ဖိုးကျော့
ကျွဲကူးလမ်းက ကျား
“အစ်ကိုကြီးတို့များ နေစိမ့်လိုက်တာဗျာ”
ဦးထွန်းမြ ခရီးရောက်မဆိုက် ပြော၏။ ဤသည်ကို ဦးဘာဟိုးက
“ငါ ကြားပါတယ် ထွန်းမြရယ်။ မင်းသိတဲ့အတိုင်းပဲ။ ငါက အသက်အရွယ်ထောက်လာတော့ ထော်ကြီးပဲ အားကိုးနေရတာ။ ခု ထော်ကြီးမိန်းမ မီးထွက်ရင် ငါတို့ လာကြမလို့ပါပဲ”
ဟု ဆိုသည်။
“ထော်ကြီး မိန်းမက ဘယ်နေ့ မီးထွက်မှာလဲ”
“မနက်ဖြန်လို့ ထင်ပါရဲ့ကွာ”
“ဘာလေးမွေးလဲ”
“ယောက်ျားလေးကွ”
“ဟ အစ်ကိုကြီးအတွက် အားထားရမည့် မုဆိုးကျော်လေး တစ်ယောက် ရပြီပေါ့”
ဦးထွန်းမြ စကားကို ဦးဘာဟိုးက ဘာမှ ပြန်မပြော။ ဖြူဖွေးနေသော သူ့မုတ်ဆိတ်ရှည်ရှည်ကြီးကိုသာ လက်နှင့်သပ်ကာ ပြုံးနေ၏။
“အစ်ကိုကြီးတို့ သားအဖတွေကလဲ ပေါ်မလာကြတော့ ခု ရွာကလူကြီးတွေ အခေါ်လွှတ်လို့ ကျွန်တော်လာခေါ်တာ။ ဒီလို မိုးဦးကျ၊ လေဦးကျမှာ လူတွေက ချောင်းကူး မြစ်ဆင်း လယ်လုပ်ကြ ရတော့ ဒီကောင့်အန္တရာယ်က မသေးဘူး။ ဆွဲတာကလဲ ကျွဲကူး နွားကူး လမ်းမှာချည်း စောင့်ဆွဲတာ”
“ဟုတ်လား … ခု မင်းတို့ရွာက ဘယ်နှစ်ကောင်ရှိပလဲ”
“ကျွဲတစ်ကောင်နဲ့ နွားနှစ်ကောင်ရှိပြီ။ ချောင်းကောက်ဘက်မှာလဲ နှစ်ကောင်၊ ကပိုင်တောမှာလဲ တစ်ကောင်လို့ကြားတာပဲ”
“ချောင်းကောက်နဲ့ ကပိုင်တောမှာ ဆွဲတာကလဲ ကျွဲကူး နွားကူး လမ်းမှာချည်းပဲလား”
“ဟုတ်ကဲ့ … ကျွဲကူး နွားကူးလမ်းမှာချည်းတဲ့ အစ်ကိုကြီး”
“ဟေ ဒါဆို မင်းတို့ဟာက ကျားမှ ဟုတ်ရဲ့လား ကောင်ရာ”
“ဟာ . . . . အစ်ကိုကြီးကလဲ ကျားပါဆိုမှ၊ ကျွဲကျောင်း နွားကျောင်းသားတွေ ကျွဲရေချ နွားရေချမှာ ကိုက်တာ သူတို့ကိုယ်တိုင် မြင်ခဲ့ကြတာတဲ့။ ညညမှာလဲ ချောင်းနားက ဟစ်သံကြားရတာ တစ်ရွာလုံးလိုလိုပဲ။
ငမောင်ကြီးရဲ့ ကျွဲလေးကို ဆွဲသွားတာများ မနက်ပိုင်းကြီးဗျ။ ဟိုဘက်ကမ်းကို လယ်ထွန်သွားမလို့ ကျွဲကူးလမ်းအတိုင်း မောင်းချတာ ဟိုဘက်ကမ်း အတက်လဲရောက်ရော ကျွဲလေးကို ဝင်ဆွဲပြေးတော့ တာပဲတဲ့။ ငမောင်ကြီးကိုယ်တိုင် မြင်လိုက်ရပါတယ်ဆို။ နီလာစင်း ရိုးမကျားကြီးမျိုးလို့ ပြောတယ်။ သိပ်ရဲတဲ့ ကျားဗျာ”
“မင်း ပြောပုံအရဆို ကျားက ရဲပုံမရပါဘူး”
“ဟာ … အစ်ကိုကြီးကလဲ ဘယ့်နှယ် ရဲပုံမရမှာတုံး။ ကျွဲတွေ နွားတွေကို ကျွဲကျောင်းနွားကျောင်းသားတွေရှေ့တောင် ဝင်ဆွဲပါတယ်ဆို။ ကြာရင် လူကိုဆွဲမှာတောင် ရွာသူရွာသားတွေ စိုးရိမ်လာကြလို့ ခုလို အစ်ကိုကြီးတို့ သားအဖကို လာခေါ် ရတာပဲ။ ကြေးကတော့ ထုံးစံအတိုင်း ရွာက စပါးတင်းအစိတ် ကောက်ပေးကြမယ်လို့ ရွာလူကြီးတွေက မှာလိုက်တယ်”
“မင်း စောစောကပြောတဲ့စကားကြောင့် ငါက ပြောတာပါ။ ချောင်းနားကတောင် တစ်သံပေးတဲ့ကျားဆို ကျားရဲ မဖြစ်နိုင်ပါဘူး”
“ဟင် ဘယ်လို… ဘယ်လို အစ်ကိုကြီး”
“မင်းကလဲ နားဝေးလိုက်တာ၊ ကျားမရဲတော့ တစ်တဲ့၊ လူမရဲတော့ ဟစ်တဲ့။ ဥပမာကွာ တစ်ခါတလေမှာ ညကြီးမင်းကြီး တစ်ယောက်တည်း ခရီးသွားရလို့ ကြောက်လာရင် အသံပေး သီချင်းတွေဘာတွေ ဟစ်ဆိုပြီး သွားတတ်တယ် မဟုတ်လား။ အဲဒါ လူမရဲလို့ ဟစ်တာပေါ့။ ခုလဲ ကျားမရဲလို့ တစ်တာကွ”
“ဒါတော့ ကျုပ်လဲ မပြောတတ်ဘူး။ အစ်ကိုကြီး မုဆိုးပဲသိမှာ။ ခု လောလောဆယ် အရေးကြီးနေတာက အစ်ကိုကြီး လိုက်လာဖို့ပဲ”
“အေး … အေး မင်းတို့ကျားကို ငါ လေ့လာကြည့်တာပေါ့။ မနက်ဖြန်မှ ငါ့သားနှစ်ယောက်ကို လိုက်လာကြဖို့ မှာထားခဲ့မယ်”
XXX XXX XXX
နောက်တစ်နေ့မနက် သူ့သားနှစ်ယောက်ဖြစ်သော ထော်ကြီးနှင့် ထော်လေးတို့ ရောက်လာကြသောအခါ ဦးဘာဟိုးတို့ သားအဖမှာ ကျွဲကူး နွားကူးလမ်းတွင် အမြဲကိုက်တတ်သည်ဆိုသော ကျားရဲကြီး အခြေအနေကိုလည်း လေ့လာပြီးသား ဖြစ်သွားလေသည်။
သူ့အား ဦးထွန်းမြ လာခေါ် နေသောအချိန်မှာပင် လာကိုက်သွားသည်ဆိုသော ဦးမဲလုံးကြီး၏ နွားမတမ်းမအသေကို ချောင်းနားက သပေါ့စာနှင့် ငှက်ကြီးတောင်တောစတွင် တွေ့ကြရသည်။ နွားမတမ်းမမှာ ကျားကြီးက တစ်ပိုင်းတစ်စသာ စားသွားသည်။ အောက်ပိုင်းတွင် ပေါင်တစ်ချောင်းပင် ကိုယ်နှင့်ဆက်၍ ကျန်နေသေး၏။
ဤသည်မှာလည်း လူတွေ ဝိုင်းအော်ဟစ်ကြ၍ ကမန်းကတန်းသာ စားသွားရပုံ ရှိသည်။ ထို့ကြောင့် ဤကျားသည် ညကျလျှင် နွားသေဆီ တစ်ခေါက် ပြန်လာလိမ့်မည်ကို ဦးဘာဟိုးက သိပြီးသား။
ထို့ကြောင့် ထုံးစံအရ နွားမတမ်းမ အသေကောင်ကို တောတိုက်ကြသည်။ တောပန်း တောင်ပန်းတွေခူးပြီး ခေါင်း၌ ပန်ပေးကြသည်။
အမြီးကိုဖြတ်၍ ပါးစပ်ထဲထည့်ကာ နင့်တံပူ စားခိုင်း၏။ မျက်နှာကိုလည်း သနပ်ခါးလိမ်းပေးကြသည်။ ပြီးတော့ ဦးဘာဟိုးက သုတ်ကိုင်းကွင်းထဲ ဆွဲသွင်းပြီး
“ဟဲ့ ကောင်မ၊ နင့်ကို ပန်းလဲပန်ပေးပြီးပြီ။ သနပ်ခါးလဲ လိမ်းပေးပြီးပြီ။ နင့်ပါးစပ် သန့်ရှင်းသွားအောင် တံပူလဲ ပေးထားပြီပြီ။ နင့်လင်ကို ဒီည နင်ရအောင်ခေါ်စမ်း”
ဟု ပြောကာ သုတ်ကိုင်းကြီးကို ကိုင်းသီးတပ်ကာ ထောင်ထားခဲ့ကြလေသည်။
ကျားကျလျှင် သိအောင် ကိုင်းတန်ဖျားတွင် နွားခလောက်တစ်လုံးကိုလည်း ဆွဲထားခဲ့ကြလေ၏။
ဦးဘာဟိုးတို့ မုဆိုးသားအဖ သုံးယောက်ကို ဦးထွန်းမြက ညနေစာ ကြက်သားဟင်းနှင့် ထမင်းကျွေးသည်။ ဦးဘာဟိုးတို့ သားအဖသည် ညနေစာစားပြီး သူတို့ထောင်ထားခဲ့ကြသော သုတ်ကိုင်းတွင် ကျားမိ မမိကို အိပ်စောင့်ကြရမည်။
အကယ်၍ သူတို့ ကျားသုတ်ကိုင်းထောင်ထားခဲ့ကြသော ကယုချောင်းနားမှ နွားခလောက်သံကြားလျှင် ရွာရှိ မင်းယောက်ျားများအားလုံး ဓါးလှံကိုယ်စီနှင့် ကျားသတ်ရန် မီးရှူးမီးတုတ်တွေဖြင့် လိုက်လာကြရန်ကိုလည်း နေ့ခင်းကပင် သတိပေးထားကြသည်။
သို့သော် အခြေအနေမှာ ညသို့ပင် မရောက်လိုက်။
မှောင်ရီ ဖျိုးဖျတွင် ဦးဘာဟိုးတို့သားအဖ ထမင်းစားပြီးစ၌ပင် ကယုချောင်းနား သုတ်ကိုင်းမှ ခလောက်သံ ဒုံဒင်ဒုံဒင်ကို ကြားကြရတော့သည်။
ထိုအခါ ဦးဘာဟိုးတို့ သားအဖက ဦးစွာ လှံကိုယ်စီဆွဲပြီး –
“လာကြဗျို့ … လာကြ … လာကြ။ ကျုပ်တို့ ထောင်ထားခဲ့ကြတဲ့ သုတ်ကိုင်းမှာ ကျားမိနေပြီ။ လာကြ … လာကြ … မြန်မြန်လာကြ”
ဟု အော်ဟစ်ကာ နွားခလောက်သံကြားရာ ကယုချောင်းဘက် ဦးစွာ ပြေးလိုက်လာကြသည်။
ရွာသားကြီးများလည်း တစ်ဆင့်ပြီးတစ်ဆင့် အော်ပြောကြကာ ဓါးလှံကိုယ်စီထမ်းပြီး ဦးဘာဟိုးတို့ သားအဖသုံးယောက်နောက်က ပြေးလိုက်လာကြ၏။ အားကောင်းမောင်းသန် ရွာသားကြီးများနှင့် သန်တုန်းမြန်တုန်း မုဆိုးတက်စ ထော်ကြီးနှင့် ထော်လေးတို့က ရှေ့က ပြေးသွားကြသော်လည်း မုဆိုးအိုကြီး ဦးဘာဟိုးနှင့် ဦးထွန်းမြတို့ကတော့ နောက်ကသာ လိုက်ပါလာနိုင်ကြသည်။
သည်လမ်းတွင် ဦးဘာဟိုးက ဦးထွန်းမြအား
“မင်းပြောတာ ငါခုမှ ယုံတော့တယ် ထွန်းမြရာ။ ရဲလိုက်တဲ့ ကျား၊ သုတ်ကိုင်းသွားထောင်တဲ့ ငါတို့တောင် ရေနွေးကြမ်းလေးတစ်ခွက် မသောက်ရသေးဘူး။ ချက်ချင်း သုတ်ကိုင်းထဲက နွားမတမ်းမကို လာဆွဲတာ အံ့စရာပဲ။
ငါတို့က ညကျမှ လာစားလိမ့်မယ် ထင်နေတာ။ ဒီလောက်အချိန်မှာ လာတဲ့ကျား ငါ့တစ်သက်တော့ တစ်ခါမှ မတွေ့ ဖူးဘူး။ ငါတို့ သုတ်ကိုင်းထောင်နေကြချိန်မှာ ဒီကောင် စောင့်များကြည့်နေလား မသိဘူး”
ဟု ဆိုသည်။ ဦးထွန်းမြကလည်း
“အစ်ကိုကြီးကို ကျွန်တော် မပြောဘူးလား။ ဒီကျားက နွားကျောင်းသားတွေ အနားမှာ ရှိနေတာတောင် ဝင်ဆွဲပါတယ်ဆို”
ဦးထွန်းမြ စကားမဆုံးမီပင် သုတ်ကိုင်းတန်ဖျားတွင် ချည်ထားသော နွားခလောက်သံက ပိုမြည်လာပြီး ရွာသားကြီးတွေ၏ အသံတွေမှာလည်း ချက်ချင်း ဆူညံပွက်လောရိုက်လာသည်။
“ဟ ဘယ်လိုများ ဖြစ်ကြပြန်တာလဲ”
ဟူသော အတွေးနှင့် ဦးဘာဟိုးက သူ့သားနှစ်ယောက်နှင့် ရွာသားများရှိရာ ချောင်းနားကို ပြေးဆင်းလိုက်သောအခါ ဦးဘာဟိုးမှာ ရုတ်တရက် အံ့ဩသွားလေ၏။
သူတို့သားအဖ ထောင်ထားခဲ့ကြသော ကျားသုတ်ကိုင်းတွင် လက်အောက်ချိုင်းနှစ်ဖက်ကို မိပြီး ရုပ်သေးရုပ်တစ်ရုပ်ကို ချည်ဆွဲထားသလို တွဲလွှဲဆွဲမိနေသော အရာမှာ သူတို့ ထင်ထားခဲ့ကြသလို ကျွဲကူးလမ်းက ကျား မဟုတ်ဘဲ မိကျောင်းကြီးတစ်ကောင်သာ ခြေကားရား လက်ကားရားနဲ့ မိနေလေသည်။
ဤသည်ကို ဦးဘာဟိုးက –
“ဟင် . . . ထွန်းမြ မင်းပြောတော့ ကျွဲကူးလမ်းက ကျား ဆိုကွ။ မင်းတို့ရွာက ကျွဲကျောင်းသား နွားကျောင်းသားတွေကိုယ်တိုင် မြင်ကြရတယ်ဆိုကွ။ ခု ဘယ်မှာလဲ ကျား”
ဟု ပြောလိုက်စဉ် ထော်ကြီးက
“မီးတုတ်နဲ့ ကျုပ် သေသေချာချာ ကြည့်ပြီးပါပြီ။ မိကျောင်းကြီးပါ အဘ။ ကျုပ်တို့ သုတ်ကိုင်းမှာ မိနေတာ မိကျောင်းကြီးပါ”
ဟု အာလုပ်သံကြီးနှင့် အော်ပြောလိုက်၏။
ဤသည်ကို ထော်လေးကလည်း
“ဟုတ်တယ် အဘ၊ သုတ်ကိုင်းမှာ မိနေတာ ကျားမဟုတ်ဘူး။ သေသေချာချာကြည့်ကြ။ မိကျောင်းကြီးပါ။ အဲဒါ ဘယ်လုပ်ကြမလဲ”
ဟူသော ထော်လေး စကားမဆုံးမီ သူ့အဖေ ဦးဘာဟိုးက-
“ဟေ့ ဘယ်လိုလုပ်မလဲ၊ ဒီလောက်သေချင်တဲ့ မိကျောင်း သေစားသေစေပေါ့ဟ။ မြန်မြန်ထိုးသတ်ကြ။ မြန်မြန်ထိုးသတ်ကြ။ ဘာငေးနေကြတာလဲ”
ဟု အော်ပြောလိုက်လေသည်။
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ