ ငယ်ငယ်ကဆိုကလေးတွေကပဲ ထမင်းစားဖို့လိုက်ခေါ်ရတာ”

မို့မို့ကပြောလိုက်သဖြင့် ကောင်းကောင်းက ပြေးထွက်သွားလေသည်။ ထမင်းစားခန်းအပြင်ဘက် အောက်ထပ်လျှောက်လမ်းမှာ လှေကားထိပ်မှ မီးသီးရောင်ကြောင့် လင်းနေသည်။ အမေက ဧည့်ခန်းနှင့်ကပ်လျှက် လှေကားအဆင်းခန်းတွင် အိပ်လေသည်။ သားငယ်ခေါ်သံများကို မို့မို့ကြားလိုက်ရသည်။ မို့မို့က ထမင်းခူးနေလိုက်သည်။

ထိုစဉ် ထမင်းစားခန်း၏ မှောင်နေသော တစ်ဖက်ခြမ်းမှ လက်ပုံသဏ္ဍာန်အရိပ်မဲကြီးများသည် ထမင်းစားပွဲပေါ်သို့ တဖြည်းဖြည်းတက်လာလေသည်။ ထမင်းစားပွဲအစွန်းတွင် ဖယောင်းတိုင်ထွန်းထားသောကြောင့် ရှည်လျားလှသည့်ထမင်းစားပွဲတစ်ဖက်အစွန်းမှာ မှောင်မဲနေသည်။ ဖယောင်းတိုင်အလင်းရောင်နှင့် လက်ကြီးလေးငါးခုကို မြင်လိုက်ရသည်။

မို့မို့သွေးပျက်သွားမိသည်။ မို့မို့က ငယ်စဉ်ကတည်းက သရဲမကြောက်တတ်၊ မို့မို့ ဖေဖေက လက်ဝဲယိမ်း ဆိုရှယ်လစ်သမားများဖြစ်သည်နှင့်အညီ သရဲ ဝိညာဉ်နှင့် နာနာဘာ၀များ၊ စုန်း၊ ဖုတ်၊ ကဝေများ တကယ်မရှိဟု သင်ခဲ့ရသည်။ တကယ်ရှိခဲ့လျှင်လည်း ထိုသရဲများက လူကိုပြန်ပြီးကြောက်ရသည်။ လူက သရဲထက်စွမ်းသည်ဟုသင်ခဲ့ရသဖြင့် အကြောက်အလန့်မရှိ။ အခုတော့ သရဲမှန်း မို့မို့သိလိုက်ရသည်။ မို့မို့က ကြောက်သည်ထက် ဒေါသထွက်သွားသည်။ ထို့ကြောင့် ထမင်းစား ကြေးဇွန်းကြီးဖြင့် လှမ်းပြီး ပစ်ပေါက်လိုက်သည်။

“ချွင်”

သားငယ်က အသံကြား၍ ပြေးလာသည်။ မို့မို့က သားငယ်ကိုဖက်ထားလိုက်သည်။ ထမင်းစားခန်းက တိတ်ဆိတ်နေသည်။ အရိပ်များလည်း မရှိတော့။ မို့မို့က ကြောက်စိတ်သိပ်မပြေသေး။ သို့သော် သားငယ်ကြောက်မည်စိုး၍ ဟန်မပျက်ထိန်းထားလိုက်ပြီးနောက် ထမင်းစားပွဲတွင်ထိုင်လိုက်သည်။ ပြီးနောက် သားအမိနှစ်ယောက်ထမင်းစားကြသည်။ မို့မို့ကတော့ ထောပတ်လှီးသည့် ကြေးဓါးကို အနားတွင်ချထားလိုက်ပြီး ထမင်းစားရင်း ဘေးဘီကို ကြည့်နေသည်။ သားငယ်ကတော့ ဘာမှမသိဘဲ ထမင်းကိုသာ အားရပါးရစားနေလေသည်။

ထမင်းစားပြီးတော့ ဟင်းတွေကိုကုန်အောင်စားလိုက်သည်။ မီးဖိုချောင်ဘက်မသွားတော့ရန်ဆုံးဖြတ်လိုက်ပြီး စားပြီးသားပန်းကန်များကို ဇလုံတစ်ခုအတွင်းထည့်ခဲ့ကာ သားငယ်ကိုခေါ်ပြီး အခန်းထဲဝင်ခဲ့သည်။ မို့မို့က စဉ်းစားနေသည်။ သေချာပေါက် လူမဖြစ်နိုင် သရဲပဲဖြစ်မည်။ သို့သော် အမေက မတွေ့ရတာလား။ သရဲအခြောက်မခံရတာလား။ ဒါမှမဟုတ် သရဲခြောက်သည်ကိုကြောက်သဖြင့် ညညဆို စောစောအိပ်သွားတာလား မို့မို့ဝေခွဲမရဖြစ်နေသည်။ ထိုစဉ် မို့မို့ဖုန်းလေးက မြည်သွားသည်။ တိတ်ဆိတ်နေသည်မို့ တောင်ကုန်းကလေးတစ်ခုလုံး ဖုန်းသံလေးလွှမ်းသွားမလား မပြောတတ်၊ မို့မို့က ဖုန်းကိုကိုင်လိုက်သည်။

“ဟယ်လို မို့ ကိုအောင်ပါ”

“ကိုအောင်ပြောလေ”

“သန်ဘက်ခါကျရင် လျှပ်စစ်က ဝန်ထမ်းတွေလာပြီး အိမ်မှာမီးဆင်ပေးလိမ့်မယ်”

“ဟုတ်ကဲ့ ကိုအောင် မို့မို့အသင့်ပြင်ထားလိုက်ပါ့မယ်”

ကိုအောင်က ပြောပြီးတော့ ဖုန်းချသွားသည်။ မို့မို့ကအရေးကြုံလျှင် အသုံးပြုနိုင်ရန် ကြေးဓါးလေးကိုအိပ်ရာနားထားအိပ်သည်။ သားငယ်ကတော့ ဘာမှမသိသဖြင့် အခန်းထဲတွင် တက်ဘလက်ကြည့်နေသည်။ မို့မို့က ညရေးညတာ အိမ်သာမသွားတော့ဘဲ ဂန်ဖလားတစ်လုံးကို အခန်းထဲထည့်ထားလိုက်သည်။ ဒီညလည်း ကောင်းကောင်းအိပ်မပျော်၊ မို့မို့က ထထပြီးသားလေးကိုကြည့်လိုက် အခန်းထဲကိုကြည့်လိုက်ဖြင့် စိတ်ဂယောင်ချောက်ခြားဖြစ်နေရသည်။

(၁၃)

မနက်လင်းပြီ၊ မို့မို့ကအိပ်ရာထဲမှမထသေးဘဲ ဖုန်းကိုကြည့်လိုက်သည်။ ညကအိပ်ရေးပျက်ခဲ့သဖြင့် ဘုရားကျောင်းခေါင်းလောင်းထိုးတာကိုပင် မကြားလိုက်ပေ၊ အချိန်က နံနက် ခုနစ်နာရီကျော်နေပြီဖြစ်သည်။ ထိုစဉ် အိမ်ရှေ့မှ အသံကြားလိုက်သည်။

“ပဲပြုတ်”

ပဲပြုတ်သည်အသံကြားလိုက်သည့်အခါ မို့မို့ အိပ်ရာမှ လူးလဲထလိုက်သည်။ သားငယ်က မနိုးသေး။ မို့မို့က ပဲပြုတ်ဝယ်ရန် စဉ်းစားမိလိုက်သည်။ မနက်စာ ပဲပြုတ်လေးနှင့် ထမင်းဆီဆမ်းလေးစားမည်ဟု စိတ်ကူးလိုက်မိသည်။ ထို့ကြောင့်ပဲပြုတ်သည်ကို ခေါ်ရန် အိမ်ထဲမှ အပြေးထွက်ခဲ့သည်။

“ပဲပြုတ်”

ဈေးသည်အသံက ခြံရှေ့မှကြားနေရသည်။ ထို့နောက်လမ်းလျှောက်သံကိုကြားလိုက်ရပြီး အသံက ခြံကိုကျော်သွားကာ ပဲပြုတ်သည်မှာတော့ တောင်ကုန်းဆင်းလေးကို ဆင်းသွားနေသည်။

“လာပါအုံး . .. ပဲပြုတ်လာပါအုံး”

မို့မို့က အော်ဟစ်လိုက်ပြီး ခြံအပြင်ပြေးထွက်လိုက်သည်။ ခြံအပြင်ရောက်သည့်အခါ မို့မို့ကိုယ့်မျက်လုံးပင်ကိုယ် မယုံနိုင်အောင်ဖြစ်သွားသည်။ ခြံအပြင်လမ်းတွင် လူမပြောနှင့် လူရိပ်လူခြေပင်မတွေ့ရ။ ခြံရှေ့လမ်းကလေးမှာ သစ်ရွက်ခြောက်တွေဖုံးလွှမ်းနေသည်။ မို့မို့တို့ ခြံရှေ့မှ လှမ်းကြည့်လျှင် တောင်ကုန်းကလေး၏အဆင်းလမ်းကို အထင်းသားမြင်နေရသည်။ ထိုတောင်ကုန်းဆင်းလမ်းကလေးမှာ ခြေလှမ်းသွက်သွက်ဖြင့်ပင် ဆယ်မိနစ်ခန့်လျှောက်ရလေသည်။ ပဲပြုတ်သည် ခြေသုံးလေးလှမ်းနှင့်တော့ လှမ်း၍သွားနိုင်မည်မတူ။

မို့မို့ခေါင်းထဲ ကိုအောင်ပြောသည့်စကားတွေပြန်ကြားယောင်နေသည်။ ယခုတောင်ကုန်းလေးက လူမနေဘဲ နေ့ခင်းကြောင်တောင်တောင် သရဲခြောက်တတ်သည်ဆိုသည့် စကားပင်ဖြစ်သည်။ မို့မို့စိတ်ခြောက်ချားလာသဖြင့် ခြံတံခါးကိုအမြန်ပိတ်လိုက်ပြီး အိမ်ထဲသို့ပြေးဝင်လိုက်သည်။

အိမ်ထဲပြန်ဝင်လိုက်တော့ မီးဖိုချောင်မှ လှုပ်ရှားသံများကြားရသည်။ အမေနိုးနေတာဖြစ်မည်။ မို့မို့က အမေ့ဆီပြေးသွားလိုက်သည်။

“အမေ ဒီအိမ်ထဲမှာ သရဲတွေရှိနေတယ်”

“ဟုတ်လို့လား သမီးရယ်၊ အမေတော့ တစ်ခါမှ မတွေ့ပါဘူး”

မို့မို့က အမေ့ကို အပြစ်တင်ရန် စိတ်ကူးလိုက်သည်။ သို့သော် အပြစ်မတင်တော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

“ဒီနေ့ အပေါ်ထပ်တက်မယ်အမေ၊ ဘုရားခန်းကို တက်ရှင်းမယ်”

သားငယ်နိုးလာတော့ မနက်စာ စားကြသည်။ ထမင်းစားခန်းကို မို့မို့မဝင်ရဲ။ ထိုစဉ် ဖိုးမောင်ရောက်လာသည်။ ဖိုးမောင်ကို ထမင်းစားခန်းတံခါးများကို ဖွင့်ခိုင်းရသည်။ ထမင်းစားခန်းက လင်းသွားသည်။ အလင်းရောင်ရသည့်အခါ ညကလိုကြောက်စရာမကောင်းတော့ပေ။ မို့မို့လည်း စိတ်သန့်သန့်ဖြင့်ထမင်းစားကြသည်။ ဖိုးမောင်ကိုပါ ထမင်းစားခေါ်ပြီး သူတို့လေးယောက် ထမင်းစားကြသည်။

ပြီးတော့ အိမ်ပေါ်ထပ်ကို တက်ရှင်းရန်ပြင်သည်။ ဖိုးမောင်ကလည်း ကူညီမည်ဖြစ်သည်။ ရေပုံးတွေ၊ တံမြက်စည်းတွေ ပြင်ဆင်ထားသည်။ ထို့နောက် သားငယ်ကို အဝတ်စတစ်ခုဖြင့် နှာခေါင်းနှင့်ပါးစပ်ကို စည်းပေးရသည်။ ထို့နောက် ရောက်ပြီးကတည်းကတစ်ခါမှ မတက်ဘူးသေးသည့် အိမ်ပေါ်ထပ်ကို တက်ရန် ပြင်လိုက်သည်။

အိမ်ပေါ်ထပ်က အောက်ထပ်နှင့်စာလျှင် အတော် ပျက်စီးနေသည်။ မျက်နှာကြက်တွေက ကွာကျနေသည်။ အချို့နေရာတွေမှာတော့ ရေတွေယိုထားသဖြင့် အကွက်ကြီးတွေ ထနေသည်။ သစ်သားဖြင့်ပြုလုပ်ထားသည့် ပြတင်းပေါက်တံခါးတွေ ပိတ်ထားသောကြောင့် မှောင်မဲနေသည်။ သို့သော် တစ်ချို့ပြတင်းတံခါးတွေက မှန်တွေကွဲနေပြီး နေရောင်တွေထိုးကျနေသဖြင့် အနည်းငယ် လင်းနေသည်။ သူတို့သုံးယောက် အပေါ်ထပ်ရောက်သည်နှင့် ပြတင်းပေါက်တံခါးများကို ဖွင့်လိုက်ကြသည်။ ထို့နောက် အမေ့ဆီမှ သော့တောင်းပြီး အခန်းတံခါးများကို တစ်ခုချင်းစီလိုက်ပြီးဖွင့်ကြသည်။

“မေမေတို့ အိမ်က အကျယ်ကြီးပဲနော် အခန်းတွေကလည်း အများကြီးပဲ”

“ဒါပေါ့သားရဲ့ မေမေလိုက်ပြမယ်”

မို့မို့က ဘုရားခန်း တံခါးကို အရင်ဖွင့်လိုက်သည်။ အထဲတွင်တော့ ဘုရားပန်းအိုးများက ခြောက်သလောင်းနေပြီး ပင့်ကူအိမ်တွေ လင်းနို့ချေးတွေဗရပွနှင့် နံစော်နေသည်။ ကြေးဘုရားဆင်းတုတော်က ဖုန်များ၊ ပင့်ကူအိမ်များကြားတွင် သပ္ပါယ်စွာဖြင့် သီတင်းသုံးနေသည်။ ဘုရားသောက်တော်ရေအိုးများ၊ ဘုရားစာအုပ်များ၊ ပုတီးများက ဖုန်တက်နေသည်မှ လွဲပြီး သူ့နေရာနှင့်သူရှိနေသည်။

“ငါလည်း ဒူးမကောင်းတော့ကတည်းက အပေါ်ထပ်ကို မတက်ဖြစ်တော့ဘဲ သော့ပိတ်ထားတာပဲ”

အမေက အပေါ်ထပ်သို့မတက်ဘဲ လှေကားအောက်ကနေပြောလေသည်။ ဖိုးမောင်နှင့် ကောင်းကောင်းတို့အတူတူ လှေကားကို တိုက်ချွတ်ကြလေသည်။ သူတို့နှစ်ယောက် စကားတပြောပြောနှင့် တိုက်ချွတ်နေကြစဉ် မို့မို့က လင်းနို့ချေးတွေ၊ သစ် အတိုအစတွေ၊ ဖုန်အမှုန်တွေကိုလှဲကျင်းရလေသည်။

ထိုစဉ်ခြံရှေ့တွင် ကားဟွန်းတီးသံကို ကြားလိုက်ရဖြင့် မို့မို့က ဖုန်တက်နေသည့် ပြတင်းပေါက်မှန်မှတဆင့် အိမ်ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ကားကတော့ နောက်ဆုံးပေါ် ဇိမ်ခံဆလွန်းကားလေးဖြစ်သည်။ မို့မို့ကတစ်ချက်မဲ့လိုက်သည်။ လာသူကတော့ အခြားမဟုတ်။ ကိုကျော်ဇောပင်ဖြစ်သည်။

မို့မို့ မနက်တုန်းက ခြံတံခါးကို စေ့ထားသည်မို့ ကိုကျော်ဇောက ခြံထဲသို့လှမ်းဝင်လာသည်။ အမေက အိမ်ရှေ့တွင် ထိုင်နေသည်။ မို့မို့လည်း သားငယ်တို့ကိုခေါ်ကာ အောက်ထပ်ဆင်းခဲ့လေသည်။

“အဒေါ်နေကောင်းတယ်နော်”

ကိုကျော်ဇောက သူဝတ်ထားသည့်နေကာမျက်မှန်ချွတ်ပြီး အမေ့ကိုကြည့်ကာ ပြုံးပြလေသည်။ အမေက ကိုကျော်ဇောကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကိုစူပုတ်လိုက်ကာ သူ့အခန်းဆီသို့လျှောက်သွားပြီး အခန်း တံခါးကို ဂျိန်းခနဲပိတ်လိုက်သည်။ အမေက ကိုကျော်ဇောနှင့် အရင်ကတည်းက စကားသိပ်မပြော၊ အခုလည်း မို့မို့တို့ ပြသနာကို ကိုယ့်ဖာသာရှင်းရန် ရှောင်ပေးလိုက်ခြင်းလား မပြောတတ်။ မို့မို့က ကိုကျော်ဇောကို ဧည့်ခန်းထဲခေါ်လိုက်သည်။

“ဒီမှာ သားကြိုက်တဲ့ ဒိုးနပ် အဖေဝယ်လာတယ်၊ သားကိုတွေ့ချင်လို့ ရန်ကုန်ကနေ မနက်အစောကြီးဆင်းလာတာ”

ကိုကျော်ဇောက ပြောရင်း ကလေးတွေကို ဒိုးနပ်ဘူးလေးပေးလိုက်သည်။ သားငယ်က ဒိုးနပ်ဘူးယူပြီး အပြင်ထွက်သွားသည်။

“ကိုကျော်ဇော ရှင်ဘာလာလုပ်တာလဲ”

“သားကို လွမ်းလို့ သားဆီလာတာလေ”

“အခုတွေ့ပြီးပြီမဟုတ်လား၊ ဒါဆို မြန်မြန်ပြန်တော့၊ ဒီနေရာက ရှင်နဲ့မတန်ဘူး”

ကိုကျော်ဇောက ရယ်မောလိုက်ပြီး အိမ်ကြီးကိုတစ်ချက်ဝေ့ကြည့်လိုက်ကာ

“အရင်က မတန်ဘူးထင်ခဲ့တာ ခုဒီနေရာက သိပ်တန်တာပဲ”

ကိုကျော်ဇောက ပြောလိုက်ရင်း ဧည့်ခန်းထဲမှထွက်သွားလိုက်သည်။ လှေကားရင်းရောက်တော့ လှေကားကြိးကိုကြည့်လိုက်သည်။ လှေကားကြီးက ကျွန်းသစ်သားပြားကြီးများနှင့်ပြုလုပ်ထားပြီး ပွတ်လုံးကြီးများ၊ သစ်ထွင်းပန်းပုလက်ရာများနှင့် အလှဆင်ထားသည်မို့ကိုကျော်ဇောက ခေါင်းတညိတ်ညိတ်နှင့်ကြည့်နေရင်း

“အင်း ကိုလိုနီခေတ်လက်ရာအစစ်ပဲ၊ ဒီအိမ်ကြီးကိုသာပြုပြင်ပြီး ဟိုတယ်တို့၊ အဆင့်မြင့်အိမ်ယာတို့ပြန်လုပ်ပြီး နိုင်ငံခြားသားတွေကို ငှားလိုက်ရင် ဈေးကြီးရမှာပဲ၊ ဒါမှမဟုတ် ပြန်ရောင်းလိုက်ရင်လည်း လုပ်ငန်းရှင်တွေ၊ သူဌေးတွေက ရှေးဟောင်းအိမ်ဆိုပြီး ငွေအတော်ပေးမှာပဲ”

ကိုကျော်ဇောက ပြောလိုက်ပြီး အိမ်ကိုသေချာပတ် ကြည့်နေလေကာ ကျေနပ်နေလေသည်။

“ယောက္ခမကြီးကတော့ ငါတို့ကို ရွှေတွင်းကြီးပေးခဲ့တာပဲဟေ့”

ကိုကျော်ဇောက ပြောဆိုရင်း တံခါးဖွင့်ထားသော ထမင်းစားခန်းထဲဝင်သွားသည့်အခါ မို့မို့ကအနောက်မှ ပြေးလိုက်သွားရသည်။

“ဟောဗျာ ဗီရိုထဲက ပန်းကန်တွေလည်း ကြည့်ဦး၊ ရှေးဟောင်း အနောက်နိုင်ငံလက်ရာတွေပါလား၊ ခုခေတ်ဆို ပန်းကန်တစ်ချပ်တင် ငါးသိန်းလောက်တန်မှာဗျာ၊ ရှေးဟောင်းပစ္စည်းစုတဲ့သူတွေဆီရောင်းရင် အံကိုက်ပဲ”

မို့မို့က ကိုကျော်ဇောကိုကြည့်ရင်း အလွန်အမြင်ကပ်လာသည်။

“ဒီမယ် ကိုကျော်ဇော၊ ဒီအိမ်ကြီးက ကျွန်မတို့အိမ်၊ ကျွန်မတို့အမေ မသေသေးဘူးရှင့်၊ ပြီးတော့ ကျွန်မတို့မောင်နှမတွေ ပိုင်မယ့် အမွေဆိုင်အိမ်ရှင့်”

“မို့ရယ်၊ မင်းကလေ ငါ့မိန်းမလုပ်ပြီးအရမ်းတုံးတာပဲ၊ ရှေ့နေရှေ့ရပ်နဲ့ ပိုက်ဆံလမ်းခင်းလိုက်ရင် ဒီအိမ်ကြီးရဲ့ ပိုင်ဆိုင်မှုဟာ ကိုယ်တို့လက်ထဲရောက်လာမှာပါ”

“တော်ပြီ ကိုကျော်ဇော၊ ရှင်ပြန်တော့ရှင်နဲ့ ကျွန်မနဲ့ ပြတ်ပြီးပြီ”

“ဟား ဟား ဟား တရားဝင်လက်ထပ်ထားတဲ့ငါတို့တွေက မင်းထားခဲ့တဲ့စာလေးတစ်စောင်လောက်နဲ့ ပြတ်ပြီတဲ့လားကွ၊ ဒီမှာမို့မို့ မင်းကိုငါက ကွာရှင်းမပေးရသေးတော့ မင်းက ငါ့ရဲ့ တရားဝင် မိန်းမတစ်ယောက်အဖြစ် ရှိနေသေးတယ်ဆိုတာကို မင်းသိထား”

“ဒါဆိုလည်း ကျွန်မ မြန်မြန်ကွာရှင်းပေးပါရှင်၊ ကျွန်မရှင်နဲ့ ဆက်ပြီးမနေနိုင်တော့ဘူး”

“ဒါဆိုရင်လည်း ငါ့သားကို ငါပြန်ခေါ်သွားမယ်”

“မရဘူး ရှင့်နဲ့ ကျွန်မသားကိုမပေးလိုက်နိုင်ဘူး၊ ရှင်နဲ့မထားခဲ့နိုင်ဘူး”

“ဘာဖြစ်လို့လဲကွ၊ ငါကမင်းထက်ချမ်းသာတယ်၊ မင်းတစ်ဆွေလုံးတစ်မျိုးလုံးထက်ချမ်းသာတယ်၊ ကုန်ကုန်ပြောမယ်ကွာ ငါ့သားကိုငါအကောင်းဆုံးတွေချည်းပဲ လုပ်ပေးနိုင်တယ်”

မို့မို့က ငိုရင်းခေါင်းခါလိုက်သည်။

“မရဘူး။ ကျွန်မသားကို ရှင့်လို ဖအေသေလို့ ပျော်နေတဲ့သားမျိုး အဖြစ်မခံနိုင်ဘူး”

မို့မို့က ပြောလိုက်တော့ ကိုကျော်ဇော ငိုင်ကျသွားသည်။ ဘာမှမပြောတော့ဘဲ အိမ်အပြင်ကိုထွက်သွားလေသည်။ အိမ်အပြင်ရောက်တော့မှ တစ်ချက်မဲ့ပြုံးပြုံးလိုက်ပြီး။

“ပြန်မှာပါကွာ၊ ငါရန်ကုန်က အိမ်ခြံမြေလုပ်ငန်းရှင်တွေဆီကို သတင်းကောင်းပြောရဦးမယ်၊ ဒီအိမ်နဲ့ ခြံကို ငါရအောင် ယူပြမယ်ကွ၊ ငါဆိုတဲ့ကောင်က ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ရချင်တာဆိုရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်လုပ်တတ်တယ်ဆိုတာ မင်းသိမှာပါ မို့မို့ရာ၊ ဟား၊ ဟား”

(၁၄)

ကိုကျော်ဇောက အော်ဟစ်ရယ်မောပြီး အိမ်အပြင်ထွက်လိုက်သည်။ နေကာမျက်မှန်ကိုတပ်လိုက်ပြိးနောက် ခြံပြင်တွင်ရပ်ထားသော သူ့ဇိမ်ခံကားဆီသို့ထွက်သွားသည်။ မို့မို့ကလည်း ကိုကျော်ဇော အနောက်မှလိုက်သွားကာ ခြံတံခါးကို ပိတ်ရန်လုပ်လိုက်သည်။ ကိုကျော်ဇောက သူ့ကားကိုမြင်သောအခါ

“ဟာ ငါ့ကား . . ငါ့ကား ဘာတွေဖြစ်ကုန်တာလဲ”

ကားဘီးလေးဘီးစလုံး ခွေးကိုက်သလို စုတ်ပြတ်နေကာ ကားတာယာတွေက ပေါက်ပြဲနေလေသည်။ ကားနောက်ဖက် လေကာမှန်ကြီးမှာလည်း အက်ကြောင်းတွေထနေပြီး ကားဘော်ဒီမှာနေရာတစ်ချို့တွင် ပိန်လိန်နေသည်။ ကိုကျော်ဇောက ကားပေါ်တက်ပြီးတော့ ကားစက်နှိုးကြည့်ပြန်ရာ စက်က နှိုးမရပေ။

“တောက် . . . ဘယ်ကောင၊် ဘယ်ကောင် လက်ဆော့သွားတာလဲကွာ”

ကိုကျော်ဇောက ရေရွတ်ရင်း ဘေးဘီကိုကြည့်နေသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံး လူရိပ်ပင်မတွေ့ရ။ မို့မို့ကတော့ တစ်ချက်မဲ့ပြီး ခြံထဲပြန်ဝင်သွားသည်။ ကိုကျော်ဇောကလည်း ခေါင်းကုပ်လိုက်ပြီး မို့မို့နောက်က ကုတ်ကုတ်ကလေးလိုက်လာခဲ့ကာ ခြံထဲသို့ပြန်ဝင်လာသည်။

“ဖေဖေ သားတို့နဲ့အတူလာဆော့”

ကောင်းကောင်းလေးကခေါ်လိုက်သည်မို့ ကိုကျော်ဇောက ကောင်းကောင်းဆီပြေးသွားလိုက်သည်။ မွန်းတည့်တော့မည်ဖြစ်သဖြင့် မို့မို့က ထမင်းစားရန် ပြင်ဆင်နေပြီဖြစ်သည်။

“သား သူကဘယ်သူလဲ”

“သူက ဖိုးမောင်တဲ့”

ဖိုးမောင်က ကိုကျော်ဇောကို မျက်ထောင့်နီကြီးဖြင့် စိုက်ပြီးကြည့်နေလေသည်။ ကိုကျော်ဇောက သားငယ်နှင့်လိုက်တမ်းပြေးတမ်းကစားနေကြသည်။

“သားရေ နေ့လည်စာစားမယ်၊ ဖိုးမောင်လည်း လာခဲ့လေ”

“ဟေ့ မို့ မင်းက ငါ့ကိုရော မခေါ်တော့ဘူးလားကွ”

မို့မို့က ကိုကျော်ဇောကိုမျက်စောင်းတစ်ချက်ထိုးလိုက်သည်။ သားအရှေ့တွင် ကိုကျော်ဇောနှင့် ရန်မဖြစ်ချင်ပေ။ ကိုကျော်ဇောလည်း မျက်နှာပြောင်တိုက်ပြီး အိမ်ထဲသို့လိုက်ဝင်ခဲ့လေ၏။ ထမင်းစားခန်းထဲရောက်တော့ ကိုကျော်ဇောက ထိုင်ခုံထိပ်တွင်ထိုင်ရန်ပြင်လိုက်လေသည်။

“မထိုင်ရဘူး၊ သားထိုင်မှာ”

ဖိုးမောင်ကပြောဆိုလိုက်ပြီး ကိုကျော်ဇောမထိုင်ခင်မှာပင် ထိုခုံတွင်ဝင်ထိုင်လိုက်သည်။ ကိုကျော်ဇောက ဒေါသထွက်သွားပြီး။

“အမယ် ဒီကောင်လေး လူကလက်တောက်လောက်နဲ့ သူကဘယ်သူလဲ”

“သူ့နာမည်ဖိုးမောင်တဲ့ဖေဖေ၊ ဟိုးတစ်ခြံကျော်က ခြံစောင့်ကြီးရဲ့သားပေါ့”

“အောင်မာ ခြံစောင့်သားကများ လူပါး၀လို့”

ကိုကျော်ဇောက လက်ကိုမြှောက်လိုက်ပြီး ဖိုးမောင်အား ရိုက်မည့်ဟန်ပြင်လိုက်သည်။ မို့မို့က ကိုကျော်ဇောကို တစ်ချက်လှမ်းကြည့်ပြီး သားငယ်ဆီမေးငေါ့ပြလိုက်သည်။ ကိုကျော်ဇောကထိုတော့မှ လက်ရုတ်လိုက်ပြီး ထိုင်ခုံအလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်လေသည်။ မို့မို့က ထမင်းဟင်းများကိုပြင်ဆင်ပေးလေရာ၊ ကိုကျော်ဇောက ထမင်းကိုအားရပါးရ ခပ်စားလိုက်ပြီး

“စားလို့ကောင်းလိုက်တာ မိန်းမရာ၊ ငါ့မိန်းမလက်ရာ မစားရတာကြာလို့လားတော့မသိဘူး”

“ရှင့်မယားငယ်တွေ လက်ရာလောက်တော့ ဘယ်ကောင်းပါ့မလဲရှင်”

မို့မို့ကပြောလိုက်သည်ကို ကိုကျော်ဇောက ရှုးရှုးရှဲရှဲဖြစ်သွားသည်။ ထို့နောက် သားငယ်ကို မျက်စပြစ်ပြလေသည်။ သဘောကတော့ သားငယ်ရှေ့တွင် မပြောစေလိုသည့် သဘောဖြစ်သည်။ မို့မို့လဲ မပြောတော့ဘဲ ထမင်းသာစားလိုက်လေသည်။

မို့မို့ဘ၀က ငယ်စဉ်ကတည်းက ပုံစံခွက်ထဲက မိန်းမသားဘ၀ဖြစ်သည်။ ငယ်စဉ်ကတည်းက မိခင်၏ ဆုံးမမှုအောက်မှာ နေရသည်မို့ ထိုဆုံးမချက်များထဲ အံဝင်နေလေသည်။ မိန်းကလေးတွေဆိုတာ ယောက်ျားလေးတွေထက် ယုတ်ညံ့တယ်၊ မိန်းကလေးတွေက ယောက်ျားလေးတွေကို အကုန်ဖြည့်ဆည်းပေးရတယ် စသည်ဖြင့် သင်ကြားပေးလေသည်။ အိမ်ထောင်မပြုမီ အပျိုဘ၀ကတည်းက အိမ်မှုကိစ္စများကို သင်ယူရသည်။ အိမ်ထောင်ကျတော့လည်း သားကိုသခင်၊ လင်ကိုဘုရား ဦးထိပ်ထားရန် ဆုံးမကြသည်။

ယောက်ျားပြောတာအကောင်း၊ ယောက်ျားပြောတာအမှန်၊ ယောက်ျားကို စိတ်မကွက်ပဲ ပြုစုစောင့်ရှောက်ရမည် ဆိုသော အတွေးအခေါ်တွေကြောင့် အိမ်ထောင်ကျပြီးတော့ မို့မို့ဘ၀တုံးခဲ့ရသည်။ ဘ၀ဆုံးခဲ့ရသည်ဟု ပြောလျှင်ပိုမှန်မည်ထင်သည်။ ကိုကျော်ဇောကို ပြန်မပြော၊ အာမခံ နေခဲ့ရာမှ တဖြည်းဖြည်းတုံးလာခဲ့သည်။ ကလေးရလာပြန်တော့လည်း ကလေးကိုသာ ဂရုစိုက်ပြီး တစ်ချို့ကိစ္စတွေဆို ကလေးမျက်နှာကြည့်ပြီးနောက်ဆုတ်ပေးလိုက်ရသည်။ တစ်ချိန်လုံး ကလေးကိစ္စ အိမ်မှုကိစ္စများနှင့် အကျဉ်းသားသဖွယ် ပိတ်မိနေခဲ့သည်။

အခုခေတ်တော့ တစ်ခု ကောင်းသည်။ မိန်းကလေးတွေ နေရာတကာ ဦးဆောင်နေကြနိုင်ပြီ။ မို့မို့က ထိုမိန်းကလေးတွေကိုကြည့်လျှင် အားကျသည်။ သူတို့အစားဂုဏ်လည်းယူသည်။ မို့မို့တို့ခေတ်ကတော့ မိန်းကလေး အလုပ်လုပ်လျှင်ကိုပင် ပတ်ဝန်းကျင်က ကဲ့ရဲ့ကြသည်။ ဘ၀အိပ်မက်တို့ မျှော်မှန်းချက်တို့ဆိုတာလည်းဘာမှမရှိ။ မိန်းကလေးမှန်လျှင် လင်ကောင်းသားကောင်းရပြီး ဘ၀ကိုရိုးရိုးစင်းစင်းဖြတ်သန်းသွားရန်ဟုသာ သတ်မှတ်ကြသဖြင့် မို့မို့မှာ ယောက်ျားတစ်ယောက်၊ သားတစ်ယောက်နှင့်ပင် ဘ၀ကုန်ဆုံးရတော့သည်။

ဆယ်နှစ်ကျော် ပေါင်းသင်းလာသည်မို့ ကိုကျော်ဇောကို မပြတ်နိုင်သေးတာကတော့ အမှန်ပင်ဖြစ်သည်။ မို့မို့စိတ်ထဲတွင် စိတ်တွေ ဒွိဟဖြစ်နေသည်။ ကိုကျော်ဇောကို ပြတ်လိုက်ရမည်လား၊ သားလေးမျက်နှာထောက်ပြီး ပြန်ပြီးပဲ ပေါင်းထုတ်ရမည်လား စိတ်ထဲလွန်ဆွဲနေသည်။

“ဖေဖေ သားတို့နဲ့ အတူအိပ်နော်”

သားငယ်က အားကိုးတကြီးပြောလိုက်သည်။ ကိုကျော်ဇောက မို့မို့ကို တစ်ချက်ကြည့်လိုက်သည်။ မို့မို့က ဘာမှမပြောသဖြင့် ခေါင်းကိုညိတ်လိုက်သည်။ မို့မို့ကတော့ ကိုကျော်ဇောနှင့် ဘာမှမပြောချင်တော့။ ထမင်းစားပြီးတော့ ဖိုးမောင်က ပြန်သွားသည်။ သားငယ်ကလည်း သူ့အဖေနားကိုသာကပ်နေသည်။ တွက်ကြည့်လျှင် သားမှာ သူ့အဖေနှင့် မတွေ့ရသည်မှာ သုံးပတ်နီးပါးဖြစ်နေပြီ။ သားငယ်ကတော့ ဖေဖေနိုင်ငံခြားသွားတယ်ပြောထားသဖြင့် ဘာမှမသိရှာ။

ညနေစောင်းပြီ၊ ကိုကျော်ဇောက ဧည့်ခန်းအတွင်းထိုင်နေသည်။ သားငယ်ကတော့ အပြင်တွင်ဆော့ကစားနေသည်။ ကိုကျော်ဇောက ကားပေါ်ပါလာသည့် အရက်ပုလင်းကိုထုတ်ကာကို ခွက်ထဲထည့်ပြီး ဇိမ်ခံသောက်နေလေသည်။ ညနေကျနေက ဧည့်ခန်းကို တိုက်ရိုက်ထိုးနေသည်။ ဧည့်ခန်း နံရံတွင်တော့ မို့မို့တို့၏ အဘိုးပုံများ၊ အဖေ့ဓါတ်ပုံများ၊ ငယ်ငယ်ကရိုက်ထားသော မိသားစုပုံများကို ချိတ်ဆွဲထားသည်။ မှန်ချပ်များပေါ်တွင် ဖုန်တွေက ထုတက်နေသဖြင့် ပုံတွေက ဝေဝါးနေလေသည်။

ကိုကျော်ဇောက ပျင်းပျင်းနှင့် ဓါတ်ပုံတွေကိုကြည့်လိုက်သည်။ ထိုစဉ် မို့မို့၏ အဘိုးပုံမှာ ကိုကျော်ဇောကြည့်နေရင်းပင် ပြုံးနေသလိုခံစားရသည်။ ထိုမှတဆင့် မို့မို့အဘိုး၏ နှုတ်ခမ်းများမှာ ပြဲလာပြီး ပါးစပ်ကြီးပွင့်လာကာ ဟက်ဟက်ပက်ပက်ရယ်မောနေသည့်ပုံဖြစ်သွားသည်။ ကိုကျော်ဇော ကြက်သီးများထသွားသည်။ မို့မို့အဖေပုံကိုကြည့်လိုက်သောအခါ မို့မို့အဖေပုံက မျက်စိရှေ့တွင်ပင် တဖြည်းဖြည်းဒေါသထွက်လာပုံရသည်။ ပါးစပ်များစေ့ပြီး အံများကြိတ်ထားသလိုဖြစ်လာသည်။ မျက်လုံးများက နီရဲလာလေသည်။ ကိုကျော်ဇော မိမိမြင်ရသည်ကိုပင် မယုံချင်ဖြစ်လာပြီး မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်သည်။ ဧည့်ခန်းထဲက ဓါတ်ပုံတွေအကုန်လုံးက ကိုကျော်ဇောကို ရန်လုပ်နေကြသည်။

ကိုကျော်ဇောအနောက်တွင် ပြတင်းပေါက်ရှိသဖြင့် ကျနေက နောက်ကျောမှထိုးကာ ကိုကျော်ဇောအရိပ်က နံရံပေါ်တွင်ကျနေသည်။ ထိုအရိပ်က ကြည့်နေရင်း တဖြည်းဖြည်းလက်တွေလှုပ်လာသည်။ ခေါင်းတွေ ခါရမ်းလာသည်။ ကိုကျော်ဇောက ငြိမ်ပြီးထိုင်နေသည့်တိုင် သူ့အရိပ်က နံရံပေါ်တွင် လူတစ်ယောက်လို လှုပ်ရှားနေသည်။ မကြာခင် ထိုအရိပ်တွင် မျက်လုံးရာများ၊ ပါးစပ်ရာများပေါ်လာလေသည်။

ကိုကျော်ဇော ထိုင်ခုံတွင် ထိုင်နေပြီး ကြက်သေသေနေမိသည်။ တစ်ကိုယ်လုံး ချွေးတွေပြန်နေပြီး ခြေထောက်တွေကလည်း တဆတ်ဆတ် တုန်ယင်လာသည်။

“ဖေဖေလာ ထမင်းစားရအောင်”

သားငယ်က အခန်း၀ကိုရောက်လာသည်။ ကိုကျော်ဇော အလွန်ထိတ်လန့်သွားပြီး သားငယ်ကို ကြည့်လိုက်သည်။ ထို့နောက် အခန်းနံရံနှင့် ဓါတ်ပုံများကိုပြန်ကြည့်သည်။ ထိုအခါ ဓါတ်ပုံများက ပုံမှန်အတိုင်းပင်ဖြစ်နေသည်။ ကိုကျော်ဇော ခေါင်းကိုတစ်ချက်ကုတ်လိုက်သည်။

“ငါအရက်မူးပြီး မြင်ချင်ရာတွေ မြင်နေတာလား”

ကိုကျော်ဇောက ရေရွတ်လိုက်ပြီး ထမင်းစားခန်းသို့သားငယ်နှင့် အတူသွားလိုက်သည်။

ထမင်းစားခန်းရောက်တော့ မို့မို့ ကထမင်းများပြင်နေသည်။ ကိုကျော်ဇောက စားပွဲထိပ်က ထိုင်ခုံကိုဝင်ထိုင်လိုက်သည်။

“ကိုကျော်ဇော အဲ့ဒီမှာ မထိုင်ပါနဲ့ အဲဒါဖေဖေ့နေရာ”

မို့မို့ပြောလိုက်တော့ ကိုကျော်ဇောက ဒေါပွသွားသည်။

“ဘာဖြစ်လဲကွာ ငါ့ဟာငါ ထိုင်ချင်တဲ့နေရာထိုင်မယ်၊ နေ့လည်က ဟိုကောင်လေးတောင် ထိုင်ပြီးတော့ အခုငါထိုင်တော့ မရဘူးတဲ့လား”

ကိုကျော်ဇောကပြောပြီးတော့ ဝင်ထိုင်လိုက်သည်။ ထမင်းစားခန်းက မှောင်မဲနေသည်။ ထုံးစံအတိုင်း ဖယောင်းတိုင်များကို သူတို့ထမင်းစားသည့် စားပွဲတစ်ဖက်စွန်းတွင်သာထွန်းထားသည်။ ထမင်းစားခါနီးတော့ မို့မို့အမေကလည်း ထွက်လာသည်။ ထို့နောက် ထမင်းဝိုင်းတွင် ထိုင်လိုက်သည်။ အမေ့မျက်နှာက မျက်နှာထားတင်းတင်းနှင့်ဖြစ်သည်။

ထို့နောက် ထမင်းစစားကြသည်။ ထမင်းဝိုင်းက သားငယ်နှင့် ကိုကျော်ဇော၏ ဇွန်းသံ ပန်းကန်သံတစ်ချက်တစ်ချက် ထွက်လာသည်ကလွဲလို့ တိတ်ဆိတ်နေသည်။ ကိုကျော်ဇောက ထမင်းကို ကုန်းစားလိုက်သည်။ ထိုစဉ် သူ၏ ခြေထောက်များကို အလွန်အေးစက်သည့်အရာကြီးက လာထိသည်။ ခြေထောက်နှစ်ဖက်လုံးကိုဖြစ်သည်။ ကိုကျော်ဇောထိုင်နေရင်း တစ်ကိုယ်လုံးတုန်တက်သွားသည်။ ထို့နောက် မဝံ့မရဲဖြင့် စားပွဲအောက်သို့ကြည့်လိုက်သည်။

စားပွဲအောက်က မှောင်မဲနေသည်။ ထိုစဉ် ထိုစားပွဲအောက်တွင် မဲမဲအရိပ်ကြီးက ငုတ်တုတ်ထိုင်နေပြီး ကိုကျော်ဇောကို မော့ကြည့်နေသည်။ ကိုကျော်ဇောက ငုံ့အကြည့်မို့ ထိုအရိပ်ကြီးနှင့် မျက်လုံးခြင်းဆုံသွားလေသည်။

“အောင်မယ်လေး”

ကိုကျော်ဇောက အော်လိုက်ပြီး ဇွန်းကိုလွှတ်ချလိုက်သည်။ မို့မို့တို့ သားအမိက မျက်လုံးပြူးပြီးကြည့်နေကြသည်။

“ဘာဖြစ်တာလဲ”

မို့မို့က မေးလိုက်သော်လည်း ကိုကျော်ဇောက ပါးစပ်မှ အသံမထွက် စားပွဲအောက်ကိုသာ လက်ညှိုးထိုးပြလိုက်သည်။ မို့မို့က ထလိုက်ပြီးစားပွဲအောက်ကို ငုံ့ကြည့်လိုက်သည်။ စားပွဲအောက်တွင် ဘာမှမရှိ၊ ကိုကျော်ဇောလက်မှ ပြုတ်ကျသွားသည့် ဇွန်းတစ်ချောင်းသာ ရှိလေသည်။ မို့မို့လည်း စားပွဲအောက်တွင်ကျနေသည့် ဇွန်းကိုကောက်လိုက်သည်။

“ဒီဇွန်းလေးကျတာကိုများ . .. ကိုကျော်ဇောရယ်”

မို့မို့က ပြောလိုက်ပြီး ကိုကျော်ဇောကို ဇွန်းအသစ်တစ်ချောင်းပေးလိုက်သည်။ ကိုကျော်ဇောက ဇွန်းကို တုန်ရင်နေသာလက်များဖြင့် လှမ်းယူလိုက်သည်။ ထို့နောက် ထမင်းစားရန်အတွက် ပန်းကန်ထဲမှ ထမင်းများကို ခပ်လိုက်သည်။

“အောင်မယ် . . . .လေး”

ကိုကျော်ဇောတိုးတိုလေးရေရွတ်လိုက်သည်။ ထမင်းကိုခပ်လိုက်သော်လည်း ကြေးဝါဇွန်းထဲတွင်တော့ ကော့စင်းနေသည့် ထမင်းစေ့များမဟုတ်ဘဲ လောက်ကောင်ဖြူဖြူ သေးသေးလေးတွေက တရွရွနှင့်လှုပ်ရှားနေကြသည်။ ကိုကျော်ဇောက ထိတ်လန့်သွားပြီး ထမင်းပန်းကန်ထဲကိုကြည့်လိုက်သည်။ ထမင်းပန်းကန်ထဲက ထမင်းစေ့တွေအားလုံး လောက်ကောင်လေးတွေဖြစ်ပြီး လှုပ်ရှားနေကြသည်ကို ဖယောင်းတိုင်မီးရောင်အောက်တွင် မြင်နေရလေသည်။

“စားလေ ကိုကျော်ဇောရဲ့”

မို့မို့ကပြောလိုက်သည်။ ဇောချွေးများကျနေပြီး တုန်တုန်ယင်ယင်ဖြစ်နေသည့် ကိုကျော်ဇောကို မို့မို့နှင့် သားငယ်တို့က ကြည့်နေကြသည်။ ကိုကျော်ဇော လက်တွေတုန်နေပြီး ထမင်းခပ်ထားသည့်ဇွန်းကို မျက်စိမှိတ်ပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ ပါးစပ်ထဲတွင် လောက်ကောင်လေးတွေက လူးလွန့်ပြီးလျှုာပေါ်တွင် ပြေးလွှားနေသည်။

ကိုကျော်ဇောလဲ ထမင်းကိုငုံထားရင်း မို့မို့တို့ကို ပြန်ပြုံးပြလိုက်သည်။ ထို့နောက် ထမင်းကို တစ်ချက်နှစ်ချက်ဝါးလိုက်သည်။ လောက်ကောင်ကလေးတွေက တဖောက်ဖောက်နှင့် ပါးစပ်ထဲတွင်ပေါက်နေပြီး အန်ချင်စရာအနံ့ရှိသည့် အရည်တွေကလည်း တရွမ်းရွမ်းနှင့်ဖြစ်သည်။

ကိုကျော်ဇောပါးစပ်ထဲမှာ အလွန်ဆိုးရွားသည့်အနံ့ကိုရလေသည်။ ထမင်းဝါးရင်း ကိုကျော်ဇော ဆက်ပြီးမခံစားနိုင်တော့သဖြင့် ထမင်းစားပွဲမှထပြီး အိမ်ပြင်သို့ပြေးထွက်လိုက်သည်။ ထို့နောက် အိမ်အပြင်ဆင်ဝင်အောက်တွင် ထိုးအန်လိုက်လေသည်။

“ဝေါ့ . .ဝေါ့”

ပါးစပ်ထဲမှ အန်ချလိုက်သောအခါ ထိုအရာများသည် မြေကြီးပေါ်ကျသည့်အခါ ထမင်းလုံးလေးများဖြစ်နေသည်။ ကိုကျော်ဇောက ဖိနပ်ဖြင့် ထိုးချေကြည့်သေးသည်။ ထမင်းလုံးများဖြစ်နေသည်။

“ငါဘာတွေဖြစ်နေပြီလဲ . .. ငါရူးများရူးသွားတာလား”

ကိုကျော်ဇောက ရေရွတ်လိုက်ပြီး ထမင်းစားပွဲသို့ပြန်သွားလိုက်သည်။

“ရှင်အစာမစားဘဲ အရက်တွေနင်းကန်သောက်ထားတော့ လေချဉ်တွေတက်နေပြန်ပြီမလား”

မို့မို့က ယူဆပြီးပြောလိုက်သည်။ ကိုကျော်ဇော ဘာမှမပြောတော့ပဲ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဖြစ်နိုင်လျှင် သူဒီအိမ်ထဲကနေ အမြန်ထွက်သွားချင်နေပြီ။ သို့သော် မိုးကအတော် ချုပ်နေပြီ၊ ကားကလည်း ပျက်နေသည်မို့ မပြန်ဖြစ်တော့။ သားကလည်း သူ့ကိုဆွဲထားတာက တစ်ကြောင်းဖြစ်သည်။ ထိုစဉ် ဘောင်းဘီအိတ်ထဲတွင်ထည့်ထားသော ကိုကျော်ဇောဖုန်းကလေးက ထမြည်လေသည်။

“ကိုင်လိုက်လေ ရှင့်ကောင်မတွေဆက်တာမဟုတ်လား”

မို့မို့ကပြောလိုက်သည်။ ကိုကျော်ဇောက မျက်နှာပျက်သွားပြီး မို့မို့ကိုတစ်ချက်ကြည့်ပြီး ယောက္ခမကြီးမျက်နှာကိုကြည့်လိုက်ကာ အပြင်သို့ထွက်ခဲ့သည်။

ဖုန်းကိုကြည့်လိုက်သည့်အခါ နွယ်ဟုအမည်တပ်ထားပြီး အလွန်ချောမောသည့် ရုပ်ရည်ရှိသည့် ဓါတ်ပုံကိုမြင်တွေ့လိုက်ရသည်။ နွယ်က ကိုကျော်ဇောနှင့် လက်ရှိဖြစ်နေသည့် ကောင်မလေးဖြစ်သည်။ ကိုကျော်ဇောက ဖုန်းကိုကိုင်လိုက်ပြီး နားတွင်အပ်လိုက်သည်။

“ဟီး ဟီး ဟား . . . ဟား ၀အူး . .၀ရား”

ဖုန်းထဲတွင် စကားပြောသံများမဟုတ်ဘဲ ကြောက်မက်ဖွယ် အသံမျိုးစုံနှင့် အော်ဟစ်သံများကို ကြားလိုက်ရသည်။ ကိုကျော်ဇော အလွန်ထိတ်လန့်သွားပြီး ဖုန်းကိုပြန်ကြည့်လိုက်သည့်အခါ ဖုန်းက မီးတွေပိတ်လိုက်၊ စခရင်က မှောင်သွားလိုက်၊ လင်းသွားလိုက်နှင့်ဖြစ်နေသည်။ ထို့နောက်ဖုန်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာကြီးပေါ်လာလေသည်။ မျက်နှာကြီးမှာ မိန်းမတစ်ယောက်၏ မျက်နှာဖြစ်ပြီး မျက်လုံးတွေက သွေးတွေအပြည့်နဲ့ဖြစ်ပြီး ပါးစပ်ကြီးကလဲည်း ပြဲနေသည်။ သွားများကြားမှ သွေးများက စီးကျလာလေသည်။ ကိုကျော်ဇောတစ်ယောက် လန့်ပြီး ဖုန်းကိုပစ်ပေါက်လိုက်မိသည်။

“ခလွမ်း”

ကြမ်းပြင်နှင့် ဖုန်းနှင့်ထိပြီး ဖုန်းမှာ အက်ကွဲသွားလေသည်။ ကိုကျော်ဇောက ကြောက်ကြောက်နှင့် ဖုန်းကိုဖနောင့်ဖြင့် ပေါက်နေသည်။ ဖုန်းက မျက်နှာပြင်တွေ ကြေမွနေလေသည်။ မို့မို့နှင့် ကောင်းကောင်းတို့က အိမ်ပြင်မှ ဖုန်းကျသံနှင့် ကိုကျော်ဇောအသံများကြားရသည်မို့ အပြင်ကိုပြေးထွက်လာသည်။ ဆင်ဝင်အောက်တွင်တော့ ကိုကျော်ဇောက စိတ်မမှန်သည့်လူတစ်ယောက်လို ဖုန်းကိုအားကုန်တက်နင်းနေလေသည်။

“ကိုကျော်ဇော . . ကိုကျော်ဇော”

မို့မို့ကခေါ်လိုက်သော်လည်း ကိုကျော်ဇောက ကြားဟန်မတူ။

“အမေ သားကို ခဏအထဲကို ခေါ်သွားပေးပါ”

မို့မို့ကပြောလိုက်ပြီးတော့ ကိုကျော်ဇောကို လက်ကိုဆွဲကိုင်လိုက်သည်။ အမေကတော့ သားငယ်ကလေးကို မို့မို့တို့ အိပ်ခန်းထဲကို ထည့်လိုက်လေသည်။ မို့မို့က ကိုကျော်ဇောလက်ကိုဆွဲလိုက်ပြီး လှည့်လိုက်သည်။ ကိုကျော်ဇောက မျက်လုံးတွေ နီရဲနေပြီး ဆံပင်တွေကလည်း ဖွာထွက်နေသည်။

“ဖြန်း”

မို့မို့က ကိုကျော်ဇောကို ပါးရိုက်လိုက်သည်။ ကိုကျော်ဇောက ခွေကျသွားသည်။ မျက်လုံးတွေပိတ်သွားပြီး လဲကျသွားသည်။ ထို့နောက် ကိုကျော်ဇောက အသိပြန်ဝင်လာသည်။

မို့မို့က သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။ ကိုကျော်ဇောက မြေပေါ်တွင် ထိုင်လျက်သား လဲကျနေသည်။ ထို့နောက် ကိုကျော်ဇောက သူ့အရှေ့ရပ်နေသည့် မို့မို့ကိုကြည့်လိုက်သည်။

“ကယ်တော် မူကြပါ”

ကိုကျော်ဇောက ရေရွတ်လိုက်မိသည်။ မို့မို့တို့အနားတွင် လူအများကြီးက မတ်တပ်ရပ်နေပြီး ကိုကျော်ဇောကို ဝိုင်းပြီးကြည့်နေကြသည်။ လူတွေက လူစုံတက်စုံဖြစ်ပြီး အယောက်ငါးဆယ်နီးပါး လောက်ရှိမည်ဖြစ်သည်။ ခေတ်ဟောင်းဒီဇိုင်းတွေရော၊ ခေတ်ပေါ်အကျီတွေကိုပါ ပုံစံစုံ ဝတ်ဆင်ထားကြသည်။ ကိုကျော်ဇောက ထိုသူများသည် လူမဖြစ်နိုင်မှန်း သိလိုက်သည်။ အစွယ်ဖွေးဖွေး၊ မျက်လုံးပြူးပြူးကြီးများနှင့် လူများမှာ သာမန်လူမဖြစ်နိုင်ပေ။ ထို့နောက် ကိုကျော်ဇောက သွေးပျက်သွားပြီး အိမ်ထဲမှတဆင့် ခြံထဲသို့ပြေးဆင်းသွားသည်။ ထို့နောက် ခြံတံခါးကို ဖွင့်ပြီး အပြင်ကို အမြန် ပြေးထွက်လိုက်သည်။

မို့မို့ကတော့ ကိုကျော်ဇော ဘာလို့ပြေးသွားမှန်းမသိ။ ကိုကျော်ဇောအရက်ကြောင် ကြောင်ပြီးပြေးထွက်သွားသည်ထင်ပြီး ကိုကျော်ဇောနောက်ကို လိုက်သွားသည်။

ကိုကျော်ဇောက တောင်ဆင်းလမ်းလေးအတိုင်း အပြေးဆင်းနေသည်။ ထိုလမ်းကလေးတွင်လည်း လူများပြည့်နှက်နေသဖြင့် တိုးဝှေ့ပြီးသွား၇လေသည်။ လူများဆိုသော်လည်း လူနှင့်မတူ၊ အဖြူရောင် အရိပ်ရှည်ရှည်ကြီးများက တစ်လမ်းလုံးပြည့်နှက်နေသည်။ ထိုအရိပ်တွေကို ကိုကျော်ဇောက တိုက်ဖြတ်ပြီး ပြေးနေရသည်။ ထိုအရိပ်တွေမှာ မျက်နှာတွေပါပြီး ကိုကျော်ဇောကို အံ့အားသင့်စွာဖြင့် ကြည့်နေကျသည်။ အချို့မျက်နှာတွေကတော့ ပြုံးနေကြသည်လား ရန်လိုနေကြသည်လား ကိုကျော်ဇောမသိတော့ ထိုတောင်ဆင်းလမ်းကလေးအတိုင်း အောက်ကိုမြန်မြန်ရောက်ရေးကိုသာ ဦးတည်ပြီးပြေးနေသည်။

မို့မို့ကတော့ အမှောင်ထုထဲ ကိုကျော်ဇောနောက် ပြေးလိုက်နေသည်။ ယောက်ျားခြေလှမ်းနှင့် မိန်းမခြေလှမ်းကွာသည်မို့ မို့မို့က ဝေးပြီးကျန်ခဲ့လေသည်။ ပါးစပ်ကလည်း ကိုကျော်ဇော ကိုကျော်ဇောဟု အော်ရင်းပြေးနေသည်။ ပတ်ဝန်းကျင်က အမှောင်ကျနေသည်။ တောင်ဆင်းလမ်းကလေးဘေး သစ်ပင်များရှိသဖြင့် အုပ်ဆိုင်းကာ မှောင်မဲနေသည်။ မို့မို့က ကိုကျော်ဇောကို မီရန် အပြေးလိုက်လာလေသည်။

တောင်ဆင်းရောက်တော့ မို့မို့က အမောဆို့နေပြီဖြစ်ရာ တောင်ဆင်းလမ်းမပေါ်တွင် ခါးကုန်းပြီး မနည်းအသက်ရှုနေရသည်။ ဒူးနှစ်ဖက်ကို လက်ဖြင့်ထောက်ပြီး မို့မို့က ကိုယ်ကိုကိုင်းထားသည်။ ကိုကျော်ဇောက တော့ ခပ်လှမ်းလှမ်းမှာရောက်နေပြီး ကားလမ်းမကြီးပေါ်ကို ပြေးတက်လိုက်သည်။ ထိုစဉ် ကုန်တင်ကားကြီးတစ်စီးက အရှိန်ဖြင့်မောင်းနှင်လာလေသည်။ ကိုကျော်ဇောမှာ ကုန်တင်ကားကြီး၏ မီးရောင်များရှေ့တွင် သွေးရူးသွေးတန်းနှင့် ပြေးနေလေသည်။

မို့မို့က အသံကုန်ဟစ်ပြီးအော်လိုက်လေသည်။

“ကိုကျော်ဇော . . .”

ကိုကျော်ဇောက ထိုတော့မှ မို့မို့ကိုနောက်ပြန်လှည့်ကြည့်လိုက်လေသည်။ ကိုကျော်ဇော၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်းများက ပေါ်လွင်နေလေသည်။ ကိုကျော်ဇောလှည့်ကြည့်နေတုန်း သူ့ကို ကုန်တင်ကားကြီးက ဖြတ်တိုက်သွားလေရာ ကိုကျော်ဇောမှ အရှိန်ဖြင့်လွှင့်ထွက်သွားပြီး ကားလမ်းမပေါ် အရုပ်ကြီးတစ်ရုပ်သဖွယ်ပြန်ပြီး ပြုတ်ကျလေသည်။

ကုန်တင်ကားကြီးက ဘရိတ်ကိုဆောင့်နင်းပြီး ရပ်တန့်လိုက်သည်။ ကားလမ်းပေါ်တွင် ကားမီးရောင်ကြောင့် လင်းထိန်နေသည်။ လမ်းတစ်ဖက်ခြမ်းမှလာသော ကားများမှာလည်း ရပ်တန့်လိုက်ကြသည်။ ထိုအနီးအနားတွင် လက်ဖက်ရည်ဆိုင်ကလေးရှိသဖြင့် ဆိုင်အတွင်းမှလူများက ပြေးလာကြသည်။ ကိုကျော်ဇောကတော့ ကားလမ်းပေါ်တွင် လက်ကြီးမြောက်ပြီး ဆန့်ငင် ဆန့်ငင်ဖြစ်နေသည်။

မို့မို့က ခြေလှမ်းမလှမ်းန်ိုင်တော့ဘဲ ထိုင်ချလိုက်ရသည်။ ကိုကျော်ဇောအခင်းဖြစ်သည့်နေရာမှာ မို့မို့နှင့်အနည်းငယ်လှမ်းသည်။ လူများက ကားလမ်းနံဘေးတွင် ဝိုင်းအုံလာပြီးနောက် သွေးပွက်ပွက်အန်fပြီး လဲကျနေသည့် ကိုကျော်ဇောအား ဝိုင်းကြည့်နေကြသည်။ မို့မို့က လမ်းဘေးတွင် ထိုင်ပြီးငိုနေလိုက်သည်။ မို့မို့မည်မျှ ကြာကြာငိုနေလိုက်သည်မသိ။ ကိုကျော်ဇောအလောင်းအား လူများက သယ်ဆောင်ကာ ဆေးရုံပို့ရန်ကြိုးစားနေလေသည်။ ကိုကျော်ဇောမှာတော့ ငြိမ်သက်နေပြီဖြစ်ည်။ နောက်တော့မှ မို့မို့ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။

“သား . . . သားလေး”
အပိုင်း(၄)(ဇာတ်သိမ်း)

“သား . . . သားလေး”

မို့မို့လည်း သူ့ကိုယ်သူအပြစ်တင်မဆုံးတော့ပေ။

“ငါတော်တော်တုံးတဲ့ ကောင်မပဲ ဒီလောက်ကြောက်စရာကောင်းတဲ့နေရာမှာ ဘာလို့သားလေးကို တစ်ယောက်တည်း ထားခဲ့မိပါလိမ့်”

မို့မို့က ရေရွတ်ရင်း တောင်ကုန်းလေးအပေါ်ကို ပြေးတက်လာခဲ့သည်။ မို့မို့ခြေထောက်များက ဖိနပ်မပါဘဲ ပြေးထားရသဖြင့် နာကျင်နေသော်လည်း သားဇောနှင့်မို့နာကျင်မှုကို လျစ်လျူရှုကာ အမြန်ပြေးတက်နေသည်။ မကြာမီခြံရှေ့သို့ရောက်သည်။ အိမ်ကိုလှမ်းကြည့်တော့ အောက်ထပ်ရှိ လှေကားရင်းအနားမှ မီးလုံးဟောင်းကြီးက မှိန်မှိန်လေးလင်းနေပြီး ဆင်ဝင်အနားထို အလင်းရောင် ဖျော့ဖျော့လေးက ကျနေသည်။

အိမ်ထဲရောက်တော့ မို့မို့က သားဖြစ်သူကို အော်ခေါ်လိုက်လေသည်။

“သားရေ . . . သား၊ ကောင်းကောင်းရေ”

အသံကုန်ဟစ်ကာ ခေါ်လိုက်သော်လည်း ဘာအသံမှမကြားရ။ မို့မို့လည်း အိပ်ခန်းထဲပြေးဝင်လိုက်သည်။ အခန်းထဲတွင်လည်း သားကမရှိပေ။ မို့မို့ အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။ ခေါင်းတွေကပူထူပြီး ဘာလုပ်ရမှန်းမသိတော့၊ နောက်တော့မှ မို့မို့က ဖုန်းလေးကိုကောက်လိုက်ပြီးနောက် ကိုအောင်ထံကို ဖုန်းခေါ်လိုက်သည်။

“မို့ပြောလေ”

“ကိုအောင် သားလေးပျောက်နေလို့ ကိုအောင်၊ မို့ . . . မို့ဘာလုပ်ရမလဲ”

“မို့ စိတ်ကိုအေးအေးထား၊ ကိုအောင် အခုချက်ချင်းလာခဲ့မယ်”

မို့မို့က ဖုန်းကိုချလိုက်သည်။ နာရီကိုကြည့်လိုက်တော့ အချိန်က ညခုနစ်နာရီ ခွဲပဲရှိသေးသည်။ မို့မို့စိတ်တွေရှုပ်ထွေးလာမိသည်။ ထို့ကြောင့် အခန်းထဲက စားပွဲပေါ်တင်ထားသည့် ပစ္စည်းတစ်ချို့ကို လက်ဖြင့်ပုတ်ထုတ်လိုက်သည်။

“ချွင် ဂလွမ်း . . ဂလွမ်း”

ကျကွဲသံများက အခန်းထဲတွင် ဆူညံသွားသည်။

“ဒုန်း . . ဒုန်း. . .ဒုန်း”

ထိုစဉ် အိမ်ပေါ်ထပ်မှ ပြေးလွှားသံများကြားလိုက်ရသည်။ မို့မို့က သားလေးများလားဟုတွေးလိုက်မိသည်။ သို့သော် သားလေးမဖြစ်နိုင်ဟူသည့် အတွေးတစ်ခုက ခေါင်းထဲသို့ဝင်လာသည်။ သရဲများပေါများသည့်နေရာတွင် သားငယ်က ပြေးလွှားနေမည်မဟုတ်၊ မို့မို့ကြောက်ရမယ်ထက် အလွန်ဒေါသထွက်လာပြီး တောက်တစ်ချက်ခေါက်လိုက်သည်။

ထို့နောက် မို့မို့က အခန်းအပြင်သို့ထွက်ခဲ့သည်။ လှေကားရင်းကိုဖြတ်ကျော်လိုက်သည့်အခါ လျှောက်လမ်းတစ်လျှောက် မှောင်မဲနေသဖြင့် လက်ထဲမှဖုန်းမီးလေးကိုဖွင့်ပြီးကိုင်လိုက်သည်။ ထို့နောက် ထမင်းစားခန်းထဲတွင် အသံများကြားရပြန်သည်။ မို့မို့က ထမင်းစားခန်းထဲဝင်ခဲ့သည်။ မဲမဲအရိပ်တစ်ခုက ထမင်းစားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလေသည်။

မို့မို့ကိုမြင်တော့ ထိုအရာက လှည့်ကြည့်လေသည်။ ဖုန်းမီးရောင်အောက်တွင် ဆောင့်ကြောင့်ထိုင်နေသော မဲနက်နေသည့် ပိန်ရှည်ရှည် အကောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။ လူပုံစံဆိုသော်လည်း ထိုမျှပိန်ကပ်နေသည့်အရာသည် လူမဖြစ်နိုင်မှန်း မို့မို့သိလိုက်သည်။ မို့မို့က တောက်တစ်ချက်ခေါက်ပြီး အနားတွင်တင်ထားသော ဖယောင်းတိုင်ထွန်းသည့် ကြေးဖယောင်းတိုင်ခွက်ကြီးဖြင့် လှမ်းပစ်လိုက်သည်။

ထိုအရာက ခုန်ရှောင်ပြီး မျက်နှာကြက်ပေါ်ကို ပင့်ကူတစ်ကောင်ကဲ့သို့ ခုန်ပြီးကပ်လိုက်သည်။ မို့မို့က ကြောက်စိတ်ကိုကျော်လွန်သွားပြီဖြစ်သည်။ မို့မို့ခေါင်းထဲတွင် ဘာမှမရှိတော့။

“နင်လား ငါ့သားကိုခေါ်ထားတာ၊ ပြောစမ်း . . . ငါ့သားကိုပြန်ပေး”

မို့မို့က ဘီရိုရှိအံဆွဲတစ်ခုကိုဖွင့်လိုက်ပြီး အထဲမှ ဇွန်းများ၊ ခက်ရင်းများကိုဆွဲထုတ်လိုက်ကာ ထိုအရာကို ဒေါသထွက်ထွက်နှင့် ပစ်ပေါက်နေမိသည်။ ထိုမဲမဲအကောင်ကလည်း လွှားခနဲ လွှားခနဲခုန်ကာ ပြေးလွှားနေလေသည်။ ထို့နောက်တွင်မှ အမှောင်ထဲဝင်ပြီးပျောက်ကွယ်သွားလေသည်။

မို့မို့ကမကျေနပ်သေးပေ၊ ထိုအကောင်အနောက်ကို ရေဆုံးမြေဆုံးလိုက်မည်ဟု တွေးလိုက်မိသည်။ သို့နှင့် ဘီရိုရှိ နောက်ထပ်အံဆွဲတစ်ခုကိုဖွင့်လိုက်သည်။ ထိုအံဆွဲထဲတွင် ငွေဖြင့်ပြုလုပ်ထားသည့် အသုံးအဆောင်များရှိသည်။ မို့မို့က ငွေဖြင့်လုပ်ထားသည့် သားလှီးဓါးတစ်ခုကို ကိုင်ကြည့်လိုက်သည်၊ သားလှီးဓါး၏ ဓါးသွားများမှာ သိပ်မထက်တော့သော်လည်း ဓါးဦးချွန်ကတော့ လူတစ်ယောက်ကို ထိုးနှက်ပစ်ရန်အတွက် ချွန်ထက်နေသေးသည်။ မို့မို့တစ်ယောက် လက်တစ်ဖက်ကဖုန်းကိုင်၊ လက်တစ်ဖက်က ဓါးကိုင်ပြီး ထမင်းစားခန်း အပြင်ထွက်ခဲ့သည်။

အမေ့အခန်းရှေ့ရောက်သည်။ မို့မို့လည်း အမေ့အခန်းတံခါးကိုဖွင့်ရန်ကြိုးစားလိုက်သည်။ ထုံးစံအတိုင်း အမေ့အခန်းမှာ အတွင်းက ချက်ထိုးထားသည်။

“အမေရေ ထပါဦး အမေရဲ့ . . . အထဲမှာ သေနေပြီလား”

မို့မို့က ပြောဆိုရင်း အခန်းတံခါးကို တဘုန်းဘုန်းထုလိုက်သည်။ အခန်းထဲမှ မည်သည့်အသံမှမကြား။ မို့မို့က အခန်းရှေ့တွင် မတ်တပ်ရပ်ပြီး ငိုယိုနေမိသည်။ ပြီးနောက် ဓါးကိုင်ပြီး အိမ်ရှေ့သို့ထွက်ခဲ့သည်။ ထိုစဉ် လှေကားပေါ်မှ အရိပ်မည်းကြီးက မို့မို့ကိုကြည့်နေသည်။ မို့မို့ကထိုအရိပ်ကြီးကိုမြင်လိုက်သည့်အတွက် ငေးကြည့်နေစဉ်မှာပင် မို့မို့ကိုယ်ပေါ်သို့ ထိုအရိပ်ကြီးက လွှားခနဲ ခုန်ချလာလေသည်။ ဆောင့်တွန်းခံလိုက်ရသလိုဖြစ်ပြီး မို့မို့တစ်ယောက်အနောက်သို့ လွှင့်ထွက်သွားသည်။ ဖုန်းကလည်း လက်မှ လွတ်ကျသွားသလို ငွေဓါးမှလည်း မို့မို့လက်မှ လွင့်စင်ထွက်သွားကာ ကြမ်းပြင်ပေါ်သို့ကျသွားသည်။

ထိုမဲမဲအကောင်ကြီးကို လှေကားရင်းမှ မီးသီးအလင်းရောင်ဖြင့် ထင်ရှားစွာမြင်နေရသည်။ အကောင်ကြီးက မို့မို့ကိုခွထားသည်။ ထို့နောက် မို့မို့၏ လည်ပင်းကိုလက်မဲကြီးဖြင့် ညှစ်လေသည်။ လက်ကြီးများမှာ အေးစက်နေပြီး အလွန်အားသန်လေသည်။ မို့မို့လည်း အားရှိသလောက်ရုန်းကန်သည်။ ထိုအကောင်ကြီးကို လက်သီးများနှင့်ထုနှက်သည်၊ ဒူးထောင်ပြီး ဒူးနှင့်လည်းဖမ်းတိုက်သည်။ သို့သော် မို့မို့အားလောက်ကို ထိုအကောင်ကြီးက မဖြုံပေ မို့မို့လည်း စမ်းမိစမ်းရာလက်ဖြင့်စမ်းကြည့်ရာ သူ့ဓါးလေးက လက်အနားတွင်ကျနေသည်။

(၁၇)

ငွေဓါးလေးကို စမ်းမိသည်နှင့် အလျှင်အမြန် ဆုပ်ကိုင်လိုက်ပြီး ထိုအကောင်ကြီး၏ ကျောကုန်းကို ထိုးစိုက်ချလိုက်သည်။

“ဂါး . .ဂရား”

ထိုအကောင်ကြီးမှာ အော်ဟစ်နေလေသည်။ ဓါးက သူ့ကျောတွင် စိုက်လျက်သား တန်းလန်းကြီး ဖြစ်နေသည်။ ထို့နောက် အကောင်ကြီးက ခုန်ထလိုက်ပြီး ဓါးကိုလက်ဖြင့်ဆွဲနေလေရာ လဲကျနေသည့် မို့မို့လည်း လူးလဲထလိုက်သည်။ မို့မို့တစ်ယောက် ထမီကိုပြင်ဝတ်နေစဉ် ထိုအကောင်ကြီးက အမြီးရှည်ကြီးပါပြီး ထိုအမြီးကြီးဖြင့် မို့မို့ခြေထောက်တွေကို ဖြတ်ရိုက်သည်။ မို့မို့ ပက်လက်လန် လဲကျသွားပြန်သည်။ ထိုအခါ ထိုအကောင်ကြီးက သူ့အပေါ်ကို ခုန်တက်ပြီး နောက်တစ်ကြိမ် လည်ပင်းညှစ်ပြန်သည်။

မို့မို့လည်း သူ့လည်ပင်းကိုညှစ်ထားသည့် အကောင်ကြီး၏လက်ကို ပုခုံးနှစ်ဖက်နှင့်ညှပ်ပြီး ဖိထားလိုက်သည်။ ထိုစဉ် ဖုန်းအလင်းရောင်လေးက ထိုအကောင်ကြီး၏ မျက်နှာကိုထိုးမိနေသည်။ မို့မို့က အကောင်ကြီး၏ မျက်နှာကို အသေအချာ ကြည့်လိုက်တော့မှ တစ်စုံတစ်ယောက်နှင့် တူနေလေသည်။

“အ . . အကိုကြီးလား”

ထိုအကောင်ကြီး၏ မျက်လုံးကြီးမှာ ပြူးထွက်သွားကာ မို့မို့ကိုလည်းပင်းညှစ်နေသည့် လက်မှာလည်း အားလျော့သွားလေသည်။ မို့မို့လည်း သေချာစိုက်ကြည့်ပြီး

“အစ်ကိုကြီး သက်အောင်မဟုတ်လား”

ထိုအကောင်ကြီးက အော်ဟစ်ကာ သူ့နားကို လက်နှစ်ဖက်နှင့် ပိတ်လိုက်ပြီး အော်ဟစ်ဆူညံနေလေသည်။ မို့မို့ကိုလည်း လွှတ်လိုက်လေသည်။ မို့မို့မှာ ကုန်းထပြီး ကြောက်ကြောက်ဖြင့် နံရံလေးဘေးနားမှာ ကပ်နေလိုက်သည်။ ထိုအခါတွင် ထိုအကောင်ကြီးမှာ တဖြည်းဖြည်းသေးသွားပြီးနောက် လူပုံသဏ္ဍာန်ဖြစ်သွားသည်။

“အကိုကြီး . . . အကိုကြီး ဘာဖြစ်နေတာလဲဟင်”

“ညီမလေး . . . မို့မို့”

အကိုကြီးက သူဝတ်ဆင်လေ့ရှိသည့် ရှပ်အကျီနှင့် ပုဆိုးကိုဝတ်ထားသည်။ ထို့နောက် အကိုကြီး၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး သူ့ကို ပြုံးပြနေလေသည်။ မို့မို့နံရံထောင့်မှ ထလိုက်ပြီး လှေကားရင်းတွင် မတ်တပ်ရပ်နေသော အကိုကြီးကိုပြေးဖက်လိုက်သည်။

“အကိုကြီး . . . အကိုကြီး”

မို့မို့က အကိုကြီးကို တင်းကြပ်စွာဖက်ထားရင်း ငိုကြွေးနေသည်။ အကိုကြီးက မို့မို့ခေါင်းကို ပွတ်ပေးနေသည်။

“အကိုကြီး၊ အကိုကြီး ဘာဖြစ်နေတာလဲဟင် . . .”

“ညီမလေး၊ အကိုကြီး ဘယ်သူလဲဆိုတာကိုမေ့နေတယ်၊ အကိုကြီး ညီမလေးကိုတွေ့လိုက်တော့မှ ဘယ်သူလဲဆိုတာကို ပြန်သတိရသွားတယ်၊ အကိုကြီးမသေခင်က ဒီအိမ်ကြီးဆီကို စိတ်ရောက်နေသေးတယ်၊ အကိုကြီး ဒီအိမ်နဲ့ခြံကြီးထဲကနေ ဘယ်ကိုမှထွက်သွားလို့မရဘဲ ပိတ်မိနေခဲ့တာကြာခဲ့ပြီ”

“ဖြစ်ရလေ အကိုကြီးရယ်”

မို့မို့က အကိုကြီးကိုဖက်ကာ ငိုကြွေးနေသည့်အချိန် အကိုကြီးမှာ ဖုန်မှုန့်များကဲ့သို့ဖြစ်သွားပြီးနောက် လေနှင့်အတူလွင့်သွားလေသည်။

“ချွင်”

အကိုကြီး၏ ကျောကုန်းပေါ်တွင် စိုက်ဝင်နေသည့် ငွေဓါးလေးက ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။

(၁၈)

“မို့ . . မို့ ဘာဖြစ်တာလဲ”

အိမ်ထဲကို ဓါတ်မီးထိုးပြီး အပြေးဝင်လာသူက ကိုအောင်ဖြစ်နေသည်။ ကိုအောင်က ဓါတ်မီးကြီးတစ်လက်ကို ကိုင်ထားပြီး မို့မို့ကိုထိုးကြည့်လိုက်သည်။ မို့မို့တစ်ကိုယ်လုံး ဖုန်တွေပေကျံနေပြီးနောက် ငွေဓါးတစ်ချောင်းကလည်း အနားတွင်ကျနေသည်ကို တွေ့လိုက်ရသည်။ မို့မို့က ကိုအောင်လာတော့ အားရှိသွားပြီး အမေကိုတွေ့သည့် ကလေးတစ်ယောက်ကဲ့သို့ ကိုအောင့်ထံသို့ပြေးသွားလိုက်ကာ ကိုအောင့်ကိုပြေးဖက်လိုက်သည်။

“မို့ မို့သားလေးပျောက်နေလို့ဆို”

“ဟုတ်တယ်ကိုအောင် မို့ဘာလုပ်ရမလဲ”

ထိုစဉ် အိမ်ထဲကို ကလေးလေးတစ်ယောက် ပြေးဝင်လာသည်။ ထိုသူကား အခြားမဟုတ် ဖိုးမောင်ပင်ဖြစ်သည်။ ဖိုးမောင်ကိုတွေ့တော့ မို့မို့တစ်ယောက် ပြာပြာသလဲဖြစ်သွားသည်။

“သား ဖိုးမောင် . . ကောင်းကောင်းဘယ်မှာလဲဟင်”

ဖိုးမောင်က ဘာမှမပြောတော့ဘဲ မီးဖိုချောင်ဘက်ပြေးဝင်သွားသည်။ မို့မို့နှင့် ကိုအောင်လည်း ဖိုးမောင်အနောက်မှပြေးလိုက်လာခဲ့သည်။ မီးဖိုချောင်အတွင်း ဖိုးမောင်မရှိပေ၊ မို့မို့လည်း အိမ်နောက်ဖေးတံခါးကိုဖွင့်လိုက်တော့ လူတစ်ရပ်ခန့်ရှည်သည့် မြက်ပင်ရှည်ကြီးများပေါက်နေသည့် မြက်တောကြီးသာရှိသည်။ မြက်ပင်များမှာ ခြောက်သွေ့နေသည်။ ထိုစဉ် ဖိုးမောင်က မြက်တောအစပ်တွင် ပေါ်လာပြန်သည်။ မြက်တောအတွင်းသို့ ဝင်ပြေးသွားသည်မို့ မို့မို့နှင့်ကိုအောင်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဖိုးမောင် အနောက်ကနေ ပြေးလိုက်ကြသည်။ မြက်ပင်ခြောက်များ၊ မြက်ရွက်များမှာ မျက်နှာများ လက်များ၊ ခြေထောက်များကို ရှသဖြင့် ပွန်းပဲ့ပြီး သွေးတွေစို့နေသည်။

မြက်တောကြီးထဲ စမ်းတဝါးဝါးပြေးရင်းနဲ့ နောက်ဆုံးတွင် သစ်ပင်လေးတစ်ပင်အောက်ရောက်လာကြသည်။ သစ်ပင်ကလေးမှာ အရွက်မရှိတော့ဘဲ လိမ်ကောက်နေသည့် သစ်ကိုင်းများသာကျန်နေကာ သေနေပြီဖြစ်သည်။ ထိုသစ်ပင်ကလေးအောက်တွင် မြက်ပင်များက သိပ်မထူလှပေ။ ထိုသစ်ပင်အောက်တွင် အမေက သားကိုချီထားသည်။ သားကတော့ အမေ့ပုခုံးပေါ်တွင် အိပ်ပျော်နေပြီဖြစ်သည်။

“အမေ”

မို့မို့က အမေ့ထံသို့ပြေးလိုက်ကာ သားငယ်ကို ချီယူလိုက်သည်။ သို့သော်လက်တွေက အားနည်းနေပြီမို့ မသယ်နိုင်။ ကိုအောင်က သားငယ်ကိုပြောင်းပြီးချီလိုက်သည်။

“ဖိုးမောင် . . . . ဖိုးမောင်”

မို့မို့ကဖိုးမောင်ကိုကြည့်ကာ အော်ခေါ်လိုက်မိသည်။ ဖိုးမောင်မှာ မို့မို့ရှေ့မှာပင် တဖြည်းဖြည်းကြီးလာပြီးနောက် ဖိုးမောင်မဟုတ်တော့ဘဲ လူကြီးတစ်ယောက်ဖြစ်သွားသည်။ ထိုလူကြီးမှာ မို့မို့ကိုကြည့်ကာပြုံးနေသဖြင့် မို့မို့လည်း အလွန်အံ့အားသင့်သောမျက်နှာထားဖြင့် ထိုလူကြီးကို ငေးကြည့်နေမိသည်။

“ဖေ . . . ဖေဖေလား”

မို့မို့က ရေရွတ်လိုက်သည့်အခါ ဖေဖေက ပြုံးပြသည်။ မို့မို့လည်း ဘာမှမစဉ်းစားတော့ဘဲ ဖေ့ဖေ့ဆီကိုပြေးသွားလိုက်ကာ ဖေဖေ့ကိုပြေးဖက်လိုက်သည်။ မို့မို့က မျက်ရည်တွေကျနေသည်။

“သမီးလေး၊ အဖေ့သမီးလေး . . .”

ဖေဖေက ပြောရင်း မို့မို့ကျောပြင်ကိုပုတ်ပေးနေသည်။ ကိုအောင်ကတော့ အိပ်မက်မှလန့်နိုးသည့်သူအလား အံ့အားသင့်စွာဖြင့် သူတို့ကို ငေးကြည့်နေလေသည်။

“ဖေဖေ၊ ဒါဆို ဖေဖေက ဖိုးမောင်ပေါ့၊ ဒါကြောင့်မို့ ဖိုးမောင်ကိုတွေ့တုန်းက တစ်ယောက်ယောက်နဲ့တူပါတယ်လို့ တွေးနေမိတာ”

“သမီး . . သမီးကိုမြင်လိုက်ရတော့ ဖေဖေစိတ်ချပြီ၊ သမီး . . . သမီးဖေဖေ့ကိုကတိတစ်ခုပေးပါ”

မို့မို့ ကဖေဖေ့ကို ဖက်ထားရင်း ခေါင်းညိတ်လိုက်သည်။

“သမီးဒီအိမ်ကြီးကို ဆက်ပြီထိန်းသိမ်းစောင့်ရှောက်ပါသမီး . . . ဖေဖေတို့ ဘိုးစဉ်ဘောင်စက်နေလာခဲ့တဲ့ အိမ်ကြီးသမီးရဲ့၊ သမီးဆက်ပြီး စောင့်ရှောက်ပါ့မယ်လို့ ဖေဖေ့ကို ကတိပေးပါ”

“သမီး . . သမီး ကတိပေးပါတယ်ဖေဖေ”

ဖေဖေက ပြုံးလိုက်ပြီး မို့မို့အနားမှ ထွက်ခွာသွားလေသည်။ မို့မို့က ဖေဖေ့လက်ကိုလှမ်းဆွဲထားလိုက်သည်။ ဖေဖေ့လက်တွေက ကွန်ကရစ်ကျောက်သားလို အေးစက်လှသည်။

“ဖေဖေ၊ ဖေဖေမသွားပါနဲ့”

ဖေဖေက ခေါင်းခါလိုက်ပြီး

“မသွားလို့မရတော့ဘူးသမီး၊ ဖေဖေက သမီးကိုစောင့်နေခဲ့တာကြာပြီ၊ ဒီစကားတွေပြောချင်လို့ . . . ဒီအိမ်ကြီးကို အမွေပေးချင်လို့ သမီးကိုစောင့်နေခဲ့တာ”

“ခွင့်လွှတ်ပါဖေဖေရယ်၊ အဲဒါ သမီးကြောင့်ပါ၊ သမီးဖေဖေ့ရဲ့ နောက်ဆုံးအချိန်ကိုတောင် ရောက်မလာနိုင်ခဲ့ဘူးဖေဖေ”

“အခုရောက်နေပြီပဲသမီး၊ သိပ်လည်းစိတ်မကောင်းဖြစ်မနေပါနဲ့၊ သမီးအကိုကြီးက သူမသေခင်မှာ အိမ်ကိုလာခဲ့ဖူးတယ်၊ ပြီးတော့ ဒီအိမ်ကြီးကို အဖေ့ဆီကနေအမွေတောင်းဖူးတယ်သမီး၊ အဖေကတော့ အမွေဆိုင်အိမ်ကြီးဖြစ်လို့ သူ့တစ်ယောက်တည်းကို မပေးချင်ခဲ့ဘူး”

“သမီးတွေ့ပြီးပါပြီဖေဖေ၊ သမီးခုနက အကိုကြီးနဲ့တွေ့ပြီးပါပြီ”

“ဒီတောင်ကုန်းကလေးပေါ်မှာ အရင်ကနေသွားတဲ့လူတွေအကုန်လုံး စုဝေးနေကြတယ်သမီး၊ ဒါကြောင့် တခြားလူတွေကို ခြောက်လှန့်မောင်းထုတ်ပေမယ့် သမီးတို့ကိုတော့ ဘာမှမလုပ်ဘဲ နေကြတာ၊ သမီးအဆင်ပြေရင် သူတို့ကိုလည်း ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတန်းဝေပေးလိုက်ပါသမီးရယ်”

ထို့နောက် အမေက အမေ့ဘေးသို့ သွားလိုက်ကာ အမေနှင့်အတူတူမတ်တပ်ရပ်လိုက်ကြသည်။ အဖေက အမေ့ကိုလက်ကမ်းပေးသဖြင့် အမေ့ကလည်း အဖေ့လက်ကိုဆွဲလိုက်လေသည်။ ဖေဖေနှင့် မေမေက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်းပြုံးလိုက်ကြသည်။ အလွန်အိုမင်းနေသည့် အမေမှာ သူတို့ငယ်ငယ်က အမေ့အရွယ်အဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထို့နောက် ဖေဖေနှင့် မေမေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး နှစ်နှစ်ကာကာပြုံးလိုက်ကျပြီးသည့်နောက် နှစ်ဦးစလုံးမှာ မြေမှုန်တွေလိုဖြစ်သွားပြီး လေနှင့်လွင့်သွားကြလေသည်။

“ဖေဖေ . . . အမေ”

မို့မို့က အသံကျယ်ကြီးနှင့် အော်လိုက်လေသည်။ အိမ်အနောက်ဖက် တောတန်းကလေးအတွင်းရှိ သစ်ပင်များထက်မှ အိပ်တန်းတက်နေသည့် ငှက်ကလေးများမှာ လန့်ပြီး ပျံသန်းသွားကြသည်။ ကိုအောင်က အံ့အားသင့်နေပြီးနောက် မို့မို့ကိုဓါတ်မီးဖြင့် တစ်နေရာကို ထိုးပြလေသည်။ ထိုနေရာသည် ထိုသစ်ခြောက်ပင်လေး၏ တစ်ဖက်တွင်တည်ရှိပြီး ကြီးမားသည့်အုတ်ဂူကြီးတစ်လုံးဖြစ်နေသည်။ မို့မို့နှင့် ကိုအောင်လည်း ထိုအုတ်ဂူကို အတူတူ သွားကြည့်လိုက်လေသည်။

“ဦးမောင်ဖေ အသက်(၈၅)နှစ်”

“အို၊ ဖေဖေရယ်”

မို့မို့က မျက်နှာကိုလက်ဝါးနှစ်ဖက်ဖြင့်အုပ်ကာ သည်းထန်စွာငိုကြွေးလိုက်လေသည်။ ဖေဖေသေဆုံးပြီးတော့ ဖေဖေ့အလောင်းကိုတခြားနေရာတွင် မမြှုပ်ဘဲ ခြံအနောက်တွင်သာ မြှုပ်နှံထားခြင်းဖြစ်မည်။ ကိုအောင်က ငိုကြွေးနေသည့် မို့မို့ပုခုံးကို အသာကလေးပုတ်ကာ နှစ်သိမ့်ပေးလိုက်တော့သည်။

(၁၉)

သားငယ်က ကိုအောင်၏ ပုခုံးပေါ်တွင် အိပ်ပျော်နေဆဲဖြစ်သည်။ မို့မို့နှင့် ကိုအောင်လည်း ထိုအိမ်တွင်ပင် မိုးလင်းလေသည်။ မို့မို့လည်း မအိပ်ဖြစ်သလို ကိုအောင်လည်း မအိပ်ဖြစ်ကြ။ မနက်လင်းတော့ အာရုဏ်တက်လာပြီ။ ထိုတော့မှ ကိုအောင်နှင့် မို့မို့လည်း မေမေ့အခန်းတံခါးကို ဖွင့်ကြည့်ကြသည်။ အတွင်းက ချက်ချထားသဖြင့် ကိုအောင်က စတိုခန်းအတွင်းမှ သံကုလားအော်တစ်ခုကိုယူလိုက်ကာ အတော်ဖွင့်ယူရသည်။

အခန်းအတွင်း ဖုန်တွေတက်နေပြီး ပင့်ကူမျှင်တွေနှင့် ပြည့်နှက်နေသည်။ ကုတင်ပေါ်တွင်တော့ ခြောက်သွေ့နေပြီဖြစ်သော အမေ့ရုပ်အလောင်းကို တွေ့လိုက်ရသည်။ မို့မို့က တစ်ခါထပ်ငိုပြန်သည်။ အသက်ကြီးပြီး တစ်ယောက်တည်း နေထိုင်ရသည့် အမေတစ်ယောက် အိပ်ရာထဲသေဆုံးသွားသည်ကိုပင် ပတ်ဝန်းကျင်က သိပုံမရပေ၊ အမေက ဒီတောင်ကုန်းကလေးပေါ်မှာ တစ်ယောက်တည်းနေထိုင်ရင်း ဘယ်လောက်တောင် အထီးကျန်ဆန်မလဲဆိုတာကို မို့မို့တွေးရင်း ဝမ်းနည်းနေမိရသည်။ အမေ့အခန်းထဲတွင် သံသေတ္တာလေးတစ်လုံးကို ရိုက်ဖွင့်လိုက်ကြသည်။ အထဲတွင်တော့ အိမ်ပိုင်ဆိုင်မှုစာချုပ်များနှင့် ငွေစက္ကူများက အထပ်လိုက် အထပ်လိုက်ဖြင့် သေတ္တာအပြည့်ဖြစ်နေသည်။ စင်ကာပူမှ ညီမပို့ပေးထားသော ငွေစက္ကူများကို အမေက သိမ်းထားခြင်းဖြစ်မည်။

အမေတို့က ဒိုင်ယာရီရေးလေ့ရှိသည်မို့ အမေ့ဒိုင်ယာရီစာအုပ်လေးကို လှန်ကြည့်မိသည်။ အမေနောက်ဆုံးရေးခဲ့သည့်စာမျက်နှာမှာ လွန်ခဲ့သော ခြောက်လခန့်ကဖြစ်သည်။ စာအုပ်တွေလှန်ကြည့်ရင်း တစ်နေရာတွင် စာလုံးနှစ်ထပ်ဖြင့် အနီရောင်လေးရေးထားသော စာသားများကိုတွေ့လိုက်ရသည်။

“ကိုမောင်ဆုံးပြီးတော့ သားကြီးက အိမ်ကြီးကို အမွေလာခွဲတယ်၊ သူက ဩရသသားဖြစ်တာကြောင့် ဒီအိမ်ကြီးကို သူလိုချင်တယ်လို့ပြောတယ်။ ကျွန်မကတော့ အိမ်ကိုဘယ်နည်းနဲ့မှ မပေးနိုင်ဘူးလို့ပြောလိုက်တယ်၊ သားကြီးလည်း စိတ်တိုတိုနဲ့ အိမ်ကနေပြန်သွားတယ်။ တစ်လလောက်ကြာတော့ သူသေသွားတယ်၊ ကျွန်မလည်း သတင်းသာကြားလိုက်တယ် မသွားနိုင်ပါဘူး။ ထူးဆန်းတာက သားကြီးသေပြီး သိပ်မကြာခင်မှာ အိမ်ပေါ်ထပ်မှာ ထူးဆန်းတာတွေဖြစ်တယ်၊ လူတစ်ယောက်တက်နေသလို ခံစားရတယ်ဆိုပြိး အိမ်က အိမ်ဖော်တွေကပြောတယ်၊ နောက်တော့ အိမ်ဖော်တွေ သရဲခြောက်ခံရတယ်ဆိုပြီး အကုန်ပြေးကုန်တယ်။ ကျုပ်ကတော့ ထွက်မသွားပါဘူး၊ ကျုပ်တို့အိမ်ပဲလေ။ အပေါ်ထပ်ကိုတော့ မတက်ဖြစ်တော့ဘူး။ ညညဆိုလည်း တံခါးပိတ်ပြီးစောစောအိပ်တယ်။ လှေကားပေါ်ပြေးတက်ပြေးဆင်းလုပ်နေတာတွေကြားရတယ်။ ကျွန်မထင်တာကတော့ သားက အိမ်ကိုစွဲပြီး သရဲဖြစ်နေတယ်ထင်တယ်”

မို့မို့က စာအုပ်ကလေးကို ပိတ်လိုက်သည်။ ထို့နောက် ကိုအောင့်ကိုလှည့်ကြည့်လိုက်သည်။ ကိုအောင်ကတော့ ဖုန်းတစ်လုံးဖြင့် ဖုန်းဆက်ရင်း နာရေးကိစ္စစီစဉ်နေခြင်းဖြစ်သည်။

(နိဂုံး)

နွေဦးပေါက်ပြီဖြစ်သည်။ တောင်ကုန်းလေး ပေါ်ရှိသစ်ပင်များမှာ ရွက်ဝါတွေကြွေပြီး ရွက်သစ်တွေဝေနေသည်။ မို့မို့တို့ အိမ်ကြီးမှာလည်း သစ်လွင်တောက်ပြောင်နေပြီဖြစ်သည်။ ကိုကျော်ဇောသေဆုံးသွားသည့်အခါ မို့မို့က တရားဝင်မယားအဖြစ်ကျန်ခဲ့သည်မို့ ကိုကျော်ဇော၏ ပိုင်ဆိုင်မှုတွေ အကုန်ရလိုက်သည်။ ကိုကျော်ဇောစီးပွားဖက်များက စီးပွားရေးတွေ ဆက်လုပ်နေသည်မို့ မို့မို့က ရှယ်ယာရှင်အဖြစ်သာ အေးအေးလူလူနေလေသည်။ ထို့နောက် အိမ်ကြီးကို ငွေအကုန်အကျခံပြီး ပြန်ပြင်ဆင်လေသည်။ တောင်ကုန်းလေးပေါ်ကိုလည်း မီးတွေသွယ်ပြီး လမ်းမီးတွေဆင်ထားသည်။

ဝန်ကြီးခြံကြီးကိုမူ သူဌေးကြီးတစ်ဦးက ဝယ်ယူလိုက်ပြီး ဟိုတယ်ဖွင့်ရန် ပြုပြင်နေကြပြီဖြစ်သည်။ ယနေ့တော့ မို့မို့တို့ အိမ်တွင်လူတွေစုံနေပြီ။ မူဆယ်မှ ကိုလတ်တို့ မိသားစု၊ ထိုင်းနိုင်ငံမှ ကိုထွေးလေးတို့မိသားစုရော၊ မို့မို့မိဘတွေနှင့် အဆက်အသွယ်ဖြတ်ထားသည့် ညီမလေးတို့ မိသားစုသာမက စင်ကာပူမှ ညီမအငယ်ဆုံးပါ ပြန်ရောက်နေသည်။ မို့မို့တို့ မောင်နှမတွေ မွေးထားကြသည့် ကလေးတွေက ကျယ်ဝန်းလှသည့် အိမ်ကြီးနှင့် ခြံကြီး အတွင်းပြေးလွှားဆော့ကစားနေသည်ကိုကြည့်ကာ မို့မို့တို့ငယ်ငယ်က ဆွေမျိုးများ၊ မောင်နှမများနှင့် သိုက်သိုက်ဝန်းဝန်းဆော့ကစားခဲ့ကြသည့်အချိန်ကို ပြန်သတိရနေမိသည်။

နေ့ထူးနေ့မြတ်မို့ မို့မို့က ဆံထုံးထုံးထားပြီး ခရမ်းရောင်သစ်ခွပွင့်ကြီးများကို ခေါင်းတွင်ပန်ဆင်ထားသည်။ အသက် လေးဆယ်ကျော် အရွယ် အိန္ဒြေရှိသည့် အမျိုးသမီးတစ်ဦးအသွင်ဖြင့် မို့မို့မှာလှပနေသည်။ ဒီနေ့က အမေကွယ်လွန်ပြီး တစ်နှစ်တိတိပြည့်သည့်နေ့ဖြစ်သည်။ မနက်ပိုင်း ဘုန်းကြီးကျောင်းတွင် အလှူကျင်းပပြီး အမေနဲ့ ဖေဖေအတွက် ရည်စူးကာ လှူဒါန်းပေးမည်။

“ဟော ကိုအောင်တို့ မိသားစုတောင်ရောက်လာပြီ”

ခြံထဲတွင် ကားရပ်လိုက်သည့်အသံကြားလိုက်သည့်အခါ မို့မို့က ရေရွတ်လိုက်မိသည်။ ကိုအောင်တို့လင်မယားနှင့် သူ့ကလေးများက အိမ်ထဲပြေးဝင်လာကြသည်။

“ဧည့်ခန်းမှာ ထိုင်ကြပါအုံး၊ ခဏနေတော့ ထမင်းစားကြတာပေါ့”

မို့မို့ကပြောလိုက်ပြီး အိမ်နောက်ဖေးဖက်ထွက်သွားသည်။ ထမင်းစားခန်းတွင် ခေတ်ပေါ်မီးဆိုင်းကြီးများဆင်ထားပြီး အသစ်တဖန်ပြန်ပြီးလှပနေသည်။ အိမ်မှ အိမ်ဖော်မလေးများနှင့် အမျိုးများကတော့ ထမင်းစားရန်ပြင်ဆင်နေသဖြင့် အလုပ်ရှုပ်နေသည်။ မို့မို့က အိမ်နောက်ဖေးတံခါးကိုဖွင့်ပြီး ခြံထဲဆင်းလာခဲ့သည်။ ကိုအောင်ကလည်း အနောက်ကလိုက်လာသည်။ အိမ်နောက်ဖေးတွင်တော့ မြက်ခင်းပြင်နှင့် ပန်းခြံလေးတစ်ခုကို ဖန်တီးထားသည်။ ရေကန်လေးနှင့် ရေပန်းလေးတွေလည်း ရှိသည်။ မို့မို့က သစ်ခြောက်ပင်ကလေးဆီသို့ တစ်လှမ်းချင်း လှမ်းလျှောက်သွားလိုက်သည်။ သစ်ခြောက်ပင်ကလေးအောက်တွင် အုတ်ဂူကြီးမရှိတော့။ ဖေဖေနှင့် မေမေ၏ ရုပ်အလောင်းများကို မီးသဂြိုလ်ပြီး မြစ်ထဲမျောလိုက်ပြီဖြစ်သည်။

“ဟောဗျာ . . . ကြည့်စမ်းမို့ရေ ဒီအပင်က သေမှမသေဘဲ”

ကိုအောင်က ရေရွတ်လိုက်သည့်အခါ မို့မို့က သစ်ခြောက်ပင်လေးကို မော့ကြည့်လိုက်သည်။ သစ်ခြောက်ပင်ကလေး၏ အကိုင်းလေးများထိပ်တွင် ပုရစ်ဖူးကလေးများက စိမ်းလန်းစွာဖြင့် ထွက်နေကြတော့သည်။ ခြောက်သွေ့သေဆုံးတော့မည့် သစ်ပင်ကလေးမှာ အသစ်တစ်ဖန် ပြန်လည်ရှင်သန်လာခဲ့သလို၊ ကြမ်းတမ်းခက်ခဲသည့် မို့မို့ဘ၀မှာလည်း တစ်ဖန်ပြန်လည် လန်းဆန်းလာခဲ့ပြီး တစ်ချိန်ကလူသူကင်းမဲ့ပြီး တိတ်ဆိတ်နေခဲ့သည့် မို့မို့တို့ရဲ့အိမ်ကြီးမှာလည်း ယခုတော့ မောင်နှမများ၊ တူ၊ တူမများနှင့်အတူ ဖေဖေတို့ရှိခဲ့စဉ်အချိန်တုန်းကကဲ့သို့ တစ်ဖန်ပြန်လည်စည်ကားနေပြီဖြစ်ပါသည်။

ပြီးပါပြီ။
စာဖတ်သူ တစ်ဦးတစ်ယောက်ခြင်းစီအား အစဉ်လေးစားလျှက်။
 
အဂ္ဂဇော်