———————–
ချမ်းမြဆိုတဲ့ နာမည်ကြားတိုင်း ကျွန်မရင်ထဲမှာ ပူလောင်ဒေါသဖြစ်ရတယ်ဆိုရင် ထူးဆန်းကြမလား မသိ ဘူးနော်။ နာမည်က ချမ်းမြ။ လူကြည့်တော့ ရိုးရိုးအေးအေး။ ရုပ်ကတော့ ရွက်ကျမ်းရေကျိုလောက်ပါ။ ကျွန်မကတော့ အဲဒီမိန်းမကို မုန်းတယ်။ ကြားဖူးတယ် မဟုတ်လား။ ရည်းစားလူလု အူနုကျွဲခတ်တဲ့။ ချမ်းမြက ကျွန်မရဲ့ ရည်းစားကို လုထားတဲ့အပြင် ကျွန်မရဲ့ အသည်းနုနုကို ဆားပက်သလို ခံရခက်အောင်လုပ်ခဲ့တဲ့သူ။ သူများ ရည်းစားကို ဗြောင်လုသွားတဲ့ချမ်းမြနဲ့ သစ္စာဖောက်ရည်းစား ဟောင်း နှစ်ယောက်လုံးကိုမကျေနပ်ဘူး။ ပတ်ဝန်းကျင်က အပျိုကြီးလို့ ပြောင်သလိုလို၊ ခနဲ့သလိုလို အခေါ်ခံရတ်ိုင်း ကျွန်မ သူတို့နှစ်ယောက်ကိုဒေါသဖြစ်တယ်။
တကယ်တော့ ချမ်းမြနဲ့ကျွန်မက သူငယ်ချင်း၊ အိမ်နီး နားချင်းပါ။ နှစ်ကိုယ့်တစ်စိတ် ခင်ခင်မင်မင် အတူနေလာ ကြရင်း အပျိုကြီးစာရင်းဝင်လာတော့ ဖူးစာဖက်ကို တိတ်တခိုး ကြိတ်ပုန်းရှာနေကြချိန်။ ငယ်တုန်းကတော့ အရိုးများ သလေး၊ ချေးခါးသလေး ရွေးခဲ့သမျှ အခုတော့ အပျိုကြီးဖြစ်မှာ နည်းနည်းတွေးပူလာပြီ။ ရိုးရိုးအေးအေး ချမ်းမြက ကိစ္စ မရှိဘူးလေ။ ငယ်ငယ်ကတည်းက ရည်းစားမထားဖူးတဲ့ အရိုးခံမိန်းကလေး။ အပျိုကြီးဖြစ်ရလည်း တန်ပါတယ်။ ကျွန်မက မော်လီဆိုတဲ့ နာမည်နဲ့ ရွယ်တူကာလသားတွေကြား ရေပန်းစားခဲ့တဲ့သူ။ ရည်းစားမက သူငယ်ချင်းမကျ အတွဲ တွေလည်းထားခဲ့သေးတာကိုး။ ဒီတော့ ကျွန်မသာ အပျိုကြီး ဖြစ်သွားရင် လည်လွန်းတဲ့ဘီး ချေးသင့်တယ်ပြောကြမှာ။ အဲ တွေ့ရာ ကောက်ယူလို့လည်း မဖြစ်ပြန်ဘူး။ ကျွန်မ ခေါက်ထားခဲ့တဲ့ လူတွေက ဘယ်လိုလူနဲ့ညားမလဲ စောင့်ကြည့်ကဲ့ရဲ့ကြမှာ။ ဒီတော့ တော်တော်တန်တန် ရွေးလို့မရပြန်ဘူး။
”မော်ရေ ဟိုတစ်လောက ငါတို့ရပ်ကွက်ထဲ ပြောင်းလာ တဲ့မိသားစုက ကောင်လေးအတော်သန့်တယ်နော်၊ အော်တို ဆိုင်ကယ်နဲ့ ငါတို့လမ်းက အမြဲဖြတ်တယ်၊ နင်သတိထား မိလား”
”အံမယ် ညည်းက မြင်တတ်လှပါလား ချမ်းမြရဲ့၊ ငါတောင် သတိမထားမိဘူး”
”ငါလည်း ဘာရယ်မဟုတ်ပါဘူး၊ ဒီလိုပဲ မြင်မိလို့ပါ”
ချမ်းမြက မြင်တတ်သား။ ကောင်လေးက ကျွန်မတို့ ထက်တော့ ငယ်မယ့်ပုံပဲ။ လူရည်သန့်လေး။ ဘာအလုပ်လုပ် တယ်ဆိုတာ မသိပေမယ့် အသွားအပြန် မီးပူထိုးမပျက်တဲ့ အဝတ်အစားနဲ့ ဘိုကေအကျော့သားမို့ အလုပ်ကြမ်းသမား တော့မဖြစ်နိုင်ဘူး။ ထူးထွေစုံစမ်းစရာမလိုပါဘူး။ သိတယ် မဟုတ်လား။ အသားဖြူဖြူ ကောက်လိုက်၊ ဖြောင့်လိုက် ဆံပင် ပုံစံအမျိုးမျိုးနဲ့ အသက်သုံးဆယ်မထင်ရအောင်လန်းတဲ့ ကျွန်မကို မိုးထက်ဆိုတဲ့ကောင်လေးက မကြာခင် မမ…မမနဲ့ လာရောတော့တာပဲ။ ဒါပေမယ့် ကျွန်မရဲ့မိဘတွေကို ရှိန်တဲ့ မိုးထက်က ချမ်းမြမိသားစုနဲ့တော့ရင်းနှီးသား။ ကျွန်မမိဘက ငွေကြေးအဆင်ပြေပေမယ့် ချမ်းမြတို့ကတော့ သာမန်လက်လုပ်လက်စား မိသားစု။ ကျွန်မကိြုေ<ွကနေတဲ့ မိုးထက်က ချမ်းမြကို အောင်သွယ်အဖြစ် အသုံးချလာ တယ်။ ကျွန်မကလည်း မိုးထက်လို ပန်းထိမ်ဆရာလေး လောက်ဆို သိပ်မဆိုးပါဘူးဆိုပြီး ခပ်အီအီလုပ်ထားတာပေါ့။ အဲဒီတုန်းကတော့ ချမ်းမြက ရိုးရိုးသားသားအောင်သွယ်ပေး ရှာသား။ ချမ်းမြထက် အောင်သွယ်ကောင်းသွားတာက ချမ်းမြအဖေ ဦးမြင့်။
ချမ်းမြအဖေက အရက်မသောက်ရင် သဘောကောင်း သလောက် အရက်သောက်ရင် သွေးဆိုးတယ်။ တစ်ည တော့ ချမ်းမြအဖေမူးလာချိန်မှာ ကျွန်မကို ချမ်းမြအိမ်ဘက် က လျှောက်ပြန်သံပေးနေတဲ့ မိုးထက်နဲ့ တိုးပါလေရော။ မိုးထက်က ကျွန်မကို ချိန်နေတာမသိဘဲ သူ့သမီးလာဝိုက်နေ ပါတယ်ဆိုပြီး ပြဿနာရှာတယ်။ ချမ်းမြကို ရိုက်မယ်လုပ်လို့ ချမ်းမြက မိုးထက်လက်ကိုဆွဲပြေးရင်း သင်းတို့ ညားသွား တာပဲ။
ဆိုင်သာဆိုင်မပိုင်တဲ့ ကျွန်မဘဝ။ ဘယ်သူ့ကို မကျေ နပ်ရမှန်းမသိဘူး။ ရည်းစားစကားပြောခံထားရပြီး ကိုယ်က လည်း အဖြေပြန်ပေးဖို့ သေချာတယ်ဆိုတာသိရက်နဲ့ ချမ်းမြ လုပ်ရက်တယ်။ တစ်သက်လုံးက ကျွန်မကိုမယှဉ်နိုင်ခဲ့တဲ့ ချမ်းမြ မင်္ဂလာဆောင်တဲ့နေ့ကများဆိုရင် ကျွန်မကို အား နာတာလိုလို ဝမ်းသာတာလိုလို အီလည်လည်အပြုံးနဲ့ပြုံးပြ
ပုံက ရုပ်ဆိုးလိုက်တာ လွန်ပါရော။
ဒီလိုနဲ့ ချမ်းမြတို့လင်မယား သမီးလေးတစ်ယောက် မွေးလာတယ်။ စီးပွားရေးကလည်း အဆင်ပြေတော့ သာသာယာယာပါပဲ။ ကျွန်မလည်း အစ်မရှိတဲ့ မန္တလေးမှာ သွားနေလိုက်တာ ငါးနှစ်လောက်ကြာခဲ့တယ်။ မေ့မေ့ ပျောက်ပျောက်ဖြစ်နေခဲ့တဲ့အတိတ်က ပြန်လာတော့ သတိရ ပြန်ရော။ ချမ်းမြတို့မိသားစုအကြောင်း မေးချင်ပေမယ့် စိတ်နာတာ အရှင်းမပျောက်သေးတော့ မမေးဖြစ်ဘူး။
တစ်ရက် မနက်စောစောနိုးနေတာနဲ့စျေးထဲ လမ်းလျှောက်ထွက်ပါမယ်ဆိုပြီးထွက်အလာ ”ကောက်ညှင်း ပေါင်းပူပူလေးရမယ်…ကောက်ညှင်းပေါင်း” ဆိုတဲ့အသံကို ကြားလိုက်ရတယ်။ ရုတ်တရက် ဒီအသံကြားဖူးပါတယ်လို့ စဉ်းစားပေမယ့် အဖြေမပေါ်ဘူး။ ဆောင်းတွင်းမို့ နှင်းငွေ့ တွေဝေနေတော့ ကြည့်ရတာ လူလုံးမကွဲသေး။ အနားက ဖြတ်လျှောက်ရင်း မသိမသာငဲ့ကြည့်လိုက်တော့ ကတုံး ဆံပင်ပေါက်နှင့် ခပ်ပိန်ပိန် အမျိုးသမီးတစ်ယောက်မို့ မသိပါဘူးလေဆိုပြီး ကိုယ့်လမ်းကိုယ် ဆက်အသွား
”မော်..နင်ဘယ်တုန်းက ပြန်ရောက်နေတာလဲ”
”ဟင်” နင်..နင်..ချမ်းမြမို့လား၊ ဘယ်လိုတွေဖြစ် နေတာလဲဟာ၊ ဆံပင်တွေကကော ဘာလို့ကတုံး တုံး လိုက်ရတာလဲ၊ လာ..လာ..ငါ့အိမ်သွားမယ်”
ကျွန်မ အံ့သြစိတ်နဲ့ ချမ်းမြကိုခေါ်ပြီး အိမ်ဘက်ပြန် လှည့်လာခဲ့တယ်။ ရုပ်ရည်လှပမှု မရှိပေမယ့် ချမ်းမြရဲ့ အားသာချက်က ဆံပင်သားကောင်းပြီး လှပတဲ့ဆံနွယ်ရှည် တွေပိုင်ဆိုင်ထားတာပါပဲ။ မလှတာကိုတောင် ယဉ်စိမ့်စိမ့်နဲ့ ကြည့်ကောင်းသွားအောင် ချမ်းမြဆံပင်တွေက ပံ့ပိုးပေးနိုင် တယ်။ ချမ်းမြကိုယ်တိုင်ကလည်း တယုတယ တန်ဖိုးထားခဲ့ တဲ့ ဆံပင်တွေ ဘာလို့ကတုံးတုံးလိုက်တာလဲလို့ ကျွန်မ သိချင်လှတယ်။
”နင်ကတော့ အရင်လိုလှတုန်းပဲနော် မော်၊ ငါ့ကို စိတ်ဆိုးနေသေးလား၊ စိတ်ဆိုးနေသေးတယ်ဆိုရင်တောင် အခုငါ့အဖြစ်ကို နင်သိရင် စိတ်ဆိုးတော့မှာမဟုတ်ပါဘူး”
”ထားလိုက်စမ်းပါဟာ၊ ပြီးခဲ့တာတွေ ပြီးပြီပဲ၊ နင်အခု ဘာဖြစ်နေတာလဲ၊ ကျန်းမာရေးကော ကောင်းရဲ့လား၊ စီးပွားရေးတော့ မမေးတော့ပါဘူး၊ မိုးထက်က ဘယ်ရောက် နေလို့ နင်စျေးရောင်းနေရတာလဲ”
”နင်သိချင်တာတွေ ငါပြောပြမှာပါ မော်ရယ်၊ ငါနေ ကောင်းပါတယ်။ ကလေးမွေးထားတာ နှစ်လမပြည့်သေး တော့ အားနည်းနေတာလောက်ပါ၊ မိုးထက်က ရှိပါတယ်၊ ဒါပေမယ့် နင်သိထားတဲ့မိုးထက်တော့ မဟုတ်တော့ဘူး၊ အိမ်ထောင်ကျပြီး သုံးနှစ်လောက်ပဲ မိုးထက်ခြေငြိမ်တယ်၊ နောက်ပိုင်း အသောက်အစားမက်လာသလို ခြေမငြိမ်ချင် ဘူး၊ အလုပ်ကို မည်မည်ရရမလုပ်တော့ စားဝတ်နေရေးပါ အဆင်မပြေဘူး၊ ကလေးထပ်မယူနဲ့လို့ မိုးထက်ပြောတဲ့ ကြားက ငါကလေး နောက်တစ်ယောက်ထပ်ယူလိုက်တော့ စိတ်လေပါတယ်ဆိုပြီး ထင်သလိုနေတော့တာပဲ၊ ငါ့သမီး ကြီးကျောင်းစရိတ်၊ ငါ့အိမ်စရိတ်အတွက် အခုလိုစျေးရောင်း နေရတာလေ”
”နေပါဦး၊ စျေးရောင်းတာက ထားလိုက်ဦး၊ ဆံပင် က ဘယ်လိုဖြစ်တာလဲ၊ မပြောချင်ဘူး ယောက်ျားက ငယ်ငယ်ယူထားသေး၊ ခြေမငြိမ်ဘူးလည်း ပြောသေး၊ နင်က ကိုယ့်အလှအပကို ဂရုမစိုက်တော့ပိုဆိုးမှာပေါ့”
”ငါဆံပင်ရှည်နဲ့ဆိုလည်း သူငါ့ကို စိတ်မဝင်စားတော့ပါ ဘူး မော်ရယ်၊ သူမူးလာတိုင်း မချစ်ဘဲယူခဲ့ရတာလို့ အမြဲပြောတယ်၊ မော့်ကိုသာရရင် ယောက္ခမအိမ် ဇိမ်နဲ့ နေရုံပဲတဲ့၊ မော်က လှလည်းပိုလှတယ်တဲ့၊ အစကတည်းက ငါ့အပြစ်ပါ မော်ရယ်၊ သူပြောတာလည်း မမှားပါဘူး၊ ဆံပင်တွေက ငါကလေးမွေးပြီးခါစ သမီးက ကျောင်းဖိုး ပိုက်ဆံမရှိလို့ ငိုနေတယ်၊ ငါကလည်း ကလေးနို့မနိုင်တော့ နို့ဘူးဖိုးလိုနေတာနဲ့ ဆံပင်ဖြတ်ရောင်းလိုက်တာ၊ ငါ့အတွက် က အလှအပဆိုတာလည်း အသုံးမကျတော့ပါဘူး၊ ငါ့သား သမီးက အရေးကြီးတာ၊ ခုတော့ ငါစျေးရောင်းနိုင်ပြီမို့ အဆင်ပြေပါတယ်”
ပြောပြောဆိုဆိုနဲ့ ကမန်းကတန်းနှုတ်ဆက်ပြီး စျေးဆက်ရောင်းဖို့ထပြန်သွားတဲ့ ချမ်းမြကို မတားဆီးလိုက် မိ။ မိန်းကလေးတွေအတွက် အိမ်ထောင်ရေးဆိုတာ ထီထိုး ရသလို ကံစမ်းရတဲ့အလုပ်ဆိုတာ သိပ်မှန်တာပဲ။ ချမ်းမြ ခမျာ လင်ကုန်ရှုံးတော့ တစ်သက်လုံး စိတ်ဆင်းရဲကိုယ် ဆင်းရဲဖြစ်ရပြီ။ ချမ်းမြက သူ့ယောက်ျားကို ချစ်စိတ်နဲ့ မော့်ကိုမရလို့ စိတ်လေတယ်လို့ ခွင့်လွှတ်တွေး တွေးရှာ တယ်။ တကယ်ဆို မိုးထက်ကိုယ်တိုင်မပြတ်သားလို့ ချမ်းမြ နဲ့ ညားကြတဲ့ကိစ္စပါ။ ချမ်းမြတို့ မင်္ဂလာဦးအချိန်မှာ ကျွန်မ ရှေ့မှာတင် ချမ်းမြကို ယုယုယယချစ်ပြခဲ့တာ မိုးထက်ကိုယ် တိုင်ပဲလေ။
ပင်ကိုစရိုက်ဆိုးကြောင့်သာ အကြောင်းရှာပေတေ နေတာ။ အလှကုန်နေတဲ့ မိန်းမကိုပစ်ပြီး အသစ်ကို သာယာချင်တဲ့ မိုးထက်။ တော်ပါသေးရဲ့ ကျွန်မကို မိုးထက် နဲ့ လွဲခွင့်ပေးတဲ့ကံတရားကို ကျေးဇူးတင်ရတယ်။ ချမ်းမြကို လည်း မိန်းကလေးချင်းမို့ စာနာသနားပါတယ်။ ဒါပေမယ့် ချမ်းမြကတော့ မိခင်တစ်ယောက်ရဲ့ အားမာန်တွေအပြည့် ရှိနေပုံပဲ။ ချမ်းမြနေရာမှာ ကျွန်မသာဆိုရင် ဒီလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတဲ့ ဒဏ်ကိုခံနိုင်ရည်ရှိမယ်မထင်။ ချမ်းမြလို လည်း သတ္တိကောင်းနိုင်မှာလည်း မဟုတ်ဘူး။
အခုတော့ ဖူးစာရေးနတ်ကို အပျိုကြီးဖြစ်အောင် လုပ်ရသလားလို့ အပြစ်မတင်တော့ဘူး။ ပွဲလမ်းသဘင်ကို စုံတွဲတက်ခွင့်မရပေမယ့် တစ်ကိုယ်တည်း လှလှပပ ကျော့ကျော့မော့မော့ ပွဲတက်လို့ရတာပဲ။ ကြင်နာသူ အနားမရှိ လည်း ကိုယ်စိတ်နဲ့ကိုယ် လွတ်လွတ်လပ်လပ်နေလို့ရတယ်။ အရင်က အပျိုကြီးလို့ အခေါ်ခံရတိုင်း ချမ်းမြကိုသတိရပြီး နာကြည်းတတ်ပေမယ့် ခုတော့အပျိုကြီးအခေါ်ခံရလည်း ချမ်းမြကို မြင်ယောင်ရင်း ကိုယ့်ကိုယ်ကိုယ် ငါ ကံကောင်း လှပါလားလို့ တွေးဖြစ်တော့မှာသေချာပါတယ်။ တစ်ခါ တစ်ရံမှာ ဆုံးရှုံးရတိုင်း ကံဆိုးတာမဟုတ်ဘဲနဲ့ ကံကောင်း ခြင်းလည်း ဖြစ်တတ်ပါလားလို့ ကျွန်မနားလည်လာခဲ့ပါပြီ လေ။ ။
ပြီးပါပြီ…….