• June 6, 2025
  • admin
  • 0

မင်းဏီလူ
ကျွန်ုပ်နှင့် ဆင်စွယ်မာန်ကျိုး

အုံ့မှိုင်းလျက်ရှိသောမိုးသည် ပြိုတော့မည့်အသွင်ကိုဆောင်လျက်ရှိ၏။ အနောက်ဘက် မဟူရိုးမတောင်ကြောနှင့် အရှေ့ဘက် ပင်တောင်ကြီးတောင်ကြောတစ်လျှောက်တွင် တောင်ခိုးများ တလူလူထွက်လျက်ရှိပြီး တောကြီးတောင်ကြီးတို့၏ အရိပ်အပြင် တောင်ခိုးတောင်ငွေ့တို့ အုံ့မှိုင်းနေမှုကြောင့် ပတ်ဝန်းကျင်အား သဲကွဲစွာမမြင်ရသေးပေ။

ညကရွာထားသော မိုး၏အရှိန်ကြောင့် ကျွန်ုပ်တို့ မုဆိုးတဲကလေးမှာ စိုထိုင်းလျက်ရှိ၏။ ခြေရင်းဘက် တဲအဖီအောက်မှ ထင်းတုံးကြီးများတေ့၍ထားသော မီးဖိုပင် မီးကောင်းကောင်းမတောက်နိုင်ဘဲ မီးခိုးအူလျက်ရှိ၏။

ဘိုးလေးမှာ တဲပေါ်တွင်ထိုင်ရင်း ဆေးတစ်ငုံဝါးလျက် မည်သည့်ဘက်သို့ တောပစ်ထွက်ရမည်နည်းဟု စဉ်းစားနေဟန် ရှိ၏။ ကျွန်ုပ်မှာလည်း ကျောခင်း
လျက် ဆေးပေါ့လိပ်သောက်၍နေ၏။ ထိုစဉ် ကျွန်ုပ်တို့ မုဆိုးတဲလေး၏အောက်ဘက် နှစ်ဖာလုံခန့်အကွာ “ကျောက်အိုးကိုးလုံး” ချောင်းဖျားဆီမှ

“ကျီ. . . ဖြောင်း. . . ဝုန်း. . . ဝုန်း. . . ကျီ. . . ကျီ”

ဟူသော တောဆင်ရိုင်းအော်သံများ၊ သစ်ပင်ပြိုလဲသံများ ဆူညံစွာ ကြားနေရသည့်အပြင် တစ်ချက်တစ်ချက် တောဆင်ရိုင်းတစ်ကောင်၏ မာန်သွင်း၍ အော်လိုက်သောအသံမှာ စူးစူးဝါးဝါးရှိလှသဖြင့် မိုးအုံ့နေသည်က တစ်ကြောင်း၊ တောတောင်အတွင်း ဖြစ်၍ တိတ်ဆိတ်ငြိမ်သက်နေသည်ကတစ်ကြောင်းကြောင့် ကျွန်ုပ်တို့ မုဆိုးတဲကလေးဘေးသို့တိုင်ရောက် ရှိလာလေပြီဟုပင် ထင်မှတ်မိသဖြင့် ကျွန်ုပ်မှာ ရုတ်တရက် ထ၍ ထိုင်လိုက်မိ၏။

“တောဆင်သံတွေ ဆူလှပါလား ဘိုးလေးရာ။ ဘယ်လိုများ ဖြစ်နေကြလို့ပါလိမ့်။ တော်တော်ကြာ ကျွန်တော်တို့တဲဘေးများ ရောက်လာရင်တော့ ဒုက္ခဗျ”

ဘိုးလေးမှာ ဝါးထားသောဆေးကို ပျစ်ခနဲထွေးရင်း –

“မစိုးရိမ်ပါနဲ့ လက်သစ်ရာ။ တို့နဲ့ အဝေးကြီးပါ။ တောထဲမှာဆိုတော့ တောသံဟိန်းနေလို့ပါ”

“ဒါဖြင့် ဒီတောဆင်တွေ ဘာကြောင့်များ ဆူနေကြပါလိမ့်။ ကျားနဲ့များ တိုက်ခိုက်နေကြလေရော့ သလားဗျာ”

“မဟုတ်လောက်ပါဘူး လက်သစ်ရ။ အဲဒီ ဆင်အုပ်ရဲ့ ဦးစီးဆင်ပေါက်ကြီး မုန်ယစ်နေတာ ဖြစ်ဖို့များတယ်”

“ခင်ဗျာ … မုန်ယစ်တယ်၊ ဘယ်လို မုန်ယစ်တာလဲဗျ”

“အေး … မုန်ယစ်တယ်ဆိုတာ ဆင်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပေါ့ကွာ။ ဆင်ရိုင်းမှာပဲ ဖြစ်ဖြစ်၊ မွေးထားတဲ့ဆင်မှာပဲဖြစ်ဖြစ် ဆင်တွေရဲ့နားရှေ့မှာ မုန်ပေါက်ဆိုတာရှိတယ်။ ဆင်ဦးခေါင်းကို ကြည့်ရင် နားရဲ့အရှေ့၊ မျက်စိရဲ့အထက် ခုံးနေတဲ့နေရာကို မုန်အိုးလို့ခေါ်တယ်။ အဲဒီမုန်အိုးရဲ့အရှေ့ မုန်ပေါက်ကနေ မုန်ရည်တွေ တစ်စတစ်စစီးကျရာကနေ ပါးစပ်ထဲဝင်သွားပြီဆိုတာနဲ့ အဲဒီဆင်ဟာ မုန်ယစ်လာတော့တာပေါ့”

“မုန်ယစ်လာတော့ ဘယ်လိုတွေဖြစ်လာလဲ ဘိုးလေး”

“မုန်ယစ်လာတာကို ဥပမာနဲ့ မြင်လွယ်အောင်ပြောရရင် သွေးဆိုးတဲ့လူ အရက်မူးသလိုပေါ့။ ရန်သူရယ်၊ မိတ်ဆွေရယ် မသိတော့ဘူး။ တွေ့ရာကို နှာမောင်းနဲ့ရိုက်၊ အစွယ်နဲ့ထိုးတော့တာပဲ”

“ဒါဖြင့် သူတို့အဖွဲ့က ဆင်တွေ မပြေးကြဘူးလား”

“ပြေးတော့ ပြေးကြတယ်။ ဒါပေမဲ့ ဝေးဝေးတော့ မပြေးကြဘူး”

“ဘာဖြစ်လို့လဲဗျ”

“အုပ်စုဖွဲ့နေကြတဲ့ သားကောင်တွေရဲ့ သဘောပေါ့ ကွာ။ ဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ မျောက် စတဲ့ သားကောင်တွေဟာ အုပ်စုရဲ့ခေါင်းဆောင် ဦးဆောင်သွားလာတဲ့ဘက်ကိုပဲ လိုက်လေ့လိုက်ထရှိကြတယ်။ ဆင်အုပ်ရဲ့ ခေါင်းဆောင်ဆင်ကြီး မုန်ယစ်တဲ့အခါ အုပ်ထဲက ဆင်တွေဟာ ဝေးဝေးမပြေးကြဘဲ အနီးအနားမှာ လှည့်ပတ်နေတာကို ရန်ဘက်ဆင် တွေထင်ပြီး ရန်မူတော့တာပေါ့။ ဆင်ရဲ့သဘောကိုက အစွယ်နဲ့ ရန်သူကို တိုက်ခိုက်တဲ့နေရာမှာ မျက်စိမှိတ်ပြီး အားကုန်ထိုးလေ့ထိုးထရှိတော့ လိုက်အထိုးခံရတဲ့ဆင်တွေ အော်ပြီး ရှောင်ပြေးကြတယ်။ သူတို့ကို မထိုးမိတော့ နီးရာသစ်ပင်တို့ တောင်ကမ်းပါးတို့ကို ထိုးမိတိုက်မိပြီး အခုလို ဆင်အော်သံနဲ့အတူ သစ်ပင်ငယ် လဲပြိုသံတွေပါ ကြားရတော့တာပေါ့

“ဒါဆို နောက်လိုက်ဆင်တွေ တော်တော်ဒုက္ခရောက်ကြမှာပေါ့”

“ရောက်ပြီလား လက်သစ်ရာ။ တချို့ရှောင်ရင်းတိမ်းရင်း မလွတ်လို့ ထိမိခိုက်မိပြီး ဒဏ်ရာတွေတောင် ရကြတယ်။ အခုလိုအချိန်မျိုးဆို ဆင်တွေနဲ့ ဝေးဝေးသာရှောင်ပေတော့မောင်”

“ဗျာ … ဘာဖြစ်လို့လဲ ဘိုးလေး”

“ဘာဖြစ်လို့လဲဆိုရင် မုန်ဆင်ကြီးက ငယ်သားဆင်တွေကို လိုက်ရန်မူနေတော့ ငယ်သားဆင်တွေလည်း အလိုလိုဒေါသဖြစ်ပြီး တွေ့တဲ့သူအပေါ်မှာ ဒေါသတွေ စုပြုံပြီး ရန်ရှာတတ်လို့ပဲ”

“ဒီလိုဆို သူတို့အနားမပြောနဲ့ သူတို့မတွေ့အောင် မဆုံဖြစ်အောင်ကို သတိထားရမယ့် သဘောပဲပေါ့”

“သေချာတာပေါ့ မောင်၊ တစ်ခါတုန်းကဆို ငါတို့တောပစ်လာရင်း အစွယ်တစ်တောင်တစ်မိုက်သာသာရှိတဲ့ ဆင်ပေါက်ကလေးတစ်ကောင် သေနေတာ တွေ့လို့ ဆင်ပစ်မုဆိုးတွေပစ်ပြီး အစွယ်နုတ်သွားလေသလားလို့ သွားပြီးကြည့်တော့ နံကြားမှာ ဖောက်ဝင်ထားတဲ့ ဆင်အစွယ်ရာကိုတွေ့မှ မုန်ဆင်ထိုးထားခဲ့မှန်း သိရတာ”

“ဒါဆို ဒီဆင်ကလေးဟာ ရှောင်ပြေးတာ မလွတ်ဘဲ အထိုးခံရတာဖြစ်မှာပေါ့”

“ဟုတ်တယ် – ဒီဆင်ကလေး လဲနေတာဟာ တောင်ကမ်းပါးယံနဲ့ နီးနီးလေးရယ်။ ကမ်းပါးကိုမှီပြီး ကပ် နေတုန်း ရုတ်တရက် ဝင်ပြီးထိုးတော့ အရှောင်ရခက်ပြီး ထိုးမိတာဖြစ်နိုင်တယ်”

“ဒါနဲ့ ဘိုးလေး၊ အဲဒီဆင်ကလေးက အစွယ်ကို မနုတ်ခဲ့ဘူးလား”
“ယူခဲ့တာပေါ့။ အစွယ်အရင်းကနေနုတ်တော့ တစ်တောင်လောက်ပဲရှိသေးတယ်။ အကျိုးအကြောင်းရှင်းပြပြီး သက်ဆိုင်ရာကို အပ်ရတာပေါ့”

“ဟာ … ဘိုးလေးကလည်း၊ သူ့ဘာသာသူသေတာပဲဗျာ၊ ကိုယ်ပစ်တာမှမဟုတ်ဘဲ။ သက်ဆိုင်ရာကို အပ်ဖို့လိုသလား”

“လိုပြီလား လက်သစ်ရာ၊ ငါတို့လို လိုင်စင်ရမုဆိုးဆိုတာ သတ်မှတ်ထားတဲ့ တောဧရိယာနဲ့ သတ်မှတ်ထား တဲ့ သားကောင်ကလွဲပြီး သစ်တောသယံဇာတတွေကို ဘာမှ ယူပိုင်ခွင့်မရှိဘူး။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ ဥပမာကွာ- တောမီးရှို့တာတို့၊ ဇီးရှိတဲ့ သားကောင်ကို မပစ်ရတာတို့နဲ့ အခုလိုသေတဲ့ သားကောင်ကိုတောင် သက်သေတွေရှေ့မှာ လက်မှတ်ထိုးပြီး သက်ဆိုင်ရာကို ဆင်သေလိုက်ပြရသေးတယ်”

“ဩော် – အဲဒီလိုလား။ ဒါဖြင့် ဘိုးလေးတို့ တော်တော်အလုပ်ရှုပ်မှာပဲ”

“ရှုပ်တယ်လို့ သဘောမထားပါဘူး။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို စည်းနဲ့ကမ်းနဲ့လုပ်တယ်လို့ သဘော ထားရတာပေါ့”

ကျွန်ုပ်တို့နှစ်ဦး စကားပြောနေစဉ်၌ပင် မိုးများ ‘ဝေါ’ခနဲ ရွာချလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်၍ သွားတော့၏။ ခဏကြာသော် တောင်ကျချောင်းရေများ တဝုန်းဝုန်းစီးကျသံနှင့် ကျွန်ုပ်တို့မုဆိုးတဲ မိုးကာအမိုးပေါ်သို့ မိုးရေမိုးပေါက်တို့ တဖြောင်းဖြောင်း ရွာကျသံမှအပ မည်သည့်အသံမျှ မကြားရတော့ချေ။ တဲအောက်သို့ ရေများစီးဝင်လာသဖြင့် ထမင်းအိုးနှင့် ဟင်းအိုးတို့အား ကြမ်းစင်ပေါ်သို့ တင်ထားရ၏။

ဘိုးလေးက ပျင်းကြောတစ်ချက်ဆွဲလိုက်ပြီး –

“ကိုင်းဟေ့ လက်သစ်ရေ၊ ဒီနေ့တော့ ပိုးစားရက်ပေါ့ကွာ။ ပါလာတာလေး စားကြတာပေါ့။ တောလည်လို့ဖြစ်မှာမဟုတ်တော့ဘူး။ အိတ်ထဲကဘူးသာ ထုတ်ပေတော့”

(ပိုးစားရက်ဆိုသည်မှာ အသီးအနှံ အရွက်တို့အား သွားရောက်ခူးရာတွင် ပိုးစားထား၍ ခူးစရာမရှိ တော့သဖြင့် အလုပ်အားနေခြင်းကို ခေါ်သည်။)

ကျွန်ုပ်လည်း ခေါင်းရင်းရှိ ကျောပိုးအိတ်အတွင်းမှ တောအရက်ဘူးအား ထုတ်၍ ပေးလိုက်၏။ ထိုအခါ ဘိုးလေးက ဝါးဆစ်ဘူးထဲသို့ငှဲ့၍ မော့ချလိုက်ပြီး

“အား. . . တော်တော်တော့ ပြင်းသဟ။ ဝမ်းထဲကို ပူဆင်းသွားတာပဲ”

ဟု ပြောရင်း အနီးရှိ ဝါးပိုးဘူးအတွင်းမှ ရေကို မော့သောက်လိုက်ပြီး ခံတွင်းချဉ်လာဟန်ဖြင့် –

“လက်သစ် … ဒီမနက် ဘာချက်သတုံး။ လုပ်စမ်းပါအုံး၊ မြည်းရအောင်”

“ဘာချက်စရာမှ မရှိပါဘူး ဘိုးလေးရယ်။ မနက်စောစော ရေခပ်ဆင်းတော့ ရေဆိပ်ဘေးက ကုလားငေါက်ပင် နုနေတာတွေ့လို့ ခူးပြီး အစပ်ချက်ကလေး ချက်ထားတယ်”

(ကုလားငေါက်ပင်သည် အလှစိုက်ဂုံဂမာန်ပင်နှင့် ခပ်ဆင်ဆင်တူလျက် သုံးပေမှ ငါးပေထိမြင့်၍ ချောင်းနံဘေးများတွင်ပေါက်ပြီး အရွက်နုများကို ချက်စားလျှင် အလွန်အရသာရှိလှ၏။ တောကြီး မြိုင်ကြီးထဲတွင်သာ ပေါက်သည်။)

ကျွန်ုပ်လည်း ပြောရင်း ဟင်းအိုးကိုယူကာ ဘိုးလေးအနားသို့ ချပေးလိုက်သောအခါ ဘိုးလေးက ဟင်းအိုးကိုဖွင့်၍ ဇွန်းဖြင့် ခပ်သောက်လိုက်ပြီး –

“မုဆိုးဆိုတာ ဒီလိုပဲပေါ့ကွာ၊ တစ်ခါတစ်ရံ ငါးပိဖုတ်နဲ့ ဖန်ခါးသီးတောင် အ နိုင်နိုင်ရယ်”

ဟု ပြော၍ တစ်ပိုင်းခန့်ကုန်အောင် သောက်ပြီးနောက် –

“ကဲ … လက်သစ်ရေ၊ မင်း ထမင်းစားနှင့်ပေတော့။ ငါတော့ တစ်ရေးလောက် အိပ်လိုက်အုံးမယ်” ဟု ပြော၏။

ကျွန်ုပ်လည်း ထမင်းစားပြီးနောက် ဘိုးလေးနှင့်အပြိုင် အိပ်လိုက်လေသည်။ ကျွန်ုပ်တို့ တစ်ရေးနိုးသောအခါ မိုးစဲသွားပြီး တောကြက်တွန်သံများ၊ ရစ်အတောင်ဟုန်းသံများနှင့် ဥဒေါင်းငှက်တို့၏ “တကွစ်ကွစ်” အော်မြည်သံများကို ဟိုမှ သည်မှ ကြားရလျက် တောမှာ ပြန်၍ အသက်ဝင်လာ၏။ နံနက်ပိုင်းမှကြားရသော ဆင်အော်သံများကိုမူ မကြားရတော့ချေ။ မည်သည့်အရပ်သို့ ရောက်ရှိသွားသည်ကိုမူ မခန့်မှန်းနိုင်တော့ပေ။

ကျွန်ုပ်လည်း ကျွန်းသားထင်းပေါက်များကို ခွာ၍ ထင်းတုံးကြီးများကို မီးပြန်တေ့ကာ ညစာချက်ပြုတ်ရတော့၏။ ခဏကြာသော် ထမင်းအိုးကျက်ပြီဖြစ်၍ ဝါးပိုးအစိုအဆစ်ထဲသို့ ရေထည့်ကာ ရေနွေးကျိုလိုက်ရင်း –

“ထမင်းကတော့ ကျက်ပြီ ဘိုးလေးရေ။ ဟင်းအတွက် ဘယ်လိုလုပ်ရမှာလဲ”

“ဟင်းအတွက် ပူမနေပါနဲ့။ ဝါးနုချောချော သုံးတောင်လောက် အရှည်တစ်လုံးသာ ခုတ်ခဲ့ဟေ့”

ကျွန်ုပ်လည်း အနီးအနားရှိ မျှင်ဝါးပင်မှ ဝါးနုချောချောတစ်လုံးကို ခုတ်ယူလိုက်ပြီး –

“ဝါးနုတော့ ခုတ်ခဲ့ပြီ ဘိုးလေးရေ့။ ဘယ်လိုလုပ်မှာတုံး။ နှီးနွှာပြီး ငါးထောင်ရအောင် မြှုံးရက်မှာလား”

“ဘယ်ကလာကွာ။ အဲဒီဝါးကို လေးစိတ်စိတ်ပြီး တစ်စိတ်သာယူခဲ့”

ကျွန်ုပ်လည်း ဝါးနုအား လေးစိတ်ခွဲပြီး တစ်စိတ်ကိုယူ၍ ဘိုးလေးကို ပေးလိုက်၏။ ဘိုးလေးမှာ ဝါးခြမ်းအား ချောနေအောင်သပ်ပြီးနောက် အဖျားပိုင်း တစ်တောင့်ထွာခန့်အား လက်တစ်လုံးစာမျှ နွှာပစ် လိုက်ပြီး အတွင်းဘက်အူပိုင်းကို ခပ်ထူထူထုတ်ပစ်လိုက်ရာ အကြောပါးပါးသာ ကျန်ရှိတော့၏။

ထိုအကြောအား ပါးလွှာသော နှီးပင်ကလေး သုံးပင်မျှရအောင် နွှာပြီးနောက် ထိုနှီးပင်ကလေးများကို ဓားအနှောင့်ဖြင့် ကြေနေအောင်ထုကာ အမျှင်ကလေးများပြုလုပ်၍ သုံးလွန်းတင်ကြိုးအသေးကလေးအဖြစ် ကျစ်လိုက်ရာ ဝါးခြမ်း၏ ထိပ်ပိုင်းတွင် ကြိုးတပ်ထားသကဲ့သို့ ဖြစ်၍သွား၏။

ကျွန်ုပ်လည်း ဘိုးလေးပြုလုပ်သမျှကို ကြည့်နေရင်း နားမလည်သဖြင့် –

“ဘိုးလေးရဲ့ … ဒီကြိုးမျှင်ကလေးနဲ့ ဘယ်လိုလုပ်မှာလဲဗျ”
“ဘယ်လိုလုပ်မယ်ဆိုတာ ညတော့ သိရမှာပေါ့ကွာ။ ဒါနဲ့ ရစ်အကောင် အတောင်ဟုန်းသံတွေ ဘယ်ဘက်က များများကြားရတုံး”

“စခန်းရဲ့ နောက်ကြောဘက်တော့ များများကြားရတာပဲဗျာ”

“ဒါဆို မင်း စခန်းမှာနေခဲ့အုံး။ ငါ ခဏသွားချောင်းလိုက်အုံးမယ်”

ဟု ဘိုးလေးမှာ ပုဆိုးခြုံကာ စခန်းနောက်ဘက်ဆီသို့ ထွက်သွားတော့၏။

နေလုံးမှာလည်း အနောက်ဘက်မဟူရိုးမတောင်ပေါ်သို့ မေးတင်နေလေပြီ။ သစ်ပင်ကြီးများ၏ ပင်စည်ဘေးဖြတ်၍ ထိုးနေသော နေရောင်မှာ ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဆလိုက်မီးမောင်းထိုးထားသကဲ့သို့ရှိပြီး အပင်ကြီးများ၏ အောက်ခြေရှိ ဇော်ဂျီတောင်ဝှေး၊ မာလာ၊ စိန္နဘော် စသော အပင်များပေါ်သို့ ကျရောက်လျက် အရောင်တောက်နေသည်မှာ သဘာဝဆီဆေးပန်းချီကားချပ်ကြီးပမာ ကြည့်၍မငြီးအောင် ရှိသဖြင့် ကျွန်ုပ်မှာ ငေးမော၍ ကြည့်နေမိ၏။

များမကြာမီ နေလုံးကြီးမှာ မဟူရိုးမတွင်းသို့ တဖြည်းဖြည်း ငုပ်လျှိုးသွားသည်နှင့် စောစောက ကြည့်၍ မငြီးလာသော ပန်းချီကားမှာလည်း မှုန်ဝါး၍သွားကာ အမည်းရောင်အဖြစ်သို့ ပြောင်းလဲ သွားလေတော့၏။

“ဟေ့ကောင် … ဘာတွေငေးနေတာတုံးကွ” ဟု ပြောရင်း ကြမ်းပြင်ကို လက်ဖြင့် ‘ဗုန်း’ ခနဲ ပုတ်လိုက်မှ သတိပြန်၍ ဝင်လာပြီး –

“ဘယ်သွားတာလဲဗျ”

“ညစာလေကွာ … ညစာ”

“ဗျာ … ညစာ”

ထိုအခါမှ ကျွန်ုပ်မှာ ညစာ မစားရသေးသည်ကို သတိရကာ

“ဘာကောင် ရခဲ့သလဲဗျာ” ဟု ယောင်ယမ်း၍ မေးမိ၏။

“ဟဲ … ဟဲ၊ ခဏနေတော့ ရမှာပေါ့ကွာ။ ငါ ရစ်အိပ်တန်းနှစ်ခု ချောင်းကြည့်ခဲ့ပြီးပြီကွ”

“ဘာလဲ … ရစ်ကို သေနတ်နဲ့ပစ်မှာလား”

“အာ … ရစ်ကောင်ကို သေနတ်နဲ့ပစ်တော့ ဘာသွားစားစရာရှိတော့မှာတုံးကွ”

“ဒါဖြင့် ဘယ်လိုလုပ်မှာတုံး”

“ငါ စောစောကကျစ်ထားတဲ့ ကြိုးလေးကို ကွင်းလျှောကလေးလုပ်ပြီး အသာဆွဲလိုက်ရုံပေါ့”

“ရပါ့မလား ဘိုးလေးရ”

“လက်တွေ့ကတော့ မကြာခင် သိရမှာပေါ့ကွာ”

ဘိုးလေးသည် ဝါးခြမ်းစိတ်ထိပ်မှ ကြိုးကလေးအား ကွင်းလျှောလေးပြုလုပ်လိုက်ရာ ဝါးအကြောကို ထု၍ ကျစ်ထားသဖြင့် ကြေးနန်းပျော့ပမာ ထောင်ထောင်ကလေး ဖြစ်၍နေ၏။ ကျွန်ုပ်တို့နှစ်ယောက်မှာ ဝါးဆစ်ဘူးနှင့် နှပ်ထားသော လက်ဖက်ရည်ကြမ်းသောက်ရင်း အချိန်စောင့်ပြီးနောက် ဘိုးလေး၏ လက်စွဲတော် သုံးတောင့်ထိုး လက်နှိပ်ဓာတ်မီးကို ခပ်အုပ်အုပ်ထိုး၍ ကြိုးကွင်းပြုလုပ်ထားသော ဝါးခြမ်းစိတ်အား ယူလျက် ခြေသံလုံလုံဖြင့် ရစ်အိပ်တန်းဆီသို့ နှစ်ယောက်သား ချင်းနင်းဝင်ရောက်ခဲ့ကြ၏။

ရစ်အိပ်တန်းရှိသော ဝါးရုံပင်နားသို့ ရောက်လျှင် ဘိုးလေးမှာ ကွင်းကို သေချာပြုပြင်လိုက်ပြီး ကျွန်ုပ်ကို မီးထိုးပြစေ၏။ ဝါးရုံပင်ပေါ်သို့ မီးဝှေ့၍ တင်လိုက်သည်နှင့် ညွှတ်ကျလျက်ရှိသည့် ဝါးရုံကိုင်းများအောက် ထိုးထွက်နေသော ဝါးခြောက်ကိုင်းပေါ်တွင် အိပ်နေသော ရစ်ဖကြီးအား ပါးအို့နီနီနှင့် တွေ့ရ၏။

ဘိုးလေးမှာ ကျွန်ုပ်၏ ကျောဘက်မှ ကပ်၍ ကျော့ကွင်းဝါးခြမ်းအား ဘေးမှဝိုက်ပြီး ထောင်လျက် ရစ်ဖ၏ ဦးခေါင်းရှေ့သို့ ကြိုးကွင်းကိုချလိုက်သည်နှင့် ရစ်ဖကြီးသည် မီးရောင်ကြောင့် ကြိုးကွင်းကို ရိပ်ခနဲမြင်လိုက်သဖြင့် လန့်သွားကာ ပျံရန် ခေါင်းထောင်လိုက်သည်နှင့် တစ်ပြိုင်နက် လည်တိုင်အား ဆတ်ခနဲ စွပ်၍ ဆွဲချလိုက်၏။

ထို့နောက် ဝါးခြမ်းကျော့ကွင်းအား မြေပေါ်၌ ဘိုးလေးမှ ဖိထားလိုက်၏။ ကျွန်ုပ်လည်း ပြေး၍ ခြေဖြင့်နင်းလျက် ရစ်ဖကြီးအား ဖြုတ်ယူပြီး အဆုံးစီရင်လိုက်၏။ ထို့နောက် လွယ်အိတ်အတွင်းသို့ ထည့်လိုက်၏။

ဤသို့ဖြင့် နောက် ရစ်အိပ်တန်းတစ်ခု ကူး၍ ဆွဲချခဲ့ရာ ရစ်တစ်ကောင် ထပ်ရခဲ့ပြီး စခန်းသို့ ပြန်ခဲ့ကြတော့၏။ စခန်းရောက်သည်နှင့် ဟင်းအိုးဖြင့် ရေနွေးအိုးတည်ပြီး ရစ်နှစ်ကောင်အား အမွေးနုတ်၍ တစ်ကောင်အား ညတွင်းချင်း ချက်၏။ ကျန်တစ်ကောင်မှာ ကင်ထားလိုက်ပြီး ရစ်သားကျက်သည်နှင့် ညစာကို အားရပါးရ စားသောက်လိုက်ကြရာ ဆာနေသည်က တစ်ကြောင်း၊ ပူပူနွေးနွေးစားရသော
ရစ်သားမှာ အရသာအလွန်ရှိသည်ကတစ်ကြောင်းကြောင့် ထမင်းမြိန်လှ၏။

ညဉ့်လည်း အတော်ကလေး နက်လာပြီဖြစ်၍ ဘိုးလေးနှင့် ကျွန်ုပ်မှာ ထမင်းစားကောင်းလှသဖြင့် ဗိုက်တင်းသွားရာ မျက်တောင်လည်းစင်းလာပြီး အိပ်ရာဝင်ရန် ဟန်ပြင်နေစဉ် အနောက်ဘက် မဟူရိုးမပေါ် မှ သေနတ်သံသဲ့သဲ့ ကြားလိုက်သဖြင့် ခေါင်းထောင်၍ ခဏနားစွင့်ပြီးနောက် အိပ်လိုက်ကြတော့၏။

X X X X X X X X X

နံနက်မိုးလင်းသည်နှင့် စားသောက်၍ တောထွက်ရန် ပြင်ဆင်ရ၏။ ဘိုးလေးမှာ ကျည်ကပ်အတွင်း ကျည်ဆန်ဖြည့်ရင်း –

“လက်သစ် … ဒီနေ့ မင်းရဲ့ရဲတင်းကလေး ယူခဲ့ကွ။ လိုရမည်ရပေါ့”

ကျွန်ုပ်လည်း ခါးချိတ်ရဲတင်းအား သားရေအိတ်တွင်းထည့်၍ ကျောပိုးလိုက်ပြီး လွယ်အိတ်ကိုလွယ်ကာ ခါးပတ်ကို မြဲအောင်ပတ်လျက် ‘ကျောက်အိုးကိုးလုံး’ ချောင်းအတိုင်း အောက်ဘက်သို့ ဘိုးလေးနှင့်အတူ လိုက်ခဲ့တော့၏။ နှစ်ဖာလုံခန့် လျှောက်မိသည်နှင့် အနောက်ဘက် မဟူရိုးမဆီသို့ ချိုးကွေ့၍ တက်ခဲ့ပြီးနောက် အတော်ကလေးရောက်လျှင် –

“လက်သစ်ရေ- ရှေ့က မြင်နေရတဲ့ မြင်ကွင်းကတော့ ဆင်မုန်ယိုထားပြီး သောင်းကျန်းခဲ့ပုံရတယ်ဟေ့”

ကျွန်ုပ်တို့ ယင်းအနီးနားသို့ ရောက်သောအခါ ဝါးပင်များ ကျိုးကြေနေပြီး သစ်ပင်ငယ်တော်တော်များများ အမြစ်မှကော်လှဲထားသလို တွေ့ရ၏။
သစ်ပင်ကြီးများမှာ အခွံတချို့ကွာလျက် အချို့သောသစ်ပင်များ၌ ဆင်စွယ်ဖြင့် တည့်တည့်ထိုး မိထားသောကြောင့် အပေါက်ကြီးများဖြစ်၍နေ၏။

ဘိုးလေးသည် ဆင်ထိုးထားသော အပင်များကို သေချာလိုက်ကြည့်ရင်း –

“ဒီကောင်ကြီး တော်တော့ကို သောင်းကျန်းထားတာကွ။ မုန်ရဲ့အထွတ်အထိပ် ဖြစ်ပုံရတယ်”

ဘိုးလေးမှာ ပြောရင်း ဆင်ထိုးသစ်ပင်တစ်ပင်ချင်း လိုက်၍စစ်ဆေးပြီး အစွယ်ရာပေါက်ထဲသို့ သိုက်ဝါးတံသေးသေးဖြင့် ထိုး၍ အထဲသို့မွှေလျက် အပင်ကိုကပ်၍ နားထောင်ကြည့်နေ၏။ ဘိုးလေးမှာ ဆင်ထိုးရာရှိသော အပင်တိုင်း လိုက်၍ အထဲမွှေလိုက် လုပ်နေသဖြင့် ကျွန်ုပ်မှာ နားမလည်ဘဲရှိသဖြင့်

“ဘိုးလေး … အထဲမှာ ဘာရှိလို့ ဒီလောက်ကပ်ပြီး နားထောင်ကြည့်နေရတာလဲဗျ”

“ရတနာ ရှာတာလေကွာ၊ တို့နဲ့ထိုက်ရင် ရမှာပေါ့”

ဘိုးလေးမှာ ပြောရင်း ပိတောက်နုပေါက်ပင်တစ်ပင်တွင် အပေါက်ဖြစ်နေသောအထဲသို့ ထိုး၍ ခလောက်ကြည့်နေ၏။

“ရတနာ ဟုတ်လား၊ ဘာရတနာလဲဗျာ”

“ဟဲ … ဟဲ ၊ မပြီးခင် ဗမာမမြင်စေနဲ့ ဆိုတဲ့ စကားလို မင်းဟာ တော်တော်စကားလုံး စိပ်တာကိုး။ သိချင်ရင် ရဲတင်းဖြုတ်ဟေ့”

ကျွန်ုပ်လည်း ကျောပိုးထားသော ရဲတင်းပြားကလေးကို ဘိုးလေးအား ပေးလိုက်၏။ ဘိုးလေးမှာ သေနတ်အား အနီးရှိ ဝါးပင်တွင် ထောင်လိုက်ပြီး ဆင်စွယ်ပေါက်နေရာ အထက်မှနေ၍ တဖြည်းဖြည်း တစောင်းချင်းခုတ်လိုက်ပြီး ဓားစာများကို ခွာထုတ်လိုက်သည်နှင့် ပိတောက်နှစ်ထဲသို့ ခွဲ၍ဝင်နေသော ဆင်စွယ်ပဲ့ကလေးအား တွေ့ရ၏။ ဘိုးလေးမှာ ထိုဆင်စွယ်ပဲ့ကလေးအား သေချာစွာထုတ်ယူလိုက်ပြီး လက်ဖြင့် သေချာစွာပွတ်သပ်နေ၏။ ဆင်စွယ်ပဲ့ကလေးမှာ လက်နှစ်သစ်ခန့် ရှိ၏။

“ရော့ဟေ့ လက်သစ်၊ သေသေချာချာ ထည့်ခဲ့ကွ။ အဲဒါ တို့နဲ့ထိုက်တဲ့ ရတနာပဲ”

ကျွန်ုပ်လည်း ဆင်စွယ်အပဲ့ကလေးကို သေချာကြည့်လိုက်ရာ ဖြူဖွေးမနေဘဲ အနီရောင်သန်းနေ သည်ကို တွေ့ရ၏။

“ဘယ့်နှယ် ဘိုးလေး … ဆင်စွယ်ဆို ဖြူနေရမှာ။ အခုဟာ ဘာဖြစ်လို့ နီနေရတာလဲ”

“အဲဒီဟာကို ဆင်စွယ်မာန်ကျိုးလို့ခေါ်တယ် လက်သစ်ရဲ့။ ဆင်စွယ်အကောင်းတစ်စုံရဖို့ ရိုးရိုးဆင်စွယ်ကျိုးတို့ ရဖို့ လွယ်ပေမယ့် ဒီလို မာန်ကျိုးမျိုးဆိုတာ တစ်သက် တစ်ခါရဖို့ ခဲယဉ်းတယ်ကွ”

“ဘာဖြစ်လို့လဲ၊ ဒီဆင်စွယ်ကျိုးလေးက တော်တော်များ အစွမ်းထက်နေလို့လား”

“အေး … ဒီလို မာန်ကျိုးမျိုးဟာ ပီယကာယမှာ သူမတူအောင် အစွမ်းထက်တယ်။ စခန်းရောက်မှ မင်းကို အသုံးတည့်ပုံ ရှင်းပြမယ်။ အချိန်ရတုန်း တောလည်ကြအုံးစို့”

ဘိုးလေးမှာ ပြောပြီး သေနတ်ကိုထမ်း၍ ရှေ့မှ စတင်ထွက်ခွာသွားရာ ကျွန်ုပ်မှာလည်း ဆင်စွယ်ကျိုးကလေးအား လွယ်အိတ်ထဲ ထည့်လိုက်ပြီး နောက်မှ အလိုက်သင့် လိုက်ခဲ့ရတော့၏။ ကျွန်ုပ်တို့မှာ မဟူရိုးမတောင်ခြေအတိုင်း လျှောက်ခဲ့ကြရာ တောမှာ မဟူရိုးမခါးပန်းကို ပြိုင်၍ မြင့်တက်နေ၍ မြိုင်ဟု ခေါ်ဆိုထိုက်ပေသည်။ ထိုသစ်ပင်များအကြားတွင်လည်း မဟူတောင်ပေါ်မှ ပြိုကျထားသော ဧရာမကျောက်တုံးကျောက်ခဲကြီးများ ဟိုမှဒီမှပြန့်ကျဲလျက် ရှိသည့်အပြင် နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်သဖြင့် ရေညှိများကပ်လျက် အစိမ်းရောင်များ ဖြစ်နေ၏။

တချို့ကျောက်တုံးကြီးများအပေါ် တွင် နွယ်ပင်များရုံဖွဲ့နေ၏။ တစ်ခုသော ကျောက်တုံးပေါ်တွင် ကြာရွက်သဏ္ဌာန် ဝိုင်းစက်လျက်ရှိသော အရွက်များနှင့် နီစွေးစွေးနွယ်ပင်များ စုပြုံတက်နေသော တန်ဆောင်မုန်းသွေးနက်ပင်များကို တွေ့ရ၍ ကျွန်ုပ်လည်း တောတက်ရန် ပြင်စဉ်က အဖေမှာလိုက်သောစကားကို သတိရသဖြင့် –

“ဘိုးလေး ဟိုကျောက်တုံးပေါ် တက်နေတဲ့အပင်တွေဟာ တန်ဆောင်မုန်းသွေးနက်ပင်တွေ မဟုတ်လား”

“အေး … ဟုတ်တယ်ကွ။ ဒီအပင်တွေဟာ လူသူမနီးတဲ့ မြိုင်တွေထဲမှာ ပုန်းလျှိုးကွယ်လျှိုး ပေါက်လေ့ရှိတဲ့ ရှားပါးဆေးဖက်ဝင် အပင်တွေပေါ့”

“ဒါဆို ကျွန်တော် တူးခဲ့အုံးမယ်။ အဖေက မှာလိုက်တယ်။ တောရဆရာတော် သွေးအားနည်းပြီး မူးမူးနေလို့ ဆေးဖော်ပြီးကပ်ဖို့ တွေ့ရင် တူးခဲ့လို့ မှာထားတယ်”

“မင်း ဒီနေရာကို မှတ်မိတယ် မဟုတ်လား။ ပြီးမှ လာတူးကွ။ နေမြင့်လာရင် သားကောင်တွေ ဝပ်ကျင်းထိုးတော့ အရှာခက်လိမ့်မယ်”

“ဟုတ်ကဲ့ မှတ်မိပါတယ်။ စခန်းနဲ့ သိပ်ဝေးတာမှ မဟုတ်ဘဲ”

(တန်ဆောင်မုန်းသွေးနက်ပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး အရွက်မှာ ကြာရွက်ကဲ့သို့ ဝိုင်းစက်နေပြီး ခူးလျှင် နွယ်မှ လူသွေးကဲ့သို့ ထွက်၏။ လူသူမနီး မြိုင်ထဲတွင်သာ ပေါက်၍ ထိုအပင်၏ဥမှာ သွေး အားနည်းရောဂါ၊ သွေးတိုးရောဂါ၊ ဒူလာမြင်းသရိုက်ရောဂါတို့အတွက် သွေးညှိသွေးသန့် အလွန်ကောင်း၏။)

ကျွန်ုပ်တို့မှာ မဟူတောင်ခြေအောက်ဘက်မှ ဇရစ်မြောင်သို့ ဆင်းခဲ့ကြ၏။ ဆင်ခြေလျှောဆုံး၍ အောက်ဘက်မြေပြန့် သစ်ဆိမ့်ပင်အောက်၌ သစ်ဆိမ့်သီးကောက်စားနေသော ဂျီ (ချေ) ပေါက်တစ်ကောင်ကို မြင်သဖြင့် ဘိုးလေးသည် ကျွန်ုပ်အား လက်ပြကာ ထားခဲ့ပြီး သစ်ပင်ကြီးများအား တစ်ပင်ချင်းအကာအကွယ်ယူလျက် ပစ်ကွင်းရှင်းသည်နှင့် ‘ဒိန်း’ ခနဲ ပစ်ချလိုက်ရာ ချေပေါက်ကြီးမှာ ရှေ့သို့ ‘ဝုန်း’ခနဲ တစ်ချက်ခုန်လိုက်ပြီး ရှေ့သို့ ပစ်လဲသွားတော့၏။
ကျွန်ုပ်လည်း ချေပေါက်ကြီးကို ဦးဘက်မှ ထမ်း၍ စခန်းသို့ ယူခဲ့၏။ စခန်းရောက်လျှင် အရေဆုတ် ကျပ်တင်ကြပြီး ဝမ်းတွင်းသားအား ဟင်းအိုးနှင့်အပြည့်ထည့်ကာ ချက်ထားလိုက်၏။ ဘိုးလေး မြည်းရန်အတွက် ထမင်းအိုးအဖုံးပေါ်တွင် ခပ်ထားပြီးနောက် ကျပ်စင်အောက် ထင်းထိုးနေသော ဘိုးလေးအား –

“ကျွန်တော် တန်ဆောင်မုန်းသွေးနက်ဥ သွားပြီး တူးလိုက်အုံးမယ် ဘိုးလေး။ အမြည်းလည်း ခပ်ထားခဲ့ တယ်။ ပြန်လာမှပဲ ထမင်းစားတော့မယ်”

“အေး … အေး၊ မြန်မြန်လည်း ပြန်ခဲ့”

“ဟုတ်ကဲ့၊ ငါးလုံးလောက်ပဲ တူးခဲ့မှာပါ”

ကျွန်ုပ်လည်း တောလိုက်ဓားချွန်အား ခါးထိုး၍ လွယ်အိတ်ကိုလွယ်လျက် မဟူတောင်ခြေဆီသို့ ထွက်ခဲ့၏။ တောင်ခြေ ကျောက်တုံးကြီးများကြားသို့ ရောက်သည်နှင့် အနည်းငယ်ရှင်းလျက် တန်ဆောင်မုန်းသွေးနက်ပင် အောက်ခြေသို့ တက်ပြားလုပ်၍ တူးရ၏။

ဥတစ်လုံးမှာ လက်သီးဆုပ်ပမာဏခန့် ရှိ၏။ ဥတစ်လုံးရလျှင် လွယ်အိတ်တွင်းသို့ ထည့်လိုက်ပြီး နံနက်ကရရှိခဲ့သော ဆင်စွယ်မာန်ကျိုးလေးအား သတိရသဖြင့် ကြည့်လိုက်ရာ လွယ်အိတ်ထောင့်တွင် တွေ့ရှိရသဖြင့် ယူ၍ အိတ်ထောင်ထဲသို့ ထည့်ထားလိုက်ပြီး ဆက်၍ တူးလိုက်၏။ အောက်ခံမြေမှာ မာသည့်အပြင် ဝါးလုံးကို တူးရွင်းပြားလုပ်၍ တူးသဖြင့် ဥတစ်လုံးရရှိအောင် ခက်ခက်ခဲခဲ အားစိုက်၍ တူးနေရ၏။

ဥသုံးလုံးမျှ ရသောအခါ ကျွန်ုပ်၏ နောက်ကျောဘက်ဆီမှ “ချပ်”ခနဲ အသံတစ်သံ ကြားလိုက်သဖြင့် နားစွင့်လိုက်ပြီး ခဏကြာမှ ဆက်၍တူးရန် ဟန်ပြင်လိုက်စဉ် တစ်ဖန် “ချပ်”ခနဲ အသံတစ်သံကြားရပြန်သဖြင့် ကျွန်ုပ်စိတ်ဝယ် သေနတ်မောင်းဖြုတ်သံနှင့် တူလှသဖြင့် နောက်လှည့်၍ ကျီးကန်းတောင်းမှောက် ကြည့်လိုက်စဉ် ကျွန်ုပ်၏ ကျောဘက် ကိုက်သုံးဆယ်ခန့်အကွာ ကျောက်တုံးအကွယ်မှ သေနတ်ပြောင်းဝတစ်ခုကို မြင်လိုက်သဖြင့် ရှေ့သို့ ဝပ်ချလိုက်ပြီး ကျောက်တုံးဘေးသို့ လှိမ့်ဝင်လိုက်သည်နှင့်

“ဒိုင်း. . . ” ဟူသော သေနတ်သံတစ်ချက် ထွက်ပေါ် လာပြီး ကျွန်ုပ်၏ဘေးမှ ‘ဝီ’ခနဲ ကျည်ဖူးဖြတ်၍ သွားပြီးလျှင် ဘယ်ဘက်ရှိ ကျောက်တုံးအား ထိမှန်သွားသဖြင့် ကျောက်သားများ လွင့်စဉ်သွားလေရာ ကျွန်ုပ်အား သေနတ်ဖြင့် ချောင်းပစ်နေကြောင်း သဘောပေါက်လိုက်၏။ ပထမနှစ်ချက် ပစ်ခံရစဉ်က အလွန်ကံကြီး၍ သေနတ်မီးမကူးခဲ့ခြင်းဖြစ်၏။ ကျွန်ုပ်မှာ တစ်ကိုယ်လုံး ထူပူသွားပြီး စိတ်ထဲတွင် ခံပြင်းခြင်းနှင့် တုန်လှုပ်ခြင်းတို့ ရောပြွမ်းလျက် –

“ဟေ့ကောင်တွေ … မင်းတို့နဲ့ ငါ ဘာရန်ငြိုးရှိလို့ ခိုးကြောင်ခိုးဝှက် လုပ်ကြံတာတုံးကွ”

ဟု ကျောက်တုံးကြီးအား အမိအရကပ်ထားကာ မေးလိုက်သည်နှင့် ကျောက်တုံးအကွယ်မှ လူနှစ်ယောက် ဦးခေါင်းပြူ ထွက်လာပြီး –

“ဟာ … လူ … လူတစ်ယောက်ပါလား”

ဟု ပြောရင်း လက်များကိုမြှောက်ကာ ဒယီးဒယိုင်ဖြင့် ထွက်လာ၏။

တစ်ယောက်မှာ သစ်တောဦးထုပ်ကို ဆောင်းထားပြီး ကျန်တစ်ယောက်မှာ ဘောင်းဘီ မတိုမရှည်နှင့် ပုဆိုးကွင်းသိုင်းထား၏။ နှစ်ယောက်စလုံး၏ အဝတ်အစားများမှာ စုတ်ပြတ်ပေရေနေ၏။

“ဟေ့လူတွေ … ဘာသဘောနဲ့ ကျုပ်ကိုပစ်တာလဲဗျ”

ကျွန်ုပ်မှာ ဒေါသဖြစ်လျက် အသားများတဆတ်ဆတ်တုန်ရင်း မေးလိုက်မိ၏။ ထိုသို့ မေးလိုက်မှ ထိုလူနှစ်ယောက်မှာ မြေပြင်တွင် ဒူးထောက်၍ ထိုင်ချလိုက်ပြီး သစ်တောဦးထုပ်ဆောင်းထားသူက-

“ခွင့်လွှတ်ပါခင်ဗျာ၊ ကျွန်တော်တို့ လူမှန်းမသိလို့ပါ”

“ဘာဗျ … လူမှန်းမသိရအောင် ကျွန်တော်က ဘာနဲ့တူနေလို့လဲ။ စည်းမဲ့ကမ်းမဲ့ဗျာ”

ကျွန်ုပ်မှာ စိတ်ချရသော အနေအထားရှိသဖြင့် အပြင်သို့ထွက်လိုက်ရင်း ပြန်မေးလိုက်၏။

“တကယ်ကို တောင်းပန်ပါတယ်ခင်ဗျား။ ခင်ဗျားက ကျောက်တုံးဘေးမှာ တလှုပ်လှုပ်လုပ်နေတာကို ဝက်တစ်ကောင် မြေတူးနေတယ်ထင်ပြီး တောမှောက်သွားတာပါ။ ကျွန်တော်တို့ တောထဲမှာ မျက်စိလည် လမ်းမှားပြီး ထမင်းနဲ့ဝေးနေတာ နှစ်ရက်တောင်ရှိပါပြီ။ ညတုန်းကလည်း ကောင်းကောင်းမအိပ်ရ တော့ အမြင်မရှင်း ဖြစ်သွားတယ်။ တကယ်ကို ဝက်တစ်ကောင်ထင်ပြီး ကင်စားချင်လို့ ပစ်လိုက်တာပါ”

ထိုလူပြောသော ‘ကင်စားချင်လို့’ ဟူသော စကားအား အသည်းယားလှသဖြင့်

“တော်ဗျာ … ဆက်မပြောနဲ့တော့”

ဟု ပိတ်ပြောလိုက်၏။

ထိုအခါမှ သစ်တောဦးထုပ်ဆောင်းထားသူက –

“ကျွန်တော်က ပုလဲနယ် စစ်လျင်ကျေးရွာဘက်က လာတာပါ။ တောခေါင်း တစ်ယောက်ပါ။ ဘိုဝင်းလို့ခေါ်ပါတယ်။ သူကတော့ စစ်လျင်ရွာသား ရွှေမြပါ။ ဖြစ်နိုင်ရင် ထမင်းတစ်နပ်တော့ ကျွေးပါခင်ဗျ”

(ထိုအချိန်က တောခေါင်းတစ်ယောက်လျှင် ရိုင်ဖယ်သေနတ်တစ်လက် ကိုင်ခွင့်ရှိ၏။)

တောခေါင်း ကိုဘိုဝင်းမှာ သူနှင့် သူ့အဖော်အား မိတ်ဆက်ပြီး သူတို့ အမှန်တကယ် တောင့်တနေ သော ထမင်းတစ်နပ်အား မျက်နှာငယ်ငယ်ဖြင့် တောင်းနေပေရာ ကျွန်ုပ် ဒေါသများပြေပျောက်သည့်ပြင် ကိုယ်ချင်းစာနာမိသဖြင့် –

“ကဲ … ကဲ ထားပါတော့၊ ခင်ဗျားတို့ကလည်း တမင်တကာလုပ်တာမှ မဟုတ်ဘဲ။ ပြီးတော့ သစ်တောဝန်ထမ်းလည်း ဖြစ်နေပြန်တော့ ကူညီရမှာပေါ့။ ကျွန်တော်တို့စခန်းက ဟိုဘက်ချောင်းဘေးမှာပါ”

ကျွန်ုပ်မှာလည်း တန်ဆောင်မုန်းသွေးနက်ဥ သုံးလုံးအား လွယ်အိတ်တွင်း ထည့်လိုက်ပြီး ထိုလူနှစ်ယောက်ဆီသို့ သွား၍ –

“ကဲ … ကဲ ထကြ၊ စခန်းကို သွားရအောင်။ စခန်းမှာ ကျွန်တော့်ဦးကြီး ရှိသေးတယ်”
ကျွန်ုပ်မှာ ပြောရင်း ကျောက်တုံးအား မှီထားသော ရိုင်ဖယ်သေနတ်ကို တောခေါင်း ကိုဘိုဝင်းအား ယူ၍ပေးပြီးနောက် မီးမကူးဘဲ မစ်(စ်) ဖိုင်းယားဖြစ်ထားသော ကျည်နှစ်တောင့်အား ကောက်ယူ၍ ရှေ့မှ ထွက်ခဲ့၏။

တောခေါင်း ကိုဘိုဝင်းကား ၎င်း၏ ရိုင်ဖယ်ကိုပင် အနိုင်နိုင်ထမ်းလျက် လိုက်ခဲ့ရ၏။

စခန်းသို့ ရောက်သွားသည့်အခါ ဘိုးလေးကဆီးကြို၍ –

“ဟေ့ … လက်သစ် ဘယ်လိုဖြစ်လာတာတုံးကွ။ သေနတ်သံကြားလို့ စိတ်ပူနေတာ။ ငါတောင် အခု လိုက်မလို့”

ဟု ပြောရင်း ကျွန်ုပ်နောက်မှ ခပ်ကုပ်ကုပ်လိုက်လာသူနှစ်ယောက်ကို မျက်စိဝှေ့ကြည့်လိုက်ပြီး

“ဒါနဲ့ ဒီလူတွေက”

“သူက စစ်လျင်သား ရွှေမြ၊ သူက တောခေါင်း ကိုဘိုဝင်းတဲ့ဗျ”

ဟု မိတ်ဆက်ပေးလိုက်ရာ တောခေါင်း ကိုဘိုဝင်းက

“ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့ ဒီကညီလေးနဲ့တွေ့လို့ လိုက်လာတာပါ”

“ဒါဖြင့် စောစောက သေနတ်သံက”

“မပြောပါနဲ့တော့ ဘိုးလေးရာ၊ အဲဒီသေနတ်သံက ကျွန်တော့်ကို ပစ်တာခင်ဗျ”

“ဟေ …”

ဘိုးလေးမှာ မျက်ခုံးနှစ်ဖက် မြင့်တက်သွားပြီး –

“ဒါဖြင့် ဘယ်ထိသွားသေးလဲ”

“ပထမနှစ်ချက်က မပေါက်လို့ပေါ့ဗျာ။ ပေါက်များပေါက်ရင် ဒီအချိန် ကိစ္စချောရောပေါ့”

ကျွန်ုပ်လည်း ဖြစ်စဉ်ကို အကျဉ်းချုံး၍ ပြောပြလိုက်၏။ ထိုအခါမှ ဘိုးလေးလည်း ချင့်ချင့်ချိန်ချိန် စဉ်းစားရင်း –

“အင်း … ဒီလိုအဖြစ်မျိုးတွေဟာ တောတောင်တွင်းမှာ ကျင်လည်နေသူတိုင်း ဖြစ်တတ်ပါတယ်။ မင်းတို့ လည်း သင်ခန်းစာယူကြပေါ့။ အရိပ်ငယ်တစ္ဆေစီးဆိုတဲ့ မြန်မာစကားပုံလည်း ရှိတယ်မဟုတ်လား။ အစာ ရေစာလည်းပြတ်၊ အားလည်းနည်း၊ တောတောင်တွင်းမှာလည်း ဖြစ်၊ စိတ်အားကလည်းငယ် ဆိုတော့ ထင်ယောင်ထင်မှား ဖြစ်တာပေါ့”

“ဟုတ်ကဲ့ ခင်ဗျ၊ ကျွန်တော်တို့လည်း တကယ်ကို တုန်လှုပ်မိပါတယ်။ ခွင့်လွှတ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျ”

“အေး … အေး … တမင်လုပ်တာမှ မဟုတ်တာကွာ၊ ခွင့်လွှတ်ပါတယ်။ နှစ်ရက်လောက် ထမင်းနဲ့ဝေးနေ တော့ အူတွေကျဉ်းနေမှာပေါ့။ ရော့ … ဒါလေး အရင်သောက်လိုက်အုံး”

ဘိုးလေးက သူ၏ တောအရက်ဘူးအတွင်းမှ တစ်ယောက် တစ်ခွက်ကျ ဝါးဆစ်ဘူးတွင်း ငှဲ့၍ တိုက်လိုက်၏။ တောခေါင်း ကိုဘိုဝင်းနှင့် ကိုရွှေမြတို့ နှစ်ယောက်မှာ အရက်တစ်ခွက်စီ သောက်ပြီးနောက် ရေဘူးအတွင်းရှိ ရေကို မော့သောက်လိုက်မှ တော်တော်နေသာထိုင်သာ ရှိသွားပုံရ၏။

ထို့နောက် ချေဝမ်းတွင်းသားချက်နှင့် ထမင်းကျွေးရာ အားရပါးရ စားသောက်ကြ၏။ စားသောက်ကြပြီးနောက် –

“ကျေးဇူးကြီးလှပါတယ် ခင်ဗျာ။ လက်စနဲ့ ဆေးလိပ်ကလေးများရှိရင် တစ်ဖွာလောက် သောက်ပါရစေခင်ဗျာ”

“ရပါတယ်ဗျာ၊ ရော့ … သောက်ကြပါ”

ကျွန်ုပ်လည်း ဆေးလိပ်နှစ်လိပ်ကို ထုတ်၍ ပေးလိုက်ရာ တစ်ယောက်တစ်ဖွာ ရှိုက်ရင်း –

“အခုမှ အတော့်ကို အဆင်ပြေသွားပြီခင်ဗျ။ ကျွန်တော့်တစ်သက်စာအတွက်တော့ ဦးတို့နှစ်ယောက်ဟာ ဘယ်သောအခါမှ မေ့မရနိုင်တဲ့ ကျေးဇူးရှင်ကြီးတွေပါပဲဗျာ”

ကိုဘိုဝင်းမှာ တကယ့်ခံစားချက် ဝမ်းတွင်းမှလေသံဖြင့် အားရပါးရ ပြောနေရှာ၏။

“အေး … တို့ကလည်း ကူညီထိုက်လို့ ကူညီရတာကွ။ ကာလဒါနပေါ့။ ဒါနဲ့ မင်းတို့ ဘယ်လိုဖြစ်လာခဲ့ကြတယ်ဆိုတာ လင်းစမ်းပါအုံး”

“ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်က စစ်လျင်ရွာဘက်ကို တာဝန်နဲ့ရောက်တာ မကြာသေးပါဘူး။ဟောဒီက ကိုရွှေမြကိုခေါ်ပြီး ကျွန်တော်တို့ရဲ့ သစ်တောဘိနယ်ကို လှည့်ပတ်ကြည့်ရင်း မဟူရိုးမတောင်ခြေဘက်ရောက်တော့ တောင်ခြေဝါးပိုးအိုက်ထဲက ဆင်အစ်ထိုးသံတွေ ကြားတာနဲ့ ဘယ်နှကောင်လောက်ရှိလဲသိချင် လို့ ချောင်းကြည့်နေတုန်း ကျွန်တော်တို့ဘေးဘက် သိုက်ဝါးပင်တွေကြား မှီနေတဲ့ စွယ်စုံဆင်ကြီးကို မမြင်ဘဲ ရှေ့မဲနေတာ။ ဆင်ကြီးက ကျွန်တော်တို့ကို အတင်းလိုက်တော့တာပဲ။ ကျွန်တော်တို့နှစ်ယောက်လည်း ခြေဦးတည့်တဲ့ဘက်ကို အတင်းထွက်ပြေးခဲ့ရတာ။ ဆင်ကြီးကလိုက်တော့ ဆင်အုပ်ကလည်း အစ်ထိုးပြီး လိုက်လာကြတာ။ တစ်ညနေလုံး ပတ်ပြီးပြေးနေရင်း နောက်မှ သတိရပြီး ဆင်လိုက်ရင် အမြင့်တက်ပြေးဆိုတာ သတိရတာနဲ့ မဟူတောင်ပေါ် တက်ပြေးမှ မလိုက်နိုင်တော့တာခင်ဗျ။ ဒါတောင် တောင်အောက်က အစ်ထိုးသံတွေ ကြားရသေးတယ်။ တောင်ထိပ်ပေါ်ရောက်တော့မှ စိတ်လည်းချ၊ မောလည်း မောနေတော့ အင်ပင်ကြီးအောက် အမော ဖြေရင်း ပက်လက်လှန်မှေးလိုက်ကြတာ မျက်နှာပေါ် မိုးပေါက်တွေကျလာမှ နိုးတော့တယ်”

ကိုဘိုဝင်းမှာ စကားခေတ္တနား၍ ဆေးလိပ်ကို ဖွာရှိုက်လိုက်ပြီးမှ ဆက်၍ –

“အိပ်ရာကနိုးလို့ နာရီကြည့်တော့ လေးနာရီထိုးပြီးနေပြီ။ ဒါနဲ့ပဲ တောင်အောက်ကိုဆင်းနိုင်မယ့်လမ်းကို အသည်းအသန်လိုက်ရှာတော့ တက်ခဲ့တုန်းက ကြောက်အားလန့်အားနဲ့ ဟိုအပင်ဆွဲ ဒီအပင်ဆွဲ၊ ကျောက်စွယ်ကျောက်တုံးတွေကိုင်ပြီး တက်ခဲ့ပေမယ့် ပြန်ဆင်းဖို့ တော်တော်ကို ခက်ခဲနေချိန် မိုးကလည်း တစ်စတစ်စ သည်းလာတော့ ပြန်ဆင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာနဲ့အတူတူ အင်ပင်ကြီးတစ်ပင်အောက် နှစ်ယောက်သား ကျောချင်းကပ်ပြီး တစ်ညလုံး နေနေရတော့တာပဲ။ မိုးလင်းတော့လည်း တောင်ခိုးတွေက ထွက်၊ တောရိပ်ကထူ ဆိုတော့ ရှစ်နာရီ၊ ကိုးနာရီထိအောင် သဲသဲကွဲကွဲ မမြင်ရ၊ မြင်ရချိန်မှာ မိုးက ရွာလာပြန်နဲ့ ဆက်နေရင် ပိုဆိုးမှာဆိုတော့ တောင်အောက်မှာ ဆင်းပြီး လမ်းရှာတာ ကျောက်မိုးတစ်ခုတွေ့လို့ အခုလို ကျွန်တော်တို့ အသက်ရှင်ခွင့်ရတာဗျ။
ကျောက်မိုးထဲဝင်ပြီး မိုးခို၊ ညနေမိုးစဲမှ အဝတ်တွေချွတ်၊ ရေညှစ်၊ အဝတ်တွေလှန်း၊ ဗိုက်ကလည်း ဆာတော့ တောင်စောင်းက တောငှက်ပျောပင်တွေ လိုက်ကြည့်ရင်း ကံအားလျော်စွာ ငှက်ပျောခိုင်မှည့်လေးတွေ့လို့ နှစ်ယောက်သား မျှစားခဲ့ရတယ်။ ညရောက်တော့ ကျောက်မိုးလေးထဲ အိပ်၊ မှက်တွေ၊ ခြင်တွေကလည်း ကိုက်၊ တစ်နေကုန်ရွာထားတဲ့မိုး ကြောင့် အောက်မြေကလည်းစို ဆိုတော့ အိပ်လို့လည်း ကောင်းကောင်းမပျော်၊ မှေးခနဲ ပျော်သွားပြန်တော့လည်း ကိုရွှေမြကြီးက ကယောင်ကတမ်းတွေဖြစ်ပြီး အမှောင်ထဲကို လက်ညှိုးထိုးပြီး ဆင်တွေလာပါပြီ၊ တိုက်တော့မှာပါ၊ ပစ်ပါတော့ဆိုပြီး အတင်းထပြေးမယ်လုပ်လို့ သူ စိတ်ကျေနပ်အောင် သူပြတဲ့နေရာကို သေနတ်နဲ့ရမ်းပြီး ပစ်ရသေးတယ်”

“ဩော် – ဟုတ်ပြီ … ဟုတ်ပြီ။ ဒါကြောင့် ညက မဟူတောင်ပေါ် က သေနတ်သံ ကြားရတာကိုး”

ဟု ကျွန်ုပ်က ပြောလိုက်၏။

ထိုအခါ ကိုဘိုဝင်းကလည်း ဤသို့ ဝင်ပြော၏။

“ဟုတ်တယ်ဗျ၊ တကယ်လို့ အဲဒီလိုမှ မလုပ်ရင် ထပြီးပြေးတော့မယ် လုပ်နေတာ။ ထပြေးရင်လည်း တောင်အောက်ကျပြီး သေမှာခင်ဗျ”

ထို့နောက် တစ်ချိန်လုံးငြိမ်နေသော ရွှေမြကြီးကလည်း –

“ကျုပ်လည်း ကျောက်အမိုးထဲ အိပ်နေတာကိုမေ့ပြီး ဆင်တွေလိုက်လာပြီထင်လို့ ကယောင်ကတမ်းနဲ့ အော်မိတာဗျ” ဟု ပြော၏။

“အင်း … ဝမ်းကလည်းဆာ၊ မိုးကလည်းမိပြီး အအေးပတ်တော့ ကယောင်ချောက်ချားတွေဖြစ်တာ ပေါ့”

ဟု ဘိုးလေးက ထောက်လိုက်၏။ ကိုဘိုဝင်းက ဆက်၍ –

“ကျွန်တော်က သေနတ်နဲ့ ရမ်းပစ်တော့မှ ငြိမ်သွားတာ။ ဒါပေမဲ့ ဟိုဘက်က သစ်ပင်လဲသံလိုလို၊ တောကောင်တွေ အစုလိုက်ပြေးလာသံလိုလို၊ ကျောက်မိုး ပေါ် တောကောင်တစ်ကောင်လာပြီး လက်သည်းနဲ့ ကုတ်ခြစ်နေသံလိုလိုတွေကို ကြားနေရပြီး တစ်ညလုံး စိတ်ချောက်ချားနေရတော့တာပဲဗျာ”

“အဲဒါ မင်းတို့ ညကြီးအချိန်မတော်ပစ်လိုက်တဲ့ သေနတ်သံကပဲ မင်းတို့ကို ပြန်ပြီး တောခြောက်တာနေမှာ”

“ဟုတ်နိုင်တာပေါ့ ဦးကြီးရာ။ မိုးလင်းတော့ မျက်စိတွေလည်း ကျိန်း၊ တစ်ကိုယ်လုံးလည်း ကိုက်ခဲပြီး ဘယ်မှကို မရွှေ့ချင်တော့ဘူး။ ဒါပေမဲ့ ဒီတောင်ပေါ်ကနေ မရ ရအောင်ဆင်းရမယ်ဆိုတဲ့ စိတ်ကို တင်းပြီး တောင်အောက်ကို မရမက ဆင်းခဲ့ပေမယ့် တောင်အောက်ရောက်တော့ ဘာပဲဖြစ်ဖြစ်ဆိုပြီး သေနတ်ခေါင်းအုံးပြီး လှဲအိပ်လိုက်တာ အိပ်ပျော်သွားသေးတယ်။ ခေါင်းရင်းဘက်က သေနတ်သံကြားတော့မှ နိုးလာပြီး သေနတ်ပစ်ရင် လူရှိရမယ်ဆိုတဲ့အသိနဲ့ ကိုရွှေမြကို နှိုးတော့ ကိုရွှေမြကြီးကလည်း မထချင် ထချင်နဲ့ ထပြီး လိုက်လာတာ ဝမ်းကလည်း တကြုတ်ကြုတ်၊ အရေးထဲ ဆေးလိပ်ကလေးတစ်ဖွာလောက် သောက်ရရင်ကောင်းလေစွဆိုပြီး အိတ်ထောင်ထဲ ရမ်းစမ်းတော့ မီးခြစ်ကလေးတွေ့မှ တောကောင်တစ်ကောင်လောက်တွေ့ရင်ဖြင့် ပစ်ပြီး မီးကင်စားမယ်ဆိုတဲ့ စိတ်ရယ်၊ လူတွေ့ရင် အကူအညီတောင်းမယ်ဆိုတဲ့စိတ်ရယ် အားတင်းပြီး လျှောက် လာတုန်း ကျောက်တုံးနောက်နားက တလှုပ်လှုပ်လုပ်နေတဲ့ ဒီကညီလေးကို ကိုရွှေမြက မြင်တော့ ဟိုမှာ ဝက်တစ်ကောင် မြေတူးနေတာ၊ ပစ်ပစ်ဆိုပြီး တိုးတိုးပြောလို့ ကျောက်တုံးကို နှစ်ယောက် ကွယ်ပြီးကြည့်တော့ သေရပါစေရဲ့ဗျာ၊ ဝက်တစ်ကောင် သစ်ဥတူးစားနေတယ်လို့ တကယ်ထင်ပြီး ပစ်မိတာပါခင်ဗျာ။

ပထမနှစ်ချက်ပစ်တော့ မီးမကူးတော့ ကျည်တွေစိုလို့ထင်ပြီး ကျည်တောင့်လဲလဲပြီး ပစ်နေတာ သုံးချက်မြောက်တော့ ကျောက်တုံးကြား ပြေးဝင်သွားမှ ဒိုင်းခနဲပေါက်သွားတာ။ ဒီက ညီလေးက အော်ပြောတော့မှ လူဖြစ်နေတာသိတော့ ဝမ်းနည်းဝမ်းသာ ဖြစ်ရတာပါ”

တောခေါင်း ကိုဘိုဝင်းမှ ရှည်လျားစွာ ရှင်းပြနေသည်ကို ဘိုးလေးမှာ စိတ်ဝင်တစား နားထောင်နေပြီးမှ ခေါင်းတညိတ်ညိတ်လုပ်ရင်း –

“အေး … ငါ မင်းတို့ကို စောစောက ပြောခဲ့သလို အိပ်ရေးပျက် လူပန်းနဲ့ စိတ်မငြိမ် ဖြစ်နေတဲ့အခါ တောတောင်ထဲမှာ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်တာပဲ။ ဘဝသင်ခန်းစာတစ်ခုပေါ့။ မင်းတို့ အဝတ်တွေလျှော်၊ ရေချိုးကြအုံး။ ငါတို့မှာ အဝတ်ပိုတစ်စုံစီ ပါတယ်။ လဲကြ၊ ညအိပ်ပြီးမှ နားနားနေနေပြန်ကြပေါ့”

ထိုအခါ တောခေါင်းကိုဘိုဝင်း …

“ကျေးဇူးကြီးလှပါတယ်ခင်ဗျာ။ မအိပ်တော့ပါဘူး၊ အချိန်လည်း ရှိပါသေးတယ်။ ကျွန်တော်တို့ ပြန်ရောက်မလာလို့ တစ်ရွာလုံး စိတ်ပူနေကြမှာ။ ပြန်ရမယ့်လမ်းကိုသာ ပြစေချင်ပါတယ် ခင်ဗျ”

“ဒါဆိုလည်း မောင်တို့သဘောပါပဲ။ မောင်ရွှေမြ … ဟောဒါ ကျောက်အိုးချောင်းပဲ”

“ဗျာ … ကျောက်အိုးချောင်း ဟုတ်လား။ ဒါဆို ကျုပ်တို့ရွာ တက်တဲ့လမ်းဟာ ဒီချောင်းကို ဖြတ်ရမှာပေါ့”

“သိပ်သေချာတာပေါ့ဗျာ။ ဒီချောင်းကလေးအတိုင်း အောက်ကို တစ်မိုင်လောက်စုန်ရင် မင်းတို့ရွာတက်တဲ့ တောလမ်းကို တွေ့မှာပဲ”

“ဟာ … ဒါဆို ရပါပြီ။ ကျုပ် မျက်စိလည် ပြေသွားပါပြီ။ အချိန်ရှိတုန်း ပြန်လိုက်ပါအုံးမယ်”

နှစ်ယောက်သား တောစီးဖိနပ်များကိုချွတ်၍ ဘိုးလေးအား ထိုင်ကာ ကန်တော့ရင်း ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောကာ ကျွန်ုပ်အားလည်း ခွင့်လွှတ်ပါရန် တောင်းပန်နေကြသဖြင့် –

“ရပါတယ်ဗျာ၊ စိတ်ထဲမှာ မထားပါဘူး။ တမင်လုပ်တာမှ မဟုတ်ဘဲ။ စိတ်အေးအေးထားပြီး ပြန်ကြပါ”

ကျွန်ုပ်မှာ ပြောရင်း ကျပ်စင်ပေါ်ရှိ ချေ(ဂျီ)သား နှစ်တုံးအား လမ်းမှာစားရန် ထည့်ပေးလိုက်၏။

ကိုဘိုဝင်းတို့နှစ်ယောက် ပြန်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်နေကြပြီး သူတို့ပြောသော ဆင်များလိုက်သည်ကို သတိရသဖြင့် –

“ဘိုးလေး …ဒီလူနှစ်ယောက် လိုက်တာဟာ ကျွန်တော်တို့ အသံကြားတဲ့ ဆင်တွေ ဖြစ်နိုင်တယ်ဗျ။ ဒီလူတွေကို လိုက်ရင်း ဒီဘက်ကို ရောက်လာတာဖြစ်မယ်”

“အေး … ဖြစ်နိုင်တယ်။ ဒါနဲ့ ဆင်ဆိုမှ သတိရတယ်။ ငါတို့ရခဲ့တဲ့ ဆင်စွယ်မာန်ကျိုးလေးရော”

“ရှိပါတယ်ဗျာ၊ ကျွန်တော် လွယ်အိတ်ထဲ ထည့်ခဲ့တာ၊ တန်ဆောင်မုန်းသွေးနက်ဥတူးပြီး ထည့်မှ သတိရပြီး အင်္ကျီအိတ်ထောင်ထဲ ထည့်ထားတာ။ ဟောဒီမှာ …”

ကျွန်ုပ်မှာ ဆင်စွယ်ပဲ့ကလေးကို ထုတ်၍ ဘိုးလေးအား ပေးလိုက်စဉ် ဘိုးလေးမှာ ဖြောက်ခနဲ လက်ဖျောက်တီးလိုက်ပြီး –

“မင်းအသက်ကို ကယ်လိုက်တာဟာ ဟောဒီ မာန်ကျိုးလေးပဲ လက်သစ်”

“ဗျာ … ဒီမာန်ကျိုးလေးက ကျွန်တော့်အသက်ကို ကယ်တယ်၊ ဟုတ်လား ဘိုးလေး”

“သိပ်သေချာတာပေါ့ကွာ။ မင်း မယုံရင် ငါ လက်တွေ့ပြမယ်။ မင်း ကောက်ယူခဲ့တဲ့ ကျည်နှစ်တောင့် ငါ့ကိုပေးစမ်း”

ကျွန်ုပ်မှာ အမှတ်တရ ကောက်ယူခဲ့သော မစ်(စ်)ဖိုင်းယားဖြစ်ထား၍ အပ်ပေါက်ရာထင်နေသော ကျည်နှစ်တောင့်အား ဘိုးလေးကို ပေးလိုက်၏။ ဘိုးလေးလည်း သူ၏ ရိုင်ဖယ်သေနတ်ကို ယူပြီး မစ်(စ်)ဖိုင်းယား ဖြစ်ထားသော ကျည်တစ်တောင့်ထည့်၍ အနီးရှိ နှောပင်အား ချိန်၍ပစ်လိုက်ရာ –

“ဒိုင်း” ဟူသော ကော်ဒိုက်ယမ်းပေါက်ကွဲသံနှင့်အတူ နှောပင်မှ အပွေးများ ဖွားခနဲ လွင့်စဉ်၍ သွားလေ၏။

“ဘယ်လိုလဲ … ယုံပြီမဟုတ်လား”

“ဒီကျည်ဆန်ဟာ ကျွန်တော့် ပစ်တော့လမပေါက်ဘဲ အပင်ပစ်တော့ ပေါက်တာဟာ ဘယ်လိုဖြစ်ပါလိမ့်”

“မင်းသိချင်ရင် ရော့ … ဒီ ဆင်စွယ်မာန်ကျိုးလေးကို ပုဆိုးနဲ့ထုပ်ပြီး ဟိုဘက်သစ်ငုတ်ပေါ် တင်ချေ”

ကျွန်ုပ်လည်း ဘိုးလေးပြောသည့်အတိုင်း ပုဆိုးနှင့်ထုပ်၍ သစ်ငုတ်ပေါ်သို့ တင်ထားလိုက်၏။

ဘိုးလေးမှာ ကျန်သော ကျည်တစ်တောင့်အားထည့်၍ ပုဆိုးထုပ်အား ချိန်ပြီး ပစ်လိုက်၏။

“ချပ်”

သေနတ်သံကား ထွက်မလာ။ သေနတ်မောင်းကျသံသာ ထွက်ပေါ်လာ၏။ နောက်တစ်ဖန် ပြန်၍ မောင်းထိုးကာ ပစ်လိုက်ပြန်၏။

“ချပ်”

သေနတ်သံမှာ ထွက်မလာချေ။

မိုးပေါ်ထောင်၍ပစ်လိုက်သောအခါ …

“ဒိုင်း …”

“ဟာ … ဒီလိုတော့လည်း ပေါက်သားပဲဗျ” ဟု အံ့ဩတကြီး ပြောလိုက်ရာ –

“ဟဲ … ဟဲ၊ မင်းကို ငါ မပြောဘူးလား။ ဒါဟာ ထိုက်မှရတဲ့ ရတနာပါလို့။ အခုပဲ မင်းအသက်ကို ကယ်လိုက်တယ်ဆိုတာ ယုံပြီမို့လား”

ကျွန်ုပ်မှာ ပါးစပ်အဟောင်းသားဖြင့် မည်သို့မျှ မပြောနိုင်အောင် ဖြစ်လျက် ကျွန်ုပ် တန်ဆောင်မုန်း သွေးနက်ဥတူးနေစဉ် တောမှောက်၍ သေနတ်ဖြင့် အပစ်ခံရတုန်းက သေနတ်မီးမကူးသည်မှာ အလွန်ကံကြီး၍မဟုတ်ဘဲ ဆင်စွယ်မာန်ကျိုးကလေးအား ဆောင်ထားမိခြင်းကြောင့်ဖြစ်ကြောင်း ယုံမှားသံသယဖြစ်စရာအကြောင်း မရှိတော့ချေ။

အလွန်တိုးတက်လှသော သိပ္ပံခေတ်ကြီးသည် မည်မျှပင် သိပ္ပံပညာများ ထွန်းကားသည်ဆိုစေကာမူ မည်သို့မျှ စမ်းသပ်ခြင်းငှာ မစွမ်းနိုင်သော သဘာဝနိယာမများထဲမှ တစ်ခုအား ကိုယ်တွေ့ကြုံလျက် ခံစားရသော ကျွန်ုပ်အဖို့မူ ထူးဆန်းသောဖြစ်ရပ်တစ်ခုဟုသာ မှတ်ထင်မိပေတော့သည်။

ကျွန်ုပ် တွေ့ဖူး ကြုံဖူးခဲ့၏။ ကျွန်ုပ်တို့ရွာသို့ မြို့ကြီးပြကြီးမှ ရောင်စုံပွဲစားများသည် ချိုးအမတေ၊ ငုံးအမတေ၊ အမည်ပေါင်းစုံ အမတေများနှင့် မိုးကြိုးသွားများဝယ်ယူရန် လာရောက်စုံစမ်းမေးမြန်းကြ၏။

ယင်းပစ္စည်းအားလုံးတို့သည် သေနတ်ပြီး၊ တုတ်ပြီး၊ ဓားပြီး၊ ပီယပေါင်းစုံအစွမ်းထက်သည်ဟု ဆို၏။ ရှိလျှင် ဈေးကြီးကြီးပေး၍ ဝယ်မည်၊ မရှိလျှင် ရှာထားကြပါဟု ကျွန်ုပ်တို့ ရွာသားများအား မက်လုံးပေး၍ စည်းရုံးကြ၏။ ငွေကြေးဟုဆိုလျှင် လူ့သဘာဝအတိုင်း အရင်းစိုက်ရသည်ဖြစ်စေ၊ အရင်းမစိုက်ရသည်ဖြစ်စေ အမြတ်များများကျန်မည်ဆိုလျှင် လောဘတက်၍ ငွေနောက်လိုက်ကြ၏။

တောထဲတောင်ထဲ ငွေအရင်းမစိုက်ရဘဲ ရှာရမည်ဖြစ်သောကြောင့် လချီနှစ်ချီရှာကြရာ တချို့မှာ ရွာသို့ ပြန်မလာနိုင်ကြသဖြင့် ကျန်ရှိမိသားစုများ ဒုက္ခရောက်ကုန်ကြ၏။ ရှာတွေ့သည်ဟူသော ရွာသားတချို့၏ ပစ္စည်းမှာ လာဝယ်သူများ အမျိုးမျိုးစမ်း၍ မအောင်သဖြင့် ကြိုးစားရှာခဲ့သမျှ သဲထဲရေသွန် ဖြစ်ကြရလေသည်။

သို့ကြောင့် လောကဓာတ်သိပ္ပံပညာဖြင့် မဖန်တီးနိုင်သော သေနတ်ပြီး၊ ဓားပြီး၊ တုတ်ပြီး၊ ပီယပေါင်းစုံအစွမ်းထက်သည့် ယင်းသို့သော ပစ္စည်းများရှိနိုင်၏လော၊ မရှိနိုင်၏လောဟူ၍ ကျွန်ုပ်ဘဝ၌ မတွေ့ ကြုံခဲ့ရသော်လည်း ကျွန်ုပ်၏ ဆင်စွယ်မာန်ကျိုးလေးသည် ကျွန်ုပ်အသက်အား ကယ်နိုင်ခဲ့သည်ဟု ကျွန်ုပ်ကိုယ်တွေ့အဖြစ် ယုံကြည်ယူဆလျက် ရှိပါသတည်း။

(စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် ကဗြူရွာပေါင်ဝ အ.မ.က ကျောင်းအုပ်ကြီး ဦးဖိုးတင့်၏ တောတွင်းကိုယ်တွေ့ မှတ်တမ်းအား ခံစားရေးသားပါသည်။)

မြဝတီမဂ္ဂဇင်း
အတွဲ (၆၀) ၊ အမှတ် (၁၀)
ဩဂုတ်လ ၊ ၂၀၁၂

– ပြီး –

စာရေးသူ – မင်းဏီလူ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0

Leave a Reply

Your email address will not be published. Required fields are marked *