July 30, 2025
Uncategorized

ကျွန်းပတ် ငမိုးကြီး

ကျွန်းပတ် ငမိုးကြီး

ကျွန်ုပ်နှင့် မုဆိုးကြီး ဦးဖဝေး၊ တောင်ညိုသစ်တောကြိုးဝိုင်းလုပ်သားဌာန မုဆိုး စောဘဲလူးတို့သည် နံနက်ငါးနာရီတွင် ဆင်တောင်ကို တောင်ညိုရေဝေကြောမှ ဖြတ်ကျော်လာခဲ့လေပြီ။

ဆင်တောင်၊ ဆတ်ချိုတောင်ကြော တက်မိသည်နှင့် ဝံပုလွေငါးကောင်သည် ဆင်တောင်ချောင်းကို ရေသောက်ဆင်းနေသော ဒရယ်ပေါက်ကြီးတစ်ကောင်နှင့် ကိုယ်ဝန်နှင့် ဒရယ်မတစ်ကောင်ကို နှစ်ဖက်ညှပ်ကာ တရကြမ်းလိုက်လာသည်ကို တွေ့လိုက်ရ၏။

မြူနှင့် တောင်ခိုးများကြားမှ တောင်ကြောဝါးရုံများ၊ ချုံကြီးများကို ဖြတ်ကျော်ကာ ကျွန်ုပ်တို့ရောက်နေသော ဆတ်ချိုတောင်ကြောသို့ ဒရယ်အထီး အမ နှစ်ကောင်သည် အသက်လုကာ ပြေးလာကြ၏။

“ဝေါင်း … ဝေါင်း”

သနားစဖွယ်ဒရယ်မ၏ အော်သံကိုလည်း ကြားရ၏။ ကျွန်ုပ်တို့သည် အချင်းချင်းလက်ပြကာ ဆတ်ချိုကြော “ကော့ညွတ်” ပေါ်သို့ အလျင်အမြန် ပြေးတက်လိုက်ကြပြီး ဖက်ကြီးရွက်များ အကာအကွယ် ယူ၍ ထိုင်ချလိုက်ပါသည်။

“ကော့ညွတ်”ဆိုသည်မှာ တောင်ကြောအမြင့် တောင်ကမူတစ်ခု ဖြစ်သည်။ တောင်ကြောအောက်ခြေမှ မြင်ကွင်းကို ရှင်းလင်းစွာမြင်ရပြီး ကိုက်တစ်ရာနီးပါး မြင်ကွင်းအတွင်းသို့ ရောက်လာသော သားစားဝံပုလွေတစ်သိုက်နှင့် ဒရယ်ဖိုနှင့် ဒရယ်မကို တွေ့နေကြရ၏။

တိရစ္ဆာန်ပင်ဖြစ်ငြားလည်း ရန်သူနှင့်တွေ့ပါကအကာအကွယ်ပြုပေးခြင်း၊ အစာရှာကျွေးတတ်ခြင်းသည် သဘာဝကပေးသော အသိတရားဖြစ်ပါ၏။

ယခုအချိန်၌ အသက်လုကာ ပြေးနေရသော ဒရယ်ဖိုကြီးသည် လွတ်လပ်စွာ ထွက်ပြေးနိုင်သော်လည်း ကိုယ်ဝန်နှင့် ဒရယ်မကို ရှေ့မှတင်ကာ နောက်မှပြေးလိုက်နေ၏။

ဝံပုလွေများသည် တောခွေး အိမ်ခွေးမျိုးထက် ထွားကျိုင်းကာ ဘေးနှစ်ဖက်ခွဲ၍ တစ်ဖက်လျှိုထဲသို့ မောင်းချနိုင်ရန် တဝုတ်ဝုတ် အသံပေး၍ လိုက်နေ၏။

ရုတ်တရက် ခုန်လွှား၍ မအုပ်ကြသေးဘဲ ဒရယ်ဖိုနှင့် ဒရယ်မ မော၍ ပြေးပေါက်မရှိသောအခါမှ ကောင်းကောင်းကြီး ဆွဲကိုက်စားကာ ပျော်ပွဲကြီး ဆင်နွှဲကြပေမည်။

သို့တစေ ကျွန်ုပ်တို့နှင့်တွေ့သည်မှာ ဝံပုလွေများအဖို့ ကံဆိုးသွားရှာပါသည်။

ကျွန်ုပ်သည် ဝံပုလွေငါးကောင်ထဲမှ လည်ဆံမွေးများထောင်၍ အညိုရောင်တွင် အဖြူရောင်အမွေးများရောနေသည့် ရင်အုပ်ကျယ် ဧရာမဝံပုလွေကြီးထံသို့စပရင်းဖီး(လ်) (၃၀.၀၆)ရိုင်ဖယ်ပြောင်းဝညွှန်ကာကျည်မောင်းကို ဆွဲချလိုက်ရပါ၏။

“ဒိုင်း …”

ဂရိန်ယမ်းအား (၂ဝဝ)နီးပါးရှိ ကျည်ဆန်၏ ပေါက်ကွဲသံနှင့်အတူ ယမ်းငွေ့များ ထောင်းခနဲ လွင့်ပျံသွားပါ၏။

ကျွန်ုပ်ပစ်လိုက်သော “ပစ်မှတ်” ခေါင်းဆောင် ဝံပုလွေထီးကြီးသည် ဝုန်းခနဲ မြောက်ကာ အင်ပင်ပေါက်များပေါ်သို့ ပစ်ကျသွားပါလေသည်။ နောက်ထပ်ပစ်စရာ မလိုတော့။

ကျွန်ုပ်တို့သုံးယောက် တစ်ပြိုင်တည်း ထလိုက်ချိန်မှာပင် ကျန်သော ဝံပုလွေလေးကောင်သည် ဆူညံစွာအော်ဟစ်ကာ တရုန်းရုန်းနှင့် လျှိုထဲ ခုန်ဆင်းကာ ထွက်ပြေးကြတော့သည်။

ဒရယ်ဖိုကြီးနှင့် ကိုယ်ဝန်နှင့်ဒရယ်မသည် တောင်ကြောပေါ်ပြေးတက်ကာ ချုံကြီးများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားပါလေတော့သည်။

“ဟား-ဟား- ဟား – ဟား”

ဦးဖဝေးက ဘာသဘောကျသည် မသိ။ တဟားဟားရယ်လိုက်ပါသည်။ ဤတွင် စောဘဲလူးကလည်း ရယ်မောလိုက်သည်။

“ဘာရယ်တာလဲ ဖထီး”

“ဒါပေါ့ကွ … မုဆိုးစည်းကမ်းပျက်တယ်ဆိုတာ”

“ဘယ်လိုစည်းကမ်းပျက်တာလဲ”

“သားကောင်ကိုစားဖို့ လိုက်နေတဲ့ ဝံပုလွေမုဆိုးကို ငါတို့က ဝင်ရောက်တိုက်ခိုက်လိုက်တာဟာ တောမုဆိုးချင်း စည်းကမ်းပျက်တယ်လို့ခေါ်တယ် ကောင်ရ။ သားကောင်ကယ်ချင်ရင် ဝံပုလွေမုဆိုးကို လှန့်ရုံလောက်ပဲ လုပ်ပစ်ရမယ်။ ဒါဟာ မုဆိုးတို့ထားရမယ့် စည်းကမ်းပဲ”

ကျွန်ုပ်က ခေါင်းညိတ်လိုက်ကာ-

ဒရယ်မကြီးက “ဇီး” ကြီးနဲ့ဆိုတော့ ကျွန်တော်လည်း သနားပြီး ဝံပုလွေအုပ်ကြီးကို ပစ်ထည့်လိုက်ရတာပါ။ တကယ်တော့ မပစ်ချင်ပါဘူး”

မှန်သည်။ ဝံပုလွေဆိုသောတောကောင်မှာ သားစားသတ္တဝါမျိုးဖြစ်ငြားလည်း လူကိုမူ လုံးဝအန္တရာယ်မပေးလှပါ။ လူရိပ်မြင်သည်နှင့် လူနှင့်လွတ်အောင် ရှောင်ပြေးသော သားစားသတ္တဝါ ဖြစ်ပါ၏။ အထူးသဖြင့် တောခွေးများသာ အများဆုံး လူကို အန္တရာယ်ပြုတတ်ကြသည်သာ ဖြစ်ပါသည်။

မုဆိုး စောဘဲလူးက-

“ဖထီးရေ ဒီနေ့တော့ တောကျိုးပြီး နောက်ထပ်သားကောင်ရဖို့ မလွယ်တော့ဘူး။ ဟိုဝံပုလွေကို ထမ်းပြီး မဲပု ယူသွားမှပဲ”

ယင်းသို့ပြောရင်းက စောဘဲလူးသည် လျှိုထဲသို့ဆက်ရန် ကော့ညွတ်မှနေ၍ ဖက်ကြီးပင်များတိုးကာ တောင်ကြောအောက်သို့ ခပ်သွက်သွက်ဆင်းသွားပါသည်။

ကျွန်ုပ်တို့က ကော့ညွတ်မှနေ၍ မတ်တတ်ရပ်ကာ ကြည့်နေမိသည်။

စောဘဲလူးတစ်ယောက် လျှိုစောင်းမှ ဟိုဟိုဒီဒီကြည့်ရင်း “ဟေး” ခနဲ အော်လိုက်သည်။

“ဘာဖြစ်တာလဲ ဘဲလူးရေ့”

ဦးဖဝေးက မေးလိုက်သဖြင့် –

“ဖထီးရေ မုဆိုးသီတံကြီး ဆွဲသွားပြီဗျ။ ဒါကြောင့် တောကျိုးပြီလို့ ကျုပ်ပြောတာ”

ဤတွင် ဦးဖဝေးရော ကျွန်ုပ်ပါ တအံ့တဩဖြင့် ကော့ညွတ်ပေါ်မှ အောက်သို့ ခုန်ဆင်းကာ လျှိုထိပ်သို့ ပြေးသွားခဲ့ပါသည်။

“ဟိုမှာ … ဟိုမှာ”

ကျွန်ုပ်တို့က စောဘဲလူး လက်ညှိုးညွှန်ပြရာသို့ ကြည့်လိုက်ရာ မုဆိုးသီတံကြီးဟု မုဆိုးများအခေါ် မြွေကြီးတစ်ကောင်က ဝံပုလွေအသေအကောင်ကို ကြွက်နဖားချုံကြီးအတွင်းရှိ တောင်ပို့ကျင်းထဲသို့ သူ၏အမြီးဖြင့် ရစ်ပတ်ဆွဲယူသွားသည်ကို တွေ့လိုက်ရခြင်း ဖြစ်ပါသည်။

ယင်းမြွေကြီးမှာ စပါးကြီးမြွေတစ်ကောင်ဖြစ်ပြီး သူ၏ ပြည့်ဖောင်းသောကိုယ်သည် တစ်ပေခန့် ရှိပေလိမ့်မည်။

ဦးဖဝေးက သူ၏ဦးခေါင်းကို ယမ်းခါရင်း –

“တို့ အဝါးတို့ရွာ သွားကြစို့။ သူတို့ဆင်မကြီး “အဝါးလိုင်”ကို တောကောင်အုပ်နဲ့တွေ့လို့ အကြီးအကျယ် ဒဏ်ရာရတာမေးရင်း အဲဒီမှာ တစ်ညနားတာပေါ့”

အဝါးတို့ရွာဆိုသည် ဆင်တောင်ခြေရှိ ကရင်နှင့် မြန်မာ နေသော “မဲပု”ရွာ ဖြစ်သည်။

အချိန်မှာ နံနက်(၆)နာရီ ရှိလေပြီ။

လေသည် ညင်သာစွာ ဝေ့ယမ်းနေကာ သစ်ပင်ကြီးငယ်များ၏ ရွက်ဖျားများ ဖလပ်ဖလပ်နှင့် လှုပ်ခါနေကြ၏။ မြူနှင့်တောင်ခိုးများကြားမှ လင်းခြည်များ တိုးဝင်လာကာ ညို့မှိုင်းသောတောင်တန်းသည် တရိပ်ရိပ် ပီပြင်စွာ ပေါ် လာသည်။

ကျွန်ုပ်တို့သည် ဆင်တောင်ခြေရှိ “မဲပု”ရွာသို့ အသော့ခရီး နှင်ခဲ့ကြသည်။

xxx xxx xxx

ကျွန်ုပ်တို့ တောင်ပေါ် ကင်းလှည့်တပ်စုကလေးသည် အင်္ဂပူမြို့နယ် ထူးကြီးတောင်ခြေတွင်ရှိသော “စီကွိုင်” တပ်ခွဲ(၃)စခန်းသို့ ပြန်ရောက်သည်မှာ သုံးရက်ရှိပါသေးသည်။

ရုတ်တရက် မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းမှ ကျွဲခေါင်းကြီးဦးဖောင်နှင့် ဆင်ဦးစီး အဝါးတို့ ရောက်လာကြပါသည်။

“ဗိုလ်ကြီးတို့ရေ ကူညီပါဦး။ အခု တောကောင်အုပ်ဝင်မွှေလို့ အဝါးရဲ့ ဆင်မကြီး “အဝါးလိုင်” အထိနာသွားတယ်။ ပြီးတော့ ဆင်ရိုင်းအုပ်လည်း ကျောက်တစ်လုံးနဲ့ ထော်မဲ့ရွာတွေက တောင်ယာခင်းတွေ ဝင်ဖျက်တာ အတော်ဒုက္ခရောက်နေကြပြီ”

ကျွဲခေါင်းကြီးဦးဖောင်က ကျွန်ုပ်အား အကူအညီတောင်းလိုက်ပါသည်။ ကျွန်ုပ်က သူတို့အား တပ်စုရုံးတွင် နေရာထိုင်ခင်းပေးလျက် –

“ဆင်ရိုင်းအုပ်က ဘယ်နှကောင် ရှိသလဲဗျ”

“ဟာ အကောင်သုံးဆယ်ရှိတယ် ဗိုလ်ကြီး”

“အဝါးကရော ခင်ဗျားဆင်မကြီးကို စားကျက်လွှတ်ထားလို့လား”

ကျွန်ုပ်က အဝါးခေါ် တောင်ပေါ်ကရင်ဆင်ဦးစီးလည်းဖြစ် သစ်တောဌာနမှ သူ၏ဆင်မကြီးအား ငှားရမ်းလုပ်နေသည်ကို သိသောကြောင့် မေးလိုက်ပါသည်။

“ဟုတ်တယ် ဗိုလ်ကြီး။ ကျုပ် စားကွင်းလွှတ်ခဲ့တာ သူ့ကို ခဏ အနားယူခိုင်းတာပါ။ ပြီးတော့ သူနေမကောင်းလို့ ဆင်တောင်ခေါ်သွားတုန်း ဖြစ်တာပါ။ ပြီးတော့ သွားကျော့တော့ ကျားမိသားစုအုပ်ကြောင့် ဒဏ်ရာအကြီး ရသွားလို့ ဆေးကုနေရတာ ဗိုလ်ကြီး”

“တောကောင်က ဘယ်နှစ်ကောင်လဲ”

“အားလုံးလေးကောင်၊ စိန်တောင်ဘက်ကနေ မိုးကြီးတော့ တောပြောင်းလာတာကွာ”

“ဒါထက် နေပါဦး။ ခင်ဗျားတို့ဆင်အုပ်ကြီး ဦးထွေးသမီး ဖြူတုတ်ကို ခိုးပြေးသွားတဲ့ ဆင်ဦးစီး မောင်ကြေးတို့ကိစ္စရော”

“သူတို့ အင်ပင်ကြိုးဝိုင်းဘက်ကို ပြေးကြတယ်လို့ပြောတယ်။ ဦးထွေး ထူးကြီးက သစ်ကန်ထရိုက် အံ့မောင်နဲ့ သဘောတူပြီးထားတာ။ အခုတော့ ဒေါပွပြီး လိုက်ရှာနေကြတယ်။ အံ့မောင်ကလည်း သူ့တပည့်တွေနဲ့ လိုက်နေတယ်။ မောင်ကြေးနဲ့ ဖြူတုတ်က ငယ်ငယ်ကတည်းက ချစ်သူတွေလေ”

“လိုက်ရှာတော့ရော ဘာအကျိုးထူးမှာလဲဗျာ။ ကျုပ် မောင်ကြေးကို တွေ့ ဖူးပါတယ်။ ကောင်လေးက မျှင်ဝါးတောင်ကြိုးဝိုင်းမှာ အင်မတန် အလုပ်ကြိုးစားတယ်။ သူဦးစီးရတဲ့ ဆင်ကြီး ဖိုးသာဝဟာ ဦးထွေးထက် မောင်ကြေးစကားကို နားထောင်တာဗျ။ မဟုတ်လား”

ကျွန်ုပ်ပြောလိုက်သဖြင့် ဦးဖောင်က ခေါင်းညိတ်ရင်း

“သိပ်ဟုတ်တာပေါ့ ဗိုလ်ကြီး။ ဦးထွေးက ဆင်အုပ်ကြီးသာဆိုပေမယ့် ဖိုးသာဝကို ကိုင်ခဲ့တာက မောင်ကြေးဗျ။ ပြီးတော့ သူက ဖြူတုတ်ကိုလည်း သိပ်ချစ်တယ်။ အခု ခိုးပြေးတော့လည်း ဖိုးသာဝနဲ့ပဲ။ ဒါကို အကွက်ချောင်းနေတဲ့ ဆင်အုပ်ကြီးက မောင်ကြေးကို သမီးခိုးပြေးတာထက် ဆင်ကြီးဖိုးသာဝကို ခိုးပြေးမှု၊ အလုပ်မရိုသေမှု၊ ပျက်ကွက်မှုတွေနဲ့ ထုတ်ပစ်ဖို့ တောခေါင်းကြီးဦးကျော်နဲ့ တိုင်ပင်ပြီး သစ်တောအုပ်ကြီးဆီကို အလုပ်က ထုတ်ပစ်ဖို့ တိုင်ထားတယ်”

“ဦးကျော်ကရော လက်ခံသလား”

“ဦးကျော်က မောင်ကြေးအဖေ ကျွဲခေါင်း ဦးသူတော်နဲ့ အတော်ခင်တော့ ဒီကိစ္စကို ဖေးဖေးမမ လုပ်နေတယ်လို့ သိရတယ် ဗိုလ်ကြီး”

“အေးဗျာ … လူငယ်တွေရဲ့ ချစ်ရေးကို အလုပ်က ထွက်ရတဲ့အထိတော့ ဒုက္ခမပေးသင့်ပါဘူး။ အင်းလေ … အတတ်နိုင်ဆုံးတော့ ကူညီရမှာပဲ”

ကျွန်ုပ်သည် တပ်ခွဲရုံးသို့ ကျွဲခေါင်းကြီးနှင့် ဆင်ဦးစီးအဝါးတို့အား ခေါ် သွားခဲ့သည်။ သူတို့၏အဖြစ်ကို တင်ပြလိုက်သည်။ တပ်ခွဲမှူးကလည်း ကျွန်ုပ်ကိုပင် တာဝန်ပေးလိုက်သည်။

“ကဲ ဗိုလ်စိန်တင် … ခင်ဗျားပဲ လိုက်သွားပေတော့။ ခင်ဗျားတပ်စုက တပ်စိတ်နှစ်စိတ်ကို မျှင်ဝါးတောင်မှာ တာဝန်ချထားဗျာ။ ပြီးတော့ အင်ပင်ကြိုးဝိုင်းက အေကွိုင်တပ်စု ဗိုလ်ကြည်ကို တောင်ညိုက တပ်စိတ်ကိုရုတ်ပြီး ခင်ဗျားတပ်စိတ်နဲ့ တာဝန်ချင်း လဲလိုက်ပါ”

ကျွန်ုပ်လည်း တပ်ခွဲမှူးအား အလေးပြုကာ ချက်ချင်းတပ်ခွဲရုံးမှ ထွက်လာခဲ့ပါသည်။ တပ်စုတပ်ကြပ်ကြီး မင်းမောင်ကို တပ်စုရွှေ့ပြောင်းရန် ပြောလိုက်ပါသည်။

xxx xxx xxx

မျှင်ဝါးတောင်သို့ ရောက်သောအခါတွင် တာဝန်အသီးသီး ချထားလိုက်ပါသည်။ ကျွန်ုပ်မှာ မုဆိုးကြီးဦးဖဝေး တည်းခိုနေသော တောင်ညိုသို့ တပ်စိတ်တစ်စိတ်ခေါ်ကာ လာခဲ့ပါသည်။

မုဆိုးကြီး ဦးဖဝေးမှာ ဌာနေမုဆိုးလည်းဖြစ်၊ သစ်တောလုပ်သားဖြစ်သော စောဘဲလူးအိမ်တွင် တည်းခိုနေခြင်း ဖြစ်၏။ ကျွန်ုပ်အား မုဆိုးပညာ သင်ပေးသော ဆရာကြီးလည်း ဖြစ်ပါသည်။

ဆင်ခေါင်းကြီး အဝါးလည်း လိုက်လာပြီးနောက် သူ့အား ရွာသို့ အမြန်ပြန်နှင့်ရန် ပြောလိုက်ပါသည်။

ထိုနေ့တွင် တောင်ညိုရှိ တာဝန်ယူစောင့်ကြပ်နေသော အင်ပင်တပ်စု (၁) မှ ဗိုလ်ကြည်၏ တပ်စိတ်နေရာတွင် ကျွန်ုပ်၏ တပ်စိတ်ကို တပ်စိတ်ချင်း လဲကာ နေရာချထားပေးလိုက်ပြီး ဖြစ်၏။

နောက်တစ်နေ့နံနက် လေးနာရီတွင်မူ ကျွန်ုပ်သည် မုဆိုးကြီး ဦးဖဝေး၊ မုဆိုးစောဘဲလူးတို့အားခေါ်ကာ ဆင်တောင်ခြေရှိအဝါးတို့ရွာ မဲပုသို့ ခရီးနှင်လာခဲ့ကြပါသည်။

ဆင်တောင်ရောက်လျှင် ဆတ်ချိုတောင်ကြော ဇင်ပြွန်းတောမှ သားကောင်တစ်ကောင်ကို ဟင်းစားအဖြစ် ပစ်ယူသွားရန် စီစဉ်ထားခဲ့ပါသည်။

သို့သော် မမျှော်လင့်ဘဲ ဆတ်ချိုတောင်ကြောအရောက် ဝံပုလွေများလိုက်နေသော ဒရယ်ဖို မကို တွေ့ရခြင်းပင်တည်း။

ကျွန်ုပ်တို့လည်း ဆင်တောင်၏ ဆတ်ချိုတောင်ကြောမှ ထွက်လာပြီးနောက် လမ်းတွင် လူတစ်စုကို ရင်ဆိုင်တိုးကြပါသည်။

“ဒါ ကျောက်တစ်လုံးရွာက ဦးပိုင်တို့ဗျ။ ဟော … လူတစ်ယောက်လည်း ထမ်းလာပါလား”

မှန်သည်။ ထိုလူစုမှာ လူပေါင်းခြောက်ယောက်ဖြစ်ကာ စောင်ပုခက်လုပ်ကာ လူတစ်ယောက်အား ဝါးနက်ထမ်းပိုးဖြင့် ထမ်းလာကြ၏။ ရှေ့ဆုံးမှ အသက်ငါးဆယ်ခန့် အသားညိုညို အရပ်မြင့်မြင့် လူကြီးကို စောဘဲလူးက အော်၍မေးလိုက်သည်။

“ဝေး ဦးပိုင် … ဘာဖြစ်တာလဲဝေး”

“ဟေး စောဘဲလူးတို့ပါလား။ ဆရာကြီးတို့လည်း ပါသကိုး။ ဖိုးအောင်ကို တောကောင်ကြီး ပုတ်သွားလို့ဟေ့။ အဲဒီအကောင်ကြီးကို ဗိုလ်ကြီးတို့ တစ်ခါကပစ်ခဲ့လို့ မသေဘဲ တောပုန်းနေတာကွ။ အခု ယာထဲက ဖိုးအောင်တဲကို အလစ်ဝင်တာ။ ဖိုးအောင်က လှံနဲ့ထိုးတာကို လက်နဲ့ပုတ်ပြီး ခုန်ထွက်ပြေးသွားတယ်ကွယ့်။ ဒီကောင်ကြီး နာနေပြီ။ ဗိုလ်ကြီးတို့ အသေပစ်သတ်ပေးပါ”

ကျွန်ုပ်က-

“ခင်ဗျားတို့ တောင်ညိုဆေးခန်းသွားရင် ကျုပ်တပ်စိတ်မှာလည်း ဆေးတွေပါလာပါတယ်။ ပြောပြရင် ဆေးမှူးကလည်း ကူညီပါလိမ့်မယ်”

မောင်အောင်၏ဒဏ်ရာမှာ ညာလက်မောင်းနှင့် ပေါင်တွင် ထိထားကာ ပုဆိုးကိုဖြဲ၍ ပတ်တီးစည်းထားပါသည်။

“အတော်များသလား။ ဘာဆေးထည့်ထားသလဲ”

“အခုနေတော့ အဆိပ်နိုင်တဲ့ နဂါးသေမြစ်နဲ့ ဒန်းကြီးရွက်တွေ ထုထောင်းပြီး စည်းထားပါတယ် ဗိုလ်ကြီး”

“အင်း မဆိုးပါဘူး။ ဒါပေမဲ့ စိတ်ချရတာ မဟုတ်သေးဘူး။ ဟိုရောက်ရင် ဆေးထိုးပြီး ဆေးထည့်ပေးပါလိမ့်မယ်။ သုံးရက်လောက်ဆိုရင် သက် သာပါလိမ့်မယ်”

ကျွန်ုပ်က အားပေးစကားပြောရင်းကပင် လွန်ခဲ့သောတစ်လက သောင်းကျန်းနေသော တောကောင်ကြီးသုံးကောင်အနက် နှစ်ကောင်သာ အသေရလိုက်ပြီး “ငမိုးကြီး” ဟု တင်စားခေါ်သော တောကောင် ကျွန်းပတ်ကျားကြီး အသေမမိလိုက်ပါ။ သို့သော် သူ၏ ခြေထောက်တစ်ဖက်ကိုမူ အထိနာစွာ ပစ်ခတ်နိုင်ခဲ့သဖြင့် ကျားနာ ဖြစ်သွားရပါလေသည်။

သားစားကျားနာဖြစ်သွားလျှင် လူများကိုရော၊ တိရစ္ဆာန်များကိုပါ ပို၍ အန္တရာယ်ပေးလာမည်မှာ သေချာလှပါ၏။ ကျွန်ုပ်တို့မှာ ရက်ကြာကြာမနေ နိုင်၍ ပြန်ခဲ့ရသဖြင့် ကျွန်းပတ်ကြီးငမိုးခေါ် ကျားနာကြီးက ယခုကဲ့သို့ တစ်စခန်းထလာပြန်ခြင်းတည်း။

ဤသို့ဆိုလျှင် ငမိုးကြီးကို အမိအရလိုက်ရန်အတွက် ကျွန်ုပ်တို့တစ်တွေ ဆုံးဖြတ်ချက် ချလိုက်ရပါသည်။

ဦးပိုင်တို့လူစုလည်း ဒဏ်ရာရသူကိုထမ်းကာ အမြန်ဆုံး ထွက်ခွာသွားသလို ကျွန်ုပ်တို့လည်း အဝါးတို့ရွာသို့ အမြန်ဆုံး လာခဲ့ကြပါသည်။

xxx xxx xxx

ယခုလို မိုးဦးကျရာသီများတွင် လူတစ်ရပ်စာမျှစ် ပေါက်နေသလိုတော စားပင်များလည်း ပေါလှသဖြင့် တောဆင်ရိုင်းများနှင့် တောကောင်ကျားကြီးများလည်း တစ်ကောင်မှသည် အုပ်စုလိုက်ဆင်းကာ အန္တရာယ်ပေးတော့သည်။

မဲပုမရောက်မီ ကောင်းကင်ပြင်တွင် မိုးသားတွေ တရိပ်ရိပ်တက်လာပါသည်။ ကညင်ချောင်းကိုဖြတ်ကျော်ပြီးလျှင် “မဲပု”ခေါ် ဆင်တောင် တောင်ကြောရှိ တောင်ခြေရွာကလေးသို့ ရောက်လာပါလေသည်။

တော်ပါသေး၏။ အဝါးတို့၏အိမ်ပေါ်သို့ ရောက်ချိန်မှာပင် မိုးက သဲသဲမဲမဲ ရွာချပါတော့သည်။

အဝါးအိမ်သို့ ရောက်သောအခါတွင် နံနက်(၁၂)နာရီခွဲပေပြီ။ အဝါးက ကျွန်ုပ်တို့အား တောင်ရိုးထုံးစံအတိုင်း တောအရက်နှင့် ကြက်သားပြုတ်သုပ်၊ တောဝက်ဟင်းနှင့် ထမင်းများ ဧည့်ခံကျွေးမွေးပါသည်။

ဒဏ်ရာရနေသော ဆင်မကြီး အဝါးလိုင်အား ဝါးရုံကြီး နှစ်ပင်ကြားတွင် ထူးကြိုးချည်ထားသည်ကို တွေ့ရပါ၏။

စားသောက်ပြီးချိန်ကလေးမှာပင် လူသုံးယောက် ရွာထဲဝင်လာကာ ရွာခေါင်းကြီးစောထီ၏ အိမ်သို့ ဝင်ရောက်သွားသည်ကို တွေ့ရပါလေသည်။

ဤတွင် အဝါးက –

“ဗိုလ်ကြီးရေ အဲဒီလူတွေဟာ အံ့မောင်ရဲ့လူတွေဗျ။ ဘာကိစ္စနဲ့ ဒီကို ရောက်လာသလဲ မသိဘူး”

“ဟို သစ်ကန်ထရိုက် အံ့မောင် မဟုတ်လား”

“ဟုတ်တယ်။ ကျုပ် သွားစုံစမ်းလိုက်ဦးမယ်”

အဝါးကပြောရင်း အိမ်ပေါ်မှ ဆင်းသွားပါလေသည်။

တစ်ခဏအကြာတွင် ရွာခေါင်းကြီးနှင့်တကွ အံ့မောင်၏လူသုံးယောက်ပါ ရောက်ရှိလာလေသည်။

ကျွန်ုပ်က မမေးရသေးမီ ရွာခေါင်းကြီးက အိမ်ပေါ်ရောက်ရောက်ချင်း-

“ဗိုလ်ကြီးရေ အံ့မောင်တစ်ယောက် ကျောက်တစ်လုံးနားမှာ ဖိုးသာဝကလိုက်လို့ ထွက်အပြေး တောကောင်ကြီးက ခုန်အုပ်ပြီး ဆွဲသွားသတဲ့ဗျ”

“ဖိုးသာဝဆိုတာ ဆင်ဦးစီး မောင်ကြေးရဲ့ဆင်ကြီး မဟုတ်လား”

“ဟုတ်ပါတယ်။ အံ့မောင်က မောင်ကြေးတို့ရဲ့နောက်ကို အလိုက်မှာ စားကျက်လွှတ်ထားတဲ့ ဖိုးသာဝနဲ့တိုးပြီး ဖိုးသာဝက နင်းအလိုက် သူက သေနတ်နဲ့ပစ်လို့ ဖိုးသာဝ နာသွားပြီး အတင်းဖိလိုက်တော့ အံ့မောင်ရဲ့ သေနတ်က ကျည်မထွက်ဘဲ ထွက်ပြေးတာမှာ လူအုပ်ကွဲသွားတယ်။ အဲဒီမှာ အံ့မောင်ကို ချုံထဲက ချောင်းနေတဲ့ တောကောင်ကြီးက လက်နဲ့ပုတ်ပြီး ဆွဲသွားသတဲ့။ ဟောဒီလူတွေက သူ့တပည့်တွေလေ”

ကျွန်ုပ်မှာ ရွာခေါင်းကြီးပြောသည်ကို မအံ့ဩတော့ပါ။လူတစ်ယောက်၏ လောဘ၊ ဒေါသသည် ထိုလူကိုပင် ပြန်၍ အကျိုးပေးသွားခဲ့သည်မဟုတ်ပါလား။

“ရွာခေါင်းကြီးရေ ဖိုးသာဝကို အံ့မောင်က ဘာသေနတ်နဲ့ ပစ်တာလဲဗျ”

“နှစ်လုံးပြူး ကိုးလုံးကျည်နဲ့တဲ့”

“သေနတ်နဲ့ပစ်တာတော့ လွန်တာပေါ့ဗျာ။ ဒီ ဖိုးသာဝက သစ်တောဌာနက ငှားထားတဲ့ဆင်ဗျ။ အံ့မောင်က သူပိုးနေတဲ့ကောင်မလေးကို မောင်ကြေးက ဆင်နဲ့ ခိုးပြေးတာ မကျေပွဲ လိုက်ပြီးတော့ရန်လုပ်မှာနဲ့ တူတယ်။ အခုတော့ မောင်ကြေးနဲ့ မတွေ့ဘဲ ဖိုးသာဝနဲ့တွေ့ပြီး ဒုက္ခများသွားရတာပေါ့။ အေးလေ လူသားတစ်ယောက် တောကောင်ဆွဲသွားတာကိုတော့ ကျုပ်တို့မှာ တာဝန်သိသိနဲ့ လိုက်ရမှာပေါ့”

သို့နှင့် ကျွန်ုပ်တို့သည် ကျောက်တစ်လုံးရွာဘက်သွားရန် ချက်ချင်းပင် ပြင်ဆင်လိုက်ရပါတော့သည်။

xxx xxx xxx

“ဗိုလ်ကြီးခင်ဗျာ ဟောဟို “ဗွေ”ကြောကလေးနားမှာ ခင်ဗျ”

“ဗွေ”ဆိုသည် တောင်ရိုးအလယ်ကုန်းကြောနေရာ ဖြစ်ပါသည်။ ထိုနေရာတွင် ညာဘက်ခြမ်းက ချောက်ဝှမ်းဖြစ်လျက် ချောက်ဝှမ်းတစ်ဖက်တွင် တောင်နှာမောင်းကြီးက ထိုးထွက်ကာ ဆီးလျက် ရှိပါသည်။

ကျောက်တစ်လုံးရွာနှင့် သိပ်မဝေးပါ။ ဝဲဘက်တွင် လူနှစ်ရပ်ခန့် လျှိုမြောင်ကြီးရှိနေ၏။“ဗွေ”တွင် လူးအိုင်ကလေးတစ်အိုင် ရှိပါသည်။ အံ့မောင်လူသုံးယောက် ပြသောနေရာတွင် ဖျံမနိုင်နွယ်နှင့် ကျားမနိုင်နွယ်များ ရှိနေသော ဒီးဒူးနှင့် မျောက်ချောပင်၊ သပြေပင်၊ ဆီးဖြူပင်အချို့၊ ကြသောင်းဝါးရုံများနှင့် အင်ပင်ပေါက်များ၊ ဖက်ကြီးချုံများ ရှိသည်။

အံ့မောင်ကို တောကောင်ကြီး ဆွဲသွားသော ဖက်ကြီးချိုအနီးတွင် သွေးကွက်နှင့် လူခြေရာ၊ တောကောင်ကြီးခြေရာများကို တွေ့ရ၏။ လူဆွဲသွားရာတွင် စွတ်ကြောင်းကြီးဖြစ်နေသဖြင့် တောကောင်ကြီးသည် လူကိုပင် မနည်း ဆွဲသွားရကြောင်း တွေ့ရ၏။

အံ့မောင်၏ နှစ်လုံးပြူးသေနတ်နှင့် ကိုးလုံးကျည်များကို ဖက်ကြီးချုံဘေး လျှိုထဲမှ ပြန်လည်ရရှိကာ မောင်းချိုးကြည့်ရာ ကျည်နှစ်တောင့် မပစ်ရသေးဘဲ ရှိနေသည်ကို တွေ့ရ၏။

ကျည်မထွက်ဘဲ ဘာကြောင့် ရှိနေသည်ကို အပြစ်ရှာကြည့်ရာ ဘယ်ပြောင်းရိုက်တံ“မောင်း”ပဲ့နေသည်ကိုအံ့ဩစွာ တွေ့ရပါ၏။ ဘာကြောင့် ပဲ့နေသည်ကိုမူ အထူးစဉ်းစားမနေတော့ပါ။ ဆင်တစ်ကောင်ကို ကိုးလုံးကျည်ဖြင့် အဘယ်မှာ ပစ်ရပါမည်နည်း။

အံ့မောင်မှာ သူ့အလုပ်က သူ့ကို စီရင်သွားခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့ သွေးစက်ကျရာအတိုင်း ခြေရာခံလိုက်ကြသည်။

မုဆိုးကြီး ဦးဖဝေးက ဒသမ(၄ဝ၅) ဂျာမန်မော်ဇာ အမဲကြီးပစ်ရိုင်ဖယ်ကို အသင့်ကိုင်လာသည်။ မုဆိုးစောဘဲလူးက သျှားသား ဒူးလေးကြီး အသင့်ပြင်ထား၏။

သွေးစက်စွတ်ကြောင်းနှင့် တောကောင်ကြီးခြေရာမှာ လျှိုမြောင်ထဲ ဆင်းသွား၏။ ကျွန်ုပ်တို့လည်း သတိရှိရှိနှင့် လိုက်ခဲ့ရာ အံ့မောင်၏ စုတ်ပြတ်ကျန်ခဲ့သော ဘောင်းဘီစတစ်စ ဆူးချုံနှင့်ငြိကာ ကျန်ခဲ့သည်ကို တွေ့ရ၏။

ပြီးတော့ ဖိနပ်တစ်ဖက်။ ဖိနပ်မှာ တောစီး ကင်းပတ်(စ်)ဖိနပ် ဖြစ်သည်။

ဦးဖဝေးက အထူးသတိထားရန် လက်ပြရင်း လမ်းပြသူ သုံးဦးအား ခြေသံလုံလုံနင်း၍ သစ်ပင်တစ်ပင်ထက် တက်ကာနေစေသည်။ ထို့နောက် လျှိုထဲမှ ကျောက်ဆောင်ကြီးတစ်ဆောင်ပေါ်သို့ အလျင်အမြန် တက်လိုက်ကြသည်။

မှန်သည်။ ဝါးတစ်ရိုက်ခန့်အကွာမှ ဝုန်းခနဲ ထပျံသွားသော ယင်မမဲရိုင်းများကို တွေ့လိုက်ရသဖြင့် တောကောင်ကြီးနှင့် ကျွန်ုပ်တို့ နီးနေပြီကို သိလိုက်ရပါသည်။ ယင်းကြောင့် ရှေ့ဆက်မလိုက်တော့ဘဲ ပစ်ကွင်းကောင်းသော ကျောက်ဆောင်ကြီးပေါ် တက်ခဲ့ခြင်း ဖြစ်ပါသည်။

ဤသည်မှာ ကျောက်ဆောင်ကြီးပေါ် ရောက်သည်နှင့် သားစားတောကောင်ကြီးနေရာကို အတိအကျ တွေ့ရပြီး “အပိုင်” ပစ်ရန်အတွက် ပစ်ကွင်းရှာခြင်းပင် ဖြစ်ပါသည်။

အချိန်မှာ နွားရိုင်းသွင်းချိန် ရောက်နေလေပြီ။

နေစွယ်လည်း ကျိုးသွားပြီဖြစ်၍ တောရိပ်ကလည်း မှိုင်းမှုန်လာသည်။

လောကကြီးတွင် ဖြစ်တောင့်ဖြစ်ခဲလှသော အဖြစ်အပျက်များ ရုတ်တရက် ပေါ်လာပါလေသည်။

ကျောက်ဆောင်ကြီးပေါ် မရောက်မီကလေးမှာပင် “အာဝု … ဝေါင်း” ဟူသော တောကောင်ကြီး၏ မာန်သွင်းသံနှင့် အဝါတွင် အနက်လိုင်း အများကြီးများပြီး ကိုးတောင်နီးပါးခန့် တောကောင်ကြီးမှာ ကျောက်ဆောင်ကြီးထိပ်မှနေ၍ ဝေါခနဲ ခုန်ဆင်းလာပါသည်။

အလွန်လျင်မြန်သော မုဆိုးကြီး ဦးဖဝေး က ဝါးလုံးထိုး(မုဆိုးပစ်) ဒသမ (၄ဝ၅)ရိုင်ဖယ်ပြောင်းကို ထိုးကာ ခလုတ်ဆွဲချလိုက်ပါသည်။

“ဒိုင်း …”

“ဒိုင်း …”

ကျွန်ုပ်ကလည်း ဦးဖဝေးနောက်မှ ထပ်ဆင့်ကာ စပရင်းဖီး(လ်)ရိုင်ဖယ်ဖြင့် သတ္တဝါကြီး၏ ဦးခေါင်းပိုင်းကို ပစ်ထည့်လိုက်ရပါသည်။

မုဆိုးကြီး ဦးဖဝေး၏ ကျည်ဆန်ရော၊ ကျွန်ုပ်၏ ရိုင်ဖယ်ကျည်ဆန်ပါ စုပြုံဝင်သွားမှုကြောင့် တောကောင်ကြီးသည် ကျောက်ဆောင်ကြီးအောက်သို့ တစ်ပတ်လည်ကာ ဗုန်းခနဲ ကျသွားပါလေသည်။

ကော်ဒိုက်ယမ်းအား (၅ဝဝ)ကျော် ပေါက်ကွဲသံနှင့်ယမ်းနံ့များ ထောင်းခနဲ ဖြစ်သွားပါသည်။

တကယ်တော့ လူသားစားတောကောင်ကြီးသည် ကျွန်ုပ်တို့အနံ့ကို ရကာ သူကအလျင် ကျောက်ဆောင်ကြီးပေါ်တက်၍ ကြိုစောင့်နေခြင်း ဖြစ်ပါသည်။

ကျောက်ဆောင်ကြီးမှာ နှစ်ထပ်ဖြစ်ကာ အပေါ်ဆုံးမှာ ချိုင့်ခွက်ကြီးဖြစ်နေသဖြင့် ထိုသားစားသတ္တဝါကြီး ဝပ်နေသည်ကို မတွေ့ရခြင်း ဖြစ်ပါသည်။

ယခု ကျွန်ုပ်တို့ပစ်လိုက်သော သားစားတောကောင်ကြီးမှာ တစ်ချိန်က ကျွန်ုပ်တို့ပစ်ခဲ့သော “ငမိုး”ဟု အမည်ပေးလိုက်သည့် ကျားကြီးပင် ဖြစ်ပါသည်။

ဦးဖဝေးက သေနေပြီဖြစ်သော ထိုသတ္တဝါကြီး၏ ညာဘက်ခြေထောက်တစ်ဖက်မှ မည်းညိုနေသည့် ဒဏ်ရာကို ပြလိုက်သည်။

“ဒီကောင်ကြီး အဲဒီဒဏ်ရာရတာ ဗိုလ်စိန်တင်ပစ်လိုက်တာပဲ။ နာသွားတော့ ချုံအောင်းပြီး အလစ်မှာ လူဆွဲစားနေတာပေါ့။ အခုမှပဲ ဇာတ်သိမ်းသွားသကွာ”

အခုမှပင် အသက်ရှူချောင်သွားသကဲ့သို့ လေပူကြီး မှုတ်ထုတ်လိုက်သည်။

ယင်းနောက် ဖက်ကြီးချုံဘေး ကုန်းကြောကလေးပေါ်တွင် လည်ပင်းပြတ်ကာ ဗိုက်ခွဲစားထားပြီး ပေါင်တစ်ချောင်းပါ စားထားသဖြင့် မြင်မကောင်းအောင် ရုပ်အင်္ဂါပျက်နေသော အံ့မောင်၏ အလောင်းကို တွေ့ရပါလေသည်။

အချိန်သိပ်မရှိတော့။ အံ့မောင်၏ အလောင်းကို သူ့တပည့်များအား ဝါးကပ်လုပ် ထမ်းယူစေကာ ကျွန်ုပ်တို့ကမူ ကျွန်းပတ်ကျားငမိုးကြီးအား ဖျံမနိုင်ကြိုးများဖြင့်ချည်၍ ထမ်းယူရန် ပြင်လိုက်ကြရပါသည်။

တစ်လမျှ အချိန်ကြာသောအခါတွင် မျှင်ဝါးတောင် သစ်တောကြိုးဝိုင်းတွင် မောင်ကြေးနှင့် ဖြူတုတ်တို့၏ လက်ထပ်မင်္ဂလာပွဲကို တွေ့ မြင်ရပါသတည်း။

– ပြီး –

စာရေးသူ – မြဝဇီ
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Leave a Reply

Your email address will not be published. Required fields are marked *