• June 24, 2025
  • admin
  • 0

မဟာလျှံ
ကျွဲချေးခါး

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အနောက်မြောက်ပိုင်းဒေသသည် အလွန်သာယာလှပပါသည်။

အရှေ့ဘက်တွင် ချင်းတွင်းမြစ် စီးဆင်းနေ၍ မင်းသမီးတောင်တန်းက ဘေးမှကပ်လျက် တောင် မြောက် တန်းနေသည်။

အနောက်ဘက်တွင် ချင်းတောင်တန်းကြီးက မြန်မာပြည်နယ်ခြားတစ်လျှောက် နယ်နိမိတ်မျဉ်းအဖြစ် အောက်ဘက် ရခိုင်ပြည်နယ်အထိ အလျားလိုက်တည် ရှိနေသည်။

တောင်တန်းနှစ်ခုသည် အထက်ပိုင်းတွင် မြားဦးသဏ္ဌာန် စုလာသည်။ ထို့နောက်တွင် တမူးမြို့တွင် လာရောက် ဆုံစည်းပြီး အိန္ဒိယနိုင်ငံအတွင်းသို့ ကသည်းတောင်တန်းကြီး ဖြစ်သွားပါသည်။

ထိုတောင်တန်းကြီးနှစ်ခုကြားတွင် ကလေး-တမူး ကားလမ်းက တောင်မြောက်တန်းလျက် အလျားလိုက် တည်ရှိနေခြင်း ဖြစ်သည်။

ကလေးမြို့မှ ကားနှင့်ထွက်လာလျှင် ကျီကုန်းရွာခေါ်သော ကလေး-တမူး-ကလေးဝ လမ်းခွဆုံရွာသို့ ရောက်မည်။

ထိုမှတဆင့် ခုံသာ၊ စခန်းကြီး၊ စော်ဘွားရေရှင်၊ ဖက်ယားရေရှင်၊ ဘုတ်ကန်၊ ခမ်းပတ် ရွာများပြီးသော် တမူးသို့ ရောက်သွားပါမည်။

ထိုသို့ ရွာစဉ်အလိုက် လာရာတွင် စော်ဘွားရေရှင်ရွာသည် ကလေးမြို့နယ်အဆုံး နယ်ခြားရွာလေး ဖြစ်သည်။

ကျွန်တော်တို့သည် ထိုစဉ်အခါက စော်ဘွားရေရှင်ရွာကလေးတွင် ကင်းစခန်းဖွင့်ထားရာ ထိုရွာသို့ အလှည့်ကျ သွားရောက် တာဝန်ထမ်းဆောင်ရပါသည်။

ထိုဒေသသည် ရှေးယခင် မြန်မာမင်းများလက်ထက်က ရှမ်းကြီးဟုခေါ်သော မြေပြန့်ရှမ်းများနေထိုင်ရာဒေသ တစ်ခုဖြစ်သည်။ ထို့ကြောင့် ရွာအမည် များမှာ ဆန်းနေသည်။ စော်ဘွားရေရှင်တဲ့။ ဖက်ယားရေရှင်တဲ့။

စော်ဘွားရေရှင် ဆိုသည်မှာ ရေထွက်ခေါ် စမ်းချောင်းကလေးရှိရာရွာ ဖြစ်သည်။ ဖက်ယားရေရှင်ဆိုသည်မှာ ဖက်ယားပင်များကြားတွင် ရေထွက်ရှိရာရွာဖြစ်၏။ စစ်သူကြီး မဟာဗန္ဓုလလက်ထက်က သောင်သွပ်စော်ဘွားကို နောက်လိုက်နောက်ပါ လက်နက်ကိုင်အင်အား စုရုံးစေပြီး ခေါ်ဆောင်သွားလျက် ရာမူး ပန်းဝါသို့ သွားတိုက်သည် ဆိုသည်မှာ သည်နယ်မှ လိုက်သွားကြခြင်း ဖြစ်သည်။

ယခုတော့ ရှမ်းများ မရှိကြတော့ဘဲ ရွာနာမည်သာ ရှမ်းနာမည်ဖြစ်ပြီး ရွာများမှာ ချင်းတိုင်းရင်းသားများနေထိုင်ရာရွာများ ဖြစ်နေသည်။ ရှမ်းများကတော့ လူနည်းစုဖြစ်ပြီး တမူး၊ ကလေး၊ ကလေးဝ၊ မင်းကင်း၊ မော်လိုက် စသောမြို့များသို့ တက်နေကြလေပြီ။

ကျွန်တော်တို့ စခန်းချရာ နေရာသည် တောင်ကုန်းကလေးတစ်ခုအပေါ် တွင် ဖြစ်သည်။ စခန်းချရန်နေရာရွေးသောအခါ ရွာထိပ်ရှိ ခြံပိုင်ရှင်က သူပိုင်သော တောင်ကုန်းကလေးနှင့် ခြံကို ပေးသည်။ ထိုခြံသည် တောင်ကြောကြီးကို နောက်ခံပြုလျက် ရွာအစွန်တွင် တည်ရှိပြီး အဝေးသို့ လှမ်းမြင်နိုင်သည်။

စခန်းဆောက်သောအခါ ရွာက ရွာသားများ ရောက်လာပြီး အခိုင်အခံ့ အိမ်လေးတစ်လုံး ဆောက်ပေးသည်။ ထိုအရပ်တွင် ဝါးရှားသဖြင့် သစ်လုံးများနှင့် အိမ်ဆောက်ပေးသည်။

သစ်မှာ အနောက်ဘက်တောင်ကျောတွင် သွားခုတ်ပါက လိုသလောက်ရသဖြင့် အကာအရံကအစ အမိုးပါ သစ်နှင့်မိုးသည်။ အမိုးကို သစ်နှင့်ဆောက်သည် ဆိုရာတွင် လူတစ်ဖက်စာလောက်ရှိသော ထောက်ကြံ့ပင်ကို တစ်တောင်လောက် အရှည်ဖြတ်ပြီး လက်သုံးလုံးလောက် အထူရရန်ပေါက်ခြမ်းခွဲသည်။ ထို့နောက် အဖျားပိုင်းတွင် အထစ်လုပ်ကာ အိမ်ခေါင်မိုးပေါ်တွင် တစ်ချပ်ပြီးတစ်ချပ်စီ တင်ခြင်း ဖြစ်သည်။

သစ်လုံးခွဲသားများကို ခေါင်မိုးပေါ် တင်ထားခြင်းဖြစ်ရာ အောက်ခံဆင့်ကတော့ အတော်ခိုင်ခံ့အောင် လုပ်ရသည်။ ဒါကလည်း အခက်အခဲမရှိ။ သစ်ပေါသောအရပ် ဖြစ်သောကြောင့် သစ်ပင်ငယ်များကို တစ်ပင်လုံးခုတ်ပြီး တန်းလုပ်ခြင်း ဖြစ်သည်။

ထို တန်းများပေါ်တွင် သစ်လုံးကိုခွဲပြီး ပေါက်ခြမ်းများကို တစ်ချပ်အပေါ် တစ်ချပ်ထပ်လျက် တင်ထားခြင်း ဖြစ်သည်။ အလွန် စနစ်ကျသည်။ မီးပွားကျသော်လည်း မီးမလောင်ပေ။

သစ်လုံးအိမ် တည်ဆောက်ပြီးသော် အိပ်ခန်း၊ နားနေ ခန်း၊ မီးဖိုဆောင်၊ ထမင်းစားဆောင်တို့ကို အကျအနဆောက်ပေးရာ နေချင့်စဖွယ် အိမ်လေးတစ်လုံး ဖြစ်သွားသည်။ ကျွန်တော်တို့သည် ထိုမြေစိုက် အိမ်တွင် စခန်းချနေကြခြင်း ဖြစ်သည်။

စခန်းသည် ကားလမ်းဘေးတွင် ကပ်လျက်ရှိရာ စခန်းပေါ်မှကြည့်လျှင် တမူးမှလာသော ကားများ၊ ကလေး-ကလေးဝမြို့မှလာသော ကားများကို အတိုင်းသား မြင်နေရသဖြင့် အလုပ်အတွက်လည်း အဆင်ပြေပါသည်။

လူနေရုံးခန်း ဆောက်လုပ်ပြီးသော် ရုံးကယူလာသော ဌာနဆိုင်ရာ ဆိုင်းဘုတ်ကို အဆောက်အအုံရှေ့တွင် စိုက်ထူလိုက်သောအခါ ပြီးပြည့်စုံသောရုံးလေး တစ်ခု ဖြစ်သွားပါသည်။

ကျေးရွာတွင် နေထိုင်ကြသူများက သူတို့ရွာတွင် အစိုးရရုံးတစ်ရုံး လာရောက်ရုံးဖွင့်ခြင်းအတွက် ဂုဏ်ယူဝမ်းသာကြပါသည်။

ကျွန်တော်တို့သည် ရုံးသစ်ဖွင့်ပြီးသော် တောထဲသို့သွားပြီး သစ်ပင်ဖြောင့်ဖြောင့်တစ်ပင် ခုတ်ပြန်ပါသည်။ လုံးပတ် ပေါင်လုံးလောက်၊ အရှည် ပေနှစ်ဆယ်ခန့်ရှိသော ထောက်ကြံ့ပင်တစ်ပင်ကို ရှာပြီး ခုတ်လာခဲ့သည်။

ထို့နောက် ကိုင်းဖျားကိုင်းနားများကို သင်ပြီး သစ်လုံးဖြောင့်ဖြောင့်ရအောင် လုပ်ယူပါသည်။ ပြီးသော် အရင်းပိုင်းတွင် တစ်လံလောက်ချန်ထားပြီး သစ်လုံး ကို လွန်ဖြင့် ထုတ်ချင်းခတ် အပေါက်ဖောက်ပါသည်။

ထို့နောက် မြေပြင်တွင် လူတစ်ရပ်နီးပါး တိုင်နှစ်ချောင်းထောင်ကာ ထိုသစ်ချောင်းကို တိုင်နှစ်ချောင်း ကြားတွင်ထားပြီး သံချောင်းတစ်ချောင်းဖြင့် ထိုးလိုက်သောအခါ မောင်းတံတစ်ချောင်း ဖြစ်သွားပါသည်။ ချန်ထားသော အရင်းပိုင်းတွင် လေးလာအောင် သံတိုသံစများချိတ်လိုက်ပြီး သစ်လုံးထိပ်တွင် ကြိုးရှည်ရှည်တစ်ချောင်းကို တပ်လိုက်သောအခါ လမ်းကို ကန့်လတ်ဖြတ်ပိတ်သည့် သစ်လုံးမောင်းတံတစ်ချောင်း ရလာပါသည်။

မောင်းတံမှာ ကားလမ်းကို ပိတ်ထားသဖြင့် ကားများဥဒဟိုဖြတ်၍ မရတော့ပါ။ သစ်လုံးမောင်းတံကို ဖွင့် ပေးမှ ဖြတ်နိုင်ပါတော့သည်။

ကျွန်တော်တို့က မောင်းတံတစ်ခု ပြုလုပ်လိုက်သောအခါ ထိုနေရာသည် ယာဉ်စစ်ဆေးရန်ဂိတ် ဖြစ်သွားသည်။ ဖြတ်သွားဖြတ်လာကားများ ရပ်ကြသည်။ စစ်ဆေးကြသည်။

ကားကို စစ်ဆေးနေစဉ် ကားပေါ်ပါလာသူများက ကားပေါ် မှဆင်းကြရာ ရွာထဲမှဈေးသည်များ ထွက်လာကြသည်။ ချိုချဉ် စားစရာ ရောင်းသည်။ ဒေသထွက်ကုန်ဖြစ်သော နာနတ်သီးရောင်းသည်။ ခရီးသည်များကလည်း အညောင်းအညာပြေ ကား ပေါ်မှဆင်းပြီး ဈေးသည်များထံမှ တိုလီမိုလီ ဝယ်ယူကြနှင့် ကားများရောက်ခိုက် စည်စည်ကားကားလေးဖြစ်သွားသည်။

ဖက်ယားရေရှင်စခန်း၏ ထူးခြားချက်မှာ တမူး-ကလေး မိုင်(၄ဝ)တွင် အတိအကျ တည်ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် တမူးနှင့် ကလေး၊ ကလေးဝမှထွက်ထွက်လာသော ကားများသည် နေ့လယ် (၁၂) နာရီနှင့် (၁) နာရီအကြားတွင် တစ်ပြိုင်နက် ရောက်လာကြပြီး ထို့နောက်တွင် မည်သည့်ကားမျှ ရောက်လာခြင်း မရှိတော့ပေ။

ထို့ကြောင့် ကျွန်တော်တို့သည် ကားများရောက်လာသော နေ့ခင်းပိုင်းအချိန်ကလေးတွင် တက်သုတ်နှင်ပြီး စစ်ဆေးလိုက်လျှင် တစ်နေ့တာအလုပ် ပြီးပါတော့သည်။ ကျန်အချိန်များမှာ ကိုယ်ပိုင်အချိန်ဖြစ်ပြီး စာဖတ်ချင်ဖတ်၊ စုထိုင်ပြီး စကားစမြည် ပြောချင်ပြော၊ ရွာထဲ လျှောက်လည်ချင်လည်၊ ကြိုက်ရာ လုပ်နိုင်ကြပါသည်။

တစ်နေ့နံနက်စောစောတွင် ရွာထဲမှ ချင်းတစ်ယောက် ရောက်လာသည်။သူ့လက်ထဲတွင် အနီရောင်ပုလင်း တစ်လုံး ပါလာသည်။ ဖက်နှင့်ထုပ်ထားသော အထုပ်တစ်ထုပ်ကိုလည်း ယူလာသည်။

သူသည် ရုံးဝင်းထဲဝင်သွားပြီး မီးဖိုချောင်ဘေးတွင် ပြုလုပ်ထားသော အဆောင်ကလေးတွင် သွားထိုင်သည်။ ထိုစဉ်က ကျွန်တော်တို့က ရွာထဲမှ လူတစ်ယောက်ကို ချက်ပြုတ်ရန်အတွက် ခေါ်ထားရာ ထိုလူထံသို့ လာခြင်းဖြစ်သည်ဟုပင် ထင်နေပါသည်။

ခဏအကြာတွင် ထမင်းချက်က လာခေါ်သောကြောင့် ကျွန်တော်တို့ အဖွဲ့ထဲမှ ညွန့်မောင်ဆိုသူက သွားတွေ့ ပြီး မကြာမီ ထိုညွန့်မောင်က ခေါ်ပြန်သောကြောင့် ကျွန်တော်တို့လည်း မီးဖိုတဲအတွင်းသို့ရောက်သွားကြသည်။

“ဆရာ … ဒီလူက မျောက်သွေး တစ်ပုလင်း ယူလာတယ်။ စမ်းကြည့်မလား”

“ဘယ်လိုစမ်းရမှာလဲဗျ။ သူက ဘာစွမ်းလို့လဲ”

“ဆရာကလည်း … ယူလာတဲ့ အာမီရမ်နဲ့တွဲပြီး သောက်ကြည့်ရမှာပေါ့။ အဖျားအနာကင်းတယ်၊ သွေးအားကောင်းတယ်ပေါ့ ဆရာရယ်”

ထိုစဉ်က ကလေး – တမူးတွင် ငှက်ဖျားရောဂါ ထူထပ်လှပေရာ ရုံးက အာမီရမ် (၂) ပုလင်း ထုတ်ပေးလိုက်သည်။ ကျွန်တော်က သိမ်းထားပြီး ညနေ ထမင်းမစားမီ တစ်ယောက်ကို နှစ်ပက် တိုက်ရသည်။ ယခု ထိုအာမီရမ်ဖြင့် စမ်းကြည့်မည်ဟု ဆိုနေသည်။

ကျွန်တော်က မျောက်သွေးပါသည်ဆိုသော ပုလင်းကို ယူကြည့်သည်။ ပုလင်းမှာ အဖြူရောင်ဖြစ်ပြီး အထဲတွင် သွေးခဲအချို့နှင့် အနီရောင်အရည် ခပ်ပျစ်ပျစ်ဖြစ်သည်။

သည်အရပ်မှာ အရှေ့ဘက်သွားလျှင် မင်းသမီးတောင်တန်းနှင့် တော။ အနောက်ဘက်သွားလျှင် မဏိပူတောင်တန်းနှင့် တောဖြစ်ရာ တောတောင်ထူထပ်သည့်နေရာဟု ဆိုနိုင်သည်။

မျောက်ဆိုသည်မှာ တောရှိလျှင် မျောက်ရှိမြဲဖြစ်ရာ ပုလင်းထဲမှသွေးသည် မျောက်သွေး ဖြစ်နိုင်ပါသည်။ သို့သော် ကျွန်တော်က သေချာအောင်မေးကြည့် သည်။

“ခင်ဗျားဟာတွေက မျောက်သွေး စစ်ရဲ့လားဗျ”

“ဟာ … ဆရာကြီး၊ အရင်အပတ်တုန်းက မင်းသမီးတောကို သွားတယ်။ ကျားပေါ်တယ်ဆိုလို့ သွားတာ။ ကျားမတွေ့တာနဲ့ မျောက်ပစ်ပြီး ပြန်လာတာ။ မျောက်က အမြီးရှည်ရှည်နဲ့ အကောင်ကြီးကြီးမျောက်ပဲ။ ဆရာတို့က ဘယ်လိုခေါ်လဲ မသိဘူး။ ကျွန်တော်တို့က ပါးလွီလို့ ခေါ်တယ်”

သူ့အပြောအရ အုပ်စုဖွဲ့နေသော မျောက်များကိုချောင်းပြီး အကြီးဆုံးအကောင်ကို တူမီးနှင့် ပစ်ချခဲ့ခြင်း ဖြစ်ကြောင်း၊ သေနတ်မှန်သဖြင့် မျောက်က သစ်ပင်အောက်သို့ ကျလာလျှင် မုဆိုးက ပြေးပြီ မျောက်လည်ပင်းကို ဓားမြှောင်ဖြင့် လှီးရကြောင်း၊ ထိုသို့လှီးပြီး ထွက်လာသောသွေးကို တောအရက်ပါသော ပုလင်းနှင့် ခံရကြောင်း၊ သွေးချည်းပဲဆိုလျှင် ပုပ်သွားကြောင်း၊ ထို့ကြောင့် အရက်ပုလင်းနှင့် ခံရကြောင်း၊ ယခု ယူလာသောသွေးမှာ ထိုနည်းနှင့်ခံပြီးယူလာသောသွေးဖြစ်ကြောင်း စီကာပတ်ကုံးပြောပြပါသည်။

မျောက်များသည် တောထဲမှာနေသော်လည်း ဘယ်တော့မှ ဖျားနာခြင်းမရှိ။ သစ်ပင်တစ်ပင်နှင့် တစ်ပင် အရပ်အနားမရှိ ခုန်ပေါက်ကူးသွားနိုင်ကြောင်း၊ ကြည့်လိုက်လျှင် အမြဲ လန်းဆန်းနေကြောင်း၊ ထို့ကြောင့် သူတို့ မုဆိုးများသည် မျောက်သွေးရလျှင် မျောက်မသေမီ ရအောင်ယူရကြောင်း၊ အရက်နှင့်စပ်သောက်လျှင် လန်းဆန်းပြီး အဖျားအနာကင်းကြောင်း ပြောပြပါသည်။

ထို့ကြောင့် ကျွန်တော်တို့တစ်သိုက်တည်း ဖန်ခွက်များတွင် မျောက်သွေးနည်းနည်းစီထည့်ပြီး သောက်ကြသည်။ အနည်းငယ်ညှီသလိုရှိသော် လည်း အရသာခံ မသောက်ဘဲ မျိုချလိုက်ပါသည်။ နဂိုကလည်း တောအရက်တွင် ထည့်ယူလာပြီး ယခုလည်း ရမ်နှင့် ရောသောက်သောကြောင့် ဝမ်းထဲသို့ ပူခနဲ ဝင်သွားပြီး နားထင်နားရင်းများပါ ကားထွက်လာသည်ဟု ထင်ရပါသည်။

မုဆိုးက ကျွန်တော်တို့သောက်သည်ကို ကြည့်နေပြီး မျက်နှာများရဲလာသော ကျွန်တော့်ကိုကြည့်ပြီး သဘောကျနေပါသည်။

“ဗိုလ်လုံ … ဘယ်လိုနေလဲ”

“အင်း … ပူခနဲတော့ ဖြစ်သွားတာပဲ”

“အဲဒါ မျောက်သွေးတန်ခိုးပဲ။ မျောက်သွေးအစစ်ဟာ ဒီလိုပဲဖြစ်ရမယ်။ သောက်လိုက်ရင် ရင်ဘတ်ထဲကကို ပူလာရမယ်။ ဒါမှ မျောက်သွေးစစ်တာ”

“အာ … ကျေးဇူးတင်တယ်၊ ပိုက်ဆံပေးမယ်။ ဘယ်လောက်ပေးရမလဲ”

“မလိုဘူး ဆရာ၊ လက်ဆောင် လာပေးတာ။ ဆရာတို့သောက်ဖူးတယ်ရှိအောင်လို့။ ကျွန်တော် မျောက်သားယူလာဦးမယ်။ စားမလား၊ မျောက်ချေးခါး လည်း ယူလာမယ်”

သူက မယူပါဆိုသော်လည်း ကျွန်တော်တို့က ပိုက်ဆံပေးလိုက်ပါသည်။ အားရင်လာဦး။ စကားလေးဘာ လေးပြောရတာပေါ့ဟု ခေါ်လိုက်ပါသည်။

ကျားရှိသည်ဆိုသည်ကို ကြား၍ အမဲလိုက်ထွက်သည်ဆိုသော သူ၏ စကားကို ကျွန်တော်က စိတ်ဝင်စားသောကြောင့် သူတို့အမဲလိုက်ပုံကို သိလို၍ ကျွန်တော်က ဖိတ်ခေါ်ခြင်း ဖြစ်သည်။

နောက်နေ့နံနက်ပိုင်းတွင် သူ ရောက်လာပြန်သည်။ ` ဒီတစ်ခါတော့ အင်ဖက်နှင့် ထုပ်ယူလာသော အထုပ် တစ်ထုပ်နှင့် ဖြစ်သည်။ မီးဖိုချောင်သို့ ရောက်လျှင် အထုပ်ထဲမှာပါလာသော အရာများကို ထုတ်ပြသည်။ လက်သီးဆုပ်ခန့်ရှိသော အသားတုံး သုံး လေးတုံး၊ လက်ဖက်နှင့်တူသော စိမ်းစိမ်းအဖတ်များက တစ်ထုပ်ဖြစ်သည်။

“ဒါက မျောက်သားလေ။ ဝါးနဲ့ တံစို့ထိုးပြီး မီးကင်ထားတာ”

အသားတုံးများကို ကိုင်ပြီးပြောသည်။ မီးမြှိုက်ထားသောကြောင့် အသားတုံးများမှာ မည်းနေသည်။ ထို အသားတုံးများကို ဝါးနှင့် ခြစ်လိုက်သောအခါ နီရဲသောအသားများ ပေါ်လာသည်။ အသားမျှင်များကြီးပြီး မာကျောသည်။ မနည်းဖဲ့စားရသည်။

သူတို့ အိမ်မှာတော့ ဒီအတိုင်းဖဲ့စားသည်။ အွန်လောက်ဟုခေါ်သော ပဲကြီးနှင့်တူသည့် ပဲနှင့်ရောပြီးပြုတ်စားသည်။ ကျန်တာတွေကိုတော့ ကျပ်ခိုးစင်ပေါ် တင်ထားပြီး တဖြည်းဖြည်းစားသည်ဟု ဆိုသည်။

ထို့နောက် အထုပ်ထဲမှ စိမ်းညိုညို အဖတ်များကို ပြပြန်သည်။ ဆီအနည်းငယ်နှင့် စိမ်ထားခြင်း ဖြစ်သည်။ ဆီစိမ်ထားသော လက်ဖက်နှင့်တူသည်။ ဇွန်းနှင့် မွှေကြည့်လိုက်သောအခါ သစ်ရွက်နုများကို တွေ့ရသည်။

“ဒါက မျောက်ချေးခါးလေ။ ကောင်းတယ် … သိပ်ကောင်းတယ်။ နည်းနည်းပဲရတာ”

သူ့အဆိုအရ မျောက်ရလျှင် မီးဖိုပြီး တစ်ကောင်လုံးကို မီးမြှိုက်ရသည်။ ပြီးသော် အမွေးများကို ဝါးဖြင့် ခြစ်ချရပြန်သည်။ အမွေးများ ကင်းစင်သွားသော အခါ ရင်ကိုခွဲပြီး ကလီစာများ ထုတ်ယူသည်။ လည်ချောင်းမှ တောက်လျှောက် အစာအိမ်၊ အူသိမ်အထိ အူကိုဖြုတ်ယူသည်။ အူသိမ်အောက်မှ အူမကြီးထဲတွင် အစာများရှိသေးသော်လည်း ချေးဖြစ် နေသဖြင့် မယူတော့ပါ။

မြို့မှာရောင်းလျှင်တော့ အူကြမ်းထဲမှ အစာများအထိ ယူသည်။ အိမ်မှာစားဖို့ကျတော့ အူသိမ်အထိဘဲ ယူသည်။

ပြီးလျှင် အူကိုခွဲ၍ အထဲက မျောက်စားထားပြီးတစ်ဝက်တစ်ပျက် အစာကြေနေသော သစ်သီးသစ်ရွက်အနုများကို ထုတ်ယူသည်။

မျောက်များသည် သစ်ပင်ပေါ်တက်ပြီး အပင်ထိပ်မှ သစ်ရွက်ညွန့်ကလေးများကိုသာ စားခြင်းဖြစ်ရာ အလွန်ဆေးဖက်ဝင်သည်ဟု ဆိုသည်။ လည်ချောင်းထဲမှာ ရှိသော အစာက လတ်လတ်ဆတ်ဆတ် သစ်ရွက်ညွန့်များ၊ အစာအိမ်နှင့် အူသိမ်တွင်ရှိနေသော အစာကတစ်ဝက်တစ်ပျက် အစာချက်ထားသော အရွက်များဖြစ်သည်။

သူတို့မုဆိုးများကတော့ ထိုအရာများကိုရလျှင် နယ်ဖတ်ပြီး သည်အတိုင်း စားသည်ဟုဆိုသည်။ ကျန်တာကျမှ အိမ်သို့ပြန်ယူလာပြီး ဆီအနည်းငယ်နှင့် ပြန်စိမ်ကာ တဖြည်းဖြည်းစားသည်ဟု ဆို၏။

ယခု ကျွန်တော်တို့ဆီ ယူလာသည်များက အိမ်အရောက်တွင် ဆီနှင့်ပြန်စိမ်ထားသော ချေးခါး ဖြစ်သည်။ အနည်းငယ် မြည်းကြည့်ပါဟု ဆိုသဖြင့် ဇွန်းနှင့်ခပ်ပြီး စားမည်လုပ်ပြီးမှ မစားခင် နမ်းကြည့်ရာ စိမ်းရွှေရွှေအနံ့ထွက်နေသော လက်ဖက်နှင့်တူနေသည်။ အနည်းငယ်မြည်းကြည့်သောအခါ လက်ဖက်ဆီစိမ်နှင့် တူသည်။

ဆေးဖက်ဝင်သည်ဆိုသော်လည်း မျောက်ဝမ်းခေါင်းထဲရောက်မှ ထုတ်ယူထားသော အစာဟောင်းများဖြစ်သဖြင့် ဆက်မစားတော့ပါ။ ကျွန်တော်နှင့်အတူ ပါလာသူများကတော့ စားရခဲသော အစာဖြစ်သည်ဆိုပြီး ဆက်စားနေကြသည်။

သူက ပြောသေးသည်။

“မျောက်ချေးခါးဟာ မျောက်သွေးလိုပဲ ရှားတယ် ဆရာ။ ရရင်လည်း သူတို့က အူကြမ်းထဲမှာရောက်နေတဲ့ ချေးဖြစ်နေတဲ့ဟာတွေပါ ရောရောင်းတာ။ ဒီလိုသန့်သန့်လေး မရဘူး။ ဒီဟာကျတော့ လည်ချောင်းထဲ ရောက်နေတာတွေရယ်၊ အစာအိမ်ထဲကရယ် အူသိမ်ထဲ ရောက်နေတာတွေရယ်ကို ဖြတ်ထုတ်ပြီး ယူလာတာ”

ထိုနေ့က သူယူလာသော မျောက်သားမီးမြှိုက်ကို ထက်ခြမ်းခွဲပြီး ပြန်ကင်သည်။ ထို့နောက် အသားကိုနွှင်ပြီး ဆီရွှဲရွှဲဆမ်းကာ အမဲခြောက်ဖုတ်သလို လုပ်စားလိုက်ကြသည်။ အသားကြမ်းသော်လည်း စားကောင်းပါသည်။

တစ်နေ့ နေ့လယ်တွင် သူရောက်နေသောကြောင့် အရင်တစ်နေ့ကပြောသော ကျားပေါ်သဖြင့် နောက်ကနေလိုက်ချောင်းသည်ဆိုသော စကားကိုဆက်ခိုင်းသည်။

“အရှေ့ဘက်တောမှာ သားကောင်တွေပေါတော့ ကျားက မကြာမကြာ လာတယ်။ အဲဒါ ပေါ်တယ်လို့သတင်းကြားရင် ကျွန်တော်တို့မုဆိုးတွေ ဝိုင်းလိုက်တာဘဲ။ တစ်ယောက်တည်းတော့ မနိုင်ဘူး။ အနည်းဆုံး သုံး လေးယောက်တော့ ပါရတယ်။ ကျွန်တော်တို့ကိုင်တာက ဒူးလေးနဲ့ တူမီးသေနတ်တွေကိုး။ တူမီးသေနတ်ဆိုတာက တစ်ချက်ပစ်ပြီးရင် အိတ်ထဲက ယမ်းကို ပြောင်းထဲကို ထည့်ထောင်းရ သေးတယ်။ ပြီးမှ ခဲသီးထည့်ရတာကိုး။ ရိုင်ဖယ်သေနတ်လို မောင်းတတ်ပြီး ပစ်လို့မှ မရတာ။ ဒီတော့ မုဆိုးဝနှစ်ယောက် သုံးယောက် ဝိုင်းပြီး တစ်ယောက်ကပစ် တစ်ယောက်ကကျည်ထိုးပေါ့။ ဒီလိုပဲ ဝိုင်း
ပစ်ရတာ”

“ကျားရရင် ဘာလုပ်လဲ”

“အရင်ဆုံး ပစ်တဲ့သူ၊ သေအောင် ပစ်နိုင်တဲ့လူက ကျားခေါင်းနဲ့ အရေခွံကိုရတယ်။ အရေဆုတ်ပြီးရင် ကျန်တဲ့လူ တွေ ဝေယူကြတာပဲ။ ဒါက အရင်ထုံးစံ
ပြောတာပါ။ အခုတော့ ကျားရရင် ရောင်းစားတာပါပဲ။ အိန္ဒိယကလူတွေ လာဝယ်တယ်။ ဈေးကောင်းပေးတော့ ကျွန်တော်တို့မုဆိုးတွေ ကျားသတင်းပဲ နားစွင့်နေတာ။ ကျားလည်ရင်း မရရင် မျောက်ပစ်ပြီး ပြန်လာတာဘဲ။ မျောက်ကတော့ ပေါတာကိုး”

“မျောက်သားကို ဘယ်လိုရောင်းရတာတုံး။ အမဲသားရောင်းသလို အသားထုတ်ပြီး ရောင်းတာလား”

“အကောင်လိုက်ဝယ်ရင်လည်း ရောင်းတယ်။ များသောအားဖြင့်တော့ ဓါးနဲ့ခုတ်ပြီး အပုံတွေလုပ်ပြီးရောင်းတာဘဲ။ ဒီမှာက ဈေးမရှိတော့ အသားငါးရှား တယ်။ မုဆိုးပြန်လာမှ အသားကရတော့ သူတို့ပြန်လာရင် လာစောင့်ပြီး ဝယ်ကြတာပါပဲ”

“ဒါနဲ့ ဒီမှာ ဈေးမရှိတော့ ဘယ်လို စားသောက်နေကြတုံး”

“အရှေ့ဘက် လယ်တောသွားတဲ့ လမ်းမှာ တောင်ကျချောင်းရှိတယ်။ ချောင်းက အရှည်ကြီး။ လယ်တောသွားရင်းနဲ့ ငါးတွေ့ရင် ပက်တာပဲ။ တစ်ခါတလေကျရင်လည်း လူစုပြီး မိုင်းခွဲတယ်။ ငါးရတာပေါ့။ ဟင်းသီးဟင်းရွက်ကတော့ ပေါပါတယ်။ တောထဲသွားရင် ခူးလို့ မနိုင်ဘူး။ ဒါတွေ စားနေတာပေါ့”

သည်လိုနှင့် ထိုမုဆိုးသည် ရုံးထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာနိုင်သည်။ ကျွန်တော်တို့ကလည်း သူ့ကို တောက်တိုမည်ရ ခိုင်းသည်။ သူကလည်း ဖင်ပေါ့ပေါ့ဖြင့် သွားလာလုပ်ကိုင်ပေးသည်။

ထိုရွာတွင် ရှိနေစဉ် ထူးဆန်းသော အခြင်းအရာတစ်ခုကို တွေ့ခဲ့ရသေးသည်။ ညဘက်တွင် လသာသာ၌ ကလေးများက ရုံးရှေ့လာပြီး ဆော့ကြသည်။ စိန်ပြေး တမ်းကစားသည်။ ခွေးရူးလုပ်တမ်း ကစားသည်။ တစ်ဦးက နောက်ကလိုက်၊ အများကရှေ့မှပြေး စသည်ဖြင့်။

ကျွန်တော်တို့ရုံးရှေ့တွင် သစ်ပင်ဖြောင့်ဖြောင့်ကိုခုတ်ပြီး လမ်းကိုဖြတ်ကာ မောင်းတံပြုလုပ်ထားသည်။ ကလေးများသည် မောင်းတံကိုပတ်ပြီး ပြေးကြလွှားကြသည်။ အဝေးမှပြေးလာပြီး မောင်းတံအောက်သို့ရောက်လျှင် ဖျတ်ခနဲငုံ့ဝင်ပြီး ပြေးရသည်။ ကလေးတိုင်း ထိုအတိုင်း ပြေးလွှားနေကြသည်။

ကျွန်တော်သည် ညပိုင်းအားနေလျှင် ကလေးများ ရုံးရှေ့တွင် လာကစားနေသည်ကို ထိုင်ကြည့်နေတတ်ပါသည်။

တစ်နေ့တွင် ညွန့်မောင်ဟုခေါ် သော အမှုထမ်းက ကလေးတစ်ယောက်ကို ခေါ်လာသည်။ ကလေးမှာ (၁၂) နှစ် သားအရွယ်ခန့်ရှိမည်။ စွပ်ကျယ်အင်္ကျီ ဘောင်းဘီတိုအနွမ်းကလေးနှင့်။ ခေါင်းကလေးမော့ပြီးဝင်လာသည်။ ရောက်တော့ သူကပြောသည်။

“ဆရာ … သူ့နာမည်က ထန်းလျန်တဲ့။ သူ့ကိုကြည့်ဦး ဘာထူးခြားသလဲလို့ ကျွန်တော်က သူ့ကို အသေအချာ ကြည့်လိုက်သောအခါ မျက်လုံး လုံးဝမပါဘဲ ဟောက်ပက်ကြီး ဖြစ်နေသည်။

မျက်လုံးနေရာတွင် ဘာမှမရှိဘဲ အချိုင့်ကြီးဖြစ်နေသည်ကို တွေ့ရသည်။သို့သော် သူသည် လူကောင်းတစ်ယောက်လိုပင် သွားနိုင်လာနိုင်သည်။ ညွန့်မောင်နောက်က လိုက်လာလိုက်သည်မှာ ဖြောင့်နေ သည်။ လှေကားထစ်များကို အေးအေးဆေးဆေး နင်းတက်လာသည်။

စိန်ပြေးတမ်းကစားရာတွင် နောက်ကလိုက်ရမည့်အလှည့်ဆိုပါက သူလိုငါလိုပင် ပြေးလိုက်နိုင်သည်။ အတားအဆီးများကို ကွေ့ရှောင်သွားနိုင်သည်။

လမ်းကို ဖြုတ်ချထားသော မောင်းတံအနီးရောက်လျှင် အများသူတကာကဲ့သို့ပင် ငုံ့ဝင်ပြီး ပြေးသွားသည်။ ခလုတ်တိုက်ခြင်း၊ တန်းနှင့်တိုးမိခြင်း မရှိပေ။ အံ့ဩစရာ အလွန်ကောင်းသည်။

ကလေးအုပ်ထဲတွင် သူ ပြေးလွှားနေသည်ကို ကျွန်တော် တွေ့မိပါသည်။ သို့ရာတွင် ယခုကဲ့သို့ မျက်လုံးမရှိသည်ကို သတိမထားမိပေ။

ကျွန်တော်က သူ့ကို မေးကြည့်သည်။ သူက ဗမာစကားမတတ်သဖြင့် စကားပြန်နှင့် ပြောရသည်။

“သူ ဒီတန်းကြီးကိုဘယ်လိုသိလို့ ငုံ့ဝင်သွားတာလဲ”

စကားပြန်က မေးသောအခါ သူက ချင်းလိုပင်ပြန်ပြောသည်။

“သူပြောတာကတော့ တန်းရှိတာကို သူသိတယ်လို့ပြောတာပဲ”

“အေး … ဘယ်လိုသိတာလဲ”

“တန်းနားရောက်ရင် လက်ဆန့်ထုတ်လိုက်ပြီး စမ်းလိုက်တာပဲ။ ပြီးရင် တန်းကိုခိုပြီး အောက်ကငုံ့ဝင်သွားတယ်လို့ ပြောတယ်”

“အင်းလေ … သူ ပြေးလွှားနေတာပဲ။ ပြေးရင်းနဲ့ သိတာပဲလား”

“သူ သိတယ်ဆရာ။ ဖျတ်ခနဲဆို တန်းကိုကိုင်ပြီး ငုံ့ဝင်သွားလိုက်တာပဲ။ တကယ့်မြင်တဲ့ လူလိုပဲ။ ဒါတင် မဟုတ်သေးဘူး ဆရာ။ တောထဲမှာ ကျွဲဖမ်းတာလည်း ကျွမ်းတယ်”

“ဘယ်လိုကျွမ်းတာလဲ … ပြောပါဦး”

သူတို့ရွာတွင် လယ်ယာလုပ်ငန်းကို ကျွဲနှင့်လုပ်ကြသည်။ လယ်ထွန်ပြီးပါက ကျွဲကို တောထဲသို့မောင်းလွှတ်လိုက်သည်။ ကျွဲသည် တောထဲဝင်ပြီး ရေစိမ် သည်။ စားကျက်တွင် စားသောက်နေသည်။

လယ်သမားက လယ်ထွန်တော့မည်ဆိုလျှင် ကျွဲကိုလိုက်ရှာပြီး ပြန်မောင်းယူလာကြရသည်။ သို့ရာတွင် တိရိစ္ဆာန်များဖြစ်သောကြောင့် စားကျက်ကျော် လွန်ပြီး သွားလာနေကြသည်များရှိလျှင် ခိုင်းစရာရှိပါက ပိုင်ရှင်က တောထဲအထိ လိုက်ရှာရသည်။

ထန်းလျန်တို့အိမ်မှ ကျွဲထီးကြီးတစ်ကောင်သည် မကြာခဏ စားကျက်ကျော်ပြီး သွားလာနေတတ်သည်။ ထန်းလျန်၏ အစ်မတစ်ယောက်က လိုက်ရှာရ သည်။ ရှာ၍မတွေ့လျှင် ထန်းလျန်ကို လာခေါ်သည်။ သူက အစ်မနှင့် တော ထဲလိုက်သွားပြီး ရှာပေးသည်။ သူရှာပုံမှာ လွယ်လှသည်။

တောထဲရောက်လျှင် သူက အစ်မလက်ကိုဆွဲပြီး ချောင်းရိုးမြောင်းရိုးများကို ခုန်လွှားသွားသည်။ သွားလိုက်သည်မှာ လူကောင်းကပင် အရှုံးပေးရလောက်အောင် မြန်ဆန်သည်။ ကျွဲမှာ တောထဲတွင် အခြားကျွဲများနှင့် ရောနှောပြီး စားသောက်နေ၏။

ထန်းလျှံသည် သူ့ကျွဲရှိရာသို့ တန်းတန်းမတ်မတ် ပြေးသွားပြီး ကျောပေါ်ခုန်တက်လိုက်သည်။ ကျွဲက သူ့သခင်လာခေါ်မှန်း သိသဖြင့် နောက်ကြောင်းပြန်လှည့်လာသည်။ ပြီးသော် မောင်နှမနှစ်ယောက် ကျွဲစီးပြီး ပြန်လာကြတော့သည်။ ကျွဲပျောက်တိုင်း မကြာခဏ ရှာပေးနေကျဖြစ်သည်။

သူ့ကိုမေးကြည့်တော့ အနံ့ရသည်ဟု ဆိုသည်။ ကျွဲတွေကြားထဲမှာ သူ့ကျွဲ၏အနံ့ကို သိသည်။ ထိုသို့ အနံ့နှင့် လိုက်ရှာခြင်းဖြစ်သည်။ အံ့စရာပင် ဖြစ်သည်။

ထိုကလေး ထူးဆန်းမှုက နောက်တစ်ခုရှိသေးသည်။ ကားများကို ကိုင်စမ်းကြည့်ရုံနှင့် ကားအမည်ကို ပြောနိုင်ခြင်းဖြစ်သည်။

ထိုအရပ်၏ ထုံးစံမှာ ကားများကို အမည်တပ်ထားကြသည်။ မြတ်လေးနွယ်၊ ရွှေသစ္စာ၊ ကြံတိုင်းအောင်၊ ချင်းတွင်းမောင်၊ မြတ်နိုးသူ၊ မေတ္တာရောင် ပြန်၊ တင်မြင့်ဝင်း စသည်ဖြင့် ကားတိုင်း နာမည်များကိုယ်စီရှိပြီး ကားဘေးတွင် ရေးထားသည်။

ကားများက ထိုစဉ်က ခေတ်စားသော ချက်ပက်လက်ခေါင်းတို သစ်သားကိုယ်ထည်နှင့် ကားများဖြစ်၏။

ရုံးရှေ့သို့ ကားရပ်လျှင် ထန်းလျန်သည် ဈေးသည်များနှင့်အတူ ရောက်လာပြီး ကားကိုလက်ဖြင့်စမ်းကြည့်၏။ သူစမ်းပုံမှာ သာမန်ကာလျှံကာ လက်နှင့်လျှောက်ကိုင်ကြည့်ခြင်းသာ ဖြစ်သည်။ အသေ အချာကိုင်ကြည့်ခြင်း မဟုတ်ပေ။

ပြီးသော် …

“ဟာ … ကြံတိုင်းအောင် ဂျိုးဇက်ကားကြီး”

“ဟာ … မြတ်နိုးသူ ခံတွန်းကားကြီး”

“ဟာ … မေတ္တာရောင်ပြန် ကလေးဝကား”

စသည်ဖြင့် ကားပိုင်ရှင်အမည်ပါ အကုန်ပြောနိုင်သည်။ မည်သူမျှ ခိုင်း၍မဟုတ်။ သူ့သဘောနှင့်သူ လာပြီးဆော့ ကစားရင်း ပြောသွားခြင်း ဖြစ်သည်။

“မင်း ဘယ်လိုသိတာလဲ”

ဟု မေးသောအခါ စမ်းကြည့်သည်ဟု ပြောသည်။ ဟုတ်ပါသည်။ ကားတစ်စီး ဆိုက်လာလျှင် သူသည် ကားကို ဦးခေါင်းမှစ၍ နောက်ပိုင်းအထိ တဖြည်းဖြည်း လက်နှင့်စမ်းသပ်ပြီး ဘယ်ကားဟုပြောခြင်း ဖြစ်သည်။

ကားများမှာ တစ်စီးနှင့်တစ်စီး ဂီယာသံ၊ စက်သံမတူဘဲရှိလေရာ ထိုအသံကိုကြားလျှင်လည်း သူသိလေသည်။

ကားသမားများမှာ တစ်နေ့တစ်နေ့ သူနှင့်အမေးအဖြေ ပြုလုပ်ပြီး တအုန်းအုန်းနှင့် ပွဲကျနေကြ လေသည်။

ထိုအရပ်တွင် ထိုစဉ်က မှန်လုံကားများကလည်း မပေါ်သေးသဖြင့် ကလေး – ကလေးဝ – တမူး ပြေးဆွဲနေသော ကားများမှာ လူစီးကုန်တင်ကားဆိုလျှင် ချက်ပလက်ခေါင်းတို သစ်သားဘော်ဒီနှင့် ကားဖြစ်ပြီး ကုန်တင်သက်သက်ဆိုပါက ဘေးနံရံအမြင့် ကုန်ကားများသာ ဖြစ်သည်။

သူသည် ထိုကားများကို လက်နှင့်စမ်းပြီး စက်သံကိုနားထောင်၊ ဘယ်ကကား၊ ဘယ်သူ့ကား ဆိုသည်ကိုပြောနိုင်ခြင်း ဖြစ်လေသည်။

ထိုသို့ နေလာစဉ် တစ်ရက်၌ မုဆိုးသည် အင်ဖက်နှင့်ထုပ်ထားသော အထုပ်တစ်ထုပ်ကို ဆွဲပြီး ရောက်လာပြန်သည်။ ရုံးရောက်သော် အထုပ်ကိုဖြေပြ ရင်း ပြောသည်။

“ဒီနေ့တော့ ဖြူသားနဲ့ ဖြူချေးခါး ယူလာတယ်”

“ဟင် … မင်းကလည်း ဖြူချေးခါးရယ်လို့ပဲ၊ စားလို့ရရဲ့လား”

ဟု တစ်ယောက်က ပြောသည်။

“အာ … ဆရာတို့ မသိလို့။ ဖြူသားဆိုတာ ဆေးဖက်ဝင်တယ်”

ဖြူဆိုသည်မှာ မြေကြွက်ကြီးသာသာအရွယ်၊ တစ်ကိုယ်လုံး ဆူးတောင်တွေနှင့် အကောင်ဖြစ်ပြီး တွင်းအောင်းသတ္တဝါ ဖြစ်သည်။ ဖြူသည် ကုပ်ကုပ် ကုပ်ကုပ်နှင့် သွားတတ်ပြီး သူ့ကို အန္တရာယ်ပြုမည် ထင်လျှင် ကိုယ်ကို ကျုံ့လိုက်ပြီး ခါထုတ်လိုက်သည်နှင့် ဆူးတောင်များက ပလူပျံအောင် အရပ်ရှစ်မျက်နှာသို့ ထွက်လာသည်။ သူ၏ ဆူးများမှာ ဂုန်နီအိတ်ချုပ်သော အပ်လောက်ရှိသည်။ အတော်လေး ကြီးသည်။ ထိလိုက်လျှင် စိုက်သွားပြီး အဆိပ်ပါ တတ်သည်။

“သူ့ကိုပစ်ရင်ချောင်းပြီးပစ်ရတယ်၊ သေနတ်နဲ့ပစ်လို့မရဘူး”

“ဘာဖြစ်လို့လဲ”

“သူက အကောင်ငယ်တာကိုး။ သေနတ်နဲ့ပစ်ရင် စုတ်ပြတ်သွားမှာပေါ့။ သူ့ဆူးလည်း ကြောက်ရသေးတယ်”

“ဒါဖြင့်ရင် ဘာနဲ့ပစ်သလဲ”

“ပြောင်းနဲ့မှုတ်ရတာ၊ ပြောင်းရှည်ကြီးမှာ မြားတပ်ပြီး မှုတ်လိုက်ရတာ။ မြားမှာ အဆိပ်သုတ်ထားတော့ ထိတာနဲ့ ပက်လက်လန်သွားတာပဲ။ အဲဒါ ပြေး ကောက်ပြီး ဗိုက်ကို ဓားနဲ့ခွဲလိုက်ရတယ်။ အစာအိမ်နဲ့ အူသိမ်ကို ဖြတ်ထုတ်လိုက်တာပဲ။ သေပြီမှယူရင် အနံ့မကောင်းလို့ ဒီလိုလုပ်ရတာ။ အခု အဲဒီ ချေးခါးကို ယူလာတာ။ စား … ဆေးဖက်ဝင်တယ်။ သူက သစ်ဥသစ်ဖုပဲ စားတာ”

သူက အပြောကောင်းသဖြင့် စားကြည့်ရပြန်သည်။ မျောက်ချေးခါးလို သစ်ရွက်အညွန့်များကိုသာ စားခြင်း မဟုတ်ဘဲ သစ်မြစ်သစ်ဥတို့ကို စားထားသဖြင့် အဖတ်ကလေးများ ပါသဖြင့် ဝါးစားရသည်။

ကျွန်တော်ကတော့ အနည်းငယ်စားကြည့်ပြီး မသတီသဖြင့် အသားကိုသာ စားသည်။

ဖြူသားကိုလည်း မီးမြိုက်ထားသောကြောင့် ဓားနှင့်ခြစ်ပြီး မီးကင်စားကြသည်။ သူယူလာသော ဖြူ မှာ ကြောင်ပေါက်စအရွယ်လောက် ရှိ၏။ ဆေးဖက်ဝင်သည်ဆိုခြင်းကြောင့် တစ်ယောက်ကို အနည်းငယ်စီ စားကြသည်။

အသားကတော့ နူးညံ့ပါသည်။ အချိုဓာတ်လည်း ရှိသဖြင့် စားကောင်းသည်။

သည်ရွာရောက်မှ တောကောင်အသားများကို စားနေရသဖြင့် ဟုတ်နေတော့သည်။

မုဆိုးကိုလည်း သူယူလာတိုင်း ငွေ သင့်သလိုပေးပါသည်။ သူက ပိုက်ဆံရသော်လည်း မပြန်သေးဘဲ ရုံး တွင် ဝေယျာဝစ္ စလုပ်စရာရှိသည်များကို လုပ်ကိုင်ပေးနေသေး၏။ ညနေစောင်းမှ ပြန်သည်။

သူလာလျှင် လက်ချည်းမလာဘဲ တစ်ခုခုတော့ ယူလာမြဲဖြစ်သည်။ သူ့ထံမှ အထူးအဆန်းများလည်း ကြားရသဖြင့် သူမလာလျှင် မျှော်နေရသည်။ ရောက်လာလျှင် ဝိုင်းမေးကြ၊ စားကြ သောက်ကြနှင့် စည်းကားနေလေသည်။

တစ်ညနေ အထုပ်တစ်ထုပ်နှင့် ရောက်လာပြန်သည်။

“ဒီတစ်ခါ ဘာယူတာတုံးဗျ”

“အဟဲ … ဒီတစ်ခါတော့ ဒရယ်ချေးခါးနဲ့ အသားယူလာတယ်”

သူက ဒရယ်ချေးခါးဆိုသဖြင့် ရဲဘော်များက နှာခေါင်းရှုံ့သွားသည်။

“မင်းကလည်း ဒရယ်ချေးခါးရယ်လို့ပဲ။ ကြား မကြားဘူးမပါဘူးကွာ”

“အဲဒါ ခက်တာပေါ့။ ဒရယ်လည်း တောထဲမှာ နေတာ။ သူက သစ်ရွက်နုတွေ၊ မြက်ချိုတွေမှ စားတာ။ ဆေးဖက်ဝင်တယ်။ စားရခဲတယ်။ ဆရာတို့ ကံကောင်းလို့ စားရတာ။ ကျွန်တော် မနည်းပြောဆိုပြီး ယူလာရတာ။ စား ဆရာ … ကောင်းတယ်။ ဆတ်ရရင် ချိုနု ယူလာဦးမယ်။ ဆရာတို့ တစ်ခါတည်း မြောက်တက်သွားမယ်”

“ဘယ်လိုမြောက်တက်မှာလဲ။ ပြောပါဦး”

“အာ … ဗိုလ်လုံ၊ ဆတ်ချိုနုဆိုတာ ရှားမှရှားပဲ။ ရရင်လည်း အရက်နဲ့စိမ်ထား။ နည်းနည်းချင်းသောက်၊ အားရှိတယ်။ အဖျားအနာဆိုတာ ဘယ်တော့မှ မလာဘူး။ ပေါ့တယ်၊ မြန်တယ်၊ အား ကောင်းမောင်းသန်၊ ဘက်စုံကောင်းတယ်”

“အေး … မင်းအပြောကောင်းတာနဲ့ အခုတောင် လိုချင်လာပြီ။ ယူလာခဲ့ကွာ … မြည်းစမ်းရအောင်”

“ဒါပေမယ့် မင်းအခုယူလာတဲ့ ဒရယ်ချေးခါးဆိုတာကတော့ မဟုတ်သေးဘူးထင်တယ်”

“ကောင်းတယ်နော်။ ရခဲတယ် … မြည်းကြည့်လိုက်ဦး”

သူက ကောင်းတယ်ဆိုသော်လည်း ကျွန်တော်ကတော့ မစားပါ။ ဒရယ်သား မီးမြှိုက်ကိုသာ စားသည်။ မီးမြှိုက်ထားသောအသားမှာ မျောက်သားလို အသားမကြမ်းဘဲ နူးညံ့သဖြင့် စားကောင်းပါသည်။ ဒရယ်မှာ ဆိတ်သာသာအရွယ်ရှိသော အကောင်ကလေး ဖြစ်သည်။ မြို့မှာဆိုလျှင် ဒရယ်သားရောင်းလျှင် ခွာပါသော ခြေထောက်ကလေးတစ်ချောင်းကို ပြပြီး ရောင်းရသည်။ ဒရယ်အစစ်ဖြစ် ကြောင်း ခြေထောက်ကို ပြခြင်းဖြစ်သည်။ နို့မို့ဆိုလျှင် ဆိတ်သားဆိုပြီး ဝယ်သူမရှိ ပေ။

သည်မှာတော့ ဆိတ်က ရှားသောကြောင့် ဒရယ်သားအစစ် ရသည်။ သူပြောသော ဒရယ်ချေးခါးဆိုသည်ကိုတော့ ပြောသံမကြားဘူးပေ။

သို့သော် ကျွန်တော့်ရဲဘော်များကတော့ သူပြောစကားကိုယုံပြီး စားကြသည်။ သို့သော် ဒီအတိုင်းမစားဘဲ စားကောင်းအောင်ဆိုပြီး ဒယ်အိုးထဲထည့် ကာ ဆီများများ၊ ကြက်သွန်ဖြူဖြင့် ပြန်နွေးပြီးစားကြ၏။

သူပြောသလို ဒရယ်မှာ တောထဲတွင် ပြေးရင်းလွှားရင်း သစ်ပင်အနိမ့်ကလေးများထိပ်မှ အညွန့်များကို စားသောကြောင့် သူယူလာသော ချေးခါးတွင် သစ်ရွက်နုလေးများပါနေသည်။ မြက်လည်း ပါသင့်သလောက် ပါသည်။

သို့သော် မြက်ကိုဖယ်ပြီး စားကြသည်။

ဒရယ်ချေးခါး ယူလာပြီး ထိုမုဆိုး ပျောက်နေသည်။ ရုံးကိုလည်း မလာ၊ ရွာထဲမှာလည်း မရှိသဖြင့် တောလည်နေသည်ဟု ထင်ရသည်။

ကျွန်တော်တို့ရုံးတွင် လူကို ရှာဖွေသော အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်ရသည်။ ကလေး-တမူး ဆို သည်မှာ နယ်ခြားဒေသဖြစ်ခြင်းကြောင့် နိုင်ငံခြားသို့ ကျောက်မျက်ရတနာကို ခန္ဓာကိုယ်တွင် သိုဝှက်ပြီးယူတတ်သည်။ ပတ္တမြားအဖုံးများကို ခါးပတ်တွင် အိတ်ကပ်ချုပ်ပြီး ပတ်လာတတ်သည်။ အင်္ကျီအောက်နားစတွင် အိတ်အပိုတစ်ခု ထပ်ချုပ်ပြီး ထည့်လာတတ်သည်။

အိန္ဒိယမှ ပြန်ဝင်လာလျှင် စိန်ရိုင်းနှင့် မြကျောက် ယူလာတတ်သည်။ မူးယစ်ဆေးဝါး သယ်ဆောင်တတ်သည်။

များသောအားဖြင့် လူရှိုင်းလူမျိုးများ လုပ်တတ်သည်။ သူတို့သည် ကလေးမြို့တွင် ရပ်ကွက်တစ်ခု၌ စုနေသည်။ သူတို့၏ ပင်ရင်းနိုင်ငံမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ခေါ် လူရှိုင်းပြည်နယ်သားများ ဖြစ်သည်။ ရေကြည်ရာမြက်နုရာ သွားလာရင်းမှ မြန်မာနိုင်ငံ ချင်းပြည်နယ်မှတစ်ဆင့် ကလေးမြို့သို့ ဝင်ရောက်နေထိုင်ခြင်း ဖြစ်၏။

သူတို့နေသောအိမ်မှာ အမေရိကန် ရုပ်ရှင်များထဲက ကောင်းဘွိုင်အိမ်များနှင့် တူသည်။ အပြင်ဘက်ကကြည့်လျှင် မွဲစုတ်စုတ်နှင့်။ အတွင်းဘက်မှာတော့ သပ်သပ်ရပ်ရပ် စားပွဲနှင့်၊ ကုလားထိုင်နှင့်နေသည်။

သူတို့ထဲမှအချို့သည် ကောင်းရောင်းကောင်းဝယ်မလုပ်လိုဘဲ မှောင်ခိုအလုပ် လုပ်တတ်သည်။ သူတို့ ကားပေါ်ပါလာလျှင် အထုပ်အပိုးများကိုသာမက လူကိုပါ ရုံးခန်းထဲခေါ်လာပြီး ရှာရသည်။ ဒီလိုအခါမျိုးဆိုလျှင် မုဆိုးကို သုံးရသည်။ သူ့ကို ရှာခိုင်းရသည်။

ခန္ဓာကိုယ်ကို အကြိုအကြားပါမကျန် နှိုက်ချွတ်ရှာရသောကြောင့် သူ့ကိုရှာခိုင်းခြင်း ဖြစ်သည်။ ဒီလိုရှာဖွေရာတွင် သစ္စာရှိဖို့ လိုသည်။ အကြိုအကြားနှိုက်၍ ပစ္စည်းတွေ့ပြီဆိုလျှင် သူက အနားတွင် စောင့်နေသော တာဝန်ရှိသူကို သတင်းပို့ရ၏။ တာဝန်ကျအမှုထမ်းက အပေါက်ဝတွင် ရပ်စောင့်နေသော်လည်း သူက တွေ့ပြီဆိုတော့မှ တွေ့သည့်ပစ္စည်းကို ထုတ်ယူပြီး အမှုဖွင့်ခြင်း၊ ရေတွက်ခြင်း၊ ချိန်တွယ် ခြင်းများပြုရသည်။ သူက ဘာမှမပြောလျှင် အသာကြည့်နေလိုက်ရုံပဲဖြစ်သည်။

ထို့ကြောင့် သူက သစ္စာရှိရန် လိုခြင်းဖြစ်သည်။ သူက တွေ့လျက်နှင့် မပြောလျှင် လွတ်သွားနိုင်သည်။ သို့ရာတွင် သူက မှန်ကန်စွာ ဆောင်ရွက်ပေးတတ်သောကြောင့် သူ့ကို ခေါ်သုံးနေခြင်းဖြစ်သည်။

သူမလာတော့ ထမင်းချက်သည့် ကပူးဆိုသူ လူကြီးကို ခေါ်သုံးရသည်။ ကပူးက လူကြီးဖြစ်သောကြောင့် မသွက်လက်။ လေးသည်။ ထို့ကြောင့် သူ့ကိုမျှော်ကြခြင်း ဖြစ်သည်။ သူလာသော်လည်း ကားတိုင်းတွင် လူရှိုင်းပါသည် မဟုတ်သောကြောင့် ထွေရာလေးပါး ရယ်စရာမောစရာများ ထိုင်ပြောနေကြပါသည်။

သူ့ထံမှ စကားအထူးအဆန်းလည်း ကြားရ၏။

တစ်နေ့ သူက …

“ကျွန်တော်မှာ ကြွေးတွေရှိတယ်။ ဒါကြောင့် မနားမနေ အလုပ်လုပ်နေရတာ”

“ဘယ်ကကြွေးတွေလဲဗျ။ ပြောပါဦး”

“ယောက္ခမ ကြွေးတွေ”

ယောက္ခမကြွေးဆို၍ စိတ်ဝင်စားပြီးမေးကြည့်သည်။

“ဒီလိုဗျ” ဟု ဆိုကာ သူ မိန်းမယူသောအခါ မင်္ဂလာ ကြေး တင်ရသည်။ ကျွဲနှစ်ကောင်၊ တောင်ယာနှင့် နေစရာအိမ်အပြင် ငွေပါ တင်ရသည်။ တင်ရမည့်ငွေက သုံးထောင်ဖြစ်သည်။ သူ့မှာက ငါးရာပဲရှိသည်။ အပြည့် မတင်နိုင်။

ထို့ကြောင့် မိန်းကလေးမိဘက မပေးစားပေ။

သည်လိုနှင့် တစ်နှစ်နေရသည်။ နောက်နှစ်လည်း မိုးမကောင်းသဖြင့် မင်္ဂလာကြေးက မတင်နိုင်။ သုံးနှစ် ကြာတော့ မနေနိုင်သဖြင့် ခိုးပြေးသည်။ တခြားရွာမှာ သွားနေသည်။

သားဦး မိန်းကလေးမွေးတော့ ရွာပြန်လာသည်။ ယောက္ခမက ပြန်လက်ခံသည်။ သို့သော် မင်္ဂလာဖိုးငွေတော့ တဖြေးဖြေးပြည့်အောင် ပြန်ဆပ်ရသည်။

သူတို့က ပေးသောငွေကို မှတ်ထားသည်။ သားဦးက မိန်းကလေးဖြစ်ရာ အားမကိုးလောက်။ အဖေ့လက်ထက်က ကျန်သော မင်္ဂလာကြေးကို သားစဉ်မြေးဆက် ဆပ်၍ရသည်။ သို့သော် သူက သမီးချည်း သုံးယောက်မွေးထားရာ ကူဆပ်မည့်သူ မရှိသဖြင့် ကိုယ်တိုင်ရုန်းကန်နေရသည်ဟု ဆိုပါသည်။

“ခင်ဗျား ယောက္ခမက ဘယ်ရွာမှာ နေတာတုံး”

“ဒီရွာမှာပဲနေတာ။ တစ်အိမ်တည်း နေတာလေ။ တစ်အိမ်တည်းနေတယ်ဆိုပေမယ့် အကြွေးကအကြွေးပဲလေ။ ဆပ်စရာရှိတာတော့ ဆပ်ရမှာပဲ။ ကျွန်တော့်မှာ ဒီအကြွေးက ပူနေတာ”

စသည်ဖြင့် အထူးအဆန်းစကားများလည်း ကြားရသည်။

ထိုသို့မျှော်နေစဉ် အထုပ်တစ်ထုပ်ဆွဲပြီး ရုံးအတွင်းသို့ သူဝင်လာပါသည်။ သူ့မျက်နှာမှာ ပြုံးနေသောကြောင့် စားစရာ တစ်စုံတစ်ရာ ပါလာကြောင်း သိနိုင်သည်။

“ဟော … လာပါပြီဗျာ။ လာကျဲအို”

“ဒီတစ်ခါ ဘာပါလဲဟေ့”

“အား … ဆရာတို့ အကြိုက်တွေ့မှာသိလို့ တမင်စောင့်ယူလာတာ။ ဒီမနက် ရွာမှာ ကောက်သစ်စားပွဲလုပ်တယ်။ ကျွန်တော် ဝိုင်းကူလုပ်ပေးရင်း မနည်းလုယူလာရတာ။ စားဖူးတယ်ရှိအောင် စားကြည့်ပါဦး”

“ဘာများတုံး လာကျဲအိုရဲ့”

“ကျွဲချေးခါးလေ”

“ဘာတဲ့ – ကျွဲချေးခါး ဟုတ်လား။ မင်းဟာကလည်းကွာ”

“လောင်ကျဲကတော့ လုပ်ချလိုက်ပြန်ပြီကွာ”

“ကျွဲချေးခါးရယ်လို့ပဲကွာ”

ကျွဲချေးခါး ဆိုသောအသံ ကြားရသောကြောင့် ကျွန်တော်တို့တစ်သိုက် ပွက်ပွက်ညံသွားခြင်းဖြစ်သည်။

“ဒရယ်ချေးခါးလောက်အထိက လက်ခံသေးတယ်။ မင်းဟာက ကျွဲချေးခါးဆိုတော့ လွန်လာပြီကွာ။ နောက်တစ်ခါဆိုရင် နွားချေးခါးတို့၊ ဆိတ်ချေးခါးတို့ လာဦးမလားဘဲ”

ထိုအခါ လောင်ကျဲသည် မျက်နှာကလေးငယ်ငယ်ဖြင့် သူယူလာသောအထုပ်ကို ဖွင့်ပြသည်။

“ဒီမှာကြည့်ဦး၊ ကျွဲပေါ်ပြီးပြီးချင်း ကျွန်တော် ဖြတ်ယူလာတာ။ ကောင်းတယ် … ကြည့်ပါဦး”

သူက အထုပ်ကို ဖွင့်ပြသဖြင့် ကြည့်လိုက်ကြသည်။ ကျွဲသားရေနှင့်ရောပြီး လုံးထွေးနေသော မြက်ဖတ်လုံးကြီးဖြစ်သည်။ တုတ်တစ်ချောင်းဖြင့် မွှေနှောက်ကြည့်ပြန်သော်လည်း မြတ်ဖတ်များကိုသာ မြင်ရသည်။

“ဆေးဖက်ဝင်တယ်ဆိုရင်လည်း မင်းပဲ စားလိုက်ပါကွာ။ ငါတို့ မစားပါဘူး။ အေး … ကျွဲသားတော့ စားမယ်”

ကျွဲမှာ အကောင်ငယ်သောကြောင့် နူးညံ့သည်။ ကျွန်တော်တို့သည် ကျွဲသားကိုပြုတ်ပြီး ပြန်နွှင်ကာ ငရုတ်သီးစပ်စပ်ဖြင့် ပြန်ကြော်စားလိုက်ကြသည်။

လောင်ကျဲယူလာသော ကျွဲချေးခါးကိုတော့ မယူလိုက်။ ပြန်ပေးလိုက်သည်။

ညနေပိုင်း ထမင်းစားချိန်ရောက်၍ ထမင်းစားကြသောအခါ ထမင်းချက် အဘိုးကြီး ကပူးက ပြောသည်။

“ဆရာတို့က လောင်ကျဲကို အကောင်းမှတ်လို့။ သူ့ကိုရွာထဲမှာ ပွကြီးလို့ ခေါ်ကြတယ်”

“ဘာဖြစ်လို့တုံး ကပူးရဲ့”

“သူက နေရာတကာ ပါတယ်လေ။ တောင်ယာရှိပေမယ့် သူမလုပ်ဘူး။ မိန်းမ လုပ်ရတယ်။ သူက ဒီလိုပဲ လတ်လျား လတ်လျားနဲ့ သွားလာနေတာ။ ကြုံရင် မုဆိုးနောက်လိုက်လုပ်ပြီး မုဆိုးပစ်လာတဲ့ အကောင်တွေ ဘာတွေ ဝိုင်းထမ်းပေးတယ်။

မျောက်ချေးခါးတို့၊ မျောက်သွေးတို့ ဘာတို့ရရင်တော့ လိုက်ရောင်းပေးတယ်။ ဆရာတို့ဆီ ယူလာတာလည်း မုဆိုးရောင်းခိုင်းလို့ လာရောင်းတာ။သူက ဘာမှ ပစ်တတ်တာမဟုတ်ဘူး။ နောက်လိုက်… ”

“ဒရယ်ချေးခါးတို့ ဘာတို့ဆိုတာကကော”

“အဲဒါလည်း သူထွင်တာပါ။ ဒရယ်ချေးခါးတို့၊ ကျွဲချေးခါးတို့ဆိုတာ မရှိပါဘူး။ ဘယ်သူမှ မစားပါဘူး။ ဒီကို လက်ချည်းမလာချင်လို့ ထွင်ပြီးယူလာတာပါ။ ဒီကောင်က လူပေါ့”

“အောင်မယ်လေး ကပူးရယ်၊ စောစောကပြောပါတော့။ ကျွန်တော်တို့မှာ သူပြောသမျှ အဟုတ်မှတ်ပြီး စားနေလိုက်ရတာတွေ”

စင်စစ်တွင် ကျွန်တော်တို့ရုံးသို့ လောင်ကျဲသည် အဝင်အထွက် ကောင်းစေရန် လက်ချည်းသက်သက် မလာဘဲ သူတို့တောတွင် အမွန်အမြတ်ထားသော စားစရာသောက်စရာများကို ယူလာခြင်းဖြစ်သည်။ တောကောင်ကလည်း အမြဲမရသဖြင့် နောက်ပိုင်းတွင် စိတ်ထင်ရာကို လုပ်ယူလာခြင်း ဖြစ်သည်။

ဒရယ်ချေးခါး၊ ကျွဲချေးခါး ဆိုသည်မှာ မည်သူမျှလည်းမစား၊ စားစရာလည်း သဘောမထားသော ဘေးထွက်ပစ္စည်းများ ဖြစ်သည်။

သို့သော်လည်း ကျွန်တော်တို့မှာ ရွာတွင် ပေါင်းစရာလူလည်းမရှိ၊ ပေါ့ပေါ့ပါးပါးနှင့် လုပ်ကိုင်ပေးမည့်သူလည်း မရှိသောကြောင့် လောင်ကျဲကိုပင် အဖော် ကောင်းလုပ်ပြီး သူပြောသမျှ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ရယ်စရာ မောစရာသဘောထားပြီး နေရပါတော့ သည်။

သူ့နာမည်ကိုတော့ နောက်ပိုင်းတွင် လောင်ကျဲ မခေါ်ဘဲ ကျွဲချေးခါးဟု သာ ခေါ်ပါတော့သည်။

သူရဇ္ဇမဂ္ဂဇင်း၊ အတွဲ(၁၆) အမှတ်(၁၀)၊ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ

(နောက်ပိုင်း Facebook က စာတင်လို့မရတော့လျှင် စာဆက်ဖတ်နိုင်ဖို့အတွက် အောက်က Telegram ကို Joint ထားကြပါဗျ)

Leave a Reply

Your email address will not be published. Required fields are marked *