ကျွဲနိုင် နွားနိုင်
——————–
တစ်နေ့တွင် ဘိုးတော်မင်းသည် ရေနန်းစကြာရတနာဖောင်တော်ဖြင့် ရေကြောင်းမှ စုန်ဆင်းလာရာ သတိရသဖြင့် ဦးပေါ်ဦးအား မေးလေ၏။
“ဟဲ့ ပေါ်ဦး”
“ဘုရား”
“ငါကိုယ်တော်မြတ် လှေတော်နဲ့ ရှင်မိဖုရားကြီးလှေတော်တို့ နှစ်စဉ်ပြိုင်ရာ ငါ၏လှေတော်များ တစ်ခါမျှ နိုင်ဖူးသည်မရှိ။ ပြည်သူတွေကြားတွင်လည်း ရှင်မိဖုရားကြီးကို မည်သို့ပြိုင်သည်ဖြစ်စေ နိုင်သည်မရှိသော ကြောင့် ပျက်ရယ်ပြုကြသဖြင့် ရှက်ဖွယ် ဖြစ်ရသည်။မိဖုရားကြီး လှေတော်ကိုနိုင်ရန် အဘယ်သို့ ပြုရမည်ကို လျှောက်တင်စမ်း”
“မှန်လှပါ ပြိုင်သည်ဆိုရာတွင် တာရာနက္ခတ်၊ အင်းချက်ယတြာ မကျွမ်းကျင်ပါက ရှုံးမည်သာ ဖြစ်ကြောင်းပါ”
“ကိုင်း … ပေါ်ဦး သင်က ယတြာဘက်မှာ ကျွမ်းကျင်တော့ ဘယ်ပုံဘယ်နည်း လုပ်ရမယ်ဆိုတာ လျှောက်တင်”
ဦးပေါ်ဦးကလည်း အထောက်အထားနှင့်ပြကာ လျှောက်တင်လေတော့သည်။
“မှန်လှပါ အရှင်မိဖုရားကြီးလှေတော်ကို နိုင်လိုပါက ကျွန်တော်မျိုး လျှောက်တင်သည့် လှေတော်နှင့် ပြိုင်တော်မူပါဘုရား”
“ဘယ်လိုလှေမျိုးလဲကွယ်”
“မှန်လှပါ လောင်းလှေတော်ချင်း မပြိုင်ပါနှင့်ဘုရား … နောက်တစ်ကြိမ် ပြိုင်တော်မူလျှင် ပိန်းကောကြီးနှင့် ပြိုင်တော်မူပါ”
“ပေါ်ဦးရယ် ပြိုင်ဖို့အထူးလုပ်ထားတဲ့ လောင်းလှေနဲ့တောင် မနိုင်တာ … နင့် ပိန်းကောကြီးနဲ့ ပြိုင်လို့ ဖြစ်နိုင်ပါ့မလား”
ဦးပေါ်ဦးကား ယတြာအထောက်အထားနှင့် လျှောက်ထား ပြန်သည်
“မှန်လှပါ … ယတြာပါဘုရား … ပိန်းဆိုသည်ကား ကြာသပတေးနံ ဖြစ်ပါသည်။ ကောသည် တနင်္လာနံဖြစ် ကြောင်းပါ။ ထိုနံနှစ်နံသည် ဓာတ်ဖက်နံများဖြစ်ပါတယ်ဘုရား။ ဘဝရှင်မင်းတရားကြီး၏ နံတော်သည် လည်း တနင်္လာဖြစ်ပြီး … ‘မင်း’ ဆိုသည်မှာ ကြာသပတေးနံဖြစ်ရာ ဓာတ်ဖက်နံများ ဖြစ်ပါတယ်။ ရှေးပညာရှင်များက ဓာတ်ဖက်ရန်ဆောင် တန်ခိုးပြောင်သည်ဟု လျှောက်ထားချက်အရ ပိန်းကောနှင့် ပြိုင်လျှင် ဧကန်နိုင်ပါလိမ့်မည်ဘုရား”
ဘုရင်ဆိုသည်ကား ယတြာဟု ဆိုလိုက်လျှင် ယုံလိုက်ကြသည်သာ။ မှန်ရာကို မစဉ်းစား အချင်းများနိုင်စွမ်း လည်းမရှိကြ။ ပိန်းကောလှေဆိုသည်ကား အလွန်လေးလံသည့် လှေကြီးဖြစ်လေသည်။ သို့သော် လှေပြိုင်ပွဲတွင် ဘိုးတော်မင်းက ဦးပေါ်ဦးလျှောက်ထားသည့်အတိုင်း ပိန်းကောလှေကြီးကိုသာ အသုံးပြု ပြိုင်ရာ ပြည်သူတွေ ပြုံးစစဖြစ်ကုန်ကြသည်။
ရှင်မိဖုရားကြီးလှေတော်နှင့် မင်းတရားကြီးလှေတော် ပြိုင်မည့် နေ့ကိုရောက်လာသည်။ ဖောင်တော်ဆိပ် တွင် လှေဦးချင်းယှဉ်ထားကာ ရတနာငွေမောင်းက အချက်ပေးလိုက်လျှင် ဇောင်းကလွှတ်သည့်မြင်းပမာ မိဖုရားကြီးလှေက ဟည်းတိုက်၍ ပြေးထွက်သည်။ မိဖုရားကြီး ရွှေလောင်းလှေတော်က ပန်းဆွတ် သော်လည်း ဘဝရှင်မင်းတရားကြီး၏ ပိန်းကောမှာ နေရာမှပင် မရွေ့နိုင်သေး။
“ဟဲ့ပေါ်ဦး”
“ဘုရား”
“နင့်စကားနားထောင် ပိန်းကောနှင့်ပြိုင်မိ … ခုတော့ ဘယ့်နှယ်ရှိစ … နေရာကတောင် မရွေ့ပါလားဟဲ့”
“မှန်လှပါ … မိဖုရားကြီးလှေတော်က ပန်းဆွတ်သော်လည်း နိုင်ခြင်း မဟုတ်ပါဘုရား … အရှင်မင်းကြီး၏ ပိန်းကောကြီးကလည်း နေရာကမရွေ့သည်မှာ ရှုံးခြင်းမဟုတ်ပါဘုရား”
“အလိုကွယ် … ဟိုမှာ လူတွေက အုံးအုံးကျက်ကျက် ရယ်နေကြပြီ … မတွေ့ရော့သလား … မောင်မင်း ရူးနေသလား”
“မှန်လှပါ လူတွေက အသိအမြင် ဆင်ခြင်တရား နည်းသောကြောင့်သာ ရယ်ကြခြင်း ဖြစ်ပါတယ် ဘုရား … ကျွဲတွေ နွားတွေ အပြိုင်တိုက်ကြလျှင် ရှုံးသည့်ကျွဲ နွားများက ရှေ့ကပြေးပြီး နိုင်သည့် ကျွဲနွားတွေက နောက်က လိုက်ရိုးထုံးစံသာ ရှိကြောင်းပါ။ သို့ဖြစ်ပါသောကြောင့် အရှင်မင်းတရားကြီး၏ ပိန်းကော လှေကြီးမှာ နောက်ကလိုက်ခြင်းသည် ကျွဲနိုင် နွားနိုင် နိုင်သည်ဟု မှတ်ယူသင့်ကြောင်းပါ”
ဦးပေါ်ဦးလျှောက်ထားမှ မှူးမတ်ဗိုလ်ပါတို့သည် ပိုပြီး ရယ်မောခြင်း ဖြစ်ရလေတော့သည်။
(ကိုးကား – ဦးပေါ်ဦးလျှောက်ထုံး ခေါ် ကဝိသေတ္ထုမဉ္ဇူသာကျမ်း၊ ဦးအောင်)
တင်ညွန့်